သမိုင်းတကွေ့မှ ဗိုလ်မှူးအောင် (ရဲဘော်သုံးကျိပ်)

By သန်းဝင်းလှိုင်      


ရဲဘော်သုံးကျိပ်ဝင်၊ ပြည်သူ့ရဲဘော်အဝါခေါင်းဆောင်၊ လွှတ်တော်အမတ်၊ သန့်ရှင်းဖဆပလ ဒုတိယ ဥက္ကဋ္ဌ၊ ဦးနု၏ပါလီမန်တီမိုကရေစီပါတီ ၏ အနောက်မြောက်တိုင်းမှူး၊ ၈၈ အရေးတော်ပုံအတွင်းဖွဲ့စည်းခဲ့သော ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအဖွဲ့ချုပ် (ဒီ/ငြိမ်း) ဒုဥက္ကဋ္ဌ၊ ရွှေတိဂုံစေတီ တော် ဂေါပကလူကြီးစသည့် တာဝန်များထမ်းရွက်ခဲ့သော ဗိုလ်မှူးအောင်၏အမည်ရင်းမှာ ကိုစံလှိုင်ဖြစ်သည်။ တို့ဗမာ့အစည်းအရုံးသို့ ဝင် ရောက်ခဲ့သောအခါ သခင်စံလှိုင်ဖြစ်လာသည်။ ဂျပန်စစ်ပညာသင်တန်းတက်စဉ်က ဂျပန်အမည်မှာ အိုမူရာတာဒါရှီ (Omura Tadashi) ဖြစ် သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံယူရာတွင် ဗိုလ်အောင်ဖြစ်လာသည်။ ဘီအိုင်အေဖျက်သိမ်း၍ ဘီဒီအေပြန်လည်ဖွဲ့စည်းသောအခါ ဗိုလ်မှူးအောင်ဖြစ်လာသည်။ ယင်းအမည်ဖြင့်ပင် ဘဝတလျှောက် ထင်ရှားခဲ့သော ဝါရင့်နိုင်ငံရေးသမား ကြီးဖြစ်သည်။
ဗိုလ်မှူးအောင်ကို ၁၉၁၀ ပြည့်နှစ် သြဂုတ် ၃၀ ရက် အင်္ဂါနေ့တွင် အဖဦးရွှေမွန်၊ အမိဒေါ်ဖေါ့တို့မှ ပဲခူးတိုင်း ကျောက်တံတားမြို့၌ ဖွားမြင်ခဲ့ သည်။ မွေးချင်းညီအစ်ကိုမောင်နှမခုနစ်ယောက် (ဒေါ်ဦး၊ ဒေါ်ဝါ၊ ဦးစံတုတ်၊ ဦးစံခိုင်၊ ဦးစံဒိုင်၊ ဒေါ်ငယ်၊ ဦးစံလှိုင် (ဗိုလ်မှူးအောင်)၊ ဦးစံမြိုင်)တို့တွင် ဆဋ္ဌမမြောက်ဖြစ်သည်။ ငယ်စဉ်က မိဘလက်ငုပ်လက်ရင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။
၁၉၃၀ ပြည့်နှစ်တွင် ဖြူးမြို့၌ရဟန်းခံကာ သာသနာဘောင်ဝင်ရောက်၍ ရဟန်းဘဝဖြင့် ပထမကြီးတန်းစာမေးပွဲ အောင်မြင်ခဲ့သည်။ ရှင် ဘွဲ့မှာ ရှင်ဇဋိလဖြစ်သည်။
၁၉၃၉ တွင် ရှင်လိင်ပြန်၍ ဖြူးမြို့၌တို့ဗမာအစည်းအရုံးသို့ဝင်ရောက်၍ နိုင်ငံရေးဆောင်ရွက်သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ် သမားအစည်းအရုံး၏ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၄၅ ဇူလိုင် ၈ တွင် ရဲဘော်သုံးကျိပ် စတုတ္ထအသုတ်ဖြစ်သော သခင်ထွန်းအုပ်၊ သခင်ရှုမောင် (ဗိုလ် နေဝင်း)၊ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)၊ သခင်လှ (ဗိုလ်မင်းရောင်)၊ သခင်သန်းညွန့်(ဗိုလ်ဇင်လတ်)၊ သခင်ကျော်စိန် (ဗိုလ်မိုးညို၊ သခင်မောင်မောင် (ဗိုလ်ဉာဏ)၊ သခင်ငွေ (ဗိုလ် စောအောင်)၊ သခင်သစ် (ဗိုလ်စောနောင်)၊ သခင်ထွန်းလွင် (ဗိုလ်ဗလ) တို့နှင့်အတူ ကိုရိယုမာရူးသင်္ဘောဖြင့် မြန်မာနိုင်ငံမှထွက်ခွာခဲ့ သည်။ ၁၉၄၁ ဇူလိုင် ၂၂ တွင် တရုတ်ပြည် ရှန်ဟိုင်းသို့ရောက်ရှိခဲ့သည်။ ရှန်ဟိုင်းမှတဆင့် ဂျပန်နိုင်ငံ ကျူးရှူးကျွန်း နာဂါဆာကီးမြို့အနီးရှိ ရေတပ်စခန်းသို့ ရောက်ရှိခဲ့သည်။ ထိုမှတဆင့် ၁၉၄၁ သြဂုတ် ၈ တွင် တိုကျိုမှ ဟိုင်နန်ကျွန်းသို့ လေယာဉ်ဖြင့်သွားရောက်၍ ဟိုင်နန်ကျွန်းနှင့် ထိုင်ဝမ်ကျွန်းတို့တွင် စစ်ပညာရပ်များ သင်ကြားခဲ့သည်။
ထို့နောက် ဗမာ့လွတ်လပ်ရေးတပ်မတော်စစ်ဌာနချုပ်နှင့် မော်လမြိုင်စစ်ကြောင်း မြန်မာနိုင်ငံတွင်းချီတက်နေစဉ် လက်နက်ခဲယမ်းမီး ကျောက်နှင့် သယ်ယူပို့ဆောင်ရေးတပ်ဖွဲ့နှင့်အတူ ချီတက်ခဲ့သည်။ ဗမာ့လွတ် လပ်ရေးတပ်မတော် (ဘီအိုင်အေ) တပ်ရင်း- ၂ ၏ တပ်ရေး ဗိုလ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၂ ဇူလိုင်လ ၂၇ တွင် ဘီအိုင်အေကိုဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ကို ပြန် လည်ဖွဲ့စည်းသောအခါ ဘီအိုင်အေတပ်ရင်း-၅ ၏ တပ်ရင်းမှူးအဖြစ် ဗိုလ်မှူးအဆင့် ရာထူးတိုးမြှင့်ခြင်းခံရသည်။   ထို့နောက် တပ်များတိုးချဲ့ ၍ တိုင်းအသီးသီးဖွဲ့ရာတွင် ဗိုလ်မှူးအောင်သည် တောင်ပိုင်းတိုင်းစစ်ဌာချုပ်ကို ဦးစီးခဲ့ရသည်။
၁၉၄၄ သြဂုတ် ၂၃ တွင် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်း (ယခုနတ်မောက်လမ်း) နှင့် ဗိုလ်မြတ်ထွန်း လမ်းထောင့်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေ အိမ်တွင် ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ် Anti-Fascist Organization (AFO) ဖွဲ့စည်းရာတွင် တပ်မတော်ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးကာလတွင် တိုင်း-၇ (သရက်၊ အာလံ၊ မကွေး၊ မင်းဘူး) တွင် တိုင်းမှူးအဖြစ် တာဝန်ယူကာ ဖက်ဆစ်ဂျပန်များကို တော်လှန်တိုက်ခိုက်ခဲ့သည်။
၁၉၄၅  သြဂုတ် ၁၂ ထိ ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ဗဟိုဦးစီး အစည်းအဝေးကျင်းပရာ ဗမာ့တပ်မတော်ခေါင်း ဆောင် အရာရှိကြီးများနှင့်အတူ ဗိုလ်မှူးအောင်သည် တက်ရောက်ခဲ့သည်။
ယင်းနောက် ၁၉၄၅ ဒီဇင်ဘာ ၁ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း စစ်သေနာပတိအဖြစ်ဦးစီး၍ ဖွဲ့စည်းတည်ထောင်ခဲ့သော ပြည်သူ့ရဲ ဘော်အဖွဲ့ (People’s Volunteer Organization) ကို ဖွဲ့စည်းရာတွင်စည်းရုံးရေးမှူးအဖြစ်လည်းကောင်း၊ နောက်ပိုင်းတွင် ဒုဥက္ကဌအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။
၁၉၄၇ ဧပြီ ၉ တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကျင်းပရာ ဖဆပလအမတ်လောင်းအဖြစ် သရက်တောင်မဲဆန္ဒနယ်မြေမှ ဝင်ရောက် ယှဉ်ပြိုင်ရာ ရွေးမြှောက်ခံရသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီနောက် ဖဆပလအဖွဲ့ချုပ်တွင် ပါဝင်၍ နိုင်ငံရေးဆောင်ရွက်ခဲ့သည်။ ဝန်ကြီးချုပ် သခင်နု၏ လက်ဝဲညီညွတ်ရေး မူနှင့် ပတ်သက်၍ ပြည်သူ့ရဲဘော်အဖွဲ့ အဖြူနှင့်အဝါ ကွဲပြားသည့်အချိန်တွင် ပြည်သူ့ရဲဘော်အဝါအဖွဲ့ကို ဦးဆောင်ခဲ့သည်။ ၁၉၄၈ ဇူလိုင် ၁၆ တွင်ဖွဲ့စည်းခဲ့သော လက်ဝဲညီညွတ်ရေးကောင်စီတွင် ပြည်သူ့ရဲဘော်ကိုယ်စာလှယ်အဖြစ်ပါဝင်ခဲ့သည်။ ယင်းအဖွဲ့၏ဥက္ကဋ္ဌမှာ ဗိုလ်ချုပ် နေဝင်းဖြစ်ပြီး အတွင်းရေးမှူးမှာ သိန်းဖေမြင့်ဖြစ်သည်။
ထို့နောက် ၁၉၄၈ မှ ၁၉၄၉ ခုနှစ်အထိ ပြန်လည်ထူထောင်ရေးဌာန ဝန်ကြီးအဖြစ်လည်းကောင်း၊ သန့် ရှင်းဖဆပလအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၅၈ ဇူလိုင် ၁၆ တွင် သန့်ရှင်းဖဆပလ အစိုးရအဖွဲ့၌ ဒုတိယဝန်ကြီးချုပ်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၆၀ ဖေဖေါ်ဝါရီ ၆ တွင် ပါလီမန်ပြည်သူ့လွှတ်တော် အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ရာ ရွေးကောက်ပွဲတွင် သန့်ရှင်းဖဆပလ အမတ် လောင်းအဖြစ် ကြည့် မြင်တိုင်မြောက်ပိုင်းမဲဆန္ဒနယ်မှ ဝင်ရောက်အရွေးခံရာ လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ ၁၉၅၄ ဇူလိုင် ၁ တွင် ဗိုလ်မှူးအောင်သည် ရွှေတိဂုံစေတီတော် ဂေါပကလူကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။
၁၉၆၀ ပြည့်နှစ် မတ်လတွင် သန့်ရှင်းဖဆပလကို ပြည်ထောင်စုပါတီ (ပထစ)ဟု အမည်ပြောင်းပြီး နောက် ပြည်ထောင်စုပါတီနှင့် ဗမာ နိုင်ငံ လုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံးတို့တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၆၀ မှ ၁၉၆၂ ခုနှစ် မတ်လအထိ ပြည်ထောင်စုအစိုးရအဖွဲ့တွင် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဌာနဝန်ကြီးအဖြစ် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
၁၉၆၁ မတ် ၁၇ တွင် ပြည်ထောင်စုပါတီ အမှုဆေင်တဖွဲ့လုံးနှင့်အတူ နှုတ်ထွက်ခဲ့သည်။ ၁၉၆၁ မတ် ၂၀ တွင် ဖွဲ့စည်းသောပြည်ထောင်စုပါတီ ထိန်းသိမ်းရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။
ထို့နောက် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီမှ အာဏာသိမ်းပိုက်လိုက်ပြီးနောက် အစိုးရဝန်ကြီးဖမ်းဆီးခဲ့ရာတွင် ဗိုလ်မှူးအောင်သည် ငပလီသို့ရောက်နေ၍လည်းကောင်း၊ သမ္မတအဖြစ်လျာထားပြီးဖြစ်သော ဆမားဒူးဝါဆင်ဝါးနောင်သည် မြစ်ကြီးနား ခရိုင်အတွင်း ၎င်း၏ဘိုးဘွားမိဘများနေထိုင်ခဲ့ သောရွာသို့ရောက်ရှိနေ၍လည်းကောင်း မဖမ်းခံခဲ့ရပေ။
၁၉၆၈ ဒီဇင်ဘာလ ၄ တွင် တော်လှန်ရေးကောင်စီက ဖွဲ့စည်းပေးခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၇၂ ဇူလိုင်လတွင် ရန်ကုန်ဘဆွေနှင့်အတူ ထိုင်းနိုင်ငံသို့သွားရောက်ပြီး ဦးနုခေါင်းဆောင်သည့် ပါလီမန်ဒီမိုကရေစီပါတီ (Parliamentary Democracy Party)တွင် ပါဝင်ခဲ့သည်။ ပါလီမန်ဒီမိုကရေစီပါတီတွင် အနောက်မြောက်တိုင်းမှူးအဖြစ်လည်းကောင်း အားသစ်စာစောင် တွင် တွဲဖက်အယ်ဒီတာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
၁၉၇၅ ဇန်နဝါရီ ၁ တွင် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ညီညွတ်ရေးပါတီ (ဖဆညပ) (Anti-Fascist People’s Unity Party- AFPUP)ကို သီးခြားတည်ထောင်ခဲ့သည်။
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ကောင်စီမှ ၁၉၈၀ ပြည့်နှစ် မေလ ၂၈ ရက်တွင် လွတ်ငြိမ်းချမ်းသားခွင့်အမိန့် (၂/၈၀) ကို ကြေညာခဲ့ပြီးနောက် ၁၉၈၀ ဇွန် ၂၁ တွင် မြန်မာနိုင်ငံသို့ ပြည် တော်ပြန်ခဲ့သည်။
ထို့နောက် ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း ၁၉၈၈ သြဂုတ် ၂၉ တွင် ဦးနု နာယကအဖြစ်ဖွဲ့စည်းခဲ့သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ (ဒီ/ငြိမ်း) အဖွဲ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဗိုလ်မှူးအောင်သည် ဒုဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၈၈ စက်တင်ဘာလ ၁၈ တွင် စစ်တပ်မှ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံကြီးကို ဖြိုခွင်းပြီးနောက် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဗိုလ်မှူး အောင်သည် အိန္ဒိယဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီထံ ၎င်းတို့အား စစ်ရေးအကူအညီပေးရန် စာရေးသားတင်ပြတောင်းဆိုခဲ့သည်။
၁၉၈၉ ဒီဇင်ဘာ ၂၉ တွင် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူမျာ၏ ဘေးအန္တရာယ်မှကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀ (ခ) အရ တားဆီးမိန့်ထုတ်ပြန်ခံရပြီး နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံရ သည်။
၁၉၉၀ ပြည့်နှစ် အောက်တိုဘာ ၁၁ တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် အမိန့် ၅/၉၀ ကို ထုတ်ပြန်ပြီး ဒီ/ငြိမ်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဗိုလ်မှူးအောင်အား စင်ပြိုင်အစိုးရအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခြင်း၊ ပယ်ဖျက်ခြင်းမရှိသေးသည့် အတွက် ဥပဒေနှင့်အညီ ရပ်တည်နေသူမဟုတ်သဖြင့် ဒီ/ငြိမ်းဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်စာရင်းမှ ပယ်ဖျက်ခဲ့သည်။
ဗိုလ်မှူးအောင်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် ၁၉၅၆ တွင် သတိုးသီရိ သုဓမ္မဘွဲ့ ၁၉၅၉ မတ် ၂၇ တွင် လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်)၊ ၁၉၈၁ ဇန်နဝါရီ ၄ တွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) တံဆိပ်တို့ကို ချီးမြှင့်ခံရသည်။ သို့သော် ၁၉၈၂ အောက်တိုဘာ ၂ တွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ကို ပြန်လည်ရုပ်သိမ်းခံရသည်။
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်သည် ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းနေအိမ်၌ ကွယ်လွန် ခဲ့လေသည်။

LWIN PWIN
NLABR      
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment