မြန်မာသတင်းများ ဖေဖေါ်ဝါရီလ ၂၆ ရက်၊ ၂၀၁၂
ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွက် အခွန်အရပ်ရပ် ပေးသွင်းသူများထဲမှ အများဆုံး ပေးသွင်းသည့် ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးအား ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း
၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်က ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့သည့် ၁၀ ဦး၊ အမြတ်ခွန် အများဆုံး ပေးဆောင်ခဲ့သည့် ၁၀ ဦးနှင့် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးတွင် ၀င်ငွေ ခွန်အများဆုံး ပေးဆောင်ခဲ့သည့် အခွန်ထမ်းကုမ္ပဏီ ၁၀ ခုအား အသီးသီး ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
“တစ်နိုင်ငံလုံးမှာ အခွန်အများဆုံး ပေးဆောင်တဲ့ ထိပ်ဆုံး ၁၀ ဦးပဲ အရင်က ထုတ်ပြန်ဖူးတယ်။ အခုနှစ်ကုန်ရင်တော့ ၁၀၀ ဦးအထိ ထုတ်ပြန်သွားဖို့ ရှိတယ်။ သတင်းစာထဲမှာတောင် ထည့်ကြေညာဖို့ အထိ လောလောဆယ် စီစဉ်ထားတယ်”ဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း တစ်နိုင်ငံလုံး အခွန်ထမ်းစာရင်း မှ ထိပ်ဆုံး ၁၀၀ ဦးအား စိစစ်ရမည်ဖြစ်၍ ၂၀၁၂ ခုနှစ် မေလရောက်ရှိမှသာ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း
ယခင်နှစ်က ထိပ်ဆုံးအခွန်ထမ်း ၁၀ ဦးစာရင်းအား ထုတ်ပြန်ရာတွင် ၀င်ငွေခွန်အများဆုံး ပေးဆောင်သည့် ထိပ်ဆုံး ၁၀ ဦး၌ ဘဏ်နှင့်အရက်၊ စီး ကရက်၊ စားသောက်ကုန် ကုမ္ပဏီများသာ ပါဝင်ကြောင်း၊ အမြတ်ခွန် အများဆုံး ပေးဆောင်သည့် လုပ်ငန်းရှင်များမှာ ငါး၊ လှေလုပ်ငန်းရှင်များသာ ဖြစ်နေကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့သည့် ကုမ္ပဏီများထဲတွင် အရက်၊ ဘီယာ၊ စီးကရက် ထုတ်သည့် ကုမ္ပဏီများသာ အများဆုံး ပါဝင်ခဲ့ကြောင်း
၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်က မြန်မာ တစ်နိုင်ငံလုံး အခွန်အရပ်ရပ် ပေးဆောင်မှုမှာ ကျပ်သန်း ၁၂၂၂၈၅၇ (၁၂၂၂ ဘီလျံကျော်)ရှိကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။
၂၀၁၀-၂၀၁၁ စည်းကြပ်နှစ်တွင် ၀င်ငွေခွန်အများဆုံး ပေးသွင်းခဲ့သော ထိပ်ဆုံး ၁၀ ဦး ကျပ်(သန်း)
၁။ KBZ Bank Ltd | ၆၁၇၇ .၂၈၃ |
၂။ Myanmar Brewery Ltd | ၃၅၅၃ .၅၀၅ |
၃။ Shew Me' Co.,Ltd | ၃၁၄၇ .၄၇၁ |
၎။ Myanmar CP Live Stock Co.,Ltd | ၃၀၀၀ .၀၀၀ |
၅။ CB Bank Ltd | ၂၀၆၁ .၆၃၁ |
၆။ Dagon Brewery Co Ltd | ၂၀၅၄ .၃၀၂ |
၇။ မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ဘဏ်လီမိတက် | ၁၅၉၈ .၁၆၈ |
၈။ Diethelm & Co., Ltd | ၁၃၀၈ .၃၆၃ |
၉။ Yathar Cho Industry Co.,Ltd | ၁၃၀၈ .၁၉၆ |
၁၀။ International Beverages Trading Co.,Ltd | ၁၂၇၅ .၁၄၀ |
စုစုပေါင်း | ၂၅၄၈၄ .၀၅၉ |
၂၀၁၀-၂၀၁၁ စည်းကြပ်နှစ်တွင် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးသွင်းခဲ့သော ထိပ်ဆုံး ၁၀ ဦး ကျပ်(သန်း)
၁။ Myanmar Brewery Ltd | ၆၈၄၂၇ .၈၅၁ |
၂။Dagon Brewery Co Ltd | ၉၀၅၁ .၉၄၀ |
၃။ Myanmar Winery & Distillery Co.,Ltd | ၇၂၃၅ .၀၀၀ |
၎။ Rothmans of Pall Mall Myanmar Pte.Ltd | ၃၇၀၄ .၃၂၄ |
၅။ Peace Myanmar Group Co.,Ltd | ၂၉၀၇ .၂၆၁ |
၆။ Myanmar Ivanhoe Copper Co Ltd | ၂၃၀၉ .၂၆၀ |
၇။ International Beverages Trading Co.,Ltd | ၁၇၃၀ .၅၅၂ |
၈။ Diethelm & Co., Ltd | ၁၂၄၇ .၂၈၅ |
၉။ ။ မူဆယ်ကိုးကန့် ကုမ္ပဏီ | ၉၆၀ .၁၆၈ |
၁၀။ Yathar Cho Industry Co.,Ltd | ၉၂၁ .၆၅၈ |
ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ
ဖဖေါ်ဝါရီလ ၂၃ ရက်နေ့ ည ၈နာရီ မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမမှာ ကချင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်သား ခေါင်းဆောင်းများ၊ ဘာသာရေး ခေါင်းဆောင်များနဲ့ ညစာအတူစားခဲ့ကြပါတယ်။ ထိုစဉ်က ကချင်အတိုင်ပင်ခံအဖွဲ့ နာယကဒေါ်အင်ဖန်ဂျာရာ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောဆိုကြတဲ့အကြောင်းကို YPI သတင်းထောက်က ဒေါ်အင်ဖန်ဂျာရာကို မေးမြန်းထားပါတယ်။
ဒေါ်အင်ဖန်ဂျာရာ။ ။ ည ၈နာရီ ကနေ စပြီး ၁၀ နာရီ လောက်အထိ စကားပြောဖြစ်ခဲ့ပါတယ် သူက အဖွားကို မေးခွန်း နှစ်ခုပဲမေးပါတယ်။
အဲဒါတွေက
၁- KIA က ဘာလို့ဖြစ်လာတာလဲ
၂ – ဒီနေ့အထိ ဘာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးလို့ မရသေးတာလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က မေးခဲ့ပါတယ်။ အရမ်းအရေးကြီးတဲ့ မေးခွန်တွေကို သူမေးခဲ့ပါတယ်။
ကျွန်မ ပြန်ပြောပြလိုက်ပါတယ်၊ အရင်ကတည်းက ကချင်နိုင်ငံဆိုပြီးရှိခဲ့တာပါ ဘယ်ဘုရင်ကမှ ဒီနေရာက ကချင်တွေအတွက်ဆိုပြီး ပေးထားတာမဟုတ်ပါဘူး၊ ကချင်တွေက ကိုယ်နေရာ ကိုယ့်နိုင်ငံ ကိုယ့်ဒေသနဲ့ ကိုယ် နေထိုင်ခဲ့ကြတဲ့သူတွေဖြစ်တယ်၊ ကိုယ့်နိုင်ငံ ကိုယ့်နေရာနဲ့ကိုယ်အုပ်ချုပ်ပြီး ငြိမ်ငြိမ်းချမ်းချမ်း နေထိုင်ခဲ့ ကြတာဖြစ်တယ်၊ ကျွန်မတို့ ကချင်လူမျိုးတွေဟ မြန်မာပြည်ဘက်ကိုလည်း မသွားဘူး မြန်မာလူမျိုးတွေကလည်း ကချင်လူမျိုးတွေကို တောသား လူရိုင်းတွေဆို ပြီး အရမ်းကြောက်ခဲ့တာ။
ဗြိတိသျှ အုပ်ချူပ်တုန်းက ကျွန်မတို့ ကချင်လူမျိုးတွေဟာ စစ်ရေးစစ်ရာ တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ လူမျိုးတွေဖြစ်တယ်၊ ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ် ဂျပန်ခေတ် တွေမှာ ကချင်လူမျိုးတွေ တော်တော်များများ ပါဝင် တိုက်ခိုက်ပါဝင်ခဲ့ကြတယ်၊
ဒီလိုနဲ့ ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချူပ်အောင်ဆန်း ကချင်ပြည်နယ်ကိုတက်လာတာဖြစ်တယ်၊ ကျွန်မ က အဲဒီအချိန် ၁၅ ၊ ၁၆ နှစ်ဘဲရှိသေးတယ်၊ အဲဒီတုန်းက ကျွန်မ ကြိုဆိုဧည့်ခံရေး အဖွဲ့မှာပါဝင်ခဲ့တယ်၊ အခုကျွန်မ အသက် ၈၀ ကျော်ပြီလေ၊ ဗိုလ်ချူပ်အောင်ဆန်းက ဗြိတိသျှ တွေဆီက လွတ်လပ်ရေးရအောင်ဆိုပြီး တခြားလူမျိုးတွေဆီ မသွားပဲ ကချင်ပြည်နယ်ကို အရင်လာတာဖြစ်တယ်။
ကချင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်၊ အစကတော့ လွတ်လပ်ရေးမှာ
မပါဝင်ချင်ဘူး၊ ဒါပေမဲ့ အောင်ဆန်းက ကချင်တစ်ကျပ် ဆို မြန်မာတစ်ကျပ်ဆိုတဲ့ အခွင့်အရေးပေးမယ်ဆိုပြီး ပြည်ထောင်စုမူ အရ ကျွန်တော်တို့ယူကြမှပါ ခင်ဗျားတို့ မကြိုက်ရင်လည်း နောက် ၁၀နှစ်လောက်ဆို ပြန်ခွဲထွက်လို့ ရတယ်ဆိုလို့ ကချင်တွေ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။
ကချင်တွေ ပင်လုံစာချုပ်ချုပ်ဖို့ သဘောတူလို့ ရှမ်းပြည်ကိုရောက်တယ် ရှမ်းတွေလည်း လွတ်လပ်ရေးကို မလိုချင်ကြဘူး ဒါပေမဲ့ ကချင်နောင်တော်ကြီးတွေတောင် သဘောတူတယ်ဆိုတော့ ဆိုပြီး ရှမ်းတွေလည်းသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ပြီးတော့ ချင်းတွေ ပြန်ရောက်လာတယ် ချင်းတွေရော ဒီအတိုင်းဘဲ သဘောမတူဘူး လွတ်လပ်ရေးကို မလိုချင်ကြဘူး၊ ဒါပေမဲ့ ကချင်နဲ့ ရှမ်းတောင် လက်မှတ်ရေးထိုးတယ်ဆိုပြီးသူလည်း သဘောတူခဲ့တယ်၊
ပင်လုံမှာလက်မှတ်ရေးထိုးတာက ဗမာ ကိုယ်စား အောင်ဆန်း (ဖဆပလ) ခေါင်းဆောင် လက်မှတ်ထိုးတယ် ကချင်၊ ရှမ်း၊ ချင်း လေးဦး သဘောတူပြီး ပင်လုံမှာ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်၊ ၁၉၄၈ ဇန်န၀ါရီ ၄ မှာ လွတ်လပ်ရေး ရတာဖြစ်တယ်၊ ဒါပေမဲ့ ရှင့်အဖေ ပေးထားတဲ့ ကတိစကားကို ကျွန်မတို့ အရမ်းအားကိုးနားထောင်ပြီး လက်ခံထားတာကို အောင်ဆန်းမရှိတော့လို့ ကျွန်မတို့ အရမ်းဝမ်းနည်းပြီး စိတ်ပျက်သွားတယ်၊
အဲဒီအချိန်က စပြီး ကျွန်မတို့ ကချင်တွေက ဘာ အခွင့်အရေးမှ မရတော့တာပါ၊ ဦးနုက ဖဆပလ (ဥက္ကဋ္ဌ) တက်လာတော့ ကချင်တွေကို ဘာမှ မဟုတ်သလို ဆက်ဆံခဲ့တာပါ၊ ဒီလိုနဲ့ ကျွန်မတို့ ကချင်ပြည်နယ် တရုတ်ပြည်နယ်စပ်က ဖီမော်၊ လံကိုင် နယ်မြေကို ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ တရုတ်တွေကို ရောင်းစားလိုက်တာဟုတ်တယ်။ ဒါကြောင့် အရမ်းဝမ်းနည်းတယ် အခုထိလည်း ၀မ်းနည်းနေတုန်းပါဘဲ။
၁၉၆၂ မှာ ကျွန်မတို့ ကချင်တွေ သူပုန်ထလာတာဖြစ်တယ်၊ ဒါဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ဘာသာ ဆိုတာကို ဘယ်သူ့ကိုမှ တိုင်ပင်တာမရှိပဲ ဦးနု သူ့ဟာသူ စီစဉ်လုပ်ခဲ့တယ် နိုင်ငံတော်ဘာသာမှာ ဆိုရင် (တစ်နိုင်ငံလုံး ဗုဒ္ဓဘာသာ ဖြစ်ရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့သွားရမယ်) ကျန်တဲ့ ခရစ်ယာန် ၊နတ်စား ၊ စတဲ့ ဘာသာတွေကို နှိမ်သလိုဖြစ်လာပြီး ဒါကြောင့် KIO တော်လှန်ရေးစလာတာပါ၊ ကချင်တော်လှန်ရေးကိုစခဲ့တာ နော်ဆိုင်းဟုတ်ပါတယ် နော်ဆိုင်းက ရှမ်းပြည်ကနေ ကချင်ဖက်ကိုတက်လာတော့ သူ့ကို ဘယ်သူမှ ကြိုဆိုထောက်ခံမဲ့သူ မရှိလို့ နော်ဆိုင်းက တရုတ်ကွန်မြူနစ်တွေနဲ့ ပေါင်းသွားတာဖြစ်တယ်။
ကျွန်မတို့ ကချင်တွေက မြန်မာတွေကို သတ်မယ်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်လုံးဝ မရှိပါဘူး ဗမာကို မုန်းရအောင်နော်ဆိုတဲ့ စိတ်လည်းမရှိပါဘူး၊ ဒါပေမယ့် ကိုယ့်နိုင်ငံကိုယ့်ပြည်ကို ကိုယ်ပိုင်ဆိုင်ခွင့် အရင်က ပိုင်ဆိုင်သလို ပိုင်ဆိုင်ခွင့် ကိုယ့်နိုင်ငံကြီးပွားတိုးတက်ဖို့ ကိုယ့်ခြေထောက်ကိုယ် ရပ်တည်သွားမယ် ဆိုပြီး ပြောကြည့်ရင်လည်း မဖြစ်လို့ တော်လှန်ရေး KIO ဆိုတာ ဖြစ်လာတာဟုတ်တယ်၊
ဒီနေ့ အထိလည်း ဒါပါပဲ တခြားတော့ ဘာမှမဟုတ်ဘူး အပစ်ခေတ်ရပ်စဲရေးကို ၁၇ နှစ်ကြာအောင် ပြန်လုပ်ခဲ့ပြီးပြီး ကျွန်မတို့ အရမ်းပျော်ရွင်ခဲ့ပါတယ်၊ ဒီအပစ်ခတ်ရပ်စဲရေး လုပ်ပြီး တော့ နောက်တစ်ဆင့်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ဖို့ လိုအပ်လာတယ်၊
အပစ်အခတ်ရပ်စဲရေးက ငြိမ်းချမ်းရေးမဟုတ်ဘူး..ငြိမ်းချမ်းရေး ဆိုတာ နိုင်ငံရေးအရ စားပွဲပေါ်မှာ ပြုလုပ်ဖို့ဖြစ်တာ ဒါကို လုပ်ခွင့်မပေးဘူး KIO အနေနဲ့ ခဏခဏတောင်းဆိုတယ် မလုပ်ပေးခဲ့ဘူး “ပြည်သူ့အစိုးရပေါ်လာတော့မယ် မင်းတို့ သိပ်မလောကြနဲ့ ဆိုပြီးပြန်ပြောတယ်” ပြည်သူ့အစိုးရ ပေါ်လာပြီး အစည်းအဝေးတောင် မလုပ်သေးဘူး သူတို့ အရင်ပစ်တယ် ၂၀၁၂ ဇွန် ၉ မှာ စစ်စဖြစ်တယ်။
အခု ကချင်ပြည်နယ်မှ မြန်မာစစ်သား ၁သိန်းကျော်ပြီး သိလား.. ဒုံးကျည် ၂သောင်း ရောက်နေတယ်.. အမြောက်တွေလည်း အများကြီးရောက်နေတယ် ကချင်နဲ့ခရစ်ယာန်တွေကို အမြစ်ပြတ်သွားအောင် လုပ်သွားမှာဖြစ်တယ်။
ဘာဖြစ်လို့လဲဆိုတော့ အပြင်က လောဘ စိတ်ကြောင့်ဟုတ်တယ် ကျွန်မတို့ကချင်ပြည်နယ်မှာ သံယဇာတပေါများတယ် ဒါကြောင့်နယ်မြေကို လုယူပိုင်ဆိုင်ချင်လို့ဖြစ်တယ် လို့ ကျွန်မတို့ ကတော့ ဒီလိုပဲ ထင်ကြပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ ကတောင်းဆိုထားတာကက (၁) ပင်လုံစာချုပ် ပင်လုံစိတ်ဓာတ် နိုင်ငံရေးကို နိုင်ငံရေးလို စားပွဲပေါ်မှာ ပင်လုံ အခြေခံပြီး ဆွေးနွေးမယ် (၂ ) ကချင်ပြည်နယ် ရောက်နေတဲ့ တပ်မတော်သားတွေ ကို ကိုယ့်နေရာကိုယ်ပြန်ဆုတ်ခိုင်း ဒါဆိုရင် အပစ်အခတ်ရပ်မယ် စာချုပ်ချုပ်မယ်ဆိုရင်နိုင်ငံတကာက လူတွေကိုခေါ်ပြီး စာချုပ်ချုပ်မယ်ဆိုပြီးတောင်းဆိုထားတာ အခုထိတော့ဘာမှ အကြောင်းပြန်လာတာ မရှိသေးဘူး၊
ဒေါ်စုက အံသြစွာနဲ့ လည်ပင်းတောင် စောင်းတယ် ကျွန်မပြောတာကို နားထောင်နေတာ သူက ဘာမှမသိတဲ့ပုံပဲ မင်းကအဲဒီတုန်းက ငယ်သေးတယ်လေ ပြီးတော့ မင်းအမေနောက်လိုက်သွားရတော့ ငါတို့ဒီက သမိုင်းကြောင်းကို ဘာမှ မသိလိုက်ဘူးပေါ့ လို့ကျွန်မပြောခဲ့တယ်။
အထက်က ပြောဆိုခဲ့သည်များမှာ ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်အင်ဖန်ဂျာရာက ပြောဆိုခဲ့သည့် စကားများကို ၎င်းကိုယ်တိုင် ပြန်လည်ပြောပြတာ ဖြစ်ပါတယ်။
ထိုနေ့ညက ရှင်းပြအပြီး ဒေါ်အောင်ဆန်းစုကြည်အား သူပြောချင်တဲ့ စကားတစ်ခွန်းဖြစ်သည့် “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် အခုလည်း မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ မလုပ်ရင်ကောင်းတယ်” ဆိုတာကို မီးပျက်သွားတာကြောင့် မပြောလိုက်ရဘူးလို့ ဒေါ်အင်ဖန်ဂျာရာ က YPI ကိုပြန်ပြောပြပါတယ်။
အဲဒီ့နောက် YPI သတင်းထောက်က ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ကချင်ပြည်နယ်သို့ လာသည်ထင်သလဲ ဟုမေးရာ
“ ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ထွက်လာတယ် ထင်တာပဲ” လို့ဖြေဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် လာတဲ့အပေါ် ဘာမျှော်လင့်ထားလဲ ဆိုတဲ့ မေးခွန်းကိုတော့
“ ဘာမှ ထူးထူးခြားခြား မမျှော်လင့်ပါဘူး၊ ပါတီစည်းရုံးရေး သက်သက်ပဲ ထွက်လာတယ်၊ တကယ်လို့ သူရွေးကောက်ပွဲမှာ နိုင်လို့ လွှတ်တော်မှာ ၀င်ထိုင်ဖြစ်ရင်တော့ ကချင်ပြည်နယ်အတွက် မျှော်လင့်ချက် အတော်များများ ရှိတယ် ” လို့ဖြေသွားပါတယ်။
အစိုးရနဲ့ မွန်ပြည်သစ်ပါတီ ၄၅ ရက်အတွင်း နိုင်ငံရေးဆွေးနွေးပွဲ စမယ်
မြန်မာအစိုးရနဲ့ မွန်ပြည်သစ်ပါတီ အပစ်အခတ် ရပ်စဲပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပဖို့ မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ရော့စ တို့ မော်လမြိုင်မြို့မှာ ဒီကနေ့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်းအခုလို အောင်မြင်မှုအတွက် အားရဝမ်းသာ ဖြစ်ရပါတယ်လို့ မြန်မာ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဝန်ကြီးဦးအောင်မင်းက ပြောကြောင်းဒါ့အပြင် မြန်မာနိုင်ငံရဲ့ ရှေ့အလားအလာဟာ ကောင်းမွန်တိုးတက်ပြီး ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေ ပြည့်ဝမယ်လို့ သူ ယုံကြည်ကြောင်းလည်း ဝန်ကြီးဦးအောင်မင်းက ပြောကြောင်းဒီကနေ့ သဘောတူညီချက်အရ မြန်မာအစိုးရနဲ့ မွန်ပြည်သစ်ပါတီအကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေကို ၄၅ ရက်အတွင်း ကျင်းပမယ်လို့ ဆိုကြောင်း သိရသည်။
နေပြည်တော်မှာ NLD ဆိုင်းဘုတ် ဒုတိယအကြိမ်မြောက် ဖျက်ဆီးခံရ
နေပြည်တော်က ဇမ္ဗူသီရိနဲ့ ပုဗ္ဗာသီရိ မြို့နယ်တွေအတွက် ဆိပ်နမ်ဒုန်းကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ NLD ပါတီ ရုံးခန်းရှေ့ မြေစိုက်ဆိုင်းဘုတ်ကို အမည်မသိသူတွေက ဖေဖော်ဝါရီ ၂၅ ရက်နေ့ အာရုံတက်အချိန်မှာ လာရောက် ဖျက်ဆီးသွားကြောင်း နေပြည်တော်မှာ အခုလို NLD ဆိုင်းဘုတ် အဖျက်ဆီးခံရတာဟာ ဒုတိယအကြိမ်မြောက် ဖြစ်တယ်လို့ ဇမ္ဗူသီရိမြို့နယ်ကနေ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်စန္ဒာမင်းက ပြောကြောင်းNLD ဆိုင်းဘုတ် ဖျက်ဆီးသူတွေ ဘယ်သူဘယ်ဝါ ဆိုတာ အတိအကျ မသိရသေးပေမယ့် လောလောဆယ် ပုဗ္ဗ္ဗာသီရိ ရဲစခန်းနဲ့ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကို တိုင်ကြားထားကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက ဇမ္ဗူသီရိ မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ကြောင်း သိရသည်။၈၈ မျိုးဆက်တွေကို မန္တလေးဒေသခံတွေ ကြိုဆို
မြန်မာနိုင်ငံမှာ ပွင့်လင်း လူ့အဖွဲ့အစည်း ဖြစ်ပေါ်ရေးခရီးစဉ်အဖြစ် ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုကိုကြီး စတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အဖွဲ့ ၁၁ ဦးဟာ မြစ်ကြီးနားမြို့က နေ မန္တလေးမြို့ကို ဒီကနေ့ ညနေ ၄ နာရီခွဲက ရောက်ရှိလာကြောင်းကိုမင်းကိုနိုင်နဲ့ အဖွဲ့ကို မန္တလေးမြို့က ကျောင်းသားတွေ၊ လူရွှင်တော် ဦးပါပါလေးနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ အပါအဝင် ဒေသခံ အင်အား ၁ ရာလောက်က ကြိုဆိုခဲ့ကြကြောင်း
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ဒီကနေ့ မန္တလေးခရီးစဉ်မှာ မဟာဂန္ဓာရုံ ဆရာတော်၊ ဘဝအလင်း ဆရာတော်နဲ့ မစိုးရိမ် ဆရာတော် တို့ကို သွားရောက် ဖူးမျှော်မယ်လို့ သိရပါတယ်။ အဲဒီနောက် ရမည်းသင်းမြို့မှာ ရွှေညဝါဆရာတော် တည်ထားတဲ့ ရွှေဘုရား ထီးတင်ပွဲကို မနက်ဖြန် သွားရောက်ပြီး မြင်းခြံကို ခရီးဆက်မယ်လို့ သိရပါတယ်။ မန္တလေးမြို့ကို ပြန်ရောက်တဲ့အခါ ၂၈ ရက်နေ့မှာ မန္တလေး ပြည်သူလူထုနဲ့ အိုရီရင်တယ် ဟောက်စ် မှာ ညနေ ၃ နာရီမှာ တွေ့ဆုံဖို့ ရှိ ကြောင်းသိရပါတယ်။
ပျောက်ဆုံး အမေရိကန် စစ်သားရုပ်ကလာပ် ရှာဖွေရေး ဆွေးနွေး
ဒုတိယ ကမ္ဘာစစ်ကာလအတွင်း မြန်မာနိုင်ငံမှာ ပျောက်ဆုံးနေခဲ့တဲ့ အမေရိကန် စစ်သားတွေရဲ့ ရုပ်ကလာပ် အကြွင်းအကျန်တွေ ရှာဖွေရေးလုပ်ငန်း ရပ်ဆိုင်းထားတာကို ပြန်လည် လုပ်ကိုင်နိုင်ဖို့ အမေရိကန် အစိုးရက မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ရက်ပိုင်းက ကမ်းလှမ်းလိုက်ပကြောင်းအဲဒီလုပ်ငန်းတွေကို လွန်ခဲ့တဲ့ ၈ နှစ်လောက်က ရပ်ဆိုင်းထားရာကနေ အခု အမေရိကန်နဲ့ မြန်မာနိုင်ငံတို့ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာတဲ့အတွက် ပြန်လည်စတင်ဖို့ ဒီတစ်ပတ်အတွင်းမှာ ဆွေးနွေးပွဲ လုပ်ခဲ့ကြကြောင်း
အဲဒီဆွေးနွေးပွဲမှာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယ ကာကွယ်ရေးဝန်ကြီးရဲ့ လက်ထောက် (Bob Newberry) က ဦးဆောင်ခဲ့တယ်လို့ ပြောခွင့်ရအမျိုးသမီး (Leslie Hull-Ryde) က ပြောကြောင်း ဒါပေမယ့် ဆွေးနွေးပွဲ အသေးစိတ်ကိုတော့ မသိရသေးကြောင်း
ဒုတိယ ကမ္ဘာစစ်တုန်းက အိန္ဒိယနိုင်ငံကနေ တရုတ်နိုင်ငံကို ရိက္ခာ ထောက်ပံ့ပေးပို့တဲ့ အမေရိကန် တပ်ဖွဲ့ဝင် စုစုပေါင်း ၇၃၀ လောက်ဟာ မြန်မာနိုင်ငံမြောက်ပိုင်း တောင်ထူထပ်တဲ့ ဒေသတွေမှာ ပျောက်ဆုံး သေဆုံးခဲ့တာဖြစ်ကြောင်းအမေရိကန် လေတပ်သား အများစု ပါဝင်တယ်လို့ ဆိုကြောင်း
လွန်ခဲ့တဲ့ ဒီဇင်ဘာလက မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် (Hillary Clinton) အလည်အပတ် ရောက်စဉ်က ဒီကိစ္စကို ပြောဆို ဆွေးနွေးခဲ့တာလို့လည်း သိရပါတယ်။မြန်မာအစိုးရနဲ့ မွန်ပြည်သစ် အပစ်ရပ် သဘောတူ
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ဟာ အပစ်အခတ်ရပ်စဲရေး အပါအ၀င် အချက် ၄ ချက်ပါတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ပဏာမ သဘောတူညီချက်ကို ဒီကနေ့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်ကို ဆက်လက် အကောင်အထည် ဖော်ရမယ့်နေရာမှာ အောင်မြင်မှု အပြည့်အ၀ ရှိမယ်လို့ ယုံကြည်ထားတဲ့အကြောင်းလည်း မွန်ပြည်သစ်ပါတီက ပြောကြောင်း
ဖေဖော်ဝါရီ ၂၅ ရက်၊ စနေနေ့မနက်က မွန်ပြည်သစ်ပါတီက ဒုတိယ ဥက္ကဋ္ဌ နိုင်ရောစ ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ အစိုးရဘက်ကတော့ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ တို့ဟာ မော်လမြိုင်မြို့မှာ ငြိမ်းချမ်းရေး ပဏာမ သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ကြကြောင်း
ဒါဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က အပစ်အခတ် ရပ်စဲရေးအပါအ၀င် နှစ်ဘက် ပဏာမ ညှိနှိုင်းမှုတွေကို ဒီကနေ့မှာ အတည်ပြု လက်မှတ်ထိုးကြတာလည်း ဖြစ်ပါတယ်။ ပြည်နယ်အဆင့် ဖြစ်တဲ့ အပစ်အခတ် ရပ်စဲရေး အပါအ၀င် ပြည်ထောင်စုအဆင့်မှာတော့ နိုင်ငံရေးဆိုင်ရာ အဓိက အချက် ၄ ချက်နဲ့အတူ အထွေထွေအချက် ၁၀ ချက်ပါတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ပဏာမ သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြကြောင်း
မွန်ပြည်သစ်ပါတီက နိုင်ငံရေးအရ တင်ပြချက်တွေကို အစိုးရ ငြိမ်းချမ်းရေးအဖွဲ့က နိုင်ငံတော် သမ္မတကို ပြင်လည် တင်ပြပြီး သဘောတူညီချက်ရမှ အခုလို သဘောတူ လက်မှတ်ထိုးခဲ့တာ ဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီနဲ့ အစိုးရငြိမ်းချမ်းရေး အဖွဲ့တို့ကြား သဘောတူညီချက်တွေရအောင် ဆောင်ရွက်ပေးခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ထဲက နိုင်စိုးမြင့်က ပြောကြောင်း
“တပြည်လုံး အတိုင်းအတာနဲ့ဆိုင်တဲ့ အပစ်အခတ် ရပ်စဲရေး၊ နောက်ပြီးတော့ အပစ်အခတ် ရပ်စဲချိန်ကစပြီး ၄၅ ရက်အတွင်း နိုင်ငံရေးအရ ဆွေးနွေးမှု၊ political dialogue လုပ်ဖို့ ပါတယ်။ အဲဒီမှာ ကြားခံပုဂ္ဂိုလ်တွေ၊ အကျိုးဆောင်ပုဂ္ဂိုလ်တွေ ပါကြမယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးရဲ့ကိုယ်စားလှယ်နဲ့ နိုင်ငံတော်အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ပါတယ်။ ခုနက နံပါတ် (၂) အချက်မှာ ပင်လုံစိတ် ကျယ်ပြန့်သော ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်တဲ့ ပြည်တွင်း နိုင်ငံရေး၊ တိုင်းရင်းသားပါတီ ဖွဲ့စည်းရေး၊ ဒီမိုကရေစီ အင်အားစု နိုင်ငံရေးပါတီ အင်အားစုတွေ အားလုံး ပါဝင်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးကို ဆက်လက်ဖော်သွားဖို့တွေ ဆွေးနွေးတယ်။ အချက်တွေကို ကျနော်တို့က တင်ပြတော့ သူတို့က ဒါကို နိုင်ငံတော် သမ္မတကြီးကို တင်ပြပြီးတော့ ခွင့်ပြုချက်ရပြီး အတည်ပြုတယ်လို့ သူတို့က ဆိုပါတယ်ခင်ဗျ။ ဒီနေ့ အစည်းအဝေး ခန်းမမှာ။”
အခု မွန်ပြည်သစ်ပါတီနဲ့ အစိုးရ အဖွဲ့တွေကြား ငြိမ်းချမ်းရေး ပဏာမ သဘောတူညီချက်တွေထဲက နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေကို ဆက်လက် အကောင်အထည်ဖော်ဖို့ အခက်အခဲမရှိ အဆင်ပြေလိမ့်မယ်လို့ ယုံကြည်ထားတဲ့အကြောင်း မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ နိုင်တလညီက ပြောကြောင်း
“ကျနော် ထင်တာကတော့ ဒါကိုတော့ ကျနော်တို့ အပြည့်အ၀ ယုံကြည်တယ်လေ။ ဘာလို့လဲဆိုတော့ အခု ကျနော်တို့ လက်မှတ်ထိုးတဲ့အခါကျတော့ ပြည်ထောင်စု ၀န်ကြီးဘက်က ၀န်ကြီး ၆ ယောက်ပါတဲ့ အနေအထားမှာလည်း ရှိတယ်လေ။ နောက်ပြီးတော့ ပြည်နယ် ၀န်ကြီးချုပ်လည်း ပါတယ်။ နောက်ပြီးတော့ ၀န်ကြီးချုပ်ရုံးကလည်း ပါတယ်။ နောက်ပြီးတော့ ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း ပါတယ်ဆိုတော့ သဘောတူညီချက်ကတော့ ကျနော်တို့ ခိုင်မယ်တယ်လို့ ပြောလို့ရတယ်။”
မွန်ပြည်သစ်ပါတီနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေကိုရော ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတွေဖြစ်ဖို့ ဘယ်လောက်ထိ အာမခံချက်ရှိနိုင်မလဲလို့ နိုင်တလညီကို မေးကြည့်တော့ -
“နိုင်ငံရေးကိစ္စ ဆိုတော့လည်း အခက်အခဲတော့ ရှိမှာပေါ့နော်။ ဒါပေမဲ့ ဒါကိုလည်း ကျနော်တို့ ဆွေးနွေး အဖြေရှာ ညှိနှိုင်းသွားမယ် ဆိုရင်တော့ နှစ်ဘက်သဘောထား အပေါ်မှာမူတည်ပြီးတော့ ကျေနပ်ဖို့ ဆိုတာကတော့ အားလုံးနဲ့ ဆိုင်တာပေါ့နော်။”
မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ နိုင်တလညီ ပြောသွားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရထားပြီးသားဖြစ်တဲ့ တိုင်းရင်းသားအဖွဲ့တချို့နဲ့ ပြန်ပြီး တိုက်ပွဲတွေ ဖြစ်နေတာ၊ ကချင်လို တိုင်းရင်းသားအဖွဲ့ကြီးနဲ့ ခုချိန်ထိ ညှိနှိုင်းလို့မရသေးတဲ့ အခြေအနေတွေအပေါ်မှာ ငြိမ်းချမ်းရေး အကျိုးဆောင် နိုင်စိုးမြင့် သုံးသပ်တာကတော့ -
“ဒါကတော့ ကျနော်တို့လည်း မေးပါတယ်။ ကျနော်တို့လည်း သုံးသပ်တယ်။ မတူတာက KIO က နိုင်ငံရေးကိစ္စကို ဆွေးနွေးမယ်၊ ဆွေးနွေးပြီးတော့မှ အပစ်ရပ်မယ်ဆိုတဲ့ အခြေခံကို ယူထားပါတယ်ခင်ဗျ။ အဖွဲ့အနေနဲ့လည်း ကွာခြားချက် အများကြီး ရှိပါတယ်။ တချို့ အခုပြန်ဖြစ်တဲ့အဖွဲ့တွေဆိုရင် ဥပမာ၊ ဒီကေဘီအေ တို့ဘာတို့ ဖြစ်တာ ကျနော်တို့ မေးကြည့်တော့ ဒေသခံအချင်းချင်းတွေပေါ့လေ။ အဲဒါကို ပြန်လည် ညှိနှိုင်းလို့ရမယ်လို့ သူတို့က ပြောတယ်။ အဲဒီတော့ ကျနော်တို့ မွန်ပြည်သစ်ပါတီနဲ့ အကျိုးဆောင်တွေရဲ့ အမြင်ကတော့ political dialogue ကို ဆက်ပြီးတော့ သွားကြမယ်ပေါ့ဗျာ။ ဒါနဲ့ ပိုပြီးတော့ ကျယ်ပြန့်တဲ့ ပြည်တွင်း နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ကျနော်တို့ အတွင်းက တိုင်းရင်းသား နိုင်ငံရေးပါတီတွေ ပါဝင်လာဖို့ ဒါကို ဦးတည်ထားရပါတယ်။”
ငြိမ်းချမ်းရေးအကျိုးဆောင် နိုင်စိုးမြင့် ဖြစ်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတွေ အပါအ၀င် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ပါတဲ့ ဒီပဏာမ သဘောတူညီချက်တွေကို အစိုးရဘက်ကတော့ ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နဲ့အတူ မွန်ပြည်သစ်ပါတီဘက်က ဒုတိယဥက္ကဋ္ဌ နိုင်ရောစ ဦးဆောင်ပြီး နိုင်တလညီ၊ နိုင်လေသောင်း အပြင် နိုင်ဗညားနဲ့အတူ နိုင်ဘခိုင်အပြင် မွန်ပြည်သစ်ပါတီက ဗဟိုကော်မတီဝင် ၇ ဦး ပါဝင်ခဲ့ကြကြောင်း သိရသည်။
NLD ပါတီအား အမြစ်ပြတ် ခြေမှုန်းပစ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေးခဲ့
၁၉၈၈ နှင့် ၂၀၁၀ အတွင်း နိုင်ငံရေးသမားများ ရည်ရွယ်ချက်ရှိရှိဖြင့် နှိပ်ကွပ်ခံရပုံကို စစ်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“NLD အမြစ်ပြတ်ခြေမှုန်းရေး ကျနော်တို့ ကိုယ်တိုင် မဟုတ်တောင်မှ ကျနော်တို့အဖွဲ့အစည်းက လုပ်ရတာကိုးဗျ။ NLDနဲ့ ပတ်သက်လျှင် NLD ပါတီဝင် တွေ ကို ရေဖြတ်၊ မီးဖြတ်ကအစ အပြစ်ရှာပြီး လုပ်ခဲ့ရတာ။ မလုပ်လို့ လည်းမရဘူး။ အာဏာရှင်တို့ရဲ့သဘော သဘာဝအရ ခင်ဗျားသိတဲ့အတိုင်း၊ ကျူပင်ခုတ်ကျူငုတ်မကျန်၊ သားစဉ်မြေးဆက်အကုန်လုံးကို ဒုက္ခ ပေး တာ ကိုး” ဟု ဦးအောင်လင်းထွဋ်က ပြောဆိုကြောင်း VOA သတင်းဌာန ၀က်ဆိုက်တွင် ဖေဖော်ဝါရီ ၁၈ နေ့စွဲဖြင့် ဖော်ပြထားသည်။
၁၉၉၆ နောက်ပိုင်းတွင် ထိုသို့ နှိမ်နင်းရန် အမိန့်ရခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
“ဗိုလ်ချုပ်မှူးကြီးကနေ ကျနော်တို့ကို NLD ကို မင်းတို့ အမြစ်ပြတ်ခြေမှုန်းရမယ် ဆိုလို့ ထောက်လှမ်းရေးက လူမိုက်အငှားခံခဲ့ရတဲ့ အနေအထားမျိုး ရှိပါတယ်” ဟု စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ပြောသည်။
ထိုသို့ ချေမှုန်းခံရသော်လည်း NLD ပါတီဝင်များ၊ နိုင်ငံရေးသမား အများအပြား ဒီမိုကရေစီလှုပ်ရှားမှုတွင် တစ်စိုက်မတ်မတ် ပါဝင်ခဲ့ကြသည်။
ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဆက်လက် ပြောကြားရာ မြန်မာပြည်တွင် စစ်သားများက အနိုင်ကျင့်တတ်သည့် စရိုက်ရှိသည်ဟု ဆိုသည်။
“စစ်သားဆိုတာ တပ်ရင်းမှူး၊ တပ်စုမှူးက တောမှာ ဗိုလ်ကျချင်တိုင်း ကျကြတယ်ဗျာ။ မြို့ပေါ်တက်တော့လည်း အဲဒီအကျင့်က ပါနေတုန်းပဲ။ ဒီအကျင့်တွေက ခုထိ မပျောက်သေးဘူးဗျ။ အဲဒီတော့ ဒီအကျင့်တွေ ပျောက်ဖို့ဆိုတာ တပ်မတော်ကိုလည်း ပြင်ဖို့ ဆင်ဖို့ train လုပ်ဖို့ က လိုတယ်ဗျ” ဟု သူက ရှင်းပြသည်။
သို့သော်လည်း စစ်တပ်တွင် တိုးတက်ဖြစ်ထွန်းမှုတခုရှိကြောင်း သူက ထောက်ပြသည်။
“ဒီနေ့ ကြားရတဲ့သတင်းမှာ ကချင်ပြည်နယ်မှာ အမျိုးသမီးတစ်ယောက်ကို ဖမ်း ထားပြီးမှ ပြန်မလွှတ်တဲ့ကိစ္စကို နေပြည်တော်မှာ တရားရုံးတင်မယ်ဆိုတာ ဒါကောင်းတဲ့ သတင်းပါ” ဟု သူက ပြောသည်။
“တောထဲမှာ လူမသိသူမသိ အသတ်ခံရ မုဒိန်းကျင့် ခံရတာတွေအများကြီး ရှိခဲ့တယ်။ ဒါတွေကို အရေးယူပေး ရမယ်” ဟုလည်း သူက ပြောပြသည်။
ဦးအောင်လင်းထွဋ်သည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည်။
ဝါရှင်တန်ရှိ မြန်မာသံရုံးတွင် သံတမန်တစ်ဦးအဖြစ် ဦးအောင်လင်းထွဋ် တာဝန်ယူစဉ် စစ်ထောက်လှမ်းရေးအရာရှိများကို မြန်မာပြည်တွင် ဖမ်းဆီးအကျဉ်းချသည့် ၂၀၀၅ ခုနှစ်တွင် ဦးအောင်လင်းထွဋ်က အမေရိကန်တွင် ခိုလှုံခွင့် တောင်းလိုက်သည်။
ဇနီး၊ သား တစ်ဦး၊ သမီး နှစ်ဦး၊ နှမ (သို့မဟုတ် အစ်မ) တဦး တို့နှင့် အတူ ခိုလှုံခွင့် တောင်းခံခြင်း ဖြစ်ကြောင်း၊ သူ၏ အတိတ်ကာလ စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်မှုများကြောင့် ခိုလှုံခွင့် ငြင်းပယ်ခံထားရကြောင်း၊ သို့သော်လည်း ၎င်းတို့အား နေထိုင်ခွင့် ပြုထားကြောင်း Asia-Pacific Defense Forum စစ်ဘက်ဆိုင်ရာ မဂ္ဂဇင်း၏ အင်တာနက် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။
အမျိုးသား ညီညွတ်ရေးကို ပြဆိုခဲ့သည့် မြစ်ဆုံအရေးနှင့် ပတ်သက်သော ကျေးဇူးပဲ့တင်သံ အခမ်းအနားကို ဧရာဝတီမြစ်ဆုံ အနီးရှိ တန်ဖဲရွာ၌ ပြုလုပ်ခဲ့
အမျိုးသား ညီညွတ်ရေးကို ပြဆိုခဲ့သည့် မြစ်ဆုံအရေးနှင့် ပတ်သက်သော ကျေးဇူးပဲ့တင်သံ အခမ်းအနားကို ဧရာဝတီမြစ်ဆုံ အနီးရှိ တန်ဖဲရွာ၌ ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ကျေးဇူးပဲ့တင်သံ အခမ်းအနားသို့ ကချင်ဒေသခံများ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင် အပါအ၀င် အဖွဲ့ဝင်(၁၆)ဦး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်သူများ၊ ကဗျာဆရာ၊ ဓာတ်ပုံ ဆရာ၊ ဒီဇိုင်းဆရာများနှင့် သတင်းသမားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနား အစီအစဉ်များတွင် သိက္ခာတော်ရ ဆရာတော် ဘရန်ဒူးက နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ဘုန်းတော်ကြီး ဆွမ်ရွိုမ်အောင်က ဆုတောင်းဆပ်ကပ်ခြင်းများ ပြုလုပ်ခဲ့ ကာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဧရာဝတီမြစ်ဆုံနှင့်ပတ်သက်ပြီး ၎င်းတို့၏ သဘောထား အမြင်များကို ပြောဆိုသွားခဲ့သည်။
ဒီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေ အပါအ၀င် အားလုံး ရုန်းကန်နေရတဲ့ အချိန်မှာ ကျွန်တော်တို့အားလုံးက ထောင်ထဲမှာပါ။ ဒါ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စ၊ ငါတို့နဲ့မဆိုင်ဘူးလို့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကချင်ပြည်နယ်ဟာ မြန်မာပြည်ရဲ့ ခေါင်းပိုင်းလို့ ခေါ်ပါတယ်။ ခေါင်းကို ထိရင် ရင်ဘတ်ထဲမှာ နာပါတယ် . . . |
“အခု ကျွန်တော်တို့လာခဲ့တာ ဟိုးမြန်မာပြည်အောက်ပိုင်း၊ အလယ်ပိုင်းကဆိုပေမယ့် ကျွန်တော်တို့ကို ၈၈ ကျောင်းသားတွေလို့ ခေါ်ပါတယ်။ ၁၉၈၈ တုန်းက ကျောင်းသားလှုပ်ရှားမှုကိုစခဲ့လို့ အဲဒီလိုခေါ်တာပါ။ အဲဒီတုန်းက ကျွန်တော်တို့တွေ အားလုံး ဆင်တူဝတ်စုံ ကချင်ပုဆိုးလေးတွေ ၀တ်ပြီးစခဲ့တာပါ။ အခုလည်း ကျွန်တော်တို့တွေက ကချင်ဝတ်စုံလေးတွေ ၀တ်ပြီး လာပါတယ်။ ကျွန်တော်တို့အားလုံး က မိန်းကလေးတွေကအစ ကချင်လို ၀တ်ရတာမှ ပိုလှတယ် ထင်ပါတယ်။ ဒီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေ အပါအ၀င်အားလုံး ရုန်းကန်နေရတဲ့ အချိန်မှာ ကျွန်တော်တို့ အားလုံးက ထောင်ထဲမှာပါ။ ဒါ ကချင် ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စ၊ ငါတို့နဲ့မဆိုင်ဘူးလို့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကချင်ပြည်နယ်ဟာ မြန်မာပြည် ရဲ့ခေါင်းပိုင်းလို့ ခေါ်ပါတယ်။ ခေါင်းကို ထိရင် ရင်ဘတ်ထဲမှာ နာပါတယ်။ အဲဒီတုန်းက ထောင်ထဲက လူတစ်ယောက်က အပြင်က လူတွေလို မလုပ်နိုင်ပါဘူး။ ဘာလုပ်နိုင်လဲဆိုတော့ ထောင်ထဲမှာ မြစ်ဆုံနဲ့ ဧရာဝတီ ရှင်သန်ဖို့အတွက် သီချင်း ရေးနိုင်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာ လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ တတ်နိုင်သမျှ လုပ်ခဲ့ပါတယ်။ ဧရာဝတီဆက်ပြီး စီးဆင်းရေး မြစ်ဆုံဒေသ အလှတွေမပျက်ရေး ဒီက တိုင်းရင်းသားတွေရဲ့ဘ၀တွေ မပျောက်ရေး သီချင်းစပ်ခဲ့ပါတယ်။ ကျွန်တော်တို့သီချင်းတွေ စပ်ပြီးဆိုနေတဲ့ အချိန်မှာ ကချင်မှာ ဟောဒီပြည်သူတွေ အောင်ပွဲခံနေတာကို ကြားရတဲ့ အချိန်မှာ ၀မ်းသာရပါတယ်”ဟု ကိုမင်းကိုနိုင်က ပြောပါသည်။
“လူဆိုတာ ကိုယ်မွေးတဲ့ နေရာ ကိုယ်နေတဲ့နေရာကို ချစ်ကြတာပါပဲ။ ချစ်ကြတဲ့နေရာမှာ ဟောဒီမြစ်ဆုံ ဒေသက တိုင်းရင်းသားတွေက နောက်ဆုံးနှာခေါင်းကို ရေမြုပ်တဲ့အထိ ကြံ့ကြံ့ခိုင်ပြီး နေသွားမယ်လို့ ကြားတဲ့အခါမှာ ကျွန်တော်တို့ အင်မတန်အားရှိပါတယ်။ ကိုယ့်မြေကိုယ့်ရေကို ချစ်တဲ့ စိတ်တွေလည်း ပိုပြီးတော့ရှိပါတယ်။ သိပ်ပြီး ကျေးဇူးတင်ပါတယ်။ အဲဒီစကားမျိုး ကြားရတာ၊ အဲဒီတော့အခုလို စီမံကိန်း ခေတ္တရပ်ဆိုင်းပြီးတော့ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်လာနိုင်ကြပြီး မိတ်ဆုံစားပွဲတွေ ကျေးဇူးတင်စကားတွေ ပြောနိုင်တယ် ဆိုတာ အောင်ပွဲပါ။ အခုလို အောင်ဖို့ အတွက် အလကားမရခဲ့ပါဘူး။ ကိုယ့်ခံစားချက် ကိုယ်လိုရာကို သတ္တိရှိရှိ ဖော် ထုတ်ရဲတဲ့ သတ္တိက နံပါတ်တစ်ပါ။ ဒုတိယအချက်က တစ်ပြည်လုံးက ပြည်ထောင်စုသားတွေဟာ ကချင် ပြည်နယ်မှာ ဖြစ်တာကို ၀ိုင်းပြီး စိတ်ပူတယ်။ စိတ်ပူပြီး ကချင်တိုင်းရင်းသား တွေဘက်က ၀င်ပြီးရပ်ပေးတယ်။ ဥပမာ-သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ၊ စာပေသမားတွေ၊ အနုပညာသမားတွေ အားလုံးဝိုင်းပြီးတော့ လက်တွဲပြီး လက်ချင်းချိတ်ပြီးတော့ ကချင်ပြည်သူတွေနဲ့အတူ ရပ်လိုက်လို့ အောင်မြင်တာပါ။ အဲဒီတော့ အားလုံးကို ကချင်ပြည်သူတွေ ကိုယ်စား ကျွန်တော်က ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ စီးပွားရေးအရ ဆုပ်ကိုင်ရမယ့် ကိစ္စတစ်ခုလောက်ကို မကြည့်ဘဲ ဟိုးနောက်မမြင်ရတဲ့ မမွေးသေးတဲ့ ကလေးတွေ အနာဂတ်ကမ္ဘာကို ကြည့်ပြီးတော့ အမြော်အမြင်ကြီးခဲ့တဲ့ ပညာရှင်တွေ၊ တိုင်းရင်းသားတွေရဲ့ အမြော်အမြင်ကြီးမှုကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ အာဏာမရှိဘူးဆိုပြီး စိတ်မပျက်ပါနဲ့။ အာဏာမရှိပေမယ့် တကယ် ညီညွတ်တယ်ဆိုရင် သြဇာရှိပါတယ်။ အဓိက က အားလုံးညီညွတ်ပါ။ ကချင်မှာပဲ ဖြစ်ဖြစ်၊ ရှမ်းမှာပဲ ဖြစ်ဖြစ်၊ မွန်မှာပဲ ဖြစ်ဖြစ်၊ တစ်ခုခုဖြစ်တယ်ဆိုရင် အားလုံးက အတူတူပဲလို့ ခံစားမယ်ဆိုရင် အရာရာကို အောင်မြင်ပါတယ်။ နောက်ဆုံး ဒီဧရာဝတီမြစ်ကြီးကို ပိတ်ဆို့မယ် ဆိုတဲ့ စီမံကိန်းကို တားလိုက်နိုင်တာ ဟာ အစိုးရရော၊ သမ္မတကြီးရော၊ ဟောဒီ ပြည်သူပြည်သားတွေ ရော ပူးပေါင်းပြီးတော့ ဆောင်ရွက်လိုက်တာပါ။ ပိတ်ဆို့မှုကို ဖွင့်လိုက်ခြင်း အားဖြင့် ပူးပေါင်း ဆောင်ရွက်မှုဆိုတဲ့ မြစ်ကြီးဟာစီးသွားပါပြီ။ သိပ်မင်္ဂလာ ရှိပါတယ်။ အဲဒါကြောင့် ဗမာလို ပြောတော့ အမျိုးသားညီညွတ်ရေးလို့ ပြောပါတယ်။ ကချင်လို ဘယ်လို ပြောတယ် ကျွန်တော်မသိပါဘူး။ ဒါက အရေးကြီးပါတယ်။ အမျိုးသားအားလုံး ညီညွတ်ရေးဟာ ဟောဒီက မြစ်ဆုံကစပြီး ရသွားလို့ အမျိုးသားညီညွတ်ရေးဆိုတဲ့ မြစ်ကြီး စစီးသွားပါပြီ။ ကျွန်တော်တို့ ကမ္ဘာတည်သရွေ့ ကာကွယ်ကြပါစို့၊ ထိမ်းသိန်းကြပါစို့။ ကမ္ဘာပေါ်မှာ မြန်မာပြည်ကို နိုင်ငံတကာက အားလုံး ကြည့်နေပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုကြီးမှာ ဘယ်လောက် ညီညွတ်သလဲ။ ဘယ်လောက် အားရှိသလဲဆိုတာ ကြည့်နေပါတယ်။ တစ်ကမ္ဘာလုံး က စောင့်ကြည့်နေတဲ့ အချိန်မှာ အားလုံးက ညီညွတ်တယ်ဆိုတာကို ပြလိုက် နိုင်တဲ့အတွက် ဂုဏ်ယူတယ်လို့ ပြောရင်း အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ကိုမင်းကိုနိုင်က ဆက်လက် ပြောကြား ပါသည်။ထို့နောက် ဦးအုန်း(FREDA) ၊ ဆရာအော်ပီကျယ်နှင့် ကဗျာဆရာကို တင်သစ်တို့က နှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားခဲ့ပါသည်။ ထို့နောက် ရွာသားကိုယ်စားရွာသား တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ကဗျာဆရာ ကွန်စစ်ကောင်းက အားပေးစကားနှင့် ကဗျာတစ်ပုဒ် ဖတ်ကြားခဲ့သည်။ ရပ်မိရပ်ဖများ ကိုယ်စား ဘုန်းတော်ကြီး လဇွမ်နော်ဒင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဘုန်းတော်ကြီး လဇွမ်နော်ဒင်းက “မနောကွင်းကနေ လာခဲ့ရလို့ နည်းနည်းမောပါတယ်။ အစ်မကြီး ဒေါ်အောင်ဆန်းစုကြည် တော်တော်အားရ ကျေနပ် သွားပါတယ်။ ပရိသတ်ကလည်း အများကြီး။ ပြောတဲ့ အကြောင်းအရာတွေ ကလည်း သိပ်ပြီး အကျိုးရှိပါတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ဟာ ပင်လုံစာချုပ်ရဲ့အစ ဖြစ်တယ်လို့၊ ငြိမ်းချမ်းပါစေ၊ လွတ်လပ်ပါစေ၊ အားလုံးညီညွတ်ပါစေလို့ ပြောသွားတာကို ကျွန်တော်ကြားသိရပါတယ်။ ၀မ်းသာအားရနဲ့ ဒီနေရာကို ရောက်လာတဲ့အခါ ဆုတောင်းပွဲရှိတယ် လို့ကြားရတော့ အခုလို တွေ့မြင်ရတဲ့ အခါမှာ သိပ်ပြီးအားရပါတယ်။ ဒီမြစ်ဆုံအကြောင်း ကျွန်တော်ကြားသိရတာ တော်တော်ကြာပါပြီ။ ဘာမှမတတ်နိုင်ပါဘူး။ အားကိုးရာမဲ့ပါဘဲ။ ဆုပဲတောင်းနိုင်တယ်။ သမ္မတကြီး ကြေညာတဲ့ သတင်းကို ကြားရတဲ့အခါ စိတ်မှာကျေနပ်မိတယ်။ အားရမိတယ်။ မြစ်ဆုံနဲ့ ဧရာဝတီမြစ်ကြီးဟာ အသက်ရှင်ခွင့်ရပြီ။ ဒါကြောင့်မို့ အဖဘုရားသခင်အား ရှေးဦးစွာ ကျေးဇူးတင်ပါတယ်။ ဒီနေရာလေးဟာ သဘာဝတွေကို ဘယ်လောက် လေးနက်စေသလဲ၊ ဒီနေရာ လေးမြစ်ဆုံအဖြစ်နဲ့ ဖြစ်ရတယ် ဆိုတာ အံ့သြလို့မဆုံးနိုင်ဘူး။ ကချင် ပြည်နယ် မြေပုံကြည့်တဲ့အခါ တောတောင်အထပ်ထပ် မိုင်ပေါင်းများစွာက စီးဆင်းလာတဲ့ ချောင်းရေမြစ်ရေတွေ စမ်းရေးတွေ မိုးရေတွေ အကုန်စီးဆင်း လာတာ ဒီနေရာမှာ လာဆုံတာ ထူးဆန်းတယ်။ ဒါတောင် တစ်နေ့နဲ့တစ်နေ့ မတူဘူး။ အခုဆို ရေနည်းနည်းလေး တွေ့ရတယ်။ မိုးတွင်းဆိုရင်တောင် တစ်နှစ်နဲ့တစ်နှစ် မတူဘူး။ မြစ်ကြီးနားအောက်ပိုင်းမှာ ဘယ်လောက် ဒီမြစ်ရဲ့စွမ်းအားကို တွေ့ရသလဲ။ ဒီမြစ် ဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောပဲ ဖြစ်တယ်။ ဒီမြစ် ဆက်အသက်ရှင် ခွင့်ရတာ ဘုရားသခင်ကို ကျေးဇူးတင်တယ်။ စောစောက စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ပညာရှင်တွေ၊ မိဘညီအစ်ကို မောင်နှမတွေ ဒေသမျိုး စုံကနေ ဖော်ပြပြီးဖြစ်ပါတယ်။ ပညာရှင်တွေပြောစကားအရ မြစ်ဆုံက နှစ်သက်တမ်း သန်းပေါင်း၇၀၀ ကျော် ရှိပြီလို့ သိရတယ်။ စဉ်းစားမိတာက မြစ်ဆုံဟာ နှစ်သက်တမ်း သန်းပေါင်း ၇၀၀ ကျော်ရှိခဲ့ပြီလား။ နှစ်သန်းပေါင်း ၇၀၀ ကျော် အသက်ရှင်ခဲ့ပြီးမှ ဆက်လက်အသက်ရှင်ဖို့ဆိုရင် ကျွန်တော် တို့ပြည်သူပြည်သားများ အားလုံးကာ ကွယ်ဖို့လိုတယ်။ စောစောက ကျောင်းသားတွေ ပြောတဲ့အထဲမှာ ပြည်သူလူထုရဲ့အသံက အရေးကြီးတယ်လို့ ပြောတယ်။ ကျွန်တော်တို့အသံက ဘယ်မှ မရောက်တာ။ ဒီမှာ စာရေးဆရာ၊ ကဗျာဆရာ၊ အနုပညာရှင်ကြီးတွေ ပါတယ်။ ကျွန်တော်တို့ အားကိုးရမယ်။ ဆက်လက်ပြီးတော့ ဖော်ပြပေးပါ။ ကြေညာပေးပါ။ ဒါတွေကို တစ်ကမ္ဘာလုံး သိအောင်၊ အားလုံး သဘောပေါက် နားလည်အောင် ဖော်ပြပေးပါ။ ကြေညာ ပေးပါ။ တွေ့ချင်တာကြာလှပြီ။ ဒီနေ့ ဒီအချိန်မှာ ဆုံရတော့ သိပ်အားရတယ်။ မသိနားမလည်သူတွေ များတယ်။ အားလုံးသိရှိ နားလည်အောင် ဆောင်ရွက် ပေးကြပါ။ ပတ်ဝန်းကျင်အကြောင်း မသိကြဘူး။ ဒီရဲ့ အကျိုးကျေးဇူးကိုလည်း မသိဘူး။ လာမယ့် ဘေးဒုက္ခ အန္တရာယ်တွေကိုလည်း မသိဘူး။ ပညာရှင်တွေက အားလုံးစမ်းသပ်ပြီး သွားကြပြီ။ ဒါတွေကို ဖော်ပြပေးပါ။ ဒီမှာ အားလုံး ဒုက္ခရောက်ကြရတယ်။ မိမိတို့ကျေးရွာတွေ၊ နေအိမ်တွေမှာ ဆက်လက် နေထိုင်လို ကြပါတယ်။ အားလုံး စည်းစည်းလုံးလုံး အေးအေးချမ်းချမ်းနဲ့ ဘုရားသခင် ဖန်ဆင်းပေးထားတဲ့ နေရာမှာ ကျွန်တော်တို့ကို ဆက်လက် နေထိုင်ခွင်ရအောင် ကူညီပေးကြပါ။ ကျွန်တော်တို့ အထူးပဲ မေတ္တာရပ်ခံပါတယ်။ ဧရာဝတီမြစ်ကြီးကို သနားပါလို့၊ ပြည်သူပြည်သားတွေကို အကျိုး ပြုတဲ့မြစ်ကို၊ ကျေးဇူးရှင်ကို ကာကွယ်ရအောင်၊ စောင့်ရှောက်ရအောင်လို့ ကျွန်တော်တို့လည်းပဲ ပြည်သူလူထုရဲ့ အသံတွေများများ ပေါ်ထွက်လာပါ စေ။ ၃ နှစ်မက၊ ၄ နှစ်မက၊ ၁၀ နှစ်မ က ကမ္ဘာကုန်ထိတိုင်အောင် နောင်နှစ်ပေါင်းများစွာ ဧရာဝတီမြစ်ကြီး အသက်ရှင်ပြီး စီးဆင်းနိုင်ပါစေလို့ မေတ္တာပို့ ပါတယ်” ဟု ပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဒေသခံ ၂၀၀ ၀န်း ကျင်ခန့် တက်ရောက်ခဲ့ကြသည်။
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သော ရက်စွဲများ
၂၀၀၆ ခုနှစ် - မြစ်ဆုံစီမံကိန်းများ လုပ်ဆောင်ရန်အတွက် တရုတ်အစိုးရက မြန်မာအစိုးရ နှင့် စတင်ဆွေးနွေးမှု ပြုလုပ်။
၂၀၀၆ ခုနှစ် ဒီဇင်ဘာ - မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအပါအ၀င် မေခ၊ မလိခ မြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းများ ဆိုင်ရာ နားလည်မှု စာချွန်လွှာ(MoU) ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလအတွင်းက အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ China Power Investment Corporation(CPI) တို့ ချုပ်ဆို။ တည်ဆောက်မည့် စီမံကိန်းများမှာ မြစ်ဆုံ၊ ချီဖွေ၊ ချီဖွေငယ်၊ ၀ူဆောက်၊ ခေါင်လန်ဖူး၊ ယီနန်၊ ပီဇော၊ လိုင်ဇာတို့ ဖြစ်ကြပြီး စုစုပေါင်း စက်တပ်ဆင်အား မဂ္ဂါဝပ် ၁၈၄၉၉ မဂ္ဂါဝပ်ဖြစ်ကြောင်းနှင့် ၁၅ နှစ်အတွင်း အပြီးတည်ဆောက်ရန် လျာထားခဲ့။
၂၀၀၉ ခုနှစ် ဒီဇင်ဘာ- မြစ်ဆုံ စီမံကိန်းများကို စတင်လိုက်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့်ထုတ်ပြန်။ စီမံကိန်းများကို အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် တရုတ်စွမ်းအင် ကုမ္ပဏီ (CPI))တို့ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ပြီး အေးရှားဝေါလ် ကုမ္ပဏီက စီမံကိန်း လည်ပတ်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်။
၂၀၀၉ ဒီဇင်ဘာ ၂၁ - စီမံကိန်း စတင်ခြင်း အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တန်ဖဲရွာ အနီး မေခ-မလိခမြစ်ဆုံ အောက်ဘက်တွင် ပြုလုပ်ခဲ့။
၂၀၁၀ နိုဝင်ဘာ - မြစ်ဆုံဒေသ၌ ဧရာဝတီမြစ်အား ရေကြောင်းလွှဲရန် မြေသားပြုပြင် ဖောက်လုပ်ခြင်း ပြုလုပ်။
၂၀၁၁ မေ - တရုတ်နိုင်ငံတွင် ဒေါ်လာဘီလျံ ၄၀ ကျော် အကုန်အကျခံပြီး တည်ဆောက်ခဲ့သော ကမ္ဘာ့ အကြီးဆုံး ဆည်ဖြစ်သည့် မြစ်ကျဉ်းသုံးသွယ် (Three Gorges) ဆည်သည် လူဦးရေ ၁ ဒသမ ၃ သန်းကျော်ကို နေရာရွှေ့ပြောင်း ပေးခဲ့ရပြီး သဘာဝ ပတ်ဝန်းကျင် ပြဿနာများကို ဖြစ်ပေါ်စေခဲ့ကြောင်း တရုတ်အစိုးရက ပထမဆုံး ၀န်ခံပြောကြား။
၂၀၁၁ ခုနှစ် ဇွန်လ ၁၈ - အရေးကြီးသည့် ရေအားလျှပ်စစ် စီမံကိန်းကို ကာကွယ်စောင့်ရှောက် လိုသော ရည်မှန်းချက် တစ်ခုတည်းဖြင့် မိမိတပ်မတော်သားများနှင့် KIA အဖွဲ့အကြား တိုက်ပွဲများဖြစ်ပွား နေရခြင်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ။
၂၀၁၁ ခုနှစ် သြဂုတ် ၉ - နိုင်ငံပိုင် သတင်းစာများ၌ လျှပ်စစ်ဝန်ထမ်း တစ်ဦးရေးသားသော ထာဝရ အမွေအနှစ်၊ မွန်မြတ်သည့် စေတနာဆောင်းပါးကို ဖော်ပြခဲ့။ မြစ်ဆုံနှင့် ပတ်သက်ပြီးရေးသားခဲ့ခြင်း ဖြစ်ကာ ဆောင်းပါးတွင် အချို့ပုဂ္ဂိုလ်/အဖွဲ့အစည်းများ အနေဖြင့် ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ဧရာဝတီမြစ်ဆုံ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်၍ နိုင်ငံတကာနှင့်ပြည်တွင်းရှိ ပြည်သူလူထု အထင်မှားအမြင်မှားဖြစ်စေရန် မဟုတ်မမှန် ဖန်တီးလုပ်ကြံ၍ ရေးသားလုပ်ဆောင်လျက် ရှိကြသည်ဟု တုံ့ပြန်။ ထိုတုံ့ပြန်ချက်ကို ၀ါရင့်သတင်းစာ ဆရာကြီး လူထုဦးစိန်ဝင်းနှင့် Eleven Media Group တို့မှ တရားဝင် အတိအလင်းဝေဖန် ပြောဆိုခဲ့။ ထိုသို့ အတိအလင်း ဝေဖန် ပြောဆိုခဲ့ခြင်းသည် နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း အစိုးရ သတင်းစာ၏ ပေါ်လစီဆောင်းပါးကို ပုဂ္ဂလိကပိုင် ဂျာနယ်ပုံနှိပ် စာမျက်နှာမှတစ်ဆင့် ပထမဆုံး ဝေဖန်ပြောဆိုသည့် အကြောင်းအရာ အဖြစ် မှတ်တမ်းဝင်ခဲ့။
၂၀၁၁ ခုနှစ် သြဂုတ် ၁၂ - အစိုးရသစ် လက်ထက်တွင် ပထမဆုံးပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက မြစ်ဆုံစီမံကိန်းများ ဆက်လုပ်၊ မလုပ် ကိစ္စကိုအမျိုးသား အကျိုးစီးပွားအတွက် အစစအရာရာ ချိန်ထိုးပြီး ဆောင်ရွက်မည်ဟု ပြောကြားခဲ့။
၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၁ - နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာန၀န်ကြီးရုံးတွင် ပြုလုပ်ခဲ့သော မီဒီယာ တွေ့ဆုံပွဲတွင် အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက မည်သည့် ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်းနှင့် ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း မီဒီယာများကို ပြန်လည်ဖြေကြားခဲ့။
ဦးဇော်မင်း၏ ပြောကြားချက်များကိုလည်း Eleven Media Group အပါအ၀င် အခြားသော နယ်ပယ်အသီးသီးမှ ထင်ရှားသူများ၊ ပညာရှင်များက ပုံနှိပ်စာမျက်နှာများ၊ အင်တာနက် စာမျက်နှာများမှ တစ်ဆင့်တရားဝင်အဖြစ် ပြန်လည်ဝေဖန် ပြောဆိုခဲ့ကြသည့် ပြည်သူလူထု အကြား၌ ဝေဖန်ပြောဆိုမှုများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့။
ထိုသို့ ဝေဖန်ရာ၌ မြစ်ဆုံ အရေးကိစ္စသည်- (၁) သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ် တစ်ခုတည်းကြောင့် မဟုတ်၊ (၂) နိုင်ငံရေးပြဿနာ တစ်ခုတည်းကြောင့် မဟုတ်၊ (၃)အမျိုးသားရေး ပြဿနာ ဖြစ်ခြင်းကြောင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် နိုင်ငံအကျိုး၊ ပြည်သူ အကျိုးအတွက် မြစ်ဆုံကိစ္စရပ်ကို တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းပေးရန် စသော အချက်များကို အဓိကထားပြီး ပြောဆိုလာခဲ့။
၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၀ - Save the Irrawaddy ဟောပြောပွဲကို ရန်ကုန်မြို့၌ ပြုလုပ်ခဲ့၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ကိုတာ၊ ဒေါက်တာထွန်းလွင်နှင့် ကိုမြင့်ဇော်တို့မှ ဟောပြောဆွေးနွေးခဲ့ပြီး ထင်ရှားသော လှုပ်ရှားမှုတစ်ရပ် ဖြစ်ခဲ့။
၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၅ - မြစ်ဆုံ စီမံကိန်းအပေါ် ဂျာနယ်များ၏ ရေးသားမှုသည် နိုင်ငံရေးအရ သွေးရိုးသားရိုး မဟုတ်ကြောင်းနှင့် လာရောက်လေ့လာသင့်ပြီး ပညာရှင်ကို ပညာရှင်ချင်း၊ ဓားကို ဓားချင်း၊ တုတ်ကို တုတ်ချင်း ဖြေရှင်းသင့်ကြောင်း ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဝင်းက မဇ္ဈိမသတင်းဌာနသို့ ပြောကြားခဲ့။
၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၇ - ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝပတ်ဝန်းကျင် အပေါ်သက်ရောက်မှု အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်ရှိ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၌ ပြုလုပ်။ ဆွေးနွေးပွဲသို့ ဒေါက်တာထင်လှ(ဥက္ကဋ္ဌ၊ BANCA)၊ Mr. Li Guan Ghua(President, CPIYN) ၊ ဦးထွန်းနိုင်အောင်(ဥက္ကဋ္ဌ၊ KKS Group of Companies)၊ ဦးလှမောင်သိန်း (ညွှန်ကြားရေးမှူး၊ ပတ်ဝန်းကျင် ထိန်းသိန်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန)နှင့် ဦးကိုကို (ညွှန်ကြားရေးမှူး၊ ပို့ဆောင်ရေး ၀န်ကြီးဌာန)တို့ စာတမ်းဖတ်ကြားခဲ့။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့။
၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ - ဧရာဝတီမြစ်ဆုံနှင့် အထက်ဘက် မေခ-မလိခမြစ်ဝှမ်းတွင် ရေအားလျှပ်စစ်စီမံကိန်း ရှစ်ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည်ဖော်မှု ၁၀ ရာခိုင်နှုန်း ပြီးစီးနေပြီး ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းမှာ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဟု အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိက၀တ်များနှင့် တာဝန် ခံချက်များ ကော်မတီ အတွင်းရေးမှူး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနောင်က လွှတ်တော်၌ ဖတ်ကြားခဲ့။
၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၄ - သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဟောပြောပွဲကို ရန်ကုန်မြို့၌ပြုလုပ်။ ဒေါက်တာထွန်းလွင်၊ ဒူဝါဇောင်ဂမ်၊ ဦးအုန်း၊ Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်၊ ဦးဝင်းမျိုးသူ (မန်နေးဂျင်း ဒါရိုက်တာ Eco Dev) တို့က မြစ်ဆုံအရေးနှင့် ပတ်သက်ပြီး အချက်အလက်များဖြင့် ထောက်ပြပြောဆိုခဲ့။
၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၈- မြစ်ဆုံစီမံကိန်း တည်ဆောက်မှုနှင့် ပတ်သက်ပြီး လုပ်ဆောင်နေသော စီမံကိန်းဓာတ်ပုံများကို Eleven Media Group ၀က်ဘ်ဆိုက်စာမျက်နှာ၌ ဖော်ပြ။
၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ - နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံစီမံကိန်းကို မိမိတို့ အစိုးရ လက်ထက်တွင် ယာယီရပ်ဆိုင်းထားရန် လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ အစိုးရ၏ အတိုက်အခံများ၊ သတင်းမီဒီယာများနှင့် ပြည်သူလူထုများက သမ္မတ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့။ ထို့အပြင် အဆိုပါ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ကြိုဆိုခဲ့ပြီး အမေရိကန်နိုင်ငံ အပါအ၀င် ဥရောပသမဂ္ဂမှလည်း သမ္မတ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခဲ့မှုမှာ အစိုးရနှင့် ပြည်သူအကြား နှစ်ပေါင်း ၅၀ ကြာ အတားအဆီးဖြစ်ခဲ့သော နံရံများကို ဖြိုချနိုင်ခဲ့ခြင်းအဖြစ် သတ်မှတ်ခဲ့ပြီး အမျိုးသားညီညွတ်ရေး၏ သင်္ကေတတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့။
၂၀၁၁ ခုနှစ် အောက်တိုဘာ ၁ - အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန်ဖိုးရှိ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးရန် တရုတ်နိုင်ငံခြားရေး ၀န်ကြီးတောင်းဆို။
၂၀၁၁ ခုနှစ် အောက်တိုဘာ ၃ - မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့် အခြေအနေများသို့ ဦးတည်သွားနိုင်ကြောင်း တရုတ်စွမ်းအင်ကုမ္ပဏီ(CPI)ဥက္ကဋ္ဌ လူကျိရှိုက ဆင်ဟွာ သတင်းဋ္ဌာနသို့ ဖြေကြားရင်း ခြိမ်းခြောက်မှုပြုလုပ်ခဲ့။
၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၀ - မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှုနှင့်ပတ်သက်ပြီး မြန်မာနှင့်တရုတ် ညှိနှိုင်းဆောင်ရွက် သွားရန် နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီးများ သဘောတူညီခဲ့။
၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၀- ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် တရုတ်နိုင်ငံ ၀န်ကြီးချုပ်ဝမ်ကျားပေါင်တို့ နန်နင်းမြို့၌ တွေ့ဆုံခဲ့ပြီး မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သော ကွဲလွဲချက်များက နှစ်နိုင်ငံဆက်ဆံရေးကို မထိခိုက်စေနိုင်ကြောင်း တရုတ်မီဒီယာများက ဖော်ပြခဲ့။
၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၃၀ - မြစ်ရေတင်စီမံကိန်းများ၊ ရေလှောင်တမံ၊ ရေလွှဲကန်စီမံကိန်းများကို ကျပ်သန်းပေါင်းများစွာ အကုန်ကျခံ တည်ဆောက်ထားသော်လည်း လျာထားချက်အတိုင်း အမှန်တကယ် ရေပေးဝေနိုင်မှု မရှိသောကြောင့် စီမံကိန်းအသစ်များ ထပ်မံတည်ဆောက်ခြင်းကို ရန်တန့်ထားရန် ပြည်သူ့ လွှတ်တော်မှ သဘောတူ။
ကျေးဇူးပဲ့တင်သံ အခမ်းအနားသို့ တက်ရောက်ခဲ့သူ တချို့၏ ပြောစကားများ
ကျွန်တော့် စိတ်ခံစားချက်ကတော့ ဒီပွဲလေးကိုတက်ရတာ သိပ်ကောင်းတာပဲဗျာ။ ပထမဆုံး အခမ်းအနား စဖွင့်တော့ပြောတဲ့ အရောင်စုံတဲ့ တိုင်းရင်းသားတွေ ဆိုတာကိုပါ။ အဲဒါကို သဘောကျတယ်။ အခု ရောင်စုံ တိုင်းရင်းသားရောင်စုံ အဖွဲ့အစည်းအမျိုးမျိုးပေါ့ဗျာ။ ၈၈ လည်းပါတယ်။ ပညာရှင်လည်း ပါတယ်။ ကျွန်တော်တို့ အနုပညာသမားလည်း ပါတယ်။ ရွာသူရွာသားလည်း ပါတယ်။ NGO တွေလည်းပါတယ်။ အဲဒီလိုအရောင်လည်း စုံတယ်။ အသွေးလည်းစုံတယ်။ ပညာရောင်စုံ အတွေးအခေါ်ရောင်စုံ ရှိတယ်။ အဲဒါတွေ အကုန်လုံးက ဒီမှာစုစုစည်းစည်းသန္ဓိဌာန်ချတဲ့ စကားလေးတွေကြားရတော့ တအားဝမ်းသာတယ်။ မနေ့က တစ်နေကုန်ဟာ တကယ်ကိုတန်ဖိုးရှိတဲ့ နေ့တစ်နေ့ပါ။ လာတဲ့သူတွေ အားလုံးက မြစ်ဆုံကြီးရပ်လိုက်ပြီဆိုပြီး စိတ်ချလက်ချဝမ်းသာပြီး ကြွေးကြော်နေတဲ့ သူတွေမဟုတ်ဘဲနဲ့ အားလုံးက မြစ်ဆုံကြီး လောလောဆယ် ခေတ္တရပ်လိုက်တာ ကျေးဇူးတင်တယ်။ လုပ်ရမယ်ဆိုရင် နောက်ထပ် ထပ်ပြီးကိုယ့်ဘက်က ဆက်လုပ်ရမှာတွေ ကတိတွေ သန္ဓိဌာန်တွေ မျှော်မှန်းတာတွေ အဲဒီမျှော်မှန်းချက်တွေနဲ့ လုပ်စရာတွေကို ကတိပေးတဲ့ ပွဲလေးတစ်ပွဲလို့ ခံစားရပါတယ်။
ဆရာအော်ပီကျယ်
ကချင်တိုင်းရင်းသား တစ်ယောက်အနေနဲ့ ကျွန်တော်တို့ဆီမှာ ဒီလိုတွေ ကြောက်နေရတာ မဖြစ်ချင်တော့ဘူး။ ဘာကိုကြောက်မှန်းမသိ ကြောက်နေရတာ။ ကျွန်တော်မှာ သမီးနှစ်ယောက်နဲ့ မိန်းမရှိတယ်။ ကိုယ့်အတွက် စိတ်ပူတာထက် မိသားစုအန္တရာယ်ရှိမှာ ကြောက်တယ်။ အခုဘာ အလုပ်မှမရှိဘူး။ နေစရာရှိပေမယ့် စားစရာမရှိလို့ ကိုယ့်နေရာကိုပဲ ပြန်ချင်တယ်။
မလိဇွပ်ရွာသားတစ်ဦး
ဒီကိုလာခွင့်မပေးဘူး။ ပြောင်းနေရတဲ့ နေရာကလည်း ကျဉ်းကျဉ်းလေးရယ်။ ငါပေးလိုက်ရတာ လိမ္မော်ခြံတွေ။ အခုသားသမီးတွေကို ပေးစရာ ဘာမှမကျန်တော့ဘူး။ ငါတို့ ဘာမှအပြစ်လုပ်တာလည်း မရှိဘဲနဲ့ လုပ်ကိုင် စားလို့ မရတော့တဲ့ အခြေအနေထိ ရောက်သွားရတာ။ ဒီနေရာမှာပြန်နေလို့ ရရင်ပြန်ချင်တယ်။ ဒီနှစ်ဆို တောင်ယာလည်း မစိုက်လိုက်ရဘူး။
တန်ဖဲကျေးရွာမှ အသက်(၆၀)၀န်းကျင်အမျိုးသမီးကြီးတစ်ဦး
ငါးနှစ်အတွက် ဆိုတာထက် တစ်သက်လုံးအတွက် သေချာစေချင်တယ်။ ကိုမင်းကိုနိုင် ပြောသလိုပဲ နှာခေါင်းမြုပ်တဲ့အထိ ဒီနေရာကိုကာကွယ်သွားရပါမယ်။ ဒီပွဲမှာလာပြီးပြောသွားတဲ့ ဆရာတွေရဲ့ စကားကြောင့် ကိုယ်လုပ်ရမယ့် အလုပ်ကိုပိုပြီး သိလာတယ်။
တန်ဖဲကျေးရွာသား လူငယ်တစ်ဦး
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment