မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်း ဆောာင်းပါးများ
ဖေဖေါ်ဝါရီလ ၂၇ ရက်၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေး စည်းရုံးရေး ခရီးစဉ် လူထုဟောပြောပွဲ နေရာ ရွေးချယ်လျှောက်ထား by Yangon Press International
ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေး စည်းရုံးရေး ခရီးစဉ်သွားရောက်သည့်အခါ လူထု ဟောပြောစည်းရုံးရန် နေရာရရှိဖို့ ကြိုးစားလျှက်ရှိရာတွင် ချမ်းမြေ့သာစည်၊ အောင်ပင်လယ် ဆ.ဆ ၉ ရပ်ကွက် ၅၁လမ်းနှင့် အောင်ဇေယျလမ်းထောင့် ရှိ မြေကွက်လပ် နေရာတစ်နေရာကို မန္တလေးစည်ပင်သာယာရေးမှ တာဝန်ရှိသူများလိုက်လံပြသသဖြင့် မန္တလေးတိုင်း NLD မှသဘောတူဆုံးဖြတ်ပြီး တိုင်းရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလိုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်းအန်အယ်လ်ဒီ စည်းရုံးရေး နှင့် ပြန်ကြားရေး တာဝန်ခံ ဦးမျိုးနိုင်က ၀ိုင်ပီအိုင်သို့ ပြောသည်။
ထို့ပြင် ယင်းနေရာကို ခွင့်ပြုရန် အလားအလာများကြောင်းနှင့် ခွင့်ပြု မပြုကို လာမည့် တနင်္လာနေ့တွင် အစောဆုံး သိနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ယခုလ ဆန်း ၃ ရက်နှင့် ၄ ရက်နေ့များက ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့သို့ စည်းရုံးရေး ခရီးစဉ် သွားရောက်ရန် စီစဉ်ထားခဲ့သော်လည်း လူထုဟောပြောပွဲ ပြုလုပ်ရန် ဘောလုံးကွင်း ငှားမရသဖြင့် သွားရောက်ရန် ရက်ပိုင်းအလို၌ ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရသည်။ယင်းနောက် ကချင်ပြည်နယ် နမ္မတီးကျေးရွာ ဘောလုံးကွင်း ခွင့်မပြုကြောင်း သတင်းများ ကြားသိရကာ အန်အလ်လ်ဒီ အောင်နိုင်ရေး တာဝန်ရှိသူများက အန်အယ်လ်ဒီ၏ စည်းရုံးရေး ခရီးစဉ်များကို အစိုးရ ၀န်ကြီးဋ္ဌာနအချို့က အနှောက်အယှက်ပေးနေကြောင်း ထုတ်ဖေါ်ပြောကြားခြင်း၊ ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ အသိပေး စာတင်ခြင်းပြုလုပ်ပြီးနောက်တွင် ခွင့်ပြုခဲ့သည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌဦးနေမျိုးဝေနှင့် တွေ့ဆုံခြင်း ( Hot News )
လက်ငုတ်လက်ရင်းလုပ်နေသူတွေရဲ့လက်ထဲက ထမင်းလုပ်ကိုပုတ်မချကြပါနဲ့ တန်ရာတန်ကြေးတော့လုပ်လိုက်ကြပါ ရွှေနံ့သာလယ်သမားများ၏ ကိုယ်စားလိုက်ပါဆောင်ရွက်နေသူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌဦးနေမျိုးဝေနှင့် တွေ့ဆုံခြင်းHome, အင်တာဗျူး
နောင်တော်လေး- ဦးနေမျိုးဝေက ဒီလယ် ယာမြေကိစ္စတွေကို ဘာကြောင့်ဘယ်လို စိတ်ကူးနဲ့ လိုက်ပါဆောင်ရွက်ပေးရ ပါသလဲ။
ဦးနေမျိုးဝေ- အမှန်တကယ်တော့ ဒါကျွန်တော့် အကြိုက်မဟုတ်ပါဘူး။ ကျွန်တော်ကဒီလို တရားရုံးတွေမှာ လိုက်ပါ ဆောင်ရွက် ရတာကို လုံးဝစိတ်မပါဘူး။ မြေယာဥပဒေ ကြမ်းတစ်ခုရေးဆွဲပြီး ၁၉၅၃ ခုနှစ်၊ လယ် ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေနဲ့ ၁၉၆၃ခုနှစ်သီးစားချထားရေးအက်ဥပဒေ တွေကို အစားထိုးပြုပြင်ချင်တာပါ။ ဇေကမ္ဘာကုမ္ပဏီနဲ့ ရွှေနံ့သာလယ်သမား များပြဿနာဆိုတဲ့ စာအုပ်ကို၂၀၁၁ခုနှစ်၊ ဇွန်လလောက်မှာရေးပြီး လယ်ယာမြေ ဥပဒေအဟောင်းတွေရဲ့ အားနည်းချက် ကို ဖော်ထုတ်လိုရင်းကစတာပါပဲ။ ကျွန် တော်က လယ်ယာမြေဥပဒေအဟောင်း တွေရဲ့ မခိုင်မာမှု၊ အားနည်းမှုကြောင့် အခုလိုမြေယာမှုခင်းတွေဖြစ်ရတယ်လို့ နိုင်ငံတော်အစိုးရကိုအသိပေးချင်တဲ့စေ တနာပါပဲ။ အဲဒီစာအုပ်မှာ ကျွန်တော်တို့ လိုချင်တဲ့၊ ဖြစ်ချင်တဲ့ ဥပဒေအသစ်ကို လည်း တစ်ပါတည်းထည့်ရေးလိုက်တယ်။ နောက်ပြီး အမေရိကန်မြေသိမ်းအမှုတစ် ခုလည်း ဆင်ခြင်စဉ်းစားနိုင်ဖို့ ရည်ရွယ် ချက်နဲ့ ထည့်ပေးလိုက်ပါတယ်။
နောင်တော်လေး- ဘာ့ကြောင့် အမှုလိုက် ဖြစ်လဲဆိုတာလေး မဖြေရသေးဘူး နော်အစ်ကို။
ဦးနေမျိုးဝေ- ဟုတ်ကဲ့ပါ။ ဒီလိုနဲ့စာအုပ် ကိုဖတ်ရတဲ့ တစ်နိုင်ငံလုံးနေရာအနှံ့ အပြားက လယ်သမား တွေက ကျွန်တော့်ကို ဆက်သွယ်ပြီး သူတို့ အမှုအခင်း တွေကို ရေးခိုင်းတယ်။ရွှေနံ့သာလယ်သမားတွေကလည်း သူတို့ လယ်စိုက်တဲ့အခါ ဖြစ်လာသမျှ အခက်အခဲတွေ ကျွန်တော့်ကိုလာလာပြီး တိုင်ပင်တယ်။ တိုတိုပြောရရင်ဗျာ လယ် သမားတွေပြောတဲ့ထဲမှာကိုက မရှင်းဘူး။ နိုင်ငံတော်ကလုပ်တဲ့စက်မှုဇုန်လား။ ဇေ ကမ္ဘာကုမ္ပဏီက သူ့ဖာသူ ကြံဆလုပ်တာ လား။ နိုင်ငံတော်ကသိမ်းတာလား။ အိုး အိမ်ကသိမ်းတာလား။ ဘာမှကိုမရှင်းဘူး။ နောက်ဆုံး ဇေကမ္ဘာကုမ္ပဏီက ငှားထား တဲ့ ရှေ့နေနှစ်ယောက်ကနေ ၂၀၁၂၊ ဇန် န၀ါရီလ ၁၈ ရက်နေ့မှာ တောင်သူလယ် သမားတွေဆီစာပို့တယ်။ အဲဒီစာရဲ့ရည် ရွယ်ချက်ကတော့ လယ်သမားတွေလယ် ယာမြေကနေ (၂၄.၁.၂၀၁၂) နောက် ဆုံးထားထွက်ခွာပေးဖို့ဆိုတဲ့ အဓိပ္ပါယ်ပါ ပဲ။ ဒါပေမဲ့ အဲဒီစာထဲမှာ အချက် (၄) ချက် သဲလွန်စ သွားတွေ့တယ်။ (၁)ဇေ ကမ္ဘာကုမ်္ပဏီကို စက်မှုဇုန်လုပ်ဖို့ခွင့်ပြု ထားတာမရှိဘူး။ (၂)ဇေကမ္ဘာကုမ္ပဏီကို လည်းစပါးပဲစိုက်ခိုင်းထားတာဖြစ်တယ်။ (၃) ဇေကမ္ဘာကုမ္ပဏီအနေနဲ့ စပါးစိုက်ပျိုး လုပ်ကိုင်ခြင်းမရှိရင် တောင်သူတွေကိုပြန် လည်ချထားပေးရမယ်ဆိုတဲ့အချက် (၃)ခု က ဇေကမ္ဘာကုမ္ပဏီကို နိုင်ငံတော်စက်မှု ဇုန်အတွက် တာဝန်ပေးထားတာမဟုတ် ကြောင်း သိရတယ်။သက်သေရတယ်ပေါ့ ဗျာ။ နောက်အချက် (၄)က တောင်သူ တွေက လယ်ယာစိုက်ပျိုးလုပ်ကိုင်ခြင်းကို စွန့်လွှတ်ပြီး အခြားစီးပွားရေးလုပ်ငန်းများ ကိုလုပ်ကိုင်လိုပါသဖြင့် ကျေးရွာမြေယာ ကော်မတီကို မြေပြန်အပ်တယ်ဆိုတဲ့ အ ချက်ဖော်ပြထားပြီး အဲဒီဖော်ပြချက်မှား နေတာကိုသွားတွေ့တယ်။ အဲဒီအချက် ကလည်း နိုင်ငံတော်အကြီးအကဲပိုင်းကို ကျေးရွာအုပ်ချုပ်ရေးပိုင်းနဲ့ဇေကမ္ဘာကုမ္ပဏီ က ပူးပေါင်းလုပ်ကြံတင်ပြတာလို့သိလိုက် တယ်။ အမှန်က ကျေးရွာအုပ်ချုပ်ရေး ပိုင်းက ဦးဘိုကြီး(ရ.ယ.က အဖွဲ့ဝင်) တို့ ဦးထွန်းနိုင်တို့က ဓမ္မ၀ိဟာရဓမ္မာရုံကို အကြိမ်ကြိမ်ချိန်းဆိုပြီး နိုင်ငံတော်စီမံကိန်း ဖြစ်ကြောင်း၊ နိုင်ငံတော်က သိမ်းတာဖြစ် ကြောင်း၊ ဇေကမ္ဘာက ကရုဏာကြေးအ သားလွတ်ဝင်ပေးတာမျိုးလုပ်တာကိုးဗျ။ နောက်ပြီး ရွာသားတွေကလည်း စကား ကိုရှင်းအောင် မပြောနိုင်ကြဘူး။အတော် ရိုးအကြတယ်။ အဲဒါကြောင့် ကျွန်တော် က တရားစွဲပေးမယ်လို့ ၀င်ကူညီရတော့ တာပါပဲ။
နောင်တော်လေး- အစ်ကိုကို တောင်သူ ဘယ်နှစ်ယောက်က ကိုယ်စားလှယ် လွှဲထားပါသလဲ။
ဦးနေမျိုးဝေ- တောင်သူစုစုပေါင်း (၃၅) ယောက်ကကိုယ်စားလှယ်လွှဲထားပါတယ်။
နောင်တော်လေး- အခုဘာတွေပြင်ဆင် နေပါသလဲ အစ်ကို။
ဦးနေမျိုးဝေ- ကျွန်တော်တို့လယ်သမား တွေကလည်း မွန်လူမျိုးတွေဗျ။ ဗမာ စကားလည်း ကောင်းကောင်းမတတ်ကြ ဘူး။ တရားရုံးမှာ တစ်ဖက်ရှေ့နေ တရားသူကြီးတွေက ဗမာလိုမေးရင် ရေရေလည်လည် မဖြေတတ်ကြဘူး။ အဲဒါအပြင် သူတို့လယ်သမား အားလုံး က အစအဆုံး လူကိုယ်တိုင် လိုက် ကြတာမဟုတ်ဘူး။ အချို့ကရွာက နဲနဲ အကြီးပိုင်းကသွားပြီး ပြောဆိုနေပြီ ဆိုရင် အဲဒီလူပြောတာအမှန်ပဲ။ အဲဒီအ တိုင်းလိုက်လုပ်ကြတာပဲလေ။အဲဒါကြောင့် အစအဆုံးသိတဲ့သူ၊ တစ်စိတ်တစ်ပိုင်းသိ တဲ့သူတွေကို ခွဲထုတ်နေရတယ်။တစ် ယောက်ချင်းကို ကျွန်တော်က အရင်စစ် ထုတ်ရသေးတယ်။ပြီးတော့မှလိုအပ်သလို သက်သေထုတ်ပြမယ်ဆိုရင် သူတို့ပါဝင် ပတ်သက်တဲ့အပိုင်းပဲ မေးဖို့၊ ပြောဖို့ တိ တိကျကျခွဲနေရတာပါပဲ။
နောင်တော်လေး- အစ်ကိုတို့ ဇေကမ္ဘာ ကုမ္ပဏီနဲ့ ဟိုတစ်ခါကလည်း နိဒုံရွာမှာ ထိပ်တိုက် တွေ့ခဲ့သေးတယ်လေ။ အဲဒါ ကြောင့် တမင်များလိုက်ပြီး တိုက်ခိုက်နေ သလားလို့ ပြောရင် အစ်ကိုဘယ်လိုဖြေ မလဲ။
ဦးနေမျိုးဝေ- အဲဒါဖြေချင်တယ်ဗျာ။ ကျွန်တော်တို့ပါတီက တောင်သူလယ် သမား အသေးစားတွေ မြေယာကနေ စွန့်ခွာဖို့ ဒါမှမဟုတ် ပေါင်းစည်းလယ်ယာ လုပ်ကြဖို့။ စက်မှုဖွံ့ဖြိုးဖို့အတွက် မြေယာမှာ ရောင်းချခွင့်နဲ့ ဂရန်ချထား ရေးဥပဒေတွေ ပြဌာန်းပေးဖို့ အစောဆုံး တင်ပြနေတဲ့ ပါတီတစ်ခု ဖြစ်တယ်ဗျာ။ အခုကျတော့ အဲဒီအယူအဆနဲ့ ပြောင်း ပြန် တောင်သူလယ်သမားတွေ လယ်ပြန် လုပ်ရဖို့ လုပ်နေရတယ်။ ကိုင်းဗျာ ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲ။ တကယ်က ကျွန်တော်တို့ ပြောသလို စက်မှုဖွံ့ဖြိုးဖို့၊ စက်မှုလယ်ယာဖြစ်ဖို့ တောင်သူလယ်သမား အသေးလေး တွေအစား လုပ်ငန်းရှင်ကြီးတွေပေါ် စေချင်တာပါဗျ။ အခုလိုမမှန်ကန်တဲ့နည်း နဲ့ တောင်သူတွေ သဘောမတူတဲ့နည်းနဲ့ စက်မှုဖွံ့ဖြိုးဖို့တို့ ပေါင်းစည်းလယ်ယာတို့ လုပ်လို့မသင့်တော်ဘူးလေ။ မှော်ဘီဘက် မှာဗျာ။ တပ်မတော်က အရာရှိ တစ် ယောက်က ၁၉၉၈ လောက်မှာ လယ်သ မားတွေကိုစုခေါ်ပြီး လယ်တွေဝယ်မယ် လို့ပြောတယ်။ အဲဒီတုန်းက ပေါက်ဈေး တစ်ဧကကိုတစ်သိန်းခွဲ၊ နှစ်သိန်းပဲရှိတာ ကို ဧက ၃၀၀ ကျော်လုံးရောင်းရင်တစ် ဧကကို သုံးသိန်းပေးမယ်လို့ ပြောတယ်။ လယ်သမားတွေအချင်းချင်းတိုင်ပင်ကြ၊ တစ်ယောက်သဘောမတူရင် တစ်ခုမှ မ၀ယ်ဘူးလို့လုပ်တယ်။ လယ်သမားတွေ အချင်းချင်းတိုင်ပင်ကြတာပေါ့ဗျာ။ မရောင်းချင်တဲ့သူကို ရောင်းချင်တဲ့သူက နားချ။ လယ်အစားပြန်ဝယ်ပေးကြပေါ့ ဗျာ။ ဒီလိုနဲ့အားလုံးရောင်းလိုက်တယ်။ ဘာသံမှ မထွက်ဘူးလေ။ ဘယ်လောက် အေးချမ်းလိုက်သလဲ။ ဒါမျိုးဆိုကျွန်တော် တို့လည်း သဘောတူတယ်လေဗျာ။
နောင်တော်လေး- ဆရာတို့ပါတီကခရိုနီ တွေကိုလိုက်တိုက်ခိုက်နေတယ်လို့ပြောနေ ကြတာနဲ့ ပတ်သက်ရင်ကော ဘယ်လိုဖြေ မလဲဆရာ။
ဦးနေမျိုးဝေ- ဒါလဲသိပ်ရယ်စရာကောင်း တာပဲဗျ။ ခဏ၊ ခဏ ဒီစာပိုဒ်လေးဖတ် လိုက်ဗျာ။ (ဦးနေမျိုးဝေထုတ်ပြသည့် စာပိုဒ် – ရင်းနှီးမြှုပ်နှံခြင်းနှင့် ငွေဖြူဖြစ် ခြင်းဆိုင်ရာဥပဒေ၊ မြန်မာနိုင်ငံရဲ့ရင်းနှီး မြှုပ်နှံမှု လမ်းကြောင်းဟာ အခုမှစရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ရင်ဘောင် တန်းနိုင်တဲ့ အင်အားကြီး ရင်းနှီးမြှုပ်နှံသူ တွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒီနေရာ မှာ အရေးကြီးတာက ငွေဖြူ၊ ငွေမည်း ပြဿနာပါပဲ။ ယနေ့မြန်မာနိုင်ငံမှာကား ၀ယ်စီးတာတောင် ငွေဖြူပြနေရတယ်။ လုပ်ငန်းကြီးတွေကလည်း ငွေသိပ်များ များ စားစားကုန်မှာသေချာတယ်။ ဒီ့အ ပြင် ဆိုရှယ်လစ်စီးပွားရေးလက်ကျန်အ မြင်တွေ၊ အတွေးတွေ၊ ဥပဒေတွေကြောင့် လုပ်ငန်းလုပ်ရာမှာဖြစ်စေ၊ ပိုင်ဆိုင်မှုမှာ ဖြစ်စေ မပွင့်လင်းကြသေးပါဘူး။ လက်ရှိ လုပ်ငန်းရှင်ကြီးတွေကပဲခပ်များများ ရင်း နှီးမြှုပ်နှံနိုင်ကြမှာ မလွဲဘူး။ ဒါကိုကိုယ်က မကျေမနပ်ဖြစ်ပြီး စစ်ဟယ်၊ ဆေးဟယ် နဲ့ ဖြူသလေး၊ မဲသလေးလုပ်နေချင်တယ် ဆိုရင် ပတ်ဝန်းကျင်နိုင်ငံတွေကိုပြန်ကြည့် ဒေါ်လာထုပ်သာပိုက်လာပါစေ၊ ဖြူတာ၊ ညိုတာ၊ နီတာ၊ ၀ါတာ စိတ်မ၀င်စားဘဲ (ဘဏ်ဥပဒေတွေအကြောင်းပြပြီး)လက်ခံ လိုက်တာပဲ။ အဓိက ကတော့ သူတို့နိုင် ငံတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ များလာစေ ချင်တာပါပဲ။ အဲဒီတော့ ကျွန်မတို့ဘက် ကလည်း ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ် မဲ့ တိုင်းရင်းသားလုပ်ငန်းရှင်မှန်သမျှရဲ့ ငွေကို ဖြူအောင်ဖွပ်ပေးရလိမ့်မယ်။ ပုံစံ လေးကတော့ နည်းနည်း ရှင်းပြပါရစေ။ ငွေကိုဘယ်လိုနည်းနဲ့ပဲ ရှာထားပါစေ။ ရှိ နေလို့ ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုရင် ဘာ လုပ်မှာလည်း ကြည့်မယ်။ ငွေပမာဏ ချင်းတူရင် လုပ်သားဦးရေများများကိုအ လုပ်ပေးနိုင်တဲ့ ပုံသဏ္ဌာန်ရှိတဲ့ လုပ်ငန်း မျိုးဆိုရင် ပိုပြီး ကင်းလွတ်ခွင့်ပေးမယ်။
ဥပမာငွေသန်းတစ်ထောင်ရင်းနှီးမြှုပ် နှံမယ့်နှစ်ယောက်မှာပထမလူကအလုပ်သ မားတစ်သောင်းနဲ့အလုပ်လုပ်မယ်၊ ဒုတိ ယလူက အလုပ်သမားတစ်ရာနဲ့ အလုပ် လုပ်မယ်ဆိုရင် ပထမလူကို ပိုမိုလျှော့ပေါ့ စဉ်းစားပေးပြီး ကင်းလွှတ်ခွင့်ပေးမယ်လို့ ဆိုလိုတာပါ။ ၂၀၁၅ နောက်ပိုင်းတော့ မရတော့ဘူးပေါ့။ နှစ်အကန့်အသတ်ပေး ထားမယ် ၂၀၁၅ ဆိုရင်တော့ အားလုံး တစ်ပြေးညီဖြစ်ရမယ်ပေါ့။
အဲဒါပဲကြည့်လေဗျာ။ အဲဒီစာက ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကျွန်တော် တို့ပါတီရဲ့ဥက္ကဋ္ဌ(၁)ဒေါ်စန္ဒဦး မြန်မာ့ရုပ် မြင်သံကြားမှာပြောမယ်လို့ပြင်ထားတဲ့ စာပိုဒ်ထဲကတစ်ခုပေါ့ဗျာ။ ဖြတ်တောက် ခံရလို့ လုံးဝမပြောခဲ့ရဘူးလေ။ အဲဒီစာ အရဆိုရင် ကျွန်တော်တို့ပါတီဟာ ခရိုနီ တွေရဲ့ ထွက်ပေါက်တောင်ဖြစ်နေသေး တယ်မဟုတ်လားဗျ။
နောင်တော်လေး- အစ်ကိုတို့ပါတီအနေနဲ့ ဘယ်လိုဖြစ်နေတဲ့ မြေယာမှုခင်းတွေကို လိုက်ပါဆောင်ရွက်ပေးနေတာပါလဲခင်ဗျ။
ဦးနေမျိုးဝေ- ဘယ်လိုမှုခင်းမျိုးမှမလိုက် ချင်ဘူး။ ပေါ်လစီချိန်းကိုပဲ လိုလားတာ ပါ။ ဒါပေမဲ့ဗျာ ကူမယ့်သူ၊ ကယ်မယ့်သူ တွေဝေးနေလို့ မနေနိုင်လွန်းလို့ လိုက်ပါ ဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ရတာပါပဲ။ နောက်ပြီးတော့ဗျာ ခရိုနီတွေကိုပြောချင် ပါတယ်။ ဟိုးတောခြုံအုံကြား လူသူမရှိ တဲ့အရပ်က သယံဇာတတွေယူခဲ့ပြီးပြီ။ နောင်ဈေးကောင်းရမယ်လို့ထင်လို့ပေါက် ဈေးထက်ပိုပေးဝယ်ခဲ့ပြီးပြီ။လက်ငုတ်လုပ် နေတဲ့ သူတွေလက်ထဲက ထမင်းလုပ်ကို တော့ပုတ်မချကြပါနဲ့။ နောက်ပြီး တန်ရာ တန်ကြေးပေးဝယ်ကြပါဗျာ။
နောင်တော်လေး- လက်ရှိဥပဒေအရ လယ်ယာမြေတွေကို ရောင်းခွင့်မရှိဘူး မဟုတ်လား အစ်ကို။
ဦးနေမျိုးဝေ- မှန်ပါတယ်ဗျာ။ ဒါပေမဲ့ တစ်နိုင်ငံလုံး လယ်ယာမြေတွေဒီလိုမျိုးပဲ ရပ်/ကျေးမှာ ငွေပေးပြီးရောင်းဝယ်နေ ကြတာပဲလေ။ လယ်ယာမြေရောင်းခွင့် မရှိတဲ့ ဥပဒေဟာ လယ်သမားတွေကို အကာအကွယ်မပေးနိုင်ပါဘူးဗျာ။ ဂရန် ထုတ်ပေးပြီး ရောင်းချခွင့်ပေးလိုက်ရင် ခိုင် မာလာလို့ လယ်ယာမြေဈေးတက်လာ မယ်။ (မြေယာဈေးကွက်ဖြစ်လာမယ်၊ ဈေးကွက်ပေါက်ဈေးပေါ်လာမယ်) ခရိုနီ တွေနဲ့ နိုင်ငံတော်က လိုအပ်ရင် ဈေးကြီး ကြီး လျော်ရမှာစိုးလို့ ဂရန်မပေး၊ ရောင်း ချခွင့်မပေးတာပဲဗျ။
နောင်တော်လေး- ရောင်းခွင့်ပေးရင် တစ်ဦးတည်းပိုင်လယ်ယာမြေတွေ အများ ကြီးဖြစ်သွားပြီး လယ်မဲ့ယာမဲ့တွေဖြစ်ကုန် မယ်ဆိုရင်ကော။
ဦးနေမျိုးဝေ- တစ်ဦးတည်းပိုင်ဧရိယာကို ကန့်သတ်တဲ့အကြောင်း ဥပဒေထဲထည့် ဆွဲလေဗျာ။ လွယ်ပါတယ်။အမှန်ကအချို့ လူတွေ တစ်ဦးတည်းပိုင်အများကြီးမှအ များကြီး။ ဥပဒေထဲထည့်ဆွဲရင် သူတို့ ခရိုနီတွေအရင်ငြိကုန်မှာဆိုးလို့ နှာတစ် ဖက်စေးပညာရှင်တွေခေါ်ပြီး အားကူနေ တာဗျ။
နောင်တော်လေး- နိုင်ငံခြားသားတွေ မြေ ၀ယ်ကုန်ရင်ရော။ဗမာနာမည်နဲ့အမည်ခံပြီး နိုင်ငံခြားသားက ၀ယ်ရင်ကော။
ဦးနေမျိုးဝေ- ဒါလည်းလွယ်တာပဲဗျ။ ဗမာတိုင်းရင်းသား/နိုင်ငံသားမဟုတ်ရင် ဥပဒေက ကာကွယ်ပေးရုံပဲ ကိုရွှေနိုင်ငံ ခြားသားဗမာနာမည်ခံပြီးဝယ်လိုက်လို့ သူ့တပည့်ဗမာက လုံးလုံးပြန်မပေးမှာမြင် ယောင်သေးဗျာ။ လွယ်ပါတယ်။ ဥပဒေ က ကာပေးရုံပါပဲ။
နောင်တော်လေး- ၂၀၀၈ ဖွဲ့စည်းပုံမှာ နိုင်ငံတော်ရဲ့ လေထု၊ မြေထု၊ ရေထုကို နိုင်ငံတော်ကပိုင်တယ်ဆိုတော့ ရောင်းချ ခွင့်ပေးရင်ဖွဲ့စည်းပုံနဲ့ညီပါ့မလားအစ်ကို။
ဦးနေမျိုးဝေ- သိပ်ညီတာပေါ့ဗျာ။ အခု အိမ်ဂရန်တွေလိုပေါ့။ အခုအိမ်ဂရန်တွေ ကျတော့ ပေါင်လို့၊ ငှားလို့၊ ရောင်းလို့ရ တယ်မဟုတ်လားဗျ။ အဲဒီအဆင့်ပဲ တောင်းနေတာပါ။
နောင်တော်လေး- နောက်ဆုံးမေးမယ်ဗျာ။အခုဆောင်ရွက်နေတာတွေဟာ ဘာရလဒ် ကိုမျှော်လင့်လို့လဲ။
ဦးနေမျိုးဝေ- ဦးဘိုကြီးတို့၊ ဦးထွန်းနိုင် တို့၊ ဦးခင်ရွှေတို့ကို အပြစ်ပေးစေချင်တာ မဟုတ်ဘူးဗျို့ နစ်နာသူကို ကုစားစေချင် တာပဲ။ သူတို့ကို ဘယ်လိုအပြစ်ပေးပေး လိုရာမရောက်ဘူး။ လိုရာရောက်ဖို့က နဂို မူလထက်မနိမ့်ကျတဲ့အခြေအနေနဲ့ပြောင်း ရွှေ့နိုင်ရမယ်။ ဒါမှမဟုတ် နဂိုလယ်ယာ မြေတွေပြန်လုပ်ပိုင်ခွင့်ရစေချင်တယ်။ အင်း..ဗျာ..နိုင်ငံရေးဆိုတာ မုန်းပြီး လိုက်တိုက်တာမဟုတ်ပါဘူး။ နစ်နာသူ ဘက်က လိုက်တိုက်မိလို့ အမုန်းခံရတာ ပါ။ အမုန်းလည်းမခံချင်ပါဘူး။ ဆရာကြီး ဒဂုံတာရာ ကိုတော့ လွမ်းမိပါရဲ့။ (Hot News)
နောင်တော်လေး
ယခုနှစ် မန္တလေးဈေးချို ဈေးပွဲတော်ကို ဈေးချိုဈေးသမားအများစုက မပြုလုပ်လိုကြောင်း ငြင်းဆန်ပြောဆို
ယခုနှစ်မန္တလေးဈေးချို ဈေးပွဲတော်ကို ဈေးသူဈေးသားအများစုက ငွေစာရင်းဆိုင်ရာ ရိုသားပွင့်လင်းသောစာရင်းထုတ်ပြန်မှုမရှိခြင်းနှင့် ဈေးလုံခြုံရေးအပြည့်အ၀ မပေးနိုင်ခြင်းတို့ကြောင့် ဈေးပွဲတော်လုပ်ရန်ဆန္ဒမရှိကြောင်း ဈေးသူ ဈေးသားများက ထုတ်ပြန်ပြောဆိုသည်။မန္တလေးဈေးချိုဈေးပွဲတော်ကိုနှစ်စဉ်နှစ်တိုင်းသင်္ကြန်နီးလျှင်ပြုလုပ်လေ့ရှိသော်လည်း ယခုနှစ်ကျင်းပရန်အတွက်အစည်းအဝေး ခေါ်ယူရာ ဈေးသူဈေးသားအများစုမှာ မလုပ်လိုကြောင်း ငြင်းဆန်ပြောဆိုကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ဈေးပွဲတော်ပြုလုပ်ချိန်တွင်သက်ဆိုင်ရာအဖွဲ့အစည်းအများအနေဖြင့်လုံခြုံရေးအပြည့်အ၀ မပေးနိုင်မှုကြောင့်ခိုးဆိုးလုယက်မှုများ၊ဖေါက်ထွင်းမှုများဖြစ်လေ့ဖြစ်ထရှိပြီး၊ ဈေးချိုပွဲတော်အတွက် ရရှိသောငွေကြေးများကိုလည်းစာရင်းထုတ်ပြန်ကြေငြာပေးခြင်းမရှိကြောင်း ဈေးသမားများကပြောသည်။
“ သက်ဆိုင်ရာတွေက သန့်ရှင်းရေးနဲ့ပတ်သတ်ပြီး တာဝန်မယူနိုင်ဘူး ၊ လုံးခြုံရးလဲမပေးနိုင်ဘူး ၊ ခဏခဏ ပြသနာတက်တယ်ခါးပိုင်နှိုက်တာခိုးတာဝှက်တာ၊ညဆိုလဲလုံခြုံရေးမရှိဘူးရှိတဲ့လူကလဲလုံခြုံရေးမပေးနိုင်ဘူး။ဆိုင်ဖေါက်ထွင်းမှုတွေ ခဏခဏဖြစ်တယ်၊ ဖြစ်ရင်တာဝန်ယူမဖြေရှင်းပေးနိုင်ဘူး၊ နောက်ငွေစာရင်းရှင်းတမ်းလည်း ထုတ်မပေးကြဘူး”ဟုမန္တလေးဈေးချိုတွင်ဖိနပ်ရောင်းသူတစ်ဦးက ပြောသည်။
ထို့ပြင်ဈေးပွဲတော်တွင်ဖွင့်လှစ်ရောင်းချသောဆိုင်ခန်းများမှရာဂဏန်းခန့်ရှိကြောင်း၊၈၄လမ်းပေါ်ရှိဆိုင်ခန်းများ
မှာ ဈေးနှုန်းအမြင့်ဆုံးဖြစ်သည်ဟုသိရပြီးဈေးပွဲတော်လုပ်ခဲ့သည့်အကြိမ်တိုင်း သက်ဆိုင်ရာတာဝန်ရှိသူများက ငွေ စာရင်းရှင်းတမ်းထုတ်ပြန်ခြင်းမရှိသည့်အတွက် ကျေနပ်မှုမရှိကြောင်း ဈေးသူဈေးသားတစ်ဦးကပြောသည်။
“ ၈၄လမ်းပေါ်ဆိုရင် နှစ်သိန်း နှစ်သိန်းခွဲ ၊ ၂၆လမ်းပေါ်ဆိုရင် တစ်သိန်းခွဲနှစ်သိန်းအစားစားပေါ့၊အဲဒီကရတဲ့ပိုက်ဆံကိုဘယ်လိုပြန်သုံးလဲဆိုတာတော့မသိဘူး ၊ ရတဲ့ပိုက်ဆံကများတော့ နှစ်တိုင်းလုပ်ချင်တာ နေမှာပေါ့ ၊စာရင်းရှင်းတန်းထုတ်ပြန်တာတို့ဘာတို့တော့မကြားဘူးပါဘူး အဲဒါကြောင့်လည်း မလုပ်ချင်ကြဘူး`ဟု အဆိုပါ ဈေးချိုသားတဦးက ပြောသည်။ ဈးပွဲတော်ကျင်းပခြင်းကြောင့် လာရောက်ဖွင့်လှစ်သောဆိုင်များမှာ နယ်လှည့်ဈေးရောင်းသမား အများစုဖြစ်ပြီးဈေးပတ်ဝန်းကျင်တွင် အခင်း သွားခြင်းများ ၊ ဖောက်ထွင်းမှုများဖြစ်ပေါ်ခဲ့ပြီးအဆိုပါကိစ္စအတွက်မည်သူကမျှတာဝန်ယူမှုမရှိဘူးဟုဈေးချိုတွင်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။
“ ဈေးပွဲတော်လုပ်မလားလို့ ဈေးထဲကလူဆယ်ဦးမေးရင်ရှစ်ဦးလောက်ကမလုပ်ချင်ဘူး ၊ဘာလု့လဲဆိုရင် ဈေးချိုဆိုတာလူတန်းစားမျိုးစုံမှီခိုနေကြတာဖြစ်တဲ့အတွက် အစစအရာရာမီးရေးထင်းရေးကအစစိုးရိမ်ရတယ်။ နောက်ပြီး ဈေးလာရောင်းတဲ့သူတွေမှာဈေးရောင်းတဲ့လူအစစ်ပါသလို ၊ မသမာသူတွေလဲ ပါတယ်။ မနက်မနက်ကြရင်သူတို့စွန့်သွားတဲ့ မစင်တွေအညစ်အကျေးတွေက နံဟောင်နေတာပဲ အဲလိုဖြစ်တာနှစ်တိုင်းပဲ၊ညအိပ်တော့အဲဒီမှာအိပ်ကျတာဆိုတော့ ဈေးပတ်ပတ်လည်ကမြောင်းထဲမှာ ကိစ္စ ရှင်းလိုက်ကျတယ်” ဟု၎င်းကပြောသည်။
မင်းမင်းလတ်- မန္တလေး
ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးမှ ရွှေခွပ်ဒေါင်းဖြင့် ကြိုမည် by The Voice Weekly
မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့တော် မန္တလေးသို့ မတ်လ ၃ ရက်နေ့တွင် လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် မန္တလေးတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့က အရှည် ရှစ်ပေကျော်ရှိ ရွှေခွပ်ဒေါင်းရုပ်ဖြင့် ကြိုဆိုမည် ဖြစ်ကြောင်း တိုင်းပြန်ကြားရေး တာဝန်ခံ ဦးမျိုးနိုင်က ပြောကြားသည်။
ကြားဖြတ်ရွေးကောက်ပွဲ အတွက် နိုင်ငံအနှံ့ စည်းရုံးရေးခရီး လှည့်လည်နေသော ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် ခရီးစဉ် အပြီး တစ်ပတ်ကျော် အကြာတွင် မန္တလေးတိုင်း ဒေသကြီးသို့ လာရောက်မည် ဖြစ်ပြီး ထိုမှတဆင့် မိတ္ထီလာ၊ ပဲခူးမြို့များသို့ ခရီးလှည့်လည်မည် ဖြစ်သည်။
ဧရာဝတီမြစ်ဘေးတွင် ဘဲဟင်္သာများ ရှားပါးသွား by by Eleven
ဆောင်းရာသီရောက်လျှင် မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့ကြားရှိ ကျွန်းများပေါ်၌ ယခင်က ဘဲဟင်္သာများ အကောင်ရေ ထောင်ချီ၍ မြင်တွေ့ရသော်လည်း ယခုအခါမမြင်တွေ့ရ သလောက်ရှားပါးသွားပြီဖြစ်ကြောင်း၊ ဧရာဝတီမြစ်ဘေးတွင်လည်း ဘဲဟင်္သာများ မတွေ့ရသလောက်ရှား ပါးနေပြီဖြစ်ကြောင်း သိရသည်။
''အရင်တုန်းက ၀ိုင်းမော်ကနေ လှေနဲ့ကုန်ပို့သွားရင် မြစ်ကမ်းဘေးမှာ ဘဲဟင်္သာစီနေအောင် တွေ့ရတယ်။ အခုတော့ မတွေ့တော့ဘူး။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကတည်းက အဆိပ်ကျွေးပြီးမှ ဈေးမှာရောင်းကြတာကိုး။ ဟင်္သာမပြောနဲ့ ဗျိုင်းတောင် မတွေ့ရသလောက်အောင် ဖြစ်နေပြီ'' ဟုဧရာဝတီမြစ်ဘေးတွင် စိုက်ပျိုးရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။ ဧရာဝတီမြစ်ဘေးတွင် ဘဲဟင်္သာများ ရှားပါးနေရခြင်းမှာ မသမာသူ စီးပွားရှာသူများ အဆိပ်ကျွေးဖမ်းခြင်း၊ ဒေသခံများက ပတ်ဝန်းကျင်ထိန်းသိမ်းမှု နည်းပါးခြင်း၊ စနစ်တကျ အရေးမယူခြင်းတို့ဖြစ်ကြောင်း သိရသည်။ ဘဲဟင်္သာများသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလမှ မတ်လကုန်အထိ ဆောင်းခိုငှက်များအဖြစ် လာရောက်လေ့ရှိသည်။
ဟားဗတ်တက္ကသိုလ် မှ မြန်မာနိုင်ငံတွင် ဆေးပညာသင်ကြား ပေးနိုင်ရန်နှင့် ဆေးကောလိပ် ဖွင့်လှစ်နိုင်ရန် အတွက် ပထမအဆင့် လာရောက်ဆွေးနွေး by Eleven
ဟားဗတ် တက္ကသိုလ်မှ မြန်မာနိုင်ငံတွင် ဆေးပညာ သင်ကြားပေးနိုင်ရန်နှင့် ဆေးကောလိပ် (သို့မဟုတ်) ဆေးတက္ကသိုလ် ဖွင့်လှစ်နိုင်ရန် အတွက် ကျန်းမာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ပညာရှင်များနှင့် ဇန်န၀ါရီ လကုန်ပိုင်းက ပထမအဆင့် လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သည့် ပါမောက္ခ ဒေါက်တာ ဒေါ်မြင့်မြင်ခင်က ပြောကြားပါသည်။
ယင်းကဲ့သို့ လာရောက်ရာတွင် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ၊ ဘတ်ဂျက်ရရှိမှုနှင့် စီမံခန့်ခွဲမှုပုံစံ၊ ကျန်းမာရေး ပညာရှင်များ၏ အရည်အသွေး၊ အစိုးရနှင့် ပုဂ္ဂလိက ဆေးရုံဆေးခန်း များ၏ အခြေအနေ၊ ဆေးတက္ကသိုလ် ကျောင်းများ၏ အရည်အသွေး စသည်တို့ကို အဓိကထား ဆွေးနွေးလေ့လာ သွားကြောင်း သိရပါသည်။အဆိုပါ ဟားဗတ်တက္ကသိုလ်မှ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ မှ ကြားခံအဖွဲ့တစ်ခုနှင့် ဆက်သွယ် ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါအဖွဲ့၏ စီစဉ်မှုဖြင့် တာဝန်ရှိသူများ၊ ပညာရှင်များနှင့် တွေ့ဆုံခဲ့ကာ ဆေးပညာ သင်ကြားပေးနိုင်ရန်နှင့် အနာဂတ်တွင် ဆေးကောလိပ်(သို့မဟုတ်) ဆေးတက္ကသိုလ်တစ်ခု တည်ထောင်နိုင်ရန် ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။
“သူတို့ကို မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို မြင်အောင် ကြည့်နိုင်ဖို့နဲ့ အဘက်ဘက်က နိမ့်ကျနေတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးကို မြှင့်တင်နိုင်တဲ့ အကူအညီ နဲ့ နည်းလမ်းတွေပေးနိုင်ဖို့ အဓိကထား ပြောတယ်။ မြန်မာတွေ နောက်ကကျ ကျန်နေတဲ့ သိပ္ပံနဲ့ နည်းပညာအဆင့် အတန်းကို ကူညီမြှင့်တင်ပေးဖို့ အဓိက ပြောပါတယ်”ဟု ဒေါက်တာ ဒေါ်မြင့်မြင့်ခင်က ပြောကြားပါသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် အစိုးရမှ ဖွင့်လှစ်ထားသော ဆေးတက္ကသိုလ်များမှာ ရန်ကုန် ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် ဆေးတက္ကသိုလ်(၂)၊ မန္တလေး ဆေးတက္ကသိုလ်၊ မကွေး ဆေးတက္ကသိုလ်တို့ ဖြစ်ပြီး တစ်နှစ်လျှင် ဆရာဝန် ၂၂၀၀ ဦး ၀န်းကျင် သင်ကြားပေးနေကြောင်း သိရပါသည်။ —
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍများ အတွက် စုစုပေါင်း အသုံးစရိတ်၏ ၃ ရာခိုင်နှုန်းနှင့် ၅ ဒသမ ၀၄ ရာခိုင်နှုန်း တိုးမြှင့်ထားပြီး နောင်လာမည့်နှစ်များတွင် ဆက်လက် တိုးမြှင့် လျာထားမည် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်းနေ by Eleven
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် တွင် ကျန်းမာရေးကဏ္ဍ၊ ပညာရေး ကဏ္ဍများအတွက် စုစုပေါင်း အသုံးစရိတ်၏ ၃ ရာခိုင်နှုန်းနှင့် ၅ ဒသမ ၀၄ ရာခိုင်နှုန်း တိုးမြှင့်ထားပြီး နောင်လာမည့် နှစ်များတွင်လည်း ဆက်လက် တိုးမြှင့် လျာထားပေးသွားမည်ဟု ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်။
“၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ရသုံးခန့်မှန်းခြေ ငွေစာရင်းမှာ ကျန်းမာရေး အသုံးစရိတ်ဟာ စုစုပေါင်း အသုံးစရိတ်ရဲ့ ၁ ဒသမ ၁ ရာခိုင်နှုန်း၊ ပညာရေး အသုံးစရိတ်ဟာ စုစုပေါင်းအသုံးစရိတ်ရဲ့ ၃ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်ခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် မှာတော့ ကျန်းမာရေး အသုံးစရိတ် ဟာ စုစုပေါင်း အသုံးစရိတ်ရဲ့ ၃ ရာ ခိုင်နှုန်း၊ ပညာရေး အသုံးစရိတ်ဟာ ၅ ဒသမ ၀၄ ရာခိုင်နှုန်းအထိ တိုးမြှင့်လျာထားခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာလည်း စုစုပေါင်း အသုံးစရိတ်မှာ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍများရဲ့ပါဝင်မှု အချိုးအစားကို ဆက်လက်တိုးမြှင့် လျာထားပေး သွားမှာပါ”ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေး အသုံးစရိတ်မှာ ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းတွင် အသုံးစရိတ်စုစုပေါင်း ကျပ် ၉၂၀၀၈ ဒသမ ၇၈၆ သန်း လျာထားသုံးစွဲခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘ ဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် အသုံးစရိတ်စုစုပေါင်း ကျပ် ၃၆၇၉၇၀ ဒသမ ၃၇၅ သန်းလျာ ထားသည့်အတွက် ပြီးခဲ့သည့်နှစ်ထက် လေးဆခန့် တိုးတက် လျာထားကြောင်း သိရသည်။
“၂၀၁၂-၂၀၁၃ ခုနှစ်မှာတော့ သာမန်အသုံးစရိတ် ကျပ် ၁၅၄ ၄၃၅ ဒသမ ၀၉၃ သန်း လျာထား သည့်အတွက် ဆရာဝန်နှင့်သူနာပြုများ တိုးချဲ့ခန့်ထားနိုင်ခြင်း၊ ဆေးရုံသုံး ဆေးပစ္စည်းများ ပိုမိုဝယ်ယူ ဖြည့်တင်းနိုင်ခြင်း၊ ဆေးရုံများအား ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ပိုမို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။၂၀၁၁ -၂၀၁၂ ခုနှစ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် သုံးစွဲငွေမှာ ကျပ် ၂၅၂၇၈ ဒသမ ၃၁၀ သန်းဖြစ်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ကျပ် ၂၁၃၅၃၅ ဒသမ ၂၈၂ သန်းလျာထားသည့် အတွက် ဆေးရုံဆေးခန်းများနှင့် ကျေးလက် ကျန်းမာရေးဌာနများ ပိုမို တိုးချဲ့ဖွင့်လှစ်နိုင်မှာဖြစ်ပြီး ဆေးရုံများတွင် လိုအပ်သည့် ဆေးရုံသုံး စက်ပစ္စည်း ကိရိယာတန်ဆာပလာများ ပိုမိုဝယ်ယူ ဖြည့်တင်းနိုင်မှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စားဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်။
“ပညာရေးကဏ္ဍရဲ့ ၂၀၁၁-၂၀၁၂ ခုနှစ် သာမန် အသုံးစရိတ် သုံးစွဲငွေမှာ ကျပ် ၂၇၄၈၆၂ ဒသမ ၈၃၁ သန်းဖြစ်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်တွင် သာမန် အသုံးစရိတ် ကျပ် ၄၀၈၁၆၄ ဒသမ ၄၁၉ သန်း လျာထားသည့် အတွက် ဆရာ၊ ဆရာမများ ပိုမိုခန့်ထားနိုင်ခြင်း၊ ဥပဓိရုပ် မကောင်းသော အခြေခံပညာ ကျောင်းများအား ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားခဲ့သည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ကျန်းမာရေး အသုံးစရိတ်သည် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်းနေပြီး လာအို ၃ ဒသမ ၇ ရာခိုင်နှုန်း၊ မလေးရှား ၆ ဒသမ ၉ ရာခိုင်နှုန်း၊ နီပေါ ၁၁ ဒသ မ ၃ ရာခိုင်နှုန်း၊ ဖိလစ်ပိုင် ၆ ဒသမ ၁ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား ၆ ဒသမ၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား ၉ ဒသမ ၀ ရာခိုင်နှုန်း သုံးစွဲနေကြောင်း သိရသည်။ ပညာရေးကဏ္ဍတွင် မြန်မာ ၃ ဒသမ ၅ ရာခိုင်နှုန်း၊ ထိုင်း ၂၀ ဒသမ ၉ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ် ၁၄ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား ၁၂ ဒသမ ၄ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား၁၇ ဒသမ ၅ ရာခိုင်နှုန်း၊ လာအို ၁၂ ဒသ မ ၂ ရာခိုင်နှုန်း၊ ဖိလစ်ပိုင် ၁၅ ဒသမ ၂ ရာခိုင်နှုန်း၊ စင်ကာပူ ၁၅ ဒသမ ၃ ရာခိုင်နှုန်း သုံးစွဲနေသည့် အတွက် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာ လျော့နည်းနေကြောင်း သိရသည်။
မန္တလေးမြို့ရှိ ချမ်းမြသာစည်လေယာဉ်ကွင်းကို အရပ်ဘက် လေယာဉ်မောင်းသင်ကျောင်းနှင့် အပျော်တမ်း ပျံသန်းရေးကလပ် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိ by Eleven
ယာဉ်ကွင်းကို အရပ်ဘက် လေယာဉ်မောင်းသင်ကျောင်းနှင့် အပျော်တမ်းပျံသန်းရေးကလပ် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၏ ပြောကြားချက်အရ သိရသည်။
မန္တလေး ချမ်းမြသာစည်လေဆိပ်သည် အလျားပေ ၆၅၀၀ နှင့် အနံပေ ၁၀၀ရှိပြီး၊ ၇၅တန်ရှိသည့် F 28 နှင့်အထက် လေယာဉ်များ ပျံသန်းဆင်းသက်နိုင်သောလေဆိပ် တစ်ခုဖြစ်ကြောင်း၊ ချမ်းမြသာစည် လေယာဉ်ကွင်းကို အသုံးပြု၍ အရပ်ဘက် လေယာဉ်မောင်းသင်ကျောင်း ဖွင့်လှစ်ပြီး ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းများအတွက် အရည်အချင်းပြည့်မီသော လေယာဉ်မှူးများ မွေးထုတ်ရေး၊လေကြောင်းပညာရပ်ကို စိတ်ဝင်စားသူများနှင့် အပျော်တမ်းလေယာဉ် မောင်းနှင်လိုသူများအတွက် ပျံသန်းရေးကလပ်များ ဖွင့် လှစ်သင်ကြား လေ့ကျင့်ပေးရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း၊ အရပ်ဘက်လေယာဉ်မောင်းသင်ကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်(လေ) လေယာဉ်မောင်းသင်ကျောင်းများတွင် ကျောင်းအုပ်ကြီးနှင့် လေယာဉ်မောင်း နည်းပြဆရာများအဖြစ် ဆောင်ရွက်ခဲ့သူများအား စုစည်းဆောင်ရွက်လျက်ရှိကြောင်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေး သတ္တမနေ့တွင် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောကြားခဲ့သည်။
''အရပ်ဘက်လေယာဉ်မောင်း သင်ကျောင်း ရှိဖို့ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ မြို့ပြလေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမှန်တကယ် လိုအပ်ပါတယ်။ အရပ်ဘက်လေယာဉ်မောင်းသင်တန်း ဖွင့်လှစ်နိုင်မယ်ဆိုရင် ကိုယ့်နိုင်ငံမှာတင် ကျွမ်းကျင်လေယာဉ်မှူးတွေ မွေးထုတ်ပေးနိုင် မှာဖြစ်တဲ့အတွက် အမြန်ဆုံး အကောင်အထည်ပေါ်ဖို့ မျှော်လင့်ပါတယ်'' ဟု ၀ါရင့်လေယာဉ်မှူးကြီးတစ်ဦးက ပြောပြခဲ့သည်။ ယခင်ကလည်း မြို့ပြလေကြောင်း ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူနေထူထပ်ခြင်းမရှိသည့် မြို့များတွင် ယင်းကဲ့သို့ အရပ်ဘက်လေယာဉ် မောင်းသင်ကျောင်းနှင့် အပျော်တမ်း ပျံသန်းရေးကလပ် ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာသို့ တင်ပြထားခြင်းရှိ ကြောင်းသိရသည်။
၂၀၀၀ပြည့်နှစ်တွင် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဖွင့်လှစ်ခဲ့ပြီးချိန်မှစ၍ ချမ်းမြသာစည်လေဆိပ်ကို ရပ်ဆိုင်းထားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းပျံသန်းမှုအတွက် Compulsory Reporting Point အဖြစ်သာ ထားရှိခဲ့ကြောင်း သိရသည်။
ကိုဇာဂနာရယ် .. ဟိုတုန်းက တာဝန်အရ လုပ်ရတာပါတဲ့ . ခိုင်းလို့လုပ်ရတာပါတဲ့
ကျွန်တော့ကို ထောက်လှမ်းရေးစခန်းမှာ မြေကြီးထဲတစ်ကိုယ်လုံး မြုပ်ထားပြီး ခေါင်းလေးပဲဖော်ထားတယ် .. ပြီးတော့ ကားနဲ့အပေါ်ကနေ ကြိတ်လိုက်တော့မယ်နော်ဆိုပြီး ခြိမ်းခြောက်ခဲ့တဲ့ ထောက်လှမ်းရေး ဗိုလ်မှုးနဲ့ မြစ်ကြီးနားထောင်မှာ ပြန်တွေ့တယ်... ဗိုလ်မှုးကပြောတယ်..... ကိုဇာဂနာရယ် .. ဟိုတုန်းက တာဝန်အရ လုပ်ရတာပါတဲ့ . ခိုင်းလို့လုပ်ရတာပါတဲ့ ... တာဝန်အရခိုင်းလို့ လုပ်ရတာပါဆို .. ကိုယ့်အမေကိုယ်ပြန် မုဒိမ်းကျင့်ဆို ခင်ဗျားလုပ်မှာလား " လို့ပြန်မေးလိုက်ပါတယ် .... " တာဝန်အရ ခိုင်းလို့လုပ်ရတယ်ဆိုပေမယ့် လူစိတ်ရှိရမယ်... လူလိုပဲစိတ်ထားစေချင်တယ် ... ကျွန်တော့တို့ Forgive လို့ရပါတယ် .. ဒါပေမယ့် Forget လို့တော့ မရနိုင်ဘူးဗျာ ... "
(ဦးဇာဂနာက ဆန်ဖရန်စ္စကိုမှာ လူထုနဲ့စကားပြောပွဲမှ ကောက်နုတ်ချက်)
လွှတ်တော်တွင်း လွှတ်တော်ပ ဟန်ချက်ညီရေး ကြိုးစားပေး
-ဦးဖိုးသာအောင်-နော်ဝေ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် အချိန်မရွေး စစ်တပ်က ညစ်ပတ်ပြီး အာဏာပြန်သိမ်းနိုင်သည်။
ပုဒ်မ ၄၀၁ နှင့် လွှတ်လိုက်သည့် နိုင်/ကျဉ်းများကိုလည်း အချိန်မရွေးပြန်ပြီး ဖမ်းနိုင်သည်၊
၂၀၁၀ ရွေးကောက်ပွဲသည်လည်း ကြိုင်တင်မဲနှင့် မတရားအနိုင်ယူပြီး စစ်ဗိုလ်၂၅ ရာနှုန်းက အလိုအလျှောက်ပါဝင်ပြီး အစိုးရသစ်ဆိုတာကို အဓမ္မဖွဲ့စည်းထားသည်။အရပ်ဖက် ရာထူးကြီးများနှင့် အရေးကြီး နေရာများအားလုံးကို စစ်ဗိုလ်နှင့် စစ်ဗိုလ်ထွက်များက နေရာယူထားကြသည်။
ဆိုက္ကားလိုင်းမှ လေယာဉ်လိုင်းအထိ၊ပေါက်ပင်မှ ကျွန်းပင်အထိ၊
ချောင်းဖြတ် ကူးတို့မှ ပင်လယ်ဖြတ် သင်္ဘောလိုင်းအထိ၊
ငါးဇင်ရိုင်းမှ ဝေလငါးဖမ်းလုပ်ငန်းအထိ၊ကျောက်စရစ်ခဲမှ ကျော်စိမ်းနှင့် ပတ္တမြားအထိ၊
ရေမှ ရေနံအထိ၊နှာစေချောင်းဆိုး ပျောက်ဆေးမှ အိတ်(ချ)အိုင်ဗွီဆေးအထိ၊
လက်ကိုင်စကားပြော ဟွန်းခွက်မှ မိုဘိုင်းဖုန်းအထိ၊
မြန်မာပြည် တပြည်လုံးလုပ်ငန်းပေါင်းစုံကို စစ်တပ်အကြီးအကဲများနှင့် စစ်တပ်အသိုင်းအဝိုင်းတို့က အားလုံးကို လက်ဝါးကြီးအုပ် ခြေဝါးကြီးအုပ်ပြီး ခွဲဝေရယူထားကြသည်။ပြည်တွင်းစစ်ကို မွေးထားသည်၊ နိုင်ငံခြားကျူးကျော်စစ်ကို ခုခံရန်အကြောင်းပြပြီး စစ်သားအင်အားကို တိုးချဲ့ထားသည်၊အူဝဲကအစ စစ်တပ်ထဲကို အဓမ္မဆွဲခေါ်ခဲ့ကြသည်၊အနောက်အင်အားနှင့် အပေးအယူလုပ်ဖို့ နျူကလီးယားကို လုပ်ဟန်ဆောင်ကြသည်၊လော်စစ်ဟန်၊ ခွန်ဆာတို့မှအစ ဘိန်းရာဇာများကို မွေးပြီး စစ်ရေး စီးပွားရေး အမြတ်ထုတ်ခဲ့ကြသည်။ရှစ်ဆယ့်ရှစ်လူထုအုံကြွမှုကြောင့် ဗိုလ်နေဝင်းသည် မဟာဗျူဟာပြောင်းလဲကျင့်သုံးလိုက်သည်၊အရှေ့အနောက် လှေနံနှစ်ဘက်နင်း ပေါ်လစီအရ အနောက်ဘက်ကို အစဉ်အမြဲ ဖိနင်းခဲ့သည့် ပေါ်လစီမှ အရှေ့တရုတ် ရုရှားဘက်ကို ဖိနင်းလိုက်ပြန်သည်၊
ရုတ်မက်(၇) ချက်သည် ၎င်းအရှေ့အားကိုး ပေါ်လစီအရ ဖြစ်ပေါ်လာပြီး အနောက်အုပ်စုကိုလည်း နိုင်ငံရေးခြိမ်းခြောက်မှု တရပ်ဖြစ်စေခဲ့သည်။တစ်တိုင်းတစ်ပြည်လုံး ငြိမ်ဝပ်ပိချပ်ပြား ဖြစ်ကာ ပြည်တွင်းက အတိုက်အခံ နိုင်ငံရေးသမားများ ထောင်နန်းစံကြရပြီး အချို့က ပြည်ပကို လွင့်စင်ထွက်ပြေးကြရသည်၊ရုတ်မက်(၇)ချက်အတိုင်း ညီလာခံခေါ်သည်၊ ၉၀ ရွေးကောက်ပွဲ လုပ်ပေးသည်၊ အင်အယ်ဒီ နိုင်ပါသည်၊သို့သော် ခေါင်းဆောင်တွေ ခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်ပစ်လိုက်သည်၊အင်အယ်ဒီပါတီသည် ဆိုင်းပုဒ်တောင် ပျောက်ရရှာသည်၊ကျောင်းသားခေါင်းဆောင် ကြီး ငယ် လတ် တွေ ထောင်နှစ်ရှည်ကျကြရသည်၊လူ့အခွင့်အရေးသမားတွေလည်း ထောင်ကျပါသည်။ဒါတွေကို ကြည့်လျှင် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အားလုံးကို စစ်အစိုးရဟောင်းမှ သိမ်းပိုက်ချုပ်ကိုင်ခဲ့သည်မှာ ယနေ့စစ်ဦးစီးအစိုးရအထိပင် ဖြစ်နေပါသည်၊
အဲဒီ တဘက်စောင်းနင်းအခြေအနေကြီးကို မည်သူတွေက၊ မည်သည့်အဖွဲ့အစည်းတွေက ပြန်လည်တည့်မတ်နိုင်ခဲ့ပါသနည်း၊
ယနေ့ အခြေအနေကို ထားပါအုံး၊ နောက်နှစ်ပေါင်းခြောက်ဆယ်လောက်ကတည်းက မြန်မာပြည်သည် လုံးဝလွတ်လပ်ရေးမျိုး မရခဲ့သေးပါဆိုပြီး လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲနေသူများကရော သူတို့ရည်ရွယ်ချက် အောင်မြင်ပါပြီလား၊
ကိုလိုနီတပိုင်း ပဒေသရာဇ်တပိုင်းနှင့် စစ်အာဏာရှင်လုံးလုံး နိုင်ငံဘဝမှ လွတ်မြောက်အောင် မည်သူတွေ ဆောင်ရွက်နိုင်ခဲ့ကြပါ သနည်းဟု မေးခွန်းထုတ်သော် မည်သူကမှ မဆောင်ရွက်နိုင်သေးပါဟု အဖြေထွက်ပါလိမ့်မည်၊ဒါက မည်သူမျှ မငြင်းနိုင်သည့် အဖြေမှန်ပါ။
သို့သော် ဤ၍ ဤမျှ ခိုင်မြဲတည်တန့်နေသည့် စစ်အာဏာရှင်စနစ်ဆိုးသည် မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်မာတည်တန့်နေပြီလားဟုမေးလျှင် လှုပ်စ ယိမ်းစ တိမ်းစပြုလာပါသည်၊ ရှေ့ဆက်ပြီး ဆွဲနှုတ်နိုင်သည်အထိ သံဓိဌာန်ချနိုင်သည့် အင်အားစုများ ဖြစ်ထွန်းပေါ်ပေါက်နေသည့် အချိန်အခါမျိုးပင် ဖြစ်နေပါသည်၊ မြန်မာ့စစ်အာဏာရှင်စနစ်ကြီး ဘာကြောင့်ယိမ်းယိုင်စ ပြုလာရသနည်း၊ ဒါကို အဓိကနားလည်ဖို့ လိုပါသည်။အေးခဲလွန်းလှသည့် ရာသီတွင် ဓါတ်ဆီမထည့်သည့် ဓါတ်မီးချစ်ကို မီးတောက်အောင် ချစ်နေ၍ မရနိုင်ပါ၊
မီးချစ်ကျောက်နှင့်တူသည့် အတိုက်အခံခေါင်းဆောင်များ၊ ဘီးနှင့်ဖိပြီး ချစ်သည့် လူထုအားတို့ ပေါင်းစပ်သော်လည်း မီးစာကို မီးမကူးပါ။ဓါတ်ဆီနှင့် တူသည့် ပြည်ပအကူညီက လိုနေပါသည်၊ပြည်ပက အကူအညီကလည်း ပေးချင်တိုင်းပေး၍ မရပါ၊
ရာသီသွေ့ချောက်တဲ့ အခြေအနေတစ်ခု ဖြစ်မှသာ ပေး၍ ရနိုင်ပါသည်၊ အားလုံးညီညွှတ်သည်ထားအုံး သူတို့အတွက်လည်း အပေးအယူမျှတဖို့ လိုပါသေးသည်၊
အဲဒါတွေအားလုံးကို ကြည့်တတ် ညှိတတ်ဖို့နှင့် ချိန်ကိုက်လှုပ်ရှားဖို့ အရည်အချင်းရှိရန်လည်း ခေါင်းဆောင်များ အပေါ်မူတည်နေပါသည်၊
အဘက်ဘက်မှ ပြည့်စုံပြီဆိုလျှင်ဖြင့် ဒီဓါတ်မီးချစ်ကြီး မီးဟုန်းဟုန်းတောက်နိုင်သကဲ့သို့ စစ်အာဏာရှင် စနစ်ကြီးလည်း ပျိုလဲပျက်သုန်းရမည်သာ ဖြစ်ပါသည်။
ယခု ဘယ်အခြေအနေမျိုးမှာ ရှိနေပါသနည်း၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အင်အယ်ဒီပါတီသစ်သည် ပြန်လည်ရှင်သန်ထမြောက်လာပါသည်၊မြို့နယ်တိုင်းလိုလိုတွင် အင်အယ်ဒီပါတီရုံးများ ပြန်လည် ဖွင့်လှစ်လှုပ်ရှားလာကြပြီ၊ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ခွင့်ရသည်၊ နိုင်/ကျဉ်းများ အများစုလွတ်ကုန်ကြပြီ၊မီဒီယာများ လွတ်လပ်စပြုလာပြီ၊ စာပေ ဟောပြောပွဲနှင့် ရှစ်ဆယ့်ရှစ်မျိုးဆက်တို့ စကား ပြောခွင့်ရစပြုလာကြပြီ၊
ကမ္ဘာ့ဘဏ်နှင့် အိုင်အမ်အက်(ဖ)တို့ ဝင်လာပြီး ငွေကြေးကိစ္စ ညှိနေကြပြီ၊ကာချုပ် မင်းအောင်လှိုင်က နောက်ကြောင်းပြန် အာဏာသိမ်းတာမျိုး မဖြစ်တော့ပါဟုဆိုသည်၊
တရုတ်က အမြတ်ထုတ်ဖို့လုပ်သည့် မြစ်ဆုံစီမံကိန်းကို ရပ်လိုက်ရသည်၊လက်နက်ကိုင်အဖွဲ့အများက အပစ်ရပ်သူရပ်ပြီး ဆွေးနွေးပွဲ တက်နေကြပြီ၊လက်နက်ကိုင်ရော လက်နက်မဲ့ရော ပြည်ပနှင့် နယ်စပ်အဖွဲ့အစည်းများ စိန်အောင်မင်းနှင့်တွေ့ပြီး ပြည်တော်ဝင်ဖို့ လုပ်ကုန်ကြပြီ၊ပြည်ပက စင်ပြိုင်တို့၊ အမတ်အဖွဲ့တို့၊ အယ်အေတို့၊ အက်(ဖ်)တီယူးဘီတို့၊ ရှေ့နေအဖွဲ့တို့ ယူရိုအော့ဖစ်တို့နဲ့ အခြား ငွေတောင်းစားအဖွဲ့များလည်း မဖြီးမဖြန်းနိုင်ကြတော့ဘဲ နိုင်ငံရေးလုပ်စားသံများ ငြိမ်သက်စ ပြုလာကြပြီ၊ ပျောက်ကွယ်ကြမည်သာ ဖြစ်သည်။အယ်အယ်ဒီသစ်က လွှတ်တော်တွင်းကို ဝင်မည် အရည်အချင်းနှင့် အလုပ်လုပ်မည်၊တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံမှ လူထုအကျိုးကို ဆန့်ကျင်သည့် ဥပဒေများကို ပြင်ဆင်ရေးတို့ကို လုပ်ကြမည်၊လုပ်ခွင့်ရမှာလား မရမှာလားဆိုတာကို ဝေဖန်မေးခွန်းထုတ်နေသူများသည် ဦးနှောက်နည်း၍ နုသူများပင် ဖြစ်လိမ့်မည်၊
အဘယ်ကြောင့်ဆိုသော် နဂိုလ်ကတည်းက စစ်ဦးစီးအစိုးရအကြိုက် ၂၀၀၈ ဖွဲ့စည်းပုံအရဆိုလျှင် ဒေါ်စုနှင့် အင်အယ်ဒီသည် လွှတ်တော်တွင်းကို ရောက်လာစရာ အကြောင်းမရှိပါ၊အာဏာရှင်ဝါဒ ရှိနေသေးသည့် အစိုးရများသည် “ မူ ” အထက်မှာ လူရှိနေသေးသည်ဆိုတာ မမေ့အပ်ပါ၊မည်သို့ဆိုစေ အင်အယ်ဒီသစ်သည် လွှတ်တော်ရောက် တရားဝင်ပါတီ ဖြစ်တော့မည်။
ဒီနေရာမှာ ဆရာကြီး ဆရာလေးများက ထောက်ပြဝေဖန်ကြပါသည်၊ ဒေါ်စုနှင့် အင်အယ်ဒီသစ်သည် စစ်ဦးစီးအစိုးရ၏ ထွက်ပေါက်ပိတ်တော့မည့် အခြေအနေအတွက် ထွက်ပေါက်ပွင့်သွားအောင် အသုံးချခံလိုက်ရပြီဆိုတာ မျိုးပါ၊ဒီလိုဆိုရင် သေသေချာချာ စဉ်းစားကြည့်ပါ၊ဒေါ်စုနှင့် အင်အယ်ဒီသစ်က ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်တို့ ထွက်ပေါက်ပွင့် စီမံကိန်းအတိုင်း အသုံးချခံမယ်ဆိုပြီး လွှတ်တော်ထဲကို ဝင်လိုက်တာလား၊ပြည်သူ့မျက်နှာကို မကြည့်ဘဲ ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်တို့ အုပ်စုရဲ့ မျက်နှာကို ကြည့်ပြီး လွှတ်တော်ထဲကို ဝင်ကြတာလား၊မစဉ်းစားနိုင်သူများအတွက် အဖြေထုတ်ပေးရလျှင် ဒေါ်အောင်ဆန်းစုကြည်သည် လူထုမျက်နှာ ကိုသာ အစဉ်အမြဲကြည့်သည်၊
လူထုကောင်းစားရေးအတွက် လက်တွေ့ကျကျတွေးခေါ်ပြီး အလုပ်လုပ်နေသည်ဆိုတာပါပဲ၊ လုံလောက်မည် ထင်ပါသည်။လက်ရှိ မြန်မာ့နိုင်ငံရေးကို ဝေဖန်သုံးသပ်တဲ့အခါမှာ အချို့က ပြောနေကြသည် လွှတ်တော်ပြင်ပ နိုင်ငံရေး တိုက်ကွက်များနှင့် လူထုအားကို ပေါင်းစပ်ပြီး တစ်လျှောက်လုံး လှုပ်ရှားခဲ့ကြတာ မဟုတ်ပါလား၊အတိုက်အခံခေါင်းဆောင်တွေရော ငယ်သားတွေပါ ထောင်ကျခံ၊ အသေခံ၊ အနစ်နာ ပေါင်းများစွာ ခံပြီး တိုက်ပွဲဝင် လှုပ်ရှားခဲ့ကြတာ မဟုတ်လား၊
လွှတ်တော်ပ နိုင်ငံရေးကြောင့်ပင် မ.ဆ.လ၊ န.ဝ.တ၊ န.အ.ဖ စစ်အာဏာရှင် အစိုးရများ အပြောင်းအလဲဖြစ်ခဲ့ကြတာမဟုတ်ပါလား၊၉၀ ရွေးကောက်ပွဲတို့၊ အင်အယ်ဒီပါတီတို့ ပေါ်ပေါက်ခဲ့ကြသည် မဟုတ်ပါလား၊နောက်ဆုံး မြစ်ဆုံရေကာတာ ကိစ္စသည်ပင်လျှင် လွှတ်တော်ပ နိုင်ငံရေးလှုပ်ရှားမှုကြောင့် မဟုတ်ပါလား စသည်ဖြင့် ထောက်ပြဝေဖန်နေကြပါသည်၊ဒါကြောင့် လွှတ်တော်ပ နိုင်ငံရေးနည်းသည်သာ စိတ်အချရဆုံးနှင့် အောင်ပွဲဝင် လမ်းစဉ်ကြီးသာ ဖြစ်ပါသည်ဟု ယုံကြည်နေကြပါတော့သည်၊
သို့ယုံကြည်သည့်အတိုင်းလည်း ဆက်လက်လှုပ်ရှားကြပါလိမ့်မည်၊ဟိုယခင် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကတည်းက လွှတ်တော်ပက သပိတ်စုံတိုက်ပွဲများ၏ အကျိုးရလာဒ်ကား ကြီးမားစွာ ရှိခဲ့ပါသည်၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းနှင့် ဗိုလ်နေဝင်း လက်ထက်တစ်လျှောက်လုံး မှာလည်း တရုတ်ဗမာ အရေးအခင်း မှအစ ဦးသန့်၊ မှိုင်းရာပြည့်၊ ကျွန်းဆွယ်၊ အလုပ်သမား သပိတ်များသည်လည်း လွှတ်တော်ပ နိုင်ငံရေးများပင် ဖြစ်ကြပါသည်၊မ.ဆ.လ ခေတ် နောက်ဆုံးမှာ ရှစ်ဆယ့်ရှစ်အရေးတော်ပုံသည်လည်း လွှတ်တော်ပတိုက်ပွဲပါ၊
ဒေါ်အောင်ဆန်းစုကြည်သည်ပင်လျှင် အကြမ်းမဖက်လူထုတိုက်ပွဲသဏ္ဍန်ကို လက်ခံယုံကြည်ပြီး ရှေ့ဆုံးက တိုက်ပွဲဝင်သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့ပါသည်။ထို့ကြောင့် လွှတ်တော်ပ တိုက်ပွဲ၏ အကျိုးရလာဒ်များနှင့် အားကောင်းချက်၊ အားနည်းချက်များအပြင် (က) သုံးလုံးပေါ်လစီဆိုသည့် ---ကြောင်းကျိုးဆီလျှော်မှု၊
--အကန့်အသတ်နှင့်
--အကျိုးရလာဒ်
ဆိုတာတွေကို သင်္ခန်းစာရပြီး နားလည်လာကြရပါသည်၊မှန်ပါသည် လွှတ်တော်ပ နိုင်ငံရေးဟူသည် မည်သည့်အခါမှာမှ မှေးမှိန်ပျောက်ကွယ်သွား မည်မဟုတ်ပါ၊ဒီမိုကရေစီခေတ်သို့ ရောက်လျှင်လည်း လွှတ်တော်ပနိုင်ငံရေးမှာ ပိုမို၍အားကောင်း ရှင်သန်လာရမည် သာဖြစ်ပါသည်။
ဒါကြောင့် လူထုအုံကြွမှုတိုက်ပွဲပဲခေါ်ခေါ် ဂျင်းရှပ်နည်းဟုဆိုဆို၊ ဂန္ဒီနည်းပင်ပြောပြော (က) သုံးလုံးပေါ်လစီနှင့် ကိုယ်ညီမှု ရှိမရှိကို ပထမနားသည် ထားရပါမည် (က) သုံးလုံး ပေါ်လစီကို နားမလည်ခဲ့ကြသဖြင့် ဆုံးရှုံးခဲ့ရသည့် တိုက်ပွဲများ၊ ပေးဆပ်ကြရသည့် ဘဝများနှင့် အသက်ပေါင်းများစွာ ရှိခဲ့ဘူးကြပါသည်၊အမျှော်အမြင်နည်းပြီး နှလုံးသားမဲ့ ခေါင်းဆောင်များသည် တိုက်ရဲမှ အောင်ပွဲတို့၊ တိုက်ပွဲဟူသည်အရှုံးနှင့် အနိုင်နှစ်မျိုးပဲ ရှိသည်တို့၊ အမြတ်ဟူသည် အရင်းရှိမှ ရသည်တို့၊ ဘဝဆိုတာ ပေးဆပ်ခြင်းတို့၊ သေရဲ သတ်ရဲ အနိုင်ယူရဲရမည်တို့ သံဃာ့အားဘုရား မတတ်နိုင်တို့ ဆိုတဲ့ သဘောတရားတွေကို လူထုအထဲသို့ ရိုက်သွင်းပြီး သူ့နေရာနှင့်သူ အသုံးမချ တတ်ကြပဲ၊ တိုက်ပွဲမအောင်မြင်လျှင် လူထုကို လွှဲချတတ်သလို တိုက်ပွဲအောင်မြင်လျှင်တော့ ကိုယ့်ကိုယ်ကို အထင်ကြီးသွားတတ်ကြပါသည်၊
ယနေ့ လွှတ်တော်ပ နိုင်ငံရေးလှုပ်ရှားမှုသည် မရှိမဖြစ်လိုအပ်နေပါသေးသည်၊သို့သော် လွှတ်တော်ပ လှုပ်ရှားမှုသည် ယနေ့လွှတ်တော်တွင်း နိုင်ငံရေးလှုပ်ရှားမှုများ အားလုံးကို အယုံအကြည်မရှိ သိမ်းကြုံးပြီးဆန့်ကျင်မယ်ဆိုလျှင် မှားပါလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် လွှတ်တော်တွင်း နိုင်ငံရေး၏ အားနည်းချက်များ ချွတ်ယွင်းချက်များနှင့် ဖောက်ပြန်ချက်များကို လွတ်တော်တွင်းသို့ဝင်ပြီး ပြုပြင်ပြောင်းလဲ ရန်လည်း အခွင့်သာနေသည့်ကာလမို့ ဖြစ်ပါသည်၊
ဒီတာဝန်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အယ်ဒီသစ် အပါအဝင် အခြားလွှတ်တော်တွင်းဝင် အတိုက်အခံ ပါတီအသီးသီးတို့မှကြိုးစားဆောင်ရွက်နေကြပြီ ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်၊ကမ္ဘာ့မဟာဗျူဟာ ပြောင်းလဲလာမှုနှင့်အတူ နိုင်ငံတကာ၏ နိုင်ငံရေးအခင်းအကျင်းအရ ရရှိလာသည့် အခွင့်အရေးကို လက်မလွတ်တန်းဆုတ်ကိုင်ပြီး လွှတ်တော်ဝင်နိုင်ငံရေးကို ဆောင်ရွက်ခြင်း ပင်ဖြစ်ပါသည်၊အချို့က ဦးသန်းရွှေအကွက်အတိုင်း ဦးသိန်းစိန် ဟပေးသည့် ချက်ကွက်ကို ဒေါ်စုက ဝင်လိုက်ရသည်ဆိုသည်မှာလည်း လုံးဝမဟုတ်ပါ၊ဒေါ်စု၏ နောက်မှာ လူထုရှိသည်၊ အင်အားကြီးတို့ ရှိနေသည်ကား အမှန်၊ သို့သော် လွှတ်တော်တွင်းပြုပြင် ပြောင်းလဲရေးလုပ်ငန်းမှာကား လွယ်ကူမည် မဟုတ်ဆိုတာကတော့ အများသိနိုင်ပါသည်၊
အရိုးစွဲနေသည့် အာဏာရှင်စိတ်ဓါတ်များ၊ လွန်ကျွံနေသည့် နိုင်ငံခြားစီးပွားရေး ဆက်ဆံမှုများ၊ ဝေခြမ်းပြီး အပိုင်စီးလက်ဝါးကြီးအုပ်ထားသည့် နိုင်ငံပိုင်နှင့် ပြည်သူလူထုပိုင် စီးပွားရေး လုပ်ငန်းပေါင်းစုံများ၊ ဒါတွေကိုအကာအကွယ်ပေး ရေးဆွဲထားသည့် ဖွဲ့စည်းပုံစသည်ဖြင့် အခိုင်အမာ ရှိနေသည်များကို “ ခု ရေတွင်းတူး ခုရေကြည်သောက် ” ဆိုတာမျိုး မဖြစ်နိုင်သေးပါ၊သို့သော် ဒါတွေကိုကောင်းကောင်း သိနားလည်ပြီး မည်ကဲ့သို့ အဆင့်ဆင့်ပြုပြင်ပြောင်းလဲသွားရမည်ဆိုတာကိုလည်း သဘောပေါက်မှန်းဆနိုင်သည်နှင့်အတူ စွန့်စားထိုက်သည့် အချိန်အခါဖြစ်သောကြောင့် လွှတ်တော်တွင်း နိုင်ငံရေးကို ဝင်လိုက်ကြခြင်းသာဖြစ်ပါသည်၊
သို့သော် ဒေါ်စုပြောသည့်အတိုင်း ရာနှုန်းပြည့်အောင်မြင်မှုကို သေချာပေါက်သိ၍ စွန့်စားခြင်းမျိုးတော့မဟုတ်ပါ၊မည်သည့်ဘက်မဆိုနိုင်ငံရေး အနိစ္စတရားကတော့ ရှိနေသည်သာဖြစ်သည်၊ ဒါကြောင့် လွှတ်တော်ပ နိုင်ငံရေးလှုပ်ရှားသူများ အနေဖြင့် ယနေ့လွှတ်တော်တွင်း နိုင်ငံရေး အခြေအနေကို ကောင်းစွာသတိပြုမိရန် အရေးကြီးလှပါသည်။
မကြာမီက ထောင်အသီးသီးမှ လွတ်မြောက်လာတဲ့ နိုင်/ကျဉ်းများထဲမှ ရှစ်ဆယ့်ရှစ်ကျောင်းသားများ၏ ရပ်တည်ချက် အသံများမှာ လွန်စွာအားရစရာကောင်းနေပါသည်၊ရှစ်ဆယ့်ရှစ်တို့ အနေဖြင့် လွှတ်တော်ပ နိုင်ငံရေးကို ဥပဒေဘောင်အတွင်းမှ လှုပ်ရှားကြမည်၊ တပြိုင်နက်တည်းမှာ ဒေါ်စုနှင့် အင်အယ်ဒီသစ်၏ ရွေးကောက်ပွဲဝင်လမ်းစဉ်ကို ကြိုဆိုထောက်ခံ သည့်အပြင် အင်အယ်ဒီ၏ ရွေးကောက်ပွဲ အနိုင်ရရေးကိုပါ ဝင်ရောက် ကူညီပံ့ပိုးကြမည် ဆိုတာပါပဲ။
လွတ်မြောက် နိုင်/ကျဉ်း ရှစ်ဆယ့်ရှစ်မျိုးဆက် အများစု၏ အထက်ပါ သဘောထားသည် လွန်စွာမှ လေးစားစရာကောင်းလှပါသည်၊
ဒေါ်စုနှင့် အင်အယ်ဒီသစ်၏ လွှတ်တော်ဝင်နိုင်ငံရေးသည် အခြေအနေနှင့် အချိန်အခါအရ ဆီလျှော်ညီညွှတ်နေသည့်အပြင် မြန်မာ့နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုအတွက် အဓိကအခန်းကဏ္ဍလည်း ဖြစ်နေလို့ပါပဲ၊တပြိုင်နက်တည်းမှာ ဒေါ်စုတို့၏ လွှတ်တော်တွင်းနိုင်ငံရေးပုံစံကို မထိခိုက်သည် လွှတ်တော်ပ နိုင်ငံရေး လူမှုရေး ဘက်ပေါင်းစုံလှုပ်ရှားမှုများသည်လည်း မရှိမဖြစ် လိုအပ်လှပါသည်၊
ဒီတာဝန်ကိုတော့ ယနေ့ အကျဉ်းလွတ် ရှစ်ဆယ့်ရှစ်မျိုးဆက်တို့က ထမ်းဆောင်ကြိုးပမ်းနေတာကို တွေ့နေရသဖြင့် လွှတ်တော်တွင်း လွှတ်တော်ပ လှုပ်ရှားမှုသည် ဟန်ချက်ညီနေသည်ကို တွေ့နေရပါတော့သည်။
ဒီပုံစံကို မကြိုက် မချစ် မနှစ်သက်သူများကလည်း သူတို့အယူအဆတွေကို ရေးကြသားကြ ဖော်ပြကြတာတွေလည်း တွေ့နေရပါသည်၊ မြန်မာ့နိုင်ငံရေးသည် ဂငယ်ကွေ့ ကွေ့တော့မယ်၊ စစ်အာဏာရှင် နိုင်ငံပဲပြန်ပြီး ဖြစ်သွားမယ် စသည်ဖြင့်ပေါ့၊
မည်သို့ပင်ဆိုကြပါစေ၊ယနေ့ပြည်သူ၏ ဇွဲ သတ္တိစံချိန်သည် မြင့်တက်နေပြိး နောက်ကြောင်းပြန်မကျနိုင်သ၍ ဂငယ်ကွေ့လည်း မကွေ့နိုင်တော့ပါ၊တရုတ် ရုရှားနှင့် အမေရိကန် အင်္ဂလန်တို့၏ အင်အားပြိုင်ဆိုင်မှုမှာလည်း မည်သို့မျှ အချိုးညီမဖြစ်နိုင်တော့ပါ၊
ဒါကြောင့် တချိန်က အနောက်အင်အားစု၏ ကျောထောက်နောက်ခံဖြင့် စစ်အာဏာရှင်စနစ်ဖြစ်တည်လာသော မြန်မာနိုင်ငံသည် ရှစ်ဆယ့်ရှစ်နောက်ပိုင်းတွင် အရှေ့တရုတ်နှင့် ရုရှားကို ကျောထောက်နောက်ခံပြုပြန်ပြီး စစ်အာဏာရှင်စနစ်ပင် ဆက်လက်တည်တန့်နေသည် မဟုတ်ပါလား၊ဆိုလိုချင်သည်မှာ စစ်အာဏာရှင်စနစ်ဟူသည် အမှီသဟဲမရှိဘဲနှင့် မဖြစ်ထွန်းနိုင်ပါ။
ယနေ့ မြန်မာနိုင်ငံသည် ဂငယ်ကွေ့ ကွေ့ရန်ဆိုသည်မှာ စစ်ဦးစီးဦးသိန်းစိန်အစိုးရက တရုတ် (သို့မဟုတ်) အမေရိကန်ကို အမှီသဟဲပြုမှသာ ဖြစ်နိုင်ပါလိမ့်မည်၊ ဖွံ့ဖြိုးမှုအနိမ့်ဆုံးလည်းဖြစ် ကမ္ဘာ့ပထဝီဝင် အနေအထားမှာ မဟာဗျူဟာလည်း ကျနေသည့် မြန်မာနိုင်ငံမျိုးသည် မည်သည့်အခါမျှ အမှီသဟဲမှ ကင်းလွတ်ရန် မဖြစ်နိုင်ပါ၊
ဒါကြောင့် အဲဒီအမှီသဟဲကိုပင် ပြန်လည်အသုံးချပြီး နေတတ်ပါမှ ဖြစ်ပါလိမ့်မည်၊လက်ရှိ စစ်ဦးစီး ဦးသိန်းစိန် အစိုးရသည် ဦးသန်းရွှေ၏ မဟာဗျူဟာအတိုင်း တရုတ်အမှီသဟဲကို လျှော့ပြီး အနောက်အမေရိကန် အမှီသဟဲကို ပြန်လည်ချဉ်းကပ်နေရချိန်လည်း ဖြစ်သည်၊ဒီအချိန်တွင် အနောက်အုပ်စုက မြန်မာပြည်တွင် လူထု၏ ဆင်းရဲမွဲတေမှုအတိုင်း ထားခဲ့လျှင်လည်း မဖြစ်နိုင်တော့သလို စစ်ဦးစီးအစိုးရနှင့် တရုတ်တို့သည် ခွာမရအောင် နီးကပ်သွားလျှင်လည်း အန္တရယ်ရှိ လာနိုင်သည်ကို သတိပြုမိကြပါတော့သည်။
ဒါကြောင့် ဒေါ်စုနှင့် လူထုကို မြှောက်စားအားပေးရင်း တဘက်ကလည်း စစ်ဦးစီးအစိုးရကို အမှီသဟဲ ပြန်လည်ပေးပြိး ထိန်းညှိဖို့ အနောက်က ကြိုးစားနေသော ကာလပင်ဖြစ်သည်၊ ထိန်းညှိသည့်အတိုင်းလည်း မြန်မာ့နိုင်ငံရေး အရွေ့ကို မြင်စပြုလာနေပါပြီ၊
သို့သော် အာဏာသည် အာဏာရှင် တစ်စုတို့၏ လက်ထဲတွင်ပင် ရှိနေသေးသည်မှို့ သတိကြီးစွာ ကိုင်တွယ်နေရသော အခြေအနေပင်ဖြစ်ပါသည်၊မြင်းရိုင်းကို ကြိုးရှည်ဖြင့် ဖမ်းမိနေသည့်အခါ ကြိုးကိုတိုအောင်ဆွဲလိုက် ခိုင်မြဲအောင် ရစ်လိုက် လုပ်နေရသည်နှင့် တူပါသည်၊ ဒီအခါမျိုးတွင် ကြိုးပြတ်သွားအောင် မြင်းကို မလှန့်သင့်ပါ။
ဒီအခြေအနေမျိုးတွင် ဒေါ်စုနှင့် အင်အယ်ဒီသစ်သည် လွှတ်တော်တွင်းတွင် ဝင်ရောက်နေရာယူထားကြမှာ ဖြစ်ပြီး ရှစ်လေးလုံးမျိုးဆက်တို့နှင့် အခြား အနုပညာရှင်များ၊ စာပေပညာရှင်များနှင့် ပြည်သူလူထုကလည်း လွှတ်တော်ပတွင် နေရာယူထားကြရန်သာ ဖြစ်ပါသည်၊ မင်းကိုနိုင်တို့ ကိုကိုကြီးတို့ လှမျိုးနောင်တို့ ပြောသလို ဥပဒေပ မဟုတ်သည့် လွှတ်တော်ပ လှုပ်ရှားမှုများနှင့် လွတ်တော်တွင်းလှုပ်ရှားမှုများသည် ကောင်းကျိုးရှေးရှုသည့် ရည်ရွယ်ချက်တူ ဟန်ချက်ညီ ဆောင်ရွက်ကြတော့မည် ဖြစ်သဖြင့်လည်း နောက်ကြောင်းပြန် ဂငယ်ကွေ့ မဖြစ်နိုင်ကောင်းပါ။
သို့သော်လည်း တစ်ချိန်က ပြည်တွင်းပြည်ပ ဟန်ချက်ညီပျက်လုံးမျိုးတော့ လုံးဝမဟုတ်တော့ပါ၊ယခု လွှတ်တော်တွင်း လွှတ်တော်ပ ဟန်ချက်ညီလှုပ်ရှားနိုင်မည်ဆိုလျှင်တော့ ဒီမိုကရေစီသည် လက်တစ်ကမ်းသာ ဖြစ်ပါလိမ့်မည်၊အရေးကြီးတာက ယခုအချိန်တွင် လွှတ်တော်တွင်း လှုပ်ရှားမှုကို အသိအမှတ်မပြုနိုင်ကြဘဲ ဥပဒေပမှ ဆူပူလှုပ်ရှားမှု သက်သက်ကိုသာ အားကိုးကြမည်ဆိုရင်တော့ ပွဲပျက်ကိန်းရှိပြီး ဂငယ်ကွေ့ကွေ့သွားနိုင်ပါသည်၊အာဏာမက် စစ်ဦးစီးအချို့၏ သဘောထားသက်သက်နှင့်တော့ မည်သို့မျှ နောက်ကြောင်းပြန်နိုင်မည် မဟုတ်ပါ၊
ဒါကြောင့် အဓိကကျသည့် လွှတ်တော်တွင်း ပါဝင်လှုပ်ရှားမှုကို အားပေးကြရမည့်အပြင် (က) သုံးလုံးပေါ်လစီနှင့် ညီညွတ်သည့် ဥပဒေပ မဟုတ်သည့် လွှတ်တော်ပ လှုပ်ရှားမှုများသည်လည်း ရှိနေကြရမည်သာ ဖြစ်ပါကြောင်း။ ။
ဦးဖိုးသာအောင်-နော်ဝေ
ဒီမိုကရေစီ၊ ဖက်ဒရယ်နှင့် မြန်မာ့ သဘာဝ သယံဇာတ
လွန်ခဲ့တဲ့ ခြောက်လ လောက်ကစပြီး မြန်မာ့နိုင်ငံရေး အပြောင်းအလဲက ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်ကို ရောက်လာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာ ကျတဲ့ ပထ၀ီဝင် အနေအထား၊ အမေရိကန်ရဲ့ မဟာဗျူဟာ ပြောင်းလဲမှုနှင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကလည်း တိုက်ဆိုင်နေသလို ဖြစ်နေပါတယ်။ ၂၁ ရာစုဟာ အမေရိကန်က ပစ္စဖိတ် ဒေသ စိုးမိုးရေး ဖြစ်ကြောင့် တရားဝင် ကြေငြာထားပြီး ဖြစ်ပါတယ်။ကြားဖြတ်ရွေးကောက်ပွဲ နီးလာတာနဲ့အှမျှ မြန်မာ့နိုင်ငံရေး ရေချိန်ကလည်း မြင့်လာနေပါတယ်။ အတိုက်အခံနှင့် လက်ရှိ အုပ်ချုပ်သူတို့ရဲ့ ပြိုင်ပွဲကို ကြည့်ရင်း အနာဂါတ်မြန်မာ့နိုင်ငံရေး အခြေအနေကို ခန့်မှန်းတွက် ချက်မှုများလည်း ရှိနေတာကို တွေ့ရပါတယ်။
အတိတ်ကာလ မြန်မာ့နိုင်ငံရေး
အတိတ်ကာလ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကို သုံးသပ်မယ်ဆိုရင် အမြင်နှစ်ခုနဲ့ချဉ်းကပ်ရပါမယ်။ ၁၉၄၈ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး ရေစီးကြောင်း နှစ်ခု ဖြစ်ပ်ါခဲ့ပါတယ်။ ပထမအမြင်ကတော့ လက်ဝဲ၀ါဒရေးရာ အခြေခံတဲ့ အမျိုးသား စည်းလုံးရေးအမြင် လို့ပြောရပါမယ်။ ဒုတိယ အမြင်က ဒီမိုကရေစီ အခြေခံ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ရေး ဖြစ်ပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဗမာအမျိုးသားတွေ တိုင်းရင်းသားတွေကို ဦးဆောင်ခဲ့ပါတယ်။ လွန်လပ်ရေးရပြီး ပေါ်ပေါက်လာတဲ့ ပါလီမန် ဒီမိုကရေစီ စနစ်အောက်မှာ ဗမာ့အမျိုးသားရေး ၀ါဒဟာ လက်ဝဲကို အခြေခံပြီး တည်ဆောက်ခဲ့တာကို တွေ့ရပါတယ်။ အယူဝါဒ အရေး တနည်းအားဖြင့် လူတန်းစားပြသနာက ရှေ့တန်းကိုရောက်ပြီး တိုင်းရင်းသားအရေးက နောက်တန်းကို ရောက်ခဲ့ပါတယ်။ လူတန်းစားပြသနာ ပြေလည်သွားရင် တိုင်းရင်းသား ပြသနာ ပြေလည် သွားမယ်လို့ တွက်ချက်ခဲ့ကြတယ်။
ပါလီမန် ဒီမိုကရေစီ စနစ်အောက်မှာ လူမျိုးစု ပြသနာကို ဖြေရှင်းဖို့ကြိုးစားရင်းနဲ့ ဗမာ အမျိုးသားရေးဝါဒနဲ့ အတူ စစ်အာဏာရှင်လက်အောက်ကို မြန်မာတနိုင်ငံလုံး နှစ်ပေါင်း ၅၀ ကျော်ရောက်သွားခဲ့ပါတယ်။ ဒီအချက်ကို ကြည့်ရင် မြန်မာ့နိုင်ငံရေး ပဋိကပက္ခမှာ အယူဝါဒ ရေးရာထက် တိုင်းရင်းသား အမျိုးသားတန်းတူရေးက ပိုပြီး အရေးကြီးမယ်လို့ တွက်ချက်လို့ ရပါတယ်။
လက်ရှိ မြန်မာနိုင်ငံရေး
၁၉၄၈ ကနေ ၁၉၆၂ ခုနှစ်အထိ မြန်မာ့နိုင်ငံရေးဟာ ဗမာအမျိုးသားရေး ၀ါဒအောက်မှာ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ရေးက အဓိက ဖြစ်ပါတယ်။ တိုင်းရင်းသားများ ပြည်ထောင်စုထဲက ခွဲမထွက်ရေးကို အဓိကထား စဉ်းစားချက်သာဖြစ်ပါတယ်။ ၁၉၆၂ ကျော် ခုနှစ်များ ကိုရောက်တဲ့ အခါမှာ စစ်အာဏာရှင်စနစ်နဲ့အတူ တိုင်းရင်းသား ဒေသတွေမှာ ထွက်ရှိတဲ့ သဘာဝသယံဇာတ ပိုင်ဆိုင်လိုမှုတွေကြောင့် မဟာစစ်ဝါဒ ပေါ်ထွက်လာပါတယ်။ စစ်ဝါဒနဲ့အတူ တိုင်းရင်းသားများအပါ် နိုင်ငံရေးအရ ဘေးဖယ်ထားလိုမှုတွေက ပြည်တွင်း စစ်မီးကို ပိုမိုတောက်လောက်စေခဲ့တာဟာ ပကတိ အခြေအနေဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ တုန်းက ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေးနဲ့ တိုက်ဆိုင်နေတာကို တွေ့ရပါတယ်။ ဒီမိုကရေစီ စနစ်မှာ လူသားတဦးချင်းရဲ့ အခွင့်အရေးတွေကို ပေးထားတဲ့အတွက် တိုင်းရင်းသား အရေးဟာ ကျွဲကူးရေပါ ဖြစ်လာမယ်ဆိုတဲ့ သဘောတရားကို တွေ့ရပါတယ်။ အတိုက်အခံ နိုင်ငံရေး သမားတွေရော၊ နိုင်ငံတကာ ဖျန်ဖြေရေး သမားတွေဘက်ကပါ ဒီမိုကရေစီရေးက တိုင်းရင်းသားအရေးထက် ပထမ ဦးစားပေးဖြစ်တယ်လို့ ခံယူထားပုံရတယ်။ ဒါကြောင့် နိုင်ငံတကာအင်အားစုတွေကလည်း မြန်မာ့အရေးကို စဉ်းစားတဲ့အခါ ဒီမိုကရေစီအရေးက ရှေ့တန်းရောက်ပြီး တိုင်းရင်းသားအရေးက နောက်ကို ရောက်နေပါတယ်။ ဒီမိုကရေစီနှင့်အတူ တိုင်းရင်းသားအခွင့်အရေးတွေ ပါလာမယ်လို့ တွေးပုံရပါတယ်။
ကျိန်စာသင့်တဲ့ နိုင်ငံလား
Resources Curse ဆိုတဲ့စကားလုံးက နှစ်ဆယ်ရာစု ကုန်ခါနီး ဆယ်စုနှစ်တွေမှာ ဖေါဖေါသီသီသုံးလာတဲ့ စကားလုံးဖြစ်ပါတယ်။ “သဘာဝ သယံဇာတ ကြွယ်ဝတဲ့ နိုင်ငံတွေဟာ တိုးတက် မယ့်အစား၊ သံယံဇာတ ကျိန်စာဆိုတဲ့ သဘာဝ အရင်းအမြစ် ကြွယ်ဝမှုတွေက အကျုင့်ပျက် ခြစားမှု၊ ဖိနှိုပ်ချုပ်ချယ်မှု၊ ဆင်းရဲမွဲတေမှုနဲ့ စစ်ပွဲတွေဆီကို ဦးတည်သွားစေတယ်” လို့စာတမ်းတခုမှာ ဖေါ်ပြထားပါတယ်။
၁၉၆၂ နောက်ပိုင်းမှာ တိုင်းရင်းသားတွေကို နိုင်ငံရေးအရ ဘေးဖယ်ထားလိုတဲ့ ဗမာအမျိုးသားရေး အခြေခံ စစ်ဝါဒီ နေ၀င်း လက်ထက်မှာ တိုင်းရင်းသား နယ်မြေတွေမှာ ထွက်ရှိတဲ့ သဘာဝ အရင်းအမြစ် ကို ရှာဖွေမှု စတင်ဆောင်ရွက် လာပါတယ်။ အဆိုးဆုံးက ၁၉၈၈ လူထုအုံကြွမှုတွေကို နှိမ်နှင်းပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံခြားငွေ ပြတ်လတ်နေတဲ့ စစ်ခေါင်းဆောင်တွေဟာ တိုင်းရင်းသား ဒေသထွက် သယံဇာတတွေကို စိတ်ကြိုက် ထုတ်ရောင်းပြီး လက်နက်နဲ့ ငွေကြေး ဖြည့်ဆည်း ခဲ့ကြတယ်။
ရေနံနဲ့ သဘာဝဓါတ်ငွေ့က မြန်မာစစ်အစိုးရ ရရှိတဲ့ဝင်ငွေက ၂၀၁၁ ခုနှစ်မှာ ၂.၅၂၂ ဘီလီယံရှိပါတယ်။ ကျောက်မျက်ရတနာက ရတဲ့ အခွန်ဘဏ္ဍာက ၂၀၁၁ မတ်လ လေလံတင် ရောင်းချခဲ့ချိန်က ၂.၈ ဘီလီယံရရှိခဲ့ပါတယ်။ အကောင်အထည် ဖေါ်နေဆဲ စီမံကိန်းများနှင့် အကောင်အထည်ဖေါ်ရန် လုပ်ထားတဲ့ ရေကာတာစီမံကိန်းများ၊ သစ်ထုတ်လုပ်ရေး၊ ရေလုပ်ငန်း စတဲ့ သဘာဝ သယံဇာတ တွေကရမယ့် ဘဏ္ဍာငွေဟာ စစ်ခေါင်းဆောင်တွေ အတွက် မက်မောစရာ ဖြစ်လာခဲ့တယ်။ ဒီသယံဇာတ ၉၀ ရာခိုင်နှုန်းက တိုင်းရင်းသား ဒေသတွေမှာဘဲ တည်ရှိပါတယ်။
မြန်မာ စစ်ခေါင်းဆောင်တွေဟာ အမျိုးသားရေးဝါဒနှင့် ပြည်ထောင်စု မပြိုကွဲရေး ကိုဘန်းပြပြီး တိုင်းရင်းသားတွေ ပိုင်ဆိုင်တဲ့ သဘာဝသယံဇာတ ရရှိရေးကို အာရုံစိုက်လာပါတယ်။ ၂၁ ရာစု အစောပိုင်းကာလ စစ်ခေါင်းဆောင်တွေရဲ့ မဟာဗျူဟာက တိုင်းရင်းသားတွေကို ထိမ်းချုပ်ပြီး မြေပေါ်မြေအောက် သယံဇာတကို ထုတ်ယူရောင်းချရေး ဖြစ်လာခဲ့ပါတယ်။ ဒီလို ထုတ်လုပ်ရောင်းချခြင်းက စစ်ခေါင်းဆောင်တွေရဲ့ တဦးချင်း ကြွယ်ဝချမ်းသာမှုကို ဖြစ်ပေါ်စေပါတယ်။
သဘာဝ သယံဇာတတွေကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အနေအထားကလည်း အင်အား တောင့်တင်း ခိုင်မာလာခဲ့ပါတယ်။ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ အင်အားတောင့်တင်းလာမှုက စစ်ဝါဒီတွေအတွက် အခွင့်ကောင်းတရပ် ဖြစ်လာပြန်ပါတယ်။ စစ်တပ် အင်အား ချဲ့ထွင်ဖို့ လမ်းစပွင့်ခဲ့ပြီး၊ စစ်အာဏာရှင်စနစ် ခိုင်မြဲဖို့ အကြောင်း ဖန်လာပြန်ပါတယ်။ သယံဇာတ ကြွယ်ဝခြင်းဟာ ပဋိပက္ခတွေနဲ့ တိုက်ရိုက် ဆက်စပ်လာခဲ့တယ်။
တောင်းပိုင်းဆူဒန် ဘာကြောင့် ခွဲထွက်သွားသလဲ
တောင်ပိုင်း ဆူဒန်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခဟာ မြန်မာနိုင်ငံအတွက် ဥပမာ တရပ် ဖြစ်ပါတယ်။ သဘာဝ သယံဇာတ ခွဲဝေသုံးစွဲရာမှာ မျှတမှုမရှိတဲ့အတွက် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုမှုနှင့်အတူ ပြည်တွင်းစစ်ပွဲ ဖြစ်ပွားခြင်းနှင့် အကျိုးရလဒ် အဖြစ် တောင်ပိုင်း ဆူဒန်ဟာ ၂၀၁၁ ဇူလိုင် ၉ ရက်နေ့မှာ သီးခြားလွတ်လပ်သော နိုင်ငံဖြစ်လာခဲ့ပါတယ်။
၁၉၅၆ ခုနှစ်မှာ လွတ်လပ်ရေးရတော့ လွတ်လပ်ရေးမရခင်က သဘောတူထားတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး မူကိုဆန့်ကျင်ပြီး မြောက်ပိုင်းအာရပ် မျိုးနွယ်စုတွေ ကြီးစိုးတဲ့ အုပ်ချုပ်ရေးဖြစ်ပေါ်လာခဲ့ပြီး ဘာသာမတူ၊ လူမျိုးမတူတဲ့ တောင်ပိုင်းသားတွေ အပေါ်ဖိနှိပ်မှုတွေနှင့် အတူ ပြည်တွင်းစစ်ကြီး ပေါ်ပေါက်လာခဲ့ပါတယ်။
ဆူဒန်နိုင်ငံရဲ့ ရ၅ ရာခိုင်နှုန်းသော ရေနံသိုက်ဟာ တောင်ပိုင်း ဆူဒန်မှာ တည်ရှိပေမယ့် ရေနံလုပ်ငန်းနှင့် ပတ်သတ်တဲ့ စက်မှုလုပ်ငန်းတွေက မြောက်ပိုင်း ဆူဒန်မှာ တည်ရှိနေပါတယ်။ စီးပွားရေး ဖွံ့ဖြိုးမှု ကွာဟချက်က ဆယ်စုနှစ် နှစ်ခုကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မီးကို ပိုမို တောက်လောင် စေခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာ ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေး စာချုပ်အရ ပြည်တွင်းစစ် ကိုရပ်စဲနိုင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး စာချုပ်နှင့်အတူ တောင်ပိုင်းဆူဒန်ဒေသလည်း ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဗဟိုအစိုးရနှင့် အာဏာခွဲဝေ သုံးစွဲခွင့် ရရှိခဲ့ပြီး ရေနံလုပ်ငန်းမှ ရရှိတဲ့ အကျိုးအမြတ်ရဲ့ ၅၀ ရာခိုင်နှုန်းကို ခံစားပိုင်ခွင့် ရရှိခဲ့ပါတယ်။
ဒါပေမယ့် ဇူလိုင် ၉၊ ၂၀၁၁ ခုနှစ်မှာ တောင်ပိုင်းဆူဒန်ဟာ မြောက်ပိုင်းကနေ အပြီးအပိုင်ခွဲထွက်ပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ တောင်ပိုင်း ဆူဒန်ပြသနာကို လေ့လာကြည့်ရင် လူမျိုးမတူ၊ ဘာသာမတူသူတွေ အပေါ်ဖိနှိပ်ထားလိုတဲ့ မြောက်ပိုင်းအာရပ် မျိုးနွယ်တွေရဲ့ အမျိုးသားရေးဝါကို တွေ့ရမှာဖြစ်ပြီး၊ တောင်ပိုင်း ဆူဒန်က ထွက်ရှိတဲ့ ရေနံ ရောင်းလို့ရတဲ့ အကျိုးအမြတ်ကို တောင်ပိုင်းဆူဒန် ပြည်သူတွေကို ခွဲဝေခံစားပိုင် မပေးခဲ့ခြင်းဟာ နောက်ဆုံးရလဒ် အဖြစ် နိုင်ငံ နှစ်ခြမ်းကွဲတဲ့ အထိ ဦးတည်စေခဲ့တာကို တွေ့ရှိပါတယ်။
သမိုင်းကြောင်းအရ ဖြစ်ပေါ်လာတဲ့ အမုန်းတရား၊ လူမျိုးကြီးဝါဒအပြင်၊ နိုင်ငံခြားတိုင်းပြည်များရဲ့ စစ်အာဏာရှင်တွေနဲ့ပေါင်းပြီး သဘာဝသယံဇာကို အရူးအမူးထုတ်လုပ်မှုဟာ ဆူဒန်အတွက် အကွဲအပြဲဇာတ်လမ်း ပေါ်ပေါက်စေတဲ့ အဓိက အကြောင်းအရင်း တရပ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဆူဒန်အပါအ၀င် အာဖရိက ဒေသထွက် လောင်စာကို အဓိက မှီခိုနေရတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံ လိုအပ်ချက်ရဲ့ ၁၁ ရာခိုင်နှုန်းကို အာဖရိက တင်သွင်နေတဲ့ နိုင်ငံဖြစ်ပါတယ်။
ရှေ့ဆက်ရမယ့် မြန်မာ့ နိုင်ငံရေး
သမိုင်းကြောင်းအရ ဖြစ်ပေါ်နေဆဲ ဖြစ်တဲ့ မြန်မာ့နိုင်ငံရေးပဋိပက္ခမှာ တိုင်းရင်းသားအရေးနှင့် ဒီမိုကရေစီ ကို ခွဲထားလို့မရနိုင်ကြောင်း တွေ့ရပါမယ်။ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို မေ့လျော့ပြီး ဒီမိုကရေစီရေးကိုဘဲ အာရုံစိုက်နေခြင်းဟာ သဘာဝ မကျလှတဲ့ အဖြေရှာမှု တခုဖြစ်သာ ဖြစ်ပါတယ်။ ဒုတိယ ပင်လုံညီလာခံမျိုး လုပ်ရမယ်ဆိုတာ တိုင်းရင်းသားတွေရဲ့ ပြသနာ အရေးပါမှုကို မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက တိုင်းရင်းသားတွေ အရေးဟာ ပြည်တွင်းရေး သီးသန့်မဟုတ်ဘဲ ပြည်ပနိုင်ငံကြီးတွေ ၀င်ရောက်စွက်ဖက်နေတာကို တွေ့ရပါမယ်။ “၀” ပြည်နယ်လို အခြားနိုင်ငံတခု သြဇာခံ ပြည်နယ်တွေ မပေါ်ပေါက်လာဖို့ အတိုက်အခံတွေမှာပါ တာဝန်ရှိနေပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲက သယံဇာတထိမ်းချုပ်ရေး၊ လူမျိုးရေးဆန်တဲ့ စစ်ပွဲဖြစ်လာတာ မြန်မာ့နိုင်ငံရေးအတွက် အလားအလာ ကောင်းတွေ မဟုတ်ပါဘူး။ ဧရာဝတီ မြစ်အရေးလို ကချင်အရေးကို မတားဆီးနိုင်တာ၊ အရေးတယူ မရှိတာအတွက် နယ်ပယ်အသီသီးက ခေါင်းဆောင်တွေမှာ တာဝန်ရှိပါတယ်။ အဲဒီအတွက် နောက်မျိုးဆက်တွေ ပြန်လည်ပေးဆပ်ရ နိုင်ပါတယ်။
နိုင်ငံခြားတိုင်းပြည်အချို့ဟာ သူတို့အကျိုးအမြတ် တခုတည်းကိုသာ ဦးတည်ပြီး ရင်းနှီးမြုတ်နှံနေတာဟာ မြန်မာနိုင်ငံအတွက် အကျိုးအမြတ်ထက် အပြစ်တွေက ပိုများတယ်ဆိုတာ ဆူဒန်လို နိုင်ငံမျိုးက သက်သေတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရေးကို အဖြေရှာ စဉ်စားတဲ့အခါ ဒီမိုကရေစီရေး၊ တိုင်းရင်းသားအရေးနှင့် နိုင်ငံကြီးအချို့ရဲ့ သဘာဝသယံဇာတ အကျိုးစီးပွားတွေကြောင့် ဖြစ်ပေါ်နေတဲ့ ပကဓိအခြေအနေကိုပါ ထည့်သွင်းစဉ်းဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း။ ။
လှရွှေ
အလွတ်ကျက် စနစ်ဖြင့် မှတ်ဉာဏ်နှင့် စဉ်းစားဉာဏ်
တစ်ခါတုန်းက ကျောင်းတစ်ကျောင်းသို့ ကျောင်းစစ်ဆေးရေးအဖွဲ့ ရောက်လာ၏။ စစ်ဆေးရေး အဖွဲ့ဝင် တစ်ဦးက အလယ်တန်း ကျောင်းသားလေး တစ်ယောက်အား ဤသို့ မေးလေ၏။ “သားတို့ရဲ့ သမိုင်းဘာသာရပ်ထဲမှာ ပုဂံပြည်ကြီး အကြောင်း သင်ရသလား” “ဟုတ်ကဲ့ သင်ရပါတယ်” “ ပုဂံပြည်ကြီးက ဖွံ့ဖြိုးစည်ပင်လာအောင် တည်ထောင်ခဲ့တဲ့ ဘုရင်ကြီးက ဘယ်သူတုန်း” “အနော်ရထာမင်းကြီးပါ” “ကောင်းပြီ နောက်ဆုံးမှာ ပုဂံပြည်ကြီး ဘာဖြစ်သွားလဲ” “ပုဂံပြည်ကြီး ပျက်စီးသွားပါတယ်” “အေး ဟုတ်ပြီ ဒီတော့ ပုဂံပြည်ကြီး ပျက်စီးသွားအောင် ဖျက်ဆီးလိုက်တာ ဘယ်သူလဲ” ကျောင်းသားလေးက ရုတ်တရက်မဖြေ။ မျက်မှောင်လေးကြုတ်၍ စဉ်းစားနေသည်။ ဤတွင် စစ်ဆေးသူက... “ဖြေလေကွာ ပုဂံပြည်ကြီးကို ဘယ်သူဖျက်ဆီးတာလဲ” “ပုဂံပြည်ကြီး ပျက်စီးသွားအောင် ဖျက်ဆီးတာ ကျွန်တော် မဟုတ်ပါဘူးခင်ဗျ” “ဟေ” စစ်ဆေးသူ စိတ်ညစ်သွားသည်။ ဤတွင် စစ်ဆေးသူ၏ ဘေးနားတွင် ရပ်နေသော ကျောင်းအုပ်ဆရာကြီးက“ဆရာကြီးခင်ဗျာ ဒီကလေးဟာ ဒီကျောင်းမှာ စာလည်း အတော်ဆုံး၊ စာရိတ္တလည်း အကောင်းဆုံး ကျောင်းသားတစ်ဦးပါ။ ဒီကလေးအကြောင်း ကျွန်တော် ကောင်းကောင်း သိပါတယ်။ ပုဂံပြည်ကြီးကို ဒီကလေး မဖျက်ဆီးဘူးဆိုတာ ကျွန်တော် လုံးဝ တာဝန်ယူပါတယ် ခင်ဗျာ” ပညာရေး လောကမှ ဆရာ၊ ဆရာမများ အချင်းချင်း မကြာခဏ ပြောလေ့ရှိသော ရယ်မောစရာ ဟာသဇာတ်လမ်းလေးတစ်ပုဒ်။ သို့သော် ရယ်ပြီးနောက် မမောမိဖို့ အရေးကြီးပါသည်။ ဆရာ ဦးအောင်သင်းကတော့ ရယ်ပြီး မောတတ်သည်ဟု သတိပေးဖူးသည်။ ကျောင်းသား ကျောင်းသူများ ကိုယ်ကျက်နေသည့် သင်ခန်းစာ၏ အနှစ်သာရ၊ သဘောအဓိပ္ပာယ်ကို ပြည့်ပြည့်ဝဝ နားလည်အောင် မကြိုးစားဘဲ ဇွတ်အတင်း အလွတ်ကျက်နေကြသည်ကို တွေ့မြင်ရတိုင်း ဤဇာတ်လမ်းလေးကို ပြေးသတိရမိသည်။ အကြောင်းအရင်းကို ရှာလိုက်သောအခါ “မှတ်ဉာဏ်နှင့် စဉ်းစားဉာဏ်” ကို ကွဲကွဲပြားပြား မခွဲခြားနိုင်ဘဲ “စာဆိုရင် အလွတ်ကျက်ရမှာပေါ့” ဟူသော ပညာရေး အသိမှား၊ အမှတ်မှားမှုများ လွှမ်းမိုးနေခြင်းကြောင့်ပင်။ တစ်ဆက်တည်းမှာပင် စကော့လူမျိုး ကဗျာဆရာ “ဂျိမ်းစ်ဘီးတီ” (James Beattie) ၏ ပညာရေးဆိုင်ရာ နီတိလေးကို ပြေးမြင်မိသည်။ ''The aim of education should be to teach us rather how to think, than what to think-rather to improve our minds, so as to enable us to think for ourselves, than to load the memory with the thoughts of other men '' “ ပညာရေး၏ ရည်မှန်းချက်မှာ ဘာတွေကို စဉ်းစားရမည် ဆိုသည်ထက် ဘယ်လို စဉ်းစားရမည်ကို သင်ပေးခြင်း ဖြစ်သင့်သည်။ တစ်ပါးသူတို့၏ အတွေးများကို မှတ်ဉာဏ်တွင် သွင်းနေသည်ထက် ကိုယ်တိုင် တွေးတတ်အောင် လုပ်ပေးသင့်သည်။ ဤအဆိုအမိန့်လေးကို ပညာရေး စိတ်ဝင်စားသူတွေ၊ ပညာရေး ရည်မှန်းချက်အား ဆင်ခြင်တတ်သူတွေ သဘောကျ နှစ်ခြိုက်ကြမည်ဟု ယုံကြည်ပါသည်။ မျက်မှောက်ကာလတွင် ကျွန်တော်တို့၏ သားသမီး ရင်သွေးငယ်လေးများ၊ တပည့်လေးများမှာ သင်ခန်းစာထဲမှ အကြောင်းအရာ အချက်အလက်များကို မိမိ၏ မှတ်ဉာဏ်ထဲတွင် ဇွတ်သိပ်ထည့်ဖို့သာ ကြိုးစားနေကြပါသည်။ မိမိ၏ ကိုယ်ပိုင်ဉာဏ်ဖြင့် တွေးတောဆင်ခြင်ခြင်း၊ စဉ်းစားခြင်း စသည်တို့ကို သတိမရကြတော့ပါ။ သင်ခန်းစာထဲမှ သဘောတရား အယူအဆများကိုပင်လျှင် ကျိုးကြောင်းညီညွှတ်စွာ ဆင်ခြင် မပိုင်းဖြတ်နိုင်ဘဲ အတင်းအဓမ္မ မှတ်သားတာမျိုးကိုသာ အားထုတ် ကြိုးပမ်းနေကြပါတော့သည်။မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်မှ ကိုးတန်းအထိ ကျောင်းစစ် ဖြစ်လေသည်။ ကျောင်းသား ကျောင်းသူတို့သည် ကျောင်းစစ်စာမေးပွဲကို အကြောင်းအမျိုးမျိုးဖြင့် အောင်မြင်ကြပါသည်။ အရေအတွက်တွေ တိုးပွားလာပါ၏။ သို့သော အရည်အချင်းက ပါမလာ။ အတိမ်းအစောင်းမခံသော ဆယ်တန်းတွင် သင်ယူစရာတွေက များပါဘိ။ အောက်တန်းတွေမှ “ရေသာခိုစိတ်၊ အချောင်စိတ်” စသည့် “အကျင့်ဆိုးများ” ကပ်လာသောကြောင့် အရည်အသွေး စံချိန်မမီသူများ ဖြစ်လာရသည်။ ယခုနှစ် ဆယ်တန်းအောင်ချက် ကျဆင်းသွားရသည်မှာ ယင်းအချက်များကြောင့်ဟု မှတ်ချက်ပြုရပါတော့မည်။ အောင်ချက်ရာခိုင်နှုန်း ကျဆင်းရခြင်းမှာ သတ်မှတ် အရည်အချင်း ပြည့်မီသူ နည်းပါးလာသောကြောင့် ဖြစ်သည်။ ၁၉၈၃-၈၄ နောက်ပိုင်းတွင် အောင်ချက် သတ်မှတ် ရာခိုင်နှုန်း အဆင့်မီစေရန် အကြောင်းအမျိုးမျိုးကို ထောက်ထားပြီး မူအားဖြင့် လက်တွဲ ခေါ်ငင် ဆွဲယူမြှင့်တင်ပေးခဲ့ရသော ဖြစ်ရပ်များ နှစ်အတော်ကြာကြာ ရှိခဲ့ဖူးသည်။ ထို့ကြောင့် ပညာရေး၏ ဦးတည်ရည်မှန်းရာ ဖြစ်သော တွေးခေါ်မြော်မြင်နိုင်စွမ်း၊ ဝေဖန်သုံးသပ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ကျယ်ပြန့်စွာ ဖတ်ရှုနားလည်နိုင်စွမ်း စသည့် စွမ်းရည်များ ကျဆင်း ပြိုလဲခဲ့ရသည်။ အဓိက လက်သည် တရားခံမှာ သဘောတရား မပါသော “အလွတ်ကျက်စနစ်” ၏ ထိုးနှက် ရိုက်ခတ်မှုပင်။ အတန်းတိုင်း၏ အင်္ဂလိပ်စာမေးခွန်းတို့မှာ ပြဋ္ဌာန်းစာအုပ် (Text Book) ကို အခြေခံထားသော “ဖတ်ရှုနားလည်မှု” (Comprehension) ကို အသားပေးသော မေးခွန်းများ ဖြစ်သည်။ များများဖတ်၊ များများနားလည်ထားဖို့ လိုသည်။ သို့သော် မဖတ်တော့ မသိ မသိတော့ မဖတ် သံသရာလည်နေရာမှ စာပိုဒ်ရေးခြင်း (Paragraph-writing)၊ ပေးစာ(Letter-writing)၊ (Essay) စသည့် အင်္ဂလိပ်စာ စွမ်းရည်ပြ မေးခွန်းများကို ကိုယ်ပိုင် အရေးအသား မဖန်တီးနိုင်တော့ဘဲ“အလွတ်ကျက်စနစ်” ကိုသာ ဆူလွယ်နပ်လွယ် အသုံးပြုကြတော့သည်။
ဤသို့ဖြင့် မျက်မှောက်ကာလ ဆယ်တန်းတွင် အင်္ဂလိပ်စာနှင့် ပတ်သက်သော“အရည်အသွေး ပြည့်ဝမှု အာမခံချက်” (Quality assurance) ဂရပ်မျဉ်းကြောင်းမှာ အောက်သို့ ထိုးစိုက်ကျသွားပါတော့သည်။ ဆယ်တန်း မြန်မာစာ မေးခွန်းမှ စာစီစာကုံးကို ကြည့်ပါဦး ရေးရမည့် အကြောင်းအရာ ခေါင်းစီးအောက်တွင် အသင့် ကောက်ရေးနိုင်အောင် အချက်အလက်တွေ၊ ရည်ညွှန်းချက်တွေကို “ရေကန်အသင့်၊ ကြာအသင့်” ပေးထားသည်။ ရည်ရွယ်ချက်မှာ ကျောင်းသား၊ကျောင်းသူတွေ “မြန်မာစာ စာစီစာကုံး” ကို ဝေဆာသိုက်မြိုက်အောင် ရေးတတ်စေရန် လမ်းခင်းပေးထားခြင်း။ သို့သော် “စံထားရသော စာစီစာကုံး” များ စနစ်တကျ ဖတ်ရှုမှု နည်းပါးခြင်း၊ ပြင်ပ ဗဟုသုတ စာပေ လေ့လာအားထုတ်မှု နည်းခြင်းတို့ကြောင့် မိခင်ဘာသာ(Mother Language) ဖြင့် ရေးထားသော စာစီစာကုံးမှာလည်း အလွတ်ကျက် စာရင်းဝင် ဖြစ်သွားလေသည်။ မှတ်ဉာဏ်နှင့် စဉ်းစားဉာဏ် မကွဲပြားရာမှ သဘောတရား မပါသော အလွတ်ကျက် စနစ်မှာ ကျောင်းသား၊ ကျောင်းသူများအကြားတွင် အမြစ်တွယ် ရှင်သန်နေသည်မှာ အချိန်အတော်ကြာနေပါပြီ။ ယင်းစနစ်သည် မြန်မာစာနှင့် အင်္ဂလိပ်စာတွင်သာမက အခြားဘာသာရပ်တွေပါ ကူးစက် ပျံ့နှံ့ လွှမ်းမိုးနေလေသည်။ ရူပဗေဒနှင့် ဓာတုဗေဒ ဘာသာရပ်များတွင် “အဓိပ္ပာယ် သတ်မှတ်ချက်များ (Defimitions)၊ သီအိုရီများ (Theories)၊ အဆိုပြုချက်များ (Statements) နှင့် နိယာမများ (Prineiples, Laws) စသည်တို့မှာ ပညာရှင်များ၏ အဆိုအမိန့်များ ဖြစ်သောကြောင့် အလွတ်ကျက်သည်မှာ သဘာဝကျသော်လည်း သဘောတရားကို အခြေခံသော မေးခွန်းနှင့် အဖြေများကိုပါ အလွတ်ကျက်သည်မှာတော့ အဆင်ပြေနိုင်မည် မဟုတ်ပါ။ အဓိပ္ပာယ် အနှစ်သာရနှင့် ရေးပုံရေးနည်း ဖြေနည်းကိုသာ အားထုတ်ကြိုးပမ်းသင့်ပါသည်။ မျက်မှောက်ခေတ် ကျောင်းသားကျောင်းသူ အများစုတို့မှာ သင်ခန်းစာ အသီးသီးမှ အကြောင်းအရာများ၏ သဘာတရားနှင့် အနှစ်သာရပိုင်းကို နားမလည်ခြင်းကြောင့် ကိုယ်ပိုင် မှတ်စု မထုတ်တတ်တော့ချေ။ လူသက်သာသော အလွတ်ကျက်နည်းကို အလေးထား အားကိုးလာရာမှ ဆရာဆရာမနှင့် ကျူရှင်မှ ရေးပေးသည့် မှတ်စုများကိုသာ အသေ ဆုပ်ကိုင်လာကြသည်။ ဦးနှောက်စွမ်းအားက ထုတ်မသုံးချင်ကြတော့ ကိုယ်ပိုင် အရည်အသွေးများ ခန်းခြောက်လာရသည်။ ရယ်ဒီမိတ် လုပ်ပေးထားသော မှတ်စုမရှိလျှင် စာမကျက်တတ်ကြတော့ပေ။ ပညာရေး၏ ရည်ရွယ်ချက်မှာ ဘာသာရပ် တစ်ခုကို နားလည်သဘောပေါက်ရန်နှင့် အသုံးချတတ်ရန် ဖြစ်သည်။
သို့သော် အများအားဖြင့် စာမေးပွဲအောင်ရေးသာ အဓိကထားနေကြသည်။ ပညာရေးဌာနမှ တာဝန်ရှိသူများပင် စာမေးပွဲ အောင်ချက်သည် သူတို့၏ အဓိက ရည်မှန်းချက် ဖြစ်သည်။ သဘောတရား မပါသော အလွတ်ကျက် စနစ်ကြောင့် စဉ်းစားဆင်ခြင်မှု၊ သုံးသပ်တတ်မှု စွမ်းရည်များ ဆုံးရှုံးရသည်။ အဖိုးတန် အချိန်တွေ ဆုံးရှုံးရသည်။ အားထုတ်ရသော ဉာဏ်လုပ်အားနှင့် စွမ်းအင်များပါ ဆုံးရှုံးရပါသည်။ အလွတ်ကျက် စနစ်ကို ကွယ်ပျောက် ကင်းစင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ယနေ့ မြန်မာနိုင်ငံတွင် “စဉ်ဆက်ကဲဖြတ်စနစ်” ကို အောက်ခြေ မူလတန်း အဆင့်တွင် စတင် ကျင့်သုံးနေပါသည်။ ကျောင်းသားတို့ ဗဟိုပြု သင်ကြားနေသော စနစ်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးများတွင် ကျင့်သုံးသော စနစ်ဖြစ်သည်။ အလွန်ခေတ်မီသော စနစ်ဖြစ်သည်။ သို့သော် သူတို့နိုင်ငံများသည် ဆရာတစ်ယောက်နှင့် ကျောင်းသား ဆယ်ယောက်ခန့် အချို့ ဖြစ်နေသော်လည်း ကျွန်တော်တို့ နိုင်ငံတွင် ဆရာတစ်ယောက်နှင့် ကျောင်းသားတစ်ရာ ဖြစ်နေသည် အဆင့်အတန်းမီသော “သင်ထောက်ကူ ပစ္စည်းများ” လိုအပ်နေသေးသည်။ ဆရာဆရာမ ကိုယ်တိုင်ပင် စာဖတ်အားနည်းမှုနှင့် စည်းရုံးမှု အားနည်းနေသဖြင့် “ကျောင်းစာကြည့်တိုက်” ၏ အရာဝင် အသုံးတည့်မှုများ အင်အားပျော့နေသည်။ “ခေါက်ရိုးကျိုးနေသော အလွတ်ကျက်စနစ်” သည် “နာတာရှည်ရောဂါ” မဟုတ်ပါ။ စနစ်ကျသော ကုသနည်းဖြင့် ကုစားလျှင် ပျောက်ကင်းနိုင်ပါသည်။ သို့သော် အချိန်ယူရမည်။ မှတ်ဉာဏ်နှင့် စဉ်းစားဉာဏ် ကွဲပြားအောင် ခွဲခြားပေးရမည်။ သဘောတရားနှင့် အနှစ်သာရကို အလေးပေး သင်ကြားရမည်။ တပည့်တို့ မေးရဲ ဆွေးနွေးရဲအောင် လမ်းဖွင့်ပေးတတ်ရမည်။ ပြင်ပ ဗဟုသုတ စာပေများ ဖတ်ရှုမှု အလေ့အထ ပြုစုပျိုးထောင်ပေးရမည်။ ထို့ကြောင့် မှတ်ဉာဏ် တစ်ခုတည်းကိုသာ အားကိုးနေခြင်း၊ စဉ်းစားဉာဏ်နယ်ပယ် မဖွံ့ဖြိုးခြင်း၊ သဘောတရား အနှစ်သာရ မပါသော အလွတ်ကျက်စနစ် ရှင်သန်နေသမျှ မည်မျှ ကောင်းမွန်သော ပညာရေး စနစ်ကို ပြဋ္ဌာန်း သတ်မှတ်စေကာမူ မျှော်မှန်းထားသော ပညာရေး ပန်းတိုင်နှင့် အလှမ်းဝေးနေမည် ဖြစ်ကြောင်း ရိုးသားစွာ ယုံကြည်မိပါသည်။
ကုမ္ပဏီနာမည်ကတော့ (ရာဇသူရ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် နေပြည်တော်)တဲ့
ပါးစပ်နဲ့ ငွေတွေလှူပြီး လက်နဲ့ငွေတွေ မထုတ်လာသေးတဲ့ ကုမ္ပဏီအလှူ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် မြို့ပေါ်ဌာနဆိုင်ရာအသီးသီးနှင့် ဘာသာရေးအသင်းအဖွဲ့များသို့ ငွေကျပ် ၁၀ သိန်းစီ ပြည်ထောင်စုနေ့က ရာဇသူရအပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် နေပြည်တော် မှ လှူဒါန်းခဲ့ပါသည်။ အလှူငွေလက်ခံရရှိသည့် အသင်းအဖွဲ့များမှလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ပါသည်။ သို့သော် အဆိုပါကုမ္ပဏီမှ လှူဒါန်းခဲ့သည်မှာ ပါးစပ်ဖြင့်လှူဒါန်းခဲ့ပြီး အလှူငွေများ ယခုအချိန်အထိ လက်ခံရရှိခြင်း မရှိသေးပါ။ အဆိုပါကုမ္ပဏီအားမေးမြန်းသောအခါ စီးပွားရေး အဆင်မပြေသဖြင့် ခဏစောင့်ပါရန် ပြောကြားပါသည်။
လှူဒါန်းခဲ့သည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာသင်ကျောင်းများ၊ ကုသိုလ်ဖြစ် ဆေးပေးခန်းများ အားလုံးစုစုပေါင်း (၃၅)ခု နှင့် လှူဒါန်းငွေစုစုပေါင်း သိန်း ၃၅၀ ခန့်ရှိသည်ဟု သိရှိရပါသည်။ ထပ်မံသိရှိရသည်မှာ အဆိုပါ ကုမ္ပဏီပိုင်ရှင်မှာ ဟင်္သာတမြို့သား လူမျိုးခြားတစ်ဦးဖြစ်ပြီး မည်သို့မည်ပုံ ချမ်းသာလာသည်ကို မသိရှိရပေ။ ကုမ္ပဏီအမည်တွင် နေပြည်တော်ဟုပါရှိပါသည်။ ယခုမှ ဟင်္သာတသို့ ပြန်လည်ရောက်ရှိလာပြီး ငွေကြေးအမြောက်အများကို လောလောဆယ် ပါးစပ်ဖြင့် လှူဒါန်းခဲ့သဖြင့် မည်သည့် ရည်ရွယ်ချက်ဖြင့် လှူဒါန်းခဲ့သည်ကို မြို့ခံများမှ စိတ်ဝင်စားလျှက်ရှိပါသည်။
Posted in: တိုင်ကြားစာ
သတိပြုကြပါ
မြန်မာနိုင်ငံ လွတ်လပ်ရေးမရမှီ...ဆရာတော် ဦးဥတ္တမ- ဦးဝိဇာရ- ဆရာကြီး သခင်ကိုယ်တော်မှိုင်း- ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ရဲဘော်သုံးချိတ်- အာဇာနည်ခေါင်းဆောင်များနဲ့ တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူတွေဟာ....လွတ်လပ်ရေးရရှိဖို့အတွက် ဗြိတိသျှကိုလိုနီနှင့် ဖက်ဆစ်ဂျပန်တွေကို တော်လှန်ပြီး ကိုယ်ကျိုးစွန့်အနစ်နာခံကာ အသက်ပေးကာတိုက်ပွဲဝင်ခဲ့ကြသည်။
၁၉၄၈ခုနှစ်လွတ်လပ်ရေးရရှိပြီးသည့်နောက်....မြန်မာ့နိုင်ငံရေးသည် မြန်မာ့နိုင်ငံရေးခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသားခေါင်းဆောင်များ၏ နိုင်ငံရေးပဋိပက္ခကြီးထွားလာမှုကြောင့်...ပြည်တွင်းစစ်မီးသည် ဖွဲမီးကိုသို့ တစစတောက်လောင်လာခဲ့ရသည်။ ထိုအခါ...ဆင်ကြံ- ကြံပြီး အကွက်ချောင်းနေသော ဗိုလ်နေဝင်းသည် ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကိုသိမ်းပိုက်လိုက်တော့သည်။
ထိုအာဏာသိမ်းမှုကို လက်ပိုက်မကြည့်နေတတ်တဲ့ မျိုးချစ်ကျောင်းသားတွေဟာ...ဗိုလ်နေဝင်း စစ်အုပ်စုကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြခဲ့ရာမှ ဆဲဗင်းဂျွန်လိုင်အရေးခင်းကြီးဖြစ်လာခဲ့ရသည်။ ဆဲဗင်းဂျွန်လိုင်အရေးအခင်းကို ဖြိုခွင်းနှိမ်နင်းပြီးနောက်- မြန်မာ့နိုင်ငံရေးကစားကွင်းကို ဗိုလ်နေဝင်းဦးဆောင်သည့် စစ်အာဏာရှင်အုပ်စုက အပိုင်သိမ်းစီးလိုက်ပါတော့သည်။ ထို့နောက်- မြန်မာ့နိုင်ငံရေးကစားကွင်းသည် ဗိုလ်နေဝင်းရဲ့ တိုက်- ဖြုတ်- ထုတ်- သတ်- ဖမ်း အာဏာရှင် နိုင်ငံရေးကစားကွင်းသို့ ရောက်ရှိခဲ့ရသည်။
ဗိုလ်နေဝင်းဦးဆောင်သည့် အာဏာရှင်နိုင်ငံရေးကစားကွင်းမှာ ဝင်ရောက်ကစားကြသည့် ခေတ်အဆက်ဆက် မျိုးချစ် တော်လှန်ရေး- နိုင်ငံရေးသမားများကို ဗိုလ်နေဝင်းမှ အဝါကပ်နှင့် အနီကပ်များကို သူ့စိတ်တိုင်းကြ အလီလီအကြိမ်ကြိမ်ထုတ်ကာ တိုက်- ဖြုတ်- ဖမ်း- နှိပ့်- ညှင်း- သတ်ခြင်းများ ပြုလုပ်ခဲ့သည်။ ထိုသို့- မတရားဖမ်းဆီး- ညှင်းပမ်း- သတ်ဖြတ်ပြီး...ပြည်တွင်းစစ်မီးကို ဘယ်လိုပင် မွှေးနေစေကာမူ....ခေတ်အဆက်ဆက် တော်လှန်ရေး- နိုင်ငံရေး သမားများသည် ၎င်း- တို့၏ အဓိကမူလရည်ရွယ်ချက်များဖြစ်ကြသည့် စစ်အာဏာရှင်စနစ်ဆိုး ပြုတ်ကျရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများရရှိရေးတို့အတွက်...ကိုယ်ကျိုးစွန့်အနစ်နာခံကာ...
ယနေ့တိုင်- မဆုတ်မနစ်တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုသို့- မဆုတ်မနစ်တိုက်ပွဲဝင်လာရင်း...၁၉၈၈ ခုနှစ်တွင် ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးဖြင့် ( မဆလ ) တပါတီ အာဏာရှင်စနစ်ဆိုးကြီးကို တွန်းလှန်တိုက်ဖျက်နိုင်ခဲ့သည်။ ( မဆလ ) တပါတီ အာဏာရှင်စနစ်ဆိုးကြီးကို ဖြုတ်ချနိုင်ခဲ့သော်ငြားလည်း....ဗိုလ်စောမောင် ဦးဆောင်တဲ့ စစ်တပ်မှ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက်...အာဏာသိမ်း စစ်အစိုးရရဲ့ ကတိမတည်မှုကြောင့် စစ်တပ်သည် စစ်တန်လျှားသို့ မပြန်တော့ပဲ....နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ထား လိုက်သည်။
ထို့နောက်- ဝံပုလွေနဲ့ မြေခွေးလိုအကောက်ကြံနေသည့် ဗိုလ်ခင်ညွန့်နှင့် ဗိုလ်သန်းရွှေမှ- ရှူးကြောင်ကြောင်ဖြစ်နေသည့်
ဗိုလ်စောမောင် ကို ကျမ္မာရေးအကြောင်းပြချက်ဖြင့် ရာထူးမှအနားယူခိုင်းပြီး ( နဝတ) မှသည် (နအဖ) အမည်ပြောင်းကာမြန်မာ့နိုင်ငံရေးကစားကွင်းကို သူခိုးလက်မှ သူဝှက်လုပြီး ထပ်မံသိမ်းစီးလိုက်ပြန်သည်။ ဗိုလ်ခင်ညွန့်နဲ့ ဗိုလ်သန်းရွှေ နှစ်ဦးပိုင် ရှယ်ယာပုံစံနဲ့ သိမ်းစီးထားသည့်....မြန်မာ့နိုင်ငံရေးကစားကွင်းတွင် ဗိုလ်ခင်ညွန့်မှ ဦးဆောင်ပြီး တိုက်စစ်မှူး- အလယ်တန်းနှင့် နောက်တန်းပါမကျန် တစ်ကောင်တည်း ထင်သလို ကစားနေရင်းက ပွဲကြည့်ပရိတ်သတ်လို ဖြစ်နေသည့် ဗိုလ်သန်းရွှေမှ မြွေမြွေချင်း ခြေမြင်ပြီး ဗိုလ်ခင်ညွန့်ရဲ့ ကစားကွက်တွေကို သိသွားကာ....ဗိုလ်စောမောင်လို မဖြစ်ဖို့အရေး တွေးတွေးပြီးကြောက်ရွံ့လာကာ ဒီကောင့်ကို အပီလှဲမှ ဖြစ်တော့မည်ကို သဘောပေါက်လာ၍ ဗိုလ်ခင်ညွန့်၏ ထောက်လှမ်းရေး ဒေါက်တိုင်ကို လက်ဦးမှုယူကာ အပြီးတိုင် လှဲဖြိုလိုက်တော့သည်။
ထို့နောက် အာဏာရမက်လောဘကြီးထွားလာသော ဗိုလ်သန်းရွှေသည် ဗိုလ်ခင်ညွှန့်ရဲ့ ထောက်လှမ်းရေးဒေါက်တိုင်ကို ဖြုတ်ချပြီးသည့်နောက်...တဦးတည်း အာဏာတန်ခိုးကြီးထွားလာရေးဂွင်ကို ချဲ့ထွင်ကာ....မြန်မာ့နိုင်ငံရေးကို ထင်ရာစိုင်းပြီး...မြန်မာ့နိုင်ငံရေးအခင်းအကျဉ်းကို အဖတ်ဆယ်၍မရလောက်အောင် ရုပ်ပျက်ဆင်းပျက် တစ်ယောက်တည်း စိတ်ကြိုက်ကစားခဲ့သည်။ ဒါ့- အပြင်ယတြာကိုယုံသည့် ဗိုလ်သန်းရွှေသည် ဘုရင်ရှူး- ရှူးကာ ဆင်ဖြူတော်များဖမ်းဆီးခြင်း၊ လူလူခြင်း မကန်တော့ယုံတမယ် လက်အုပ်ချီ၍ကြိုဆိုမှု ပြုခြင်း၊ ကမ္ဘာ္ကအဆင်းရဲဆုံး နိုင်ငံစာရင်း ဝင်နေသော်လည်း မလိုအပ်ပဲ နေပြည်တော်တည်ဆောက်ပြီး လမ်းအမည်များကို ရှေးဆန်ဆန် အမည်မှည့်ခေါ်ခြင်း စသည့် ရုပ်ပျက်ဆင်းပျက် လုပ်ရပ်များကို စိတ်ကူးပေါက်ရင်ပေါက်သလို သူရှူးသဖွယ် ပြုလုပ်ခဲ့သည်။
ဗိုလ်သန်းရွှေသည် မြန်မာ့နိုင်ငံရေးအခင်းကျင်းကို စိတ်ကြိုက်- ထင်သလိုဖျက်ဆီးပြီးသည့်နောက်....မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥဒေကို သူ့စိတ်တိုင်းကြိုက်ရေးဆွဲအတည်ပြုကာ....၂၀၁၀ ရွေးကောက်ပွဲကို သူစိတ်တိုင်းကျကျင်းပပြုလုပ်ခဲ့ပြီး....သူလက်ရွေးစင်ရွေးချယ်ထားသည့် လူတွေနဲ့ အရပ်သားအစိုးရတစ်ရပ်ကိုဖွဲ့ စည်းပေးလိုက်ပြီး...မြန်မာ့ နိုင်ငံရေးကို နောက်ကွယ်ကနေကြိုးဆွဲရန် အမှောင်ချောင်ခိုနေလိုက်တော့သည်။ သူကိုယ်တိုင် စိတ်ကြိုက် လက်ရွေးစင်မွေးထုတ်လိုက်တဲ့ အစိုးရကိုနောက်ကွယ်မှနေ၍ သူစိတ်တိုင်းကျကြိုးဆွဲလို့ရမည်ထင်သော်လည်း....လက်ရှိ- မြန်မာနိုင်ငံရေးအခင်းကျင်းကို ကြည့်ခြင်းအားဖြင့် ပြုပြင်ပြောင်းလဲရေးကို လိုလားသည့် ခေါင်းဆောင်တချို့ကြောင့်- သူမွေးထုတ်ပေးလိုက်တဲ့အစိုးရကို လိုရာကြိုးဆွဲကခိုင်း၍ မရတော့ချေ။ မဲခိုးတာပဲပြောပြော- မဲလိမ်တာပဲပြောပြော- မတရားတဲ့ရွေးကောက်ပွဲလို့ပဲပြောပြော
ဘယ်လိုပဲပြောပြော....ယနေ့- ဦးသိန်းစိန် ဦးဆောင်နေသော အစိုးရ၏ နိုင်ငံရေးကစားကွင်းသည် ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေ နိုင်ငံရေးကစားကွင်းနဲ့ မတူတာကတော့ သေချာသည်။ ပြုပြင်ပြောင်းလဲမှုတွေအထိုက်အလျှောက်ရှိလာသော ဦးသိန်းစိန်ဦးဆောင်သောနိုင်ငံရေးကစားကွင်းမှာ....အရင်က- လုံးဝပါဝင်ယှဉ်ပြိုင်ခွင့်မရှိသူတွေကို ကစားခွင့်ပြုလာကိုတွေ့ရှိလာရသည်။ ဟိုအရင်တုန်းကဆို ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားရင်....၈၈ မျိုးဆက်များကို လွှတ်ပေးပြီး....၈၈ မျိုးဆက်များကို ဖမ်းဆီးထားလျှင်....ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးထားပြီး....၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒေါ်စုနဲ့ ပြင်ပနိုင်ငံရေးလောကမှာ ဘယ်တော့မှဆုံစည်းတွေ့ဆုံခွင့် မရရှိနိုင်ဘူးလို့ နိုင်ငံရေးအသိုင်းဝိုင်းနဲ့ ပြည်သူအများက သုံးသပ်ထားခဲ့ကြပေမယ့်....အထင်နဲ့ အမြင်တွေဟာ ထင်မြင်ထားသလို မဟုတ်တော့တာကို ကနေ့- တွေ့နေကြရပြီး ဖြစ်သည်။ ဒါပေမယ့်- ယနေ့...နိုင်ငံရေးကစား ကွင်းသည် ကျနော်တို့လိုချင်သည့် - ကျနော်တို့ဖြစ်ချင်သည့် ကျနော်တို့ရဲ့ နိုင်ငံရေးကစားကွင်း မဟုတ်သေးပါ....ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေးကစားကွင်းဖြစ်ဖို့ ကျနော်တို့တတွေ ဆက်ပြီးကြိုးစားရဦးမှာ ဖြစ်ပါတယ်။ လက်တလော ဆော့ကစားနေရတဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ နိုင်ငံရေးကစားကွင်းထဲမှာပဲ အနည်းငယ်စိတ်ရှည်- သီခံပြီး စော့ကစားရင်းက....တဖြည်းဖြည်းနဲ့ ကျနော်တို့တတွေ လိုချင်တဲ့ နိုင်ငံရေးကစားကွင်းဖြစ်လာဖို့ကို ပုံဖော်ကာ ပူးပေါင်းဆောင်ရွက်သော နည်းလမ်းများဖြင့်နိုင်ငံရေးကို ပရိယာယ်ကြွယ်ဝစွာနဲ့ ပါပါးနပ်နပ် ကစားသွားတတ်ဖို့အရေးကြီးပါတယ်။ ဆန္ဒစောပြီး အရင်စလိုမလုပ်ကြဖို့
ဒီနေရာကနေ အကြံပြုလိုပါတယ်။ အခုနေခါမှာ...ဆပ်ဆပ်အထိမခံ ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးကိုလည်း ကိုင်သွယ်ဖြေရှင်း တတ်ဖို့ လိုပါတယ်။ အခုဆို.... နယ်စပ်ဖွံ့ဖြိုးတိုးတက်မှုကို ဇောင်းပေးပြီး...ရှေ့- နိုင်ငံရေးလုပ်ငန်းစဉ်ပါတဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်ခတ် ရပ်စဲရေးကိုလည်း...ခင်ညွန့်ပုံစံကဲ့သို့မဟုတ်ပဲ ပြုလုပ်နေပါပြီး။
ဒါကြောင့်....မြန်မာ့နိုင်ငံရေးကို အားမလိုအားမရဖြစ်ပြီး ဖြစ်ချင်အားဇောပြင်းထန်နေသူတွေကို ကျနော့်အနေနဲ့ ဒီနေရာက...သတိပေးပြောကြားလိုသည်မှာ- ကျနော်တို့ ကနေ့- ဆော့ကစားနေသည့် နိုင်ငံရေးကစားကွင်းသည် ကျနော်တို့ ဖြစ်ချင်သည့် အလုံးစုံပါဝင်သော လွတ်လပ်ပြီး တရားမျှတတဲ့ နိုင်ငံရေး ကစားကွင်းမဟုတ်သေးကြောင်း....ကျနော်တို့ ဖြစ်ချင်သည့် ကျနော်တို့ ဆော့ချင်သည့် နိုင်ငံရေးကစားကွင်းဖြစ်ဖို့ ပုံဖော်ဖို့လိုအပ်သေးကြောင်း....နောက်တခုက- လက်ရှိ- အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံတကာမှလည်း ထောက်ခံမှုတွေ အထိုက်အလျှောက်ပြုလုပ်နေတာကတစ်ကြောင်း....ဗိုလ်နေဝင်း လက်ထက်မှ အစပြုပြီး- ဗိုလ်သန်းရွှေ လက်ထက်ထိ မရရှိခဲ့သည့် အခွင့်အရေးများသည်လည်း...ကနေ့- ဒီအချိန်အခါတွင်အထိုက်အလျှောက်
ရရှိနေပြီးဖြစ်သောကြောင့်....ကနေ့- မြန်မာ့နိုင်ငံရေးသည် ကျားမြီးကို ဆွဲထားရသလို လွှတ်ရခက်ခက် နိုင်ငံရေးသဘောမျိုးလည်းသက်ရောက်နေကြောင်းကို သတိပြုကြဖို့အရေးကြီးကြောင်း တင်ပြလိုက်ပါသည်။
ဒါကြောင့်.....သတိပြုကြပါ။
လးစားစွာဖြင့်.....ကိုဗလိုင်။\
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၆း၄၅ နာရီ တွင် ၀န်းသိုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသီလ၀ံသ ကျောင်းတွင်ရှိသော စစ်ဘေးဒုက္ခသည် ကျောင်းသူကျောင်းသားများအတွက် ကျပ်ငွေ(၁၀)သိန်းကို ၈၈မျိုးဆက် ကျောင်းသားခေါ်င်းဆောင်များ ဖြစ်ကြသော ဦးမင်းကိုနိုင် ၊ ဦးကိုကိုကြီး ၊ ဦးဌေးကြွယ် ၊ ဦးပြုံးချို ၊ ဦးမြအေး ၊ ဦးမင်းဇျေယျာ ၊ ဦးအောင်သူ ၊ ဦးပဏိတ်ထွန်း ၊ ဦးထွန်းမြင့်အောင် ၊ ဦးစိုးထွန်းနှင့်အဖွဲကလှူဒါန်း ခဲ့ပါသည်။ ဦးမင်းကိုနိုင်က ဆရာတော်အား လျှောက်ထားရာတွင် ရန်ကုန်ရှိ စေတနာရှင်များက လှူဒါန်းသော ငွေကို မိမိတို့ကတစ်ဆင့် လှူဒါန်းခဲ့ခြင်းဖြစ်ပါသည် ဟု လျှောက်ထားပါသည်။ ၈၈မျိုးဆက်များက ဒုက္ခသယ် ကျောင်းသား ကျောင်းသူများကို လိုက်လံအားပေးစကားပြောကြားခဲ့ပါ သည်။ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များသည် နံနက် ၇း၄၅ နာရီတွင် ကျောင်းမှပြန်လည်ထွက်ခွာခဲ့ပါသည်။ ထို့နောက်နံနက် ၈း၀၀ နာရီတွင် riverview စားသောက်ဆိုင်တွင် ၈၈မျိုးဆက်များက ဒေသခံများနှင့် ရင်းနှီးစွာ တွေ့ဆုံခဲ့ပါသည်။ နံနက် ၈း၃၀ နာရီတွင် စိန်ပေါယာယီတည်းခိုစခန်းသို့ ရောက်ရှိပြီး စခန်းတာဝန်ရှိသူများကို အလှူငွေပေးအပ်ခဲ့ပါသည်။ ပေးအပ်ခဲ့သောအလှူငွေ ကျပ်(၅၀)သိန်းကို ဦးကျော်သူဦးဆောင်သော နာရေးကူညီမှုအသင်းမှ လှူဒါန်းသောငွေဖြစ်ကြောင်းကို စခန်းတာဝန်ရှိသူများ ဒုက္ခသည်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဒုက္ခသယ်များကို ရင်းနှီးစွာ လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ပါသည်။ နံနက် ၉း၀၀ နာရီတွင် ထိုစခန်းမှ ပြန်လည်ထွက်ခွာခဲ့ပါသည်။ နံနက် ၉း၁၅ နာရီ တွင် ဂျန်မိုင်ကောင်း နှစ်ခြင်းယာယီစခန်းသို့ ရောက်ရှိပြီး အလှူငွေ ကျပ်သိန်း(၅၀)ကို လှူဒါန်းခဲ့ပါသည်။ ထိုစခန်းတွင်လည်း ဦးမင်းကိုနိုင်က ထိုအလှူငွေကို နာရေးကူညီမှုအသင်းမှ ဦးကျော်သူ လှူဒါန်းသောငွေဖြစ်ကြောင်းကို ရှင်းပြခဲ့ပါသည်။ ဦးမင်းကိုနိုင်မှ မိမိတို့သည် ထောင်ထဲမှ မကြာခင်ကမှ ထွက်လာခဲ့သောကြောင့် အလှူရှင်များကို ရှာဖွေပြီး စခန်းများကို လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်းကို ပြောကြားခဲ့ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများသည် နံနက် ၁၀း၀၀ နာရီတွင် ပြန်လည်ထွက်ခွာခဲ့ပါသည်။
(၅၀၀၀) ကျပ်တန် GSM နှင့် ဥပဒေ
ဂျာနယ်များတွင်အ တွေ့ရများသည့် သတင်း(၁)ပုဒ်မှာ GSM တယ်လီဖုန်းများသတင်းဖြစ်သည်။ ကုမ္ပဏီ (၁)ခုက GSM ဖုန်းကဒ်များကို (၁)ခုလျှင် မြန်မာငွေ (၅၀၀၀)ကျပ်နှင့် ရောင်းချပေးနိုင်ကြောင်း ကြေညာသည်။ မြန်မာ့ဆက်သွယ်ရေးက နည်းပညာအ ခက်အခဲ၊ တိုင်ထောင်ရသည့် ကုန်ကျငွေ နှင့်အချိန်တို့ကြောင့်မဖြစ်နိုင်သေးကြောင်း ငြင်းဆိုသည်။နောက်တဖန် အထက်ပါကုမ္ပဏီက တိုင်မထောင်လည်း ဖြစ်နိုင်ကြောင်း၊ အ ထပ်မြင့်အဆောက်အဦးများတွင် တပ် ဆင်၍ဖြစ်ကြောင်း ထပ်မံရှင်းလင်းခဲ့ပြန် သည်။ ထိုအခါဆက်သွယ်ရေးဝန်ကြီး ကိုယ်တိုင်က ဥပဒေများမပြင်ဆင်ရသေး သဖြင့် လက်တလောမဖြစ်နိုင်သေး ကြောင်း ပြောဆိုခဲ့သလို၊ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းကလည်း မြန်မာငွေ (၅၀၀၀) ကျပ်တန်ဖုန်းမှာ လက်တလော မဖြစ်နိုင်ကြောင်း ကြေညာချက်ထုတ်ပြန် ခဲ့သည်။ ထို့ကြောင့် ယင်းကိစ္စအပေါ် ဝေဖန်မှုမျိုးစုံထွက်ပေါ်ခဲ့သည်။ ဂျာနယ် (၁)စောင်တွင် ဆိုလျှင်(၅၄)သန်းသော ပြည်သူလူထုမျက်နှာကိုကြည့်မလား၊ဆက် သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ် ဆောင်နေသော ကုမ္ပဏီ(၂၃)ခုမျက်နှာ ကိုပဲကြည့်မလားဟု မေးခွန်းထုတ်ခဲ့သည်။
ထို့ကြောင့် GSM ဖုန်းနှင့်ပတ်သက် သည့်ကျွန်တော့်ဗဟုသုတ အနည်းငယ် ကိုတင်ပြလိုက်ရပါသည်။ ပထမဆုံး GSM ဖုန်းသမိုင်းကိုမှတ်မိသလောက်ပြန် တွေးမိသည်။ ကြိုးဖုန်းမှ လက်ကိုင်ဖုန်း ပြောင်းစ ကာလများတွင် တိုးတက်လာ သောနည်းပညာကို ပြည်သူတွေတော် တော်အံ့သြခဲ့ရသည်။ လွန်ခဲ့သော(၁၀) နှစ်ဝန်းကျင်က အလွန်ထူးဆန်းသည့် ပစ္စည်းကလေးများကို ကျွန်တော်တို့စမြင် ဖူးခဲ့သည်။ ကိုယ့်ဖုန်းကို လှမ်းခေါ်သည့် ဖုန်းနံပါတ်ကို သိရှိနိုင်တာ၊ သွားလေရာ သယ်ဆောင်နိုင်တာ၊ ကြိုးဖုန်းနှင့်တော် တော်ကွာသွားသည်။ GSM ဖုန်းထုတ်ဈေးနှင့် ပြင်ပဈေး ကွာဟလွန်းသဖြင့် အပြင်မှဝယ်ကိုင်ရန် မလွယ်။ ထို့ကြောင့်မိမိနာမည်နှင့်သုံးစွဲ ခွင့် ရရှိရန် လျှောက်လွှာတွေ အကြိမ်ကြိမ် တင်ခဲ့ရသည်။ နောက်ဆုံးကျပ် (၅)သိန်း တန် GSM တွေမပေါ်မီ (၁)နှစ်ခန့်အလို မှ ကိုယ့်အလှည့်ရောက်သည်။ သုံးစွဲခွင့် ရခဲ့သည်။ သုံးစွဲခကြိုတင်သွင်းငွေ (၅) သောင်းကျပ်ကို ဖယ်ထားလျှင်ပင်တရား ၀င်ဆက်သွယ်ရေးဌာနသို့ (၁၅)သိန်းနှင့် တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ရန်ပုံငွေ (၁)သိန်း၊စုစုပေါင်းမြန် မာငွေကျပ် (၁၆)သိန်းတန် GSM ဖြစ်ပါ သည်။
ထိုစဉ်က ကျွန်တော်နှင့်အတူတူ GSM သုံးစွဲခွင့်ရသော သူငယ်ချင်း(၁) ယောက်စကားကို ပြန်လည်ကြားယောင် မိသည်။ သူသည် “လောက်ကိုင်မြို့”တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။သုံးစွဲ ခွင့်ရလို့သာလိုက်ထုတ်ရမှာ၊ မန္တလေးမှ တခြားရွေးချယ်စရာကလည်း မရှိပဲကိုး။ ကျွန်တော့အမြင်တော့ တန်တယ်မထင် ဘူး။ မတရားဈေးတင်ထားတာပဲ။ တရုတ် နယ်စပ်မှာဆိုရင် မြန်မာငွေ (၂) သောင်းကျပ်ခန့် နှင့် GSMကဒ်(၁)ခုရ တယ်။ ၀ယ်ကာစမှာ (၂)လကျော်ကျော် လောက်က နောက်ထက်ငွေမသွင်းပဲသုံး လို့ရသေးတယ်။ တရုတ်နိုင်ငံက ဒီဖက်မှာ ဖုဒ်းကဒ်ရောင်းစားလို့ရအောင် တာဝါ တိုင်တွေ (၁၀)မိုင်ကို (၁)ခု၊ နယ်စပ်တ လျှောက်တန်းစီစိုက်ထားလို့ ဖုန်းလိုင်းက လည်းအလွန်ကြည်လင်တာပဲ””ဟုပြောပြ ခဲ့သည်။
ပြီးခဲ့သော (၁)နှစ်ခန့််က အိန်္ဒိယနိုင် ငံနယ်စပ် ချင်းပြည်နယ်တွင်းရှိ နာမည် ကျော် ရိဒ်ရေကန်သို့အလည်ရောက်ခဲ့ပါ သည်။ အသဲနှလုံးပုံ သဘာဝတောင်ပေါ် ရေကန်မို့ အလွန်လှပါသည်။ ယင်း““ရိဒ်”” မြို့တွင် ညစောင့်၊ အလုပ်သမားကအစ GSM ဖုန်းများ ကိုင်စောင်ထားကြပါ တယ်။ ကျွန်တော်က မြို့ခံမိတ်ဆွေအား ၄င်းတို့မြို့က စီးပွားရေးအဆင်ပြေပုံရ ကြောင်း။ လူတိုင်းချမ်းသာပုံရကြောင်း၊ GSM ဖုန်းကိုယ်စီတွေ့ရကြောင်းပြောရာ မိတ်ဆွေဖြစ်သူက GSM ဖုန်းကဒ်(၁)ခု လျှင် မြန်မာငွေ (၆၀၀၀)ကျပ်ပင်မပေးရ ကြောင်း၊ အိန်္ဒိယနိုင်ငံအတွင်းရှိအချို့မြို့ များတွင် (၂၀၀၀)ကျပ်ခန့်နှင့်ရကြောင်း ရှင်းပြခဲ့၍ ကျွန်တော်တို့ မြန်မာနိုင်ငံ တွင်းရှိ ပြည်သူများအတွက်စိတ်မကောင်း ဖြစ်မိပါသည်။
လွန်ခဲ့သော (၁)လခန့်ကကျွန်တော့် သူငယ်ချင်း(၁)ယောက် ထိုင်းနိုင်ငံဘန် ကောက်မြို့သို့ အလုပ်ကိစ္စဖြင့်ခေတ္တသွား ရောက်ခဲ့ပါသည်။ ဘန်ကောက်တွင် လည်း GSM ဖုန်းကဒ်သည် မြန်မာငွေ (၁)သောင်းကျပ်ခန့်သာ ပေးရကြောင်း သူငယ်ချင်းကပြောပြခဲ့ပါသည်။
ထို့ကြောင့် ငွေကျပ် (၁၅)သိန်းတန် GSM ဖုန်းကိုင်တွယ်သုံးစွဲသူများသည် ကျပ်(၁၄)သိန်းကျော်၊ ငွေကျပ်(၅)သိန်း တန် GSM ဖုန်းများသုံးစွဲနေသည့်ပြည်သူ များသည် (၄)သိန်းကျော်ပို့ပေးခဲ့ပါသည်။ နစ်နာခဲ့ရပါသည်။ အိမ်နီးချင်းနိုင်ငံများ နှင့်နှိုင်းယှဉ်ကြည့်လျှင် ရှင်းရှင်းလင်းလင်း သိနိုင်ပါသည်။ ပုံမှန်ဈေးနှုန်းထက်ပိုပေး ခဲ့ရသော ပြည်သူများ၏ငွေများမည်သည့် နေရာသို့ ရောက်သွားသလဲ၊ မည်သို့သုံး စွဲလိုက်သလဲ သိရှိချင်ပါသည်။ နိုင်ငံ့ ဘဏ္ဍာထဲသို့ ရောက်ရှိပြီးနိုင်ငံနှင့်ပြည်သူ လူထုအတွက် အကျိုးရှိသည့်လုပ်ငန်းများ တွင် သုံးစွဲခဲ့လျှင် ကျေနပ်ပါသည်။ ယခင် အစိုးရနှင့် ပူးပေါင်းလုပ်နေသည့် ဆက် သွယ်ရေးကုမ္ပဏီများမှ အကျိုးအမြတ် အများစုရယူခဲ့သည်ဆိုလျှင် ရယူထားခဲ့ လျှင် GSM ဖုန်းသုံးစွဲလျှက်ရှိသူပြည်သူ များ အနေဖြင့် ကြည်ဖြူနိုင်လိမ့်မည်မ ဟုတ်ပါ။
ထပ်မံဆွေးနွေးလိုသည်မှာ ဥပဒေ ကိစ္စဖြစ်ပါသည်။ ဥပဒေမပြင်လျှင် မြန် မာငွေ (၅၀၀၀)ကျပ်တန် GSM ဖုန်းကိစ္စ မဖြစ်နိုင်သေးကြောင်း ဆက်သွယ်ရေး ၀န်ကြီးဌာနမှ ကြေညာထားခဲ့ပါသည်။ မည်သည့် ဥပဒေကို ဆိုလိုကြောင်းမသိ သော်လည်း ကျွန်တော်မှတ်သားဖူးသည့် ဥပဒေ(၁)ခုအကြောင်းပြောပြချင်ပါသည်။ ပြည်သူအများစု ကြားဖူးနေသော အက် ဥပဒေပုဒ်မ ၆ (၁)ဖြစ်ပါသည်။ ပြည်သူ ပိုင်ပစ္စည်းများ ကာကွယ်စောင့်ရှောက် ရေးအက်ဥပဒေဖြစ်ပါသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်တက်ရောက် ခဲ့စဉ်က ယင်းဥပေဒတွင် လျှပ်စစ်မီတာ သြထ များလည်း အကျုံးဝင်ကြောင်းသိရ ပါသည်။ ဆိုလိုသည်မှာ မီတာ သြထသည် အိမ်များတွင် တပ်ဆင်ထားသော်လည်း အိမ်ရှင်မပိုင်ပါ။ ရောင်းချခွင့်၊ ဖျက်ဆီးခွင့် မရှိပါ။ အလွဲသုံးစားလုပ်ခွင့်မရှိပါ။ ပြုလုပ် ခဲ့လျှင် ပုဒ်မ-၆(၁)အရ အရေးယူခံရမည် ဖြစ်ပါသည်။ အလားတူပင် GSM ဖုန်းကဒ် အတွက်ကျွန်တော်တို့(၁၆)သိန်း ကုန်ကျခဲ့သော်လည်း ကျွန်တော်တို့မပိုင် ပါ။ ဖျက်ဆီးခဲ့လျှင် ပုဒ်မ-၆(၁)ဖြင့်ရေး ယူခံရမည်ဖြစ်ပါသည်။ ဖုန်းကဒ်ကိုရောင်း ချခြင်းမဟုတ် ငှားရမ်းသုံးစွဲခွင့်သာပြုခြင်း ဖြစ်ပါသည်ဟု ဆိုပါသည်။
တစ်ဖက်က ပြန်စဉ်းစားလျှင်လည်း အိမ်(သို့မဟုတ်) ပစ္စည်း(၁)ခုခုကို စပေါ် တင်၍ ငှားရမ်းသကဲ့သို့ ဖြစ်ပါသည်။ အိမ်လခကဲ့သို့ ဖုန်းပြောဆိုခကိုလစဉ် ကျွန်တော်ပေးဆောင်နေရပါသည်။ အိမ် ငှားက အိမ်ပြန်အပ်လျှင် စပေါ်ငွေပြန် အမ်းရပါသည်။ ယခု GSM တယ်လီဖုန်း ကိစ္စတွင်လည်း ကျွန်တော်တို့စပေါ်ငွေ ပြန်မရသင့်ဘူးလား၊ မရနိုင်ဘူးလားစဉ်း စားသင့်ပါသည်။ ပြည်သူများထံပြန်မ အမ်းနိုင်လျှင်လည်း (၁၀)နှစ်ခန့်မတရား ယူထားသော ထိုပိုငွေများကို နိုင်ငံတကာ အကြွေးအမေရိကန်ဒေါ်လာ (၁၁)ဘီလီ ယံတင်ရှိနေသော နိုင်ငံတော်သို့ပြန်လည် ပေးသွင်းသင့်ပါသည်။ ဆက်သယ်ရေး ကုမ္ပဏီကြီး (၁)ခုကိုပိုင်ဆိုင်သောစီးပွား ရေးလုပ်ငန်းရှင်ကြီး (၁)ဦးက မီဒီယာများ သို့ပြီးခဲ့သော (၁)နှစ်အတွင်းပြောခဲ့ဖူးပါ သည်။ သူလည်းနိုင်ငံကို ချစ်မြတ်နိုး ကြောင်း၊ နိုင်ငံနှင့် လူမျိုးအတွက်လိုအပ် လာလျှင် သူ့အသက်ကိုပင်ပေးလှူနိုင် ကြောင်း ဖတ်ရှုခဲ့ရပါသည်။
ယခုကဲ့သို့ ၄င်းတို့လိုသည်ထက်ပိုယူ ထားသော ငွေကြေးများကို (အတိုးငွေမ ပါဘဲ) နိုင်ငံတော်သို့ပြန်လည်ပေးသွင်း ခြင်းသည် အသက်ကိုပင်ပေးလှူနိုင်သော မျိုးချစ်ပုဂ်္ဂိုလ်များအတွက် အခက်အခဲရှိ မည်ဟု မယူဆပါ။
နောက်ဆုံးအနေဖြင့် အကြံပေးလို သည်မှာ ပြည်သူများ (၅၀၀၀)ကျပ်တန် GSM တယ်လီဖုန်းများသုံးစွဲနိုင်ရန်ဥပဒေ များကို အမြန်ပြုပြင်ပေးသင့်ပါသည်။ ဥပဒေမပြုပြင်နိုင်သေးမီ ကြားကာလတွင် ထပ်မံထုပ်ပေးသည့် Hand ဖုန်းများအ တွက်လည်း ဆက်သွယ်ရေးကုမ်္ပဏီများ က(၁)သောင်းကျပ်ထက် ပိုမယူသင့်ပဲ ပိုငွေအားလုံးသည်တရားဝင်နိုင်ငံဘဏ္ဍာ သို့သာ ပေးသွင်းသင့်ကြောင်း နိုင်ငံနှင့် ပြည်သူများ၏ အကျိုးကိုရှေးရှုလျှက် တင်ပြလိုက်ပါသည်။
ဒေါက်တာ ထူးထူး
ပြောင်းလဲခြင်းအခက်အခဲများ စကားဝိုင်းကျင်းပမည်
ပြည်တော်ပြန်အများစုပါဝင်သည့် ဗဟုအဖွဲ့၏စီစဉ်မှုဖြင့် ရန်ကုန်မြို့ အင်းစိန်မြို့နယ် နောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ဖေဖော်ဝါရီလ ၂၅ ရက် စနေနေ့ မွန်းလွဲ ၂ နာရီတွင် ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့ဝင်သုံးဦးက ပြောင်းလဲခြင်း အခက်အခဲများခေါင်စဉ်ဖြင့် အချီအချ ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရှိရသည်။ သမ္မတဦးသိန်စိန် အစိုးရလက်ထက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ရလာသည့် ဒေါက်တာဇော်ဦး (စီးပွားရေးပညာရှင်)၊ ဒေါက်တာ တင်မောင်သန်း (သင့်ဘဝ)၊ ဦးအောင်နိုင်ဦး (ABSSF ခေါင်းဆောင်ဟောင်း) သုံးဦးတို့သည် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အထောက်အကူပြုရန် ရည်ရွယ်ပြီးပြောင်းလဲခြင်း၏ အခက်အခဲများခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပခြင်းဖြစ်သည်ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရှိရသည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ယခင်က ပြောင်းလဲရန် တာစူခဲ့သော အခြေအနေများ၊ မည်သည့် အတွက်ကြောင့် မပြောင်းလဲခဲ့သလဲဆိုသည့် အခြေအနေများနှင့် ယခုလက်ရှိပြောင်းလဲနေသည့် အခြေအနေများကို အဓိကပြောဆိုသွားရန်ရှိကြောင်း ဦးအောင်နိုင်ဦးက ပြောကြားသည်။ ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးမှုအဖွဲ့သည် Policy Research Advocacy၊ Capacity Building ကဲ့သို့ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေသော အဖွဲ့ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြာထားပါသည်။အင်းလေးကန်အတွင်း ရေအရည်အသွေး တဖြည်းဖြည်းကျဆင်းလာမှုကြောင့် သောက်သုံးရေအဖြစ်အသုံးပြုရန် မသင့်လျော်သည့် အခြေအနေတွင် ရှိနေ by Eleven
အင်းလေးကန်အတွင်း ရေပြင်ဧရိယာ ကျဉ်းမြောင်းလာကာ တစ်နှစ်ထက်တစ်နှစ် ရေအရည်အသွေး တဖြည်းဖြည်းကျဆင်းလာမှုကြောင့် သောက်သုံးရေအဖြစ် အသုံးပြုရန် မသင့်တော်သည့်အခြေအနေတွင်ရှိနေကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များထံမှ သိရှိရသည်။
''အင်းလေးကန်ဟာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ကန်ရေပြင် တဖြည်းဖြည်း ကျဉ်းမြောင်းလာသလို ရေအရည်အသွေးကလည်း တဖြည်းဖြည်း ကျဆင်းလာနေပါတယ်။ အရင်နှစ်တွေတုန်းက အခြေအနေက သောက်ဖို့မသင့်တော်ပေမယ့် သုံးလို့ရနိုင်တဲ့ အနေအထားရှိသေးတယ်။ ခုနောက်ပိုင်းမှာ ကျန်းမာရေးရှုထောင့်အရ သုံးဖို့တောင် မသင့်တော်တော့တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီရေမှမသုံးရင် သုံးစရာရေမရှိလို့ မဖြစ်မနေသုံးနေရတယ်ဆိုရင်လည်း ဒီရေကိုသုံးနေရတဲ့အတွက် အကျိုးသက်ရောက်မှုက တိုက်ရိုက်မဟုတ် ရင်တောင် သွယ်ဝိုက်ပြီးလာနိုင်ပါတယ်။ ဒါတွေကို ဒေသခံတွေ သတိပြုသင့်ပါတယ်''ဟုလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦးက ဆိုပါသည်။
ရေအရည်အသွေးကျဆင်းရ ခြင်းဖြစ်ပေါ်စေသည့်အကြောင်းရင်း များမှာ ပိုးသတ်ဆေးများအလွန်အ ကျွံသုံးစွဲလာခြင်း၊ ဓာတ်မြေသြဇာသုံးစွဲမှု များပြားလာခြင်း၊ ရေမှော်၊ ဗေဒါ၊ဒိုက်စသည်များ ဖွံ့ဖြိုးလာခြင်း၊ ရေခြံ(floating gardens) အဟောင်းများ စနစ်တကျ မဖယ်ရှားနိုင်ခြင်း၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွားများ၏ စွန့်ပစ်ပစ္စည်းများ ပေါများလာခြင်း၊ မိလ္လာစနစ်များ ခေတ်မမီခြင်းနှင့် လက်ရက်ကန်းများတွင် အသုံးပြုသော ဆိုးဆေး(Dye)များအား ကန်အတွင်းစွန့်ပစ်ခြင်းများကြောင့်ဖြစ်ကြောင်းလည်း သိရသည်။
''အင်းလေးဝန်းကျင်က ဒေသခံတွေမှာ သဘာဝနဲ့မကိုက်ညီတဲ့ အသက်မွေးမှုတွေ ရှိနေတယ်။ စားဝတ်နေရေးက ခေတ်နဲ့လိုက်လျောညီထွေရှိအောင် မလုပ်တာလည်းပါတယ်။ ပိုးသတ်ဆေးတွေ အလွန်အကျွံသုံးတယ်။ ခရမ်းချဉ်သီးအတွက် ဓာတ် မြေသြဇာတွေ အသုံးများလာတယ်။ အမှိုက်တွေ စည်းကမ်းမဲ့ပစ်တယ်။ စတဲ့အကြောင်းအရာတွေကြောင့် ရေအရည်အသွေး ကျကျလာတယ်။ ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် ဒီရေတွေကို ဒေသခံတွေ သောက်သုံးနေတာဟာ သက်ရောက်မှုတွေ လာနိုင်တယ်။ ဒါကြောင့် ဒီရေတွေကို သောက်သုံးရေအဖြစ် မသုံးသင့်တဲ့အခြေအနေမှာ ရှိနေပါတယ်''ဟုလည်း UNDP မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အင်းလေးကန်သည် ၁၉၃၄ ခုနှစ် မြေတိုင်းမြေပုံများအရ ကန်အကျယ်အ၀န်းမှာ ၁၀၄ စတုရန်းမိုင်၊ ၂၀၀၅ ခုနှစ်တွင် ၈၇ ဒသမ ၅၄ စတု ရန်းမိုင်၊၂၀၀၇ ခုနှစ်တွင် ၆၃ စတု ရန်းမိုင်သာရှိတော့ကြောင်း ရှမ်းပြည်နယ် မြေစာရင်းဦးစီးဌာနမှရရှိသော သတင်းများအရ သိရှိရသည်။
အင်းလေးကန်အတွင်း ရေ၀င်ချောင်း စုစုပေါင်း ၂၉ ချောင်းရှိကာ အဓိကစီးဝင်သည့်ချောင်းများမှာ နမ့်လတ်ချောင်း၊ နယ်ခြားချောင်း၊ ကလောချောင်းနှင့် ဘီလူးချောင်းတို့ဖြစ်ကာ ရေဆင်းဧရိယာစုစုပေါင်း ၁၄၂၂ စတုရန်းမိုင်ရှိကြောင်းလည်း သိရှိရသည်။
ဝန်ထမ်းလစာတိုးဖို့ အဆိုကိုတင်သွင်းတာမယ် ဟိုဘက်ဒီဘက် ချိန်ထိုးပိး တင်တယ်ဗျ.... ဒီနေရာမှာ ဘဏ္ဍာအခွန်ဝန်ကြီးက ငွေကိုပဲ ရိုက်ထုပ်မယ် လုပ်နေတယ်... သူ့အဓိက တာဝန်ဖြစ်တဲ့ ပြည်တွင်းက အခွန်ကို ဖိဖိစီစီး ကောက်ဖို့ ပလန်တွေ ချမပြဘူး... အမှန်တကယ်ကဗျာ၊ ကိန်းဂဏန်းတွေနဲ့ ကိုင်ပေါက်မနေနဲ့၊ အခုအစိုးရ ၀င်ငွေရအောင် ဘာတွေလုပ်သင့်သလဲ၊ ကျွန်တော့်ဌာနက ဘာတွေလုပ်ပေးရမလဲ အဲ့ဒိလို ညှိညှိနှိုင်းနှိုင်း လုပ်ဖို့လိုတယ်.... မြန်မာပြည်လောက် အခွန်တွေ များတာ မြန်မာပြည်ပဲရှိတယ် (ကျွန်တော် စတေးတပ်တောင် တင်ထားတယ်).... ဒါပေမယ့် အစိုးရလည်း မချမ်းသာဘူး၊ ပြည်သူလည်း ငွေဖြူမဖြစ်ဘူး၊ တစ်ချို့ တစ်ချို့သော အရာရှိတွေ ချမ်းသာပီးရင် ချမ်းသာကြတယ်.... အဲ ခရိုနီတွေကိုယ်တိုင်က ရော့ဘယ်လောက်ဆိုပီး ပုတ်ပြတ်ပေးလိုက်တယ်..... အဲ့တော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရက ပြည်သူတွေကို ဘာမှလုပ်မပေးနိုင်လို့ ပြည်သူတွေက အခွန်မဆောင်ချင်ဘူးဆိုတဲ့ ဆင်ခြေနဲ့ အဲ့ဒိပိုက်ဆံတွေ လမ်းမှာပျောက်တယ်..... ဒါတွေကို စနစ်တကျ လုပ်ဖို့လိုတယ်....
နောက်ပီး ဘဏ္ဍာအခွန် ၀န်ကြီးက ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ အစိုးရ သုံးစွဲမယ့် ငွေစာရင်းနဲ့ ချိန်ထိုးတော့ အဲ့ဒိငွေစာရင်းမှာ လယ်ဆယ်က တင်ပြတဲ့ ဖျက်သိမ်းမယ့် မြစ်ရေတင် စီမံကိန်းတွေကို ထည့်တွက်ထားမှာပဲ.... နောက်ပီး နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထား.... အဲ့ဒါကို ဘယ်လောက်နဲ့ ထည့်တွက်ထားလဲ၊ ပို့ကုန်ရငွေကို ဘာနဲ့ တွက်သလဲ ၆ ကျပ်ခွဲလား... အဲ့ဒါဆို သိကြားမင်း ဆင်းလာသော်မှ မြန်မာပြည် စီးပွားရေး ပြာပုံထဲက ထွက်မှာမဟုတ်ဘူး... ဟုတ်တယ်လေ ကိုယ်က သွင်းတာကို လက်ရှိပေါက်ဈေး ၈၀၀ ကျော်နဲ့ချေပီး ကိုယ်ကရတာကိုတော့ ၆ ကျပ်ခွဲနဲ့ဆိုရင် တစ်သက်လုံး အရှုံးပြနေမယ်.... ပီးတော့ စဉ်းစားစရာရှိတာ အဲ့ဒိလို တွက်ချက်ထားတဲ့ စာရင်း (အမှန်တကယ် ရှိတယ် ကြားတယ်) အရ ၆ ကျပ်ခွဲနဲ့ တွက်ပီး အစိုးရ၀င်ငွေ သတ်မှတ်ရင် ကျန်တဲ့ တကယ့်ငွေလဲလှယ်နှုန်းနဲ့ ရတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ..... မေးစရာတွေ အများကြီးပဲ...
လက်ရှိ မြန်မာနိုင်ငံရဲ့ ငွေကြေး စီးဆင်းမှုပုံစံကို ဒီလိုမြင်ပါတယ်။
ကျွန်တော်ကတော့ အခု လစာတိုးပေးလို့ ကုန်ဈေးနှုန်းတက်မယ်ဆိုတာကို သိပ်လက်မခံဘူး (အသံနည်းနည်း ထွက်တာနဲ့ ကုန်ဈေးနှုန်းတက်တာကတော့ မြန်မာပြည် ထုံးစံပဲ၊ ဟို Yangon MRT လုပ်မယ်ဆိုပီး မြေပုံထွက်လာတာ အဲ့ဒိ မြေပုံ တုလား စစ်လား မသိသေးဘူး တစ်ခါတည်း အဲ့ဒိ ရထားလမ်းနဲ့နီးတဲ့ မြေကွက်တွေ တိုက်ခန်းတွေ ဈေးကို ခုန်တက်သွားတယ်။ အဲ့တော့ ကောလာဟာလနဲ့ လုပ်စားသူတွေကို ထိမ်းချုပ်ဖို့ လိုမယ်)
ဘာလို့လည်းဆိုတော့ အခုအစိုးရက ဘလိုင်းကြီး လစာကို တိုးပေးတာ မဟုတ်ပဲ မလိုလားအပ်တဲ့ စီမံကိန်းတွေကို ရပ်လိုက်ပီး ကုန်ကျစားရိတ်တွေကို ခြိုးခြံချွေတာခြင်းဖြင့် ထွက်လာတဲ့ ငွေနဲ့ ပေးမှာဖြစ်သလို အခြားသော စိစစ်မှုတွေ လုပ်မယ် ဆိုလာတာကိုး.... အဲ့ဒိတော့ ငွေ အသစ် ရိုက်ထုပ်တာ မဟုတ်ပဲ လူတစ်ချို့စီကိုပဲ စီးဆင်းနေတဲ့ ငွေတွေ၊ အထူးသဖြင့် မီးခံသေတ္တာထဲမှာ အိပ်နေမယ့် ငွေတွေကို အစိုးရ၀န်ထမ်းတွေစီ စီးဆင်းစေတဲ့အတွက် ကုန်ဈေးနှုန်းတက်တာထက် ၀ယ်လိုအားတက်လာရင် ရောင်းလိုအားလည်း တက်လာမယ်၊ ဒါဆိုရင် ခိုင်မာတဲ့ ငွေကြေးလည်ပါတ်မှု ဖြစ်ထွန်းမယ် မြင်တယ်....... လူတွေ ငွေကြေး ဖောဖောသီသီ သုံးနိုင် ဆွဲနိုင်မယ်၊ အခုလက်ရှိ မြန်မာပြည်မှာ ဖြစ်နေတာသည် ငွေကြေး ဖောဖောသီသီ သုံးနိုင်စွဲနိုင်တဲ့ လူတန်းစားဟာ အပေါ်ယံ လက်တစ်ဆုပ်စာ ဖြစ်နေတယ်။ အဲ့ဒါကို အောက်ခြေအထိ ဖြန့်ချနိုင်ဖို့ လိုတယ်။
အဆုံးသတ်အနေနဲ့ကတော့ဗျာ ဒီအတိုင်းကြီးပဲ အိပဲ့ အိပဲ့ သွားနေတာထက်စာရင် Chain ကို Changes လုပ်မှ ရတော့မယ်..... ဒါမှ အစိုးရအနေနဲ့ ၀န်ထမ်းတွေကို လစာတိုးပေးရင် သူ့ဝင်ငွေတိုးအောင် ပိုရှာရတော့မယ်.... အဲ့ဒိအခါကြရင် မလိုလားအပ်တဲ့ ငွေကုန်ကြေးကျ များမှုတွေ ရသင့်ရထိုက်ရဲ့သားနဲ့ မရတာတွေကို မဖြစ်မနေကို စိစစ်ရတော့မယ် ဒါဆိုရင် နှစ်ဦးနှစ်ဘက်စလုံး အကျိုးရှိတယ်.... အဲ့ဒိလို ရသင့်ရထိုက်တဲ့ ၀င်ငွေတွေကို စိစစ်တာမယ် ၀န်ထမ်းတွေရဲ့ ပူးပေါင်းပါဝင်မှု လိုတယ်.... ၀န်ထမ်းတွေ ပူးပေါင်းပါဝင်မှုသည် သူတို့ရဲ့ ၀င်ငွေနဲ့လည်း မှီတည်နေတယ်... အဲ့ဒိအတွက် ဒီလစာတိုးပေးတာကို လုပ်သင့်တဲ့ ခြေလှမ်းလို့ ကျွန်တော် မြင်တယ်.... Risk မယူပဲ ပန်းတိုင် တစ်ခုကို မရောက်နိုင်သလို၊ ကိုယ်ယူတဲ့ Risk တစ်ခုသည် Side Effect နည်းနိုင်သမျှ နည်းအောင် စနစ်တကျ ပြင်ဆင်ရမှာ ထုံးစံပါပဲ.... လက်ရှိ မြန်မာနိုင်ငံ အခြေအနေအရ Risk မယူပဲ ပန်းတိုင်ကို သွားချင်ရင်တော့ အိပ်မက် မက်နေသူနဲ့ တူပါမယ်။
နောက်ထပ် ကျွန်တော်တို့ ထည့်သွင်း စဉ်းစားရမှာက ရပ်လိုက်တဲ့ စီမံကိန်းတွေရဲ့ ကုန်ကျစားရိတ်တွေ။ မြန်မာနိုင်ငံမှာ အစိုးရကလုပ်တဲ့ စီမံကိန်းမှန်သမျှ အများစုဟာ လိုအပ်တဲ့ ပစ္စည်းတွေကို နိုင်ငံခြားကနေ သွင်းရတယ်၊ ဒါဟာ မလိုလားအပ်တဲ့ နိုင်ငံခြားငွေ ကုန်ကျမှုပဲ။ အစိုးရ မသွင်းနိုင်ရင် ဒီနေရာမှာ အစိုးရက ဆန်ရှင်ကြောင့် ကိုယ်တိုင် သွင်းခွင့်မရှိလို့ စီးပွားရေးမှာ လုပ်တတ်၊ ကိုင်တတ်တဲ့ လူတွေကို လုပ်ခိုင်းရတာ မမေ့သင့်ဘူး။ အခုလက်ရှိ ယ ပက်လက်၊ စ လုံးက တစ်ချို့ကုမ္ပဏီတွေသည် မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေက ပိတ်လိုက်တဲ့ ဆန်ရှင်ကြောင့် သူတို့ အကျိုးဖြစ်ထွန်းပီး ချမ်းသာသွားတယ် ဆိုတာ မမေ့သင့်ဘူး….. ချောင်ပိတ်ရိုက်ခံရတဲ့ ခွေးတောင် ရအောင် ပြန်ကိုက်သေးတာမယ်၊ ဆန်ရှင်ထိတော့ မဖြစ် ဖြစ်အောင်လုပ်တော့ ဖြစ်တာပဲ နောက်ဆုံးပေါ် ဇိမ်ခံကားကြီးတွေ ၀ယ်စီးနိုင်တာပဲ…. ကြားထဲကတော့ ပြည်သူဆိုတဲ့ ငထွားတွေ ခါးနာတယ်ဗျာ…. တန်ရာတန်ကြေး မရဘူးပေါ့…. အခု တိုင်ရီ ကိစ္စ ဖြစ်သလိုမျိုး… မြန်မာပြည်မှာသာ အထည်ချုပ်လုပ်ငန်းတွေ ၁၉၉၉ ၀န်းကျင်ကလို ထွန်းကားနေရင် တိုင်ရီသူဌေး စောစောစီးစီး ပြည်တော် ပြန်ပြေးရပီ....
ကျွန်တော်တို့ နိုင်ငံက အထည်ချုပ်သမတွေ နှစ်ပဲတစ်ပြားနဲ့ အလုပ် မလုပ်နိုင်လို့ ဖာဖြစ်နေချိန်မှာ မြန်မာနိုင်ငံကို ဆန်ရှင်ပိတ်ဆို့မှုနဲ့ စီးပွားဖြစ် ချမ်းသာနေတဲ့ စ လုံး၊ ယ ပက်လက်က ကုမ္ပဏီတွေကိုမြင်ရင် ကျွန်တော် တော်တော် စိတ်နာတယ်….. စစ်အစိုးရက အလျှော့မှ မပေးတာလို့ မပြောနဲ့ ဖန်ဆင်းရှင် အပါအ၀င်၊ ကံ ကံ ၏ အကျိုးကို လက်ခံတဲ့ ကျွန်တော်တို့ ဂေါတမ ဘုရားရှင်အဆုံး ဘယ်လိုမှ ပြောမရ ဆိုမရလို့ လွှတ်ထားတဲ့ ဗီလိန်ဆိုတာ ရှိသေးတာပဲ။ လူ့လောကမယ် ၀ိုင်းပီး ကျဉ်ထားရင် အကျဉ်ခံရတဲ့သူက ဘာလုပ်သလဲ စဉ်းစားကြည့်ပေါ့။ ထားလိုက်ပါ ဒါတွေ ဘောင်ကျော်သွားပီ။
ခုဏကလို အစိုးရက တိုက်ရိုက် သွင်းခွင့်မရှိတော့ ကြားခံ Proxies ရှိတယ် သူတို့ကသွင်းပေးတယ်၊ အစိုးရက အကြွေးအနေနဲ့ ပိုက်ဆံမရှိရင် လုပ်ပိုင်ခွင့်တွေကို ပေးလိုက်ရတယ်။ အဲ့ဒိအတွက် ခရိုနီလူတန်းစားဆိုတာ ဖြစ်ထွန်းလာတယ်။ အဲ့ဒိအခါမယ် Proxies တွေကလည်း Undertable တွေ ပေးရတဲ့အတွက် ပေါချောင်ကောင်းတွေ သွင်းတယ်၊ ဈေးက မတန်တဆ၊ ဒါမှ သူက သက်ဆိုင်ရာ ၀န်ကြီးတွေ ညွှန်ချုပ်တွေကို လာဘ်ထိုးနိုင်မယ်။ အဲ့ဒိတော့ ပုံမှန် စက်ရုံထုပ်ဈေး 50USD လောက်ရှိတဲ့ပစ္စည်း မြန်မာပြည်ရောက်လာရင် ဒေါ်လာ ထောင် ဂဏန်းဖြစ်သွားတာ အံ့သြစရာကို မရှိဘူး။ ၀န်ကြီးတွေ ညွှန်ချုပ်တွေ ကိုယ်တိုင်ကလည်း ငါသွင်းဆိုတဲ့ ပစ္စည်းပဲသွင်း (ကော်မရှင် ရတာကိုး) ကျန်တဲ့ဟာတွေ မသွင်းနဲ့ဆိုတဲ့အတွက် ဈေးကြီးတဲ့ ပစ္စည်းကောင်းတွေ ပိုက်ဆံရှိရက်နဲ့ မကိုင်နိုင်သလို၊ ပေးတဲ့ ပိုက်ဆံနဲ့ မတန်တဲ့ အပေါစားတွေ ဂျင်းထည့်ခံရတယ်။
နောက်ပီးတော့ ကိုယ် ကော်မရှင်ရတဲ့ ပစ္စည်းတွေပဲ သွင်းတဲ့အတွက် အဲ့ဒိပစ္စည်းတွေရဲ့ Future Requirements, Future Compatible တွေလုံးဝ ထည့်မစဉ်းစားတဲ့အတွက် ရေရှည်မှာ ပြဿနာတွေ တက်တယ်။ အစိုးရရုံးတွေမှာ သွားကြည့် ပစ္စည်းအပိုမရှိလို့၊ လက်တောက်လောက် စက်ကလေး ပျက်တာနဲ့ စက်ရုံကြီး တစ်ခုလုံး (သို့မဟုတ်) ထက်ဝက်လောက် ရပ်နေရတာတွေ မျက်မြင်လက်တွေ့တွေ။ နောက်ပီး ကော်မရှင် ရဖို့ပဲ ကြည့်နေတဲ့အတွက် ကိုယ်ဝယ်လိုက်တဲ့ ပစ္စည်းထုပ်လုပ်တဲ့ ကုမ္ပဏီ ခိုင်မာမှုရှိမရှိ သေခြာမလေ့လာလို့ ဟိုဘက်က ကုမ္ပဏီက ဖျက်သိမ်းသွားပီ ဒီမှာ ပစ္စည်းမတပ်ရသေးတာတွေ တစ်ပုံကြီး။ တစ်ခြားသွားမကြည့်နဲ့ မြန်မာ့ဆက်သွယ်ရေး၊ ရလိုက်မယ့် ၀င်ငွေ သတင်းစာထဲမှာတောင် အကျမ်းမျဉ်းတွက်ထားတယ် ဖုန်းတစ်လုံး တစ်လ အသုံး ၁၀၀၀၀ ကျပ်ပဲထားဦး ဖုံးအလုံး သန်း ၃၀၊ ဆက်သွယ်ရေးဝင်ငွေ တစ်လ တစ်လ မနည်းဘူး ကုဋေနဲ့ချီ ရတယ်နော်။
ဒီဝင်ငွေတွေ စီးဆင်းမှု ဘယ်လိုသွားသလဲ။ ထားလိုက်ပါ။ ဆက်သွယ်ရေး သုံးနေတဲ့ ဒေါ်လာ ဘယ်နှစ်သန်း ရင်းနှိးမြှုပ်နှံတယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ သွားကြည့် သူ့ အိပ်ချိန်းတွေမှာ သုံးထားတဲ့ပစ္စည်း အကုန်တရုပ်ဖြစ်ကြီးပဲ။ တော်ကြာနေ ဟိုပစ္စည်းပျက်ပြန်ပီ၊ ဒီပစ္စည်း Hang ပြန်ပီနဲ့။ နိုင်ငံတကာမှာ ပစ္စည်းတစ်ခု နာမည်ကျော်တယ်၊ ဈေးကွက်ဖောက်နိုင်တယ် ဆိုတာမှာ သူ့ပစ္စည်း Quality ရှိတယ်။ ဘယ်လောက် Load ကို Handle လုပ်နိုင်တယ်ဆိုတာ ပါပီးသား။ အပေါစား နာမည်တောင် သေခြာမရှိတဲ့ ကလေက၀ ကုမ္ပဏီတွေကနေ သွင်းလာတဲ့ ပစ္စည်းတွေနဲ့ တပ်ထားလေတော့ တကယ့် Load အပြည့်ဆွဲတဲ့အချိန်မယ် ကကြောင်တွေ ထဖတ်နေလို့ မိုဘိုင်း ဖုန်းနှစ်လုံး ဘေးခြင်း ကပ်လျက်ခေါ်နေတာတောင် လူကြီးမင်း မတ်စိကို ပုံသဏ္ဍန်မျိုးစုံနဲ့ ချုံထဲရောက်လိုက်၊ တပ်ဆင်ထားခြင်း မရှိပါပြောလိုက်၊ လိုင်းတွေ မအားပါပြောလိုက်နဲ့ ပြောချင်ရာကို အော်တို ပြန်ပြောနေတာတွေက သက်သေတွေပဲ။
နောက် ၈၈ မတိုင်ခင် ဒေါက်တာမောင်မောင်ရဲ့ မိန့်ခွန်းကို နားထောင်ရတာမယ်၊ ဆိုရှယ်လစ်လက်ထက် မြန်မာတွေ နိုင်ငံခြားကနေ လက်နက်ဝယ်လိုက်တာ ဒီဘက်ကနေ ဒေါ်လာတွေ အများကြီးပို့လိုက်ပီး ဟိုဘက်ကနေ လက်နက်တွေဆိုပီး ပြန်ပို့ပေးလိုက်တာက သေတ္တာတွေထဲမှာ ကျောက်ခဲတွေကြီးဆိုတာ မှတ်မိပါသေးတယ်။ မှားတာ မှန်တာ ဘေးဘယ်လိုက်ဦး၊ အဲ့လို တကယ်ဖြစ်ခဲ့တယ်ဆိုရင် ဒါသည် မျက်စိပိတ်၊ နားပိတ် လုပ်ခဲ့တဲ့ အကျိုးကျေးဇူးကို အာဏာပိုင်တွေ ကိုယ်တိုင် ဆက်ခံရတာပဲ။ အဲ့ဒါကြောင့် မလိုလားအပ်တဲ့ ကိုယ့်ပြည်သူကိုယ် ဆန်ရှင် ပြန်လုပ်တဲ့ သတင်းစီးဆင်းမှု မြန်ဆန်တာကို ပယ်ဖျက်သင့်တယ်။ ဒါမှလည်း အပြန်အလှန် အကျိုးကျေးဇူး ပြုရာကြမယ်။
နိဂုံးအနေနဲ့ကတော့ ၀န်ထမ်းတွေကို လစာတိုးပေးတယ် ဆိုရာမှာ ငွေစက္ကူအသစ် ရိုက်ထုပ်တာမဟုတ်ပဲ အခုလို လစ်နေ၊ ဟာနေတဲ့ နေရာတွေက ၀င်ငွေတွေ၊ အထူးသဖြင့် လူတစ်ချို့စီကိုပဲ ဦးတည်စီးဆင်းနေတဲ့ အိပ်နေတဲ့ ငွေတွေကို အများစု အသုံးပြုလို့ရအောင် ခွဲဝေပေးဖို့ စီမံသင့်တယ်လို့ မြင်တယ်။ ဥပမာအားဖြင့် စီးချင်သလို စီးဆင်းနေတဲ့ ရေတွေကို စနစ်တကျ မြောင်းနဲ့ တမံတုပ်လိုက်ရင် ရေထုပမာဏ ကြီးလာမယ်၊ လိုရာကို ပို့ဆောင်နိုင်တယ်။ ကျွန်တော်တို့နိုင်ငံ တကယ်လိုနေတာသည် အဲ့ဒိလို ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အစိုးရလုပ်ငန်းဆိုင်ရာတွေကို စနစ်တကျ ကိုင်တွယ်ဖို့၊ ထွက်နေတဲ့ ၀င်ငွေတွေကို စနစ်တကျ ထိရောက်စွာ အစိုးရ၀န်ထမ်းတွေစီကို စီးဆင်းစေဖို့၊ တကယ်လုပ်ရင် အဲ့ဒိပုံသဏ္ဍန်ဖြစ်မှာပဲ၊ ၀န်ထမ်းတွေကို လစာတိုးပေးနိုင်မှာပဲ။ ကုန်ဈေးနှုန်းသည် လုံးဝကို တက်စရာမရှိပါ။ ဘာ့ကြောင့်လည်းဆိုတော့ မီးခံသေတ္တာထဲမှာ သွားအိပ်နေမယ့် ငွေတွေကို တကယ်သုံးစွဲမယ့် ပြည်သူတွေလက်ထဲကို စီးဆင်းစေတဲ့အတွက် ဖြစ်ပါတယ်။ အကျိုးရှိရှိ ငွေကြေးကို လည်ပတ်အောင် စီမံခန့်ခွဲတာ ဖြစ်ပါတယ်။
တနည်းအားဖြင့် ၀ယ်လိုအားများရင် ရောင်းလိုအား တက်လာမယ်၊ ကုန်စည် စီးဆင်းမှု မြန်ဆန်လာရင် ကုန်ဈေးနှုန်းဟာ အလိုလို ကျဆင်းလာမယ်၊ ပြည်သူတွေလက်ထဲ ငွေကြေး ဖောဖာသီသီသုံးနိုင်မယ်။ ဒါဆိုရင် Win Win Situation လို့မြင်တယ်။ အဲ့ဒါကြောင့်လည်း ဦးရွှေမန်းသည် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကို ပြင်မယ်၊ မလိုလားအပ်တဲ့ ဥပဒေတွေကို ပြင်မယ်လို့ ပြောနေတာ။ အချို့ အချို့သော မျက်တောင်မွှေးလောက်ပဲ မြင်သူတွေကတော့ အစိုးရ လစာတိုးပေးတာသည် အန္တရာယ်ကို ဖိတ်ခေါ်တယ်လို့ မြင်ပေမယ့် ကျွန်တော်ကတော့ လုံးဝကို အပြည့်အ၀ ထောက်ခံတယ်။ ဒါပေမယ့် ဘလိုင်းတိုးပေးမယ့်အစား မကုန်သင့်တဲ့တွေ မကုန်အောင်၊ အိပ်နေတဲ့ငွေ ရှင်လာအောင် လုပ်ဖို့လိုမယ်။ ဒါမှ ထိရောက်မှု ရှိမယ်လို့ သုံးသပ်ရင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ အစိုးရ၀န်ထမ်းတွေကို လစာတိုးပေးဖို့အဆိုကို လုံးဝ ထောက်ခံပါတယ်။
မှတ်ချက် ။ ။ ကျွန်တော် ဘောဂဗေဒကို နကန်းတစ်လုံးမှ မတတ်သော သာမာန်ပြည်သူတစ်ယောက်ရဲ့ အမြင်ဖြစ်ပါတယ်။ ပညာရှိများ ပညာရပ်နဲ့ သက်ဆိုင်တဲ့ မှတ်ချက်တွေ မပါတဲ့အတွက် အလကား ထောက်ခံစာပါလို့ မြင်ရင် ကျော်ဖတ်သွားနိုင်ပါတယ်ခင်ဗျာ..
James Mmt
မြန်မာ့ နိုင်ငံရေးသမား ဆိုသူတွေက ပြည်သူကို ပေးမှာ ပန်းကုံးလား၊ကြိုးကွင်းလား--
[By Wai Maw ]
ဖိုးသောကြာ။-ထောင်ထွက်-နိုင်ငံေ ရးဒုက္ခသည်(ပြည်ပ)။။၂၂-၂-၂၀၁၂
16-2-2012 နေ့ ဟာ မြန်မာနိုင်ငံရေးသမားတွေ အများစု သိနိုင်တဲ့ လစ်ဗျားတော်လှန်ရေး တနှစ် ပြည့်မြောက်တဲ့နေ့ ပါ။လစ်ဗျားက တော်လှန်ရေး သမားတွေက တနှစ်အတွင်း အာဏာရှင်ကြီး ကဒါဖီ လက်အောက်က လွတ်လပ်ရေး ရအောင် ၊ဒီမိုကရေစီ ရအောင် လုပ်နိုင်ခဲ့ပေမယ့် မြန်မာ့ နိုင်ငံရေး သမားတွေကတော့ တော်လှန်ရေး သက်တမ်း ၂၄ နှစ်ထဲ ရောက်လာသည့်တိုင် စမ်းတ၀ါးဝါး လျှောက်နေတာ၊ ငြင်းခုန်နေတာ မြင်နေရတယ်။
လစ်ဗျားတော်လှန်ရေးဟာ ပူပူနွေးနွေး ထောင်လွတ် ရှစ်ဆယ့်ရှစ် ကျောင်းသားများ အဖွဲ့ တွေ ထောင်ထဲ ရောက်နေတုန်း ဖြစ်ခဲ့တာ ဖြစ်တယ်။
ဒါပေမယ့် အဲဒီ အဖြစ်အပျက်တွေကို အင်တာနက် စွမ်းပကားနဲ့ အချိန်တို အတွင်းမှာ သတင်းဌာန ပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ တင်ထားတာရယ်။အချိန်မရွေး ခေါ်ယူ ဖတ်ရှု နိုင်တာကြောင့် သိနိုင်သလောက် သိရှိပြီး ဖြစ်မယ်ထင်တယ်။မြန်မာတွေက ၂၄ နှစ်ကြာပြီး ဘာဖြစ်လို့ လစ်ဗျားက တနှစ်အတွင်း ပြီး အပြတ် အောင်ပွဲ ခံနိုင်ခဲ့ကြသလဲ ဆိုတာ သုံးသပ်ပြီး အလုပ်လုပ်ကြရင် ဒီမိုကရေစီ ခရီးစဉ် တိုပြီး မြန်မာတွေ လိုချင်တဲ့ ဒီမိုကရေစီ ပန်းတိုင်လဲ အမြန်ရောက်ကြ၊ ဆင်းရဲတွင်းကလည်း အမြန် လွတ်ကြမယ်လို့ ပြောရင် ငြင်းကြမယ် မထင်။
ဒီအပေါ် မြန်မာ ဒီမိုကရေစီ တိုက်ပွဲဝင်သူတွေ တချို့က လစ်ဗျားတော်လှန်ရေးကို အားကျတဲ့ လူတွေ ရှိသလို၊ အဲဒီနည်းလမ်းကို မလိုလားဘဲ သဘော မတွေ့ တဲ့ လူတွေ လည်း မြင်ရတယ်။
ရွေးကောက်ပွဲနည်းလမ်းအတိုင်း သွားချင်သူတွေက လစ်ဗျား လက်နက်ကိုင် တော်လှန်ရေးမိုလို့ သဘော မကျတာ မထူးဆန်းပေမယ့် လက်နက်ကိုင် တော်လှန်ရေး နဲ့ စစ်အစိုးရကို တိုက်လိုက်၊ အချင်းချင်း ပြန်ချလိုက် လုပ်နေတဲ့ တော်လှန်ရေးသမားဆို သူတွေကလည်း လစ်ဗျားတော်လှန်ရေးမျိုး မြန်မာ ပြည်မှာ မဖြစ်စေချင်ကြ၊ သဘော မတူကြတာ ထူးဆန်းစွာ တွေ့ ရတယ်။
လစ်ဗျားတွေ တော်လှန်ရေး လုပ်နေကြချိန်မှာ မြန်တွေ ဘာလုပ်နေကြသလဲ။ ပြန်သုံးသပ်ကြည့်ရင်
၁။
(၁၅) ကြိမ်မြောက် ဥရောပရောက် မြန်မာ့ အရေး ဆွေးနွေးပွဲ-(Gävle, Sweden)။31th Jul / 1st Aug 2010 ဆွေးနွေးပွဲမှာ ၀န်ကြီးချုပ် ဒေါက်တာ စိန်ဝင်း၊ ဦးအောင်ထူး၊ ဦးနွယ်အောင်၊ ဒေါက်တာ ၀င်းနိုင်တို့ တက်ရာက်တဲ့ အစည်းအဝေးကြီးကနေ ဆုံးဖြတ်ချက်အမှတ် ၃-မှာ နအဖစစ်အာဏာရှင် အစိုးရအား လည်းကောင်း။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို မူတညှ်ု ပေါ်ပေါက်လာမည့် အစိုးရသစ်အားလည်းကောင်း ယှဉ်ပြိုင်စိန်ခေါ်နိုင်သော အစိုးရအဂါင်္ရပ်များနှင့် ပြည့်စုံသည့် ယှဉ်ပြိုင်အစိုးရတစ်ရပ် ပေါ်ထွန်း လာရေးအတွက် သဘောတူကြောင်းနှင့် ပြည်ပရောက်မြန်မာပြည်သားများနှ င့် ဒီမိုကရေစီအင်အား စုများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ဆုံးဖြတ်တယ်၊
၂။
ဦးအေးသာအောင်၊ ဦးပူကျင်ရှင်းထန်၊ ဦးဝင်းတင်တို့က၂၀၁၁ သြဂုတ်လထဲမှာ ပြည်သူကို ဒုတိယ ပင်လုံ ညီလာခံ ကြီး ကျင်းပနိုင်အောင် ဆော်သြခဲ့ကြတယ်။
၃။
နိုင်ငံရေး ပါရဂူကြီး ဖိုးသံချောင်းကလည်း နအဖ စစ်အစိုးရ ဘက်က ရွေးကောက်ပွဲ အသစ်အရ အနိုင်ရမယ့် အစိုးရသစ် မဖွဲ့ ခင် အစိုးရသစ်ကို ယှဉ်ပြိုင်နိုင်သော အစိုးရတစ်ရပ် ဖွဲ့ဖို့ ဆော်ကြခဲ့ကြတယ်။ ဘီဘီစီမှာ အင်တာ ဗျူးသလို ။ မဉ္စိမ သတင်းဌာန မှာလည်း အင်တာဗျူးတာ ဖော်ပြပါရှိခဲ့တယ်။
၎။
ဦးမြင့်သိန်း- ဦးမောင်မောင်တို့ကလည်း အင်းအားတောင့်တင်း ခိုင်မာတဲ့ စင်ပြိုင် အစိုးရသစ် ဖွဲ့မယ့် အကြောင်း ဘီဘီစီ သတင်းဌာနကြီးကနေ ထုတ်ဖော်ကြေငြာခဲ့ကြတယ်။
၅။
ဒီကြားထဲမှာ ကိုယ့်အားကိုယ် ကိုးမယ် ဆိုပြီး အော်ဟစ်ကာ အရှေ့ကိုရှောက်ပါလို့ အနောက်ဆီက ငွေ ကိုမျှော် ဆိုတဲ့ လူတွေကလည်း တရုတ်ဘက်ကပ်လိုက်၊ ထောက်ပန့် ကြေးရအောင် အမေရိကန် အကြိုက်ပြောလိုက်၊ နအဖနဲ့ တိတ်တဆိတ် ဆွေးနွေးလိုက်နဲ့ တိတ်တိတ်ပုန်း ခြေပုန်းခုတ်ခဲ့ကြတယ်။
၆။
ဒေါ်အောင်ဆန်းစုကြည် မလွတ်ခင်က လွတ်ဖို့ အော်ကြတယ်။ လွတ်လာပြန်တော့ သူတို့ သွားစေချင်တဲ့ လမ်းအတိုင်း မသွားလို့ ပုတ်ခတ်ရှုတ် ချ ဝေဖန်တာတွေ အင်တာနက်မှာ လေလှိုင်းမှာ ပလူပျံခဲ့ကြတယ်။
တိုက်ပွဲအောင်နိုင်ရေးက အဓိကလား။ ကိုယ်ဝါဒ ရှေ့ တန်းရောက်ပြီး ကိုယ့်အဖွဲ့  ချယ်လှယ် စိုးမိုးခွင့် ရရေးက အဓိကလားဆိုတာ ရွေးချယ်တဲ့ နေရာမှာ တိုင်း ပြည်လွတ်မြောက်စေမယ့် ပဌမ အချက်ထက်၊ ငါနဲ့ မတူ ငါ့ရန် သူလိုင်းကို တက်ခဲ့၊ လုပ်ခဲ့ကြ၊ ယခုလဲ လုပ်နေဆဲ ပဲ ဆိုတာ မမြင်ချင် အဆုံး ဖြစ်နေတယ်။
ပြည်းတွင်းမှာရှိတဲ့ တိုက်ပွဲဝင် နိုင်ငံရေး သမားတွေထက် ၊ ပြည်ပ-ကျည်လွတ်မြေက လူတွေ အသံတွေက သွေးပိုနီပြနေခဲ့တယ်။ ပြည်တွင်းက လူတွေ ထောင်များများကျလေလေ ၊ ပြည်သူတွေ များများသေလေ၊ ဒုက္ခရောက်လေ ပြည်ပ က လူတွေမှာ ၀င်ငွေ ပရိုပိုဇယ်အထုပ် ပိုကြီးလေ ဖြစ်ခဲ့တယ်။
ဒီနေ့  နိုင်ငံတကာအခင်းအကျင်း ကို မြန်မာ နိုင်ငံရေး သမားတွေ မျက်ခြေ မပြတ် လေ့လာပြီး ကိုယ့်နိုင်ငံ အတွက် လမ်းကြောင်း ရွေးသင့်တယ်။ အထူးသဖြင့် မြေထဲပင်လယ်နဲ့ အရှေ့အလယ်ပိုင်းဒေသက အခြေအနေတွေဟာ တတိယကမ္ဘာစစ်ကြီးထိ ဦးတည်သွားစေနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်။
တချို့ကတော့လည်း အရှိန်အဟုန် အပြင်းထန်ဆုံး ပေါက်ကွဲနိုင်မယ့် ခေတ်သစ် စစ်အေးကာလတခုကို မလွဲမသွေ ဦးတည်စေနိုင်တယ် ... စသဖြင့် စိုးရိမ်ပူပန်မှုမျိုးစုံနဲ့ အနီးကပ် စောင့်ကြည့်လေ့လာနေရတဲ့ အခြေအနေ ရှိနေတယ်။
တရုတ်၊ ရုရှား၊ အီရန်၊ ဆီးရီးယား၊ မြောက်ကိုရီးယားနဲ့ ဗင်နီဇွဲလား ဦးဆောင်တဲ့ လက်တင်အမေရိက,က လက်ဝဲနိုင်ငံတွေက တဘက် အမေရိကန်၊ အနောက်အုပ်စုနဲ့ ကျန်နိုင်ငံတွေက တဘက် အားပြိုင် အကျိုးစီးပွားပြိုင်ကြမယ့် အခင်းအကျင်း တခုလို့ ယူဆနေတယ်။
ဒီအားပြိုင်မှုတွေဟာ ကမ္ဘာ့နေရာ အသီးသီးကို မလွဲမသွေ ရိုက်ခတ်လာမယ်လို့လည်း သုံးသပ်ကြတာမို့ ကမ္ဘာ့အခြေအနေ ကို အသုံးချပြီး ကိုယ့်တိုင်းပြည်အတွက် ကောင်းကွက် ရှာ လုပ်တတ်ရင် အကျိုး ထူးနိုင်တာ သိဖို့ သင့်တယ်။ စစ်အစိုးရကတော့ ဒီကမ္ဘာ့ အခြေအနေကို အသုံးချပြီး သူ့ အသက်နဲ့ ခိုးထုပ်ခိုးထည် စည်းစိမ် ဥစ္စာကို မထိခိုက်ရအောင် အလွန်ပါးနပ်စွာ ကစားနေတယ်။
ဘယ်သူနဲ့ ပေါင်းရင် ဒီမိုကရေစီ အမြန်ရနိုင်တယ်ဆိုတာ လက်ရှိ နိုင်ငံရေး သမိုင်းကို လေ့လာကြည့်ရင် အလွယ်လေး သိနိုင် မြင်နိုင်အောင် ရှင်းနေတာကို တချိန်က ဗိုလ်ချုပ်အောင်ဆန်း ကွန်မြူနစ်ပါတီ ဖွဲ့ တာ။ ဆိုရှယ်လစ် လမ်းစဉ်နဲ့ သွားရင်ကောင်းမယ်လို့ ပြောခဲ့တာကို ပုံကြီးချဲ့ပြီး ဒီမိုကရေစီ ရရင်ပဲ ဖာသယ်နိုင်ငံဖြစ်တော့မလို ၊ တရုတ်-ရုရှား နဲ့ လက်တွဲမှ သူရဲကောင်း ဖြစ်တော့ မလိုလို ၊ ကွန်မြူနစ်လမ်းစဉ်-ဆိုရှယ်လစ် လမ်းစဉ်နဲ့မှ မသွားရင် တိုင်းပြည်သစ္စာဖောက် ဖြစ်ကြရတော့ မလိုလို၊ ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီ ပန်းတိုင်ေ၀၀ါးအောင် လုပ်ကြတဲ့ လူတွေကလည်း အရှက်မဲ့စွာ ပြောဆို လှုပ်ရှား ကြတယ်။
ကဲဒီတာ့ လစ်ဗျားတော်လန်ရေးသမားတွေနဲ့ မြန်မာ တော်လှန်ရေးသမားတွေ ဘယ်လို ကွာခြား သလဲ။
မြန်မာ နိုင်ငံရေးလောကမှာ ဘယ်သူတွေက လက်တွေ့ ကြပြီး ဘယ်သူတွေက အာလူးပေးခဲ့ကြသလဲ ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားစွာ မြင်နိုင် ကြတန်ကောင်းရဲ့။
ဘယ်သူတွက အာလူး၊ ဘယ်သူတွေက ခွင်ဒေါင်း ဆိုတာ မြန် သမိုင်းမှာ ကျန်ခဲ့မယ်ဆိုတာ မြင်နိုင်ကြမယ်ထင်ရဲ့။
တယူသန် နိုင်ငံရေး သမားတွေ အလုပ်ကောင်းလို့ တိုင်းပြည်လဲ မွဲတေခဲ့ပြီ။ ပြည်တွင်းစစ်မှာ ဖွတ်ဖွတ်ကြေခဲ့ပြီ။ လွတ်လပ်ပြီးစ သက်တမ်းနု ဒီမိုကရေစီလဲ သေဆုံး ခဲ့ရပြီးပြီ။ ကျောင်းသား လူငယ်တွေလဲ လူလည် နိုင်ငံရေးသမားတွေက အသုံးချ ခံခဲ့ရပြီးလို့ ဘ၀တွေ ပျက်ခဲ့ရပြီးပြီ။
ဘယ်လို မြန်မာ့ နိုင်ငံရေးသမားတွေက ပြည်သူကို ပျော်ရွှင် သုခ ချမ်းသာရစေမယ့် ဒီမိုကရေစီ ပန်းကုံးစွပ်ပေးမလဲ၊ ဆင်းရဲမွဲတေ ခြင်းဆိုတဲ့ သေမင်းတမန် ကြိုးကွင်းကို ပြည်သူ့လည်ပင်း ဆက်ပြီး စွပ်ပေးမလဲ ဆိုတာ အဖြူအမည်း သဲကွဲစွာ မြင်ရတော့ပါမယ်။
သင်တို့ရော အားလူးလော၊ ခွပ်ဒေါင်းလော၊ လူယုတ်မာလော ကြိုက် ရာ ရွေးချယ်နိုင်တဲ့ လမ်းကြောင်းပေါ် ရောက်နေကြပြီဆိုတာ လက်တို့ သတိပေးလိုတယ်။
Lwin PwinWeb-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment