မြန်မာ့ စီးပွားရေး သတင်းများ  အောက်တိုဘာ ၁၇ ၊ ၂၀၁၂

ရန်ကုန်တွင် ယာဉ်လိုင်းသစ်များ ထပ်တိုးရန်ရှိ


ဂျပန်ကား ကုမ္ပဏီ လီမိတက် (JCCL) နှင့် ရထားပို့ဆောင်ရေး ဝန်ကြီး ဌာနလက်အောက်ရှိ ကုန်းလမ်းပို့ဆောင်ရေး (ကပရ) တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု အနေဖြင့် ခရီးသည်တင်ယာဉ်၊ တက္ကစီ၊ အဝေးပြေးယာဉ်၊ ကုန်တင်ယာဉ် ပြေးဆွဲရေး လုပ်ငန်းများ အတွက် ယာဉ်အစီး ၃၀၀၀ ကျော်ကို ဆက်တိုက် တင်သွင်းသွားရန် ရှိကြောင်း ပထမဆုံး ယခုနှစ် ဒီဇင်ဘာလ မကုန်မီ ခရီးသည်တင်ယာဉ် ၅၀ ကို တင်သွင်းကာ ယာဉ်လိုင်းသစ်တလိုင်းကို ရန်ကုန်မြို့တွင်း စတင် ပြေးဆွဲတော့မည်ဟု သိရသည်။
“ခရီးသွားပြည်သူ ၃ သန်းလောက် နေ့စဉ် ဒုက္ခရောက်နေတာကို စောင့်ရှောက်ရမှာက အစိုးရမှာ တာဝန်ရှိတယ်။ JCCL က ဒေါ်လာသန်း ၄၀၀ ကျော် ကို ကုန်းလမ်း ပို့ဆောင်ရေး လုပ်ငန်းတွေအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ သဘော တူထားတာတွေ ရှိတယ်” ဟု ရထား ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဝင်းအောင်က ရှင်းပြသည်။
JCCL နှင့် ကပရ တို့ ပူးပေါင်းကာ အဆင့်မြင့် ကားပြင်ဆင်ရေး၊ ၀ပ်ရှော့နှင့် ဒီပလိုမာအဆင့် ပေးနိုင်သည့် ကားပြင်ဆင်ရေး သင်တန်းကျောင်းများ ဖွင့်လှစ်ရန်လည်း သဘောတူညီထားကြောင်း၊ ကပရမှ ပြေးဆွဲမည့် ယာဉ်လိုင်းသစ်များသည် ခရီးသည်၏ ယာဉ်စီးနှင်ချိန်နှင့် ကြာမြင့်ချိန် လျှော့ချခြင်း၊ လုံခြုံမှုရှိခြင်း၊ သိက္ခာရှိမှုနှင့် သက်တောင့်သက်သာ ရှိခြင်းတို့ကို ဦးတည် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကပရ တာဝန်ရှိသူက ဆိုသည်။
သို့ရာတွင် ခရီးသည်တင် ယာဉ်လိုင်းများ တိုးချဲ့ခြင်းနှင့် ယာဉ်သစ် တင်သွင်းခွင့်များ တိုးမြှင့်ပေးနေခြင်း တို့ကြောင့် ရန်ကုန်မြို့တွင်း ယာဉ်ကျောပိတ်ဆို့မှု ပိုမိုဆိုးရွားလာမည်ကို ရန်ကုန် ဒေသခံများက စိုးရိမ်နေကြသည်။လက်ရှိအနေအထားအရ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများတွင် ကားတင်သွင်းမှု အများဆုံးဖြစ်နေကြောင်း သီလဝါ ဆိပ်ကမ်းအပါအဝင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆိပ်ကမ်းများတွင် နေ့စဉ် ထောင်ဂဏန်းနီးပါး ရှိသည့် ကားသစ် တင်သွင်းမှုများလည်း ရှိနေကြောင်း သိရသည်။
မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေး ဗဟိုကော်မတီ (မထသ) အတွင်းရေးမှူး ဦးဘမြင့်က “ကိုယ်ပိုင် ကားတွေ များလာတယ်၊ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းပြီး ယာဉ်သစ် တင်သွင်းမှု တွေကြောင့် အိမ်နောက်ဖေး လမ်းကြားထဲမှာ ထားတဲ့ ကားဟောင်းတွေဟာ ကားသစ်တွေအဖြစ် ပြေးလာကြတယ်။ အခုလို လူတွေ တိုးလာ၊ ကားတွေ တိုးလာတဲ့အခါမှာ လမ်းတွေက ကျဉ်းလာတယ်၊ ဘေးမှာ လူနေအိမ်တွေ၊ တိုက်တာ အဆောက်အဦးတွေ ရှိတဲ့အတွက် လမ်းတွေချဲ့ဖို့ မလွယ်ဘူး” ဟု ဆိုသည်။
ရန်ကုန်မြို့နေ ခရီးသွားပြည်သူများ နေ့စဉ်ကြုံနေရသည့် အခက်အခဲသည် ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာခြင်း၊မိန်းလမ်းကြား၊ လမ်းမီးပွိုင့်များကို သေချာစွာ တွက်ချက်ထားမှု မရှိခြင်း၊ လမ်းများ ပျက်စီးနေခြင်း တို့ကြောင့် ဖြစ်ကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ လီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးမြင့်ကလည်း ၎င်းကုမ္ပဏီမှ ပြေးဆွဲနေသည့် ပါရမီနှင့် အဓိပတိ ခရီးသည်တင် ယာဉ်များ၊ တက္ကစီများကို ထပ်မံ တိုးချဲ့ချင်ကြောင်း၊ ရန်ကုန်လူဦးရေ အနေအထားအရ ခရီးသည်တင် ယာဉ်များ တိုးချဲ့ရန် လိုအပ်ကြောင်း၊ သို့သော် CNG ဓာတ်ငွေ့ကိစ္စ အခက်အခဲ ရှိသဖြင့် လတ်တလော တိုးချဲ့ရန် မလွယ်ကူသေးကြောင်း ကပရ ဌာနကို စစ်ကျန် ခရီးသည်တင်ကားများ၊ ကားအို ကားဟောင်းများဖြင့် ၁၉၆၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့ ခြင်းကြောင့် ခရီးသွားပြည်သူများ နေ့စဉ် ကြုံတွေ့နေရသည့် အခက်အခဲများကို သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး စုပေါင်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ လတ်တလော ဆောင်ရွက်နိုင်မှု မရှိသေးခင် စည်းကမ်းလိုက်နာ ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မထသ သည် ယာဉ်လိုင်း ကော်မတီ ၁၈ ခုဖြင့် ယာဉ်လိုင်းပေါင်း ၅၁၃ လိုင်းကို ထိန်းသိမ်း ကြီးကြပ် လျှက်ရှိသည်။ ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေးကို ၂၀၀၀ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် ခရီးသည်တင် ယာဉ်လိုင်း ၁၈ လိုင်းဖြင့် ယာဉ်အစီးပေါင်း ၄၇၀၊ ပါရမီ တက္ကစီ အစီး ၅၀၀ ကျော်ဖြင့် ရန်ကုန်မြို့တွင် ပြေးဆွဲလျှက် ရှိကြောင်း သိရသည်။

ပုံစံ ၁၇ နှင့် ၁၉ ပယ်ဖျက်တော့မည်


မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူတိုင်း မဖြစ်မနေ ပြုလုပ်ရသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ တင်ပြရခြင်းအဆင့်ကို မကြာမီ ပယ်ဖျက်ဖြေလျှော့ ပေးတော့မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
နိုင်ငံရပ်ခြား သွားမည့်သူများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကို ရယူ တင်ပြရကြောင်း၊ ယင်းသို့ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပြုလုပ်ရာတွင် ပြည်သူအများစု အခက်အခဲများ ကြုံတွေ့နေရသည်ကို ကြားသိနေရကြောင်း၊ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ တင်ပြခိုင်းခြင်းကြောင့် နိုင်ငံတော် အခွန်ဝင်ငွေ တိုးပွားလာခြင်းလည်း မရှိကြောင်း၊ ဥပဒေအရ နိုင်ငံသားအခွန် ကင်းရှင်းကြောင်း ထောက်ခံစာများ တင်ပြရမည် ဖြစ်သော်လည်း ဥပဒေတွင်ပင် ကင်းလွတ်ခွင့် ပေးခွင့်လည်း ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ တင်ပြရသည့် စနစ်ကို ပယ်ဖျက်သွားရန် ရှိကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ရှင်းပြသည်။
“ပုံစံ ၁၇ ဆိုတာက မိမိနေထိုင်တဲ့ မြို့နယ်မှာ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်၊ ပုံစံ ၁၉ ဆိုတာက ပြည်ပ ထွက်ခွာမယ့်သူတွေ အခွန်ကင်းရှင်းကြောင်း စိစစ်ထောက်ခံပေးတာ။ ပုံစံ ၁၇ နဲ့ ပုံစံ ၁၉ မပါရင် နိုင်ငံကူး လက်မှတ် ထုတ်လို့မရဘူး။ ပုံစံ ၁၇ နဲ့ ပုံစံ ၁၉ စနစ်ကြောင့် နိုင်ငံတော်မှာ အခွန် တိုးရတာသွားတာမျိုးလည်း မရှိဘူး။ ဥပဒေထဲမှာလည်း ကင်းလွတ်ခွင့် ပေးလို့ရတယ် ဆိုတာပါတယ်။ အဲဒီတော့ သာမန်ပြည်သူတွေ အဆင်ပြေစေဖို့ ပုံစံ ၁၇ နဲ့ ၁၉ တင်ပြရတာကို ဖြေလျှော့ပေးဖို့ လုပ်နေပြီ” ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
အခွန်ကင်းရှင်းကြောင်း ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကို ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပေးနေခြင်း ဖြစ်သည်။
မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန် ပြင်ဆင်နေသည့် မရမ်းကုန်းမြို့နယ်မှ လူငယ်တဦးက ပုံစံ ၁၇ ရရန် အလွန်ခက်ခဲပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးသို့ အကြိမ်ကြိမ် သွားရောက်ရကြောင်း ပြောဆိုသည်။
“ကျနော်က မအူပင်ဇာတိ၊ မအူပင်ကနေ သန်းခေါင်စာရင်းကို မရမ်းကုန်းမြို့နယ်မှာ ပြောင်းပြီး လုပ်ထားတော့ အခွန် ကင်းရှင်းကြောင်း ထောက်ခံစာကို မရမ်းကုန်းမြို့နယ် အခွန်ရုံးမှာ သွားလုပ်တယ်။ ကျနော်က ဘာလုပ်ငန်းမှ မပိုင်ဆိုင်တာကိုလည်း၊ အခွန်ပေးစရာ မရှိတာကို ထောက်ခံစာတွေအစုံနဲ့ တင်ပြတယ်။ သန်းခေါင်စာရင်းက အသစ်ဖြစ်နေလို့ နောက် ၆ လကြာမှ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၇ ပေးမယ်။ အခု မလေးရှားသွား အလုပ်လုပ်မယ့် အစီအစဉ် ပျက်ကုန်ပါတယ်” ဟု ပြောသည်။
ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ရန် ပြင်ဆင်နေကြသည့် လူငယ်အများစုက အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ပြုလုပ်ရာတွင် အခက်အခဲများ ရှိကြောင်း ပြောဆိုကြသည်။
“အခွန်ရုံးကိုသွားရ၊ အခွန် ဦးစီးမှူး အစည်းအဝေး တက်နေလို့ပါဆိုတော့ နာရီပေါင်းများစွာ ထိုင်စောင့်ရနဲ့ တနေ့လည်းမပြတ်၊ နှစ်ရက်သုံးရက် အချိန်ကုန်တယ်။ နယ်မှာ သန်းခေါင်စာရင်း ၀င်ထားတဲ့သူတွေဆိုရင် နယ်နဲ့ ရန်ကုန်ကို သွားလိုက်၊ ပြန်လိုက် အခေါက်ခေါက်အခါခါ သွားရတယ်။ ခရီးစရိတ်နဲ့ အတော်ကို မစားသာပါဘူး” ဟု စစ်ကိုင်းမြို့မှ လူငယ်တဦးကဆိုသည်။
ဒေါက်တာ မောင်မောင်သိမ်းက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေဖြင့် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကြောင့် ပြည်သူများ အခက်အခဲ ကြုံတွေ့နေရသည်ကို သိရှိခြင်းကြောင့် ယင်းသို့ ဖြေလျှော့မှုများ ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ထို့အပြင် ပြည်သူများအကြား အခွန်နှင့်ပတ်သက်၍ မရှင်းလင်းမှုများ၊ မပြေလည်မှုများရှိပါက မေးမြန်းစေနိုင်ရန်၊ ကြုံတွေ့နေရသော အခက်အခဲများကို တင်ပြနိုင်ရန်အတွက် အများပြည်သူ ဆက်ဆံရေး ရုံးတရုံးကို ရန်ကုန်မြို့တွင်ယခုလ နှောင်းပိုင်းအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရှင်းပြသည်။
“ပြည်တွင်းအခွန်နဲ့ ပတ်သက်လို့ မရှင်းလင်းတာ၊ မေးချင်တာ၊ မြန်းချင်တာ၊ နောက်ပြီး အခက်အခဲတွေရှိရင် ဘယ်လို လုပ်ရမလဲဆိုတာ မေးနိုင်မြန်းနိုင်အောင် ဆက်ဆံရေး ရုံးတရုံးဖွင့်ဖို့ လုပ်နေတယ်။ လာမယ့်နှစ်ပတ်အတွင်း ရန်ကုန်မှာဖွင့်ဖို့ရှိတယ်” ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
ယင်းဆက်ဆံရေးရုံးတွင် ငွေရေးကြေးရေး၊ ဘဏ်များဆိုင်ရာသတင်းများနှင့် ပတ်သက်၍လည်း စုံစမ်းမေးမြန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ တရားမ၀င် အလုပ်သမား ၄ သိန်းခန့် ပြန်ပို့ ခံရနိုင်


ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမား ၄ သိန်းခန့်သည် လာမည့် ဒီဇင်ဘာလ အတွင်း ၎င်း တို့၏ နိုင်ငံများသို့ ပြန်ပို့ခံရဖွယ်ရှိသည်ဟု ထိုင်း အလုပ်သမား ၀န်ကြီးဌာနက ပြောကြားလိုက်သည်။ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ထိုင်း အလုပ်သမားဝန်ကြီး Padermchai Sasomsap က ပြောကြောင်း ယမန်နေ့ထုတ် ဘန်ကောက်ပိုစ့် သတင်းစာတွင် ဖော်ပြထားသည်။ ယင်း အလုပ်သမားများကို ထိုင်း အစိုးရအနေနှင့် Nationality Verification Process (NVP) နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ် အရ လူဦးရေ ၁၇ သိန်း ရှိသည့်အနက် ၁၃ သိန်း အတည်ပြုပေးထားပြီး ကျန်ရှိသည့် လူ ၄ သိန်းသည် နောက်ဆုံး သတ်မှတ် ပေးထား သော ဒီဇင်ဘာလ ၁၄ ရက်နေ့ မတိုင်ခင် မှတ်ပုံတင်ရန် ပျက်ကွက်ပါက ပြန်ပို့ခံရမည် ဖြစ်ကြောင်း ဆိုသည်။
“အလုပ်သမားဝန်ကြီးဌာန အနေနဲ့ မှတ်ပုံတင်ရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ရင် ရွှေ့ပြောင်းအလုပ်သမား တွေ ကို မိခင်နိုင်ငံကို ပြန်ပို့သွားမှာ ဖြစ်ပါတယ်”ဟု Padermchai က ဆက်ပြောသည်။
လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်း(HRDF)မှ မစ္စတာ အန်ဒီဟောလ် က ပြန်ပို့ခံရနိုင်ဖွယ်ရှိသည့် ရွှေ့ပြောင်း အလုပ်သမား ၄ သိန်း စာရင်း၌ မြန်မာနိုင်ငံသား ၂ သိန်းခန့် ပါဝင်နေသည်ဟု ကြားသိရကြောင်း ပြောသည်။ရွှေ့ပြောင်း အလုပ်သမားများအတွက် နိုင်ငံသား စိစစ်ရေး အစီအစဉ်ကို ယခုနှစ် ဇွန်လ ၁၄ ရက်နေ့မှ စတင်၍ ဒီဇင်ဘာလ ၁၄ ရက် နေ့ အထိ ၆ လ သက်တမ်းတိုးရန် ထိုင်း အစိုးရအနေနှင့် ခွင့်ပြုပေးထားခြင်း ဖြစ်သည်။အလုပ်သမား လက်မှတ် ပြုလုပ်ထားသူတိုင်းသည် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် အတွက် နိုင်ငံသား စိစစ်ရေးအစီအစဉ်၌ ပါဝင်ရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာထားသည်။
ထို့ကြောင့် ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်ကိုင်နေကြသည့် ဘန်ကောက်၊ မဟာချိုင်း၊ စမွတ်ပရာကန်၊ စူရက်ဌာနီ၊ ရနောင်း၊ မဲဆောက်နှင့် ချင်းမိုင်မြို့များတွင် နိုင်ငံသား စိစစ်ရေးအတွက် ရုံများ ဖွင့်လှစ်ပေးခဲ့သည်။နိုင်ငံသား စိစစ်ရေး လုပ်ငန်း အစီအစဉ်ကို လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသားများ အတွက် ၂၀၀၆ ခုနှစ်နှင့် မြန်မာနိုင်ငံသားများ အတွက် ၂၀၀၉ ခုနှစ် သြဂုတ်လ အတွင်း၌ စတင် လုပ်ဆောင်ပေးခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမားများကို ပြန်ပို့မည်ဟု ထိုင်းအစိုးရအနေနှင့် ပြောကြားသော်လည်း ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့နယ် အတွင်း လာရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ပြည်တော်ပြန်မှုကြောင့် ထိုင်း စီးပွားရေးလုပ်ငန်းရှင် တချို့ အ လုပ်သမား ရှားပါးမှုနှင့် စတင်ကြုံတွေ့နေရသည်။
လတ်တလော ကာလအတွင်း၌ပင် မြန်မာ အလုပ်သမားများ တဖြည်းဖြည်း ပြည်တော်ပြန်နေသည်ဟု ရနောင်း ခရိုင် ခရီးသွားလုပ် ငန်း ကော်မတီအကြီးအကဲ တဦးဖြစ်သည့် နိုင်နစ်အွန် တိန်ခစ်က ပြောကြားကြောင်း ထိုင်းသတင်းများတွင် ယမန်နေ့က ဖော်ပြ ထား သည်။
“အခုဆိုရင် ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ သူတွေ ပြည်တော်ပြန်ဖို့ စီစဉ်နေကြတယ်၊ ကြားရသလောက် ဒီမတိုင်ခင် ပြန်ကြတဲ့ သူ တွေလည်း ရှိတယ်၊ လတ်တလော တချို့လုပ်ငန်းတွေမှာဆိုရင် အလုပ်သမား ရှားပါးတဲ့ ပြဿနာတွေ ကြုံနေရပြီ”ဟု ၎င်းက ဆို သည်။
ထိုင်းနိုင်ငံ အနှံ့ ဆောက်လုပ်ရေး၊ အိမ်ဖော်၊ ရေလုပ်သား၊ စားသောက်ဆိုင် စသည့် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသည့်  မြန်မာ ပြည်သား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့များက ခန့်မှန်းထားကြသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment