ကချင် ကရင် ချင်း ရခိုင် ရှမ်း နဲ့  မွန် သတင်းများ  အောက်တိုဘာ ၁၅ ၊ ၂၀၁၂



KNU အဖွဲ့ခေါင်းဆောင် ဗဟိုတရားရေးဌာန တာဝန်ခံ ဖဒိုဒေးဗစ်ထောသည် အသက် ၆၅နှစ်အရွယ်တွင် အဆုတ်ရောဂါဖြင့် မင်္ဂလာဒုံ စစ်ဆေးရုံ၌ အောက်တိုဘာလ ၁၄ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်က ကွယ်လွန်သွားကြောင်း ၄င်း မိသားစုနှင့် နီးစပ်သည့် ကရင်ပြည်သူ့ပါတီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။ 
''ဖဒိုဒေးဗစ်ထောဟာ ငြိမ်းချမ်းရေး ရရှိရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်နေသူပါ။ သူကွယ်လွန်သွားတဲ့အတွက် ကျွန်တော်တို့ အရမ်းဝမ်းနည်းရပါတယ်။ ငြိမ်းချမ်းရေး ဆောင်ရွက်နေသူတစ်ဦး ငြိမ်းချမ်းရေးရဲ့အသီးအပွင့် မခံစားရဘဲ အခုလို သေဆုံးသွားတဲ့အတွက် ပိုပြီးတော့ စိတ်မကောင်းဖြစ်ရပါတယ်။ သူ့ရဲ့ရုပ်အလောင်းကို ကရင်ပြည်နယ် ကို ပြန်လည်သယ်ဆောင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ညှိနှိုင်းဆောင်ရွက်နေပါတယ်'' ဟု ကရင်ပြည်သူ့ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။               
ဖဒိုဒေးဗစ်ထောသည် ဘားအံမြို့၌ ဆက်ဆံရေးရုံးဖွင့်လှစ်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း ကျန်းမာ ရေး ချို့တဲ့သောကြောင့် အောက်တိုဘာလ ၅ ရက်နေ့က ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်အထူးကုဆေးရုံသို့ တက်ရောက်ကုသခဲ့ကြောင်း၊ လွန်ခဲ့သည့် လေးရက်ခန့်က ကျန်းမာ ရေး ဆိုးရွားလာသောကြောင့် မင်္ဂလာဒုံစစ်ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့ ညပိုင်းတွင် ကွယ်လွန်သွားခဲ့ကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

KNU ထိပ်တန်းခေါင်းဆောင် ဖဒိုစောဒေးဗစ်ထော ကွယ်လွန်


ကရင်အမျိုးသားအစည်းအရုံး (KNU) တရာရေးဌာန တာဝန်ခံ ဖဒိုစောဒေးဗစ်ထော ဟာ နှလုံး အဆုတ် ဆီးချိုရောဂါတွေနဲ့ ရန်ကုန်မြို့က မင်္ဂလာဒုံ စစ်ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့ည ၁၀ နာရီ ၃၇ မိနစ်မှာ ဖဒိုစောဒေးဗစ်ထော ကွယ်လွန်သွားခဲ့ကြောင်း သူ့ကို အနီးကပ် ကြည့်ရှုပေးနေတဲ့ ဒေါက်တာ စိုင်မွန်သာက ပြောပါတယ်။

ကေအန်ယူအနေနဲ့ မြန်မာအစိုးရနဲ့ ဧပြီလအတွင်းက အပစ်ရပ်ပြီးနောက် ဆက်ဆံရေးရုံးတွေ ဖွင့်ဖို့ သဘောတူခဲ့ပြီးတဲ့နောက် ဖဒို ဒေးဗစ်ထော ဟာ ဘားအံမြို့မှာ ဆက်ဆံရေးရုံး ဖွင့်လှစ်ပြီးနောက်၊ စက်တင်ဘာ ၃၀ ရက်နေ့က ရန်ကုန်မြို့ကို အလည်လာရောက်စဉ်မှာ ကျန်းမာရေး မကောင်းတဲ့အတွက် SSC ဆေးရုံကို တက်ရောက် ကုသခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့မှာ တပ်မတော်ခုတင် ၁,၀၀၀ ဆေးရုံကို ရွှေ့ပြောင်းပြီး ဆေးကုသမှု ခံယူနေခဲ့ရတာ ဖြစ်ပါတယ်။

မကြာခင်က ဖွင့်လိုက်တဲ့ ဘားအံမြို့  ဆက်ဆံရေးရုံးကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ကရင်အမျိုးသား အစည်းအရုံးရဲ့ တရားရေးဌာန တာဝန်ခံ ဖဒိုစောဒေးဗစ်ထော၊ တပ်မဟာ (၇) တပ်မှူး ဗိုလ်မှူးချုပ် စောဂျော်နီ၊ တပ်မဟာ (၆) ခရိုင် ဥက္ကဋ္ဌ ဖဒို စောရွှေမောင်းနှင့် တပ်မဟာ (၄) မှ တပ်မှူးတွေ သွားရောက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ ကေအန်ယူ ဗဟိုသဘောထား မပါဘူးလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ဖဒိုဒေးဗစ်ထောနဲ့ ဗဟိုကော်မတီဝင် ၃ ဦးကို ရားထူးကနေ ထုတ်ပယ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ကရင်အမျိုးသား အချင်းချင်း ဆွေးနွေးမူတွေ လုပ်နေတယ်ဆိုတဲ့ သတင်း ထွက်လာခဲ့ပါတယ်။

ဖဒိုစောဒေးဗစ်ထောကို ၁၉၄၈ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ကြွင်းကျန်တဲ့ ရုပ်ကလပ်ကို အောက်တိုဘာလ ၁၅ ရက်နေ့ မနက် ၁ နာရီကျော်မှာ ရန်ကုန်ကနေ ခွဲကပေါင် ဆေးခန်း လူနာတင်ကားနဲ့ သယ်ဆောင်လာခဲ့ပြီး မနက်ပိုင်းမှာ ကရင်ပြည်နယ် ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဈာပန အခမ်းအနားကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ် တခုဖြစ်တဲ့ တပ်မဟာ (၇) က ကရင်ခေါင်းဆောင်တွေ မြှုပ်နှံရာ နေရာမှာပဲ ကျင်းပမှာဖြစ်တယ်လို့ ဗွီအိုအေ ကို ပြောပါတယ်။

ကေအင်ယူ ခေါင်းဆောင်ကို ၀န်ကြီးတွေ တွေ့ဆုံအားပေး


ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ အဆုပ်ရောဂါနဲ့ တက်ရောက်ကုသနေတဲ့ KNU ခေါင်းဆောင်တစ်ဦးဖြစ်သူ ဖဒိုစောဒေးဗစ်ထောနဲ့ မိသားစုကို ပြည်ထောင်စုအစိုးရ ဝန်ကြီးသုံးဦး မနေ့က  ညနေပိုင်းက သွားရောက်တွေ့ဆုံအားပေးခဲ့ကြပါတယ်။
သမ္မတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း ၊ ဦးစိုးသိန်းနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီတို့ လာရောက်တွေ့ဆုံ အားပေးခဲ့တာလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ပဒိုစောဒေးဗစ်ထောဟာ အဆုပ်ရောဂါကို အပြင်းအထန်ခံစားနေရတာဖြစ်ပြီး မနေ့က သွေးခြောက်ပုလင်း သွင်းခဲ့ရပါတယ်။ ဒီကနေ့မှာတော့ ရောဂါအခြေအနေသက်သာလာပြီး စကားလည်းကောင်းမွန်စွာ ပြောဆိုလာနိုင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ဒါပေမယ့် နဂိုအခြေအနေအတိုင်း ထူထူထောင်ထောင် ပြန်ဖြစ်ဖို့ကတော့ တစ်လလောက် ဆေးရုံမှာ ဆက်နေရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။


ရခိုင် သတင်းများ  အောက်တိုဘာ ၁၅ ၊ ၂၀၁၂


မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ခွင့်ပြုမထားဘဲ လက်ရှိလာရောက်ဖွင့်လှစ်မည့် ယာယီရုံးကိုပင် ပြန်လည်ညှိနှိုင်းရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားဟု သိရ


မြန်မာနိုင်ငံတွင် OIC ရုံးခန်း ဖွင့်လှစ်ခြင်းအား ခွင့်ပြုထားခြင်းမရှိဘဲ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာနနှင့် MoU ရေးထိုးထားသည့် ရုံးမှာထောက်ပံ့ကူညီမှုများ ဆောင်ရွက်ရာတွင် ကာလသတ်မှတ်ချက်ဖြင့် ထားရှိမည့် ယာယီဆက်ဆံရေးရုံး (OIC ရုံးမဟုတ်ပါ) ဖြစ်ကြောင်း၊ အဆိုပါယာယီရုံး ဖွင့်လှစ်ခွင့်ကိုပင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြန်လည်ညှိနှိုင်းရန် ညွှန်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး(မှူးဇော်)က သူ၏ Facebook  စာမျက်နှာတွင် အောက်တိုဘာလ ၁၄ ရက်နေ့က ဖော်ပြထားပါသည်။
''မြန်မာနိုင်ငံတွင် OIC  ရုံး လာရောက်အခြေစိုက်မည်ဆိုခြင်းအား ရဟန်းသံဃာများ အပါအ၀င် ပြည်သူများက ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်'' ဟု ဖော်ပြထားပြီး ''နိုင်ငံအချင်းချင်း (သို့မဟုတ်) နိုင်ငံအများနှင့် ပူးပေါင်းဆောင်ရွက်သည့် လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်မှာ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မထိခိုက်စေရန်၊ အမျိုးသား အကျိုးစီးပွားကို မထိခိုက်စေရန်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မထိခိုက်စေရန်၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် လမ်းညွှန်ထားကြောင်း'' ဖော်ပြထားသည်။
ထို့အပြင် အုပ်ချုပ်ရေးမဏ္ဍိုင် အနေဖြင့် ပြည်သူလူထု ဗဟိုပြု ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန် ခိုင်မာသော မူဝါဒများ ချမှတ်ပေးထားပြီး ဖြစ်ကြောင်းနှင့် ပြည်သူများအကြားတွင် ဖြစ်ပေါ်နေသော ဆန္ဒသဘောထားများကို ကောင်းစွာသိရှိ နားလည်ထားသော နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာ၊ အကျိုးစီးပွားအား ထိခိုက်နစ်နာမှု မရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ပြည်သူများ စိတ်ပူပန်မှု မရှိစေရန် အသိပေးအပ်ပါကြောင်း နိုင်ငံတော်သမ္မတ ရုံးညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး (မှူးဇော်) ၏ Facebook စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (OIC) ရုံးခွဲများ မြန်မာပြည်တွင် အခြေစိုက်ခွင့် မပြုရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်ပြိုင်နက်တည်း ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူများက တစ်ညီတစ်ညွတ် ပြောကြားပြီးနောက် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထိုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းအပေါ် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အမျိုးသမီးများ ဆန္ဒဖော်ထုတ်ရာ၌ ပါဝင်ခေါင်းဆောင်ခဲ့သူ ဒေါ်ညိုအေးက''ယာယီရုံးကိုလည်း အလိုမရှိပါဘူး။ ထောက်ပံ့ချင်တယ်ဆိုလည်း ပြည်ပကနေပဲထောက်ပံ့ပေါ့။ တကယ်ပဲ လာရုံးစိုက်စိုက်၊ ယာယီပဲရုံးစိုက်စိုက် မြန်မာနိုင်ငံမှာ ရုံးလာစိုက်တာကို လုံးဝမကြိုက်ပါဘူး။ အောက်တိုဘာလ ၁၅ ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြမှာဖြစ်ပြီး ရုံးခန်းလာမဖွင့်တော့မှာ သေချာတဲ့အထိ ဆက်လက်လုပ်ဆောင်မှာပါ'' ဟု ပြောကြားခဲ့ပါသည်။
ရခိုင်ပြည်နယ်မှ လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ဦးအုန်းလွင်က ''ရခိုင်ပြည်နယ်မှာက ဖြစ်ထားတာမကြာသေးတော့ တစ်ဖက်နဲ့တစ်ဖက် အယုံအကြည်မရှိ ကြသေးတဲ့အချိန်ပါ။ ယာယီရုံးဆိုတာက သာမန်အချိန်မှာ ပြဿနာမရှိပေမယ့် အခုလိုအချိန်မှာတော့ တစ်ဖက်ကို မျက်နှာသာပေးသလို ဖြစ်နေပါတယ်'' ဟု ပြောကြားခဲ့သည်။     


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment