ရခိုင် သတင်းများ  အောက်တိုဘာ ၁၅ ၊ ၂၀၁၂

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ခွင့်ပြုမထားဘဲ လက်ရှိလာရောက်ဖွင့်လှစ်မည့် ယာယီရုံးကိုပင် ပြန်လည်ညှိနှိုင်းရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားဟု သိရ


မြန်မာနိုင်ငံတွင် OIC ရုံးခန်း ဖွင့်လှစ်ခြင်းအား ခွင့်ပြုထားခြင်းမရှိဘဲ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာနနှင့် MoU ရေးထိုးထားသည့် ရုံးမှာထောက်ပံ့ကူညီမှုများ ဆောင်ရွက်ရာတွင် ကာလသတ်မှတ်ချက်ဖြင့် ထားရှိမည့် ယာယီဆက်ဆံရေးရုံး (OIC ရုံးမဟုတ်ပါ) ဖြစ်ကြောင်း၊ အဆိုပါယာယီရုံး ဖွင့်လှစ်ခွင့်ကိုပင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြန်လည်ညှိနှိုင်းရန် ညွှန်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး(မှူးဇော်)က သူ၏ Facebook  စာမျက်နှာတွင် အောက်တိုဘာလ ၁၄ ရက်နေ့က ဖော်ပြထားပါသည်။
''မြန်မာနိုင်ငံတွင် OIC  ရုံး လာရောက်အခြေစိုက်မည်ဆိုခြင်းအား ရဟန်းသံဃာများ အပါအ၀င် ပြည်သူများက ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်'' ဟု ဖော်ပြထားပြီး ''နိုင်ငံအချင်းချင်း (သို့မဟုတ်) နိုင်ငံအများနှင့် ပူးပေါင်းဆောင်ရွက်သည့် လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်မှာ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မထိခိုက်စေရန်၊ အမျိုးသား အကျိုးစီးပွားကို မထိခိုက်စေရန်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မထိခိုက်စေရန်၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် လမ်းညွှန်ထားကြောင်း'' ဖော်ပြထားသည်။
ထို့အပြင် အုပ်ချုပ်ရေးမဏ္ဍိုင် အနေဖြင့် ပြည်သူလူထု ဗဟိုပြု ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန် ခိုင်မာသော မူဝါဒများ ချမှတ်ပေးထားပြီး ဖြစ်ကြောင်းနှင့် ပြည်သူများအကြားတွင် ဖြစ်ပေါ်နေသော ဆန္ဒသဘောထားများကို ကောင်းစွာသိရှိ နားလည်ထားသော နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာ၊ အကျိုးစီးပွားအား ထိခိုက်နစ်နာမှု မရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ပြည်သူများ စိတ်ပူပန်မှု မရှိစေရန် အသိပေးအပ်ပါကြောင်း နိုင်ငံတော်သမ္မတ ရုံးညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး (မှူးဇော်) ၏ Facebook စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (OIC) ရုံးခွဲများ မြန်မာပြည်တွင် အခြေစိုက်ခွင့် မပြုရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်ပြိုင်နက်တည်း ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူများက တစ်ညီတစ်ညွတ် ပြောကြားပြီးနောက် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထိုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းအပေါ် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အမျိုးသမီးများ ဆန္ဒဖော်ထုတ်ရာ၌ ပါဝင်ခေါင်းဆောင်ခဲ့သူ ဒေါ်ညိုအေးက''ယာယီရုံးကိုလည်း အလိုမရှိပါဘူး။ ထောက်ပံ့ချင်တယ်ဆိုလည်း ပြည်ပကနေပဲထောက်ပံ့ပေါ့။ တကယ်ပဲ လာရုံးစိုက်စိုက်၊ ယာယီပဲရုံးစိုက်စိုက် မြန်မာနိုင်ငံမှာ ရုံးလာစိုက်တာကို လုံးဝမကြိုက်ပါဘူး။ အောက်တိုဘာလ ၁၅ ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြမှာဖြစ်ပြီး ရုံးခန်းလာမဖွင့်တော့မှာ သေချာတဲ့အထိ ဆက်လက်လုပ်ဆောင်မှာပါ'' ဟု ပြောကြားခဲ့ပါသည်။
ရခိုင်ပြည်နယ်မှ လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ဦးအုန်းလွင်က ''ရခိုင်ပြည်နယ်မှာက ဖြစ်ထားတာမကြာသေးတော့ တစ်ဖက်နဲ့တစ်ဖက် အယုံအကြည်မရှိ ကြသေးတဲ့အချိန်ပါ။ ယာယီရုံးဆိုတာက သာမန်အချိန်မှာ ပြဿနာမရှိပေမယ့် အခုလိုအချိန်မှာတော့ တစ်ဖက်ကို မျက်နှာသာပေးသလို ဖြစ်နေပါတယ်'' ဟု ပြောကြားခဲ့သည်။     


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment