မြန်မာသတင်းများ ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၁၂
ပိတ်ဆို့အရေးယူမှုတွေ စလျှော့ဖို့ အီးယူနိုင်ငံတွေ သဘောတူ
မြန်မာအစိုးရရဲ့ ပြုပြင် ပြောင်းလဲရေးတွေကို အားပေး ထောက်ခံတဲ့ အနေနဲ့ ပိတ်ဆို့ အရေးယူမှုတွေကို စတင် လျှော့ချသွားဖို့ ဥရောပသမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံတွေ တနင်္လာနေ့က သဘောတူခဲ့ ကြကြောင်းသိရသည်။
ထားဝယ် အထူးစီးပွားရေးဇုံ စီမံကိန်းမှာ ပြည်ပ အစုရှယ်ယာရှင်တွေလို
ထားဝယ် အထူးစီးပွားရေးဇုံ စီမံကိန်း ရင်းနှီးမြုပ်နှံမှုမှာ မြန်မာနဲ့ ထိုင်း အစိုးရအပြင် ပြည်ပ အစုရှယ်ယာရှင်တွေပါ ဟန်ချက်ညီညီ ပါဝင်ဖို့ လိုအပ်တယ်လို့ စီမံကိန်း အကောင် အထည်ဖော်မယ့် ITD အီတာလျံ-ထိုင်း ကုမ္ပဏီ ထိပ်တန်း အရာရှိတစ်ဦးက ပြောကြောင်းသိရသည်။ပါကစ္စတန်သမ္မတနဲ့ အိန္ဒိယ၀န်ကြီးချုပ်တို့ မြန်မာနိုင်ငံကို လာမည်
မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးဖို့နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ ပါကစ္စတန်နိုင်ငံ သမ္မတ မစ္စတာဇာဒါရီဟာ မြန်မာနိုင်ငံကို နှစ်ရက်တာ ခရီးစဉ်အဖြစ် ဒီကနေ့ ရောက်လာဖို့ ရှိကြောင်းသိရသည်။ဦးခင်ညွန့် မြရိပ်ညို ဖေါင်ဒေးရှင်း နာယက တာဝန်ယူမည်
မကြာသေးခင်က လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ ၀န်ကြီးချုပ်ဟောင်း၊ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ဟာ မြရိပ်ညို ပညာရေးနဲ့ ကျန်းမာရေး ဖောင်ဒေးရှင်းကို နာယက အဖြစ် ဦးဆောင်မယ်လို့ သိရပါတယ်။ထောင်ကျခံမယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ပြော
ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်၊ အင်းစိန်ထောင်ထဲကို တရားမ၀င် သွင်းဖို့ ကြိုးစားတယ် ဆိုပြီး စွဲချက်တင်ထားတဲ့ အမှု အတွက် ငွေဒဏ် ချမှတ်မယ် ဆိုရင်တောင် မိမိအနေနဲ့ ထောင်ဒဏ်ကျခံဖို့ ဆုံးဖြတ်တယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က အာအက်ဖ်အေကို ပြောကြောင်းသိရသည်။ပေးထားတဲ့ကတိ မတည်တာကြောင့် မန်းငြိမ်းမောင် အံ့သြမိ
လွှတ်ပေးမယ်လို့ ကတိပေးထားပါလျက် နောက်ထပ် ပုဒ်မကြီးတွေ တပ်ပြီး ရုံးထုတ် စစ်ဆေးခံရတာကို အလွန် အံအားသင့်မိကြောင်း အင်းစိန် အကျဉ်းထောင်တွင်း ထိန်းသိမ်းခံထားရတဲ့ KNU ဗဟို ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောဆိုကြောင်း အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားရုံးချုပ် ရှေ့နေကြီး ဦးကြီးမြင့်က ပြောကြောင်းသိရသည်။
ရှမ်းပြည် တိုးတက်ရေး ပါတီနဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးမယ်
မိမိတို့ ဗဟိုကိုယ်စားလှယ် အဖွဲ့နဲ့ ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့ မကြာခင် တွေ့ဆုံ ဆွေးနွေးတော့မယ်လို့ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA-မြောက်ပိုင်းတပ်ဖွဲ့က မနေ့က ပြောဆိုလိုက် ကြောင်းသိရသည်။အစိုးရတပ်တွေ လူ့အခွင့်အရေး ချိုးဖောက်နေကြောင်း HRW အဖွဲ့ ထုတ်ပြန်
မြန်မာနိုင်ငံမှာ ၂ဝ၁၁ ခုနှစ်အတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိခဲ့ပေမယ့် တိုင်းရင်းသားနယ်မြေတွေ မှာ စစ်ပွဲတွေ ပြင်းထန်ခဲ့ပြီး အစိုးရတပ် က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်းသိရသည်။၈၈ ကျောင်းသားတွေရဲ့ ထုတ်ပြန်ချက် ရွှေညဝါဆရာတော် ကြိုဆို
၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ သဘောထားထုတ်ပြန်ချက်အပေါ် ကြည့်မြင်တိုင် သာဓုကျောင်းတိုက် ရွှေညဝါဆရာတော်နဲ့တကွ သံဃာတော်တွေက ကြေညာချက်တစောင် ထုတ်ပြန်ပြီး ချီးမွမ်းကြိုဆိုလိုက်ကြောင်းသိရသည်။ပြောင်းလဲမှုအဆင့်တွေ လိုနေသေးကြောင်း ဂျွန်မက်ကိန်းပြော
မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အဆင့်တွေ လိုသေးတယ်လို့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းထောက်တွေကို ပြောဆိုကြောင်းသိရသည်။ပါကစ္စတန် သမ္မတ မြန်မာပြည်လာမည်
ပါကစ္စတန် သမ္မတ အဆစ်ဖ် အလီဇာဒါရီ (Asif Ali Zardari) ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ဖို့ ရှိနေပါကြောင်းသိရသည်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တွေကို တုံ့ပြန်တဲ့အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှု တချို့ကို ဥရောပသမဂ္ဂက လျှော့ပေးလိုက်ကြောင်းသိရသည်။ဒေါ်စု ပါတီစည်းရုံးရေး နယ်ခရီး စမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေး နယ်လှည့် ခရီးစဉ်တွေကို မကြာခင် စတင်တော့မှာ ဖြစ်ကြောင်းသိရသည်။မြန်မာနိုင်ငံခြားရေးဝန်ကြီး အိန္ဒိယရောက်
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်နဲ့ အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေကြောင်းသိရသည်။နိုင်ငံရေးအကျဉ်းသားဟောင်း ထောင်တွင်းနှိပ်စက်မှုကြောင့် သေဆုံး
နိုင်ငံရေးအကျဉ်သားဟောင်း ကိုသက်နွယ်ဟာ စစ်ကြောရေးကာလနဲ့ ထောင်တွင်း နှိပ်စက်ညှင်းပမ်းမူ ဒဏ်တွေကြောင့် ဒီလ ၂၂ ရက်နေ့က ကွယ်လွန်သွားကြောင်းသိရသည်။ရွေးကောက်ပွဲ နိုင်ငံတကာ လေ့လာခွင့် မက်ကိန်း တိုက်တွန်း
အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန် မက်ကိန်းက ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်ရန် နှင့် နိုင်ငံတကာစောင့်ကြည့်လေ့ လာရေး အဖွဲ့များ ၀င်ရောက်ခွင့်ပြုရန်တို့ကို သမ္မတ ဦးသိန်းစိန် အား တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။
ရှမ်းနီလူမျိုးများအတွက် ရှမ်းနီပါတီ ထူထောင်
ရှမ်းနီလူမျိုးစုများ တန်းတူအခွင့်အရေး ရရှိနိုင်ရန်အတွက် တိုင်းလိုင် (ခေါ်) ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)ကို ထူထောင်ရခြင်း ဖြစ်ကြောင်း ပါတီခေါင်းဆောင် ဦးစောဝင်းထွန်း က ပြောသည်။ ဇန်န၀ါရီလ ၂၀ ရက်နေ့က ရှမ်းနီလူမျိုး ဦးစောဝင်းထွန်း အပါအဝင် (၁၈)ဦးမှ နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
“MPU စနစ်ကို မကြာမီ အသုံးပြုနိုင်တော့မှာပါ။ မြန်မာဘဏ်အားလုံး ချိတ်ဆက် အသုံးပြုရမှာ ဖြစ်ပါတယ်။ ထုတ်ဝေထားပြီးဖြစ်တဲ့ အေတီအမ်ကတ်တွေလည်း ဒီစနစ်ကို ပြန်ချိတ်ဆက်ဖို့လိုတယ်။ မြန်မာ ဘဏ်အချင်းချင်း ချိတ်ဆက်သလို နိုင်ငံတကာ ဘဏ်တွေနဲ့လည်း ချိတ်ဆက်သွားမှာပါ။ ၂၀၁၃ ခုနှစ်မှာ နိုင်ငံတကာမှာ MPU ကတ်သုံးနိုင် ဖြစ်သလိုမြန်မာနိုင်ငံမှာလည်း တခြား နိုင်ငံက ကတ်တွေ၊ နိုင်ငံတကာသုံး ကတ်တွေဖြစ်တဲ့ VISA ကတ်တို့၊ Master ကတ်တို့ကိုလည်း မြန်မာပြည်မှာ သုံးစွဲနိုင်မှာဖြစ်ပါတယ်”ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ ဒုတိယဥက္ကဋ္ဌ ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။
“နိုင်ငံရေးအရ ယုံကြည်စိတ်ချမှုကို စိတ်အားထက်သန်စွာ မျှော်လင့်နေတယ်”
(တိုင်းရင်းသားလူငယ် ကိုတင်ထူးအောင် နှင့် အင်တာဗျူး)
။ ကိုတင်ထူးအောင်သည် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ လူထုလှုပ်ရှားမှု ကြီးကြပ်ရေးကော်မတီတို့တွင် တာဝန်ပေးအပ်ခံရကာ တိုင်းရင်းသား လူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ မူဝါဒနှင့် နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဖြစ်သည်။
၂၀၀၇ ခု လောင်ဆာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေး၊ သံဃာများမေတ္တာပို့ ဆန္ဒဖော်ထုတ်ပွဲတို့တွင် တက်ကြွစွာ ပါဝင်ခဲ့သဖြင့် ၂၀၀၇ ခု အောက်တိုဘာတွင် အာဏာပိုင်များ၏ ဖမ်းဆီးပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရသည်။ အယူခံဝင်ခဲ့သဖြင့် နှစ် ၂၀ သာ ကျန်ပြီး အင်းစိန်ထောင်နှင့် ခန္တီးထောင်တို့တွင် ၄ နှစ်ကျော် ကျခံပြီးနောက် သမ္မတဦးသိန်းစိန်၏ ဇန်နဝါရီ ၁၃ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ခန္တီးထောင်မှ လွတ်မြောက်လာသည်။ ခန္တီးထောင်တွင် ၃ နှစ်ကျော် နေခဲ့ရသည်။
အသက် ၃၀ ကျော်အရွယ်ရှိ ကိုတင်ထူးအောင်၏ နိုင်ငံရေးဘဝဖြတ်သန်းမှုနှင့် သဘောထား၊ ထောင်တွင်း အတွေ့အကြုံတို့ကို သိရှိနိုင်ရန် ဆက်သွယ် မေးမြန်းထားသည်။
ကိုတင်ထူးအောင်ကို ပုဒ်မ ဘယ်နှခုလောက် အတပ်ခံရတာလဲ။
“ပုဒ်မ ၉ ခု အတပ်ခံရပါတယ်။ ၃၃-က တွေလည်း ပါတယ်။ ကိုမင်းကိုနိုင်တို့နဲ့ တွဲထားတဲ့ ပုဒ်မတွေကိုတော့ ကျနော့်ကို အမိန့်ချခါနီးမှ ဆိုင်းငံ့လုပ်လိုက်ပါတယ်”
“ခန္တီးထောင်မှာ ကျန်နေခဲ့တဲ့ လူတွေထဲကတော့ နာဂလက်နက်ကိုင်နဲ့ပတ်သက်ပြီး ကျနေတဲ့ ကိုဒေးဗစ်ဆန်းရယ်၊ MI က ဗိုလ်မှူးချုပ်သန်းထွန်း၊ ဝ’ က မူးယစ်ဆေးဝါးနဲ့ ထောင်ဒဏ် တသက် ကျနေတဲ့ ဦးအိုက်စံ၊ ဦးခင်ညွန့်ရဲ့ ပီအေ ဦးနိုင်ဌေး၊ မုံးကိုး အထူးဒေသ-၁ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲထားတဲ့ ဒုဥက္ကဌ ဦးဇော်လရယ် ကျန်ပါသေးတယ်။ ဘူးသီင်္းတောင်ထောင်ထဲမှာ သူတို့ အဖွဲ့က ဥက္ကဋ္ဌ ဦးမူဆာလ ဆုံးသွားပါပြီ”
ထွက်လာတော့ နိုင်ငံရေးအကျဉ်းသားလို့ ပြောလို့ရတာ အတူတူ ဘယ်နှစ်ယောက်ပါလဲ။
“ကိုထင်ကျော်၊ ကိုနေဝင်းစိုး၊ ကိုကျော်မိုးဦး၊ ဘုန်းကြီး ဦးပါကတ၊ ကိုဖိုးတုတ်၊ ဖိုးကျော်၊ မထားထားသက်။ ကိုနေဝင်းစိုး က ဒေါက်တာနိုင်အောင်တို့ FDB နဲ့ပတ်သက်ပြီးတော့ ဒီဘက်ကို ကူးလာတာမှာ ကျတဲ့သဘောပါ။ ကိုကျော်မိုးဦးက လှိုင်သာယာဘက်မှာ စက်ရုံတခုမှာ ဗုံးကို မြောင်းထဲမှာ ချထားတယ်ဆိုပြီးတော့ ဆွဲတာပါ။ ကိုဖိုးတုတ်က ယူဂျီပေါ့ labor နဲ့ပတ်သက်တာပါ။ ကိုဖိုးကျော် သူ့အဖေက NLD က မုံရွာ ဦးညီပု ဒေါင်းရုပ် ဆွဲတယ်ဆိုပြီးတော့ ချလိုက်တာပါ။ မထားထားသက်က အမေရိကန်စင်တာမှာ အလုပ်သမားကိစ္စပြောလို့ ဖမ်းခံရတဲ့ ကိုသူရိန်အောင် တို့အုပ်စု အဆက်စပ်ပါပဲ။ ယူဂျီလုပ်ငန်းတွေလုပ်ရင်းကျတာပါ။ ဦးပါကတ ကျတော့ ဟိုဘက်က ကိုမောင်မောင်ကြီး (NDD) တို့ သင်တန်းပေးပြီးတော့ ဒီဘက်ပြန်ဝင်လာတဲ့ အချိန်မှာ အဖမ်းခံရတာပါ”
အရင်တုန်းက ထောင်ကျဖူးသေးလား။ ၁၉၈၈ ခုမှာ ပါခဲ့သေးလား။ ပညာရေးအခြေအနေ။
“ရှစ်ဆယ့်ရှစ်မှာ မပါပါဘူး။ ကျနော်တို့က ပထမ တကြိမ် စစ်ထွေထောင်မှာ ကျခဲ့ဖူးပါတယ်။ ၂၀၀၃ ခုနှစ်က ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ အာဏာအလွဲသုံးစားမှုကို ကျနော်က စစ်ထွေတက္ကသိုလ် ဒုတိယနှစ် ဥပဒေကျောင်းသားအနေနဲ့ ဆန့်ကျင်ခဲ့တဲ့အတွက်ကြောင့် စစ်ထွေထောင်မှာ ထောင် ၇ နှစ် ကျခံခဲ့ရပါတယ်။ တနှစ်ကျော်လောက်ပဲ နေခဲ့ရတယ်။ အဲဒီမှာ ကိုမင်းကိုနိုင်နဲ့ သိကျွမ်းလာပြီးတော့ ၂၀၀၅ ခုမှာ အမျိုးသားထောက်လှမ်းရေးတွေရဲ့ မလျော်မကန် လုပ်ရပ်တွေကြောင့်ဆိုပြီး ကျနော်တို့ကို လွှတ်ပေးလိုက်တဲ့ အချိန်မှာ ကျနော်တို့က ၂၀၀၅ ခုနှစ်မှာမှ ၈၈ မျိုးဆက်ကျောင်း သားများဆိုပြီး ဖွဲ့စည်းခဲ့တာဖြစ်တယ်။ ကိုမင်းကိုနိုင်ကိုက ၁၀ (က) နဲ့ နှစ်စေ့လို့ လွှတ်ပေးလိုက်တာပါ”
ဒေသဆိုင်ရာအာဏာပိုင်တွေဆိုတာ ဘယ်သူတွေကိုပြောတာလဲ။
“ရခိုင်ပြည်နယ်ရဲ တိုင်းမှူး အဓိကပါ။ တိုင်းမှူးထုတ်ပြန်ထားတဲ့ ဥပဒေကို ကျနော်က ဆန့်ကျင်တဲ့အတွက်ကြောင့်ပါ။ အဲဒီတုန်းက တိုင်းမှူးက ဗိုလ်ချုပ်မောင်ဦးပါ။ ဥပမာ ဆိုင်ကယ်နဲ့ ပတ်သက်လို့ ဒဏ်ငွေရိုက်တယ်၊ အဲဒါတွေကို ဖြတ်ပိုင်းမပေးဘူး။ အဲဒါမျိုး ငွေအလွဲသုံးစားလုပ်တဲ့ကိစ္စတွေပါ”
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ဘာကြောင့်ဖွဲ့ရလဲ။ စဖွဲ့ချိန်မှာ ပါဝင်ခဲ့ပုံ။
“၈၈ နောက်ပိုင်း ကျောင်းသားတွေ အကုန်လုံး ပါလာနိုင်အောင်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံချက်ရှိဖို့၊ အကြောက်တရားတွေ ပယ်ဖျောက်နိုင်ဖို့အတွက်ပါ။ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးဆိုပြီး မရှိပါဘူး။ အလျားလိုက် ဖွဲ့စည်းပုံပေါ့ အကိုရာ။ ကိုမင်းကိုနိုင်ကိုတော့ ခေါင်းဆောင်အနေနဲ့ ထားပြီးတော့ ကျန်တာကတော့ ပူးပေါင်းလုပ်ဆောင်မှုပုံစံ ဖြစ်ပါတယ်။ အစက ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုပြုံးချိုတို့ သူတို့ အဓိက ညှိနှိုင်းပြီးတော့မှ ကျနော်တို့ အငယ်တွေ ပါဝင်လာတာ ဖြစ်ပါတယ်”
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နဲ့အတူ လှုပ်ရှားနေတုန်း ဘယ်လို ဖမ်းခံရတာလဲ။
“အဲဒီဟာမှာ ပါလာပြီး နောက်ပိုင်းကျတော့ တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဆိုပြီး ဖွဲ့စည်းပါတယ်။ အဲဒီမှာ တိုင်းရင်းသားကိစ္စတွေကို ပိုပြီးအာရုံစိုက်ဖို့အတွက် လိုအပ်လာတယ်လို့ ထင်တဲ့အတွက် တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှာ ကျနော် ပါဝင်လာတာဖြစ်ပါတယ်။ နောက်တော့ လောင်ဆာဆီဈေးတက်ပြီးတော့ ကုန်ဈေးနှုန်း ကျဆင်းရေးတွေ ဘာတွေနဲ့ ဆန္ဒပြတဲ့ကိစ္စတွေ ဖြစ်လာတဲ့အခါ ကျနော်တို့ ကိုမင်းကိုနိုင်တို့ကို နအဖ က လိုက်ဖမ်းတဲ့အတွက် ရှောင်တဲ့လူကရှောင်၊ ဖမ်းခံရသူကဖမ်းခံရ ဖြစ်လာပါတယ်”
တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဆိုတာ ဘယ်သူတွေ ပါတာလဲခင်ဗျ။
“ပြည်တွင်းမှာရှိတဲ့ ၁၉၉၀ အနိုင်ရ တိုင်းရင်းသားပါတီတွေက nominate လုပ်ထားတဲ့ လူငယ်တွေ၊ နောက် တခြားတက်ကြွလှုပ်ရှားတဲ့ တိုင်းရင်းသားလူငယ်တွေ ပါဝင်ကြပါတယ်။ UNA တို့ UNLD တို့မှာ ပါတဲ့ ပါတီတွေကို ပြောတာပါ”
ကိုတင်ထူးအောင်က ၂၀၀၇ မှာ တိုင်းရင်းသားလူငယ်များ ပူးပေါင်ဆောင်ရွက်ရေးအဖွဲ့အနေနဲ့ အဓိကပါဝင်ခဲ့တဲ့ သဘောလား။
“၂၀၀၇ စက်တင်ဘာ လူထုလှုပ်ရှားမှုကို စနစ်တကျဖြစ်အောင် ဆိုပြီးတော့ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ တိုင်းရင်းသားလူငယ်တွေ၊ သံဃာတော်တွေ၊ အနုပညာရှင်တွေ ပူးပေါင်းပြီး ဖွဲ့လိုက်တာ ဖြစ်ပါတယ်”
“ကျနော်က မူဝါဒနဲ့ နိုင်ငံခြားရေးတာဝန်ခံ တာဝန်ဖြစ်ပါတယ်။ ကိုကျော်စိုးက မူဝါဒနဲ့ နိုင်ငံရေး တာဝန်ခံပါ။ ကိုကျော်ဝင်းချေနဲ့ မောင်သန်းရွှေ ကျတော့ သီးသန့်တာဝန်မရှိခဲ့ပါဘူး။ ကျနော်တို့ကို ကူတာပါ။ အခု အစည်းအဝေးထိုင်ဖို့က ကျနော်တို့ မရသေးပါဘူး။ ကိုစိုင်းမင်းလွင်တို့နဲ့ တွေ့ပြီးပါပြီ။ ကိုကျော်စိုးနဲ့ ဒီနေ့တွေ့ဖို့ ချိန်းထားပါတယ်။ ကိုစိုင်းမင်းလွင်က သတင်းနဲ့ပြန်ကြားရေး တာဝန်ခံပါ။ သူက ဦးရွှေအုန်းတို့နဲ့ ပတ်သက်ပြီး ပါလာတာပါ။ သူက ရှောင်တိမ်းလိုက်တဲ့အတွက် အဖမ်းမခံလိုက်ရပါဘူး”
၂၀၀၇ ခု ဆန္ဒပြတာမှာ ပါခဲ့လို့ ဖမ်းခံရတာက ဘယ်တုန်းကလဲ။
“သြဂုတ်လ ၂၄ ရက်နေ့ည ည ၁၁ နာရီခွဲလောက်မှာ ကျနော့်အိမ်ကို လာဖမ်းပါတယ်။ ပူးပေါင်းအဖွဲ့လို့တော့ သူတို့က ပြောတာပဲ။ အက်စ်ဘီ၊ ရယက၊ စွမ်းအားရှင်တွေရော အများကြီး ပါတယ်လို့ ပြောပါတယ်။ ကျနော်ရယ်၊ မစန္ဒာမင်း၊ ကိုကြီးသန်းရယ်၊ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်။ တချိန်ထဲမှာ ကျနော်တို့ အိမ်တွေကို ဝိုင်းတဲ့သဘောပါ။ ကျနော့်အိမ်က တံခါးနှစ်ထပ်ရှိတဲ့အတွက် ပထမ တထပ်ကို ဖွင့်နေတဲ့အချိန်မှာ ကျနော်က မသင်္ကာတဲ့အတွက် နောက်ဖေးပေါက်က ရှောင်သွားတာပါ”
“၂၀၀၇ ခု အောက်တိုဘာလကုန်လောက်မှာ မြေနီကုန်း ဒဂုံစင်တာရှေ့မှာ ဖမ်းခံရတာပါ။ သူတို့က ကျနော့်သူငယ်ချင်းတယောက်ကို ဖမ်းထားပြီးတော့မှ ကျနော့်ကို ခေါ်ခိုင်းတဲ့ သဘောပါ”
ဖမ်းခံရပြီးတော့ ဘယ်ကို ရောက်သွားလဲ။
“ကျနော့်ကို ရန်ကုန် ထောက်လှမ်ရေး-၂ မှာ တရက်ထားပြီးတော့မှ အင်းစိန်ထောင်ကို ပို့ပါတယ်။ ပို့ပြီးတော့ အဲဒီမှာပဲ စစ်ကြောရေး လုပ်ပါတယ်။ စစ်ကြောရေးလုပ်ပြီး ရုံးမတင် အမှုမဖွင့်ပဲ အင်းစိန် ထောင်မှာ တိုက်ပိတ်ပြီးတော့ပေါ့နော် ကျနော်တို့တွေကို တနှစ်ကျော်လောက် ထားပြီးမှ ရုံးထုတ် အမိန့်ချတာ ဖြစ်ပါတယ်။”
“စစ်ကြောရေးမှာ ၈၈ မျိုးဆက် ကျောင်းသားတွေရယ်၊ တိုင်းရင်းသားလူငယ်ထဲက ကိုကျော်စိုးတို့၊ နောက် ကျနော်နဲ့ပတ်သက်လို့ ပါလာတဲ့သူ တချို့နဲ့အတူ အစစ်ခံခဲ့ရတာပါ။ ညဖက် ပေးမအိပ်ဘဲနဲ့ တောက်လျှောက် စိတ်ပိုင်းဆိုင်ရာ ညှဉ်းဆဲမှု လုပ်ပြီးတော့ စစ်ဆေးခဲ့ပါတယ်။ ရိုက်နှက်တာတော့ မရှိပါဘူးခင်ဗျ”
စီရင်ချက်ချတော့ တတွဲထဲ ဘယ်သူတွေပါလဲ။
“ကျနော်ရယ် ကိုကျော်စိုး ခေါ် ကိုကန်လန်ခုပ်ရယ်၊ ကိုကတ်ခန်ခွာ (ဇိုမီး)၊ ကိုကျော်ဝင်းချေ (ရခိုင်)၊ မောင်သန်းရွှေ (ရခိုင်) ငါးယောက် အမှုတွဲကို ပေါင်းပြီးတော့ ချခဲ့တာပါ။ မောင်သန်းရွှေကတော့ ခုထိ မလွတ်သေးပါဘူး သာယာဝတီထောင်မှာ။ အဲဒါက ကျနော့်ကို တိုင်းရင်းသားလူငယ်နဲ့ စက်တင်ဘာလူထုလှုပ်ရှားမှုနဲ့ပတ်သက်လို့ ဆွဲလိုက်တဲ့အမှုတတွဲပါ။ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ တတွဲက ဆက်တိုက် ရုံးတက်ခဲ့ရပါသေးတယ်။ ကိုကျော်စိုးက ဦးပူကျင့်ရှင်းထန်ရဲ့ သားပါ”
“ကျနော့်နဲ့ ကိုကျော်စိုးကို ၃၃ နှစ်ပါ။ ကျန်တဲ့သူတွေက ၈ နှစ်တွေ၊ ၁၀ နှစ်တွေပါ။ တချို့ကလည်း အယူခံမဝင်ကြပါဘူး။ ကျနော့်ကို အယူခံ ဝင်လိုက်သေးပါတယ်။ အယူခံမှာ ၁၃ နှစ် လျော့သွားပါတယ်။ အနှစ် ၂၀ ပဲ ကျန်တာပေါ့။ အယူခံနိုင်တဲ့ကိစ္စ ခန္တီးထောင်မှာပဲ သိရတာပါ။ ၂၀၀၉ ခု ဒီဇင်ဘာလလောက်မှာ ခန္တီးထောင်ကို ပို့လိုက်တာဖြစ်ပါတယ်”
“မောင်သန်းရွှေကလွဲပြီး ကျန်သူတွေ လွတ်ပါပြီ။ မောင်သန်းရွေက ၂ နှစ် လောက်ပဲ ကျန်ပါတော့မယ် ပြောပါတယ်”
ခန္တီးထောင်ထဲမှာ တိုင်းရင်းသားဖြစ်လို့ ခွဲခြားဆက်ဆံတာ ခံရဖူးလား။
“မရှိပါဘူး။ ထောင်ထဲမှာ တခြား ဒေသခံတွေပေါ်မှာတော့ ဖိနှိပ်တာ။ စိတ်ပိုင်းဆိုင်ရာ ညှဉ်းဆဲမှုတွေတော့ မြင်တွေ့ရပါတယ်။ ထောင်ပိုင် ဦးစောရစ်ချတ် လက်ထက်ကပါ။ ကျနော်တို့ကို ကူညီဖို့အတွက် ကျနော်တို့ တိုက်နားကို ကပ်လာတဲ့ လူတွေ၊ ရေထမ်းတဲ့လူတွေကို ခြေချင်းခတ်တာတို့၊ ဒေါက်ခတ်တာတို့၊ တိုက်ပိတ်တာ၊ လျှော့ရက်ဖြတ်တာတို့ လုပ်တာ ရှိပါတယ်။ ကျနော်တို့နဲ့ အဆက်အသွယ် မလုပ်ရဘူး ဆိုပြီးတော့”
“ကျနော့်ကို ခန္တီးထောင် ၂-တိုက်ထဲမှာ သီးသန့်ထားတာပါ။ အဲဒီမှာ ကျနော်ရယ် MI က ဗိုလ်မှူးချုပ် သန်းထွန်းရယ်၊ ဦးဇော်လ၊ ဝ’ က မူးယစ်ဆေးဝါးနဲ့ ထောင်ဒဏ် တသက်ကျနေတဲ့ ဦးအိုက်စံရယ်။ တယောက်တခန်းစီပါ”
ခန္တီးထောင်မှာ ရာသီဥတု အခြေအနေနဲ့ ကျန်းမာရေးအခြေအနေ ပြောပြပါ။
“ရာသီဥတု အေးပါတယ်။ ရာသီဥတုကြမ်းတမ်းပြီး ငှက်ဖျားလည်း ပေါပါတယ်။ ကျနော်ဆိုရင် စရောက်တုန်းက တနှစ်မှာ ရှစ်ကြိမ်လောက် ငှက်ဖျားဖြစ်ခဲ့ပါတယ်။ အဲဒါကို သူတို့ ICRC က ပေးထားတဲ့ ဆေးဝါးတွေနဲ့ ကုသပေးပါတယ်။ အဓိက ခန္တီးထောင်မှာ အခက်ခဲကတော့ သန့်ရှင်းတဲ့ မိလ္လာစနစ် မရှိပါဘူး။ စိတ်ချရတဲ့ သောက်သုံးရေစနစ်လည်း မရှိပါဘူး။ အဲဒီနှစ်ခုက လက်ရှိအချိန်ထိ အခက်ခဲပါ။ နောက် ဆေးဝါးမလုံလောက်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်”
ထောင်ဝင်စာ လာတွေ့ခွင့်ရလား။ တွေ့ခွင့်ရင် လွတ်လွတ်လပ်လပ် တွေ့ရလား။ စာဖတ်ခွင့်။
“ထောင်ဝင်စာ လာတွေ့တာတော့ သူတို့ ဥပဒေ စည်းမျဉ်းစည်းကမ်းနဲ့ တခါတွေ့ရင် မိနစ် ၂၀ လောက်ပဲ တွေ့ရပါတယ်။ လွတ်လွတ်လပ်လပ် မဟုတ်ပါဘူး။ ထောင်ဝင်စာ လိုက်မှတ်တယ်။ အက်စ်ဘီတွေက လာကြည့်တယ်။ လာမကြည့်ရင်လည်း အသံဖမ်းတဲ့ MP3 တို့ MP4 တို့ကို အနားမှာ လာချထားတယ်။ အိမ်ကပို့တဲ့ စာအုပ်တွေ၊ ခန္တီးမြို့ပေါ်က မှာတဲ့ ဂျာနယ်တွေ ဖတ်ခွင့်ရပါတယ်”
အခု ထောင်က ထွက်လာပြီဆိုတော့ ဘာတွေ လုပ်မယ်လို့ စိတ်ကူးထားလဲ။
“ကျနော်တို့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်တွေ၊ နည်းဗျူဟာဆိုင်ရာ လုပ်ဆောင်ချက်တွေအပေါ်မှာ ပြန်လည်သုံးသပ်ပြီး ဆက်လုပ်သွားမယ်လို့ ခုချိန်မှာ ဒီလောက်ပဲ ပြောနိုင်သေးပါတယ်။ တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ကို ပိုပြီးတော့ စနစ်ကျအောင်၊ ပိုပြီးတော့ စွမ်းဆောင်ရည်မြင့်အောင် အဲဒါတွေပါ”
ရခိုင်ဆိုရင် ဦးအေးသာအောင်တို့ ALD ရှိတယ်။ နောက် RNDP ရှိတယ်။ အဲဒီအဖွဲ့တွေနဲ့ ဘယ်လို ဆက်စပ်မလဲ။
“ကျနော်က ရခိုင်နဲ့ပတ်သက်လို့က ပါတီတွေကို ရွေးကောက်ပွဲသွားမယ်ဆိုလည်း အကွဲကွဲအပြားပြား မဖြစ်ဘဲနဲ့ ပါတီတခုထဲ စုစည်းပြီးတော့ ဖြစ်ချင်တဲ့ သဘောပဲ ကျနော့်မှာ ရှိပါတယ်။ အဲဒါတွေတော့ ရခိုင်ပါတီခေါင်းဆောင်တွေနဲ့ ညှိနှိုင်းရမှာပဲ”
“UNDP ရဲ့ ထုတ်ပြန်ချက်အရ ချင်းနဲ့ ရခိုင်ဟာ ဆင်းရဲမွဲတေမှုဟာ အောက်ဆုံးမှာ ရောက်နေပါတယ်။ အဲဒီတော့ ရခိုင်ပြည်နယ်မှာ အလုပ်ကိုင်ရရှိဖို့အတွက်ရယ်၊ ရခိုင်လူမျိုးတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့ capacity building လုပ်ဖို့ ရည်မှန်းထားပါတယ်။ မီးရရှိရေးကတော့ ရခိုင်ပြည်နယ်က ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေ၊ သယံဇာတတွေကိုတော့ ရခိုင်ပြည်သူတွေ စီမံခန့်ခွဲ ပိုင်ခွင့်ရှိတယ်လို့ မြင်ပါတယ်”
မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အားလုံး အဓိက ဘာတွေ လိုအပ်နေတယ်လို့ ယူဆလဲ။
“နိုင်ငံရေးနဲ့ပတ်သက်ပြီး လိုလားတာကတော့ ဘယ်လို အစိုးရမျိုးမှာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ဘဝနဲ့ အနာဂတ်ကံကြမ္မာကို ကျနော်တို့ ရရှိထားတဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ကျနော်တို့ ကိုယ်တိုင် စီမံခန့်ခွဲနိုင်မှုမျိုးကို ကျနော်တို့ လိုချင်တာပါ။ ဒီလိုဟာမျိုးသာလျင် မဟာလူမျိုးကြီးဝါဒ အခြေမပြုဘဲ နိုင်ငံရေး တရားမျှမှု ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်တဲ့တနေ့မှာလည်း ရှမ်း၊ ကယား၊ ကရင် စတဲ့တိုင်းရင်းသားဒေသတွေမှာ ယမ်းငွေ့တွေ ဆိတ်သုဉ်းပြီး အိုးစည်နဲ့ ဖားစည်သံတွေ ဝေလာဖို့ ကျနော်ယုံကြည်ပါတယ်”
အစိုးရကလည်း အခု ငြိမ်းချမ်းရေးကိစ္စတွေလုပ်နေတယ်။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြားဖြတ်ရွေးကောက်ပွဲဝင်တော့မယ် အဲဒီအပေါ်မှာ ဘာပြောချင်လဲ။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရွေးကောက်ပွဲ ဝင်မဝင် ကျနော်တို့ သဘောထားမှတ်ချက် ပေးစရာအကြောင်း မရှိပါဘူး။ ဒါပေမယ့် တိုင်းရင်းသား ဖြစ်တည်မှု၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပတ်သက်လာရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗမာ ခေါင်းဆောင်တွေ အများကြီး သင်ယူရမှာဖြစ်သလို၊ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ဘဝနဲ့ အနာဂတ် ကံကြမ္မာကို ကျနော်တို့ ပြည်သူတွေ ကိုယ်တိုင်ဖန်တီးကြရမယ်လို့ ယုံကြည်ပါတယ်”
“နောက်ပြီးတော့ ကျနော်တို့အနေနဲ့ ရှေ့လာမယ့် ခရီးလမ်းတလျှောက်မှာ လက်ရှိအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီက နိုင်ငံရေးအရ ရိုးသားတည်ကြည်မှုနဲ့ နိုင်ငံရေးအရ ယုံကြည်စိတ်ချမှုကို စိတ်အားထက်သန်စွာ မျှော်လင့်နေတယ်လို့ပဲ ကျနော် ပြောပါရစေခင်ဗျ။”
အခု လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။
“ကျနော်တို့ ပြန်လွတ်လာအောင် လှုပ်ရှားရုန်းကန်ပေးကြတဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား ပြည်သူတရပ်လုံး၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးထောက်ခံကြတဲ့ မိတ်ဆွေနိုင်ငံများအားလုံး၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့အပြောင်းအလဲအတွက် ဆောင်ရွက်နေသူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ကျနော်တို့ လွတ်တာမလွတ်တာထက် တိုင်းပြည်ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးက ပိုပြီးအခရာကျပါတယ်”
“လက်ရှိအစိုးရကို ကျနော်ပြောလိုတာက စစ်မှန်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုကို လိုလားတယ်ဆိုရင် General Amnesty အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ တောင်းဆိုပါရစေ။ ကျနော်တို့နိုင်ငံကို ကမ္ဘာ့နိုင်ငံတွေကြားမှာ ပျောက်ဆုံးခဲ့တာကြာပြီဖြစ်တဲ့ ယုံကြည်မှု၊ ဂုဏ်သိက္ခာနဲ့အပြည်ပြည်ဆိုင်ရာ စံတန်ဘိုး လေးစားလိုက်နာမှုတွေကို ပြန်လည်ရ ယူဖို့ ကျနော်တို့တွေ အားလုံး ဝိုင်းဝန်း ကြိုးပမ်းကြရအောင်လို့ ပြောပါရစေ”
ကျောင်းသားခေါင်းဆောင်မှ နိုင်ငံ့ခေါင်းဆောင်သို့
တိုင်းပြည်နှင့် ပြည်သူလူထု အတွက် နှစ်ပေါင်းများစွာ ပေးဆပ် အနစ်နာခံခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ နှစ်ဦးတွင် လွတ်မြောက် လာခြင်းက အတိုင်းမသိ ဝမ်းမြောက်ဖွယ်ဖြစ်သည်။
လွတ်မြောက်လာခဲ့ပြီးနောက် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ရင့်ကျက်တည်ငြိမ်သည့် တိုင်းပြည်အတွက် အနစ်နာခံခဲ့သူတို့အား စုံစုံညီညီ တစုတဝေးတည်း မြင်တွေ့ရရုံမက ၎င်းတို့လက်ဆင့်ကမ်းလိုက်သည့် ၂၀၀၇ မျိုးဆက် ကျောင်းသားများပါ ဝန်းရံနေသည်ကို မြင်ရသည်က အားရစရာကောင်းလှသည်။နိုင်ငံ၏ အနာဂတ်ကို ပုံဖော်နိုင်စွမ်းရှိသူများ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး၊ နိုင်ငံ့အရေးအတွက် ဘဝကို ရင်းကာ လုပ်ဆောင်သူများ အဖြစ် မြန်မာပြည်သူပြည်သားများက ယုံကြည်လက်ခံထားသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၏ စိတ်စေတနာသည် ၎င်းတို့ သတင်းစာရှင်းလင်းပွဲမှ ထွက်ပေါ်လာသည့် ထုတ်ပြန်ချက်တွင် ရောင်ပြန် ဟပ်လျှက် ရှိပါသည်။
၎င်းတို့ အကျဉ်းထောင်များမှ လွတ်လာသည့်အချိန်တွင် ပြောသကဲ့သို့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စ၊ တိုင်းရင်းသား ကိစ္စ များသာမက နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် ပြန်လည်စုစည်း နိုင်ရန် ပြည်ပရောက် နိုင်ငံရေးအင်အားစုများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်စေရေးအတွက် ကြိုးပမ်းသွားမည်ဆိုသည့် ထုတ်ပြန်ချက်ပါ အချက်ကလည်း သူတို့၏ စေတနာကို ဖော်ပြနေပါသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ ထုတ်ပြန်ချက်ထဲတွင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၌ ပါဝင်ဆောင်ရွက် မည်ဆိုသည့် ရည်ရွယ်ချက်များ ပါရှိသော်လည်း အနာဂတ်နိုင်ငံရေးတွင် မည်သို့မည်ပုံ ပါဝင်ထမ်းရွက်မည်ကို အသေးစိတ် ဖော်ပြထားခြင်း မတွေ့ရပါ။ ၎င်းတို့အနေဖြင့် အစိုးရ အကျဉ်းထောင်များအတွင်း နှစ်ရှည် ထောင်ဒဏ်ကျခံနေရပြီး ပထမဆုံးအကြိမ် ပြည်သူလူထု ရှေ့မှောက် ပြန်ထွက်လာသည့် အချိန်ဖြစ်သောကြောင့် နိုင်ငံရေး ခြေလှမ်း စတင်လှမ်းရန် ချိန်ဆနေပုံရသည်။
ကျောင်းသားခေါင်းဆောင် ဟောင်းများ အနေဖြင့် နိုင်ငံရေုးတွင် မည်သည့် အခန်းကဏ္ဍမှ ပါဝင်နိုင်သည်ကို တွေးကြည့် မည်ဆိုပါလျှင် နည်းလမ်း ၂ သွယ်ကို မြင်ကြပေလိမ့်မည်။ ပါတီနိုင်ငံရေးနှင့် လွှတ်တော် ပြင်ပနိုင်ငံရေး ဟူ၍ ခွဲခြားမိပါသည်။
ယခုအခါ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွေးကောက်ပွဲ ဝင်တော့မည်၊ အင်အား အနည်းငယ်မျှ အောင်နိုင်ရေးအတွက် ရည်ရွယ်စေကာမူ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခြင်းမှာ ကြီးစွာသော နိုင်ငံရေး အလှည့်အပြောင်းဟု ယူဆသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပေါ်လစီ မူဝါဒများ အကောင်အထည် ဖော်ရန်အတွက် အဓိကကျသည့် ရွေးကောက်ပွဲမှာ ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲဖြစ်သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရလျှင်ပင် အသက်အရွယ်အားဖြင့် ၅ နှစ် သက်တမ်းသာ အလွန်ဆုံး လွှတ်တော်တွင်း တာဝန်ယူလိမ့်မည်ဟု မြင်မိသည်။ တောင်အာဖရိက နိုင်ငံ့ ခေါင်းဆောင် နယ်လ်စင် မင်ဒဲလား ကဲ့သို့ တိုင်းပြည်အတွက် အားထားရသော ခေါင်းဆောင်တဦး အနေနှင့် အကြံပေး နေရာတွင် ရှိသွားမည့် သူဟု ယူဆမိသည်။ ထိုသို့ အမှန်တကယ် ဖြစ်ခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်တွင်း သက်တမ်းမှ အနားယူ ပြီးဆုံးပါက လက်ဆင့်ကမ်းရန် ခေါင်းဆောင်များ လိုအပ်လာတော့မည်။
တိုင်းပြည်၏ မူဝါဒရေးရာ ကိစ္စရပ်များ ဖော်ဆောင်မည့် လွှတ်တော်တွင်းနိုင်ငံရေး ခေါင်းဆောင်များအဖြစ် အသင့်လျော် ဆုံးသော သူများမှာ ဒေါ်အောင်ဆန်းစုကြည်ပြီးပါက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သည်ဟု ဆိုလျှင် ငြင်းကြလိမ့်မည် မထင်ပါ။
ယခု ၈၈ မျိုးဆက် ကျောင်သားခေါင်းဆောင်များ အထဲတွင် ဥပဒေရေးရာ ကိစ္စရပ်များကို လွှတ်တော်တွင်း၌ ချက်နှင့်လက်နှင့် ခိုင်ခိုင်မာမာ ဆွေးနွေးနိုင်သူများ ပါဝင်လျှက်ရှိကြောင်း အများအသိပင်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် လူထု အင်တိုက်အားတိုက် ထောက်ခံမည့်သူများမှာ ထိုသူများပင်ဖြစ်သည်ဟု ဆိုချင်သည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အနေဖြင့် ပါတီနိုင်ငံရေးကို တချို့တဝက်သာ ဝင်ရောက်လုပ်ကိုင်ပြီး ကျန် ခေါင်းဆောင်များက လွှတ်တော်ပြင်ပ နိုင်ငံရေး လုပ်ဆောင်မည်ဆိုလျှင်လည်း အကျိုးများလိမ့်မည်ဟု ယုံကြည်ပါသည်။
လွှတ်တော်ပြင်ပတွင် အဖွဲ့အစည်း တရပ်အနေဖြင့် တရားဝင် မှတ်ပုံတင်ကာ လူမှုရေး တရားမျှတမှုအတွက် လုပ်ဆောင် နိုင်သည် မဟုတ်ပါလား။ ၁၉၈၈ ခုနှစ်တွင် ပျောက်ဆုံးသွားသူများ၊ အကျဉ်းထောင်တွင်း မတရား ဖမ်းဆီးခံထားရ သူများ အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ အတွက် ရပ်တည် လုပ်ဆောင်ပေးနိုင်မည်၊ လုပ်လည်း လုပ်လိမ့်မည်ဟု ယူဆပါသည်။
တိုင်းပြည်ကို ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ရေး၊ လူသားအရင်းအမြစ် တန်ဖိုးမြှင့်တင်ရာ၌ အခရာကျသည့် ပညာရေး ကဏ္ဍ မြင့်မားလာရေးအတွက် နိုင်ငံနှင့်အဝန်း ဆောင်ရွက်နိုင်ကြလိမ့်မည်ဟု မျှော်လင့်သည်။ ပညာရေး မြှင့်တင်သည့် လုပ်ငန်း များကို လုပ်ဆောင်ရာတွင် အပေါ်ယံ ရွှေမှုံကြဲထားသည့် ရေပေါ်ဆီ လူတန်းစားထက် ပေးဆပ် စွန့်လွှတ်ခဲ့သူများ လုပ်ဆောင်မှသာ အောက်ခြေလူထုနှင့် ပိုမိုနီးစပ်မှုရှိပေလိမ့်မည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အနေဖြင့် လွှတ်တော်တွင်း ဝင်ရောက်ကာ တိုင်းပြည်၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးမှ စ၍ တိုင်းပြည် တည်ဆောက် မြှင့်တင်ရေးများ၊ လူထု၏ အခြေခံလိုအပ်ချက်များ အတွက် တတပ်တအား ပါဝင်မည်လော၊ သို့မဟုတ်ပါက လွှတ်တော်ပြင်ပတွင် လူထုနှင့် တသားတည်း ရပ်၍ လူထုအကျိုးကို ဆောင်ရွက်မည်လော ဆိုသည်ကို ကွဲကွဲပြားပြား မသိရ သေးသော်လည်း သူတို့၏ တိုင်းပြည်နှင့် လူထု အပေါ် ထားသော စိတ်စေတနာကို လုံးဝ သံသယဝင်စရာ အကြောင်း မရှိပါ။
သို့သော် စိတ်ကောင်းစေတနာ ရှိရုံဖြင့် မလုံလောက်ဟု ဆိုချင်သည်။ လွှတ်တော်တွင်း ဝင်ရောက်၍ နိုင်ငံရေး လုပ်မည် ဆိုလျှင်သော် လည်းကောင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးကိုလုပ်မည် ဆိုလျှင် သော်လည်းကောင်း စိတ်စေတနာနှင့်တကွ တတ်ကျွမ်းမှု၊ နိုင်ငံတကာ အခြေအနေကို သိမြင်နှံ့စပ်မှုတို့ များစွာလိုအပ်သည်ဟု ယူဆပါသည်။
အကျဉ်းထောင်များထဲတွင် အချိန်များစွာ ကုန်ဆုံးခဲ့ရသူများ ဖြစ်သောကြောင့် ပြင်ပ အခြေအနေ အရပ်ရပ်အား အမီလိုက်ရန် လိုအပ်သည်ကိုလည်း ထိုသူတို့ သိပြီးဖြစ်ပေလိမ့်မည်။ တခြားနိုင်ငံများက ခြေတလှမ်း လှမ်းလျှင် မိမိတို့က ခြေလှမ်း ၁၄ လှမ်း၊ ၁၅ လှမ်း လှမ်းရမည်ဟု ကျောင်းသား ခေါင်းဆောင် ဟောင်း ကိုကိုကြီးက လွတ်မြောက်လာစဉ်က ပြောခဲ့ပြီးဖြစ်သည်။
တခြားနိုင်ငံများအား အမီလိုက်ရန်၊ ခြေလှမ်းများ လျှင်မြန်စွာ လှမ်းနိုင်ရန်အတွက် ကျောင်းသားခေါင်းဆောင်ဟောင်းများ အနေဖြင့် နိုင်ငံရပ်ခြားသို့ ထွက်ခွာပြီး လိုအပ်သည့် စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ နိုင်ငံတကာ အခင်းအကျင်း စသည်တို့ကို လေ့လာရန်၊ နိုင်ငံတကာ အစည်းအဝေးပွဲများသို့ တက်ရောက်ရန် တိုက်တွန်းလိုသည်။ ထို့အပြင် မျိုးဆက်သစ်များအား လက်ဆင့် ကမ်းနိုင်ရန်အတွက် သင့်တော်သည့် မျိုးဆက်သစ် လူငယ်များကို နိုင်ငံတကာ ပညာရပ်များ သင်ယူရေးအတွက် စေလွှတ်ခြင်း၊ လေ့လာ သင်ယူနိုင်ရန် ထောက်ပံ့ပေးခြင်း၊ ထောက်ခံပေးခြင်းများ ပြုလုပ်ရန်လည်း တွန်းအားပေးလိုပါသည်။
စိတ်စေတနာကောင်း ရှိပြီးသူများဖြစ်သောကြောင့် လိုအပ်သည့် နိုင်ငံတကာ ပညာရပ်များ ဖြည့်ဆည်းပြီးလျှင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး၊ လူထု၏ အခြေခံလိုအပ်ချက်များ မြှင့်တင်ရေးတို့အတွက် ပိုမို၍ အင်တိုက်အားတိုက် လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
နှစ်ပေါင်းများစွာ အဖိနှိပ်ခံ၍ လူထုအတွက် မားမားမတ်မတ် ရပ်တည်ခဲ့သော ၈၈ ကျောင်းသားခေါင်းဆောင်များ၏ လှုပ်ရှားမှုများမှာ မည်သည့်အချိန်တွင်မှ သေဆုံးသွားလိမ့်မည် မဟုတ်ပါ။ ဒီရေအလား တရိပ်ရိပ် တိုးတက်ဖို့သာ ရှိပါသည်။
ထိုသူအားလုံး၏ တိုင်းပြည်အပေါ်ထားသော စေတနာက ယခုအချိန်တွင် ရောင်ပြန်ဟပ်တော့မည်၊ တိုင်းပြည် အမှန်တကယ် ဒီမိုကရေစီရ၍ တိုင်းရင်းသားပြည်သူ အားလုံး၏ လူမှုဘဝများ မြင့်မားစေချင်သော သူတို့၏ စိတ်ဆန္ဒများ မဝေးသော ကာလတွင် အကောင်အထည် ဖော်နိုင်တော့မည်ဟု ဧရာဝတီက ယုံကြည်ပါသည်။
ဒီမိုကရေစီစနစ်နှင့် မြန်မာ့တပ်မတော် ပြောင်းလဲရေး
သို့သော် နှစ်ပေါင်း ၅၀ တိုင်နိုင်ငံ၏ အလုံးစုံအာဏာကို ထိန်းချုပ်ခဲ့သော မြန်မာ့ တပ်မတော်ကို ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းသို့လက်တွဲခေါ်ယူသွားနိုင်ရေး၊ဒီမိုကရေစီစနစ်နှင့်အညီမြန်မာ့တပ်မတော်ဖြစ်ရေးတို့ကိုမူပြည်သူလူထုအနေဖြင့်မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းစဉ်းစားပေးရန် လိုမည်ဖြစ်ပါသည်။မြန်မာ့ တပ်မတော်၏ ဆောင်ပုဒ်တွင် “ရဲဘော် မကောင်းတာ မရှိခေါင်းဆောင် မကောင်းတာသာရှိ ပါသည်” ဟု ရှိသည်။ ဆိုလိုသည်မှာ တပ်မတော်တွင်ခေတ် အဆက်ဆက် စစ်အာဏာရှင် စစ်ဦးစီးချုပ် တဦးမှလွဲ၍ လက်အောက် ကျန်ရှိသူ အားလုံးသည် ရဲဘော်များသာ ဖြစ်ကြပါသည်။ တနည်းအားဖြင့် စစ်အာဏာရှင် စနစ်၏ အောက်တွင် “ပေးတာယူ ၊ ကျွေးတာစား ပြန်မပြောနဲ့ ထောင်ထဲရောက်သွားမည်” ဆိုသည့် ဆောင်ပုဒ်အောက်တွင် စစ်ကျွန်ဘဝဖြင့် အားလုံးနေခဲ့ကြသူများ ဖြစ်ကြသည်။ စစ်အာဏာရှင်ကြီးက သူ့အာဏာကိုသာ မထိပါးစေနှင့်၊ ကျန်တာလုပ်ဟု လုပ်ပိုင်ခွင့် ပေးခဲ့ခြင်းကြောင့် လည်း တပ်မတော်သည် သံဃာနှင့် ပြည်သူများ၏ မုန်းတီးနာကျည်းမှုကို ခံနေရသည်။ ထို့ကြောင့် တပ်မတော်သားတို့ အနေဖြင့်လည်း ပြည်သူနှင့် အတူပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွင် လက်တွဲလျှောက်လှမ်းနိုင်ရေး လမ်းဖွင့်ပေးရမည် ဖြစ်သည်။ ဒီမိုကရေစီစနစ်နှင့်အညီမြန်မာ့တပ်မတော်ဖြစ်ရေးအတွက်အဓိကအားဖြင့်တပ်မတော်အရာရှိအရာခံ အကြပ်တပ်သားများ၏အတွေးအခေါ် ပြုပြင်ပြောင်းလဲရေးသည် အရေးအကြီးဆုံးအချက်ဖြစ်ပါသည်။အခြေခံတပ်သားအဆင့်၊ ဗိုလ်လောင်းအဆင့်တို့ တပ်မတော်ထဲ စတင်ဝင်ရောက်လာသည့် အချိန်မှစ၍ ဝါရင့်ဗိုလ်လောင်း၊ ဝါရင့်စစ်သည်များ၏ အပြစ်ပေးနှိပ်စက်ခြင်း၊ အနုနည်းဖြင့်ဆုံးမခြင်းတို့ ခံခဲ့ရသည်။ ဤသို့အားဖြင့် “မြန်မာနိုင်ငံတွင် တပ်မတော်သည်သာ ပြည်သူလူထု၏ အားကိုးရာဖြစ်သည်”၊ “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တိုင်းတပါးကို အားကိုးပြီး မြန်မာနိုင်ငံမှခွဲထွက်၍ သီးခြားလွတ်လပ်သော နိုင်ငံထူထောင်လိုသူများဖြစ်ကြသည်”၊ “ပြည်တွင်းအတိုက်အခံ အဖွဲ့စည်းများသည်လည်း တပ်မတော်ကိုဖြိုခွဲပြီး နိုင်ငံရေးအာဏာကိုရယူကာ နိုင်ငံကိုရောင်းစားမည့်သူများဖြစ်သည်” အစရှိသည်ဖြင့်ဝါဒဖြန့်ချိရေးစကားလုံး ပေါင်းစုံဖြင့် ဦးနှောက်ဆေးကြောခြင်း (BrainWash) ကို စစ်ဗိုလ် စစ်သားတိုင်း ခံခဲ့ရသည်။ထို့ကြောင့် လက်ရှိခေတ်နှင့်အညီ ပြောင်းလဲရမည့် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းတွင် တပ်မတော်သည် ပြည်သူလူထုနှင့်အတူ လက်တွဲနိုင်ရေးအတွက် အထက်ပါ အတွေးအခေါ်များကို တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက ပြန်လည်၍ ဦးနှောက်ဆေးကြောပေးခြင်းပြုလုပ်ရပေမည်။တပ်မတော်သည်အမိန့်အာဏာဖြင့် ဖွဲ့စည်းထားသောကြောင့်တပ်ကို တာဝန်ယူသော အရာရှိတပ်စုမှူးမှသည်စစ်ဦးစီးချုပ် အဆင့်ဆင့်သည်တပ်မတော် အတွေးအခေါ်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင်ပါဝင်ရန် ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်သည်။တပြိုင်တည်းမှာပင်တခြားအဆင့်စစ်သည်အားလုံးကိုလည်း“ပြည်သူသည်သာအမိ၊ပြည်သူသည်သာအဖ”ဆိုသည့်ဆောင်ပုဒ်ကိုနားလည်သဘောပေါက်ရေးတန်ပြန်လုပ်ဆောင်သွားရမည်ဖြစ်သည်။
ယနေ့ မြန်မာ့တပ်မတော် အရာရှိကြီးငယ် အများစုသည်၁၉၈၈ခုနှစ်နောက်ပိုင်းတွင်တရုတ်၊ရုရှား၊ အိန္ဒိယနိုင်ငံများတွင်သာ စစ်ပညာ လေ့လာဆည်းပူးခွင့်ရရှိခဲ့သည်။စစ်လက်နက်ပစ္စည်းများကိုလည်း အဆိုပါနိုင်ငံများနှင့်မြောက်ကိုးရီးယားနိုင်ငံမှ ရောင်းချပေးခဲ့သည့် လက်နက်နှင့်နည်းပညာများကိုသာကိုင်တွယ်သုံးစွဲနေကြသည်။ထို့ကြောင့်အနောက်နိုင်ငံ တပ်မတော်များနှင့် ကင်းကွာခဲ့ပြီးအတွေးအခေါ်ပိုင်းဆိုင်ရာတွင်အာဏာရှင်တပ်မတော် အတွေးအခေါ်ကို မသိမသာသွတ်သွင်းခံထားရသူများ ဖြစ်သည့်အတွက် ဒီမိုကရေစီတပ်မတော်တခု၏ သိက္ခာ၊ ပြည်သူလူထုအပေါ် ကျင့်ကြံဆက်ဆံရမည့် စည်းကမ်းများကို မေ့လျော့နေသည့်သဘော မြင်တွေ့နေရသည်။အမှန်တကယ်တွင်မြန်မာ့တပ်မတော်သည်လွတ်လပ်ရေးနှင့်အတူပေါက်ဖွားလာသောတပ်မတော်၊ဗိုလ်ချုပ်အောင်ဆန်းစတင်ထူထောင်သော တပ်မတော်ဖြစ်သကဲ့သို့တပ်မတော်၏ နည်းဥပဒေများသည်လည်းစည်းကမ်းစနစ် ကောင်းမွန်သော ဗြိတိသျှတပ်မတော်နှင့် တိုက်ရည်ခိုက်ရည်ရဲစွမ်းသတ္တိရှိသောဂျပန်တပ်မတော်တို့ကိုအခြေခံပြီးရေးဆွဲပြဋ္ဌာန်းထားခြင်းဖြစ်သည်။ယနေ့တိုင်လည်း အဆိုပါစည်းမျဉ်းစည်းကမ်းများ တည်ရှိနေဆဲဖြစ်သည်။
ဥပဒေကိုစာအုပ်အထဲတွင်သာထားပြီးစစ်အာဏာရှင်၏နှုတ်ကထွက်လာသောအမိန့်ဖြင့်တပ်မတော်ကို စေခိုင်းနေခြင်းကြောင့်သာတပ်မတော်သည်သံဃာကို သံဃာမှန်းမသိ၊ပြည်သူကို ပြည်သူမှန်းမသိ၊တိုင်းရင်းသားအချင်းချင်းကို ရန်သူဟု သတ်မှတ်နေကြသည်။အကယ်၍ နှုတ်မိန့်ကို အာခံခဲ့ပြန်လျှင်လည်းကျူပင်ခုတ်ကျူငုတ်မကျန်အောင် အဖိုးအဖွား အဖေအမေမကျန်သားစဉ်မြေးဆက် ဒုက္ခရောက်အောင် လုပ်ပြခဲ့သည့်အတွက်ကြောင့်လည်း မည်သူမျှ မလှန်ရဲ။ဒုတိယ စစ်ဦးစီးချုပ်မှသည် တပ်သားအထိ တပ်မတော်သည်အာဏာရှင်စနစ်၏ အောက်စစ်ကျွန်သဖွယ် နေခဲ့ရသည်။ထို့ကြောင့်တပ်မတော်ကိုလည်း စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးပြည်သူများအနေဖြင့်လည်း ကယ်တင်ရမည်ဆိုသည်ကိုသတိမမေ့ဖို့ လိုပါသည်။
တပ်မတော်အား ဒီမိုကရေစီလမ်းကြောင်းသို့ ပြောင်းလဲနိုင်ရေး လက်ရှိအခြေအနေတွင် သမ္မတ ဦးသိန်းစိန်၊ ပြည်သူလူထုနှင့် နိုင်ငံတကာ၏ ထောက်ခံမှုကို ရရှိနေသောဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦး စဉ်းစားချင့်ချိန်ပြီးပြေပြေလည်လည် ပူးပေါင်းဆောင်ရွက်နိုင်မှသာလမ်းမှန်ပေါ်သို့ ရောက်နိုင်မည်ဖြစ်သည်။
စစ်သားများ၏စိတ်ထဲတွင် အရိုးစွဲနေသော ယူဆချက်တခု ရှိသည်။ “ငါတို့ အသက်တောင် အသေခံရဲသေးတာပဲ၊ငါတို့ကို လာမစော်ကားနဲ့၊ဘယ်သူမှ ဂရုမစိုက်ဘူး” ဆိုသည့်အချက်ဖြစ်သည်။စစ်သားကိုညင်ညင်သာသာပြောတတ်ဆိုတတ် စည်းရုံးတတ်ရန် လိုသည်။အတိုက်အခံရော အစိုးရပါ စစ်သားများ၏ ခံစားချက်ကို နားထောင်ပေးရန် လိုသည်။
မြို့နေစစ်ဗိုလ်ချုပ်တစုနှင့် မိသားစုကိုသာကြည့်ပြီးအများထင်သကဲ့သို့ စစ်တပ်ကြီးတခုလုံးကောင်းစားနေသည် မဟုတ်ပါ။တချို့နယ်စွန်နယ်ဖျားများတွင် မြို့နေပြည်သူလူထုထက် ဒုက္ခရောက်နေသူစစ်သည်နှင့် မိသားစုအများအပြား ရှိပါသည်။စစ်အာဏာရှင်စနစ်၏ ဒဏ်ကို ပြည်သူလူထုနှင့်အတူ စစ်သားများလည်း ခံကြရသည်။ ထို့ကြောင့် ပြည်သူလူထုကလည်း မိဘသဖွယ်သဘောထားပြီး စစ်ကျွန်ဘဝရောက်နေသော တပ်မတော်သားများကိုအပြောမဟုတ်လက်တွေ့ကျကျ နွေးထွေးစွာ လက်ကမ်းကြိုသင့်ပါသည်။တပ်မတော်သားများဘက်မှလည်းပြည်သူဘက်မှ ကြိုဆိုလာသောလက်များကို ယုံယုံကြည်ကြည်ဖြင့်လက်ခံပြီး မိဘရင်ခွင်ကို ပြန်ဝင်ရန် အချိန်တန်ပြီဟုတိုက်တွန်းချင်ပါသည်။
အစိုးရအနေဖြင့် တပ်ကို နိုင်ငံတကာအဆင့်မီ တပ်မတော်မျိုးဖြစ်ရန် ရည်ရွယ်သကဲ့သို့ စစ်မှုထမ်းအားလုံးကိုလည်း စိတ်ဓာတ် စည်းကမ်းနှင့် ရပိုင်ခွင့်များ ပြည့်ပြည့်ဝဝရရှိရေးလည်း ဆောင်ရွက်ပေးရန် လိုမည်ဖြစ်သည်။ထို့အပြင်လျော့လျဲပြန့်ကျဲစွာ မြန်မာနိုင်ငံ နေရာအနှံ့ ဖွဲ့စည်းထားသော တပ်များကိုကျစ်လစ်သိပ်သည်းစွာ ပြန်လည်စုဖွဲ့သင့်သည်။
စစ်တပ်အင်အား အဆမတန်ချဲ့သည့်အတွက် တပ်သားသစ် စုဆောင်းမရသောအခါ အရွယ်မရောက်သေးသော ကလေးပါမကျန် စစ်သားစုရသည့် အဖြစ်မျိုး နောင်မဖြစ်ပေါ်လာစေရန် ဖြစ်သည်။ စစ်သည်နှင့်မိသားစုတို့၏ အတွေးအခေါ်အသစ်များ ဒီမိုကရေစီစနစ်နှင့်အညီ ပြုပြင်ပြောင်းလဲလာရေး တပ်တွင်းသင်တန်း၊ ဟောပြောပွဲများနှင့် ဆွေးနွေးပွဲများတွင် ယခင်အတွေးအခေါ်ဟောင်းများကို ပစ်ပယ်ပြီး ဒီမိုကရေစီအတွေးအခေါ် အကြောင်းများကို စတင်ပို့ချသင့်ပြီဖြစ်သည်။
ယခင် စစ်အာရှင်စနစ်၏အမွေးဆိုးများကြောင့်ပြည်သူလူထုအပေါ် အနိုင်ကျင့်သည့်လုပ်ရပ်များကို ရပ်တန်းကရပ်သင့်ပြီး စစ်တပ်ထဲမှ ပြစ်မှုကျူးလွန်သူမှန်သမျှကိုကျောသားရင်သား မခွဲခြားဘဲစစ်ဥပဒေအရ အရေးယူပြရန် လိုသည်။လက်ရှိကချင်တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော စစ်ပွဲများနှင့်ပတ်သက်၍လည်းသာသည်နာသည် သဘောမထားဘဲတပ်မတော်ဘက်မှစတင်၍ အပစ်ရပ်စဲရေးကို ထိရောက်စွာ လုပ်ဆောင်ရန် လိုအပ်သည်။တပ်မတော်အနေဖြင့် ပြည်တွင်းစစ်ကိုရပ်စဲပြီးပြည်ပရန်ကို ကာကွယ်သည့် တခုတည်းသော တပ်မတော်ဖြစ်ရေးဦးတည်ဆောင်ရွက်သွားသင့်သည်။
အတိုက်အခံနှင့် ပြည်သူလူထုအနေဖြင့်တပ်မတော်အပေါ် နားလည်လက်ခံပေးရန်လိုသည်။ သို့မှလည်း ဒီမိုကရေစီစနစ်နှင့် လျှောက်လှမ်းရမည့် တပ်မတော်၏ ခြေလှမ်းများသည် ရဲရဲဝံ့ဝံ့ ဖြောင့်ဖြောင့်မတ်မတ်ဖြစ်နိုင်ပါသည်။၁၉၉၀ခုနှစ် ရွေးကောက်ပွဲအပြီးအနိုင်ရပါတီကြီး၏ အမတ်တစ်ဦးက အမှတ်မထင် ပြောလိုက်သော “ငါတို့ အာဏာရလျှင် စစ်တပ်ဗိုလ်မှူးကြီးနှင့်အထက်အားလုံးကို အရေးယူရမည်” ဆိုသောစကားလုံးသည် ပြောသူအနေဖြင့်မေ့ကောင်းမေ့နိုင်ပေသော်လည်းခံရသူအနေဖြင့်မမေ့နိုင်ဘဲ “အာဏာလွှဲမပေးတော့လည်း ဘာဖြစ်လဲ၊ နောင်အနှစ် ၂၀ ဆက်အုပ်ချုပ်မယ်” ဆိုသည့်အတွေးအခေါ်မျိုး ဝင်ရန် အချက်တချက်ဖြစ်ခဲ့သည်။
ယနေ့အချိန်အခါမျိုးသည်လည်းအထိမခံနိုင်သေးသည့် အခြေအနေမျိုး ရှိနေသေးသည့်အတွက်သမ္မတက နောက်ကြောင်းပြန်မလှည့်ဟု ဆိုသော်ငြားလည်းစစ်တပ်ကိုမူ အပြတ်ပြောရန် မသင့်ဆိုသည်ကို ထောက်ပြလိုပါသည်။ ထို့ကြောင့် အတိုက်အခံအဖွဲ့များအနေဖြင့် စစ်တပ်၏ အခန်းကဏ္ဍကို လျှော့မတွက်ဘဲအရေးပါမှုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အသိအမှတ်ပြုသကဲ့သို့ ပြည်သူများမှလည်း လက်ခံရန်လိုပါသည်။
ဒီမိုကရေစီနိုင်ငံများမှ တပ်မတော်များအနေဖြင့်လည်း မြန်မာ့တပ်မတော်ကို ပစ်ပယ်မထားဘဲအာဏာရှင် အုပ်ချုပ်ခဲ့သော တပ်မတော်ကို ပြန်လည်ဆွဲထုတ်သင့်ပါသည်။ ထို့အပြင် ဒီမိုကရေစီတပ်မတော်များ နေထိုင်ကျင့်ကြံ လုပ်ဆောင်ရမည့် နည်းနာများကို မြန်မာ့တပ်မတော်သို့ မျှဝေပေးသင့်သည်။
ဒီမိုကရေစီ နိုင်ငံကြီးများအနေဖြင့်လည်းလက်ရှိမြန်မာ့တပ်မတော်မှ အရာရှိကြီးငယ်များကို ခွဲခြားဆက်ဆံခြင်းမပြုတော့ဘဲ တခြားဒီမိုကရေစီနိုင်ငံငယ်များ၏တပ်မတော်များနည်းတူအရာရှိကြီးများကို ဖိတ်ခေါ်ခြင်း၊အရာရှိငယ်များကို ကာလတို၊ ကာလရှည် သင်တန်းများ ပေးခြင်းဖြင့်မြန်မာ့တပ်မတော်ကိုဒီမိုကရေစီနားမျက်စိများကို ဖွင့်ပေးရန် လိုမည်ဖြစ်သည်။ ထို့အပြင် စစ်ပစ္စည်းများ ဝယ်ယူခွင့် ပိတ်ပင်ထားမှုများကိုလည်းအဆင်ပြေသလို ဖြေလျှော့သွားစေလိုပါသည်။သို့မှသာအာဏာရှင်နိုင်ငံကြီးများ၏ လောင်းရိပ်မှ အကြွင်းမဲ့ လွတ်မြောက်သွားမည်ဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံသူနိုင်ငံသားများ၏ အလိုလား အတောင့်တဆုံးဖြစ်သည့်ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးရရှိရေးကို ဖြည့်စွမ်းပေးနိုင်သည့်အထဲတွင်တပ်မတော်သည်အရေးပါသည့် အခန်းကဏ္ဍမှ ရှိနေပါသည်။ထို့ကြောင့်တပ်မတော်သားများအနေဖြင့်လည်းမိမိတို့၏ အကျိုးစီးပွားထက်တိုင်းပြည်၏ အကျိုးစီးပွားကို ကြည့်ရန်လိုပါမည်။အတိတ်ကာလမှအမှားများကို နောင်ဖြစ်မလာစေရန်လည်း ဆင်ခြင်သွားရမည်ဖြစ်သည်။တမြေတည်းနေ တရေတည်းသောက်ကြသော သွေးရင်းသားရင်း ညီအစ်ကိုမောင်နှမချင်းမပစ်မခတ် မသတ်မဖြတ်ကြတော့ဘဲချစ်ချစ်ခင်ခင် နေသွားသင့်ပါပြီ။ ဒီမိုကရေစီစနစ်နှင့်အညီ လျှောက်လှမ်းနိုင်သောမြန်မာ့တပ်မတော်အမြန်ဖြစ်လာစေချင်ပါသည်။
(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည်တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိမြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင်အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment