21/07/2011
နယူးဒေလီ(မဇ္ဈိမ)။ ။ ဧရာဝတီတိုင်း ဟင်္သာတမြို့တွင် နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မြို့ပေါ်ရပ်ကွက် ၁ခု ရေမြုပ်ခဲ့ပြီး အလယ်တန်းကျောင်း တကျောင်းနှင့် ဈေးတဈေး ပိတ်ထားရသည်။
ယခုလ၁၉ ရက်နေ့မှ စတင်၍ မိုးဆက်တိုက် ရွာသွန်းနေသည့်အတွက် ဟင်္သာတမြို့ မြဝတီရပ်ကွက်ရေမြုပ်ခဲ့ပြီး ယင်းရပ်ကွက်အတွင်းရှိ အမှတ် (၁) အစိုးရ အလယ်တန်းကျောင်းနှင့် ဈေးတို့ကို ယမန်နေ့က စတင်ပိတ်ထားသည်။
“မိုးတအားရွာလို့ ရေကြီးတာလေ၊ မြဝတီရပ်ကွက် ရေမြုပ်တယ်။ အလက ၁ ကျောင်းလည်း ပိတ်ထားတယ်။ မနေ့ကစပိတ်တာ”ဟု ဟင်္သာတမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်းတဦးက မဇ္ဈိမကိုပြောသည်။
ရေကြီးမှုကြောင့် နေအိမ်စွန့်ခွာလာကြသည့် ရေဘေး ဒုက္ခသည်များကိုလည်း ရတနာပုံ ဘုန်းကြီးကျောင်းတွင် ဒုက္ခသည်စခန်းဖွင့်ကာ လက်ခံနေရသည်။
လက်ရှိတွင် မြဝတီရပ်ကွက်မှ အိမ်ထောင်စု ၅၁ စု အမျိုးသား ၁၁၁ ဦး၊ အမျိုးသမီး ၁၂၃ ဦး စုစုပေါင်း ၂၃၄ ဦး ခိုလှုံနေပြီး မြို့ခံများမှလှူဒါန်းသည့် ထမင်းထုပ်များ ဝေပေးနေကြောင်းလည်း အကူညီပေးနေသော ဝန်ထမ်းတဦးက
ပြောသည်။
“မိုးက၁၉ ရက်နေ့ကတည်းက ရွာနေတာ။ မနေ့ကလည်း တနေ့လုံး တညလုံးရွာတယ်။ အခုလည်း ရွာနေတုန်းပဲ။ ဒီနေ့တော့ ရေလွှမ်းနေတဲ့ လမ်းတွေကို ပိတ်လိုက်တယ်။ ရေက လမ်းပေါ်မှာ ၂ ပေခွဲလောက်တက်နေတော့ ကားဖြတ်မောင်းတဲ့အခါ လမ်းဘေးက အိမ်တွေကို လှိုင်းရိုက်လို့လေ”ဟု ဟင်္သာတမြို့ခံတဦးက ပြောသည်။
ကြာသပတေးနေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ဟင်္သာတမြို့ တံခွန်တိုင်တိုက်နယ်တွင် မိုးရေချိန် ၉ ဒဿမ ၁၂ လက်မ၊ ဟင်္သာတမြို့တွင် ၆ ဒဿမ ၅၈ လက်မ၊ ယမန်နေ့က ရွာသွန်းခဲ့ကြောင်း ဖော်ပြထားသည်။
0 comments:
Post a Comment