ဗိုလ်ချုပ်မိန့်ခွန်း...(၁)
အထူးသဖြင့် ကျနော်တို့ တိုင်းပြည်မှာ ဒီဖက်ဆစ်ဝါဒမျိုး လုံးဝမရှိနိုင်အောင် လုပ်ရမယ်။ အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်း မုန်းတီးရေးဝါဒ၊ ဂျပန်ပြည်မှာလို စစ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ စစ်ဖက်အာဏာရှင်စနစ်၊ သက်ဦးဆံပိုင် ရှင်ဘုရင်စနစ်၊ အဲဒီဝါဒမျိုး အငယ်စားဖြစ်တဲ့ ပဒေသရာဇ် မြို့စား ရွာစားဝါဒ၊ အထက်ကသာခန့်ထားပြီး တိုင်းသူပြည်သား ဆန္ဒအရ မဟုတ်ဘဲ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုး ရှိနေရင် အများပြည်သူတို့ဆန္ဒနဲ့ လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူယိုးမှားတွေ ပေါ်လာနိုင်တယ်။ ဒီ ၀ါဒမျိုးပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေး ဆိုတာကို မရနိုင်တော့ဘူး။
ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ ဒီဝါ ဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲဒါကြောင့် ဒီဝါဒကိုသာ ကျနော်တို့ ရည်ရွယ်ရမယ်။ နောက် လွတ်လပ်စွာ ဖော်ပြခွင့်၊ စည်းရုံးခွင့်၊ အစည်းအဝေးခေါ်ခွင့်နှင့် စီတန်းလမ်းလျှောက်ခွင့်၊ လွတ်လပ်စွာ တွေးတောခွင့်နှင့် ကိုးကွယ်လိုရာဘာသာ ကိုးကွယ်ခွင့်၊ တရားနှင့်မညီသော အဖမ်းအဆီး အချုပ်အနှောင်မှ ကင်းလွတ်ခွင့်၊ ကိုယ်ရေးလွတ်လပ်ခွင့်၊ ကိုယ့်အိမ် ကိုယ့်ယာနှင့် နေထိုင်ခြင်းကို မတရားသဖြင့် နှောင့်ယှက်ခြင်းမှ ကင်းလွတ်ခွင့်၊ လူတိုင်း ပညာသင်ကြားနိုင်ခွင့်၊ အခမဲ့ ဆေးဝါးအကူအညီ ရရှိခွင့်၊ မတရားသဖြင့် စီးပွားချုပ်ချယ်မှုများမှ လွတ်ငြိမ်းချမ်းသာခွင့်၊ အလုပ်သမား လယ်သများများရဲ့ အနည်းဆုံးအခွင့်အရေးများကို အစိုးရက စောင့်ရှောက်ပေးခြင်း၊ တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်ဓလေ့ ကိုယ့်ယဉ်ကျေးမှုအတိုင်း ဆောင်ရွက်နိုင်ခွင့်၊ အိုစာနာစာ အထိအခိုက် လျော်ကြေး ရန်ပုံငွေ အစရှိသည်တို့ကို အစိုးရကထားပြီး အိုမင်း၍လည်းကောင်း၊ ဖျားနာ၍လည်းကောင်း၊ ထိခိုက်နာကျင်၍လည်းကောင်း၊ အလုပ်လုပ်ချင်သော်လည်း အလုပ်မရနိုင်၍လည်းကောင်း၊ အသက်မွေးဝမ်းကျောင်း မပြုနိုင်စွမ်း ရှိသူများသည် အစိုးရ၏ အထောက်အပံ့ကို ရရှိခွင့်နှင့် ဒီမိုကရေစီ အခွင့်အရေးမျိုးတွေလည်း ရှိရမယ်။ (၁၉၄၅ ခုနှစ်၊ သြဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ အစည်းအဝေးတွင် မြွက်ကြားသည့် မိန့်ခွန်း)
ဗိုလ်ချုပ်မိန့်ခွန်း...(၂)
တော်လှန်ရေးဆိုတာ လူထုက လူထုရဲ့ကံကြမ္မာကို အခြေခံကနေပြီး ဖန်တီးရာမှာ ဘယ်လိုပဲဖြစ်ဖြစ်ဆိုပြီး လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်း ဖြစ်တယ်။ ရာဇ၀င်ကြောင်းအရ မလွှဲမရှောင်သာလို့လည်း လိုတယ်။ ဖြစ်ပျက်ပေါ်ပေါက်နေတဲ့ ရာဇ၀င်အခြေအနေ အချက်အလက်တွေနဲ့ အခြားတစ်လမ်းဖြစ်တဲ့ အခြောက်တိုက်စိတ်ကူး စီမံကိန်းမျိုးနဲ့တော့ မဖြစ်နိုင်ဘူး။ ပြီးတော့ မျက်စိစုံမှိတ်ပြီး အကန်းလို ရမ်းလို့ မဖြစ်ဘူး။ တစ်ဖက်တွင်သာလုပ်တဲ့အလုပ်၊ အလိုအလျောက် လူထုထကြွမှု၊ ဖျက်ဆီးရုံအလုပ်ကိုလည်း လက်မခံနိုင်ဘူး။ အဲဒါတွေကြောင့် တော်လှန်ရေးဆိုတာ အကြီးကျယ်ဆုံး ပြုပြင်ဖန်တီးတတ်တဲ့ သတ္တိရှိပါတယ်။
တော်လှန်ရေးရဲ့ အခြေခံရည်ရွယ်ချက်ကြီးကတော့ လုပ်စားကိုင်စား လူထုကြီးလွတ်လပ်မှု ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ်ကတော့ လူထုပါဝင်အောင် ဆောင်ရွက်ရေး ဖြစ်ပါတယ်။ တော်လှန်ရေးအောင်မြင်မှု အခြေခံကတော့ လူထုကြီးရဲ့ နိုးကြားထကြွမှု တနည်းအားဖြင့် လူထုကြီးအား ဘယ်အထိ ဖွဲ့ဖွဲ့စည်းစည်းရှိလို့ ဘယ်အထိ မိမိရဲ့တာဝန်နဲ့ တန်ခိုးအာဏာကို သိရှိနားလည် နိုးကြားသလဲဆိုတဲ့ အပေါ်မှာ တည်ပါတယ်။
ကျနော်တို့ အခုလုပ်နေတာတွေ အားလုံးတွေဟာ ဘာကိုလုပ်နေတာလဲ၊ ကျုပ်တို့တိုင်းပြည်ကြီးကို တော်လှန်ပြောင်းလဲနေကြတာပဲ မဟုတ်လား။ အဲဒီလို တော်လှန်ပြောင်းလဲနေတဲ့အခါ ကြမ်းသင့်အခါလည်း ကြမ်းခဲ့တယ်။ ကြမ်းစရာလိုသေးရင်လည်း ကြမ်းရအုံးမှာပဲ။ အမိဝမ်းက ဖွားမြင်လာတဲ့ကလေးဟာ မမွေးခင် ပဋိသန္ဓေတည်ရတယ်။ နေ့ရက်စေ့မှ မွေးဖွားရတယ်။ အဲဒီမတိုင်မီ မွေးဖွားရင် သေရင်လည်း သေမယ်။ လျှောရင်လည်း လျှောမယ်။ ချည့်နဲ့ရင်လည်း ချည့်နဲ့မယ်။ အင်မတန်ကောင်းခဲတယ်။ ပြီးတော့ မွေးဖွားတဲ့အခါမှာလည်း ပြင်းပြင်းထန်ထန်နဲ့ ဖွားရတာရှိတယ်။ သက်သက်သာသာနဲ့ ဖွားရတာရှိတယ်။ အမေ၊ အဖေရဲ့ ကျန်းမာရေး၊ လက်သည်လုပ်တဲ့သူ ကျင်လည်မှု အစရှိတဲ့ အခြေအနေတွေအရ ဖြစ်တာပဲ။
(၁၉၄၇ ခုနှစ်၊ မေလ (၁၉) ရက် ဖဆပလ ပဏာမ ပြင်ဆင်မှုညီလာခံ မိန့်ခွန်းကောက်နှုတ်ချက်)
ဗိုလ်ချုပ်မိန့်ခွန်း...(၃)
အရေးကြီးတာက ကိုယ်က တစ်ကွက်စားပြီး တဖက်လူက နှစ်ကွက်စားမှာကို သတိပြုရမယ်... ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တရားသဖြင့် တောင်းဆိုခြင်းကို လမ်းကုန်အောင် ဆောင်ရွက်ရလိမ့်မယ်။ ယခုလို တရားသဖြင့် တောင်းဆိုချက်တွေကို မရရင် ဘာလုပ်မယ်ဆိုတာတွေလည်း ဖဆပလ ဥက္ကဋ္ဌ မိန့်ခွန်းမှာ ဖြေရှင်းပြခဲ့ပြီးဖြစ်တယ်။ လွတ်လပ်ရေးတိုက်ပွဲ အထိ ရောက်ချင်မှ ရောက်လိမ့်မယ်။ သို့ပေမယ့် ပြင်ဆင်ထားရမယ်။ လွတ်လပ်ရေးဆိုတာဟာ ချက်ချင်း ရချင်မှရတာ။ ကျုပ်တို့ လိုလားချက်ဟာ တရားသဖြင့် နည်းနဲ့ ရချင်မှရမယ်လို့ သံသယရှိတယ်။ အဲဒီကိစ္စတွေဟာ တိုင်းပြည်တွင်လား မဟုတ်ဘူး။ ဗြိတိသျှအစိုးရ အပေါ်မှာလည်း တာဝန်ရှိတယ်။ ဗြိတိသျှအစိုးရဟာ သူတို့နယ်အတွင်းရှိ တိုင်းပြည်များ ဆူပူခြင်းကို မလိုဘူးဆိုပေမယ့် သူတို့ ဒီလို လုပ်နေရင် မပေါ်သင့်ပဲနဲ့ ဆူပူမှုတွေ ပေါ်လာလိမ့်မယ်။ ကျုပ်တို့ကလည်း လွတ်လပ်ရေးတိုက်ပွဲ မဆင်နွှဲပဲနဲ့ ပြီးမြောက်သွားလိုပေမယ့် ကျုပ်တို့ တစ်ဖက်တည်းအပေါ်မှာ တည်နေတာ မဟုတ်ဘူး။
တိုင်းပြည်က နားလည်ထားသင့်တာက တိုက်ပွဲဆိုတာက ပရိယာယ်အကြီး၊ ပရိယာယ်အသေး ဆိုတာတွေနဲ့ သူ့နေရာနဲ့သူ တိုက်ရတယ်။ နောက်ဆုတ်သင့်ဆုတ် ရှေ့တိုးသင့်တိုး အခြေအနေကြည့်ကာ ပရိယာယ်သုံးသွားရတယ်။ ကျုပ်တို့ တိုင်းသူပြည်သားများကို ယုံကြည်ပါတယ်။ အခုပြောရင် အခုလုပ်ကြမယ်ဆိုတာ သိရပေမယ့် လွတ်လပ်ရေးတိုက်ပွဲအထိ မရောက်စေပဲ တိုက်ပွဲကလေးများနဲ့ပင် လိုရာရောက်အောင် တိုင်းပြည်အခြေအနေကို ကြည့်ပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ၁၃၀၀ ပြည့်နှစ်က ကျောင်းသား၊ အလုပ်သမား၊ ရေနံမြေ သပိတ်တွေမှောက်ပြီး တိုက်ကြတုန်းမှာ ဆေးလိပ်ခုံတွေကပါ ရောပြီး သပိတ်မှောက်ကြတယ်။ အမှန်မှာ နယ်ချဲ့စနစ်ထဲက သူသျှိုတွေက သပိတ်တွေများပြီး ထမင်းမကျွေးနိုင်ပဲ ကစဥ့်ကလျားဖြစ်အောင် လုပ်တဲ့စနစ်ပဲ။ ကျုပ်က ဆူကြပါဆိုရင် ဆူကြမှာပဲဆိုတာ ယုံကြည်ပါတယ်။
အချို့လူတွေက ကျုပ်တို့ကို သမရိုးကျစနစ်ဖြစ်တဲ့ အာဏာဖီဆန်ရေး၊ စင်ပြိုင်အစိုးရ တည်ထောင်ရေးတွေကိုသာ တိုက်တွန်းချင်ကြတယ်။ တိုင်းပြည် အခြေအနေကို ကြည့်ပြီး ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်ရမယ့်အချိန်မှာ ခွက်စောင်းခုတ်ဝါဒတွေ ပေါ်လာတာ တွေ့ရတယ်။ ဒီဟာက တိုင်းပြည်အားနည်းအောင် လုပ်တဲ့နည်းဖြစ်တဲ့အတွက် တနည်းနည်းနဲ့ ကာကွယ်ရမယ်။ ပရိယာယ် အသေးစိတ်ကို အသုံးပြုပြိး ဗဟိုဌာနက လတ်တလော ပြောင်းလဲသင့်က ပြောင်းလဲရလိမ့်မယ်။ ခေါင်းဆောင်တွေဟာ လူတိုင်း ကောင်းနိုင်လိမ့်မယ်လို့ မဆိုနိုင်ဘူး။ အဲဒါကိုပဲ တဆိတ်ရှိ ဝေဖန်ရတာနဲ့ အပြစ်ပြောရတာနဲ့ အချိန်ကုန်နေတာပဲ။
အရေးကြီးတာက ဒါဟာ ကိုယ်က တစ်ကွက်စားပြီး တဖက်လူက နှစ်ကွက်စားမှာကို သတိပြုရမယ်။
(၁၉၄၆ ခု ဇွန်လ ၇ ရက်နေ့တွင် ကန်တော်မင်ပန်းခြံ၌ လူထုဆန္ဒပြ ကန့်ကွက်ပွဲ အစည်းအဝေးမှ ကောက်နှုတ်ချက်)
ဗိုလ်ချုပ်မိန့်ခွန်း...(၄)...
ကျနော်တို့ကလည်းဘဲ လွတ်လပ်ရေးကို အေးအေးချမ်းချမ်းရနိုင်အောင် ကျနော်တို့ ကြိုးစားမယ်။ အဲဒီလိုကြိုးစားမယ်ဆိုပြီးတော့ ကျနော်တို့ လုပ်နေတယ်။ ဒီလိုလုပ်နေတဲ့အတိုင်း ကျနော်တို့လုပ်တဲ့ လုပ်ငန်းဟာ အောင်မြင်သလား မအောင်မြင်ဘူးလားဆိုတာ ယခုနေအခါ ဘယ်သူမှ မပြောနိုင်သေးဘူး။ ဘာဖြစ်လို့လည်းဆိုရင် အချိန်တွေလိုပါသေးတယ်။ ကျနော်တို့ လုပ်နေတဲ့လုပ်ငန်းတွေဟာ မပြီးသေးဘူး။ ပြီးလာတဲ့တစ်နေ့ ခင်ဗျားတို့ မြင်လာတဲ့တစ်နေ့မှာ ကျနော်တို့လုပ်ငန်းတွေဟာ အောင်မြင်သလား၊ မအောင်မြင်ဘူးလား ဆိုတာ ခင်ဗျားတို့မြင်နိုင်မှာပဲ။
အဲဒီလိုမြင်လာတဲ့အခါမှာ ဖဆပလအဖွဲ့ချုပ်ဟာ ဘယ်လိုအဖွဲ့ချုပ်မျိုးလဲ၊ အလုပ်လုပ်တဲ့နေရာမျိုးမှာ ဘယ်လိုထိရောက်အောင် လုပ်နိုင်သလဲဆိုတာ ခင်ဗျားတို့ မြင်လာမယ်။ အဲဒီတော့ အခုနေအခါမှာ ကျနော် ဘာမှ သိပ်ကြီးကြီးကျယ်ကျယ် ပြောနေဖို့မလိုပါဘူး။ အဲဒီတော့ ဖဆပလအဖွဲ့ချုပ်က ဘာမှ သွေဖီပြီးတော့ လုပ်နေတာ မရှိပါဘူး။ ဒီလွတ်လပ်ရေးရအောင် ဆိုပြီး လုပ်နေတာပဲ။ သို့သော်လည်းပဲ အဲဒီလို လွတ်လပ်ရေးရအောင် ကျုပ်တို့လုပ်နေတဲ့နေရာမှာ အလွယ်ဆုံး၊ အကောင်းဆုံး၊ အအေးဆုံးနည်းကို ရှာတယ်။ အဲဒီလို ရှာတာကို ကျုပ်တို့ကို ဘာအပြစ်ပြောစရာ ခင်ဗျားတို့ရှိသလဲ။ ဘယ်သူတွေက ဘာဖြစ်လို့ ကျုပ်တို့ကို အပြစ်တင်နေရသလဲ။
အဲဒီတော့ ခင်ဗျားတို့ သေသေချာချာ သတိထား ကြည့်စေချင်တာက ဒီ ဖဆပလအဖွဲ့ချုပ်ဟာ ဘယ်လို ဖဆပလအဖွဲ့ချုပ်လည်းဆိုတာ ရာဇ၀င်နဲ့ ပြန်ကြည့်စေချင်တယ်။ လူတွေကိုလည်း ရာဇ၀င်နဲ့ ပြန်ကြည့်စေချင်တယ်။ ကျနော်တို့ ဗမာပြည်မှာ ပေါ်ခဲ့တဲ့ နိုင်ငံရေးအဖွဲ့တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေအားလုံး တစ်ယောက်စီ၊ တစ်ယောက်စီ ခင်ဗျားတို့ စိတ်ကူးထဲမှာ မာတိကာစဉ်ပြီး စဉ်စားကြည့်ပါ။ ဘယ်လိုလူစားတွေလဲ။ ဘယ်လိုအဖွဲ့တွေလဲ ဆိုတာ အဲဒီအခါမှာ အဖြေထွက်လာမယ်။ ယခုအခါမှာ ကျနော်တို့က အစိုးရလုပ်နေတဲ့ အချိန်အခါမျိုးဖြစ်တယ်။ သို့သော်လည်းပဲ ကျနော်တို့ အစိုးရလုပ်နေတဲ့ အချိန်အခါမျိုးမှာဆိုရင် အတိုက်အခံဆိုတာ ရှိစမြဲပါပဲ။
ဘုရားလက်ထက်က ဘုရားကိုယ်တိုင် အတိုက်အခံနဲ့ မကင်းလို့ရှိရင် ကျနော်တို့လည်း မလွတ်ကင်းနိုင်ဘူး။ အဲဒီလို အတိုက်အခံနဲ့ မကင်းတဲ့အပြင် တပ်ပျက်ဗိုလ် လုပ်ရတဲ့ အခြေအနေမျိုးဖြစ်တယ်။ သို့သော်လည်းပဲ တိုင်းပြည်အပေါ်မှာ စေတနာရှင်းရှင်းထားပြီးတော့ တဆင့်ထက်တဆင့် ကျနော်တို့ လုပ်လာတဲ့လုပ်ငန်းဟာ တိုးတက်သလား မတိုးတက်ဘူးလားဆိုတာ ခင်ဗျားတို့ ပြန်ကြည့်ပါ။
ဒီတော့ကာ လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို ကျနော်ပြောမယ်။ လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင် မြေက မပေါက်နိုင်ဘူးဆိုတာ ခင်ဗျားတို့ကို ကျနော်ရှင်းခဲ့ချင်တယ်။ ဘာဖြစ်လို့လည်းဆိုရင် ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေးရတော့မယ်ဆိုလို့ရှိရင် စိတ်ကူးက ဘယ်လို စိတ်ကူးကြသလဲဆိုလို့ရှိရင် ပဒေသာပင်ကြီး ချက်ချင်း နေ့ချင်းညချင်း ပေါက်ကြတော့မလို့ ခင်ဗျားတို့ ထင်ကြတဲ့သူတွေ များကြတယ်။ တချို့က ဟာ . . . လွတ်လပ်ရေး ရပြီဆိုပြီးတော့ ဘာလုပ်ချင်သလဲဆိုတော့ ကျနော် အရင်တခါတုန်းက တွေ့ခဲ့တယ်။ ဂျပန်ခေတ်တုန်းက ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေး ဘုရားစူးစေ့ ဗမာ့လွတ်လပ်ရေးတုန်းက အဲဒီတုန်းကဆိုလို့ရှိရင် လွတ်လပ်ရေးရပြီ ဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျနော်တွေ့ခဲ့တာ၊ ဘာတွေ့သလဲဆိုရင် လမ်းမပေါ်မှာ ထွက်ပြီး ဆေးတွေလှန်းတယ်။ အဲဒီတော့ လမ်းသွားလမ်းလာလုပ်တဲ့သူတွေ အတော်ဂွကျတယ်။ အဲဒါဟာ လွတ်လပ်ရေးမဟုတ်ဘူး။ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေးဆိုတာဟာ ကိုယ့်တစ်ဦးတစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ တမျိုးသားလုံး ကောင်းစားဖို့ဖြစ်စေ၊ လုပ်တဲ့နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ပဲနဲ့၊ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ပဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ။
ဒီတော့ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ဟာ စည်းမဲ့ကမ်းမဲ့သဘောမျိုး မဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ ရှိမှသာလျှင် လွတ်လပ်ရေးဆိုတာ ဖြစ်နိုင်တယ်။ အဲဒီတော့ လွတ်လပ်ရေးဆိုတာကို ကျနော်တို့ ရတဲ့အခါမှလည်း နားလည်ရမှာက ငါတို့ တိုင်းပြည်ဟာ ပိုပြီး စည်းကမ်းရှိဖို့လိုတယ်။ ငါတို့တိုင်းပြည်ဟာ လွတ်လပ်ရေး ရအောင်လည်းပဲ စည်းကမ်းရှိရှိနဲ့ လုပ်ရမယ်။ အဲဒီလိုအားဖြင့် စည်းကမ်းသဘောတွေကို နားလည်ပြီး စည်းနဲ့ကမ်းနဲ့ အလုပ်လုပ်ကြမှ လွတ်လပ်ရေးဆိုတာ တကယ်ရမယ်။
အဲဒီတော့ကာ ခင်ဗျာတို့ဟာ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေး အရသာကို ခံစားစံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်း ရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကို ပြင်ကြဖို့ လိုပြီဆိုတာ ကျနော် ကနေ့ ပြောခဲ့ချင်တယ်။ (၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားခဲ့သော ဗိုလ်ချုပ်၏ နောက်ဆုံးမိန့်ခွန်းမှ)
ဗိုလ်ချုပ်မိန့်ခွန်း...(၅)...
ကျနော်တို့ဟာ တိုင်းပြည်နဲ့ လူထုလွတ်လပ်ရေးကို အမြဲတမ်း သစ္စာမဖောက်ဘဲ လုပ်ပါမယ်ဆိုတဲ့အကြောင်း ပဋိညာဉ်ကတိ ပေးထားပါတယ်။ အဲဒီလို ပဋိညာဉ်ပေးထားတဲ့အတိုင်း ညီညွတ်ရေးအဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ကာ လွတ်လပ်ရေးလုပ်တဲ့ကိစ္စမှာ တတိုင်းတပြည်လုံး သွေးစည်းပြီး စည်းစည်းလုံးလုံး အလုပ်လုပ်မှ ဖြစ်နိုင်မှာမို့ပဲ။ ဒီလိုမလုပ်ရင် ညီညွတ်ရေး မရဘူး။ မရဘူးဆိုလို့ရှိရင် တိုင်းပြည်နဲ့လူမျိုး လွတ်လပ်ရေးဟာ ကျကျနန မဖြစ်နိုင်ဘူး။ မဖြစ်နိုင်လို့ရှိရင် ညီညွတ်ရေးကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်တဲ့သူတွေ၊ ကျနော်တို့ကိုယ်တိုင်က ညီညွတ်ရေးကို ဖြစ်မြောက်အောင် တတ်နိုင်သမျှ ဆောင်ရွက်ခြင်းမရှိရင် ခုန တိုင်းပြည်အတွက် လူမျိုးအတွက် အင်မတန် အသက်စွန့်စားပြီး လုပ်ကိုင်ဆောင်ရွက်သွားကြတဲ့ သူတွေကို သစ္စာဖောက်ရာ မလေးစားရာကျမှာမိုလို့ ဒီညီညွတ်ရေးအဆိုကို ကျနော်တင်သွင်းခြင်း ဖြစ်ပါတယ်။
ခုနေအခါမယ် ဗမာပြည်ဟာ ဘာအလိုဆုံးလဲဆိုလို့ရှိရင် ညီညွတ်ရေးလိုတယ်။ ဘာကြောင့် ညီညွတ်ရေး လိုသလဲ။ ကျနော်တို့ ဗမာပြည်ဟာ အာဏာပိုင် တိုင်းပြုပြည်ပြုလွှတ်တော်ကြီး ခေါ်၍ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော အခြေအနေမျိုး ဆိုက်ရောက်အောင် (၀ါ) လွတ်လပ်ရေးရအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ လွတ်လပ်ရေးဆိုတော့ကာ ကျနော်တို့ လွတ်လပ်တဲ့နိုင်ငံ တည်ထောင်မယ်ဆိုရင် တိုင်းပြုပြည်ပြု လွှတ်တော်ကြီးကို တည်ထောင်ရမယ်။ အဲဒီ တိုင်းပြုပြည်ပြုလွှတ်တော်ကြီးက လွတ်လပ်တဲ့တိုင်းနိုင်ငံ ထူထောင်တဲ့အခါ ကျရင် ဖွဲ့စည်းပုံ ဥပဒေ အစီအစဉ်တွေ စီမံရမယ်။ ဒီတိုင်းပြည်ကြီးကို ဘာစနစ်နဲ့ အုပ်ချုပ်မှာလဲ။ သမ္မတစနစ်နဲ့ အုပ်ချုပ်မလား။ ဘယ်စနစ်နဲ့ အုပ်ချုပ်မလဲ။ ဘယ်လိုတိုင်းပြည်မျိုး ထူထောင်မလဲ။ ဘယ်လိုလုပ်ရမလဲဆိုတာ စီစဉ်ရမယ်။ အဲဒီလို စီစဉ်ပြီးတဲ့အခါကျတော့မှ လွတ်လပ်ရေးလုပ်ငန်းဟာ ပေါ်လာမယ်။
ဒီတော့ကာ ညီညွတ်ရေးဟာ အချိန်အခါအလိုက် ဒီတိုင်းပြည် ဒီလူမျိုးရဲ့ အကျိုးကို အကြီးဆုံးဆောင်ရွက်နိုင်မယ့် လက်နက်ကြီး ဖြစ်နေတယ်။ ညီညွတ်ရေးဆိုတာဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်း သရုပ်ဖော်ပြထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ရာထူးယူဖို့ ညီညွတ်ရမှာလား။ ဒါမှမဟုတ်ရင် ဒီတိုင်းပြည်ရဲ့ တိုင်းသူပြည်သားတွေကကို နှိပ်စက်ဖို့ ညီညွတ်ရမှာလား။ ဘာအတွက် ညီညွတ်ရမှာလဲ။ အဲဒီတော့ကာ ကျနော်လိုချင်တဲ့ ညီညွတ်ရေးက တတိုင်းတပြည်လုံး လူတမျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတမျိုးလုံးရဲ့အကျိုး၊ အဲဒီလို တူညီတဲ့ ရည်ရွယ်ချက် တူညီတဲ့အကျိုး၊ တူညီတဲ့အလုပ် အဲဒါတွေကိုရအောင်၊ အဲဒီလို တူညီတဲ့အကျိုး တိုင်းသူပြည်သားရအောင်၊ တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုး ဖြစ်ရမယ်၊ ပါးစပ်ကပြောရုံနဲ့ မပြီးဘူး။ ပါးစပ်က ညီညွတ်ချင်ပါတယ် ပြောလို့မဖြစ်ဘူး။ အလုပ်မှာလည်း တူရမယ်။ ရည်ရွယ်ချက်လည်း တူရမယ်။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်။ (၂၃-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလ ပြည်လုံးကျွတ်ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သည့် ညီညွတ်ရေးအဆို မိန့်ခွန်းမှ)
Lwin Pwin
NLABR
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment