ကျောင်းကနေခွာရမည့် ရွှေညဝါဆရာတော် သစ်ပင်အောက် သီတင်းသုံးမည်
by အေးနိုင်
ရွှေညဝါဆရာတော် ဘဒ္ဒန္တ ဦးပညာသီဟဟာ လာမယ့် ၁၉ ရက်နေ့ကျရင် လက်ရှိ
သီတင်းသုံးနေထိုင်တဲ့ ရန်ကုန်တိုင်းဒေသကြီး
ကြည့်မြင်တိုင်မြို့နယ်တွင်းက သာဓု ပရိယတ္တိစာသင်တိုက်ကနေ
ထွက်ခွာမှာဖြစ်ပြီး မှော်ဘီမြို့နယ်က ခြံတခြံရဲ့ သစ်ပင်အောက်
သီတင်းသုံးမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို ဆရာတော်က “မှော်ဘီကို ကျုပ် ဒကာ၊ ဒကာမတွေက
လှူထားတဲ့ခြံရှိတယ်။ လောလောဆယ် ကျောင်းလည်း မဆောက်ရသေးဘူး။
ဆောက်ဖို့လည်း မရှိသေးဘူး။ အဲဒါအတွက် သစ်ပင်အောက်မှာပဲ နေမယ်
လောလောဆယ်” လို့ မိန့်ပါတယ်။
ဒီပြုကျင့်မှုဟာ ဘုရားဟောအတိုင်းဖြစ်ပြီး ကျောင်းရှိရင်ရှိ၊
မရှိရင် သစ်တပင်အောက်မှာ နေရမယ်လို့ ဘုရားဟောအတိုင်း
ကျင့်ကြံတာပါလို့ ဆရာတော်က မိန့်ပါတယ်။
ဆရာတော်ကို ကျောင်းတိုက်ကနေ ထွက်ခွာပေးဖို့ နိုင်ငံတော်
သံဃမဟာနာယက အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာတဲ့အနေနဲ့ ထွက်ခွာတာ
ဖြစ်ပါတယ်။
ဆရာတော် သွားရောက်သီတင်းသုံးဖို့ စီစဉ်ထားတဲ့ခြံဟာ
ရန်ကုန်မြို့ အထွက်က သဲအင်းဂူ ဝိပသာနာရိပ်သာ ကျောင်းတိုက်ကြီးဆိုတဲ့
ဆိုင်းဘုတ် ရောက်တဲ့အခါ အဲဒီဆိုင်းဘုတ်အောက်ကနေ ၄ မိနစ်ခန့်
ကားမောင်းဝင်ရပြီး ၄ ဧကခွဲခန့် ကျယ်ဝန်းတယ်လို့ ဆိုပါတယ်။
ဆရာတော် နေရာသစ်ကို ကြွသွားတဲ့အခါ ကျောင်းတိုက်မှာ လက်ရှိ
ပညာသင်ကြားနေတဲ့ ဦးဇင်း၊ ကိုရင်၊ ကျောင်းသား စုစုပေါင်း ၁၀၀
ကျော်ကို တပါတည်း ခေါ်ဆောင်သွားမှာလို့ မိန့်ပါတယ်။
“အကုန်လုံး ကျုပ်ခေါ်သွားမှာ။ ဟ မလိုက်လို့ သူတို့က စာသင်သား
ဘယ်မှာ နေရမှာတုန်း။ တပါးတည်း ကြွခိုင်းပေမယ့် ကျုပ်ကို
မှီခိုနေတဲ့သံဃာတွေ ရှိတယ်။ သူတို့အတွက်လည်း နေစရာထိုင်စရာ
ကျုပ်မှာကလည်း အခက်အခဲ ရှိနေတယ်။ တရုတ်နည်းပညာနဲ့
ကျုပ်တို့နိုင်ငံထဲမှာ အဆောက်အဦကို ချက်ချင်းဆောက်
ချက်ချင်းနေလို့ရတဲ့ နည်းပညာတွေ ရှိပြီလေ။ ပိုက်ဆံပေးပြီး
လုပ်ခိုင်းမှာပေါ့။”
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆရာတော်ကို မနှစ် ဖေဖော်ဝါရီ
လဆန်းပိုင်းမှာ တရားဟောခွင့် တနှစ်ပိတ်ပင်ခဲ့ပါတယ်။ အဲဒီနောက်
တနှစ်မပြည့်ခင်မှာ စည်းကမ်းချိုးဖောက်တယ်ဆိုပြီး ကျောင်းတိုက်ကနေ
ဒီလ ၁၉ ရက်နေ့မှာ ထွက်ခွာဖို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က
ဆုံးဖြတ်ခဲ့ပါတယ်။
ဒီလဆန်းမှာတော့ တနှစ်ပိတ်တာပြည့်ပြီ ဖြစ်ပေမယ့် နောက်တနှစ်ဟောခွင့် ပိတ်ခဲ့ပါတယ်။
လယ်ယာထွက်ကုန် လွတ်လပ်စွာ စိုက်ပျိုးရောင်းချနိုင်ရေး ဒေါ်စုပြော
ဧရာဝတီတိုင်းသို့ ဒုတိယအကြိမ် ရွေးကောက်ပွဲအောင်နိုင်ရေး ခရီးစဉ်ဖြစ်သည့် သောကြာနေ့ ဖျာပုံခရီးစဉ် အတွင်း လူထုပရိသတ် လေးသောင်းခန့်ကို မိန့်ခွန်း ပြောကြားရာတွင် စိုက်ပျိုးရေးအတွက် အထောက်အကူ
ဖြစ်စေမည့် နည်းလမ်းများကို အကောင်အထည် ဖေါ်ပေးမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်း ပြောကြားသွားသည်။
“မလိုအပ်တဲ့ ကန့်သတ်မှုတွေ ချုပ်ချယ်မှုတွေကို ဖယ်ရှားပေးဖို့ လိုပါတယ်။ ဒါတွေကို လွတ်လွတ်လပ်လပ် စိုက်ပျိုးရောင်းချချင်တဲ့ တောင်သူလယ်သမားများ အားလုံး နားလည်မှာ ဖြစ်ပါတယ်။ မလိုလားအပ်တဲ့ အကန့်အသတ် အချုပ်အချယ်တွေကို ဖယ်ရှားပေးရုံနဲ့ မလုံလောက်သေးပါဘူး။ အထောက်အကူဖြစ်မယ့် စည်းမျဉ်း စည်းကမ်းတွေ၊ အထောက်အကူဖြစ်မယ့် လုပ်ငန်းတွေကိုလည်း အကောင်အထည် ဖေါ်ပေးရမှာ
ဖြစ်ပါတယ်။ ဒီဟာတွေ အားလုံးဖြစ်ဖို့ ကျမတို့ ကြိုးစားပါမယ်” ဟု ပြောကြားသွားသည်။
ထို့အပြင် စစ်မှန်သည့် ဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်နိုင်မည်ဆိုပါက ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများမှ အထက်ပါအချက်များ အကောင်အထည် ပေါ်ရေးအတွက် ကူညီပေးရန်လည်း အသင့်ရှိနေသည်ဟုလည်း သူက ပြောကြားသွားသည်။
“လှိုင်သာယာ တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြမှု့ နောက်ဆုံးအခြေအနေ”
လှိုင်သာယာ စက်မှုဇုန် (၃) ရှိ တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြမှု ဟာ.6.2.2012 မှ 17.2.2012 ထိ (၁၂) ရက်ကြာမြင့် ခဲ့ ပါပြီ...နေ့စဉ် နံက် ၆း၃၀ မှစပြီး တားသပိတ် ကို အလုပ်သမား(၁၈၄၅) ဦး မှ ပြုလုပ်ပါသည်...တိုင်ရီ အလုပ်သမား ကိုယ်စားလှယ် (၄၆)ဦး ရှိပါတယ်..အလုပ်ပိုင်ရှင်မှ အပြင်ထွက်မည့် ရေပိုက်ကို ပိတ်လိုက်သည့်အတွက် သောက်ရေနှင့်အစားအစာ အရေးတကြီး လိုအပ်နေ ပါတယ်...
သို့ဖြစ်ပါ၍ ဆန္ဒပြအလုပ်သမားများအတွက် အလုပ်သမား ကိုယ်စားလှယ် (၄၆)ဦးသို့ ဆက်သွယ်၍လည်းကောင်း၊ ကိုဖိုးဖြူထံသို့လည်းကောင်း တစ်ဦးချင်းဖြစ်စေ အစုအဖွဲ့လိုက်ဖြစ်စေ ဆက်သွယ် ကူညီပေးကြပါရန် နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။
ရေသန့် 1 liter ၁ ဘူး ၃၀၀ိ x ၁၈၄၅ ဦး = ၅၅၃,၅၀၀ိ
ပေါင်မုန့်( ၁ ) ခု ကို ၁၅၀ိ x ၁၈၄၅ ဦး = ၂၇၆၇၅၀ိ
စုစုပေါင်း တစ်နေ့ = ၈၃၀၂၅၀ိ
မည်သူမဆို ရှေ့နေ ကိုဖိုးဖြူနှင့်အဖွဲ့သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
ဆက်သွယ်ရမည့်ဖုန်းနံပါတ်မှာ 09-73000441
18.2.2012 (စနေနေ့)တွင် အဆောင်နေ ၀န်ထမ်းအမျိုးသမီး 1000 ကျော်အား အဆောင်မှဆင်းပေးရန် အလုပ်ရှင်မှပြောသည်။ ရှေ့နေကိုဖိုးဖြူတို့အဖွဲ့မှ မဆင်းပေးပဲဆက်လက်နေထိုင်ရန်နှင့်  အတင်းအကြပ် ဆင်ခိုင်းပါက အဆောင်လခပေး၍ နေထိုင်ရသည့်အတွက် အိမ်ရှင် အိမ်ငှား ဥပဒေဖြင့် တရားစွဲပေးမည်။
ယခု အလုပ်သမားဝါဏိဇ္ဇခုံရုံးသို့ အလုပ်သမားအရေးကိုတင်ပြရန် ရှေ့နေ ကိုဖိုးဖြူတို့အဖွဲ့မှ ပြင်ဆင်နေပါသည်။ ထို့ကြောင့် အလုပ်သမားဆန္ဒပြမှုဟာ ရက်ရှည်ကြာနိုင်ပါသည်။
လှိုင်သာယာ စက်မှုဇုန် (၃) ရှိ တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြမှု ဟာ.6.2.2012 မှ 17.2.2012 ထိ (၁၂) ရက်ကြာမြင့် ခဲ့ ပါပြီ...နေ့စဉ် နံက် ၆း၃၀ မှစပြီး တားသပိတ် ကို အလုပ်သမား(၁၈၄၅) ဦး မှ ပြုလုပ်ပါသည်...တိုင်ရီ အလုပ်သမား ကိုယ်စားလှယ် (၄၆)ဦး ရှိပါတယ်..အလုပ်ပိုင်ရှင်မှ အပြင်ထွက်မည့် ရေပိုက်ကို ပိတ်လိုက်သည့်အတွက် သောက်ရေနှင့်အစားအစာ အရေးတကြီး လိုအပ်နေ ပါတယ်...
သို့ဖြစ်ပါ၍ ဆန္ဒပြအလုပ်သမားများအတွက် အလုပ်သမား ကိုယ်စားလှယ် (၄၆)ဦးသို့ ဆက်သွယ်၍လည်းကောင်း၊ ကိုဖိုးဖြူထံသို့လည်းကောင်း တစ်ဦးချင်းဖြစ်စေ အစုအဖွဲ့လိုက်ဖြစ်စေ ဆက်သွယ် ကူညီပေးကြပါရန် နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။
ရေသန့် 1 liter ၁ ဘူး ၃၀၀ိ x ၁၈၄၅ ဦး = ၅၅၃,၅၀၀ိ
ပေါင်မုန့်( ၁ ) ခု ကို ၁၅၀ိ x ၁၈၄၅ ဦး = ၂၇၆၇၅၀ိ
စုစုပေါင်း တစ်နေ့ = ၈၃၀၂၅၀ိ
မည်သူမဆို ရှေ့နေ ကိုဖိုးဖြူနှင့်အဖွဲ့သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
ဆက်သွယ်ရမည့်ဖုန်းနံပါတ်မှာ 09-73000441
18.2.2012 (စနေနေ့)တွင် အဆောင်နေ ၀န်ထမ်းအမျိုးသမီး 1000 ကျော်အား အဆောင်မှဆင်းပေးရန် အလုပ်ရှင်မှပြောသည်။ ရှေ့နေကိုဖိုးဖြူတို့အဖွဲ့မှ မဆင်းပေးပဲဆက်လက်နေထိုင်ရန်နှင်
ယခု အလုပ်သမားဝါဏိဇ္ဇခုံရုံးသို့ အလုပ်သမားအရေးကိုတင်ပြရန် ရှေ့နေ ကိုဖိုးဖြူတို့အဖွဲ့မှ ပြင်ဆင်နေပါသည်။ ထို့ကြောင့် အလုပ်သမားဆန္ဒပြမှုဟာ ရက်ရှည်ကြာနိုင်ပါသည်။
ကူဝိတ်သဲကန္တရထဲတွင် မြန်မာ အလုပ်သမား ၁၆၀ ဒုက္ခတွေ့နေ
ကူဝိတ်နိုင်ငံတွင် လက်သမား အလုပ် လုပ်ရမည်ဟု ဆိုကာ ခေါ်ယူသွားသော မြန်မာနိုင်ငံသား ၁၆၀ ကို သဲကန္တရထဲတွင် မြေတူးသည့် အလုပ်ကြမ်းများ စေခိုင်းနေသဖြင့် အထူး ဒုက္ခရောက်နေကြရကြောင်း မြန်မာနိုင်ငံသား တစ်ဦးမှ နိရဉ္စရာသို့ ပေးပို့သောစာတွင် ဖေါ်ပြထားသည်။
မြန်မာနိုင်ငံသား ၁၆၀ အား ၂၀၁၁ ခုနှစ်အောက်တိုဘာလအတွင်းက ရွှေအင်အား ကုမ္ပဏီမှ ကူဝိတ်နိုင်ငံတွင် လက်သမားများ အလုပ် ရမည်ဆိုကာ ပို့ပေးခဲ့ကြောင်း၊ သို့သော်လည်း ကူဝိတ်နိုင်ငံသို့ ရောက်သောအခါ လက်သမား အလုပ်ကို မလုပ်ရဘဲ ကူဝိတ်နိုင်ငံ၏ သဲကန္တရ တစ်ခုသို့ပို့ကာ မြေတွင်းများတူးသည့် အလုပ်များ စေခိုင်းနေကြောင်း၊ သူတို့အား ကူဝိတ်နိုင်ငံတွင် တရားဝင် နေထိုင်ခွင့် ကဒ်ပြားများကိုလည်း ထုတ်ပေးခြင်း မရှိကြောင်း၊ သို့အတွက် ကျန်းမာရေး ချို့ယွင်းသူ မြန်မာနိုင်ငံသားများကို ဆေးရုံပြ၍လည်း မရဘဲ ဖြစ်နေကြောင်း အဆိုပါ ပေးပို့သော စာတွင် ဖေါ်ပြသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကူဝိတ်နိုင်ငံရောက် ရခိုင်လူငယ် တစ်ဦးကို နိရဉ္စရာက မေးမြန်းရာသူက ယခုလို ပြောသည်။
" အခု သူတို့က တော်တော် ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။ သူတို့ကို ကူဝိတ်နိုင်ငံက စက်ရုံ တစ်ခုမှာ လက်သမား အလုပ်တွေ ရမယ်ဆိုပြီး ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ အခု ကူဝိတ်နိုင်ငံကိုရောက်တော့ သဲကန္တရ တစ်ခုကို စေလွှတ်ပြီး မြေတူးခိုင်းတယ်လို့ သိရပါတယ်။ မြေတူးရတာကလည်း အောက်ကို လူအရပ် ၂ ရပ်စာနဲ့ အနိမ့်ဆုံး ဆိုရင် တစ်ရပ် လက်တခတ်ထိ အဲသလိုမျိုး တူးရတယ်လို့ ပြောပါတယ်။ ဆောင်းတွင်းဆို ချမ်းကလည်း အရမ်းချမ်းတဲ့ သဲကန္တရထဲမှာ တစ်နေ့မှ မအားရဘဲ နေ့တိုင်း တူးနေရတယ်လို့ ကျွန်တော် ဆီကို အကြောင်းကြားပါတယ်။ ပေးတဲ့ လစာကလည်း တစ်လကို အမေရိကန်ဒေါ်လာ ၃၀၀၊ ကူဝိတ်ပိုက်ဆံ ဆိုရင် (ကူဝိတ်ဒီနာ ၉၀)ရတယ်လို့ ပြောပါတယ်" ဟု သူက ပြောသည်။
အဆိုပါ အလုပ်သမားများအား ရွှေအင်အား ကုမ္ပဏီမှ တစ်လ ကျပ် (၅) သိန်းနှင့် (၆)သိန်း အကြားရမည်ဆိုကာ ကူဝိတ်နိုင်ငံသို့ ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
" ဒါ့ပြင် ပိုဆိုးတာက သူတို့ နေမကောင်းရင် ဆေးခန်းပြတာ၊ ဆရာဝန်ကို ခေါ်ပြတာတွေလည်း မရှိဘူးလို့ သိရပါတယ်။ ဗမာကောင်လေး တစ်ယောက်က ခြေထောက်ကျိုးသွားတာ ဆေးရုံပြတာ မရှိဘဲ အေးဒီ ကန္တရထဲမှာဘဲ ဖြစ်သလိုကုနေရတယ်လို့ ပြောပါတယ်။ အခု တစ်လလောက်တောင် ရှိနေပြီး အလုပ်တောင် မဆင်းနိုင်သေးဘူးလို့ သိရပါတယ်။ ကျောက်ဖြူက ကောင်လေး တစ်ယောက်လည်း အစာအိမ်ရောဂါ ဖြစ်ပြီး ဗိုက်အောင့်တာကို ဆေးရုံမပြဘဲထားတယ်လို့ သိရပါတယ်။ ဗိုက်အောင့်ရင် အလုပ်မဆင်းနိုင်ဘူး။ သက်သာရင် အလုပ်ဆင်းတယ်။ အလုပ်မဆင်းရင် ပိုက်ဆံကိုလည်း ဖြတ်တယ်လို့ ပြောပါတယ်" ဟု သူက ပြောသည်။
မြန်မာ အလုပ်သမားများအား ကူဝိတ်သို့ ပို့ဆောင်သော ကုမ္ပဏီမှာ ရန်ကုန် လှိုင်သာယာ FMI ထဲတွင် ရုံးခန်းဖွင့် ထားပြီး အဆိုပါ ကုမ္ပဏီမှ မင်းသူဟု အမည်ရသော လူယုံ တစ်ယောက်ကိုလည်း ကူဝိတ်နိုင်ငံသို့ စေလွှတ်ပြီး အလုပ်သမားများကို ကြီးကြပ်နေကြောင်း သိရသည်။
ယခုအခါ ကိုမင်းသူမှာ ဘာသာပြန်အဖြစ် ဆောင်ရွက်နေပြီး မြန်မာ အလုပ်သမားများဘက်မှ မရပ်တည်ဘဲ ကုမ္ပဏီဘက်မှ ရပ်တည်ကာ မြန်မာ အချင်းချင်း ခွဲခြားဆက်ဆံမူများ ရှိနေကြောင်း သိရသည်။ မြန်မာ အလုပ်သမားများ လုပ်နေသော ကုမ္ပဏီမှာ ကူဝိတ်နိုင်ငံတွင် လာရောက် အလုပ် လုပ်နေသော ကိုးရီးယား အခြေစိုက် SAMSUNG ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။
မြန်မာ အလုပ်သမား ၁၆၀ တွင် ၃၀ ခန့်မှာ ရခိုင်အမျိုးသားများ ဖြစ်ပြီး ထိုအထဲမှ အများစုမှာ ကျောက်ဖြူမှ ဖြစ်ကြောင်း သိရသည်။ ရွှေအင်အားကုမ္ပဏီသည် ကျောက်ဖြူမြို့တွင် လာရောက် အလုပ် လုပ်စဉ် ကုမ္ပဏီနှင့် အလုပ် အတူတူ လုပ်ဖူးသော လက်သမားများကို ကူဝိတ်နိုင်ငံ စက်ရုံ တစ်ခုတွင် လက်သမား အလုပ်ရမည်ဆိုကာ ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်သင့် ဖြစ်ထိုက်သော ဥပဒေပြဋ္ဌာန်းချက်များ ထည့်သွင်းပြဋ္ဌာန်းနိုင်ရေး ပြည်သူတို့ ပူးပေါင်းပါဝင် ဆန္ဒပြုခွင့်ပေးပါရန်ကိစ္စ။
သို့
ဦးခင်အောင်မြင့်
နာယက
ပြည်ထောင်စုလွှတ်တော်
နေပြည်တော်။
ရက်စွဲ ၊ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်
အကြောင်းအရာ ။ ။ ဥပဒေကြမ်း(၂)ရပ်အား အတည်ပြုခြင်းကို ဆိုင်းငံ့ပေးပါရန်ကိစ္စနှင့် ဖြစ်သင့် ဖြစ်ထိုက်သော ဥပဒေပြဋ္ဌာန်းချက်များ ထည့်သွင်းပြဋ္ဌာန်းနိုင်ရေး ပြည်သူတို့ ပူးပေါင်းပါဝင် ဆန္ဒပြုခွင့်ပေးပါရန်ကိစ္စ။
ရည်ညွှန်းချက် ။ ။ (၁) လယ်ယာမြေဥပဒေကြမ်း
(၂) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကြမ်း
လေးစားစွာ တင်ပြအပ်ပါသည်။
၁။ ။ အထက်ဖော်ပြပါဥပဒေကြမ်း (၂)ရပ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတောင်သူလယ်သမားများ၊ နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် ကျွမ်းကျင်သူများက သောကမအေးဖြစ်လျက် အရေးတကြီး ကိစ္စအဖြစ် ဆွေးနွေးပြောဆို၊ သုံးသပ်လျှက်ရှိကြပါသည်။
၂။ ။ အဆိုပါဥပဒေကြမ်း (၂)ရပ်သည် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁)၊ နိုင်ငံတော် အခြေခံမူများ၊ ပုဒ်မ - ၂၃ ပါ ပြဋ္ဌာန်းချက်နှင့် ပုဒ်မ - ၂၉ တွင် ပြဋ္ဌာန်းချက်များအရလည်းကောင်း၊ (၃၀.၃.၂၀၁၁)ရက်တွင် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်း ပြောကြားရာ တွင် တောင်သူလယ်သမားများ အခွင့်အရေးကာကွယ်ရန် ဥပဒေပြဋ္ဌာန်းရေးအတွက် အလေးပေး မိန့်ကြားချက် နှင့်လည်းကောင်း၊ ၀ိရောဓိဖြစ်လျက်ရှိကြောင်း တင်ပြပါသည်။
၃။ ။ တောင်သူလယ်သမားများ၊ ပညာရပ်နယ်ပယ်အသီးသီးမှ ပညာရှင်များသည် အဆိုပါဥပဒေကြမ်း (၂)ရပ်အပေါ် စိုးရိမ်ပူပန်ကာမျှမဟုတ်မူဘဲ နိုင်ငံတော်၏အကျိုးစီးပွား၊ ပြည်သူတို့၏ အကျိုးစီးပွားနှင့် တောင်သူ လယ်သမားများ၏ အကျိုးစီးပွားကို လက်တွေ့အကောင်အထည်ဖော် လုပ်ကိုင်လျှင် လက်တွေ့အကျိုး ဖြစ်ထွန်းနိုင်သည့် နည်းလမ်းကောင်းများပါရှိသော တောင်သူလယ်သမားဥပဒေတစ်ရပ် ပေါ်ထွန်းရေးအတွက် အညီအညွတ် ဆွေးနွေးတိုင်ပင်လျှက်ရှိပါသည်။
၎။ ။ ထင်ရှားသည့် ဆွေးနွေးပွဲများနှင့် ဆောင်ရွက်လှုပ်ရှားမှုများကို ကောက်နှုတ် တင်ပြပါသည်။
(က) ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)ရှိ တောင်သူလယ်သမားများကို ဦးမင်းမင်း က အကြိမ်ကြိမ် သွားရောက်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းပြီးနောက် (၂၇.၁၂.၂၀၁၁)ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ ကြီးထံ စုပေါင်းလက်မှတ်ရေးထိုးပြီး ဥပဒေကြမ်းများအား ကန့်ကွက်ကြောင်းတင်ပြခြင်း။
(ခ) ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ တယ်ပင်(၁)ရွာတွင် (၄.၁.၂၀၁၁)ရက်က ဦးဟန်ဝင်းရှင် (ရှေ့နေကြီး)က ဦးဆောင်ပြီး တောင်သူလယ်သမားများ ပညာရှင်များနှင့် ကျွမ်းကျင်သူများ တွေ့ဆုံ စည်းဝေး နှီးနှောဖလှယ်ပွဲကြီး ပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေး ကြီးကလည်း ဆန္ဒပြုချက်များ ထုတ်ပြန်ခဲ့ခြင်း။
- ၂ -
(ဂ) (၁၈.၁.၂၀၁၁)ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ (Park Royal Hotel)၌ ဦးဝင်းမျိုးသူနှင့် ပညာရှင်များက တောင်သူလယ်သမားရေးရာ ဥပဒေများနှင့်စပ်လျဉ်း၍ စာတမ်းဖတ်ကြားခြင်း။
(ဃ) မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ စစ္စရံကျေးရွာတွင် (၂၃.၂.၂၀၁၁)ရက်က ဦးမျိုးသန့်က ဦးဆောင်ဦးရွက်ပြုကာ တောင်သူလယ်သမားများနှင့် ပညာရှင်များ အစည်းအဝေးကြီးတစ်ခု ကျင်းပပြီး တောင်သူလယ်သမားများဥပဒေနှင့် စပ်လျဉ်း၍ စစ္စရံသဘောထား ဥပဒေရှုထောင့် ဆန္ဒပြုချက်စာတမ်း ထုတ်ပြန်ခဲ့ခြင်း။
၅။ ။ အထက်ဖော်ပြပါ ဆွေးနွေးပွဲကြီးတို့၏ ဆန္ဒပြုချက်၊ အဆိုပြုချက်နှင့် အများသဘောတူ အတည်ပြုချက် တို့အား လေးစားခံယူ အသိအမှတ်ပြုလျက် တောင်သူလယ်သမားများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ နိုင်ငံရေးနယ်ပယ်မှပုဂ္ဂိုလ်များ၊ ဥပဒေပညာရှင်များ၊ စိုက်ပျိုးရေးပညာရှင်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျွမ်းကျင် သူများ၊ လူ့အခွင့်အရေးဆောင်ရွက်နေသူများနှင့် တခြားစိတ်ပါဝင်စားသူများ ပါဝင်သော ဆွေးနွေးနှီးနှောဖလှယ်ပွဲညီလာခံတစ်ရပ် (၁၀.၂.၂၀၁၂)ရက်နေ့တွင် ခေါ်ဆိုကျင်းပပြီး ပူးတွဲပါ ထည့်သွင်း ပြဋ္ဌာန်းထိုက်သည်ဟု ဆန္ဒပြုသော ဥပဒေပြဋ္ဌာန်းချက်ဆိုင်ရာ ဆွေးနွေးအကြံပြု တိုက်တွန်းချက် စာတမ်းနှင့် တကွ လေးစားစွာ လက်မှတ်ရေးထိုးဆန္ဒပြုတောင်းဆိုအပ်ပါသည်။ ထို့အပြင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်သမ္မတကြီးက လက်မှတ်ရေးထိုး အတည်ပြုပေးပါရန် ဆန္ဒပြုသော အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် နိုင်ငံတကာသဘောတူစာချုပ် ဥပဒေအမှတ် ၁၆၉ (ILO Convention No.169) ဘာသာပြန်ကိုလည်း ပူးတွဲတင်သွင်းအပ်ပါသည်။
၆။ ။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံလူဦးရေး၏ ၇၀%ရှိသော နိုင်ငံ၏တနံတလျား၊ တောင်ပေါ်မြေပြန့်တို့တွင် ရှိကြသည့် တောင်သူလယ်သမားတို့အတွက် ရေးဆွဲထားသော အထက်ပါဥပဒေကြမ်းနှစ်ရပ်သည် ဥပဒေပြုခြင်း ဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေလိုသော ဆန္ဒရှိကြသည်ဖြစ်၍ ယခုဥပဒေကြမ်း (၂)ရပ် အား ပြည်ထောင်စုလွှတ်တော်က အတည်ပြုခြင်းကို ဆိုင်းငံ့ထားပြီး တောင်သူလယ်သမား ပြည်သူတို့၏ ဆန္ဒကို စောလျင်စွာ ကြားနာပေးနိုင်ပါရန် ပြည်ထောင်စုလွှတ်တော်ထံသို့ လေးစားစွာ ပန်ကြားတင်ပြပါသည်။
ဦးဖိုးဖြူ (ဥပဒေအတိုင်ပင်ခံ)
(တောင်သူလယ်သမားများအရေးနှင့် လယ်ယာမြေဥပဒေများဆိုင်ရာဆွေးနွေးအကြံပြုတိုက်တွန်းသူများ)
ဒူးဝါးခွန်မန်းနိုင်နှင့် ဥပဒေလုပ်ဖော်ကိုင်ဖက်များ
အမှတ်(၃၄၃)၊ ၃-လွှာ(၀ဲဘက်)၊ ဗိုလ်ဆွန်ပက်လမ်း (အထက်ဘလောက်)၊
ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၁ ၃၈၈၂၇၉၊ ၀၉ ၇၃၀၀၀၄၄၁၊ ၀၉ ၄၃၀၄၀၇၆၉

ထိုင်းကုမ္ပဏီနဲ့ မြန်မာ Forever Group ဖက်စပ်လုပ်မည်
ထိုင်းနိုင်ငံရဲ့ မီဒီယာနဲ့ ဖျော်ဖြေရေး လုပ်ငန်းကြီး တစ်ခုဖြစ်တဲ့ BEC-Tero ကုမ္ပဏီဟာ မြန်မာနိုင်ငံက Forever Group နဲ့ ဖက်စပ်လုပ်ကိုင်ဖို့ စီစဉ်နေကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဒီကနေ့ ဖော်ပြပါတယ်။
Forever Group ဟာ လက်ရှိ MRTV- 4 ရုပ်မြင်သံကြားလိုင်းကို ထုတ်လွှင့်နေပါတယ်။
BEC-Tero ကုမ္ပဏီရဲ့မဟာဗျူဟာ စီမံရေး ညွှန်ကြားရေးမှူးက ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကို လုပ်ငန်းတိုးချဲ့ဖို့ နှစ်နှစ်လောက် လေ့လာ စောင့်ကြည့်ခဲ့ကြောင်း၊ မြန်မာနဲ့ ပူးတွဲဖက်စပ် လုပ်ကိုင်ရာမှာ နည်းပညာ ပံ့ပိုးမှုတွေ ပေးသွားမှာဖြစ်ပြီး ရုပ်သံလိုင်းအသစ် လိုင်းအမှတ် ၇ အတွက် ရုပ်မြင်သံကြား ဇာတ်လမ်းတွေ၊ မနက်ခင်း သတင်းအစီအစဉ်တွေ ပူးတွဲ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ လာမယ့် ဧပြီလ အလယ်ပိုင်းလောက်မှာ စတင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။
ဖက်စပ်ဆောင်ရွက်ရာမှာ BEC-Tero ကုမ္ပဏီက အစုရှယ်ယာ ၄၉ ရာနှုန်း၊ Forever Group က ၅၁ ရာနှုန်း ပါဝင်မှာဖြစ်ပါတယ်။ စုစုပေါင်းဖက်စပ်ပမာဏကိုတော့ မသိရပါဘူး။
BEC-Tero ကုမ္ပဏီဟာ ထိုင်းနိုင်ငံ BEC World ကုမ္ပဏီကြီးရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး ရေဒီယို၊ ရုပ်မြင်သံကြား၊ စင်တင်ဇာတ်ပွဲတွေ ထုတ်လွှင့် ပြသနေပါတယ်။ မနှစ်က ထိုင်းဘတ်ငွေ သန်း နှစ်ထောင့်ရှစ်ရာ ၀င်ငွေရရှိခဲ့ပြီး ဒီနှစ်မှာ သန်း သုံးထောင် ရမယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ GE ကုမ္ပဏီ စဉ်းစားနေ
နာမည်ကျော် အမေရိကန် GE လျှပ်စစ်ကုမ္ပဏီက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်တစား လေ့လာနေကြောင်း၊ မြန်မာနဲ့ အမေရိကန်နိုင်ငံအကြား ဆက်ဆံရေး ပြေပြစ်လာမှုကြောင့် သူတို့ကုမ္ပဏီအတွက် ဈေးကွက်သစ် ဖြစ်လာနိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။
Augusta State University General Electric Company ၏ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ John G.Rice ဖြစ်ပါသည်။
GE လို့အတိုကောက်ခေါ်တဲ့ General Electric Co ရဲ့ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ John Rice က မြန်မာပြည်ဟာ လူဦးရေ သန်း ၆၀ ရှိပြီး သယံဇာတ ကြွယ်ဝတဲ့အပြင် အခုအခါ အစိုးရက ဈေးကွက်တွေကို ဖွင့်ပေးနေတဲ့အတွက် မိမိတို့အနေနဲ့ သွားရောက်လုပ်ကိုင်ဖို့ အာရုံစိုက်ရမယ့် တိုင်းပြည်ဖြစ်ကြောင်း မနေ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
တစ်ဆက်တည်းမှာပဲ GE ကုမ္ပဏီ အကြီးအကဲ မစ္စတာ Rice က မကြာခင် သီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံကို မိမိသွားရောက် လေ့လာမယ်၊ အခုလို အစိုးရက ဈေးကွက်ဖွင့်လာတာကို မိမိတို့က ပါဝင်ကူညီရမယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ အမေရိကန် GE ကုမ္ပဏီဟာ အခြေခံ လူသုံးလျှပ်စစ်ပစ္စည်းတွေကနေ လေယာဉ်ပျံ အင်ဂျင်တွေ၊ တာဘိုင်စက်တွေအထိ ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ရန်ကုန်မှာ မိုးပျံနဲ့ မြေအောက် ရထားလိုင်း တည်ဆောက်ရေး လေ့လာနေ
ရန်ကုန်မြို့မှာ မိုးပျံရထားနဲ့ မြေအောက် ရထားလိုင်း တည်ဆောက်နိုင်မယ့် အခြေအနေကို အစိုးရက လေ့လာနေတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဖြစ်နိုင်မယ့် နည်းလမ်းတွေကို နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ ဆွေးနွေး ကြည့်နေတယ်လို့ မီးရထားဝန်ကြီး ဦးအောင်မင်းက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဒါပေမယ့် နေပြည်တော်မှာတော့ အလားတူ စီမံကိန်းမျိုးဆောင်ရွက်ဖို့ အစီအစဉ်မရှိဘူးလို့လည်း ဦးအောင်မင်းက ပြောပါတယ်။ ရန်ကုန်မှာ တည်ဆောက်ဖို့ စဉ်းစားနေတဲ့ မိုးပျံနဲ့ မြေအောက် ရထားလိုင်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တွေက ပုံစံမျိုး တည်ဆောက်ဖို့ ကြံဆနေတာလို့ ဦးအောင်မင်းက ဆိုပါတယ်။
ဒီရထားလိုင်း စီမံကိန်းကို အမေရိကန်၊ ဂျာမနီ၊ ဂျပန်နဲ့ စင်္ကာပူက ကုမ္ပဏီတွေ စိတ်ဝင်စားနေကြတယ်လို့လည်း သူကပြောပါတယ်။ ဒီအစီအစဉ်ကို ဘယ်တော့လောက်စပြီး အကောင်အထည် ဖေါ်မှာလဲလို့ ရိုက်တာသတင်းထောက်တွေက မေးတဲ့အခါ ဒီကိစ္စဟာ BOT စနစ်လို့ ခေါ်နေကြတဲ့ တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း ဆိုတဲ့ အခြေအနေပေါ်မှာ တည်နေလို့ တည်ဆောက်မယ့် ကုမ္ပဏီတွေ ရှိလာရင် ညှိနှိုင်းဆွေးနွေး လုပ်ကိုင်ခွင့်ပြုမှာဖြစ်ကြောင်း ရထားဝန်ကြီးက ပြန်လည ဖြေကြားသွားပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေး အချက်အချာကျတဲ့ ရန်ကုန်မြို့မှာ လူဦးရေ ၆ သန်းလောက်ရှိပြီး တစ်နိုင်ငံလုံး လူဦးရေရဲ့ ၁၀ ပုံ ၁ ပုံနေထိုင်ကြတာ ဖြစ်ပါတယ်။
မငြိမ်းချမ်းခဲ့တဲ့ တချိန်က ငြိမ်းချမ်းရေး
By featured, ထူးစေး on February 16, 2012 6:05 pm
အဲဒီတုန်းကတော့ အမှတ်တမဲ့ပါ။ ဒါပေမယ့် တချို့အမှတ်တမဲ့တွေဟာ အဖိုးတန်တဲ့ စာအုပ်တအုပ်က စာမျက်နှာတရွက်မှာ ရေးထားတဲ့ အကြောင်းအရာ တပိုဒ်လို့ ပြောရမှာပါ။တချိန်မှာ လိုအပ်လာတော့ ရှာကြဖွေကြ ပြန်လှန်ကြည့်ကြရတာပေါ့။ အခုလည်း အကြောင်း ဖန်လာလို့ အဲဒီအမှတ်တမဲ့တခုကို ပြန်ပြောင်းမြင်မိပါတယ်။
(ဓာတ်ပုံ - ဧရာဝတီ)
အဲဒီတုန်းကဆိုတာ ၂၀၀၀ – ၂၀၀၁ ခုနှစ် လောက်ကပါ။ ရန်ကုန်မြို့မှာ အလုပ်လိုက်ရှာနေတုန်း သူငယ်ချင်း တယောက်ရဲ့ အဆက်အသွယ်နဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တဲ့ တပ်ဖွဲ့တဖွဲ့ထဲ ၀င်ရောက်ခဲ့ပါတယ်။ ဦးစောသမူဟဲ ဦးဆောင်တဲ့ (ဟောင်သရော အထူးဒေသ) ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့ပါ။ ဦးစောသမူဟဲ အဖွဲ့ဟာ KNU ကနေ ခွဲထွက်ပြီးတော့ ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်မှာ စစ်အစိုးရကို လက်နက်ချခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။
ကျနော်က ဟောင်သရောအထူးဒေသ တပ်ဖွဲ့ဝင်တွေ ရန်ပုံငွေအတွက် နောက်တန်းကနေ စီးပွားရေးလုပ်ကွက် ရှာပေးရတဲ့ ရန်ကုန် လှိုင်သာယာမြို့နယ် ကျန်စစ်သားအိမ်ရာက ရုံးချုပ်မှာ အလုပ်ရပါတယ်။ အဲဒီတုန်းက ဟောင်သရော အထူးဒေသ ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့ အတွင်းရေးမှူး မန်းအောင်တင်မြင့်က တပ်ဖွဲ့ စီးပွားရေး လုပ်ငန်းတော်တော်များများကို တာဝန်ယူထားတာပါ။ လက်နက်ချ ပြီးတဲ့နောက်ပိုင်း ဟောင်သရော အထူးဒေသ တပ်ဖွဲ့အတွက် အစိုးရက ကရင်ပြည်နယ်တ၀ိုက်မှာ လုပ်ကွက်တွေ ချပေးရာကနေ နှစ်နှစ်၊ သုံးနှစ် အတွင်းမှာပဲ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေ အထိ စီးပွားရေး လုပ်ငန်းတွေ တိုးချဲ့လာခဲ့ကြပါတယ်။
တပ်ဖွဲ့အတွက် အဓိကလုပ်ရတဲ့ အလုပ်က ကျွဲ၊ နွားတွေကို ကယ်ရီ လုပ်ပေးရတာပါ။ ဧရာဝတီတိုင်းက မြို့ရွာတွေဆီက မှောင်ခို ကုန်သည်တွေရဲ့ ကျွဲတွေ၊ နွားတွေကို သင်္ဘောနဲ့ ရန်ကုန်ကနေ မြောင်းတကာမြို့အထိကို ပို့ပေးရတာပါ။ အဲဒီခရီးစဉ်တွေမှာ ကျနော်က ရုံးအဖွဲ့မှူးကိုယ်စား ရောင်းဝယ်ရေး တာဝန်ခံအဖြစ် လိုက်ပါရပါတယ်။ ဧရာဝတီတိုင်းမှာရှိတဲ့ မြို့ရွာအနှံ့ ရောက်ခဲ့သလို အဲဒီမြို့ရွာတွေက အစိုးရ ထောက်လှမ်းရေးမှူးတွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့လည်း တွေ့ဆုံခဲ့ရပါတယ်။ သူတို့ကို အကြောင်းကြားပြီးမှ လမ်းကြောင်းကို သွားရတာပါ။ မြောင်းတကာရောက်တဲ့အထိကို တရွာဝင် တရွာထွက်နဲ့ စစ်ဆေးဂိတ်တွေမှာတော့ စာရွက်စာတမ်းထုတ်ပြ၊ ဒီထက်ပိုပြီး အစစ်ဆေးများလာရင် သူတို့လက်ထဲ ပိုက်ဆံထိုးထည့် နားလည်မှုတွေနဲ့ လုပ်ဖြစ် ကြတာပါ။ ရုံးအဖွဲ့မှူးကလည်း အဲဒီလိုပဲ မှာကြားထားတာပါ။
အဲဒီတုန်းက ကျွဲနွားကုန်သည်တွေက တနင်္ဂနွေနေ့တိုင်းဖွင့်တဲ့ မြောင်းတကာ နွားပွဲဈေးမှာ သွားရောင်းကြတော့ တပတ်မှာ တခေါက် ကယ်ရီလုပ်ဖြစ်ပါတယ်။ တပ်ဖွဲ့ ရန်ပုံငွေအတွက်လည်း တော်တော်လေးအဆင်ပြေနေတဲ့ အချိန်ပါ။ ကုန်သည် ပွဲစားတွေနဲ့ လုပ်ကွက် တခုခု ရှိလာပြီဆိုရင် ရုံးအဖွဲ့မှူးက ရန်ကုန်မြို့ ၈ မိုင်လမ်းဆုံက ဦးခင်ညွန့် ထိန်းချုပ်ခဲ့တဲ့ စစ်ထောက်လှမ်းရေး ရုံးချုပ်ကို စာသွားတင်ခိုင်းပါတယ်။ စာသွားတင်တိုင်း ကျနော်တို့ကို စစ်ထောက်လှမ်းရေးရုံးချုပ် အပေါက်ဝမှာ အကြိမ်ကြိမ် စစ်ဆေးပြီးမှ စာကို ဂိတ်ဝမှာပဲ ထားခဲ့ရပါတယ်။ အထဲကို ပေးမ၀င်ဘူး။
တနှစ်လောက် အကြာမှာတော့ ဧရာဝတီတိုင်းက ကျွဲတွေ၊ နွားတွေ ကုန်တော့မယ်၊ ကျွဲ နွားကုန်ကူးတာကို ရပ်လိုက်ပါ ဆိုပြီး ဧရာဝတီ တိုင်းမှူးက အကြောင်းကြားလာပါတယ်။ ရုံးအဖွဲ့မှူးက ကျွဲ နွားတွေ ၀ယ်ထားပြီးသားဖြစ်နေတာကြောင့် နောက်ဆုံးအကြိမ် ခွင့်ပြုဖို့ ဧရာဝတီတိုင်းမှူးကို တောင်းဆိုခဲ့ပါတယ်။ တိုင်းမှူးက ခွင့်ပြုလိုက်ပါတယ်။ အမြန်ဆုံး အဆုံးသတ်ဖို့ကို သတိ ထပ်ပေးလိုက်ပါတယ်။ တကယ်တမ်း ဒီအလုပ်က တပ်ဖွဲ့ လစဉ်ဝင်ငွေအတွက် အဆင်ပြေသလို ကျွဲ နွားမှောင်ခိုသမားတွေ အတွက်လည်း အမြတ်များများရတဲ့ အလုပ်ပါ။ ဧရာဝတီတိုင်းမှူးဆီကနေ တောင်းဆိုထားတဲ့ နောက်ဆုံး တချိန်က မှတ်မိသလောက်ဆိုရင် လေးကြိမ်မြောက်ပါ။
နောက်ဆုံးတခေါက်ဖြစ်တဲ့ လေးကြိမ်မြောက်မှာတော့ ကျနော်တို့ ဟိုင်းကြီးကျွန်းကိုသွားရပါတယ်။ ခရီးကတော်တော် ဝေးပါတယ်။ ဟိုင်းကြီးကျွန်းမှာရှိတဲ့ ရွာတွေကနေ ကျွဲ နွား စုစုပေါင်း ၂၄ ကောင် တင်လာခဲ့ပါတယ်။ ပုံမှန်အတိုင်း တွေ့နေကြ ဂိတ်တွေမှာ ဂိတ်ကြေး ကျပ်ငွေ ၂၀၀၀ ပေး၊ ညဘက်ဆိုတော့ တချို့နေရာတွေမှာ ဘယ်သူဘယ်ဝါတောင် မသိတော့ပါဘူး။ ကျွဲ နွားတင်လာတာကို မြင်ပြီး ငါတို့က ဒီရွာက ရာအိမ်မှူးတွေ ဆိုပြီး လမ်းကနေ ဖြတ်တောင်း၊ ကိုယ်ကလည်း ပြဿနာမတက်ချင်တာနဲ့ ကျပ် ၂၀၀၀ ပေးလိုက်ရပါတယ်။
ညောင်တုန်းမြို့ရောက်တော့ ည ၁၁ နာရီဝန်းကျင်ရှိနေပါပြီ။ ကုန်းပေါ်တက် နားပြီး ည ၁၂ နာရီကျော်လောက်မှာ ခရီးပြန်ဆက်ကြပါတယ်။ ညောင်တုန်းက ထွက်တဲ့ အချိန်မှာတော့ ကျွဲ နွားတင်လာတဲ့ သင်္ဘောက ကျနော်လိုက်ပါလာတဲ့ သင်္ဘောအပါအ၀င် ၃ စီး တွေ့ရပါတယ်။ တစီးက အစိုးရဆီက သားသတ်လိုင်စင်ရ ထားတဲ့ ညောင်တုန်းက ကုန်သည်တယောက်၊ နောက်တစီးက ဘာစာရွက်စာတမ်းမှမရှိဘဲ မှောင်ခိုသင်္ဘောလို့ သိရပါတယ်။
ထန်းတပင် မြို့နယ်အပိုင် မဲဇလီ ရောက်တော့ မနက် ၃ နာရီလောက် ရှိနေပါပြီ။ မြစ်ကမ်းဘေးမှာ အချက်ပြမီးတွေပြတဲ့ သူကပြ၊ ဓာတ်မီးထိုးပြီး အော်တဲ့သူကအော်၊ အသင့်စောင့်နေတဲ့ သင်္ဘောနှစ်စီးက ဘေးနားကပ်လာပြီးတော့ ကျနော်တို့ သင်္ဘောကို အတင်းရပ်ခိုင်းနေပါတယ်။ အဲဒါနဲ့ ရပ်ပေးလိုက်ပါတယ်။ ကမ်းဘေးမှာလဲ လူအယောက် ၃၀ လောက်ရှိမယ်၊ သေနတ်တွေလည်း တချို့မှာ ပါတယ်။ ပတ်ဝန်းကျင်က မှောင်နေတော့ သူတို့ ဓာတ်မီးအလင်းရောင်တွေပဲ မြင်ရတယ်။ လူနှစ်ယောက် ဓာတ်မီးတလက်စီနဲ့ သင်္ဘောပေါ် တက်လာပြီးတော့ ဒီသင်္ဘောကို ဘယ်သူတာဝန်ခံတာလဲတဲ့။ ကျနော်ပါလို့ ပြောလိုက်ပါတယ်။ ဘာအထောက်အထားရှိလဲ ပြခိုင်းတယ်။ ဒါနဲ့ ကျနော်က ရုံးအဖွဲ့မှူး ထုတ်ပေးတဲ့ စာရွက်စာတမ်းအားလုံး ထုတ်ပေးလိုက်တယ်။ သူက စာရွက်စာတမ်းတွေယူသွားပြီး ကျနော် အပါအ၀င် သင်္ဘောမှာပါလာတဲ့ ကျွဲ နွားပိုင်ရှင် ၅ ယောက်စလုံးကို အားလုံးဆင်းခဲ့ခိုင်းတယ်။ ကုန်းပေါ်ရောက်တော့ စာရွက်စာတမ်းတွေကို လူ ၃ ယောက် ၀ိုင်းကြည့်နေကြတယ်။ အဲဒီထဲက တယောက်က ညောင်တုန်းမြို့က ထောက်လှမ်းရေးမှူးဖြစ်နေပါတယ်။
ကျနော်က ဒါ ဟောင်သရော အထူးဒေသ ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့က ထုတ်ပေးထားတဲ့ စာရွက်စာတမ်းပါ၊ ဒီစာရွက် စာတမ်းတွေနဲ့ ဒီလမ်းကြောင်းမှာ သွားနေတာ တနှစ်တောင် ရှိတော့မယ်လို့ ပြောလိုက်ပါတယ်။ သူတို့ထဲက အသက်ကြီးကြီး တယောက်က ဒီစာရွက်တွေ တရားမ၀င်ဘူးတဲ့။ အဲဒါနဲ့ ကျနော်က ဒါ ဧရာဝတီတိုင်းမှာ သွားလာလို့ရအောင် ဧရာဝတီတိုင်းမှူး ကိုယ်တိုင် လက်မှတ်ထိုးပေးထာတဲ့ စာရွက်နဲ့ ရန်ကုန်မြို့ စစ်ထောက်လှန်းရေး ရုံးချုပ်က ဗိုလ်မှူးကြီးစန်ပွင့်က အလုပ်လုပ်ပိုင်ခွင့် လက်မှတ်ထိုးပေးတဲ့ စာရွက်စာတမ်းတွေပါ၊ ဘာဖြစ်လို့ တရားမ၀င်တာလဲ လို့ ပြန်မေးလိုက်တယ်။ မရဘူး၊ ခင်ဗျားတို့ တရား မ၀င် ကန့်သတ်ပစ္စည်းတွေကို သယ်ဆောင်တဲ့အတွက် ခင်ဗျားတို့ကို တရားစွဲမယ်။ စခန်းလိုက်ခဲ့ပါတဲ့။
နောက်မနက်မှာပဲ လူ ၆ ယောက်၊ ကျွဲ နွား ၂၄ ကောင်၊ သင်္ဘောတစီး အဖမ်းခံ လိုက်ရပါတယ်။ အဲဒီကတည်းက ဧရာဝတီတိုင်းမှာ ဟောင်သရော တပ်ဖွဲ့ရဲ့ လုပ်ကွက်တခုဖြစ်တဲ့ ကျွဲ နွားကယ်ရီအလုပ်ကို အစိုးရက ဖျက်သိမ်းလိုက်ပါတော့တယ်။
အဲဒီကာလက စစ်အစိုးရ အဓိကဦးစားပေးထားတာ ငြိမ်းချမ်းရေးအဖွဲ့ ၁၇ ဖွဲ့ ရှိတယ်။ ပထမက ၀ တပ်ဖွဲ့၊ ဒုတိယ DKBA နဲ့ တတိယက ဟောင်သရောအဖွဲ့ပါ။ ၂၀၀၀ ပြည့်နှစ်လောက်က ဗိုလ်မှူးကြီးစန်းပွင့် ပြောခဲ့ဖူးတာ ရှိပါတယ်။ ဒီငြိမ်းချမ်းရေးအဖွဲ့တွေကို သူတို့ တတ်နိုင် သလောက် လုပ်ကွက်တွေ ပေးထားတယ်။ ဒါပေမယ့် ဘောင်ထဲကနေကျော်ပြီး လုပ်မယ်ဆိုရင်တော့ ဘယ်အဖွဲ့မဆို အချိန်မရွေး ဖမ်းလို့ရတယ်လို့ ဟောင်သရော အထူးဒေသ တပ်ဖွဲ့ရဲ့ စီးပွားရေးတာဝန်ခံ ရုံးအဖွဲ့မှူးကို ရန်ကုန် ၈ မိုင်က စစ်ထောက်လှမ်းရေးရုံးချုပ်မှာ ခေါ်ပြော ခဲ့တာလည်း ရှိပါတယ်။
အဲဒီတုန်းက စစ်အစိုးရက လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးယူတော့လည်း သူ၊ အလုပ်လုပ်ပိုင် ခွင့်တွေပေး တော့လည်းသူ၊ နောက် ဘောင်ကျော်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်ပြီးဖမ်းဆီးတော့လည်း သူပဲလို့ ပြောချင်ပါတယ်။
အခုဆိုရင် သမ္မတ ဦးသိန်းစိန် အစိုးရက ကရင် အမျိုးသားအစည်းအရုံး (KNU) အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်ရပ်ဖို့သဘောတူ လက်မှတ်ရေးထိုးတာတွေ စတင်နေပါပြီ။ တိုင်းရင်းသားတွေ အလိုချင်ဆုံးအရာက စာရွက်ပေါ်မှာ လက်မှတ်ထိုးပြီး အချိန်မရွေး လုပ်ချင်ရာ ပြန်လုပ်မယ် ဆိုတဲ့ ဥပဒေမဲ့ သဘောတူညီချက် မဟုတ်ပါဘူး။ လက်သင့်ရာ စားတော်ခေါ်တဲ့ ပုံစံနဲ့ မတူညီတဲ့ မက်လုံးတွေ၊ အခွင့်အရေးတွေ ပေးတာမျိုးကိုလည်း မလိုချင်ပါဘူး။ တရားဥပဒေစိုးမိုးတဲ့ တကယ့် အစစ်အမှန် ငြိမ်းချမ်းရေးကို တိုင်းရင်းသားတိုင်း လိုချင်ပါတယ်။ နိုင်ငံသားတိုင်း ရပိုင်ခွင့်ရှိတဲ့ တန်းတူညီမျှတဲ့ အခွင့်အရေးတွေကို တိုင်းရင်းသား အားလုံး ညီညီမျှမျှ ရနိုင်ပါစေလို့ မျှော်လင့်ရင်း တချိန်က စစ်ထောက်လှမ်းရေးခေတ်မှာ ကိုယ်တိုင် အစက်အပြောက်ကလေး အဖြစ် ပါဝင်ခဲ့ရတဲ့ ငြိမ်းချမ်းရေး ကာလအကြောင်း ပြန်လည် မျှဝေလိုက်ပါတယ်။
အပြောင်းအလဲကိုသံသယရှိနေသေးဟု CRPP အဖွဲ့ဝင်များ ပြော
လက်ရှိ အစိုးရလုပ်နေသည့်အပြောင်းအလဲ ကိုအပြည့်အ၀မယုံကြည်ရဲဘဲ သံသယရှိနေသေးသည်ဟု CRPP အဖွဲ့ ၀င်များက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယား နှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားလိုက်သည်။ "ကျွှန်တော်တို့ကတော့ ၂၃ နှစ်ကျော်ဖြတ်သန်းလာတဲ့အတွေ့အကြုံအရလက်ရှိဖြစ်နေတဲ့ အပြောင်းအလဲကို တကယ်စစ်မှန်တဲ့အပြောင်းအလဲဖြစ်ကြောင်းပြောဖို့ခက်တယ်၊အမျိုးသားညီလာခံတုန်းက ကျွှန်တော်တို့အလိမ်ခံရတာတွေ၊ အစိုးရကအပြစ်ရပ်ဖို့ဆွေးနွေးနေပေမဲ့ကချင်မှာ တိုက်ပွဲဖြစ်နေတာတွေ၊ လက်ရှိဦးသိန်းစိန်က တချိန်ကဗိုလ်ချုပ်ကြီးဖြစ်ခဲ့တာတွေစတာတွေကြောင့် အပြောင်းအလဲကို ယုံကြည်ဖို့ခက်တဲ့အကြောင်းသူ့ကိုပြောလိုက်တယ်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP)မှအတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။ မစ္စတာနမ်ဘီယား အနေနှင့် လက်ရှိမြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အကောင်အထည်ဖော်သွားရန်နှင့်အပြောင်းအလဲ လုပ်ရင်းလုပ်ရင်းနှင့် တကယ်စစ်မှန်သည့် အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းတို့ကိုပြန်လည်ပြောခဲ့သည်ဟုဆိုသည်။ ယနေ့တွေ့ဆုံပွဲတွင် CRPP မှရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့၊ ဇိုမီအမျိုးသားကွန်ဂရက်နှင့် ကရင်ပါတီတပါတီတို့ ကန်တော်ကြီးပတ်လမ်းရှိ UNDP ရုံးတွင် တနာရီကြာ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ CRPP အဖွဲ့ဝင်တွေအနေဖြင့် NLD( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)တရားဝင်မှတ်ပုံတင်ရန်ဆုံးဖြတ်စဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့်ဆွေးနွေးစဉ် ဒေါ်အောင်စုကြည်က၎င်းတို့ကို ခုရွေးကောက်ပွဲဝင်လိုက်သည့်အတွက် အပြောင်းအလဲအားလုံး ရှောရှောရှူရှူဖြစ်မယ်လို့ အာမမခံကြောင်းသို့သော် အပြောင်းအလဲလုပ်ကိုင်ရန် ရွေးကောက်ပွဲဝင်ရောက်သည့် နည်းလမ်းမှလွဲ၍ အခြားနည်းလမ်းမရှိကြောင်း ဟြေကြားခဲ့သည့်အကြောင်းနှင့် လက်ရှိအောင်ဆန်းစုကြည် ၏ လုပ်ရပ်ကို ယုံကြည်သော်လည်း တဘက်ကတော့ အစိုးရအပေါ် သံသယရှိနေသေးသည်ဟု ပြောဆိုခဲ့သည်။ အစိုးရအနေနှင့်တိုင်းရင်းသားများနင့် ပြန်လည်သင့်မြတ်ရန်အတွက် စစ်မှန်သည့်အပြောင်းအလဲပြုလုပ်ပါက ပင်လုံညီလာခံကို ထပ်မံခေါ်ယူပေးရန်လိုအပ်ကြောင်း၎င်းတို့က မစ္စတာနမ်ဘီးယားကို ပြောကြားကာ မစ္စတာနမ်ဘီယားက ၎င်းတို့တင်ပြသည့်အချက်အလက်ကို မှတ်တမ်းတင်သွားသည်ဟုဆိုသည်။ အိန္ဒိယ သံတမန်ဟောင်းတဦးဖြစ်သူ မစ္စတာနမ်ဘီးယားအား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ၂၀၁၀ ခုနှစ်မှစတင်ကာ ခန့်အပ်ခဲ့သည်။ ။
မရေရာသေးသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲ
Larry Jagan
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်သည် သဘောထားတင်းမာသူများနှင့် သဘောထား ပျော့ပျောင်း သူများကြား အာဏာလွန်ဆွဲနေချိန်ဖြစ်၍ မရေရာ မသေချာသေးသည့် အချိန်ကာလတစ်ခု ဖြစ်သည်။ သမ္မတကြီး ဦးသိန်းစိန်အပေါ် နိုင်ငံတကာ၏ ယုံကြည်ကိုယ်စားမှုနှင့် ပြုပြင်ပြောင်းလဲရေး အပေါ် အားပေး နေသော်လည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ မရေရာမသေချာ ဖြစ်နေဆဲ ဖြစ်သည်။
သမ္မတကြီး ဦးသိန်းစိန်၏ ရည်ရွယ်ချက် ကောင်းသော်လည်း ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ အကန့်အသတ် ဖြင့်သာ ဖြစ်နေသေးသည်။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့ခြင်း အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ပေးခဲ့ခြင်းအပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့ပြီး ယင်းကို ပြန်လည်သုံးသပ်လာနိုင်သည်။

သဘောထားပျော့ပျောင်းသည့် ဝန်ကြီးများသည် သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်သည့် ပြုပြင်ပြောင်းလဲ မှုများကို ထောက်ခံ၍ ဝိုင်းရံပေးသော်လည်း သဘောထားတင်းမာသည့် ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး နှင့် ဝန်ကြီးအချို့သည် သမ္မတကြီးအပေါ် ဖိအားပေးမှုများ ပြုလုပ်နေသဖြင့် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို လမ်းချော်သွားစေနိုင်သည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် အစစ်အမှန်လား (သို့မဟုတ်) အရပ်သားမျက်နှာဖုံးဖြင့် စစ်အာဏာကို ဖုံးအုပ်ထားသည့် ဟန်ပြပြောင်းလဲမှုလား ဆိုသည်ကို လေ့လာသူပညာရှင်များနှင့် တက်ကြွ လှုပ်ရှားသူများက ဝေခွဲမရ ဖြစ်နေကြသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတကြီး ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လမ်းစဉ်ကို မဝံ့မရဲဖြင့် လက်ခံခဲ့သော်လည်း သူမနှင့် ရင်းနှီး သည့် သတင်းအရင်းအမြစ်များ၏ အဆိုအရ ယနေ့အထိ သတိထားနေရဆဲ ဖြစ်သည်ဟု ဆိုသည်။ စုစုပေါင်း အမတ်နေရာ (၆၆၄)နေရာတွင် (၄၆)နေရာကိုသာ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်သည် ရန်ကုန်မြို့ဆင်ခြေဖုံးမြို့နယ်တစ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမ္မဂတို့သည် ဧပြီလ(၁)ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲနှင့် တိုးတက်လာမည့် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များနှင့်အတူ စီးပွားရေး အခွင့်အလမ်းများ၊ ဘဏ္ဍာရေးအခွင့်အလမ်းများပေး၍ တုံ့ပြန်သွားမည် ဖြစ်ကြောင်း အချက်ပြထားပြီး ဖြစ်သည်။ အစိုးရ အဖွဲ့အတွင်းရှိ ပြုပြင်ပြောင်းလဲလိုသူများနှင့် သဘောထားပျော့ပျောင်းသူများ မည်သည့် အဖွဲ့က အသားစီး ရသွားမည်လဲ ဆိုသည်ကို မကြာမီ ကျင်းပတော့မည့် ကြားဖြတ် ရွေးကောက်ပွဲ က သက်သေပြသွားမည် ဖြစ်သည်။
အစိုးရအတွင်းစည်း၏ ခန့်မှန်းချက်အရ ဝန်ကြီးအဖွဲ့၏ (၂၀) ရာခိုင်နှုန်းခန့်သည် ပြုပြင်ပြောင်းလဲရေး သမားများ ဖြစ်ပြီး (၂၀) ရာခိုင်နှုန်းခန့်သည် သဘောထားတင်းမာသူများ ဖြစ်ကြသည်။ ကျန်(၆၀) ရာခိုင်နှုန်း ခန့်သည် ခြံစည်ရိုးပေါ်တွင် ခွထိုင်၍ အာဏာလွန်ဆွဲပွဲတွင် မည်သူ အနိုင်ရရှိမည်လဲ ဆိုသည်ကို စောင့်ကြည့် နေသူများ ဖြစ်ကြသည်ဟု အစိုးရအတွင်းစည်းမှ သတင်းအမြစ်အများ၏ အဆိုအရ သိရှိ ရသည်။
အစိုးရအဖွဲ့အတွင်း အဖွဲ့(၂)ဖွဲ့ ကွဲနေသည်မှာ သေချာကြောင်း၊ ပြုပြင်ပြောင်းလဲလိုသည့် အဖွဲ့နှင့် စစ်တပ် ကျောထောက်နောက်ခံပြုထားသည့် အဖွဲ့ဟူ၍ ကွဲပြားနေသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင် သည့် အစိုးရအဖွဲ့တွင် ပါဝင်ခဲ့ကြသော ဝန်ကြီးများကို ကန့်လန့်ကာ နောက်ကွယ်မှ ကြိုးကိုင် နေဆဲ ဖြစ်သည်။
သမ္မတကြီး ဦးသိန်းစိန်သည် အစိုးရသစ် မဟာဗျူဟာ ရုပ်သေးရုပ်တစ်ခုပင် ဖြစ်ကြောင်း တပ်မတော်အစိုးရ ထောက်လှမ်းရေးအဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သည့် အောင်လင်းထွဋ်က Asia Times On Line သို့ ပြောဆို ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မူဝါဒများနှင့် အရာအားလုံးကို တိုက်ရိုက် ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံသည် တပ်မတော်အစိုးရ၏ အုပ်ချုပ်မှုဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး နိုင်ငံမှာလည်း ဖွံ့ဖြိုးမှုနိမ့်ကျနေခဲ့သည့်အတွက် နိုင်ငံကို ပြုပြင်ပြောင်းလဲခြင်း၊ ငြိမ်းချမ်းခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းဆီသို့ ခေါ်ဆောင်သွားရန် ဦးသိန်းစိန်အစိုးရအဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဆက်စပ်နေသူများက သဘော မတူနိုင် ဖြစ်နေကြသည်။
ဦးသိန်းစိန်နှင့် ၄င်းအား ထောက်ခံသူများကို လူကြီးလူကောင်းဆန်သူများ၊ ပြုပြင်ပြောင်းလဲရေးသမားများ အဖြစ် ဧပြီလ(၁)ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည့် ဒေါက်တာ နေဝင်းမောင်က ပြောဆို ခဲ့သည်။ လက်ရှိအစိုးရအဖွဲ့တွင် ပါဝင်သည့် စစ်တပ်ခေါင်းဆောင်များနှင့် သမ္မတကြီး ဦးသိန်းစိန်၏ ပြုပြင် ပြောင်းလဲရေးကို ထောက်ခံကြသည့် ဝန်ကြီးများကို ပြည်သူ့တာဝန်ကို ထမ်းဆောင်ကြမည့် ကစားပွဲ တစ်ခုဆီသို့ ဆွဲဆောင်သွားကြရန် လက်ရှိအစိုးရအဖွဲ့နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက သတင်းထောက်များကို ပြောဆိုခဲ့သည်။ ၄င်းတို့သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အာဏာရှင်ဆန်မှု၊ အကျင့်ပျက်ခြစားမှု၊ နိုင်ငံတကာတွင် အထီးကျန်ဆန်မှုနှင့် နိုင်ငံ၏ ပုံရိပ်ညှိနွမ်းနေမှုများကိုရွံမုန်းကြသူများ ဖြစ်သည်။ ၄င်းတို့သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အခန်းကဏ္ဍကို ရပ်တန့်၍ သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြုပြင်ပြောင်းလဲမှုများကို အဓိက တွန်းအားပေးခဲ့ကြသူများ ဖြစ်သည်။
အစိုးရဟောင်းလက်ထဲက ပျက်စီးယိုယွင်းခဲ့မှုများကို ရေရှည်စီမံချက်ဖြင့် ပြုပြင်ပြောင်းလဲမှု ပြုလုပ် လိုကြောင်း သမ္မတကြီး ဦးသိန်းစိန်က နော်ဝေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးကို ပြောဆိုခဲ့ကြောင်း ရန်ကုန်ရှိ သံတမန်အသိုင်းအဝန်းက ပြောဆိုခဲ့သည်။
သမ္မတကြီးဦးသိန်းစိန်သည် အစိုးရဟောင်းတွင် ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့စဉ်ကပင် ပြုပြင်ပြောင်းလဲ မှုများကို ပြုလုပ်လိုသူတစ်ဦး ဖြစ်ကြောင်း၊ လွန်ခဲ့သည့် (၁၀)စုနှစ် တစ်စုကျော်ကတည်းက ပြုပြင် ပြောင်းလဲ မှုများ ပြုလုပ်ရန် ဆန္ဒရှိသော်လည်း ထိုကဲ့သို့ ပြုလုပ်ရန် အာဏာမရှိကြောင်း သမ္မတကြီး ဦးသိန်းစိန်၏ ဇနီးက ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုခဲ့သည်။
ရင်ဖွင့်ခွင့်မရခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးသမား
တပ်မတော်အစိုးရကို ဆန့်ကျင်သည့် ၂၀၀၇ သံဃာ့အရေးအခင်းနှင့် ၂၀၀၈ နာဂစ်ဆိုက်ကလုန်းမုန်တိုင်းကို ကိုင်တွယ်ဆောင်ရွက်ရန် ဝန်ကြီးချုပ် ဦးသိန်းစိန်ကို တာဝန်ပေးအပ်ခဲ့ကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းအမြစ်များအရ သိရှိရသည်။ နာဂစ်ဆိုက်ကလုန်းဒဏ်ခံရသည့် ဒေသသို့ သွားရောက် စစ်ဆေးသည့် အခါ ထိုစဉ်က ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသိန်းစိန်ကို တုန်လှုပ်စေခဲ့ကြောင်း သမ္မတကြီး ဦးသိန်းစိန်၏ လက်ထောက်နှင့် နီးစပ်သူ တစ်ဦးက Asia Time Online သို့ ပြောဆိုခဲ့သည်။
ပြည်သူများ၏ ကြေကွဲမှုများကို ဖြေသိမ့်ပေးလိုသည့် စစ်သားများ၊ ကောင်းမွန်သည့် ရည်ရွယ်ချက် ရှိသည့် စစ်သည်များလည်း ရှိကြောင်း မြန်မာ့ရေးရာကျွမ်းကျင်သူ David Steinberg က ပြောဆိုခဲ့သည်။ ယင်းစစ်သားများသည် စစ်တပ်၏ ဂုဏ်သိက္ခာကို အဖတ်ဆယ်လိုသူ၊ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန် သူများ ဖြစ်ကြောင်းလည်း ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။
ပြုပြင်ပြောင်းလဲမှုများကို ယနေ့အချိန်ထိ အဆက်မပြတ် အကောင်အထည်ဖော်နေသည်ကို တွေ့ရှိရသည်။ ရထားဝန်ကြီး ဦးအောင်မင်းသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် ရရှိရန် စေ့စပ်ညှိနှိုင်းဆောင်ရွက်လျှက် ရှိသည်။ တိုင်းရင်းသား ခေါင်းဆောင် အချို့ကလည်း ရထားဝန်ကြီး ဦးအောင်မင်းကို ယုံကြည်ကြောင်း သတင်းထောက်များကို ပြောဆိုခဲ့သည်။
သဘောထားတင်းမာမှုများကို အဆုံးသတ်ရန်နှင့် ဆက်ဆံရေးရုံးများ ဖွင့်လှစ်နိုင်ရန်အတွက် လွန်ခဲ့သည့် လတွင် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ( KNU) ခေါင်းဆောင် တစ်ဦးက Asia Time Online သို့ ပြောဆိုခဲ့သည်။ ( KNU) အနေဖြင့် ရထားလမ်းများကို တိုက်ခိုက်ခြင်းကို ရှောင်ကျဉ်ရမည် ဖြစ်ကြောင်း၊ ယင်းကို လိုက်နာဆောင်ရွက်လိမ့်မည်ဟုလည်း ယုံကြည်ကြောင်း ရထားဝန်ကြီး ဦးအောင်မင်း က ( KNU) ကို ပြောဆိုခဲ့သည်။ ယခုနှစ် အစောပိုင်းက ( KNU) သည် ရထားလမ်းများကို တိုက်ခိုက်မှုများ ရှိခဲ့သည်။
ပုဂ္ဂိုလ်ရေးအရ ချဉ်းကပ်မှုသည် နောက်ဆုံးတွင် လိုချင်သည့် အဖြေနှင့် ပြောင်းပြန် ထွက်ပေါ်လာနိုင် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးသိန်းစိန်ကြား ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှု ရှိနေစေကာမူ အောင်မြင်မှု မရနိုင်ကြောင်း မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံများးတွင် သံတမန်အဖြစ် (၁၅)နှစ်ကျော်ကြာ ဆောင်ရွက်ခဲ့သည့် ဥရောပသံတမန် တစ်ဦးက ပြောဆိုသည်။ ဖြစ်စဉ်တစ်ခုလုံးတွင်း ယင်းမှာ အဓိက အားနည်းချက်တစ်ခု ဖြစ်ကြောင်း၊ အဓိက ဆောင်ရွက်မည့် မူကြမ်းမရှိကြောင်း၊ အခြေအနေ များ ပြောင်းလဲ လာသည့်တိုင်အောင် ယင်းကို နေ့ချင်းညချင်း ဆောင်ရွက်၍ ရနိုင်မည် မဟုတ်ကြောင်း ၄င်းက ပြောဆို ခဲ့သည်။
ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည့်တိုင် အကျင့်ပျက်ခြားစားမှုများနှင့် အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပေါ်နေပါက အန္တရာယ် ရှိနေနိုင်သေးကြောင်း နှစ်ပေါင်း(၂၀)အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် သွားရောက်လည်ပတ်ခဲ့သည့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်တစ်ဦး ဖြစ်သည့် အောင်နိုင်ဦးက ပြောဆိုခဲ့သည်။
သဘောထားတင်းမာသူ ဖြစ်စေ၊ သဘောထားပျော့ပျောင်းသူ ဖြစ်စေ အဓိက ဆောင်ရွက်ရမည့် အချက်မှာ တည်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး ဖြစ်သည်။ ယင်းကို စိုးရိမ်သဖြင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမည့် အချက်ကို လအတော်ကြာ နှောင့်နှေးကြန့်ကြာခဲ့သည်။ ထို့ကြောင့် ၂၀၀၇ သံဃာ့အရေးအခင်းတွင် ဖမ်းဆီး၍ ထောင်ဒဏ်(၆၈)နှစ် ချမှတ်ခြင်းခံခဲ့ရသည့် အရှင်ဂန္မီရကို ပြန်လည်ဖမ်းဆီးခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်မှာလည်း ယင်းအတွက်ကြောင့် နှောင့်နှေး ကြန့်ကြာ ခဲ့ခြင်း ဖြစ်သည်။ အာဏာကို မျှဝေရန်အတွက်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ မည်သူတစ်ဦး တစ်ယောက်မျှ အာဏာရှင်ဆန်စွာဖြင့် ၄င်း၏မိသားစုနှင့် စည်းစိမ်ဥစ္စာကို မခြိမ်းခြောက် နိုင်စေရန် ရည်ရွယ် သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ကာလရှည်ကြာအာဏာရှင် ဖြစ်ခဲ့သည့် ဦးနေဝင်း၏ မိသားစုအဖွဲ့ဝင် များကို ဖမ်းဆီးခဲ့သည်။
လူကြီးလူကောင်းသဘောတူညီချက်
မည်သို့ပင်ဖြစ်စေ သမ္မတကြီးဦးသိန်းစိန်၊ အောက်လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့သည် လူကြီးလူကောင်း သဘောတူညီချက်သို့ အရောက် သွားနိုင် ကြောင်း ကြိုတင်မမြင်နိုင်ခဲ့ပေ။ အဆိုပါ သဘောတူညီချက်သည် အရှိန်ရလာပြီး ရွေးကောက်ပွဲ ဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာပြီး ပြည်သူ့ထောက်ခံမှုလည်း ရရှိလာသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သူရဦးရွှေမန်းကို ကျော်၍ ဦးသိန်းစိန်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့သည်။ သူရဦးရွှေမန်းကို လက်ညှိုးထောင် ခေါင်းညိမ့်လုပ်ရသည့် အောက်လွှတ်တော် ဥက္ကအဖြစ်သာ ရွေးချယ်ခဲ့သည်။ ထို့ကြောင့် ရွေးကောက်ပွဲ ဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါဝင်လာမှုကို ထောက်ခံခဲ့သည်။ မြန်မာနိုင်ငံ၏ လွှတ်တော်ကို အမေရိကန်ပြည်ထောင်စု၏ လွှတ်တော်ကဲ့သို့ ဖြစ်စေချင်ကြောင်း သူရဦးရွှေမန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို ပြောဆိုခဲ့သည်။
အရေးကြီးသည့် ဆောင်ရွက်စရာများကို လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း၊ လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတစွာ ကျင်းပသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂဖွံ့ဖြိုးရေးဝန်ကြီး Andris Piebalgs က ယခုသီတင်းပတ် အစောပိုင်းက ပြောဆိုခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲသည် အနာဂတ် လူကြီးလူကောင်း သဘောတူညီချက်၏ လားရာကို ဖော်ပြမည် ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပေါ်တွင်လည်း အကျိုးသက်ရောက်မည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။
ဦးသိန်းစိန်သည် သမ္မတသက်တမ်းတစ်ခုတွင်သာ ဆောင်ရွက်မည် ဖြစ်ကြောင်း တိုးတိုးတိတ်တိတ် ပြောဆို ထားသည်။ သူရဦးရွှေမန်းသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်၍ သမ္မတအဖြစ် ဆောင်ရွက်ရန် ရည်မှန်းထားသူ ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် ဦးအောင်သောင်း၊ ဦးဌေးဦးနှင့် မောင်မောင်သိန်း စသည့် သဘောထားတင်းမာသူများ အပါအဝင် အခြားအတားအဆီး များကိုလည်း ကျော်ဖြတ်ရဖွယ်ရှိသည်ဟု သူရဦးရွှေမန်း၏ အကြံပေးများ၏ ပြောဆိုချက်အရ သိရှိရသည်။
အစိုးရအဖွဲ့အတွင်း သူရဦးရွှေမန်းနှင့် မဟာမိတ်များ၏ မျှော်လင့်ချက်မှာ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီက တစ်ဖက်စောင်းနင်းအနိုင်ရရှိပါက ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်နေသည့် သဘောထား တင်းမားသူများကို ဖယ်ထုတ်ရန်နှင့် သန့်ရှင်းသော အစိုးရကို တည်ဆောက်ရန်အတွက် နိုင်ငံရေး ဆင်ခြေ ဆင်လတ် တစ်ခု ရရှိပြီး အထောက်အကူ ဖြစ်စေနိုင်သည် ဆိုသည့် အချက်ပင် ဖြစ်သည်။
ထူးခြားသည့်အချက်မှာ သမ္မတကြီး ဦးသိန်းစိန်နှင့် အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ ကြောင်း ဒေါ်အောင်ဆန်းစုကြည် အတ္ထုပတ္တိကို ရေးသားခဲ့သည့် စာရေးဆရာတစ်ဦးလည်း ဖြစ်၊ ဗြိတိန် ပညာရှင်တစ်ဦးလည်း ဖြစ်သူ Justin Wintle က ပြောဆိုခဲ့သည်။ ယင်းလက္ခဏာမှာ အဆိုးမြင်စရာ မဟုတ်ကြောင်း၊ နိုင်ငံရေးပြိုင်ဘက်များနှင့် သဘောတူညီချက် ရယူနိုင်သည့် နည်းလမ်းတစ်ခုမှာ ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုဖြစ်စဉ်မှာ စစ်မှန်သည့် ပြောင်းလဲမှုတစ်ခုဟု ဆိုရန်မှာ ခြွင်းချက်တစ်ခုထားရှိရဦးမည် ဖြစ်ကြောင်း ၄င်းက သုံးသပ်ပြောဆိုခဲ့သည်။
Credit :Tin Nwe
ဝ တပ်ဖွဲ့က စစ်အုပ်စုကို အနိုင်ဂိုး သွင်းလိုက်ခြင်း
စစ်အုပ်စုအဖွဲ့က ရှမ်းပြည်နယ်အစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက ဦးဆောင်ကာ UWSA ဗဟိုကော်မ တီဝင် ဦးကျောက်ကွမ်းအမ်း၊ မိုင်းလားဖက်က ဒုဥက္ကဋ္ဌ ဦးစံပေ့ တို့က ကိုယ်စားပြုပြီး လက်မှတ်ထိုးကြတယ်။ စက်တင် ဘာ ၆ ရက်၊ ၂၀၁၁ ခုနစ် ကျိုင်းတုံမှာ လုပ်တာပါ။
ပဏာမသဘောတူညီချက် ၄ ချက် လုပ်တယ်ဆိုတယ်။ ပညာရှိဆိုတာ ပြေးကြည့်တာထက် တွေးကြည့်ရုံနဲ့ ရတယ်ဆိုသ လို နအဖ က ဝသပ ကို လိုက်လျောခဲ့ရတဲ့ အချက် ၄ ချက်ရဲ့ အနှစ်သာရတွေက …
၁- ၀ တပ်ဖွဲ့ အနေနှင့် နယ်ခြားစောင်တပ်ဖွဲ့ လုပ်ဆောင်ရန်မလို။
၂- တရုပ်ပြည်နှင့် တိုက်ရိုက်ဆက်ဆံနိုင်သော်လည်း တခြားနိုင်ငံတွေနဲ့ ဆက်ဆံလျင် အစိုးရနှင့် တိုင်ပင်ညှိနှိုင်ဆောင် ရွက်ရန်။
၃- ပဋိပက္ခဖြစ်နိုင်စရာတွေကို နှစ်ဖက်စလုံးက ထိမ်းသိမ်းမယ်။ (ကချင်၊ ရှမ်းတွေကို လက်နက် မကူညီရ)
၎- ၀ ပြည်နယ်ဖွံ့ဖြိုးရေးအတွက် လိုအပ်သော နည်းပညာနှင့် ပညာရှင်များကို နိုင်ငံတော်က ကူညီပေးမယ်။ (အကူညီ လိုရင်ပြောပါ။ နိုင်ငံတော်ကို အရှက်မခွဲပါနှင့်) ဆိုတာတွေပေါ့ဗျာ။
ဝသပ နဲ့ စစ်အစိုးရ သဘောတူညီချက်ကိုကြည့်ရင် ဝသပ ဖက်က နိုင်ငံရေးအမြတ် တော်တော် ရလိုက်တာပေါ့။ ၀ ကို နယ်ခြားစောင့်တပ်ဖွဲ့ မလုပ်ခိုင်းတော့ဘူး။ ဘာကြောင့် ကချင်၊ မောင်ချစ်သူအဖွဲ့၊ ရှမ်းနဲ့ မွန်တွေကို နယ်ခြားစောင့်တပ်ဖွဲ့ လုပ်ခိုင်းနေပါ သလဲ။ ၀ တပ်ကို မြန်မာစစ်တပ်ခေါင်းဆောင်တွေ ကြောက်တယ်ဆိုတာ သေချာနေပြီ။ ဘာလို့ကြောက် လဲ။ လက်နက်ရှိလို ကြောက်တယ်။ ၀ တွေက ကြောက်စရာကောင်းသလား။ ကောင်းတယ်။ လက်နက်ကိုင်တပ်ဖွဲ့က ၅ သောင်းခန့် ရှိတယ်။ ဗိုလ်ချုပ်ကျော်ဇော်ရဲ့ အဆိုအရ အကောင်းဆုံးပျောက်ကျား တပ်မတော်တခုလို့ ဆိုတယ်။ စစ်ရေ၀၊ လက်နက်ကောင်း၊ အကြမ်းခံ၊ နယ်မြေကျွမ်းကျင်မှု စတဲ့ စွမ်းရည်တွေရှိတယ်။ အမိန့်နာခံမှုနဲ့ လေ့ကျင့်မှု သိပ်ကောင်း တယ်။ တရုပ် လက်နက်ကြီးကျွမ်းကျင်သူတွေ၊ နည်းဗျူဟာတိုက်ပွဲ ပညာရှင်တွေကိုယ်တိုင် မကြာခန လေ့ကျင့်ပေးလေ့ ရှိတယ်။
တရုပ်ပြည်က ၀နယ်ထဲမှာ လက်နက်စက်ရုံ ၃ ခု တည်ထားပေးထားတယ်။ ၀ က ထုတ်တဲ့ လက်နက်တွေက အိန္ဒိယ နယ်စပ်အထိ ရောင်းချပေးတယ်။ ၀ ကို တရုပ်ပြည်က သူတို့ လူမျိုးစုတခုလို့ ခံယူတယ်။ မြန်မာပြည်ထဲမှာ တရုပ်ပြည်ရဲ့ တရားဝင်လက်နက်ကိုင်တပ်ဖွဲ့တခု ဖြစ်လာဖို့အထိပါ ရည်ရွက်ချက်ထားတယ်။
မြန်မာစစ်တပ်နဲ့ အာဏာချိန်ခွင်ညှာ ထိမ်းညှိဖို့အတွက် ၀ တပ်ကိုတော့ တောင့်တင်းအောင် လက်နက်၊ ယူနီဖေါင်း၊ စီးပွား ရေးတပ်တွေ တပ်ဆင်ပေးထားတယ်။ ဒီတော့ ၀ ပြည်နယ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အ၀ရှိတဲ့ ပြည်နယ်တခု ဖြစ် လာနေတယ်။ တရုပ်ရဲ့ပေါ်လစီကတော့ မြန်မာပြည်တွင်းရေးမှာ တရုပ်က မြန်မာနိုင်ငံထဲကို ခြေရှုပ်နိုင်ဖို့အတွက် ၀ က တဆင့် ၀င်နိုင်ရေး ဖြစ်ပါတယ်။
စစ်အစိုးရနဲ့ ၀ ဆွေးနွေးပွဲကို ဘောလုံစကားနဲ့ ပြောရရင်တော့ အနိုင်ဂိုးတလုံး သွင်းလိုက်နိုင်သပေါ့ဗျာ။
wfww
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment