မြန်မာသတင်းများ ဖေဖေါ်ဝါရီလ ၂၈ ရက်၊ ၂၀၁၂
ကချင်အမျိုးသမီး ဒေါ်ရွယ်ဂျာကို ဖမ်းဆီးထားခြင်း မရှိဟု မပခ ငြင်းဆို
တဖက်မှ စွပ်စွဲထားသည့်အတိုင်း ကချင်အမျိုးသမီး ဒေါ်ဆွမ်းလွတ် ရွယ်ဂျာကို ဖမ်းဆီးထား
ခြင်း မရှိကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)မှ နေပြည်တော် ပြည်ထောင်စု လွှတ်တော်တရားရုံးသို့ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က လျှောက်လဲခဲ့သည်ဟု သိရသည်။
မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲ ခိုင်ဗန်ကျေးရွာမှ ကလေးတဦး မိခင် ဒေါ်ရွယ်ဂျာ၏ အဖြစ်မျိုး မရှိကြောင်း မပခ လက်အောက်ခံ ခမရ ၃၂၁ နှင့် ခလရ ၃၇ တို့မှ ဗိုလ်ကြီးတဦးနှင့် ဗိုလ်မှူးတဦးတို့က ထိုသို့ လျှောက်လဲချက်ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ရွယ်ရဂျာ၏ ရှေ့နေ ဦးမားခါး က ပြောကြောင်း
“ဒေါ်ရွယ်ဂျာကိစ္စနဲ့ ပတ်သက်လို့ သတင်းတွေ ထွက်ပေါ်လာမှ သူတို့သိတယ်။ အရင်တုန်းက သူတို့ကို လာပြီး တိုင်ကြားတာ မရှိသေးဘူး။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ ခုံအဖွဲ့ဖွဲ့ပြီးတော့ စုံစမ်းစစ်ဆေးတယ်။ ဒါပေမယ့် မပခ ကနေ အဲဒီလိုအဖြစ်အပျက်မျိုး မရှိဖူးဘူး၊ မရှိဘူးဆိုပြီး စစ်တပ်ဘက်က လျှောက်လဲချက်ပေးတယ်”ဟု ပြောကြောင်း
ထိုနေ့ရုံးချိန်းသို့ ခမရ ၃၂၁ မှ ဗိုလ်ကြီးကျော်ကျော်ဌေးနှင့် ခလရ ၃၇ မှ ဗိုလ်မှူးဇေယျာအောင်တို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ကြောင်း ရွယ်ဂျာ အား မပခ လက်အောက်ခံ ခမရ ၃၂၁ လွယ်ဂျယ်တပ်စခန်းမှ ဥပဒေမဲ့ လေးလကြာ ဖမ်းဆီးထားသည့်အပေါ် ခင်ပွန်းဖြစ်သူ ဇောင်းခေါင် က သက်ဆိုင်ရာ တပ်ရင်းများအား တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း
“ကျနော်တို့ဘက်က ပြန်လျှောက်လဲတာက အဲဒီလို မဖမ်းဆီးဘူးဆိုပြီး ဆုံးဖြတ်ချက် ချမယ်ဆိုရင် ကျနော်တို့ဘက်က အရမ်းနစ်နာတယ်။ တကယ် ဖမ်းဆီးတယ်။ မဖမ်းဆီးဘူးဆိုတာ ခုံဖွဲ့ပြီးတော့ စစ်ဆေးပေးဖို့၊ ဖမ်းဆီးခံရတဲ့လူကို လွှတ်ပေးဖို့ တရားရုံးကနေ အမိန့်ထုတ်ပေးဖို့ လျှောက်လဲခဲ့ပါတယ်”ဟု ဦးမားခါး က ပြောကြောင်းလာမည့် ရက်သတ္တပတ်အတွင်း တရားရုံးက အမိန့်ချဖွယ်ရှိပြီး ဒေါ်ရွယ်ဂျားအား အဖမ်းခံရခြင်း ရှိ၊ မရှိကို စစ်ဆေးရာ တွင် စစ်တပ်ဘက်မှ ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း အမိန့်ချမှတ်ပါက အမှုပိတ်သွားနိုင်သော်လည်း တရားဥပဒေအရ ဆက်လက် လုပ်ဆောင်သွားမည်ဟု ရှေ့နေ ဦးမားခါး က ပြောကြောင်း
ဒေါ်ရွယ်ဂျားအား ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က သူ၏ ခင်ပွန်းနှင့် ဖခင်တို့နှင့်အတူ တောင်ယာသို့ အသွားတွင် အစိုးရ၏ ခမရ ၃၂၁ မှ တပ်ဖွဲ့များက ဖမ်းဆီးခဲ့သည်။ ခင်ပွန်းနှင့်ဖခင် နှစ်ဦးမှာ ထွက်ပြေး လွတ်မြောက် သွားခဲ့ကြောင်း၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ နေပြည်တော် တရားလွှတ်တော်ရုံးသို့ လျှောက်ထားရာမှ ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် စတင်ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း
ထို့ပြင် ဒေါ်ရွယ်ဂျားနှင့်အတူ အမှုတွဲ ခလရ ၃၇ မှ ဖမ်းဆီးထားသော တာလောကြီးကျေးရွာမှ ကချင်အမျိုးသား ကိုဇော်ဆိုင်းနှင့် ကိုဘရန်ဆိုင်းတို့ကိုလည်း လုံခြုံရေးအရ ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု အစိုးရဘက်မှ ကိုယ်စားလှယ် များက လျှောက်ထားခဲ့သည်ဟု ရှေ့နေ ဦးမာခါးက ပြောကြောင်း
၎င်းတို့နှစ်ဦးကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကစ၍ ခြောက်ရက်ကြာ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ - စရဖ မှ စစ်ဆေး ပြီးနောက် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မြစ်ကြီးနားမြို့ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလိုက်ပြီး မတရားအသင်း ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခြင်း ခံထားရကြောင်း ရှေ့နေ ဦးမာခါးက ပြောကြောင်း သိရသည်။

ရတနာပုံ Web Portal ဌာနကြီးမှူး၏ အာဏာသုံး ခြိမ်းခြောက်မှု သမ္မတထံ တိုင်မည်
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် အခြေစိုက် သတင်းနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများ
ပြုလုပ်ပေးနေသော ရတနာပုံ Web Portal ၏ ဌာနကြီးမှူး ဗိုလ်မှူးကြီးဟောင်း ဦးမျိုးညွှန့်အောင် ကို အောက်ခြေ ဝန်ထမ်းများအား အတင်းအားဓမ္မ အလုပ်ပြောင်းရွှေ့မှု၊ အာဏာသုံး ခြိမ်းခြောက်မှုတို့ဖြင့် သမ္မတ ဦးသိန်းစိန်ထံ တိုင်တန်းရန် ဝန်ထမ်း ၈၀ ကျော်က ပြင်ဆင်နေကြကြောင်း ရတနာပုံ Web Portal နှင့် လုပ်ငန်းခွဲ ဆိုလာစက်ရုံတို့တွင် ဌာနကြီးမှူး တာဝန် ယူထားသူ ဦးမျိုးညွှန့်အောင် က Web Portal တွင် လုပ်ကိုင်နေသော ဝန်ထမ်းအချို့၏ ဆန္ဒကို မေးမြန်းခြင်းမရှိဘဲ ဆိုလာစက်ရုံသို့ အတင်းအားဓမ္မပြောင်းရွှေ့ လုပ်ခိုင်းစေခြင်း နှင့် ဝန်ထမ်းများအား အာဏာသုံး၍ ကြိမ်းမောင်းဆဲဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု ကာယကံရှင် ဝန်ထမ်းများက ပြောကြောင်း ထိုအကြောင်းအရာနှင့် ပတ်သက်၍ ရတနာပုံ Web Portal ဝန်ထမ်းများက စုပေါင်းဆန္ဒထုတ်ဖေါ် လက်မှတ်ထိုးထားပြီး တနင်္လာနေ့က ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တယ်လီပို့ရုံးများသို့ တင်ပို့ထားပြီးဖြစ်သလို သမ္မတ ဦးသိန်းစိန် ထံသို့လည်း ပို့သွားရန် ပြင်ဆင်နေကြကြောင်း ကာယကံရှင်များက ပြောကြောင်း ရတနာပုံ Web Portal တွင် ဝန်ထမ်း စုစုပေါင်း ၈၇ ဦး ရှိကြောင်း
ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က ဦးမျိုးညွှန့်အောင် က ရတနာပုံ Web Portal သို့ ရောက်ရှိလာပြီး ၎င်း၏ အာဏာဖြင့် ဌာနနှစ်ခုလုံးကို မည်ကဲ့သို့ အုပ်ချုပ်နိုင်ကြောင်း ဝန်ထမ်းအားလုံး ကြိမ်းမောင်းမှုများ ပြုလုပ်ကာ ဝန်ထမ်း ၈ဝ ကျော်အနက်မှ ၁၇ ဦး ကို ဆိုလာ စက်ရုံသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် ညွှန်ကြားခဲ့ကြောင်း
စနေနေ့က ဆိုလာစက်ရုံသို့ ပြောင်းရွှေ့အလုပ်လုပ်ရန် ရွေးထားသူများကို ဦးမျိုးညွှန့်အောင်က သူ၏ ရုံးခန်းသို့ ထပ်မံခေါ်ယူကာ တနင်္လာနေ့တွင် ဆိုလာစက်ရုံ၌ အလုပ်ဆင်းကြရမည် ဖြစ်ကြောင်း ပြောဆိုပြီး အလုပ်မဆင်းနိုင်သူများ အနေဖြင့် အလုပ်ထွက် လက်မှတ်ထိုးဖို့ ဖိအားပေး ခြိမ်းခြောက်သည်ဟု သွားရောက်တွေ့ဆုံခဲ့သည့် ဝန်ထမ်းများ အပြောအရသိရကြောင်း
သွားရောက် တွေ့ဆုံခဲ့သည့် ဝန်ထမ်းများက Web Portal တွင် လုပ်ကိုင်ရသည့် လုပ်ငန်းနှင့် ဆိုလာစက်ရုံတွင် လုပ်ကိုင် ရမည့် လုပ်ငန်းမှာ ကွဲလွဲနေကြာင်း ဝန်ထမ်းများက ထောက်ပြပြောဆိုရာတွင် ဦးမျိုးညွှန့်အောင် က “လူပါးမဝနဲ့ငါ့လက်ညိုး ကွေးလိုက်ရင် ဘာဖြစ်မလဲ သိလား။ နင်တို့မျက်နှာနဲ့ ငါ့လက်ဖဝါး ဘယ်ဟာကကြီးလဲ။ ဘယ်သူ စမ်းချင်လဲ။ ငါခိုင်းတာလုပ်။ ဘာမှ ပြန်မမေးနဲ့” ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း
ရတနာပုံ Web Portal တွင် ပြည်တွင်း သတင်းများကို အဓိက ရေးသားဖေါ်ပြလျက်ရှိပြီး နိုင်ငံတကာရေးရာ သတင်းများ အပြင် အားကစားကဏ္ဍ၊ ဖျော်ဖြေရေး၊ နည်းပညာ၊ စီးပွားရေးနှင့် နေထိုင်မှုဘဝ ကဏ္ဍများကို ဖေါ်ပြပေးလျက် ရှိကြောင်းယင်း Web Portal ကို ၂၀၁၀ နှစ်ကုန်ပိုင်းက ဖွင့်လှစ်ခဲ့ပြီး စစ်တပ်အရာရှိဟောင်းများက ဦးစီး လုပ်ကိုင်နေလျက်ရှိကြောင်း သိရသည်။

အနောက်ကြောင့် တရုတ်နှင့်ဆက်ဆံရေး ထိခိုက်ခံမည်မဟုတ်ဟု ဦးရွှေမန်းပြော
တရုတ်နိုင်ငံသို့ ၅ ရက်ကြာ သွားရောက်ခဲ့သည့် ဦးရွှေမန်း၏ ခရီးစဉ်အတွင်း "အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ်မည်ကဲ့သို့ပင် ပြန်လည်ချဉ်းကပ်မှုလာသော်လည်း မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေဖြစ်သည့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မည်သို့မှ ထိခိုက်ခံမည်ဟုတ်ပါကြောင်း၊ နှစ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ဆက်လက် အလေးထား ဆောင်ရွက်သွားရမည်" ဟု မစ္စတာ ဝူဘန်ကို အား ပြောကြား ခဲ့ကြောင်း၂ဝ၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီကလင်တန်၏ ခရီးစဉ်ကို ဦးရွှေမန်းက ရည်ညွှန်းကာ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း
ထို့အပြင် မစ္စစ် ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံစဉ်အတွင်း သူရ ဦးရွှေမန်း က "မည်သည့်နိုင်ငံ အဖွဲ့အစည်းဖြစ်စေမြန်မာပြည်သူပြည်သားများ ဒုက္ခရောက်စေမည့် မူဝါဒများ၊ အစီအမံများ၊ လုပ်ဆောင်ချက်များကို လက်မခံကြောင်း"ပြောကြားခဲ့သည်ကိုလည်း မစ္စတာ ဝူဘန်ကို အား ပြန်လည်ပြောပြသည်ကို သတင်းစာတွင် ဖေါ်ပြထားကြောင်း မစ္စတာ ဝူဘန်ကို ကလည်း အနောက်နိုင်ငံများမှ မြန်မာနိုင်ငံကို စိတ်ဝင်စားမှု များပြားနေသည်ကို သတိပြုမိပြီး နှစ်နိုင်ငံ ဆက်ဆံရာတွင် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို အပြန်အလှန် လေးစားသွားရမည်ဟု ပြန်လည်ပြောဆိုခဲ့ပြီး တရုတ်နိုင်ငံ အနေဖြင့်လည်း အနောက်နိုင်ငံများနှင့် ဆက်ဆံရာတွင် မိမိနိုင်ငံ၏ အကျိုးစီးပွားကို အထိခိုက်ခံမည် မဟုတ်ဟု ဦးရွှေမန်းကို ပြန်လည်ပြောဆိုခဲ့ကြောင်း
အနောက်နိုင်ငံများသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စများ၊ ရာသီဥတု ပြောင်းလဲမှုများကို အကြောင်းပြကာ စီးပွားရေးလုပ်ငန်းအချို့ကို အနှောက်အယှက် ပြုနေသည်ဟု မစ္စတာဝူဘန်ကို က ပြောကြောင်း
ထို့အပြင် တရုတ်၊ မြန်မာ အကျိုးတူပူးပေါင်းဆောင်ရွက်ရန်ရှိသည့် ၂ဝ၁၁ စက်တင်ဘာလအတွင်း သမ္မတ ညွှန်ကြား ချက်ဖြင့် ရပ်ဆိုင်းခဲ့သော ကချင်ပြည်နယ် မြစ်ဆုံဆည် စီမံကိန်း ပတ်သက်၍လည်း "မြန်မာနိုင်ငံတွင် မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းအားရပ်ဆိုင်းခဲ့ခြင်းသည်ပြည်တွင်း/ပြည်ပအခြေအနေများကြောင့်ဖြစ်သည်”ဟု မစ္စတာ ဝူဘန်ကို က ပြောဆိုကြောင်း သူရ ဦးရွှေမန်းကလည်း မြစ်ဆုံဆည် စီမံကိန်းကို သင်ခန်းစာယူကာ တရုတ်၊ မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေ သည့် စီမံကိန်းများဖြစ်သော ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုပ်ငန်းများ၊ ကားလမ်းနှင့် မီးရထားလမ်း စီမံကိန်းကြီးများကို အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်ရေးအတွက် ဆက်လက် တာဝန်ယူ ဆောင်ရွက်သွားမည်ဟု ကတိပေးခဲ့ကြောင်း မစ္စတာ ဝူဘန်ကို က နှစ်နိုင်ငံအကြား လွှတ်တော်အဆင့် ပူးပေါင်းဆောက်ရွက်မှု မြှင့်တင်သွားရန်လိုအပ်ပြီး ကြံ့ခိုင်ရေး ပါတီနှင့် တရုတ် ကွန်မြူနစ်ပါတီတို့ လက်တွဲဆောင်ရွက်နိုင်ရန် နားလည်မှု စာချွန်လွှာများရေးထိုးကာ ပါတီနှစ်ခုကြား အမြင်ဖလှယ်နိုင်ရန် လိုအပ်သည်ကိုလည်း ကြံ့ဖွံ့ပါတီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ သူရ ဦးရွှေမန်းကို ပြောကြားခဲ့သေးကြောင်း ထိုပြောကြားချက်ကို ဦးရွှေမန်း က လက်ခံသဘောတူခဲ့ပြီး လွှတ်တော်အမတ်များ အချင်းချင်း အပြန်အလှန် ဖလှယ်ရေး အစီအစဉ်ကိုလည်း လက်ခံခဲ့ကြောင်း
ဦးရွှေမန်းက တရုတ်နှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်ပြီး မြန်မာနိုင်ငံကို သိပ္ပံနှင့် နည်းပညာ တိုးမြှင့်သွားနိုင်ရေးအတွက် တရုတ်နိုင်ငံက ကူညီပေးရန် မစ္စတာ ဝူဘန်ကို အား ပြောကြားခဲ့ကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဦးရွှေမန်းက မြန်မာနိုင်ငံတွင် ပြည်ထောင်စုလွှတ်တော် ကျင်းပနေပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အရေးကြီးသော ကိစ္စရပ်များ ဆွေးနွေးနေသော်လည်း တရုတ်အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ၏ ဖိတ်ကြားမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားသဖြင့် လာရောက်ရခြင်းဖြစ်သည်ဟုလည်း မစ္စတာ ဝူဘန်ကို အား ပြောကြားခဲ့ကြောင်း
ဦးရွှေမန်းနှင့်အတူ အောက်လွှတ်တော် ရေးရာကော်မတီ ဥက္ကဋ္ဌများဖြစ်သည့် ဦးသိန်းဇော်၊ ဦးလှမြင့်ဦး၊ သူရဦးအောင်ကို၊ဦးမောင်မောင်ဆွေနှင့် ဦးကြည်မင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးစိန်တင်ဝင်းနှင့် ဦးဆန်းဆင့် တို့လည်း လိုက်ပါသွားကြပြီး မစ္စတာဝူဘန်ကို အပြင် အခြား တရုတ်ခေါင်းဆောင်များနှင့်လည်း ဆွေးနွေးခဲ့သေးကြောင်း သိရသည်။
NLD ပါတီဝင် စုဆောင်းရေး နှေးကွေးနေ
တရားဝင် နိုင်ငံရေးပါတီ ဖြစ်လာသော်လည်း ပါတီဝင်စုဆောင်းရေး လုပ်ငန်းစဉ်တွင်
နှောင့်နှေးမှုများ ရှိနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောကြားလိုက်ကြောင်း
ယခုနှစ်ဆန်းပိုင်းမှ စ၍ ပါတီဝင်လျှောက်လွှာပေါင်း ၅ သိန်းကျော် ရောင်းချထားရသော်လည်း တကယ်တမ်း ပါတီဝင် လျှောက်လွှာ ၅ သောင်းခန့်သာ လက်ခံရရှိထားကြောင်း၊ ထို့ကြောင့် နိုင်ငံတဝှမ်းရှိ အဖွဲ့ချုပ်ရုံးများ
အနေဖြင့် ပါတီဝင် လျှောက်လွှာများ မြန်မြန် ပြန်ပို့ကြရန် ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း

ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ ပါတီဝင်လျှောက်လွှာ ၁ သန်းကို ပြည်နယ်နှင့် တိုင်း အသီးသီးသို့ စတင်ဖြန့်ဝေရောင်းချခဲ့ရာ ယခုအထိ လျှောက်လွာ ၅ သိန်းကျော် ရောင်းပြီးဖြစ်သော်လည်း ပါတီဌာနချုပ်မှ ပါတီဝင်အဖြစ် လက်ခံရရှိသော လျှောက်လွှာပေါင်း ၅ သောင်းကျော်သာ ရရှိသေးသဖြင့် ၁ဝ ပုံ ၁ ပုံသာ ရရှိထားခြင်း ဖြစ်ကြောင်း
၂၀၁၀ ရွေးကောက်ပွဲဝင် အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးကို NLD ပါတီက ပါတီဝင်အဖြစ် မကြာမီက လက်ခံခဲ့သည်။ သို့သော် ၎င်းကဲ့သို့ လူသိရှင်ကြား ပါတီ ဝင်ရန် လျှောက်ထားသည့် လသာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် ကိုမူ တရားဝင် အကြောင်းပြန်ခြင်း မရှိသေးကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ အထွေထွေ အတွင်းရေးမှူး ဒေါ်နေရီဘဆွေသည်လည်း ဇန်နဝါရီလက မိမိ၏ ပါတီမှနုတ်ထွက်၍ NLD ပါတီဝင်အဖြစ် ပြီးခဲ့သည့် သီတင်းပတ်က လျှောက်ထားခဲ့ရာ လက်ခံရေး၊ လက်မခံရေးကို စဉ်းစားနေဆဲ ဖြစ်ကြောင်း
ထို့အပြင် လာမည့် မတ်လ ၈ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၄၈ ဦးနှင့်အောင်နိုင်ရေး တာဝန်ခံများ ဗဟိုဌာနချုပ်တွင် အစည်းအဝေး ကျင်းပရန် ရှိကြောင်း
ယင်းအစည်းအဝေးတွင် ကိုယ်စားလှယ်လောင်းများ သုံးစွဲမည့် မဲဆွယ်စည်းရုံးရေး အသုံးစာရိတ်များ၊ ရွေးကောက်ပွဲအောင်နိုင်ရေး ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်ကြောင်း
ပါတီစည်းရုံးရေးနှင့် ပတ်သက်၍မူ ဒေါ်အောင်ဆန်းစုကြည် ၏ ကချင်ပြည်နယ် စည်းရုံးရေး ခရီးစဉ်မှာ အအောင်မြင်ဆုံး ဖြစ်သည်ဟု တနလာင်္နေ့က ကျင်းပသည့် ဗဟိုကော်မတီ ပုံမှန် စည်းဝေးတွင် သုံးသပ်ခဲ့ကြကြောင်း သိရသည်။
ဒီမိုကရက်တစ် မြန်မာ့အသံ ညွှန်ကြားရေးမှူးနှင့် အယ်ဒီတာချုပ် ရန်ကုန်ရောက်ရှိ
ယခင်ပြည်ပရောက် စင်ပြိုင်အစိုးရအဖွဲ့မှ စတင်တည်ထောင်ခဲ့သည့် ဒီမိုကရက်တစ် မြန်မာ့အသံ DVB ရဲ့ ညွန်ကြားရေးမှူးနှင့် အယ်ဒီတာချုပ် ဦးအေးချမ်းနိုင် မြန်မာနိုင်ငံသို့ ဒီကနေ့ မနက်ပိုင်းမှာ ရောက်ရှိလာပ ကြောင်း နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး မြန်မာနိုင်ငံသို့ ပြန်လာခွင့် ရတာဖြစ်ပြီး ငါးရက်ဗီဇာနဲ့ လာရောက်ခွင့်ရတာလည်းဖြစ်ကြောင်း
ယခုခရီးစဉ်အတွင်း မြန်မာနိုင်ငံ အစိုးရ တာဝန်ရှိသူတချို့နဲ့ တွေ့ဆုံဖို့ အစီအစဉ် ရှိသလို၊ ပြည်တွင်းက မီဒီယာ အဖွဲ့အစည်းများ မီဒီယာနယ်ပယ်ကို ဦးဆောင်နေသူများနဲ့လည်း တွေ့ဆုံသွားမယ်လို့ သိရကြောင်းဒီဗွီဘီ သတင်းဋ္ဌာနရဲ့ ယာယီညွှန်ကြားရေးမှူး တာဝန်ယူထားတဲ့ ဦးဟန်ညောင်ဝေလည်း ယမန်နှစ်နှောင်းပိုင်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ပါသေးတယ်။ န၀တအစိုးရလက်ထက် တလျှောက်လုံး ပြည်ပအခြေစိုက် မြန်မာမီဒီယာများကို လေလှိုင်းပေါ်က လူသတ်သမားများလို့ အစိုးရပိုင် သတင်းစာ၊ ရုပ်သံများမှာ ခေါ်ဆို သုံးစွဲနေခဲ့ရာမှ ယမန်နှစ် သြဂုတ်လမှာ ရပ်ဆိုင်းလိုက်ပြီးနောက် လအနည်းငယ်အကြာမှာ မြန်မာနိုင်ငံထဲ ပြန်လာခွင့်ပြုခဲ့တာ ဖြစ်ကြောင်း ပြည်ပအခြေစိုက် မြန်မာမီဒီယာများဖြစ်တဲ့ ဘီဘီစီ၊ ဗွီအိုအေ၊ ဧရာဝတီ၊ မဇ္ဈိမ၊ အာရ်အက်ဖ်အေ သတင်းဋ္ဌာနတို့ ယခင်လပိုင်းများမှာ အသီးသီး လာရောက် ခဲ့ကြကြောင်း သိရသည်။
DVB အယ်ဒီတာချုပ်လည်း မြန်မာပြည် သွားပြီ
ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ဦးဆောင် ညွှန်ကြားရေးမှူးနှင့် အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်သည် ပြည်တွင်း မီဒီယာ ဖွံ့ဖြိုးအခြေအနေနှင့် DVB ပြည်တွင်း၌ ၀င်ရောက် လုပ်ကိုင်ရန် အခြေအနေများကို လေ့လာရန် မြန်မာနိုင်ငံသို့ ယနေ့နံနက်က ရောက်ရှိလာသည်။ ဦးအေးချမ်းနိုင်သည် မြန်မာနိုင်ငံတွင် ၅ ရက်ကြာ နေထိုင်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း ပြန်ကြားရေးဝန်ကြီး၊ ဆက်သွယ်ရေး ဝန်ကြီးအပါအဝင် အစိုးရအဖွဲ့ဝင်များ၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်တွင်းပြည်ပ သတင်းထောက်များ၊ ဝါရင့် စာရေးဆရာကြီးများနှင့် တွေ့ဆုံမည်ဟု သိရသည်။
ကိုမင်းကိုနိုင်နှင့် ၈၈ အဖွဲ့ မန္တလေး ၀ါဆိုကျောင်း သွားရောက်
ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များသည် မန္တလေးမြို့ ၀ါဆို ကျောင်းတိုက်၌ ပြုလုပ်သည့် အရှင်ကေလာသ ၏ သိက္ခာထပ်ပွဲ သို့ သွားရောက်ကြောင်း သတင်းရသည်။ အရှင်ကေလာသ သည် ၂၀၀၇ ရွှေဝါရောင် တော်လှန် ရေးတွင် အဖမ်းခံခဲ့ရသည့် သံဃာ တပါးဖြစ်သည်ဟု ဆိုကြောင်းသိရသည်။
မွန်ပြည်သစ် နှင့် အစိုးရ ငြိမ်းချမ်းရေး ပဏာမ သဘောတူ
အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ ဖေဖော် ၀ါရီ၂၄ ရက်က ငြိမ်းချမ်းရေး ပဏာမ သဘောတူညီမှုလက်မှတ် ထိုးသည်။ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကျင်းပသော ယင်းလက်မှတ်ထိုးပွဲသို့ အစိုးရဘက်က ရထား ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့နှင့် NMSP ဘက်က ဒု ဥက္ကဌ ဦးနိုင်ရော့စ ဦးဆောင်သည့် အဖွဲ့တို့ တက်ရောက်ပြီး ပြည်ထောင်စု အဆင့် ပဏာမ သဘောတူညီချက် ၄ ချက်ကို သဘောတူ လက်မှတ်ထိုးခြင်း ဖြစ်ကြောင်း သိရသည်။
ဦးရွှေမန်းနှင့် တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက် ဥက္ကဌ တွေ့
ပြည်သူ့လွှတ်တော် ဥက္ကဌ ဦရွှေမန်း နှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ အမျိုးသား ပြည်သူ့ ကွန်ဂရက် ဥက္ကဌ မစ္စတာ ၀ူဘန်ကို နှင့် ဖေဖော်ဝါရီ၂၄ ရက်က ဘေဂျင်းမြို့တွင် တွေ့ဆုံကြောင်း သိရသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် ပတ်သက်၍ အမြဲတမ်း မှန် ကန်စွာ ရပ်တည်ပေးမှုအတွက် ကျေးဇူးတင်ကြောင်း ဦးရွှေမန်းက ပြောကြားပြီး မစ္စတာ ၀ူဘန်ကို က နှစ်နိုင်ငံ စီးပွားကုန်သွယ်မှု တိုးတက်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံ စက်မှု ထွန်းကားရေး အလေးပေး ဆောင်ရွက်မည်ဟု ပြောကြားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားကြောင်း သိရသည်။
ပြည်ပပို့ကုန်သီးနှံ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြု
သစ်သီးဝလံ အမျိုးအမျိုး အပါအ၀င် ဥယျာဉ်ခြံထွက် သီးနှံနှင့် ပစ္စည်းများ၏ ပြည်ပ ပို့ကုန် ရောင်းချငွေအပေါ် စည်းကြပ် ကောက်ခံ သည့် ကုန်သွယ် လုပ်ငန်းခွန်ကို ကင်းလွတ်ခွင့် ပြုလိုက်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဖေဖော်ဝါရီ၂၄ ရက်က ထုတ် ပြန်သည်။ ကင်းလွတ်ခွင့် ကာလမှာ မတ်လ ၁ ရက် မှ သြဂုတ်လ ၁၄ ရက်အထိ ဖြစ်သည်ဟု အမိန့်ကြော်ငြာစာ၌ ပါရှိကြောင်းသိရသည်။
အာဆီယံ စီးပွားရေး ၀န်ကြီးများနှင့် ဦးသိန်းစိန် တွေ့
အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ် အပါအ၀င် အာဆီယံ စီးပွားရေး ၀န်ကြီးများနှင့် သမ္မတ ဦးသိန်းစိန် ယမန် နေ့က နေပြည်တော်၌ တွေ့ဆုံသည်။ အာဆီယံ နိုင်ငံများ အချင်းချင်း စီးပွားရေး ပိုမိုတိုးမြှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးကြကြောင်း သိရသည်။ မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန်ယူထားသည်။
၈၈ အဖွဲ့ကို မန္တလေးဈေးချို သောင်းသောင်းဖြဖြ ကြို
မန္တလေးမြို့သို့ ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အဖွဲ့အား ဈေးချိုတော်ရှိ ဈေးသူဈေးသား များက သောင်းသောင်းဖြဖြ ကြိုဆိုကြောင်း သတင်းရသည်။
ခွပ်ဒေါင်းအလံကို ကိုင်ဆောင်၍ ရောက်ရှိလာသည့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့အား ဈေး အကျိုးဆောင် အဖွဲ့၏ မေတ္တာရပ်ခံချက်အရ ဈေးသူဈေးသားများကို ကိုမင်းကိုနိုင်က စကားပြောဆိုကြောင်း မြန်မာ လူ့ အဖွဲ့အစည်းအတွင်း အပြောင်းအလဲကာလတခုတွင် တဖက်နှင့်တဖက် ပွင့်ပွင့်လင်းလင်းဖြစ်သင့်ပြီဖြစ်ကြောင်း၊ လက်ရှိ ပကတိအခြေအနေအတိုင်း အသိအမှတ်ပြုရန် လိုကြောင်း၊ သို့မှသာလျှင် တဦးနှင့် တဦး ယုံကြည်မှုခိုင်မာမည့်အကြောင်း ကိုမင်းကိုနိုင် က ပြောဆိုကြောင်း
ထို့အပြင် မန္တလေးမြို့ ဈေးချိုသည် ခေတ်အဆက်ဆက် အမှန်တရားဘက်က ရပ်တည်ခဲ့ကြောင်း၊ အထူးသဖြင့် နိုင်ငံရေးလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှုများကို ပံ့ပိုးကူညီခဲ့ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများကို ကူညီစောင့်ရှောက်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်းလည်း ကိုမင်းကိုနိုင်က ထည့်သွင်း ပြောကြောင်းကိုမင်းကိုနိုင်နှင့် အဖွဲ့အား ဈေးချိုတော်အတွင်းရှိ ရွှေဆိုင်တန်းမှ လက်ဆောင်ပစ္စည်းများ ပေးအပ်သည့်အပြင် ပရိသတ်များက လည်း ကိုမင်းကိုနိုင် ကျန်းမာပါစေ ဆိုသည့် ကြွေးကြော်သံများကို ကြွေးကြော်ကြသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုဂျင်မီကလည်း“ဘယ်မြို့ရောက်ရောက် ပရိသတ်ကတော့ ၈၈ မျိုးဆက် ကျောင်းသားဆိုရင် အားပေးတယ်၊ ဒါပေမယ့်လည်း တချို့နေရာတွေမှာ အကြောက်တရားတွေ ရှိသေးတယ်”ဟု ပြောဆိုသည်။
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမင်းဇေယျာ၊ ကိုလှမျိုးနောင်၊ မနီလာသိန်းတို့ ပါဝင်သည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့သည် မြန်မာ လူ့ အဖွဲ့အစည်းအား ပွင့်လင်း လူ့အဖွဲ့အစည်းတရပ်ဖြစ်ထွန်းပြီး အကြောက်တရား ကင်းဝေးစေရန်အတွက် ယခုကဲ့သို့သွားရောက်၍ ဟောပြောလှုံ့ဆော်ခြင်း ဖြစ်သည်ဟု ဆိုသည်။နံနက်ပိုင်းကလည်း ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များသည် မန္တလေးမြို့ ၀ါဆို ကျောင်းတိုက်၌ ပြုလုပ် သည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် အဖမ်းခံခဲ့ရသော သံဃာ တပါးဖြစ်သည့် အရှင်ကေလာသ၏သိက္ခာထပ်ပွဲသို့သွားရောက်ခဲ့သေးသည်။၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သည်ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး မြစ်ဆုံဆည်စီမံကိန်းကြောင့် ရွှေ့ပြောင်းခံခဲ့ရသည့် ဒေသခံပြည်သူများ၏ ဖိတ်ကြားချက်အရ ကျေးဇူးတော် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ယမန်နေ့က မန္တလေးမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။ပြီးခဲ့သည့်ရက်များကလည်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့သည် ဧရာဝတီတိုင်း ဟင်္သာတမြို့၊ မကွေးတိုင်း သရက်မြို့စသည့် ဒေသများသို့ သွားရောက်၍ လူထုကို ဟောပြောမှုများပြုလုပ်ခဲ့သည်။ မကြာမီ ပဲခူးတိုင်းအရှေ့ခြမ်း ဒေသများသို့လည်း သွားရောက် မည်ဟု သိရသည်။
လွှတ်တော်တွင် ပညာရေးကျွမ်းကျင်သူများ လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
မြန်မာနိုင်ငံ ပညာရေးစနစ် အဆင့် မြှင့်တင်ရေးအတွက် လွှတ်တော်အတွင်းသို့ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူ အများအပြား ရောက်ရှိရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တနင်္ဂနွေနေ့တွင် ပြောသည်။ကားဖြတ်ရွေးကောက်ပွဲတွင် NLD ကို ကိုယ်စားပြုပြီး ၀င်ရောက် ယှဉ်ပြိုင်မည့် ဒေါ်စုစုလွင်၏ ရန်ကုန်တိုင်း သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် မဲဆွယ်စည်းရုံးစဉ် ထိုသို့ ပြောလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းပုံခြေခံဥပဒေကို ပြင်ရမည်ဟု RNDP ပြော
ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်လျှင် ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်ရေး အလှမ်းဝေးနေဦးမည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က ပြောဆိုလိုက်သည်။ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ဒို့ရိုးရာ စားသောက်ဆိုင်တွင် ယမန်နေ့က ကျင်းပသော “ရခိုင်သယံဇာတ ရွှေသဘာဝ ဓာတ်ငွေ့ကို အသုံးပြု၍ ရခိုင်ပြည်နယ် တခုလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရေးအဖွဲ့၏ စာတမ်းဖတ်ပွဲ” တွင် RNDP အထွေထွေ အတွင်းရေးမှူး ဦးလှစောက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လိုအပ်ချက်အရ ပြုပြင်ရမည်ဖြစ်ကြောင်း၊ ဥပဒေပြင်ဆင်ခြင်းသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတခုအဖြစ် RNDP က ခံယူကြောင်း၊ တိုင်းရင်းသားများအားလုံး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးနှင့် ဒေသထွက် သယံဇာတများကို ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးပြုခွင့်ရှိရေး အပါအ၀င် တန်းတူအခွင့်အရေးများ ရရှိစေရေးအတွက် အခြေခံဥပဒေကို ပြင်ဆင်သွားရမည်ဖြစ်ကြောင်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် NLD ၏ မူဝါဒတခုဖြစ်ကြောင်း အခမ်းအနားသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းအစိုးရ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားများဘဝသည် နိမ့်ကျလျက်ရှိကြောင်း လွတ်လပ်ရေး အရစောသော်လည်း အုပ်ချုပ်ရေးညံ့ဖျင်းမှုကြောင့် ယခုကဲ့သို့ နိုင်ငံ ဆင်းရဲနေရခြင်းဖြစ်ကြောင်း
RNDP မှ ဒု ဥက္ကဋ္ဌ ဦးတင်ဝင်းက ရခိုင်ပြည်နယ်သည် သဘာဝသယံဇာတများစွာ ပိုင်ဆိုင်ထားသော်လည်း မြန်မာနိုင်ငံတွင် ချင်းပြည်နယ်ပြီးလျှင် ဒုတိယ အဆင်းရဲဆုံး ပြည်နယ်တခုဖြစ်နေကြောင်း၊ ရခိုင်ကမ်းလွန်မှ ထွက်ရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့မှ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံချီ ၀င်ငွေရရှိသော်လည်း ပြည်နယ်ဖွံ့ဖြိုးရေး မဆောင်ရွက်ပေးကြောင်း၊ အထူးသဖြင့် လျှပ်စစ်မီးရရှိရေးအတွက် လွှတ်တော်တွင် အဆိုများတင်သွင်း ခဲ့သော်လည်း အစိုးရ၀န်ကြီးများက ပြည်နယ်အတွင်း ရေအားလျှပ်စစ် စီမံကိန်းများပြီးမှသာ မီးရရှိရေး ဖြစ်နိုင်မည်ဟု ပြောဆိုကြောင်း၊ ရေအားလျှပ်စစ် စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စစ်တမ်းများ ပြုလုပ်ရသည့်အပြင် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည့်အတွက် ယင်းစီမံကိန်းများကို အယုံအကြည် မရှိကြောင်း ထို့အပြင် ရခိုင်ပြည်နယ်တခုလုံး မီးလင်းနိုင်ရေးအတွက် ရွှေသဘာဝဓာတ်ငွေ့သုံး ၁၅၃.၃ မီဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သော ကျောက်ဖြူ ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးရန် တောင်းဆိုကြောင်း၊ ယင်းစက်ရုံအတွက် ကုန်ကျစရိတ်၊ ဓာတ်အားလိုင်းများ သွယ်တန်းခစရိတ် အပါအ၀င် စုစုပေါင်းခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၂၁၀ ကုန်ကျမည်ဖြစ်ကြောင်း၊ ရခိုင်တပြည်နယ်လုံး မီးလင်းအောင် ပြည်ထောင်စုအသီးသီးရှိ အဖွဲ့အစည်းများအားလုံး စုစည်းညီညွတ်စွာ ပူးပေါင်းတောင်းဆိုပေးကြလိုကြောင်း
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းသည် ရခိုင်ပြည်နယ် ကမ်းလွန်လုပ်ကွက် A1 နှင့် A3 မှထွက်ရှိသော ဓာတ်ငွေ့ဖြစ်ပြီး လေ့လာချက်များအရ သဘာဝဓာတ်ငွေ့ ခိုအောင်းမှုပမာဏ စုစုပေါင်း ၅ ထရီလီယံကုဗပေမှ ၉ ထရီလီယံကုဗပေ ရှိကြောင်း၊ ယင်းစီမံကိန်းတွင် တရုတ်နိုင်ငံ CNPC ကုမ္ပဏီ၊ တောင်ကိုရီးယား Daewoo International, အိန္ဒိယ Oil & Natural Gas Corp ကုမ္ပဏီ၊ မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ တောင်ကိုရီးယား Korean Gas Corporation, အိန္ဒိယ Gas Authority of India Limited တို့က ရင်းနှီးမြုပ်နှံထားကြောင်း၊ ၂၀၁၃ ခုနှစ် မေလမှ စတင်ကာ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ကွေ့ကျိုးနှင့် ကွမ်းရှီး ပြည်နယ်များအထိ သွယ်တန်းထားသော ပိုက်လိုင်းများမှတဆင့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပုံမှန်ရောင်းချသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
ရခိုင်သယံဇာတ ရွှေသဘာဝဓာတ်ငွေ့ကို အသုံးပြု၍ ရခိုင်ပြည်နယ်တခုလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရေး စာတမ်းကို RNDP ဒု ဥက္ကဋ္ဌ ဦးတင်ဝင်းက ဖတ်ကြားပြီး ပရိသတ် ၃၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။
ကချင် ဒုက္ခသည်များအတွက် ရန်ပုံငွေပွဲ ကျင်းပ
ကချင်စစ်ပြေး ဒုက္ခသည်များ အတွက် Save The War Victims အမည်ရှိ ရန်ပုံငွေပွဲကို ရန်ကုန်မြို့ ပြင်သစ် သံရုံး ယဉ်ကျေးမှု ဌာနတွင် ယမန်နေ့က ကျင်းပသည်။ဒုက္ခသည်များအား အကူအညီ ပေးလိုသည့် ရန်ကုန်မြို့မှ လူငယ်များ စုပေါင်းကျင်းပခြင်း ဖြစ်ပြီး ကာတွန်း၊ ပန်းချီ၊ ဓာတ်ပုံ၊ ဂီတ စသည့် စာပေ အနုပညာ လောက သားများလည်း ပါဝင်ကြောင်း သိရသည်။
ALD နဲ့ SNLD မှတ်ပုံတင်ရေး စတင်ပြီ
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က တနင်္လာနေ့မှာ နိုင်ငံရေးပါတီအဖြစ်နဲ့ မှတ်ပုံတင်ခွင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံကို တင်လိုက်ကြောင်း ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့ဝင် တခြား နိုင်ငံရေး ပါတီတွေလည်း ပါတီအဖြစ် မှတ်ပုံတင်ဖို့ ပြင်ဆင်နေကြကြောင်း နိုင်ငံရေးလုပ်ငန်းတွေ ဆက်ပြီးလုပ်ဖို့အတွက် တရားဝင်ပါတီအဖြစ်နဲ့ ဆက်ပြီး မှတ်ပုံတင်ဖို့ကလွဲလို့ တခြား နည်းလမ်းမရှိလို့ အခုလို မှတ်ပုံတင်ရတာလို့ ဖျက်သိမ်းခံထားရတဲ့ တိုင်းရင်းသား ပါတီတွေက ပြောကြကြောင်းညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင်တစ်ခုဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) က ၁၉၉၁ ခုနှစ်မှာ ဖျက်သိမ်းခံထားရတဲ့ နိုင်ငံရေးပါတီ ဖြစ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ကျောခိုင်းခဲ့တဲ့ ပါတီတစ်ခုအနေနဲ့ အခုမှ ပြန်ပြီး မှတ်ပုံတင် စာရင်းပေးသွင်းကြောင်း
ဖျက်သိမ်းခံထားရတဲ့ ပါတီရဲ့ နံမည် တံဆိပ် အလံတို့ကို ပြန်ပြီး သုံးစွဲထားတဲ့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီ မှတ်ပုံတင်ခွင့် ရလာရင် ပါတီရဲ့ ဖွဲ့စည်းပုံကို ပြန်လည် စည်းဝေးဆုံးဖြတ်မယ်လို့လည်း ဆိုကြောင်း
တချိန်တည်းမှာပဲ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကလည်း ပါတီခေါင်းဆောင်တွေ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာပြီးတဲ့နောက်မှာ ပြန်လည် မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်ကြောင်း
ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေ ဖေဖော်ဝါရီလ တတိယပတ်အတွင်းက တရားဝင် ပါတီအဖြစ် မှတ်ပုံတင်ကြရေး ဆွေးနွေးခဲ့ကြပြီး နောက်ထပ် ဆက်ပြီး မှတ်ပုံတင် စာရင်းပေးသွင်းမယ့် ပါတီတွေလည်း ရှိနေကြောင်း
အခု ပြန်ပြီး မှတ်ပုံတင် လျှောက်ထားကြမယ့် တိုင်းရင်းသားပါတီတွေဟာ ၁၉၉၁ ခုနှစ် စစ်အစိုးရ လက်ထက်က ဖျက်သိမ်းခံထားရပြီး ဆယ်စုနှစ် နှစ်ခုကျော် တရားမ၀င် နိုင်ငံရေးပါတီတွေအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ ရပ်တည်ခဲ့ကြတဲ့ ပါတီတွေ ဖြစ်ကြောင်း အခုလို ဖျက်သိမ်းခံ တိုင်းရင်းသားပါတီတွေ အနေနဲ့ မှတ်ပုံတင် ပြန်လည် လုပ်ဆောင်ရတာကလည်း တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ၈၈ ကျောင်းသား ခေါင်းဆောင်တွေကို အစိုးရက ပြန်ပြီး လွှတ်ပေးတာအပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က နိင်ငံရေးပါတီအဖြစ် ပြန်ပြီး မှတ်ပုံတင်တာကြောင့်လည်း ဖြစ်တယ်လို့ ပြောဆိုကြကြောင်း သိရသည်။
လွှတ်တော်နှစ်ရပ် ရုတ်တရက် ဆိုင်းငံ့
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တရုတ်နိုင်ငံ ခရီးစဉ်က တနင်္ဂနွေနေ့မှာ ပြန်လည် ရောက်ရှိလာပြီးတဲ့နောက် ဒီကနေ့ တနင်္လာနေ့မှာ ကျင်းပဖို့ရှိနေတဲ့ တတိယအကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေးကို ရုတ်တရက် ဆိုင်းငံ့လိုက်ကြောင်း ဥပဒေရေးရာ ပူးပေါင်းကော်မတီတွေနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ လွှတ်တော် ကိစ္စရပ်တွေ ညှိနှိုင်းနေကြတယ် လို့လည်း လွှတ်တော် အမတ် အသိုင်းအ၀ိုင်းက ပြောဆိုကြကြောင်း အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ်လုံး ပူးပေါင်း ပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်ကို တနင်္လာနေ့မှာ ကျင်းပဖို့ ရှိနေပေမဲ့ တနင်္ဂနွေနေ့ မှာ ဆိုင်းငံ့ကြောင်း လွှတ်တော် ရုတ်တရက် ဆိုင်းငံ့လိုက်ချိန်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တရုတ်နိုင်ငံ ခရီးစဉ်က ပြန်ရောက်လာချိန်လည်း ဖြစ်ကြောင်း
လွှတ်တော် ပုံမှန် အစည်းအဝေးကို ရုတ်တရက် ဆိုင်းငံ့လိုက်တာကို တရားဝင် အကြောင်းကြားပေမဲ့ ဘာကြောင့် ဆိုင်းငံ့တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ လွှတ်တော် အမတ်တွေကို ရှင်းလင်းပြခြင်း မရှိ ကြောင်း ဒါပေမဲ့လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တရုတ်နိုင်ငံ ခရီးစဉ်အတွင်းမှာ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေနဲ့ ၂၀၁၂ ခုနှစ် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေရေး ဥပဒေတွေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက် ပြီးတဲ့နောက် သမ္မတ လက်မှတ်နဲ့ ဥပဒေအဖြစ် အတည်ပြုလိုက်တဲ့ ကိစ္စတော့ ရှိတယ်လို့လည်း လွှတ်တော် အမတ်တွေက ပြောကြောင်း တနင်္လာနေ့မှာ ပြည်ထောင်စု လွှတ်တော် ကျင်းပဖို့လည်း ပြီးခဲ့တဲ့ သောကြာနေ့က ဆွေးနွေးမယ့် အကြောင်းအရာတွေ ပေးထားပြီး ဖြစ်တဲ့အကြောင်း
အင်္ဂါနေ့မှာ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွေ ပြန်ပြီး ကျင်းပမလား ဆိုတာလည်း တိတိကျကျ မသိရသေးဘူးလို့လည်း လွှတ်တော် အမတ် တစ်ဦးဖြစ်တဲ့ ဦးသိန်းညွှန့်က ပြောကြောင်း
အခု ကျင်းပနေတဲ့ ပြည်ထောင်စု လွှတ်တော်မှာ လာမယ့် ၂၀၁၂-၂၀၁၃ နိုင်ငံတော် ဘတ်ဂျက်ကို ဆွေးနွေး အတည်ပြုဖို့ ရှိသလို လွှတ်တော် အမတ်များ ဥပဒေကိုလည်း ဆွေးနွေးကြဖို့ ရှိနေကြောင်း လွှတ်တော် အမတ်တွေရဲ့ ရပိုင်ခွင့်တွေ အဖြစ် အခမဲ့ ခရီးသွားလာခွင့်၊ အခမဲ့ ဆေးကုသခွင့် စတာတွေနဲ့ သက်ဆိုင်ရာ ဒေသတွေမှာ ရုံးခန်းဖွင့်ပိုင်ခွင့်၊ ဒေသ အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ခွင့်တွေလည်း ဆွေးနွေးကြဖို့ ရှိနေတာ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တရုတ်ပြည် ခရီးစဉ် မတိုင်ခင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်မှာ ပြည်သူလူထုရဲ့ လုပ်ခ လစာ တိုးမြှင့်ပေးဖို့၊ နိုင်ငံတော်မှာ အကြွေးထူနေတဲ့အတွက် မလိုအပ်တဲ့ စီမံကိန်းတွေကို ဖျက်သိမ်းဖို့ လာမယ့် နိုင်ငံတော် ဘတ်ဂျက်မှာ ထည့်သွင်း ရေးဆွဲကြဖို့ သူက ပြောဆိုခဲ့ကြောင်း အခုလို လွှတ်တော် အစည်းအဝေးတွေ ခေါ်ယူပြီးမှ ရုတ်တရက် ဆိုင်းငံ့လိုက်တာ ကတော့ လွှတ်တော် သက်တမ်း အတွင်းမှာ ပထမဆုံး အကြိမ်လည်း ဖြစ်ကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၃)ရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမား ၁၃၁၁ ဦးသည် စက်ရုံမှပေးအပ်သည့် လုပ်ခလစာများနှင့် ပတ်သက်သည့် အလုပ်သမား အခွင့်အရေးများ ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လှိုင်သာယာမြို့နယ် ၀ါဏိဇ္ဇပဋိပက္ခ ကော်မတီခုံရုံးသို့ တင်ပြတောင်းဆို လိုက်ပြီဖြစ်ကြောင်း “ ခုံရုံးတင်ပြဖို့အတွက် အလုပ်သမား ၁၃၁၁ဦး ကိုယ်စားပြု အလုပ်သမား ကိုယ်စားလှယ် ၄၅ ဦးကို ဒီနေ့မနက်ပဲ ရွေးချယ်ခဲ့ပါတယ်။ အခု မွန်းလွဲ ၃ နာရီမှာတော့ မြို့နယ် ၀ါဏိဇ္ဇပဋိပက္ခ ကော်မတီကို သွားပါမယ်။ ဒီကနေ ညွှန်ကြားချက် ရတာနဲ့ ညနေဘက်မှာတော့ ရှေ့နေကိုဖိုးဖြူ နဲ့ အလုပ်သမား ကိုယ်စားလှယ်တချို့ နေပြည်တော်မှာရှိတဲ့ ၀ါဏိဇ္ဇပဋိပက္ခကို သွားပါမယ်” ဟု အလုပ်သမား ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ကိုကျော်မျိုးလှိုင်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ တိုင်ရီဖိနပ်စက်ရုံရှေ့တွင် တွေ့ဆုံစဉ်က ပြောကြားခဲ့ကြောင်း ယင်းနေ့နံနက် ၉ နာရီ ၀န်းကျင်ခန့်တွင် စက်ရုံမှတာဝန်ရှိသူ တချို့နှင့် အလုပ်သမား ကိုယ်စားလှယ်များ၊ ရှေ့နေများ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး လက်ရှိပေးအပ်နေသည့် တစ်လရက်မှန်ကြေး ကျပ် ၆၀၀၀ ပေါ်တွင် အလုပ်သမားများ တောင်းဆိုခဲ့သည့် ကျပ် ၈၀၀၀ အစား ကျပ် ၇၀၀၀ သို့ တိုးမြှင့်ပေး ခဲ့ကြောင်း၊ ယင်းကျပ် ၇၀၀၀ ဖြင့် ကျေနပ်သူ အလုပ်သမား ၄၅ ယောက်နှင့် ကြီးကြပ်သူ အလုပ်သမားတစ်ဦး၊ ပေါင်း ၄၆ ဦးတို့ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခဲ့ကြောင်း တိုင်ရီစက်ရုံ၌ အလုပ်သမား စုစုပေါင်း ၁၈၆၃ ဦးရှိပြီး ယင်းတို့ထဲမှ လုပ်ငန်းခွင် ပြန်ဝင်သည့် အလုပ်သမားဦးရေမှာ ၁၀၀ ၀န်းကျင်သာ ရှိနေကြောင်း၊ ကော်မတီခုံရုံးသို့ တင်ပြမည့် အလုပ်သမားဦးရေ ၁၃၁၁ ဦး ရှိပြီး ကျန် အလုပ်သမားများမှာ လုပ်ငန်းခွင်ပြင်ပ၌ပင် ဆက်လက်ကျန်ရှိ နေကြောင်း သိရသည်။ |
အရက်၊ ဘီယာ၊ စီးကရက် အပါအ၀င် ကန့်သတ်ထားသော ကုန်ပစ္စည်းများကို ဈေးကွက် လိုအပ်ချက်ပေါ် မူတည်၍ တင်သွင်းခွင့် ပြုရန်ပြင်ဆင်
အရက်၊ ဘီယာ၊ စီးကရက် အပါအ၀င် ကန့်သတ်ထားသော ကုန်ပစ္စည်းများအား ဈေးကွက်လိုအပ်ချက်ပေါ် မူတည်၍ ပြန်လည် တင်သွင်းခွင့်ပြုရန် ပြင်ဆင်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တရားဝင် ထုတ်ပြန်ချက်များအရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးရုံး၏ အမိန့် ထုတ်ပြန်ထားချက်အရ အရက်၊ ဘီယာ၊ စီးကရက်၊ ကပ်စေးနှဲဖြင့် ပြုလုပ်သောမုန့်များ၊ ကိတ်၊ ချောကလက်၊ ဝေဖာ နှင့် တည်ဆဲဥပဒေအရ ကန့်သတ်ထားသော ကုန်ပစ္စည်းများကို လက်ရှိတွင် ကန့်သတ်ထားသည်ဟု ဆိုသော်လည်း နောက်ပိုင်းတွင် ဈေးကွက်လိုအပ်ချက်အရ တင်သွင်းခွင့်ပြုရန် ပြင်ဆင်ထားကြောင်း တင်သွင်းခွင့် ကန့်သတ်ထားသော ကုန်စည် ၁၅ မျိုးမှ ယခင်ကလည်း အချိုမှုန့်၊ အချိုရည်၊ ဘီစကွတ်မျိုးစုံ၊ စည်သွတ်ဗူးများ(အသား နှင့်သီးနှံ)နှင့် ခေါက်ဆွဲခြောက်အမျိုးမျိုးအား တင်သွင်းခွင့် ကန့်သတ်ထားရာမှ ပြန်လည် တင်သွင်းခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါကျန် ရှိနေသည့် အရက်၊ ဘီယာ၊ စီးကရက် အပါအ၀င် ကန့်သတ်ထားသည့် ကုန်စည်များကို တင်သွင်းခွင့်ပြုရန် ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း သိရသည်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment