မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၁၂


၈၈ မျိုးဆက်ကျောင်းသားများ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းအတွင်း တွေ့ဆုံမည်

ယနေ့ ညနေ ၆ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းအတွင်း တွေ့ဆုံမည်ဟု သတင်းရရှိသည်။

ပြည်ခိုင်ဖြိုးပါတီ အထူးအစည်းအဝေးပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထူးစည်းအဝေးကို ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သူရဦးရွှေမန်း၊ ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေး ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ် ၈၀၉ ဦးတက်ရောက်ခဲ့ကာ ယခင်အသင်း အနေမှ ပါတီ အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းပြီးနောက် ပထမဆုံးကျင်းပသည့် အထူးအစည်းအဝေးဖြစ်ကြောင်း သိရှိရပါသည်။
 အဆိုပါ အစည်းအဝေးတွင် သူရဦးရွှေမန်းက ပါတီအနေဖြင့် ပြည်သူလူထုအတွင်းမှ အခြေအ နေမှန်များကို ရှာဖွေလေ့လာသုံးသပ်ပြီး ပြည်သူ့အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို သက်ဆိုင်ရာအဖွဲ့အ စည်းများမှ ဆောင်ရွက်ဖြည့်တင်းပေးနိုင်ရေးများကို ပါဝင်ဆောင်ရွက်ရန်နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေး များရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေပြီဖြစ်သည့်အတွက် ပြည်သူ့သဘောထား၊ ပြည် သူ့ဆန္ဒများည် ကောင်းမွန်အကျိုးရှိပါက ရဲရဲ့ဝံ့ဝံ့ သတ္တိရှိရှိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်သူများ ဒုက္ခမ ရောက်စေရန်၊ စိုးရိမ်သောကစိတ်များ မရှိစေရန်၊ စိုးရိမ်သောကစိတ်များ မရှိစေရန်တို့ကို ပါတီအနေဖြင့် တက် စွမ်းသမျှ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။
 သတင်း။ ။ Weekly Eleven News Journal

ဒီဗီဘီ သတင်းဌာန၏ ကြေငြာချက်အပေါ် ဘားမားဗီဂျေမီဒီယာ ၏ တုန့်ပြန်ချက်

နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) သတင်းဌာနသည် ၂၀၁၂ခုနှစ်၊ဇန်န၀ါရီ ၂၀ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ခုထုတ်ပြန်ခဲ့သည်။ထိုသတင်းထုတ်ပြန်ချက်ထဲတွင် ဘားမားဗီဂျေမီဒီယာ အား သိက္ခာကျစေမည့် အချက်အလက်များ ထည့်သွင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ ရှိရသည်။ ဒီဗီဘီ ၏ စွပ်စွဲချက်များသည် မှားယွင်းပြီး ၊ ကိုယ်ပိုင်မီဒီယာ အားကိုးဖြင့် မီဒီယာကျင့်ဝတ် ချိုးဖောက်ကာ  အခြား မီဒီယာတစ်ခု အား နစ်နာအောင် တမင်ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ် သည် မီဒီယာ အလွဲသုံးစားလုပ်မှုတစ်ခုဖြစ်ပြီး၊      တဖက် မီဒီယာတစ်ခုကို နစ်နာ အောင် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဘားမားဗီဂျေမီဒီယာ မှ ယုံကြည်သည်။
(၁) ၂၀၀၆နှစ်ကုန်ပိုင်းမှစကာနှစ်ဖက် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် DVB နှင့် ဘားမားဗီဂျေ အဖွဲ့ တို့ သည် ၂၀၁၁ စက်တင်ဘာလတွင် တရားဝင် လမ်းခွဲခဲ့ပြီးဖြစ်သည်။ ဘားမားဗီဂျေ ပြည်တွင်း နက်ဝက်မန်နေဂျာများနှင့် DVB ဒါရိုက်တာ ကိုအေးချမ်းနိုင်တို့ ထိုင်းနိုင်ငံမဲဆောက်မြို့ တွင်မျက်နှာချင်း ဆိုင်တွေ့ ဆုံ အကြေအလည် ဆွေးနွေးပြီးမှ ကျေနပ်ဖွယ်ရာ ကတိက၀တ်များကို ဒီဗီဘီ အနေဖြင့် မပေးနိုင်သဖြင့် ဆက်လက်ပြီး လက်တွဲလုပ်ရန် အခြေအနေမရှိတော့သဖြင့် အားလုံး သဘောတူ လမ်းခွဲ ခဲ့ကြခြင်း ဖြစ်သည်။ လမ်းခွဲပြီးပြီးချင်း လျှင်ပင် ဒီဗီဘီ ၏ တောင်းဆိုမှုအရ ပြည်တွင်းနက်ဝက်၏ စီမံနိုင်မှု နယ်ပယ် အောက်တွင် ရှိသည့် ဒီဗီဘီ နှင့် သက်ဆိုင်သည့် ရုံးများ၊ ကွန်ပြူတာပစ္စည်းများ၊ကင်မရာများ၊ဗီဒီယို တိတ်များကို ချင်းမိုင်ရုံး တာဝန်ခံ ကိုတိုးဇော်လတ် ထံသို့ လွှဲပြောင်းပေးခဲ့ပါသည်။ ပြည်တွင်းကိစ္စရပ် များကို ဒီဗီဘီ မှ ၂၀၁၁ သြဂုတ်လ မတိုင်မီကပင် တိုက်ရိုက် ကိုင်တွယ်ရန် ကြိုးပမ်းခဲ့ပြီး ဖြစ်သည့် အတွက် ထိုကိစ္စအတွက်ဖြစ်လာသည့် နောက်ဆက်တွဲကိစ္စများ(ဥပမာ-ပစ္စည်းများအား ထိန်းသိမ်း ခြင်း)တို့ အတွက် တာဝန်ရှိသူမှာ ဒီဗီဘီ သာလျှင် ဖြစ်ပါသည်။
(၂)DVB နှင့်လမ်းခွဲပြီးနောက် ဘားမားဗီဂျေအဖွဲ့ အနာဂတ်အတွက် ကိုယ်ပိုင်အွန်လိုင်း မီဒီယာတစ်ခု တည်ထောင်ရန် အဖွဲ့ ဝင် များဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။ကိုယ်ပိုင်မီဒီယာထောင်ရခြင်းရည်ရွယ်ချက် သည်မည်သူ့ ကိုမှ စင်ပြိုင်ထောင်ချင်း မဟုတ်ဘဲ ၊ပြည်တွင်းပြည်ပ သတင်းများကို ပရိသတ်များအချိန်နှင့် တစ်ပြေးညီပိုမိုသိရှိနိုင်စေရန်ဖြစ်သည်။DVB နှင့်ပြဿနာ ရှင်းရှင်းလင်းလင်းဖြစ် စေရန် ငွေကြေးကိစ္စ စွတ်စွဲခံထားရသည့် ကိုမျိုးမင်းနိုင်၊ကိုအောင်မျိုးကျော်တို့ နှစ်ဦးအား ပြဿနာ ဖြေရှင်းမပြီး မချင်း နက်ဝက်တာဝန်ခံများ အဖြစ်မှရပ်စဲထားရန်သဘောတူခဲ့သည်။ ၎င်းတို့ နှစ်ဦးနေရာတွင်နက်ဝက် စတင်တည် ထောင်ရာ မှာပါဝင်ခဲ့သည့် ကိုအောင်ကြီး(ခ)ကိုအောင်သွင်နှင့်၊ကိုအောင်ထွန်း(ခ)ကိုစံ တို့ က အစားထိုး ဆက်လက်ဦး ဆောင်ခဲ့ကြသည်။
(၃)DVB မှစွပ်စွဲနေသောငွေကြေးအရှုပ်အရှင်းကိစ္စသည် စွပ်စွဲသူDVB နှင့်စွပ်စွဲခံရသူကိုမျိုးမင်းနိုင်၊ ကိုအောင်မျိုးကျော်တို့  နှစ်ဘက်အကြားဥပဒေကြောင်းအရ ဖြေရှင်းရမည့်ကိစ္စသာဖြစ်ပြီး၊ လက်ရှိ ဘားမားဗီဂျေနက်ဝက်နှင့် လုံးဝပတ်သက်ခြင်းမရှိပါ။
(၄)DVB၏သတင်းထုတ်ပြန်ချက်ထဲတွင်Burma VJ မှတ်တမ်းရှပ်ရှင်ကားအမည်ကို အသုံးပြုပြီး Burma VJ Media Network ဟု ခေါ်သောအဖွဲ့ ကို တည်ထောင်ထားသည် ဟု ရေးသားထားသည်။ ထိုရေးသားချက်လုံးဝမမှန်ပါ။Burma VJ Network မှာလက်ရှိ ဦးဆောင်နေသူ ကိုအောင်ကြီး၊ ကိုအောင်ထွန်း အပါအ၀င် အခြားအဖွဲ့ သားများသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အတွင်း ထောင်ကျခံ သက်စွန့် ဆံဖျား ဗီဒီယို ရိုက်ကူးခဲ့ကြသူများဖြစ်သည်။ထို ဗီဒီယိုအရုပ်များဖြင့်လည်း အော်စကာဆု ဆန်ကာတင် စာရင်းဝင် ဘားမားဗီဂျေ မှတ်တမ်း ရုပ်ရှင်ကားကို ဖန်တီး နိုင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာ့အရေးကို ကမ္ဘာက ပိုမိုသိရှိစေရန် ကူညီလုပ်ဆောင် ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဗီဒီယို ဂျာနယ်လစ် အဖြစ် ထဲထဲဝင်ဝင် ပါဝင်ပက်သက် သတင်းယူခဲ့သူ များ မှ ဘားမားဗီဂျေ အမည်အား အများအကျိုးအတွက် အသုံးပြုခြင်းကို ဒီဗီဘီ အနေ ဖြင့် ဝေဖန်ကန့် ကွက်ပိုင်ခွင့် မရှိပါ။

(၅) DVB နှင့်သက်ဆိုင်သည့် အသုံးပြုနိုင်သည့် မှတ်တမ်း ဗီဒီယို၊ဓါတ်ပုံနှင့် အခြားအရေးကြီး သတင်းအချက် အလက် များအား ပြန်လည် အပ်နှံထားပြီး ဖြစ်သဖြင့် ဘာမားဗီဂျေမီဒီယာ ၏ လက်ရှိ မှတ်တမ်းရုပ်ပုံများ၊သတင်းအချက်အလက်များမှာ နက်ဝက်ကိုယုံကြည်သဖြင့် ပေးပို့ လာသော သတင်းထောက် များနှင့် ပြည်သူ့ သတင်းထောက်များ၏ ထည့်ဝင်ကူညီမှုသာ ဖြစ်ပြီး ဒီဗီဘီ အနေဖြင့် သက်ဆိုင်နေသေးကြောင်း တစုံတရာ ပြောဆိုခွင့်မရှိပါ။ ဘားမားဗီဂျေ ၏ အင်တာနက် စာမျက်နှာ များတွင်လည်း ထို အရုပ်များကိုအကျိုးအမြတ် အတွက် မဟုတ်ဘဲ လွတ်လွတ်လပ်လပ် သုံးနိုင်ကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။
DVB ၏စွပ်စွဲထုတ်ပြန်ချက်များသည် စွပ်စွဲခံရသူများနှင့်သာ ပြစ်မှုကျုးလွန်ခြင်းရှိ/မရှိ ဥပဒေ အ ကြောင်းအရဆောင်ရွက်ရန်သာဖြစ်သည်။ပြစ်မှုကြောင်းအရဆိုပြီး သတင်းထုတ်ပြန်ချက်ထဲတွင် ဘားမား ဗီဂျေ မီဒီယာနာမည် ကို ထည့်သွင်းပုတ်ခတ် ပြောဆိုဖို့ မသင့်ပါ။ ထိုသို့ ပြောဆိုခြင်းသည် မီဒီယာအားကိုးဖြင့် အခြား မီဒီယာတစ်ခုက အသရေဖျက်ခြင်းသာဖြစ်သည်။ပြည်သူ့ ဝန်ထမ်း တီဗီ(PBS-Public Broadcast Service)အဖြစ် ရပ်တည်ရန် ကြိုးပမ်းနေသည့် ဆိုသည့် မီဒီယာကြီး တခုကို လိုသလို အသုံးချပြီး မိမိတို့ဝန်ထမ်းအချင်းချင်းပြန်လှန် မေးမြန်းကာ မီဒီယာ ငယ် တခုကို ရပ်တည်ခွင့် မရရန် ကြိုးပမ်းနေခြင်းသည် လွတ်လပ်ပွင့်လင်းလာမည့် မြန်မာ့ မီဒီယာ လောက အတွက်လည်း ရှေ့ နမိတ်မကောင်းနိုင်သလို မြန်မာစာနယ်ဇင်းလောက တွင်လည်း သမိုင်း အမည်းစက်ဖြစ်မည် ဖြစ်ပါသည်။
ထို့ ကြောင့် ဘားမားဗီဂျေမီဒီယာ နက်ဝက် ကို လည်းကောင်း၊ လက်ရှိ ဘားမားဗီဂျေ အဖွဲ့ ဝင် များကို လည်းကောင်း ထိခိုက်နစ်နာစေရန်၊ ဂုဏ်သတင်း ကျဆင်းစေရန် ရည်ရွယ် လုပ်ဆောင်နေသည့် လုပ်ရပ် အားလုံးကို ချက်ချင်းရပ်တန့် ရန် ဘားမားဗီဂျေ မီဒီယာ မှအပြင်းအထန် သတိ ပေးလိုက် သည်။ ဘားမားဗီဂျေမီဒီယာ အနေဖြင့် ဒီဗီဘီ ၏ အသရေ ဖျက်မှု နှင့် မီဒီယာကျင့်ဝတ် ချိုးဖောက်မှု များအပေါ် ဥပဒေကြောင်းအရ တရားစွဲဆိုခြင်း နှင့် နိုင်ငံတကာ မီဒီယာများ မှ တဆင့် ထုတ်ဖော် ပြောဆိုခြင်း အပါအ၀င် သင့်တော်သောနည်းလမ်းများဖြင့် လိုအပ်သလို အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

ဘားမားဗီဂျေမီဒီယာနက်ဝက်(BurmaVJ Media Network)
အသေးစိတ်သိရှိလိုပါကအောက်ပါဖုန်းနံပတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ကိုအောင်ကြီး(အင်္ဂလန်) +447760411510
ကိုအောင်ထွန်း (ထိုင်း)  +66880113187


မြန်မာ့အကောက်ခွန်နှုန်းစာရင်း သတ်မှတ်ပြဋ္ဌာန်းချက် ဝက်ဘ်ဆိုက်ပေါ်တွင် ကြည့်ရှုနိုင်

မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၂ အား သတ်မှတ်ပြဋ္ဌာန်းလိုက်ရာ ၎င်းကို အကောက်ခွန်ဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင်ကြည့်ရူနိုင်ကြောင်း သိရှိရသည်။ www.myanmarcustoms.gov.mm ဝက်ဘ်ဆိုက်လိပ်စာတွင် စတင်ဖော်ပြထားခြင်းဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရှိရသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရသည် အကောက်ခွန်နှုန်းဥပဒေ ၁၉၉၂ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ပြဋ္ဌာန်းပေးခဲ့ပြီး ယင်းဥပဒေပါ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးခဲ့ကြောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့အကောက်ခွန်အဖွဲ့၏ စည်းဝါးညီပြင်ဆင်ချက် ၂၀၁၂ (ASEAN HS 2012 Amendment) များကို အခြေခံရေးဆွဲထားသော မြန်မာ့ အကောက်ခွန်နှုန်းစာရင်း ၂၀၁၂ (Customs Tariff oF Myanmar 2012)အား မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလုပ်ငန်းများနှင့် လွတ်လပ်သော ကုန်သွယ်မှုဒေသများတွင် ကျင့်သုံးဆောင်ရွက်ရန်အတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန န်ကြီးရုံး၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇၈/၂၀၁၁) ဖြင့် သတ်မှတ်ပြဋ္ဌာန်းလိုက်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
The Voice Weekly
ဘတ်ဂျတ် ခွဲဝေမှုကို လူအများ သိရှိစေရန် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်ကြောင်း၊ လူငယ်များ သိရှိစေရန် ဆွေနွေးပွဲများ ပြုလုပ်သင့်ကြောင်း၊ သမ္မတကြီး အနေဖြင့် အပြောင်းအလဲများ ပြုလုပ်နေချိန်၌ အလယ်အလတ်နှင့် အောက်ခြေ ဝန်ထမ်းများလည်း ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း သမ္မတ အကြံပေး စီးပွားရေးပညာရှင် ဦးမြင့်က ယနေ့ ပြောကြားသည်။
 

မြန်မာနိုင်ငံ၏ ဘက်ဂျက်ရေးဆွဲရန်အတွက် သြစတြေးလျပညာရှင်များက အကူအညီပေးမည်

မြန်မာနိုင်ငံ၏ ဘက်ဂျက် ရေးဆွဲရာတွင် သြစတြေးလျနိုင်ငံမှ ပညာရှင်များက အကူအညီပေးမည်ဟု နိုင်ငံတော်သမ္မတ၏ အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါသည်။
 "ဂက်စ်ကဘယ်လောက်ရတယ်၊ ဘာတွေသုံးနေပါတယ်၊ ဘက်ဂျက်က ဘယ်လောက်ရတယ်၊ ဘာတွေသုံးနေပါသလဲ ဆိုတာ ရှိရမယ်။ မြန်မာနိုင်ငံမှာ အရင်ကလည်း ဘက်ဂျက်ရေးဆွဲဖို့အတွက် ဟားဗက်တက္ကသိုလ်က လာလုပ်ပေးဖူးတယ်။ အခုလည်း ဒါမျိုးတွေ လုပ်သင့်တယ်။ ဘက်ဂျက်ကိစ္စ သြစတြေးလျကို အကူအညီ တောင်းထားတယ်။ သြစတြေးလျက အကူအညီပေးမယ်" ဟု နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က ပြောကြားခဲ့ပါသည်။


ဒီမိုကရေစီ နိုင်ငံရေး ဆိုတာ

အမေရိကားမှာ ဒီမိုကရေစီ ဆိုပေမယ့် သူတို့ရဲ့ ၂ပါတီစနစ်က စိတ်ပျက်စရာ ယိုပေါက်၊ ဟာပေါက်တွေနဲ့ နိုင်ငံရေးသေနေတာ ကြာလှပေါ့။ ပြည်သူလူထုအများစုဟာ မဲပေးတာ
ကို အင်မတန်နည်းပါတယ်။ အဲဒီပါတီတွေနဲ့ မကင်းရာမကင်းကြောင်း အမာခံအင်အား
အနည်းစုသာလျှင် မဲပေးကြ၊ ရွေးကောက်ပွဲကို စိတ်ဝင်စားကြတယ်။ အိုဘားမား လက်ထက်မှာ မဲပေးတဲ့အရေအတွက်တက်လာတဲ့အတွက် ပြည်သူတွေ ရွေးကောက်ပွဲကို
နိုင်ငံရေးကို ပူးပေါင်းပါဝင်လာမှု တက်လာတယ်ဆိုပြီး ၀မ်းသာကြပါသတဲ့။
တကယ်တော့ ဒီမိုကရေစီ စနစ်ဆိုတာ ပြည်သူလူထုတွေ များများ ပါဝင်လေ၊ အောင်မြင် လေပါ။ ကွယ်လွန်သူ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဦးသန့်ကတော့ ဒီမိုကရေစီစနစ်ဟာ အုပ်ချုပ်ရေးနည်းစနစ်တွေထဲမှာအခက်အခဲဆုံးပါ။ ပြည်သူလူထုအားလုံး ပါဝင်ဖို့လိုသလို၊ ပြည်သူလူထုရဲ့ အသိဥာဏ်ပညာအဆင့်အတန်းမြင့်မားမှသာ အောင်မြင်တဲ့ အုပ်ချုပ်ရေးစနစ်ကိုရမယ်၊ပြည်သူလူထုကအသိဥာဏ်ပညာနိမ့်ပါးရင်ဗရမ်းဗတာသူတလူငါတမင်းစနစ်ကိုသာလျှင်ရမယ် လို့ပြောခဲ့ဖူးပါတယ်။
တချိန်ကတော့ ကျနော်တို့တိုင်းပြည်မှာ “နိုင်ငံရေး” ဆိုတာ ကြောက်စရာ၊ ရွံစရာ စကား
လုံးတလုံးဖြစ်ခဲ့လေရဲ့။
ခုတော့ ဒီမိုကရေစီစနစ်ကိုအောင်မြင်အောင် ဖေါ်ဆောင်မယ်ဆိုရင် နိုင်ငံသားတိုင်း၊ နိုင်ငံ
ရေးကို စိတ်ဝင်စားဖို့ ပါဝင်ခွင့်ရဖို့ လုပ်ရပါတော့မယ်။
ချိုတူးဇော်



နေပြည်တော်မှာရှိတဲ့ ၀န်ထမ်းတွေအကုန် မိမိတို့ရဲ့ သန်းခေါင်စာရင်းထဲကနေထုတ်ပြီး နေပြည်တော်မှာပဲ အိမ်ထောင်စုစာရင်းအသစ်လုပ်ဖို့ အမိန့်ထုတ်ပြန်လိုက်ပါပြီ။

နေပြည်တော်မှာရှိတဲ့ ၀န်ထမ်းတွေအကုန် မိမိတို့ရဲ့ သန်းခေါင်စာရင်းထဲကနေထုတ်ပြီး နေပြည်တော်မှာပဲ အိမ်ထောင်စုစာရင်းအသစ်လုပ်ဖို့ အမိန့်ထုတ်ပြန်လိုက်ပါပြီ။ ဒါဟာ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ဖွံ့အနေနဲ့ အနိုင်မရနိုင်တဲ့အတွက် မဲခိုးဖို့ ကြိုတင်ဆောင်ရွက်လိုက်တာ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းတဲ့သူတွေက ခန့်မှန်းပြောဆိုနေကြပါပြီ။ ၀န်ထမ်းတိုင်း နေပြည်တော်မှာပဲ မဲပေးရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ တကယ်ရော ဖြစ်လာမှာလား ။ ကြိုတင်မဲဆိုတာတွေကရော အမှန်အကန်ဖြစ်နိုင်ပါ့မလား။ လက်ရှိအစိုးရအနေနဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးအောင် ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်က ဒီလိုလုပ်ရပ်တွေကို ပြည်သူတွေသိအောင် လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဒီကိစ္စနဲ့ ပါတ်သက်ပြီး နေပြည်တော်က ရုံးတွေအကုန်လုံးကို စာပို့ထားတယ်လို့ သိရပါတယ်။ လ၀ကမှာလည်း ရုံးကတာဝန်ရှိသူတွေကိုခေါ်ပြီးအစည်းအဝေးလုပ်တယ်လို့လည်း ပြည်တွင်းက သတင်းပေးပို့လာပါတယ်။

ခင်ညွန့် ဘာကြောင့် လစာ ဒေါ်လာ ၅ထောင်ရသလဲ

ခင်ညွန့်ကို ဇေကမ္ဘာခင်ရွှေက ဘာကြောင့် လစာ ဒေါ်လာ ၅ထောင်ပေးသလဲ
 ဇေကမ္ဘာခင်ရွှေက ခင်ညွန့်ကို တလ အမေရိကန်ဒေါ်လာ ငါးထောင် (ကျပ်ငွေ သိန်း ၄၀ကျော်) လစာပေးမယ်လို့ ဆိုတယ်။ ခင်ညွန့်ရမဲ့လစာ တလ ဒေါ်လာ ငါးထောင်ဆိုတာ ဖိလစ်ပိုင်သမ္မတလစာထက် ၄ ဆများပါတယ်။ ဗီယက်နမ်သမ္မတလစာထက် အဆ၂၀ များတယ်။ ထိုင်းဝန်ကြီးချုပ်လစာထက် ၂ ဆနီးပါးများတယ်။ သဘောကတော့ ခင်ညွန့်ကို သိက္ခာမကျအောင် အာဆီယံခေါင်းဆောင်တွေနဲ့ ခင်ရွှေက ကြေးတန်းညှိပေးလိုက်တာ ဖြစ်ပါတယ်။
 ခင်ညွန့်ကို ခင်ရွှေပေးမဲ့လစာက သမ္မတသိန်းစိန်ရမဲ့လစာထက် ဒေါ်လာ တထောင်ဘဲနည်းပီး ဒုသမ္မတ တင်အောင်မြင်ဦးလစာထက်လဲ များနေပါတယ်။ တနည်းပြောရရင် ဇေကမ္ဘာခင်ရွှေဟာ ခင်ညွန့်ကို လစာ ဒေါ်လာ ငါးထောင်ပေးလိုက်တဲ့အတွက် ခင်ညွန့်ဟာ နေ့ချင်းညချင်း ဒုသမ္မတ တင်အောင်မြင်ဦးထက်သာတဲ့ လစာပေးလိုက်တာမို့ နိုင်ငံရေးအရပြောရင် တင်အောင်မြင်ဦးကိုပါ ခင်ရွှေက နားရွက်တံတွေးဆွတ်လိုက်တာ ဖြစ်ပါတယ်။
 ဒါဆို ခင်ရွှေအနေနဲ့ ခင်ညွန့်ကို နှစ်ပေါင်းဘယ်လောက်ကြာကြာ ဒေါ်လာတွေပေးမလဲ တွက်ကြည့်ရအောင်ပါ။ ခင်ညွန့်က ခု 70 ကျော်နေပြီဆိုတော့ နောက်ထပ်အများဆုံး အနှစ် ၂၀ အသက်ရှည်မယ်လို့ မှန်းထားရင် ဇေကမ္ဘာက ခင်ညွန့်ကိုပေးရမဲ့ နှစ် ၂၀အတွက် လစာငွေစုစုပေါင်းက ဒေါ်လာ ၁၂ သိန်းရှိပါတယ်။ တကယ်တော့ ခင်ညွန့်ဟာ နှစ် ၂၀ မတိုင်ခင်လဲ သေနိုင်ပါတယ်။
 ဇေကမ္ဘာခင်ရွှေက ခင်ညွန့်ကို မြရိပ်ညိုဖောင်ဒေးရှင်းနာယကအဖြစ် ခန့်လိုက်တယ်ဆိုရင် ပြီးရက်သားနဲ့ ဘာလို့ လစာကို တမင်ဖော်ပြရသလဲဆိုတာ မေးစရာဖြစ်ပါတယ်။ တကယ်တော့ ခင်ညွန့်ကို မြရိပ်ညိုဖောင်ဒေးရှင်း နာယက ခန့်တဲ့နောက်မှာ ခင်ရွှေရဲ့ နိုင်ငံရေးကစားကွက်တွေ အများကြီးပါနေတာ တွေ့ရမှာဖြစ်ပါတယ်။ ခင်ညွှန့်ကို ဇေကမ္ဘာခင်ရွှေက လစာ တလ ဒေါ်လာ ၅ ထောင်ပေးတယ်လို့ လူသိရှင်ကြားပြောလိုက်တဲ့အတွက်-
 -ခင်ရွှေ စီးပွားရေးလုပ်ပိုင်ခွင့်တွေ အမျိုးမျိုးရအောင် ခင်ညွှန့်က အခွင့်အာဏာ အလွဲသုံးစားလုပ်ပြီး ဘယ်လောက် ကူညီမစခဲ့သလဲဆိုတာ ပေါ်လွင်တယ်။
 -ခင်ညွန့်အတွက် အနှစ် ၂၀စာ ဒေါ်လာ ၁၂ သိန်းဆိုတဲ့ များပြားတဲ့ငွေပမာဏကို မုန့်ဘိုးပေးသလို ရော့အင့် ပေးနိုင်တာကြည့်ရင် ခင်ရွှေက သူဘယ်လောက်ချမ်းသာနေလဲဆိုတာကို ပြည်သူတွေ လန့်သွားအောင် ခြိမ်းခြောက်ပြလိုက်တာလဲပါ ပါတယ်။
 -ခင်ညွှန့်လစာကို ဒုသမ္မတ တင်အောင်မြင်ဦးထက် ပိုပေးလိုက်တဲ့အတွက် တင်အောင်မြင်ဦးအပေါ် ခင်ရွှေက ထိပ်ကွက်လိုတာ ထင်ရှားနေပါတယ်-ဒါကြောင့် တင်အောင်မြင်ဦးဘက်က ဘယ်လိုတုံ့ပြန်မလဲ ကြည့်ရမှာဖြစ်တယ်။
 -ခင်ညွှန့်ကို တလ ဒေါ်လာ ၆ထောင်ပေးရင် သမ္မတ ဦးသိန်းစိန်နဲ့ တန်းတူဖြစ်သွားမှာ စိုးတဲ့အတွက် သိန်းစိန် မငြိုငြင်အောင် ဒေါ်လာတထောင်လျှော့ပီးခင်ညွန့်ကိုပေးတာ ဖြစ်နိုင်ပါတယ်-
 -တချိန်က ထောက်လှမ်းရေးအကြိးအကဲ ခင်ညွန့်ကို တလဒေါ်လာ ၅ထောင်ပေးတဲ့အတွက် လက်ရှိ ဗိုလ်ချုပ်တွေ ခင်ညွန့်ကို မနာလိုဖြစ်အောင် ဇေကမ္ဘာခင်ရွှေက ဖန်တီးသလိုဖြစ်သွားတဲ့အတွက် ဂိုဏ်းဂဏတွေ ပိုများလာနိုင်တယ်။ အာဃာတတွေ ပိုများလာမယ်။


မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းသင့်ပြီလား

မြန်မာ့စီးပွာရေးကဏ္ဍ ၂၀၁၂ မှာ အလျင်အမြန် ပြောင်းလဲရတော့မည် ဥရောသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ထားသည့် စီးပွားရေး ပိတ်ဆို့မှု (Sanctions) အား ယခုအခါ ပြန်လည် ရုပ်သိမ်းသင့် မသင့်ဆိုသည့်အပေါ် မြန်မာနိုင်ငံ၏ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေး၊ လှုမှုရေးနယ်ပယ်စုံမှ ပညာရှင်များ၊ ပါဝင် လုပ်ဆောင်နေသူများမှ သုံးသပ်ချက်များစွာဖြင့် ပြောကြားခဲ့ကြပါသည်။

ဥရောပသမဂ္ဂအနေဖြင့် ၁၉၉၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံနှင့် စီးပွားရေး ဆက်ဆံမှုများကို ပိတ်ဆို့မှုပြုခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အမေရိကန်မှ လူ ပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်း တစ်ခုခြင်း၏ ရင်းနှီးမြှုပ်နှံမှု အသစ်များကို ပိတ်ပင်ခဲ့သည်။ ၂၀၀၄ ခု နှစ်တွင် မြန်မာနိုင်ငံနှင့်စီးပွားရေးအ ရဆက်ဆံမှုအားလုံးကို ရပ်ဆိုင်းပစ်ခဲ့သည်။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ၂၀၁၀ ပြည့်နှစ် မေလ တွင် အရေးယူပိတ်ဆို့မှုများ သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။

“Sanctions တွေကို နိုင်ငံတွင်း တိုးတက်မှုတွေနဲ့အညီ တစ်ဆင့်ပြီး တစ်ဆင့် လျော့ပေါ့ စေသင့်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါ ရီလ ၁၅ရက်နေ့တွင် သူမ၏ နေအိမ်၌ ပြင်သစ်မီဒီယာများနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့ သည်။
“ပိတ်ဆို့အရေးယူမှုဆိုတာ သူ့ အလိုလို မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး။ အကြောင်းကြောင့် အကျိုး ဖြစ်လာတာပါ။ တရားတော် မြတ်အတိုင်း။ ဒါကြောင့် ပိတ်ဆို့ အရေးယူမှုဆိုတဲ့ အကျိုးတရားကို ဖယ်ရှားချင်ရင် အကြောင်းတရားကို မသိချင်အောင် မဆောင်ပါနဲ့လို့ ပြောချင်ပါတယ်။ အကြောင်းတရားကို ဖယ်ရှားဖို့အတွက် ဆိုရင်တော့ ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းကူညီဆောင်ရွက် ပေးနိုင်ပါတယ်”ဟု ၈၈မျိုးဆက် ကျောင်းသားများ၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် ကိုမင်းကိုနိုင်က ပြောကြားခဲ့ပါသည်။

ခေါင်းဆောင်ပိုင်းက ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေးလို့ ဘယ်လိုပဲ ပြောပြော၊ ဆင်းရဲတဲ့ ပြည်သူတွေ ပညာမတတ်တဲ့ ပြည်သူတွေက အများစု ဖြစ်နေရင် ဒီမိုကရေစီ နိုင်ငံ ဖြစ်မလာနိုင်ပါဘူး…
နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့်က “Sanctions ရုပ်သိမ်းဖို့ လုပ်လာတာ ကောင်းတဲ့လက္ခဏာပါ။ ပိတ်ထားတာထက် ဖွင့်ထားတာပို ကောင်းတာပေါ့။ ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ စီးပွားရေး တိုးတက်လာနိုင်တယ်။ နိုင်ငံရဲ့ စီးပွားရေးပြောင်းလဲ ရေးမှာ အထောက်အကူဖြစ်စေမှာပါ။ တကယ်တမ်းပြောရရင်Sanctions ရုပ်တာပဲဖြစ်ဖြစ်၊ မရုပ်သေးတာပဲဖြစ် ဖြစ် နိုင်ငံရဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုကတော့ အများကြီးဆက်လုပ်ဖို့ လိုသေးတယ်။ ဆက်လုပ်သွားဖို့ လည်းရှိတယ်။ စနစ်တွေ၊ဥပဒေတွေ၊ မူဝါဒတွေ ပြောင်းလဲဖို့ လုပ်ရမှာတွေ တော်တော်များများ ရှိနေတယ်။ အရင် ကမှားခဲ့တဲ့ ဆိုးကျိုးတွေကို အကောင်းဘက်ကို ရောက်အောင် ဦးတည်ပြင်ဆင်သွားနိုင်ဖို့ လုပ်ရမှာပါ။ အခုချိန်ထိ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုအကဲ ဖြတ်ချက်တွေမှာ မြန်မာက အောက်နားမှာပဲ ရှိနေတာဆိုတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန် မြှင့်ပြီးဆက်လက် ဆောင်ရွက်ဖို့ရှိပါတယ်”ဟု သုံးသပ်ခဲ့ပါသည်။

ပါမောက္ခဒေါ်လှမြင့်က “Sanctions ကြောင့် လူတိုင်းထိခိုက် ခံစားရပါတယ်။ ဒါကြောင့် အမြန်ဆုံး ဖြေလျှော့စေချင်တယ်။ စီးပွားရေးလုပ်ငန်းတွေ လှုပ်သာလာမယ်၊ အခွင့်အလမ်းတွေ ပေါ်လာနိုင်တယ်။ နိုင်ငံရဲ့စီးပွားရေး ၀န်ထုပ်ဝန်ပိုး လျော့လာနိုင်တယ်။ နိုင်ငံခြားလုပ်ငန်းတွေ အများကြီးဝင်လာမယ်။ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေအနေနဲ့ အခွင့်အလမ်းကိုယူနိုင်ဖို့ အဆင်သင့်ဖြစ်အောင် လုပ်ဖို့ အရေးကြီးလာပါပြီ။ အရင်က Sanctions ကြောင့် စီးပွားရေးလုပ်ရတာ ခက်ခဲတယ်လို့ လုပ်ငန်းရှင်တွေ ပြောခဲ့တယ်။ အခု Sanctions ရုပ်ပြီဆိုရင် စီးပွားရေးက မြန်နှုန်းမြင့် အနေအထား ဖြစ်လာနိုင်တော့ ပြည်တွင်းလုပ်ငန်းရှင်တွေ အမီလိုက်နိုင်ဖို့လိုပါတယ်။ နိုင်ငံတော်ပိုင်းကလည်း ဥပဒေပိုင်း၊ မူဝါဒပိုင်း၊ လုပ်ထုံးလုပ်နည်းပိုင်းတွေကို အချိန်ကိုက် ပြင်ဆင်ပြောင်းလဲပေးဖို့ လိုတယ်။ Sanctions ရုပ်ပေမယ့် နိုင်ငံရဲ့စီးပွားရေး အခင်းအကျင်းက မကောင်းရင် ပြည်ပရင်းနှီးမြှုပ်နှံမှုဝင်မှာ မဟုတ်သလို နိုင်ငံ့စီးပွားရေးလည်း တိုးတက် မှာ မဟုတ်ဘူး။ သူတို့အဓိကကြည့်တဲ့ အချက်တစ်ချက် ဖြစ်တဲ့ နိုင်ငံရေး တည်ငြိမ်မှုကတော့ အခုအလားအလာ ကောင်းနေပြီ။ တခြားအခွန်တို့ စွမ်းအင်ရရှိမှုတို့က ရင်းနှီးမြှုပ်နှံသူ တွေကို မဆွဲဆောင်နိုင်သေးဘူး။ တစ်နိုင်ငံလုံးလျှပ်စစ်သုံးစွဲမှုရာခိုင်နှုန်း က ၂၂ရာခိုင်နှုန်းပဲ ရှိသေးတဲ့ နိုင်ငံမှာ လုပ်ငန်းလုပ်ရင် လျှပ်စစ်ဘယ်လိုပေးမှာလဲလို့ နိုင်ငံခြားလုပ်ငန်းတွေက စဉ်းစားမှာပဲ။ ဒါကြောင့် အစိုးရပိုင်းအနေနဲ့ အခြေခံအဆောက်အဦကို နိုင်ငံတကာ တန်းမီအောင်အရှိန်အဟုန်မြှင့် လုပ်ဆောင်သင့်တယ်။ နောက်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ငွေလဲနှုန်း၊ အခွန်နှုန်းနဲ့ စီးပွားရေးမူဝါဒပိုင်း ပြောင်းလဲမှုတွေ ကို နိုင်ငံခြားလုပ်ငန်းရှင် စောင့်ကြည့်နေတယ်လို့ သိရတယ်”ဟုဆိုပါသည်။

“နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုတာ အပြိုင်သွားရပါတယ်။ တစ်ခုခုက ကျန်ခဲ့ရင် မှောက်ရက်လဲတတ်တယ်။ တစ်ဖက်ကလည်း အတိုက်အခံတွေဘက်က စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး ကူညီဆောင် ရွက်နေသလို တစ်ဖက်ကလည်း စီးပွားရေး အခြေခံကောင်းတွေ၊ ပြုပြင်မှုတွေကို အစိုးရက ဆောင်ရွက်သင့်ပါတယ်။ စီးပွားရေးဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒအချို့နဲ့ လုပ်ဆောင်ချက်အချို့က အားရစရာ မကောင်းသေးဘူး။ တချို့ဌာနဆိုင်ရာနဲ့စီးပွားဆိုင်ရာ အဖွဲ့အစည်းတွေမှာ ယုန်ကို မုန်လာဥ ဂိုဒေါင်စောင့်ခိုင်းသလိုမျိုး ဖြစ်နေသေးတယ်။ ကျွန်တော်တို့ အနေနဲ့အစိုးရကို အစိုးရကောင်း တစ်ရပ်ဖြစ်အောင် ဝေဖန်မှာ ဖြစ်သလို အတိုက်အခံတွေကိုလည်း အတိုက်အခံကောင်းဖြစ်အောင် ဝေဖန်သွားရမှာပါ။ အတိုက်အခံကောင်းဆိုတာ မှားရင်မှားတာကို ရဲရဲရင့်ရင့် ထောက်ပြပြောဆိုရသလို မှန်ရင်လည်း မှန်တာကို ထောက်ခံဖို့လိုတယ်။ အစိုးရလုပ် နေသမျှအားလုံးကို အစိုးရနဲ့တန်းတူ သိရှိနေရမယ်။ Shadow Government ဖွဲ့နိုင်တဲ့ အနေထားမျိုးရှိသင့်တယ်။ အစိုးရဘာလုပ်နေတယ် ဆိုတာတောင် နားမလည်ဘဲနဲ့ ဝေဖန်နေတယ်ဆိုရင် ဒါအတိုက်အခံကောင်း ဘယ်ဟုတ်မလဲ။ မှန်မှန်ကန်ကန် ဝေဖန်နိုင်ပြီး မှန်မှန်ကန်ကန်လမ်းပြ ဆောင်ရွက်ပေးနိုင်ရမယ်။ ဒါအတိုက်အခံကောင်းပဲ။ အစိုးရကောင်းတွေ လိုအပ်သလို အတိုက်အခံကောင်းတွေ လိုအပ်ပါတယ်။ အတိုက်အခံကောင်း ဖြစ်မှ တစ်ချိန်မှာ အစိုးရကောင်း ဖြစ်မှာပါ” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် က ပြောကြားခဲ့ပါသည်။

“Sanctions ကတော့ အကြောင်း ရှိပြီး ဖြစ်လာတာပေါ့။ ဒါပေမယ့် အခုလို နိုင်ငံရေး အပြောင်းအလဲကြောင့် ပြန်ဖွင့်သင့်ပြီ။ ပြန်ဖွင့်တာကို ကြိုဆိုတယ်။ တိုင်းပြည်အတွက် နစ်နာလို့ပါ။ တကယ်တော့ Sanctions ကြောင့် Open စီးပွားရေးမဖြစ်ဘဲ Permit စီးပွားရေး ဖြစ်သွားတဲ့အတွက် နိုင်ငံမှာ Semi Government တွေပေါ်လာပြီး အဲဒီအဖွဲ့တွေကို မှီခိုလုပ်ကိုင်တဲ့ အခွင့်ထူးခံ အလွှာပေါ်လာခဲ့ တယ်။ အရည်အချင်းအမှန်နဲ့ တက်လာတဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးကျပ်တည်းသွားတယ်။ ဒီလိုလုပ်ငန်းရှင်တွေ ကျပ်တည်းတော့ လုပ်ငန်းရှင်တွေအပေါ် မှီခိုနေရတဲ့ အခြေခံ လုပ်သားတွေအတွက် အလုပ်သစ်မဖန်တီး ပေးနိုင်သလို အလုပ်အကိုင် အခွင့်လမ်းနည်းပြီး တိုင်းပြည်ဆင်းရဲသွားတယ်။ ဒီထက်ဆိုးတာက သဘာဝသယံဇာတ သစ်၊ ကျောက်မျက် တွေဆိုရင် ပြည်ပနိုင်ငံတွေက တစ်ဆင့်ရောင်းနေရလို့ အဲဒီနိုင်ငံက လုပ်ငန်းရှင်တွေက မြန်မာ့သယံဇာတနဲ့ ချမ်းသာနေကြတယ်။ ဥပမာ-တရုတ်၊ ဗီယက်နမ်၊ မလေးရှားနိုင်ငံတွေမှာ မြန်မာသစ်ကုန်ကြမ်းကို အနိမ့်ဆုံး ဈေးနဲ့ဝယ်ပြီး ကုန်ချောထုတ်ရောင်းတဲ့အတွက် စီးပွားဖြစ်တယ်။ မြန်မာနိုင်ငံတွင်းမှာ ကျတော့ သစ်အခြေခံ နဲ့ ပတ်သက်တဲ့ လုပ်ငန်းဖွံ့ဖြိုးတာမျိုး လောက်လောက်လားလား ပြစရာမရှိသေးဘူး။ Sanctions ရုပ်တာတစ်ခုတည်းနဲ့တော့ မြန်မာ့စီးပွားရေး ပြောင်းသွားမှာမဟုတ်ဘူး။ Political Changes နဲ့ Economy Changes ချိန်ခွင်လျှာညီမှရမယ်။ နိုင်ငံရေး အပြောင်းအလဲ တစ်ခုတည်း ရှေ့ရောက်နေလို့ မဖြစ်ဘူး။ Economy Changes အတွက်ဆိုရင် နှစ်မျိုးထပ်ရှိတယ်။ External Economy Changes နဲ့ Internal Economy Changes ဆိုပြီးရှိ တယ်။ အခု Sanctions ရုပ်တယ်ဆိုတာ ပြင်ပကစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုတစ်ခုဖြစ်တယ်။ Top Down ပြောင်းလဲမှုတစ်ခုတည်းနဲ့ မရဘူး Bottom Up ပြောင်းလဲမှုလည်းပြု မှ Sanctions ရုပ်ခြင်းနဲ့အတူ မြန်မာ့ စီးပွားရေး ပြောင်းလဲမှာပါ” ဟု UMFCCI ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအေးလွင်က ပြောကြားခဲ့ပါသည်။

နိုင်ငံတော် သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်က “အကျဉ်းကျခံနေရသူတွေ လွှတ်ပေးတာတို့၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာတို့ကို ပြု လုပ်နေတာကြောင့် အမေရိကန်နဲ့ ဥရောပအပါအ၀င် နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းလာမှာပါ။ တစ်ဦးတည်း အမြင်အရ ပြောရရင် ဧပြီလမတိုင်ခင် ပိတ်ဆို့မှု တော်တော်များများ ဖြေလျှော့ပြီးဖြစ်မယ်လို့ ယူဆပါတယ်။ တစ်ဆင့်ချင်း ပဲ ဖြေလျှော့တာပဲဖြစ်ဖြစ် ချက်ချင်းဖြုတ်ပေးတာဖြစ်ဖြစ် ဘယ်နည်းမဆို ကောင်းပါတယ်။ မြန်မြန်ဆန်ဆန် ဖြစ်ရင်တော့ ပိုကောင်းပါတယ်။ ဒါကြောင့်ဖြစ်နေတဲ့ နစ်နာမှုက ပမာဏ ကြီးပါတယ်။ ၀န်ထုပ်ဝန်ပိုးဖြစ်စေ ပါတယ်။ Sanctions တွေ ရုပ်သိမ်းသွားမယ်ဆိုရင် တိုးတက်မှုအတွက် အဟန့်အတားဖြစ်စေတဲ့ ၀န်ထုပ်ဝန်ပိုး တစ်ခုလျော့သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့လျှောက်စီးပွားရေး အလားအလာတွေ ကောင်းလာနိုင်တယ်။ နိုင်ငံတွင်းကို ပြည်ပအရင်း အနှီး၊ ပြင်ပအရင်းအနှီးတွေ ပိုပြီး စီးဝင်လာမယ်။ သူတို့လာချင်အောင်၊ ရင်းနှီးမြှုပ်နှံချင်အောင် မက်လုံးပေးရမယ်။ ဘဏ်စနစ်တွေကောင်းအောင် လုပ်ပေးရမယ်။ ကုန်ထုတ်လုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေလုပ်လို့ ရအောင် ဆောင်ရွက်ပေးတာတို့၊ နိုင်ငံ တကာက လက်ခံတဲ့ဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့ လုပ်နိုင်အောင်ပြင်ဆင်ပေးတာတို့ လုပ်ပေးရမယ်။ အခွန် ကိစ္စတွေ၊ လုပ်ငန်းစဉ်တွေထင်သာ မြင်သာဖြစ်အောင်၊ မျှတအောင်လုပ်ပေးဖို့ လိုတယ်။ တစ်ဖက်မှာလည်း ပြင်ပက အင်အားကြီးလုပ်ငန်းတွေ ၀င်လာမယ့်အတွက် ပြည်တွင်းလုပ်ငန်း တွေအနေနဲ့ ယှဉ်နိုင်ပြိုင်နိုင်အောင် လုပ်ထားဖို့အရေးကြီးတယ် အစိုးရပိုင်းကလည်း ပြည်တွင်းလုပ်ငန်းတွေ တိုးတက်ဖို့ အားပေးပံ့ပိုးပေးသင့် တယ်”ဟု သုံးသပ်ခဲ့သည်။

ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က “မြန်မာနိုင်ငံကို ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်း ပေးသင့်ပါပြီ။ အခုအကျဉ်းသားတွေလည်း လွှတ်ပြီးပြီ။ တိုင်းရင်းသားတွေနဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေး နေတယ်။ တခြားပြုပြင်ပြောင်းလဲရေး တွေလည်း လုပ်ဆောင်နေတာ တွေ့ရတယ်။ ပြီးတော့ ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဖို့ကြိုးစားနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် တရုတ်နဲ့ ဗီယက်နမ်တို့ထက်တောင် သာသေးတယ်။ စနစ်အရ သာတယ်၊ ရှေ့ရောက်တယ်။ ပြုပြင်ပြောင်းလဲနေတဲ့ ခြေလှမ်းတွေအရ ဘာကြောင့်တစ်ဆင့်ချင်း လျှော့ပေးရမှာလဲ။ လုံးဝကို မပိတ်ဆို့သင့်တော့ဘူး။ ဒီSanctionsကြောင့် တိုင်းပြည်မှာနစ်နာတာ အများကြီးရှိတယ်။ ဘဏ်လုပ်ငန်းကဏ္ဍနဲ့ပဲ ပြောရင်တောင် ပိတ်ဆို့မှုကြောင့် အဆင့်ဆင့် လုပ်နေရတယ်။ ငွေကုန်ကြေးကျပိုများတယ်။ စင်ကာပူက UOB ဘဏ်ဆိုရင် မြန်မာပြည်က ဘဏ်တွေကြောင့် ဘီလျံနဲ့ချီပြီးမြတ်တယ်။ ၀န်ဆောင်ခကို နင့်နေအောင်ယူတယ်။ Sanctions ကြောင့် တိုက်ရိုက်မချိတ်နိုင်တာကို စင်ကာပူဘဏ်က ကူညီတယ်ဆိုပြီး ကျေးဇူးမတင်နိုင်ဘူး။ အဓိက က ဒီSanctions ကြောင့် လုပ်ငန်းတွေ အခက်အခဲဖြစ်တယ်။ နစ်နာမှုတွေ အများကြီးရှိတယ်။ စီးပွားရေးဆိုတာ လူတိုင်းနဲ့ဆက်စပ်တဲ့အတွက် အပေါ်ကနေ အောက်အထိ အကုန်လုံးထိခိုက်နစ်နာတယ်။ ဒါကြောင့် ပိတ်ဆို့မှုကို အမြန်ဆုံးရုပ်သိမ်းစေချင်တယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ပါတီကတော့ Sanctions နဲ့ ပတ်သက်လို့ စီးပွားရေးပိတ်ဆို့တာကို လုံးဝလက်မခံဘူး။ ဟိုးတုန်းကတည်းက စလုပ်ကတည်းက လက်မခံဘူး။ အခုလည်း လက်မခံဘူး။ ၂၀၁၁ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတရားတွေဟာ ၂၀၁၂ ခုနှစ်မှာ အကျိုးတရားတွေ ဖြစ်လာတယ်။ Targeted Sanctions လို့ ပြောပြောသူတို့တင် မကဘူး။ ပြည်သူတွေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ထိခိုက်စေပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ ပြည်သူကို ထိခိုက်စေမယ့် ဘယ်လိုအကြောင်း ကိစ္စမဆို ဆန့်ကျင်ပါတယ်”ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးဟန်ရွှေက ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က “ကျွန်တော်တို့ကတော့ ကျွန်တော်တို့ တစ်လျှောက်လုံး ပြောနေတဲ့အတိုင်းပဲ ကျွန်တော်ပြောချင်ပါတယ်။ ဘာလဲဆိုလို့ရှိရင် တိုင်းပြည်မှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေ၊ ဒီမိုကရေစီရေး အခွင့်အရေးပိတ်ဆို့ မှုတွေ၊ ပြည်တွင်းငြိမ်းချမ်းရေး တိုင်းရင်းသားလူမျိုးများနဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတာတွေ ပပျောက်သွားခြင်း မရှိဘူးဆိုရင် ဒီ Sanctionsတွေက အရေးယူထားတဲ့ဟာတွေ တော့ ရုပ်သိမ်းဖို့ မသင့်ဘူးလို့ ထင်တယ်။ ရုပ်သိမ်းမယ်ဆိုလို့ရှိရင် လည်း အဲဒီခုနကပြောတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေ စီရေး ပိတ်ဆို့မှုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခတွေ၊ ဒါတွေ လျော့ပါးသွားတာနဲ့အမျှ ဒီ Sanctions တွေဘက်က လျှော့ချရေးကို လည်း တိုးမြှင့်လာမှာပဲလို့ ကျွန်တော်တို့ အဲလိုပဲပြောခဲ့ပါတယ်။ အဲဒီအတိုင်းပဲ ကျွန်တော်တို့ဒီနေ့အထိ အဲဒီအတိုင်းပဲ ယူဆပါတယ်။ သမ္မတကြီးက နေပြီးတော့ အခုလို တိုက်တွန်းတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ကြားရတယ်။ အဲဒီထဲမှာ ထူးခြားတဲ့အချက်က နောက်ကြောင်း မပြန်တော့ဘူးဆိုတာကို အာမခံတယ်ပေါ့။ အဲဒါအတွက် ကျွန်တော်တို့ ဘာပဲပြောပြော အဲဒါ သည်ပင်လျှင် အရေးကြီးတဲ့ လျှော့ပေါ့ချက်တစ်ခု ဖြစ်တယ်လို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ သို့သော် သမ္မတကြီးပြောတာနဲ့ ဟုတ်ရဲ့လား လို့ အများကြီး မေးခွန်းမေးစရာတွေ ရှိနေမယ်လို့ ကျွန်တော်က ထင်တယ်” ဟု ပြောကြားခဲ့သည်။

“နိုင်ငံရေးပြုပြင်ပြောင်းလဲမှု နဲ့ စီးပွားရေးပြုပြင်ပြောင်လဲမှု တစ်ပြေးညီဖြစ်ဖို့လိုတယ်။ အခု နိုင်ငံရေး ပြောင်းလဲမှုက ရှေ့ရောက်တဲ့ သဘောဆောင်နေတဲ့တွက် စီးပွားရေး နောက်ကျ ကျန်နေရင် ပြဿနာပေါင်းစုံဖြစ်လာမှာ စိုးရိမ်မိတယ်။ ဒါကြောင့် Sanctions ကို အလျင်အမြန် ရုပ်သိမ်းသင့်ပါတယ်”ဟု စာရေးဆရာ ဒေါက်တာခင်မောင်ညိုက သုံးသပ်ခဲ့ပါသည်။

“လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတာက education နဲ့ knowledge ကြားမှာ Gap ဖြစ်နေတယ်။ Gap ဖြစ်လာတာကလည်း အကြောင်းရှိတယ်။ industryမဖွံ့ဖြိုးတော့ ကျောင်းသားကျောင်းသူတွေ အနေနဲ့ လေ့လာရတာ မလွယ်ကူဘူး။ ၂၀၁၅ မှာ AFTA လာတော့ ဖွင့်ချလိုက်ရမယ့် အချိန်မှာကိုယ့်ဘက်က မကျန် ခဲ့အောင်တော့ရတဲ့ အခြေအနေနဲ့လုပ်ဖို့ လိုနေတယ်။ Sanctions ရုပ်တာမရုပ်သိမ်းတာထက် HR ကို develop ဖြစ်အောင် လုပ်ထားရမယ်။ resource မှာ လူတင်မဟုတ်ဘူး။ အဆောက်အအုံ ပိုင်းကိုလည်း ပံ့ပိုးရမယ်။ Sanctions ရုပ်လိုက်လို့ နည်းပညာတွေ ၀ုန်းကနဲဝင်လာချိန်မှာ ကိုယ့်ဘက်က ကျန်မနေခဲ့အောင်တော့ ပြင်ဆင်ထားဖို့လိုပါတယ်”ဟုလည်း ဆောက်လုပ်ရေးပညာရှင် ဦးစောထွေးဇော်က ပြောကြားခဲ့သည်။

“sanctionsဟာ ဆင်းရဲမွဲတေမှုကို တွန်းအားပေးတယ်။ ပြီးတော့ ကုမ္ပဏီအသေးလေးတွေ သာမန်စီးပွားရေး လုပ်ငန်းရှင်တွေကို ထိခိုက်စေတယ်။ ယှဥိပြိုင်နိုင်မှုမဲ့စေတယ်။ ကုန်သွယ်မှုကို အတားအဆီး ဖြစ်စေတယ်ဆိုတော့ တိုင်းပြည်ရဲ့စီးပွားရေး တိုးတက်မှုကို အဟန့်အတားဖြစ်စေတယ် ဆိုပေမဲ့ sanctions ကိုအမေရိကန်က ရုတ်သိမ်းမယ် ဆိုရင်တော့ သူတို့သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီမှပဲပေးမှာပါ။ နိုင်ငံရေးအရ လက်ခံနိုင်တဲ့ ဖြေလျော့မှုတွေလုပ်ရင် စီးပွားရေးအရ ဖြေလျော့မှုတွေ သူ့ ဘာသာသူ လုပ်လာမှာပါ။ ပြီးတော့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုတာ နှစ်ခုလုံးပြိုင်တူလုပ်မှရမှာပါ။ တစ်ဖက် က sanctions မရှိမှလည်း ပိုပြီး တိုင်းပြည်စီးပွားရေး အားကောင်းလာမှာပါ”ဟု စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ပြခဲ့သည်။

“၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံက ချခဲ့တဲ့ အမျိုးသားနိုင်ငံရေးလမ်းစဉ်က ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားသွေးစည်း ညီညွတ်ရေးစတဲ့ အလံသုံးလက်ပေါ့။ အဲဒါ အမျိုးသားနိုင်ငံရေး လမ်းစဉ်ပဲ။ ဒီမိုကရေစီ ဖော်ဆောင်တယ်ဆိုတဲ့ Step တစ်ခုမှာ အဓိကအနေနဲ့တောင်းတာတစ်ခုက နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးဖို့ပဲ။ အခု နောက်ဆုံးအချိန်မှာ တော်တော်များများ လွတ်သွားပြီ။ အရေးကြီး လူပုဂ္ဂိုလ်အများစု လွတ်သွားပြီ။ နည်းနည်းပဲကျန်တော့တယ်။ ၁၀၀ရာနှုန်းလို့ မပြောနိုင်ပေမယ့် စိတ်ကျေနပ်စရာ တစ်စုံတစ်ရာရှိလာပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် စောစောကမယုံဘူး။ ဒါပေမယ့် အခုနောက်ဆုံး မင်းကိုနိုင် အပါအ၀င်အများစုကို လွှတ်လိုက်တော့ နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်ရင် Majority တော့ လွတ်သွားပြီ။ ဒုတိယတစ်ချက်က ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် အများစုက ပြည်ထောင်စုအဆင့် ဆွေးနွေးရေးကို ရောက်နေပြီ။ ကေအိုင်အေနဲ့တောင် ၁၉ ရက်နေ့ကတွေ့ပြီ ကြေညာချက် ထွက်လာပြီ။ အပစ်အခတ်ရပ်မယ်လို့ မပါသေးပေမယ့် ဆိုးရွားသွားတာတွေမပါအောင် ထိန်းသိမ်းမယ်လို့ ပါလာတဲ့အတွက် ငြိမ်းချမ်းရေးအတွက် တစ်စုံတစ်ရာ လှုပ်ရှားလာပြီလို့ ပြောလို့ရတယ်။ ဒီအခြေအနေမှာ Sanctions ရုပ်မယ်ဆိုရင် ရုပ်နိုင်မယ့် အချက်အလက်တွေ ပေါ်ထွက်လာပြီလို့ ပြောလို့ရတယ်။ ဒါပေမယ့် တိုင်းပြည်ဆင်းရဲရတာဟာ Sanctions ကြောင့်ပါလို့တော့ ပြောလို့မရဘူး။ နဂိုကတည်းက အစိုးရအဆက်ဆက် ဖောက်ပြန်မှားယွင်းတဲ့ စီးပွားရေး မူဝါဒတွေကြောင့် ဆင်းရဲတွင်းနက်နေရတာ။ အထူးသဖြင့် Crony Capitalism ဆိုတဲ့ မျက်နှာကြီးရာ ဟင်းဖတ်ပါ ဘော်ဒါကဏ္ဍ စီးပွားရေးစနစ် တွေ၊ လက်ဝါးကြီးအုပ် အခွင့်ထူးခံ အဖွဲ့အစည်းတွေကြောင့်ပဲ။ သူတို့ရဲ့ မှားယွင်းတဲ့ စီးပွားရေးစနစ်တွေကြောင့် ပျက်စီးတာ။ ကျွန်တော့်အနေနဲ့ကတော့ ဒီအခြေအနေဟာ Sanctions တွေ ရုပ်သိမ်းဖို့အခြေခံတွေ ပေါ်ပေါက်လာပြီလို့ မြင်ပါတယ်။ပြောင်းလဲမလား မပြောင်းလဲဘူး လားဆိုတာကတော့ စောင့်ကြည့်ရပါမယ်။ Sanctions ရုပ်မယ်ဆိုရင် တော့ ရုပ်သင့်တဲ့အခြေအနေကို ရောက်နေပြီ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ ဒီမှာရင်းနှီးမြှုပ်နှံမှု ဥပဒေရှိတယ်။ အဲဒါနဲ့ မလုံလောက် ဘူး။အဓိကပြောနိုင်တဲ့အချက်တွေက မြေယာနဲ့ ပတ်သက်ပြီး ၁၉၄၇ မှာ ကန့်သတ်တဲ့ဥပဒေရှိတယ်။ ၁၉၈၇မှာ ပြန်ပြီးမွမ်းမံတယ်။ မရွှေ့ပြောင်း နိုင်တဲ့ပစ္စည်းကန့်သတ်တဲ့ ဥပဒေရှိတယ်။ ရှိတဲ့အခါမှာ နိုင်ငံခြားသားတွေအနေနဲ့ မြေပိုင်ခွင့်မရှိဘူး။ တစ်နှစ်ထက်ကျော်ပြီး ငှားရမ်းလို့မရဘူး။ အဲဒီအခါမှာ သူတို့က ဒီမှာ အကြီးအကျယ်လာပြီး Estate လုပ်တဲ့အပေါ်မှာ ဘယ်လို အာမခံချက်ရှိမယ်ဆိုတာ မသိဘူး။ တိကျတဲ့စီးပွားရေးဥပဒေတွေ မရှိဘူး။ အခွန်ဥပဒေက ဘယ်လိုယူမှာလဲ။ အမြတ်အခွန်က ဘယ်လိုလုပ်မှာလဲ။ အဲဒီအခြေခံအချက် အလက်တွေရှင်းရှင်းလင်းလင်းရှိဖို့ လိုပါသေးတယ်။အဲဒီအတွက် နိုင်ငံခြားက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ က လာဖို့ချိန်တော့ ချိန်ကြမှာပဲ။ လာတာကောင်းတယ်။ ကြိုလည်း ကြိုဆိုတယ်”ဟု မန္တလေးမြို့နေ နိုင်ငံရေးနယ်ပယ်မှ ဦးသိန်းသန်းဦး ကပြောကြားခဲ့သည်။

“နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုဆိုရင် နိုင်ငံရေးကတောင် ရှေ့ကိုအတော်ရောက်နေတယ်လို့ ပြောရမယ်။ မြစ်ဆုံကနေ အကျဉ်းသားတွေ လွှတ်ပေးတဲ့အထိ ဘာမှမကြာလိုက်ဘူး။ ပြောင်းတာတော့ ပြောင်းနေပြီ။ သို့သော်အပေါ်မှာ ပြောင်းပေမယ့် အောက်မှာဘာမှ ပြောင်းလဲမလာတာတွေ ရှိနေသေးတယ်။ ဒါကလည်း ဒီမိုကရေစီနဲ့အသားမကျ သေးလို့ပေါ့။ အချိန်တော့ယူရအုံးမယ်”ဟု မန္တလေးမြို့နေ နိုင်ငံရေး နယ်ပယ်မှ ဦးသိန်းသန်းဦးကပြောကြားခဲ့သည်။

“အစိုးရဖွဲ့တာလည်း တစ်နှစ် ပြည့်တော့မယ်။ စီးပွားရေးပိုင်းမှာလည်း ခေါင်းတွဲကပဲသွားနေပြီး တော့ နောက်ကတွဲတွေလိုက်ဖို့ လိုနေသေးတယ်။ ဒီမိုကရေစီအစိုးရရဲ့ ထုံးစံအတိုင်း ၆ လ သို့မဟုတ် တစ်နှစ်ပြည့်ရင် ကက်ဘိနက်ကို ပိုမိုသွက်လက်တဲ့ အစိုးရအဖွဲ့မျိုးဖြစ်အောင် Reshuffle ပြန်လုပ်သင့်တယ်။ စီးပွားရေးနဲ့ ပတ်သက်တဲ့မူဝါဒတွေ လည်း ပိုမိုကောင်းမွန်အောင် ပြန်သုံးသပ်သင့်တယ်။ လုပ်နိုင်စွမ်းမရှိတဲ့ သူတွေ အစား လုပ်နိုင်စွမ်းရှိတဲ့သူတွေကို အစားထိုးသင့်တယ်။ ဒါ့အပြင် ဗဟိုဘဏ်လို၊ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်လို စီးပွားရေးအတွက် အရေးပါတဲ့နေရာတွေ ဒါတွေဟာ Political post မဟုတ်ဘူး၊ Technical post တွေဖြစ်တဲ့အတွက် ပညာရှင်တွေ ခန့်သင့်တယ်။ ဌာနဆိုင်ရာတွေမှာလည်း လူမှန်နေရာမှန်ချထား ဖို့ လိုအပ်တယ်။ ဥပမာ-အကောက်ခွန်၊ အခွန်ဦးစီး၊ တကယ့်စီးပွားရေးနဲ့ ပတ်သက်တဲ့ တံခါးစောင့်နေရာတွေမှာ တကယ်ကို အရည်အသွေး ပြည့်ဝပြီးတော့ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့၊ လောဘသက္ကာယ နည်းတဲ့ သူတွေ၊ မျှမျှတတလုပ်လိုတဲ့ ဆန္ဒရှိတဲ့သူတွေကို သက်ဆိုင်ရာ ဌာနတွေ၊ ဌာနဆိုင်ရာ အကြီးအကဲ နေရာတွေမှာ သေသေချာချာစိစိစစ်စစ် ရွေးချယ်ခန့်ထားသင့်တယ်။ တခြားစီးပွားရေးနဲ့ ပတ်သက်တဲ့ ကုန်သွယ်ရေးလို ဌာနတွေ၊ နေရာတွေမှာ ပညာရှင်တွေကို ပိုခန့်ထားဖို့ ဒီထက် ပိုနေရာပေးဖို့ လိုပါတယ်။ Political post ဖြစ်တဲ့ ၀န်ကြီးနေရာတွေကို မခန့်ထားရင်တောင်၊ ညွှန်ကြားရေးမှူးချုပ်တွေ ညွှန်ကြားရေးမှူးတွေနေရာမှာ ပညာရှင်တွေ ပိုခန့်ထားသင့်တယ်။ ရှေ့လျှောက်နိုင်ငံတကာနဲ့ ပိုမိုဆက်ဆံရတော့မယ်။ အခုနိုင်ငံ တကာက လာတော့မယ်။ ရင်းနှီးမြှုပ်နှံ မှုတွေ လာတော့မယ်။ တကယ်တော့ မူတွေ ချည်းပဲပြင်လို့မရဘူး လူတွေ ပါ ပြင်ရမယ်။ ခိုင်မာတဲ့စီးပွားရေး မူဝါဒတွေလည်း ဆွဲရမယ်။ ဘောလုံးအသင်းလိုပဲ လက်ရှိအသင်းနဲ့တော့ မရဘူး”ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် က သုံးသပ် ပြောကြားခဲ့ပါသည်။

“Sanctions က ဆင်းရဲသားတွေအပေါ်ထိခိုက်မှုရှိတယ်ဆိုတာ ကောင်းကောင်းကြီး ယုံကြည်တယ်။ လက်လည်းလက်ခံတယ်။ ဥပမာ ပဲလောကက ဆုံးရူံးမှုတွေကို ပြန်ကြည့်ရင်လည်း သိနိုင်တယ်။ ဟိုတုန်းက ပဲကိုကုမ္ပဏီအကြီးအသေး အကုန်လုံး ပို့ ကြတယ်။ နောက်ပိုင်း sanction တွေများလာတော့ ကုမ္ပဏီ အကြီးကြီးတွေပဲ လုပ်နိုင်တော့တယ်။ အဓိကကတော့ letter of Credit ဖွင့်လို့မရလို့။ အဲဒီတော့ ကုမ္ပဏီတွေက တစ်ခါစင်ကာပူမှာ၊ ဟောင်ကောင် မှာ ကိုယ်ပိုင်ကုမ္ပဏီတွေ သွားဖွင့်ရတယ်။ အဲဒီမှာတင် transistion cost တွေတက်လာရော။ကုမ္ပဏီအသေးတွေက မတတ်နိုင်တော့ဘူး။ LC ဖွင့်တာမှာလည်း ယူရိုနဲ့ဖွင့်တယ် ဒေါ်လာပြန်ပြောင်းတယ်။ ဒေါ်လာကနေ မြန်မာငွေပြန်ပြောင်းတယ်။ အဲဒီ မှာ အဆင့်ဆင့်ဖြစ်နေတော့ transitional cost က သုံးရာခိုင်နှုန်းလောက်ရှိသွားတယ်။ ဒီအထဲမှာ ငွေကြေး အတက်အကျကြောင့် ဆုံးရှုံးသွားတဲ့ ပမာဏမပါသေးဘူး။ ကုမ္ပဏီအသေးတွေ မလုပ်နိုင်ကြဘူး။ ကိုယ်ပိုင်ရောင်းနေတာကနေ ကုမ္ပဏီအကြီးကြီးတွေ ဆီကိုပဲ ပေးလိုက်ရတယ်။ အဲဒီမှာတင် လိမ်လည်မှုတွေ၊ အလွဲသုံးစားမှု တွေလာတော့တာပဲ။ ပြီးတော့အခု စင်ကာပူမှာဖြစ်တဲ့ ဟွန်ဒီကိစ္စဆိုရင်လည်း အယ်လ်စီဖွင့်မရလို့ ဟွန်ဒီကို အားကိုးရတာ။ နောက်ပိုင်း လိမ်လည် မှု ဖြစ်လာတာပဲ။ နောက်တစ်ခုက ပတ်ဝန်းကျင်ရေးရာတွေကိုပါ ထိခိုက်လာတယ်။ စားစရာမရှိ တောထဲသွား လိပ်ဖမ်း၊ သတ္တ၀ါတွေ ဖမ်းတန်ဖိုးရှိတဲ့ species တွေ ဆုံးရှုံးကုန်တယ်။ နောက်ဆုံး တောထဲမှာမရမှ မလေးတို့ ထိုင်းတို့ထွက်ကုန်ကြတာပါ။ ဒီတော့ sanctions ကပြည်သူတွေရဲ့ နေ့စဉ်ဘ၀တွေအပေါ်မှာ သက်ရောက်တဲ့အတွက် sanctions မရှိဘူးဆိုရင် ဒီဘ၀တွေ ကောင်းလာနိုင်တယ်။ သို့သော်လည်း တစ်ခုစဉ်းစားရမှာက sanctions သည် အပြောင်းအလဲ တစ်ခုအတွက် တွန်းအားလည်း ဖြစ်နေတယ်။ ဒီတွန်းအားတစ်ခုကလည်း လိုနေတဲ့ အနေအထားရှိတယ်။ ဒီအတွက် ဖြစ်လာခဲ့တာဆိုတော့ ကျန် ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အမေ့ခံအဆင့်နဲ့ရပ်မနေဘဲ လွတ်မြောက်လာဖို့၊ တိုင်းရင်သားကိစ္စတွေ မီဒီယာလွတ်လပ်ခွင့် ပီပီပြင်ပြင်ရဖို့ ကျောင်းသား သမဂ္ဂဖြစ်လာဖို့၊ စီတန်းလှည့်လည်ခွင့် ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ စတဲ့ ဒီမိုကရေစီ စံနှုန်းတွေရှိလာဖို့ လိုနေပါတယ်။ ဒါတွေဖြစ်လာရင် sanctions ဆိုတာ ရှိမှာတောင် မဟုတ်တော့ပါဘူး။ အခုဆိုရင် အရေးအရာကိစ္စတွေအပေါ် ဥပမာ မူဝါဒတစ်ရပ်ချမှတ်ပြီး လွှတ်တော်ရော၊ executive level မှာလုပ်နေတာတွေရှိပါတယ်။ ဒါပေမယ့် အပေါ်ကလုပ်နေပေမယ့် အောက်ခြေ မှာ အရင်ကရှိခဲ့တဲ့ ဗျူရိုကရေစီအတိုင်း သွားနေတယ်။ သူတို့ အကျိုးစီးပွားထိခိုက်မှာ စိုးရိမ်နေတာလည်း ရှိတယ်။ ဒါကြောင့်အောက်ခြေမှာလည်း လက်တွေ့ကျကျလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် နိုင်ငံရေး မှာ တိုးတက်ကောင်းမွန်တဲ့ မြင်သာတဲ့ အပြောင်းအလဲဖြစ်ရင် စီးပွားရေးအရ ဆန်ရှင်က အလိုလိုပါသွားမှာပါ”ဟု သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်သူ Eco Dev မှ ဦးဝင်းမျိုးသူက သုံးသပ်ပြပါသည်။

အလားတူပင် ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ခဲ့သော အမေရိကန်ရီပတ်ပလီကင် အထက်လွတ်တော် အမတ်မက်ကော်နယ်၏ ပြောကြားချက်အရမူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား စစ်မှန်သော reformer တစ်ဦးအနေဖြင့် အပြည့်အ၀ ယုံကြည်ကြောင်း သမ္မတ နှင့်တွေ့ဆုံပြီးနောက်ပိုင်း သတင်းထောက်များအား ပြောကြားခဲ့သည် ဟုသိရှိရသည်။ အလားတူမြန်မာနိုင်ငံ အပေါ် ကန့်သတ်ထားသော စီးပွားရေးပိတ်ဆို့မှုများနှင့် ပတ်သက်လျှင်မူလာမည့် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲအပြီးတွင် ဖြစ်လာနိုင်စရာ ရှိကြောင်းအရိပ်အမြွက် ပြောကြားသွားခဲ့သည်ဟု သိရှိရသည်။

ယင်းအနေဖြင့် စံသတ်မှတ်ချက် သုံးခုအား ချပြခဲ့ပြီး နံပါတ်တစ်အနေဖြင့် လာမည့်ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပသည့်အချိန်တွင် အပြည်ပြည်ဆိုင်ရာ လေ့လာ စောင့်ကြည့်သူများအားခွင့်ပြုပေး ရန်၊ တိုင်းရင်းသား လူမျိုးစုများနှင့် အပစ်အခတ်ရပ်စဲရန်နှင့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတို့အား ရပ်တန့်ရန်စသည့် စံသတ်မှတ်ချက် များအား ထည့်သွင်းပြောကြားသွားခဲ့ကြောင်းနှင့် ယင်းစံများနှင့် ညီညွတ်ပါက စီးပွားရေးပိတ်ဆို့မှုကို ပယ်ဖျက်ပေးနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကြံဥာဏ်လည်း ရယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။

“ပြုပြင်ပြောင်းလဲမှုတွေကို ယုံကြည်စိတ်ချမှုမရှိသေးဘူးလို့ ဆိုသည့်တိုင်အောင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးဖို့ Sanctions ရုပ်သင့်နေပါပြီ။ စီးပွားရေးပြောင်းလဲမှုတွေ မလုပ်ဘူးဆိုရင် နိုင်ငံရေး အပြောင်းအလဲတွေက ခြေတုပ်ပြီးလဲသွားပါလိမ့်မယ်။ ခေါင်းဆောင်ပိုင်း က ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလို့ ဘယ်လိုပဲပြောပြော၊ ဆင်းရဲတဲ့ပြည်သူတွေ ပညာမတတ်တဲ့ပြည်သူတွေ က အများစုဖြစ်နေရင် ဒီမိုကရေစီ နိုင်ငံဖြစ်မလာနိုင်ပါဘူး”ဟု Eleven Media Group ၏ CEOဒေါက်တာ သန်းထွဋ်အောင်က သုံးသပ်ပြော ကြားခဲ့ပါသည်။

သေနတ်ကိုင်တဲ့ဘက်က ဘုန်းတော်ကြီးတွေ အနိုင်ရသွားကြတာပါ

တိပိဋကဓရဆရာတော် အရှင်သုမင်္ဂလာလင်္ကာရသည် မြစ်ကြီးနားထောင်မှာ ၉ နှစ်လောက် အကျဉ်းချခံ သီတင်းသုံးရပြီးနောက် ပြန်လွတ်လာပြီး မကြာခင်မှာ ပျံလွန်တော်မူရှာခဲ့လေသည် ထိုဆရာတော်ကြီးအပါအဝင် တကမ္ဘာလုံးဆိုင်ရာ သံဃာတော်များအဖွဲ့ချုပ် မန္တလေးမစိုးရိမ် ဆရာတော်ဘုရားကြီး ဦကောဝိဒ စသည့်ဆရာတော်ကြီးများကို ပြည်သူများဘက်မှ ရပ်တည်ပြီး တရားဟောခဲ့လို့ နိုင်ငံရေးလုပ်သည်ဟု စွပ်စွဲပြီး ထောင်ချခဲကြသည်။
ယနေ့ စစ်အာဏာရှင်တွေဘက်ကရပ်တည်ပြီး ဟောပြောလုပ်ကိုင် ဆုံးဖြတ်ပေးနေကြသော မဟနဆရာတော်ကြီးတော်တော်များများကို အများပြည်သူတွေနှင့် သံဃာတော် တော်တော်များများက စစ်အစိုးရအကြိုက် ဘက်လိုက်ဘုန်းတော်ကြီးများအဖြစ် စွပ်စွဲကြပြန်သည်။
တကယ်တော့ နှစ်ဘက်စလုံးမှ ဆရာတော်ကြီးများသည် မြန်မာနိုင်ငံသားများဖြစ်ကြသည့်အားလျှော်စွာ မြန်မာပြည်၏ လူမှုရေး နိုင်ငံရေးကိစ္စရပ်များတွင် မနေသာပဲ ဝင်ရောက်ဆွေးနွေး ပါဝင်ဟောပြောနေကြခြင်းသားဖြစ်ပေသည်။ တနည်းအားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံသားဘုန်တော်ကြီးများဖြစ်ကြသဖြင့် နှစ်ဘက်စလုံးဆရာတော်ကြီးများမှာ
မြန်မာနိုင်ငံရေးဘုန်းတော်ကြီးများသာဖြစ်ကြပါသည်။( လူသားဟူသည် နိုင်ငံရေးသမားသာဖြစ်သည်)။ 
ဤသို့ဆိုလျှင် ဤလော့ဂ်ဂျစ်မှာ နှစ်ဘက်စလုံးသောဆရာတော်ကြီးများသည် တိပိဋ္ဋကဆရာတော်ကြီးများနှင့် (သ-စ-အ) ဘွဲ့တော်များကို အောင်မြင်တော်မူထားကြသော ဆရာတော်ကြီးများဖြစ်ကြသောကြောင့် ၄င်းကဲ့သို့ ပညာတတ် သံဃာတော်ကြီးများ၏အရေးတွင် သေနတ်ကိုင်ထားသောဘက်မှ ဘုန်းတော်ကြီးတွေသာ အနိုင်ရသွာကြခြင်းဖြစ်သည်ဟု စဉ်းစားမိပါသည်။


ပြုသူအသစ် ဖြစ်သူအဟောင်းလို့ ဆိုပေမယ့် ဗိုလ်ခင်ညွန့်လက်ထက်မှာတော့ မတရားခံရသူ တွေအတွက်တော့ အသစ်တွေပါပဲဗျာ..
http://www.demowaiyan.co.cc/2012/01/blog-post_23.html

နဝတ၊ နအဖလက်ထက် မြန်မာပြည်ရဲ့ ဗုံးပေါက်ကွဲမှုတွေမှာ တရားခံကို ဖမ်းမိရိုးထုံးစံရှိလား..။ နဝတ၊ နအဖလက်ထက် တန်ခိုးလက်စောင်းထက်ခဲ့တာ
ဗိုလ်ခင်ညွန့်နဲ့ အပေါင်းအပါတွေပါ.. နအဖအတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦးကို အချင်းချင်း ခွက်စောင်းခုတ် ဖြုတ်ထုတ်သတ် ဗုံးခွဲလုပ်ကြံကြတာ မှတ်မိကြမှာပါ..။
အမှုမှန်ပေါ်ပေါက်ရဲ့လား... နောက်ဆုံးခံရတာတော့ တက်ကြွတဲ့နိုင်ငံရေး လှုပ်ရှားသူတွေလေ..။ တံတွေးလက်ညှိုးဆွတ် ခါးထိုးပြီ မကောင်းသူ
ထိပ်ကောင်းသူထိပ်ပေါ့.. အခုတော့တရားခံက အပြုံးမပျက် ပြည်တွင်းဂျာနယ်တွေမှာ သူရဲကောင်း ယောင်ယောင် နေရာဝင်ယူနေပါတယ်..။
ခံခဲ့ရတဲ့ ကိုသက်နွယ်(ခ)ကိုညိမ်းလူ ကတော့ ကိုယ်မလုပ်ခဲ့ရတဲ့ ပြစ်မှုအတွက် နောက်ဆုံးအချိန်မှာ ဒုက္ခမျိုးစုံ ခံစားရင်း
အခန်းကျဉ်းလေးတခုထဲက ဖျာကြမ်းပေါ်မှာ ခေါင်းအုံးတလုံး ဆောင်လေးတစ်ထည်.. ပတ်ဝန်းကျင်က
ကူညီသူအနည်းငယ်နဲ့ လောကကြီးကို ကျောခိုင်းထွက်ခွာသွားပါပြီ..။

အောက်မှာတော့
ဗိုလ်ခင်ညွန့်ကို လွမ်းလောက်လို့လားဗျာ... သတင်းဆောင်းပါးမှာ လာရောက်ကွန်မာန့်ပေးသွားတဲ့ ကိုငယ်ရဲ့ ကွန်မာန့်ပါ


ကိုသက်နွယ်(ခ)ညိမ်းလူ အနှိပ်စက်ခံခဲ့ရတဲ့နည်းတွေထဲက တခုကိုတော့ ကျွန်တော်ပြောပြချင်တယ်၊ ရိုင်းသွာရင်ခွင့်လွှတ်ပါ၊ အမှန်တရားကို သိစေ
ချင်တာကြောင့်ပါ၊ ဗုံးခွဲတယ်ဆိုပြီးစွပ်စွဲပြီးတော့ လူ့ရဲ့မစင်ကိုအတင်းအကြပ် ကျွေးပါတယ်၊ မစားလို့စေ့ထားတဲ့ သွားကိုရိုက်ချိုးပြီး လူ့မစင်ကိုပါးစပ်ထဲအဓမ္မ
သိပ်ထည့်ပြီး မျိုချခိုင်းပါတယ်၊ နောက်ထပ်အလုပ်မခံချင်ရင် ပြစ်မှုကိုကျူးလွန် မိခဲ့ပါတယ်ဆိုပြီး မမှန်မကန်တဲ့ဖြောင့်ချက်ကိုယူဘို့ ချိန်းခြောက်ပါတယ်၊ အစပိုင်း
တော့အဲဒီလို အမှန်အတိုင်း မလုပ်ဘူးကြီး ဖြေနေလိုက်တာ လေးခါလောက်လဲ စစ်လိုက်ရော ပါးစပ်မှာ အံသွားလောက်ဘဲကျန်တဲ့ အခြေအနေဖြစ်သွားပါတယ်၊
နောက်ဆုံး စစ်ဆေးရေးအလိုကျ ပြောပါ့မယ်လို့ ကတိပေးမှယဉ်ကျေးသိမ်မွေ့စွာ စစ်ဆေးတဲ့ပုံစံကို ဗီဒီယိုရိုက်ထားပါတယ်၊ ထုံးစံအတိုင်း ဘယ်သူ့ချိန်းခြောက်မှုမှ
မပါဘဲ မိမိသဘောအတိုင်း အဖြစ်မှန်ကို ထွက်ဆိုခဲ့တဲ့ ပုံစံဖြစ်အောင် သက်သေအဖြစ် မှတ်တမ်းတင်ထားပါတယ်၊ နောက်ဆုံးတော့ ဝန်ခံဖြောင်ချက်ပေးတဲ့အတွက် သေဒါဏ်
အစား ထောင်ဒါဏ်တသက်တကျွန်း တံခါးပိတ်အမိန့်ချလိုက်တယ်။ သွားမရှိတဲ့ သူကိုတိုက်ပိတ်ပြီး ထ္မင်းထဲမှာ ဂဲထည့်ကျွေးမှတော့သွားဖုံးတွေ စုတ်ပြတ်သတ်ပြီး
ပါးစပ်ထဲမှာအနာဖြစ်ပါလေရော၊ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာကြီးဘဲ စားသောက် နေရတော့အသဲကို ဒုက္ခပေးတော့တာပေါ့။ ပြုသူအသစ်ဖြစ်သူ အဟောင်းလို့ဘဲ
သဘောထားကြပါလို့ ဘေးလူတွေက တရားချကြပေမဲ့ ဒီမိုကရေစီမြေဇာပင်တွေ ရဲ့ဘဝမှာ ကိုယ်ကိုယ်တိုင်စိတ်ကူးနဲ့တင် ကိုယ်ချင်းစာ စဉ်းစားကြည့်တော့ေ သွးတွေ
ဆူလာပါတယ်ဗျာ။ ဒီထက်ဆိုးတာတွေ အများကြီးရှိပါသေးတယ်ဗျာ။ ပြောရင်းနဲ့ စိတ်ထိခိုက်လို့ယောကျာင်္းတန်မဲ့ မျက်ရည်ကျမိပါတယ်။


သညာကိုအမှီပြု၍....

တောင်ဥက္ကလာပမှာ နေထိုင်သော သူငယ်ချင်းတစ်ဦးက ပြောပြဖူးပါသည်။
သူနေသောရပ်ကွက်မှာ အဆိုတော် စည်သူလွင် နေထိုင်သောရပ်ကွက်နှင့် သိပ်မဝေးပါ တဲ့။ တစ်နေ့ စည်သူလွင် တို့ ရပ်ကွက်အတွင်းနေထိုင်သော သူ့မိတ်ဆွေတစ်ဦးထံ အလည်ရောက်သွားရင်း အဲဒီလမ်းထိပ်က လဘက်ရည်ဆိုင်မှာ ထိုင်ဖြစ်ကြသည်။ ဆိုင်ထဲမှာ သူတို့နှစ်ဦး စကားကောင်းနေခိုက် တဘက်ဝိုင်းမှ “ဟိုမှာ စည်သူလွင်တို့အဖေ လာနေတယ်ဟေ့” ခပ်ကျယ်ကျယ် ပြောလိုက်သော စကားသံကြောင့် လဘက်ရည်ဆိုင် ဘေးက လူသွားလမ်းဆီ သတိထားကြည့်လိုက်ရာ လွယ်အိတ်ကြီး ဘိုသီဘတ်သီ လွယ်ထားသော လူကြီးတစ်ဦး လမ်းထိပ်သို့ ခပ်သွက်သွက်လျှောက်နေတာ တွေ့ရသည်။
အဖိုးကြီးက ဆိုင်ထဲမှာပြောလိုက်သံကို ကြားသွားပြီး ရုတ်တရက် ခြေလှမ်းကို အရှိန်သတ်လိုက်ကာ ဆိုင်ဘက် သို့ မျက်နှာမူလိုက်သည်။ ပြီးတော့မှ လက်ထဲမှာပါလာသော ထီးကောက်ကြီးဖြင့် လမ်းပေါ်ကို အသာ ထောက်ကာ-
“ငါ့ကို ဘယ်လိုပြောလိုက်တယ်ကွ.. စည်သူလွင်တို့အဖေ ဟုတ်လား..၊ ငွေကြည် ကွ ငွေကြည်..ကာတွန်း ငွေကြည်... စည်သူလွင်ကိုအမှီပြုပြီး နာမည်ကြီးတဲ့ကောင် မဟုတ်ဘူး။ စည်သူလွင် မမွေးခင်ကတည်းက... ကာတွန်းရေးပြီး နာမည်တစ်လုံးနဲ့ နေလာတာ.. မသိရင် မြဲမြဲ မှတ်ထားကြ” ဟု ပြောဆိုကာ ဒေါကြီးမောကြီးနှင့် ဆက်လျှောက်သွားသည် ဟူသတတ်..။ (ကာတွန်းဆရာငွေကြည်၏ ပုံပန်းသဏ္ဌာန်ကို စိတ်ကူးဖြင့်မှန်းဆ ဖော်ပြရခြင်း ဖြစ်ပါသဖြင့် လွဲချော်နေပါက မေတ္တာဖြင့် ခွင့်လွှတ်ကြပါကုန်)
..............................................................................................................................
ကျနော်လက်ရှိနေထိုင်သော ရပ်ကွက်ထဲမှာ ဆရာလွန်း ဟူသော စာပေသမားတစ်ဦးရှိပါသည်။ သူက ပြည်တွင်းမှာ ကတည်းက စာပေလောကမှာ အတော်အတန်နေရာရထားသူ။ ကဗျာ၊ ဝတ္ထုတိုများ ရေးသားသည့် အပြင် မဂ္ဂဇင်းတချို့မှာ အယ်ဒီတာ လုပ်ခဲ့ဖူးသည်။ ဒီကိုရောက်တော့လည်း စာပေလှုပ်ရှားမှု၊ အထိမ်း အမှတ်နေ့ အခမ်းအနားကိစ္စ၊ ရာသီအလိုက် ပွဲတော်များ ကျင်းပရေးကိစ္စတွေမှာ သူပါဝင်တတ်တာ များသဖြင့် သာမန်နေထိုင်သော ကျနော်တို့ထက် လူသိများသူဖြစ်ပါသည်။
တစ်နေ့ခါ  ရပ်ကွက်နားက ဘုန်းကြီးကျောင်းပေါ်မှာ အခမ်းအနားတစ်ခု စီစဉ်ကျင်းပရေး ဆွေးနွေးဖြစ်ကြသည်။ မိမိတို့ရပ်ကွက်တွင်းက လူများသာမက အခြားရပ်ကွက်မှ လူတချို့လည်းပါဝင်သည်။ အခမ်းအနား ဖြစ်မြောက်ရေး အခြေတည်ဆွေးနွေးမှုကို တက်ရောက်လာသူအားလုံး သဘောတူညီမှု ရရှိပြီးသကာလ ရှေ့ဆက်ဆွေးနွေး လုပ်ဆောင်ရန် လိုအပ်လာသည်။ သို့ဖြင့် ဆွေးနွေးပွဲအပြီး လူစုခွဲခါနီးတွင် အခြားရပ်ကွက်မှ လူတစ်ဦး ဆရာလွန်း အနီးသို့ ကပ်လာကာ-
“ဒီနေ့ဆွေးနွေးချက်တွေအပေါ်မှာ အားရတယ်ဆရာရေ့.. နောက်နေ့ဆက်ကြရအောင် ကျနော် ဆရာ့အိမ်ကို လာခဲ့မယ်.. ဘယ်လိုလာရမလဲ တချက်လမ်းညွှန်ပေးပါအုံး” ဟု စကားဆိုလာသဖြင့် ဆရာလွန်းက သူ့အိမ်ကလေး တည်ရှိသည့်နေရာကို အလွယ်ကူဆုံးဖြစ်အောင် လမ်းညွှန်ပေးရှာပါသည်။ သို့သော် တဘက်လူ မှာ ဆရာလွန်း ညွှန်ပြသောလမ်းကြောင်းကို ဘယ်လိုမှ စက္ခုအာရုံထဲပေါ်မလာနိုင်ဖြစ်နေသည်။ ဆရာလွန်းက လမ်းကြောင်း တစ်ခုပြောပြလိုက် သူတွေးတာနှင့် လွဲနေလိုက်၊ နောက်တစ်ကြောင်းချပြလိုက် ထပ်ပြီးဝေး သွားလိုက် လမ်းညွှန်လို့ ခရီးမပေါက်နိုင်ဖြစ်နေသည်။
ပြောနေရင်း ဆိုနေရင်း သူစိမ်းမိတ်ဆွေ အကြံပေါ်သွားပုံရသည်။ ဆရာလွန်း၏ပုခုံးကို ဆတ်ခနဲပုတ်လိုက်ကာ-
“သြော် ကျနော်တစ်ခုတွေးမိပြီဆရာ..”
“ဘာတွေးမိတာလည်း ပြောပါအုံး..”
“ကျနော်အဲဒီရပ်ကွက်ထဲကို ဖြတ်သွားဖြတ်လာလုပ်နေတာ ဆရာ့အိမ်ဘယ် နားမှာလဲလို့ သတိမထားမိဘူး။ ဒါပေမဲ့ ကျနော်ခင်တဲ့ ကလေးတစ်ယောက်ရှိတယ်။ ချစ်စရာလေးပဲ။ သူတို့အိမ်ကိုတော့ ကျနော်သိတယ် ဆရာ။ အဲဒါဆရာ့အိမ်နဲ့ သူတို့အိမ် ဘယ်လောက်ဝေးလဲ.. ကျနော် သူတို့အိမ်မှာ စုံစမ်းရင် ရနိုင်မလားလို့..”
“နေပါအုံးဗျ..ခင်ဗျားပြောတာ ဘယ်ကလေးလဲ မသိဘူး။ ကျနော့်ရပ်ကွက်ထဲမှာ ကလေးတွေက အများကြီး..”
“ဟိုကလေး ဆရာရယ်..အသားဖြူဖြူလေးနဲ့ သူ့ရုပ်ကြည့်ရတာ ကရင်ကလေးပုံပဲ..ကျနော်သိထားတာတော့ သူ့နာမည်က အုပ်ကြီး တဲ့”
သည်တော့မှ ဆရာလွန်း ကိုယ့်နဖူးကိုယ်ပြန်ထုလိုက်မိသည်။ စောစောက ပြောပါတော့လား မိတ်ဆွေရယ်..။ “ဟာဗျာ... ခင်ဗျား တော်တော်နောက်တဲ့လူပဲ။ ကျနော့်အိမ်က အုပ်ကြီးတို့အိမ်နဲ့ တစ်အိမ်ပဲကျော်တာ။ အုပ်ကြီး က ကျနော်တူလိုသားလို အင်မတန်ချစ်ရတဲ့ ကလေးပေါ့ဗျာ..”
ဆရာလွန်းစကားကိုကြားသောအခါ ဟိုလူခမျာ အတော်ကို အားတုံ့အားနာ ဖြစ်သွားရလေသည်။
“ဟုတ်လား ဆရာ၊ ဘယ်လိုမှ စိတ်မရှိပါနဲ့ဆရာရယ်...ကျနော်တကယ်ကို မသိတာပါ၊ မနက်ကျရင် ကျနော် ဆက်ဆက်လာခဲ့ပါ့မယ် ဆရာ” ဟု ကသောကမျောနှုတ်ဆက်၍ သုတ်သီးသုတ်ပျာ ထွက်သွား၏။
.......................................................................................................................................
ကျနော့်သူငယ်ချင်း ကိုဝင်းကို ကွမ်းယာဆိုင်ဖွင့်တော့ သူ့သားလေး၏ နာမည်ကို ဆိုင်နာမည်အဖြစ် သုံးသည်။ သူ့သားလေးကို ရပ်ကွက်ထဲကလူတွေ ချစ်ကြသည်မို့လား။ ကလေးကလည်း ချက်ချက်ချာချာ၊ နေရာတကာ သူရောက်သည်။ အတူကစားကြသော ကလေးအုပ်စုထဲမှာ သူက ဆရာကျသည်။ သူလုပ်တာကို ကျန်တဲ့ ကလေးတွေ လိုက်လုပ်လေ့ရှိသည်။ သူဓားကိုင်လျှင် ဓားကိုယ်စီ လိုက်ကိုင်သည်။ သူသေနတ်ဆိုလျှင်လည်း သေနတ်တွေကိုယ်စီ။ သူတို့အိမ်နီးချင်း ကလေးမိဘတွေပင် သူ့ခြေရာလက်ရာကို သတိထားကြည့်နေရသည်။ သူ့လက်ထဲမှာ ဘာရှိနေသလဲ။ မော်တော်ကားလား၊ လေယာဉ်ပျံလား။ ကြိုသိထားပါမှ သားသမီးတွေ ပူစာလာ လျှင် ချင့်ချိန်ပြင်ဆင်နိုင်မှာ ဖြစ်သောကြောင့်ပင်။
.................................................................................................................................
ပြီးခဲ့သော ရှစ်လေးလုံး အထိမ်းအမှတ်နေ့မှာ ကိုဝင်းကိုလည်း အမှတ်တရ စာတစ်ပုဒ်ရေးသည်။ ၈၈ လှုပ်ရှားမှု မှာ သူက တာမွေ အထက(၂) ကျောင်းသားတစ်ဦးအနေဖြင့် ပါဝင်ခဲ့သည်။ သူကြုံတွေ့ဖြတ်သန်းခဲ့ရသော ၈၈ အရေးတော်ပုံကာလအတွင်းမှ ပုံရိပ်တချို့ကို ပြန်ပြောင်း သရုပ်ဖော်တင်ပြခြင်း ဖြစ်သလို အဲဒီစာပုဒ်ကလေးမှာ သူ၏ ပထမဆုံးသော စာပေလက်ရာလည်း ဖြစ်ပါသည်။ စာပေခရီးအစမှာပင် သူ့လက်ရာလေး အတော် ပေါက်သွားသည်။ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ comment တွေ ဝေဝေဆာဆာ တွေ့ရသည့်အပြင် ဒီဘက်က အဖွဲ့အစည်းတွေထုတ်သော စာစောင်တချို့မှာပါ ဖော်ပြခြင်းခံရ၏။ သူ့ခမျာ ပျော်လိုက်သည့် ဖြစ်ခြင်း။
ကိုဝင်းကိုတစ်ယောက် သူရေးထားသော လက်ရေးစာမူလေးကိုကိုင်ကာ ကျနော့်အိမ်သို့ ရောက်လာ၏။ သူ့စာမူလေးကို ပေးဖတ်ကာ အကြံပြုဝေဖန်ချက်တောင်းသည်။ သို့သော် သူလုပ်ပေးစေချင်သည်ကို မပြောဘဲနှင့် ကျနော်သိထားသည်။ သူ့စာမူကို အချောဖြစ်အောင် ကျနော်စာရိုက်ပေးရပါမည်။ သူဖတ်ပြတာကို ကျနော်က ရိုက်ပေးသည်။ တချို့အသုံးအနှုံးတွေမှာ နှစ်ယောက်သား ကောင်းနိုးရာရာ ဆွေးနွေး ညှိနှုင်း ကြသည်။ သို့နှင့် စာပိုဒ်လေး အဆုံးသတ်သွားသည်။ သူရွေးချယ်ထားသည့် ခေါင်းစဉ်က “အတိတ်မှသည် ပစ္စုပ္ပန်ဆီသို့” ။
“ကလောင်နာမည်ကရော ဘယ်လိုသုံးမလဲ” ဟု ကျနော်သူ့ကိုမေးသောအခါ ချက်ချင်း သူမဖြေနိုင်။ သူ့စိတ်ထဲမှာ အဆင်သင့် စဉ်းစားထားပုံမရ။ ခပ်တွေတွေလေး သူစဉ်းစားသည်။ ပြီးတော့ ကျနော့်မျက်နှာကို မော့ကြည့်ပြန်သည်။ ကျနော် မတတ်နိုင်ပါ။ သူမွေးသောကလေး သူကိုယ်တိုင် နာမည်ပေးဖို့ တာဝန်ရှိသည်။ သူအကြံအိုက်နေပုံရသည်။ အိမ်ပေါ်မှ သုတ်ခနဲဆင်းသွားကာ ကွမ်းယာဆိုင်မှ ကွမ်းတစ်ထုပ် ဝယ်လာသည်။ ကျနော်က ကွမ်းတစ်ယာ ကောက်ဝါးလိုက်ပေမဲ့ သူလိုချင်တဲ့စကား မဟဖြစ်သေး။ နောက်ဆုံး..သူ့စိတ်ထဲမှာ ဆုံးဖြတ်လိုက်ဟန်ရှိသည်။
“မင်းအုပ်ပိုင် နာမည်သုံးရင် ကောင်းမလား..”
“ခင်ဗျားသဘောပဲလေ...ကြိုက်တာသုံးပေါ့”
ကျနော်က ‘မင်း’ ဟု အစပြုလိုက်ရာ သူက ‘နေအုံး’ ဆိုကာ တားမြစ်ပြန်သည်။
“အဲလိုတော့ မလုပ်နဲ့လေ၊ ရပ်ကွက်ထဲခေါ်တဲ့အတိုင်း ‘အုပ်ကြီး’ လို့သာရေးလိုက်” တဲ့။ သူပြောသည့်အတိုင်း ကျနော်ရေးပေးလိုက်သည်။
အဲဒီအချိန်မှာ ကိုလူဗိုလ် ဆိုက်ဆိုက်မြိုက်မြိုက် ပေါက်ချလာ၏။
“ဟေ့လူတွေ ဘာလုပ်နေတာလဲ”
“ဒီမှာ ကိုဝင်းကို ရေးတဲ့စာလေး ရိုက်ပေးနေတာ.. ပြီးတော့သွားပြီ၊ ဖတ်ကြည့်ပါအုံး”
ကိုလူဗိုလ်က စာတစ်ပုဒ်လုံး အစမှအဆုံးတိုင် စေ့စေ့စပ်စပ်ဖတ်သည်။ သူ့ထုံးစံအတိုင်း တချို့ စာကြောင်း၊ စာပိုဒ် အထားအသိုလေးတွေ ပြင်ပေးနေ၏။ စိတ်တိုင်းကျ ဖတ်ပြီးသောအခါ ကိုဝင်းကို ဘက်လှည့်ပြီး-
“တခြားတော့ ပြောစရာမရှိပါဘူးဗျာ.. ကလောင်နာမည်က ‘အုပ်ကြီး’ ဆိုတာကို ကျနော် သိပ်ပြီးဘဝင်မကျဘူး ဖြစ်နေတယ်။ ခင်ဗျားက အုပ်ကြီးရဲ့ အဖေဆိုတော့ ‘အုပ်ကြီးဖေ’ ဒါမှမဟုတ် ‘အုပ်ကြီးပါ’ လို့ရေးရင် ပိုလှမယ် ထင်တယ်ဗျ”
ကိုဝင်းကို ခေါင်းတအားရှုပ်သွားပြီ။ နဖူးပြင်ပေါ်စီးကျလာသော ချွေးတွေကို လက်ဖြင့်သပ်ချလိုက်ပြီး ပါးစပ် ထဲမှာ မြုံ့နေသော ကွမ်းတံတွေးကို “ဖွီ” ခနဲ ထွေးထုတ်လိုက်ရင်း-
“ရှုပ်ပါတယ်ဗျာ.. ‘အုပ်ကြီးဖေ’ ပဲ လုပ်လိုက်တော့”
ဤသို့နှယ် ယနေ့တိုင် သူရေးသော စာတွေမှာ ကလောင်ရှင် “အုပ်ကြီးဖေ” နာမည်တွင်နေပါတော့သည်။
 ဝေမော်

တက္ကသိုလ်သင်ကြားမှုပုံစံ ပြောင်းလဲရန် အချိန်ယူရမည်ဟု ပညာရှင်များပြောဆို

ဘွဲ့လွန်သင်တန်း ကျောင်းသားများအား သင်ကြားမှုပုံစံ ပြောင်းလဲရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ဘွဲ့လွန် ကျောင်းသား များအား သင်ကြားရာတွင် ယခင်သင်ကြားသည့် Teacher Centered မဟုတ်ဘဲ ကျောင်းသားများကို အလေးထား သင်ကြား သည့် Student Centered ကို အဓိကထားသင်ကြားရန် စီစဉ်နေကြောင် သတင်းများထွက်ပေါ်နေပြီး၊ တက္ကသိုလ်များတွင် တရားဝင်မဟုတ်သည့် ပြောဆိုမှုများ ရှိကြောင်း သိရသည်။
သင်ကြားမှုပုံစံ ပြောင်းလဲခြင်းရှိမရှိနှင့် ပတ်သက်၍ မော်လမြိုင်တက္ကသိုလ် မှတွဲဖက် ပါမောက္ခ တဦးအား မေးမြန်းရာ “မော်လမြိုင် တက္ကသိုလ် ကိုတော့ သင်ကြားရေး ပုံစံပြောင်းလဲဖို့ ညွန်ကြားချက် ဘာမှ မရသေးဘူးဗျ၊ ဒီသတင်းမှန်ရင်တော့ မကြာခင် သိလာရမှာဘဲ။ တခုတော့ရှိတယ် သင်ကြားရေး ပုံစံပြောင်းလဲဖို့ ဆိုတာ ကျနော့်အတွေ့အကြုံအရဆို နောင် (၁၀)နှစ် (၁၅) ဆိုရင် ဖြစ်နိုင်ခြေရှိတယ်၊ ကျနော် လွန်ခဲ့တဲ့ ၁၆ နှစ်လောက်က နိုင်ငံခြားတက္ကသိုလ် တခုမှာ ဘွဲ့လွန် တက်ခဲ့တယ်။ သူတို့ရဲ့ တက္ကသိုလ်ဆိုတာ ဗဟိုထိမ်းချုပ်မှု ကင်းတဲ၊့ အာဏာပိုင်တွေနဲ့ မပတ်သက်တဲ့ နေရာဖြစ်နေတယ်” ဟုပြောဆိုခဲ့သည်။
မြန်မာနိုင်ငံဒုတိယ သမ္မတ စိုင်းမောက်ခမ်းမှ မြန်မာနိုင်ငံတွင် တက္ကသိုလ်ကောလိပ် ၁၆၁ ခုရှိပြီး နှစ်စဉ် ဘွဲ့ရ တစ်သိန်းကျော် ပေါ်ထွက်နေသော်လည်း အရည်အချင်း ညံ့ဖျင်းသည့် ဘွဲ့ရများ တွေ့နေရသည့် အတွက် သင်ကြားရေး ပုံစံများပြောင်းရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
ဒေါက်တာ စိုင်းမောက်ခမ်း၏ ပြောဆိုမှုနှင့်ပတ်သက်၍ “ ပြောရရင်တော့ဗျာ နိုင်ငံတော် ဘတ်ဂျက်ခွဲဝေမှု မှာ စစ်ရေးအတွက် သုံးတဲ့ငွေကို ပညာရေးအတွက် သုံးရင်တော့ ဖြစ်နိုင်ပါတယ်၊ ဒီလိုဖြစ်ဖို့က နောင် (၁၀) နှစ် အနည်းဆုံးလိုတယ်လေ၊ စနစ်တခုကနေ တခုကိုပြောင်းတယ် ဆိုတာ ပြောသလောက် ထင်သလောက် မလွယ်ဘူး၊ အခုကတည်းက စပြောင်းမှ နောင် (၁၀) နှစ်လောက်ဆို အဆင်ပြေမယ်” ဟု ဝေဘန်ပြောဆိုခဲ့သည်။
“ဒီလိုပြောင်းလဲဖို့ ပထမဆုံးလုပ်ရမှာက တက္ကသိုလ်ဆရာ တွေကို သင်တန်းပေးရမယ်၊ ဆရာတွေရော ကျောင်းသားတွေရော ခေါက်ရိုးကျိုးနေတဲ့ သင်ကြားမှု၊ လေ့လာမှုနဲ့ ယဉ်ပါးနေတော့ အချိန်တော့ ယူရမယ်၊ ကောင်းတဲ့လက္ခဏာဘဲလို့မြင်တယ်” ဟုပြောဆိုခဲ့သည်။ နိုင်ငံခြားတက္ကသိုလ်များကဲ့သို့ သင်ကြားနိုင်ရေးသည် အရေးကြီးကြောင်း၊ သို့ရာတွင် သင်ထောက်ကူ ပစ္စည်းများကို နှစ်တိုအတွင်း ဖြည့်ဆည်းရန် ဖြစ်နိုင်ခြေ မရှိကြောင်း ပြောဆိုခဲ့သည်။
ရန်ကုန်တက္ကသိုလ်သမိုင်းဌာနမှ ပါမောက္ခတဦးအား မေးမြန်းရာ “ခင်ဗျားမေးတဲ့ ကိစ္စကို ကျနော် မသိရသေးဘူး၊ ဟုတ်ရင်လည်းဟုတ်မှာပေါ့၊ သူတို့က ပညာရေးကို ခဏခဏ ပြောင်းတာ ကောင်းတယ်လို့ ထင်တာကိုး၊ မြန်မာနိုင်ငံကို ခေတ်မှီနိုင်ငံ ဖြစ်ချင်ရင်တော့ နိုင်ငံရေးစနစ်နဲ့အတူ ပြောင်းလဲရမှာက ပညာရေးနဲ့ စီးပွားရေးဘဲ၊ ဒီဟာတွေကို မပြောင်းဘဲနဲ့ ခေတ်မှီချင်တယ်ဆိုရင်တော့ စိတ်ကူးယဉ် ဆန်တာပဲ၊ ဒုသမ္မတပြောတဲ့ ကျောင်းသားတွေက အရည်အချင်းမရှိတာ မဟုတ်ဘူး၊ နိုင်ငံကို အုပ်ချုပ်တဲ့ လူက အရည်အချင်းမရှိတာ” ဒုသမ္မတ၏ ကျောင်းသားများအပေါ် မှတ်ချက်မှုကို ဝေဖန်ပြောဆိုခဲ့သည်။
စောပြည့်ညို
 
Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com

0 comments:

Post a Comment