ကမ္ဘာ့သတင်းများ 28/02/2012
နိုင်ငံတကာသတင်း
မြောက်ကိုရီးယား ကန့်ကွက်တဲ့ စစ်ရေးလေ့ကျင့်မှု ကန်နဲ့ တောင်ကိုရီးယား စတင်
တောင်ကိုးရီးယားနဲ့ အမေရိကန် နိုင်ငံတို့ရဲ့ နှစ်နိုင်ငံ နှစ်စဉ် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို တနင်္လာနေ့မှာ စတင်လိုက်ပါတယ်။ ဒီလေ့ကျင့်မှုကနေ သူ့ရေပိုင်နက်ကို ထိပါးလာရင် စစ်ပွဲတစ်ခု ဆင်နွှဲရလိမ့်မယ်လို့ မြောက်ကိုရီးယားနိုင်ငံက ရာဇသံပေးထားတဲ့ ကြားက အခု စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ကြောင်း
တောင်ကိုးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောခွင့်ရသူ ကတော့ ဒီလေ့ကျင့်မှုဟာ ပုံမှန်ဖြစ်ပြီး မနှစ်က လေ့ကျင့်မှုနဲ့ အင်အားအရွယ်အစားရော၊ အနေအထားပါ တူညီတယ်လို့ ရှင်းလင်း ပြောဆိုကြောင်းမြောက်ကိုရီးယား ခေါင်းဆောင်သစ်ဖြစ်တဲ့ ထိပ်တန်း စစ်ဦးချုပ် ကင်မ်ဂျုံအွန် (Kim Jong Un) က စစ်ပွဲအတွက် ပြင်ဆင်ထားဖို့ ရှေ့တန်း တပ်ဖွဲ့တွေကို ကိုယ်တိုင် ညွှန်ကြား ထားတယ်လို့ မြောက်ကိုရီးယား အစိုးရ သတင်းမီဒီယာတွေက ဖော်ပြကြကြောင်း
ဒါပေမဲ့ မြောက်ကိုရီးယားမှာ ပုံမှန်မဟုတ်တဲ့ စစ်ရေးလှုပ်ရှားမှု နဲ့ ပတ်သက်တဲ့ အခြေအနေ တစ်စုံတစ်ခုမှ ခုထိ မတွေ့ရသေးဘူးလို့ သုံးသပ်ကြကြောင်း သိရသည်။
ယူနန် မိုးခေါင်မှု လူ သုံးသန်းကျော် သောက်ရေပြတ်
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်နယ်ထဲက စိုက်ပျိုးမွေးမြူရေးကို အားထားနေရတဲ့ ဒေသခံ သုံးသန်းကျော်ဟာ သုံးနှစ်ဆက်တိုက် မိုးခေါင်ရေရှားတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာမို့ သောက်သုံးရေ ရဖို့တောင်အခက်တွေ့နေရတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောကြောင်း
ယူနန်နယ်ထဲက သစ်တောမြေ ဟက်တာ တစ်သိန်းသုံးသောင်း ကျော်ဟာ အခုလောလောဆယ်မှာ တောမီး လောင်ကျွမ်းမှုနဲ့ ရင်ဆိုင်နေရသလို တောမီး အန္တရာယ် အခြေအနေ ပိုပြီး ဆိုးရွားလာနိုင်တာ တွေ့နေရတဲ့ အပြင် ကောက်ပဲသီးနှံ ဟက်တာ သိန်းကျော်ဟာလည်း ရေကောင်းကောင်း မရတဲ့အတွက် ညှိုးခြောက် လာနေတယ်လို့ ယူနန်အာဏာပိုင်တွေရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး တရုတ်အစိုးရ သတင်းတွေမှာ ဖော်ပြကြကြောင်း Weishan ပြည်နယ်ထဲက Xihe မြစ်ပြင် ခြောက်သွေ့နေတာကို တရုတ်နိုင်ငံက ရုပ်မြင်သံကြားတွေမှာ ပြနေကြောင်းဒေသတွင်းက ရွာတစ်ရွာမှာရှိတဲ့ မွေးမြူရေး တောင်သူ သုံးပုံတစ်ပုံလောက်ဟာ သူတို့ မွေးမြူထားတဲ့ ကြက် ဘဲ ၀က်တွေကို ရေကောင်းကောင်း မတိုက်နိုင်တဲ့အတွက် ရောင်းပစ်ခဲ့ရတယ် လို့ ဒေသခံတွေက ပြောကြောင်း ဒေသတွင်းက ရေလှောင်ကန် အသေး ၄၀၀ ကျော်လောက်မှာ ရေခန်းနေသလို မြစ်ချောင်းငယ်လေးပေါင်း ၂၄၀ လောက်ဟာလည်း ရေမရှိကြဘူးလို့ မိုးခေါင်ရေရှားမှု ဆိုင်ရာ ကယ်ဆယ်ကူညီရေး အရာရှိတွေက ပြောကြောင်း သိရသည်။
ဆီးရီးယားအပေါ် အီးယူ ဒဏ်ခတ်ပိတ်ဆို့မှုအသစ် ချမှတ်
ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ် အာဆဒ် (Bashar al-Assad) ဦးဆောင်တဲ့ အစိုးရအပေါ် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်လိုက်ကြောင်းဆီးရီးယားနိုင်ငံတ၀ှမ်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြကြသူတွေ အပေါ် အကြမ်းဖက် နှိမ်နင်းခဲ့တာကြောင့် လူပေါင်း ၃၀ လောက် သေဆုံးပြီး နောက်တစ်နေ့မှာ အီးယူက အခုလို ပိတ်ဆို့မှု အသစ်တွေ ချမှတ်လိုက်ကြောင်းဆီးရီးယား ဗဟိုဘဏ်နဲ့ အစိုးရအရာရှိ တချို့အပေါ် အီးယူက ပိတ်ဆို့ အရေးယူလိုက်ကြောင်းအီးယူအနေနဲ့ ဆီးရီးယားနိုင်ငံ လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ် ၁၅၀ လောက်ကို အရေးယူ ပိတ်ဆို့ထားပြီး ဖြစ်ကြောင်း ဒီမိုကရေစီအရေး ဦးတည်တဲ့ လုပ်ရပ်အဖြစ် အယောင်ပြထားတဲ့ ဖွဲ့စည်းပုံအသစ်ကို အစိုးရက လူထုဆန္ဒခံယူပွဲ ကျင်းပတဲ့ တနင်္ဂနွေနေ့မှာပဲ အကြမ်းဖက် နှိမ်နင်းမှုတွေ ဖြစ်ပွားခဲ့ကြောင်း
အခု အဆိုပြုထားတဲ့ ဖွဲ့စည်းပုံသစ်အရ ၁၉၆၃ ခုနှစ်ကတည်းက တိုင်းပြည်အာဏာကို Baath ပါတီ တခုတည်းက ချုပ်ကိုင်လာတာ အဆုံးသတ်ပြီး ပါတီစုံစနစ်ကို ဖန်တီးပေးမှာ ဖြစ်သလို သမ္မတရဲ့ သက်တမ်းလည်း ကန့်သတ်ထားကြောင်း ဒါပေမဲ့ အဲဒီ ဖွဲ့စည်းပုံ မူကြမ်းကို အတည်ပြုလိုက်တယ် ဆိုရင်တောင် သမ္မတ ဘက်ရှာ အယ်လ် အာဆဒ် အနေနဲ့ သြဇာအရှိန်အ၀ါ ကြီးမားနေဦးမှာ ဖြစ်ပါကြောင်း
အဲဒီ လူထုဆန္ဒခံယူပွဲကို သပိတ်မှောက်ကြဖို့ အတိုက်အခံ အင်အားစုတွေက တိုက်တွန်းလိုက်ပြီး တိုင်းပြည်အတွင်း လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်မယ့် တခုတည်းသော နည်းလမ်းကတော့ သမ္မတ အာဆဒ် ရာထူးက ဆင်းပေးမှ ဖြစ်နိုင်မယ်လို့ ဆိုကြောင်း သိရသည်။
သြစတြေးလျ ၀န်ကြီးချုပ် ပါတီခေါင်းဆောင်မှု ဆက်ထိန်းထား
သြစတြေးလျနိုင်ငံမှာ ပါတီတွင်း ပြိုင်ဘက် တစ်ဦးဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကယ်ဗင်ရပ်ဒ် (Kevin Rudd) က ခေါင်းဆောင် ရာထူး ယှဉ်ပြိုင်လာတာကို အလွယ်တကူ အနိုင်ရပြီးတဲ့နောက် နိုင်ငံရေးတိုက်ပွဲတွေ ရပ်တန့်ကြဖို့ ၀န်ကြီးချုပ် ဂျူလီယာဂေးလက် (Julia Gillard) က တနင်္လာနေ့မှာ ပြောကြားလိုက်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ကယ်ဗင်ရက်ဒ် ဟာ တချိန်က ၀န်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်ပြီး လက်ရှိ ၀န်ကြီးချုပ် ဂျူလီယာဂေးလက် က ၂၀၁၀ ခုနှစ်မှာ ၀န်ကြီးချုပ်ရာထူးကို ဖယ်ရှား အနိုင်ယူခဲ့သူ ဖြစ်ကြောင်း အာဏာရ လေဘာပါတီအတွင်း ခေါင်းဆောင်ရာထူး အတွက် ယှဉ်ပြိုင်နေကြသူ ၂ ဦးအတွက် ပါတီတွင်း မဲခွဲ ဆုံးဖြတ်ခဲ့ကြတာမှာ ၀န်ကြီးချုပ် ဂေးလက် က နိုင်ငံခြားရေး ၀န်ကြီးဟောင်း ကယ်ဗင်ရပ်ဒ် ကို ၇၁ မဲ၊ ၃၁ မဲနဲ့ အပြတ်အသတ် အနိုင်ရလိုက်တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားကြပကြောင်း ၀န်ကြီးချုပ် ဂျူလီယာဂေးလက် ဟာ သြစတြေးလျ နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်ပါကြောင်း တကယ်လို့ သူသာ အခု မဲခွဲဆုံးဖြတ်တဲ့နေရာမှာ ရှုံးနိမ့်ခဲ့ရင် နောက် ရွေးကောက်ပွဲ မတိုင်ခင်အထိ ပါတီခေါင်းဆောင် နေရာအတွက် သူ့အနေနဲ့ စိန်ခေါ် အကဲစမ်းမှုတွေ လုပ်မှာမဟုတ်တော့ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကယ်ဗင်ရပ်ဒ် က ပြောခဲ့ကြောင်း
နိုင်ငံခြားရေးဝန်ကြီးရာထူးက နုတ်ထွက်ပြီး နောက်တစ်ရက်မှာ ပါတီခေါင်းဆောင် ဖြစ်လာဖို့ ကယ်ဗင်ရပ်ဒ်က စိန်ခေါ်လာတဲ့အတွက် အခုလို ပါတီတွင်း မဲခွဲ ဆုံးဖြတ်ကြဖို့ ၀န်ကြီးချုပ် ဂေးလက် က ကြာသပတေးနေ့မှာ တောင်းဆိုခဲ့ကြောင်း သိရသည်။
The Artist ရုပ်ရှင် အော်စကာ အဓိကဆုတွေ ချီးမြင့်ခံရ
တနင်္ဂနွေနေ့ညက ဟောလိဝုဒ်မှာ ကျင်းပခဲ့တဲ့ (၈၄) ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ The Artist ဆိုတဲ့ အဖြူအမဲ ရုပ်ရှင်ကားက အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု စတာတွေနဲ့ ဆုအများစုကို ရရှိသွားကြောင်းသိရသည်။
အသံတိတ် ရုပ်ရှင်ဇာတ်ကားတွေခေတ်က အခက်အခဲတွေနဲ့ ရင်ဆိုင် ရုန်းကန်ရတဲ့ ရုပ်ရှင်မင်းသားအဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ ပြင်သစ်မင်းသား Jean Dujardin က အကောင်းဆုံး အမျိုးသား သရုပ်ဆောင် ရရှိသွားပြီး Michel Hazanavicius ကတော့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိသွားကြောင်း
ဝါရင့်သရုပ်ဆောင် Meryl Streep ကတော့ ဗြိတိသျှဝန်ကြီးချုပ်ဟောင်း Margaret Thatcher အကြောင်း ဘ၀သရုပ်ဖော် ရိုက်ထားတဲ့ The Iron Lady ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင် ရရှိသွားကြောင်းဒါဟာ Meryl Streep ရဲ့ တတိယမြောက် အော်စကာဆုလည်း ဖြစ်ကြောင်း
Christopher Plummer ကတော့ အသက်အကြီးဆုံး အော်စကာဆုရရှိသူအဖြစ်နဲ့ မနေ့ညက သမိုင်းမှတ်တိုင်တစ်ခု တင်လိုက်ပါကြောင်းအသက် ၈၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ Christopher Plummer က အသက်အရွယ်ကြီးရင့်တဲ့ လိင်တူ ဆက်ဆံသူ မုဆိုးဖိုဘ၀ကို Beginners ဇာတ်ကားမှာ ပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရရှိသွားကြောင်း
The Help ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ရသွားတဲ့ Octavia Spencer ဆုယူဖို့ စင်ပေါ်ကို တက်လာတဲ့ အချိန်မှာတော့ အားလုံးက မတ်တပ်ရပ်ပြီး လက်ခုပ် သြဘာပေးခဲ့ကြကြောင်း အဲဒီ ဇာတ်ကားကတော့ လူမျိုးရေး ခွဲခြား ဆက်ဆံမှုတွေ ဖြစ်ပေါ်နေတဲ့ ၁၉၆၀ ခုနှစ်တွေကို အခြေခံပြီး အမေရိကန်နိုင်ငံ တောင်ပိုင်းဒေသမှာ အာဖရိကနွယ်ဖွား အမေရိကန် အိမ်ဖော်တွေအကြောင်း ရိုက်ထားကြောင်း သိရသည်။
တောင်အာဖရိက လူဖြူလူမည်း ခွဲခြားမှုတိုက်ဖျက်ရေးပြယုဂ်ဖြစ်သော သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားသည် အူကျရောဂါအတွက် ဖေဖော်ဝါရီလ ၂၅ ရက်တွင် ခွဲစိတ်ကုသမှုခံယူခဲ့ရာ ကုသမှုအောင်မြင်ခဲ့ကြောင်း
ခွဲစိတ်ကုသမှုအပြီးတွင် မင်ဒဲလားမှာ နေသာထိုင်သာရှိပြီး အခြေအနေကောင်းကြောင်း တောင်အာဖရိက လက်ရှိသမ္မတ ဂျက်ကော့ဇူးမားက ပြောကြားခဲ့ပြီး ယခုခွဲစိတ်ကုသမှုမှာ ကြိုတင်စီစဉ်ထားသော ကုသမှုတစ်ခုဖြစ်ကြောင်း အသက် ၉၃ နှစ်ရှိ မင်ဒဲလားသည် ခွဲစိတ်ကုသမှုခံယူပြီး နောက်တစ်နေ့တွင် ဆေးရုံမှဆင်းခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မင်ဒဲလားသည် ကာလရှည်ကြာ ၀မ်းဗိုက်နာကျင်မှုဝေဒနာအတွက် ခွဲစိတ်ကုသမှု ခံယူခဲ့ခြင်းဖြစ်ကြောင်း၊ ဆရာဝန်များက မင်ဒဲလားအခြေအနေကို ကျေနပ်နေကြောင်း ဆေးရုံတွင် မင်ဒဲလားနေနေရခြင်းမှာ အရေးပေါ်အခြေအနေအတွက် မဟုတ်ကြောင်းဆေးကုသမှုခံယူခဲ့သော ဆေးရုံအမည်ကိုမူ မိသားစုဝင်များနှင့် အစိုးရက မထုတ်ပြန်ခဲ့ကြောင်း တောင်အာဖရိက ဒီမိုကရေစီဖခင်ကြီးအဖြစ် တင်စားခံရသော မင် ဒဲလားသည် ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲပိတ်ပွဲအပြီးတွင် လူမြင်ကွင်းရှေ့ နောက်ဆုံးအကြိမ်ထွက်ပြခဲ့ကြောင်း သိရသည်။
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment