20/07/2011

ပြီးခဲ့သည့်ရက်ပိုင်းလောက်ကအမေရိကန်နိုင်ငံတွင် ခေတ္တရောက်ရှိနေကြသည့် ဗန်းမော်ဆရာတော်ကြီး ဦးကုမာရာဘိဝံသနှင့် ဆရာတော်ကြီးများထံသို့ သာသနဥသျှောင်အဖွဲ့နှင့် သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ထုတ်ဝေသည့် စာအုပ် တစ်အုပ်နှင့် ပန်ကြားလွှာတစောင်တို့ကိုဆက်ကပ်ခဲ့ကြသည်ဟု ကြားသိခဲ့ရသည်။ ဗန်းမော်ဆရာတော်ကြီး ဦးကုမာရာဘိဝံသနှင့်အတူမစိုးရိမ်ဆရာတော်ကြီး ဦးရာဇဓမ္မာဘိဝံသ၊ ဓမ္မဘေရီဆရာတော်ကြီး ဦ၀ီရိယ အစရှိသည့် ဆရာတော်ကြီးများလည်းအဆိုပါအခမ်းအနားတွင် ပါဝင်ခဲ့ကြသည်။ ဆက်ကပ်ခဲ့သည့် စာအုပ်အမည်မှာ “သံတိုင်နောက်ကမှတ်တမ်းများ” ဖြစ်ပြီးစစ်အစိုးရမှ ဖမ်းဆီးထောင်ချခြင်းကိုခံခဲ့ကြရပြီး နှိပ်စက်မှုများကိုခံခဲ့ကြရသောသံဃာတော်များ၏ ကိုယ်တွေ့ မှတ်တမ်းစာအုပ်ဖြစ်သည်ဟုသိရသည်။ ပန်ကြားလွှာထဲတွင် နိုင်ငံတော် ငြိမ်းချမ်းသာယာရေးအတွက် အယူအဆမတူသူတို့ သင့်မြတ်စွာလက်တွဲပြီးတွေ့ဆုံဆွေးနွေးအဖြေရှာကြရန်၊ အယူအဆကွဲလွဲမှုများကြောင့် ဖမ်းဆီးချူပ်နှောင်ခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားများနှင့် ရဟန်းသံဃာတော်များလွတ်မြောက်စေရန် နိုင်ငံတော်အစိုးရသစ်ကိုမေတ္တာရပ်ခံပေးပါရန် ဟူသည့် စာများပါဝင်သည်ဟု သိရသည်။ ဆက်ကပ်ခဲ့သည့် စာအုပ်နှင့် ပန်ကြားလွှာများအရမည်သူတစ်ဦးတစ်ယောက်ကိုမျှ နစ်နာစေနိုင်သည့် အပြုအမူမျိုး မပါဝင်သည့်အပြင် တိုင်းပြည်နှင့် လူမျိုးအကျိုးသာသနာအကျိုးတို့ကိုဦးစားပေးထားသည်ကိုသတိထားမိသည်။
ယင်းကိစ္စများနှင့် ဆက်စပ်ပြီး ကြားသိရသူတို့အကြားတွင် လုပ်သင့်/ မလုပ်သင့် စသည့်ဝေဖန်မှု အမျိုးမျိုးထွက်ပေါ်ခဲ့သည်။ လူတိုင်းကိုယ်စီတွင် ခံယူချက်အမျိုးမျိုးယုံကြည့်ချက်အမျိုးမျိုးရှိကြသည်မို့ သဘောထားကွဲလွဲပိုင်ခွင့် ရှိကြပေသည်။ သို့သော် သဘောထားကွဲလွဲပိုင်ခွင့်ရှိသည်ဆိုတိုင်းမိမိအယူအဆမှ အမှန်ဟုဆုပ်ကိုင်ထား၍မရနိုင်ပေ။ အကြောင်းဟုတ်၏ မဟုတ်၏၊ ဖြစ်နိုင်၏ မဖြစ်နိုင်၏စသည်တို့ကိုအရာရာထောက်ဆပြီးအမှန်လမ်းကြောင်းကိုလျှောက်လှမ်းဖို့လိုအပ်လှပေသည်။ အထက်တွင်ဖော်ပြခဲ့သည့် လုပ်ရပ်အပေါ် ဘ၀င်မကျဖြစ်နေပုံပေါ်သည့် ဆောင်းပါးရှင်သီတလကဆိုလျှင် “တစ်ခုသတိပြုစေချင်တာကဗန်းမော်ဆရာတော်ဘုရားကြီးဆိုတာဟာငယ်စဉ်ကာလကတည်းကစာပေပညာဘက်ကိုပဲတစိုက်မတ်မတ်နဲ့ ကြိုးစားအားထုတ်ပြီးပရိယတ် ပဋိပတ်တွေထဲမှာပဲစိတ်ကို နှစ်မြုပ်ထားတဲ့ဆရာတော်ကြီး ဖြစ်တယ်ဆိုတာပါ။ အခြားထွေလီကာလီကိစ္စတွေမှာ စိတ်ပါဝင်စားခြင်း ရှိတော်မူတယ် လို့တော့ ကျွန်တော် မကြားမိပါဘူး” ဟုရေးထားသည်ကိုဖတ်လိုက်ရသည်။ (http://www.demowaiyan.co.cc/2011/07/blog-post_2104.html#more)။

မှန်ပါသည်၊ဆရာတော်ကြီး၏ သီလသမာဓိပညာတို့မှာအပြစ်ဆိုစရာမရှိလောက်အောင်ပင် လေးစားဖွယ်ကောင်းလှပါသည်။ ထို့ကြောင့် ဆရာတော်ကြီး၏ ကိုယ်ကျင့်သိက္ခာဂုဏ်အရည်အချင်းတို့နဲ့ ပတ်သက်ပြီးမည်သို့မျှစောဒကမတက်လိုပေ။ သို့သော် ဆောင်းပါးရှင်၏ စာထဲတွင် အသုံးပြုထားသည့် ပရိယတ်နှင့် ပဋိပတ် ဆိုသည့်အချက်ကိုတော့ ကောင်းစွာနားလည် သဘောပေါက်ထားသင့်သည်ဟုထင်သည်။ ပရိယတ်ဟူသည် သင်ကြားခြင်းဖြစ်ပြီးဘုရာဟောပိဋကတ်တော်များကိုသင်ကြားခြင်းဟုယေဘုယျအားဖြင့် မှတ်ရပေလိမ့်မည်။ ကျင့်သုံးမှုမပါသည့် သင်ကြားမှုမျိုးသည် နွားကိုသာကျောင်းနေရပြီး နွားနို့အရသာကို မခံစား၇သည့် နွားကျောင်းသားပမာ ဖြစ်သည်ဟု မြတ်စွာဘုရားရှင်ကလည်းဟောကြားထားတော်မူခဲ့သည်။ ကျင့်သုံးမှုဆိုသည်မှာပဋိပတ်ပင်ဖြစ်လေသည်။ ထိုကြောင့် မည်သည့်အရာများကိုကျင့်သုံးရမည် ကျင့်သုံးထိုက်သည် စသည်တို့ကိုသိနိုင်ကြရန်ဘုရားဟောကျမ်းဂန်များကိုရှေးဦးစွာလေ့လာဖို့လိုအပ်လှပေသည်။

နောက်တစ်ခုဖော်ပြထားသည့် ဆောင်းပါးရှင်၏စာထဲတွင် “ဒကာဒကာမတွေ ဖူးတွေ့ခွင့်ရတဲ့, သာသနာတော်မှာရတောင့်ရခဲဆရာတော်ဘုရားကြီးကိုဖူးတွေ့ရတုန်းမှာ နိုင်ငံရေးအရအပူမကပ်ဘဲသာသနာရေး ရှုထောင့် တစ်ခုတည်းကပဲချဉ်းကပ်ပြီးကုသိုလ်ယူကြစေချင်ပါတယ်” ဟုရေးထားသည်ကိုတွေ့ရပြီးနိဂုံးတွင် “သာသနာရေးသက်သက်ကိုသာစူးစူးစိုက်စိုက် ဆောင်ရွက်တော်မူကြတဲ့ဆရာတော်ဘုရားကြီးများကိုလည်းသာသနာရေး ရှုထောင့်အရလေးစားကြည်ညိုကြရမှာ ဖြစ်ကြောင်းပါခင်ဗျား” ဟုဖတ်လိုက်ရသည်။ ဆောင်းပါရှင်၏ ဆရာတော်ကြီးများနှင့် စာဖတ်သူတို့အပေါ်ထားသည့် ၄င်း၏စေတနာ မေတ္တာတို့ကိုတော့ အသိအမှတ်ပြု တန်ဖိုးထားရမည်ဖြစ်ပေသည်။ သို့သော် သူစကားထဲတွင် အသုံးပြုထားသောသာသနာဆိုသည့် စကား၏ အကျိုးထိရောက်မှုကိုလည်းသိစေချင်သည်။ သာသနာဆိုသည်မှာအများသိထားကြပြီးဖြစ်သည့်အတိုင်း မြတ်စွာဘုရား၏ အဆုံးအမစကားတော်များဖြစ်ပြီးသာသနာပြုခြင်းဟူသည်မှာ ၄င်းအဆုံးအမတရားတော်များကိုကိုယ်တိုင်လည်းကျင့်သုံးလူအများကိုလည်းလိုက်နာကျင့်သုံးနိုင်အောင် ဆောင်ရွက်လုပ်ဆောင်ခြင်းဖြစ်သည်။ ယင်းအစဉ်အလာကိုဘုရားရှင်မှစ၍ ရှေးအစဉ်အဆက် ဆရာတော်ကြီးများလည်းလိုက်နာကျင့်သုံးခဲ့ကြသည်ကိုတွေ့ရှိရပေသည်။ ဤနေရာတွင် မြတ်စွာဘုရားရှင်၏ နိုင်ငံရေးကိစ္စများတွင် မည်မျှအတိုင်းအတာအထိ ပါဝင်ခဲ့သည် ဆိုသည်တို့ကိုဤဆောင်းပါးရှည်လျားမည်စိုး၍ ဖော်မပြလိုတော့ပေ။ ယင်းအစား မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားခဲ့ကြသည့် ဆရာတော်ကြီးများအနက် အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် ဘုရားကြီး အရှင်ဇနကာဘိဝံသနှင့် ဝေဘူဆရာတော်ဘုရားကြီးတို့၏ နိုင်ငံနှင့် လူမျိုးအပေါ် ထားရှိသည့် ခံယူချက်အမြင်သဘောထားများစွာထဲမှတစ်စိတ်တစ်ဒေသမျှကိုသာတင်ပြလိုသည်။

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ သဘောထားရပ်တည်ချက်ကိုဆရာတော်ကြီးကိုယ်တော်တိုင် ရေးထားခဲ့သည့် ထေရုပ္ပတ္တိတစ်နေရာတွင် အောက်ပါအတိုင်းတွေ့ရှိနိုင်သည်။ “တပည့်တော်ကသာသနာရေးစိတ်နဲ့ချည်း ကြိုးစားတာမဟုတ်ပါဘူး၊ နိုင်ငံရေးစိတ်နဲ့လည်း ကြိုးစားတာပါ။ ဗုဒ္ဓမြတ်စွာရဲ့ အမွေအနှစ်ဖြစ်တဲ့ သာသနာတော်ကြီးကိုလည်းကောင်း၊ သာသနာတော်ကို ကြည်ညိုထောက်ပံ့ကြတဲ့ ဒကာဒကာမတို့နေရာ နိုင်ငံတော်ကိုလည်းကောင်းအင်မတန်သာယာစေလိုတဲ့ ဆန္ဒ တပည့်တော်မှာ ပြင်းပြနေပါတယ်ဘုရား၊ ပြီးတော့လည်းသာသနာတော်ကိုအကြောင်းပြပြီး နိုင်ငံပါ အေးချမ်းသာယာတယ်ဆိုတဲ့ ဂုဏ်ကိုအလွန်လိုချင်ပါတယ်” ။ ယင်းစာပိုဒ်ကလေးကို ကြည့်ရုံမျှဖြင့် ဆရာတော်ဘုရားကြီး၏ နိုင်ငံနှင့် လူမျိုးချစ်စိတ် တာဝန်သိစိတ်တို့ကို သိရှိနိုင်ပေသည်။

နောက်ထပ် မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားခဲ့သည့် ကျောက်ဆည်မြို့ ဝေဘူဆရာတော်ကြီးကတော့ တစ်ခုသောညနေခင်းမှာမိမိကျောင်းသို့ ရောက်ရှိနေကြသည့် ဒကာဒကာမပရိသတ်တို့အားထုံးစံအတိုင်းတရားမဟောမှီသီလပေးအပြီးစကားအဆက်စပ်မရှိပဲ “ဒို့ကိုရှာပါ၊ ဖွေပါ၊ အကုန်ပြနိုင်တယ်၊ ဒို့များဟာဘုရားအဆုံးအမအတိုင်းနေတဲ့ တောထဲကရဟန်းတွေပါ”ဟုပထမပြောပြီးခဏအကြာတွင် “ယခုမင်းလုပ်နေတဲ့သူတွေဟာတိုင်းသူပြည်သားတွေကိုဆင်းရဲအောင်လုပ်နေတယ်၊ ဒါကြောင့် ဘုရားရှင်သာသနာတော်လဲ ညှိုးနွမ်းရတယ်၊ တိုင်းသူပြည်သားတွေ ချမ်းသာရင် သာသနာလဲထွန်းတောက်မှာအမှန်ပဲ”ဟုရဲရဲတောက်မိန့်ခဲ့သည်ဟုသိရသည်။ ယင်းကဲ့သို့ပြောလိုက်ခြင်းမှာဆရာတော်ကြီးအနေဖြင့် နာမည်ကြီးခါစဖြစ်၍ ဆရာတော်၏နောက်သို့လိုက်ပြီးစုံစမ်းထောက်လှမ်းသတင်းယူနေကြသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများ ပရိသတ်အတွင်းရှိနေသည်ကိုသိ၍ ယခုကဲ့သို့ ရဲရဲတောက် ပြောဆိုလိုက်ခြင်းဖြစ်နိုင်သည်ဟုယူဆကြသည်။ မည်သို့ပင်ဆိုစေဆရာတော်ကြီးများအစဉ်ဆက်သည် အမျိုးဘာသာသာသနာအတွက် ကြောင့်ကြမဲ့ မနေနိုင်ကြပဲ သတ္တ၀ါအများ ချမ်းသာရေးအတွက် စွမ်းအားရှိသမျှ ဆောင်ရွက်တော်မူကြရင်းမိမိတို့နှလုံးသားဝယ် ကိန်းအောင်းနေသည့် မေတ္တာကရုဏာတို့ကို ၀စီကံမြောက် ထုတ်ဖော် မြွက်ဟလိုက်ကြခြင်းဖြစ်သည်။ သတ္တ၀ါများအပေါ်ဝယ် ထားရှိသည့် ဆရာတော်ကြီးများ၏ (၀ါ) ကိုယ်တော်တို့၏ ကရုဏာကားစံပြုထိုက်လှပါပေစွ ။ ။

အရှင်ဥက္ကဋ္ဌ

0 comments:

Post a Comment