မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဇန်နဝါရီလ ၂၈ ရက်၊ ၂၀၁၂
ပဒိုမန်းငြိမ်းမောင်ကို အင်းစိန်တရားရုံးထုတ်
ပဒိုမန်းငြိမ်းမောင်ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ တရားစွဲ ထောင်ဒဏ် ချမှတ်ခံထားရတာ ရက်ပြည့်သွားပြီ ဖြစ်ပေမယ့် ကေအန်ယူရဲ့ ဗဟိုကော်မတီတဦး ဖြစ်တဲ့အတွက် မတရားအသင်းမှာ ပါဝင်မှု ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော်ပုန်ကန်မှု ၁၂၂-၁ နဲ့ တရားဆက်လက် စွဲဆိုထားပြီး ဒီကနေ့ အင်းစိန်ထောင် အထူးတရားရုံးမှာ စစ်ဆေးကြားနာတယ်လို့ သူ့ရဲ့ ဥပဒေအကျိုးဆောင် ဦးကြီးမြင့်က ပြောပါတယ်။
အမှု ကြားနာစဉ်မှာ ပဒိုမန်းငြိမ်းမောင်ဟာ မြန်မာအစိုးရနဲ့ ကေအန်ယူအကြား တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေး လက်မှတ်ထိုးနိုင်အောင် နည်းလမ်းရှာ ကြိုးပမ်းခဲ့သူ တဦးအဖြစ် တရားရုံးမှာ လျှောက်လွှဲချက် ပေးခဲ့တယ်လို့ ဥပဒေအကျိုးဆောင် ဦးကြီးမြင့်က ပြောပါတယ်။
“သူက ငြိမ်းချမ်းရေးကို ခင်ဗျားတို့ ဘယ်လို လိုချင်လဲ။ ကေအန်ယူကတော့ ဘာတွေ လိုလားတယ်။ အဲဒီ လိုလားချက်တွေ ရအောင် ခင်ဗျားတို့ဘက်က ကောင်းမွန်တဲ့ စေတနာတွေ ဘယ်လိုအချက်တွေ ပြဖို့လိုတယ်။ အဲဒါဆိုရင် ဘယ်သူတွေနဲ့ ဆက်သွယ်ပြီးတော့ ငြိမ်းချမ်းရေး ရအောင် ကြိုးပမ်းဆိုပြီး သူက ဆရာတော် တပါးကို ညွှန်လိုက်တယ်ဗျ။ အဲဒီဆရာတော်ကလည်း သိက္ခာ သမာဓိ ရှိတဲ့သူ ဖြစ်ရမယ်။ နှစ်ဖက်ကလည်း ယုံကြည်ရမယ်။ အဲဒီ သမာဓိရှိတဲ့ အကျိုးဆောင်မျိုး ကြားကလိုတယ်။ အဲဒီ အကျိုးဆောင်ဆိုရင် တောင်ကလေးဆရာတော် ဆိုလားပဲ သူ့အကူအညီနဲ့ ခင်ဗျားတို့ ဆက်လုပ်ကြလို့ ပြောလိုက်တဲ့ အခါ အဲဒီ ဆရာတော်ကိုလည်း ဆက်တယ်တဲ့။ အဲဒီ ဆရာတော်နဲ့ တွဲရိုက်ထားတာ ဓာတ်ပုံတွေ ပဒို ဒေဗစ်ထောရယ်၊ ဦးအောင်မင်းရယ် အဲဒီ ဆရာတော်ရယ် တွဲရိုက် ဓာတ်ပုံတွေလည်း ဂျာနယ်တွေမှာပါနေပြီ။ အဲဒီ ဆရာတော်ကိုလည်း မဟာသတ္တမ ဇော်တိက ဘွဲ့ ပေးလိုက်တယ်။ အကျိုးဆောင်ချင်း အတူတူ သူ့ကျတော့ ဘွဲ့ပေးတယ်။ ကျနော့်ကျတော့ ထောင်ထဲ ဒီပုဒ်မနဲ့ တရားစွဲတယ်ဗျာတဲ့။ သူက အဲဒီလို ပြောတယ်။”
အမှုကို လာမယ့် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထပ်မံ ကြားနာစစ်ဆေးဖို့ ရှိနေပါတယ်။ တရားရုံးကနေ ပဒိုမန်းငြိမ်းမောင်ကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် ပုဒ်မ ၁၇ (၁) အတွက် ထောင်ဒဏ် ၂ နှစ်ကနေ ၃ နှစ်အထိ ပြစ်ဒဏ်ကျခံ နိုင်ပြီးတော့ ပုဒ်မ ၁၂၂-၁ အတွက်လည်း သေဒဏ်တကျွန်း ကျခံနိုင်တယ်လို့ ဥပဒေ ကျွမ်းကျင်သူတွေက ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရာတွင် သိရှိလိုက်နာရန်အချက်များ
Popular Myanmar News Journalလွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ် နေသောမဲဆန္ဒနယ်များအတွက် ၁၆-၁-၂ဝ၁၂ ရက်မှ ၃၁-၁-၂ဝ၁၂ ရက်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများ
အမည် စာရင်း တင်သွင်းနိုင်ကြပြီဖြစ်ရာ ဥပဒေအရ သိရှိလိုက်နာရမည့် အချက်များကို အောက်ပါ
အတိုင်း အသိပေးနှိုးဆော်လိုက်ပါသည်။
(က) သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ အရ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသော နိုင်ငံသားများ သည် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေးရွေးကောက်ပွဲတွင်ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိပါသည်။
(ခ) သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁ဝ နှင့် ငြိစွန်းနေသောပုဂ္ဂိုလ်များသည် ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေရပါ။
(ဂ) လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မိမိဝင်ရောက်ယှဉ် ပြိုင်လိုသည့် မဲဆန္ဒနယ်နှင့် အကျုံးဝင်သည့် နေပြည်တော် (သို့မဟုတ်) သက်ဆိုင်ရာခရိုင် (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း/ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ကော်မရှင်အဖွဲ့ခွဲ၌ စာရင်းသွင်းရပါမည်။ [နည်း ၁၈ (က)]
(ဃ) ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေးကို မိမိအမည်စာရင်း တင်သွင်းရမည့်ကော်မရှင်
အဖွဲ့ခွဲရုံးစိုက်ရာ မြန်မာ့စီးပွားရေးဘဏ် ခွဲတွင် ပေးသွင်းရမည်ဖြစ်ပြီး ငွေစာရင်းအမှတ်မှာ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ၏ ငွေစာရင်းအမှတ် ဖြစ်သည်။ [နည်း ၁၈ (ဂ)]
(င) လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်
စာရင်း တင်သွင်းရာ တွင် ပါရှိရမည့် စာရွက်စာတမ်းများမှာ-(၁) လွှတ်တော်ကိုယ်စားလှယ် လောင်းအမည်စာရင်း တင် သွင်းလွှာပုံစံ (၆) မူရင်းနှစ်စုံ (တရားသူ ကြီးရှေ့မှောက်တွင် လက်မှတ်ရေး ထိုးထားသည့် လက်မှတ်မှန်ကန်ကြောင်း သက်သေခံစာအပါအဝင်)
(၂) ကော်မရှင်ကသတ်မှတ်သည့်အတိုင်း ပြုစုထားသည့် ကိုယ် ရေးမှတ်တမ်း နှစ်စောင်၊
(၃) ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေးပေးသွင်းပြီးကြောင်း ချလန်ဖြတ်ပိုင်းမူရင်း၊
(၄) နိုင်ငံသားဖြစ်ကြောင်း သက်သေခံအထောက်အထားနှင့်(၅) ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် မိမိကိုယ်တိုင်ဖြစ်စေ၊ တခြားသူတစ်ဦးကိုဖြစ်စေ ခန့်ထားကြောင်း ပုံစံ (၇) သို့မဟုတ် ပုံစံ (၇-က) နှစ်စောင်တို့ ဖြစ်ပါသည်။
မှတ်ချက်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသည် မဲဆန္ဒနယ်တစ်နယ်ထက်ပို၍ တစ်ပြိုင်တည်း အမည်စာရင်းတင်သွင်း ခွင့် မရှိပါ။ [နည်း-၁၈ (ဂ)]ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ပြည်တွင်းအခွန် နှုန်းထားများ အားခေတ်စနစ်နှင့်လျော်ညီ အောင်ပြင်ဆင်ကောက်ခံသွား မည်
MRTV-4 — ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ လက်ရှိပြည်တွင်းမှာ ကျင့်သုံးကောက်ခံလျက်ရှိတဲ့ အခွန်အခများကို ခေတ်စနစ်နဲ့လျော် ညီအောင် ပြင်ဆင်ရေးဆွဲ ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင် ရွက်နိုင်ဖို့အတွက် လက်ရှိ အခွန်ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲပြီး အဆိုပါ ပြင်ဆင်ဆောင်ရွက်ထားတဲ့ အခွန်ဥပဒေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြထားပြီး ဖြစ်ပါတယ်။အဆိုပါ တင်ပြထားတဲ့ အခွန်ဥပဒေနှင့်အညီ စီးပွားရေးလုပ်ငန်းများနဲ့ အခြားသော လုပ်ငန်းများမှာ ကဏ္ဍာအလိုက် သက်ဆိုင်ရာ သင့်တင့် တဲ့ နှုန်းထားများကို ပြင်ဆင်ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရခြင်းဟာ နိုင်ငံတော်ကသွားနေတဲ့ ခေတ်စနစ်နဲ့ လိုက်လျော ညီထွေမှုရှိ စေဖို့ အတွက် ပြင်ဆင်ကောက် ခံမှာ ဖြစ်ပါတယ်။
အခွန်ဆိုတာဟာ ၀င်ငွေရတဲ့ လုပ်ငန်းများ ဆောင်ရွက်မှုအပေါ် မှာ ပေးသွင်းရ တာဖြစ်ပြီး အခဆိုတာကတော့ ဥပမာအားဖြင့် ဖုန်းဆက်ခြင်း၊ ခရီးသွားခြင်းနဲ့ အခြားသော ကိစ္စရပ်များ အတွက် ငွေပေးဆောင်ခြင်းနဲ့အတူ တူညီတဲ့အကျိုး ခံစားခွင့် ရရှိမှုများ အစရှိတာတွေဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ အပြင် အခွန်အခဆိုင်ရာ ကွဲပြားမှုတွေ ပညာရပ်တွေနဲ့ ပတ်သက်ပြီး အများပြည်သူ သိရှိသဘောပေါက်နားလည်အောင် ပညာပေးမှု လုပ်ငန်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင် ရွက်သွားမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
နိုင်ငံရေးသမားများ၏မဲဆွယ် ခြင်း၌ရေတိုပြဿနာကိုဖြေရှင်း နိုင်သောကတိနှင့်ရေရှည်ပြဿ နာကို ဖြေရှင်းနိုင်သောကတိ
Hot News Journal — ကျွန်တော်တို့နိုင်ငံတွင် ပါတီစုံဒီမို ကရေစီနိုင်ငံရေးအတွေ့အကြုံသည် နှစ် ပေါင်း (၅၀)ခန့် ကွင်းဆက်ပြတ်ခဲ့သည် ဟု ၀ါရင့်စာရေးဆရာကြီးတစ်ဦးက ဆိုပါ သည်။ စာရေးသူ ကျွန်တော်သည် အ သက် (၅၇)နှစ်ရှိရာ ၁၉၇၀ ပြည့်နှစ်လွန် နှစ်များ ၌ ပြည်သူ့ကိုယ်စား လှယ်အဆင့် ဆင့်ကို မဲထည့်ဖူးသော အတွေ့အကြုံရှိ ပါ၏။သို့သော် ထိုခေတ်ကပါတီစုံမဟုတ် ပါ။ ကိုယ်စားလှယ်လောင်းတစ်ဦးထဲကိုပဲ ကန့်ကွက်လား၊ ထောက်ခံလားမဲထည့်ခဲ့ ရပါသည်။ ဒီတော့ လွှတ်တော်ကိုယ်စား လှယ်အချင်းချင်း ယှဉ်ပြိုင်ခြင်းကိုစောင့် ကြည့်သောအတွေ့အကြုံသည်မရှိခဲ့ပါ။သက်္ကရာဇ် ၂၀၁၀ ရောက်တော့အသက် ၅၅ နှစ်အရွယ်အရောက်တွင်သာယှဉ်ပြိုင် အရွေးခံသောကိုယ်စားလှယ်တို့ကို မဲ ထည့်ခဲ့ရပါ၏။
တဖန်ကိုယ်စားလှယ်လောင်းတွေမဲ ဆွယ်စကားပြောတာကိုတော့ တစ်ခါမျှ နားမထောင်ခဲဖူးပါ။ သို့သော် ကာတွန်း တစ်ပုဒ်ကို ဖတ်ခဲ့မိပါ၏။ အဲဒီကာတွန်း မှာ ဘာပါသလဲဆိုရင် ရွာသားတစ် ယောက်က ရဲစခန်းမှာ လူပျောက် တိုင်ချက်လာဖွင့်တာပါ။ ရွာသားကရဲကို ပြောတာကတော့ သူတို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်ဟာ ရွေးကောက်ပွဲမစတင် ခင်မှာ ရွာကိုချောင်းပေါက်မတတ်လာပြီး ရွာမှာ ကျောင်းဆောက်ပေးမယ်၊ လမ်း ဖောက်ပေးမယ်စသဖြင့် ကတိတွေပေးခဲ့ ပြီး ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ကိုယ် စားလှယ်လည်းဖြစ်ရောပျောက်ချက်သား ကောင်းပြီး ဘယ်ရောက်သွားမှန်းမသိ တော့လို့ လူပျောက်လာတိုင်တယ်လို့ဆို ပါတယ်။
အထက်ပါကာတွန်းကို သုံးသပ်ရပါ သော် ဒေသအချို့မှာ ကိုယ်စားလှယ်မဲ ရွေးချယ်ရာမှာ မိမိတို့ဒေသအတွက်ဘာ တွေ တည်ဆောက်ပေးမှာလဲဆိုတဲ့ ညွှန်း ကိန်းဟာ လွှတ်တော်ကိုယ်စားလှယ်၏ တန်ဖိုးကို တိုင်းသောအဓိက ပေတံတစ် ခုဖြစ်နေပါသည်။
တကယ်တော့ဖွံ့ဖြိုးမှုနောက်ကျနေ တဲ့ ဒေသတွေမှာ လမ်းဖောက်တာ၊ ကျောင်းဆောက်တာတွေက မဖြစ်မနေ လုပ်ရမှာပါ။ သို့သော်ဤပြဿနာတွေက ရေတိုပြဿနာ (လက်ငင်းပြဿနာ)ကို ဖြေရှင်းခြင်းသာ ဖြစ်ပါ၏။
တကယ်တော့မဲဆန္ဒရှင်များသည် မိမိတို့၏ ရေရှည်ပြဿနာများကို ဘယ် လိုဖြေရှင်းပေးမလဲ၊ တစ်ထောင့်တစ်နေ ရာကနေ၍ ဘယ်လိုစွမ်းဆောင်ပေးနိုင် မလဲဆိုတာ လွှတ်တော်ကိုယ်စားလှယ် လောင်းကို အကဲခတ်၊ မေးမြန်းရန်လိုပါ သည်။ ရေရှည်ဖွံ့ဖြိုးခြင်းဆိုတာကတော့ ဥပမာအားဖြင့် တစ်နေ့လျှင်လူတစ်ဦး သည်ပျမ်းမျှဝင်ငွေသုံးဒေါ်လာခန့်ရသော နိုင်ငံတစ်ခုတွင် တစ်နေ့ပျမ်းမျှဝင်ငွေ(၅) ဒေါ်လာရအောင် နိုင်ငံရေးပါတီ၏ရေ ရှည်စီးပွားရေးအစီအစဉ် Long Term Economic Plan တွေက ဘာလဲဆိုတာ တွေချပြနိုင်ရပါမည်။
အမေရိကန်သမ္မတရွေးပွဲတုန်းက အိုဘား မားနှင့် ဂျွန်မက်ကိန်းတို့၏ ပြိုင်ပွဲတွင် ဥပမာတစ်ခု သို့မဟုတ် အီရတ်စစ်ပွဲ အပေါ်အမြင်
အီရတ်စစ်ပွဲနှင့်စပ်လျဉ်း၍ အိုဘား မားက အီရတ်တွင် အမေရိကန်တပ်များ ကို ရုပ်သိမ်းပေးမည်ဟု ဆိုပါသည်။
ဂျွန်မက်ကိန်းကတော့ အီရတ်တွင် အမေရိကန်တပ်များကို နောက်ထပ်နှစ် တစ်ရာလောက် ဆက်ထားမည်ဟုဆိုပါ ၏။
ဒီတော့ အမေရိကန်ကဲ့သို့ ဖွံ့ဖြိုးပြီး နိုင်ငံတွင် ဒီမိုကရေစီအလေ့အကျင့်များ ကိုလေ့လာလျှင် အိုဘားမားနှင့်မက်ကိန်း တို့သည် မဲဆွယ်ပွဲ၌ နယ်မြေများသို့သွား ရောက်ပြီး ဒေသခံများကို ဘယ်လိုအ ဆောက်အဦးတွေ၊လမ်းတွေလုပ်ပေးမည် ဆိုတာထက် သူတို့၏ စစ်ရေးပေါ်လစီ၊ နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းစဉ် Plan များကို ရှင်းရ သည်။ ရေရှည်လုပ်ငန်း စဉ်များကိုချပြ ခြင်းသည် ရေရှည်ပြဿနာများကိုဖြေ ရှင်းပေးခြင်းပင်ဖြစ်ပါ၏။
အကယ်၍သာ ကျွန်တော်နေထိုင်ရာ မြို့နယ်အတွင်းသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ဦးလာရောက်မဲဆွယ်လျှင် ကျွန်တော် သည် ဒီလိုမေးခွန်းတွေကို မမေးချင်ပါ။ ဥပမာ- ကျွန်တော်တို့ရပ်ကွက်ထဲမှာ လမ်းတွေပြင်ပေးမှာလား။
- ကျွန်တော်တို့ရပ်ကွက်ထဲမှာမူလ တန်းကျောင်းတိုးချဲ့ဆောင် ဆောက်လုပ် ပေးမှာလား စတာတွေ မမေးချင်ပါ။ ကိုယ်စားလှယ်လောင်းကြီးခင်ဗျားတကယ် လို့များ ဓာတ်ဆီလောင်စာ၊ လျှပ်စစ်မီ တာခ၊ ရထားခတွေဈေးတက်မယ်ဆိုရင် လူကြီးမင်းတို့ပါတီအနေနဲ့ ဘယ်လိုမြင် ပါသလဲ။ ဆိုတဲ့မေးခွန်းမျိုးကို မေးချင်ပါ တယ်။
ကျေးရွာတစ်ရွာမှာ ကျောင်းတစ် ကျောင်းကိုဆောက်ပေးမယ်ဆိုတာက ကျေးရွာတစ်ခု မှတ်တိုင်တစ်ခုကို ရောက် သွားခြင်းသာဖြစ်ပါတယ်။ နိုင်ငံတော်ကြီး ပန်းတိုင်ရောက်သွားတာမဟုတ်သေးဘူး။ မှတ်တိုင်ရောက်တာကိုဆန့်ကျင်ရမယ်လို့ မဆိုလိုပါ။
သို့သော်မှတ်တိုင်ရောက်သော အဆင့်ကနေပန်းတိုင်ရောက်သောအဆင့် သို့တက်လှမ်းရန်လိုပါသည်။ ပါတီအသီးသီးက ကိုယ်စားလှယ် လောင်းများ အချင်းချင်း ယှဉ်ပြိုင်ရာမှာ လည်း သူကကျောင်းဆောက်ပေးမယ်။ ငါကလမ်းဖောက်ပေးမယ်ဆိုပြီး ယှဉ်ပြိုင် တာထက်စာရင် ပြည်သူတစ်ရပ်လုံးသက် သာချောင်ချိရေးအတွက် သူကဘယ်လို မြင်တယ်။ ငါကဘယ်လိုမြင်တယ်ဆိုတာ မျိုး ယှဉ်ပြိုင်ခြင်း၊ ဓာတ်ဆီဈေးနှုန်းတက် တာသူက ဘယ်လိုမြင်တယ်။ ငါကဘယ် လိုမြင်တယ်။ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးကိစ္စမှာ သူကဘယ်လိုမြင်တယ်။ ငါကဘယ်လိုမြင်တယ်။ စသဖြင့် ဖွံ့ဖြိုး ရေးကဏ္ဍအလိုက် ယှဉ်ပြိုင်သင့်ပါတယ်။
အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အတွက် သူ့ရဲ့ဗျူဟာကဘယ်လို၊ ငါ့ရဲ့ ဗျူဟာကဘယ်လို စသဖြင့်ယှဉ်ပြိုင်သင့် ပါတယ်။
ကိုယ်စားလှယ်လောင်းတွေကလည်း အချင်းချင်း ယှဉ်ပြိုင်တဲ့အတွေ့အကြုံက အခုမှ စလုံးရေစရတာဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေကလည်း ကိုယ်စားလှယ် လောင်းတွေကို အကဲခတ်တဲ့အတွေ့အ ကြုံကအခုမှစလုံးရေစရတာဖြစ်ပါတယ်။ ကျွန်တော်တို့လို စာရေးဆရာ၊ကလောင် ရှင်ဆိုတာကလည်း ယခုလိုဆောင်းပါးမျိုး ရေးတဲ့အတွေ့အကြုံဆိုတာ ယခုမှသာ စလုံးရေစရတာဖြစ်ပါတယ်။
ကျွန်တော်တို့အားလုံး စလုံးရေစ သမားများဖြစ်ကြပါတယ်။ ကျွန်တော်တို့ ရဲ့ အိမ်နီးချင်းနိုင်ငံတွေကတော့ စနှင့်နေ တာကြာပါပြီ။
သို့ပါ၍ ကျွန်တော်တို့သည် သူများ ထက်ပိုပြီးစဉ်းစားရမယ်။ သူများထက်ပို ပြီး ကြိုးစားရမယ်ဟုဆိုချင်ပါသည်။ ကျွန် တော်တို့သည် ရေတိုလုပ်ငန်းလုပ်ပြီး နောက်၊ ရေရှည်လုပ်ငန်းသို့တက်လှမ်းရန် ပိုမိုကြိုးစားသင့်သည်ဟုဆိုချင်ပါကြောင်း။
ဒေါက်တာထွန်းဝင်း
သိမ်းပိုက်ထားတဲ့ လယ်ယာမြေတွေအားလုံး အကုန်အစင်ပြန်ပေးပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဥပဒေတိုင်းရဲ့ထိပ်ဆုံးမှာ ရှိပါတယ်။ ဒီဥပဒေနဲ့ဆန့်ကျင်တဲ့ ဘယ်ဥပဒေကိုမဆို ဖျက်သိမ်းပိုက်တာ ချည်းပါပဲ။ အခုကြံ့ဖွံ့အစိုးရ ပြဌာန်းလာမယ့် ၂၀၁၁ ခုနှစ် လယ်ယာမြေဥပဒေ ရဲ့နောက်ဆုံးပုဒ်မ-၃၂ က ယခင် ရှိပြီးသား ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ၊ ၁၉၆၃ ခုနှစ်၊ သီးစားချထားရေး ဥပဒေ၊ ၁၉၆၃ ခုနှစ်၊တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ နှင့် ၁၉၆၅ ခုနှစ်၊သီးစားချထားရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွေကို ရုပ်သိမ်းလိုက်ပါတယ်။ ဘာကြောင့်ရုပ်သိမ်းရပါသလဲ။ ရှင်းပါတယ်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ဆန့်ကျင်နေလို့ ဖြစ် ပါတယ်။
ဖျက်သိမ်းခံရတဲ့ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဥပဒေတွေမှာ လယ်လုပ်သူတွေ လယ်ပိုင်ခွင့် တစုံတရာရှိပါတယ်။ လယ်မြေကို ၅၀-ဧက အထက်၊ ယာမြေကို ၂၅-ဧကအထက်၊ ကိုင်းမြေကို ၁၀-ဧကအထက် ရှိတဲ့မြေတွေကိုမှ နိုင်ငံပိုင်အဖြစ် သိမ်းယူခဲ့ပါတယ်။ သိမ်းပြီးမြေတွေကိုလဲ တောင်သူလယ်သမားတွေကို ခွဲဝေပိုင်ဆိုင်စေခဲ့ပါတယ်။ ဆင်းရဲတဲ့ လယ်သမားတွေ၊ လယ်ယာမဲ့ပစ္စည်းမဲ့တွေကို အနည်းဆုံး တတုံးထွန်အထိ ခွဲဝေပိုင်ဆိုင်စေခဲ့ပါတယ်။ဘယ်သူ့ကိုမှ လယ်ယာမြေတွေ အမြောက် အများ ပိုင်ဆိုင်ခွင့်ကို မပေးလိုလို့ ပြဌာန်းခဲ့တာပါ။
ခုတော့ဒီလိုမဟုတ်ပြီ။ စစ်အုပ်စုနဲ့ စစ်အုပ်စု လက်ဝေခံ မြေရှင်၊ အရင်းရှင်ကြီးတွေနဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကို လယ်ယာမြေ အမြောက်အများ ပိုင်ဆိုင်စေဖို့ တောင်သူလယ်သမားတွေလက်ထဲက မြေတွေကို ဓါးပြတိုက်သိမ်းယူပါတယ်။ ရခိုင်ပြည်နယ် တပြည်နယ်ထဲမှာကို စစ်တပ်က လယ်ယာမြေသိမ်းယူထား တာတွေကို အောက်မှာဖော်ပြပါတယ်။
စကခ-၉ ဌာနချုပ်နှင့်ကွပ်ကဲမှုအောက်တပ်ရင်းများ၏ အခြေပြုနေရာများ
၁။ စကခ (၉) ညောင်ပင်လှ ခမ PN- ၀၃၅၂၉၅
၂။ ခမရ-၃၇၄ လမ်းမတော် PN-၀၃၃၃၉၅
၃။ ခမရ-၃၇၅ ပိန္နဲချောင်း PN-၀၅၁၃၆၇
၎။ ခမရ-၂၃၆ ဒေါင်းတော်ယိုး PN-၀ရ၂၃၉၄
၅။ ခမရ-၃၇၇ မြောက်ဥ၊အောင်တပ် PN-၂၅၃၀၄၄
၆။ ခမရ-၃၇၈ မြောက်ဥ၊ ပေါင်းတပ် PN-၂၅၈၀၂၅
ရ။ ခမရ-၃၇၉ မင်းပြားမြို့၊ မင်းဂံPS-၃၁၅
၈။ ခမရ-၃၈၀ မင်းမြားမြို့၊ ဆင်ကြီးပြင် PS-၃၁၃-။ -၈၉၅
၉။ ခမရ-၅၂၉ ကျောက်တော်မြို့နယ်၊ ကန်ဇောက် PM-၉၆၀-။-၁၉၁
၁၀။ ခမရ-၅၄၀ မြောက်ဥ၊ အလယ်ဈေး PN-၂၆၅၀၆၇
၁၁။ ခမရ- ၅၄၁-မင်းပြားမြို့၊ ဘူးဝယ်ကျေးရွာ PS-၃၁၅၇၇၄
(မှတ်ချက်)။ ။၎င်းတို့တပ်စွဲအခြပြုစဉ်က တပ်ရင်းတရင်းလျှင် လယ်မြေဧက ၁၀၀ စီသိမ်းယူခဲ့သဖြင့် စုစုပေါင်းလယ်ဧက ၁၁၀၀ နှင့် မြောက်ဦးမြို့နယ်နှင့်ကျောက်တော်မြို့နယ် သွယ်တန်းနေသော့ ဧက ၂၀၀၀ ခန့်ရှည်လျှားသည့် လင်းမြွေတောင် တခုလုံးကိုသိမ်းဆည်းပြီး ရော်ဘာစိုက်ခင်းများပြုလုပ်ထားကြောင်းသိရသည်။
စကခ (၁၅) ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်ရင်း(၁၀)ရင်း၏ အခြေပြုထားသည့် နေရာများနှင့် သိမ်းထားသည့် လယ်မြေဧကများ
၁။ စကခ-၁၅ ဌာနချုပ် ၀ါးခုတ်ချောင်း ခမ PR-၅၄၇၄၂၄ (လယ်ဧက-၁၅၀)
၂။ ခမရ-၃၄၉ -တပ်မင်းချောင်း PR-၄၅၆၄၇၅ (လယ်ဧက-၁၆၉) ည
၃။ ခမရ-၃၅၂ တပ်မင်းချောင်း PR-၄၅၃၄၈၅ (လယ်ဧက-၁၈၀ဧက
၅။ ခမရ-၃၅၃ ငကျည်တောက် PR-၄၄၆၅၀၆ (လယ်ဧက-၁၀၂ဧက)
၆။ ခမရ-၅၃၆ ရသေ့တောင် PR-၇၄၇၅၈၈ (၁၀၀ ဧက)
၇။ ခမရ-၅၃၇ ရသေ့တောင် PR-၇၄၇၅၈၈ (၁၀၀ ဧက)
၈။ ခမရ-၅၅၁ ဖုံညိုလိပ် PM-၅၈၀၃၉၀ (၈၉ ဧက)
၉။ ခမရ-၅၅၂ တောင်ဘဇာ PM-၅၂၀၅၉၂ (၁၀၀ ဧက)
၁၀။ ခမရ- ၅၆၄ ပလဲတောင် PM-၅၅၆၄၆၄ ( ၁၀၀ ဧက)
၁၁။ ခမရ-PM-၅၆၆၄၅၇ ( ၈၃.၅ ဧက)
(မှတ်ချက်) ။ ။ ရော်ဘာစိုက်ခင်းဧက ၁၀၀၀ ကျော်၊ ကြက်ဆူခင်ဧက ၁၀၀၀ ကျော်နှင့် ကျွန်းခင်းများ စိုက်ပျိုးလျှက်ရှိသည်။
ဘူးသီးတောင်မြို့တွင်တပ်စွဲထားသည့် အခြေချစစ်ဗျူဟာနှင့် ကွပ်ကဲမှုအောက်ရှိ တပ်များမှ သိမ်းထားသည့်လယ်မြေများ
၁။ စစ်ဗျူဟာ (၁၇၀ ဧက) ရော်ဘာခင်း ၁၀၀ ဧက။ ကြက်ဆူ ၁၀၀ ဧက နှင့် ကျွန်းခင်း ပိုင်ဆိုင်မြေများလည်းရှိသည်။
၂။ ခလရ-၂၃၃ (၁၀၂ ဧက) ရော်ဘာခင်း ၁၀၀ဧက၊ ကြာက်ဆူ ၁၀၀ ဧကနှင်ကျွန်းစိုက်မြေများရှိ
၃။ ခလရ-၂၃၄ (၁၆၈ ဧက) ရော်ဘာ ၁၀၀ ဧက၊ ကြက်ဆူ ၁၀၀ ဧက နှင့် ကျွန်းစိုက်မြေများရှိ
၎။ ခလရ- ၂၆၃ (၁၆၅ ဧက) ရော်ဘာ ၁၀၀ ဧက၊ ကြက်ဆူ ၁၀၀ ဧကနှင့် ကျွန်းစိုက်မြေများရှိ
(နစက) နယ်စပ်ဒေသလူဝင်မှုကြီးကြပ်ရေးနှင့်ကွပ်ကဲမှုဌာန
နစက ကွပ်ကဲမှုဌာနချုပ် မောင်တောမြို့နယ် ကျီးကန်းပြင် ခမ PM-၃၆၄၄၈၅ ကွပ်ကဲမှုအောက်တွင် နယ်မှ(၁)မှ (၉)ထိရှိသည် စခန်းကြီး ၂၆-ခု လယ်မြေသိမ်းပိုက် ထားရှိသည့် လယ်ဧက ၇၂၀ ဧကဖြစ်ပြီး စားကျက်မြေ ဧက ၁၀၀၀ ကျော်ရှိသည်။ နစက ဌာန ချုပ် စုစုပေါင်း ၇၅ ဧကကျော်ရှိသည်။ နစက၏ ၂၀၀၈-ခုနှစ်မှစ၍ ၁၀ နှစ်စီမံကိန်းအတွက် မေယုတောင်တန်းတွင် မြေဧက ၁၀၀၀၀၀(တစ်သိန်း) သိမ်းပိုက်ပြီးဖြစ်သည်။
ဒါဟာ နယ်တနယ်ထဲက ကွက်ပြီးရရှိတဲ့ စစ်တပ်ပိုင် မြေဧကများဖြစ်ပါတယ်။ အနယ်နယ် အရပ်ရပ်က စစ်တပ်ကမြေသိမ်းယူ ထားတဲ့ မြေတွေကို ပေါင်းလိုက်လျှင် ဘယ်လောက်များလိမ့်မလဲဆိုတာ တွက်ကြည့်နိုင်ပါတယ်။ သူတို့ ဒီလို သိမ်းယူတာတွေ ကို ကာကွယ်ဖို့ ဥပဒေတွေ ပြဌာန်းလာတာပါ။ ဒီရည်ရွယ်ချက်အတွက် နောက်နောင်မှာလဲ မတော်မတရား ဥပဒေတွေ တခုပြီး တခုပြဌာန်းလာပါလိမ့်ဦးမယ်။
မြေယာပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပုဒ်မ -၃ ခုပါရှိပါသည်။
ပုဒ်မ-၃၅၆။ ။ နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်။
ပုဒ်မ- ၃၅၇။ ။ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသား များ၏ နေအိမ်ဥပစာ လုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေး စာယူနှင့် အခြားဆက်သွယ်ရေး ဆိုင်ရာ လုံခြုံမှုများအတွက် ဥပဒေအရ ကာကွယ်ပေးရမည်။
ပုဒ်မ-၃၇၂။ ။ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း မဆန့်ကျင်စေဘဲ စီးပွားရေးကိစ္စများကို ဆောင်ရွက်ရာတွင် ပစ္စည်းပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်နှင့် ကိုယ်ပိုင်တီထွင်ခွင့်။ မူပိုင်ခွင့်တို့ကို နိုင်ငံတော်က အာမခံသည်။ ဟူ၍ ဖော်ပြပါရှိပါသည်။ သို့သော် ၎င်းဥပဒေများကို ဖျက်ဆီးပစ်လိုက်သည့် ဥပဒေ ပုဒ်မ ၃၇ လည်းပါရှိသည် ကိုတွေ့ရပါသည်။
ပုဒ်မ -၃၇ ။ ။ နိုင်ငံတော်သည်-
(က) နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံး၏ ပင်ရင်း ပိုင်ရှင် ဖြစ်သည်။
(ခ) နိုင်ငံပိုင် သယံဇာတ ပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေ ပြဋ္ဌာန်းရမည်။ ဟု ဖော်ပြထားသည်။
စီးပွားရေးအင်အားစုများ ဆိုသည်မှာ စစ်အုပ်စုပင် နိုင်ငံတော်ဖြစ်နေသည်ကို ကွက်ကွက်ကွင်းကွင်းတွေ့ရှိရပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၏ ပုဒ်မ -၃ ခုပါအခွင့်အရေး အားလုံးကို ပုဒ်မ ၃၇(ခ) တခုတည်းဖြင့် ဖျက်ဆီးပစ်လိုက်ပါသည်။ အဘယ်မှာ ပိုင်ဆိုင်ခွင့် အခွင့်အရေးကို ရရှိနိုင်ပါတော့မည်နည်း။
နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်း ၁၇။ ။ လူတိုင်းတွင် မိမိတဦးချင်းသော် လည်းကောင်း၊ အခြားသူများနှင့် ဖက်စပ်၍ သော် လည်းကောင်း ပစ္စည်းဥစ္စာ တို့ကို ပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။ ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏ ပစ္စည်းဥစ္စာ ပိုင်ဆိုင် ခွင့်ကို စွန့်လွတ်ခြင်း မခံစေရ။ ဟုအတိအလင်းဖော်ပြချက်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇(ခ)က ချိုးဖောက် ထားခြင်းဖြစ်ကြောင်းတွေ့ရပါသည်။
သက်ဆိုင်ရာ တိုင်းရင်းသားများနေထိုင်ရာ တောင်တန်းဒေသများတွင်လည်း ရခိုင်ဒေသကဲ့သို့ပင် လယ်ယာမြေ အမြောက် အများကို စစ်အုပ်စုက သိမ်းပိုက်ထားသည်များ အမြောက်အများရှိနေပါသည်။ ဌာနတိုင်းရင်းသားတို့၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်း (U N D R I P) အပိုဒ်- ၂၅ တွင် – ဌာနတိုင်းရင်းသားတို့၏ မိရိုးဖလာအဆက်ဆက်မှ ပိုင်ဆိုင်ခဲ့ သည့် လယ်ယာမြေ၊ နယ်မြေပိုင်နက်၊ ရေပိုင်နက်နှင့် ကမ်းရိုးတန်းပင်လယ်ပြင်၊ တခြားသယံဇာ တရင်းမြစ်များနှင့် စပ်လျဉ်း၍ ဆက်လက် ထိန်းသိမ်းခွင့်နှင့် ပိုင်ဆိုင်ခွင့်ရှိသည်။ ဟု ဖော်ပြပါရှိပါသည်။
ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားများဆိုင်ရာ အခွင့်အရေးကြေညာစာတမ်း အပိုဒ်- ၂၆ -တွင်-
၁။ ဌာနေတိုင်းရင်းသားတို့ မိရိုးဖလာ ထုံးတမ်းစဉ်လာအရ ပိုင်ဆိုင်ခဲ့သော၊ အသုံးပြုခဲ့သော မြေယာ၊ ပိုင်နက်နယ်မြေနှင့် သယံဇာတ အရင်းအမြစ်များကို ပိုင်ဆိုင်ခွင့်ရှိသည်။
၂။ ဌာနေတိုင်းရင်သားတို့သည် မြေယာ၊ပိုင်နက်နယ်မြေနှင့် သယံဇာတ အရင်းအမြစ်များကို ပိုင်ဆိုင်ခွင့်။ အသုံးပြုခွင့်။ ဖွံ့ဖြိုးစေခွင့် နှင့် ထိန်ချုပ်ထားပိုင်ခွင့်များ ရှိသည်။
၃။ အစိုးရက ၎င်းလယ်ယာမြေ၊ ပိုင်နက်နယ်မြေနှင့် သယံဇာတအရင်းအမြစ်များအား တရားဝင်အသိအမှတ်ပြုပြီး ကာကွယ် စောင့်ရှောက်မှု ပေးရမည်။ လေးစားလိုက်နာမှုပြုရမည်။
-ဟု အတိအလင်း ပြဋ္ဌာန်းထားသည်ကို တိတိကျကျ လိုက်နာရန်လိုအပ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် တိုင်းရင်းသား များ နေထိုင်ရာ ဒေသများနှင့် နိုင်ငံတ၀ှမ်းလုံးတွင် စစ်အုပ်စုသိမ်းဆည်းထားသည့် လယ်ယာမြေများအားလုံးကို မူလမူရင်း ပိုင်ရှင်များလက်သို့ အကုန်အစင် ပြန်လည်အပ်နှံရန် လိုအပ်ပါကြောင်း နိုးဆော်အပ်ပါသည်။
ဦးမျိုး (ဥပဒေ)
စစ်အရာရှိနှင့် ခိုက်ရန်ဖြစ်ပြီး လူငယ်တဦး သေဆုံးမှု လွှတ်တော်ကို တိုင်ကြားမည်
ကချင်ပြည်နယ် ဟိုပင်မြို့မှာ တပ်မတော်အရာရှိတဦးနဲ့ အချင်းများပြီး သေနတ်နဲ့ ပစ်ခတ်လို့ လူငယ်တဦး သေဆုံးခဲ့ရမှုကို လွှတ်တော်နဲ့ သက်ဆိုင်ရာကို တိုင်ကြားဖို့ အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) က ကြိုးပမ်းနေပါတယ်။
ကချင်ပြည်နယ် ဟိုပင်မြို့ ဘူတာရုံလမ်းခွဲနားမှာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ခလရ ၃၈၈ က အရာရှိ ၃ ဦးနဲ့ ဟိုပင်ဘူတာရုံ ၀န်ထမ်းနှစ်ဦး အချင်းများပြီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာမှာ ၀န်ထမ်း ကိုဇော်ဇော်နိုင် သေဆုံးခဲ့ပါတယ်။ ဒီအမှုကို လိုက်ပါကူညီတဲ့ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးမြတ်မိုးမြင့်က သေဆုံးသူမိသားစု ပြောကြားချက်ကို ကိုးကား ပြောဆိုရာမှာ ပစ်ခတ်သူဟာ ဗိုလ်ကြီး စိုးထက်အောင် ဖြစ်တယ်လို့ ယူဆရပြီး တပ်က ဘယ်လို ကိုင်တွယ်တယ်ဆိုတာ မသိရဘူးလို့ ပြောပါတယ်။
“အဲဒီလို စကားများတဲ့နေရာမှာ ဗိုလ်ကြီး စိုးထက်အောင်တို့က ဘူတာရုံစာရေးကို လည်ပင်း ညှစ်တဲ့အခါမှာ မောင်ဇော်ဇော်နိုင်က ဒူးထောက် တောင်းပန်တယ်။ ဗိုလ်ကြီး စိုးထက်အောင်က ဒူးထောက်တောင်းပန်တဲ့ မောင်ဇော်ဇော်နိုင်ကို နဖူးမှာ သေနတ်နဲ့ တေ့ပြီး ပစ်သတ်လိုက်တာပါ။ ကာယကံရှင် အဖေနဲ့ အမေက ကျနော့်ဆီ လာတိုင်လို့ပါ။ ဒီကလေးရဲ့ မင်္ဂလာဆောင်မယ့်နေ့မှာ သူတို့က ရက်လည် ဆွမ်းကျွေးမှာ ဖြစ်ပါတယ်။”
အန်ဒီအက်ဖ်ပါတီ အထက်မြန်မာပြည် ဥက္ကဋ္ဌ ဦးမြင့်သွင်က ဒီအမှုကို အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ တရားရုံးချုပ်နဲ့ လွှတ်တော်ကို တင်ပြဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။
မြန်မာပြည်မှာ ကျင့်သုံးတဲ့ ဥပဒေအရ တပ်မတော်သားက ပြစ်မှုကျူးလွန်ရင် ရဲတပ်ဖွဲ့က တပ်မတော်သားကို ဖမ်းဆီး ပိုင်ခွင့်မရှိပါဘူး။ အရပ်ထဲက ထွက်နေတဲ့ သတင်းအရ ဒီစစ်အရာရှိတွေနဲ့ သေဆုံးသူ ကိုဇော်ဇော်နိုင်ရဲ့ သူငယ်ချင်းတို့ အချင်းများပြီး ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။
မျက်မြင်သက်သေဖြစ်တဲ့ ကိုဇော်ဇော်နိုင်ရဲ့ သူငယ်ချင်း ကိုရဲဟာလည်း အိမ်ပြန်မလာဘဲ ပျောက်နေတဲ့အတွက် မိသားစုက ဦးမြင့်သွင်က တဆင့် နေပြည်တော် တရားရုံးချုပ်ကို လျှောက်ဖို့ ပြင်ဆင်နေပါတယ်။
ကိုထွေး (ဒီဗွီဘီ)
အာဆီယံ စီးပွားရေး အသိုက်အ၀ိုင်းနှင့် မြန်မာ့ပညာရေး
ဦးသိန်းစိန်အစိုးရ အာဏာရယူလာကတည်းက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လူမှုရေး စီးပွားရေး နယ်ပယ်မှာ တော်တော် ပြောင်းလဲလာတာတွေ့ရပါတယ်။မြန်မာ့နိုင်ငံရေးရဲ့ နှစ် ၂၀ ကျော် ဓားမိုး အုပ်ချုပ်နေစဉ် ကာလအတွင်းမှာ ဒေသတွင်းနှင့် ကမ္ဘာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေ ပြောင်းလဲကုန်ပါတယ်။ ဆယ်စုနှစ် နှစ်ခုအကုန်မှာ တရုတ်က ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ်ကို ရောက်ရှိလာပါတယ်။ အာဆီယံ ဒေသတွင်းက နိုင်ငံအချို့တွေဟာလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်တွေမှာ ကမ္ဘာ့ရေစီးကြောင်းထဲမှာ မျောနေကြပါပြီ။
လာမယ့် ၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် အာဆီယံ ဒေသစီးပွားရေး အသိုက်အ၀ိုင်းအတွက် ပြင်ဆင်လာကြတာကို တွေ့နေရပါတယ်။ Asean Economic Community ဖြစ်ပေါ်လာမယ်ဆိုရင် အကန့်အသတ် လျော့ကျလာမယ့် ပြည်ဝင်ခွင့်တွေကြောင့် လုပ်သားအင်အားစု ပြောင်းရွေ့မှုတွေ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
လုပ်သားအင်အား ပြောင်းရွေ့မှုတွေနဲ့အတူ မိမိနိုင်ငံတွင်းမှာရှိတဲ့ လုပ်သားတွေ အနေနဲ့လည်း အလုပ်အကိုင်ရရှိရေး နယ်ပယ်မှာ စိတ်ခေါ်မှုတွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီလို စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့၊ မလေးရှား၊ ဗီယက်နာမ်၊ ထိုင်းနိုင်ငံတွေမှာ ပညာရေးအခန်းကဏ္ဍကို ပြင်ဆင်လာတာကို တွေ့ရပါတယ်။
ဆီမီယို အဖွဲ့ (Asian Ministers of Education Organisation - Seameo) ဟာ အာရှဒေသမှာ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုနယ်ပယ် တွေမှာ တိုးတက်မှုတွေ ရရှိလာအောင် သင်တန်းနှင့် အသိပညာဆိုင်ရာတွေကို ပံ့ပိုးပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အာရှဒေသတွင်းမှာ ဆီမီယိုဌာနတွေဖွင့်ထားတာ ၁၉ ခုရှိပါတယ်။
ထိုင်းပညာရေးဌာန အတွင်းဝန် Sasithara Pichaichannarong က လာမယ့် ၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် အာဆီယံ စီးပွားရေးအသိုက်အ၀ိုင်း နှင့်ကိုက်ညီမယ့် ပြင်ဆင်မှုတွေ မရှိသေးဘူးလို့ The Nation သတင်းစာကြီးနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ပညာရေးစနစ်ကို Asean Economic Commnity နှင့် ကိုက်ညီအောင် ပြုပြင်သွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အာဆီယံ ဒေသတွင်းမှာ ရှိတဲ့ ဆီမီယို ဌာနတွေ အနေနဲ့လည်း ဘာတွေလုပ်ခဲ့တယ် ဆိုတာထက် ဖြစ်ပေါ်လာမယ့် ဒေသတွင်းနဲ့ လိုက်လျော ညီထွေ ဖြစ်မယ့် ပညာရေး ကိစ္စကို အလေးပေးသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
အာစီယံ ဒေသတွင်းမှာ စီးပွားရေးအသိုက်အ၀ိုင်းနှင့်အတူ ပညာရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု တွေလည်း ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ Asean University Network (AUN) အာဆီယံ တက္ကသိုလ်များ ကွန်ယက်ကို ဖွဲ့စည်းပြီးအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို လုပ်လာတာကို တွေ့ရပါတယ်။ ကျောင်းသား အပြန်အလှန် ဖလှယ်ရေးတွေကို လုပ်ဆောင်ဖို့ ဆော်သြလာတာကို ကြည့်ရင် ဒေသတွင်းမှာ ဖြစ်ပေါ်လာမယ့် ပြောင်းလဲမှုတွေ အတွက် ပညာရေးစနစ်ကို ပြုပြင်လာတာကို တွေ့ရပါတယ်။
Asean China Youth Caring and Sharing Programme အာဆီယံ၊ တရုတ် လူငယ်ဖလှယ်ရေး အစီအစဉ်ကို ထိုင်းနိုင်ငံမှာ ကျင်းပပြီး အာဆီနိုင်ငံတွေက ကျောင်းသားတွေနဲ့ တရုတ် ကျောင်းသားတွေ အပြန်အလှန် လဲလှယ်မှုတွေ ပြုလုပ်ကြတော့မှာဖြစ်ပါတယ်။ အာဆီယံနဲ့ တရုတ်နိုင်ငံကြား ကျောင်းသား အပြန်အလှန် လှဲလှယ်မှုမှာ ဦးရေတသိန်းထိ ပါဝင်လာဖို့ရည်မှန်းထားကြပါတယ်။ ဖြစ်ပေါ်လာမယ့် အနာဂတ်ကို ရင်ဆိုင်ဖို့ နည်းပညာ တခုတည်းမဟုတ်ဘဲ လူသားအချင်းချင်းကြား နားလည်မှုတွေနဲ့ တည်ဆောက်မယ့် ကမ္ဘာ့လူ့မှု အသိုက်အမြုံလို့တောင် ခေါ်နိုင်ပါတယ်။
ထိုင်းနိုင်ငံက ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ အတွက် တက္ကသိုလ်တွေကလည်း အခြားနိုင်ငံတခုက ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေလုပ် နိုင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ “ဆရာများ သမဂ္ဂ” ကလည်း သီးခြားစီမံကိန်းတွေနဲ့ AEC ကိုရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ အစွန်အဖျားမှာ တည်ရှိတဲ့ မဲဆောက် အထက်တန်းကျောင်းဆိုရင် အာရှ၊ လက်တင်အမေရိက၊ ဥရောပနှင့် မြောက်အမေရိက ကျောင်းတွေနဲ့ ကျောင်းသား အပြန်အလှန် ဖလှယ်ရေးကို စတင်နေပါပြီ။
နိုင်ငံတခုရဲ့ ပညာရေးအဆင့်အတန်းကို သိချင်ရင် အဲဒီနိုင်ငံက နိုင်ငံတော်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုမှာ ပညာရေးအတွက် ဘယ်အထိ သုံးထားတာကို ကြည့်ရင် သိနိုင်ပါတယ်။ ထိုင်းနိုင်ငံက ပညာရေး ဘတ်ဂျက်ကို အမြင့်ဆုံးသုံးပြီး လာမယ့်အနာဂါတ် အတွက်ပြင်ဆင်နေတာပါ။ ၂၀၁၁ ခုနှစ် ပြည်သူ့လွတ်တော် အစည်းအဝေးမှာ ကျောင်းဆရာများ သမဂ္ဂဖွဲ့စည်းခွင်းကို တင်ပြရာမှာ မြန်မာနိုင်ငံပညာရေး ဒုဝန်ကြီးက မလိုအပ်ဘူးလို့ ပြန်လည်ဖြေကြားခဲ့တာကို တွေ့ရပါတယ်။
အခုတလော နိုင်ငံရေးတွေနဲ့ အပြိုင် ကျယ်ကျယ်လောင် ပေါ်ထွက်လာတာက ခေတ်မမှီတော့တဲ့ မြန်မာ့ညာရေး စနစ်ကို ပြုပြင်ပြောင်းလဲဖို့ ဆော်သြလာတာကို တွေ့ရပါတယ်။ အစိုးရနှင့် တတ်သိပညာရှင်တွေ ထပ်တူကျတဲ့ အမြင်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ့ပညာရေး စနစ်ကို ပြုပြင်ပြောင်းလဲတော့မယ် ဆိုရင် ဘယ်လိုပြောင်းလဲ မလဲဆိုတဲ့အချက်က စိတ်ဝင်စားစရာ ကောင်းပါတယ်။
နိုင်ငံတော် ဘတ်ဂျက် ခွဲဝေမှုမှာ စစ်တပ်အသုံးစရိတ်က အမြင့်ဆုံး သုံးလာတာတဲ့ အတွက် မြန်မာဟာ စီးပွားရေးနှင့် ပညာရေးမှာ ဆိုမာလီနှင့် အာဖဂန်နစ္စတန်တွေနဲ့ တန်းတူအဆင့် ရောက်သွားပါတယ်။
ရွာအမှု ကျောင်းကိုပတ် ဆိုသလို တိုင်းပြည်ဆင်းရဲတော့ တိုင်းပြည်အမှုက ဘုန်းကြီးကျောင်းတွေကို ပတ်လာပါတယ်။ ဘက လို့ခေါ်တဲ့ ဘုန်းကြီးကျောင်းသင် ပညာရေးတွေ အလျှိုအလျှို ပေါ်ပေါက်လာပါတော့တယ်။ ဘုန်းကြီးတွေလည်း မနေသာတော့ တိုင်းပြည်အရေးမို့ ၀င်ပါလာရတယ်။ အသိပညာ အတတ်ပညာရှင်တွေ ရှားပါးမှုက ဒေသတွင်းမှာ ရှက်စရာလို ဖြစ်လာပါတယ်။
အာဆီယံဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြောင်းလဲမှုတွေကို သူ့နိုင်ငံသား ပညာရှင်တွေက ပညာရပ်ဆိုင်ရာ စာတမ်းတွေ၊ စတုတ္ထမဏ္ဍိုင်နှင့် ပညာရှင်ဆိုင်ရာ နယ်ပယ်တွေမှာ ကျယ်ကျယ်လောင်လောင် တင်ပြလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် မြန်မာပညာရှင်တွေ ရေးသားတဲ့ ဒေသတွင်းနဲ့ ပတ်သက်တဲ့ ပညာရပ်ဆိုင်ရာ စာတမ်းက မရှိသလောက် ရှားပါးပါတယ်။ ဒီလက္ခဏာတွေက ရင်လေးစရာ တိုင်းပြည်အနာဂါတ်ကို မြင်မိပါတယ်။
လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ အပြိုင် ပညာရေးပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ရင် မြန်မာ့လူမျိုးက လူမျိုးခြားတွေရဲ့ လွှမ်းမိုးချယ်လှယ်မှုကို ခံနေရအုံးမှာပါ။ နိုင်ငံရဲ့ သဘာဝအရင်း အမြစ်ကို ရောင်းစားလာတာ နှစ်ပေါင်း ၆၀ ကျော်တာတောင် မြန်မာနိုင်ငံက သဘာဝ အရင်းအမြစ် ပိုင်ဆိုင်မှုမှာ ကမ္ဘာ့ ထိပ်တန်း ၀င်နေတုန်းဖြစ်ကြောင်း သုတေသန စာတမ်း တခုမှာတွေ့ရပါတယ်။
အဲဒီအရင်း အမြစ်တွေဆိုတာ မသုံးတတ်ရင် ဘေးထွက်ဆိုးကျိုးတွေ များပါတယ်။ အရင်းအမြစ်တွေ ကြောင့် အနိဌာရုံတွေ ပေါ်ပေါက်ခဲ့သလို၊ ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။ အရင်းအမြစ်ကို စနစ်တကျ သုံးစွဲနိုင်တဲ့ ပညာရှိဖို့လိုအပ်ပါတယ်။
လက်ရှိအစိုးရရဲ့ သက်တမ်းမှာ မြန်မာက အာဆီယံ ဥက္ကဌ ဖြစ်လာတော့မှာပါ။ တနှစ်အတွင်း ဒေသဆိုင်ရာ အစည်းအဝေးနှင့် ဆွေနွေးမှု ပေါင်းစုံ (၇၀၀) ကျော်ကို လက်ခံကျင်းပပေးရမှာ ဖြစ်ပါတယ်။ ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ တိုးတက်ပြောင်းလဲမှုတွေကို ဆွေးနွေးရာမှာ ဘယ်မြန်မာပညာရှင်တွေက ဦးဆောင်ကြမလဲ ဆိုတာ ပိတ်ကားပေါ်မှာ မကြာခင်မြင်ရတော့မှာ ဖြစ်ပါတယ်။
ဒေသတွင်းနှင့် နိုင်ငံတကာမှာ အဆင့်အတန်းမှီ နိုင်ငံတခု ဖြစ်လာရေး ဘယ်လို ပညာရေးနဲ့ ရင်ဆိုင်မလဲ၊ ရွာအမှုကျောင်းကိုပတ်တဲ့ ဘုန်းကြီးကျောင်းသင် ပညာရေးနဲ့ဘဲ ရင်ဆိုင်မလား၊ ခေတ်မှီ ပညာရေးစနစ်နဲ့ ရင်ဆိုင်မလား လက်ရှိအစိုးရနှင့် အတိုက်အခံတွေ အလေးထား စဉ်းစားရမယ့် အချိန် ဖြစ်တယ်လို့ ကောက်ချက်ဆွဲမိပါတယ်။
မောင်ရမ္မာ
ရာစုဝက် ပီတိ
လူဗိုလ်(၁)
“အကိုရေ ဒုက္ခသည်တွေ ပြည်တွင်းပြန်ရတော့မယ်ဆိုတဲ့ သတင်းတွေကြားနေရတယ်။ ကျမမွေးနေ့မှာ လှူဖို့စီစဉ်ထားတာ အခုပဲ ကြိုလှူလိုက်တော့မယ်နော်။” နို့ဖိုးစခန်း၊ ပီအေဘီကျောင်းအတွက် ပရိုပိုစယ်ပုံစံရေးထားသော ပို့စ်တခုကို ဖေ့စ်ဘုတ်မှာ တွေ့မိရာက လှူချင်တယ်လို့ ပြောခဲ့ဖူးသူတဦး၏ စကား။ အလှူမမြောက်လိုက်မှာကို စိုးရိမ်နေပုံ။
(၂)
“ညီလိုအပ်သလို စီမံပါ၊ အကိုချက်ချင်းပဲ ပို့လိုက်ပါမယ်၊ ပို့ရမယ့်ဘဏ်အကောင့်သာ ပေးပါ”
အသက် ၈၀ ကျော် ကျန်းမာရေးမဲ့၊ စီပွားရေးမဲ့၊ မိသားစုမဲ့၊ ကျောထောက်နောက်ခံမဲ့ ဒုက္ခိတအဖိုးအတွက် စေတနာပြတ်ပြတ်နဲ့ လှူဒါန်းလိုသူရဲ့ စကား။
(၃)
“လူ့အခွင့်ရေးသမား ညီအစ်ကိုချင်း ယိုင်းပင်းမှုပါ၊၊ နှောင်ကြိုးမဲ့အကူအညီပါ။ အကို့ရှာဖွေမှုက သန့်ရှင်းပါတယ်၊၊ public sector ကဘဲရငွေတွေပါ၊၊back up မရှိတဲ့နေရာမှာမို့ စိတ်ပိုင်းဆိုင်ရာ လုံခြုံတဲ့ ခံစားမှုရှိစေခြင်လို့ ကူညီဘို့ ကမ်းလှမ်းတာပါ၊၊ ကျန်းမာရေး၊ ပညာရေး၊ ကလေးကိစ္စ၊ လေယာဉ်ခ ဘာဘဲလိုလို သုံးပါ၊၊ စိတ်ခွန်အား ရစေချင်လို့ပါ၊၊ US$5000/ထိ ကူညီဘို့ အပမ်းမကြီးပါ၊ အားနာရင် long term loan အနေနဲ့ယူလည်း ရပါတယ်၊၊
ကိုယ့်ညီတို့မိသားစု ရေရာတဲ့လမ်းကြောင်းပေါ် ရောက်မယ်ဆိုရင်သုံးစွဲပါ၊၊ကိုယ့်ညီတို့မိသားစု ရွှင်လန်းချမ်းမြေ့ပါစေ၊၊”
(၄)
ကျနော်တို့က အဖေမတူအမေကွဲ တခါမှမမြင်ဖူးကြတဲ့၊ အင်တာနက်ထဲ ရင်းနီးခဲ့ကြတဲ့ မြန်မာပြည်ဖွား မောင်နှမ များပါ။ ပရိုပိုစယ် (Proposal) မလို၊ ရပို့ (Report) မလို၊ ယုံကြည်မှုတွေနဲ့တည်ဆောက်ထားတဲ့ စေတနာရှင် တွေ။
(၅)
ဒီကနေ့ ကျနော့်မွေးနေ့လေးမှာ အလှူနှစ်ခုကိုတပြိုင်ထဲ ကိုယ်စားပြု လှူခွင့်ရလိုက်ပါတယ်။ လိုအပ်ချက်တွေနဲ့ ပြည့်နေတဲ့ ဒုက္ခသည်ကျောင်းလေးနဲ့ ကျောင်းသားလေးတွေအတွက်၊ ကယ်သူမဲ့နေတဲ့ အရွယ်လွန် ဒုက္ခသည် အဖိုးအိုအတွက်။
တကယ်လိုအပ်နေတဲ့သူကို တတ်နိုင်သူတွေက ကူညီ၊ ဝေမျှတတ်ကျတဲ့ယဉ်ကျေးမှု ထွန်းကားလာတဲ့ ကြည်နူး စရာ ပြယုဂ်တွေ့  ။ ဒီနေ့မှာ ဖြာဆင်းလာတဲ့ ပီတိတွေက ကျနော့်ရဲ့ ရာစုဝက်မွေးနေ့ပွဲကို အရောင်တဖိတ်ဖိတ်နဲ့ တောက်ပစေခဲ့ပေါ့။
ကွန်ကရစ် ဘလောက်တုံးသုံး နည်းပညာဖြင့် တည်ဆောက် မှုတွင် ကုန်ကျစရိတ် ၅၀ ရာခိုင်နှုန်းထိ သက်သာနိုင်
MRTV-4 — မြို့ပြထူထောင်ရေးမှာ လူမှုရေးနှင့် ပတ်ဝန်းကျင် စဉ်ဆက်မပြတ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ပြန်လည် ထူထောင်ရေး အစီအစဉ်အရ မြန်မာနိုင်ငံကို နည်းပညာ ဖြန့်ဝေ သွားမယ့် ကွန်ကရစ် ဘလောက်တုံးသုံး နည်းပညာ တစ်ခုဖြစ်တဲ့ Habitech Building System နည်းပညာဟာ သမားရိုးကျ ဆောက်လုပ်ရေးစနစ် ကုန်ကျစရိတ်ထက် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထိ သက်သာနိုင်တယ်လို့ UN-Habitat (Myanmar) မှ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ သိရပါ တယ်။
Habitech Building System ဆိုတာကတော့ ကွန်ကရစ် ဘလောက်တုံးကို အသုံးပြုကာ အဆောက်အဦများ တည်ဆောက်ခြင်း နည်းပညာ ဖြစ်တဲ့အတွက် သစ်အသုံးပြုကာ တည်ဆောက်ရ တဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ နေရာမှာ အစားထိုး တည်ဆောက်နိုင်တာကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် မှုတွေမှာ အထောက်အကူတစ်ခု ဖြစ်စေတဲ့ နည်းပညာ တစ်ခုပဲ ဖြစ်ပါတယ်။
ဒီလို ကောင်းမွန်တဲ့ နည်းပညာကို မြန်မာနိုင်ငံ သို့ ဖြန့်ဝေေ ပးခြင်းဟာ ဆောက် လုပ်ရေးဝန်ကြီး ဌာနနဲ့ ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ပြန်လည် ထူထောင်ရေး အစီအစဉ်တို့ရဲ့ ပူးပေါင်းရွက်မှုမှာ ပထမဆုံးသော အောင်မြင်မှု တစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ နည်းပညာဟာ ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ပြန်လည် ထူထောင်ရေး အစီအစဉ်နဲ့ အာရှနည်းပညာ တက္ကသိုလ်တို့က ၁၉၉၀ ခုနှစ်မှ စတင်ကာ သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းများနဲ့ စွမ်းအင်များကို ထိထိရောက်ရောက် အသုံးချကာ ငလျင်ဒဏ်ခံ နိုင်ပြီး ကုန်ကျစရိတ် သက်သာမယ့် နည်းပညာကို ပူးပေါင်း ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ နည်းပညာကို အာရှတိုက်ရှိ နိုင်ငံများနှင့် အခြားသော နိုင်ငံများမှ အိုးအိမ်နှင့်အခြား တည်ဆောက်ရေး စီမံကိန်းများမှာ အောင်မြင်စွာ စမ်းသပ်တည်ဆောက်လျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ နည်းပညာကို အသုံးပြုကာ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံ အဆောက် အဦများကို ဖျာပုံနဲ့ ဘိုကလေးမြို့များမှာ စာသင်ကျောင်း များကိုပါ ထည့်သွင်း တည်ဆောက်ပေးခဲ့ပြီး ဖြစ်ပါတယ်။
အဲ့ဒီ နည်းပညာကို ပိုမိုပြန့်ပွား စေဖို့အတွက် လက်ရှိ သုဝဏ္ဏမှာ တည်ဆောက်မယ့် စင်တာကဲ့သို့ပင် နေပြည်တော်နှင့် တာလေ တို့မှာ လည်း မကြာမီ ကာလများမှာ တည်ဆောက်သွားမှာ ဖြစ်ပါသည်။ ဒီလို ဆောင်ရွက်မှုတွေအပြင် UN-Habitat မှ ဆောက်လုပ်ရေး ၀န်ကြီး ဌာနသို့ Habitech အုတ်ရိုက်စက် အလုံး ၄၀ ၊ Hydraulic ၁၀ ခုလွှဲပြောင်းပေးခြင်းနဲ့ မြို့ပြဖွံ့ဖြိုးရေး ဆိုင်ရာ သုတေသနဌာန URDI တို့ကိုလည်း ကနဦး ဖွင့်လှစ်ခြင်း များကိုပါ ဆောင်ရွက်ပေးခဲ့ ကြတယ်လို့ သတင်းရရှိပါသည်။
၅၀၀၀ တန်ဖုန်း ဆင်းမ်ကဒ် စီမံကိန်းနှင့် ပတ်သတ်ပြီး လုပ်ဆောင်ထားချက်များကို ရှင်းလင်းမည်
5000 တန် ဆင်းမ်ကဒ်နှင့် ပတ်သတ်ပြီး ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ထရိတ်ဒါး ဟိုတယ် ကုန်းဘောင်ခန်းမ၌ ဇန်န၀ါရီလ ၃၀ ရက်နေ့ နေ့လည် ၁ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ၅၀၀၀ တန်ဖုန်း ဆင်းမ်ကဒ် စီမံကိန်းနှင့် ပတ်သတ်ပြီး လုပ်ဆောင်ထားချက်များကို ရှင်းလင်းမည်ဖြစ်ပြီး၊ နိုင်ငံတော် သမ္မတရုံးမှ အကြောင်းပြန်ကြားချက် တစ်စုံတစ်ရာမရရှိသေးကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထန်ကျင်ထောင်းက ပြောသည်။
မက်စင်ဂျာ ဂျာနယ် (ဖေ့စ်ဘုတ်)
NLABR National League for All Burma Refugees
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment