စုပေါင်းဆောာင်းပါးများ

ဇွတ်မညှိနဲ့ မတူတာကို လက်ခံနိုင်အောင်ကြိုးစား (လူထုစိန်ဝင်း )

ညီညွတ်ရင် အလုပ်တွင်တယ်။ ကောင်းတယ်။ မညီညွတ်ရင် အလုပ်မတွင်ဘူး။ ဖင့်နှေးတယ်။ ဒါပေမဲ့ မညီညွတ်တာ မကောင်းဘူးလို့တော့ တထစ်ချပြောလို့မရဘူး။ ညီညွတ်တိုင်း ကောင်းတယ်လို့ ပြောမရနိုင်တာမျိုးရှိသလို မညီညွတ်လို့ ကောင်းသွားတာမျိုးလည်းရှိတယ်။
 ကျွန်အဖြစ်တော့မနေဘူးအင်္ဂလိပ်လက်အောက်မှာ နေရတာကောင်းတယ်။ အဘက်ဘက်က တိုးတက်တယ်လို့ လူတိုင်းတညီတညွတ်တည်း သဘောထားနေကြရင် လွတ်လပ်ရေးဆိုတာ ရှိခဲ့မှာတောင် မဟုတ်ဘူး။ မျက်နှာဖြူတွေကို သခင်ခေါ်၊ ရှိခိုးဦးတင်လုပ်ပြီး သူတို့စားကြွင်းစားကျန် အရိုးအရင်းကိုက်ရတဲ့ ကျွန်အဖြစ်နဲ့တော့မနေဘူး။ ကိုယ့်မင်းကိုယ့်ချင်း သခင်ဘ၀နဲ့ ထမင်းကြမ်းပဲ ယပ်ခတ်စားနေမယ်ဆိုတဲ့ သဘောကွဲသူတွေကြောင့်သာ အခုလို လွတ်လပ်တဲ့ နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်တယ်။ အင်္ဂလိပ်လက်အောက် နေရတာကောင်းတယ် ဆိုသူတွေက လွတ်လပ်ရေးရပြီးမှ ဘယ်မှာကောင်းကောင်းနေရတာရှိလို့လဲလို့ အပြစ်ပြောကြတယ်။
 ဒုက္ခတွေများကြမှန်တယ်။ လွတ်လပ်ရေးရပြီးနောက် ဖြစ်လာတဲ့ ပြည်တွင်းစစ်ကြောင့် အိပ်ကောင်ခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရနဲ့ ဒုက္ခတွေများကြရတယ်။ တောသူတောင်သားတွေ လယ်တွေယာတွေ စွန့်ပစ်ပြေးကြရပြီး မြို့မှာ ကြုံရာကျပန်း အလုပ်ကြမ်းတွေ လုပ်ကြရတယ်။ အာရှတိုက်ရဲ့ အချမ်းသာဆုံးနိုင်ငံအဖြစ်ကနေ အဆင်းရဲဆုံးနိုင်ငံအဖြစ် လျောကျသွားခဲ့ရတယ်။ ဒါပေမဲ့ ဒါတွေဟာ လွတ်လပ်ရေးကြောင့်ဖြစ်ရတာ မဟုတ်ဘူး။ အများပြောနေကြသလို မညီညွတ်လို့ဖြစ်ရတာ မဟုတ်ဘူး။ ညီညွတ်ရေးဆိုတဲ့စကားကို အဓိပ္ပာယ်ကောက်လွဲလို့ ဒီမိုကရေစီရဲ့ အနှစ်သာရလို မျက်ကွယ်ပြုကြလို့ဖြစ်တယ်။
 လူ ၁၀ ယောက်၊ အကြိုက် ၂၀
ညီညွတ်ရေးအကြောင်း ပြောကြတဲ့အခါမှာ 'ရေကိုသားလို့အကြားမထင်' ဆိုတဲ့စကားနဲ့ တင်စားပြောဆိုလေ့ရှိတယ်။ ဒါက စကားအဖြစ်သာပြောတာ။ လက်တွေ့လူ့လောကမှာ ဖြစ်နိုင်တာမျိုးမဟုတ်ဘူး။ လူတစ်ကိုယ် အကြိုက်တစ်မျိုးရှိခြင်းဟာ ဓမ္မတာတရားဖြစ်တယ်။ လူ ၁၀ ယောက်ရှိရင် စိတ် ၁၀ မျိုးနဲ့ အကြိုက် ၂၀ တောင် ရှိနိုင်သေးတယ်။ တစ်မိတည်းဖွားတဲ့ ညီအစ်ကိုမောင်နှမများတောင် စိတ်သဘောထားချင်း တစ်ထပ်တည်းကျတယ်လို့ မရှိနိုင်ဘူး။ တစ်ယောက်အကြိုက် တစ်မျိုးရှိကြမှာပဲ။ ဒါပေမဲ့အိမ်ဆိုတဲ့ အမိုးတစ်ခုတည်းအောက်မှာ အတူနေနိုင်ကြတယ်။ အတူနေရင်း ကိုယ်နှစ်သက်ရာ ၀ါသနာပါရာ လုပ်ကြမြဲဖြစ်တယ်။
 စိတ်ကြိုက်ရွေးချယ်ခွင့်
တင်းနစ်ရိုက်ဝါသနာပါတဲ့ အစ်ကိုအကြီးဆုံးက တခြားညီတွေ၊ နှမတွေကို တင်းနစ်မကစားလို့ဆိုပြီး ရန်လုပ်လို့ဘယ်ဖြစ်မှာလဲ။ ဘောလုံး ကန်ချင်သူကန်ပါစေ၊ ဘတ်စကက်ဘော ကစားချင်သူကစားပါစေ၊ ကရာတေး ကစားချင်သူ ကစားပါစေလို့ သဘောထားရမှာပဲ။ ဘာအားကစားမှ ၀ါသနာမပါဘူးဆိုပြီး ဘာမှ မလုပ်ချင်သူလည်း နေပါစေပေါ့။ လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့လူတိုင်း လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတာကို အသိအမှတ်ပြုရမှာပါ။ လူတိုင်း လူတိုင်း ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ်၊ စိတ်ကြိုက်ရွေးချယ် လုပ်ပိုင်ခွင့်ရှိခြင်းဟာ လွတ်လပ်ခြင်းရဲ့သဘောသဘာဝဖြစ်တယ်။ ဒါမှမရှိရင် လွတ်လပ်ခြင်းဆိုတာ အဓိပ္ပာယ်မရှိတော့ဘူး။
 ဇွတ်အတင်းဆွဲသွင်းလို့
ညီညွတ်ချင်းဆိုတာ တစ်ဦးချင်းလွတ်လပ်မှုတွေကို နားလည်လက်ခံပြီး တည်ဆောက်ရတာဖြစ်တယ်။ မညီမညွတ်ဖြစ်ပြီး ကွဲကြ၊ ပြဲကြတယ်ဆိုတာဟာ တစ်ဦးချင်းရဲ့ လွတ်လပ်မှုကို အသိအမှတ်မပြုလို့ဖြစ်တယ်။ ဂျီစီဘီအေလည်းကွဲတယ်။ တို့ဗမာအစည်းအရုံးလည်းကွဲတယ်။ ဖဆပလလည်းကွဲ၊ ကွန်မြူနစ်လည်းကွဲတယ်၊ ဆိုရှယ်လစ်လည်းကွဲ၊ ပြည်သူ့ရဲဘော်လည်းကွဲ၊ တည်မြဲသန့်ရှင်းလည်းကွဲဆိုတဲ့ အကွဲအပြဲဇာတ်လမ်းတွေဟာ တစ်ဦးချင်းလွတ်လပ်ခွင့်ကို အသိအမှတ်မပြုဘဲ တစ်သွေးတစ်သံတစ်မိန့်အောက်ကို ဇွတ်အတင်းဆွဲသွင်းလို့ ပေါ်ပေါက်လာရတာ ဖြစ်တယ်။ ဖဆပလအဖွဲ့ကြီးဆိုတာဟာ ကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေ တပ်မတော်သားတွေ၊ ပြည်သူ့ရဲဘော်တွေအပြင် ဘယ်ပါတီမှမပါတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေလည်း ပူးပေါင်းပါဝင်ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုကြီးဖြစ်တယ်။
 ဂျပန်ကပါတီကြီး
တပ်ပေါင်းစုရဲ့သဘောက ရည်ရွယ်ချက်တူတာတွေကို အတူလက်တွဲလုပ်ဆောင်ပြီး မတူတာတွေကို ကိုယ့်ပါတီနဲ့ကိုယ် သီးခြားလွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိခြင်းဖြစ်တယ်။ ဒီအတိုင်း လက်တွေ့မကျင့်သုံးနိုင်ခဲ့လို့ ကွဲကြခွဲကြရတာဖြစ်တယ်။ ဂျပန်နိုင်ငံက 'အယ်လ်ဒီပီ' ဆိုတဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ စစ်ပြီးကတည်းက အာဏာကို အကြာကြီးဆုပ်ကိုင်ထားနိုင်တဲ့ သက်တမ်းအရှည်ဆုံးပါတီကြီးဖြစ်တယ်။ အဲဒီပါတီကြီးအတွင်းမှာ ဂိုဏ်းဂဏအုပ်စုပေါင်း တစ်ဒါဇင်လောက် အတိအလင်းတည်ရှိနေခဲ့တယ်။ ပါတီတွင်းက အာဏာလုပွဲတွေ ခဏခဏဖြစ်ပြီး ပါတီဥက္ကဋ္ဌတွေ တစ်နှစ်တစ်ယောက်လောက် ပြောင်းလေ့ရှိတယ်။ ဒါပေမဲ့ ပါတီထဲက တစ်ယောက်စ၊ နှစ်ယောက်စထွက်သွားပြီး သီးခြားပါတီထောင်တာမျိုး ရှိပေမယ့် ပါတီအကြီးအကျယ်ကွဲသွားတယ် ဆိုတာမျိုးတော့မရှိခဲ့ဘူး။ ဂိုဏ်းအုပ်စုအားလုံးက 'အယ်လ်ဒီပီပါတီ'ကို စွဲစွဲမြဲမြဲဖက်တွယ်ထားကြတယ်။
 မတူသူများရဲ့ ပေါင်းစည်းမှု
အယ်လ်ဒီပီစိတ်ဓာတ်ဟာ ဒီမိုကရေစီစိတ်ဓာတ်၊ ဒီမိုကရေစီကျင့်စဉ်ဖြစ်တယ်။ အမြင်မတူသူများရဲ့ ပေါင်းစည်းညီညွတ်မှုဖြစ်တယ်။ တစ်သွေးတစ်သံတစ်မိန့်ကို နာခံဖို့ အတင်းအကြပ်မတောင်းဆိုဘူး။ လူတိုင်းကိုယ့်သီးခြားအမြင်၊ မတူတဲ့ အယူအဆကို ဆုပ်ကိုင်ထားပြီး ပါတီတွင်းမှာ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရှိတယ်။ စည်းရုံးတာလည်း လုပ်နိုင်တယ်။ ပါတီဝင်အများစုက ထောက်ခံရင် ပါတီခေါင်းဆောင် ဖြစ်လာနိုင်တယ်။ ပါတီခေါင်းဆောင်ဆိုတာ ဂျပန်နိုင်ငံရဲ့ဝန်ကြီးချုပ်လည်း ဖြစ်တယ်။ ပါတီဝင်အများစုက မကြိုက်တော့ဘူးဆိုရင်လည်း လပိုင်းနဲ့ ပြုတ်ကျသွားနိုင်တယ်။
 ကြောက်လို့ ငြိမ်နေရတာနိုင်ငံရေးစကားပြောကြတဲ့အခါတွေမှာ လူတိုင်းညီညွတ်ရေးစကား ပြောမြဲဖြစ်တယ်။ ညီညွတ်တာ ကောင်းတယ်။ ဒါပေမဲ့ ဘယ်လိုညီညွတ်ရေးမျိုး ဖြစ်သင့်တယ်ဆိုတာကိုလည်း ရှင်းလင်းပြောကြားသင့်တယ်။ အာဏာရှင်စနစ်အောက်မှာ ကြောက်လို့ငြိမ်နေရတဲ့ တစ်သွေးတစ်သံတစ်မိန့် ညီညွတ်ရေးမျိုးမဖြစ်ဖို့တော့ လိုပါတယ်။ ၀ါသနာချင်း၊ အကြိုက်ချင်း၊ စရိုက်ချင်းမတူကြတဲ့ ညီအစ်ကိုမောင်နှမတွေ တစ်အိမ်တည်းမှာ ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ပါးပါး နေထိုင်ကြတဲ့ ညီညွတ်ရေးမျိုးသာ ဖြစ်သင့်တယ်။ တစ်အူထုံ့ဆင်းမောင်နှမ ရင်းချာတွေဖြစ်ပေမယ့် စိတ်ချင်းတစ်ထပ်တည်းကျတယ်ဆိုတာမျိုး မရှိနိုင်တာကို အားလုံးနားလည်လက်ခံပြီး နေထိုင်ကြတဲ့ညီညွတ်ရေးမျိုးသာ ဖြစ်သင့်တယ်။
 ပန်းတိုင်းပွင့်စေရမယ်
အတင်းအကြပ်ပေါင်းစည်းခိုင်းရင် ပိုပြီးဝေးကွာသွားမှာသေချာတယ်။ မတူတာကိုတူအောင်ဇွတ်ညှိရင် နှစ်ဦးနှစ်ဖက်ထိခိုက်မှာသေချာတယ်။ မတူတဲ့အတိုင်း ပေါင်းစည်းနေထိုင်ခြင်းဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တယ်။ ငါနဲ့မတူ ငါ့ရန်သူလို့ သဘောထားခြင်းဟာ နိုင်ငံရေးအရ ရင့်ကျက်မှုမရှိတဲ့ သဘောဖြစ်တယ်။ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းမှာ အရောင်အသွေးအမျိုးအစားစုံ ပန်းတိုင်းပွင့်စေရမယ်။ အတွေးအခေါ်အယူအဆပေါင်းစုံ လွတ်လွတ်လပ်လပ်ထွန်းကားစေရမယ်။ အားလုံးလွတ်လွတ်လပ်လပ် ငြင်းခုန်ဆွေးနွေးဖို့အားပေးရမယ်။ ငြင်းခုန်ခြင်းဟာ ရန်ဖြစ်တာမဟုတ်ဘူး။ မတူတဲ့ အယူအဆတစ်ခုကို ထုတ်ဖော်တင်ပြတာဖြစ်တယ်။ ရှေးခေါမခေတ် လူသားတွေအပြန်အလှန် ဆွေးနွေးငြင်းခုန်လုပ်ကြရာက ဒီမိုကရေစီသဘောတရားတွေ ပေါ်ထွန်းလာရတာမဟုတ်လား။

ဇွတ်မညှိနဲ့ မတူတာကို လက်ခံနိုင်အောင်ကြိုးစား

ညီညွတ်ရင် အလုပ်တွင်တယ်။ ကောင်းတယ်။ မညီညွတ်ရင် အလုပ်မတွင်ဘူး။ ဖင့်နှေးတယ်။
ဒါပေမဲ့ မညီညွတ်တာ မကောင်းဘူးလို့တော့ တထစ်ချပြောလို့မရဘူး။ ညီညွတ်တိုင်း
ကောင်းတယ်လို့ ပြောမရနိုင်တာမျိုးရှိသလို မညီညွတ်လို့ ကောင်းသွားတာမျိုးလည်းရှိတယ်။
 ကျွန်အဖြစ်တော့မနေဘူး
 အင်္ဂလိပ်လက်အောက်မှာ နေရတာကောင်းတယ်။ အဘက်ဘက်က တိုးတက်တယ်လို့
လူတိုင်းတညီတညွတ်တည်း သဘောထားနေကြရင် လွတ်လပ်ရေးဆိုတာ ရှိခဲ့မှာတောင် မဟုတ်ဘူး။
မျက်နှာဖြူတွေကို သခင်ခေါ်၊ ရှိခိုးဦးတင်လုပ်ပြီး သူတို့စားကြွင်းစားကျန် အရိုးအရင်းကိုက်ရတဲ့
ကျွန်အဖြစ်နဲ့တော့မနေဘူး။ ကိုယ့်မင်းကိုယ့်ချင်း သခင်ဘ၀နဲ့ ထမင်းကြမ်းပဲ
ယပ်ခတ်စားနေမယ်ဆိုတဲ့ သဘောကွဲသူတွေကြောင့်သာ အခုလို လွတ်လပ်တဲ့ နိုင်ငံအဖြစ်
ရပ်တည်နိုင်ခဲ့တာဖြစ်တယ်။ အင်္ဂလိပ်လက်အောက် နေရတာကောင်းတယ် ဆိုသူတွေက
လွတ်လပ်ရေးရပြီးမှ ဘယ်မှာကောင်းကောင်းနေရတာရှိလို့လဲလို့ အပြစ်ပြောကြတယ်။
 ဒုက္ခတွေများကြ
 မှန်တယ်။ လွတ်လပ်ရေးရပြီးနောက် ဖြစ်လာတဲ့ ပြည်တွင်းစစ်ကြောင့် အိပ်ကောင်ခြင်းမအိပ်ရ၊
စားကောင်းခြင်းမစားရနဲ့ ဒုက္ခတွေများကြရတယ်။ တောသူတောင်သားတွေ လယ်တွေယာတွေ
စွန့်ပစ်ပြေးကြရပြီး မြို့မှာ ကြုံရာကျပန်း အလုပ်ကြမ်းတွေ လုပ်ကြရတယ်။ အာရှတိုက်ရဲ့
အချမ်းသာဆုံးနိုင်ငံအဖြစ်ကနေ အဆင်းရဲဆုံးနိုင်ငံအဖြစ် လျောကျသွားခဲ့ရတယ်။ ဒါပေမဲ့ ဒါတွေဟာ
လွတ်လပ်ရေးကြောင့်ဖြစ်ရတာ မဟုတ်ဘူး။ အများပြောနေကြသလို မညီညွတ်လို့ဖြစ်ရတာ
မဟုတ်ဘူး။ ညီညွတ်ရေးဆိုတဲ့စကားကို အဓိပ္ပာယ်ကောက်လွဲလို့ ဒီမိုကရေစီရဲ့ အနှစ်သာရလို
မျက်ကွယ်ပြုကြလို့ဖြစ်တယ်။
 လူ ၁၀ ယောက်၊ အကြိုက် ၂၀
 ညီညွတ်ရေးအကြောင်း ပြောကြတဲ့အခါမှာ 'ရေကိုသားလို့အကြားမထင်' ဆိုတဲ့စကားနဲ့
တင်စားပြောဆိုလေ့ရှိတယ်။ ဒါက စကားအဖြစ်သာပြောတာ။ လက်တွေ့လူ့လောကမှာ
ဖြစ်နိုင်တာမျိုးမဟုတ်ဘူး။ လူတစ်ကိုယ် အကြိုက်တစ်မျိုးရှိခြင်းဟာ ဓမ္မတာတရားဖြစ်တယ်။
လူ ၁၀ ယောက်ရှိရင် စိတ် ၁၀ မျိုးနဲ့ အကြိုက် ၂၀ တောင် ရှိနိုင်သေးတယ်။ တစ်မိတည်းဖွားတဲ့
ညီအစ်ကိုမောင်နှမများတောင် စိတ်သဘောထားချင်း တစ်ထပ်တည်းကျတယ်လို့ မရှိနိုင်ဘူး။
တစ်ယောက်အကြိုက် တစ်မျိုးရှိကြမှာပဲ။ ဒါပေမဲ့အိမ်ဆိုတဲ့ အမိုးတစ်ခုတည်းအောက်မှာ
အတူနေနိုင်ကြတယ်။ အတူနေရင်း ကိုယ်နှစ်သက်ရာ ၀ါသနာပါရာ လုပ်ကြမြဲဖြစ်တယ်။

စိတ်ကြိုက်ရွေးချယ်ခွင့်
 တင်းနစ်ရိုက်ဝါသနာပါတဲ့ အစ်ကိုအကြီးဆုံးက တခြားညီတွေ၊ နှမတွေကို တင်းနစ်မကစားလို့ဆိုပြီး
ရန်လုပ်လို့ဘယ်ဖြစ်မှာလဲ။ ဘောလုံး ကန်ချင်သူကန်ပါစေ၊ ဘတ်စကက်ဘော ကစားချင်သူကစားပါစေ၊
ကရာတေး ကစားချင်သူ ကစားပါစေလို့ သဘောထားရမှာပဲ။ ဘာအားကစားမှ ၀ါသနာမပါဘူးဆိုပြီး
ဘာမှ မလုပ်ချင်သူလည်း နေပါစေပေါ့။ လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့လူတိုင်း လုပ်ချင်တာကို
လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတာကို အသိအမှတ်ပြုရမှာပါ။ လူတိုင်း လူတိုင်း ကိုယ်လုပ်ချင်တာကို
လွတ်လွတ်လပ်လပ်၊ စိတ်ကြိုက်ရွေးချယ် လုပ်ပိုင်ခွင့်ရှိခြင်းဟာ လွတ်လပ်ခြင်းရဲ့သဘောသဘာဝဖြစ်တယ်။
ဒါမှမရှိရင် လွတ်လပ်ခြင်းဆိုတာ အဓိပ္ပာယ်မရှိတော့ဘူး။
 ဇွတ်အတင်းဆွဲသွင်းလို
 ညီညွတ်ချင်းဆိုတာ တစ်ဦးချင်းလွတ်လပ်မှုတွေကို နားလည်လက်ခံပြီး တည်ဆောက်ရတာဖြစ်တယ်။
မညီမညွတ်ဖြစ်ပြီး ကွဲကြ၊ ပြဲကြတယ်ဆိုတာဟာ တစ်ဦးချင်းရဲ့ လွတ်လပ်မှုကို အသိအမှတ်မပြုလို့ဖြစ်တယ်။
ဂျီစီဘီအေလည်းကွဲတယ်။ တို့ဗမာအစည်းအရုံးလည်းကွဲတယ်။ ဖဆပလလည်းကွဲ၊ ကွန်မြူနစ်လည်းကွဲတယ်၊
ဆိုရှယ်လစ်လည်းကွဲ၊ ပြည်သူ့ရဲဘော်လည်းကွဲ၊ တည်မြဲသန့်ရှင်းလည်းကွဲဆိုတဲ့ အကွဲအပြဲဇာတ်လမ်းတွေဟာ
တစ်ဦးချင်းလွတ်လပ်ခွင့်ကို အသိအမှတ်မပြုဘဲ တစ်သွေးတစ်သံတစ်မိန့်အောက်ကို ဇွတ်အတင်းဆွဲသွင်းလို့
ပေါ်ပေါက်လာရတာ ဖြစ်တယ်။ ဖဆပလအဖွဲ့ကြီးဆိုတာဟာ ကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေ တပ်မတော်သားတွေ၊
ပြည်သူ့ရဲဘော်တွေအပြင် ဘယ်ပါတီမှမပါတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေလည်း ပူးပေါင်းပါဝင်ဖွဲ့စည်းထားတဲ့
တပ်ပေါင်းစုကြီးဖြစ်တယ်။
 ဂျပန်ကပါတီကြီး
 တပ်ပေါင်းစုရဲ့သဘောက ရည်ရွယ်ချက်တူတာတွေကို အတူလက်တွဲလုပ်ဆောင်ပြီး မတူတာတွေကို
ကိုယ့်ပါတီနဲ့ကိုယ် သီးခြားလွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိခြင်းဖြစ်တယ်။ ဒီအတိုင်း
လက်တွေ့မကျင့်သုံးနိုင်ခဲ့လို့ ကွဲကြခွဲကြရတာဖြစ်တယ်။ ဂျပန်နိုင်ငံက 'အယ်လ်ဒီပီ' ဆိုတဲ့
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ စစ်ပြီးကတည်းက အာဏာကို အကြာကြီးဆုပ်ကိုင်ထားနိုင်တဲ့
သက်တမ်းအရှည်ဆုံးပါတီကြီးဖြစ်တယ်။ အဲဒီပါတီကြီးအတွင်းမှာ ဂိုဏ်းဂဏအုပ်စုပေါင်း တစ်ဒါဇင်လောက်
အတိအလင်းတည်ရှိနေခဲ့တယ်။ ပါတီတွင်းက အာဏာလုပွဲတွေ ခဏခဏဖြစ်ပြီး ပါတီဥက္ကဋ္ဌတွေ
တစ်နှစ်တစ်ယောက်လောက် ပြောင်းလေ့ရှိတယ်။ ဒါပေမဲ့ ပါတီထဲက တစ်ယောက်စ၊ နှစ်ယောက်စ
ထွက်သွားပြီး သီးခြားပါတီထောင်တာမျိုး ရှိပေမယ့် ပါတီအကြီးအကျယ်ကွဲသွားတယ်
ဆိုတာမျိုးတော့မရှိခဲ့ဘူး။ ဂိုဏ်းအုပ်စုအားလုံးက 'အယ်လ်ဒီပီပါတီ'ကို စွဲစွဲမြဲမြဲဖက်တွယ်ထားကြတယ်။
 မတူသူများရဲ့ ပေါင်းစည်းမှု
 အယ်လ်ဒီပီစိတ်ဓာတ်ဟာ ဒီမိုကရေစီစိတ်ဓာတ်၊ ဒီမိုကရေစီကျင့်စဉ်ဖြစ်တယ်။
အမြင်မတူသူများရဲ့ ပေါင်းစည်းညီညွတ်မှုဖြစ်တယ်။ တစ်သွေးတစ်သံတစ်မိန့်ကို နာခံဖို့
အတင်းအကြပ်မတောင်းဆိုဘူး။ လူတိုင်းကိုယ့်သီးခြားအမြင်၊ မတူတဲ့ အယူအဆကို ဆုပ်ကိုင်ထားပြီး
ပါတီတွင်းမှာ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရှိတယ်။ စည်းရုံးတာလည်း လုပ်နိုင်တယ်။
ပါတီဝင်အများစုက ထောက်ခံရင် ပါတီခေါင်းဆောင် ဖြစ်လာနိုင်တယ်။ ပါတီခေါင်းဆောင်ဆိုတာ
ဂျပန်နိုင်ငံရဲ့ဝန်ကြီးချုပ်လည်း ဖြစ်တယ်။ ပါတီဝင်အများစုက မကြိုက်တော့ဘူးဆိုရင်လည်း
လပိုင်းနဲ့ ပြုတ်ကျသွားနိုင်တယ်။
 ကြောက်လို့ ငြိမ်နေရတာ
 နိုင်ငံရေးစကားပြောကြတဲ့အခါတွေမှာ လူတိုင်းညီညွတ်ရေးစကား ပြောမြဲဖြစ်တယ်။
ညီညွတ်တာ ကောင်းတယ်။ ဒါပေမဲ့ ဘယ်လိုညီညွတ်ရေးမျိုး ဖြစ်သင့်တယ်ဆိုတာကိုလည်း
ရှင်းလင်းပြောကြားသင့်တယ်။ အာဏာရှင်စနစ်အောက်မှာ ကြောက်လို့ငြိမ်နေရတဲ့
တစ်သွေးတစ်သံတစ်မိန့် ညီညွတ်ရေးမျိုးမဖြစ်ဖို့တော့ လိုပါတယ်။ ၀ါသနာချင်း၊ အကြိုက်ချင်း၊
စရိုက်ချင်းမတူကြတဲ့ ညီအစ်ကိုမောင်နှမတွေ တစ်အိမ်တည်းမှာ ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ပါးပါး
နေထိုင်ကြတဲ့ ညီညွတ်ရေးမျိုးသာ ဖြစ်သင့်တယ်။ တစ်အူထုံ့ဆင်းမောင်နှမ ရင်းချာတွေဖြစ်ပေမယ့်
စိတ်ချင်းတစ်ထပ်တည်းကျတယ်ဆိုတာမျိုး မရှိနိုင်တာကို အားလုံးနားလည်လက်ခံပြီး
နေထိုင်ကြတဲ့ညီညွတ်ရေးမျိုးသာ ဖြစ်သင့်တယ်။
 ပန်းတိုင်းပွင့်စေရမယ်
 အတင်းအကြပ်ပေါင်းစည်းခိုင်းရင် ပိုပြီးဝေးကွာသွားမှာသေချာတယ်။
မတူတာကိုတူအောင်ဇွတ်ညှိရင် နှစ်ဦးနှစ်ဖက်ထိခိုက်မှာသေချာတယ်။
မတူတဲ့အတိုင်း ပေါင်းစည်းနေထိုင်ခြင်းဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တယ်။
ငါနဲ့မတူ ငါ့ရန်သူလို့ သဘောထားခြင်းဟာ နိုင်ငံရေးအရ ရင့်ကျက်မှုမရှိတဲ့ သဘောဖြစ်တယ်။
ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းမှာ အရောင်အသွေးအမျိုးအစားစုံ ပန်းတိုင်းပွင့်စေရမယ်။
အတွေးအခေါ်အယူအဆပေါင်းစုံ လွတ်လွတ်လပ်လပ်ထွန်းကားစေရမယ်။
အားလုံးလွတ်လွတ်လပ်လပ် ငြင်းခုန်ဆွေးနွေးဖို့အားပေးရမယ်။
ငြင်းခုန်ခြင်းဟာ ရန်ဖြစ်တာမဟုတ်ဘူး။ မတူတဲ့ အယူအဆတစ်ခုကို ထုတ်ဖော်တင်ပြတာဖြစ်တယ်။
ရှေးခေါမခေတ် လူသားတွေအပြန်အလှန် ဆွေးနွေးငြင်းခုန်လုပ်ကြရာက
ဒီမိုကရေစီသဘောတရားတွေ ပေါ်ထွန်းလာရတာမဟုတ်လား။
 (လူထုစိန်ဝင်း)

ပါတီတွေရဲ့ ရွေးကောက်ပွဲ ပလက်ဖောင်းက ဘာလဲ

စာမူလာတောင်းတဲ့ လူငယ်ဂျာနယ်သမားတစ်ယောက်နဲ့ စကားပြောရင်း နိုင်ငံရေးပါတီတွေ အကြောင်း၊ ရွေးကောက်ပွဲတွေအကြောင်း ရေးတဲ့အခါမှာ ပါတီတွေရဲ့ ရွေးကောက်ပွဲ ပလက်ဖောင်းက ဘာလဲဆိုတာကို စာဖတ်ပရိသတ်၊ မဲဆန္ဒရှင်များ သိအောင် ရေးပေးဖို့လိုကြောင်း ပြောလိုက်တော့ သူက မျက်လုံးပုတ်ခတ်ပုတ်ခတ် လုပ် ပြီး ကြည့်နေတယ်။
 တောင်မှန်း မြောက်မှန်းမသိ
 ဒါလောက်ဆို သဘောပေါက်သွားပြီ၊ ရွေးကောက်ပွဲ ပလက်ဖောင်းဆိုတာ ဘာမှန်း သူသိပုံမရဘူး။ သူ့အသက်က အစိတ်ဝန်းကျင်ပဲ ရှိတာမို့ အပြစ်မတင်ပါဘူး။ နိုင်ငံရေး တို့ ရွေးကောက်ပွဲတို့ဆိုတာ အခုမှ နဖူးတွေ့ဒူးတွေ့ကြုံ တွေ့ဖူးတာ မဟုတ်လား။ ဒါပေမဲ့ သူ့လို အသက်မငယ်တော့တဲ့၊ နိုင်ငံရေးပါတီတွေမှာလည်း ပါဝင်လုပ်ကိုင်နေတဲ့ ပုဂ္ဂိုလ်တချို့ကို ပြောတဲ့အခါမှာလည်း သူလိုပဲ ကြောင်ကြည့်နေတာနဲ့ ရင်ဆိုင်ရတယ်။ နိုင်ငံရေးလုပ်မယ့်သူဆိုပြီး ဒါကိုတောင် မသိဘူးဆိုတော့ အတော် စိတ်ပျက်သွား တယ်။ သူ များယောင်လို့ လိုက်ပြီးယောင် အမောင်တောင်မှန်း မြောက်မှန်းမသိ ဆိုတဲ့ နိုင်ငံရေးသမားမျိုးတွေနဲ့ ရှေ့ ခရီးဆက်ရမယ့်အရေး တွေးတွေးပြီး ရင်လေးမိတယ်။
 အားလုံး ဒီမိုကရေစီ
 အခုအချိန်မှာ ရှိနေတဲ့ နိုင်ငံ ရေး ပါတီအားလုံးက ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက်ဆိုပြီး လူသိရှင်ကြား ကြွေးကြော်ထားကြတယ်။ တမြန်နှစ်ကအထိ စစ်အစိုးရရဲ့ ကျောရိုးအဖွဲ့အစည်းအဖြစ် ရှိနေခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ကလည်း အခု ဒီမိုကရေစီ ပါတီဖြစ်နေပြီ။ အားလုံးက ဒီမိုကရေစီ ဖြစ်နေတော့ မဲထည့်တဲ့ ပြည်သူတွေက ဘာကိုကြည့်ပြီး ရွေးရမှာလဲ။ မူကွဲမရှိတော့ လူပဲကြည့်ပြီး ရွေးရမလို ဖြစ်နေတယ်။ အဲဒီလိုဆို မှန်နိုင်ပါ့မလား။ နိုင်ငံရေးလုပ်တဲ့ နေရာမှာ လူကို ဦးစားပေးမှု လွန်ကဲတာ မကောင်းဘူးမဟုတ်လား။ လူကို ဦးစားပေးလွန်းတော့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ပေါ်ပေါက်လာနိုင်တယ်။ အဲဒီက နောက်တစ်ဆင့် တက်သွားရင် အာဏာရှင်ဆန်ဆန် ဖြစ်သွားတတ်တယ်။
 ကိုယ်ပိုင်ဝါဒလမ်းစဉ် ရှိရမယ်
 ရွေးကောက်ပွဲတို့ လွှတ်တော်တို့နဲ့ တက်လာပေမယ့် နောက်ဆုံးကျတော့ အာဏာရှင်လို တစ်သွေးတစ်သံတစ်မိန့် အုပ်ချုပ်သွားတဲ့ နိုင်ငံတွေ အတော်များများ ရှိပါတယ်။ လစ်ဗျားခေါင်းဆောင် ကဒါဖီတို့ ဆီးရီးယားက အာဆတ်တို့ဟာ ဒီလိုအာဏာရှင်တွေ ဖြစ်တယ်။ နိုင်ငံရေးမှာ လူထက်မူကိုသာ အဓိကထားသင့်တယ်။ နိုင်ငံရေးပါတီတိုင်း မှာ ကိုယ်ပိုင်မူဝါဒ၊ ကိုယ်ပိုင်လမ်းစဉ် ရှိရမယ်။ ဘာမှ ကွဲပြားခြားနားမှု မရှိဘဲ အားလုံးအတူတူ ဖြစ်နေရင် ဘာ့ကြောင့် သီးခြားပါတီတွေ ထောင်နေတော့မှာလဲ။ ဧရာမ ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ အဓိက ပါတီကြီးနှစ်ခုပဲ ရှိတယ်။ နှစ်ခုစလုံးက ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို အပြည့်အဝလက်ခံ ယုံကြည်ကြတယ်။ အခြေခံအားဖြင့်တော့ အားလုံးအတူတူ ဖြစ်တယ်။
 စွက်ဖက်မှု ရှိရေး မရှိရေး
 ဒါပေမဲ့ နည်းဗျူဟာ ပိုင်းကျတော့ မတူတော့ဘူး။ ရီပတ်ဘလစ် ကန်ပါတီက စီးပွားရေးရော၊ အုပ်ချုပ်ရေးမှာပါ အစိုးရဝင်ရောက် စွက်ဖက်မှု လုံးဝမရှိစေဘဲ ဈေးကွက် သဘာဝအတိုင်း ထားရှိပြီး အစိုးရ အသုံးစရိတ်ကို အနည်းဆုံးအထိ လျှော့ချဖို့ ဖြစ်တယ်။ ဒီလိုလျှော့ချ ရင် အခွန်အတုပ်တွေလည်း ကျ ဆင်းပြီး ဘတ်ဂျက်လိုငွေပြမှု နည်း ပါးသွားလိမ့်မယ်လို့ ယူဆတယ်။ ဒီမိုကရက်တစ်ပါတီကတော့ စီးပွားရေးမှာ အစိုးရထိန်းချုပ်မှု လုံးဝမရှိရင် ကုန်ဈေးနှုန်းတွေ တက်ချင်တိုင်းတက်ပြီး တစ်ဦးတည်း လက်ဝါးကြီး အုပ်မှုတွေ ရှိလာနိုင်တယ်။ ငွေလုံး ငွေရင်းနည်းပါးတဲ့ အလတ်စားနဲ့ အသေးစားလုပ်ငန်းရှင်တွေ ထိ ခိုက်စေနိုင်တယ်။ ဒါကြောင့် အတိုင်းအတာတစ်ခုအထိ အစိုးရက ထိန်း ချုပ်ပေးဖို့ လိုတယ်လို့ ယူဆတယ်။
 ကွန်ဆားဗတစ်နဲ့ လစ်ဘရယ်
 ဒါ့အပြင် ပညာရေး၊ ကျန်းမာရေးလိုကိစ္စများမှာ ဆင်းရဲသားများကို ထောက်ပံ့ကူညီမှုတွေ ပေးဖို့ လိုအပ်တယ်။ ဒီအတွက် အခွန်အတုပ်တွေ တိုးမြှင့်ကောက်ခံရမယ်။ ဆင်းရဲသားများထက် ချမ်းသာသူများနဲ့ ဧရာမလုပ်ငန်းကြီးများကို ပိုမိုကောက်ခံရမယ်လို့ သဘောထားတယ်။ ယေဘုယျအားဖြင့် ရီပတ်ဘလစ်ကန်ပါတီကို စီးပွားရေးလုပ် ငန်းရှင်ကြီးများရဲ့ ပါတီ၊ ကွန်ဆား ဗတစ်ပါတီလို့ ခေါ်ကြပြီး ဒီမိုကရက်တွေကိုတော့ လူလတ်တန်းစားများရဲ့ပါတီ၊ လစ်ဘရယ်ပါတီလို့ ခေါ်ကြတယ်။ အခြေခံပါတီတိုင်းက အဲဒီလိုရှိတာကို လူတိုင်း သိပြီးဖြစ်တော့ ပါတီထောက်ခံသူတွေကြားမှာ ဘာပြဿနာမှမရှိဘူး။ ကိုယ့် ပါတီကလူကို ထောက်ခံကြမှာပဲ။
 ပလက်ဖောင်းဆိုတာ

အရေးကြီးတာက ဘယ်ပါတီကိုမှ တစ်သမတ်တည်း ထောက်ခံလေ့မရှိတဲ့ သာမန်မဲဆန္ဒရှင် ပြည်သူလူထု ဖြစ်တယ်။ ဒီလူတွေက အများစုလည်း ဖြစ်တယ်။ ဒီလူတွေကို စည်းရုံးဖို့အတွက် ပါတီနှစ်ခုစလုံးက ကြိုးစားကြတယ်။ အဲဒီအတွက် ရွေးကောက်ခံရရင် ဘာကို ဦးစားပေးဆောင်ရွက်မယ် ဆိုတဲ့ အချက်တွေကို လူသိထင်ရှား ထုတ် ပြန်ကြေညာပြီး စည်းရုံးရတယ်။ အဲဒါကို ”ရွေးကောက်ပွဲ ပလက်ဖောင်း” လို့ခေါ်တယ်။ ဥပမာ အိုဘားမားပထမအကြိမ် သမ္မတရွေး ကောက်ပွဲဝင်တော့ ဆင်းရဲသားတွေ ကို ကျန်းမာရေး စောင့်ရှောက်မှု ပိုပြီးပေးနိုင်တဲ့ ဥပဒေပြဋ္ဌာန်း နိုင်အောင် လုပ်မယ်ဆိုတဲ့ ပလက်ဖောင်းနဲ့ စည်းရုံးလှုံ့ဆော်ခဲ့တယ်။ ရီပတ်ဘလစ်ကန် ဂျွန်မက်ကိန်းကတော့ ဘတ်ဂျက်လိုငွေလျှော့ချရေး နဲ့ အခွန်အတုပ်တွေ လျှော့ချရေး ကို ပလက်ဖောင်းတင်ခဲ့တယ်။
 အလုပ်လက်မဲ့ လျှော့ချရေး
 ခုတစ်ကြိမ် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ျဘက်က ဘာနဲ့ ထွက်လာမယ် မသိရသေးပေမယ့် အိုဘားမားကတော့ စီးပွားရေးအရှိန် မြှင့်ပြီး အလုပ်လက်မဲ့နှုန်း ကျဆင်း ရေးကို အဓိကထား ပြောကြားနေတာ တွေ့ရတယ်။ ဒီနေ့ မြန်မာနိုင်ငံ က နိုင်ငံရေးပါတီတွေဟာ ဘယ်ကိစ္စကို ဦးစားပေးအဖြစ် ပလက် ဖောင်းတင်မယ် ဆိုတာ အခုအချိန် ထိ ထုတ်ပြန်ကြေညာတာ မတွေ့ရဘူး။ လိုအပ်ကြောင်း မသိလို့ပဲလား မပြောတတ်ဘူး။ တချို့က အခြေခံဥပဒေ ပြင်မယ်၊ ပညာရေးနဲ့ ကျန်းမာရေးစနစ်တွေ ပြင်မယ်လို့ တော့ ပြောကြတယ်။ ဒါပေမဲ့ အခြေခံဥပဒေထဲက ဘာတွေကို ပြင်မှာလဲ၊ ဘယ်လိုပြင်မှာလဲ။ ပညာရေးနဲ့ ကျန်းမာရေးကိုရော ဘယ်လို ပြင်မှာလဲ။ ဘယ်လောက်ထိ ပြင် မှာလဲ၊ ရှေးကလို အခမဲ့ ပညာရေးတို့ အခမဲ့ ကျန်းမာရေးတို့ ပြန်လုပ် မှာလား တိတိကျကျ ပြတ်ပြတ်သားသား ပြောဖို့လိုတယ်။ အဲဒီ အချက်တွေကို မဲဆန္ဒရှင်တွေ သိ အောင် တင်ပြရမယ်။ အဲဒါဟာ သူတို့ပါတီတွေရဲ့ ရွေးကောက်ပွဲ ပလက်ဖောင်းဖြစ်လိမ့်မယ်။ သူတို့က မပြောရင် သတင်းသမားတွေက မေးခွန်းမေးပြီး ပြောအောင် လုပ် ပေးရမယ်။ ဒါမှ မဲဆန္ဒရှင် ပြည်သူတွေက ရွေးချယ်တတ်မှာ ဖြစ်တယ်။ သတင်းသမားတွေ မေးခွန်းမေးတတ်ကြပါစေ။
 (လူထုစိန်ဝင်း)

အကဲခတ်ခြင်း အတတ်ပညာ 

တစ်ခါတစ်လေမှာတော့ သူက ကိုယ့်ကို အကဲဖြတ်တယ်။ တစ်ခါတစ်လေများတော့ ကိုယ်က သူ့ကို အကဲဖြတ်ကြည့်တယ်။ တစ်ရံတစ်ခါများမှာ သူကော ကိုယ်ကော အကဲဖြတ်နေမိကြတယ်။ ရံခါအချိန်များကြတော့လဲ တစ်ယောက်နဲ့တစ်ယောက် အကဲမဖြတ်ဖြစ်ကြဘဲ မေ့မေ့လျော့လျော့နဲ့ ပြီးသွားကြတယ်။ သူသူကိုယ်ကိုယ် အသက်ရှင်သန်နေထိုင်ကြတဲ့ ဒီကမ္ဘာမြေကြီးပေါ်မှာ တစ်နေရာရာမှာ ဆုံဆည်းမိကြပြီဆိုယင် ခုနက ပြောခဲ့သလို့ စုံးစမ်းအကဲဖြတ်မှုတွေ သိစိတ်ကဖြစ်ဖြစ် ဒါမှမဟုတ် မသိစိတ်ကဖြစ်ဖြစ် အကဲဖြတ်စုံစမ်းနေတတ်ကြတာပါ။ဆုံဆည်းကြတယ်ဆိုတာကတော့ အမျိုးမျိုးရှိမှာပါ။ 
 အချို့ကလည်း လူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ဖြစ်ချင်ဖြစ်မှာပါ။ အချို့ကတော့ အသံကနေ တစ်ဆင့်လည်း ဖြစ်နိုင်ပါတယ်။ အချို့ကျတော့ စာတွေမှတစ်ဆင့်လို့ပဲ ပြောရမလားပါပဲ။ အမျိုးမျိုးသော ဆုံဆည်းမှုတွေ ရှိနေကြမှာပါ။ အဲဒီဆုံဆည်းမှုကနေပဲ အစပြုလို့ အကဲဖြတ်မှုတွေ စုံစမ်းမှုတွေ တပါတည်းပါလာတယ်လို့ ဆိုရမှာပါ။ ဒီလို အကဲဖြတ်မှုတွေကလည်း မှန်တဲ့အခါ တွေ့ ကြုံ ရနိုင်သလို မှားတဲ့အခါကလည်း အကြိမ်များစွာ နေမှာပါ။ မှန်ကန်စွာ အကဲဖြတ်နိုင်ခြင်းနဲ့ မှားယွင်းစွာ အကဲဖြတ်ခြင်းတို့ရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကလေးတွေကလည်း အကဲဖြတ်ခြင်းနဲ့အတူ ကပ်လို့လိုက်ပါနေမှာပါ။
လူတစ်ဦးတစ်ယောက်ကို နှိုင်းဆအကဲဖြတ်ကြရာမှာ အချို့ကိုတော့ နှိုင်းဆအကဲဖြတ်ရတာလွယ်ကူလို့ သူ့ ကို သုပ္ပမေယျပုဂ္ဂိုလ်လို့ ပြောပါတယ်။ အချို့များကိုတော့ နှိုင်းဆအကဲဖြတ်ရာမှာ ခက်ခဲလွန်းလို့ သူ့ကို ဒုပ္ပမေယျပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။ အပ္ပမေယျဆိုတာကြတော့ ပြောခဲ့တဲ့ ပုဂ္ဂိုလ်နှစ်ဦးလိုမဟုတ်တော့ဘဲ သူက နှိုင်းဆအကဲဖြတ်ဖို့မဖြစ်နိုင်တော့တဲ့ပုဂ္ဂိုလ်ပါ။
 ကျမ်းဂန်မှာတော့ အကဲဖြတ်ဖို့ လွယ်ကူတဲ့သူရဲ့ စရိုက်လက္ခဏာတွေကို ဒီလိုဖော်ပြထားပါတယ်။ အဲဒါတွေကတော့ စိတ်ပျံလွင့်နေမယ်၊ တက်ကြွနေမယ်၊ လျပ်ပေါ်တဲ့စိတ်ဖြစ်ပေါ်နေမယ်၊ နှုတ်အပြောအဆို မနုးညံ့ဖြစ်နေမယ်၊ ပရမ်းပတာ ပြောဆိုတတ်လာမယ်၊ သတိလက်လွတ်ဖြစ်နေမယ်၊ ပညာအဆင်အခြင် ကင်းမဲ့နေမယ်၊ တည်ကြည်မှုတွေ ဆိတ်သုဉ်းနေမယ်၊ စိတ်တွေ တုန်လှုပ်နေမယ်၊ ပေါ်လွင်ထင်ရှားနေတဲ့ အိနြေ္ဒ ရှိနေမယ် -ဆို တဲ့ လက္ခဏာတွေပါ။
 အဲဒီရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ နှုတ်ချိုခြင်း၊ သိမ်သိမ်မွေ့ မွေ့  ပြောဆိုတတ်ခြင်း၊ အမြဲသတိကပ်နေခြင်း၊ ပညာအမြော်အမြင်ရှိခြင်း၊ တည်ငြိမ်ခြင်း၊ ညင်သာတဲ့ အိနြေ္ဒ ရှိခြင်း စသဖြင့်ကတော့ အကဲဖြတ်ဖို့ ခက်ခဲတဲ့သူတွေမှာရှိတဲ့စရိုက်လက္ခဏာတွေပါ။
မနှိုင်းဆနိုင်တဲ့အပ္ပမေယျပုဂ္ဂိုလ် ဆိုတာကတော့ အရဟတ္တဖိုလ်ကိုရောက်ရှိပြီးတဲ့သူတွေဖြစ်ပါတယ်။
 အဲသလို အကဲဖြတ်စူးစမ်းကြရာမှာ ရုပ်အဆင်းကို ကြည့်မြင်ပြီး
  • အကဲဖြတ်သလား၊
  • ကျော်စောဂုဏ်သတင်းကို အားကျပြီး အကဲဖြတ်သလား၊
  • ဒါမှမဟုတ် ထူးထူးခြားခြားခေါင်းခေါင်းပါးပါးတွေ ကျင့်သုံးနေတာတွေ့ လို့ အကဲဖြတ်နေသလား၊
  •  ဒီလိုမဟုတ်ပြန်ယင် ကိုယ်ကျင့်တရားတွေ ဘုရားကျောင်းကန်သုံးစွဲနေကျစကားဖြစ်တဲ့ သီလ သမာဓိ ပညာတွေ ပြည့်စုံနေတာတွေ့မြင်လို့ အကဲဖြတ်သလား။
ဒီအကဲဖြတ်လေးခုအပေါ်မှာ မူတည်ပြီးလို့ လောကမှာ အလေးစားခံ အသိအမှတ်အပြုခံ အကြည်ညိုခံပုဂ္ဂိုလ်တွေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။
 ဆိုလိုတာကတော့ အချို့က ရုပ်အဆင်းကို နှစ်သက်သဘောကျလို့ မြတ်နိုးခင်မင်ကြတယ်။ အချို့ မှာက ဂုဏ် သတင်းကျော်စောတာကို စိတ်ဝင်စားလို့ တန်းဖိုးထားကြတယ်။ အချို့ကတော့ လူအများမလုပ်နိုင်တဲ့ ထူးထူး ခြားခြား ခြိုးခြိုးခြံခြံ ခေါင်းခေါင်းပါးပါးတွေ လိုက်နာကျင့်သုံးနေတာ တွေလို့လေးစားပူဇော်ကြတယ်။ အချို့များကတော့ ဓမ္မဆိုတဲ့ မြင့်မြတ်တဲ့အရာတွေ ကျင့်သုံးဆောက်တည်နေလို့ ဆည်းကပ်ခစားကြတယ် ဆိုတာပါ။
 ဒါတွေကို နောက်ထပ် ခွဲခြားပြီး ကြည့်တဲ့အခါ အချိုးအစား မညီမျှတာကို သိရမှာ ဖြစ်ပါတယ်။
အဲဒီအထဲကမှ - ရုပ်အဆင်းကို နှစ်သက်မြတ်နိုးတတ်တာက ၃-ပုံ ပုံလျင် ၂-ပုံခန့်။
ထင်ပေါ်ကျော်ကြားတာကို တန်းဖိုးထားကြတာက ၅-ပုံ ပုံလျင် ၄-ပုံခန့်။
ခေါင်းပါးခြိုးခြံတာတွေ ကျင့်သုံးနေလို့ လေးစားကြတာက ၁၀-ပုံ ပုံလျင် ၉-ပုံခန့်။
သီလ သမာဓိ ပညာဆိုတဲ့ မြင့်မြတ်တဲ့ ဓမ္မတွေ ကျင့်သုံးနေသူကို တကယ်တမ်းကြည်ညိုတတ်သူက တစ်သိန်း (၁၀၀,၀၀၀)မှာတစ်ယောက်(၁)ခန့်ဖြစ်ပါတယ်။
 ဒီအချက်လေးချက်နဲ့ ပြည့်စုံပြီး အမြတ်နိုးခံ၊ တန်ဖိုးအထားခံ၊ အလေးစားခံ၊ အကြည်ညိုခံနိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာကတော့ လောကကြီးမှာ ရှားရှားပါးပါးနေမှာပါ။ ဒါကိုပဲ ဘာသာရေးမျက်စိနဲ့ အကဲမဖြတ်ဘဲ ကြည့်ရိုးကြည့်စဉ် သာမန်နဲ့ အကဲဖြတ်မယ်ဆိုယင်တော့ ရုပ်ဆင်းအင်္ဂါ၊ ထင်ပေါ်ကျော်ကြားမှု၊ ကိုယ်ကျင့်တရားဆိုတဲ့ အချက် သုံးချက်အပေါ်မှာ အခြေခံပြီး တန်ဖို့ထားမှုချင်း ကွဲပြားသွားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကတော့ အလေးစားခံ အမြတ်နိုးခံ အချစ်ခံ အကြည်ညိုခံရတဲ့ပုဂ္ဂိုလ်ကို မြတ်နိုးတဲ့ ချစ်တဲ့ လေးစားတဲ့ ကြည်ညိုတဲ့ ပုဂ္ဂိုလ်ဘက်က ရှု မြင်ကြည့်ခြင်းပါ။ အဲဒီရဲ့အခြားတစ်ဖက် ပြောင်းပြန်လှည့်ကြည့်ယင် အလေးစားခံ အချစ်ခံ အမြတ်နိုးခံ အကြည်ညိုခံပုဂ္ဂိုလ်ကကော သူ့ ကို မြတ်နိုးသူ ချစ်နေသူ လေးစားနေသူ ကြည်ညိုနေသူကိုပြန်လည်လို့ဘယ်လိုအကဲဖြတ်နေသလဲဆိုတာပါ။
 ဒီနေရာမှာ အကဲဖြတ်ရာမှာ မှန်ကန်တဲ့အဖြေကို အနီးစပ်ဆုံးပေးနိုင်တဲ့ အကဲဖြတ်နည်း တစ်နည်းအားဖြင့်တော့-လူကဲခတ်နည်းများကိုပြောကြည့်ချင်ပါတယ်။
 တစ်နံပါတ်က လူတစ်ယောက်ရဲ့ သီလရှိမှု မရှိမှု၊ ကိုယ်ကျင့်တရားကောင်း မကောင်းကို အတူတကွ နေကြည့်မှ သိနိုင်ပါတယ်။ အဲဒီလိုသိနိုင်တယ်ဆိုရာမှာလည်း ကြာမြင့်စွာနေကြည့်မှ သိနိုင်မှာပါ။ အချိန်တိုအတွင်း မသိနိုင်ပါဘူး။ ဒါကလည်း စိတ်နှလုံးထဲမှာ ထည့်သွင်းထားမှ သိနိုင်တာပါ။ စိတ်နှလုံးထည့်သွင်းမထားဘူးဆိုယင် မသိနိုင်ပါဘူး။ ဒါတွေ ပြည့်စုံပေမယ့်လည်း ပညာရှိတဲ့ပုဂ္ဂိုလ်ကသာ သိမြင်နိုင်မှာပါ။ပညာမရှိယင်တော့သိမြင်ဖို့ခဲယဉ်းပါလိမ့်မယ်။
 နှစ်နံပါတ်က လူတစ်ဦးတစ်ယောက် စင်ကြယ်မှုရှိ မရှိကို နှီးနှောပြောဆိုကြည့်မှ သိနိုင်မှာပါ။ အဲဒီလို နှီးနှော ပြောဆိုကြည့်ရာမှာလည်း ကြာမြင့်စွာ ပြောဆိုကြည့်မှ၊ စိတ်နှလုံးထဲ ထည့်သွင်းထားမှ၊ ပညာရှိသူလည်းဖြစ်မှ သိနိုင်မှာပါ။
 သုံးနံပါတ် က လူတစ်ဦးတစ်ယောက် ညဏ်စွမ်းရည် ရှိ မရှိကို ဘေးရန်ကျရောက်လာတဲ့အခါမှ သိနိုင်မှာပါ။ အဲဒါ ကလည်း အချိန်တိုအတွင်းမှာ၊ စိတ်ထဲနှလုံးသွင်းမထားယင်၊ ပညာအားနည်းနေမယ်ဆိုယင် မသိနိုင်ပါဘူး။
 လေးနံပါတ်က လူတစ်ဦးတစ်ယောက် ပညာ ရှိ မရှိကို ဆွေးနွေးပြောဆိုကြည့်မှ သိနိုင်မှာပါ။ အထက်သုံးခုက ပြောခဲ့သလိုပါပဲ အချိန်အတိုင်းအတာ၊ နှလုံးသွင်းတဲ့စိတ်ထား၊ ပညာ အနိမ့်အမြင့်တွေပေါ်မှာမူတည်ပြီးမှသာ သိမြင်နိုင်အကဲဖြတ်နိုင်မှာပါ။
 ဒီစကားလေးချက်ကို ထောက်ဆကြည့်မယ်ဆိုယင် သာမန်လူသားတစ်ယောက်က အလေးစားခံ အမြတ်နိုးခံ အကြည်ညိုခံပုဂ္ဂိုလ်ကို ရွေးချယ်တတ်ဖို့ဆိုတာ တကယ်တော့ ခဲယဉ်းနေဦးမယ် ဆိုတာပါ။ ဒီခဲယဉ်းနေခြင်းကပဲ အကြည်ညိုခံ အလေးစားခံပုဂ္ဂိုလ်တွေအတွက် အခွင့်အရေး အားသာသွားစေတယ်လို့ ဆိုရမှာပါ။
 ဒါ့ကြောင့်လည်း လောကမှာ အကိုးကွယ်ခံတွေက နေရာတိုင်းလိုလိုမှာ များပြားနေတာပါ။ ဇာတံ သရဏတော ဘယံ-ဆိုတဲ့ စကားလေးက ကိုးကွယ်ခြင်းကြောင့် ဘေးအန္တရာယ်တွေ ကျရောက်လာတတ်တယ်ဆိုတာပါ။ ဒါကိုပဲ ကိုးကွယ်ခြင်းဆိုတဲ့ ဘာသာရေးဆန်တဲ့ ဝေါဟာရကိုမသုံးဘဲ သာမန်ပြောကြည့်မယ်ဆိုယင်တော့ ကိုယ်က သူ့ ကို အမြတ်တနိုးတန်ဖိုးတွေထားခြင်းကပဲ ရံခါများမှာ ကိုယ့်ဆီကို စိတ်ဆင်းရဲစေတာတွေ သယ်ဆောင်လာတယ် လို့ဆိုနိုင်ပါတယ်။ကိုးကွယ်တယ်ဆိုတာ တကယ်တော့ အမြတ်တနိုးတန်ဖိုးထားခြင်းပါပဲ။
 ဒီလိုအမြတ်တနိုးတန်ဖိုးထားကြတယ်ဆိုတာလောကမှာအများသားနေမှာပါ။

ဘာသာရေးအားသန်သူများကတော့ ဗုဒ္ဓ၊ ခရစ်တော်၊ မိုဟာမက်၊ ကွန်ဖြူးသျှပ်တို့လို့ ဘာသာရေးခေါင်းဆောင်တွေကို တန်ဖိုးထားကြမှာပါ။
အတွေးအခေါ်အားသန်သူများကတော့ သူတို့တန်ဖိုးထားတာက အရစ္စတိုတယ်၊ ပလေတို၊ ဘာထရန်ရပ်ဆယ် စသဖြင့် အများသားနေမှာပါ။
အဲသလိုပါပဲ စာပေကိုတန်ဖိုးထားသူများ၊ သိပ္ပံပညာကို မြတ်နိုးသူများ၊ သူတော်စင်ကို စိတ်ဝင်စားသူများ၊ ဂီတကို ခုံမင်သူများ၊ ပရဟိတကို အားကျသူများ၊ ကဗျာကို စွဲလမ်းနေသူများ၊ ချစ်ခြင်းမှာ သာယာပျော်မွေ့ သူများ၊ စစ်ရေး နိုင်ငံရေးတွေမှာ ပျော်ပိုက်နေသူများ၊ ငြိမ်းချမ်းရေး တည်ဆောက်လိုသူများစသဖြင့်သူတို့နှလုံးသားက တောင်းဆိုတဲ့အတိုင်း အမြတ်တနိုးတန်ဖိုးထားနေကြတာပါ
 တန်ဖိုးထားကြပုံချင်း မတူညီကြတာနဲ့အမျှ တန်ဖိုးအထားခံ အမြတ်နိုးခံ ပုဂ္ဂိုလ်တွေကလည်း အမျိုးမျိုး ကွဲပြားနေကြမှာပါ။ ဒါတွေကလဲ တကယ်တော့ အကဲဖြတ်ခြင်းအပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာတဲ့ အမြတ်တနိုးတန်ဖိုးထားမှုတွေပါ။
 ဒီနေရာမှာတော့ကိုယ်ချစ်ခင်တဲ့အရာတွေဟာချစ်ခင်မှုနဲ့အတူညီမျှနေဖို့၊ကိုယ်တန်ဖိုးထားတဲ့အရာတွေဟာတန်ဖိုးထားမှုနဲ့အတူ ထိုက်တန်နေဖို့၊ ကိုယ်မြတ်နိုးတဲ့အရာဟာ မြတ်နိုးမှုနဲ့အတူ တပြေးညီဖြစ်နေဖို့၊ ကိုယ်လေးစားတဲ့ အရာတွေဟာ လေးစားမှုနဲ့အတူ လိုက်လျောညီထွေ ဖြစ်နေဖို့၊ ကိုယ်ကြည်ညိုတဲ့အရာတွေဟာ ကြည်ညိုမှုနဲ့အတူ တန်းတူဖြစ်နေဖို့ လိုအပ်နေမလားလို့ပါ။
 ဘာ့ကြောင့်လဲလို့ မေးခဲ့မယ်ဆိုယင်တော့ ကိုယ်ကိုယ်တိုင်ရော ပတ်ဝန်းကျင်မှာပါ “ပုဂ္ဂိုလ်ခင်မှ တရားမင်”ဆိုတဲ့စကားအတိုင်း ချစ်ခင်သူ၊ တန်ဖိုးထားသူ၊ မြတ်နိုးသူ၊ လေးစားသူ၊ ကြည်ညိုသူရဲ့ စကားတွေ အပြုအမူတွေကို လိုက်ပါဆောင်ရွက်ဖို့ နာခံတတ်တဲ့ အလေ့အကျင့်တွေ ပါနေပြီးသား ဖြစ်နေလို့ပါ။ 
 အကယ်လို့ ကိုယ် အကဲဖြတ်ထားတဲ့သူဟာ ကိုယ်အကဲဖြတ်တဲ့အတိုင်း တန်ဖိုးမြင့်နေပါက ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ ဆုံဆည်းမှုပါ။ မိမိအကျိုးကိုလဲ ဆောင်ရွက်ပေးနိုင်မှာပါ။
 ဒါပေမယ့် ကိုယ် အကဲဖြတ်ထားတဲ့သူက ကိုယ်မြင့်တင်ထားတဲ့ တန်ဖိုးအတိုင် ထင်သလောက် မဟုတ်ခဲ့ယင် အဲဒီဆုံဆည်းမှုဟာ စိတ်ပင်ပန်းစရာတွေကို သယ်ဆောင်လာနိုင်တဲ့အတွက် ကောင်းသောဆုံဆည်မှုလို့ ပြောဖို့ခက်မှာပါ။မိမိအကျိုးစီးပွါးကိုလည်း ဆောင်ရွက်ပေးဖို့ဖြစ်ကောင်းမှဖြစ်နိုင်မှာပါ။
 အဲဒီတော့ ကိုယ်ကသူ့ကို သူကကိုယ့်ကို တစ်ဦးနဲ့တစ်ဦး အကဲဖြတ်ကြရာမှာ တန်ဖိုးကိုတွက်ကြရာမှာ
မြတ်ဘုရားမိန့်ခဲ့သလိုပါပဲ အချိန်လေးတွေပေးဖို့ လိုအပ်သလို နှလုံးသားထဲမှာလဲ နေရာပေးဖို့ လိုအပ်နေမှာပါ။ ညဏ်အမြော်အမြင်လေးတွေနဲ့ ဆင်ခြင်ဖို့ဆိုတာကတော့ မပါမဖြစ်တဲ့ အစိတ်အပိုင်းတစ်ရပ်ပါလို့………
မောင်တင့်ယဉ် ခံစားရေးဖွဲ့သည်။
 Ref..:ဓမ္မဂီရိ

ဒီမိုကရေစီခရီး နီးအောင်ပင်လှမ်း

နှစ်သစ်မှာ ပထမဆုံး ထွက်ပေါ်လာခဲ့တဲ့ သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကြောင့် အတော်ကလေး စိတ်ပျက် လက်ပျက် ဖြစ်သွားခဲ့တဲ့ ကျွန်တော်တို့ တစ်တွေ ပထမ အမိန့်ထွက်ပြီး ရက်သတ္တ နှစ်ပတ်တောင် မကြာသေးတဲ့ အချိန်မှာ ထပ်မံ ထွက်ပေါ်လာတဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်နဲ့ နောက်တစ်နေ့မှာ ကြားရ မြင်ရတဲ့ အဖြစ်အပျက်တွေကြောင့် တကယ့်ကို လှိုက်လှိုက် လှဲလှဲ ဝမ်းမြောက် ဝမ်းသာ ဖြစ်ခဲ့ရတယ်ဗျာ။ ယခု ဇန်နဝါရီ ၁၃ ရက်မှာ လွှတ်လိုက်ပုံက အစုလိုက် အပြုံလိုက် လွှတ်လိုက်တာ ဆိုတော့ ပျော်စရာတောင် ကောင်းသေးလို့ ပြောရမလို ဖြစ်နေတယ်။
 ကြုံဖူးတယ်
 ကျွန်တော့်ရဲ့ သတင်းစာသမားဘဝနဲ့ နိုင်ငံရေးဘဝ ရာစုနှစ် တစ်ဝက်ခန့် ကာလအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခြင်း ခံထားရသူတွေ အစုလိုက် အပြုံလိုက် ပြန်လည် လွတ်မြောက်လာတဲ့ အဖြစ်အပျက်မျိုးကို လေးငါးခြောက်ကြိမ် ခုနှစ်ကြိမ်ထက် မနည်း ကျွန်တော် ကြုံခဲ့ဖူးတယ်ဗျ။ အထူးသဖြင့် ကိုယ်တိုင် နိုင်ငံရေး လောကထဲ ဝင်ရောက်ခဲ့ပြီးတဲ့ နောက်ပိုင်း လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာပြီး ဖြစ်စေ၊ မကြေညာဘဲ ဖြစ်စေ ယုံကြည်ချက် အကျဉ်းသားတွေ အတော်များများ သို့မဟုတ် တစ်ယောက်မကျန် လွတ်မြောက်လာတဲ့ အဖြစ်မျိုး တွေကို ကြုံတွေ့ခဲ့ဖူးတယ်။ သို့ပေမဲ့ ခုတစ်ကြိမ်လောက် ထူးထူး ခြားခြား ဝမ်းမြောက် ပျော်ရွှင်တယ် ဆိုတဲ့ ခံစားမှုမျိုး ရင်ထဲမှာ မပေါ်ခဲ့တာ အမှန်ပဲဗျာ။ “ဩော်….လွတ်လာ ကြပြီကိုး” ဆိုတဲ့ အသိ လောက်ပဲ ရှိခဲ့တယ်ဗျ။
 မျှော်လင့်ချက်နဲ့ မဆက်စပ်
 အရင်က ယုံကြည်ချက် အကျဉ်းသားတွေ အစုလိုက် အပြုံလိုက် ပြန်လွတ်ခဲ့ကြတဲ့ အပေါ် ကျွန်တော့်စိတ်ထဲ ထူးထူး ခြားခြား ဝမ်းသာပျော်ရွှင်မှု ဘာကြောင့် မရှိခဲ့ရတာလဲ ဆိုတာရဲ့ အကြောင်းရင်းကို စဉ်းစား ကြည့်လိုက်တော့ အဲဒီ လွတ်မြောက်မှုတွေနဲ့ ကျွန်တော် အပါအဝင် မြန်မာ ပြည်သူတွေရဲ့ ဒီမိုကရေစီရေး မျှော်လင့်ချက် အကြား ဆက်စပ်မှု မရှိသလောက် နီးပါး ဖြစ်ခဲ့လို့ ဆိုတာကို သွားတွေ့တယ်။ တစ်နည်း ပြောရရင် အဲဒီ အခေါက်တွေ တုန်းက ယုံကြည်ချက် အကျဉ်းသားတွေရဲ့ လွတ်မြောက်လာမှုက ကျွန်တော်တို့ရဲ့ ဒီမိုကရေစီရေး မျှော်လင့်ချက် အပေါ် သက်ရောက်မှု မရှိ သလောက် ဖြစ်ခဲ့လို့ပဲ ဖြစ်တယ်ဗျ။ တော်လှန်ရေး ကောင်စီ အစိုးရ လက်ထက်၊ လမ်းစဉ်ပါတီ အစိုးရ လက်ထက်၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေး အစိုးရ လက်ထက်၊ နိုင်ငံတော် အေးချမ်း သာယာရေး အစိုးရ လက်ထက်တွေမှာ ပေါ်ပေါက်ခဲ့ဖူးတဲ့ ယုံကြည်ချက် အကျဉ်းသား အစုလိုက် အပြုံ လိုက် လွတ်မြောက်မှုတွေက မိမိတို့ရဲ့ ဒီမိုကရေစီရေး မျှော်လင့်ချက်ကို ထူးခြား သိသာစွာ ပိုမို လင်းလက် တောက်ပ စေခြင်း မရှိခဲ့တာ မြန်မာပြည်သူတွေ အသိ ဖြစ်တယ်ဗျ။
 လွတ်လွတ်ကျွတ်ကျွတ် အောင်သွားပြီ
 ဒါပေမဲ့ အခု တစ်ကြိမ် ကတော့ အဓိပ္ပာယ်က သိပ်ကို ထူးခြား လေးနက်နေတယ်ဗျာ။ ဘာကြောင့်လဲ ဆိုတော့ အငြင်းပွားမှုတွေ ကျယ်ကျယ် ပြန့်ပြန့် ပေါ်ပေါက်ခဲ့တဲ့ အခြေခံ ဥပဒေနဲ့ ရွေးကောက်ပွဲတို့က တစ်ဆင့် တက်လာ ခဲ့တာ ဖြစ်ပေမယ့် ပြည်သူ့ ဆန္ဒကို အလေးထားတဲ့ လုပ်ရပ်တွေ တစ်ခုပြီး တစ်ခု လုပ်ဆောင်ခဲ့တာကြောင့် ပြည်သူလူထုနဲ့ ယုံကြည်မှုကို တိုးတက် ရရှိလာနေခဲ့တဲ့ တစ်ချိန်တည်းမှာ ရှေ့တစ်လှမ်းတိုး နောက်တစ်လှမ်း ဆုတ်သလို ဖြစ်နေတဲ့ လုပ်ဟန်ကြောင့် ပြည်သူ့ ယုံကြည်မှု ရရှိရေး စာမေးပွဲမှာ မော်ဒရေးရှင်း ထိုင်ရမလို ဖြစ်နေ တဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ အခု နောက်ဆုံး လုပ်ရပ်နဲ့ လွတ်လွတ် ကျွတ်ကျွတ် အောင်မြင် သွားခဲ့လို့ပဲ ဖြစ်တယ်ဗျ။
 ဆက်ညှိနှိုင်းသွားရင် ရလောက်တယ်
 အခုအထိ ယုံကြည်ချက် အကျဉ်းသား ဆိုတဲ့ အသုံးအနှုန်းကို လက်မခံ သေးတာ။ ကျွန်တော်တို့က ယုံကြည်ချက် အကျဉ်းသား အနည်းငယ် ကျန်နေ သေးတယ်လို့ ပြောနေရတာ စတဲ့ ကိစ္စတွေ ကိုတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကို မျှော်တွေးပြီး ဆက်လက် ညှိနှိုင်းသွားရင် ရနိုင် ကောင်းတယ်လို့ ကျွန်တော် ယူဆတယ်ဗျာ။
အခုဆို ကျွန်တော်တို့နိုင်ငံ ရှေ့တိုး သွားနိုင်ဖို့ ကိစ္စမှာ အရေး အကြီးဆုံး အခြေခံ ပြဿနာကြီး နှစ်ခုထဲက တစ်ခုဖြစ်တဲ့ ယုံကြည်ချက် အကျဉ်းသားများ လွတ်မြောက်ရေး ကိစ္စ ပြေလည် သွားခဲ့ပြီ ဖြစ်သလို နောက်တစ်ခု ဖြစ်တဲ့ ငြိမ်းချမ်းရေး ကိစ္စမှာလည်း အလား အလာ ကောင်းတွေ မြင်တွေ့နေရပြီ ဖြစ်တယ်ဗျာ။ သမိုင်းတစ်ပတ် ပြန်လည် သွားလောက် အောင်တော့ အခြေအနေ မဆိုးနိုင်ဘူးလို့ ကျွန်တော် ယုံကြည် နေတယ်ဗျာ။
 သံချေးကိုက်နေတဲ့ တံခါးကြီး
 ကျွန်တော်တို့ နိုင်ငံရဲ့ နှစ်ပေါင်းရှည်ကြာ ပိတ်ထားခဲ့မှုကြောင့် ပတ္တာတွေ သံချေး ကိုက်နေတဲ့ ဒီမိုကရေစီ တံခါးကြီးဟာ စေ့ရာမှ ဟ၊ ဟရာမှ တဖြည်း ဖြည်းချင်း ကျယ်သထက် ကျယ်စွာ ပွင့်ဟ လာနေပြီလို့ ကျွန်တော့် မျက်စိထဲ မြင်နေတယ်ဗျ။ ပြောရရင် ဒီမိုကရေစီ လိုလားတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေနဲ့ နိုင်ငံတကာ မိတ်ဆွေ အသိုင်း အဝိုင်းတွေရဲ့ ကြိုးပမ်းမှုကို သမ္မတကြီး ဦးသိန်းစိန် အစိုးရက ထပ်မံ လိုက်လျော ခဲ့တာလို့ ပြောနိုင်မယ်ဗျ။
 ဗြုတ်စဗျင်းတောင်း အရှုပ်တွေ
 တံခါးပိုပိုပြီး ပွင့်လာချိန်မှာ ကျွန်တော်တို့ဟာ ရာစု တစ်ဝက်လောက် ပိတ်ထားခဲ့တဲ့ အခန်းထဲက ပရမ်းပတာ၊ ကသောင်း ကနင်း၊ ဖရိုဖရဲ၊ အလဲလဲ အပြိုပြို ဖြစ်နေတဲ့ ပစ္စည်း တွေကိုလည်း မြင်တွေ့နေရပြီ ဖြစ်တယ်ဗျ။ ကျွန်တော်တို့ဟာ တံခါးကို ပွင့်သထက် ပွင့်လာပြီး နောက်ဆုံးမှာ ဟင်းလင်း ဖြစ်သွားအောင် ကြိုးပမ်းနေကြရ မယ့် တစ်ချိန်တည်းမှာ အခန်းထဲက ဗြုတ်စဗျင်းတောင်း အရှုပ် အထွေး တွေကိုလည်း အားကြိုး မာန်တက် ရှင်းကြ လင်းကြရမှာ ဖြစ်တယ်ဗျ။
 ဒီမိုကရေစီနဲ့ မတန်တဲ့ စိတ်တွေ
 ပထမဆုံး လှည်းကျင်း ရှင်းထုတ် ကြရမှာတော့ ဒီမိုကရေစီကို အလေး မထားခဲ့တဲ့ စနစ်ဆိုး ကြီးစိုးခဲ့တဲ့ တစ်လျှောက်လုံး တဖြည်းဖြည်းချင်း ရင့်သန် အမြစ်စွဲလာခဲ့တဲ့ ကျွန်တော်တို့ ခေါင်းထဲက ဒီမိုကရေစီနဲ့ မထိုက်တန်တဲ့ အတွေးအခေါ် အညစ်အနွမ်း အဟောင်းအမြင်း အမှိုက် သရိုက်တွေ ဖြစ်တယ်ဗျ။ ပျင်းတာ၊ စိတ်ဓာတ် သိမ်ဖျင်းတာ၊ တစ်ယောက်အပေါ် တစ်ယောက် မကောင်းသတင်း လွှင့်တာ၊ ကိုယ့်ထက်သာ မနာလိုတာ၊ မုဒိတာ တရား ခေါင်းပါးတာ၊ ငါသာ အသိဆုံး အတတ်ဆုံး အတော်ဆုံးလို့ တွေးတာ၊ ကိုယ်နဲ့မတူတဲ့ သဘောထားကို စိတ်ရှည် သည်းခံနိုင်စွမ်း မရှိတာ၊ ပြိုင်ဘက်ကို ကိုယ့်အရည်အသွေး တက်လာအောင် ကူညီ ပံ့ပိုးနေသူ အဖြစ် မမြင်နိုင်ဘဲ အပြတ် ရှင်းပစ်ရမယ့် ရန်သူလို့ သဘောထားတာ၊ ချက်အောက်ထိုးပြီး အနိုင်ယူချင် တာ၊ ဘယ်သူသေသေ ငတေမှာရင် ပြီးရော စိတ်မွေးတာ၊ အမှန်တကယ် ရှက်ရမယ့် ကြောက်ရမယ့် အလုပ်ကို မရှက် မကြောက် လုပ်ပြီး အမှန်တကယ် မရှက် မကြောက် ရမယ့် ကိစ္စတွေကို ရှက်တာ ကြောက်တာ။ ပြောရ ရင်တော့ ပြောမဆုံးပေါင် တောသုံးတောင်ပဲဗျ။ တစ်ခါလည်း ကျွန်တော် စိတ်ရှိ လက်ရှိ ရေးပြီးပြီဗျာ။
 တာထွက်မှတ်မျှသာ
 နှစ်ပေါင်း ငါးဆယ်လောက် ဒီမိုကရေစီနဲ့ ကွာရှင်း ပြတ်စဲ ထားခဲ့ရတာ ဆိုတော့လည်း ဒီမိုကရေစီဟာ ကျွန်တော် တို့ ပြည်သူတွေ အတွက် သူစိမ်းတစ်ရံ ဆံလိုဖြစ်ပြီး အခု ပြန်တွေ့ချိန်မှာ အမ်းတမ်းတမ်း ဖြစ်နေတာက သဘာဝ ကျပါတယ်။ ဒါကြောင့် ဒီမိုကရေစီနဲ့ ပြန်ပြီး ယဉ်ပါးလာအောင် စုံမက်မြတ်နိုးစွာ ရွေးချယ်ခဲ့တဲ့ လမ်းဖြစ်တဲ့ အတွက် ဘယ်လောက် ဝေးဝေး လျှောက်လှမ်း ကြရမှာပဲ ဖြစ်တယ်ဗျ။ နိုင်ငံတကာ စံချိန် စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီ အစိုးရစစ်စစ် တစ်ရပ်ကို ရွေးချယ် ဖွဲ့စည်းနိုင်ခဲ့တယ် ဆိုရင်တောင် အဲဒါဟာ ဒီမိုကရေစီ ခရီး ကြမ်းရဲ့ ပန်းတိုင် မဟုတ်သေးဘဲ တာထွက် မှတ်သာ ဖြစ်တယ်ဆိုတာကို မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းတွေက အကြိမ်ကြိမ် သက်သပြခဲ့ပြီး ဖြစ်တာမို့ ကျွန်တော် ကတော့ ကျွန်တော်တို့ နိုင်ငံအဖို့ အခုအချိန်မှာ ဒီမိုကရေစီ ပန်းတိုင်ဆီသို့ ဤခရီး နီးအောင် အတော် လှမ်းရဦးမယ်လို့ပဲ ဆိုလိုက်ချင်တယ်ဗျာ။
 (မောင်ဝံသ)

နှစ်ငါးဆယ် အခွင့်အရေးအတွက် အရေးကြီးသောကာလ

ယခုအခါ မြန်မာနိုင်ငံတွင် ယခင် နှစ်ငါးဆယ် အတွင်း မကြုံဖူးခဲ့သည့် အဖြစ်သနစ်စုံတို့ ပေါ်ပေါက်လျက်ရှိသည်။
အကျဉ်းကျ ခံနေရသည့် နိုင်ငံရေး လှုပ်ရှားသူ အများအပြား လွတ်မြောက်ကာ ခရီးရောက်မဆိုက်ပင် ရှေ့ဆက် လုပ်ဆောင်မည့် ကိစ္စများအတွက် စိုင်းပြင်းနေကြသည်။
 နယ်စပ်ဒေသ များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် အစိုးရပိုင်း ပုဂ္ဂိုလ်များ အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ကာ အဆင့်ဆင့်သော အောင်မြင်မှုများ ရရှိနေကြပြီ။
ထို့ပြင် လွှတ်တော် အရပ်ရပ်ရှိ လစ်လပ်နေသော ကိုယ်စားလှယ် နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲ တစ်ရပ် ကျင်းပရန် စီစဉ်လျက်ရှိပြီး၊ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မပါဝင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည်လည်း နေရာအပြည့် ပါဝင်ယှဉ်ပြိုင်ရန် အသင့်ပြင်လျက်ရှိသည်။
 လက်နက်ကိုင်သော၊ လက်နက် မကိုင်သော နိုင်ငံရေးနယ်ပယ် နှစ်ရပ်လုံးမှာပင် ပဋိပက္ခများ လျော့ပါးလာနေရာ သည်အတိုင်း သွားသော်ပိုမို တိုးတက် ယဉ်ကျေးသည့် နိုင်ငံရေး ဓလေ့များ ဤတိုင်းပြည်၌ ထွန်းကား လာလိမ့်မည်ဟု မှန်းမျှော် နိုင်သည်။
နိုင်ငံတကာကလည်း မြန်မာနိုင်ငံတွင် အာဏာပိုင် အုပ်စိုးမှုမှနေ၍ ဒီမိုကရေစီ စနစ်ဆီသို့ အသွင်ကူးပြောင်းမှု စတင်နေပြီဟု ယုံကြည်မှုများ တိုးပွားလျက်ရှိရာ မကြာမတင် ကာလတွင် ပိတ်ဆို့ အရေးယူမှုများ ရုတ်သိမ်း၍၊ နိုင်ငံတကာနှင့် ဆက်သွယ် ဆောင်ရွက်သော လုပ်ငန်းတို့သည် စီးပွားရေး အပါအဝင် ကဏ္ဍမျိုးစုံ၌ အရှိန်အဟုန်ကြီးစွာ ဖြစ်ထွန်း ပေါ်ပေါက် လာတော့မည်ဟု ရှုမြင်ရသည်။
သို့သော် တစ်ဖက်တွင် မသေချာ နိုင်သေးသော အကြောင်းများလည်း ရှိနေပါသေးသည်။ တစ်ခုက အပြောင်းအလဲ ဖြစ်ရခြင်း၏ အကြောင်းအရင်း တို့ကို ရှာဖွေစုငုကြသည့် သုတေသီတို့ အနေနှင့် ဘယ်အရာသည် ပြောင်းလဲရန် တွန်းအား ပေးလိုက်သည့် အဓိက အကြောင်းအရင်းဟူ၍ သေချာစွာ  အဖော်ထုတ်နိုင်ခြင်းနှင့် ယင်းကို အကြောင်းပြုကာ အပြောင်းအလဲ၏  ရှေ့အလားအလာနှင့် စပ်လျဉ်း၍  ပီပီသသ အကဲခတ် သုံးသပ်မှုများ မပြုလုပ်နိုင်ခြင်း ဖြစ်သည်။ နောက်တစ်ခုမှာ အပြောင်းအလဲ ခရီး၌ ဖြေရှင်းရမည့် ပြဿနာတို့သည်လည်း တစ်ဝက်တစ်ပျက် ဖြေရှင်းပြီး ဆက်လက် ဖြေရှင်းဆဲ ယခုမှ ဖြေရှင်းရန်စတင် ဟူသော အနေအထား များတွင်သာ ရှိသေးခြင်း ဖြစ်သည်။ ထို အကြောင်းများ ကြောင့်ပင် အပြောင်းအလဲ၏ ရှေ့ရေးနှင့် စပ်လျဉ်း၍  စိတ်မအေးနိုင်သော သဘောတို့ ဆက်လက် တည်ရှိနေခြင်း ဖြစ်သည်။
 မည်သို့ပင်ဖြစ်စေ တကြောင့်ကြကြနှင့် သွားနေသည့် ကြားကပင် အထက်က ဖော်ပြခဲ့သည့် ဖြစ်ရပ်များအပြင် အခြား သိသာ ထင်ရှားသော တိုးတက်မှု များလည်း ပြီးခဲ့သော နှစ်ပိုင်းအတွင်း ပေါ်ပေါက်ခဲ့တာ အားလုံးအသိ ဖြစ်သည်။
အရေးကြီးသော သာဓက တစ်ရပ်က သမ္မတ ဦးဆောင်သော အစိုးရအဖွဲ့နှင့် ဥပဒေပြုမဏ္ဍိုင် ဖြစ်သည့် လွှတ်တော်များ အကြား အာဏာ ခွဲဝေမှုနှင့် အပြန်အလှန် ထိန်းကွပ်မှုတို့ ကျင့်သုံးဆောင်ရွက်မှု ရှိတာ တွေ့မြင်ရခြင်း ဖြစ်သည်။ အဲဒါသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကာလတစ်လျှောက် နိုင်ငံကို အုပ်ချုပ်ခဲ့သည့် ယန္တယားများ အတွင်း၌ မရှိခဲ့ဖူးသော အနေအထား တစ်ရပ်ဖြစ်သည်။
သည့်အပြင် စာနယ်ဇင်း မီဒီယာတို့ လွတ်လပ်မှု အပြည့်အဝ မရရှိ သေးသော်လည်း ယခင် ဖော်ပြခွင့်မရှိသည့် အကြောင်းအရာ များစွာတို့ကို ရေးသားတင်ပြ နိုင်ကြသည့်အပြင် နိုင်ငံ၏ စတုတ္တမဏ္ဍိုင် အဖြစ်လည်း အရေးတယူ ပြုခြင်း ခံနေရပြီ။
အသင်းအပင်း ဖွဲ့စည်းခွင့်၊ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် အပါအဝင် နိုင်ငံသားတို့၏ မူလအခွင့်အရေးများ တကယ်လက်တွေ့ ခံစား ရရှိနိုင်ရေး အတွက် တရားဝင် စည်းရုံး ဆော်သြမှုများနှင့် တင်ပြ တောင်းဆိုမှု များလည်း စတင် ဖြစ်ပေါ်လျက် ရှိကြပြီ။ နှစ်ပေါင်း ၅၀ ကာလက မဖြစ်နိုင်ခဲ့သော အရာများပင်။ များမကြာမီ ကလည်း နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေးခဲ့ခြင်း၊ အကျဉ်းထောင်များမှ လွတ်မြောက်လာသည့် နိုင်ငံရေး လှုပ်ရှားသူတို့ အမျိုးသားပြန်လည် စည်းလုံး ညီညွှတ်ရေးနှင့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး အတွက် ပါဝင် ဆောင်ရွက်ကြရန် နှိုးဆော်လာခြင်း တို့သည်လည်း နိုင်ငံရေးတွင် ကဏ္ဍ နယ်ပယ်စုံမှ အင်အားစုများ ပါဝင်နိုင်အောင် ဖွင့်ဟ ပေးလာသော သဘောဟု ရှုမြင်နိုင်သည်။
 ခြုံ၍ကြည့်သော် ယနေ့ အနေအထားသည် မြန်မာ့နိုင်ငံရေး ကစားကွင်းကြီးကို တံခါးမှူး လုပ်သူတို့ ဖွင့်လှစ် ပေးခဲ့၍ သည်ကွင်း အတွင်း နိုင်ငံရေး အင်အားပေါင်းစုံတို့ ယှဉ်ပြိုင်ရန် ရောက်ရှိနေ ဝင်ရောက်လာနေသော သဘောဖြစ်သည်။ ပြိုင်ပွဲထဲသို့ မိမိ ဝင်ရောက်သင့် မသင့်နှင့် ဝင်ရောက်မည့် ပုံသဏ္ဍာန်ကို စဉ်းစားဆဲ ရွေးချယ်ဆဲပုဂ္ဂိုလ်များ အဖွဲ့အစည်းများ ရှိနေသေးတာ မှတ်သော်လည်း ယခုလက်ရှိမှာပင် ကွင်းထဲ၌ ယခင်ထက် သိသိသာသာ စည်ကားလာနေတာကား အထင်အရှားဖြစ်သည်။
သည်ကွင်းကြီးထဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်သူ၊ အင်တိုက်အားတိုက် အားပေးသူ တို့ဖြင့် ပျော်ရွှင်ဖွယ်၊ စိတ်လှုပ်ရှား တက်ကြွဖွယ် ပြိုင်ပွဲများ ဖြစ်ပေါ်စေဖို့နှင့် အနိုင်ရသူတို့ ထိုက်တန်သော ဆုလာဘ်ရရှိပြီး၊ မနိုင်သူတို့လည်း မကျေနပ်စရာ မဖြစ်စေဖို့တွင် ပြိုင်ပွဲဦးဆောင် ကျင်းပသူတို့ ရည်ရွယ်ချက် စေတနာမှန်ကန်ရေး၊ ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများ သမာသမတ်ကျ၍ ကျင်းပစဉ်၌လည်း ၄င်းစည်းကမ်းများ အတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ရေးတို့သည် အလွန် အရေးကြီးသည်။
 သည့်အပြင် အရေးကြီးသည်ကား ပြိုင်ပွဲဝင်သူတို့ အားကစား သမားကောင်း စိတ်ဓာတ်များ မွေးမြူ နိုင်ကြဖို့ ဖြစ်သည်။ အားကစား ယဉ်ကျေးမှု၊ သို့မဟုတ် နိုင်ငံရေး ပြိုင်ပွဲယဉ်ကျေးမှု။

သည်ကွင်းထဲ၌ လောလောဆယ် မြင်တွေ့ရမည့် အနီးကပ်ဆုံး နိုင်ငံရေးပြိုင်ပွဲကား ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ ဖြစ်သည်။ ယခု ရက်ပိုင်းများအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ကြားဖြတ် ရွေးကောက်ပွဲတွင် ယခင် ရွေးကောက်ပွဲ အတွေ့အကြုံများကို သင်ခန်းစာ ယူ၍ ပိုမို ပြည့်စုံ မှန်ကန်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးကို ဥပဒေနှင့် အညီ ကြီးကြပ် ဆောင်ရွက်ကြရန် လိုကြောင်း၊ ကော်မရှင် အဖွဲ့ခွဲများအား ညွှန်ကြား ပြောဆိုခြင်း၊ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး အတွက် နိုင်ငံရေး ပါတီများက ပါဝင် ဆောင်ရွက်ကြရန် နှိုးဆော်လျက်ရှိခြင်း စသည်တို့အရမူ ယခင်က ဖြစ်ခဲ့သည့် ကြိုတင်မဲ ပြသနာမျိုး မပေါ်ပေါက်အောင် ဒိုင်လူကြီးတို့ ထိန်းသိမ်း ကြလိမ့်မည်ဟု မျှော်လင့်ရသည်။ စင်စစ် ၂၀၁၀ နိုဝင်ဘာမှသည် ယနေ့ကာလအထိ ပြောင်းလဲလာနေသည့် အနေအထားများအရ ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှု အတိုင်းအတာ တို့လည်း တိုးတက်ရမည် ဖြစ်၏။ ယခု ''ကြားဖြတ်'' သည် အဆိုပါ တိုးတက်မှုကို သက်သေထူရမည့် အရာ တစ်ခုဟုလည်း ရှုမြင်နိုင်သည်။
 ''ကြားဖြတ်''ကို အကဲခတ်ကြမည့် သူတို့အနေဖြင့် ယခုမှသည် ဆန္ဒမဲပေးသည့် နေ့မတိုင်မီအထိဖြစ်သော အကြိုကာလ၊ ထို့နောက် မဲဆန္ဒ ပေးကြသည့် နေ့ရက်၊ ထို့နောက် မဲအရေအတွက် ကြေညာခြင်း၊ အနိုင်ရသူအား လွှတ်တော် ကိုယ်စားလှယ် အဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်း၊ ကန့်ကွက်ချက်များ အတွက် ခုံအဖွဲ့ဖြင့် စစ်ဆေး ဆုံးဖြတ်ခြင်း စသည်တို့ ပါဝင်သည့် နောက်ပိုင်း ကာလ စသဖြင့် စ-လယ်-ဆုံး သုံးပါးလုံး၏ အနေအထားကို ကြည့်ကာ တရားမျှတမှု မည်မျှ ရှိမရှိကို တိုင်းတာသတ်မှတ် ကြမည်ဖြစ်သည်။
မဲဆန္ဒနယ် ၄၈ နယ်သာ ယှဉ်ပြိုင်ရသည်ဖြစ်၍ အာဏာရရှိမှုအထိ အဆုံးအဖြတ် ပေးနိုင်သည့် ပွဲကြီး မဟုတ်သော်လည်း ပွင့်လင်းလာသော အနေအထားနှင့် ပိုမိုပြည့်စုံစွာ ပါဝင်ယှဉ်ပြိုင်လာမှုတို့ကို အကြေင်းပြု၍ ယခုရွေးကောက်ပွဲ၌ လုပ်ကိုင် ဆောင်ရွက်ပုံ တို့သည် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အထွေထွေ ရွေးကောက်ပွဲအတွက် သက်ရောက်မှု ရှိမည်ဖြစ်ရာ၊ စံချိန်ယူ နမူနာပြ တရားမျှတသော ပွဲတစ်ခုဖြစ်ဖို့ အရေးကြီးသည်။
 သည်အတွက်၊ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်တို့က မိမိတို့၏ တာဝန်နှင့် ရာဇဝင်ကို အလေးထား၍ လည်းကောင်း၊ ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ် လောင်းများက သန့်ရှင်းသော နည်းလမ်းတို့ဖြင့် အနိုင်ရအောင် ကြိုးပမ်း၍ လည်းကောင်း ဆင်နွှဲဆောင်ရွက် ကြသကဲသို့၊ ဒီမိုကရေစီစနစ်ကို  ဖော်ဆောင်နိုင်မည့် ပြည်သူ့ ကိုယ်စားလှယ် စစ်စစ်များ ရရှိရေကို အလေးထားသော ပြည်သူတို့ကလည်း နိုင်ငံရေး အသိစိတ်ဓာတ် ထက်သန် ပြည့်ဝစွာ စောင့်ကြည့် ထိန်းကွပ်သော နည်းအားဖြင့် ပါဝင်ကြဖို့လိုကြောင်း တိုက်တွန်းအပ်ပါသည်။
 (ပြည်သူ့ခေတ်အယ်ဒီတာ၊ ၁၉-၁-၂၀၁၂)

မြန်မာနိုင်ငံမှာ နိုင်ငံရေးဝါဒကြောင့် မညီညွတ်တာမျိုး မရှိတော့ဘူး

* မြန်မာနိုင်ငံဟာ စည်းလုံးညီညွတ်တဲ့ နိုင်ငံပါလား။
 လက်ရှိအခြေ အနေက စည်းလုံးညီညွတ်ဖို့ကို ရည်ရွယ်ချက်ထားတာပဲ ရှိတယ်။
 * နိုင်ငံရဲ့ လက်ရှိ ညီညွတ်မှုအနေအထားကို ဆရာကြီး ဘယ်လို သုံးသပ်ပါသလဲ။
 အခုက နိုင်ငံရေးဝါဒနဲ့ပတ်သက်ပြီးတော့ မကွဲတော့ဘူး။ ခေတ်ကလည်း နိုင်ငံရေးအတွေးအမြင်တွေကိုအဓိကထားမှု နိဂုံးချုပ်သွားတဲ့ ခေတ် ဖြစ်တယ်။ မြန်မာနိုင်ငံမှာလည်း (အရင်တုန်းက ဖြစ်ခဲ့သလို)၀ါဒ တွေနဲ့ပတ်သက်ပြီး မညီညွတ်တာမျိုး မရှိတော့ဘူး။ ကျန်တဲ့ Issue တွေမှာတော့သူ့ Issue အလိုက်ပဲ ရှိတယ်။
 * မြန်မာလူ့အဖွဲ့အစည်းမှာ ဖြစ်ပေါ်တဲ့ မညီညွတ်မှုတွေဟာ ဘာတွေ ကြောင့်လို့ သုံးသပ်မိပါသလဲ။
 လွတ်လပ်ရေးရပြီး နောက်က စပြောရင် အရင် Ideology ထွန်းကား တဲ့ခေတ်တုန်းက
ဆိုရှယ်လစ်ဝါဒနဲ့ လစ်ဘရယ် ၀ါဒ Ideology clash ဖြစ်တယ်။ နောက် real politic နိုင်ငံရေး
အကျိုးစီးပွားအပေါ် မူတည်ပြီး ကွဲခဲ့ကြတယ်။
 * နိုင်ငံဖွံ့ဖြိုးအောင် ထူထောင်ရေးမှာ တစ်နိုင်ငံလုံး ညီညွတ်မှုရှိနေဖို့က အခြေခံအရေးအကြီးဆုံး
ဖြစ်တဲ့အတွက် အဲဒီအတိုင်းအတာ ညီညွတ်မှုရရေး ဆရာကြီးအယူအဆအရ ဘာကို
အခြေခံထားသင့်တယ်လို့ ထင်ပါသလဲ။
 Liberal ပုံစံနဲ့ လုပ်ကြရမယ်။ သဘောထား ကွဲလွဲခွင့်တွေကို အသိအမှတ်ပြုရမယ်။ လေးစားရမယ်။
ဒီအခြေခံနဲ့လုပ် ကြရမယ်။ (တခြားပုံစံတွေဖြစ်တဲ့) အစိုးရက ချမှတ်တဲ့ အိုင်ဒီယာအပေါ် အခြေခံပြီး
ညီညွတ်ရေး တည်ဆောက်တာမျိုး၊ ဒါက အာဏာရှင်စနစ်ပဲ။ ဒါမျိုး မရတော့ဘူး။
နောက် ကိုယ့်စိတ်ကူးစံ Ideal တွေချပြီး အဲဒီအပေါ် ညီညွတ်ရေးတည်ဆောက်တာမျိုး၊
Idealism clash ဖြစ်လာနိုင် တာမျိုးတွေပဲ။ ဒါမျိုး အလုပ်မဖြစ်တော့ဘူး။
 * နိုင်ငံညီညွတ်ရေးကို ရည်ရွယ်ပေမယ့် အခေါ်အဝေါ်မှာတင် ကိုယ့်အဖွဲ့ အစည်းအလိုက် အမျိုးမျိုး
အသုံးအနှုန်း ရှိနေကြတာမျိုး အပေါ်ကို ရော ဘယ်လိုမြင်ပါသလဲ။
 နိုင်ငံရေးဆိုတာ ခက်တယ်။ ကိုယ့် Ideal စံကို လျှောက်ပြောတိုင်းရတာ မဟုတ်ဘူး။
Idealism clash ပေါ့။ နိုင်ငံရေးကို စိတ်ကူးယဉ် Vision ကြီးတွေနဲ့ အဲဒါတွေပြောပြီး
လုပ်ကြတဲ့ခေတ်ကလည်း ကုန်ပြီ။ ဥပမာ လူမျိုး၊ ဘာသာ၊ လိင်မရွေး တစ်ကမ္ဘာလုံး
တစ်တန်းစားတည်း စတာမျိုး Vision ကြီးတွေနဲ့ လုပ်ခဲ့ကြတာမျိုး၊ အဲဒီခေတ်က ကုန်ပြီ။
 * လူမျိုးပေါင်း ၁၀၀ ကျော်ရှိတဲ့ မြန်မာ လူ့အဖွဲ့အစည်းမှာ ယဉ်ကျေးမှုရေး၊ ဘာသာရေးရာ
ညီညွတ်မှု၊ မညီညွတ် မှုကိစ္စနဲ့ ပတ်သက်ပြီးရော ဆရာကြီး ဘယ်လိုသုံးသပ်မိပါသလဲ။
 တိုင်းရင်းသား ယဉ်ကျေးမှုတွေဟာ လေးစားရမယ်။ respect ပေးရမယ်။
တိုင်းရင်းသားယဉ်ကျေးမှုအသီးသီးကို လေးစားတာဟာ မြန်မာနိုင်ငံအတွက် အကျိုးရှိတယ်။
ဆုတ်ယုတ်တာမဟုတ်ဘူး။ ကိုယ့်နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကိုပြတယ်။ ကြွယ်ဝမှုကို ပြတယ်။
အခုက cultural determinism ယဉ်ကျေးမှု တစ်ခုတည်းရှိရမယ်ဆိုတဲ့ခေတ် မဟုတ်ဘူး။
multi culturalism ယဉ်ကျေးမှုမျိုးစုံ ထွန်းကားစေရမယ့်ခေတ်ပဲ။ မတူတဲ့ ယဉ်ကျေးမှုတွေကို
လေးစား အသိအမှတ်ပြုပြီး Dialogue လုပ်ရမှာပဲ။ တိုင်းရင်းသားယဉ်ကျေးမှု ရေးရာနဲ့ပတ်သက်ရင်
တချို့ကလည်း ရိုးရိုးသားသားပေါ်တဲ့ issue ။ တချို့ ကလည်း agitate လုပ်တာ။
ဒါမျိုးတွေက နိုင်ငံရေးမှာ ရှိတတ်တယ်။ လူမျိုးရေးကို နိုင်ငံရေးလက်နက်အဖြစ် သုံးတာ။
မလုပ်သင့်ဘူး။ လူမျိုးရေးကို နိုင်ငံရေး လက်နက်အဖြစ်သုံးခဲ့လို့ ပြည်တွင်းစစ် ဖြစ်ခဲ့တာတွေ
ကြာလှပြီ။ လူမျိုးတွေရဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးဆိုရင် ဥပမာ လွှတ်တော် နိုင်ငံရေး၊
ရွေးကောက်ပွဲ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့်ရှိရမယ်။ သူတို့ဒေသမှာ သူတို့
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမယ်။ အခု ကိုယ့်လွှတ်တော်နဲ့ကိုယ်လုပ် ထား တာ အတော်အဆင်ပြေတာပဲ။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာမျိုးကြီး အကြီးကြီး မဟုတ်သည့်တိုင်အောင် ကိုယ့်ဒေသ ကိုယ့်ကိစ္စ
ကိုယ့် လူနဲ့ကိုယ် ဆုံးဖြတ်နိုင်ခွင့် ရှိတယ်။ အရေးကြီးတာက သက်ဆိုင်ရာ ဒေသလူထုရဲ့
သဘောတူညီချက်နဲ့ အုပ်ချုပ်ခြင်း conscience က အရေးကြီးတာပဲ။ အဲဒါဖြစ်ဖို့ပဲ။
နိုင်ငံရေးသမားတွေဟာ စိတ်ကူးယဉ်ပြီး စိတ်ကူးနဲ့ ဟိုတွက်ဒီတွက် လျှောက်တွက်တာမျိုးကို
ရှောင်ရ မယ်။ reality analysis ကောင်း ကောင်းလုပ်နိုင်ဖို့ သတိထားရမယ်။ ဘာသာရေးဆိုရင်
ကမ္ဘာ့နိုင်ငံရေးမှာ ယဉ်ကျေးမှုချင်း ပဋိပက္ခ ဆိုပြီး ၉/၁၁ အဖြစ်အပျက်ကြီးတွေဖြစ်၊
ဘာဖြစ် ဖြစ်တယ်။ လုပ်သူကတော့ ဘင်လာဒင် က clash of ideal ပေါ့၊ လုပ်တာ။
သို့သော် ဒီပြဿနာရဲ့ impact ကို ကိုင်တွယ်ရတဲ့ လူတွေက clash of Ideal အသွင်နဲ့
ပြန်မကိုင်တွယ်ဘူး။ အပေးအယူ လုပ်မယ်။ deal ပေါ့။ Adjustment of Interest အဲဒါ
လုပ်လာကြတယ်။ ကမ္ဘာမှာယဉ်ကျေးမှုချင်း၊ ဘာသာရေးချင်း နားလည်မှုရရေး၊
mutual understanding of culture ကို လှည့်လာတယ်။Confrontation ပဋိပက္ခလုပ်မှုထက်
နားလည်မှုရဖို့ကို အလေးပေးလာတယ်။ မြန်မာနိုင်ငံမှာလည်း အလားတူပေါ့။
 * ပြီးခဲ့တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အပါအ၀င် အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်တွေရဲ့
ညီညွတ်ရေးအပေါ် အကျိုး သက်ရောက်မှုကို ဘယ်လိုသုံးသပ်ပါသလဲ။
 နိုင်ငံရေးကို စဉ်းစားကြတဲ့အခါမှာ တချို့က အုပ်စိုးတဲ့လူရဲ့ intention ကို အဓိကထားတယ်။
တချို့က ခေတ်ကာလ မှာ လွှမ်းမိုးတဲ့ အယူအဆ၊ အိုင်ဒီယာတွေ၊ Ideology ကို အဓိကထား
စဉ်းစားတယ်။ တချို့က personality လူပုဂ္ဂိုလ်ကို အဓိကထားစဉ်းစားတယ်။ reality ပကတိအခြေအနေကို
အဓိကစဉ်းစားတာ ရှိတယ်။ အဲဒီထဲမှာ reality ကို အဓိကထား စဉ်းစားတာမျိုးပဲ ကျန်မယ်။
အခု ခေတ်က ideology ၀ါဒတွေ ရဲ့ လမ်းညွှန်မှုတွေ မရှိဘူး။ သမိုင်းရဲ့ လမ်းညွှန်မှု၊
သမိုင်းလိုအပ်ချက်အရ ဆိုတာတွေ မရှိဘူး။ sober politic လုပ်ရမယ်။ အလုပ်တစ်ခုလုပ်မယ်ဆိုရင်
ကိုယ်တိုင် လေးလေးနက်နက် သုံးသပ်မှုတွေနဲ့၊ creativity နဲ့ လုပ်ရမယ်။
လုပ်တဲ့အခါ ပကတိအခြေအနေ reality အပေါ် better analysis မှန်မှန် ကန်ကန် သုံးသပ်ပြီးနဲ့
better prediction of future အနာဂတ် ကို ပိုပြီးမှန်ကန်အောင်တွက်ပြီး လုပ်တတ်ဖို့ အရေးကြီးတယ်။
နိုင်ငံရေးဆိုတာ The Art of Prediction လို့ ဆိုတာပဲ။
 * မြစ်ဆုံမှာ ဆည်တည်ဆောက်မှုကို ကန့်ကွက်တဲ့ကိစ္စတုန်းက တစ်နိုင်ငံလုံး တော်တော်
စည်းလုံးညီညွတ်တယ်လို့ ပြောဆိုကြ ပါတယ်။
 မြစ်ဆုံကိစ္စလိုမျိုးလည်း အခါအား လျော်စွာ ပေါ်တတ်တယ်။ ဒါတွေက by chance ပဲ။
ကံအားလျော်စွာ ပေါ်တတ်တယ်။ unexpected situation တွေ randomပေါ်တတ်တယ်။
 * တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှုကိုရော ဘယ်လိုသုံးသပ်ပါသလဲ။
 အခုပြောတဲ့ လူမျိုးနဲ့ဆိုင်တဲ့ အခွင့်အရေးတွေကို respect ပေးဖို့ပဲ။ Armed Politic ကလည်းမလိုလားအပ်တော့ဘူး။
နိုင်ငံရေး လုပ်တဲ့အခါမှာ Street Politic,လမ်းပေါ်ထွက် ဆန္ဒပြ၊တောင်း ဆိုတာတွေလုပ်တာ။
Slogham Politic ကြွေးကြော်သံတွေ ကြွေးကြော် ပြီးလုပ်တာ အမျိုးမျိုးရှိတယ်။ ဒါတွေ မရတော့ဘူး။
လက်နက်ကိုင်နိုင်ငံရေးက တစ်ကဏ္ဍဆိုပြီး လုပ်တာမျိုး၊ ဂိုဏ်းဂဏနိုင်ငံရေးမျိုး အခုချိန်မှာ မရတော့ဘူး။
အခုက Paradignsm shift ဖြစ်သွားတာပေါ့။ ဒီမိုကရေစီနိုင်ငံရေးမှာ ရွေးကောက်ပွဲကို တန်ဖိုးထားရမယ်။
election politic ရွေးကောက်ပွဲနဲ့ လွှတ်တော်နဲ့ လုပ်တာ။ အခု လွှတ်တော်က ပင်မရေစီးပဲ။
ဒီပင်မ ရေစီးကြောင်းထဲ ၀င်ပြီး ဆွေးနွေး ရမယ်။
 * တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လွှတ်တော်မှာ ၀င်ရောက် ဆွေးနွေးဖို့လို့ ယူဆတာပါလား။
 ညှိနှိုင်းဖို့အတွက် Forum တွေက ဆိုင်ရာပုဂ္ဂိုလ်တွေ ညှိတဲ့ Forumရှိမယ်။ လွှတ်တော်ရှိမယ်။
လွှတ်တော်ကတော့ ပင်မပဲ။ အဲတော့ crucial question က မြန်မာ ပြည်နိုင်ငံရေးမှာ ကိုယ့်စိတ်ကြိုက်
မဟုတ်တဲ့ အခင်းအကျင်းမှာ ကိုယ်ပါဝင် ပတ်သက်မလား၊ မပတ်သက်ဘူးလား ဆိုတာပဲ။
နိုင်ငံရေးဆိုတာ question of capacity ပဲ။ player တွေ ဇာတ်ဆောင်တွေရဲ့ capacity ကို
ကြည့်တာ။ မြန်မာနိုင်ငံရဲ့အခြေအနေကို သေချာကြည့်ရင် လွှတ်တော်နဲ့ စစ်တပ် ဒီ institution နှစ်ခုကိုကိုင်နိုင်သူ စိုးမိုးထားနိုင်သူက ဖန်တီး နိုင်မှုစွမ်းအား ပိုရှိတယ်။ ဩဇာ ရှိတယ်။
အခင်းအကျင်းကို ဖန်တီးနိုင်တယ်။ အဲတော့ ပြဿနာက ပေါ်လာတဲ့ အခင်းအကျင်းဟာ
ကိုယ့်စိတ်ကြိုက် ဖြစ်ချင်မှဖြစ်မယ်။ အဲတော့ ကိုယ့်စိတ် ကြိုက်မဟုတ်တဲ့ အခင်အကျင်းမှာ
ပါမလား မပါဘူးလား။ အဲဒါပဲ။ ကိုယ့် စိတ်ကြိုက်အခင်းအကျင်းမှာမှ ပါဝင်မယ်ဆိုတာမျိုးက
စိတ်ကူးယဉ်လွန်း အားကြီးတယ်လို့ ယူဆတယ်။ ကိုယ့်စိတ်ကြိုက်မဟုတ်တဲ့ အခင်း အကျင်းကနေ
အပြောင်းအလဲကို လုပ်နိုင်ဖို့ ကြိုးစားမလား မကြိုးစားဘူးလား ဆိုတာ၊ ဒါပဲ စဉ်းစားစရာပဲ။
 * အမျိုးပေါင်း အများကြီးရှိတဲ့ ယဉ်ကျေးမှုအသီးသီးကို မြှင့်တင်ရေးနဲ့ပတ်သက်ပြီး ဆရာကြီး
ဘယ်လိုယူဆပါသလဲ။
 ယဉ်ကျေးမှုကိစ္စက တိုင်းရင်းသား ယဉ်ကျေးမှုအသီးသီး ဖြစ်ဖြစ်၊ ဘယ်သူ့ ယဉ်ကျေးမှုဖြစ်ဖြစ်
ဒါဟာ natural growth ဖြစ်ရမယ်။ သဘာဝအလျောက် သူ့မြေဩဇာနဲ့ သူ့ဟာနဲ့ ကိုက်တာဖြစ်ရမယ်။
artificial growth မဖြစ်ရဘူး။ အပြင်ကနေယူလာပြီး အပင်လိုက် စိုက် လိုက်တာမျိုး၊
အပြင်ကနေ pump လုပ်ပေးတာမျိုး မဖြစ်ရဘူး။ home growth ၊ သဘာဝအလျောက် ကိုယ့်ခြံပေါက်ဖြစ် ရမယ်။
ဒါမှ ခိုင်မြဲတာကိုး။ နောက် technology လွှမ်းမိုးတဲ့ခေတ်ဆိုတော့ ယဉ်ကျေးမှုမှာ technological factor ကိုဦးစားပေးစဉ်းစားလာ ရမယ်။ technology နဲ့ ညှိရမှာပေါ့။
 (မောင်စူးစမ်း)

နေပြည်တော် အနာဂါတ် သဘောတူညီချက်

နိဒါန်း
 နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် လက်ထက်မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါပေးထားချက်များ ကို အကောင်အထည်ဖော်သည့် လုပ်ဆောင်ချက်များ ပါဝင်နေသော်လည်း အဓိကအားဖြင့်သမ္မတကြီးနှင့် ခေါင်းဆောင်များ၏ နိုင်ငံရေးစိတ်ရင်း စေတနာမှ ထွက်ပေါ်လာသော ရလဒ်များဖြစ်သည်။သမ္မတကြီးအတွက် အဓိကစိန်ခေါ်မှုကြီး(၃)ရပ် (နိုင်ငံရေး၊ စီးပွားရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး)သည်အနာဂတ်နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အရေးကြီးလှသော အနာဂတ်ဖြစ်နေသည်။
လက်ရှိဆောင်ရွက်မှုများသည် နောင်မျိုးဆက်များအထိ ကြီးမားစွာ သက်ရောက်မှု ရှိနေမည်ဖြစ်၍နိုင်ငံသားအားလုံးအတွက် အသက်တမျှ အရေးကြီးလှသော နိုင်ငံ့အရေး ကို Stake Holder အားလုံးကအာရုံပြုကြရန် လိုအပ်ခြင်းဖြစ်သည်။ နိုင်ငံ့အရေးကိုသတိမမူဘဲ နိုင်ငံသား (အချို့)အရေးကို ဦးစားပေးရန်လုပ်ဆောင်လာနိုင်သော အလားအလာများ မြင်တွေ့လာနိုင်ခြင်းကြောင့် နိုင်ငံသား(အချို့)အရေးနှင့်နိုင်ငံရေးကို မြင်အောင် ကြည့်ကြစေလိုသည်။
 သမ္မတကြီးဦးသိန်းစိန်သည် နိုင်ငံ့အရေးအတွက် မှန်သည်ထင်သည်ကို ပြတ်ပြတ်သားသား လုပ်ဆောင်တတ်သူဖြစ်ခြင်းကို မြစ်ဆုံ ဆုံးဖြတ်ချက်၊ ကျောက်မီးသွေး စက်ရုံများ စွန့်လွှတ်သည့် ဆုံးဖြတ်ချက်၊ (နောက်ဆုံးသော)လွတ်ငြိမ်းချမ်းသာခွင့် ဆုံးဖြတ်ချက်တို့ မှတစ်ဆင့် မြင်တွေ့နေရခြင်းကြောင့် အခြားသော Stake Holder များအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး (၃)ရပ် ကို အာရုံပြုသုံးသပ်ကြရန်လိုအပ်လာပြီဖြစ်သည်။ မိမိတို့ ကိုယ်စားပြုသည့် လူ့အဖွဲ့အစည်း(အနည်းစု)အကျိုး နှင့်ဆန္ဒကိုရှေ့တန်းတင်မိသဖြင့် နိုင်ငံသားအားလုံး ကိုယ်စားပြုသည့် လူ့အဖွဲ့ အစည်းကြီးတစ်ခုလုံး၏ အကျိုးနှင့်ဆန္ဒကိုထိခိုက်နစ်နာစေမည့် အရိပ်အယောင်များ မြင်လာနိုင်ဖွယ်ရာရှိသည့် သဘော ကိုခြုံငုံမိသဖြင့်လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး၏ အကျိုးကို ဘုံရပ်တည်ချက်အဖြစ် သတ်မှတ်ပေးပါရန် အကြောင်းတင်ပြရခြင်းလည်းဖြစ်သည်။
 All Inclusive သို့ ရောက်ရှိခြင်း
 လက်ရှိ နိုင်ငံရေး အခင်းအကျင်းသည် ပြည်တွင်း၊ ပြည်ပ ကမ္ဘာကြီးတစ်ခုလုံးက တောင်းဆိုသော
All Inclusive  ကြန်အင်လက္ခဏာများသို့ စတင်ရောက်ရှိပြီ ဖြစ်၍ ဒီမိုကရေစီ ရှင်သန်စေရာသော
အဆင့်သစ်တစ်ဆင့်သို့ တက်လှမ်းလိုက်ပြီဟု ဆိုနိုင်သည်။ ကမ္ဘာတစ်ဝန်းလုံးမှ အံ့အားသင့်သော
မျက်လုံးပေါင်းများစွာအကြား ယနေ့မြန်မာ နိုင်ငံသည် ရဲရဲရင့်ရင့် တိုးထွက်လာခဲ့ပြီဖြစ်သလို
ကြိုးတန်းလမ်းလျှောက် အနေအထားမျိုးဖြင့် မယုံမရဲစောင့် ကြည့်နေခြင်းများ ရှိနေခြင်းကြောင့်
မြန်မာ့ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအနာဂတ်သည် နိုင်ငံသားအား လုံး၏ စဉ်းစားတွေးခေါ်
ဆောင်ရွက်ချက်များပေါ်တွင် မူတည်နေသည်။ ၀ါရှင်တန် သဘောတူညီချက်သည်
ဘောဂေဗဒ ပညာရှင်များ၏ စဉ်းစား ဆင်ခြင်ချက်မှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး
ဘေကျင်း သဘောတူညီချက်သည် ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုများ၏ စဉ်းစားဆင်ခြင်ချက်မှ ထွက်ပေါ်လာခြင်းဖြစ်သော်လည်း နေပြည်တော် သဘောတူညီချက်မှာ လက်ရှိနိုင်ငံသားအားလုံး၏ တွေးခေါ်ဆောင်ရွက်ချက်နှင့်လာမည့်(၄)နှစ်အတွင်း ဆက်လက် ဆောင်ရွက်ချက်များအပေါ် အခြေခံ၍ ဖြစ်ပေါ်လာမည် ဖြစ်ရာမြန်မာ့ဖွံ့ဖြိုး တိုးတက်ရေး မော်ဒယ်လ်သည် နိုင်ငံသား အားလုံးက ဖော်ဆောင်သည့်မော်ဒယ်လ်ဖြစ်လာမည် ဖြစ်သည်။
 အားလုံးပါဝင်ခွင့်ရှိလာသည့် နိုင်ငံရေးအခင်းအကျင်းသစ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သလိုနိုင်ငံနှင့် ပြည်သူအတွက် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်ရန် Stake Holder အားလုံးလေးနက်ဆင်ခြင် ဆောင်ရွက်သင့်သလို မလုပ်သင့်မလုပ်ထိုက်သည်ကိုလည်း သတိဖြင့် ဆင်ခြင်ရန်လိုအပ်ကြောင်းတွေ့ရှိရသည်။ ဤနေရာတွင် စာရေးသူအနေဖြင့် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးသို့ချီရာ လမ်းအတွက် ဖူကူယားမား၏ Institution (၃)ရပ်ကို မျက်မှောက်ပြုကြရန် တိုက်တွန်းလိုသည်။ယင်း Institution (၃)ရပ်မှာ
(၁) နိုင်ငံတည် ဆောက်ရေး State Building၊
(၂) တရားဥပဒေစိုးမိုးရေး  Rule of Law နှင့်
(၃) ဒီမိုကရေစီရှင်သန်ရေး Accountable Government and Responsible Citizen  ဟူ၍
ဖြစ်သောကြောင့် မြန်မာတစ်နိုင်ငံလုံး သဘောဆောင်သော မဏ္ဍိုင်ကြီးများဖြစ်နေကြောင်း တွေ့ရှိနိုင်သည်။လက်ရှိအခင်းအကျင်း(စီးပွား ရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး)သည် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ် ဟူသောလမ်းကြောင်းပေါ်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး တော်လှန်ရေးမျိုးဆက်များ ရင့်ကျက်ချိန်ကြနေပြီဟုလည်းသဘောရသောကြောင့် နိုင်ငံတည်ဆောက်ရေးတာဝန်ကို နိုင်ငံသားတိုင်း မျှဝေထမ်းဆောင်ကြရမည့်အချိန်အခါဟူ၍ သုံးသပ်မိသည်။
 လစ်ဘရယ်ပုံစံဖြင့် သွားရမည်
 နိုင်ငံတော်မှ ခင်းပြထားသော လမ်းကြောင်းသည် အမိန့်အာဏာ (အထက်မှ ခိုင်းစေခြင်း)မဟုတ်ဘဲ
လစ်ဘရယ်ပုံစံဖြင့် ဆောင်ရွက်နေခြင်း၊ တွန်းအား မဟုတ်ဘဲ ဆွဲအား ဖြစ်နေခြင်းတို့ကြောင့်
လစ်ဘရယ်ပုံစံ နှင့် လိုက်လျောညီထွေ ဖြစ်သော Agree to Disagree တို့သည် အထူး အထွေ
ပြောစရာမလိုတော့သည့် ရေလဲသုံးတစ်ခု ဖြစ်လာမည်ဖြစ်သည်။ လစ်ဘရယ်ပုံစံဖြင့်
သွားမည့်သဘော ရသောကြောင့် မိမိတို့အစုအဖွဲ့အလိုက် Idealism များ၊  Ideology များနိဂုံး ချုပ်သွားပြီဖြစ်သည်။
ယနေ့ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီစသည့်
၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစရှိသော ကြားဖြတ်ရွေးကောက်ပွဲဝင်ပါတီများကို ဖြန့်ခင်းကြည့်လျှင် နိုင်ငံရေး သဘောတရားအရ တိုးတိုက်မှုများ မရှိတော့သည်ကို တွေ့ရှိနိုင်သည်။
ဝါဒအကွဲ အကွဲအပြားပြားမရှိတော့ သည့်နည်းတူ အမျိုးသားရေးဝါဒ (နိုင်ငံဖွံ့ဖြိုးရေး၊ နိုင်ငံသားများ
ကြီး ပွားတိုးတက်ရေး)သည် ဘုံလမ်းစဉ်သဖွယ် ဖြစ်လာနေပြီဖြစ်၍ လက်ရှိ မြန်မာ့နိုင်ငံရေးကို  
The Art of State Building အဖြစ်ရှုမြင်နိုင်မည်ဖြစ်သည်။
 ပကတိအခြေအနေမှန် Reality ကို လေးလေးနက်နက် သုံးသပ်ပြီး လက်ရှိလိုအပ်ချက် Necessity ကိုစိစစ်ဖော်ထုတ်ကာ အကျိုးစီးပွားများ Adjustment လုပ်ကြရမည့် အခြေ အနေဖြစ်သည်။
ယင်း Adjustment လုပ်ဆောင်ရန်အတွက်လည်း မည်သည့်ပုံစံ၊ မည်သည့်မူဘောင်မျှ သတ်မှတ်ထားခြင်းမရှိဘဲLiberalized Adjustment သဘောသို့ သက်ဝင်နေသောကြောင့် Stake Holder အားလုံးအနေ၏လက်ရှိအခင်းအကျင်း အပေါ်ရှုမြင်သုံးသပ်ချက်၊ ပြုမူ ဆောင်ရွက်ချက်များမှာ အသက်သွေးကြော ဖြစ်နေပြီဖြစ်သည်။
 လစ်ဘရယ်ပုံစံသည် စံပြုသတ်မှတ်ချက်များမရှိဟု ဆိုနိုင်သော်လည်း ယင်းသတ်မှတ်ချက်မှာ
ပြုမူ လုပ်ဆောင်ချက်များ အတွက်သာ ရည်ညွှန်းနေခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသား အားလုံး
လျှောက်လှမ်း ကျော်ဖြတ်ရမည့်အဆင့်(၃)ဆင့် ကိုမူ အောက်ပါအတိုင်း ရှုမြင်နိုင်သည်
(သဘောထား ကွဲလွဲလိုက ကွဲလွဲနိုင်သော်လည်း ယင်းကွဲလွဲချက်သည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏
ပန်းတိုင်နှင့် ကင်းကွာမှု မရှိစေရန် အရေးကြီးကြောင်း သတိပြုစေလိုသည်)
 နိဂုံး
 နိုင်ငံသားအားလုံး ထားရှိသင့်သော သန္နိဋ္ဌာန်မှာ “နောက်ပြန် မလှည့်ကြေးဖြစ်၍ နောက်ကြောင်း ပြန်လှည့်လိုသောအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအနေဖြင့် နောက်ကြောင်း ပြန်လှည့်လိုသည့် အကြောင်းရင်းမှန်ကို ပွင့်ပွင့်လင်းလင်းရဲရဲတင်းတင်း ထုတ်ဖော်ကြေညာရန် တိုက်တွန်းလိုသည်။ (ယင်းသို့ နောက်ကြောင်း ပြန်လှည့်လိုသည့်သဘောကို ထုတ်ဖော်ပြောကြားမှသာ Stake Holder များအတွင်း တိုးတိုက်မိခြင်းကို ရှောင်လွှဲနိုင်မည်ဖြစ်သောကြောင့် ဖြစ်သည်။)
 ထို့ကြောင့်လည်း လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး အခင်းအကျင်းတွင် အိုင်ဒီယိုလော်ဂျီမရှိ၊
သမိုင်းမရှိ ၊ The Art of  State Building သာရှိသည်ဟု ဆိုရခြင်းဖြစ်သည်။ မြန်မာ့ဒီမိုကရေစီ၊ စီးပွားရေး၊ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ Consilidation အဆင့်သို့ ရောက်/ မရောက်(မြန်မြန်ရောက်မလား၊ ကြာရှည်မှရောက်မလား) ဟူသည်မှာ Field  အမျိုးမျိုးတွင် ပါဝင်နေကြသောPlayer အားလုံး၏ Capacity အပေါ်တွင် မူတည်နေသည်။
 (မှူးဇော်)

 ကင်ဆာရောဂါနှင့် ပတ်သက်သည့် အယူအဆများ

အောက်ပါ အယူအဆတွေဟာ ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး လူတွေ သိရှိထားကြတဲ့ အချက်အလက်တွေပါ။  တချို့က မှန်နေသလို၊ တချို့ကလည်း မှားနေတတ်တာမို့ အမှန်အမှား ခွဲခြားပြီး သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
 အယူအဆ- စိတ်ဖိစီးမှုကြောင့် ကင်ဆာရောဂါ ဖြစ်နိုင်ပါတယ်။
 တစ်ဝက်တစ်ပျက် မှန်ပါတယ်။
 စိတ်ဖိစီးမှုဟာ ကင်ဆာ ဖြစ်စေတဲ့ တိုက်ရိုက် အကြောင်းရင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ဖိစီးမှုဟာ ကင်ဆာ ကြီးထွားနှုန်းနဲ့  ပျံ့နှံ့နှုန်းအပေါ် သက်ရောက်မှု ရှိပါတယ်။ မကြာခင်က လေ့လာမှုတွေအရ စိတ်ဖိစီးမှုနဲ့ ကင်ဆာကြား တိုက်ရိုက်မဟုတ်တဲ့ (Indirect)  ဆက်သွယ်မှုတွေ ရှိတယ်လို့ သိရပါတယ်။ စိတ်ဖိစီးမှုကြောင့် ခုခံအားစနစ်တွေ အားနည်းသွားကာ ခန္ဓာကိုယ်တွင်း Cell ပွားများမှုတွေ ပုံမှန် ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ အမေရိကန် အခြေစိုက် Anderson Cancer Centre ရဲ့လေ့လာမှုအရ စိတ်ဖိစီးမှု ဟော်မုန်း Adrenaline ဟာ ကင်ဆာကြီးထွားမှုနဲ့ ပျံ့နှံ့မှုအပေါ် လွှမ်းမိုးမှုရှိကြောင်း၊ အထူးသဖြင့် မမျိုးဥအိမ် ကင်ဆာအပေါ် သိသာထင်ရှားကြောင်း အထောက်အထားတွေ ရှိခဲ့ပါတယ်။  Adrenaline အဆင့်တွေ မြင့်တက်နေတာကြောင့် Cell ပရိုတင်း တချို့ရဲ့ လုပ်ငန်းတွေ ပြောင်းလဲသွားကာ ကင်ဆာ Cell တွေ အရွယ်ကြီးဖို့နဲ့ ပျံ့နှံ့နှုန်းမြန်ဖို့ အခြေအနေတွေ ဖြစ်သွားနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
  အယူအဆ- ကင်ဆာဖြစ်နေတဲ့ နောက်ဆုံးအဆင့်ရောက်ရင် ကုသလို့ မရတော့ပါဘူး။
မမှန်ပါ။
လူတိုင်း သိရှိနေကြဖို့က ကင်ဆာရောဂါကို စောစောစီးစီး ရှာဖွေတွေ့ရှိလေလေ၊ ရောဂါကို ကုသရာမှာ ပျောက်ကင်းမယ့် အခွင့်အလမ်းတွေ များလေလေပါ။ ကင်ဆာရောဂါကို ကုသအပြီး ငါးနှစ် အသက်ရှင်နှုန်းနဲ့ ရောဂါပျောက်နှုန်းကို သတ်မှတ်ပေးကြပါတယ်။ အခုနောက်ပိုင်း ဆေးပညာ တိုးတက်မှုတွေ ပေါ်ပေါက်နေတာမို့ ကင်ဆာရောဂါ နောက်ဆုံးအဆင့် ရှိသူတွေ အပေါ်မှာလည်း အကျိုးသက်ရောက်မှုတွေ ကောင်းနေကြပါပြီ။ နည်းပညာတိုးတက်မှု၊ Procedures တွေ တီထွင်မှုနဲ့ သိပ္ပံဆိုင်ရာ ဗဟုသုတတွေ တိုးတက်လာမှုကြောင့် နောက်ဆုံးအဆင့် ကင်ဆာရောဂါကို ကုသရာမှာလည်း အများကြီး တိုးတက်လာပြီး ကင်ဆာရောဂါ ရှိသူတွေရဲ့ ရောဂါအဆင့်တိုင်းမှာ ကောင်းမွန်တိကျ ထိရောက်မှုရှိပြီး ဆိုးကျိုးနည်းစေတဲ့ ကုသမှု မျှော်လင့်ချက် အသစ်တွေ ရှိနေပြီလို့ သိရပါတယ်။
အယူအဆ- သင့်အမေ ဒါမှမဟုတ် အဖေမှာ ကင်ဆာရောဂါ ရှိနေရင် သင့်မှာလည်း ကင်ဆာရောဂါ ရှိမှာပါပဲ။
  အားလုံးမမှန်ပါ။
 ကင်ဆာရောဂါ ရှိသူ အားလုံးရဲ့ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့်သာ မျိုးရိုးလိုက်တတ်ပါတယ်။ ကင်ဆာရောဂါ မျိုးရိုးလိုက်တာဟာ ဖြစ်နိုင်ခြေများတဲ့ အချက်ဆိုရင်လည်း ကင်ဆာရောဂါ အများစုကို ကာကွယ်နိုင်တာ အမှန်ပါ။ သင်ရဲ့ မိသားစုဝင်တွေထဲမှာ ကင်ဆာရောဂါ ရှိသူ ပါနေရင်တောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှု ပုံစံကို ပြောင်းလဲ နေထိုင်တာနဲ့ ကင်ဆာဖြစ်နိုင်ခြေများတဲ့ အချက်တွေကို လျှော့ချတာကြောင့် သင်ရဲ့ ကင်ဆာရောဂါ ဖြစ်နိုင်ခြေဟာ သိသိသာသာ လျော့သွားနိုင်ပါတယ်။
 အယူအဆ- ကင်ဆာ အကျိတ်ကို ခွဲစိတ်ကုသတာကြောင့် ကင်ဆာ ကြီးထွားမှုကို လှုံ့ဆော်နိုင်ပါတယ်။
  မှားပါတယ်။
 ကင်ဆာကို ခွဲစိတ်ကုသမှု လုပ်တာဟာ ကင်ဆာကြီးထွားမှု ဖြစ်စေတယ်ဆိုတဲ့ သက်သေပြချက် တစ်ခုမှ မတွေ့ရှိသေးပါ။ ဒီအယူအဆဟာ ရှေးနှစ်ပေါင်းများစွာက အယူအဆဖြစ်ပြီး ကင်ဆာရောဂါ နောက်ဆုံးအဆင့် ရောက်နေမှ ကင်ဆာကို စတင်တွေ့ရှိတဲ့ အချိန်ကြောင့် ဖြစ်ပေါ်တာပါ။ နောက်ဆုံးအဆင့် ရောက်နေတဲ့ ကင်ဆာရောဂါ ရှိသူတွေကို ခွဲစိတ်ကုသချိန်မှာ အဲဒီ ကင်ဆာရောဂါရှင်မှာလည်း တခြားအင်္ဂါတွေကို ရောဂါ ပျံ့နှံ့ပြီးသား ဖြစ်နေလို့ပါ။ ယနေ့အချိန်အခါမှာ ရောဂါ ကုသမှု အပိုင်းမှာ အများကြီး တိုးတက်ပြီး ရွေးချယ်စရာ အမျိုးမျိုး ရှိနေပါပြီ။ နည်းပညာ တိုးတက်မှု အပိုင်းတွေနဲ့ မကောင်းတဲ့ Cell တွေကို ဖျက်ဆီးရာမှာ ထိရောက်မှု ရှိသလို တခြားနေရာကို ရောဂါ ပျံ့နှံ့ဖို့ ခဲယဉ်းသွားပြီး လူနာအတွက်လည်း ထိခိုက်မှု အနည်းဆုံး နည်းလမ်းကို ရွေးချယ်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
 ဒေါက်တာ ခင်မိုးမိုး

ထူးချွန် ထက်မြက်သူတို့၏ အလေ့အထ ခုနှစ်ရပ်

ကိုယ်လုပ်နေတဲ့ လုပ်ငန်းခွင်မှာ ကျွမ်းကျင် အောင်မြင်နေပြီး ထူးချွန် ထက်မြက်သူတွေလို့ အများက သတ်မှတ်ခံထားရသူတွေရဲ့  အလေ့အထတွေ ဖြစ်ပါတယ်။
 အလေ့အထ (၁) လိုချင်တာတွေကို ဖန်တီးရယူတတ်ခြင်း
 ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပြီး ဆုံးဖြတ်ထားတဲ့အတိုင်း ဖန်တီးကြိုးစားတတ်ပါတယ်။ ကိုယ်ရဲ့ ရွေးချယ်မှုအတွက် အပြည့်အဝ တာဝန်ယူတတ်ပြီး ဖြစ်လာသမျှ အကောင်း၊ အဆိုးတွေကို ရင်ဆိုင် ဖြေရှင်းနိုင်စွမ်း ရှိပါတယ်။
 အလေ့အထ (၂) စိတ်ကို လေ့လာခြင်း
 ကိုယ့်မှာရှိတဲ့ အကျင့်စရိုက်၊ အားသာချက်တွေနဲ့ ဘဝ ရည်မှန်းချက်တွေကို နက်နက်နဲနဲ နားလည်အောင် ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ် ရှာဖွေပါတယ်။ သင်ရဲ့ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ၊ နေထိုင်မှုဆိုင်ရာ အခန်းကဏ္ဍ အမျိုးမျိုးက စစ်မှန်တဲ့ အကျင့်တွေကို မညှာတမ်း အကဲဖြတ်ပါတယ်။
 အလေ့အထ (၃) အရေးကြီးဆုံး အလုပ်ကို အရင်ဆုံး လုပ်ဆောင်တတ်ခြင်း
 သီတင်းပတ် တစ်ပတ်ချင်းစီအလိုက် အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေကို အစီအစဉ်ချပြီး အရေးကြီးဆုံး အရာတွေကို ထိပ်ဆုံးမှာထားကာ ဦးစားပေး ဆောင်ရွက်ပါတယ်။  ကြိုးစား အားထုတ်မှုတိုင်းဟာ ကိုယ်လိုချင်တဲ့ ဘဝနေထိုင်မှုဆိုင်ရာ တန်ဖိုးရအောင် ပံ့ပိုးပေးနိုင်ဖို့ ထည့်သွင်း စဉ်းစားပါတယ်။

အလေ့အထ (၄) Win-Win ဆိုသော အခြေအနေကို စဉ်းစားတတ်ခြင်း
 ပေါင်းသင်း ဆက်ဆံရေးမှာ အကျိုးရှိတဲ့ သဘောတူညီချက်ရဖို့ ကိုယ်လည်း အနိုင်ရစေ၊ သူလည်း အနိုင်ရစေဆိုတဲ့ Win- Win Situation ကို နားလည် တန်ဖိုးထားပြီး အလေးထား လုပ်ဆောင်ပါတယ်။ အခြေအနေ တစ်ရပ်မှာ လူတစ်ဦးတည်းပဲ အောင်မြင်နေတာထက် ပါဝင်သူအားလုံး အောင်မြင်အောင် စဉ်းစား နားလည်ပေးတာက လူတွေကို တန်ဖိုးထား လေးစားတတ်တဲ့ အရည်အချင်းတစ်ရပ် ဖြစ်ပါတယ်။
အလေ့အထ (၅) အရင်ဆုံး သူတစ်ပါးကို နားလည်ရန် ကြိုးစားပြီး နောက်မှ ကိုယ့်ကို နားလည်မှု ရရှိစေရန် ကြိုးစားတတ်ခြင်း
လူတစ်ဦးရဲ့ စစ်မှန်တဲ့ ရင်းနှီးမှုကို ရရှိဖို့အတွက် စာနာ နားလည်တတ်တဲ့ စိတ်နဲ့ နားထောင်လေ့ ရှိပါတယ်။ သူတို့ ရင်ဖွင့်သမျှကို နားထောင်ပြီး အပြုသဘောနဲ့ တုံ့ပြန်ပေးတာကြောင့် သူတစ်ပါးကို လွှမ်းမိုးမှု ရှိသွားပါတယ်။ ဒီအလေ့အထကြောင့် ဂရုစိုက်မှု၊ လေးစားမှုနဲ့ ပြဿနာကို အပြုသဘောနဲ့ ဖြေရှင်းတတ်မှုဆိုတဲ့ ရင်းနှီးခင်မင်တဲ့ သရုပ်သဏ္ဍာန်ကို ရရှိစေပါတယ်။
အလေ့အထ (၆) စုပေါင်း ညှိနှိုင်း ဆောင်ရွက်တတ်ခြင်း
အပြုသဘောဆောင်တဲ့ အသင်းလိုက် ဆောင်ရွက်မှုကြောင့် ပါဝင်သူတွေရဲ့ ခွန်အားနဲ့ အရည်အချင်းတွေ ပေါင်းစည်းသွားပြီး လူတစ်ယောက် လုပ်လို့ရတဲ့ အောင်မြင်မှုထက် ပိုသာတဲ့ အောင်မြင်မှု ပန်းတိုင်ကို ရရှိစေပါတယ်။ အဓိပ္ပာယ်ရှိတဲ့ ပူးပေါင်းကြိုးစားမှု၊ ခေါင်းဆောင်ပီသမှုနဲ့ အားပေးမှုတွေကြောင့် အဖွဲ့လိုက် လုပ်ဆောင်မှုဟာ အကောင်းဆုံး စွမ်းဆောင်မှုကို ရရှိစေပါတယ်။
အလေ့အထ (၇) ထက်မြက်အောင် ကြိုးစားနေခြင်း
 ကိုယ်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ စွမ်းအင်နဲ့ ကျန်းမာရေးတွေကို ဟန်ချက်ညီအောင်နဲ့ ကောင်းမွန်နေအောင် ကြိုးစားတာဟာ ကြာရှည် ထူးချွန်ထက်မြက်တဲ့ ဘဝနေထိုင်မှုပုံစံကို ရရှိစေပါတယ်။
 ကြယ်စင်

 

အပစ်ပယ်ခံ ဘေးမဲ့တောများ

ဘေးမဲ့တော ဟူသည့် စကားလုံးကို တော်တော်များများ ကြားဘူးကြပေလိမ့်မည်။ ရွှေစက်တော် ဘေးမဲ့တော၊ ကျိုက်ထီးရိုး ဘေးမဲ့တော၊ အင်းလေးကန် ဘေးမဲ့တော၊ မိန်းမလှကျွန်း ဘေးမဲ့တော စသည်ဖြင့် ဘုရားဖူးရန် တနည်း၊ အပန်းဖြေ ခရီး တစ်ဖုံ တော်တော်များများ ရောက်ဘူးကြပေလိမ့်မည်။ သို့သော် ဘေးမဲ့တော တစ်ခု၏ တန်ဖိုး၊ ဘေးမဲ့တော တစ်ခု၏ အရေးပါပုံကိုတော့ လစ်လျူရှုမိကောင်း လစ်လျူရှုမိကြပေလိမ့်မည်။ ဘေးမဲ့တော ဟု ဆိုမိလျှင် တောရိုင်းတိရစ္ဆာန်များ ဘေးမဲ့ပေးရာ နေရာဒေသ တစ်ခုအဖြစ် မှတ်ယူကြပေလိမ့်မည်။ အမှန်တော့ ဘေးမဲ့တော တွေဟာ ကမ္ဘာ့နိုင်ငံ အသီးသီးမှာရော မြန်မာနိုင်ငံမှာပါ တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးသာမက သဘာဝ ၀န်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းဆိုင်ရာ တစ်ခုတည်းသော အထိရောက်ဆုံး နည်းလမ်းပင် ဖြစ်သည်။
ဘေးမဲ့တော (သို့မဟုတ်) အမဲလိုက်တော
မြန်မာနိုင်ငံတွင် ဘေးမဲ့တော ဆိုသည့် စကားလုံးမှာ ရှေးဘုရင်များ လက်ထက်က ဘာသာရေး ယုံကြည်ချက်ကြောင့် တောရိုင်းတိရစ္ဆာန်များ ဘေးမဲ့စေလွှတ်နိုင်စေရန် ဧရိယာ တစ်ခု သတ်မှတ်ထားရှိရာမှ စတင်လာခဲ့ခြင်း ဖြစ်သည်။ မှတ်တမ်းမှတ်ရာ များအရ ပထမဆုံး ဘေးမဲ့တော မှာ မင်းတုန်းမင်း လက်ထက်က သတ်မှတ် တည်ထောင်ခဲ့သည့် ရတနာပုံ ဘေးမဲ့တော (ယခု ရတနာပုံ တိရစ္ဆာန်ဥယာဉ်) ဖြစ်သည်။ လူဦးရေ တိုးပွားလာ သည်နှင့်အတူ ကိုလိုနီ စနစ်လက်အောက်သို့ ရောက်ရှိလာခဲ့ရာမှ ထိုဘေးမဲ့တော မှာ ပျက်စီးခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် အင်္ဂလိပ် အစိုးရလက်ထက်သို့ ရောက်သောအခါ အင်္ဂလိပ် အရာရှိများ အမဲလိုက်ရာတွင် အဆင်ပြေမှု ရှိစေရန်အတွက် ဘေးမဲ့တော များကို ပြန်လည် တည်ထောင်ခဲ့ကြသည်။
အင်္ဂလိပ်ခေတ် လက်ထက် ပထမဆုံး တည်ထောင်ခဲ့သည့် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးမှာ တည်ရှိသည့် ပိတောင် ဘေးမဲ့တော ဖြစ်သည်။ ဒေသခံ မုဆိုးများ အမဲလိုက်ရာမှ မြန်မာ့ ကြံ့မျိုးစိတ်များ လျော့နည်းပြုန်းတီး လာခဲ့သဖြင့် အမဲလိုက်ရန် ကြံ့များ ကျန်ရှိရာ ပိတောင် ဒေသကို အင်္ဂလိပ် အစိုးရက အမဲလိုက်ရန် ထိန်းသိမ်းထားသည့် ဧရိယာ (Game Sanctuary) (မြန်မာအခေါ် ဘေးမဲ့တော) အဖြစ် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ တစ်ဆက်တစ်စပ်တည်း အခြား ကြံ များ ကျက်စားရာ ဒေသ တစ်ခုဖြစ်သည့် မိုးမိတ်မြို့နယ်နှင့် သပိတ်ကျင်း မြို့နယ် အနီးရှိ ရွှေဥဒေါင်း ဘေးမဲ့တော ကို လည်း အမဲလိုက်ရာ ဒေသအဖြစ် သတ်မှတ် တည်ထောင်ခဲ့သည်။ တည်ထောင်ခဲ့သည့် ခုနှစ်မှာ ၁၉၁၈ ခုနှစ် က ဖြစ်သည်။
 ထို့နောက် ဆယ်စုနှစ် တစ်ခုအကြာမှ စပြီး ဂျပန်ခေတ် မရောက်ခင် အချိန်အထိ အမဲလိုက်တော များ ဆက်လက် တည်ထောင် ခဲ့သည်။ ငှက်ပစ်ရန် တောင်ကြီး ငှက်ဘေးမဲ့တော၊ ပြင်ဦးလွင် ငှက် ဘေးမဲ့တော့ နှင့် ၀က်သည်းကန် ငှက်ဘေးမဲ့တော တို့ကို တည်ထောင်ခဲ့သည်။ တဆက်တစ်စပ်တည်း မြန်မာ့ ရွှေသမင် များ ကျက်စားရာ ချပ်သင်းဘေးမဲ့တော၊ ရွှေစက်တော် ဘေးမဲ့တော တို့ကိုလည်း အမဲလိုက်ရန် အလို့ငှာ တည်ထောင်ခဲ့ကြသည်။ ထို အမဲလိုက်တော များကို စီမံအုပ်ချုပ်ရန် အမဲဝန်၊ အမဲအုပ် စသည်ဖြင့်လည်း ရာထူးများ ခန့်အပ် ပေးထားခဲ့သည်။ အမဲလိုက်ရာတွင် လည်း စနစ်တကျ ထိန်းချုပ်နိုင်ရန် အမဲလိုက် လိုင်စင်များ ကို ထုတ်ပေး ထားခဲ့သည်။
လွတ်လပ်ပြီးခေတ် ဘေးမဲ့တောများ
လွတ်လပ်ပြီးခေတ် တွင် ဘေးမဲ့တောများ ကို မေ့ပစ်ထားခဲ့သည်။ အိမ်စောင့် အစိုးရ လက်ထက်သို့ ရောက်သော အခါမှ ဘေးမဲ့တောများ တဖန် အသက်ပြန်ဝင်လာခဲ့သည်။ ဘေးမဲ့တောများကို အမဲလိုက်ရန် အတွက် မဟုတ်တော့ပဲ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ် ရန်အတွက် အဓိကထား အုပ်ချုပ်လာခဲ့သည်။ တဆက်တည်းမှာပင် ဘေးမဲ့တော အသစ် ၁၂ ခု ဆက်လက်တည်ထောင်ရန် အဆိုပြုထားခဲ့သည်။ သို့သော် ဖြစ်ပေါ်နေသည့် နိုင်ငံရေးနှင့် အုပ်ချုပ်ရေး မငြိမ်သက်မှု တို့ကြောင့် လွတ်လပ်ပြီး ခေတ် တစ်လျောက်လုံး ၁၉၈၀ ခုနှစ် အထိ ဘေးမဲ့တော အသစ် သုံးခု သာ ဆက်လက်တည်ထောင် နိုင်ခဲ့သည်။ ယင်းတို့မှာ ဧရာဝတီ တိုင်းရှိ သမီးလှကျွန်း ဘေးမဲ့တော၊ ဟုမ္မလင်း မြို့နယ်ရှိ ထမံသီ ဘေးမဲ့တောနှင့် စစ်ကိုင်းမြို့အနီး ရှိ မင်းဝံတောင် ဘေးမဲ့တော တို့ ဖြစ်သည်။
 ၁၉၈၀ နောက်ပိုင်းတွင် ဘေးမဲ့တော များ၏ အခန်းကဏ္ဍ ပိုမို ဖွံ့ဖြိုး လာခဲ့သည်။ မြန်မာနိုင်ငံတွင် သာမက ကမ္ဘာ့နိုင်ငံ အသီးသီးမှာပင် ဘေးမဲ့တောများ၏ အရေးပါပုံကို အထူး ဂရုပြုမိလာကြသည်။ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရုံသာ မက သဘာဝ ၀န်းကျင်နှင့် ဇီဝ မျိုးစုံမျိုးကွဲများ၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းကာကွယ် ရေးအတွက်ပါ ဘေးမဲ့တောများကို တည်ထောင် အသုံးပြုလာကြသည်။ ဘေးမဲ့တော များကို လည်း အမည်အမျိုးမျိုး မှည့်ခေါ်လာကြ သည်။ ဘေးမဲ့တော၊ သဘာဝနယ်မြေ၊ အမျိုးသား ဥယျာဉ် စသည့်ဖြင့် အမည်မျိုးစုံ အသုံးပြု သတ်မှတ်လာကြသည်။ ထိုအမည်များ အားလုံးကို စုပေါင်းပြီး သဘာဝ ထိန်းသိမ်းရေးနယ်မြေ (Protected Areas) ဟု ခြုံငုံကာ ထိန်းသိမ်းရေး အစီအမံများ ချမှတ်ဆောင်ရွက် လာခဲ့ကြသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ အထောက် အပံ့ဖြင့် ဘေးမဲ့တောများကို စနစ်တကျ စံချိန်စံညွှန်းများနှင့် အညီ သတ်မှတ် ဖွဲ့စည်း လာခဲ့ကြသည်။ သဘာဝ ထိန်းသိမ်းရေး နယ်မြေများတွင် နိုင်ငံအဆင့် အရေးပါဆုံး ဒေသများဖြစ်သည့် အလောင်းတော် ကသပ အမျိုးသား ဥယျာဉ် (၁၉၈၉)၊ ပုပ္ပါးတောင် ဥယျာဉ် (၁၉၈၉)၊ လန်ပိကျွန်း အဏ္ဏ၀ါ အမျိုးသားဥယျာဉ် (၁၉၉၆)၊ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် (၁၉၉၈)၊ နတ်မတောင် အမျိုးသားဥယျာဉ် (၂၀၁၀) ခုနှစ် စသည်ဖြင့် အသီးသီး ဖွဲ့စည်းနိုင်ခဲ့ သည်။ ၂၀၁၁ ခုနှစ် အထိ မြန်မာနိုင်ငံတွင် သဘာဝ ထိန်းသိမ်းရေး နယ်မြေ စုစုပေါင်း (၄၃) ခု သတ်မှတ် ပြဌာန်း နိုင်ခဲ့သည်။
သဘာဝ ၀န်းကျင် ထိန်းသိမ်းရေးနှင့် ဘေးမဲ့တောများ
မြန်မာနိုင်ငံတွင် သစ်တောကြိုးဝိုင်း အမြောက်အများ ဖွဲ့စည်း တည်ထောင် အုပ်ချုပ်လျက်ရှိသည်။ သို့သော် သစ်တော ကြိုးဝိုင်းများ မှာ သစ်ထုတ်ရန် အတွက်သာ ရည်ရွယ်အုပ်ချုပ်ခြင်း ဖြစ်ပြီး သဘာဝ ၀န်းကျင် ထိန်းသိမ်းရေး ကို အပြည့်အ၀ မဖြည့်ဆီးနိုင်ပေ။ သစ်တောကြိုးဝိုင်းများ ဖြည့်ဆီး မပေးနိုင်သည့် တာဝန်ကို ဘေးမဲ့တောများက လွဲပြောင်း ယူထားရသည်။
ဆင်၊ ကျား၊ ကျားသစ်နှင့် အခြား မျိုးသုဉ်းလုနီးပါး တောရိုင်းတိရစ္ဆာန်များအတွက် လုံခြုံမှု ပေးစွမ်းရာ အိမ်ဂေဟာများ အဖြစ် တာဝန်ယူထားသည်။ သစ်ခွနှင့် အခြား ရှားပါး အပင်မျိုးစိတ်များကို ထိန်းသိမ်းပေး ထားသည်။ ဌာနေ ငှက်များနှင့် ရွှေ့ပြောင်းရေပျော် ငှက်ကလေးများ တို့အတွက် အသိုက်အမြုံ သဖွယ် စောင့်ရှောက် ထားသည်။ မြစ်ချောင်း အင်းအိုင်များ အတွက် သန့်စင်သည့် ရေ အရင်းအမြစ်များ ထိန်းသိမ်း ဖြည့်စည်းပေး ထားသည်။
လူတို့ အပန်းဖြေ နားနေနိုင်ရန် သဘာဝ ရှုခင်းများကို ကာကွယ်ပေးထားသည်။ သန့်ရှင်းသည့် လေ ကို ရှုရှိုက်ခွင့် ရစေရန် ဖန်တီးပေးထားသည်။ နာဂစ် မုန်တိုင်း ကဲ့သို့သော သဘာဝ ဘေးအန္တရယ်များမှ လည်း ကာကွယ် ပေးထား သည်။ နောက်ဆုံး ဘေးမဲ့တောများ အနီးရှိ ဒေသခံများ၏ စားဝတ်နေရေး ပြသနာ များကို လည်း တဖက်တလမ်းက ဖြည့်စည်းပေးထားလျက် ရှိပေသည်။
အပစ်ပယ်ခံ ဘေးမဲ့တောများ
ဘေးမဲ့တောများ က ကျွန်ုပ်တို့ အတွက် အကျိုးကျေးဇူးများစွာ ထောက်ပံ့ပေးထား သော်လည်း ကျွန်ုပ်တို့ တတွေ ဘေးမဲ့တောများကို လစ်လျူ ရှု ထားကြသည်။ အပန်းဖြေ နားနေစရာ ဒေသ တစ်ခု အဖြစ်သာ သတ်မှတ် ထားကြ သည်။ ဘုရားဖူး သွားရာ ဒေသ အဖြစ်သာ သိမှတ် ထားကြသည်။ ဘေးမဲ့တောများ၏ အခန်း ကဏ္ဍ ကို အလေးမထား၊ ဘေးမဲ့တောများကို ဖျက်လိုဖျက်ဆီး ပင် လုပ်တတ်ကြသေးသည်။ ဘေးမဲ့တောများ အတွက် ပြည်သူများ ၏ အသံ မှာ တိုးတိမ် လွန်းလှသည်။ အမှုမဲ့ အမှတ်မဲ့ ဖြင့် မသိကျိုးကျွန် လုပ်တတ် ကြသေးသည်။
သို့ရာတွင် ကျွန်ုပ်တို့ မေ့ထား၍ မရသည့် အရာများစွာ ရှိနေသေးသည်။ ဧရာဝတီ မြစ်၏ အသက်သွေးကြောမှာ ခါကာဘိုရာဇီ ဖြစ်သည်။ ချင်းတွင်းမြစ်၏ အသက်သွေးကြောမှာ ဟူးကောင်းဘေးမဲ့တောနှင့် ထမံသီ ဘေးမဲ့တော ဖြစ်သည်။ ချင်းလူမျိုးတို့၏ ၀ိညာဉ်မှာ နတ်မတောင် ဖြစ်သည်။ အင်းသူအင်းသား များ၏ အသက်အိုးအိမ်မှာ အင်းလေး ကန် ဖြစ်သည်။ အပူပိုင်းဒေသ၏ အိုအေစစ်မှာ ပုပ္ပါးတောင် ဖြစ်သည်။
ဧရာဝတီတိုင်း၏ အကာအကွယ်မှာ မိန်းမလှကျွန်း ဖြစ်သလို ဆလုံလူမျိုးများ၏ ၀ိညာဉ်မှာ လည်း လန်ပိကျွန်း ပင် ဖြစ်နေပေသည်။ ကျွန်ုပ်တို့ အတွက်သာ မဟုတ် တောဘုရင် ဆင်နှင့် ကျားများ၊ ဂျီ၊ သမင်လေးများ၊ လိပ်ကလေးများ၊ ရှားပါး မိကျောင်းများနှင့် ရေပျော် ငှက်ကလေးများ အတွက် နောက်ဆုံး ခိုလှံရာ နေရာဌာန လေးများပင် ဖြစ်သည်။
အပစ်ပယ်ခံ ဘေးမဲ့တော လေးများကို ကျွန်ုပ်တို့  အလေးမထားချင် နေပါ၊ မတိုးတက်ချင် မတိုးတက်ပါ စေနှင့်၊ ခဏတာ လည်ပတ်တုန်း ညစ်ညမ်း မသွားစေရုံနှင့် သူတို့ ကမ္ဘာလေး ပျက်သုန်း ပျောက်ကွယ် မသွားအောင် ဖျက်ဆီး ခြေမှုန်း မပစ် လျင်ပင် ကျွန်ုပ်တို့ကို ကျေးဇူးတင်နေမှာ မလွဲ ဧကန်ပင် ။       ။

 တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး၏ လမ်းညွှန်သြ၀ါဒများ..

...စိတ်ကြည်လင်ချမ်းသာအောင်မြင်ရေးအတွက် တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး အရှင်ဦးဥတ္တမသာရ၏ လမ်းညွှန်သြ၀ါဒများအား ဆရာသုတေသီ ဘုန်းမြင့်သွေးရဲ့စုစည်းပူဇော်ခြင်းကို ကမ္ဘာသစ်ဓမ္မမိတ်ဆွေ.သူငယ်ချင်းများ အားလုံးအတွက် မျှဝေပေးလိုက်ပါတယ်ရှင်.
 .......ဆရာတော်ဘုရားကြီးကို ၁၉၉၁ - ခုနှစ်အချိန်တုန်းက ကမာရွတ်မြို့နယ် တရားပွဲတစ်ခုမှာ ဖူးမျှော်မြင်တွေ့ဖူးပါတယ်. ဆရာတော်ဘုရားကြီးရဲ့ မေတ္တာအစွမ်းကြောင့် ပရိတ်အိုးတွေ အကုန်လုံး ပရိတ်ရေဆူပွက်တာကို ကိုယ်တိုင်တွေ့ရဖူးပါတယ်. ဆရာတော်ကြီးရဲ့ ကိုယ်တွေ့ကျင့်ကြံအားထုတ်မှုကနေ ရရှိလာတဲ့ ဆုံးမသြ၀ါဒစကားတွေကလည်း ကျွန်မတို့ရဲ့ လက်တွေ့ဘ၀မှာ အသုံးချနိုင်မယ်ဆိုရင် စိတ်အေးငြိမ်းချမ်းသာမှုကို ရရှိမှာအမှန်ပါဘဲရှင်.ဒီလိုဆရာတော်ကြီး ညွှန်ကြားတဲ့အတိုင်း နှလုံးသွင်းပြီး လက်တွေ့ကျင့်ကြံ အားထုတ်နိုင်ကြမယ်ဆိုရင် စိတ်ထားမြင့်မြတ်တဲ့ အထက်တန်းစားလူ. ကံကောင်းတဲ့သူတွေ ဖြစ်လာမှာ အမှန် ဘဲလို့ ကျွန်မတော့ ယုံကြည်မိပါတယ်ရှင်. သူငယ်ချင်းတို့လည်း လေ့လာကြည့်ကြနော်...
 (၁) စိတ်ဓါတ်အောက်တန်းကျသူ…
........စိတ်ဓါတ်ညံ့သူ၊ စိတ်ဓါတ်အောက်တန်းကျသူဟာ သင်ယူထားတဲ့ ခေတ်ပညာတွေ
ဘယ်လောက်ဘဲတတ်စေကာမူ၊ ဘွဲ့တွေ
ရာထူးတွေ ကြီးမားစေကာမူ၊ မိဘအသိုင်းအ၀ိုင်း ချမ်းသာစေကာမူ လူတော်မဟုတ်၊
လူကောင်းလည်းမဟုတ်၊
စာပေလုံးဝ မတတ်သူလောက်မှ အသုံးမကျ တန်ဖိုးမရှိသူတွေဖြစ်တယ်။
(၂) မေတ္တာစိတ်သာ ထားနေရင်…
.......သတ္တ၀ါအားလုံးအပေါ်
မေတ္တာစိတ် အမြဲထားနေပါကစိတ်ချမ်းသာ၏ မှတ်။
 (၃) စိတ်ရင်းစေတနာ…
.......စိတ်ထားမြင့်မြတ်လျှင် ဘယ်သူမဆို အထက်တန်းစားလူဖြစ်နိုင်တယ်။ မိမိစိတ်ထားက အလယ်အလတ်ရှိလျှင်
အလတ်တန်းစားလူဖြစ်ရ၏။ မိမိစိတ်က အောက်တန်းကျလျှင် အောက်တန်းစားလူဖြစ်ရမည်။ စိတ်ရင်းစေတနာသည်
လူတန်းစားကို ခွဲခြားနေသော တရားခံလက်သည်ဖြစ်လေသည်။
 (၄) စိတ်သည်အဓိက…
.......လူဆိုတာ စိတ်ရယ်၊ ရုပ်ခန္ဓာရယ်၊ နှစ်မျိုးပေါင်းစပ်ထားတယ်ဆိုတာ
သိကြရဲ့လား။ စိတ်ဟာ အဓိကဖြစ်တယ်၊ စိတ်ကောင်းရင် လူကောင်းတယ်။ စိတ်မကောင်းရင် လူမကောင်းဘူး။ ရှေးခေတ်လူတွေကောင်းကြတယ်ဆိုတာ စိတ်ကောင်းလို့ စိတ်ထားရိုးသားကြလို့ ကောင်းတာ၊ ခုခေတ်လူတွေ
မကောင်းဘူးဆိုတာ ရိုးသားတဲ့စိတ်၊ ဖြောင့်မတ်တဲ့စိတ် မထားကြလို့ မကောင်းတာဘဲ၊ ဒီတော့ဒီလူတွေကောင်းလာအောင် စိတ်ထားနည်း ပြုပြင်ပေးကြဖို့လိုတယ်။ စိတ်ပျက်စရာစကားတွေပြောပြီး ညည်းညူနေလို့တော့ ဒီခေတ်လူတွေကောင်းလာမှာ
မဟုတ်ဘူး။ အဲဒါလိုရင်းအညှာကို မင်းတို့ သိကြအောင် ညွှန်ပြပေးတာဘဲ။
 (၅) ဒေါသစိတ်ဟာ ကိုယ်တွေ့…
.......စိတ်ဆိုးလာတယ်။ အဲဒီစိတ်ဆိုးတဲ့စိတ်ကို ကိုယ်ကဆင်ခြင်ကြည့်ရင် မသိဘူးလား၊ သိနိုင်တာဘဲ။ စိတ်ဆိုးတဲ့စိတ်က
သာပြီး ပေါ်လွင်သေးတယ်။ တစ်ခါတည်းကို သူဖြစ်လာပြီဆိုရင် စိတ်ထဲသူပုန်ထတော့တာဘဲ၊ အဲဒါကြောင့် စိတ်ဆိုးတယ်ဆိုတဲ့ ဒေါသစိတ်ဟာ ကိုယ်တွေ့၊ သူများပြောလို့မဟုတ်ဘူး။
(၆) မုန်းစိတ်ကင်းခြင်းသည်သာ…
.......သူတစ်ပါးက အသင့်ကို မုန်းစိတ်ထားသူ
ရှိချင်ရှိပါစေ။ သင်တို့ ငါတို့က သူတစ်ပါးအပေါ်၌ မုန်းစိတ်ကင်းခြင်းသည်သာ မူမှန်ဖြစ်၍မြတ်ပါသည်။ ထိုသို့နေသောအခါ သင်တို့ ငါတို့အဖို့ ပထမဆုံးရောက်လာမည့် ကောင်းကျိုးတရားကား စိတ်ချမ်းသာမှု၊ ကြည်လင်ပျော်မွေ့မှုကို လက်ငင်းခံစားရခြင်း ပင်တည်း။
(၇) ပင်တိုင်စိတ်ကောင်းကြောင့်…
.......လောကတွင် ရိုးသားသောစိတ်၊ ဖြောင့်မတ်စိတ်၊ တည်ငြိမ်စိတ်ကို အဓိက ပင်တိုင်ထားရမည်။ ထိုစိတ်ကို ပုံမှန်ထား၍ ကံ၊ ဥာဏ်၊ ၀ီရိယစွမ်းအင်ကို အခြေအနေအလျောက် အရင်းတည်ပြီး မနေမနား ကြိုးစားနေလေ့ရှိသူများသည် ထန်းပင်၊
ပေပင်ကြီးများကဲ့သို့ အစဉ်တိုးတက်နေကြသည်။ မရိုးသားသူများအပေါ် ကျော်တက်သွားကြသည်။ရိုးသားဖြောင့်မတ်သူများသည်
မဖြောင့်မတ်သူများကို နောက်ချန်ထားခဲ့ကြသည်။
 (၈) သေခါနီးစိတ်အာရုံ…
.......ငါသေတော့မည်ဟု ထင်မှတ်ရသော အချိန်ပိုင်းတွင် မိမိ၏ စိတ်အာရုံကို ကြည်လင်အောင် ရှင်းရှင်းထား၍ နေပါ။ သံယောဇဉ်ဟူသမျှ ဘာသံယောဇဉ်မှ (ပစ္စည်း သံယောဇဉ်၊ လူ့သံယောဇဉ် စသည်) မိမိ၏ စိတ်အာရုံတွင် ၀င်ရောက် မလာစေရ။ ၀င်ရောက်လာလျှင် ဖယ်ထုတ်ပစ်ပါ။ မိမိပြုခဲ့ဖူးသော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်စသည် တို့တွင် မိမိ စိတ်ဝင်စား၍ အနှစ်သက်ဆုံးသော ကုသိုလ်အာရုံတစ်ခုခု ထပ်ပြန်တလဲလဲစွဲနေအောင် နှလုံးသွင်း၍ ကျေနပ် ၀မ်းမြောက်နေ ရမည်။ ကုသိုလ်အာရုံတစ်ခုခုကို စိတ်ကြည်လင်အောင် နှလုံးသွင်း၍ စိတ်ဝင်စားကာ ပျော်မွေ့ရင်း သေသွားတတ်ရမည်။
 (၉) မေတ္တာစိတ်သာထားနိုင်မယ်ဆိုရင်…
.......စိတ်ကို ရှင်းရှင်းထား။ ရှင်းရှင်းထားဆိုသည်မှာ စိတ်ထားခြင်းကို ဆိုလိုတယ်။ လောကကြီးမှာ မေတ္တာလောက်
ကောင်းတာ ဘာမှမရှိဘူး။ မေတ္တာလောက်ကောင်းတဲ့ အဆောင်ကောင်း တခြားဘာမှ မရှိနိုင်ဘူး။ မေတ္တာစိတ်သာ
ထားနိုင်မယ်ဆိုရင် သံသရာလည်ရမှာတောင် မကြောက်နဲ့။ မေတ္တာတရား လက်ကိုင်ထား သံသရာခရီးသွား မပင်ပန်းဘူးမှတ်။
 (၁၀) စိတ်ရင်းထဲမှာ ဖြစ်ပေါ်လာသော…
.........လူများဟာ ဘယ်သူဟာ ကံကောင်းတယ်၊ ဘယ်သူဟာ ကံဆိုးတယ်လို့ ပြောလေ့ရှိကြတယ်။ ကံကောင်းခြင်း၊ ကံဆိုးခြင်းကိုဘယ်သူကမှ လာရောက် ဖန်တီးပေးခြင်းမဟုတ်ဘူး။ ကိုယ့်ကံကိုယ်သာလျှင် ဖန်တီးနေကြခြင်းဖြစ်တယ်။
ကံတရားဆိုတာ မိမိတို့၏ စိတ်ရင်းထဲမှ ဖြစ်ပေါ်လာတဲ့ စေတနာပင်ဖြစ်တယ်။ စေတနာကောင်းလျှင်ကံကောင်းမယ်၊ စေတနာဆိုးလျှင် ကံဆိုးမယ်။ စေတနာဖြောင့်လျှင် ကံဖြောင့်မယ်၊ စေတနာ ကောက်လျှင် ကံကောက်မယ်။
 …လူသားအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ…
မေတ္တာဖြင့်...
ကမ္ဘာသစ်

 
Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment