မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်း ဆောာင်းပါးများ

 

ဖေဖေါ်ဝါရီလ ၂၉ ရက်၊ ၂၀၁၂

 

ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်တောင်ပိုင်းသို့ မတ်လ ၁ ရက် နေ့ ကြာသပတေး
နေ့တွင် စည်းရုံးရေးခရီးစဉ်အဖြစ် လာရောက်မည် .......



အဝေးရောက် မြန်မာနိုင်ငံသားများလည်း မိမိတို့၏ မိဘ ဆွေမျိုး မောင်နှမများ အောင်ပန်း ၊ ကလော ၊ ဟဲဟိုး မြို့များတွင် နေထိုင်ဆဲ ဖြစ်ပါက ဖုန်းဆက် အသိပေး ပေးကျရန် လှုံဆော်ပေးကျရန် လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည်။


၁၅ သိန်းပေးဝယ်ထားတဲ့ ဂျီဖုန်းပိုင်ရှင်များ ဝမ်းမြောက်ဖွယ်

၁၅ သိန်းပေးဝယ်ထားတဲ့ အားလုံးသောဖုန်းများသည် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ငှားရမ်းသုံးစွဲထားသောဖုန်းများဖြစ်ပါသည်။ သို့ပါ၍ စာရွက်စာတမ်းအစုံအလင်ပြနိုင်လျှင် ပြန်လည်ကဒ်အပ်နှံ၍ သွင်းငွေပြန်ထုပ်ယူနိုင်ပါကြောင်း။

၅၀ဝ၀ တန်ဖုန်းကိစ္စ လွှတ်တော်သို့တင်ပြရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကရွှေပြည်တံခွန် ကုမ္ပဏီနှင့်တွေ့ဆုံ


အများပြည်သူများ ဈေးနှုန်း သက်သာစွာ မိုဘိုင်းဖုန်း ကိုင်ဆောင် နိုင်ရန် အတွက် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်သည့် ရွှေပြည်တံခွန် ကုမ္ပဏီ က ဆောင်ရွက် မည်ဖြစ်သော ၅၀ဝ၀ တန်ဖုန်းနှင့် ပတ်သက်ပြီး လွှတ်တော် တွင် တင်ပြနိုင်ရန် အတွက် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက အဆိုပါ ကုမ္ပဏီနှင့် တွေ့ဆုံခဲ့ ကြောင်း ယင်းတွေ့ဆုံပွဲမှ သိရသည်။ အဆိုပါကုမ္ပဏီနှင့် ပါတီတို့ တွေ့ဆုံဆွေးနွေးခြင်းမှာ ယခုလ ၂၅ရက်နေ့ ကတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
အဆိုပါ ၅၀ဝ၀ တန်ဖုန်းကိစ္စ နှင့် ပတ်သက်၍ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှပြုပြင်ပြောင်း လဲရေးနှင့်ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီ ဥက္ကဌ ဦးအောင်သိန်းလင်းက "ဒီကိစ္စကို လွှတ်တော်ကို တင်ပေးမှာပါ။ ဒါပေမဲ့ ပြောစရာရှိတာက အခုလွှတ်တော် ကပြီးတော့မယ်။ ဒီ တစ်ခေါက်မှာ ပါချင်လည်းပါမယ်။ မပါချင်လည်း မပါဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ လွှတ်တော်က ပြီးခါနီးနေပြီဖြစ်တဲ့ အတွက်ပါ။ တကယ်လို့ ဒီတစ် ခေါက် လွှတ်တော်မှာ မပါဘူးဆိုရင် နောက်တစ်ခေါက် လွှတ်တော်မှာ ဆိုရင်တော့ ဒီကိစ္စက ထိပ်ဆုံးက ဖြစ်နေပါလိမ့်မယ်။ ကျွန်တော်တို့က လွှတ်တော်မှာ တင်သွင်းပေးမှာ မို့လို့ ၅၀ဝ၀ တန်ဖုန်းနဲ့ ပတ်သက် ပြီး ဂဃနဏ သိမှ ဖြစ်မှာပါ။ မသိရင်တော့ လွှတ်တော် မှာ တင်သွင်း လို့မရနိုင် ပါဘူး။ ဒါကြောင့်အခုလို မျိုးခေါ်တွေ့ရတာပါ။
လွှတ်တော်မှာ တင်သွင်းမယ်ဆိုရင် ဘယ်ကိစ္စ မဆို ၁၅ ရက်ကြိုတင်ရတာရှိ တယ်။ ၃ပတ် ကြိုတင်ရတာရှိတယ်။ ကျွန်တော်တို့ ဒီကိစ္စကို လွှတ် တော်မှာတင်ပေးတာက အများပြည်သူတွေ အကျိုးရှိမယ်လို့ယူ ဆလို့ ရိုးရိုးသားသား လုပ်ပေးတာပါ။ ကျန်တာဘာမှ မပါပါဘူး။ အဓိ က ပြည်သူ့ကောင်းကျိုး အတွက်လည်းဖြစ်မယ်။ ဘယ်သူကိုမှ လည်း မထိခိုက်ဘူးဆိုရင် ဖြစ်စေ ချင်ပါတယ်။ ဒီဟာ က နိုင်ငံတကာ မှာ ကျင့်သုံးနေတဲ့ လုပ်နည်းပါပဲ။ တာဝါတိုင်တွေ ထောင်မယ်ဆိုရင် တော့ အစိုးရနဲ့ပူးပေါင်းရမှာပါ။ အ စိုးရဘက်ကလည်း ပြည်သူတွေ အနေနဲ့ တကယ်အကျိုး ရှိမယ် ဆိုရင် လုပ်ပေးမှာပါ။
ဒီကိစ္စက အမျိုးသား အကျိုးစီးပွားရေးနဲ့ ယှဉ် ပြီးတော့ စဉ်းစားရမှာပါ။ ကျွန်တော် တို့ဘက်ကလည်း လွှတ်တော်က နေ ဝိုင်းဝန်းဆွေးနွေးပေးမှာပါ။ နောက်ပြီး ဒီကိစ္စက ပြည်သူတိုင်း ဖြစ်စေချင်တဲ့ကိစ္စပါ။ ဒါပေမဲ့ ဘယ် လိုဥပဒေနဲ့ ပေးသုံးမယ်ဆိုတာ လည်း ရှိပါသေးတယ်။ ဖုန်းဆိုတာ တော့ ဆက်သွယ်ရေးပါပဲ။ ဒီဖုန်း ကို လူတိုင်းကိုင်နိုင်ရင်တော့ ပို ကောင်းမှာပါ"ဟု အဆိုပါကိစ္စ နှင့် စပ်လျဉ်း၍ပြောသည်။ ရွှေပြည်တံခွန် ကုမ္ပဏီမှ တာ ဝန်ရှိသူတစ်ဦးက "ဒီကိစ္စနဲ့ပတ် သက်ပြီး ကျွန်တော်တို့ကို အခု လိုမျိုးခေါ်တွေ့ပေးတာ အရမ်း ကျေးဇူးတင်ပါတယ်။
ကျွန်တော် စဉ်းစားတယ် သူများနိုင်ငံတွေမှာ အလွယ်တကူ ဝယ်လို့ရနေတဲ့ ဖုန်းဆင်းမ်ကတ်ကို ကျွန်တော်တို့နိုင်ငံမှာ ကျပ် ၅၀ဝ၀နဲ့ ရောင်းမယ် ဆိုတာ ဖြစ်နိုင်ချေရှိ မရှိဆိုတာ ကျွန်တော်စဉ်းစားပြီးမှ လုပ်တာပါ။ ပြီးမှ ကျွန်တော်တို့ လုပ်မယ်ဆိုပြီးတော့ အကောင်အထည်စဖော် တာပါ။ ကျွန်တော် တို့ ရွှေပြည်တံ ခွန်ကုမ္ပဏီရဲ့ အဓိက ရည်ရွယ်ချက် ကတော့ ကျွန်တော်တို့ အကျိုးစီး ပွားမပါဘဲ အများပြည်သူ မိုဘိုင်း ကိုင်ဆောင်နိုင်အောင် လုပ်ပေး တာပါ။ ဘယ်သူကိုမှ တိုက်ခိုက် ချင်တဲ့ ရည်ရွယ်ချက်မရှိပါဘူး" ဟုပြောသည်။
စောရည်နန္ဒာ-ဘိုဘိုနိုင်ဝင်း

အတုယူသင့်တဲ့ ပြည်သူနဲ့ စည်ပင် ပူးပေါင်း စဉ်ဆက်သန့်ရှင်းရေး ပါတဲ့


သန့်ရှင်းရေးနဲ့ပါတ်သက်လို တွေဘူးမြင်ဖူတာပြော၇၇င် ဒီဘက်အာရှကနိုင်ငံတွေမှာ လမ်းဘေးဈေးသည် အမြောက်အများ လမ်းဘေးမှာေ၇ာင်းချနေကြတာဘဲေ၇ာင်းတာမှာ အစို အခြောက်ပြစ်စည်းတွေ နောက်လက်တွန်းလှည်းနဲ့ လမ်းဘေးစာသောက်ဆိုင်လေးတွေ အဲ့ဒီဆိုင်လေးတွေဟာ ကိုယ်ထူကိုယ်ထ ကိုယ်ဟာကိုယ် သန့်ရှင်းေ၇းလုပ်ကြ၇တာ စည်ပင်သာယာဆိုတာက အမှိုက်စုထာတဲ့အမှိုက်ကို လိုက်သိမ်းပေးတာဘဲရှိတာ... သူတိုဆီက လမ်းဘေးဈေးသည်တွေဟာ တစ်ချိုလူစည်ကားတဲ့ ဧ၇ိယာတွေမှာ နှစ်ချိန်ခွဲလို့ ဆိုင်ခင်းေ၇ာင်းချပါတယ်။မနက်ပိုင်းေ၇ာင်းသူက မနက်5နာ၇ီလောက်ကနေ နေလည် 12နာရီအထိ တစ်ချိုက ညနေ 3နာ၇ီလောက်ထိေ၇ာင်းချပြီး ညနေပိုင်းေ၇ာင်းသူတွေက ညနေ5နာရီကနေ ညသန်ခေါင်၇န်ကျော် မနက် 1နာ၇ီ 2နာ၇ီအထိေ၇ာင်းချကြပါတယ်။ပြောပြချင်တာက အဲ့ဒီအချိန်ပြောင်းေ၇ာင်းချတဲ့သူတွေဟာ ကိုယ်အချိန်ပြီးလို ဆိုင်သိမ်းတဲ့အချိန်မှာ သူဆိုင်နေ၇ာ လမ်းဘေးပလက်ဖေါင်ပေမဲ့ အမိုက်တစ်မျှင်တစ်လေမှမကျန်အောင် လှည်းကျင်ပြီး အမိုက်ကိုထုတ်ပိုးပြီး အမိုင်သိမ်းတဲ့နေ၇ာထိ သွားပိုထားပါတယ်။ထမင်းဆိုင် ခေါက်ဆွဲပြုတ်ဆိုင်များဆို၇င် လမ်းပေါ်ကိုဆီတွေဖိတ်စင်ထားတာမိုေ၇နဲ့ဆေးကြော်ထားပါတယ်။လမ်းပေါ်မှာ ဘာအမိုင်မှမရှိတာကို အမြဲတွေ၇တယ် ပြီးတော့မှ သူတိုစည်ပင်သာယာက မနက်2နာရီလောက်မှာ အမိုက်သိမ်းကါးတွေနဲ့ အမိုက်တွေလိုက်သိမ်းပါတော့တယ် အဲဒီနောက် မနက်3နာ၇ီမှာ စည်ပင်သာယာကေ၇ဖြန်းကါးတွေနဲ ပလက်ဖေါင်းတွေကိုေ၇နဲ့ထိုးဖြန်လိုက်ဆေးပါတော့တယ်။အဲဒီေ၇ဖြန်ကါးမှာ ကါးသမားနဲ့ အကူ နှစ်ယောက်ဘဲ တာဝန်ထမ်းဆောင်တာတွေ၇ပါတယ်။အဲ့ဒီအမူကို တစ်မြိုလုံးက လမ်းမတွေအားလုံးကို တစ်ချိန်ထဲလိုက်လန်ဆောင်ရွက်တာပါတဲ့။နောက်တစ်ခုကတော့ ဈေးသည်နဲ့မဆိုင်ပါဘူး ခုနေ၇ဖြန်းတဲ့ကါး ဆောင်ရွက်ပြီး ၁နာရီလောက်အကြာမှာ နောက်တံပျက်စည်းလှဲတဲ့ကါးေ၇ာက်လာပါတယ်(မခေါ်တတ်လို တံပျက်စည်းလှဲကါးလိုသုံးတာပါ)အဲ့ဒီကါးက အဓိကဆောင်ရွက်တာက ခုနေ၇ဖြန်းခံ၇လို့ နူးနေတဲ့ လမ်ပလက်ဖေါင်း ဘေးဘောင်နားက သဲ၊ နုန်းမြေကြီး အမိုက်အကျိုးအကြေစတွေကို သူ၇ဲ့ကါးဘေးက ဒလက်လိုလည်နေတဲ့ ဘ၇ပ်ခ်ျနဲ့ ပွတ်တိုက်စုတ်ယူတာပါဘဲ။ အဲဒီကိတ်စပြီးတော့မှ မနက်၅နာ၇ီလောက်ကစပြီးတော့ ပလက်ဖေါင်းတွေမှာ အမျိုးသမီးအသက်ကြီးကြီးတွေက တံပျက်စီးအရိုးရှည်တွေ ကိုင်ပြီးကျန်နေတဲ့အမိုက်တွေလိုက် လှဲကျင်သိမ်းပြန်ပါတယ် အဲ့ဒါကတော့နောက်ဆုံးအလုပ်ပါဘဲ။ဒါတွေကို တနေတဓူဝ နေစဉ်တွေနေ၇လိုေ၇းပြတာပါ ဘာလိုဆို ကျွန်တော်နေတာ လိုင်းဘတ်စ်ကါးပြေး၇ာ လမ်မဘေးမှာ အိမ်ဌားပြီနေထိုင်လို တစ်ညဘက် စောင့်ကြည်ဖြစ်လို့ သိလိုက်၇တာပါ။ဒါကြောင့် မနက်အစော် သူတို့လမ်းတွေ ကြည့်လိုက်၇င် ပြောင်လက်သန့်ရှင်းနေတာပါ။မြန်မာပြည်က စည်ပင်ဝန်တမ်းတွေ လေ့လာသင့်ပါတယ်။ ပြည်သူဆီက အထွေထွေအခွန် သန်ရှင်းေ၇ခွန် လစဉ်ယူပြီး ဘာသန့်ရှင်းေ၇းမှ မလုပ်တာ နှစ်ပေါင်းကြာညောင်လှ ရှိတော့မယ်။

ကုမ္ပဏီများ ကားတင်သွင်းနိုင်ပြီ


နိုင်ငံတွင်းရှိ မည်သည့်ကုမ္ပဏီမဆို ကားတင်သွင်းနိုင်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ပို့ကုန်သွင်းကုန်ကုမ္ပဏီ မဟုတ်သော်လည်း ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်းတွင် ကြိုတင်ခွန် အနည်းဆုံး ၁၅ သိန်း ပေးဆောင်ထားသော သက်တမ်းအနည်းဆုံး တစ်နှစ်ရှိ ကုမ္ပဏီများ ၂၀၀၇ မိုဒယ်နှင့် အထက်ယာဉ်များကို တင်သွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။ “ကုမ္ပဏီတွေ မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားရင် စိစစ်သွားမယ့် အချက်တွေကို ထုတ်ပြန်ထားတယ်။ သွင်းကုန်ပို့ကုန် ကုမ္ပဏီမဟုတ်တဲ့ ကုမ္ပဏီကလဲ ထုတ်ပြန်ထားတဲ့ အချက်နဲ့ညီရင် ကားတစ်စီး တင်သွင်းခွင့်ရှိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကုမ္ပဏီလုပ်ငန်းရှင်များအတွက် မော်တော်ယာဉ် တင်သွင်းခွင့်ကို အောက်ပါအတိုင်း ခွင့်ပြုသွားမည်ဖြစ်သည်။ (က) ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ တစ်သိန်းနှင့်အထက် တင်ပို့ထားသည့် ကုမ္ပဏီများ၊ (ခ) သွင်းကုန်တန်ဖိုး ကန်ဒေါ်လာငါးသိန်းနှင့်အထက် တင်သွင်းထားသည့် ကုမ္ပဏီများ၊ (ဂ) ပို့ကုန်သွင်းကုန် မဟုတ်သော်လည်း ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း ဝင်ငွေခွန် သို့မဟုတ် ကုန်သွယ်ခွန် သို့မဟုတ် ကြိုတင်ခွန် အနည်းဆုံး ကျပ် ၁၅ သိန်း ပေးဆောင်ထားသော သက်တမ်းအနည်းဆုံးရှိ ကုမ္ပဏီများဖြစ်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကုမ္ပဏီများအနေဖြင့် အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ ပူးတွဲတင်ပြ၍ လျှောက်ထားရမည်။ (က) ကုမ္ပဏီ Letter Head ပါရှိသော လျှောက်လွှာနှင့်အတူ ကုမ္ပဏီ၏ တာဝန်ရှိသူမှ လက်မှတ်ရေးထိုး လျှောက်ထားရမည်ဖြစ်ပြီး Sale Contract နှင့် Invoice ကို သွင်းကုန်လိုင်စင် လျှောက်ထားချိန်မှသာ တင်ပြရမည်။ (ခ) လျှောက်ထားသည့် ကုမ္ပဏီ၏ ဘဏ်လက်ကျန်ငွေ တစ်ဝက်တန်ဖိုးထက် မများသော မော်တော်ယာဉ်တစ်စီး တင်သွင်းခွင့်ပြုမည်ဖြစ်၍ ဘဏ်စာအုပ်မိတ္တူ တင်ပြရမည်ဖြစ်ပြီး မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးမည်။ (ဂ) ကုမ္ပဏီ၏ မှတ်ပုံတင်သက်တမ်း၊ ပို့ကုန်သွင်းကုန် ကုမ္ပဏီများ ဖြစ်ပါက ထုတ်ကုန်သွင်းကုန် မှတ်ပုံတင်သက်တမ်း ရှိရမည်ဖြစ်ပြီး မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးမည်ဖြစ်ပြီး ကုမ္ပဏီမှတ်ပုံတင်မိတ္တူ၊ ပို့ကုန်သွင်းကုန် မှတ်ပုံတင်မိတ္တူနှင့် ပုစံ(၆)/ (၂၆) မိတ္တူများ တင်ပြရမည်။ (ဃ) လျှောက်ထားသည့် ကုမ္ပဏီ၏ ကိုယ်စားလှယ်ဖြစ်ကြောင်း ထုတ်ပေးထားသည့် ကိုယ်စားလှယ်ကတ် မိတ္တူနှင့်အတူ လျှောက်ထားသူက တင်ပြရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်အရ သိရသည်ဟု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင်ချပေးမည် by Eleven


ငွေကျပ် တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို လာမည့်မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

''အခုလာမယ့် မတ်လ ၅ ရက်နေ့မှာ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ ဂျီအက်စ်အမ်ဖုန်းတွေ စပြီး ချပေးသွားမယ်။ တန်ဘိုးကတော့ ငွေကျပ်တစ်သိန်းရှစ်သောင်း သတ်မှတ်ထားပါတယ်။ ချပေးမယ့် အလုံးအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး'' ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။

လာမည့် မတ်လ ၅ ရက်နေ့တွင် စတင်ချပေးမည့် ဂျီအက်စ်အမ်ဖုန်းများ၏ နံပါတ်ကို ၀၉-၄၂ နံ ပါတ်ဖြင့် ချပေးမည်ဖြစ်ကြောင်း သိရသည်။ ငွေကျပ် ၁၅ သိန်းတန် စီဒီအမ်အေဖုန်းများကို ၂၀၀၉ ခုနှစ်အတွင်း စတင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် စီဒီအမ်အေဖုန်းများနှင့် ၂၀၁၀ ခုနှစ်တွင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများကိုလည်း ချထားပေးခဲ့ကြောင်း သိရသည်။ ယခုအခါ ၂၀၁၂ ခုနှစ်မတ်လ ၅ရက်နေ့တွင် ငွေကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်သတင်းအဖွဲ့

ထိုင်းနိုင်ငံမှ အထူးကုဆရာဝန်တွေ အခမဲ့စမ်းသပ်ပေးမှာပါ မကျန်းမာသောသူများ သိရှိစေရန်အဆင့်ဆင့် share ပေးကြပါခင်ဗျာ.....


ဝေ့ဌာနီဆေးရုံကြီး (ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှ) အရိုးရောဂါကုသရေးနှင့် အရိုးအဆစ် အစားထိုးခြင်းဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီး ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီး နှင့် သားဖွားနှင့်မီးယပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီး တို့သည် မန္တလေးသို့ (၈-၃-၂၀၁၂)ရက်နှင့် ရန်ကုန်သို့ (၁၀-၃-၂၀၁၂)ရက် နေ့များတွင် လာရောက်ပြီး အခမဲ့ဆွေးနွေးပေးမည် ဖြစ်ပါ၍ လူနာသစ် လူနာဟောင်းများ ဆက်သွယ်နိုင်ပါသည်။
အောက်ဖေါ်ပြပါ အီးမေးလ်လိပ်စာအတိုင်း ကျေးဇူးပြုပြီး ဆက်သွယ်ပါ။
ဝေ့ဌာနီဆေးရုံကြီး ရန်ကုန်ရုံးချုပ်
အမှတ်-၁၂၅ © အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့ နယ်၊ ရန်ကုန်။
Hot Line: +95 9 507 1111, +95 9 507 2222
Office: +95 1 555448, +951 555998


***ပြည်သူတွေက အပြောင်းအလဲကို ဘယ်လောက် မျှော်လင့်နေတယ်
တောင့်တနေတယ်ဆိုတာကို ကျွန်တော်တို့ မျက်ဝါးထင်ထင် တွေ့ရှိရတဲ့ အတွက်ကြောင့် ကျွန်တော်တို့ အပေါ်မှာလည်း တာဝန်တွေ ပိုပြီး ကြီးလာတယ်***

-ကိုကိုကြီး (၈၈မျိုးဆက်ကျောင်းသားများ ကချင်၊ မန္တလေး၊ တောင်သာ၊ မြင်းခြံ အစရှိသော ဒေသများသို့ ခရီးထွက်ခဲ့ခြင်းနှင့် ပတ်သက်၍ Eleven Media Group သို့ ဖြေကြားချက်)
အဓိက ကတော့ ကျွန်တော်တို့ ပြည်သူတွေနဲ့ ကျွန်တော်တို့ ကင်းကွာနေတဲ့ နှစ်တွေက အပြင်မှာ နေတဲ့ ကာလနဲ့ စာကြည့်လို့ရှိရင် နှစ် ၂၀ နီးပါးလောက် ကင်းကွာနေတော့ ကျွန်တော်တို့ အခုလိုမျိုး လွတ်လာတဲ့ အချိန် နိုင်ငံတော်မှာလည်း ဒီ သမ္မတ အပါ အ၀င်ပေါ့လေ။ နိုင်ငံရေး အဆောက်အအုံတွေ ပြောင်းလဲမှုတွေ စတင်နေတဲ့ အချိန်မှာ ကျွန်တော်တို့ ဒေသ အသီးသီးမှာ ရှိတဲ့ ပြည်သူတွေနဲ့ ကျွန်တော်တို့ ထိတွေ့ချင်တယ်၊ နောက်ပြီးတော့ ပြည်သူတွေရဲ့ ရင်ခုန်သံတွေကို ကျွန်တော်တို့ နားထောင်ချင်တယ်။ ပြည်သူတွေ ခံစားနေရတာတွေကို ကျွန်တော်တို့ မျှဝေပြီး ခံစားချင်တယ်။ အဲဒီ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ နယ်တွေ ထွက်လာခဲ့တာပါ။ ကျွန်တော်တို့ နယ်တိုင်း နယ်တိုင်း သွားတဲ့ အခါမှာ ကျွန်တော်တို့ ပြည်သူတွေက အပြောင်းအလဲကို ဘယ်လောက် မျှော်လင့်နေတယ်။ တောင့်တနေတယ်ဆိုတာကို ကျွန်တော်တို့ မျက်ဝါးထင်ထင် တွေ့ရှိရတဲ့ အတွက်ကြောင့် ကျွန်တော်တို့ အပေါ်မှာလည်း တာဝန်တွေ ပိုပြီး ကြီးလာတယ်လို့ ခံစားရပါတယ်။


ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ သံဃာတော်တွေ ထောင်တွင်းမှာ တိုက်ပိတ်ခံရ၊ အရိုက်ခံ၊ အထိုးခံရသလို ဦးခေါင်းကို စစ်ဖိနပ်နဲ့ နင်းပြီး ထောင်ဝန်ထမ်းတွေက ၀ိုင်းရိုက်ကြကြောင်း အင်တာဗျူးတွေကနေ တဆင့်ကြားသိရလို့ အတော်လေး စိတ်မချမ်းမသာ
ဖြစ်ရပါတယ်။ အဲသလို ဖြစ်ရပ်တွေကို ကြည့်ရင် သံဃာတွေဟာ ဥပဒေရဲ့ အကာအကွယ်ကို မရရှိတဲ့အပြင် အာဏာပိုင်ဆိုသူတွေရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို ခံနေရတယ် ဆိုတာ ထင်ရှားပါတယ်။
၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီးမှာ သံဃာတော်တွေ ၃၀၀၀ ကျော် ဥပဒေမဲ့ အဖမ်းခံခဲ့ရတယ်။ ထိပ်ပေါက် ခေါင်းကွဲ အရိုက်ခံရတယ် ဘုန်းကြီးကျောင်းတွေ ချိတ်ပိတ်ခံရတယ်။ ဘုန်းကြီးကျောင်းတွေ
အဖျက်အဆီး ခံခဲ့ရတယ်။

မတရား ဖမ်းဆီးခံရတဲ့ သံဃာတွေကို စစ်အာဏာရှင်တွေက (၂၉၅) သာသနာတော်ညှိုးနွမ်းမှု၊ (၅၀၅) (ခ) ငြိမ်ဝပ်ပိပြားမှုကို ထိခိုက် ပျက်ပြား စေမှုနဲ့ ကွန်ပျူတာ သုံးတဲ့အတွက် အီလက်ထရောနစ် ပုဒ်မ (၃၃) (က) (၃၃) (ခ)၊ နိုင်ငံတော်လုံခြုံရေးကို ထိခိုက် ပျက်ပြားစေတယ် ဆိုပြီး ပုဒ်မမျိုးစုံ တပ်ပြီး တရားစွဲ ထောင်ချနေတာတွေကို တွေ့ရပါတယ်။

တချို့ သံဃာတွေဟာ ကျောင်းမှာနေရင်း အာဏာပိုင် ဆိုသူတွေရဲ အငြိုးအတေး ထားမှုကြောင့် မတရား ဖမ်းဆီးခံခဲ့ရပြီး ရာဇ၀တ် ပုဒ်မတွေ တပ်ကာ ရဲဘက် အလုပ်ကြမ်းစခန်းတွေဆီ အပို့ခံခဲ့ရပါတယ်။ တကယ့်ကို ဘာသာ သာသနာကို စော်ကားတဲ့ စစ်အာဏာရှင်တွေရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေပါ။ တကယ်တော့ သံဃာ တပါးပါးကို အာဏာပိုင်တွေက အရေးယူတော့မယ် ဆိုရင် ၀ိနည်းတော်နဲ့ အညီ သက်ဆိုင်ရာ သံဃာ့ အဖွဲ့အစည်းကို အပ်နှံရမှာပါ။ သံဃာ့ အဖွဲ့အစည်းက အပြစ် ကျူးလွန်ခြင်း ရှိ /မရှိ အရင် စစ်ဆေး မေးမြန်း ဆောင်ရွက်ပြီး စွပ်စွဲခံရတဲ့ သံဃာဟာ တကယ် ကြီးလေးတဲ့ ၀ိနည်း ဥပဒေကို ကျူးလွန်ထားတယ်ဆိုရင် လူဝတ်လဲပေးရမှာပါ။ နောက်ဆက်တွဲ အနေနဲ့ လူသတ်မှုလို ရာဇ၀တ်မှု ကျူးလွန်ထားတယ် ဆိုရင်တော့ အာဏာပိုင်တွေက ဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့ပဲ ရှိပါတယ်။

အခုတော့ ဓမ္မစက် ဆိုတာကို အသုံးမပြုတော့ဘဲ အာဏာစက်ကို အသုံးပြုပြီး ပြစ်မှု ကျူးလွန်ပါတယ် ပြောပြီး အတင်း အဓမ္မ လူဝတ်လဲပြီး ထောင်ချလိုက်တာတွေဟာ ၀ိနည်းတော်နဲ့လည်း မညီသလို ဘာသာရေး အခွင့်အရေးတွေကို အကြီးအကျယ် ချိုးဖောက်နေတယ် ဆိုတာ ဒီလို ဖြစ်ရပ်တွေက ထင်ရှားနေပါတယ်။

အဲဒီလို စစ်အာဏာရှင်ရဲ့ ဥပဒေမဲ့ လုပ်နေတာကို တာဝန်ရှိတဲ့ သံဃာ့ အဖွဲ့အစည်းက အကာအကွယ် မပေးလို့ စစ်အာဏာရှင်တွေ လက်ရဲဇက်ရဲ ကျူးလွန်နေကြတာပါ။ ထောင်တွင်းက အကျဉ်းကျ သံဃာတော်တွေရဲ့ ဖြစ်ရပ်ကတော့ ပြောမယုံ ကြုံဖူးမှ သိ ဆိုသလို တကယ့်ကို မယုံနိုင်စရာတွေပါ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ထောင်တွင်းမှာ ဆရာတော်ကြီးတွေနဲ အတူနေခဲ့ဖူးတဲ့ အကျဉ်းသားဟောင်း တယောက်နဲ့ ထိုင်းနယ်စပ် တနေရာမှာ ဆုံခဲ့ဖူးပါတယ်။ သူပြောပြတာတွေက တကယ့် စိတ်မချမ်းသာစရာတွေပါ။ ထောင်တွင်းမှာ ဆရာတော်ကြီးတွေဟာ သင်္ကန်းဝတ်ခွင့် မရပေမဲ့ ၀ိနည်းတော်နဲ့ အညီ နေထိုင်ကြတာပါတဲ့။ မဂ္ဂင်ဆရာတော်ကြီး ဆိုရင် ကျောင်းသားတွေကို စာသင်ပေးတာ အာဏာပိုင်တွေ သိသွားလို့ ဆရာတော်ကြီးရော တပည့်ကျောင်းသားတွေပါ တိုက်ပိတ်ခံရကြောင်း၊ တနေ့မှာ ထောင်ဝါဒါတွေက အပြစ်မရှိ အပြစ်ရှာပြီး သူတို့ကို အပြင်ထုတ်ပြီး ထောင်ဝန်ထမ်းတွေက ၀ိုင်းရိုက်တာ ခံရကြောင်း၊ သူတို့နဲ့အတူ သက်တော် (၇၀) ကျော်နေပြီ ဖြစ်တဲ့ မဂ္ဂင်ဆရာတော်ကြီးပါ ပြင်းပြင်းထန်ထန် အရိုက်ခံရတဲ့ အကြောင်း ပြောပြတော့ အင်မတန် စိတ်မကောင်းဖြစ်ပြီး မျက်ရည်လည်မိပါတယ်။

ပိဋကတ် သုံးပုံဆောင် ဆရာတော်ကြီး ဦးသုမင်္ဂလကိုလည်း စစ်ထောက်လှမ်းရေးနဲ့ ထောင်အဏာပိုင်တွေက အတင်းအဓမ္မ လူဝတ်လဲခိုင်းတာပါ။ ဆရာတော်ကြီးက အသက်သာ အသေခံမယ် ရဟန်းဘ၀ကိုတော့ မစွန့်လွှတ်ဘူးလို့ ပြောမှ လက်လျော့ပြီး ပူတာအို ရဲဘက် အလုပ်ကြမ်း စခန်းကို လက်ထိပ်တန်းလန်းနဲ့ ပို့လိုက်တာပါ။ မန္တလေးက ဦးဥတ္တမ၊ ဦးစန္ဒာဝရ၊ မစိုးရိမ်ကျောင်းတိုက်က ဦးဝိမလတို့ဟာ စွမ်ပရာဘွမ် ရဲဘက် အလုပ်ကြမ်း စခန်းတွေမှာ ပျံလွန်တော်မူသွားကြတာပါ။ မန္တလေး တောင်တမန်ကျောင်းမှ သံဃာ့သာမဂ္ဂီ ဦးဆောင်ဆရာတော် ဦးရေ၀တ ဆိုရင် ပျံလွန်တော်မူခါနီးမှ (ထောင်ထဲမှာ သေရင် ပြဿနာဖြစ်မှာ စိုးရိမ်လို့) ထောင်က လွှတ်ပေးလိုက်ပါတယ်။ ထောင်က လွတ်ပြီး (၆) လလောက် အကြာမှာ ထောင်ထဲမှာ ရခဲ့တဲ့ ရောဂါဝေဒနာတွေနဲ့ပဲ ပျံလွန်တော်မူသွား ရရှာပါတယ်။ ထောင်အာဏာပိုင်တွေက ဘုန်းကြီးတွေကို ရာဇ၀တ်သားတွေလို သဘောထားပြီး ရိုင်းရိုင်းပျပျ ဆက်ဆံတာ ဖြစ်ကြောင်း ထောင်ဝင်စာ မရှိလို့ အစားအသောက် မပြည့်စုံတဲ့ သံဃာတွေ အချိန်မှီ ဆေးကုသခွင့် မရလို့ ရောဂါဝေဒနာ ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ သံဃာတွေ ထောင်ထဲမှာ ရှိကြောင်း မကြာခင်ကမှ ထောင်က လွတ်လာတဲ့ အကျဉ်းကျ သံဃာတပါးက ပြောပြပါတယ်။

“ထောင်ဝါဒါတွေက နေပြီးတော့ ဦးဇင်းတွေကို ဆက်ဆံတဲ့ နေရာမှာ မအေ နှမ စတာတွေနဲ့ တိုင်းထွာပြီးတော့ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတာ၊ နောက်ပြီးတော့ ဆံပင်ကိုလည်း ခေါင်းတုံး တုံးစရာ မလိုဘူး၊ မင်းတို့ကောင်တွေ ဆံပင်အရှည်ပဲ ထားဆိုပြီး ပြောတဲ့အတွက် ခုထက်ထိ ခေါင်းတုံး မတုံးရဘဲနဲ့ ဦးဇင်းတွေမှာ ဆံပင်အရှည်ကြီးတွေနဲ့ ဖြစ်နေကြကြောင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ အကျဉ်းသား တဦးကလည်း ပြောပါတယ်။”

ကိုးလေးလုံး လူထု လှုပ်ရှားမှုမှာ ပါဝင်တယ်ဆိုပြီး ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလမှာ ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံခဲ့ရတဲ့ ဆရာတော် အရှင် နေမိန္ဒဟာလည်း မော်လမြိုင် အကျဉ်းထောင်မှာ ဒီဇင်ဘာလ (၈) ရက်နေ့က ဘ၀နတ်ထံ ပျံလွန်တော်မူသွားရပါတယ်။ အဖမ်းဆီးခံရစဉ် စစ်ကြောရေးစခန်းမှာ ညှဉ်းပန်း နှိပ်စက်တာ ခံခဲ့ရပေမယ့် အရှင်နေမိန္ဒဟာ အကျဉ်းထောင်တွင်းမှာ ရဟန်းဘ၀နဲ့ပဲ သိက္ခာပုဒ်ကို ဆက်လက် စောင့်ထိန်းပြီး နေထိုင်ခဲ့တာပါ။ မော်လမြိုင် အကျဉ်းထောင်မှာ အနာတွေ ပေါက်ပြီး ကျန်းမာရေး ချို့တဲ့လာပေမယ့် ထောင်အာဏာပိုင်တွေက အရှင်နေမိန္ဒကို ဆေးကုသခွင့်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အလုံအလောက် မပေးခဲ့ဖူးပါဘူး။ ဒါ့အပြင် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြောင့် ထောင်ချခံထားရတဲ့ ဦးပညာသီဟနဲ့ ဦးဣဿရိယ အပါအဝင် သံဃာတော် သုံးပါးလည်း မွန်ပြည်နယ် မုပ္ပလင် ရာဘာခြံ ရဲဘက်စခန်းမှာ အလုပ်ကြမ်း လုပ်နေကြရပါတယ်။ အဲဒီထဲမှာ သက်တော် ၅၄ နှစ်အရွယ် ဦးပညာသီဟဟာ အလုပ်ကြမ်းလုပ်ရပြီး ပင်ပန်းလွန်းတဲ့အတွက် ကျန်းမာရေး ထိခိုက်နေတယ်လို့ သိရှိရပါတယ်။ အကျဉ်းကျ ရွှေဝါရောင် ဆရာတော်တွေဟာ မုပ္ပလင် ရဲဘက်စခန်းမှာ မနက် ၂ နာရီကတည်းက အိပ်ယာထပြီး အလုပ်လုပ်ရသလို၊ ရာဘာစေးခြစ်ရလို့ အဝတ်အစားတွေလည်း မကြာခဏ ပျက်စီးတယ်လို့သိရပါတယ်။ ဒါကြောင့် အစားအသောက်၊ အဝတ်အစား ချို့တဲ့ပြီး ဆေးဝါး အာဟာရလည်း ပြတ်လတ်တယ်လို့ သိရပါတယ်။
ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်မှုကြောင့် ဧရာဝတီတိုင်း ပုသိမ်ထောင်မှာ ၈ နှစ်ခွဲ ချမှတ်ခံထားရတဲ့ တောင်ဥက္ကလာပ ငွေကြာယံ ကျောင်းတိုက်က သံဃာတော် အရှင်နန္ဒဟာ ရာဇဝတ်သားတွေနဲ့ အတူ နေထိုင်ရပြီး ထောင် အာဏာပိုင် တွေရဲ့ အနိုင်ကျင့်မှုကို ခံနေရကြောင်း မျက်စိ ဝေဒနာ ခံစားနေရပေမဲ့လည်း အာဏာပိုင်တွေက ဆေးဝါး ကုသခွင့် မပေးဘူးလို့ သိရပါတယ်။ အလားတူပဲ မွန်ပြည်နယ် သထုံထောင်မှာ ထောင်ဒဏ် ရှစ်နှစ် ကျခံနေရတဲ့ ဦးသုမနလဲ စိတ်ရောဂါ ဝေဒနာ ခံစားနေရကြောင်း သိရပါတယ်။

ဘုန်းကြီးတွေ ဆိုတာ နယ်က အများစု ဖြစ်တာမို့ မိဘတွေက ငွေကြေး မတတ်နိုင်လို့ ထောင်ဝင်စာ မတွေ့နိုင်တာတွေ၊ ဘယ်ထောင်မှာ ရှိမှန်း မသိလို့ အဆက်အသွယ် မရဘဲ မတွေ့နိုင်တာတွေ ရှိသလို၊ တချို့ကျတော့ အလွန် ဝေးလံတဲ့ နေရာတွေ ပို့ထားလို့ သွားမတွေ့နိုင်တာတွေလဲ ရှိပါတယ်။ ထောင်ကျနေတာ မိဘတွေ သိရင် စိတ်မကောင်း ဖြစ်မှာစိုးလို့ အကြောင်း မကြားဘဲနေတဲ့ သံဃာတွေလဲ ရှိကြောင်း သံဃာတွေကို ထောင်ဝင်စာ တွေ့နေတဲ့ ဒေါ်ရှုက ပြောပြပါတယ်။

မိဘတွေ အနေနဲ့ သားရဟန်းနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မကြားရဘဲ သားရဟန်း သေတယ် ရှင်တယ် ဆိုတာတောင် မသိရလို့ ဘယ်လောက်တောင် သောကတွေ ပွားနေမလဲ ဆိုတာ မိသားစုကိုယ်စား ကိုယ်ချင်း စာနာမိပါတယ်။ အကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစု ဘ၀တွေဟာ တကယ့်ကို ၀မ်းနည်း ကြေကွဲစရာ ကောင်းပါတယ်။ တကယ်ဆို ဒီဆရာတော် သံဃာတော်တွေဟာ စစ်အစိုးရရဲ့ မတရားတဲ့ အဓမ္မ၀ါဒတွေကို တွန်းလှန်ရင်း ဓမ္မ၀ါဒ ထွန်းကားဖို့ ဘာသာရေး ဘောင်ထဲကနေ ငြိမ်းချမ်းစွာ ဆောင်ရွက်ခဲ့ကြတာပါ။ ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့ကြသူတွေ မဟုတ်ပါဘူး။ ကိုယ့်အမျိုး ဘာသာ သာသနာတော်အတွက် အသက်တွေ ဘ၀တွေ စွန့်ပြီး ဖြူဖြူစင်စင် စေတနာနဲ့ ဆောင်ရွက်ခဲ့တဲ့ သံဃာတွေပါ။ ဒါကိုပဲ စစ်အာဏာရှင်တွေက သူတို့ အဏာ တည်မြဲရေးအတွက် ပြည်သူလူထုနဲ့ အမှန်တရားဘက်က ရပ်တည်တော်မူခဲ့လို့ စာတတ် ပေတတ် ဆရာတော်ကြီးတွေ ဖြစ်ကြတဲ့ အင်းစိန် ရွာမဆရာတော်၊ သာကေတ ဆရာတော်၊ မေဒိနီ ဆရာတော်တွေနဲ့ မစိုးရိမ်ဆရာတော်ကြီးတွေ အပြင် ပိဋကတ် သုံးပုံဆောင် ဆရာတော်ကြီးပါ မချန် သံဃာ အများအပြားကို မတရား ဖမ်းဆီးပြီး နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ အခုဆိုရင် အကျဉ်းကျ သံဃာ အပါး (၂၀၀) ကျော် ထောင်ထဲမှာ ရှိနေပါသေးတယ်။ ဗိုလ်ခင်ညွန့် ဆိုရင် တိပိဋက ဆရာတော် ဦးသုမင်္ဂလ ပျံလွန်တော်မူတော့ သူ ကျူးလွန်ထားခဲ့တဲ့ အပြစ်တွေကို ကြောက်တယ် ထင်ပါရဲ့။ နေအိမ် အကျယ်ချုပ် ဘ၀ကနေ လူမသိ သူမသိ တိတ်တိတ်လေး သွားပြီး ဆရာတော်ကို တောင်းပန် ကန်တော့ခဲ့ကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ အကုသိုလ် ဆိုတာ အကျိုးပေးချိန် တန်ရင် အကျိုးပေးမှာ ဖြစ်သလို ၀ဋ်ဆိုတာလည်း လည်တတ်ပါတယ်။ အာဏာရှိသူတွေရဲ့ အလှည့် ဆိုတာလဲ ကြုံရဦးမှာ မုချမလွဲပါ။ အဲဒါကြောင့် တာဝန်ရှိသူတွေ အနေနဲ့ သားသမီးချင်း မိဘချင်း ကိုယ်ချင်းစာကြပါ။ လူအချင်းချင်း မေတ္တာထားကြပါ။ ကရုဏာတရား ပွားကြပါလို့ တိုက်တွန်းပါရစေ။

အရှင်ပညာနန္ဒ

ဘာကြောင့် အမွဲဆုံးနိုင်ငံ ဖြစ်ရသလဲ
ဦးစိန်ကျော်လှိုင်



မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကျဆုံးတဲ့ အကြောင်းရင်းတွေထဲမှာ တိုင်းပြည်ကို LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်း သွင်းတဲ့အပေါ် ပြည်သူတွေ မကျေနပ်တာလည်းပါတယ်လို့ မဆလခေတ် စက်မှု (၁) ၀န်ကြီးဟောင်း ဦးတင့်ဆွေက ၀န်ခံပြောဆိုပါတယ်။ နှစ်ပေါင်း ၂၀ ကျော်တဲ့ထိ မြန်မာနိုင်ငံ ဘာကြောင့် အဆင်းရဲဆုံးနိုင်ငံအဖြစ်က မလွတ်သေးသလဲဆိုတာ ဦးစိန်ကျော်လှိုင်က ခုလို သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံကို ၁၉၈၇ ခုနှစ်မှာ အဆင်းရဲဆုံးနိုင်ငံစာရင်း သွင်းတဲ့အချက်ကလည်း မလဆပါတီ ကျဆုံးတဲ့ အကြောင်းတွေထဲမှာ တချက်အပါအ၀င်ဖြစ်တယ်လို့ မဆလခေတ် စက်မှု (၁) ၀န်ကြီးဟောင်း ဦးတင့်ဆွေက သူရေးတဲ့ ကျောပိုးအိတ်လေးကို ချီကာလွယ်ဆိုတဲ့ သူ့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်မှာ ၀န်ခံထားတာ ဖြစ်တယ်။

မဆလ၀န်ကြီးဟောင်း ဦးတင့်ဆွေ

ဒါပေမယ့် တိုင်းပြည်ကို LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်း ဘာကြောင့် သွင်းရတယ်ဆိုတဲ့ မဆလ၀န်ကြီးဟောင်း ဦးတင့်ဆွေရဲ့ အမြင်ကတော့ မြန်မာစီးပွားရေးပညာရှင်တချို့ရဲ့ အယူအဆနဲ့ ကွဲပြားနေပါတယ်။

မဆလ၀န်ကြီးဟောင်း ဦးတင့်ဆွေရဲ့အမြင်ကို ချုပ်ပြောရရင် ...

“မဆလ၀န်ကြီးဟောင်း ဦးတင့်ဆွေရဲ့ အပြောအရဆိုရင် မဆလအစိုးရက တိုင်းပြည်ကို အဆင်းရဲဆုံး နိုင်ငံဖြစ်အောင် လျှောက်တာကိုပဲ ပြည်သူတွေက ကျေးဇူးတင်ရမယ့်ကိန်း ဖြစ်နေပါတယ်။ တိုင်းပြည်ရဲ့ ကြွေးတွေ သက်သာအောင် LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်း သွင်းလိုက်ပေမယ့် အနောက်နိုင်ငံ ဆန်ရှင်ခေါ် စီးပွားရေးဒဏ်ခတ်မှုတွေကြောင့် ပြည်သူတွေ LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်တဲ့အကျိုး မခံစားရလေခြင်းဆိုပြီး အနောက်နိုင်ငံဆန်ရှင်ကို မဆလ၀န်ကြီးဟောင်း ဦးတင့်ဆွေက အပြစ်တင်ထားတဲ့ သဘောဖြစ်နေတယ်။ တကယ်တော့ ဆန်ရှင်နဲ့ LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်း အသွင်းခံရတာ ဘာမှမဆိုင်ဘူးလို့ ဒေါက်တာမျိုးညွှန့်က ရှင်းပြပါတယ်။”

မြန်မာနိုင်ငံမှာ အဲဒီအချိန် တင်ရှိနေတဲ့ ပြည်ပကြွေးက အမေရိကန်ဒေါ်လာ သန်း ၄ ထောင်ခန့် ရှိတယ်။ မဆလပါတီနဲ့ မဆလအစိုးရက ဒီကြွေးတွေကို တတ်နိုင်သမျှ နည်းစေလိုတဲ့ ဆန္ဒရှိတယ်။ တဘက်ကလည်း LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်း ၀င်သွားရင် ကြွေးတွေ လျှော်ပစ်နိုင်မယ်။ ချေးငွေတွေကို ထောက်ပံ့ငွေအဖြစ် ပြောင်းလဲနိုင်မယ် ... စတဲ့ အခွင့်အရေးတွေ ရနိုင်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံ LDC ခေါ် အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ပြီး တနှစ်အကြာမှာ ၈၈ အရေးအခင်း ဖြစ်လိုက်လို့ ပြည်သူတွေ အနာဂတ်မျိုးဆက်သစ်တွေ မခံစားရလို့ မွေပါလည်းဆုံး သားလည်းဆုံးအဖြစ် ရောက်ရတယ်လို့ ရေးထားပါတယ်။

တကယ်တော့ မြန်မာနိုင်ငံကို LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်း သွင်းပေးဖို့ မဆလအစိုးရက ကုလသမဂ္ဂကို လျှောက်ထားတဲ့အချိန်ဟာ မဆလအရပ်သားအစိုးရ နာမည်ခံထားတဲ့ ဦးနေ၀င်းအစိုးရ အုပ်ချုပ်တာ ၂၅ နှစ်ရှိပြီဖြစ်ပါတယ်။ တိုင်းပြည်စီးပွားရေးကို စစ်ဗိုလ်တွေက ကိုင်တွယ်လို့ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အတွက် စီးပွားရေးဘုံးဘုံးကျနေတာကြောင့် တိုင်းပြည်ကို LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်း လျှောက်ထားတာဖြစ်တယ်။ မဆလ၀န်ကြီးဟောင်း ဦးတင့်ဆွေ ပြောသလို ပြည်သူကို ငဲ့ညှာလို့ မဟုတ်ဘူးလို့ စီးပွားရေးပညာရှင် ဒေါက်တာမျိုးညွှန်က ထောက်ပြပါတယ်။

မဆလ၀န်ကြီးဟောင်း ဦးတင့်ဆွေရဲ့ အပြောအရဆိုရင် မဆလအစိုးရက တိုင်းပြည်ကို အဆင်းရဲဆုံး နိုင်ငံဖြစ်အောင် လျှောက်တာကိုပဲ ပြည်သူတွေက ကျေးဇူးတင်ရမယ့်ကိန်း ဖြစ်နေပါတယ်။ တိုင်းပြည်ရဲ့ ကြွေးတွေ သက်သာအောင် LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်း သွင်းလိုက်ပေမယ့် အနောက်နိုင်ငံ ဆန်ရှင်ခေါ် စီးပွားရေးဒဏ်ခတ်မှုတွေကြောင့် ပြည်သူတွေ LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်တဲ့အကျိုး မခံစားရလေခြင်းဆိုပြီး အနောက်နိုင်ငံဆန်ရှင်ကို မဆလ၀န်ကြီးဟောင်း ဦးတင့်ဆွေက အပြစ်တင်ထားတဲ့ သဘောဖြစ်နေတယ်။ တကယ်တော့ ဆန်ရှင်နဲ့ LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်း အသွင်းခံရတာ ဘာမှမဆိုင်ဘူးလို့ ဒေါက်တာမျိုးညွှန့်က ရှင်းပြပါတယ်။

ဒီနေရာမှာ နိုင်ငံတခုကို ဘယ်လိုအခြေအနေမျိုးမှာ LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်း သွင်းခွင့်ပေးသလဲ ဆိုတာ ပြန်ကြည့်ဖို့ လိုပါတယ်။

ကုလသမဂ္ဂရဲ့ သတ်မှတ်ချက်အရ တဦးချင်းဝင်ငွေ နည်းနေတာ ဖြစ်ရမယ်လို့ ဆိုပါတယ်။ တဦးချင်းဝင်ငွေ ဆိုရာမှာ ၃ နှစ်စာ ပျမ်းမျှ တဦးချင်းဝင်ငွေက ဒေါ်လာ ၉၀၅ ဒေါ်လာထက် နည်းရမယ်။ နောက် အဟာရ၊ ကျန်းမာရေး၊ ပညာရေး၊ သက်ကြီးစာတတ်မြောက်မှု ... စတဲ့ ညွှန်းကိန်းတွေ အခြေခံတဲ့ လူသားရင်းမြစ် အားနည်းနေတာ ...။ နောက် လယ်ယာစိုက်ပျိုးမှု ထုတ်လုပ်မှု မတည်ငြိမ်တာ၊ ကုန်စည်နဲ့ ၀န်ဆောင်မှု ပြည်ပပို့တဲ့နှုန်း မတည်ငြိမ်တာ သဘောဝဘေးကြောင့် အိုးအိမ်စွန့်ခွာရတဲ့ လူဦးရေရာနှုန်း ... စတဲ့ စီးပွားရေး အားနည်းချက်တွေကို ကြည့်ပြီး ဆုံးဖြတ်တာဖြစ်ပါတယ်။

၂၀၁၁ ခု ဇန်န၀ါရီလ ၁ ရက်ထိ LDC ခေါ် အဆင်းရဲဆုံးနိုင်ငံပေါင်း ၄၈ နိုင်ငံရှိပြီး LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်း သတ်မှတ်ချိန်ကစပြီး ကနေ့ထိ LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းက လွတ်သွားတာ ၃ နိုင်ငံပဲရှိပါတယ်။ Botswana, Cape Verde နဲ့ မော်လဒိုက်တို့ ဖြစ်တယ်။

ကနေ့ဆိုရင် မြန်မာနိုင်ငံကို LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်း အသွင်းခံရတာ နှစ်ပေါင်း ၂၀ ကျော်ပြီ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ ကျော်အတွင်း စစ်အစိုးရ အဆက်ဆက် အုပ်ချုပ်ခဲ့ပေမယ့် LDC နိုင်ငံအဖြစ်က လွတ်မယ့်လမ်းစတောင် မမြင်ရဖြစ်နေတာ ဘာကြောင့်လဲလို့ မေးစရာဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်ကတော့ မြန်မာအနေနဲ့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေ အမီလိုက်ချင်ရင် ပထမဆုံး LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းက လွတ်အောင်လုပ်ရမယ်လို့ တချိန်က စင်္ကာပူနိုင်ငံ Burma Studies Conference ကို တင်သွင်းတဲ့ စာတမ်းမှာ ထောက်ပြအကြံပေးခဲ့ပါတယ် (ဒါပေမယ့် သမ္မတအကြံပေး ဖြစ်ချိန်က စပြီး ခုထိ အဲဒီစကား မပြောတော့ပါ)။

LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းက လွတ်ဖို့ဆိုရင် တဦးချင်း ပျမ်းမျှဝင်ငွေက ဒေါ်လာ ၁,၀၈၆ ထက် ကျော်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ၂၀၀၈ ခုနှစ်အတွက် မြန်မာနိုင်ငံသားတဦးရဲ့ ပျမ်းမျှဝင်ငွေက ကျပ်ငွေ ၃ သိန်းခွဲနီးပါးထိ တက်လာတယ်လို့ လက်ရှိ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဖြစ်နေတဲ့ ဒု-ဗိုလ်ချုပ်ကြီးမြင့်ဆွေ တချိန်က ပြောခဲ့ပါတယ်။ ဒု-ဗိုလ်ချုပ်ကြီးမြင့်ဆွေ အပြောအရဆိုရင်တောင် ၂၀၀၈ ခုအတွက် တဦးချင်းဝင်ငွေက ဒေါ်လာ ၄၀၀ မရှိဖြစ်နေလို့ LDC အဆင့်က လွတ်ဖို့ လမ်းမရှိဖြစ်နေပါတယ်။

စစ်အစိုးရအုပ်ချုပ်ရေးတလျှောက်လုံးမှာ တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှု ဂျီဒီပီကို တနှစ်ထက်တနှစ် စာရွက်ပေါ်မှာ တိုးပြီး လိမ်ပြနေပေမယ့် ဂျီဒီပီကိန်းဂဏန်းကို စားလို့ရတာမဟုတ်ဘဲ ထမင်းစားရတဲ့ ပြည်သူတွေကတော့ တဦးချင်းဝင်ငွေ တက်မလာတာ လက်တွေ့ဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ဝေဖန်ထားပါတယ်။

သောတရှင်များခင်ဗျား ...

အိမ်နီးချင်း အာဆီယံနိုင်ငံတွေက သူတို့ပြည်သူတွေဘ၀ တိုးတက်အောင် ကြိုးပမ်းအားထုတ်နေချိန်မှာ မြန်မာက အဆင်းရဲဆုံးနိုင်ငံ ဆိုတဲ့အဖြစ်နဲ့ ဆက်သွားနေတာ သိက္ခာမရှိဘူးလို့ သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်ကလည်း သူ့စာတမ်းမှာ တချိန်က ဝေဖန်ခဲ့ပါတယ်။ ၅ နှစ်သက်တမ်းသာခံမယ့် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံကို LDC ခေါ် အဆင်းရဲဆုံး နိုင်ငံစာရင်းက လွတ်အောာင် လုပ်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်းပါခင်ဗျား ...။ ။

(အာရ်အက်ဖ်အေ ဦးစိန်ကျော်လှိုင်၏ သုံးသပ်ချက်ကဏ္ဍမှ ကောက်နှုတ်ချက်)

အမျိုးသမီးများ ကမ္ဘာကြီးကိုဦးဆောင်တဲ့အခါ( မောင်မောင်ဝမ်း )


( Joseph S. Nye, Jr ,  a professor at Harvard and author of The Future of Power. ၏ when  women lead the world ကိုဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။)
အမျိုးသမီးတွေ သာ ခေါင်းဆောင် ဖြစ်လာမယ်ဆိုရင်.. ကမ္ဘာကြီးဟာ ပိုမိုလို့ငြိမ်းချမ်း လာ မလား ဆိုတဲ့ မေးခွန်းကို…ဟားဗတ် တက္ကသိုလ် က စိတ်ပညာရှင် တဦး ဖြစ်တဲ့.. စတီဗင်ပင်ကာ(Steven Pinker) ဖြေကြားခဲ့တာ ကတော့.. မှန်ပါ တယ်တဲ့…။
ပင်ကာ….  ရေးသားခဲ့တဲ့ (In The Better Angels of Nature)  ဆိုတဲ့ စာအုပ်မှာ… လူသား အကြမ်းဖက် မှု့ တွေဟာ ( ဒီကနေ့ အများကြီးရှိနေသေးပေမဲ့ ) တဖြေးဖြေးနဲ့ ကျဆင်း နေပြီဆိုတာ ကို အချက်လက် အကိုးအကား များနဲ့ တင်ပြထားပါတယ်။ အမျိုးသမီးတွေ ဟာ အကြမ်းဖက် မှု့ကိုမလိုလား တဲ့အင်အား စုတွေဖြစ်နေတယ် ဆိုတာကိုလည်း ပြောဆို ခဲ့ပါတယ်။ အစဉ်လာ စစ်ပွဲတွေ ဟာ.. အမျိုးသားများ ဖန်တီးခဲ့တဲ့ စစ်ပွဲများသာ ဖြစ်ပြီး… လူမျိုးနွယ်စုအမျိုးသမီးများဟာ ဘယ်တော့မှ ပတ်ဝန်းကျင်ဒေသ တွေကို.. ၀င်ရောက် စီးနင်း တိုက်ခိုက် သိမ်းပိုက်ဖို့ကို မလုပ်ဆောင်ခဲ့ပါဘူး။ မိခင်များအဖြစ်….. သူတို့ရဲ့ရင်သွေးငယ် တွေကို ထိန်းသိမ်း စောင့်ရှောက်ရမယ် ၊မျိုးဆက်များကို လက်ဆင့်ကမ်း ရမယ်ဆိုတဲ့ သဘာဝအသိတွေဟာ… ငြိမ်းချမ်းတဲ့ အခြေနေအရပ်ရပ် ကို စောင့်ရှောက်သလို ဖြစ်နေပါတယ်။
ပင်ကာရဲ့အဆိုကို လက်မခံသူများကတော့ ချက်ခြင်းဆိုသလို တုန့်ပြန်ခဲ့ကြပါတယ်… ဘာ့ကြောင့်လည်း ဆိုတော့သာမာန်အားဖြင့်… အမျိုးသမီးများဟာ စစ်ပွဲတွေ ကို…. မဖန်တီးခဲ့ပါဘူး… ဒါကလည်း သူတို့မှာအာဏာ ဆိုတာ.. မရသလောက်နီးပါးရှိ နေတာမို့ပါ။ တကယ်လို့များ သူတို့သာ အာဏာ အပြည့်အ၀ရှိတဲ့ ခေါင်းဆောင်တွေ သာဖြစ်မယ်ဆိုရင် ယောကျာင်္းတွေပြုမူဆောင်ရွက်ခဲ့ကြ တဲ့ အခြေနေအရပ်ရပ်လိုပဲ… သူတို့.. လုပ်ခဲ့မှာ မလွဲပါဘူး မာဂရက်သက်ချာ ၊ ဂိုဒါ မီယာ ၊ အင်ဒီယာ ဂန္ဒီ တို့ဆိုတာ အာဏာ အပြည့်အ၀ ရခဲ့ဘူးတဲ့ အမျိုးသမီးခေါင်းဆောင် တွေပါ။ သူတို့ ခေါင်းဆောင် ဘ၀မှာ သူတို့နိုင်ငံက စစ်ပွဲတွေကို ဦးဆောင်ခဲ့ပါတယ် တဲ့။
အမျိုးသားတွေနဲ့ ယှဉ်ပြိုင် ကစားနေရတဲ့..နိုင်ငံရေးဇာတ်ခုံပေါ်မှာ… အဆိုပါ ပြောဆိုချက်များ ဟာ လည်း မှန်ပါတယ်…။ ဒီလို စွမ်းဆောင်ချက် တွေကပဲ…အမျိုးသမီးတွေ ဟာ..အမျိုးသားများ နဲ့ နည်းတူ ခေါင်းဆောင် ဘ၀ မှာ နေရာရနိုင်ဘို့ အရည်အသွေး တွေ မဟုတ်ပါလား။ ခေါင်းဆောင် နေရာမှာ အမျိုးသမီးများ ဟာ အမျိုးသားများ နဲ့ ဒွန်တွဲ တာဝန်ယူဆောင်ရမယ်ဆိုရင်တောင်မှ သူတို့ရဲ့ဆောင်ရွက်ချက်များဟာ ခြားနားနေပါလိမ့်မယ်။
                     ဒီကိစ္စဟာ ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းအဖြစ် ရှိနေဆဲပါ… ခေါင်းဆောင်မှု့ အခန်းကဏ္ဍ မှာ အမျိုးသား ၊ အမျိုးသမီးဆိုတဲ့ အရာဟာ တကယ့်ကို ကိစ္စတခုအဖြစ်တည်ရှိ နေဆဲပဲလား ..?  သမရိုးကျ အခြေအနေ မှာ အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာလေ့လာတွေ့ရှိချက်များက ပြသနေတာကတော့..အမျိုးသားတွေဟာ…အာဏာကို ခပ်ထန်ထန် ကိုင်တွယ် တတ်တဲ့သဘောရှိပြီး… အမျိုးသမီးများကတော့… စည်းရုံးဆွဲဆောင်မယ်၊ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နားလည်မှု့ရအောင် ကြိုးစားဆောင်ရွက်မယ်၊ ပျော့ပျော့ပြောင်းပြောင်း ကိုင်တွယ်မယ်ဆိုတဲ့… သဘောသဘာဝတွေ ရှိနေပါတယ်။ အမေရိကန်တွေဟာ ခပ်ထန်တတ်တဲ့ အမျိုးသားစရိုက်လက္ခဏာ ခေါင်းဆောင်မှု့ကို ဦးညွတ်တတ်ပါတယ် သို့သော်မကြာခင်က…ခေါင်းဆောင်မှု့နဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိချက်များက .ပြသနေတာကတော့… တခါက စဉ်းစားခဲ့ဘူးကြတဲ့ အမျိုးသမီး တို့ရဲ့သဘာဝ ပုံစံ စဉ်းစားတွေးခေါ် လုပ်ဆောင်ချက် များဟာ များပြားအောင်မြင် နေတယ်ဆိုတာပါပဲ။
 ယောကျာင်္းဆန်ဆန်

လူ့အဖွဲ့အစည်းအတွင်းက သတင်းအချက်လက်များကို အခြေခံကြည့်တဲ့အခါ…. အချင်းချင်း လက်တွဲလုပ်ဆောင်နေမှု့များဟာ ၀ါစဉ်ကြီးငယ်လိုက် အစားထိုး လုပ်ကိုင်တတ်ကြတယ် ၊ပညာလုပ်သားများဟာ.. အမိန့်နာခံမှု့နည်းတယ်၊ အဖွဲ့အစည်းများရဲ့ကျယ်ပြန့်တဲ့ စီမံခန့်ခွဲမှု့များဟာ ခွဲဝေကျင့်သုံးနေရတဲ့ ခေါင်းဆောင်မှု့အခန်း ကဏ္ဍများကြောင့် ပိရမစ်ပုံစံခေါင်းဆောင်မှု့ထက် အပြောင်းအလည်း တွေဖြစ်နေရ တယ်၊ Google CEO Eric Schmidt ကဆို ဘယ်လိုပြောသလို ဆိုတော့… သူရဲ့အလုပ်သမား တွေကို ဖူးဖူးမှုတ်နေရပါတယ်တဲ့….။
စစ်တပ်တောင်မှ ဒီလိုအပြောင်း အလည်းတွေနဲ့ ရင်ဆိုင်နေ ရပါတယ်။ အမေရိကန်ပြည်ထောင်စု ပင်တဂွန် စစ်ဌာနချုပ် ကပြောတာ ကတော့ စစ်တပ်ခေါင်းဆောင်များ တောင်မှ အော်ဟစ်ပြောဆိုခြင်းများကို အနည်းဆုံးလုပ်ဆောင် နေရပါတယ်တဲ့….. ဘာလို့လည်းဆိုတော့…. ဒီနေ့မျိုးဆက်သစ်များဟာ အရည်သွေးပြည့်မှီပါတယ် ဆိုတဲ့ သင်တန်း ဆရာများထက် ပိုမို ကောင်းမွန်တဲ့ အရာတွေ တုန့်ပြန်နိုင်ကြလို့ပဲ ဖြစ်ပါတယ်။
အမေရိကန် သမ္မတဟောင်း ဂျော့ ဒဗလျှူ ဘွတ်ရှ် တခါက… ဆုံးဖြတ်ချက် ချရတဲ့သူတစ်ယောက် ဖြစ်တဲ့ သူ့ရဲ့ အခန်းကဏ္ဍ ကိုရှင်းပြခဲ့ဘူး ပါတယ်။ ခေတ်မှီတဲ့ ခေါင်းဆောင် တစ်ယောက် ဆိုတာ… ကွန်ယက် တွေကို အသုံးပြုနိုင်ရမယ်၊ ပူးပေါင်း ဆောင်ရွက် နိုင်ရမယ်၊ ပူးပေါင်း ပါဝင်သူများကို အားပေးနိုင် ရမယ်လို့ ပြောပါတယ်။  ၀ါစဉ်ကြီးငယ်လိုက် ဆက်ခံရမယ်ဆိုတဲ့ အစဉ်လာ သမားများ မဟုတ်တဲ့ အမျိုးသမီးများရဲ့ စတိုင်များနဲ့ ဆက်ဆံရေး ကျွှမ်းကျင်မှု့များဟာ ပညာကို အခြေခံတဲ့ အဖွဲ့အစည်းများ က ခေါင်းဆောင်များ အတွက် လိုအပ်နေတဲ့ လိုအပ်ချက်များနဲ့ အံဝင်ဂွင်ကျ ဖြစ်နေတာ ကို တွေ့နေရပါတယ်။
အတိတ်ကာလက… အမျိုးသမီးများဟာ..အဖွဲ့အစည်းဦးဆောင်မှု့ အခန်းကဏ္ဍကိုတိုက်ခိုက်ပြီဆိုရင်… အမျိုးသားများဟာ… ယောကျာင်္းဆန်တယ် ဆိုတဲ့စကားနဲ့တုန့်ပြန်လေ့ရှိပါတယ်…. (ဒါဟာ..လူမှု့ဆောင်ရွက်ချက် များကို လုပ်ဆောင်နေတဲ့ အမျိုးသမီး သီလရှင်များကို ဆော်ကား လိုက်သလိုလည်း ဖြစ်ပါတယ် )။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ်…. အောင်မြင်စွာ ခေါင်းဆောင်နိုင် ဘို့ဆိုတာ…. အမျိုးသားများဟာ… အမျိုးသမီးများရဲ့ပြုမှု့ ဆောင်ရွက်လေ့ရှိတဲ့ သဘော သဘာဝများကို တန်ဘိုးထားတတ် ယုံမက…အဲဒီ့အရည်အသွေး တွေ အတွက် ကျွှမ်းကျင်အောင် လုပ်ယူ ဘို့ပဲ ဖြစ်ပါတယ်။
            ဒါဟာ… အချက်အလက် မဟုတ်ပါ…ဦးတည်ရမဲ့လမ်းကြောင်းဖြစ်ပါတယ်။အမျိုးသမီးများဟာ ခေါင်းဆောင်မှု့အခန်းကဏ္ဍ မှာ နောက်ကျကျန်ရစ်နေဆဲပဲ ဖြစ်တယ်။.. အားလုံးကို လွှမ်းခြုံကြည့်မယ် ဆိုရင် ပျမ်းမျှအားဖြင့် အမျိုးသမီးထုရဲ့ ငါးရာခိုင်နှုံးလောက်သာ… ခေါင်းဆောင်ပိုင်းနေရာ ကိုရောက်ရှိခဲ့ပါ တယ် ( အမေရိကန်ပြည်ထောင်စုမှာဆိုရင် ၁၆ ရာနှုံးသာ အမျိုးသမီး ဦးဆောင်မှု့ရှိ ပါတယ်….၄၅ ရာနှုံးလောက်ရှိတဲ့ ဆွီဒင်နဲ့နှိုင်းယှဉ်ကြည့်ပါ) ၊ ၂၀ ရာစု လွတ်လပ်တဲ့နိုင်ငံများရဲ့ အုပ်ချုပ်သူ ၁၉၄၁ ဦးကို လေ့လာကြည့်တဲ့အခါ အမျိုးသမီး…၂၇ဦး…ပဲတွေ့ရပါတယ်။ အကြမ်းဖျင်း အားဖြင့် အဲဒီ့ထဲကတ၀က်ဟာ….အုပ်ချုပ်သူအမျိုးသားများရဲ့အမျိုးသမီး ( မုဆိုးမ ) ၊ နဲ့ သမီးတွေ သာ ဖြစ်ပါတယ်။
 အမျိုးသမီး ကမ္ဘာကြီး

သတင်းခေတ်ကြီးမှာ အမျိုးသမီးများရဲ့ကဏ္ဍဟာ တဖြေးဖြေးနဲ့ကြီးမားလာပါပြီ။ ဘာလို့များ အမျိုးသမီးတွေဟာ ပိုမိုကောင်းမွန်အောင်မလုပ်နိုင်ရမှာလည်း?......... အတွေ့အကြုံအားနည်းမှု့၊ အခြေခံတာဝန်ယူ စောင့်ရှောက်တတ်မှု့၊ ခွဲခြားဆက်ဆံတတ်မှု့များ မှတဆင့် ကျားမ ကွာဟချက်များကို ရှင်းပြ အကူညီပေးဘို့ဖြစ်လာပါတယ်။ အစဉ်လာ လမ်းကြောင်းများ၊ ယဉ်ကျေးမှု့များနဲ့ သူတို့ကို တွန်းအားပေးဘို့ တည်ဆောက် ဖန်တီးမှု့ များဟာ အဖွဲ့အစည်းများမှာ.. အမျိုးသမီးများ ရဲ့ ကဏ္ဍခေါင်းဆောင်ပိုင်းနေရာမှာရှိနေနိုင်ဘို့… (သူတို့ရဲ့ကျွှမ်းကျင်ပိုင်နိုင်မှု့များကို သာမာန် အားဖြင့်  မစွမ်းဆောင်နိုင်သလိုဖြစ်သွားပါလိမ့်မယ် ) ။
            ဒီမိုကရက်စီ လူ့အဖွဲ့အစည်းများမှာတောင်မှ အမျိုးသမီးများဟာ အမျိုးသားများထက် လူမှု့စွန့်စားခန်း များနဲ့ကြုံတွေ့ရတတ်တယ် လို့သုတေသနတွေကဖော်ပြနေပါတယ်။ ဘာလို့လည်း ဆိုတော့….အမျိုးသားများဟာ အစဉ်လာအားဖြင့်ကို… အမျိုးသမီးများအပေါ် လွှမ်းမိုးချုပ်ကိုင် လိုတဲ့ သွင်ပြင်များက…. အရှိန်အဖြစ်ကျန်ရစ်နေဆဲမို့ပါ။ ဒီအတားအဆီးများ ကိုတော့ ကျော်ဖြတ်ရပါလိမ့်မယ်။ အမျိုးသားများ သာလျှင် အရာရာကို ဦးဆောင်ရမယ်ဆိုတဲ့… အစဉ်အလာ အတားအဆီးကြီးက သတင်းခေတ်ကြီးမှာ ပုတ်သိုးဆွေးမြေ့နေပါပြီ။ ခေါင်းဆောင်များဟာ…. ပူးပေါင်း ပါဝင်ဆောင်ရွက် အားပေးရမဲ့အစား အမိန့်ဆန်ဆန်…လုပ်ဆောင်မှု့များ ရှုမြင်သုံးသပ်ချက်များကို နည်းအောင် သုံးသပ်သင့်ပါတယ်။ အမာနဲ့ အပျော့ ကျွှမ်းကျွှမ်းကျင်ကျင် ကိုင်တွယ် အသုံးပြုခြင်းဟာ အမျိုးသားများ ရော အမျိုးသမီးများအတွက်ပါ အဆင်ပြေချောမွေ့စေပါတယ်။ အစဉ်အလာ လိင်ခွဲခြားခြင်းတွေနဲ့ အရာရာကို ဖုံးအုပ်မထားသင့်တော့ပါဘူး။ တချို့ပတ်ဝန်းကျင် အခြေနေတွေမှာ… အမျိုးသားများဟာ အမျိုးသမီးများရဲ့ စိတ်နေသဘာဝ ဆုံးဖြတ်ချက်များကဲ့သို့ပြုမူဆောင်ရွက် လုပ်ဆောင် သင့်ပါတယ်။ အမျိုးသမီးများ အတွက်ကလည်း ထိုနည်းတူစွာပါပဲ…လိုအပ်လာလျှင် အမျိုးသားများ ကဲ့သို့ပြုမူ ဆောင်ရွက်ဘို့လိုအပ်ပါလိမ့်မယ်။
              ကျနော်တို့ အနာဂါတ် ငြိမ်းချမ်းရေးနဲ့စစ်ပွဲတွေကို ရွေးချယ်ဘို့ အဓိကသော့ချက်ကတော့ လိင်ကွဲပြားမူ့ပေါ်မှာ အခြေမခံ တော့ပဲ…အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ခေါင်းဆောင်များဟာ လုပ်ပိုင်နိုင်ခွင့်အင်အား အပျော့ အမာများကို ဟန်ချက်ညီညီ ကိုင်တွယ် အသုံးချခြင်းဖြင့်… အကောင်းဆုံးနည်းဗျူဟာ များကို ချမှတ်သွားနိုင် ဘို့ပဲဖြစ်တယ်။ ပင်ကာ ပြောဆိုချက်တွေဟာ မှန်ပါတယ်။ ကမ္ဘာကြီးမှာ အကြမ်းဖျင်းအားဖြင့် အကြမ်းဖက်မူ့များ ကျဆင်းလာတယ် ဆိုတာဟာ…. တကယ်တော့  အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို မြှင့်တင်အားပေးခဲ့လို့ပဲဖြစ်ပါတယ်။
 အားလုံးကိုလေးစားစွာဖြင့် ( မောင်မောင်ဝမ်း )

ဘက်စုံဖွံ့ဖြိုးတိုးတက်မှု နဲ့ နိုင်ငံသားများ အခန်းကဏ္ဍ By ဦးသန်းလွင်ထွန်း


နိုင်ငံတကာရဲ့  ရင်းနှီးမြုပ်နှံမှုတွေနဲ့အတူ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆီကို ဦးတည်သွားဖို့အတွက် မြန်မာနိုင်ငံသားတွေအနေနဲ့ လက်တွေ့ကျကျ ဦးဆောင်မှုအခန်းကဏ္ဍကနေ လုပ်ဆောင်သွားဖို့ လိုအပ်မှာဖြစ်တဲ့ကြောင်း၊ နိုင်ငံတကာ အကူအညီတွေကို ရေရှည်မှီခိုနေရမယ့်အဖြစ်တွေကို ရှောင်လွှဲပြီး ကိုယ်တိုင်ဦးဆောင်နိုင်မယ့် အခြေအနေမျိုးရောက်အောင် လုပ်ဖို့လိုအပ်တဲ့အကြောင်း ထောက်ပြပြောဆိုနေတဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးဆိုင်ရာ ပညာရှင် ဒေါက်တာမြတ်ထူးရာဇတ် အား ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်း က တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒေါက်တာမြတ်ထူးရာဇတ် နဲ့ ကျနော်နဲ့ဆိုရင် မြန်မာပြည်မှာ ဆေးတက္ကသိုလ် တက်ခဲ့တုန်းကလည်း အတူတူ။ နောက် ၁၉၈၈ မြန်မာနိုင်ငံမှာ လူထုအုံ့ကြွမှု အရေးအခင်းဖြစ်ခဲ့ချိန်တုန်းကလည်း ကိုယ်ကျရာနေရာတွေက အတူတူလုပ်ခဲ့ကြတဲ့ ကဏ္ဍလေးတွေ ရှိခဲ့ကြတယ်။ အဲဒါပြီးတော့ ကျနော်တို့တတွေ တနေရာဆီ ကွဲသွားခဲ့ကြပြိး အခုလောလောဆယ်တော့ ကျနော်က သတင်းထောက်၊ အသံလွှင်လုပ်ငန်း လုပ်နေတဲ့လူ။ ကိုမြတ်ထူးကတော့ ဆရာဝန်တယောက်အနေနဲ့ နိုင်ငံတကာမှာလှည့် ကျန်းမာရေးနဲ့ဆိုင်တဲ့ နိုင်ငံတကာ ဗဟုသုတအပြည့်နဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှု၊ ကျန်းမာရေးဆိုင်ရာ ဖွံ့ဖြိုးမှုလုပ်ငန်းတွေကို အဖွဲ့အစည်းအသီးသီးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လူတယောက်။ အတွေ့အကြုံတွေရလာခဲ့တဲ့ လူတယောက်။ အဲဒီတော့ ဒီ အနှစ် (၂၀) ကျော်ခဲ့ပြီးတဲ့ကာလမှာ ကျနော်တို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ကျနော်လည်း ဗမာပြည်ကို ပထမဦးဆုံးအကြိမ် ပြန်ရောက်ပါတယ်။ အလားတူပဲ ကျနော်တို့နဲ့ မရှေ့ မနှောင်းဆိုသလို ကိုမြတ်ထူးလည်း မြန်မာပြည် ပြန်သွားခဲ့တယ်လို့ ကြားသိရပါတယ်။ ကြားပြီးနောက်ပိုင်းမှာ အခု ရက်ပိုင်းအတွင်းမှာ ကိုမြတ်ထူးဆီက ဆောင်းပါးလေးတပုဒ်၊ အကြံပြုချက် ဆောင်းပါးလေးတပုဒ် မြန်မာပြည် အနာဂတ်ဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ အကြံပြုချက် ဆောင်းပါးလေးတပုဒ် ရေးလာတာကို တွေ့ရပါတယ်။ ကိုမြတ်ထူး ရေးထားတဲ့ ဆောင်းပါးထဲမှာ အင်္ဂလိပ်လို Exciting and Challenging Environment - ဗမာလိုတော့ တော်တော်လေးကို စိတ်လှုပ်ရှား တက်ကြွစရာနဲ့ စိမ်ခေါ်မှုတွေ အပြည့်ရှိနေတဲ့ အခြေအနေ။ အဲဒါ ဘာကို ဆိုလိုတာလဲ။

ဒေါက်တာမြတ်ထူးရာဇတ် ။ ။ စိတ်လှုပ်ရှားမှု ကောင်းမွန်တယ်ဆိုတာ အခုအချိန်မှာ ပြန်ကြည့်ကြမယ်ဆိုရင် အရင်ကဆိုရင် အခုလို ကိုယ်ရေးချင်တာလည်း မရေးနိုင်ခဲ့ပါဘူး။ တချိန်တည်းမှာပဲ ကိုယ်ပြောချင်တာကိုလည်း ပြောလို့မရပါဘူး။ ဒေါ်စု ဆိုရင်လည်း လွတ်လွတ်လပ်လပ် သွားခွင့်လာခွင့် မရှိပါဘူး။ အခုဆိုရင် ကျနော့်ရဲ့  သူငယ်ချင်း အသိုင်းအဝိုင်းကအစ သူတို့ ပြောချင်တာကို ပြောလို့ရလာပါပြီ။ ဒါပေမဲ့ လုပ်ချင်တာကို လုပ်လို့မရသေးပါဘူး။ အပြည့်မရသေးတဲ့ အချိန်။ ဒါပေမဲ့ တချိန်တည်းမှာပဲ သူတို့က သူတို့ရဲ့  လုပ်နိုင်ခွင့် တိုးလာအောင် လုပ်ကြည့်ဖို့ ကြိုးစားနေချိန်မှာ သူတို့ရဲ့  စိတ်လှုပ်ရှားမှုနဲ့ စိတ်တက်ကြွမှုကို ကျနော် မြင်ရတော့ ကိုယ်တိုင် စိတ်တက်ကြွမှု ရှိလာပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါက စိတ်တက်ကြွမှု။ နောက်တခုက challenging - စိမ်ခေါ်မှု။

ဒေါက်တာမြတ်ထူးရာဇတ် ။ ။ စိမ်ခေါ်မှုကတော့ ကိုသန်းလွင်ထွန်း သိတဲ့အတိုင်း - ဘယ်လောက်ပဲ လွတ်လပ်တယ်ပြောပြော မလွတ်လပ်တာတွေ အများကြီးပါ။ မလွတ်လပ်တာတွေ အများကြီးမှာ ရေးချင်တာ ရေးလို့ရတယ်ဆိုပေမယ့် အားလုံးလည်း ရေးလို့ မရသေးပါ။ ကိုသန်းလွင်ထွန်းတို့ဆို ပိုသိတာပေါ့။ ဆင်ဆာဆိုတဲ့ကိစ္စ။ တချိန်တည်းမှာပဲ စိမ်ခေါ်မှုက အားလုံးဖွင့်ပေးလိုက်တာနဲ့ ဗမာပြည်ကြီး ချက်ချင်းတိုးတက်လာမလားဆို မတိုးတက်နိုင်ပါဘူး။ ဘာကြောင့်လည်းဆိုရင် အိမ်နီးချင်းနိုင်ငံတွေပဲ ပြန်ကြည့်လိုက်။ ဗိယက်နမ်၊ ကမ္ဘောဒီးယား၊ လားအို၊ မလေးရှား၊ ထိုင်း ကအစ တဖြည်းဖြည်းနဲ့ တက်လာအောင် လုပ်ကြရပါတယ်။ လုပ်လာကြတဲ့အခါမှာ တိုင်းပြည်လူထုအားလုံးရဲ့  ပူးပေါင်းပါဝင်မှုနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့  ပံ့ပိုးမှုတွေ အရေးကြီးပါတယ်။ အဲဒီလို အချိန်ကို မရောက်သေးဘူးလို့ ကျနော်မြင်ပါတယ်။ အဲဒီလို အခြေအနေရောက်အောင် အားလုံးက ဝိုင်းဝန်လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ အဲဒါက အဓိက စိမ်ခေါ်ချက်ပါ။

ဦးသန်းလွင်ထွန်း ။ ။ ကျနော် ဖတ်ရတဲ့ ကိုမြတ်ထူး ရေးထားတဲ့ နောက်ဆုံး ဆောင်းပါးထဲမှာ အကြံပြုချက် (၃) ခု လုပ်ထားတာကို တွေ့ရတယ်။ သုံးခုမှာ ပထမတခုကတော့ မြန်မာနိုင်ငံ ဘယ်လမ်းသွားမလဲဆိုတာ။ ကျနော် မှားရင်လည်း ပြင်ပါ။ ကျနော် နားလည်းလိုက်တဲ့အချက်။ မြန်မာနိုင်ငံ ဘယ်လမ်းကို သွားမလဲဆိုတာကို လက်ရှိ အတိုက်အခံခေါင်းဆောင်တွေ၊ အားလုံး ဘက်ပေါင်းစုံကပါပြီးတော့ ဘယ်လမ်းသွားကြမလဲဆိုတာကို ကျေကျေလည်လည် သိထားအောင် လုပ်ကြရမယ်ဆိုတဲ့ အချက်မျိုး ပါတယ်လို့ထင်တယ်။ အဲဒါ ဟုတ်သလား။ နည်းနည်းရှင်းပြပါ။

ဒေါက်တာမြတ်ထူးရာဇတ် ။ ။ ဟုတ်ပါတယ်။ ကျနော့်တို့အနေနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး။ ပြည်သူလူထုက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးမှာ ခေါင်းဆောင်တွေကပဲ လုပ်လို့ မရပါဘူး။ ကျနော်ဆိုရင် ကျောင်းသားဘဝမှာ ခရီးတွေ တော်တော်သွားခဲ့ပါတယ်။ သွားခဲ့တဲ့အချိန်မှာ ပြည်နယ်နဲ့ တိုင်းတွေ ရောက်တဲ့အခါမှာ တချို့  ပြည်နယ်နဲ့တိုင်းတွေမှာဆိုရင် ရန်ကုန်နဲ့ မန္တလေးတို့မှာ ရှိတာတွေ လုံးဝမရှိပါဘူး။ သူတို့ရဲ့  ကံကြမ္မာကို ဖန်တီးပိုင်ခွင့်လည်း နည်းပါတယ်။ ကျနော့်အနေနဲ့ ဖြစ်စေချင်တာက ပြည်နယ်အသီးသီး၊ နယ်ပယ်အသီးသီးမှာ လူတိုင်းလူတိုင်း တယောက်နဲ့တယောက် ခင်ခင်မင်မင် မဖြစ်ရင်တောင်မှ နားလည်းမှု တည်ဆောက်လာဖို့ အရေးကြီးပါတယ်။ နားလည်းမှု တည်ဆောက်လာခဲ့ပြီးအချိန်မှာ တိုင်းပြည်ရှေ့ ရေးကို ဘယ်လိုသွားကြမလဲ။ မြန်မာပြည် ရှေ့ ရေးကို ဘယ်လိုဖြစ်စေချင်သလဲဆိုတာ ပြည်သူလူထုရဲ့  ပူးပေါင်းပါဝင်မှုက အင်မတန် အရေးကြီးပါတယ်။ ခေါင်းဆောင်တွေကပဲ ဆုံးဖြတ်နေလို့ မရပါဘူး။ တချိန်တည်းမှာပဲ စီးပွားရေးသမားနဲ့ ပညာရှင်တွေမှာ အတိုက်အခံတွေ ရှိလာပါတယ်။ အဲဒီတော့ အားလုံးကနေပြီး လူတိုင်း စိတ်တိုင်းကျဖြစ်တဲ့ တိုင်းပြည်တခု ဖြစ်ပေါ်လာဖို့က ဘယ်တိုင်းပြည်မှ မရှိခဲ့ပါဘူး။ တကမ္ဘာလုံးမှာ မရှိပါဘူး။ ဒါပေမဲ့ အားလုံးကနေ ထိထိရောက်ရောက် ရှေ့ ဘယ်လို သွားနိုင်မလဲဆိုတာကို ပူးပေါင်းပါဝင်မှု ရှိမယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်မယ်။ ခင်ခင်မင်မင်နဲ့ ယုံယုံကြည်ကြည် ဆွေးနွေးလာနိုင်မယ်ဆိုရင်တော့ ကျနော်ထင်တယ် ရေရှည်မှာ တိုင်းပြည်တည်ဆောက်တဲ့အချိန်မှာ အားလုံးရဲ့  ပူးပေါင်းပါဝင်မှုက အင်မတန် အရေးကြီးပါတယ်။ အားလုံး သဘောတူချင်မှတူမယ်။ လူအများစုက သဘောတူတယ့် တိုင်းပြည်ကို ဖန်တီးပေးနိုင်မယ်ဆိုရင် နောင်လာနောင်သားတွေအတွက် အများကြီး အကျိုးရှိနိုင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဆိုလိုတာက ကိုယ်ဘယ်လမ်းသွားမလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိဖို့။ ဒါကတချက်။ ဒုတိယတချက် ကျနော် မြင်တာက အထူးသဖြင့် မြန်မာပြည်တွင်းမှာရှိတဲ့ လူထုလူတန်းစား အဖွဲ့အစည်းတွေ၊ နောက်ပြီးတော့ institutions လို့ ခေါ်တဲ့ ဌာန၊ အစိုးရဌာနတွေ၊ ပုဂ္ဂလိကဌာနတွေ၊ ယန္တရားတွေ အကုန်လုံးကို လုပ်ကိုင်ရည် စွမ်းရည်ပြည့်လာအောင် ပိုပြီး ပံ့ပိုးပေးဖို့လိုတယ်ဆိုတဲ့ အချက်။ ဒါတွေက ဘယ်လိုဘယ်နည်းနဲ့ ပံ့ပိုးပေးနိုင်မလဲဆိုတာကို ဘယ်လို အကြံပြုထားတာ ရှိသလဲ။

ဒေါက်တာမြတ်ထူးရာဇတ် ။ ။ အင်မတန် အရေးကြီးပါတယ်။ တိုင်းပြည်ရှေ့ ရေးကို ဘယ်လို တိုင်းပြည်ဖြစ်ချင်သလဲဆိုတာကို ကိုယ့်ဘာသာ ဆုံးဖြတ်တဲ့အချိန်မှာ လူတိုင်းက သူတို့ရဲ့  အရည်အချင်းကို တိုးတက်လာအောင် လုပ်ရပါမယ်။ ဘာလုပ်ချင်သလဲဆိုတာကို သိဖို့ဆိုရင် ကိုယ်က ကိုယ့်မှာ အတတ်ပညာ၊ အတန်းပညာကို ပြောတာ မဟုတ်ပါဘူး။ အတက်ပညာနဲ့ အသိပညာ ရှိလာမယ်ဆိုရင် လူထုက ပိုပြီး ထိထိရောက်ရောက် ဆုံးဖြတ်နိုင်ခွင့် ရှိလာပါမယ်။ ဗမာပြည်တွင်းမှာရှိတဲ့ လူတွေက ဘယ်လို လုပ်ရမလဲ။ တိုးတက်မလဲဆိုတာ သိကြပါတယ်။ ဒါပေမဲ့ အခွင့်အရေး မရကြတာ ရှိကြပါတယ်။ နိုင်ငံခြားကနေ အခွင့်အရေး ပေးကြမယ်ဆိုရင် နိုင်ငံခြားကလူတွေ လာပြီးတော့ အလုပ်လုပ်သွားမယ့်အစား ကိုယ့်တိုင်းပြည်မှာရှိတဲ့ လူတော်အားလုံးကို မြှင့်တင်နိုင်အောင်ဆိုရင် ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်အောင် ဖြစ်စေချင်တယ်။ ကျနော်ပြောတဲ့ ပံ့ပိုးမှုဆိုတာ ကိုယ့်ကို တိုးတက်လာမှု၊ အရည်အချင်းရှိဖို့ဆိုတာ နိုင်ငံခြားက လာလုပ်ပေးလို့ မရပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ကျနော် သတိထားမိတာတခု ရှိတယ် ကိုမြတ်ထူး ရေးထားတဲ့အထဲမှာ။ လာမယ့် နှစ်တွေအတွင်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့  ကူညီမှုတွေကိုပဲ မှီခိုနေရမယ့် နိုင်ငံမဖြစ်သွားအောင်ဆိုတဲ့ အချက်ကလေးပါတယ်။ ဥပမာအားဖြင့် တချို့  အာဖရိကနိုင်ငံတွေမှာ ဖြစ်ခဲ့ရတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ နိုင်ငံတကာက အမြဲတမ်း လာပြီးပံ့ပိုးပေးနေပြီ၊ ကိုယ့်ရှိမှာ အတတ်ပညာ မကျန်ခဲ့ဘဲနဲ့ တချိန်လုံး သူများပေးတာ၊ သူများထောက်ပံ့တာတွေပဲ မှီခိုရတဲ့ အနေအထားမျိုး ရောက်သွားတဲ့ အခြေအနေမျိုး။ ကိုမြတ်ထူး ရေးထားတဲ့အထဲမှာ မြန်မာနိုင်ငံကို ဒါမျိုး မဖြစ်သွားစေချင်ဘူးဆိုတဲ့ တိုက်တွန်းချက်ကလေးလည်း ကျနော် တွေ့ပါတယ်။ အဲဒါလေးနဲ့ ပတ်သက်ပြီး နည်းနည်းလေး ရှင်းပြပါလား။ တခြား ဥပမာတွေ ဘာတွေရှိသလဲ။

ဒေါက်တာမြတ်ထူးရာဇတ် ။ ။ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေကို ပြန်ကြည့်ပါ။ ကမ္ဘောဒီးယားမှာဆိုရင် အပြည်ပြည်ဆိုင်ရာက ပံ့ပိုးမှုတွေ အများကြီးပါ။ ပံ့ပိုးမှု ပေးလာတဲ့တချိန်တည်းမှာ အဖွဲ့အစည်းတွေနဲ့လာပြီး နိုင်ငံခြားသား၊ နိုင်ငံခြားသူတွေက သူတို့ရဲ့  အဓိကနေရာတွေကို ထိထိရောက်ရောက် လုပ်ကြပါတယ်။ သူတို့ စေတနာနဲ့ လုပ်ကြတာပါ။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကမ္ဘောဒီးယားလူမျိုးတွေကြတော့ အပေါ်ကို ခေါင်းဆောင်ဘက်ကို တက်လာဖို့ အင်မတန် နည်းလာပါတယ်။ ကျနော်တို့ ဖြစ်စေချင်တာက နိုင်ငံခြားသား နိုင်ငံခြားသူတွေပဲ အားလုံးဝိုင်းလုပ်ပေးကြမယ့်အစား ကိုယ့်တိုင်းပြည်မှာရှိတဲ့ လူအသီးသီးကို အရည်အချင်း ပိုတိုးတက်လာရုံတင်မကပဲ သူတို့ကို နေရာ၊ ခေါင်းဆောင်မှုပေးဖို့ အရေးကြီးပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကိုမြတ်ထူး ရေးထားတဲ့ ဆောင်းပါးထဲက တတိယအချက် ကျန်သေးတယ်။ အဲဒီ တတိယအချက်က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်တယ်။ အဲဒါကတော့ ကိုမြတ်ထူး အကြံပြုထားတာက မြန်မာနိုင်ငံအတွင်းမှာ ပေါ်လာမယ့် ဘက်ပေါင်းစုံက ခေါင်းဆောင်တွေကို အခုလက်ရှိ အာဏာရှိနေတဲ့ ခေါင်းဆောင်တွေ၊ အဲဒါအပြင် နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ ထိတွေ့ခွင့် ဆက်ဆံခွင့်တွေ ရလာအောင် အားပေးရမယ်။ ထောက်ပံ့မှုတွေ ပေးရမယ်ဆိုတဲ့ အချက်မျိုး အကြံပြုထားတယ်။ ဘယ်အဖွဲ့အစည်းတွေက ဘယ်လိုမျိုး လုပ်နိုင်မလဲ။ သဘောက ဒီလူတွေကို နိုင်ငံတကာကို လွတ်ပြီးတော့ လေ့လာမှုတွေ လုပ်ခိုင်းရမှာလား။ ဘာကို ဆိုလိုတာလည်းဆိုတာကို တချက်လောက် ရှင်းပြပါလား။

ဒေါက်တာမြတ်ထူးရာဇတ် ။ ။ အင်မတန် ကောင်းတဲ့မေးခွန်းပါ။ ကျနော်တို့အနေနဲ့ ပြန်ကြည့်တဲ့အခါမှာ အပြည်ပြည်ဆိုင်ရာနဲ့ ဆက်ဆံတယ်ဆိုတဲ့အချိန်မှာ အစိုးရတခုတည်း မဟုတ်ပါဘူး။ စီးပွားရေးသမားတွေလည်း အပြည်ပြည်ဆိုင်ရာနဲ့ ဆက်ဆံရပါတယ်။ တက္ကသိုလ်တွေလည်း အပြည်ပြည်ဆိုင်ရာနဲ့ ဆက်ဆံရပါတယ်။ အဲဒီတော့ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် အပြင်လူနဲ့ ဆက်ဆံတဲ့အခါမှာ ဘယ်လို ထိထိရောက်ရောက် ဆက်ဆံမလဲ။ ဥပမာ ကိုယ်ကနေ ထိထိရောက်ရောက် မဆက်ဆံနိုင်ဘူးဆိုရင် သူတို့ရဲ့  အမြတ်ထုတ်မှုကို ခံရပါတယ်။ စီးပွားရေးသမားဆိုရင် ပိုသိသာပါတယ်။ ဘယ်နေရာမှာမဆို အဖွဲ့အစည်းအတိုင်း၊ အသေးအကြီးအားလုံးက ပြည်ပနဲ့ဖြစ်ဖြစ် အပြင်လူနဲ့ ဆက်ဆံတဲ့အချိန်မှာ ထိထိရောက်ရောက် ဆက်ဆံနိုင်ဖို့ဆိုရင် ဘာသိဖို့ လိုလာသလဲဆိုတော့ အပြင်လူတွေက ဘယ်လို တယောက်နဲ့တယောက် စကားပြောကြသလဲ။ သူတို့ရဲ့  ဈေးကွက်တွေက ဘယ်လိုရှိသလဲ။ သူတို့ရဲ့  စီးပွားရေးလုပ်ငန်းကို ဘယ်လိုလုပ်ကြသလဲ။ တချိန်တည်းမှာ ပညာရှင်တွေကို ပြန်ပြောမယ်ဆိုရင် ဒီလိုပါပဲ။ အဲဒီတော့ ကျနော်တို့အဖို့ ဘာအရေးကြီးလာသလဲဆိုရင် ဒီလူတွေရဲ့  စနစ်က ဘယ်လိုရှိသလဲ။ သူတို့ရဲ့  စနစ်ကို ပြောင်းဖို့ပြောတာ မဟုတ်ပါဘူး။ သူတို့စနစ်ကို သိထားတဲ့အချိန်ကြရင် ကိုယ်က ဒီဥစ္စာကို အကျိုးရှိ အသုံးချလို့ ရမလဲဆိုတာကို ပိုသိလာမှာပါ။ တချိန်တည်းမှာ အဲဒီလို ဖြစ်လာမယ်ဆိုရင် ကိုယ့်တိုင်းပြည် ကိုယ့်တက္ကသိုလ်၊ ကိုယ့်ရဲ့  အဖွဲ့အစည်းတိုးတက်လာအောင် အများနဲ့ ဆက်ဆံတဲ့အချိန်မှာ အဓိကတော့ အညာခံရတာ မခံရတာကို ပြောတာမဟုတ်ပါဘူး။ ထိထိရောက်ရောက် အကျိုးရှိရှိ၊ နှစ်ဦးနှစ်ဖက်မျှဖို့ အရေးကြီးပါတယ်။ တချိန်တည်းမှာ ကျနော်တို့ကပဲ အမြတ်ထုတ်လို့ မရဘူး။ နိုင်ငံသားတွေအနေနဲ့ အမြတ်ထုတ်ဖို့ ပြောတာမဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက် မျှမျှတတနဲ့ ထိထိရောက်ရောက် လုပ်နိုင်မယ်ဆိုရင် နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်ပါတယ်။ ဒါကို ကျနော် အဓိက ပြောတာပါ။

ဦးသန်းလွင်ထွန်း ။ ။ ဒီ ဆောင်းပါးရဲ့  ခေါင်းစဉ်ကလည်း ဗမာလို ပြန်ရင်တော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပြီးတော့ ကိုယ်ထူကိုယ်ထ လုပ်ကြရမယ်ဆိုတဲ့ သဘောမျိုး။ ဒီလို သဘောမျိုး ပြန်ရမယ်လို့ ကျနော်ထင်တယ်။ အဲဒီတော့ ဒီဆောင်းပါးက အဲဒီလို တိုက်တွန်းချက်တွေနဲ့ဆိုရင် ဘယ်လိုဘယ်ဌာနကို ရည်စူးပြီးရေးတာလဲ။ ဥပမာအားဖြင့်ဆိုရင် ကျနော်တို့ ရှိနေတဲ့နေရာက အမေရိကန်ပြည်ထောင်စု။ ကိုမြတ်ထူး ရှိနေတာကလည်း အမေရိကန်ပြည်ထောင်စု။ အမေရိကန်ပြည်ထောင်စုကလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပိတ်စို့အရေးယူမှုတွေကို ဖွင့်ပေးပြီးတော့ ရင်းနှီးမြုပ်နှံမှုတွေကို နောက်ပိုင်းမှာ အားပေးလာဖို့ နည်းပညာ အကူအညီတွေ ထောက်ပံ့လာဖို့ တာဆူနေတဲ့ အချိန်ကလာဆိုတော့ ဒီအချိန်ကာလမှာ ကိုမြတ်ထူးရဲ့  ဒီ တိုက်တွန်းချက် ဆောင်းပါးမျိုး ထွက်လာတယ်ဆိုတော့ ရည်ရွယ်ရင်းက ဒီလို အဖွဲ့အစည်းတွေကို ရည်ရွယ်သလား။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု မူဝါဒအတွင်းမှာ ဘာတွေလုပ်လာဖို့ သင့်သလဲဆိုတာမျိုး ဦးဆောင်လမ်းပေး ရည်ရွယ်တဲ့သဘောမျိုးနဲ့ ရေးတာလား။

ဒေါက်တာမြတ်ထူးရာဇတ် ။ ။ ဟုတ်ပါတယ်။ အဓိက ကျနော်ပြောရမယ်ဆိုရင် ကျနော် ပြန်သွားတဲ့အချိန်မှာ ဘာမြင်ရသလဲဆိုတော့ ကိုယ့်တိုင်းပြည်မှာ လိုအပ်ချက်တွေမြင်တယ်။ တချိန်တည်းမှာ နိုင်ငံခြားမှာရှိတဲ့အချိန်မှာ နိုင်ငံခြားအဖွဲ့အစည်းတွေက အားလုံး သူတို့သုံးစွဲမှုကဏ္ဍအနေနဲ့ များတာတွေ တွေ့ရတဲ့အခါကြတော့ မမျှတဘူး။ မမျှတဲ့အချိန်မှာတော့ ကျနော်အနေနဲ့ နှစ်ဖက်စလုံးက လူဖြစ်နေတဲ့အတွက်ကြောင့် ဒီဥစ္စာကို ထိထိရောက်ရောက် နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို ကျနော်အနေနဲ့ အမြဲတမ်း စဉ်းစားမိပါတယ်။ အရင်ကတည်းကလည်း စဉ်းစားမိခဲ့ပါတယ်။ ဒါပေမဲ ဒီဆောင်းပါးလေးကို ရေးဖြစ်လိုက်တာ ဘာကြောင့် ရေးဖြစ်ခဲ့တာလည်းဆိုတော့ ပြန်လာပြီးတဲ့အချိန်မှာ အန်တီစုနဲ့ စကားပြောရတဲ့အချိန်၊ သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်တဲ့အချိန်။ တချိန်တည်းမှာ ဆေးရုံတွေ သွားကြည့်ခဲ့တဲ့အချိန် - အဲဒီလိုမြင်ရတဲ့အချိန် ဘာလုပ်လို့ ရမလဲ။ အထဲမှာ သွားပြီးကူညီကြမယ့် လူတွေကလည်း ဘာတွေသိသလဲ။ ပြီးတော့ ပြည်တွင်းကလည်း အထဲကနေ အပြင်ကလာမယ့် လူတွေကို စကားပြောတဲ့အခါမှာ ဘယ်လိုပြောသင့်သလဲဆိုတာမျိုး ကျနော့်အနေနဲ့ နှစ်ဖက်စလုံးကို မျှပြီးကြည့်မြင်ချင်လို့ ပြောမိတာပါ။ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင် ဒါထက်ပိုပြီးတော့လည်း ရေးမယ်ဆိုရင် ရေးနိုင်ပါတယ်။ ဒါပေမဲ့ ကျနော့်အနေနဲ့ မျှမျှတတလေး ရေးကြည့်တာပါ။

ဦးသန်းလွင်ထွန်း ။ ။ လုပ်မယ်ဆိုရင် ဒါထက်ပိုပြီး ဘာတွေများ လုပ်ချင်သလဲ။

ဒေါက်တာမြတ်ထူးရာဇတ် ။ ။ ကျနော် လုပ်ချင်တာကတော့ ကျနော်ကို လူဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ တိုင်းပြည်။ ကျနော့်အနေနဲ့ အခု အပြင်မှာ (၂၃) နှစ်ရှိပေမယ့် ဘယ်နေရာက လုပ်ရလုပ်ရ၊ ကျနော်အနေနဲ့ ထိထိရောက်ရောက် လုပ်ပေးချင်ပါတယ်။ ကျနော့်ရဲ့  လုပ်ခွင့် ရချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းဆိုင်ရာတွေကို ပြောချင်တာလား။

ဒေါက်တာမြတ်ထူးရာဇတ် ။ ။ ဟုတ်ပါတယ်။ ကျန်းမာရေး ဖွံ့ဖြိုးရေးပေါ့။ ကိုသန်းလွင်ထွန်း သိတဲ့အတိုင်းပဲ ကျန်းမာရေးက တော်တော်များများ ဖြစ်ကြတာ ဆင်းရဲတာကြောင့် ဖြစ်ကြတာ။ ကြည့်ကြမယ်ဆိုရင် ရောဂါတော်တော်များများက ဆင်းရဲတာကြောင့် ဖြစ်တယ်။ ပံ့ပိုးမှုမရှိတာကြောင့် ဖြစ်တယ်။ အခု အရမ်းချမ်းသာတဲ့လူတွေတော့ ဝတာတို့၊ နှလုံးရောဂါတို့ ဖြစ်ကြတာပေါ့။ ဒါပေမဲ့ အရေးကြီးတာကတော့ ဘယ်တိုင်းပြည်မှာမဆို အာဖရိကမှာဖြစ်ဖြစ်၊ အာရှမှာဖြစ်ဖြစ် တိုင်းပြည်ဖွံ့ဖြိုးမှု မရှိဘူးဆိုရင် ပိုပြီးတော့ ကျန်းမာရေး ချို့ တဲ့သွားတယ်။ ဒါကြောင့်မို့ ကျန်းမာရေး နဲ့ ဖွံ့ဖြိုးရေး နှစ်ခုစလုံးကို ထိထိရောက်ရောက် လုပ်ချင်ပါတယ်။ ကျနော့်အနေနဲ့ ဘာလုပ်ရမလဲဆိုရင် ဘယ်နေရာကပဲ လုပ်ရလုပ်ရ ကျနော်အနေနဲ့ ထိထိရောက်ရောက်ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ နေရာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဘယ်နေရာမှာဖြစ်စေ ဖြစ်အောင်လုပ်မှာပါ။

ဦးသန်းလွင်ထွန်း ။ ။ ဖြစ်လာမယ်လို့လည်း မျှော်လင့်ပါတယ်။


ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ၂လုံး၊၃လုံး၊ဘောလုံးဒိုင်များ
( ပြည်ထဲရေးဝန်ကြီး သိစေလိုပါသည် )


၂လုံး၊၃လုံးလောင်းကစားမှာ မြန်မာနိုင်ငံတွင် ဆယ်စုနှစ် ၂စု ကျော်မျှ နိုင်ငံသားမျာ၏ ၀င်ငွေများအား ဂုတ်သွေးစုပ်နေသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရမှ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ၂လုံး၊၃လုံးထီနှင့် ဘောလုံးလောင်းကစားအမျိုးမျိုးကို ကင်းစင်ပပျောက်အောင် ဆောင်ရွက်မည်ဟု သိရသည့် အခါ အလွန်ပင်ဝမ်းသာမိပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ၂လုံး၊၃လုံးနှင့် ဘောလုံးလောင်းကစားသူများမှာ အများအားဖြင့်ဝင်ငွေနည်းပါးသော ကျေးလက်ပြည်သူများဖြစ်ပါသည်။ သူတို့၏ရိုးသားမှုအပေါ် လောင်းကစား၏ မက်လုံးပေးမှုများကြောင့် မိသားစုစားဝတ်နေရေးပြေလည်စေခြင်းအလို့ငှာ ရှိစုမဲ့စုနှင့် မျှော်လင့်ကာ ကစားကြပါသည်။ သို့သော် သူတို့မျှော်လင့်သလိုမဖြစ်ပဲ အချို့ဆိုလျှင် အိမ်ထောင်များပျက်စီးခြင်း ရပ်ကွက်ထဲမှ ထွက်ပြေးခြင်း၊ မိမိကိုယ်ကိုအဆုံးစီရင်ခြင်း စသောဆိုးရွားလှသည့် အဖြစ်များကို ကျွန်တော်တို့ မကြာခဏတွေ့မြင်ကြားသိနေကြရပါသည်

မိရိုးဖလာဥယျာဉ်လုပ်ငန်းဖြင့် အတော်အသင့်အဆင်ပြေသော ကျွန်တော်တို့ မိသားစုတွင်ပင် အဖေ၏ဘောလုံးလောင်းခြင်း၊ အမေ၏ ၂လုံး၃လုံးလောင်းခြင်းတို့ကြောင့် တစ်နှစ်ပြီးတစ်နှစ် ငွေကြေးအများအပြား ဆုံးရှုံးနေရပါသည်။ ဤသို့လောင်းကစားခြင်းကြောင့် ပြည်သူများ၏၀င်ငွေများမှာ လောင်းကစားဒိုင်များနှင့် လိုင်းကြေးကောက်သော အကျင့်ပျက် ရဲများထံသာရောက်ရှိနေရပါသည်။ ကျွန်တော်တို့ မြိတ်မြို့တွင် ၂၀၁၁ခုနှစ် ၆လပိုင်း ရလပိုင်း လောက်ကတော့ လောင်းကစားဒိုင်များရပ်နားသွားကြပါသည်။ ယခုပြန်၍ ယခင်အတိုင်း မြို့ပေါ်ကျေးရွာ အနှံအပြားမှာ လောင်းကစားဒိုင်များ ပြန်လည်လုပ်ကိုင်နေသည်ကိုတွေ့ရပါသည်။ ကျွှန်တော်တို့ မြို့သစ်ဈေးထဲတွင် လောင်းကစားဒိုင်များသည် ရဲအဖွဲ့များအား လိုင်းကြေးပေးပြီး ပြောင်ပြောင်တင်းတင်းပင် ရောင်းချနေကြပါသည်။

ပြီးခဲ့သော ၁လပိုင်းက လူကြီးလာမည်ဆို၍ လောင်း ကစားဒိုင်များအား ရဲများကတစ်ပါတ်နားရန်ပြောသည်ဟုသိရပါသည်။ ယခုပြန်၍ ရောင်းချနေပြန်သည်။ တစ်ကယ်ဖမ်းလျှင် တစ်ကယ်မလုပ်ရဲကြပါ ထိထိရောက်ရောက်နှင့် ကင်းစင်ပပျောက်အောင် ဆောင်ရွက်ပေးကြပါဟု နိုင်ငံအကျိုးကို လိုလားသော နိုင်ငံသားတစ်ယောက်အနေနှင့် ရေးသားလိုက်ပါသည်။



Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment