ကချင် ကရင် ချင်း ရခိုင် ရှမ်း နဲ့  မွန် သတင်းများ  အောက်တိုဘာ ၂၀ ၊ ၂၀၁၂

ဖားကန့်၌ လက်နက်ကြီးစ ထိမှန်၍ ဒဏ်ရာရ သေဆုံးမှု ရှိ


အစိုးရနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားရာ ကချင်ပြည်နယ် ဖားကန့်ဒေသတွင် လက်နက်ကြီး အစ ထိမှန်၍ ဒေသခံတချို့ ဒဏ်ရာရ သေဆုံးမှု ရှိကြောင်း သတင်းရသည်။
ဖားကန့်မြို့နှင့် ၃ မိုင်ခန့် အကွာရှိ မှော်မောင်းကုန်း ကျေးရွာထဲကို ယခုလ ၁၇ ရက်နေ့က အစိုးရ အမြောက် တပ်ဖွဲ့ဝင်များက လက် နက်ကြီးများနှင့် ပစ်ခတ်ခဲ့ကြောင်း၊ ဖားကန့်မြို့ အခြေစိုက် အစိုးရ စစ်ဗျူဟာကုန်းမှ တဆင့် မှော်မောင်းကုန် ကျေးရွာထဲ သို့ လက် နက်ကြီးနှင့် ၆ ကြိမ်ခန့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖားကန့်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အဖွဲ့ဝင် ဦးဒါချီလစိုင်းက ပြောသည်။
“လက်နက်ကြီးနဲ့ ပစ်တော့ မှော်မောင်းကုန်က ဦးမုံနွယ်လ အိမ်မှာ တလုံးကျတယ်၊ နောက်ပြီးတော့ အဲဒီ အိမ်ဘေးနားတွေမှာ ကျ တယ်”ဟု ဦးဒါချီလစိုင်းက ဆိုသည်။
ဦးဒါချီလစိုင်းက ဆက်လက်ပြီး ပစ်ခတ်မှုကြောင့် ၄ ဦးသေဆုံး၍ ၄ ဦး ဒဏ်ရာရရှိပြီး ဒေသခံရွာသားတချို့ ဖားကန့်မြို့ပေါ်သို့ ထွက် ပြေး တိမ်းရှောင်သွားသည်ဟု ကြားသိရကြောင်း၊ အတည်မပြုနိုင်သော သတင်းများအရ သေဆုံးသူ ၄ ဦးတွင် KIA တပ်ဖွဲ့ဝင် ၂ ဦး ပါဝင်ကြောင်းလည်း ပြောဆိုသည်။
ဦးဒါချီလစိုင်းက“အဲဒီရွာက ဒေသခံတွေ လွန်ခဲ့တဲ့ လအတွင်းမှာ အစိုးရတပ် ထိုးစစ်ဆင်မှုကြောင့် အကုန်းလုံး တိမ်းရှောင်ခဲ့ကြ တယ်၊ ရှောင် ပြီးတော့ နောက်ပိုင်းမှာ KIA တပ်ဖွဲ့ဝင်တွေက နေရာယူထားတယ်၊ ဒီရက်ပိုင်းမှာ နည်းနည်း အခြေအနေကောင်း တော့ ရွာသားတွေ ကလည်း ပြန်သွားနေကြတယ်၊ အဲဒီမှာ မမျှောင်လင့်ဘဲ အစိုးရက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်”ဟု ပြောပြ သည်။
ယင်းသို့ ဖြစ်ပွားမှုသည် လတ်တလောတွင် KIA ခေါင်းဆောင်များကို တွေ့ဆုံ ဆွေးနွေးရန် အစိုးရက ကမ်းလှမ်းချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ယခုနှစ် သြဂုတ်လကလည်း KIA တပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၈၀၀၀ ခန့် ဖားကန့်မြို့ပေါ်သို့ ထွက် ပြေး တိမ်းရှောင် ခဲ့ရသည်။KIA သည် ၁၉၉၄ ခုနှစ်တွင် ယခင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
ယင်း တိုက်ပွဲများကြောင့် လက်ရှိ အစိုးရနှင့် KIA ကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင် ၍ ၂၀၁၂ ခုနှစ်အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း သဘောတူညီချက် တစုံတရာ မရရှိသေးပေ။ သောင်းနှင့် ချီသော ဒေသခံ များမှာလည်း အိုးအိမ်၊ တောင်ယာများကို စွန့်ခွာ၍ တရုတ် မြန်မာနယ်စပ် ဒုက္ခသည် စခန်းများ၊ ပြည်တွင်း စစ်ဖြစ်ရာဒေသ အနီးရှိ မြို့ပေါ်များနှင့် တောတောင်များထဲတွင် ထွက်ပြေး ခိုလှုံနေကြရဆဲ ဖြစ်သည်။

တိုင်းရင်းသား ဒုက္ခသည်တွေကို ဂျပန် ဖေါင်ဒေးရှင်းကူမည်


ဂျပန်နိုင်ငံ နီပွန်း ဖေါင်ဒေးရှင်း က မြန်မာနိုင်ငံ နယ်စပ်တလျှောက် တိုင်းရင်းသားဒေသတွေက ဒုက္ခသည်တွေ အတွက် အမေရိကန်ဒေါ်လာ (၃) သန်းနဲ့ညီမျှတဲ့ အရေးပေါ် အကူအညီတွေကို ပေးအပ်သွားမယ်လို့ သိရ ပါတယ်။

ဂျပန်က UNFC ကို ဒေါ်လာ ၃ သန်း ပေးမည်


တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) မှ ကိုယ်စားလှယ် ၂၀ ခန့်ပါဝင်သည့် တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံ Nippon Foundation တို့ တိုကျိုမြို့တွင် အောက်တိုဘာ ၁၈ ရက်က တွေ့ဆုံကြောင်း သိရသည်။ တွေ့ဆုံရာတွင် Nippon Foundation က ယခင်သဘောတူထားသည့် လမ်းပန်း ဆက်သွယ်ရေး၊ စားနပ်ရိက္ခာ၊ ဆေးဝါး များအတွက် အပါအ၀င် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ အမေရိကန် ဒေါ်လာ ၃ သန်း ပေးအပ်မည်ဖြစ်ကြောင်း၊ ယင်း ကူညီထောက်ပံ့မှုသည် မြန်မာအစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ပြုလုပ်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတခုဖြစ်ကြောင်း Nippon Foundation က ထုတ်ပြန်ထားသည်။ UNFC သည် ကရင် အမျိုးသား အစည်းအရုံး(KNU)၊ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) အပါအ၀င် တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသော အဖွဲ့ဖြစ်သည်။

စစ်တပ်ဖမ်းထားသည့် ပလောင် ကျေးရွာလူကြီးများ ပြန်လွတ်


ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် အခြေစိုက် အစိုးရစစ်တပ်က ဖမ်းဆီးထားသော ဒေသခံ ပလောင် တိုင်းရင်းသား ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း နမ့်ဆန်မြို့နယ် ပလောင်ကျေးရွာများ၌ ဒေသတွင်းလှုပ်ရှားနေသော ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့များ ဝင်ထွက်ခြင်းကို အစိုးရတပ်ထံ အကြောင်းမကြားသဖြင့်ဟုဆိုကာ ယခုလ ၁၆-၁၇ ရက်နေ့ များက ဒေသခံ ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၀ ဦးကို နမ့်ဆန်မြို့နယ်တွင် လှုပ်ရှားနေသည့် အစိုးရ တပ်ရင်းများက ဖမ်းဆီးခေါ်ယူ စစ်ဆေးမှု ပြုလုပ်ခဲ့ ရာမှ လွတ်မြောက်လာကြခြင်း ဖြစ်သည်။
ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) သည် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး(PSLF) ၏ လက်အောက် ခံ တပ်မတော်ဖြစ်သည်။
“အခုတော့ တော်တော်များများ လွတ်လာကြပြီ၊ အဓိကကတော့ တိုင်းရင်းသားတပ်တွေ ရွာထဲဝင်တာကို သူတို့ကို သတင်းမပို့လို့ ဆိုပြီး ဘယ်လိုဆက်နွယ်နေလဲ၊ ဘာကြောင့်လဲဆိုပြီး နှိပ်စက်မေးမြန်းတာတွေ လုပ်တာပေါ့၊ နောက်ဆိုသူတို့ကို သတင်းပေးဖို့ပေါ့” ဟု ဖမ်းဆီးခံရသည့် ကျေးရွာများတွင် ပါဝင်သော ကျေးရွာ ဒေသခံတဦးက ပြောသည်။
ဖမ်းဆီးခံရသူများမှာ နမ့်ဆန်မြို့နယ်တွင်းမှ နမ့်လင်း၊ အထက်ပန်းတောင်း၊ အောက်ပန်းတောင်း၊ အထက်မန်ဝယ်၊ အောက်မန်ဝယ်၊ အထက်မန်ငိုင်၊ အောက်မန်ငိုင်၊ မန်းလန်းရွာမန်ပိန်း၊ ခေးခင်နှင့် အုမ်လောတ် စသည့်ကျေးရွာများမှ ပလောင်လူမျိုး ကျေးရွာအုပ်ချုပ် ရေးမှူးများ ဖြစ်ကြသည်။၎င်းတို့မှာ ယခုလ ၁၇ ရက်နေ့က အောက်မန်ငိုင်ရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများကို အစည်းအဝေး ဆင့်ခေါ်ခဲ့ပြီးနောက် အဆိုပါရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများအား TNLA တပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း ဝင်ရောက်ခြင်းကို အစိုးရတပ် ကို အကြောင်းမကြားသည့်အတွက် ဖမ်းဆီးခေါ်ယူစစ်ဆေးခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
နမ့်ဆန်မြို့နယ်တွင် လာရောက်လှုပ်ရှားနေပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဖမ်းဆီး စစ်ဆေးခဲ့သည့် နမ္မတူ အခြေစိုက် ခြေမြန် တပ်ရင်း(ခမရ) ၃၂၄ တပ်ရင်းနှင့် ကျောက်မဲ အခြေစိုက် ခမရ ၅၀၁ တို့သည် ဗိုလ်မှူးကြီး အောင်ဇော်ဦး ကိုင်တွယ်လျက် ရှိသော ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁ ၏ လက်အောက်ခံ တပ်ရင်းများ ဖြစ် ကြောင်း ထိုတပ်ရင်းများသည် ၁၆ ရက်နေ့ကလည်း အထက်မန်ငိုင်၊ အောက်မန်ငိုင်နှင့် မန်လန်းကျေးရွာက အုပ်ချုပ်ရေးမှူး ၃ ဦးကိုလည်း PSLF နှင့် ဆက်နွယ်မှုရှိနေသည်ဟုဆိုသည့် သံသယဖြင့် ဖမ်းဆီးခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရ သည်။
“ဖမ်းသွားကတည်းက ပုံစံအမျိုးမျိုးနဲ့ ရိုက်နှက်တယ်ဗျာ၊ လက်သီးနဲ့လည်း ထိုးတယ်၊ နားရင်းလည်း အုပ်တယ်၊ တုတ်နဲ့လည်းရိုက် တယ်၊ အမျိုးမျိုးဆဲဆိုတယ်၊ နောက် ရွာထဲကို အခြားတပ်တွေဝင်လာလို့ ချက်ချင်းအကြောင်းမကြားရင် ဒိထက်ဆိုးမယ်တဲ့”ဟု ကျေးရွာ ဒေသခံ တဦးက ပြောသည်။
အဆိုပါဒေသတွင် TNLA အပါအဝင် ကချင်ပြည်လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSA-N) တပ် ဖွဲ့များ လှုပ်ရှားလျက်ရှိပြီး အစိုးရ စစ်တပ်နှင့်လည်း မကြာခဏ တိုက်ပွဲ ဖြစ်ပွားကြောင်း PSLF ၏ အထွေထွေ အတွင်းရေးမှူး မိုင်းဘုန်းကျော် က ပြောသည်။
အုပ်ချုပ်ရေးမှူးများ ဖမ်းဆီးခံခဲ့ရသည့် ပလောင်ကျေးရွာများတွင် ဘိန်းဖြူနှင့် အခြားစိတ်ကြွ ဆေးပြားများကို လူငယ် ၅၀ ရာခိုင်နှုန်း ခန့် သုံးစွဲနေကြကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါး မသုံးစွဲရေးအတွက် TNLA က ဝင်ရောက်ဟောပြောရင်း ပလောင် လူမျိုးများ၏ အခွင့် အရေးနှင့် နိုင်ငံရေးစည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“အခုတော့ အားလုံးလွတ်လာကုန်ပြီလို့ ကျနော်တို့ သတင်းရပါတယ်၊ ကျနော်တို့ ဒီရွာတွေဝင်တဲ့ အကြောင်းအရင်းက ကျနော်တို့ ပလောင် လူငယ်တွေ ထက်ဝက်နှုန်းက မူးယစ်ဆေးသုံးစွဲနေကြတယ်၊ ရောင်းတဲ့လူတွေက ရဲနဲ့ အစိုးရ အာဏာပိုင်တွေနဲ့ ဆက်စပ် နေတယ်၊ ဒီကိစ္စတွေ ပညာပေးရင်းနဲ့ နိုင်ငံရေးအရ စည်းရုံးရေးဆင်းတာ”ဟု မိုင်းဘုန်းကျော် က ပြောသည်။
၎င်းတို့ဒေသအတွင်း ယခုကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးနှိပ်စက်ခြင်းနှင့် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများကို PSLF အနေဖြင့် မှတ်တမ်းပြုစုကာ သက်ဆိုင်ရာ သံတမန်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသို့ ပေးပို့သွားရန် ရှိကြောင်း သိရ သည်။
“ဒါက ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို မချေမှုန်းနိုင်တဲ့ အချိန်မှာ အပစ်မဲ့တဲ့ ပြည်သူလူထုကို ဒီလိုလုပ်တဲ့ အတွက် ဒါက အစိုးရရဲ့ တပ်မတော် အဆင့်အတန်းက တော်တော်လေး နိမ့်ကျတယ်လို့ ပြောလို့ရတာပေါ့၊ ဒါမျိုးတွေ မဖြစ်သင့်ဘူး၊ ဒီလိုသာ ဆက် လုပ်နေဦးမယ်ဆိုရင်တော့ အစိုးရတပ်ဖွဲ့နဲ့ ကျနော်တို့ အကြားမှာ တိုက်ပွဲတွေ ပိုဖြစ်လာနိုင်တယ်၊ လူမျိုးရေး အရ စိတ်နာကြည်းမှုတွေ ဖြစ်လာနိုင်တာပေါ့”ဟု မိုင်းဘုန်းကျော် က ပြောသည်။
အဆိုပါဒေသတွင် အစိုးရတပ်နှင့် TNLA ၊ KIA ၊ SSA-N တပ်ဖွဲ့တို့ တိုက်ပွဲများ ဆက်ဖြစ်နိုင်ဖွယ်ရှိကြောင်း၊ စကခ (၁) မှ ဗိုလ်မှူးကြီး အောင်ဇော်ဦး သည် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေသည့် ကာလတွင် နမ့်ဆန်မြို့သို့လာရောက်၍ တိုက်ပွဲများကို အနီးကပ် ကွပ်ကဲမှုများ ပြုလုပ်ကြောင်းလည်း မိုင်းဘုန်းကျော် က ပြောဆိုသည်။


မူးယစ် ဘိန်းစာရွက်မှုများ မွန်ပြည်နယ်တွင် စတင်ဖမ်းဆီးနေ

မွန်ပြည်နယ်အတွင်းရှိ လူငယ်များ တွင်ကျယ်စွာ သုံးစွဲနေသည့် ဘိန်းစာရွက်နှင့် ပတ်သက် ၍ ပြည်နယ် လွှတ်တော်တွင် ဆွေးနွေးပြီး နောက်ပိုင်း စိုက်ပျိုး ရောင်းချသူများကို စတင်ဖမ်းဆီးနေပြီ ဖြစ်ကြောင်း သံဖြူဇရပ် ရဲစခန်းနှင့် နီးစပ်သူများက ပြောသည်။စက်တင်ဘာလ ၂၇ ရက်နေ့ ပြည်နယ်လွှတ်တော် အစည်းအဝေးတခုတွင် “ဘိန်းစာရွက်ကို ကျန်းမာရေး ဝန်ကြီး ဌာနမှ မူးယစ်ဆေးအဖြစ် သတ်မှတ်ကြေညာပြီး ဖြစ်၍ ဖမ်းဆီး အရေးသွားမည်” ဟု ပြန်လည်ဖြေကြားပြီး နောက်ပိုင်း စိုက်ပျိုး ရောင်းချသူများကို ဖမ်းဆီးခြင်း ဖြစ်သည်။

“ဒီဘိန်းစာရွက်အကြောင်း ကျနော်တို့ သံဖြူဇရပ်က ဦးနိုင်ဦး လွှတ်တော်မှ တင်ပြီးတာနဲ့ မနက်ဖြန်လို စဖမ်းတာပဲ။ အခု သိပ်မလှုပ်ရဲကြတော့ဘူး” ဟု သံဖြူဇရပ်မြို့မှ ကိုမင်းအောင် က ပြောသည်။

စက်တင်ဘာလ ၂၈ ရက်နေ့မှ စတင်ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် သံဖြူဇရပ်မြို့နယ် ကျုံကရုတ်ကျေးရွာနှင့် မြို့ပေါ်မှ ဘိန်းစာရွက် စိုက်ပျိုးသူနှင့် ရောင်းချသူ နှစ်ဦးနှင့် ရောင်းချသူ လေးဦးကို သံဖြူဇရပ် ရဲစခန်းက ဖမ်းဆီးထားကာ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေဖြင့် တရားစွဲဆိုထားကြောင်း ရဲစခန်းနှင့် နီးစပ်သူများက ပြောသည်။

သံဖြူဇရပ် ရဲစခန်းမှ ဒု-ရဲအုပ် နေယုဆန်းနှင့် အဖွဲ့က ကျုံကရုတ်ရွာရှိ ဦးဝင်းထွေး နှင့် ဦးမောင်ကြည် တို့၏ နေအိမ် များမှ ဘိန်းစာရွက်၊ ဘိန်းစာရွက်ပင်၊ ပျိုးပင်၊ ပျိုးထောင်ရန် အတွက် ပိုင်းဖြတ်ထားသည့် အကိုင်းနှင့် ဘိန်းစာရွက်ရောင်းချ၍ ရရှိခဲ့သည်ဟု ယူဆရသည့် ငွေကြေးများ သိမ်းဆီးသွားခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

“သူတို့ကတော့ စိုက်လည်း စိုက်တယ်။ ရောင်းလည်း ရောင်းတယ်။ သုံးစွဲထားမှု ရှိ မရှိ ဆေးစစ်ချက် ရဖို့ ရန်ကုန်ကို ဆီးပို့ထားတယ်” ဟု နီးစပ်သူတဦးက ပြောသည်။

ဖမ်းဆီးခံထားရသူများကို မော်လမြိုင်ထောင်တွင် ရမန်ကြီး နှစ်ပတ်ဖြင့် ချုပ်နှောင်ထားဆဲ ဖြစ်ပြီး မကြာမီ စီရင်ချက် ချမည်ဟု ဆိုသည်။သံဖြူဇရပ်မြို့နယ် အတွင်းတွင် စွပ်ပလောင်၊ ကော့လေး၊ ထင်းရူး၊ ကျုံကရုတ်၊ ပင စသည့် ကျေးရွာ အတော်များများ တွင် ဘိန်းစာရွက်ကို စီးပွားဖြစ် စိုက်ပျိုး ရောင်းချလျက် ရှိပြီး ပေါက်ဈေးမှာ တရွက်လျှင် ၂ဝဝ ကျပ်မှ ၃ဝဝ ကျပ်ထိ ရှိသည်ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ဦး က ပြောသည်။

“ရေးမြို့နယ် ဘက်မှာလည်း ဖမ်းနေပြီ။ ရောင်းတဲ့လူ တယောက် အဖမ်းခံထားရတယ်လို့ ကြားတယ်” ဟု ပြောသည်။

ဘိန်းစာရွက်ကို အရပ်သား လူငယ်များသာမက တက္ကသိုလ်နှင့် အထက်တန်း ကျောင်းသားများပါ သုံးစွဲနေကြ သည်ဟုလည်း သူက ပြောသည်။မုဒုံမြို့နယ်ဘက်တွင်မူ ဘိန်းစာရွက်နှင့် ပတ်သက်ပြီး ဖမ်းဆီးအရေးယူခြင်း မရှိသေးသည့်အတွက် လူငယ်အတော် များများ အတင့်ရဲစွာ သုံးစွဲနေဆဲ ဖြစ်သည်ဟု ကလော့သော့ရွာမှ အမျိုးသမီးကြီးတဦးက ပြောသည်။ဘိန်းစာရွက်ပင်သည် ကြီးထွားနှုန်း မြန်ဆန်သည့် နှစ်ရှည်ပင်ဖြစ်ပြီး၊ နှစ်နှစ်အရွယ်တွင် အရွက်ကို စတင်သုံးစွဲနိုင် သည်။ ဘိန်းစာရွက်ကို ကျိုချက်ထားသည့် သတ္တုရည်သည် ခါးသက်သက် အရသာရှိပြီး ချောင်းဆိုးပျောက်ဆေးရည်၊ကော်ဖီမစ်၊ မီးချောင်းအတွင်းမှ ပြဒါးမှုန့်၊ ခြင်ဆေးခွေ ပြာမှုန့်၊ အချိုရည်တို့ဖြင့် ရောစပ်သုံးစွဲကြသည်ဟု သုံးစွဲသည့် လူငယ်များက ပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးကစ်ဒေသတွင် သွားရောက်လုပ်ကိုင်ကြသည့် မွန်ပြည်နယ်မှ ရာဘာစေးခြစ် လုပ်သားများ က ထိုဒေသမှ ဘိန်းစာရွက် အကိုင်းအခက်ကို သယ်ဆောင်လာခဲ့ပြီး နေအိမ်နှင့် ဥယျာဉ်ခြံတွင် စိုက်ပျိုးခဲ့ရာမှ ၂ဝဝ၉ ခုနှစ်တွင် မွန်ပြည်နယ် အောက်ပိုင်း မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနှင့် ကျိုက်မရော မြို့နယ်များအတွင်းပြန့်နှံ့ခဲ့သည်။

“ရွာမှာတော့ ဘိန်းစာရွက် မရှိတော့ဘူး။ ဒါပေမယ့် မြင်းဆေး (ရာဘ စိတ်ကြွဆေး) ကိုတော့ ကွမ်းယာ ရောင်းသလိုရောင်းနေတုန်းပဲ” ဟု ကျုံကရုတ်ရွာ ဘုန်းတော်ကြီး အရှင်ပုပ္ဖဟံသာ က မိန့်ကြားသည်။

မွန်ပြည်နယ်အတွင်း ဘိန်းစာရွက် စိုက်ပျိုး၊ ရောင်းချ၊ သုံးစွဲသူထက် စိတ်ကြွဆေး ရောင်းချ သုံးစွဲသူ များပြားသော် လည်း ဖမ်းဆီးအရေးယူမှု အလွန်ပင် နည်းပါးသေးကြောင်း ဒေသခံများက ပြောသည်။
ရာဘ စိတ်ကြွဆေး တပြားလျှင် ၅,ဝဝဝ ကျပ် ဝန်းကျင် ပေါက်ဈေး ရှိပြီး မွန်ပြည်နယ် မြို့နယ်တိုင်းရှိ မြို့နှင့် ကျေးရွာ အတော်များများတွင် အလွယ်တကူ ဝယ်ယူနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

အမေရိကန်အစိုးရက ရခိုင်ပြည်အရေးအတွက် ထပ်မံကူညီ


ရခိုင်ပြည်နယ်က လူမှုရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် နောက်ထပ် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၇ သန်း ကူညီမယ်လို့ ရန်ကုန် အမေရိကန် သံရုံးက မနေ့က ပြောကြားပါတယ်။ ရန်ကုန်မြို့ အမေရိကန် သံရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေဟာ သူတို့ရဲ့ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးတာကြောင့် အပြင် စိုးရိမ်ကြောင့်ကြမှုတွေကြောင့် နေရပ်မပြန်လိုကြသူတွေ များတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိ ဒုက္ခသည်စခန်းတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရေ မလုံလောက်မှု နဲ့ အိမ်သာ လုံလောက်မှု မရှိဘူးလို့ အမေရိကန်သံရုံးက အောက်တိုဘာလ ၁၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။
ဒီအခြေအနေတွေကို အကူအညီပေးနိုင်ဖို့အတွက် အမေရိကန်အစိုးရက နောက်ထပ် အမေရိကန် ဒေါ်လာ ၂.၇ သန်း ထပ်ဆောင်းပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး အကူအညီတွေကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ UNICEF က ဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်လုံးဆိုင်ရာ သံဃာ့အစည်းအဝေး စစ်တွေမှာ ကျင်းပ


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် တစ်ခုလုံးမှာရှိတဲ့ သံဃာတော်တွေ စည်းစည်းလုံးလုံး ရှိနေဖို့အတွက် ရခိုင်ပြည်နယ်လုံးဆိုင်ရာ သံဃာ့အစည်းအဝေး တစ်ရပ်ကို စစ်တွေမြို့ ဒက္ခောင်းကျောင်းတိုက်မှာ မနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

OIC ရုံးဖွင့်လှစ်မှု တောင်ကုတ်မှာ ဆန္ဒပြ

 

အစ္စလာမ်နိုင်ငံ (၅၇) နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က မြန်မာနိုင်ငံမှာ ယာယီဆက်ဆံရေးရုံး ဖွင့်လှစ်မယ့်ကိစ္စကို ကန့်ကွက်တဲ့အနေနဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပေါ်မှာ မနေ့ နေ့လည်ပိုင်းက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

OIC ရုံးကိစ္စ မြန်မာအစိုးရ တရားဝင် အကြောင်းမကြားသေး


အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Organization of Islamic Cooperation – OIC) အထွေထွေအတွင်းရေးမှူး အက်မဲလက်ဒင် အစ်စန်နိုးလူ (Ekmeleddin Ihsanoglu) က မြန်မာနိုင်ငံမှာ OIC ရဲ့ လူသား ချင်းဆိုင်ရာ ရုံးဖွင့်ခွင့် မရတော့တဲ့ကိစ္စအပေါ် မြန်မာအစိုးရဆီက တရားဝင် အကြောင်းကြားမှု တစုံတရာ မရရှိသေးဘူး လို့ ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါး (Jeddah) မြို့မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
တရားဝင် အကြောင်းကြားစာ ရပြီဆိုရင် နိုဝင်ဘာလမှာ လုပ်ဖို့ရှိတဲ့ OIC နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာ ဘာဆက်လုပ်ကြမယ်ဆိုတာ ဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ရုံးဖွင့်ဖို့ကိစ္စရွှေ့ဆိုင်းဖို့ မြန်မာအစိုးရရဲ့ နယ်စပ်ရေးရာဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးသိန်းဌေးက  အစောပိုင်းမှာ OIC ကို တရားဝင်မဟုတ်ပဲ မေတ္တာရပ်ခံခဲ့တာကိုလည်း သူက ထုတ်ဖော်ပြောဆိုပါတယ်။
OIC နဲ့ မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ပြီးခဲ့ တဲ့လမှာ နှစ်ဖက် လက်မှတ်ထိုးကြတဲ့အခါ နယ်စပ်ရေးရာဝန်ကြီးက မြန်မာအစိုးရကိုယ်စား လက် မှတ်ရေးထိုးခဲ့တာပါ။
အဲ့ဒီသဘောတူညီချက်ထဲမှာ OIC ရုံးအနေနဲ့ မြန်မာအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့ တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်ရသူတွေဆီကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးရာမှာ ယာယီ ကြီး ကြပ်သွားရန်လို့ ဖော်ပြထားကြောင်း အက်မဲလက်ဒင် အစ်စန်နိုးလူက ပြောပါတယ်။
မြန်မာနိုင်ငံမှာဖွင့်မယ့် OIC ရုံးဟာ လူသားချင်းဆိုင်ရာ ဘေးအန္တရာယ်တွေကြောင့် ဒုက္ခရောက်ကြရတဲ့ အခြားနိုင်ငံတွေမှာ အဖွဲ့အစည်းအသီးသီးက တည်ထောင်ထားတဲ့ လူသားချင်းဆိုင်ရာရုံးတွေအတိုင်းကလွဲလို့ ဘာမှ ထူးထူးခြားခြား ရှိမှာမဟုတ်ဘူးလို့လည်း သူက အလေးအနက် ဆိုပါတယ်။
မြန်မာနိုင်ငံမှာ OIC ရုံးဖွင့်မယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့လ OIC ကိုယ်စားလှယ်အဖွဲ့နဲ့တွေ့တဲ့အချိန်မှာ မြန်မာ အစိုးရဖက်က ရုံးဖွင့်ဖို့ထောက်ခံခဲ့တယ်၊ OIC ဘက်ကလည်း လူမျိုး ဒါမှမဟုတ် ဘာသာရေးအရ ခွဲခြားမှုမရှိဘဲ ဒုက္ခ ရောက်ရသူတွေကို အကူအညီပေးဖို့သာ ရည်ရွယ်ကြောင်း မြန်မာအစိုးရကို အာမခံချက်ပေးခဲ့တယ်လို့ သူက ပြောပါ သေးတယ်။
OIC အနေနဲ့ လူသားချင်းဆိုင်ရာအလုပ်တွေကို နိုင်ငံရေးကိစ္စဖြစ်အောင် လုပ်မှာမဟုတ်ဘူး ဆိုတာနဲ့ ပတ်သက်ပြီး တော့လည်း ရိုဟင်ဂျာတွေ မြန်မာပြည်ထဲမှာ သူတို့ရဲ့ ဥပဒေကြောင်းအရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခွင့်အရေး တွေ ပြန်ရအောင် OIC က ဆက်လက် ကြိုးပမ်းသွားမှာဖြစ်တယ်။
ဒါပေမယ့် အဲ့ဒီလို ကြိုးပမ်းတာကို တရားဝင် သံတ မန် လမ်းကြောင်းတွေကနေတဆင့်သာ ဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာပြည်မှာဖွင့်မယ့် OIC ရုံးကနေတဆင့် ဆောင် ရွက်သွားမှာမဟုတ်ဘူးလို့ အက်မဲလက်ဒင် အစ်စန်နိုးလူက အလေးအနက် ဆိုပါတယ်။
လူသားချင်းဆိုင်ရာဆောင် ရွက်ချက်တွေကို နိုင်ငံရေးကိစ္စဖြစ်အောင်လုပ်ဖို့ OIC မှာ ဘယ်သူမှ စိတ်မဝင်စားဘူးလို့လည်း သူက ဖြည့်ပြောပါ တယ်။
မြန်မာပြည်မှာ OIC ရုံးဖွင့်ဖို့ ဆောင်ရွက်တာဟာ တူရကီနဲ့ အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့တွေက လူသားချင်းဆိုင်ရာ အကူအညီတွေ ပေးနေသလိုမျိုး မွတ်ဆလင် ကမ္ဘာက ပြည်သူတွေနဲ့ အခြားပြည်သူတွေအကြား သွေး စည်းညီညွတ်ရရှိအောင် ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်တယ်လို့ သူက ဆိုပါတယ်။
OIC ရုံး ဖွင့်ခွင့် မပြုရေး ကန့်ကွက်ဆန္ဒပြမှုတွေ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူမြို့နှင့် မြို့ကြီးတချို့တွင် ဖြစ်ပွားခဲ့အပြီး “ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့်” ရုံးကို ခွင့်ပြုမှာ မဟုတ်လို့ သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နယ်စပ်ရေးရာဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးသိန်းဌေးနဲ့ မကြာမီက သွားရောက်တွေ့ဆုံခဲ့ပြီး ရုံးကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment