နိုင်ငံရေးအကျဉ်းသားများကို ပတ်စ်ပို့ရုံးက တနှစ် စောင့်ကြည့်မည်
နိုင်ငံရေးအကျဉ်းသားဟောင်းတချို့ ပတ်စ်ပို့ လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းများကို အာဏာပိုင်တို့က ဆောင်ရွက် ပေးခြင်း မရှိသေးပဲ တစ်နှစ်စောင့်ကြည့် ကာလအဖြစ် သတ်မှတ်ခံနေရဆဲဖြစ်ကြောင်းသိရသည်။‘ဒီကိစ္စက လုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ။ သူတို့က ထောင်ကထွက်လာတဲ့သူမို့လို့ တစ်နှစ် စောင့်ကြည့်ကာလ လို့ပြောတယ်၊ စလစ်စာရွက် သွားထပ်တော့လဲ စာရွက်မှာ B L (Black list) လို့ ရေးထားတယ် ’ ဟု ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ တွင် မအူပင် အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာသူ နွဲ့နှင်းရည် (ခ) နိုးနိုး က ပြောသည်။
ပြည်သူတစ်ယောက်၏ ရပိုင်ခွင့်ကို ပိတ်ပင်ထားခြင်းဖြစ်ကြောင်း၊ မိမိမှာ ကျောင်းသူတစ်ယောက်ဖြစ်သည့်အတွက် ပြည်ပနိုင်ငံများတွင် ပညာသင်သွားရမည့် ကိစ္စများ ရှိကြောင်း ထောင်ဒဏ်များကိုလည်း ကျခံထားပြီးဖြစ်၍ ထိုသို့သော ကိစ္စများကို လက်မခံနိုင်ကြောင်း မနွဲ့နှင်းရည်က ပြောသည်။
‘သူတို့ ပြောသလိုဆိုရင် နိုင်ငံရေးကြောင့် ထောင်ကျတဲ့သူတွေ အားလုံးကို တစ်နှစ်စောင့်ကြည့်ကာလ လို့ သတ်မှတ်ထားတဲ့ သဘောပဲ။ ဒါပေမယ့် တကယ်တမ်းတော့ အဲလိုမဟုတ်ဘူး။ ပတ်စ်ပို့က ရတဲ့သူ ရတယ်။ တစ်ချို့ဆိုရင် သွားပြီး ပြန်လာတဲ့သူတွေတောင် ရှိနေတယ်။ မေးချင်တာက နိုင်ငံရေးအကျဉ်းသားချင်း အတူတူကို ဘယ်လိုလူကိုတော့ ပေးမယ်။ ဘယ်လိုလူကိုတော့ မပေးဘူး လို့ သတ်မှတ်ထားတာ ရှိလား။ သိချင်တယ်’ ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအား ပတ်စ်ပို့မထုတ်ပေးခြင်းသည် နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်ကို ပတ်ပင်တားဆီးသည်ဟု မြင်မိကြောင်း ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော်တိုင်းဒေသကြီးအတွင်း အမတ်လောင်းနေရာ ဝင်ရောက် ယှဉ်ပြိုင်မည့် လူငယ်အဆိုတော် တစ်ဦးဖြစ်သည့် ကိုဇေယျာသော်ကပြောသည်။
‘ကျွန်တော်လဲ ပတ်စ်ပို့လျှောက်ထားတာကြာပြီ။ ကျွန်တော် ပြန်လွတ်လာတဲ့ မေလ ကတည်းက လျှောက်ထားတာ။ အခုထိမရသေးဘူး။ ဆိုင်းငံ့ကာလ လုပ်ထားတယ်။ ကျွန်တော်တစ်ယောက်ထဲ အတွက်အတော့ ကိစ္စမရှိပါဘူး။ ဘယ်မှ သွားစရာမှ မရှိတာ။ ဒါပေမယ့် ကျန်းမာရေး အတွက် လိုအပ်လို့ ပြည်ပမှာ ဆေးတွေဘာတွေ သွားကုရမယ်ဆိုရင် ဘယ်လိုစီစဉ်ပေးမလဲ သိချင်တာ ’ ဟု ကိုဇေယျာသော်က ပြောသည်။ ထိုကဲ့သို့ ပတ်စ်ပို့လျှောက်ထားပြီး ဆိုင်းငံ့ထားခြင်းခံရသူများမှာ ၈၈ မျိုးဆက်ကျောင်းသားများ အပါအဝင် GW(Generation Wave) အတွင်းရှိ လူငယ် အဖွဲ့ဝင်အချို့ ပါဝင်ကြောင်း သိရသည်။
`ကိုဇာဂနာကိုတော့ ထုတ်ပေးလိုက်ပေမဲ့ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုတော့ ထုတ်မပေးဘူးလို့ပဲ ပြောရမှာပါ` ဟု GW မှ ကိုအာကာဗိုက သုံးသပ် ပြောဆိုသည်။
National League for All Burma Refugees
Web-site: www.nlabr.com
Poet: Pen Name: Min Maung (Samurai)
Facebook: samuraiminmaung
E-mail: myatkoko74@gmail.com
Contact Ph-No: +6 010 255 6050
E-mail: myatkoko74@gmail.com
Contact Ph-No: +6 010 255 6050
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment