ကချင် ကရင် ချင်း ရခိုင် ရှမ်း နဲ့  မွန် သတင်းများ  အောက်တိုဘာ ၂၆ ၊ ၂၀၁၂

ဒုက္ခသည် ပြန်ပို့ရေး စတင်ပြင်ဆင်ရန် UNHCR တိုက်တွန်း


ထိုင်း-မြန်မာ နယ်စပ်တလျှောက် ဒုက္ခသည်စခန်းများရှိ ဒုက္ခသည် ၁ သိန်းကျော် ဌာနေပြန်နိုင်ရေးအတွက် စတင် ပြင်ဆင်မှုများ ပြု လုပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) က တိုက်တွန်းလိုက်သည်။ ယင်းသို့ ဒုက္ခသည်များ ပြန်ပို့နိုင်ရေးနှင့် ပတ်သက်ပြီး စတင်၍ ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း၊ ပြန်ပို့နိုင်ရေး အစီအစဉ် ကို လာမည့်နှစ်တွင် စတင်နိုင်မည်ဟု မျှော်လင့်ကြောင်း UNHCR ကိုယ် စားလှယ် James Lynch က ယမန်နေ့က ပြောဆိုသည် ဟုလည်း ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။ ထိုင်း-မြန်မာ နယ် စပ် တလျှောက် ဒုက္ခသည် စခန်း ၉ ခုတွင် လက်ရှိ မှတ် ပုံတင်ထားသူ ၈၄၀၀၀ ရှိပြီး မှတ်ပုံမတင်ရသေးသူ ၆၇၀၀၀ ရှိကြောင်း၊ ၇၈၀၀၀ ခန့်မှာ ၂၀၀၅ ခုနှစ်က စတင်ပြီး တတိယ နိုင်ငံတွင် အခြေချနေထိုင်ရေး အစီအစဉ်ဖြင့် အမေရိကန် အစရှိသည့် တခြားသောနိုင်ငံများသို့ ရောက်ရှိသွားပြီး ဖြစ်ကြောင်းလည်း ပါရှိသည်။


ငြိမ်းချမ်းရေးအတွက် နိပွန် ဖောင်ဒေးရှင်း၏ ဒေါ်လာ ၃ သန်းတန် အကူအညီ စတင်မည်

ဂျပန်နိုင်ငံ၏ NGO အဖွဲ့အစည်းကြီး တခုဖြစ်သည့် နိပွန် ဖောင်ဒေးရှင်း (The Nippon Foundation) မှ မြန်မာနိုင်ငံ တိုင်းရင်းသား စစ်ဘေးဒဏ်သင့် ဒေသများအတွက် အမေရိကန် ဒေါ်လာ ၃ သန်းတန် ဆန်နှင့် ဆေးဝါး အကူအညီများကို လူသားချင်း စာနာမှု အကူအညီ၏ ပထမသုတ် အနေဖြင့် ပေးအပ်မည်
ဖြစ်ကြောင်း သိရှိရသည်။

နောက်ထပ်လည်း ထပ်မံပေးသွားဖွယ်ရှိကြောင်း ဂျပန်နိုင်ငံသို့ သွားရောက်ပြီး နိပွန်ဖောင်ဒေးရှင်းနှင့် ကွန်ဖရင့်တရပ်ပြုလုပ်ကာ ဆွေးနွေးခဲ့သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ထိုင်းနိုင်ငံသို့ ပြန်ရောက်လာစဉ် ထုတ်ဖော် ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။


ရခိုင် သတင်းများ  အောက်တိုဘာ ၂၆ ၊ ၂၀၁၂

ရခိုင်ပြည်နယ် ပဋိပက္ခ ဆက်လက် ကူးစက်


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခသည် မနေ့ကကျောက်တော်၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်များသို့  ကူးစက်ပြန့်နှံ့သွားပြီး ပဋိပက္ခများအတွင်း စစ်တပ်မှ ပစ်ခတ် လူစုခွဲရာ သေဆုံးမှုတချို့ရှိပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိကြောင်း သိရသည်။
ရခိုင်ပြည်တွင်းရှိ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခသည် ယခုအခါ ရခိုင်ပြည်နယ်တခုလုံးနီးပါး ကူးစက်ပြန်နှံ့နေကြောင်း၊ နှစ်ဖက်အကြား အပြန်အလှန် တိုက်ခိုက်မှု၊ မီးရှို့မှုများ ဖြစ်ပွားကာ လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုလည်း အများအပြားရှိကြောင်း၊ လူနေအိမ် ထောင်ချီ၍ မီးလောင်ကျွမ်းသွားသည့်အတွက် နှစ်ဘက်စလုံး၌ ဒုက္ခသည် ထောင်ချီရှိကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်တို့အကြား အပြန်အလှန်တိုက်ခိုက်၍ သေဆုံးခြင်း၊ စစ်တပ်မှ ပစ်ခတ်လူစုခွဲရာတွင် သေနတ်ထိမှန် သေဆုံးခြင်းနှင့် ထိခိုက် ဒဏ်ရာရသူ အများအပြား နှစ်ဖက်စလုံးတွင် ရှိကြောင်း သိရသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ရသေ့တောင်မြို့နယ်၊ ညောင်ပင်ကြီး ကျေးရွာ၌ ဖြစ်ပွားသော ပဋိပက္ခကို ထိုဒေသ၌ အခြေစိုက်ထားသည့် ခြေမြန်တပ်ရင်း (၅၃၆) မှ ပစ်ခတ် လူစုခွဲရာ၌ ဦးအောင်ဇံဝေနှင့် ဦးသိန်းလှမောင်တို့ သေနတ် ဒဏ်ရာဖြင့် သေဆုံးသွားပြီး ၈ ဦး ဒဏ်ရာရ ရှိသွားကြောင်း၊ မွတ်စလင်များဘက်တွင်လည်း သေဆုံးမှု၊ ထိခိုက်မှုရှိကြောင်း ထို့အတူ ကျောက်တော်မြို့နယ်၊ ပိုက်သည်ကျေးရွာ၌ ယနေ့ နံနက်တွင် ဖြစ်ပွားသည့် ပဋိပက္ခကိုလည်း စစ်တပ်က ပစ်ခတ် လူစုခွဲရာ ဦးကျော်သိန်း၊ ဦးဇော်ဝင်း၊ ဦးထွန်းအောင်သာ တို့ ၃ ဦး သေဆုံးသွားကာ ထိခိုက်ဒဏ်ရာ ရသူများကို စစ်တွေ ဆေးရုံကြီးသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
ပဋိပက္ခများ ပြန့်ပွားလာခြင်းသည် မမျှော်လင့်ဘဲ ဖြစ်ပွားလာရခြင်း ဖြစ်ကြောင်း၊ ပဋိပက္ခများ ဆက်လက် မပြန့်ပွားရေးအတွက် ပြည်နယ်အစိုးရက အလေးထား ဆောင်ရွက်နေကြောင်း၊ သို့သော် စစ်တပ်အင်အား ထပ်မံတိုးချပေးရန် မရှိကြောင်း၊ စစ်တပ် တိုးချပါက နိုင်ငံတကာမှ ပြောဆိုလာမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြန်ကြားရေးတာဝန် ခံ ဦးဝင်းမြိုင်က ပြောသည်။
“ရခိုင်မှာ ရှိတဲ့စစ်တပ်တွေနဲ့ပဲ ထိန်းပေးဖို့၊ လုံခြုံရေး တာဝန်ယူပေးသွားမှာပါ။ ပြည်ထောင်စုအစိုးရ အကူအညီနဲ့ တခြားဒေသက စစ်တပ်တွေကို ထပ်မံ ခေါ်ယူဖို့ အစီအစဉ် မရှိပါဘူး၊ စစ်တပ်ကိုလည်း ပစ်မိန့် ပေးထားတာ မရှိဘူး” ဟု ၎င်းက ဆိုသည်။
သို့သော် ရခိုင်ဒေသတွင်း ကြီးထွားလာသည့် ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် ဒေသတွင်းရှိ စစ်တပ်နှင့် လုံထိန်း တပ်ဖွဲ့ဝင်များကို ပဋိပက္ခဖြစ်ရာ ဒေသများ၌ အင်အားတိုး ချပေးနေကာ အခြေအနေပေါ် မူတည်၍ ဥပဒေအရ လုပ်ဆောင်သွားရန် စစ်တပ်ကို တာဝန်ပေးထားကြောင်းလည်း  ပြည်နယ်အစိုးရအဖွဲ့က ဆိုထားသည်။ရခိုင်ဒေသတွင်း ပဋိပက္ခ ကြီးထွားလာရခြင်းသည် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်တို့၏ အချိန်မီ ထိန်းသိမ်းမှု မရှိခြင်း၊ တာဝန်ယူမှု အားနည်းခြင်းကြောင့်ဟု ဒေသခံများက ဆိုသည်။ လက်ရှိ ပဋိပက္ခကို တာဝန်ယူ ထိန်းသိမ်းပေးနေသည့် စစ်တပ်သည်လည်း လိုအပ်သည်ထက် ပိုမိုပစ်ခတ်မှုကြောင့် လူသေဆုံးမှု၊ ဒဏ်ရာရသူ အများအပြား ရှိကြောင်းလည်း ဒေသခံတို့က ဆိုသည်။
ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင်ကမူ စစ်တပ်ပစ်မှုကြောင့် သေဆုံးသူစာရင်း ၎င်းတို့ထံ မရောက်သေးကြောင်း၊ သို့သော် လူစုခွဲရာ၌ မတော်တဆ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ပြောဆိုသည်။မင်းပြားမြို့နယ်၌ အောက်တိုဘာလ ၂၂ ရက်နေ့က စတင်ခဲ့သော ပဋိပက္ခသည် မြောက်ဦး၊ ကျောက်ဖြူ၊ မြေပုံ၊ ရသေ့တောင်၊ ကျောက်တော် စသည့်မြို့များအထိ ပြန့်နှံ့ ဖြစ်ပွားနေကာ နေအိမ်များ မီးလောင်ကျွမ်းသွားသည့် မြို့နယ်အားလုံးတွင် ဒုက္ခသည်များ ရှိနေသည့်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
အလားတူ မွတ်စလင်များနှင့် နီးစပ်သည့် ရခိုင်နှင့်တခြား တိုင်းရင်းသား ကျေးရွာများကလည်း မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် လာရောက် ခိုလှုံနေကြကြောင်း သိရသည်။ ထို့အတူ နေအိမ် မီးလောင်သွားသည့် မွတ်စလင်များကလည်း မွတ်စလင် ဦးရေများပြားသည့် ကျေးရွာများသို့ ပြောင်းရွှေ့ခြင်း၊ ထွက်ပြေးခြင်း၊ ကျောက်ဖြူ မြို့မှ မွတ်စလင်များသည်လည်း စက်လှေများဖြင့် စစ်တွေဒေသသို့ ပြောင်းရွှေ့သွားကြောင်း ကျောက်ဖြူမြို့ခံများက ပြောသည်။ကျောက်ဖြူ ပဋိပက္ခကြောင့် ထိုဒေသမှ မွတ်စလင်များသည် စက်လှေစီးရေ ၄၀ ၀န်းကျင်ဖြင့် စစ်တွေမြို့ သဲချောင်းကျေးရွာသို့ ယမန်နေ့က ရောက်ရှိလာကြောင်း၊ တချို့သောသူများသည် ပုဏ္ဏားကျွန်း ဒေသသို့ ရောက်ရှိနေကြောင်း စစ်တွေမြို့ခံများက ပြောသည်။မီးဘေးဒုက္ခသည် အရေအတွက်ကို မြို့နယ်အလိုက် စိစစ်နေဆဲ ဖြစ်ကြောင်း၊ ဒုက္ခသည်များကို နေရာချထားပေးရေးနှင့်စားသောက်ရန် ရိက္ခာများကို မြို့နယ်အလိုက် ပေးဆောင်သွားမည်ကြောင်း ရိက္ခာ အလုံလောက်ရှိကြောင်း ဦးဝင်းမြိုင်က ဆိုသည်။
မြောက်ဦးမြို့နှင့် မင်းပြားမြို့နယ်တို့တွင် အောက်တိုဘာ ၂၁ နှင့်၂၃ တို့တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင်လည်း  အမျိုးသားတဦးနှင့် အမျိုးသမီးတဦး သေဆုံးကာ အိမ်ခြေစုစုပေါင်း ၁၀၃၉ အိမ် မီးလောင်ဆုံးရှုံးသွားကြောင်း အစိုးရ သတင်းစာများက ရေးသားထားသည်။ကျောက်ဖြူမြို့တွင်လည်း အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် အိမ်ခြေ ၇၀၀ ကျော် မီးလောင်သွားပြီး၊ လူတဦး သေဆုံး၍ လူ ၂၀ ကျော် ဒဏ်ရာရကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများက ရေးသားထားသည်။


အကြမ်းဖက်မှုတွေ ကျောက်တော် နဲ့ ရသေ့တောင်အထိ ကူးစက်


ရခိုင်ပြည်နယ် ကျောက်တော်မြို့ ရဲ့တောင်ဘက် မြို့နားက ပိုက်သည်ရွာမှာ အောက်တိုဘာလ ၂၅ ရက်နေ့ မနေ့ကမနက် ၅ နာရီခွဲခန့်ကစတင်ပြီး နေအိမ်မီးရှို့အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပါတယ်။အဲဒီ ပိုက်သည်ရွာမှာ နေအိမ် ၂၀ ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး မနက် ၇ နာရီလောက်မှာ ငြိမ်းသွားတယ်လို့သိရပါတယ်။ အကြမ်းဖက်မှုတွေကို စစ်တပ်က သေနတ်ပစ်ဖောက် လူစုခွဲရာမှာ ကျည်ဆန်ထိမှန်သူ ၁ ဦးနဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် ၂ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အလားတူပဲ ရသ့တောင်မြို့တောင်ဘက် ၈ မိုင်ခန့်အကွာမှာ ရှိတဲ့ ညောင်ပင်ကြီးကျေးရွာမှာလည်း လူမျိုးနှစ်ဘက်အကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး နေအိမ်မီးရှို့အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ အဲဒီမှာ  သေဆုံးသူ ၂ ဦးနဲ့ နေအိမ် ၃၀ ခန့် မီးလောင် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အလားတူ ကျောက်တော်မြို့နားက ကျေးရွာတွေမှာလည်း မီးရှို့မှုတွေဖြစ်ခဲ့သလို စစ်တပ်က ပစ်ခတ်တာလည်း ရှိတယ်လို့ သိရှိရပါတယ်။အောက်တိုဘာလ ၂၅ ရက် ဒီကနေ့ ကျောက်ဖြူမြို့ပေါ်မှာ လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားတာ တွေ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။ မနေ့က ဖြစ်ရပ်မှာ နေအိမ်တွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေကို မြို့လယ်မှာ ရှိတဲ့ မြို့မ အားကစားကွင်းကို ကားကြီးတွေနဲ့ ရွှေ့ပြောင်းပေးနေတယ်လို့ ကျောက်ဖြူမြို့ခံတစ်ဦးက ပြောပါတယ်။ ကျောက်ဖြူမြို့ ပဋိပက္ခတွေကြောင့် ဒဏ်ရာရတဲ့ သူတွေကို ကျောက်ဖြူဆေးရုံနဲ့ မြို့နယ် စစ်တပ်ဆေးရုံတွေမှာ ဆေးကုသပေးနေတာတွေ ရှိတယ်လို့လည်း သိရပါတယ်။
မြေပုံမြို့ နဲ့ အနီးတ၀ိုက်မှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ ညနေပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒီနေ့ အချိန်ထိ အခြေအနေတွေ တင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ပဋိပက္ခတွေအတွင်း သေဆုံးတဲ့သူ ၁ ဦးနဲ့ ဒဏ်ရာရသူ ၆၀ လောက်ရှိတယ်လို့ သိရပါတယ်။ မနေ့က အောက်တိုဘာလ ၂၄ ရက် နေ့မှာတော့ ည ၇ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တယ်လို့ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။
 

ရခိုင်ပဋိပက္ခတွင် အစိုးရက ပိုမိုထိရောက်စွာ ကိုင်တွယ်ရန် NLD တိုက်တွန်း


ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ပဋိပက္ခများ ဖြစ်ပွားရာ ရခိုင်ပြည်နယ် ဒေသတချို့တွင် ပဋိပက္ခထိန်းသိမ်းရေးနှင့် တည်ငြိမ်အေချမ်းမှု ရရှိရေးအတွက် အစိုးရနှင့် လုံခြုံရေး တာဝန်ရှိသူများအနေဖြင့် ပိုမိုဝီရိယ စိုက်ထုတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယနေ့တွင် ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။ ပိုမိုထိရောက်သော လုပ်ဆောင်မှုများ အမြန်ဆုံးဆောင်ရွက် ရန်လည်း ကြေညာချက်တွင် ဖော်ပြထားသည်။




ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနောက်ကွယ်တွင် ကြိုးကိုင်လှုပ်ရှားနေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ ရှိနေကြောင်း နိုင်ငံတော်သမ္မတရုံးမှ အောက်တိုဘာလ ၂၅ ရက်နေ့ ည ၈ နာရီတွင် နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ထုတ်ပြန်သည့် ၁/၂၀၁၂ သတင်း ကြေညာချက်တွင်ဖော်ပြပါရှိခဲ့သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်ချက်တွင် အချက် ၆ ချက်ပါဝင်ပြီး အဆိုပါအချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၂၀၁၂ ခုနှစ် မေလနှင့်ဇွန်လတို့တွင် ဖြစ်ပွားခဲ့သော ရာဇ၀တ်မှုများကို အကြောင်းပြု၍ လူအုပ်စုအချင်းချင်း ဒေါသအလျောက် အကြမ်းဖက် တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ရာ ဇွန်လ ၁၄ ရက်နေ့အထိ သေဆုံးသူ ၅၀ ဦး၊ ဒဏ်ရာရရှိသူ ၅၄ ဦးရှိခဲ့၍ လူနေအိမ် ၂၂၃၀ အိမ်နှင့် ဘာသာရေးအဆောက်အအုံ ၁၄ ခု မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ ၆၁၄၆၂ ဦးတို့ အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဒုက္ခသည်စခန်းများသို့ ရောက်ခဲ့ကြကြောင်း ဖော်ပြပါရှိသည်။
အဆိုပါပဋိပက္ခ ဖြစ်ပွားနေခြင်းများနှင့် ပတ်သက်၍ အလျင်အမြန် အေးငြိမ်းသွားစေရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မြို့နယ်အချို့တွင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဥပဒေကဲ့သို့အာဏာတည်သည့် အမိန့်ကို ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေ ကြေညာခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော် အပါအ၀င် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သောကြောင့် အချိန်တိုအတွင်း တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိခဲ့ကြောင်း၊ အရေးပေါ်အခြေအနေ ထုတ်ပြန်ဆောင်ရွက်မှုကိုလည်း ဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူ ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင်ပါရှိခဲ့သည်။
ယင်းဖြစ်စဉ်အပေါ် နိုင်ငံတကာအဖွဲ့အစည်းအချို့တို့မှ မြန်မာနိုင်ငံအား လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ပုံဖော်ပြီး ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည့်အပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသို့ပင် တင်ပြခဲ့သည့်အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် အဆိုပါပြစ်တင်ဝေဖန်မှုများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းချေဖျက်ခဲ့ရကြောင်း၊ တစ်ချိန်တည်းမှာပင် ဒုက္ခသည်များအတွက် ယာယီနေရာချထားရေး၊ စားနပ်ရိက္ခာထောက်ပံ့ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်စုံရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် လူသားချင်း စာနာထောက်ထားသည့် ထောက်ပံ့ကူညီမှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်ဟုလည်း ဖော်ပြပါရှိသည်။
ယခုအခါ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင် မမျှော်လင့်ဘဲ ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားခဲ့ရာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့အထိ သေဆုံးသူ ၁၂ ဦး၊ ဒဏ်ရာရရှိသူ ၅၀ ဦးရှိပြီး၊ လူနေအိမ် ၁၉၄၈ လုံး၊ဘာသာရေး အဆောက်အအုံ ၈ ခု မီးလောင်ပျက်စီးဆုံးရှုံးကာ လူအများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်ဟူ၍ ပါရှိသည်။
လက်ရှိအခြေအနေသည် ဒီမိုကရေစီဖော်ဆောင်သော ပြုပြင်ပြောင်းလဲမှုများကို အချိန်တိုအတွင်း ညင်သာစွာအသွင် ကူးပြောင်းနိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ အသိအမှတ်ပြု ထောက်ခံလျက်ရှိသကဲ့သို့၊ ဆက်လက်တိုးတက် ဖြစ်ပေါ်လာမည့် အခြေအနေများကို စိတ်ဝင်စားစွာ စောင့်ကြည့်နေကြသည့် အချိန်ကာလလည်း ဖြစ်ပါကြောင်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။
အဆိုပါကဲ့သို့သော အခြေအနေတွင် တစ်ကျော့ပြန်ဖြစ်ပွားလာသော ဆူပူအကြမ်းဖက်မှုများသည် နိုင်ငံတော်၊ နိုင်ငံသားတို့၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားကို ထိခိုက်နစ်နာစေနိုင်သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ဒေသခံ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ် အေးချမ်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကိုဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသွားခဲ့သည်။



LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                          http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment