မြန်မာသတင်းများ ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၁၂

မြန်မာအပေါ် ဒဏ်ခတ်မှုဖယ်ရှားရေး အချိန်ယူရဦးမည်

မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု အားလုံး ဖယ်ရှားဖို့ကိစ္စ အချိန်ပေးရမယ်လို့ မြန်မာနိုင်ငံသွားမယ့် အမေရိကန် အထက်လွှတ်တော်အမတ်တွေက ပြောကြောင်းသိရသည်။

ဟိုပင်မြို့တွင် တရားမဲ့ သတ်ဖြတ်မှုတစ်ခု ဖြစ်ပွား

ကချင်ပြည်၊ ဟိုပင်မြို့ မြသီတာရပ်မှာ မီးရထားဝန်ထမ်း အရပ်သားတစ်ဦးကို စစ်တပ်အရာရှိတစ်ဦးက သေနတ်နဲ့ပစ်သတ်မှု သောကြာနေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။

၈၈ ကျောင်းသားအဖွဲ့ ပါတီထောင်ဖို့ မစဉ်းစားသေး

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့အနေနဲ့ နိုင်ငံရေးပါတီ ထူထောင်ဖို့မရှိဘဲ NLD ပါတီကို ၀န်းရံသွားမယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြောင်းသိရသည်။

ကလေးစစ်သားအရေး အစိုးရ ပိုပွင့်လင်းလာ

မြန်မာနိုင်ငံမှာ ကလေးစစ်သား မရှိတော့အောင် လုပ်ဆောင်မယ် လို့ မြန်မာအစိုးရ ကိုယ်စားလှယ်က ပြောကြားလိုက်ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက် ၈၈ မျိုးဆက်ကျောင်းသားများ ထောက်ခံ

၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံသွားမှာ ဖြစ်တယ်လို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ဇာဂနာရဲ့ အနုပညာပြပွဲ ရုပ်ရှင်ကားတချို့ စင်္ကာပူရဲက ပြသခွင့် ပိတ်ပင်


စင်္ကာပူနိုင်ငံ အခြေစိုက် “ရသအလင်း” အဖွဲ့က စီစဉ်တဲ့ “ရုန်းကန် ရှင်သန်နေ သော အလှတရား- Surviving Beauty” အနုပညာ ဟောပြောပွဲနဲ့ ရုပ်ရှင်ပြပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့ညက စင်္ကာပူ နိုင်ငံမှာ ကျင်းပခဲ့ရာမှာ စင်္ကာပူ အာဏာပိုင်တွေက ဆင်ဆာကင်းလွတ်ခွင့် မရှိတဲ့ ရုပ်ရှင်ကားတချို့ကို ပြသခွင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးသမားတွေ ထပ်လွတ်ဖို့ ကြိုးစားမယ်လို့ အစိုးရကော်မရှင် ပြော

အကျဉ်းထောင်အသီးသီးမှာ ယုံကြည်ချက်ကြောင့် ကျခံနေရတဲ့ အကျဉ်းသားတွေ ကျန်နေသေးပြီး သူတို့အားလုံးကို လွှတ်ပေးဖို့အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က တိုက်တွန်း ဆောင်ရွက်သွားဖို့ရှိကြောင်း ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောကြောင်းသိရသည်။

အကျဉ်းထောင်လွတ် သံဃာတွေ သိမ်ထပ်တဲ့ပွဲ

၂ဝဝ၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု မှာ ပါဝင်ခဲ့လို့ ဖမ်းဆီး ထိန်းသိမ်းခံရပြီး ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာတဲ့ သံဃာအပါး ၃ဝ သိမ်ထပ်ပွဲကို ဒဂုံမြို့သစ်အရှေ့ပိုင်း မကွေးပရိယတ္တိ စာသင်တိုက်မှာ ဒီကနေ့ ကျင်းပခဲ့ကြောင်းသိရသည်။

နိုင်ငံရေး အကျဉ်းကျခံရသော သံဃာတော်အရှင်သူမြတ်များ ဒုတိယအကြိမ် သိမ်ထပ်မင်္ဂလာအခမ်းအနား

ဇန်န၀ါရီ ၂၁၊ ၂၀၁၂ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်း အမှတ် (၁) ရပ်ကွက် အနော်ရထာလမ်းမကွေးပရိယတ္ထိစာသင်တိုက်မှာမြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးက
ပြန်လည်လွတ်မြောက်လာကြတဲ့ ရွှေဝါရောင်တော်လှန်ရေးသံဃာ့ခေါင်းဆောင် အရှင် ဂမ္ဘီရနှင့်တကွ ရဟန်းသံဃာတော်အရှင်သူမြတ်အပါး(၃၀)ကိုသသနာ့တာဝန်များပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် ဒုတိယအ ကြိမ် သိမ်ထပ်မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို နိုင်ငံရေးအင်အားစုအသီးသီးနဲ့မှ ပုဂ္ဂိုလ်များနဲ့ ရွှေည၀ါဆရာတော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆရာဦးဝင်းတင်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုပဏ္ဍိတ်ထွန်း တို့အပါအ၀င် အင်အား ၆၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မလွတ်သေးတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်း ပြန်လည် ပြုစုနေ

မလွတ်မြောက်လာသေးတဲ့ နိုင်ငံရေး အကျဉ်းသား စာရင်းကို NLD က ပြုစုနေသလို ထိုင်းအခြေစိုက် AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းက ဆက်လက် ပြုစုနေ ကြောင်းသိရသည်။

နိုင်ငံရေးအကျဉ်းသားများကို ပတ်စ်ပို့ရုံးက တနှစ် စောင့်ကြည့်မည်

 

နိုင်ငံရေးအကျဉ်းသားဟောင်းတချို့ ပတ်စ်ပို့ လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းများကို အာဏာပိုင်တို့က ဆောင်ရွက် ပေးခြင်း မရှိသေးပဲ တစ်နှစ်စောင့်ကြည့် ကာလအဖြစ် သတ်မှတ်ခံနေရဆဲဖြစ်ကြောင်းသိရသည်။
‘ဒီကိစ္စက လုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ။ သူတို့က ထောင်ကထွက်လာတဲ့သူမို့လို့ တစ်နှစ် စောင့်ကြည့်ကာလ လို့ပြောတယ်၊ စလစ်စာရွက် သွားထပ်တော့လဲ စာရွက်မှာ B L (Black list) လို့ ရေးထားတယ် ’ ဟု ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ တွင် မအူပင် အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာသူ နွဲ့နှင်းရည် (ခ) နိုးနိုး က ပြောသည်။
ပြည်သူတစ်ယောက်၏ ရပိုင်ခွင့်ကို ပိတ်ပင်ထားခြင်းဖြစ်ကြောင်း၊ မိမိမှာ ကျောင်းသူတစ်ယောက်ဖြစ်သည့်အတွက် ပြည်ပနိုင်ငံများတွင် ပညာသင်သွားရမည့် ကိစ္စများ ရှိကြောင်း ထောင်ဒဏ်များကိုလည်း ကျခံထားပြီးဖြစ်၍ ထိုသို့သော ကိစ္စများကို လက်မခံနိုင်ကြောင်း မနွဲ့နှင်းရည်က ပြောသည်။
‘သူတို့ ပြောသလိုဆိုရင် နိုင်ငံရေးကြောင့် ထောင်ကျတဲ့သူတွေ အားလုံးကို တစ်နှစ်စောင့်ကြည့်ကာလ လို့ သတ်မှတ်ထားတဲ့ သဘောပဲ။ ဒါပေမယ့် တကယ်တမ်းတော့ အဲလိုမဟုတ်ဘူး။ ပတ်စ်ပို့က ရတဲ့သူ ရတယ်။ တစ်ချို့ဆိုရင် သွားပြီး ပြန်လာတဲ့သူတွေတောင် ရှိနေတယ်။ မေးချင်တာက နိုင်ငံရေးအကျဉ်းသားချင်း အတူတူကို ဘယ်လိုလူကိုတော့ ပေးမယ်။ ဘယ်လိုလူကိုတော့ မပေးဘူး လို့ သတ်မှတ်ထားတာ ရှိလား။ သိချင်တယ်’ ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအား ပတ်စ်ပို့မထုတ်ပေးခြင်းသည် နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်ကို ပတ်ပင်တားဆီးသည်ဟု မြင်မိကြောင်း ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော်တိုင်းဒေသကြီးအတွင်း အမတ်လောင်းနေရာ ဝင်ရောက် ယှဉ်ပြိုင်မည့် လူငယ်အဆိုတော် တစ်ဦးဖြစ်သည့် ကိုဇေယျာသော်ကပြောသည်။
‘ကျွန်တော်လဲ ပတ်စ်ပို့လျှောက်ထားတာကြာပြီ။ ကျွန်တော် ပြန်လွတ်လာတဲ့ မေလ ကတည်းက လျှောက်ထားတာ။ အခုထိမရသေးဘူး။ ဆိုင်းငံ့ကာလ လုပ်ထားတယ်။ ကျွန်တော်တစ်ယောက်ထဲ အတွက်အတော့ ကိစ္စမရှိပါဘူး။ ဘယ်မှ သွားစရာမှ မရှိတာ။ ဒါပေမယ့် ကျန်းမာရေး အတွက် လိုအပ်လို့ ပြည်ပမှာ ဆေးတွေဘာတွေ သွားကုရမယ်ဆိုရင် ဘယ်လိုစီစဉ်ပေးမလဲ သိချင်တာ ’ ဟု ကိုဇေယျာသော်က ပြောသည်။ ထိုကဲ့သို့ ပတ်စ်ပို့လျှောက်ထားပြီး ဆိုင်းငံ့ထားခြင်းခံရသူများမှာ ၈၈ မျိုးဆက်ကျောင်းသားများ အပါအဝင် GW(Generation Wave) အတွင်းရှိ လူငယ် အဖွဲ့ဝင်အချို့ ပါဝင်ကြောင်း သိရသည်။

`ကိုဇာဂနာကိုတော့ ထုတ်ပေးလိုက်ပေမဲ့ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုတော့ ထုတ်မပေးဘူးလို့ပဲ ပြောရမှာပါ` ဟု GW မှ ကိုအာကာဗိုက သုံးသပ် ပြောဆိုသည်။

ပြည်တွင်း နိုင်ငံရေး တည်ငြိမ်မှုအတွက် အလေးထား ရှေ့ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတပြောကြား

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၀ါရှင်တန်ပို့စ်မှ အကြီးတန်း အယ်ဒီတာ Ms.Eizabeth Graham Weymouth နှင့်အဖွဲ့အား ဇန်န၀ါရီ ၁၇ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံပြီး မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကာ ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုအတွက် အလေးထား ရှေ့ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်းသိရသည်။




ပြည်တွင်း အထည်ချုပ် လုပ်ငန်းများသို့ ပြည်ပနိုင်ငံများမှ အထည် အော်ဒါမှာယူမှုတွင် လတ်တလော ၌ ဂျပန်နိုင်ငံမှ အများဆုံးဖြစ်နေကြောင်း ပြည်ပသို့တင်ပို့ပေးနေရ သည့် အထည်ချုပ်လုပ်ငန်း အသိုင်းအ၀ိုင်းမှ သတင်းရရှိပါသည်။





ကွမ်းစားရာတွင် နိုင်တီတူး၊ ဖိုး တီဖိုက် စသည့်ဆေးပြင်းများ ထည့်သွင်းစားသုံးမှု များပြားလာသောကြောင့် ကွမ်းစားခြင်း၏ နောက်ဆက်တွဲ ရောဂါဖြစ်ပွားမှုလည်း ပိုမိုများ ပြားလာကြောင်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် မေးရိုးနှင့်ခံတွင်း ခွဲစိတ်ကုဌာနမှ အငြိမ်းစားပါမောက္ခ ဌာနမှူး ဦးကိုကိုမောင်က ပြောပြခဲ့ ကြောင်းသိရသည်။




ပြည်တွင်း၌ ပထမဆုံး ဖွင့်လှစ်ခဲ့သည့် Call Center ၀န်ဆောင်မှုလုပ်ငန်းတွင် ကနဦး အလုပ်အပ်နှံသော အဖွဲ့အစည်းနှင့်ကုမ္ပဏီ ၁၂ ခု ရှိခဲ့ပြီး လက်ရှိတွင်ကုမ္ပဏီ ၁၅ ခုက အလုပ်အပ်နှံရန် ထပ်မံကမ်းလှမ်းထားပြီး အသေးစိတ်ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းသိရသည်။





အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကျစ်လျစ်ခိုင်မာ တောင့်တင်းရန်နှင့်  အဖွဲ့ချုပ်၏ နိုင်ငံရေးဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ်များ ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် သဘာပတိအဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ကို ပြန်လည် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ ထို့ပြင် ဗဟိုအလုပ် အမှုဆောင်အဖွဲ့တွင် အတွင်းရေးမှူး အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

တရုတ်နှစ်ကူးဟင်းအိုးထဲရောက်မည့်မြွေများ မေမြို့တွင် ကယ်တင်ခံရ

တရုတ်နိုင်ငံသို့ ကုန်ကား ၂ စီးဖြင့် သွားကြမည့် ထောင်နှင့်ချီသော မြွေများကို မေမြို့အနီးစခန်းတွင် ၁၂ ရက်နေ့က တွေ့ရသည်ဟု မြန်မာပြည်မှ လာသော သတင်းများတွင် ရေးသားထားသည်။
ကုန်ကား ၂ စီးရှိ သေတ္တာ အလုံး ၄၀၀ ထဲတွင် လင်းမြွေ၊ မြွေပွေး၊ မြွေဟောက်၊ ငန်းတော်ကျား စသည့် မြွေများ ပါဝင်သည်ဟု ယမန်နေ့က ကြေးမုံ သတင်းစာတွင် ရေးသားဖော်ပြထားသည်။
ကောင်ရေ တသောင်းနီးပါး ရှိသည်ဟု မော်ဒန်သတင်းဂျာနယ်တွင် ဖော်ပြကြောင်း AP သတင်းတပုဒ်တွင် ဆိုထားသည်။တွင်းအောင်းတိရိစ္ဆာန်တို့ကို တရားမ၀င် ခိုးထုတ်ရောင်းဝယ်မှုကို သတင်းရသဖြင့် စောင့်ဆိုင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သတင်းစာတွင် ရေးသားဖော်ပြထားကြောင်းသိရသည်။

ရဟန်းတော်များ၏ သံတိုင်နောက်ကမှတ်တမ်းများ အင်္ဂလိပ်ဘာသာ စာအုပ်နှင့် ရဟန်းတော်များနဲ့ နိုင်ငံရေး ဆောင်းပါးပေါင်းချုပ် အရှင်ပညာနန္ဒနှင် ပြည်ပရောက်မြန်မာရဟန်းတော်များအဖွဲ့က ထုတ်ဝေ 

မြန်မာစစ်အစိုးရအဆက်ဆက်တွင် သာသနာပြု ရဟန်းသံဃာတော်များကို ဖိနှိပ် ဖမ်းဆီးမှုများ၊ နှိမ်နှင်းမှုများကို သံဃာတော်များကိုယ်တွေ့ ထုတ်ဖော်ရေးသားခဲ့သည့် ဆောင်းပါးပေါင်းချုပ်စာအုပ် – သံတိုင်နောက်မှ မှတ်တမ်းများ – စာအုပ်ကို ယနေ့တွင် အင်္ဂလိပ်ဘာသာပြန်အဖြစ် ထွက်ရှိလာပြီ ဖြစ်ကြောင်းသိရသည်။
 
 

ကိုကိုကြီးပြောတဲ့ အကျဉ်းထောင်


မကြာခင်က အကျဉ်းထောင် အသီးသီးမှ ပြန်လည် လွတ်မြောက်လာသူများက ယခင် အကျဉ်းထောင်များ၏ အခြေအနေသည် အလွန်ဆိုးဝါးခဲ့ကြောင်း၊ နိုင်ငံတကာ ကြက်ခြေနီ အသင်းကြီး (ICRC) က အကျဉ်းထောင်များ အတွင်း ၀င်ရောက်လေ့လာခွင့် ရပြီးသည့် ၁၉၉၉ ခုနှစ် နောက်ပိုင်းမှ စ၍ ယခုအထိ သတင်းစာ ဂျာနယ်ဖတ်ရှု့ခွင့်များ ရလာပြီး တိုးတက်လာကြောင်း၊ အကျဉ်းထောင်များ၏ အခြေအနေတိုးတက်မှုသည့် သက်ဆိုင်ရာ အကျဉ်းဦးစီး အရာရှိများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များ အပေါ်လည်း မူတည်ပြီး တိုးတက်မှုခြင်း မတူညီကြောင်း၊နားလည်မှုဖြင့်သာ ထောင်တွင်းဘ၀ ရှင်သန်ဖြတ်သန်းကြရပြီး ခိုင်မာသည့် ဥပဒေတရပ် မရှိသေးကြောင်း၊ နိုင်ငံရေး အကျဉ်းသား ဟူ၍လည်း ယခုအထိ အသိအမှတ်ပြုခြင်း မရှိသေးကြောင်း ပြောဆိုကြသည်။ မန်မာနိုင်ငံ၏ ဝေးလံခေါင်ဖျားဒေသတခု ဖြစ်သော ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ် အကျဉ်းထောင်မှ နေ၍ ဇန်နဝါရီ ၁၂ ရက်နေ့ သမ္မတ၏ လွတ်ငြိမ်းချမ်းသာအမိန့်ဖြင့် ပြန်လည်လွတ်မြောက် လာသော ၈၈ မျိုးဆက် ကျာင်းသားခေါင်းဆောင် ကိုကိုကြီးအား အကျဉ်းထောင်များ၏ အခြေအနေ ပြောင်းလဲလာမှုနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ် မေးမြန်းထားပါသည်။ ကိုကိုကြီးသည် ၂၀၀၇ ခုနှစ်က လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေးတို့အတွက် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ရင်း တခြား သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များနှင့်အတူ ဖမ်းဆီးခံရကာ ထောင်ဒဏ် ၆၅ နှစ် ၆ လ ချမှတ်ခံခဲ့ရပြီး အင်းစိန်၊ မအူပင်၊ ကျိုင်းတုံ၊ မိုင်းဆတ် စသည့် အကျဉ်းထောင်တို့တွင် နေခဲ့ရသူဖြစ်သည်။ ယခင် စစ်အစိုးရများ လက်ထက် ကလည်း အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသား အဖြစ် ၁၅ နှစ်ကျော် နေခဲ့ဖူးသဖြင့် ကိုကိုကြီးသည် အကျဉ်းထောင်များထဲတွင် အနှစ် ၂၀ ခန့်နေခဲ့ဖူးသည်။
မေး။။ အကျဉ်းထောင်ထဲမှာ နေလာခဲ့ရတဲ့ အတွေ့အကြုံတွေအရ အခု ပြန်လွတ်လာချိန်မှာ အကျဉ်းထောင် တွေရဲ့ အဖက်ဖက်က ပြောင်းလဲမှုတွေကို ကိုကိုကြီး အနေနဲ့ ပြောပြပေးပါ။
ဖြေ။ ။ ကျနော်တို့ ပထမ တခေါက် ထောင်ကျတဲ့အခြေအနေကတော့ တော်တော့်ကိုဆိုးတယ်။ ဆိုးတယ် ဆိုတာက ကိုယ်ထိလက်ရောက် ရိုက်နှက်ညှဉ်းပန်းတဲ့ ပြစ်ဒဏ်မျိုးပေးတာ၊ စစ်ခွေးတိုက် ပို့တာမျိုးတွေက အစ နောက်ဆုံး စာအုပ် စာတမ်း ဖတ်ရှု့ခွင့် မရှိလို့ စာရွက်အတိုအစ လေးတွေ မိတာမျိုးတွေကိုပဲ ကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးတာ မျိုးတွေ ခံခဲ့ကြရတယ်။ ဒီဘက် ICRC ၀င်လာပြီးနောက်ပိုင်း အကျဉ်းထောင်တွေရဲ့ အခြေအနေကတော့ တဖြည်းဖြည်းချင်း တိုးတက်လာပါတယ်။ အရင်က တမံသလင်းပေါ်မှာ ကျနော်ဆိုရင် ၉ နှစ်လောက် အိပ်ခဲ့ရတာ။ နောက်ပိုင်း ICRC ၀င်ပြီးချိန်မှာ ကွတ်ပျစ်နဲ့ အိပ်လာရတာတို့၊ တဖြည်းဖြည်း ထောင်အလိုက် ရေလောင်းအိမ်သာ ဖြစ်လာတာတို့၊ စာအုပ်စာတမ်း၊ သတင်းစာ၊ ဂျာနယ် ဖတ်ရှုခွင့် ရလာတာတို့ စသဖြင့် ဒါတွေက တိုးတက်တဲ့ အခြေအနေ တွေလို့ ပြောရမှာပါ။
မေး။ ။ တိုးတက်လာတဲ့ အခြေအနေတွေ ရှိသလို မတိုးတက်တာတွေလည်း ရှိရင် သိချင်ပါတယ်။
ဖြေ။ ။ အကျဉ်းထောင် အခြေအနေ ရုပ်ပိုင်းဆိုင်ရာ ဆိုးရွားတဲ့အချိန်မှာတုန်းက တခြားအကျဉ်းသားများ နည်းတူ လျှော့ရက် (ကွာ) ခံစားခွင့်တွေ နိုင်ငံရေးအကျဉ်းသား ရခဲ့ပါတယ်။ ဒီဘက် ပြောင်းလဲလာပြီးကျတော့ ကျနော့်တို့ ၉၇ (၁၉၉၇ ခုနှစ်) က စပြီးတော့ လျှော့ရက် (ကွာ) တွေကို နိုင်ငံရေးအကျဉ်းသားတွေကို မပေးတော့ဘူး။ အဲဒါကို ဖြတ်တဲ့ ကိစ္စဟာ တော်တော့်ကို ဆိုးပါတယ်။ ကျနော်တို့ ထောင်မှာ ယေဘုယျအားဖြင့် ၃ ပုံ ၁ ပုံ လျှော့ရက် ခံစားခွင့် ရတယ် ဆိုပြီး တွက်လို့ရပါတယ်။ အဲဒီတော့ ၁၀ နှစ် ထောင်ကျတဲ့ နိုင်ငံရေးအကျဉ်းသားက ပြောရရင် ၆ နှစ် ၈ လ ဆိုရင် ဒါ လွတ်တယ်ပေါ့လေ။ တကယ်လို့် အဲဒီလျှော့ရက် (ကွာ) ခံစားခွင့်ကို မပေးတော့ဘူး ဆိုရင် ၁၀ နှစ် အပြည့် နေရတယ်။
သဘောက ထောင်ဒဏ် ၁၅ နှစ် ကျတဲ့သူက ၃ ပုံ ၁ ပုံ လျှော့ရက် ခံစားခွင့်ပေးရင် ၁၀ နှစ် နေရတယ်။ တရားရုံးက ၁၀ နှစ် ချလိုက်တဲ့ အပြစ်ဒဏ်ကို အကျဉ်းဦးစီးက တရားရုံး ခွင့်ပြုချက် မပါဘဲနဲ့ တရားမ၀င် နောက်ထပ် ၅ နှစ် ထပ်ချလိုက်တဲ့ သဘော၊ ပေါင်း ၁၅ နှစ် ထောင်ကျ ခံရတဲ့ သဘော ဖြစ်နေတယ်။ အဲဒီတော့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ထောင်အာဏာပိုင်လည်း ဆက်ဆံရေး အဖုအထစ်ဖြစ်တယ်၊ တဘက်က နိုင်ငံရေးအကျဉ်းသား မရှိဘူး ပြောနေပေမယ့် ထောင်လက်စွဲ ဥပဒေပါ ခံစားခွင့်တွေကို သက်သက် ဖြတ်တောက်ခံရတယ်၊ ဒါဟာ အဆိုးဆုံး အချက်ပါဘဲ။
နောက်တခုက ဒီဘက်ခေတ် အကျဉ်းထောင်တွေရဲ့ အခြေအနေ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ကျနော်တို့က အသိအမှတ်ပြု ပြောနေဆဲမှာ အကျဉ်းသားရဲ့ ခံစားပိုင်ခွင့်နဲ့ ပတ်သက်ပြီး ထောင်တွင်းပြစ်မှုမရှိဘဲ ဖြတ်တောက်တာ၊ ဒါ အဆိုးဆုံး အခြေ အနေပါ။ နောက်တခုကတော့ ကျနော်တို့ ဒီတခေါက်ကျတော့မှ နယ်စွန်နယ်ဖျား ရပ်ဝေး ထောင်တွေ အသီးသီးကို ပို့တဲ့ ကိစ္စ၊ အဲဒါက မိသားစု ဆက်သွယ်နိုင်တဲ့ အခြေအနေ၊ ထောင်ဝင်စာ မတွေ့နိုင်တဲ့ အခြေအနေ မရှိအောင်ကို တမင် ဖန်တီးလိုက်သလိုဖြစ်သွားပါတယ်။
ထောင်ထဲမှာနေတဲ့ အကျဉ်းသား တယောက်အတွက် ၁၄ ရက် တကြိမ် ထောင်ဝင်စာဟာ သူ့ရဲ့ စားဝတ်နေရေး ဖြေရှင်းမှု တခုတည်း သာမကဘဲနဲ့ စိတ်ထွက်ပေါက်လည်းဖြစ်ပါတယ်။ မိသားစုနဲ့တွေ့ဆုံနေရတယ်၊ တွေ့ခွင့်ရတယ်၊ ထောင်ဝင်စာ ထွက်တွေ့ရတယ် ဆိုတာဟာ သူ့အနေနဲ့ ၁၄ ရက်ကြာ ကာလ ပတ်လုံး မွမ်းကျပ်နေတာတွေဟာ တချက်တချက်မှာ သူ့အနေနဲ့ ထွက် ပေါက်အနေနဲ့ ရတယ်။ ဥပမာ ကျနော် ဆိုရင် မိုင်းဆတ်မှာ ၃ နှစ်ကျော်ကျော် နေလိုက်ရတာပါ။ ကျနော့်မိသားစုက ထောင်ဝင်စာ ၃ ခေါက်ပဲ လာနိုင်တယ်။ ဒါတောင်မှ ကျနော့်လိုမဟုတ်ဘဲ လုံးဝ မလာနိုင်တဲ့သူတွေလည်း ရှိတယ်။ အဲဒီတော့ ဒီအခြေအနေတွေဟာ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ၊ ထောင်ကျအကျဉ်းသား တယောက်ကို စိတ်ပိုင်းဆိုင်ရာအရ ညှဉ်းပမ်း နှိပ်စက်တဲ့သဘော၊ ဒါဟာ ဒီဘက်ခေတ်မှာ အကျဉ်းထောင် အခြေအနေတွေ၊ ခုနက ရုပ်ပိုင်းဆိုင်ရာ တိုးတက်နေတဲ့ တချိန်တည်းမှာပဲ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပမ်းနှိပ်စက်တဲ့သဘောတွေ ရှိတယ်။ ပြီးတော့ ဒီဟာတွေဟာလည်း ထောင်တွင်း ပြစ်မှု ကျူးလွန်ခြင်း မရှိဘဲနဲ့ ထောင်ဝင်စာ မလာနိုင်အောင်၊ ထောင်ဝင်စာ ပိတ်တဲ့ ပြစ်ဒဏ်သဘော ဖြစ်နေတယ်။ လျှော့ရက် (ကွာ) ဖြတ်တဲ့ သဘောလဲ ရှိနေတယ်။ အဲဒီလို ခံစားခဲ့ရပါတယ်။
မေး။ ။ ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ထောင်ကျမဟုတ်တဲ့ သာမန်ပြည်သူလူထုမှာတောင်မှ စရိတ်မျှပေး ကျန်းမာရေးဆိုပြီးတော့ စားရိတ် အကုန် ပေးနေရတဲ့အချိန်မှာ အကျဉ်းကျနေရတဲ့ အကျဉ်းသား တယောက်အနေနဲ့ကတော့ ပိုဆိုးတာပေါ့ဗျာ။ အထူးသဖြင့် နယ်စွန်နယ်ဖျား မြို့ငယ်လေးတွေမှာ ဆိုတာက မြို့ခံပြည်သူလူထုတောင်မှ ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ပြည့်၀၀ မရှိပါဘူး။ ဥပမာအားဖြင့် X’ ray စက်လိုမျိုး၊ တခြား မျက်စေ့တို့၊ သွားတို့ ဆရာဝန်မျိုးဆိုတာက မရှိကြဘူး။ အဲဒီတော့ ထောင်လို နေရာမျိုးမှာကတော့ များသောအားဖြင့် ထောင်ဆရာဝန်တောင် မရှိဘူး။ ဆေးမှူးအဆင့်ပဲ ရှိတာဆိုတော့ ကျန်းမာရေး စောင့်ရှောက်မှုက အဆင့်မမီဘူး။ သာမန်ရာသီအလိုက်ဖြစ်တဲ့ ဖျားနာတာလောက်က ဆေး ဆောင်ထားလို့ရတယ်။ တကယ့်ပြင်းပြင်းထန်ထန်ဖြစ်တဲ့ ရောဂါမျိုးဆိုရင်တော့ ဆေးကုသဖို့ အခက်အခဲက တော်တော့်ကို ကြီးပါတယ်။
မေး။ ။ အကျဉ်းထောင်ထဲက အကျဉ်းသားတိုင်းရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်ကို ဘာပြောချင်ပါသလဲ။
ဖြေ။ ။ နံပါတ် ၁ အချက်က နိုင်ငံရေးအကျဉ်းသားတွေဟာ သူတို့ရဲ့ နိုင်ငံရေး ဆောင်ရွက်မှုကြောင့် ပြစ်ဒဏ်ကျ မခံသင့်ဘဲနဲ့ ခံနေကြရတဲ့ သူတွေဖြစ်တယ်။ အဲဒီကြားထဲမှာမှ အပြင်မှာ သူ့မိသားစုနဲ့ သူ့ရဲ့ကျန်းမာရေးကို လွတ်လွတ်လပ်လပ် ကာကွယ်ထိမ်းသိမ်းစောင့်ရှောက် ကုသနိုင်တဲ့ အခွင့်အလမ်းကို ဆုံးရှုံးပြီးတော့ အထဲမှာ ခုနပြောတဲ့ ချို့ချို့တဲ့တဲ့ နေရတဲ့ အခြေအနေဟာ တော်တော့်ကို မဖြစ်သင့်တဲ့ အခြေအနေပါ။ နိုင်ငံတော် အနေနဲ့ ဖိဖိစီးစီး တာဝန်ယူပေးသင့်တဲ့ အခြေအနေလို့ မြင်ပါတယ်။
မေး။ ။ အကျဉ်းထောင်တွေရဲ့ အခြေအနေ တခုလုံးခြုံမိအောင် ကျန်းမာရေးကအစ အုပ်ချုပ်ရေး၊ ဆက်ဆံရေးတွေ အထိကောင်းဖို့ ဘယ်အရာတွေပေါ်မှာ မူတည်မလဲ။
ဖြေ။ ။ ကျနော်တို့ဆီမှာတော့ ထောင် ၁ ထောင်နဲ့ တထောင်ဟာ တပြေးညီ အုပ်ချုပ်တဲ့ အခြေအနေမျိုး မဟုတ် ပါဘူး။ သက်ဆိုင်ရာနယ်မြေ ဒေသခံ၊ နောက်တခါ ထောင်နဲ့ ချိတ်ဆက် ဆောင်ရွက်နေတဲ့ SB ရဲသတင်းတပ်ဖွဲ့ စသဖြင့် တွေပေါ်လည်း မူတည်တယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားကို ထောင်အပြင်ကို လိုအပ်လို့ ထုတ်မယ်ဆိုရင် တောင်မှ ဒေသခံ လူ ပုဂ္ဂိုလ်တွေ၊ အာဏာပိုင်တွေရဲ့ သဘောထားနဲ့လည်း အများကြီး ပတ်သက်ပါတယ်။ သူတို့က တကယ့်ကို အလေး အနက်ထားပြီးတော့ ဆောင်ရွက်ရင် ဆောင်ရွက်သလောက် ဆေးဝါးကုသမှုကအစ ကောင်းပြီး တော့ ဒီလူပုဂ္ဂိုလ်တွေက စိတ်မပါဘဲ စိတ်မ၀င်စားတဲ့အခါမျိုး၊ ပြီးစလွယ်လုပ်တဲ့ အခါမျိုးမှာဆိုရင်တော့ ပိုဆိုးပါတယ်။ ဆိုလိုတာက ဥပဒေ တရပ် အခိုင်အမာ ပြဌာန်းထားခြင်း မရှိတာပါဘဲ။ ဥပဒေဆိုတာမှာ ဘယ်ဟာက လိုက်နာရမယ့် တာဝန်၊ ဘယ်ဟာက ရပိုင်ခွင့်စသဖြင့် နိုင်ငံရေးအကျဉ်းသားကို အသိအမှတ်ပြုတဲ့ ဥပဒေ တရပ်တကယ့်ကိုလိုအပ်နေ တယ်။

 
NLABR
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com






0 comments:

Post a Comment