မြန်မာသတင်းများ    ဖေဖေါ်ဝါရီလ ၁၂ ရက်၊ ၂၀၁၂

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ကော့မှူးခရီးစဉ်

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ် ရွေးကောက်ပွဲမှာ သူ ပါဝင်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်ကို ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ဖေဖေါ်ဝါရီလ ၁၁ရက် နေ့ ပထမဆုံး သွားရောက်ခဲ့ရာ လမ်းတလျှောက် ပရိသတ် တိုး မပေါက်အောင် ကြိုဆို အားပေးကြကြောင်း သိရသည်။

သံတွဲမြို့ ဗဟိုဈေးကြီး မီးလောင်

ဒီနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့လယ်က ဗဟိုဈေးကြီး မီးလောင်ခဲ့ပါတယ်။ မီးသတ်ကား မလုံလောက်မှုကြောင့် အချိန်မီ မငြိမ်းသတ်နိုင်ခဲ့လို့ ဈေးတခုလုံး နီးပါး လောင်ကျွမ်းသွားတယ်လို့ ဒေသခံတွေက ပြောကြောင်း သိရသည်။





ကြက်ငှက်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများအားအရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

 



ကျန်းမာရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ နာဂါစကီတက္ကသိုလ်တို့ပူးပေါင်း၍ ပထမအကြိမ် ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း
အဆိုပါ အခမ်းအနားကို ဖေဖော်ဝါရီလ ၆ရက်နေ့က ရန်ကုန်မြို့ ဆေးသုတေသနဦးစီးဌာန (အောက် မြန်မာပြည်) တွင်ကျင်းပပြုလုပ်ခဲ့ပြီး   ဂျပန်နိုင်ငံ နာဂါစကီတက္ကသိုလ်မှ ပါမောက္ခ Takehiko Koji နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသိပ္ပံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်မြင့်၊ ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးခင်၊ ဆေးသုတေသန ဦးစီးဌာန (မြန်မာပြည်အလယ်ပိုင်း) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်း နိုင်ဦးတို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း  သဘောတူညီချက်များအရ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ နာဂါစကီတက္ကသိုလ်တို့မှ ပညာရှင်နှင့်ပညာသင်များ အပြန်အလှန်စေလွှတ်ခြင်း၊ သင်ကြားရေးနှင့် သုတေသန အထောက်အကူပြု ပစ္စည်းများ ပံ့ပိုးကူညီပေးခြင်းနှင့် ပညာရပ် ဆိုင်ရာ လုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရရဲ့ လျှို့ဝှက် စီမံကိန်း

 အေးရှတိုင်းမှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ကဖော်ပြခဲ့တဲ့ ဆောင်းပါးကိုဘာသာပြန်ထား တာဖြစ် ပါတယ်။
မြန်မာ နိုင်ငံရဲ့ လက်ရှိ အစိုးရနဲ့ အရင်အစိုးရတို့ရဲ့ အလွန်ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ အပေါ်မှာ နိုင်ငံတကာက ဝေဖန်ပြစ်တင်တာတွေ ရပ်တန့်သွားပြီး ခုချိန်မှာ မြန်မာအစိုးရအတွက် နိုင်ငံတကာ မိတ်ဆွေတွေ တိုးပွားနေပါတယ်။
အမေရိကန် အစိုးရနဲ့ ဥရောပ သမဂ္ဂ အတွင်းက ရန်သူဟောင်းတွေကလည်း အခု အခါ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းသူက ရုပ်သိမ်းကြ သလို၊ တချို့ကလည်း ရုပ်သိမ်းဖို့ ပြင်နေကြပြီ။ နိုင်ငံပေါင်းစုံ ဖြန့်ကျက်လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီကြီးတွေကလည်း အာရှမှာ နောက်ဆုံး ရင်းနှီးမြုပ်နှံရာ မြန်မာစားကျက်မြေကြီးထဲကို ခြေစုံပစ်ဝင်လိုက်ဖို့ရာ ခြေလှမ်းတပြင်ပြင်ဖြစ်နေပြီ။
သမ္မတ သိန်းစိန်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေဆိုတာနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာကို အနောက်ကမ္ဘာ တခုလုံးက ကန့်ကွက်သူ မရှိသလောက်နီးနီး ချီးမွမ်းသြဘာပေးနေကြတယ်။ ဒါပေမဲ့ တကယ်တန်းဘာတွေ ပြောင်းပါသလဲ။
အဲဒီအပြောင်းအလဲဆိုတဲ့ အပြောတွေရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေသလဲ။
-ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲတွေ အပေါ်မှာ ရက်ရက်စက်စက် နှိမ်နင်းဖြိုခွဲခဲ့တာ တွေ ၂၀၀၈ ခုနှစ် -အစောပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ နာဂစ် ဘေးဆိုးကာလကြီးရဲ့ အစပိုင်းမှာ အကြင်နာကင်းမဲ့ ရက်စက်တဲ့ တုန့်ပြန်ပုံတွေ၊
-ဒီလူသတ်မုန်တိုင်းကြီး ဖြစ်ပြီးကာစမှာပဲ အခြေခံဥပဒေသစ်နဲ့ ပတ်သက်တဲ့ အတုအယောင် ဆန္ဒခံယူပွဲကြီးကျင်းပခဲ့လို့ အများက ဝိုင်းဝန်း ရှုတ်ချ ပြစ်တင်ခံရတာတွေ၊
၂၀၁၀ နိုဝင်ဘာမှာ လုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြောင်ပြောင်တင်းတင်း မဲခိုး မဲညစ်ပြီး စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့တွေက မဲတွေ သိမ်းကြုံးလုယူသွားတာတွေကို မကြာသေးခင်ကာလကလေးမှာပဲ နိုင်ငံတကာ အသိုင်း အဝိုင်းက ဝိုင်းဝန်းရှုတ်ချအပြစ်တင်ခဲ့ကြပါသေးတယ်။
အခုခေတ်စားနေတဲ့ သီအိုရီ တခုအရ အစိုးရအဖွဲ့အတွင်းမှာ ခေါင်းမာသူတွေနဲ့ ပြုပြင်ပြောင်းလဲလိုသူတွေ အာဏာလွန်ဆွဲနေကြတယ်လို့ ဆိုပါတယ်။
ခုလောလောဆယ်အထိတော့ ပြုပြင်လိုသူတွေက အသာစီးရနေသေးတယ်လို့လည်း ဆိုကြလေရဲ့။
အနောက်နိုင်ငံ တော်တော် များများက ဘာပဲလုပ်လုပ် သူတို့ လုပ်တဲ့ အလုပ်တိုင်းဟာ ပြုပြင်လိုသူတွေကို ထောက်ခံအားပေးရာ ရောက်ဖို့ နဲ့ လောလောဆယ် ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်ဆုတ်မသွားဖို့ ဆိုတဲ့ အချက် အပေါ်မှာ ပေါ်လစီချ ဆောင်ရွက်နေ ကြတာက လည်း အထင်အရှားပါပဲ။
ဥရောပ သမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ဒီသဘောထားကို လူသိရှင်ကြားထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
အီးယူ ဥရောပ သမဂ္ဂ ဥက္ကဌ ဟားမန်း ဗန် ရွန်းပါ က ဘရပ်ဆဲလ် ထိပ်သီး အစည်းအဝေးမှာ ကြေညာ ပြောဆိုခဲ့ရာမှာ “ မြန်မာအစိုးရရဲ့ အရေးပါတဲ့ ပြုပြင်ပြောင်း လဲမှုတွေကို ကြိုဆိုပါတယ်။ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုတဲ့ သန္နိဌာန်ထားရှိဖို့ကိုလည်း တိုက်တွန်းအားပေးပါတယ်” လို့ ပြောခဲ့ပါတယ်။
အဲသလို သူမပြောခင် တရက်အကြိုမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း လာမယ့် ရွေးကောက်ပွဲမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါခွင့်ပေးတာ အပါအဝင် မြန်မာနိုင်ငံရဲ့ လောလောဆယ်လုပ်တဲ့ အပြောင်းအလဲတွေကို “အားပေး” ပါတယ်လို့ ပြောခဲ့ပါတယ်။
တချို့လူတွေကတော့ အစိုးရခေါင်းဆောင်တွေကြားက အကွဲအပြဲဆိုတာတွေဟာ ပြည်တွင်း အတိုက်အခံတွေ ငြိမ်နေအောင်၊ အနောက်နိုင်ငံ တွေဆီက အရင် ဝေဖန်သူဟောင်းတွေရဲ့ အသံတွေ တိတ်ပြီး နိုင်ငံခြားမိတ်ဆွေတွေတိုးလာအောင် သူတို့ စစ်ဗိုလ် အချင်းချင်း ကြားမှာ လူဆိုး လူကောင်းအုပ်စုခွဲပြီး ဇာတ်တိုက်ကပြနေကြတာလို့ သံသယဝင်ကြပါတယ်။
တချို့ကတော့လည်း သိန်းစိန် အစိုးရဟာ သူတို့ စစ်အာဏာရှင် အသိုင်းအဝိုင်းအတွင်းမှာတောင် သူ့ခြေလှမ်းကို ကြိုမခန့်မှန်း နိုင်လောက် အောင် ဝှက်ဖဲတွေကို ခုချိန်အထိ ပါးပါးနပ်နပ် ကိုင်တွယ်ပြီး ကစားနေတယ်လို့ မြင်ကြပါတယ်။
မြန်မာ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုကို ဆယ်စုနှစ်တွေနဲ့ ချီပြီး လေ့လာသူ မြန်မာတယောက်ကတော့ “တကယ်တန်း အာဏာရှိတာက စစ်တပ်ဗျ။ ဒီမိုကရေစီအစိုးရ ကိုယ်စားလှယ်တွေမှာ ဘာအာဏာ မှ ရှိတာမဟုတ်ဘူး” လို့ ပြောပါတယ်။
စနစ်တကျ အကွက်ချထားတဲ့ အစီအမံ
မြန်မာအစိုးရရဲ့ ပေါ်လစီ အပြောင်းအလဲနဲ့ ဘာ့ကြောင့် အနောက်နိုင်ငံတွေက ဒီလောက်ထောက်ခံနေကြသလဲဆိုတာကို နားလည် နိုင်ဖို့ဆိုရင် ၂၀၀၀ ခုလွန်အစောပိုင်းကာလတွေကို ပြန်ပြောင်းကြည့်ရှုဖို့ လိုပါလိမ့်မယ်။
အဲဒီအချိန်တုံးက နိုင်ငံတကာရဲ့ အပြစ်တင်မှု၊ ဖိအားပေးမှုတွေရှိနေပြီး အုပ်စိုးသူ စစ်အစိုးရဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသို့ ချီတက် ရာ လမ်းပြမြေပုံ ခုနစ်ချက်ဆိုတာကို ၂၀၀၃ ခု သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။
အဲဒီ လမ်းပြမြေပုံအရ အခြေခံဥပဒေသစ်ရေးဆွဲ၊ ရွေးကောက်ပွဲကျင်းပ၊ ပြီးရင် လွှတ်တော် ခေါ်ယူပြီး ခေတ်မီဖွံ့ဖြိုးသော ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်မယ်လို့ ဆိုပါတယ်။
လမ်းပြမြေပုံကို ပြည်သူသိအောင် ကြေညာခဲ့ပါတယ်။ တချိန်တည်းမှာပဲ လျှို့ဝှက် မဟာစီမံကိန်းတရပ်ကို တပြိုင်တည်း ရေးဆွဲခဲ့ပါတယ်။
အဲဒီစီမံကိန်းမှာ အမေရိကန် အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို ဘယ်လိုဆက်ဆံမယ်ဆိုတဲ့ နည်းလမ်းတွေနဲ့ အတိုက်အခံကို ဘယ်လို ဟန့်တားမယ်ဆိုတာတွေ ထည့်သွင်းရေးဆွဲထားပါတယ်။
ဒီအက်စ်အေရဲ့ သုတေသန အရာရှိတယောက်ဖြစ်တဲ့ ဗိုလ်မှူးအောင်ကျော်လှ ရေးသားတယ်ဆိုတဲ့ အဲဒီလျှို့ဝျက် စီမံကိန်းကို ၂၀၀၄ ခုနှစ်မှာ ရေးသားပြီးစီးခဲ့ပါတယ်။ ဗိုလ်မှူးအောင်ကျော်လှဆိုတာ ဘယ်သူလဲဆိုတာတော့ သေသေချာချာ မသိရပါဘူး။
မြန်မာဘာသာနဲ့ ရေးတဲ့ အဲဒီစာတမ်းမှာ မဟာစီမံကိန်းရဲ့ နောက်ကွယ်က သေနင်္ဂဗျူဟာကို သုံးသပ်ဖော်ပြထားပါတယ်။
အောင်ကျော်လှဆိုတာဟာ တကယ်ရှိတဲ့လူတယောက်လား၊ နာမည်ဝှက်လားဆိုတာ သေသေချာချာ မသိရပေမဲ့ နာမည်ဝှက်လို့ ယူဆ စရာရှိပါတယ်။
စာမျက်နှာ ၃၄၆ မျက်နှာရှိပြီး မြန်မာ အမေရိကန် ဆက်ဆံရေး လေ့လာချက် လို့ နာမည်ပေးထားတဲ့ အဲဒီစာတမ်းမှာ အဓိကဆွေးနွေး ထားတာကတော့ မြန်မာရဲ့ တရုတ်နဲ့ သံတမန်ရေးရာ မဟာမိတ်ဖွဲ့ထားတဲ့ အနေအထားနဲ့ စီးပွားရေး မီခိုအားထားနေရတဲ့ အခြေအနေဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို ခြိမ်းခြောက်ခံ နေရတဲ့ အရေးပေါ် အခြေအနေကို ဖြစ်ပေါ် စေတယ်လို့ ဆိုပါတယ်။
ဒီစာတမ်းရဲ့ အကြံပြုချက်အရ၊ လမ်းပြမြေပုံခုနစ်ချက်ကို အကောင်အထည်ဖော်၊ အစိုးရတရပ်ကို ရွေးကောက်တင်မြှောက်ခြင်းအားဖြင့် ပြင်ပ ကမ္ဘာက လက်ခံနိုင်လောက်တဲ့ ပုံစံဖြစ်လာအောင်လုပ်တဲ့နည်းလမ်းကျင့်သုံးပြီး အနောက်အုပ်စုနဲ့ မြန်မာရဲ့ ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ် အောင်လုပ်ရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို စစ်အစိုးရပုံစံနဲ့ အုပ်ချုပ်နေသေးသမျှမှာ အနောက်ကမ္ဘာနဲ့ ဆက်ဆံရေး ပုံမှန် မဖြစ်နိုင်ဘူးလို့ သူတို့အတွင်းစည်းမှာတွေးခေါ်ယူဆတာကတော့ ထင်ရှားလှပါတယ်။
ဒါ့အပြင် မဟာစီမံကိန်းစာတမ်းမှာ အောင်ကျော်လှ အကြံပေးထားတာက လူ့အခွင့်အရေး ပြဿနာကို အနောက်နိုင်ငံတွေက စိုးရိမ်ပူပန် တာမှန်ပေမဲ့ အမေရိကန်ဟာ သူတို့ရဲ့ သေနင်္ဂဗျူဟာ အတွက် အရေးပါတဲ့ အကျိုးစီးပွားတွေကြောင့် သူတို့မူကို ပြင်ဖို့ ဆန္ဒရှိလိမ့်မယ်လို့ ဆိုထားပါတယ်။
သေနင်္ဂဗျူဟာကျတဲ့ အကျိုးစီးပွားဆိုတာ ဘာတွေလဲဆိုတဲ့ အချက်ကိုတော့ အတိအကျ ပြောပြ မထားပါဘူး။
ဒါပေမဲ့ သူတွေးခေါ်ပုံဟာ အမေရိကန် တရုတ်အားပြိုင်မှုကို အခြေခံပြီး အမေရိကန်နဲ့ ဘုံအကျိုးတူ အခြေခံကိုရှာဖွေတွေ့ရှိနိုင်မယ်လို့ တွေးတာ ထင်ရှားပါတယ်။
အမေရိကန်ဟာ သေနင်္ဂဗျူဟာအရ အရေးပါတဲ့ အကျိုးစီးပွားတွေနဲ့ သက်ဆိုင်လာရင် ဒီမိုကရေစီနဲ့ ဆန့်ကျင်နေသော် ငြားလည်း သူ့မူဝါဒကို ပြုပြင် အလျော့ပေး တတ်ကြောင်းကို အောင်ကျော်လှက ဗီယက်နမ်နဲ့ အာဏာရှင် ဆူဟာတို လက်ထက် အင်ဒိုနီးရှား ဥပမာတွေနဲ့ ထောက်ပြပြောဆိုပါတယ်။
တကယ်လို့ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်အောင်လုပ်နိုင်ရင် မြန်မာအနေနဲ့ သေလုမျောပါး လိုအပ်နေတဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ၊ နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီက ငွေကြေးအကူအညီကို ရနိုင်မယ်လို့ အဲဒီ မဟာစီမံကိန်းက ဖော်ပြပါတယ်။
ဒါဆိုရင် မြန်မာဟာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ စေတနာနဲ့ ကုန်သွယ်ရေး အပေါ်မှာ မီခိုနေ ရတဲ့ ဒေသတွင်းနိုင်ငံတနိုင်ငံ အဆင့်ကနေ ကျော်လွန်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲကို ဝင်ရောက်နိုင်လိမ့်မယ်လို့ အကြံပြုထားပါတယ်။
မြန်မာဟာ အနောက်နိုင်ငံတွေရဲ့ ယုံကြည်မှုရအောင် တရုတ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဆက်ဆံရေးကို မလျော့ချခင်မှာ ပေါ်ပေါက်လာနိုင်တဲ့ ပြဿနာတွေကိုလည်း မဟာစီမံကိန်းမှာ ပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်။
အဲဒီစီမံကိန်းကို ရေးဆွဲနေစဉ်ကာလဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ကာလဖြစ်ပြီး အဲဒီစာတမ်းထဲမှာ ဒေါ်အောင်ဆန်း စုကြည်ဟာ သော့ချက်ဖြစ်တယ်လို့ ရေးထား ပါတယ်။
သူ့ကို ဖမ်းထားတဲ့ အချိန်တွေမှာ နိုင်ငံရေးဖိအားတွေ ပိုမိုလာပြီး သူ့ကို လွှတ်ပေးထားရင် ဖိအားတွေလျော့သွားတယ်လို့လည်း သုံးသပ် ထားပါတယ်။
စုကြည်ကို လွှတ်ပေးခြင်းဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို တိုးတက်စေလိမ့်မယ်လို့ အစီရင်ခံစာမှာ ရေးထား သလို သူ့ရဲ့ အဆုံးစွန်ရည်မှန်းချက်အဖြစ် ရှင်းရှင်းလင်းလင်းရေးသားထားတာကတော့ အတိုက်အခံအင်အားစုကို ဖြိုခွဲရေးပဲ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ရေး ကို ဆန့်ကျင်တဲ့ အနောက်တိုင်း ပညာရှင်တွေကိုလည်း နာမည်နဲ့ တကွဖော်ပြပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ အကြံပြုချက်ကတော့ သြဇာရှိတဲ့ အမေရိကန် ကွန်ဂရက်စ် အမတ်တွေရဲ့ နောက်ခံ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ခင်မင်ရင်းနှီးသော အိန္ဒိယ သံတမန်များကအကူအညီ ပေးပါလိမ့်မယ်လို့ ဆိုထားတဲ့ အချက် ဖြစ်ပါတယ်။
စာတမ်းမှာ အဆုံးသတ်ကောက်ချက်ချထားတာကတော့ အစိုးရဟာ မီဒီယာတွေနဲ့ ပြည်ပရောက် အတိုက်အခံတွေ ဖွဲ့ထားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ယှဉ်နိုင်မှာ မဟုတ်ပေမဲ့ အမေရိကန် နိုင်ငံရေးသမားတွေနဲ့ လွှတ်တော်အမတ်တွေကို မြန်မာနိုင်ငံလာဖို့ ဖိတ်ကြားလိုက်ရင် နိုင်ငံတကာရဲ့ အမြင်ကို အစိုးရဘက်ပါလာအောင် တဖြည်းဖြည်း ပြောင်းလဲနိုင်ပါလိမ့်မယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ အမေရိကန် အများအပြားဟာ မြန်မာနိုင်ငံထဲကို ရောက်လာကြပြီး ပြန်သွားတဲ့ အခါ အရင်က ထက်ဝေဖန်တဲ့ အသံတွေ တဖြည်းဖြည်းပျော့လာခဲ့ပါတယ်။
နောက်ဆုံးမှာတော့ မြန်မာအစိုးရဟာ အမေရိကန်နဲ့ ထိတွေ့ဆက် ဆံရေးမှာ အပေးအယူအပြန်အလှန်ဆိုတဲ့ အခြေအနေမဟုတ်ဘဲ အသာစီး ရတဲ့ အခြေအနေဖြစ်အောင် အောင်အောင်မြင်မြင် လုပ်ဆောင် နိုင်ခဲ့ပါတယ်။
တရုတ်ကြောက်ရောဂါ
အောင်ကျော်လှရဲ့ ဒီစာတမ်းဟာ တရုတ်နဲ့ နီးနီးစပ်စပ် ဆက်ဆံနေရတဲ့ အပေါ် စစ်အစိုးရရဲ့ မနှစ်သက်မှုကို ပထမဆုံး ရှင်းရှင်းလင်းလင်း ဖော်ပြတဲ့ လက္ခဏာရပ်ဖြစ်ပါတယ်။
တရုတ်နဲ့ နီးစပ်လာတာဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုတဲ့ လူထု လှုပ်ရှားမှုကြီး ကို သတ်ဖြတ်နှိမ်နင်းမှုနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြောင့် အနောက်နိုင်ငံတွေက မြန်မာနဲ့ ဆက်ဆံရေးကို လျော့ချလိုက်တာ ကလည်း အကြောင်းတကြောင်းအနေနဲ့ တစိတ်တဒေသအားဖြင့် ပါဝင်ပါတယ်။ တရုတ်နဲ့ ဆက်ဆံရေး ပိုပြီး ဆိုးလာတာကိုတော့ ၂၀၁၀ ခုနှစ်အတွင်း စစ်တပ်အတွင်းမှာပဲ ဖြန့်ဝေ ဖတ်ရှုတဲ့ အစီရင်ခံစာတွေကို ဖတ်ကြည့်ရင် ပိုပေါ်လွင်လာပါတယ်။
အဲဒီကာလအထိ တရုတ်ကို အားကိုးထိုက်တဲ့ မိတ်ဆွေလို့ ချီးမွမ်းပြောဆိုမှုတွေ ဆက်ရှိနေသေးပေမဲ့ သစ်တော သယံဇာတတွေကို မတော်မတ ရား ရယူမှု၊ မူးယစ်မှောင်ခိုကုန်သွယ်ရေးကို ဆိုးဝါးစေမှု အပါအဝင် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဆိုးဆိုးဝါးဝါး ကိစ္စအများစုမှာ တရုတ်ဟာ ဇစ်မြစ် အကြောင်းတရားဖြစ်သလားဆိုတာကို တဖြည်းဖြည်း သုံးသပ်စပြုလာတယ်။ မြန်မာနိုင်ငံမှာ အဓိက မူးယစ်ဆေးဝါး ကုန်သွယ်ရေး လုပ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ တရုပ်ကြား ရင်းရင်းနှီးနှီး ဆက်သွယ် ပတ်သက်နေတာ ကိုလည်း နေပြည်တော်အစိုးရ အာဏာပိုင်တွေ အနေနဲ့ သတိမပြုမိစရာ အကြောင်းမရှိဘူး။
အဲဒီ့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာတော့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဆောင်ရွက်နေတဲ့ ဒေါ်လာ သန်း ၃၆၀၀ တန် တရုတ်ဖက်စပ် မြစ်ဆုံ စီမံကိန်းကို သိန်းစိန်အစိုးရက ဆိုင်းငံ့လိုက်ကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာပါတော့တယ်။
အမေရိကန် ပြည်ထောင်စုဘက်က ကြည့်တော့လည်း နေပြည်တော်အစိုးရက အမေရိကန်ပြည်ထောင်စုနဲ့ ထိတွေ့ ပူးပေါင်းလိုကြောင်း ပြသတဲ့ အချိန်မှာ မြန်မာကို တရုတ်နဲ့ ခွဲခွာအောင် အားပေးအားမြှောက်ပြုလုပ်ပေးရေးဟာ အဓိကဦးစားပေး ဖြစ်လာတယ်။
ဒါ့အပြင် သူတို့ အတွက် စိတ်အနှောက်အယှက်ဖြစ်စေတဲ့ မြောက်ကိုရီးယားနဲ့ မြန်မာအကြား စစ်ရေး ဆက်စပ်မှုကို ပျက်ပြယ်အောင် လုပ်ဖို့လည်း အမေရိကန်အစိုးရ အနေနဲ့ စိတ်အားထက်သန်တယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို လာတော့ အမေရိကန်ရဲ့ အဓိက လုပ်ငန်းစဉ်တွေထဲမှာ မြောက်ကိုရီးယားအရေးဟာ ထိပ်ပိုင်းကပါလာတာဟာ ဘာမှ အံ့သြစရာမရှိဘူး။
ပြုပြင်ပြောင်းလဲရေး လိုလားပါတယ်ဆိုတဲ့ သိန်းစိန် သမ္မတဖြစ်လာပြီးနောက်၊ အစိုးရ အရာရှိတွေက သူတို့နဲ့ မြောက်ကိုရီးယားအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မရှိပါဘူးလို့ ကြေညာပြီးနောက်၊ ၂၀၁၁ ခုနှစ် မေလ၊ ဇွန်လတွေမှာတောင် မြောက်ကိုရီးယားက နေ မြန်မာနိုင်ငံကို သင်္ဘောနဲ့ လက်နက်တင်ပို့ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့ မှတ်တမ်းတွေရှိခဲ့ပါတယ်။
မေလ ၂၆ ရက်မှာ မြန်မာနိုင်ငံအတွက် မြောက်ကိုရီးယားက မစ်ဇိုင်းလက်နက် အစိတ်အပိုင်းတွေနဲ့ စစ်လက်နက်တွေ သယ်ဆောင်လာ တယ်လို့ သံသယရှိဖွယ်ဖြစ်တဲ့ M/V Light မြောက်ကိုရီးယား ကုန်တင်သင်္ဘောကို အမေရိကန် ရေတပ်ပိုင် USS McCampbell လေယာဉ်တင် သင်္ဘောက တွေ့ခဲ့တယ်။
အမေရိကန် သင်္ဘောက မြောက်ကိုရီးယာ သင်္ဘောဆီချဉ်းကပ်ပြီး သင်္ဘောပေါ်တက်ရောက် စစ်ဆေးခွင့်တောင်းပေမဲ့ မြောက်ကိုရီးယား ဘက်က ငြင်းခဲ့တယ်။
နောက်ထပ် ရက် အနည်းအငယ်အကြာ စင်္ကာပူနိုင်ငံအနီး ရှန်ဟိုင်းတောင်ဘက် ပင်လယ်ပြင် ထဲမှာတော့ နှစ်ဘက် ရင်ဆိုင် အချင်းများ ခဲ့ကြတယ်။
နောက်ဆုံးမှာတော့ အမေရိကန် ကင်းထောက်လေယာဉ်တွေနဲ့ ဆက်သွယ်ရေး ဂြိုဟ်တုက လမ်းတလျောက် တောက်လျောက် စောင့်ကြပ် လိုက်ပါလာတဲ့ အတွက် မြောက်ကိုရီးယား သင်္ဘော မြောက်ကိုရီးယားကို ပြန်လှည့်သွားခဲ့တယ်။
အဲဒီအဖြစ်အပျက်နောက်ပိုင်း နေပြည်တော် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီကနေ ငွေကြေးအကူအညီ ရယူနိုင်အောင် အမေရိကန်ဘက်က ပိတ်ဆို့ အရေးယူမှုတချို့ကို လျော့ပေါ့ပေးဖို့ မက်လုံးပေးခဲ့ပြီး မြောက်ကိုရီးယား လက်နက်သင်္ဘော မြန်မာနိုင်ငံကိုလာရောက်ဖို့ နောက်ထပ်ကြိုးစားတာမျိုးလည်း မကြားရတော့ပါဘူး။
မြန်မာအစိုးရအနေနဲ့ တရုတ်ကနေခွဲခွာချင်တဲ့ ဆန္ဒကို အမေရိကန်က ကောင်းကောင်း အမြတ်ထုတ် အသုံးချခဲ့တယ်ဆိုတာ သံသယ ဝင်စရာမရှိပါဘူး။
“အမေရိကန်ပြည်ထောင်စုဘက်က ကြိုးစား ဆောင်ရွက်နေတာကတော့ မြန်မာနိုင်ငံကို လစ်ဘရယ် အသွင်ပြောင်းချင်တဲ့ အင်အားစုတွေကို ထောက်ခံအားပေးကြောင်း ပြသဖို့ပါပဲ” လို့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှာ အခုအခါ အလုပ်လုပ်နေတဲ့ အမေရိကန် သံတမန် ဟောင်း ရောဘတ် ဖစ် ကပြောပါတယ်။
မကြာခင်မှာ မြန်မာနဲ့ သံတမန်ဆက်သွယ်ရေး မြှင့်တင်တဲ့ အနေနဲ့ အမေရိကန် အစိုးရဟာ မြန်မာနိုင်ငံကို သံအမတ်ခန့်အပ် ပါတော့မယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်ထုတ် အမေရိကန် နယူးယောက်တိုင်း သတင်းစာမှာ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ စီအိုင်အေရဲ့ ညွှန်ကြားရေးမှူး ဒေးဗစ် ပက်ထရီးရပ်စ် ဒီနှစ်ထဲမှာ မြန်မာနိုင်ငံကို သွားမယ်လို့ အမေရိကန် အစိုးရ အရာရှိတွေကို ကိုးကားပြီး ရေးသားခဲ့ ပါတယ်။
စီအိုင်အေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လစ်ဘရယ်တန်ဖိုးတွေကို မြှင့်တင်ပေးသူ ထောက်ခံအားပေးသူ အနေနဲ့ လူသိများတဲ့ အဖွဲ့အစည်းမျိုး လုံးဝ မဟုတ်ပါဘူး။
စီအိုင်အေရဲ့ ဦးစားပေးလုပ်ငန်းဟာ အမေရိကန် အတွက် မြန်မာရဲ့ သေနင်္ဂဗျူဟာ အရ အရေးပါတဲ့ ကိစ္စလိုဟာမျိုးကို ဆောင်ရွက်ဖို့ပါ။
ဒီနေရာမှာ အန္တရာယ်ရှိလာနိုင်တဲ့ အချက်ကို လွန်ခဲ့တဲ့ (၇) နှစ်ကတည်းက အောင်ကျော်လှက ရေးခဲ့ပါတယ်။ မြန်မာဟာ အမေရိကန်နဲ့ အပြန်အလှန်ဆက်ဆံရေး တိုးမြှင့်လာရင် တရုတ်ဟာ မြန်မာရဲ့ သွေးစည်းခိုင်မာမှုနဲ့ လွတ်လပ်ရေးကို တနည်းနည်းနဲ့ ခြိမ်းခြောက်လာ နိုင်တယ် ဆိုတာပါပဲ။
ဒါ့ကြောင့် အားမျှအောင်ချင့်ချိန်ဆောင်ရွက်ဖို့လိုအပ်တယ်လို့ အောင်ကျော်လှက ပြောပါတယ်။
ဒါပေမဲ့ ဘယ်လို အားမျှအောင်လုပ်မလဲဆိုတာကိုတော့ သူ့ရဲ့ မဟာစီမံကိန်းမှာ ထည့်သွင်းရေးသားမထားပါဘူး။
ကောင်းကောင်းပြင်ဆင်ထားတဲ့ လမ်းကြောင်း
မြန်မာရဲ့ ပေါ်လစီသစ်တွေဟာ ရေရှည် အလုပ်ဖြစ်ပါ့မလားဆိုတာတော့ သံသယဝင်စရာ အကြောင်းတွေရှိပါတယ်။
မြန်မာနိုင်ငံက စစ်အစိုးရဝင်စားတဲ့ အရပ်သားအစိုးရထဲမှာ လူကောင်း၊ လူဆိုး အုပ်စုကွဲပြားနေတယ်ဆိုတဲ့ ဝတ်စုံပြည့် ကပြနေတဲ့ ဇာတ်လမ်းကို နိုင်ငံ တကာက ယုံကြည်ပုံရပေမဲ့ ပြည်တွင်းပြည်ပက အဓိက အတိုက်အခံအင်အားစုတွေကတော့ ဒီလောက် အညှာ လွယ်လွယ်နဲ့ ယုံကြည် ကြပုံမရပါဘူး။
မြန်မာနိုင်ငံမှာ လောလောဆယ် အရပ်သား အသွင်ပြောင်းထားတဲ့ လူကောင်းတွေထဲက တယောက်ပါဆိုတဲ့ မီးရထားဝန်ကြီး ဗိုလ်ချုပ်ဟောင်း အောင်မင်းဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား ခေါက်တုံ့ ခေါက်ပြန်သွားပြီး ထင်ရှားတဲ့ အဝေးရောက် အတိုက်အခံတွေနဲ့ တွေ့ဆုံနေပါတယ်။
သူနဲ့ လတ်တလော တွေ့ဆုံကြရသူတွေကတော့ သူ့ရဲ့ ရည်ရွယ်ချက်တွေ စစ်အစိုးရ တင်းမာအုပ်စုလူဆိုးတွေဆီက ပြောကြတယ်လို့ သူဆိုတဲ့ ညှိနှိုင်းလိုစိတ်မရှိတဲ့ လက္ခဏာတွေဆိုတာ နဲ့ ပတ်သက်ပြီး သံသယ ကြီးကြီးဝင်နေကြပါတယ်။
အောင်မင်းဟာ ၁၉၈၃ ခုနှစ်တုန်းက ရာထူးဖြုတ်ချခံခဲ့ရတဲ့ စစ်ထောက်လှမ်းရေး မျက်မှန်တင်ဦးရဲ့ တပည့်ဆိုတာကို သူတို့ သတိပြုမိကြ ပါတယ်။
မျက်မှန်တင်ဦးကို အကျင့်ပျက်ခြစားမှုတွေ အကြောင်းပြပြီး ရာထူးက ဖယ်ရှားခဲ့ပေမယ့် သူဟာ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ ခေါင်းဆောင်မှုကို ခြိမ်းခြောက်တဲ့ စင်ပြိုင်ထောင်တဲ့ လုပ်ရပ်တွေကြောင့်သာ ဖယ်ရှားခံခဲ့ရတာက ပိုဖြစ်ဖို့ များပါတယ်။
၁၉၈၃ ခုနှစ်တုန်းက Far Eastern Economic Review မှာ အင်္ဂလိပ်သတင်းစာဆရာ ရော့ဒ်နီ တပ်စကာ က တင်ဦးနဲ့ သူ့ထောက်လှမ်းရေး တွေ အကြောင်းကို အခုလို ရေးသားခဲ့ဖူးပါတယ်။
“သူတို့ဟာ တခြား အမြင်ကျဉ်းတဲ့၊ တရားသေဆန်တဲ့ မြန်မာခေါင်းဆောင်တွေထက် နိုင်ငံတကာ အကြောင်းပိုသိသူတွေ ဖြစ်ပါတယ်။
သူတို့ဟာ လက်ရှိ စစ်အစိုးရရဲ့ တင်းကြပ်တဲ့ ကန့်သတ်ချက်တွေအောက်မှာ ရှိနေပုံရပေမဲ့ သူတို့ကို နိုင်ငံခြား သွားခွင့်ပေးထားတယ်။
နိုင်ငံခြား သားတွေနဲ့ လွတ်လွတ်လပ်လပ် စကားပြောခွင့်ပေးထားတယ်” လို့ ဆိုပါတယ်။
ဒါပေမဲ့ သူတို့ဟာလည်း သူတို့ရဲ့ ရန်သူတွေ၊ ပြိုင်ဘက်တွေ အပေါ်မှာ အင်မတန်အညှာတာကင်းရက်စက်ပြီး အလွန်ပါးနပ်လိမ္မာသူတွေ အဖြစ် လူသိများပါတယ်။
မျက်မှန်တင်ဦးကိုယ်တိုင်ဟာ စပိန်နိုင်ငံ ပစိဖိတ်ကျွန်းစုတွေထဲက ကျွန်းတကျွန်းမှာ အမေရိကန် စီအိုင်အေ သင်တန်းကို တက်ရောက်ခဲ့သူ တယောက်ဖြစ်ပါတယ်။
အောင်မင်းဟာ ၁၉၈၃ ရှင်းလင်းပွဲမှာ တနည်းတဖုံကျန်ရစ်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ မြန်မာ စစ်ထောက်လှမ်းရေး ၂၁ တပ်ဖွဲ့ကို ရွှေ့ပြောင်း ခဲ့ပါတယ်။
၂၀၀၀ ခုနှစ်မှာ အမှတ် ၆၆ ခြေမြန်တပ်ရင်းကိုရောက်ခဲ့ပြီး၊ ၂၀၀၁ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ တောင်ပိုင်းတိုင်းမှူးအဖြစ် ရာထူးတိုးမြှင့် ခံရပါတယ်။
၂၀၀၃ ခုနှစ်မှာတော့ အရင် ဗိုလ်ချုပ်သန်းရွှေစစ်အစိုးရ လက်ထက်မှာ မီးရထားဝန်ကြီး ဖြစ်လာပါတယ်။
ဒီနေ့ အဖြစ်အပျက်တွေကို ဆက်စပ်ကြည့်ရင် မဟာစီမံကိန်းမှာ ရေးသားထားတဲ့ စစ်အာဏာ သက်ဆိုးရှည်ရေး အစီအစဉ်မှာ ကာလရှည်ကြာ ပြဿနာဖြစ်ခဲ့တဲ့ တိုင်းရင်းသားအရေးဟာ အဓိက ပြဿနာ ဖြစ်ပါလိမ့်မယ်။
စစ်အစိုးရ လက်ရှိ အာဏာလွန်ဆွဲပွဲ
ဒီနှစ်ထဲမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ရွှေလီမြို့မှာ ကချင်သူပုန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သူပါ။
သူဟာ အရင် စက်မှုဝန်ကြီးဟောင်းဖြစ်ပြီး၊ ၂၀၀၃ ခုနှစ်မှာ စုကြည်နဲ့ အပေါင်းအပါတွေကို အုပ်စုဖွဲ့တိုက်ခိုက်ခဲ့လို့ စုကြည်ထောက်ခံသူ အများအပြား သေဆုံးဒဏ်ရာရခဲ့ကြတဲ့ ဒီပဲယင်း အရေးအခင်းကို နောက်ကွယ်က စီစဉ်ခဲ့သူတွေထဲက တယောက်လို့ ထင်မြင်ယူဆ ခံရသူဖြစ်ပါတယ်။
လူကောင်းအောင်မင်းဟာ ရွှေလီဆွေးနွေးပွဲကို မတက်ခဲ့ပါဘူး။
ဒါပေမဲ့ သုံးသပ်သူတချို့ကတော့ နောက်ပိုင်းမှာ ဆွေးနွေးပွဲ ပျက်ပြားမယ့် အခြေအနေရောက်လာရင် အပျော့လိုင်းချဉ်းကပ်ပုံစံနဲ့ အောင်မင်းက ဝင်ရောက်ကယ်တင်လိမ့်မယ်လို့ ထင်မြင်နေကြပါတယ်။
အခုလို လူသိများထင်ရှားတဲ့ ပုဂ္ဂိုလ်တွေက အသေအချာပြင်ဆင်ထားတဲ့ ဆွေးနွေးရေး နည်းလမ်းတွေနဲ့ဆောင်ရွက်နေတာတွေကို ပုန်ကန်သူ တိုင်းရင်းသားတွေဘက်က လက်ခံလက်မခံဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။
ဖက်ဒရယ်မူကို အစိုးရဘက်က ထည့်တောင် မစဉ်းစားဘဲ တောက်လျောက် တသမတ်တည်း ငြင်းဆန်နေတဲ့ အချက်ဟာလည်း လက်နက်ကိုင် အဖွဲ့တွေနဲ့ သဘောတူညီ ချက်ကို တာရှည် တည်တန့်ဖို့ မဖြစ်နိုင်တဲ့ အချက်ဖြစ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေဟာလည်း စစ်တပ်ကို အဓိကထားပြီး ဗဟိုကချုပ်ကိုင်တဲ့ အစိုးရပုံသဏ္ဍန်ကို အခြေခံရေးသားထားပါတယ်။
ဒါ့ကြောင့် လတ်တလော ပြောနေကြတဲ့ “ပြုပြင်ပြောင်းလဲရေး” ဆိုတာနဲ့ ပတ်သက်ပြီး အပျော်လွန်နေတဲ့ ကာလဟာ သိပ်ရှည်ကြာမယ် မထင်ပါဘူး။
စစ်တပ်ကို လွှတ်တော်ထဲမှာ တရားမဝင် ဗီတိုအာဏာတွေ အလွန်အကျွံပေးထားတဲ့ လက်ရှိ အခြေခံဥပဒေကို ဖျက်ရင်ဖျက်၊ ဒါမှမဟုတ် အများအပြားကို ပြင်ရင်ပြင်၊ အဲသလိုမှ မဟုတ်ရင် တိုင်းရင်းသားပြဿနာဟာ ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။
ဒါ့အပြင် မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ တရုတ်တို့ ယှဉ်ပြိုင်ကြရာ နယ်မြေတခုသာဖြစ်လာခဲ့ရင်တော့ မြန်မာနိုင်ငံဟာ ရှေ့ လျှောက်သေချာပေါက် ပိုပြီး ဒုက္ခရောက်မှာပါ။
မဟာစီမံကိန်းမှာ အောင်ကျော်လှသတိပေးခဲ့တဲ့ တရုတ် အမေရိကန် ပြဿနာဟာ အခုလက်တွေ့ ပေါ်ပေါက်နေပါပြီ။ ဘာတေးလ် လစ်တနာ
မူရင်းဆောင်းပါးကို ဖတ်ရှုရန်။
http://www.atimes.com/atimes/Southeast_Asia/NB10Ae01.html

ဗမာပြည်၏ ပြုပြင်ပြောင်းလဲမှုများ ပဏာမ

အင်တာနက်မှာသတင်းဝင်ဖတ်တော့ စစ်ခွေးက သမ္မတဖြစ်သွားတယ်တဲ့ ....
ဒီမိုကရေစီဆိုတဲ့ အသံနဲ့ တင် စင်ပေါ်မှာ မိန်းကလေးစကတ်လှန်ကြည့် လို့ ရတယ်....
Body Paint ကိုတောင် MRTV-4 က ဒါရိုက်လွှင့်တယ်တဲ့ ....
ကျောင်းသားခေါင်းဆောင်စကားပြောတာကျတော့ ဆင်ဆာဖြတ်....
လေမိုကရေစီ လို့ ပြောလို့ ရတယ် သတင်းစာတွေမှာ သွေးစုပ်ဖုတ်ကောင်တွေ ပါးစပ်ကိုထုံးသုတ်ပြီးပြော...
နည်းပညာမြင့်မားတဲ့ နိုင်ငံတော်ဖြစ်အောင်လုပ်ဆောင်မည်....မီးမမှန်ဘူး....
၅၀၀၀တန်ဆင်းကဒ် နည်းပညာအရမဖြစ်နိုင်....အရှက်ကင်းမဲ့တဲ့ လူတစုထုတ်ပြော....
လူထုခေါင်းဆောင်ဗထူးကွင်းဌားခွင့်ကို လူထုသွေးစုပ်ဖုတ်ကောင် ဇော်ဇော်တားမြစ်...ဘော်လီဘောပုတ်
ပထမဆုံးပြောင်းလဲတဲ့ အနေနဲ့  ထမင်းငတ်တဲ့ လူတွေကို ထမင်းမကျွေးပဲ အကြီးဆုံးကားပြပွဲလုပ်.......
ဧပရယ်အရူးဘာလုပ်ကြမလဲ စစ်ခွေးတအုပ်ဗေဒင်မေး ရွေးကောက်ပွဲလုပ်တယ်....
သမ္မတကို စင်မြင့်ပေါ်တင် နာမည်ကောင်းရခါစ လူထုခေါင်းဆောင်လောက် စိတ်ဝင်စားမှုမခံရခြင်းကို
ထိပ်ပြောင်အမျက်ခြောင်းခြောင်းထွက်....သူလက်ကိုင်တုတ်တစု စတုဒီသာလုပ်....
လက်နက်ကိုင်များနဲ့ ပဏာမ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုအပစ်ရပ်ရန်အတွက်....နဲနဲထပ်ပစ်...
နေ့ ကလပ်ညကလပ်များနှင့်ပါတီပွဲများ ဒီရေအလား တိုးပွားလာ ဂလိုဘယ်လိုက်ဇေးရှင်းစကားကို
ခုတုံးလုပ်...ဖုန်းတောင်လူတန်းစေ့မကိုင်နိုင်ခြင်းက အဖြေပေး....
ချစ်သူများနေ့ မှာအခန်းစီစဉ်ပေးမယ့် ရှိးပွဲ ခေါ် တော်သလင်းပွဲတပွဲကျင်းပရန်ရှိ....တာဝန်သိပြည်သူများကန့် ကွက်...
ဗိုလ်ချုပ်မွေးနေ့ တို့ မမေ့....သတိရရင်ကံကောင်း ဗမာပြည်လူငယ်များ(ရေပေါ်စီ)ကိုဆိုလိုသည်။
မိန်းကလေးများပေါင်အောက်မဆင်းသည့် ဘောင်းဘီခေါ် ဘာမှန်းမသိသော ယဉ်ကျေးမှုဖြင့်
မုဒိန်းမှုတိုးပွားအောင်လုပ်....အမျိုးသမီးရေးရာပါးစပ်ပိတ်...ယဉ်ကျေးမှုထိန်းသိမ်းရေးဆွံ့ အ
အထူးယဉ်များ နာမည်နှင့်လိုက်အောင် အချုပ်ကားပုံသံပန်းများနှင့် စွမ်းအင်ချွေတာအဲကွန်းတပ်
ခရီးသည်များ အထူးမတ်တပ်ရပ်ကာ အထူးကားကို ၂၀၀ပေးစီး.....
ဆန်တပြည်အောက်ထစ် ၁၅၀၀ရှိ...မိဘများ နွားရုပ်ပေါက်လာ...တိုးတက်ရေးလမ်းကြောင်းအစ
ကုန်ဈေးနှုန်းများတက်ပြ....
ဘာသာ၊သာသနာ ရှေ့ ဆောင်တိုးတက်မှုဖြစ်စေရန် ရဟန်းများအား ကျောင်းမှနှင်ထုတ်....
ဖမ်းဝရမ်းမပါပဲ ခေါ်ချင်တိုင်းခေါ်ပြ.....
ဂျပန်တယောက်မြန်မာမကို ပါးရိုက်သည့် ကိစ္စ ပြည်ထဲရေးမရှင်းပဲ ကာကွယ်ရေးဦးစီးချုပ်တက်ရှင်း....
မျိုးချစ်အဖြစ်ပွဲထုတ်....မျောက်ပွဲတပွဲအဖြစ်အသိအမှတ်ပြုရန်....
လူကိုခင်၍ မကောင်းမှုများနှင့် မူကိုတခါထဲပြင်လိုက်သည့် မီဒီယာမပီသသည့် 
Hot News မှ ဒေါ်မမ စကားလုံးကြီးများသုံးပြီး လူတတ်ကြီးလုပ်ပြ....
ဒီမိုကရေစီဆိုသည်ကို လေးလုံးမကွဲသူများ နိုင်ငံရေးတွင် ပုဆိုးအစိမ်းနှင့် တိုက်ပုံအဖြူဝတ်...
မြန်မာပြည်လူငယ်များ လက်ဖက်ရည်ဆိုင်နှင့် ဂိမ်းဆိုင်တွင် နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်း....
ကျောင်းသူကျောင်းသားများ တက္ကသိုလ်တွင် မေထုံအကျင့်ပြုကျင့်....တည်းခိုခန်းများအရှံးပေါ်....
မြန်မာပြည်ထောက်လှမ်းရေးများ ကားပေါ်တွင်ပါတက်ပြီး မိန်းကလေးများအား ထောက်လှမ်း....အတိုက်အခံများဘက်မှ ၀ီစီစစ်ဆင်ရေးပြုလုပ်
ရှပ်ရှင်မင်းသားမင်းသမီးများ စင်ပေါ်တွင် ဖင်ပေါ်အောင်ဝတ်ပြီး ယဉ်ကျေးမှုကိုထိန်းသိမ်းပြ...စင်အောက်
ကစံနမူနာယူ....
မြန်မာတနိုင်ငံလုံး ငပိရည်မစားတော့ပဲ ကိုရီးယားဂင်မ်ချီပြောင်းစားတော့မည်ဟု ရပ်ကွက်သတင်းဌာနထုတ်လွှင့်....
မန္တလေးမြို့ ၌ ဗမာတရုတ် ဘာသာစကားအသစ်ပေါ်ထွက်....
နည်းပညာတိုးတက်သဖြင့် ဤစာအား မီးစက်ဖြင့်ရိုက်နှိပ်ပါသည်။
ဒေါင်းခေတ်


သမ္မတ ဦးသိန်းစိန် ပုံရိပ်ကောင်းအောင် ဘယ်သူတွေက မီးမောင်းထိုးနေကြသလဲ

 သမ္မတ ဦးသိန်းစိန် တစ်ယောက် ခေတ်စကားအရ ပြောရရင် Image ကောင်းလာတယ်လို့ နိုင်ငံရေး လေ့လာသူများက သုံးသပ်ပြောဆို နေကြရာ စစ်ဖက်နီးစပ်သူများက အဲဒီ Image ပုံရိပ်ကောင်းအောင် နောက်ကွယ်မှာ ဘယ်သူတွေက စွမ်းဆောင်နေလို့ ဖြစ်လာတယ် ဆိုတာကို စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်သို့ သတင်းပေးပို့ လာပါတယ်။
ဦးဝဏ္ဏမောင်လွင် (DSA - 16)
 ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဦးသိန်းစိန်အား “မင်း လူဟောင်းတွေကို ကြိုက်မှ ပြန်သုံးပါလို့” အခွင့်အရေး ပေးခဲ့တယ်။ ဒါကြောင့် သမ္မတ ဦးသိန်းစိန်ဟာ အစိုးရအဖွဲ့ မဖွဲ့မှီကာလက သူ့အား အထောက်အကူပြုမဲ့ လူတော်များကို စိတ်ကြိုက် ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
 နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ DSA – 16 ကျောင်းဆင်း Best Cadet ဖြစ်ပြီး သင်တန်းတိုင်းမှာ ပထမရရှိအောင် ထူးချွန်ထက်မြက်သူ ဖြစ်ပါတယ်။ အင်္ဂလိပ်စာတော်ပြီး ရာထူး တက်ဖို့ မျှော်မှန်းခဲ့ပေမဲ့ မမျှော်လင့်ဘဲ အသည်းရောင် ရောဂါပိုး ဘီပိုးတွေ့ရှိခဲ့လို့ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်ပင်သာယာ ၀န်ကြီးဌာန လက်အောက်ခံ ဦးစီးဌာန တစ်ခုမှာ ညွှန်ကြားရေးမှူးချုပ် ဖြစ်သွားပြီ ကန်တော်ကြီး ဟိုတယ် မျက်စောင်းထိုးရှိ အစိုးရအိမ်မှာ မထင်မရှား နေခဲ့ရသူ ဖြစ်ပါတယ်။ နိုင်ငံခြားရေး ၀န်ကြီးများ ထိုင်ခုံ လှုပ်ချိန်မှာ သံအမတ်ကြီးများ အရွေ့အပြောင်း ဖြစ်ကုန်ကြပြီ အချိန်ကာလမှာ ကံထချင်လို့ သူ့အား ဥရောပတိုက်ရှိ ဂျီနီဗာမြို့ရှိ မြန်မာသံရုံးတွင် သံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်ခံရသူ ဖြစ်ပါတယ်။
 သူဟာ ဥရောပတိုက် နိုင်ငံများအား မြန်မာနိုင်ငံနဲ့ ထိတွေ့ ဆက်ဆံဖို့ စဉ်ဆက်မပြတ် တိုက်တွန်းစည်းရုံးနိုင်ခဲ့ပြီး နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးမှာ နော်ဝေးနိုင်ငံကဲ့သို့ ဥရောပနိုင်ငံများ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက် နိုင်ဖို့ စည်းရုံးကြိုးစားဆောင်ရွက်နိုင်သူ ဖြစ်ပါတယ်။ ဦးဝဏ္ဏမောင်လွင်ဟာ UN အပါအ၀င် အနောက် နိုင်ငံများနှင့် သံတမန်ရေးရာ အတွေ့အကြုံ ရှိတာမို့ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးဥာဏ်ဝင်းထက်ပင် တော်သူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့အား သမ္မတ ဦးသိန်းစိန်က နိုင်ငံခြားရေး ၀န်ကြီး အဖြစ် ခေါ်ယူခဲ့သူ ဖြစ်ပါတယ်။
ဦးကိုကိုလှိုင် (DSA - 18)
 သမ္မတရဲ့ အဓိက နိုင်ငံရေးရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ကက (ကြည်း) သုတေသနတွင် စစ်ဦးစီးမှူး ပထမတန်း ထမ်းဆောင်ခဲ့တဲ့ ဒုဗိုလ်မှူးကြီးဟောင်း ကိုကိုလှိုင် DSA – 18 အား ရွေးချယ်ခဲ့ပါတယ်။ န၀တ၊ နအဖခေတ် တစ်လျှောက်လုံး ဒုဗိုလ်မှူးကြီး ကိုကိုလှိုင်ဟာ ကကကြည်း သုတေသနတွင် တာဝန်ထမ်းဆောင်ခဲ့သူမို့ လူကြီးများနဲ့ ထိတွေ့ ဆက်ဆံရာမှာ ညက်ညောင်းသူ ဖြစ်ပါတယ်။ သူ့ရဲ့ တာဝန်ဟာ နိုင်ငံတကာရေးရာ ဖြစ်ပျက် ပြောင်းလဲမှုများ၊ တနိုင်ငံချင်းရဲ့ နိုင်ငံရေး/ စီးပွားရေး/ စစ်ရေး ဆိုင်ရာ ဖွဲ့စည်းပုံ မူဝါဒ၊ စစ်အင်အား၊ ဒီမိုကရေစီ ရေးရာများနှင့် စစ်အာဏာရှင်များ ဇာတ်သိမ်းမလှပုံတွေကို သုတေသနပြုရကာ လူထုအုံကြွမှုများ ဖြစ်ပေါ်လာရတဲ့ အကြောင်းအရာများကိုလည်း သုံးသပ် ကောက်နှုတ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တင်ပြရသူ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားရေးဆိုင်ရာ ပေါ်လစီများ ချမှတ်ရာမှာ ဦးကိုကိုလှိုင်နှင့် အကြံပေးချက်များ ပါဝင်နေတာကို တွေ့ရပါတယ်။ အစိုးရအဖွဲ့သစ် ဖွဲ့ထားပြီး နောက်ပိုင်းတွင် အမေရိကန်သို့ သွားရောက် ထိုးဖောက် စည်းရုံးခဲ့ပြီး အပြန်မှာ အင်ဒိုးနီးရှားကို ၀င်ရောက် လည်ပတ်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။
 နေပြည်တော် ၀န်ကြီး ဦးသိန်းညွှန့်ဟာ ယခင် အစိုးရအဖွဲ့ နယ်စပ်နဲ့ စည်ပင် ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး DSA – 12 ကျောင်းဆင်း Best Cadet ဖြစ်ပါတယ်။ သူဟာ ခလရ (၆၅) မိုင်းတုံ တပ်ရင်းမှူးမှ ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်နဲ့ပင် မကွေးတိုင်း ဥက္ကဋ္ဌ ရာထူးယူကာ ထူးချွန်လို့ နယ်စပ်စည်ပင် ၀န်ကြီးအဖြစ် တိုက်ရိုက် တာဝန်ပေးအပ်ခံခဲ့ရသူ ဖြစ်ပါတယ်။ အစိုးရအဖွဲ့သစ်မှာ နေပြည်တော် မြို့တော်ဝန်အဖြစ် ၀န်ကြီးအဆင့် ရာထူး ဆက်လက် တာဝန်ပေးအပ်ခံရခြင်းမှာ ဦးသိန်းစိန် အဖို့ နေပြည်တော်တွင် နိုင်ငံတကာ ညီလာခံများ၊ အခမ်းအနားများ လုပ်ဖို့ ရှိနေရာမှာ ၀န်ကြီး ဦးသိန်းညွှန့်ရဲ့ လုပ်ပုံကိုင်ပုံ Finishing Package ကောင်းတဲ့အတွက် ဆက်လက် တာဝန်ပေးအပ်တာ ဖြစ်ပါတယ်။
အလုပ်သမား ၀န်ကြီး ဦးအောင်ကြည်ဟာ DSA – 29 ကျောင်းဆင်းဖြစ်ပြီး စည်းကမ်းတကျနဲ့ စည်းစနစ် ကြီးလွန်းသူမို့ တပ်မတော်မှာ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး အချိန်တိုင်းမှာ တဆင့်နဲ့ တဆင့် တိုးတက်မှု ရှိအောင် ဆောင်ရွက်နိုင်ခဲ့လို့ ယခုအချိန်အထိ အစိုးအရအဖွဲ့သစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်ဆံရေး ချောမွေ့နေခြင်း ဖြစ်ပါတယ်။ KIO နှင့် ဆွေးနွေးပွဲ ရွှေလီမှာ ဗိုလ်ချုပ် အောင်ကြည်အား ထပ်မံ ထည့်သွင်းခဲ့တာဟာ အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းကို အားမရလို့ ထပ်ထည့်တယ်လို့ စစ်ဖက် နီးစပ်သူများက ပြောပါတယ်။
 ဦးဝင်းမြင့်ဟာ ယခင်က မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ အသင်းချုပ် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့တာမို့ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရာမှာ ပုဂ္ဂလိက အခန်းကဏ္ဍ အောင်မြင်စေရေးအတွက် တာဝန်ပေးအပ်ခဲ့တယ်လို့ သုံးသပ်ပါတယ်။ ဦးဝင်းမြင့်ဟာ ၂၀၀၄/၅ ခုနှစ် အမျိုးသား ညီလာခံမှာ တက်ရောက်ခဲ့ပြီး ကုန်သည်လုပ်ခဲ့သူပီပီ မြန်မာပြည်မှာ အချမ်းသာဆုံး ကုန်သည်များအား ထိန်းညှိပေးနိုင်သူဟု ဦးသိန်းစိန်အနေနဲ့ ယူဆဟန် တူပါတယ်။
 အဆိုပါ ပုဂ္ဂိုလ်များကြောင့် ဦးသိန်းစိန်ဟာ နိုင်ငံတကာမှာ ပုံရိပ်ကောင်း တက်လာတယ်လို့ သုံးသပ်ကြောင်း စစ်ဖက်နီးစပ်သူများက သတင်းပေးပို့လာကြပါတယ်။

ရန်ကုန်တက္ကသိုလ်ကို ရုပ်ရှင်တွေထဲ ပြန်မြင်ရတော့မလား


မြန်မာ့ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားတွေကို ကြည့်လိုက်ရင် တက္ကသိုလ်နဲ့ ပတ်သက်တဲ့ ရိုက်ကွင်း ရိုက်ကွက်တွေ၊ ကျောင်းသားကျောင်းသူတွေရဲ့ ပုံရိပ်တွေကို ပြမယ်ဆိုရင်တော့ ဘယ်နေရာမှ သွားမရှာလေနဲ့၊ လှိုင်မြို့နယ်မှာရှိတဲ့ MICT Park ၀န်းထဲမှာ ဖြစ်ချင်ဖြစ် ဒါမှမဟုတ် ယခင်က ယဉ်ကျေးမှုတက္ကသိုလ် ယခု အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် ဝန်းထဲမှာသာ ဖြစ်ပါလိမ့်မယ်။

အရာရာပြောင်းလဲ လွတ်လပ်လာပြီလို့ ဆိုရမယ့် မြန်မာနိုင်ငံအနေနဲ့ မကြာသေးခင်က ရန်ကုန် တက္ကသိုလ် ၀န်းအတွင်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးခွင့်ပြုတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံကနေ သိရတယ်လို့ ပြည်တွင်းထုတ် Transport ဂျာနယ်မှာ ရေးသားထားပါတယ်။

ယခင်က ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ပါဝင်တဲ့ တချို့မြင်ကွင်းတွေဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်ကျက်သရေကို ထိခိုက်စေနိုင်တဲ့ ရိုက်ကွင်းရိုက်ကွက်တွေဖြစ်လို့ ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာ ရိုက်ကူးခွင့်မရခဲ့တာလို့ သိရပါတယ်။

တချို့ဇာတ်ကားတွေဆိုရင် တက္ကသိုလ်ဇာတ်ကားလို့သာ ဆိုသော်ငြားလည်း စာသင်ခန်းမပါ အပျော်အပါး အခန်းတွေနဲ့သာ ပြီးသွားတဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။

“မြန်မာနိုင်ငံရဲ့ တက္ကသိုလ်စာသင်ခန်းတွေက နိုင်ငံတကာ ပညာရေးစံချိန်နဲ့ကြည့်ရင် မမှီဘူးဆိုလို့ စာသင်ခန်းကို ရိုက်မပြရဘူး။ ဂုဏ်သိက္ခာကျဆင်းစေနိုင်တဲ့ ရိုက်ကွက်ဆိုတာက ၀တ်စားဆင်ယင်မှုပိုင်းကို ပြောတာလည်း ဖြစ်ချင်ဖြစ်မယ်။ မိန်းကလေးတွေကို နောက်ပြောင်တာကိုလည်း ပြောချင်တာဖြစ်မယ်။ ဘာမှ မတိကျ မရေရာတဲ့ စကားလုံးတွေပဲ တသက်လုံး သုံးစွဲလာတာလေ။ အခုထိလည်း ဝေ့လည်လည်ပဲ ရှိသေးတယ်။ တိတိကျကျ ရေရေရာရာပြောပြီး ပိတ်ခဲ့တာလည်း မဟုတ်ဘူး” လို့ တက္ကသိုလ်ဇာတ်ကား အတော်များများ ရိုက်ကူးခဲ့သူ ဒါရိုက်တာ မောင်မျိုးမင်းက ဧရာဝတီကို ပြောပါတယ်။

အလားတူပဲ ဆေးရုံ၊ ဘူတာရုံ၊ လေယာဉ်ကွင်းစတဲ့ နေရာတွေကို ထည့်သွင်းရိုက်ကူးတော့မယ် ဆိုရင်လည်း အဲ့ဒီနေရာတွေကို ရိုက်ကူးခွင့် လျှောက်ထားရာမှာ အချိန်ကြာကြာ စောင့်ဆိုင်းရတာတွေ ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင်လုပ်ငန်းရဲ့ ထောက်ခံစာ လိုအပ်တာတွေ စတဲ့ အခက်အခဲတွေနဲ့ အများဆုံးရင်ဆိုင်ခဲ့ရတာပါ။

ဒါပေမယ့် ထူးခြားတာတခုက ဒီလို တက္ကသိုလ်ဝန်းတွေထဲမှာ ဇာတ်ကား ရိုက်ကူးခွင့်တွေ ပိတ်ပင်ထားပေမယ့်လည်း အရင်စစ်အစိုးရနဲ့ သက်ဆိုင်တဲ့ ပေါ်လစီ ဇာတ်ကားတွေမှာတော့ တက္ကသိုလ်နယ်မြေရဲ့ ပုံရိပ်တွေကို ပြန်လည် ခံစားရတတ်ပါတယ်။

ဒီလိုတက္ကသိုလ်ရဲ့အငွေ့အသက်ကို အပြည့်အ၀ရိုက်ကူးသွားပြီး ပရိသတ်တွေအကြား ရေပန်းစားသွားတဲ့ ပေါ်လစီ ဇာတ်ကား တချို့လည်း ရှိပါတယ်။

“တက္ကသိုလ်ဝန်းတွေထဲမှာ ဇာတ်ကားတွေ ပြန်ရိုက်ခွင့်ရပြီဆိုရင်တော့ ဘာပဲပြောပြော ၀မ်းသာစရာ ကိစ္စတခုလို့ မြင်မိပါတယ်။ အရင်တုန်းက ဒီအခွင့်အရေးကို ပေါ်လစီကားရိုက်တဲ့ အခါမျိုးနဲ့ ပေါ်လစီကားရိုက်နေကျ သူမျိုးပဲ ရတာမို့ပါ” လို့ ဒါရိုက်တာ ချိုတူးဇော်က ဧရာဝတီကို ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် အရင်ကလို တက္ကသိုလ်ရဲ့ ပုံရိပ်တွေပြန်လည် တွေ့မြင်လာရတော့မယ် ဆိုတော့လည်း ပျော်ရွှင်ဖွယ်ရာ ကျောင်းသားဘ၀ရဲ့ပုံရိပ်တွေလည်း ပြန်ပုံဖော်လို့ ရလာတော့မှာပါ။ သို့ပေမယ့်လည်း ရန်ကုန်တက္ကသိုလ် ၀န်းထဲမှာ ရုပ်ရှင်ဇာတ်ကားတွေ ပြန်ရိုက်ခွင့်ရမယ်ဆိုတာဟာ ပါးစပ်ရာဇ၀င် မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း …။

ဗိုလ်ချုပ် ရုပ်ရှင်အတွက် အလုပ်ခန်း ဖွင့်တော့မယ်

လာမယ့် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ ဗိုလ်ချုပ် အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးရုံးခန်းကို အမှတ် (၁၀၁) ဘီ၊ ဓမ္မစေတီလမ်း ကမာရွတ်မြို့နယ်မှာ ဖွင့်လှစ်တော့မှာပါ။

ဒီဖွင့်ပွဲအခမ်းအနားကို ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ကိုယ်တိုင်ကြွရောက် ဖွင့်လှစ်ပေးမှာဖြစ်ကာ ဆရာတော်က ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကားအတွက် ကျပ် ၃၂ သိန်းလှူဒါန်းမှာပါ။ ဒီဖွင့်ပွဲကို ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများလည်း တက်ရောက်မယ်လို့ သိရပါတယ်။

ဆရာတော် အရှင်ဆန္ဒာဓိက လှူဒါန်းတာဟာ ဒီဟာက ဒုတိယအကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ပြီး ပထမအကြိမ်အဖြစ် ကျပ် ၃၂ သိန်းကို ဆရာတော့်မွေးနေ့ ဇန်န၀ါရီ ၉ ရက်နေ့က လှူဒါန်းထားပြီးဖြစ်ပါတယ်။ ဆရာတော်က အခုလို ကျပ် ၃၂ သိန်းကို လေးကြိမ်တိတိ လှူဒါန်းမှာဖြစ်ပြီး ကျန်ရှိတဲ့ နှစ်ကြိမ်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူအပေါ်ထားတဲ့ ပရဟိတစိတ်ဓာတ်ကို လေးစားတဲ့အနေနဲ့ သူရဲ့မွေးနေ့မှာ လှူဒါန်းမှာဖြစ်ကာ ကျန်တဲ့တကြိမ်ကိုတော့ အာဇာနည်နေ့မှာ လှူဒါန်းမှာပါ။

အခုလို လေးကြိမ်တိတိ လှူဒါန်းရခြင်းက မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ ဇန်န၀ါရီ ၄ ရက်နေ့ဖြစ်သည် ကတကြောင်း၊ ၃၂ သိန်းလှူဒါန်းရခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၃၂ နှစ်မှာ ကျဆုံးခဲ့ခြင်းဖြစ်တာကြောင့်တကြောင်း၊ အခုလို ၃၂ သိန်းကို လေးကြိမ်တိုင်တိုင် လှူဒါန်းတာဖြစ်တယ်လို့ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားရဲ့ ပြန်ကြားရေးတာဝန်ခံ ဒါရိုက်တာ ကြည်ဖြူသျှင်က ဧရာဝတီကို ပြောပါတယ်။

ယခုလတ်တလောမှာ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားအတွက် အသုံးဝင်မယ့် ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ ပစ္စည်းတွေ၊ စာတွေကို အလှူခံနေပြီး သရုပ်ဆောင်တွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည် နေရာကလွဲပြီး ကျန်ရှိတဲ့နေရာတွေကို ပြည်တွင်း သရုပ်ဆောင်များနဲ့သာ သရုပ်ဆောင် ရိုက်ကူးသွားမှာလို့ သိရပါတယ်။

“ဒီဇာတ်ကားက ကမ္ဘာကိုသွားမှာဆိုတော့ မြန်မာ့သရုပ်ဆောင်တွေကို ကမ္ဘာက သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အမေစု ကိုယ်တိုင်က ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည်ကလွဲရင် ကျန်တာ သရုပ်ဆောင်တွေထဲက သုံးပါလို့ ကျမတို့ကို မှာထားပါတယ်” လို့ ကြည်ဖြူသျှင်က ဆိုပါတယ်။

အဆိုပါ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုမှာ ပြည်တွင်း ဒါရိုက်တာ သရုပ်ဆောင်များ ပါဝင်ဖန်တီးမှာနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ ပရိသတ်တွေရဲ့ ဝေဖန်သံတွေလည်း ကြားရပါတယ်။

ဒီကိစ္စကို ဒါရိုက်တာ ကြည်ဖြူသျှင်က “ဗိုလ်ချုပ်သမိုင်းကြောင်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေဟာ အရင်လူကြီးတွေလက်ထက်မှာ ထုတ်ခွင့်မရခဲ့လို့ စာအုပ်တွေဟာ ပျောက်ကွယ်နေတာ။ ဒါတွေဟာ ပြည်သူတွေရဲ့ လက်ထဲမှာ အကုန်ရှိကြတယ်။ အခုချိန်မှာ အဲဒီစာအုပ်တွေ ထွက်လာကြတယ်။ တချို့တွေက ကျမတို့ ကားရိုက်ဖို့အတွက် လာလှူကြတယ်။ ဒါကြောင့် ကျမတို့တွေဟာ အချိန်တိုတွင်းမှာ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ အထောက်အထားတွေ အများကြီးရလာတယ်။ အဲဒီတော့ ကျမတို့ရိုက်မယ့် ဇာတ်ကားသည် စိတ်ကူးယဉ်တာ လုံးဝမပါဘူး။ တကယ် ဗိုလ်ချုပ်ပြောခဲ့တဲ့စကားအတိုင်း အရှိအတိုင်း ရိုက်သွားမှာပါ” လို့ ကြည်ဖြူသျှင်က ပြောပါတယ်။

ဗိုလ်ချုပ်အတ္ထုပ္ပတ္တိဇာတ်ကားကို လာမယ့် ၂၀၁၅ ခုနှစ်မှာကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့်အတွက် ရည်ရွယ်ရိုက်ကူးတာ ဖြစ်ပါတယ်။



Lwin Pwin

NLABR

Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment