မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဖေဖေါ်ဝါရီလ ၉ ရက်၊ ၂၀၁၂
 
NLD ရန်ပုံငွေ ပန်းချီပြပွဲ ရဲက မေးမြန်းစုံစမ်း

မန္တလေးမြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရန်ပုံငွေအတွက် ပြုလုပ်သည့် ပွင့်သစ်လွင်ပန်းချီပြပွဲနှင့် ပတ်သက်၍ ချမ်းအေးသာဇံမြို့နယ် အမှတ် (၆) ရဲစခန်းမှ စုံစမ်းမှုများ ပြုလုပ်ကြောင်း သတင်းရသည်။

ဒေါ်အောင်ဆန်းစုကြည် ပုသိမ် ကိုးသိန်းအားကစားကွင်း၌ လူထုအားပြောကြားသည့် မိန့်ခွန်း

အခုအချိန်ဟာ ကျွန်မတို့ ပါတီတည်ဆောက်နေတဲ့ အချိန်မို့လို့ ပါတီတည်ဆောက်ရေး အနေနဲ့လည်း ကျွန်မတို့လာတာဖြစ်ပါတယ်။ ဒီအပြင်မှာလည်း လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့အချိန်မှာ ကျွန်မတို့ ပါတီရွေးကောက်ပွဲတွက်လည်း စည်းရုံးဖို့ လာခဲ့တာဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်မသိပ်ပြီးတော့ စီကာပတ်ကုံး မပြောချင်ဘူး၊ ရိုးရိုးပဲပြောချင်တာက ကျွန်မတို့ရဲ့ ကိုယ်စားလှယ်ကိုထောက်ခံအားပေး မဲပေးကြပါလို့ပဲပြောချင်ပါတယ်။ (ဟေး ဟေး ဟေး လက်ခုပ်သံများ)
 ကျွန်မတို့ဟာ ဒီအချိန်မှာ ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာလည်းသိပ်မများပါဘူး၊ ဒီနေရာလေး နည်းနည်းကိုဝင်ပြီးရွေးလို့ ဘာထူးမှာလည်းလို့ပြောကြတယ်။ ဒါပေမယ့်ကျွန်မတို့ကတော့ ဘယ်နေရာကဖြစ်ဖြစ် ရတဲ့နေရာက ပြည်သူတွေရဲ့ အကျိုးကို အထိရောက်ဆုံးလုပ်ချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါကြောင့်မို့လို့ ရှိတဲ့နေရာတွေမှာ ၀င်ပြိုင်တာပါ၊ မဲထည့်တဲ့နေရာမှာ လူပုဂ္ဂိုလ်တဦးတယောက်သာမက အဖွဲ့အစည်းရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ပြည်သူတွေ ဒီမိုကရေစီလုံခြုံမှုအောက်မှာ နေနိုင်ရေးဖို့အတွက်ု မဲပေးတယ်လို့ စိတ်ထဲမှာထားပြီးတော့ ကျွန်မတို့ အဖွဲ့ချုပ်ကိုမဲထည့်ပေးစေချင်ပါတယ်။ (ဟေး )
 အခုဒီလောက် အင်တိုက်အားတိုက် ကြိုပြီးမှ ပုသိမ်မှာ မဲကို ကျွန်မတို့ မနိုင်ဘူးဆိုရင် မဟုတ်တော့ဘူးနော်၊ (ဟေး )   
ကျွန်မတို့ မြန်မာပြည်တ၀ှမ်းခရီးသွားတဲ့ အခါမှာ ဘာကိုသတိထားမိလည်းဆိုတော့ လာကြိုကြတဲ့ ပြည်သူတွေအမြဲပဲ ရွှင်ရွှင်လန်းလန်းနဲ့ရှိပါတယ်။ ဒီလောက်တောင် ခက်ခဲတဲ့ဘ၀တွေကို ဖြတ်သန်းနေရတဲ့ကြားထဲက ဒီလောက်တောင် လှိုက်လှိုက်လှဲလှဲပြုံးပြုံးရွှင်ရွင် တက်တက်ကြွကြွ ကြိုဆိုတာဟာ ပြည်သူတွေကို ကျွန်မတို့ အင်မတန်မှ ကျေးဇူးတင်သလို ဒီလိုပြည်သူတွေနဲ့ဆို ကျွန်မတို့ဟာ တကယ်ပဲ သာယာတဲ့ ပြည်ထောင်စုကြီးတခုကို ဆောက်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်။ (ဟေး )
 လမ်းမှာကျွန်မတို့ကို ကြိုဆိုတဲ့ သူတွေထဲမှာဆိုရင် ကရင်တိုင်းရင်းသူ တိုင်းရင်းသားတွေ ကပြီးကြိုဆိုတာ တွေ့တဲ့အခါကျတော့ ကျွန်မစိတ်ထဲမှာ ကျွန်မတို့ဟာ တိုင်းရင်းသားပေါင်းစုံနဲ့ စုပေါင်းပြီး တည်ထောင်ထားတဲ့  ပြည်ထောင်စုကြီးဖြစ်စေချင်တယ်။ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓါတ်အပေါ်မှာ ခြေခံပြီး ထူထောင်မယ်ဆိုရင်နဲ့ တည်ထောင်မယ်ဆိုလို့ရှိရင် ပြည်သူတွေဟာ အေးအေးချမ်းချမ်းနဲ့ ဖွံ့ဖြိုးနိုင်မယ့်ဘ၀ကိုရောက်နိုင်မှာပါ။
ဒါပေမယ့် ဒီကိစ္စဟာ ၀ိုင်းပြီးကြိုးစားရမယ့် ကိစ္စပါ၊ ကျွန်မအမြဲပဲပြောပါတယ်။ ကျွန်မဟာ ပြည်သူတွေကို လွယ်လွယ်နဲ့ စည်းရုံးချင်တဲ့ စိတ်နဲ့ပဲ မဖြစ်နိုင်တာတွေ မပြောပါဘူး။
 ကျွန်မရိုးရိုးပဲပြောရမယ်ဆိုရင် နိုင်ငံတနိုင်ငံတိုးတက်ဖို့ဆိုတာဟာ ပြည်သူတွေပါမှ ဖြစ်နိုင်ပါတယ်။ ပြည်သူတွေ မပါရင် မဖြစ်နိုင်ပါဘူးဆိုတာ သိစေချင်ပါတယ်။
 ကျွန်မတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ပြည်သူတွေဟာ ကျွန်မတို့နောက်က မရှိလို့ရှိရင် ကြိုးစားချက်တွေဟာ ထိရောက်နိုင်မှာ မဟုတ်ပါဘူး၊ နောက်က မားမား မတ်မတ်ရှိရဲ့လား (ရှိပါတယ်)
 ကျွန်မအနေနဲ့ ဒီလိုပြည်သူတွေက အင်မတန်မှ ပူပြင်းတဲ့နေ အောက်မှာလာပြီးတော့ ကျွန်မတို့ကို အားပေးတယ်ဆိုတာ အင်မတန်မှ ခံနိုင်ရည်ရှိတဲ့ နိုင်ငံပဲဆိုတာ သဘောပေါက်ပါတယ်။ ဒီခံနိုင်ရည်တွေကို ခံနိုင်ရည်ရှိတဲ့ အင်အားတွေကို ကျွန်မတို့နိုင်ငံ အေးချမ်းဖို့ တိုးတက်ဖို့ သုံးရမှာပါ။ အဲဒီဟာမှာ အားလုံးပါဝင်စေချင်ပါတယ်။ အထူးသဖြင့် လူငယ်တွေပါဝင်စေချင်ပါတယ်။ (ဟေး)ကျွန်မတခုတော့ နည်းနည်းစိတ်ပူပါတယ်။ လာကြိုတဲ့အထဲမှာ လူငယ်တွေ အများကြီး  လာကြိုတဲ့အခါ တော်ကြာ စာမေးပွဲတွေ ဘာတွေ မဖြေဖြစ်ရင် စာမေးပွဲကျမှာကို စိုးရိမ်ပါတယ်။ (လက်ခုပ်သံများ)
 ကျွန်မတို့လူငယ်တွေကို ပညာတတ်စေချင်တယ်။ ဒါဟာ ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်ဖြစ်ပါတယ်။ ကျွန်မတို့ဟာ နိုင်ငံအတွက် ဘာလုပ်ပေးရမလဲဆိုရင် ပြည်သူတွေရဲ့ အသံကိုနားထောင်လိုက်လို့ ရှိရင် အဖြေက ရှင်းရှင်းလေးပါ။ ပြည်သူတွေဟာ ဆင်းရဲတဲ့ ဘ၀ကနေ လွတ်မြောက်စေချင်တယ်၊် ပညာရေး ကျန်းမာရေး ဘက်မှာ တိုးတက်စေချင်တယ်ဆိုတာ ကြားရပါတယ်။ ဒါဟာ ကျွန်မတို့ ရည်ရွယ်ချက်နဲ့လည်း ထပ်တူထပ်မျှ ဖြစ်ပါတယ်။ အရှေ့လူတွေ ခဏထိုင်ပေးပါ။ အနောက်ကလူတွေ မြင်ရအောင်လို့၊ သတင်းထောက်တွေလည်း ထိုင်ပေးပါ၊ သတင်းထောက်တွေ ကျွန်မကို ရန်ကုန်မှာ တချိန်လုံးတွေ့နေတာပဲ၊ ဒီမှာ ခဏသာတွေ့ရတဲ့ ပြည်သူတွေကို ငဲ့ညှာပြီး ထိုင်ပေးပါ။ (ဟေး   )
 အားလုံးဟာ တယောက်နဲ့ တယောက် နားလည်မှုရှိမှ ဖြစ်မယ်နော်၊ ကိုယ်လိုချင်တာပဲ ဇွတ်လုပ်နေရင် ကျွန်မတို့နိုင်ငံအတွက် မကောင်းပါဘူး။ နားလည်မှုနဲ့ အရှေ့ကလူတွေ ခဏထိုင်ပေးပါ။ (ဟေး)
 အရှေ့မှာရောက်နေတဲ့သူက အနောက်ကသူတွေကို အမြဲညှာရတယ်။ ဒါဟာ လုပ်သင့်တဲ့လုပ်ထိုက်တဲ့ ကိစ္စပဲ။ ကျွန်မအဲလောက်ပြောလိုက်တော့ အခါကျတော့ ဘာကိုဆိုလိုတယ်ဆိုတာ လူတိုင်းလူတိုင်းဟာ အခွင့်အရေး နဲ့ ကိုက်ညီတဲ့ တာဝန်ရှိတယ်ဆိုတာ ပြောချင်တာပါ၊ ဒါကြောင့် ပိုပြီးအခွင့်ရေး ရလေလေ ပိုပြီး တာဝန်ကြီးလေလေဆိုတာနားလည်စေချင်ပါတယ်။
ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲ ၀င်တဲ့အခါ မူ ၃ခုကို အဓိကထားပြီး ၀င်မှာဖြစ်ပါတယ်။ အဲဒီမူသုံးခုက ဘာလဲဆိုရင် ပထမတခုက ဥပဒေစိုးမိုးရေးပဲ၊ ဥပဒေစိုးမိုးရေး ကိုလိုလားရခြင်းက ပြည်သူတွေရဲ့ လုံခြုံရေးပဲ၊ ကျွန်မတို့ပြည်သူတွေ စိတ်ချလက်ချ အေးအေးချမ်းချမ်းနေနိုင်ဖို့ပါ၊ ဥပဒေစိုးမိုးရေးဆိုတာ လူတိုင်းလူတိုင်း ဘ၀နဲ့ ဆိုင်ပါတယ်။ တောင်သူလယ်သမားတွေနဲ့လည်း ဆိုင်တယ်။ ကိုယ့်ကိုယ်ပိုင်လုပ်ငန်းကို လုပ်နေတဲ့ လုပ်ငန်းရှင်လေးတွေနဲ့လည်း ဆိုင်တယ်၊ လုပ်ငန်းရှင်ကြီးတွေနဲ့လည်း ဆိုင်ပါတယ်။ ဥပဒေစိုးမိုးရေး ရှိရင် ကိုယ့်ကို ဘယ်သူက မှ ကိုယ့်ကိုလာပြီးတော့ မတရားသဖြင့် လာအနိုင်ကျင့်လို့မရပါဘူး။ ဥပဒေစိုးမိုးရေးဆိုတာ ပြည်သူတွေကို အကာအကွယ်ပေးထားဖို့ အဓိကဖြစ်ပါတယ်။ ဒါကြောင့်ပြည်သူတွေကို အကာအကွယ်ပေးထားမယ့် ဥပဒေခိုင်ခိုင်မာမာဖြစ်ဖို့ ကျွန်မတို့ အဖွဲ့ချုပ်ကနေပြီးတော့ တောင်းဆိုနေတာဖြစ်ပါတယ်။
(လက်ခုပ်သံများ )
နောက် တခုကတော့ ကျွန်မတို့ဟာ ပြည်တွင်းငြိမ်းချမ်းရေးကို တောင်းဆိုနေပါတယ်။ ဒါကတော့ ထူးထူးထွေထွေ ရှင်းပြနေဖို့ မလိုပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးရမှ ကျွန်မတို့ဟာ စစ်မှန်တဲ့ ပြည်ထောင်စုအဖြစ် ရပ်တည်နိုင်မှာပါ။ ဧရာဝတီတိုင်းဆိုလို့ရှိရင် တနည်းအားဖြင့် စံနမူနာထားရမယ့်တိုင်း လို့ပြောလို့ရပါတယ်။ ဗမာအများစုရှိပေမယ့် ကရင်တိုင်းရင်းသားတွေလည်းအများကြီး ရှိပါတယ်။ မွန်တိုင်းရင်းသားတွေလည်း အများကြီး ရှိပါတယ်။ အားလုံးဟာ အေးအေးချမ်းချမ်းနဲ့ ညီရင်းအစ်ကိုမောင်ရင်းနှမလို့ အေးအေးချမ်းချမ်းနဲ့ နေနိုင်တယ်ဆိုတာဟာ ဧရာဝတီတိုင်းက ရှေ့ကနေပြီးစံပြအဖြစ်ရပ်တည်ပေးစေချင်ပါတယ်။ (ဟေး )

ဒီတနိုင်ငံလုံးဟာ ဧရာဝတီမြစ်ကြီးကို အဓိကထားပါတယ်။ ဒါကြောင့်မို့လို့ ဒီတိုင်းဟာ ဧရာဝတီတိုင်း နာမည်ရထားတာ အင်မတန်မှ ထူးခြားတယ် မင်္ဂလာရှိပါတယ်လို့ ယူဆပါတယ်။ ကိုယ်ရဲ့ အမည်နဲ့လိုက်အောင် တန်ဖိုးရှိရှိ မင်္ဂလာရှိရှိ ကျက်သရေရှိရှိ ဒီတိုင်းကို ထူထောင်ပေးစေချင်ပါတယ်။ ကျွန်မတို့ ပြည်သူတွေဟာ စိတ်တက်ကြွတာလောက် စည်းကမ်းရှိတဲ့နေရာမှာတော့ နည်းနည်းလေး အင်အားနည်းတယ်လို့ ပြောရပါမယ်။ စိတ်တက်ကြွတာမှာ အင်အားများတယ်။ စည်းကမ်းရှိတဲ့နေရာမှာ အင်အားနည်းပါတယ်။ အင်အားများတဲ့နေရာမှ ဒီအင်အားတွေကို မှန်မှန်ကန်ကန် သုံးရမယ်၊ များတဲ့နေရာက နည်းတဲ့နေရာကို ဖြည့်ပေးစေချင်ပါတယ်။ အင်အားကို မှန်မှန်ကန်ကန်သုံးမှ အများကို အကျိုးပြုပါမယ်။ အင်အားကို အလွဲသုံးစားလုပ်ပြီဆိုရင် အများအတွက် အန္တရာယ်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူတွေဟာ ကိုယ့်ရဲ့ အင်အားတွေကို မှန်မှန်ကန်ကန်နဲ့ အများအကျိုးအတွက် နိုင်ငံအကျိုးအတွက် သုံးစေချင်ပါတယ်။ နောက်ပြီးတော့ ရှိနေတဲ့ အားနည်းမှုတွေကိုလည်း ပြုပြင်စေချင်ပါတယ်။ နိုင်ငံတနိုင်ငံဟာ ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်ပြီဆိုပြီး ရပ်သွားလို့မရပါဘူး။ အမြဲပဲရှေ့ကို ဆက်ပြီးသွားနေရမှာပါ။ ဒါကြောင့် ကျွန်မတို့ ဟာ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုရုံနဲ့ မပြီးပါဘူး၊ အဲဒီအဆင့်ကနေ ဖူလုံတဲ့အဆင့် ချမ်းသာတဲ့အဆင့်ရောက်ဖို့ ကျွန်မတို့ကြိုးစားရပါမယ်၊  အဖက်ဖက်က ကျွန်မတို့ ကြိုးစားရပါလိမ့်မယ်။ အလုပ်ဖန်တီးရေးဆိုတာလည်း အရေးကြီးတယ်။ ပညာရေးမှာ ကျွန်မတို့ လူငယ်တွေ ကိုယ်တတ်ထားတဲ့ပညာတွေ သင့်သင့်တော်တော် သုံးနိုင်ဖို့ အရေးကြီးပါတယ်။ ပညာတွေတတ်ထားပြီး အလုပ်မရှိဘူးဆိုရင် ဒီပညာတွေဟာ အဟောသိကံဖြစ်သွားနိုင်ပါတယ်။ (ဟေး )
 ဒါကြောင့် ကျွန်မတို့လူငယ်တွေကို အထူးသဖြင့် အနာဂတ်တွက်အားကိုးရတာကြောင့်မို့လို့ ပညာရေးကို မြှင့်တင်စေချင်ပါတယ်။ ပညာတတ်ပြီး မကျန်းမာလို့ရှိရင်လည်း လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို လုပ်နိုင်ဖို့အားနည်းသွားမှာပါ၊ ဒါကြောင့် ကျန်းမာရေးအလေးထားပြီး တော့၊ ပြည်သူပြည်သားတွေဟာ ပိုက်ဆံမရှိလို့ ကျန်းမာရေး ဂရုမစိုက်နိုင်ဘူးဆိုတဲ့အနေအထားမှာ မရှိအောင်လို့ ကြိုးစားပြီး လုပ်ချင်ပါတယ်။ ပြည်သူတွေအားလုံး ကျန်းမာမယ် ပညာနဲ့ပြည့်စုံမယ်ဆိုလို့ရှိရင် ဒီနိုင်ငံဟာ ချမ်းသာတဲ့နိုင်ငံတခုဖြစ်လာဖို့ အခွင့်အရေးတွေ အများကြီးရှိပါတယ်။
 (ပရိသတ် အမေး ဒေါ်စု ပျော်ရွင်ပါသလား )
ပျော်ရွင်ပါတယ်။ ဒီနေ့ပဲ ပျော်ရွင်လို့မရဘူး တသက်လုံးပျှော်ရွှင်မှကောင်းမှာပါ၊ (ဟေး )
 ရေရှည်ပျော်ရွှင်ဖို့ ကျွန်မတို့အားလုံး လက်တွဲလုပ်သွားရမှပါ။ အတူလုပ်တဲ့အခါမှာဆိုလို့ရှိရင် အထူလက်တွဲလုပ်နိုင်လို့ရှိရင် အလုပ်က ဘယ်လောက်ပဲ အခက်အခဲရှိပါစေ ပင်ပန်းတဲ့စိတ်ထက် တက်ကြွတဲ့စိတ်က ပိုပါလိမ့်မယ်၊ ဒါက အခုဒီမှာရောက်နေတဲ့ ပရိသတ်က သက်သေပါပဲ၊ နေပူအောက်မှ ပင်ပန်းတဲ့စိတ်မရှိပဲ တက်တက်ကြွကြွကျွန်မတို့ကို အားပေးတာဟာ ဒါဟာ ပြည်သူတွေရဲ့ မေတ္တာနဲ့ စေတနာသာမက ပြည်သူတွေရဲ့ စွမ်းအားကို ဖေါ်ပြနေတယ်လို့ ကျွန်မကဒီလိုပဲမြင်ပါတယ်။
အခုနောက် ၂ လမပြည့်ခင်၊ ၂ လတောင် မကျန်တော့ဘူးပေါ့နော်၊ ၂လနီးပါးကာလမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ လုပ်တော့မယ်။
 အဲဒီရွေးကောက်ပွဲတွေက တဆင့်ကျွန်မတို့ ကိုယ်စားလှယ်တွေဟာ လွှတ်တော် ထဲရောက်သွားပြီဆိုလို့ရှိရင် တတ်နိုင်သမျှ ပြည်သူတွေရဲ့ အကျိုးကို ထမ်းဆောင်ပါမယ်။ ဒီထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ အခြားဥပဒေတွေနဲ့ ပတ်သက်လို့ ပြင်သင့်တာတွေ ပြင်ဖို့ကျွန်မတို့ ကြိုးစားပါမယ်။ အဲဒီလိုကြိုးစားတဲ့အခါကျရင် ပြည်သူရဲ့ ထောက်ခံမှုကို လိုအပ်တယ်ဆိုတာ အခုကတည်းက ပြောထားပါရစေ။
 ကျွန်မတို့ ပြည်သူရဲ့ ထောက်ခံမှုမရှိရင်တော့ ဘယ်တော့မှ ရေရှည်မှာ အောင်မြင်မှုမရနိုင်ပါဘူး၊ ဒီတော့ပြည်သူတွေအနေနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ၊ ကိုယ်တဦးတယောက်ရဲ့ စွမ်းအားဟာ မနည်းဘူးဆိုတာနားလည်ပါ။ နောက်ပြီးတော့ ကိုယ့်ရဲ့ မဲတပြားရဲ့ စွမ်းအားဟာ မနည်းဘူးဆိုတာလည်း သဘောပေါက်စေချင်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ရွေးကောက်ပွဲဆိုတာ ခဏခဏဖြစ်တာ မဟုတ်ပါဘူး၊ တခါတလေမှ ဖြစ်တာပါ၊ (ဟေး )
 ဒီလို တခါတလေမှ ဆိုတဲ့အဆင့်ကနေပြီး ပုံမှန်ဖြစ်တဲ့အဆင့်သာမက ပုံမှန်လွတ်လွတ်လပ်လပ် မျှမျှတတနဲ့ ဖြစ်နိုင်ဖို့ကျွန်မတိုအားလုံး ၀ိုင်းပြီး ကြိုးစားရပါလိမ့်မယ်။ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ် မျှမျှတတရှိနိုင်ဖို့ဟာပြည်သူအားလုံးဝိုင်းကူညီပါလို့ ကျွန်မမေတ္တာရပ်ခံချင်ပါတယ်။ (ဟေး)  
 ရွေးကောက်ပွဲစည်းကမ်း စည်းမျဉ်း ဥပဒေဘယ်လိုရှိသလဲ ဆိုတာကို ကျွန်မတို့အဖွဲ့ချုပ်က ကြိုးစားပြီးဆောင်ရွက်ပေးပါမယ်။ ပြည်သူတွေကလည်း ဒီစည်းမျဉ်းစည်းကမ်း တွေအတိုင်းဖြစ်ရဲ့လားဆိုတာ ၀ိုင်းဝန်းကြည့်ရှုပြီးတော့ ရွေးကောက်ပွဲကို ကာကွယ်စောင့်ရှောက်ပေးစေချင်ပါတယ်။
 ရွေးကောက်ပွဲကို ကာကွယ်စောင့်ရှောက်ပေးပြီးတော့ ကျွန်မစောစောက ပြောတာကို ထပ်ပြီးပြောပါရစေ ရွေးကောက်ပွဲမှာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲထည့်ဖို့ မမေ့ပါနဲ့လို့ပြောပါရစေ၊ အဲဒီတနေ့မှာ အပင်ပန်းခံပြီး မဲရုံကိုသွားပြီး ကျွန်မတို့အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းကို မဲထည့်ပေးပါ၊ မဲထည့်တဲ့နေရာမှာလည်း မမှားနဲ့နော်  ပယ်မဲဖြစ်အောင်လည်း မလုပ်ပါနဲ့၊ ကျွန်မတို့မဲတွေက ပယ်မဲဖြစ်ဖို့ လွယ်ပါတယ်။ သေသေချာချာသတိထားပြီးတော၊ လက်ကမ်းစာစောင်တွေလည်း ကျွန်မတို့ဝေပါမယ်။ ဘယ်လိုမဲထည့်ရမယ်ဆိုတာ မဲထည့်တဲ့နေရာမှာ ပယ်မဲမဖြစ်အောင် ဘယ်လိုသတိထားရမယ်ဆိုတာကို ကိုယ်တိုင်တင်မက ကိုယ့်ရဲ့ အသိမိတ်ဆွေတွေကိုပါ ပညာပေးပြီးတော့ နှိုးဆော်ပေးကြပါလို့ ကျွန်မမေတ္တာရပ်ခံချင်ပါတယ်။
 ကျေးဇူးတင်ပါတယ်။ အခုဆိုရင် နေကလည်းအင်မတန်ပူပါပြီ ပြည်သူတွေက တကယ်တော့ ကျွန်မကိုလာပြီးတော့ နားထောင်ဖို့အတွက် ကျွန်မကိုလာပြီတော့အားတွေနဲ့ ဖြည့်ဆည်းပေးတာဆိုတာကို ကျွန်မနားလည်ပါတယ်။ အဲဒီအတွက်လည်း အင်မတန်ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ကို အနှစ်နှစ်ဆယ် ကျော်ထောက်ခံခဲ့တဲ့ ပြည်သူလူထု ကျွန်မတို့ကို အနှစ်နှစ်ဆယ်ကျော်  ရှင်သန်နိုင်အောင်လို့ ကာကွယ်ပေးခဲ့တဲ့ ပြည်သူလူထုကို ကျွန်မတို့များမကြာခင် ဆပ်နိုင်မယ့် အခွင့်အရေးရနိုင်မယ်လို့ မျှော်လင့်ပါတယ်လို့ ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်။    

Eleven Media Group

ဒေါ်အောင်ဆန်းစုကြည်၏ မြောင်းမြမြို့ ဟောပြောမှု အစီအစဉ် ပြီးဆုံး။ ၁၆ မိနစ်ကြာမြင့်ခဲ့သော ဟောပြောမှု၌ " အားလုံးက တက်ညီလက်ညီ ကြိုးစားမယ် ဆိုရင် မဖြစ်နိုင်တာ မရှိပါဘူး။ ပြည်သူတွေကို အကျိုးပြုဖို့အတွက် ၀ိုင်းဝန်း အားပေးကြပါလို့ မေတ္တာ ရပ်ခံပါတယ်။ ချစ်နေရုံနဲ့ မပြီးသေးဘူး။ မဲပေးဖို့လည်း လိုပါတယ်။ လူငယ်တွေကို အများစုတွေ့ရတယ်။ ဒီခရီးစဉ်မှာ။ လူငယ်တွေက ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ပဲ။

ပြည်တွင်းငြိမ်းချမ်းရေးချမ်းရေး မဖြစ်ဘဲနဲ့ တကယ် မတိုးတက်နိုင်ဘူး။ နိုင်ငံတိုးတက်ဖို့ လုပ်တဲ့အခါမှာ မြောင်းမြက ရှေ့တန်းကနေ ပါဝင်စေချင်တယ်။ အားတွေ ထုတ်ထား
စေချင်တယ်။ ဒီမိုကရေစီစနစ်မှာ တကယ်အာဏာရှိတာ ပြည်သူ့ဆီမှာပါ။ ပြည်သူရဲ့ အာဏာ သြဇာ လွှမ်းမိုးတဲ့ စနစ်ဟာ ဒီမိုကရေစီ စနစ်ပါ။ ရှေ့ခရီးသွားတဲ့အခါမှာ တစ်ဦးကို တစ်ဦး ခွင့်လွှတ်ရင်းနဲ့ သွားမယ်ဆိုရင် ဒီနိုင်ငံရဲ့ အနာဂတ်ကို မျှော်လင့်လိုရပါတယ်။ ပြည်သူတွေက ကျွန်မတို့ကို ထောက်ခံကြပါ။ အတူလျှောက်ကြပါလို့ မေတ္တာရပ်ခံပါတယ်" စသော ပြောကြားချက်များကို ထည့်သွင်း ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြောင်းမြမြို့မှ ရန်ကုန်သို့ ထွက်ခွာမည်ဖြစ်ပါသည်။

နှစ် ၅၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျောင်းသားခေါင်းဆောင်မျိုးဆက်များ မိတ်ဆက်လက်ဖက်ရည်ပွဲပြုလုပ်

 နှစ်ပေါင်း၅၀အတွင်းမှာ ဖြတ်သန်းခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်မျိုးဆက်တွေ တွေ့ဆုံပြီးတော့ မြန်မာ့သမိုင်းနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေအတွင်းကျောင်းသားတွေ ပါဝင်လှုပ်ရှားခဲ့မှုတွေကို ပြန်ပြီးတော့ ပြောဆိုခဲ့ကြတဲ့ မိတ်ဆက် လက်ဖက်ရည်ပွဲကို ဒီကနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။
 တောင်ဥက္ကလာပမြို့နယ်မှာ ရှိတဲ့ စိတ်တိုင်းကျ စားရိပ်မြုံ၏ အပေါ်ထပ်မှာ နေ့လည် ၁၂း၀၀ နာရီမှ ၂း၀၀ နာရီအချိန်အထိ ကျင်းပခဲ့ပြီး အဆိုပါပွဲကို ၆၂ မျိုးဆက်မှ စ၍ ၂၀၀၇ မျိုးဆက် အထိ အယောက် ၁၅၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
 "၆၂ မျိုးဆက် ဖြစ်တဲ့ အန်ကယ် ဦးလှရွှေတို့ မျိုးဆက်က စလို့ ၂၀၀၇ မျိုးဆက်က ဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ၈၈ မျိုးဆက်က ဆိုရင် ကိုမြအေး၊ ကိုပြုံးချို၊ ၉၆ ကဆို မနှင်းမေအောင်(ခ)နိုဘယ်အေး၊ မဇင်မာအောင်၊ ကိုမျိုးမင်းထိုက်တို့ မျိုးဆက်အစုံ လာကြပါတယ်" လို့  မိတ်ဆက်လက်ဖက်ရည်ပွဲကို တက်ရောက်ခဲ့သူ ၉၆ မျိုးဆက် ကျောင်းသားခေါင်းဆောင် မဇင်မာအောင်က ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
 "ကျမတို့ လူငယ်မျိုးဆက်တွေနဲ့ ဥပမာ ၆၂ က မျိုးဆက်တွေနဲ့ ဆိုရင် တော်တော်အဆက်ပြတ်တယ်လေ။ ၂၀၀၇ မျိုးဆက်တွေဆိုရင် မကြာသေးမှီက ကျောင်းသားသမဂ္ဂကို ပြန်လည်ဖွဲ့စည်းတယ်၊ အသက်သွင်းတယ်။ ဒီမျိုးဆက်တွေဆိုရင် အလတ်ဆတ်ဆုံး မျိုးဆက်လို့ကျမက ပြောချင်တယ်။ အဲတော့ ဒီမျိုးဆက်တွေနဲ့ ဟိုးအရင့်အရင်က လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ ပြန်လည်တွေ့ဆုံရတာက ဒါဟာ သမိုင်းမှာ တော်တော် အရေးကြီးတဲ့ လက္ခဏာလေးပါ။”
 “ဒီပွဲလေးက ပထမဦးဆုံးအကြိမ်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ပိုပြီးတော့ ထိစပ်မှု ဆက်စပ်မှု ရှိသွားတယ်လို့ ခံစားရပါတယ်" လို့ မဇင်မာအောင်ကပဲ ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
 မိတ်ဆက်ပွဲအစမှာ ခေတ်အဆက်ဆက် ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ကျောင်းသားတွေကို ငြိမ်သက် အလေးပြုခဲ့ကြပါတယ်။ အဖွင့်အမှာစကားကိုတော့ ၁၉၆၂ ခုနှစ် ဗကသ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးလှရွှေက ပြောကြားခဲ့ပြီး မျိုးဆက်တွေအလိုက် ကျောင်းသားခေါင်းဆောင်တွေက နှုတ်ခွန်းဆက်စကားတွေ ပြောခဲ့ပါတယ်။ အဲဒီနောက်မှာ လက်ဖက်ရည်ဝိုင်းနဲ့ ဧည့်ခံပြီး ရှေးဟောင်းနှောင်းဖြစ်အကြောင်းတွေကို ရင်းနှီးစွာ ပြောဆိုခဲ့ကြပါတယ်။ နေ့လယ် ၂ နာရီမှာတော့ အခမ်းအနား ပြီးဆုံးခဲ့ပြီး နှုတ်ဆက် အပိတ်စကားကိုတော့ ၆၂ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးလှရွှေက ပြောကြားခဲ့ပါတယ်။
 ၉၆ မျိုးဆက် ကျောင်းသားခေါင်းဆောင် မဇင်မာအောင်က “ခေတ်အဆက်ဆက် ကျောင်းသားခေါင်းဆောင်တွေဟာ သူ့ခေတ်သူ့အခါမှာ နိုင်ငံရေးသမိုင်းအစဉ်အလာတွေကို တာဝန်သိသိ သယ်ဆောင်ခဲ့ကြတဲ့လူတွေဖြစ်တဲ့အတွက် အခုလို တွေ့ဆုံမှုတွေဟာ နိုင်ငံရေးအရရော သမိုင်းကြောင်းအရပါ အင်မတန်  အနှစ်သာရရှိတဲ့ ပွဲလေး တပွဲဖြစ်ပါတယ်”လို့ မိတ်ဆက် လက်ဖက်ရည်ပွဲအပေါ် သူ့ရဲ့အမြင်ကို ဘားမားဗီဂျေ မီဒီယာကို ပြောကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့သို့ နံနက် ကိုးနာရီခန့်တွင် ရောက်ရှိမည်ဟုခန့်မှန်း ထားသော မြို့ခံလူထုမှာ နံနက် ငါးနာရီခွဲကတည်းကပင် ကိုးသိန်းဘောလုံးကွင်း အတွင်း စောင့်ဆိုင်းနေကြသည်။ ယမန်နေ့ညကလည်း သာပေါင်း၊ ငပုတော၊ အိမ်မဲမြို့ များ မှ ရောက်ရှိနေကြသည့် လူထုများမှာလည်း ဘောလုံးကွင်းအတွင်းမှာပင် ညအိပ်စောင့်ဆိုင်းမှု များရှိကြောင်း မြို့ခံများကဆိုသည်။
ပုသိမ်တက္ကသိုလ်ကျောင်းသား ၂၀၀ ခန့်သည် ယနေ့ပြုလုပ်သော စာမေးပွဲ ကို ဖြေဆိုခြင်း မပြုဘဲ ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုခဲ့ကြသည်။ ပန်းတနော်မှ ပုသိမ်မြို့အထိ လမ်း တစ်လျှောက်ရှိ မြို့ရွာများ၊ လမ်းဆုံလမ်းခွ များတွင် ဒေါ်အောင်ဆန်းစုကြည် အား စောင့်ဆိုင်း ကြိုဆိုခဲ့ကြသည်။
နံနက် ကိုးနာရီတွင် လာရောက်မည်ဟု ခန့်မှန်းထားသော ဒေါ်အောင်ဆန်းစုကြည်မှာ ၁၁ နာရီမှ ကိုးသိန်းဘောလုံးကွင်းအတွင်း ရောက်ရှိခဲ့ပြီး သောင်းနှင့်ချီသော လူထုကြီးအား မိန့်ခွန်းပြော ကြားခဲ့သည်။
(7Day News Journal)


BENS အဖွဲ့ မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံဖို့ လာရောက်လေ့လာ by-သစ်ထူးလွင်

General Montgomery Meigs ဦးဆောင်တဲ့ အမေရိကန်စီးပွားရေး လုပ်ငန်းရှင်(၇)ဦးလာတယ်..မြန်မာပြည်ကို လာရောက်တဲ့ ရက်အတိအကျမသိပေမဲ့ ပြန်တဲ့ရက်က (၃.၂.၂၀၁၂)ဖြစ်တယ်။UMFCCI အပါအ
ဝင် မြန်မာစီးပွားရေးသမား တော်တော်များများနဲ့ တွေ့သွားတယ်။အစိုးရတာဝန်ရှိသူများနဲ့လည်း အလွတ်သဘောတွေ့သွားတယ်လို့ သိရတယ်။
BENSမှာ နံမည်ကြီး အမေရိကန်ကုမ္မဏီတော်တော်များများက CEO တွေပါဝင်ပါတယ်..
HIV/AIDS ကိစ္စတွေမှာ အကူညီပေးနိုင်ရေး အတတ်နိုင်ဆုံးကြိုးစားသွာမယ်..ချင်းပြည်နယ်ဖက်မှာ
ဒေသဖွံ့ဖြိုးရေးတွေအတွက်အကူအညီပေးနိုင်ဖို့ကွင်းဆင်းလေ့လာမည့်အဖွဲ့စေလွှတ်သွားမယ်လို့သိရတယ်။မြန်မာပြည်ကိုလာလေ့လာရင်းကလူမှုရေးလုပ်ငန်းတွေစလုပ်ပြီးအခြေအနေကောင်းရင်စီပွား
ရေးလုပ်ငန်းများပါရင်းနှီးမြုပ်နှံသွားမည့် သဘောရှိပါတယ်။
MNN

သို့ Hot news ဂျာနယ် အယ်ဒီတာချုပ် ဒေါ်မမခင်ဗျား
 
ထောက်ကြန့် ၊ မြောက်ပိုင်းရပ်ကွက် ၊ တောရကျောင်းလမ်း - ( ၁ ) လမ်း မှ ( ၈ ) လမ်းအထိ ၊ အိမ်ထောင်စု ပေါင်း - (၂၇၀) ၊ တွင် - မထည့်မနေရ - တစ်အိမ် ( ၁၀၀၀ ) ကျပ် ကောက်ခံသွားပါတယ် ။ ကောက်ခံသူ တွေကတော့ ရာအိမ်မှူး ဦးဝင်းခင် နဲ့ ဦးသောင်းစိန် တို့ဖြစ်ပါတယ် ။ ဦးဝင်းခင် က - ( ၄ ) လမ်း မှ ( ၈ ) လမ်းအထိ ကောက်ခံပြီး ( ၁ ) လမ်းမှ ( ၃ ) လမ်းအထိ ရာအိမ်မှူး ဦးသောင်းစိန် မှ ကောက်ခံပါတယ် ။
ကောက်ခံရသည့်အကြောင်းရင်းကတော့ - တောရကျောင်းလမ်းမကြီး မှာ စိုက်ထူဖို့ ကမ္ဗည်းကျောက်စာတိုင်အတွက် ဖြစ်တယ် လို့ သိရပါတယ် ။
အိမ်ထောင်စုပေါင်း ( ၂၇၀ ) ရှိရာ တစ်အိမ်ထောင် လျှင် ( ၁၀၀၀ ) ကျပ်နှင့် မြှောက်ရင် စုစုပေါင်း ၂၇၀၀၀၀ ကျပ် ရမှာဖြစ်ပါတယ် -
ကမ္ဗည်းကျောက်စာတိုင် အတွက် တန်ဖိုးငွေ အများဆုံးကုန်ကျငွေ - မှာ ( ၅၀၀၀၀ ) ကျပ် ထက်မပို နိုင်ပါ ။ ရပ်ကွက်နေမိသားစုများရဲ့ ချွေးနဲစာကို အလွဲသုံးစားလုပ်တဲ့ ရာအိမ်မှူးတွေကို သက်ဆိုင်ရာက အရေးယူနိုင်အောင် ဖော်ထုတ်တင်ပြလိုက်ပါတယ် ။ နည်းရင်နည်းသလို များရင်များသလို လုပ်နေတာတွေရပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ် ။
သို့ဖြစ်ပါ၍ ရပ်ကွက်တွင်းနေ မိသားစုများမှ စုပေါင်းလက်မှတ်ရေးထိုးပြီး ဟော့တ်နယူးဂျာတိုက်ကို ပေးပို့လိုက်ပါတယ် ။
ထောက်ကြန့် ၊ မြောက်ပိုင်းရပ်ကွက် ၊ တောရကျောင်းလမ်း မှ
ရာအိမ်မှူးများငွေကောက်ခံမှုကို လက်မှတ်ရေးထိုး ပေးပို့ ဖော်ထုတ်သူများ
စဉ် အမည် မှတ်ပုံတင်အမှတ် လက်မှတ်
၁ ဦးရဲထွန်းနိုင် ၁၂/မဂဒ(နိုင်) ၁၀၁၉၄၇
၂ ဦးမြတ်ညိုဦး TZT 079525
၃ ဒေါ်ခင်ဌေးနွဲ့ ၁၂/ပခက (နိုင်) ၁၅၇၃၆၈
၎ ဒေါ်ခင်မာ MGDN 045483
၅ ဦးသန်းထွန်း ၁၂/မဂဒ(နိုင်) ၀၂၇၉၂၃
၆ ဒေါ်ဥမ္မာထွန်း ၁၂/ဥကမ (နိုင်) ၁၅၄၀၄၅
၇ ဦးစိုးသိန်း ၁၀/ ခစန(နိုင်) ၀၃၉၅၇၈
၈ ဒေါ်ထား ၇/ပတန(နိုင် ၀၆၈၉၇၁
၉ ဒေါ်နုနုကြည် ၁၂/မဂဒ(နိုင်) ၁၁၁ ၄၅၉
၁၀ ဒေါ်နုနုရီ ၁၂/မရက(နိုင်) ၀၁၁၁၂၆
၁၁ ဦးပန်းအေး ၁၂/မဂဒ(နိုင်) ၀၂၈၈၃၈
၁၂ ဒေါ်ခင်စီ WKA 001766
၁၃ ဦးဇော်မင်း FZA 027062

ဂလိုဘယ် ကျေးလက် နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး

မောင်ချိုဝေတို့နိုင်ငံတွင်ဆင်းရဲနွမ်း ပါးမှုလျှော့ချရေးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရကအလေးအနက်ပြု ဆောင်ရွက်လျှင်ရှိပါသည်။ အဓိကပစ် မှတ်မှာ ကျေးလက်လူထုဖြစ်ပါသည်။ တစ်နိုင်ငံလုံး၏ ခုနှစ်ဆယ်ရာခိုင်နှုန်းမှာ ကျေးလက်လူထုပင်ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရ၏အမြော်အမြင်ကို မောင်ချိုဝေတို့ ကျေးလက်နေပြည်သူများ လွန်စွာ ကျေးဇူးတင်နေရပါသည်။ကျေး လက်လူထုသည် ခေတ်အဆက်ဆက် ဆင်းရဲနွမ်းပါးခြင်းကို ခါးစည်းခံကာခေတ် ကခိုင်းစေရွေးချယ်ပေးသည့် သီးနှံအမျိုး အစားကို စိုက်ခဲ့၏။ ရောင်းဆိုသည့်နေရာ ကိုရောင်းခဲ့၏။ အထောက်အပံ့ပေးလျှင် ယူ၏။ မပေးလျှင်မိရိုးဖလာအစဉ်အလာ အတိုင်းဆက်စိုက်၏။ သည်သို့သောအ ခြေအနေမျိုးဖြင့် လုံးချာလိုက်နေခဲ့ပါ သည်။ သို့သော်မောင်ချိုဝေတို့တောသူ တောင်သားများထမင်းငတ်အောင်ဆင်းရဲ နွမ်းပါးမှုမရှိခြင်းကိုဝမ်းသာရပါလိမ့်မည်။
ကမ်္ဘာတွင် ဆင်းရဲနွမ်းပါးမှုကိုဒေါ် လာဖြင့်တိုင်းတာပါသည်။ လူတစ်ဦးလျှင် တစ်နေ့ဒေါ်လာမရရှိသောမိသားစုများ စိုးရိမ်စရာဆင်းရဲနွမ်းပါးသူများဟုသတ်မှတ် သည်။ ထိုသူတို့သည် အာဟာရမလုံ လောက်မှု၊ ရောဂါဘယအကာအကွယ် ကင်းမဲ့မှု၊ ရေစနစ်၊ မိလ္လာစနစ်နိမ့်ကျမှု၊ ရာသီဥတုဒဏ်ခံနိုင်သော အိမ်ယာကင်း မဲ့မှု၊ ခြင်ထောင်ပင်ပြည့်စုံအောင်မရှိမှုများ ဖြင့်ရင်ဆိုင်နေရသည်။ ရိက္ခာပြတ်လပ် လျှင် အသက်သေဆုံးသည်အထိပြတ် လပ်ကြသည်။ ကမ္ဘာ့လူဦးရေ၏ထက် ၀က်ကျော်မှာ တစ်နေ့နှစ်ဒေါ်လာရရန် ကျားကုတ်ကျားခဲ လုံးပမ်းနေကြရသည် ဟုဆိုသည်။
မောင်ချိုဝေတို့နိုင်ငံမှကျေးလက်လူ ထုများမှာ တစ်နေ့တစ်ဒေါ်လာမ၀င်လျှင် လည်းမတက်နိုင်ပါ။ အလွန်ကံခေသော ရေမြေသဘာဝသယံဇာတများကိုရရှိထား ပါသည်။ မငတ်ကြရန်ဖြစ်သော ဓလေ့ ထုံးစံများကိုလည်းဘိုး၊ ဘွားများကတည် ဆောက်ထားခဲ့ပါသည်။
အဆိုပါဘိုး၊ ဘွားများလက်ထက် တွင် မောင်ချိုဝေတို့ တောသူတောင်သား များရွာပြင်ထွက်၍ငါးရှာလျှင်တစ်နပ်စာကို တစ်မနက်မျှနှင့်ရနိုင်သည်။ နွေတွင်မည် မျှခြောက်ခြောက် မိုးကျသည်နှင့်ငါးများ ရောက်လာသည်။ ၀ီရိယထားလျှင် ဆောင်းစာ၊ နွေစာ ငါးပိသိပ်ထားနိုင် သည်။ စိုက်ရိုးစိုက်စဉ် စိုက်ထားသည့် ကစွန်း၊ ချဉ်ပေါင်၊ ဗူး၊ ဖရုံ၊ သခွားဝေမျှ စားကြသည်။ တွန့်တိုခြင်းမရှိ၊ သူစိုက် ကိုယ်စား၊ ကိုယ်စိုက်သူစား၊ ဆန်မရှိလျှင် အမေ့အိမ်၊ ဘကြီးအိမ်၊ မောင်၊ညီမများ အိမ် မည်သည့်အိမ်သွားခပ်ခပ်ရသည်။ ဤသို့သောအခြေအနေပေးမှုကြောင့် မောင်ချိုဝေတို့ကျေးလက်တောသူတောင်  သားများ၏ ဆင်းရဲခြင်းကိုဒေါ်လာဖြင့် တိုင်း၍မရခြင်းဖြစ်၏။ ဒေါ်လာသဘော ကိုလည်းမသိ။ သိရန်လည်းမလိုခဲ့ပါ။
ယခုတော့ ဂလိုဘယ်ကျေးလက်အ ဖြစ်ပြောင်းသွားခဲ့ပြီ။ ရွာတွင်လယ်မြေ မရှိသောလယ်သမားများ များလာသည်။ ငါးလည်းရှားပါးသွားပြီ၊ တစ်နေကုန်ခရီး ဆန့်မှ တစ်နပ်စာအနိုင်နိုင်။ ဓာတ်မြေ သြဇာတွေ၊ ပိုးသတ်ဆေးတွေကြောင့် လယ်ကွင်းထဲက ငါးတွေမျိုးပြုတ်ကုန် သည်။ ရွာဘေးချောင်းတွင်၊ အင်းတွေက ပိုင်သူတွေရှိလာသည်။ လိုင်စင်ရသူတွေ ရှိလာသည်။ ငါးသွားဖမ်းလျှင်အချုပ်ထဲ ရောက်သွားမည်။ ကြပ်တည်းလာသည် နှင့်အမျှတွန့်တိုမှုတွေရှိလာသည်။ ဗူး၊ဗရုံ၊ သခွား ဝေမျှစားသည့်အလေ့လည်း ပျောက်လုလုဖြစ်ပြီး။ ခြံစည်းရိုးတွင်သီး နေသည့် သခွားသီးသွားခူးလျှင်အဆဲခံရ မည်။ ““လက်စားလိုက်””သည့်ဓလေ့လည်း ပျက်ပြီ။ လူတစ်ဦး တစ်နေ့တွင်လုပ်အား ခ ထောင်ငါးရာ၊ နှစ်ထောင်မပေးလျှင် အလုပ်ကြမ်းသမားခေါ်မရ။ သူတို့လည်း အရာအားလုံးကိုဝယ်ခြမ်းစားရမည်။ကြီး တော်မအိမ်၊ ဘကြီးအိမ်က ဆန်အိုးသွား နှိုတ်ဖို့မစဉ်းစားနှင့်။တောင်မင်းကိုမြောက် မင်းမကယ်နိုင်။
ကမ္ဘာကြီးဆင်းရဲလာမှုနှင့်ထပ်တူထပ်မျှသောဆင်းရဲမှု မောင်ချိုဝေတို့ တောသူတောင်သားများထံရောက်လာ သည်မှာ ဆယ်စုနှစ်တစ်ခုမပြည့်တက် သေး။
ခုတော့ဆင်းရဲ နွမ်းပါးမှုလျှော့ချရန်  နိုင်ငံတော်မစိုးရသစ်က ဆောင်ရွက်နေ သည်။ လယ်ယာပိုင်ဆိုင်မှုဥပဒေကိုပြင် ဆင်ကာ တော်သူလယ်သမားများအား အကာအကွယ်ပေးခြင်းကို မောင်ချိုဝေ တို့ကြိုဆိုသည်။ လယ်မြေပိုင်သည့်လယ် သမားတွေ မောင်ချိုဝေတို့ရွာများ၌ပြန် လည်များပြားလာမည်။ မောင်ချိုဝေတို့ ရွာတွေဘေးက အင်းတွေ၊ ချောင်းတွေမှ အချို့ကို ကျေးလက်ပြည်သူများရှာဖွေ စားသောက်ခွင့်ပြုနိုင်ရေး မောင်ချိုဝေတို့ တောင်းဆိုသည်။ စပါး၊ ပဲ၊ ကြံ စိုက်နည်း စနစ်များဖြန့်ဝေခြင်းကို မောင်ချိုဝေတို့ ကျေးဇူးတင်သည်။ စိုက်ပျိုးရန်အတွက် စိုက်စရိတ်၊ မျိုး၊ လောင်စာဆီ ထောက်ပံ့ ခြင်းကို စာနာမှုဟုမှတ်ယူသည်။ ထိုစာ နာမှုများသည်လည်း အမှန်တကယ်စိုက် ပျိုးသူများလက်ဝယ်သို့ အမှန်တကယ် နှုန်းထားများအတိုင်း ရောက်ရှိစေချင် သည်။ ပုဂ္ဂလိကများထံမှ သီးနှံပေါ်ပေး ချေးငှားနေရသည့် ဘ၀များမှလွတ်ချင်  သည်။ တစ်ရွာလျှင်ထုတ်ကုန်တစ်မျိုး အစီအစဉ်ကား မောင်ချိုဝေတို့ကျေးရွာ မျုားအတွက်အတိုင်းထက်အလွန်ကောင်း မွန်ပါသည်။ မောင်ချိုဝေတို့တွင်လုပ်အား တွေအများကြီးရှိသည်။
မောင်ချိုဝေတို့ တောသူတောင် သားများတစ်မိသားစုချင်းချောင်လည်လာ လျှင်တွန့်တိုမှုများကင်းသည့်၊ တစ်ဦးကို တစ်ဦး ဖေးမစာနာနိုင်သည့်ဓလေ့ထုံးစံ များပြန်လည်ထွန်းကားလာမည်။ ရိုးသား အေးချမ်းသော လူ့အဖွဲ့အစည်းပြန်ဖြစ် လာမည်။ သည်ရေမြေသဘာဝ သယံဇာ တတို့နှင့် လူလတ်တန်းစားဖွံ့ဖြိုးရေးကို အကြာကြီးလုပ်ရမည်မဟုတ်ဟုမောင်ချို ဝေယုံသည်။
 မောင်ချိုဝေ

တရားစီရင်ရေးကဏ္ဍလာဘ်ပေးလာဘ်ယူမှုများတိုင်ကြားနိုင်ရန် တရားရုံးများတွင်ဖုန်းနံပါတ်များကဒ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တရားရုံးများတွင် လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်၍ တိုင်းကြား နိုင်ရန် ကြေညာစာများကပ်ထားသည်ကို တွေ့ရှိရသည်။
ဇန်န၀ါရီ ဒုတိယပတ်မှစ၍ ကြေညာခဲ့သော အဆိုပါကြေညာစာတွင် လာဘ်ငွေတောင်းခံလာပါက ရန်ကုန်တိုင်းဒေသကြိး တရားလွှတ်တော်၏ တရားသူကြီးချုပ် ဖုန်းနံပါတ် ၀၁-၃၇၅၆၆၅ နှင့် ဖက်စ် ၀၁-၃၇၉၆၂၅ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။
အဆိုပါကြေညာချက်တွင် အမှုများကို ဥပဒေနှင့်အညီဆုံးဖြတ်ပေးမည်ဖြစ်ပြီး တရားရုံးလုပ်ငန်းများကို လည်းလုပ်ထုံးနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်သဖြင့် လာဘ်ငွေပေးရန် မလိုကြောင်းထည့်သွင်းကြေညာထား သည်။
ယင်းကဲ့သို့ကြေညာစာများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တရားရုံးများသာမက အခြားတိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ တရားရုံးများတွင်ပါ ကြေညာသည်ဟု ယူဆကြောင်းရန်ကုန်တိုင်းဒေသကြီး တရား သူကြီးချုပ်က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေဒေါ်မိမြင့်မြင့်ဝေက “လာဘ်ပေးလာဘ်ယူမှုကို အဟန့်အတားဖြစ်စေမှာပါ။ ဥပဒေမှာ လာဘ်ပေးတဲ့သူကိုပါ တရားစွဲဆိုလို့ရတော့ သူတို့ကို သတိပေးပြီးသား ဖြစ်တာပေါ့”ဟု ဆိုသည်။
တိုင်ကြားမှုများကို တိကျမှန်ကန်စွာ အရေးယူပါက ပိုမိုထိရောက်နိုင်သည်ဟု ဒေါ်မိမြင့်မြင့်ဝေက သုံးသပ်သည်။
ယင်းကြေညာစာထုတ်ပြန်လိုက်ခြင်းကြောင့် ရန်ကုန်တိုင်း တရားလွှတ်တော်တရားသူကြီးချုပ်ထံသို့ တိုင်ကြားမှုများရှိ၊ မရှိနှင့် ရှိခဲ့ပါက အမှုပေါင်း မည်မျှရှိကြောင်း ၎င်းထံဆက်သွယ်မေးမြန်းရာ ဖြေဆိုရန် ငြင်းဆန် ခဲ့သည်။
ရှမ်းပြည်နယ်မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မို့မို့က ယင်းကဲ့သို့ ကြေညာခြင်းသည် “တရားစီရင်ရေး မဏ္ဍိုင် မှန်မှန်ကန်ကန် ဖြစ်လာအောင် ဆောင်ရွက်တာမို့ ကောင်းပါတယ်”ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ကို ဘာလို့ ထောက်ခံကြတာလဲ....

ကြက်ပျံမကျ. . .ကြိုကြသည်. . ။
တချို့တွေက အာဏာရှင်စနစ် ပြန် အသက်မွေးနေတာ၊ လူတယောက်ထဲကိုပဲ မျက်စိ
မှိတ်ထောက်ခံနေတာ စသဖြင့် ပြောဆိုကြနေလို့ပါ။
ဒီပုံကို မြင်ရင် သိစေချင်တယ်။ ပြည်သူလူထု ဘာကို ထောက်ခံတာလည်း ဆိုတာ။
ခု ဒေါ်အောင်ဆန်းစုကြည်နေရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သား ဦးအောင်ဆန်းဦးလာရင်
ခု လိုပဲ ကြိုဆိုကြမလားလို့။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို အစောပိုင်းကာလ
တွေမှာ လူထုက ကြည်ညိုတယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းသမီးမို့လို့၊ ဗိုလ်ချုပ်ကို ကြည်ညိုတဲ့အရှိန်အ၀ါနဲ့ ကြည်ညိုကြတာ ဖြစ်ကောင်းဖြစ်မယ်။ ခုချိန်မှာတော့ နှစ်၂၀ လုံးလုံး လင်သေသားဆုံး ဒုက္ခဆင်းရဲခံ၊ စည်းစိမ်ဥစ္စာတွေကော ဘ၀ကိုပါ တိုင်းပြည်အ
တွက် ပေးဆပ်ခဲ့တဲ့ ပေးဆပ်မှုကို ကြည်ညိုလို့၊ အဘက်ဘက်က ချွတ်ချုံကျနေတဲ့ တိုင်း
ပြည် ကို ပြန်ဆည်နိုင်ဖို့ရာ အပ်နှံဖို့အတွက် ယုံကြည်ကြလို့ ဆိုတာ သိစေချင်တယ်။
သိပ်ဝေးဝေးမကြည့်ပဲ ဒီနှစ် ၂၀မှာ ဘယ်သူတွေ ဘယ်လိုပေးဆပ်ခဲ့ကြသလဲ ဆိုတာ
ဖုံးမရ၊ ဖိမရ အထုတ်အထည်တွေနဲ့ မြင်နေရတယ်။ သဘောထားတင်းမာလှပါချည်ရဲ့ ဆို
တဲ့ ကြံ့ဖွံ့ဝန်ကြီးတွေ၊ အမတ်တွေ ဘယ်လိုအိမ်တွေနဲ့နေ၊ ဘယ်လိုကားတွေကို စီး၊ ဘယ်
လို စီးပွားရေးတွေ မြှုပ်နှံလုပ်ကိုင်နေကြသလဲ ဆိုတာ တတိုင်းပြည်လုံးသိတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မျိုးစုံ ကော ဆဲ နေတဲ့သူတွေဟာ လက်ရှိ ဒီနှစ် ၂၀ အတွင်း
မှာ သူ့လောက်ပေးဆပ်ထားတဲ့ ကြံ့ဖွံ့ခေါင်းဆောင်တယောက်ယောက်များတွေ့ရင် ပြ
ကြစေချင်တယ်။
သူရတဲ့ ဆုကြေးဒေါ်လာသိန်းချီကို သားအရင်းတွေတောင်ပေးမစားဘဲ၊ ဒီတိုင်းသူပြည်သားလူငယ်တွေကို ပညာသင်ထောက်ပံ့ကြေး တပြားမကျန်ပေးခဲ့တယ်။
အကျယ်ချုပ်ကလွတ်တဲ့အချိန်မှာ အဲဒီ ခင်ဗျားတို့ကြည်ညိုပါတယ်ဆိုတဲ့ ခေါင်းဆောင်မှာ
ပိုက်ဆံတပြားမှ မရှိဘူး၊ NLD ပါတီရုံးခန်းမှာ. အသံချဲ့စက်ငှားဖို့ ပိုက်ဆံငါးသောင်းတောင်
မပြည့်ဘူး၊ အန်တီစု အိမ်မှာ ရေခဲသေတ္တာပျက်နေတာတောင် မပြင်နိုင်ဘူးတဲ့။
ဒါတွေကို အန်တီစုက ဘယ်သူ့ကိုမှ မပြောစေချင်ပေမယ့် အတွင်းသိ သိရတာကို ကျနော်
ဖွင့်ချပါတယ်။ ပြည်သူ သိစေချင်လို့။ အထူးသဖြင့် ကြံ့ဖွံ့ပါတီဝင်တွေ မျက်စိမှိတ်ကုန်း
မုန်းနေ၊ ကုန်းအော် ကုန်းကန့်ကွက်နေတာ အဓိပ္ပါယ်ကော ရှိရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ်
ပြန်သုံးသပ်ကြစေချင်တယ်။ အခွင့်အရေးရလို့ နီးရာဓါးကြောက်ရလို့အကြောင်းကြောင်းငဲ့ လို့ ကြံဖွံ့ထဲဝင်ရတာပါ ဆိုလည်း မြန်မာပြည် ရာဇ၀င်ရှိပြီးသားပါ။
“ လူတည်မြဲ မဲ သန့်ရှင်း” တဲ့ဗျ။
ဒေါ်အောင်ဆန်းစုကြည် ကို ဘာ“မ”၊ ညာ“မ” ခင်ဗျားတို့ကို ရန်လာတိုက်ပေးသွားတဲ့
ပုဂ္ဂိုလ်ကြီးတွေ ဘယ်လိုနေတယ် ဆိုတာနဲ့ ပဲ နှိုင်းယှဉ်ပြီး ဆင်ခြင်ကြပါ။
တပ်မတော်သားတွေကိုလည်း မျက်စိပိတ်၊ နားပိတ်မနေပါနဲ့၊ မျက်မှန်စိမ်းအတပ်မခံကြ
ပါနဲ့ လို့သာ ပြောချင်ပါရဲ့ဗျာ။
တကယ်တော့ ပြည်သူလူထု က ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံတယ် ဆိုတာ
တိုင်းပြည်ရဲ့ အနာဂါတ်ရေး ငြိမ်းချမ်းစွာ ပြောင်းဖို့ကောင်းဖို့ကို ထောက်ခံတာ၊
မတရားဖိနှိပ်မှုကို ဆန့်ကျင်ပြီး ဒီမိုကရေစီ ကို ထောက်ခံတာ၊
အာဃာတကင်းတဲ့ မေတ္တာဓါတ် ကို ထောက်ခံတာ၊
ကိုယ်ကျိုးစွန့်အနစ်အနာခံမှုကို ထောက်ခံတာ ဆိုတာ. .
နားလည်ဖို့ကောင်းပြီ။

ချိုတူးဇော်

အမေစု အနားက လူတွေ ဘာလဲ? ဘယ်လဲ?.........

 NLD တရားဝင် ဖြစ်သွားပြီ ဆိုကတည်းက အမေစု အနားမှာ ရှိတဲ့ လူတွေ  အချိုးပြောင်းသွား တယ်လို့ စတုတ္ထမဏ္ဍိုင် အသိုင်းအ၀ိုင်းက ပြောကြပါတယ်။ ကျွန်တော်က အဲဒီ အချိန်တုန်းက အဲဒီ စကားတွေကို လက်မခံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ သည်ကြားထဲ NLD နဲ့အမေစုကို ပါတီ မှတ်ပုံတင်လို့ မကောင်းကြောင်းပြောတဲ့ ပြည်ပက မီဒီယာတွေကိုလည်း မေတ္တာတွေ နည်းမျိုးစုံ ပို့ပြီးတော့ ကိုယ့်ထမင်းကိုယ်စားပြီး ဒေါသများ သောကပွားခဲ့ရပါတယ်။ ပြည်တွင်း/ပြည်ပ မီဒီယာတွေ ဘာတွေပဲ ပြောနေ ပြောနေ NLD နဲ့ အမေစု ကို လုံးဝ (လုံးဝ) နားလည်ပေးခဲ့ပါတယ်။
 ဒါကြောင့်လည်း ပါတီမှတ်ပုံတင်ဖို့ မဲခွဲတဲ့နေ့၊ ဈေးရောင်းပွဲတော်၊ နေ့ထူး နေ့မြတ် အထိမ်းအမှတ်ပွဲ တွေသာမက တော်ဝင်နှင်းဆီမှာ ပြုလုပ်တဲ့ ကန်တော့ပွဲကိုလည်း ဘယ်သူမှ မဖိတ်ပဲ ကိုယ့်စိတ်ကိုယ်ဆောင်ပြီး တက်ရောက် အားပေး ခဲ့ပါတယ်။ အဲသည်လို ပွဲတွေ ပွဲတွေ သွားရင်းနဲ့ သတိထားမိလာတာတွေက ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင် တို့လို လူကြီးတွေကို NLD လူငယ်တွေ ဂရုစိုက်မှု အတော်လေး လျော့တီးလျော့ရဲ နိုင်လှတာကို မကြာခဏ ဆိုသလို ကိုယ်တိုင် မြင်တွေ့ သတိထားမိခဲ့ပါတယ်။
 အဲသည်လို စိတ်ထဲမှာ မချင့်မရဲ ဖြစ်နေချိန်မှာပဲ မင်္ဂလာတောင်ညွှန့် မြို့နယ် NLD ရုံးဖွင့်ပွဲကို ကိုယ်တိုင် သွားရောက်အားပေးစဉ် တုန်းက ကျွန်တော့်စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ စိုးရိမ်စိတ်ကြီးက မမှားဘူး ဆိုတာကို ကိုယ်တိုင် မျက်စိနဲ့ ကွက်ကွက် ကွင်းကွင်း မြင်တွေ့ သိရှိလိုက်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ၀င်ရောက်ကူညီခဲ့ပါတယ်။ အဲဒါကတော့ ဖွင့်ပွဲပြီးလို့ အမေစု ပြန်သွားတဲ့အခါ ဘဘဦးတင်ဦးနဲ့ ဘဘဦးဝင်းတင်တို့ကို တွဲခေါ်ပြီးတော့ ကားပေါ်တင်ပေးမယ့်လူ လုံးဝ မရှိတော့ပါ …အထူးသဖြင့် ဘဘဦးဝင်းတင်ကို ကျွန်တော်ကိုယ်တိုင် လူအုပ်ကြားထဲမှာ တွဲပြီးတော့ ကားရှိတဲ့ နေရာကို ခေါ်သွားပေးဖို့ ကြိုးစားပေးသော်ငြား မည်သူမျှ ဘဘဦးဝင်းတင် စီးနင်းရန်မော်တော်ယဉ် မည်သည့် နေရာတွင် ရပ်ထားကြောင်း လုံးဝ (လုံးဝ) မသိခဲ့ကြပါ။
 လမ်းလည်ကောင် လူအုပ်ကြီးထဲမှာ ဘဘဦးဝင်းတင် စီးမယ့်ကား ဘယ်မှာလဲလို့ အော်ဟစ်ပြီးတော့ ခေါ်ယူခဲ့ရပါတယ်။ အချိန်တော်တော်ကြာနေပူကြီးထဲမှာ မတ်တပ်ရပ်ခဲ့ရပါတယ်။ အဲဒါတွေကို ဘယ်သူတွေ စီစဉ်တာလဲ၊ အဖွဲ့ချုပ်က တိုက်ရိုက် စီစဉ်ခဲ့တာလား၊ မြို့နယ်က စီစဉ်ခဲ့တာလား ဆိုတာကို ကျွန်တော် မသိခဲ့ပါဘူး။ အဖွဲ့ချုပ်က စီစဉ်သည် ဖြစ်စေ၊ မြို့နယ်က စီစဉ်သည် ဖြစ်စေ ဒါမျိုး ဖြစ်ရပ်ဟာ လုံးဝမဖြစ်သင့်ဘူးလို့ ကျွန်တော် ယူဆမိပါတယ်။
စတုတ္ထမဏ္ဍိုင် တွေကလည်း အဲသည်နေ့က အင်တာနက်မှာ အမေစု ပြောတဲ့ မိန့်ခွန်းတွေ၊ ဓာတ်ပုံတွေကိုသာ အလုအယက် ရေးသား ဖော်ပြကြပါတယ်။ ဘဘဦးတင်ဦး ပြောသွားတဲ့ မိန့်ခွန်း၊ ဓာတ်ပုံ စတာတွေကို ဖော်ပြတာ မတွေ့ရပါဘူး။ နောက်ရက်များတွင်လည်း ဂျာနယ် တစ်ခုမှသာ ဘဘဦးတင်ဦး မိန့်ခွန်းကို ပြန်လည်ဖော်ပြသည်ကို တွေ့ရှိရပါတယ်။ ဒါတွေကလည်း စတုတ္ထမဏ္ဍိုင်တွေ အနေနဲ့ ပေါ်ပင် ဖြစ်တဲ့ နောက်ကို လိုက်နေသလားလို့ ထင်မြင်ယူဆမိပါတယ်။
 ကျွန်တော့်မှာ စစ်ဘက်ကနေ အရပ်ဘက်ကို ကူးပြောင်းတာဝန်ထမ်းဆောင်နေတဲ့ မိတ်ဆွေ တစ်ဦးရှိပါတယ်။ တစ်နေ့တော့ သူက “ငါတို့ ဒေါ်စုကို လက်ခံတယ် အားပေးတယ်၊ ပြောင်းလဲမှာကိုလည်း ကြိုဆိုတယ်၊ ပြောင်းကိုလည်း ပြောင်းရမယ်၊ ဒါမှလည်း ကောင်းမယ်” “ဒါပေမယ့် ဒေါ်စု အနားမှာ သာကူးတွေ ရှိတယ်၊ အဲသည် လူတွေကြောင့် ဒေါ်စု ဂုဏ်သိက္ခာထိခိုက်မှာ အရမ်းစိုးရိမ်မိတယ်” လို့ သူက ဆိုပါတယ၊ သူတို့ ကိုယ်တိုင် သိထားတဲ့ လူတွေလည်း ရှိပါတယ်၊် (လုပ်ကြံဖန်တီး ရေးသားခြင်း မဟုတ်ရပါ)။
 ဒါကြောင့် ကျွန်တော် စိုးရိမ်မိတယ် အမေစုနဲ့ NLD ကို လက်ညိုးထိုးပြီး အခွင့်အရေးရချင်သူ၊ အခွင့်အရေး ဖန်တီးလိုသူ၊ နိုင်ငံရေး အကြောင်းပြချက်နဲ့ အမြတ်ထုတ်လိုသူ၊ ရိုင်းရိုင်းပြောရရင် အမေစုနဲ့ NLD မျက်နှာကို အိုးမဲတင်မက ကတ္တရာစေးပါ သုတ်သွားမယ့်သူ၊ ဘယ်လို အခြေအနေမျိုးပဲ ရောက်ရောက် အမြတ်ထုတ်လိုက်ရဖို့က အဓိကပဲ လို့ ခံယူထားတဲ့လူ၊ နာမည်ကြီးချင်သူ၊ ခံယူချက် ပြင်းပြင်းထန်ထန်မရှိပဲ နာမည်ကြီးဖို့ အရိပ်အောက် တစ်ထောက် ၀င်ရောက် ခိုနားသူ အစရှိတဲ့ နိုင်ငံရေး လောကရဲ့ အမှိုက်ထုပ် အရှုပ်ထုပ် တွေရဲ့ ဘေးကနေ လွတ်မြောက်စေချင်မိပါတယ်။  ရန်သူ ကလည်း အမြဲတမ်း အခွင့် အရေးကောင်း တစ်ခုကို စက္ကန့်မလပ် စောင့်ကြည့်နေပြီး အဲသည် အမှိုက်တွေနဲ့တင် အဖွဲ့ချုပ် ကို မီးတင်ရှို့သွားနိုင်ပါတယ် ဆိုတာကို လုံးဝ (လုံးဝ) မမေ့သင့်ပါ။
 ဒါကြောင့် NLD ဗဟိုမှာ တာဝန်ယူနေတဲ့ လူတွေ အနေနဲ့ အသေးအဖွဲ့ ဆိုပေမယ့် လုံးဝ ပစ်ထားလို့ မရပါဘူး၊ တစ်ကယ့်ကို စီမံခန့်ခွဲမှု စနစ်တကျဖြစ်မှု၊ အားကောင်းသော ဖွဲ့စည်းမှု၊ စနစ်ကျသော လှုပ်ရှားမှုများ ဖြင့် အောက်ခြေကနေ အပေါ်၊ အပေါ်ကနေ အောက်ခြေ စ၊ လယ်၊ ဆုံး သုံးပါးမကျန် ထောင့်စေ့ နေအောင် အမြင်ရှိရှိ နဲ့ ခု အခြေအနေတစ်ရပ်သာမက နောင်လာမည့် အခြေအနေပေါင်း မြောက်မြားစွာ အတွက်ကိုပါ ကြိုတင် ဝေဖန် သုံးသပ် နိုင်ပြီး အဲသည်လို နောင်လာမယ့် အနေအထားတွေအတွက် ကြိုတင် ပြင်ဆင် အသင့်ပြင် ထားနိုင်ဖို့ကိုပါ ယနေ့ကစပြီး အားနဲ့ အင်နဲ့ လုပ်သင့်နေပါပြီ၊ လိုအပ်နေပါပြီလို့ ကျွန်တော် ပြောချင်ပါတော့တယ်။
 လေးစားစွာဖြင့် စိုင်းဇော် (B.B)

ဆီးရီးယား ကို အမေရိကန် နဲ့  မဟာမိတ် တွေ အရေးယူဖို့ ပြင်
by FNG


သမ္မတ ဘာရှား အယ်(လ) အာဆဒ် ဦးဆောင် တဲ့ ဆီးရီးယား အစိုးရ က အပြစ်မဲ့ တဲ့ ဆန္ဒပြ ပြည်
သူ တွေ ကို ရက် စက် စွာ သတ်ဖြတ် နေမှုကို အမေရိကန် က သည်း မခံ နိုင်တော့ ကြောင်း ဒီနေ့ 
မှာ အမေရိကန် အစိုးရ က တရား ၀င် ပြောကြား ခဲ့ ပါတယ်။
အမေရိကန် အစိုးရ ရဲ့  ကုလ သမဂ္ဂ ကိုယ်စားလှယ် Susan Rice က ဒီနေ့  သမ္မတ အာဆဒ် ကို
ရည်ညွှန်း ပြီး “သူ့ ရဲ့  နေ့ တွေ ဟာ လက် ချိုးရေ လို့ ရ နေပြီ ” လို့  ပြော ခဲ့ ပါတယ်။
အမေရိကန် အထက် လွှတ်တော် အမတ် နဲ့  လွှတ်တော် လက်နက် ရေးရာ ကော်မတီ ဥက္ကဌ
ဂျွန်မက်ကိန်း က ဆီးရီးယား အတိုက်အခံ တွေ ကို လက်နက် ထောက်ပံ့ ဖို့  ထောက်ခံ ပြောကြား
ခဲ့ ပါတယ်။
အမေရိကန် အစိုးရ အနေနဲ့  ရုရှား နဲ့  တရုတ် တို့  ကို ကျော်ပြီး သူ့ ရဲ့ မဟာမိတ် နိုင်ငံ တွေ ၊ အာရပ်
နဲ့  ပင်လယ် ကွေ့  နိုင်ငံ တွေ ရဲ့  ပူးပေါင်း ဆောင် ရွက် မှု နဲ့  စစ်ရေး ၊ သံတမန်ရေး နည်းလမ်း ကို
သုံး နိုင် ဖွယ် ရှိ ကြောင်း PBS သတင်း ရဲ့  အစီအစဉ် တစ်ခု မှာ ဖော်ပြ ထား ပါတယ်။

ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက် ရေး ကောင်စီ နဲ့  အာရပ် နိုင်ငံ တွေ က အာဆဒ် ရဲ့ လူသတ်
လိုင် စင် ရထား သလို ရာဇ၀တ်မှု တွေ ကျူး လွန် နေတဲ့ ကိစ္စ ကို ရှုံ့ ချထား ပြီး ၊ ပြီး ခဲ့တဲ့ လက
အီဂျစ် အောက်လွှတ်တော် ရွေးကောက် ပွဲ မှာအနိုင် ရရှိ ခဲ့ တဲ့ မွတ်ဆလင် ညီ အကို တော် များ
အဖွဲ့  ကလည်း ရုရှား နဲ့  တရုတ် တို့  ရဲ့  ဗီတို အာဏာ သုံး တဲ့ လုပ် ရပ် ကို လည်း ကန့် ကွက်ထား
ပါတယ်။ဆီးရီးယား အစိုးရ လုံခြုံရေး တပ် တွေ က ဆန္ဒ ပြ ပြည်သူ တွေ ကို ဆက်လက် သတ်ဖြတ် ဆဲ့ဖြစ်ပြီး တပ်ထဲ က နေ ဘက်ပြောင်း လာတဲ့ Free Syrian Army က တော့ တူရကီ နယ်စပ် နဲ့  နီးတဲ့ဆီးရီးယား မြို့ တွေ နဲ့  ဒမ္မစကတ် ဆင်ခြေဖုံး နေရာ အချို့  ကို သိမ်းပိုက် ထား ပါတယ်။


*****အိုးဝေသံကျူး၊ ခွပ်ဒေါင်းမြူးစေ*****
ရေးသူ-လူထုစိန်ဝင်း by-သစ်ထူးလွင်


ယခုအပတ် True News Journal အတွက်ရေးခဲ့သော ဆောင်းပါးဖြစ်ပါတယ်။ ဆင်ဆာထိလို့ အဖြုတ်ခံရတာကြောင့် FB မှာတင်လိုက်တာပါ။
၂၅.၁.၂၀၁၂ နေ့ခင်းက မင်းကိုနိုင်ရောက်လာပြီး နှုတ်ဆက်ပါတယ်။ သူနဲ့အတူ သူ့ရဲဘော်နှစ်ယောက် ပါလာတယ်။ ဂျာနယ်တွေ မပြတ်ဖတ်နေရလို့ ပြင်ပအခြေအနေတွေ သိသင့်တာ မှန်သမျှသိထားတာ တွေ့ရလို့ ၀မ်းသာရတယ်။ အထူးသဖြင့် ကျန်းကျန်းမာမာနဲ့ လူလုံးမပျက် ပြန်ရောက်လာတာ တွေ့ရလို့ ပိုပြီးဝမ်းသာရတယ်။
တစ်လေသံတည်းထွက်အတော်ကြာကြာ စကားစမြည်ပြောပြီးတဲ့အခါက ဆုံးမစကားတွေ ကြားပါရစေဦးလို့ ပြောလာတယ်။ ပြောစရာမလိုပါဘူး။ ထောင်ထဲမှာ အကြာကြီးနေပြီး ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ကြမှာ ဖြစ်ပေမယ့် ပြည်သူတွေကြားမှာနေပြီး၊ ပြည်သူတွေအတွက် နိုင်ငံရေး ဆက်လုပ်မယ် ဆိုတဲ့ ရပ်တည်ချက်ကတော့ တစ်ဆံချည်လောက်တောင် ရွေ့လျားမသွားခဲ့ဘူး။ သရက်ထောင်က လွတ်တဲ့သူရော၊ တောင်ကြီးထောင်က လွတ်တဲ့သူရော၊ ကလေး၊ခနီး္တ စတဲ့ ထောင်တွေကလွတ်တဲ့သူရော၊ တိုင်ပင်မနေရဘဲနဲ့ တစ်ခွန်းတည်းသော စကားကို တညီတညွတ်တည်း ပြောကြတယ်။ ပါတီမထောင်ဘူး၊ ရွေးကောက်ပွဲ မ၀င်ဘူး၊ ဒီမိုကရေစီ အရေးဆောင်ရွက်သူ အားလုံးနဲ့ လက်တွဲ လုပ်ကိုင်သွားမယ်တဲ့။

အမြော်အမြင်ရှိတဲ့စကားလိမ္မာလိုက်ကြတာ။ လူငယ်တွေ ဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေး ခံစားချက်တွေနဲ့ အာလဘတတွေ ရှေ့တန်းမတင်ဘူး။ ပြည်သူတွေ စိတ်ချမ်းသာ၊ကိုယ်ချမ်းသာနဲ့ အကြောက်တရားအားလုံးက ကင်းဝေးတဲ့ဘ၀မျိုးနေနိုင်ဖို့အတွက် လုပ်ဆောင်နေသူမှန်သမျှနဲ့ ပူးပေါင်းဆောင်ရွက်မယ်တဲ့။ ပြည်သူအားလုံးချစ်ကြတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အရင်ကအတိုင်း ဆက်လက်ထောက်ခံပြီး ဘေးက၀န်းရံသွားမယ်တဲ့။ ဘယ်လောက်အမြော်အမြင်ရှိတဲ့ စကားလဲ။ ၀န်းရံတယ်ဆိုတဲ့ စကားကို တမင်ရွေးပြီး ပြောလိုက်တာကိုက သူတို့ရဲ့ ကိုယ်ပိုင်အရည်အသွေးကို ဖော်ပြနေတာဖြစ်တယ်။
မငြိုငြင်နဲ့ မစော်ကားနဲ့
လိမ္မာပြီးသားတွေမို့ အထွေအထူး ဆုံးမစကားပြောစရာမရှိပါဘူး ပြောပေမယ့် သူတို့က သိပ်ပြောစေချင်နေတာကြောင့် စကားနှစ်ခွန်း ပြောလိုက်တယ်။ ပထမ တစ်ခွန်းက ပြည်သူကို အမြဲဦးထိပ်ထားပါ။ ဘယ်တော့မှ မငြိုငြင်နဲ့ ဘယ်တော့မှ ကိုယ်နှုတ်၊နှလုံးနဲ့ စော်ကားသလို မပြုမိစေနဲ့ ဆိုတဲ့ စကားဖြစ်တယ်။ ဘာကြောင့်ဒီ စကားပြောရသလဲဆိုတော့ ပြည်သူလူထုက သူတို့ချစ်တဲ့ သူတွေဆိုရင် သိပ်ကို မြင်ချင်တွေ့ချင်ကြတာ။ အပြင်ထွက်လာတာကိုတွေ့ရင် ပြေးပြီး နှုတ်ဆက်ချင်တယ်။ လက်ကလေးကိုထိရထိရ ထိချင်တယ်။ စကားပြောသံလေးတစ်ခွန်းဖြစ်ဖြစ် ကြားချင်တယ်။ လူတွေသိပ်များပြီး လမ်းပိတ်နေရင် စိတ်ထဲမှာငြိုငြင်လာတတ်တယ်။ ငြိုငြင်တော့ ကိုယ်၊နှုတ်၊ အမူအရာပြောင်းသွားတယ်။ ဒီအချိန်မှာ ကိုယ့်ဘေးကလိုက်ပါလာတဲ့ “အနားပြာ” တွေကလူတွေကို တွန်းထုတ်ဖယ်ရှားပြီး မာမာကျောကျောနဲ့ မောင်းမဲတာမျိုးလုပ်လေ့ရှိတယ်။

အိုးဝေသံကျူးပါစေ
လူတွေဝိုင်းအုံလာတာကချစ်လို့ပါ။ မုန်းတဲ့သူဆို မျက်စောင်းတောင်ထိုး မကြည့်ဘူး။ ဒါကိုမောက်မောက်မာမာနဲ့ တွန်းထုတ်ဖယ်ရှားလုပ်တာက ပြည်သူကို စော်ကားတဲ့ သဘောသက်ရောက်တယ်။ အဲဒီလို “စွမ်းအားရှင်” မျိုးတွေကို ဘယ်သွားသွားခေါ်မသွားပါနဲ့လို့ ပြောလိုက်တယ်။ ဒုတိယစကားကတော့ မင်းကိုနိုင် သရက်ထောင်က လွတ်လာတော့ မြို့လူထုက ခွပ်ဒေါင်းအလံတလူလူလွှင့်ပြီး ကြိုဆိုကြတယ်။ အဓိပ္ပါယ် အများကြီးရှိတယ်။ ခွပ်ဒေါင်းအလံ မိုးယံမှာလွင့်ပျံနေပါစေ။ မြေမှာချပြီး နင်းချေမပစ်ပါနဲ့။ သူများနောက်ကနောက်မြီးဆွဲလုပ်ပြီး မလိုက်ပါနဲ့ဆိုတဲ့ ရည်ရွယ်ချက်တွေပါလိမ့်မယ်လို့ ယူဆတယ်။ ဒါကြောင့် ခွပ်ဒေါင်းကို သူ့နေရာမှန်မှာပဲ လွင့်ပျံပြီးအိုးဝေသံကျူးရင့်ပါစေဆိုတဲ့ စကားပြောလိုက်ပါတယ်။
ရှေ့တန်းကဦးဆောင်
ခွပ်ဒေါင်းဆိုတာ မြန်မာ့သမိုင်းမှာ ရှေ့တန်းကဦးဆောင်ပါဝင်ခဲ့တာဖြစ်တယ်။တို့ဗမာအစည်းအရုံး ခေတ်မှာလည်း ခွပ်ဒေါင်းကိုယ်စားပြုတဲ့ သခင်အောင်ဆန်းတို့ သခင်ဗဟိန်းတို့ ဦးဆောင်ကဏ္ဍက ပါဝင်ခဲ့တယ်။ ဖဆပလခေတ်မှာလည်း ခွပ်ဒေါင်းကိုယ်စားပြု ခေါင်းဆောင်တွေ ရှေ့တန်းက ပါခဲ့တယ်။ ဂျပန်တော်လှန်ရေးမှာလည်း ရှေ့တန်းကပဲ။ လွတ်လပ်ရေးတိုက်ပွဲ အဆင့်ဆင့်မှာ ခွပ်ဒေါင်းအလံဟာ ရှေ့တန်းကငွါးငွါးစွင့်စွင့် ပါဝင်ခဲ့တာချည်းဖြစ်တယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီးကို စတင်ခဲ့တာလည်း ခွပ်ဒေါင်းကိုယ်စားပြု လူငယ်တွေပဲ ဖြစ်ကြတယ်။
နားခွက်ကမီးတောက်ပြီးသား
ဒီအစဉ်အလာကို ဆက်လက်ထိန်းသိမ်းဖို့က ၈၈မျိုးဆက်တွေမှာ တာဝန်ရှိတယ်။ ဒါကြောင့် ဒုတိယစကားကို ပြောလိုက်တာဖြစ်တယ်။ တစ်ဦးတစ်ယောက်၊ ဒါမှမဟုတ် တစ်သင်းတစ်ဖွဲ့ရဲ့ နောက်ကလိုက်ပါပြီိး နောက်မြီးဆွဲ လုပ်ရင်ခွပ်ဒေါင်းရဲ့ သမိုင်းကို ရိုက်ချိုးပစ်လိုက်သလိုဖြစ်သွားလိမ့်မယ်။ “တို့ခေတ်ကျမှညံ့ကြတော့မှာလား” လို့ အပြစ်တင်စရာဖြစ်သွားလိမ်မယ်။ ပြောမယ့်သာပြောတာပါ သူတို့ လူငယ်တွေက ချက်ဆိုနားခွက်ကမီးတောက်ပြီးသားတွေပါ။ နှစ်ဆယ့်တစ်ရာစု လူငယ်တွေမဟုတ်လား။
မေးခွန်းမမေးရဲဘူး
အခုအချိန်မှာ ပြည်သူလူထုအတွက် အဓိက လိုအပ်နေတာက သူတို့အရေးကိစ္စမှန်သမျှကို ရှေ့ကမားမားမတ်မတ်ရပ်ပြီး ပြောဆိုလုပ်ကိုင်ပေးမယ့်သူဖြစ်တယ်။ နှစ်ပေါင်းငါးဆယ်လုံးလုံး တစ်သွေးတစ်သံ တစ်မိန့် အာဏာရှင်စနစ် အုပ်ချုပ်ရေးအောက်မှာ နေခဲ့ကြရလေတော့ ပြည်သူတွေဟာ အရပ်ထဲက ဆယ်အိမ်ခေါင်းမင်း ပြောသမျှ နာခံကြရတယ်။ ထည့်ဆိုသမျှ ထည့်ကြရတယ်။ လုပ်ဆိုသမျှ လုပ်ကြရတယ်။ ဘာကြောင့်လဲ ဘာဖြစ်လို့လဲဆိုတဲ့ မေးခွန်းမျိုးပြန်မမေးရဲကြဘူး။ ဒါကြောင့် သူတို့ရှေ့ကရပ်ပြီး သူတို့ကိုယ်စား ပြောပေး လုပ်ပေးမယ့်သူကို လိုချင်ကြတယ်။

မြစ်ဆုံရေကာတာ သာဓက
နိုင်ငံရေးပါတီတွေ ရှိနေပြီးသား မဟုတ်လားလို့ မေးစရာရှိတယ်။ နိုင်ငံရေးပါတီဆိုတာက အခါခပ်သိမ်းအားကိုးလို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ပါတီတွေအတွက် လုပ်ဆောင်ရတဲ့ တာဝန်တွေက တစ်ဖက်ရှိသေးတယ်။ ပြီးတော့ နိုင်ငံရေး ကစားရတာတွေလည်းရှိတယ်။ မှန်တိုင်း မပြောနိုင်ဘဲ ဒစ်ပလိုမေစီ ကျင့်သုံးရတာတွေရှိတယ်။ မချစ်ပေမယ့် အောင့်ကာနမ်းရတာတွေရှိတယ်။ မနမ်းပေမယ့် ပင့်သက်ရှူပြရတာတွေရှိတယ်။ ထင်ရှားတဲ့သာဓကပြရရင် မြစ်ဆုံရေကာတာကိစ္စကိုကြည့်။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကမှ စမပြောကြဘူး။ သူတို့နဲ့မဆိုင်သလိုဘဲ နေကြတယ်။ မနေနိုင်တဲ့ စာနယ်ဇင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသမားတွေက ၀င်ပြီးပြောကြ၊ ဆိုကြ၊ ရေးသားကြတွေ လုပ်တော့မှ အစိုးရက အရေးယူ ဆောင်ရွက်ခဲ့တာဖြစ်တယ်။
တိုင်တွန်းစကား
အဲဒီနောက် မီးရထားခတွေ ဆယ်ဆတက်၊ မီတာခတွေတက်၊ ရေခွန်မီးခွန်တွေတက်ဆိုတဲ့ ကိစ္စတွေရှိလာတာကိုလည်း ဘယ်ပါတီ အဖွဲ့အစည်းကမှ ၀င်မပြောကြဘူး။ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ်လာတဲ့အတွက် အရပ်သူအရပ်သားတွေ မြေဇာပင်ဖြစ်နေကြရတာတွေကိုလည်း မသိသလိုဘဲ နေကြတယ်။ အဲဒါတွေကို ပြည်သူလူထုက အားမလို အားမရဖြစ်ကြတယ်။ ဒီလိုအချိန်မှာ ၈၈တွေ လွတ်လာပြီး ပါတီမထောင်ဘူး၊ ရွေးကောက်ပွဲမ၀င်ဘူး၊ ပြည်သူတွေကြားမှာနေပြီး ပြည်သူတွေအတွက် နိုင်ငံရေးလုပ်မယ်လို့ ပြောကြတော့ သိပ်ပြီးအားရ၀မ်းသာဖြစ်ကြတယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ကြပါစေလို့ တိုင်တွန်းစကား ဆိုလိုက်ရပါတယ်။

လူထုစိန်ဝင်း


သေနတ်ပေးပြီး ကျည်ဆံမပေးတဲ့ ဥပဒေတွေ

တောင်သူလယ်သမား သမဂ္ဂ၊ အလုပ်သမား သမဂ္ဂနဲ့ ကျောင်းသား သမဂ္ဂ အစရှိတဲ့ အသင်းအပင်းတွေ ဖွဲ့စည်းဖို့အတွက်မှာ ဥပဒေတချို့ကို လွှတ်တော်က သတ်မှတ်ပြဌာန်းပြီး ဖြစ်ပေမယ့် နည်းဥပဒေတွေ ထုတ်ပြန်ဖို့ ချန်ထားတာကြောင့် အကောင် အထည် ဖော်ဖို့ ထိရောက်မှု မရှိ ဖြစ်နေတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် ခေါင်းဆောင်တဦးက ထုတ်ပြောလိုက် ပါတယ်။

သေနတ်ပေးပြီး ကျည်ဆံမပေးတဲ့ ဥပဒေတွေလို့ ဝေဖန်လိုက်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး

စစ်သားစကားနဲ့ ပြောရရင် သေနတ်ပေးပြီး ကျည်ဆံမပေးသလို ဖြစ်နေတယ်လို့ နည်းဥပဒေတွေ သွက်သွက် မထုတ်တာနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ သဘာပတိအဖွဲ့ နာယက ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက ဘီဘီစီကို ပြောပါတယ်။

 

အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းနိုင်ဖို့အတွက် နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO နဲ့ ပူးပေါင်း လုပ်ကိုင်ထားတဲ့ ဥပဒေတွေ ရှိပေမယ့်လို့ နည်းဥပဒေတွေ ထုတ်ပြန်ဖို့ ကျန်နေပါသေးတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃၊ သောကြာနေ့မှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးခဲ့တာကိုတော့ ဦးတင်ဦးက ကြိုဆိုခဲ့ ပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေနဲ့ NLD က နိုင်ငံရေး အကျဉ်းသားတွေ တော်တော် များများ ပါလာပေမယ့် ၃၀၀ ကျော် ၄၀၀ လောက် ကျန်နေသေးတောကြောင့် NLD အနေနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနကို နိုင်ငံရေး အကျဉ်းသားစာရင်း ဆက်လက် တင်ပြလို့ ညှိနှိုင်း ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း ဦးတင်ဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မန္တလေးဘက်ကို ပါတီ စည်းရုံးရေး ခရီးထွက်ဖို့ အခုလ ၄ ရက်နဲ့ ၅ ရက်တွေမှာ ကြိုတင် စီစဉ် ထားခဲ့ပေမယ့် နေရာ မရ ဖြစ်ခဲ့တာကိုတော့ အံ့သြမိတယ်လို့ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက ပြောပါတယ်။

တိုးတက်တာတချို့ ရှိခဲ့တယ်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ကြား အလုပ်ဖြစ်တဲ့ ဆွေးနွေးမှုတွေ ရှိပေမယ်လို့ အခုလို နိုင်ငံရေး သမားတဦးက ပြည်သူတွေ နဲ့တွေဖို့၊ နိုင်ငံရေး စကားပြောဖို့ နေရာ မရတာကတော့ သူ အံ့သြတယ်လို့ ဦးတင်ဦးက ဘီဘီစီကို ပြောခဲ့ပါတယ်။

အွန်လိုင်းမှတစ်ဆင့် နိုင်ငံခြားသို့ တရားဝင် ဖုန်းခေါ်ဆိုနိုင်ပြီ ဟု ဂျာနယ်တွင် ဖော်ပြ
Internet Journal ကောက်နုတ်ချက်။ by-မိုမခ(ဓါတ်ပုံ-google)

ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ပြီး အွန်လိုင်းအသုံးပြု၍ နိုင်ငံခြားသို့ တရားဝင် ဖုန်းခေါ်နိုင်တော့မည်ဟု အစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ခဲ့သည့် ရတနာပုံဝက်ဘ်ပေါ်တယ်မှ စီမံကိန်းမန်နေဂျာ ဦးအောင်စံမြတ်က ပြောသည်။ Y-talk အမည်ရှိ အဆိုပါ အင်တာနက်ဖုန်း ဝန်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း၌ အသုံးပြုနေသည့် တရားမဝင် အင်တာနက်ဖုန်းလိုင်းခေါ်ဆိုမှုများ ဖြစ်သည့် Skype, Pfingo နှင့် အခြားသော အင်တာနက်ဖုန်း ဝန်ဆောင်မှုများကို ပပျောက်စေရန် ရည်ရွယ်ထားရှိကြောင်း သိရသည်။
“ဈေးက အရမ်းသက်သာတယ်။ တစ်မိနစ်ကို ၁၅၀ ကျပ်၊ ဒါမှမဟုတ် အများဆုံး ၃၅၀ ကျပ်ပဲ ကျမှာပါ။ နိုင်ငံအလိုက်တော့ ခွဲထားတယ်။ တစ်ကမ္ဘာလုံးက နိုင်ငံတွေကို ဖုန်းခေါ်လို့ရတယ်” ဟု ဦးအောင်စံမြတ်က ဆိုသည်။ အင်တာနက်အသုံးပြု၍ နိုင်ငံခြားသို့ တရားဝင် ဖုန်းခေါ်ဆိုလိုပါက ကိုယ်ပိုင် ID နံပါတ်တစ်ခုရှိရန် လိုအပ်ကြောင်း၊ အဆိုပါ ID နံပါတ်ကို ငွေကျပ်တစ်သောင်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အင်တာနက် ဖုန်းခေါ်ဆိုမှုအတွက် ကျသင့်ငွေများကိုမူ ကြိုတင်ငွေဖြည့်ကတ်များမှတစ်ဆင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
http://voip.yatanarpon/. com.mm မှတစ်ဆင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်ကို လက်ရှိကာလတွင် ID နံပါတ်ထည့်သွင်းထားသော အများပြည်သူသုံး အင်တာနက်ဆိုင်များတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး ကိုယ်ပိုင်အနေဖြင့် အသုံးပြုခြင်းကိုမူ ခွင့်ပြုပေးသွားမည်မဟုတ်သေးကြောင်း၊ အင်တာနက်လိုင်း နှေးကွေးနေ သော်လည်း Y-talk ၏ အင်တာနက်ဖုန်း ခေါ်ဆိုမှုမှာ ကြည်လင်ပြတ်သားစွာ ကောင်းမွန်နေမည်ဖြစ်ကြောင်း ရတနာပုံ ဝက်ဘ်ပေါ်တယ်မှ ပရောဂျက်မန်နေဂျာ ဦးအောင်သန်းစိုးက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
(ပြည်ပမှ ခေါ်ဆိုမည့် ဖုန်းများကို အဆိုပါအကောင့်မှ လက်ခံဖြေဆိုနိုင်မည်ကို အတိအကျ ဖော်ပြထားခြင်း မရှိပေ)


ပြီးခဲ့သည့်နှစ်အတွင်း တရုတ်နိုင်ငံသို့ ဦးတည်သည့် လူကုန်ကူးမှု ၆၉ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး မြန်မာ အမျိုးသမီးငယ်များကို တရုတ်အမျိုးသားများနှင့် အဓမ္မလက်ထပ်ရန် ရောင်းစားခြင်းဖြစ်စဉ်က များပြားခဲ့ by-EMG

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ဦးတည်သည့် လူကုန် ကူးမှု ၆၉ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးငယ်များကို တရုတ်အမျိုးသားများနှင့် အဓမ္မလက်ထပ်ရန် ရောင်းစားခြင်းဖြစ်စဉ် များပြားခဲ့ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ သတင်းရရှိပါသည်။

၂၀၁၁ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေအရ အရေးယူခဲ့သည့် လူကုန်ကူးမှုပေါင်း ၁၃၆ မှုရှိခဲ့ ပြီး အဓမ္မထိမ်းမြားမှု ၈၉ မှု၊ ပြည့်တန် ဆာမှု ၂၉ မှု၊ အဓမ္မစေခိုင်းမှု ၁၄ မှု၊ အဓမ္မ ကိုယ်ဝန်ဆောင်စေမှု၁မှု၊ ကလေး သူငယ်လူကုန်ကူးမှု ၁ မှု၊ အဓမ္မ တောင်းရမ်းစေခိုင်းမှု ၁ မှုနှင့် ကြွေးမြီ ဖြင့်နှောင်ဖွဲ့စေခိုင်းမှု ၁ မှုတို့ ရှိခဲ့ကြောင်း သိရသည်။ ထိုသို့လူကုန်ကူးမှုများ ဖြစ်ပေါ်ရာတွင်လည်း တရုတ်နိုင်ငံသို့ ဦးတည်၍ ဖြစ်ပွားသည့် လူကုန်ကူးမှု အများဆုံး ဖြစ်ပွားခဲ့ပြီး ဒုတိယအများဆုံးမှာ ပြည်တွင်းတွင် ဖြစ်ပွားခြင်းဖြစ်ကာ ထိုင်းနိုင်ငံသို့ ဦးတည်သည့်အမှုမှာ တတိယအများဆုံး ဖြစ်ပွားခဲ့သည်။ ယင်းအနက် တရုတ်နိုင်ငံသို့ဦးတည်သည့်အမှု ၉၄ မှု၊ ပြည်တွင်း၌ဖြစ်ပွားမှု ၂၃ မှုနှင့် ထိုင်းနိုင်ငံသို့ ဦးတည်သည့် အမှု ၁၉ မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တရုတ်နိုင်ငံမှာက အမျိုးသမီးတွေကို တင်တောင်းရတဲ့စရိတ် မြင့်မားမှုက အဓိကပြဿနာ ဖြစ်နေတဲ့အတွက် အမျိုးသမီးတွေကို တရုတ်နိုင်ငံမှာရှိတဲ့ အမျိုးသားတွေနဲ့ အဓမ္မလက်ထပ် ထိမ်းမြားဖို့ ရောင်းစားကြတဲ့အမှုက ၂၀၁၁ ခုနှစ်အတွင်းမှာ ၆၉ ဒသမ ၁ ရာခိုင်းနှုန်းရှိခဲ့တယ်။ ထိုင်းနိုင်ငံကို ဦးတည်တဲ့အမှု ၁၉ မှုထဲမှာ ၈ မှုက ထိုင်းနိုင်ငံမှာရှိတဲ့စက်ရုံ၊ အလုပ်ရုံ တွေနဲ့ ပင်လယ်ငါးဖမ်း သင်္ဘောတွေမှာ မြန်မာလူမျိုး တချို့တရားမ၀င်သွားရောက် အလုပ်လုပ်ကိုင် ကြတာတွေကြောင့် အဓမ္မစေခိုင်း အလုပ်စေခိုင်းမှုနဲ့ ပြည့်တန်ဆာ ပြုမှုဖြစ်ပွားခဲ့တယ်။ ပြည်တွင်းလူကုန်ကူးမှု ၂၃ မှုမှာတော့ အမျိုးသမီးငယ်တွေကို သွေးဆောင် ဖြားယောင်းပြီး ပြည့်တန်ဆာ လုပ်ခိုင်းတဲ့အမှု ၂၁ မှု ဖြစ်ပွားခဲ့ပြီးလုပ်အား ခေါင်းပုံဖြတ်မှုနဲ့ကလေးသူငယ် လူကုန်ကူးမှု ၂ မှုဖြစ်ပွားခဲ့တယ်” ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါသည်။

အရေးယူခဲ့သည့် လူကုန်ကူးမှု ၁၃၆ မှုတွင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၅၇ မှုဖြင့် အများဆုံး ဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတွင် ဒုတိယအများဆုံး ၁၈မှုဖြစ်ပွားခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး အတွင်း ၁၇ မှုဖြင့် တတိယအများဆုံးနှင့် ကချင်ပြည်နယ်တွင် စတုတ္ထအများဆုံး ၁၅ မှု ဖြစ်ပွားခဲ့သည်။

၂၀၁၁ခုနှစ်အတွင်း မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ အရ အရေးယူခဲ့သည့် လူကုန်ကူးမှု ၁၃၆ မှုတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၅၇မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတွင် ဒုတိယ အများဆုံး ၁၈မှုဖြစ်ပွားခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး အတွင်း ၁၇ မှု ဖြင့် တတိယအများဆုံးနှင့် ကချင်ပြည်နယ်တွင် စတုတ္ထအများဆုံး ၁၅ မှု ဖြစ်ပွား ခဲ့သည်။ ယင်းအနက် ၂၀၁၁ ခုနှစ် အတွင်းလူကုန်ကူးခံရသူမှာ အမျိုးသား ၄၅ ဦးနှင့် အမျိုးသမီး ၂၂၀ ဦးတို့ရှိခဲ့ပြီး တရားခံပေါင်း အမျိုးသား ၁၂၆ဦး နှင့် အမျိုးသမီး ၁၂၅ ဦးတို့ကို အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

“လူကုန်ကူးခံရတဲ့သူတွေထဲမှာ အများစုကတော့ သွေးဆောင်ဖြားယောင်းခံရပြီး တရားမ၀င် အလုပ်လုပ် ကိုင်ရာကတစ်ဆင့် လူကုန်ကူးခံရတာပိုများတယ်။ တချို့ကျတော့လည်း နယ်ကတက်လာပြီး အလုပ်လုပ်ဖို့ ရှာနေတဲ့အချိန်မှာ တစ်ဖက်နိုင်ငံ မှာအလုပ်သွားလုပ်ရင် ၀င်ငွေပိုရနိုင်တယ်လို့ ပြောတဲ့သူတွေနဲ့တွေ့လို့ ယုံမိပြီး သွားအလုပ်လုပ်ရာကနေ ကိုယ့်ကိုရောင်းစားလိုက်မှန်းမသိဘဲ တစ်ဖက်နိုင်ငံကို ရောက်သွားလို့ ကိစ္စမျိုးစုံ ကြုံတွေ့မှသိကြရတာတွေလည်း ရှိတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး သာမန်မဟုတ်တဲ့ ငွေကြေးဆွဲဆောင်မှုတွေကို လုံးဝမယုံကြည်သင့်ဘဲ တရားဝင် လုပ်ရတဲ့အလုပ်မျိုးကိုပဲ ရွေးချယ်လုပ်ကိုင်သင့်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး အထူးအဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ပြောပါသည်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ အရေးယူခဲ့သည့် တရားခံများတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ်တို့မှ အများဆုံး ပါဝင်နေပြီး လူကုန်ကူးခံရသူများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ များပြားကြကြောင်း သိရှိရပါသည်။



ဇေကမ္ဘာဦးခင်ရွှေ ပိုင် ဇေကမ္ဘာကုမ္ပဏီက ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စှမှာရှိတဲ့ လယ်မြေတွေကို
သိမ်းယူနေပြီး မြေတူးစက်ကြီးတွေနဲ့ လယ်ကန်သင်းရိုးတွေကို ဖျက်ဆီးနေပါတယ်။
လယ်ယာမြေ (၈၁၅) ဧက ကို စက်မှုဇုန်အပိုင်း (၄) အကောင်အထည်ဖော်ဖို့ ဆိုပြီး အခုလို့ လယ်ကန်သင်းရိုးတွေကို ဖျက်ဆီး တူးဖော်နေတာပါ၊
ဇေကမ္ဘာကုမ္ပဏီက ဆယ်မြောင်းကြီး(ဂ)ခုနဲ့မြောင်းငယ်တွေကိုလည်း ပိတ်လိုက်တာကြောင့် လယ်ယာမြေတွေထဲကို ရေမေ၇ာက်တော့ပဲ လယ်သမားတွေအခက်အခဲတွေနဲ့ကြုံတွေ့နေရပါတယ်လာမယ့်(မတ်လ)မှာ ပိတ်ထားတဲ့ ဆယ်မြောင်းတွေကို ဖွင့်မပေးရင် မိုးစပါးစိုက်ပျိုးဖို့ အခက်တွေ့နိုင်မှာဖြစ်ပြီးချောင်းကိုပိတ်ထားတဲ့အတွက် နွေရာသီမှာ ရေမရရှိပဲ မိုးတွင်းမှာဆိုရင် ရေထွက်ပေါက်မရှိလို့ ရွာတွေ ရေမြုပ်ကုန်တယ်လို့ သိရပါတယ်
လယ်သမားတွေက အခုလို လယ်ကန်သင်းရိုးတွေကို ဖျက်ဆီးနေတာကို ရပ်တန့်စေချင်ပြီး အရင်ကလိုပဲမိမိတို့လယ်မြေတွေကို ဆက်လက်လုပ်ကိုင်ချင်တယ်လို့ ပြောဆိုနေကြောင်း သိရှိရပါတယ်။
၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ၊ ဥက္ကံဒေသ B.G သွေးအကူအညီပေးရေး အဖွဲ့နှင့် မိဘပြည်သူများ တွေ့ဆုံ မိတ်ဆက်ပွဲ...

ယနေ့ ၈ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၂ ခုနှစ် နံနက် ၉ န
ာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ‘ ဒို့သွေးဖြင့်အသက်ကယ်မယ် ’ ‘ B.G သွေးအကူအညီပေးရေး ရံပုံငွေဈေးရောင်းပွဲ ’ သို့ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်များဖြစ်ကြသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ မနီလာသိန်း၊ မမီးမီး အစရှိသည့် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်မျာဒ တက်ရောက်ခဲ့ကြပြီး ရံပုံငွေ ဈေးရောင်းပွဲတော်အား ကိုဂျင်မီနှင့် မနီလာသိန်း တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ဖဲကြိုးဖြတ်အခမ်းအနားပြီးသည့်နောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့မှ အမှာစကားများ ပြောကြားခဲ့ကြပြီး ဈေးရောင်းပွဲတော်၌ ၀ယ်ယူသည့်ပစ္စည်းများကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များကိုယ်တိုင် လက်မှတ်ရေးထိုးပေးခဲ့ကြသည်။
ထိုမှတဖန် ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့နယ်၌ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဥက္ကံဒေသ BG သွေးအကူအညီပေးရေးအဖွဲ့နှင့် မိဘပြည်သူများတွေ့ဆုံမိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ၈၈ မျိုးဆက်ကျောင်းသားများ တစ်ဦးချင်း မိဘပြည်သူများအား မိတ်ဆက်ပေးခဲ့ကြသည်။ ထိုမှ ဥက္ကံဒေသမှ ဖလုံရွာရှိ BG သွေးအကူအညီပေးရေးအဖွဲ့သားများ၊ ရွာသူရွာသားများ နှင့် တွေ့ဆုံခဲ့ကြပြီး ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာလာခဲ့ကြသည်

စပွန်စာကိုကို၊ ချွတ်စွတ်အစိုးရ၊ ချာပါတီနှင့် ဇတ်လိုက်ကျော်များရဲ့ တခန်းနဲ့တခန်း မဟပ်စပ်တဲ့ပြဇတ်ဦးခင်ရွှေ၊ ဇေကမ္ဘာကုမ္ပဏီ နှင့် ကလင်းဂါးဗားနန့်စ်

မကြာသေးခင်ကမှ လာဘ်စားမှု၊ နိုင်ငံတော်အလွဲသုံးစားမှု ပုဒ်မတွေတလှေကြီးနဲ့
ထောင်ဒဏ်နှစ်ရှည်လများ ကျခံနေရာကနေ လွတ်ငြိမ်းချမ်းသာခွင့်ရလာတဲ့

ထောက်လှန်းရေးချုပ်ဟောင်းကြီး ကို တိုင်းပြုပြည်ပြု လူမှုရေးအဖွဲ့အစည်းကြီးတခုရဲ့ နာယကအနေနဲ့ ခန့်အပ်ခဲ့တဲ့ ဦးခင်ရွှေရဲ့လုပ်ရပ်တွေဟာ လက်ရှိကြံ့ဖွံ့အစိုးရရဲ့ လခစားအမတ်တယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ ပါတီဝင်တယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ ပါတီရဲ့သဘောထားကို ထင်ဟပ်စေပါသလား၊ ဒါမှမဟုတ် သူ့တကိုယ်ရည် လွတ်လပ်စွာလုပ်ဆောင်နေတာလား၊ တကယ်လို့ လုပ်ဆောင်နေတာဆိုရင် ကြံ့ဖွံ့ပါတီဟာ ဦးခင်ရွှေရဲ့ ခုလို လုပ်ရပ်တွေအပေါ်မှာ ဘာမှ မပြောသာပဲ လျစ်လျူရှုထားရတဲ့အထိ ဦးခင်ရွှေဟာ ပါတီမှာ အရေးပါ၊ အရာရောက် သြဇာရှိတဲ့သူလား စသဖြင့် မေးစရာပုစ္ဆာတွေ တပုံကြီး ဖြစ်လို့လာရပါတယ်။
ပုစ္ဆာတွေကို သေချာ ဆန်းစစ်ခွဲထုတ်ကြည့်မယ် ဆိုရင်. . .
(၁) ထောက်လှန်းရေးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ လာဘ်စားအကျင့်ပျက်နိုင်ငံတော်အာဏာကို အလွဲသုံးစား ကိုယ်ကျိုးရှာမှုတွေနဲ့ အရင် တပ်မတော်အစိုးရလက်ထက်မှာ ဖမ်းဆီး အရေးယူခံခဲ့ရတာဖြစ်ပြီး၊ လက်ရှိအစိုးရအနေနဲ့ အဲဒီလို အရေးယူမှုကို တရားဝင်ပဲ ချေဖျက်ပစ်လိုက်တာလား လို့ မေးစရာပါ။ တကယ်လို့ အစိုးရဟာ ဦးခင်ညွှန့်ကို အမှန်တကယ်အကျင့်ပျက် လာဘ်စားလို့ ဖမ်းဆီးအရေးယူခဲ့တာကို အသိအမှတ်ပြုတယ်ဆိုရင် သူတို့အစိုးရရဲ့ လခစားအမတ်ဦးခင်ရွှေက သူရဲ့ လူမှုရေးဖေါင်ဒေးရှင်းမှာ အကျင့်ပျက်ကိုယ်ကျိုးရှာမှုနဲ့ အရေးယူခံရဖူးသူ တယောက်ကို နာယက ခန့်အပ်တာ ကို ခွင့်ပြုထားတာ သိပ်ကို အံ့သြစရာကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
ဘယ် ဒီမိုကရေစီ နိုင်ငံမှာမှ ဒီလိုပြစ်မှုကျူးလွန်ထားတဲ့သူကို လူမှုရေးအသင်းအဖွဲ့ကြီးတခုမှာ နာယကအနေနဲ့ ခန့်အပ်မှာ မဟုတ်ပါဘူး။
ဒီလိုမှ မဟုတ်ရင်တော့ ဦးခင်ညွန့်ဟာ တကယ်ပြစ်မှုကျူးလွန်ထားတာမဟုတ်ဘူး၊ မတရားဖမ်းဆီးခံခဲ့ရတာလို့ ဆိုရင်တော့ အရင်အစိုးရရဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးဟောင်းတွေ အများအပြားပြန်ပါဝင်တဲ့ ခုအစိုးရဟာ သူတို့ရဲ့ မတရားဖမ်းဆီးခဲ့မှုကို အသံမထွက်ပဲ တိတ်တိတ်ကလေး ကြိတ်ဝန်ခံလိုက်တဲ့သဘောပါပဲ။
(၂) မကြာသေးမီကမှ ဦးခင်ရွှေရဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အရှုပ်ဇာတ်လမ်းဟာ လူသိရှင်ကြား ဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်။ ဒါဟာ လက်ရှိ အာဏာရပါတီကြီးဖြစ်တဲ့ ကြံ့ဖွံ့ပါတီရဲ့လခစားအမတ်ကြီးရဲ့ ရှက်စရာကောင်းလှတဲ့ ဖြစ်ရပ်ကြီးပါ။ အမေရိကားလို ဒီမိုကရေစီ နိုင်ငံမျိုးတွေမှာဖြင့် ဒီလိုအဖြစ်အပျက်မျိုးကို ကြုံတဲ့ လွှတ်တော်အမတ်မပြောနဲ့ ကိုယ့်မိန်းမကိုယ် ရိုက်မိတဲ့ရဲမှူးတယောက်ရာထူးက နှုတ်ထွက်ပေးလိုက်ရပါတယ်။ဒါတောင်မိန်းမကစိတ်မဆိုးပါဘူး၊ ကျေနပ်ပါတယ် ပြောနေတဲ့ကြားကနော်။ဒီ့အရင်က ကာလီဖိုးနီးယားမှာ ပြန်နယ်အုပ်ချုပ်ရေးမှူးလုပ်တဲ့ ရုပ်ရှင်မင်းသားကြီးအာနိုး အပါအ၀င် သမ္မလောင်းတွေ၊ ဆီနိတ်တာတွေ ဆိုလည်း လူမှုရေးအရှုပ်အရှင်းတွေပေါ်လာရင် ပေါ်လာသလို နှုတ်ထွက်ပေးရတဲ့ အဖြစ်အပျက်တွေအများကြီးပါ။လူထုရှေ့မှာ လူထုကို ကိုယ်စားပြု မယ့် ကိုယ်စားလှယ်တွေ တိုင်းပြည်ခေါင်းဆောင်တွေဟာ ဒီလိုမဖွယ်မရာဖြစ်ရပ်တွေကို ကျူးလွန်ထားတယ်ဆိုရင် ပါတီဟာ သူတို့ပါတီသန့်ရှင်းရေ၊ ရပ်တည်ရေးအတွက် ရှင်းကို ရှင်းလင်းရပါတယ်။ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်နေတဲ့ ပြုပြင်ပြောင်းလဲနေတဲ့ အာဏာရကြံ့ဖွံ့ပါတီအစိုးရသမ္မတကြီးကိုယ်တိုင်ကဂွဒ်ဂါးဗားမန့် ကလင်းဂါးဗာနန့်စ် ဖြစ်စေရမယ် အတိအလင်းကြေညာထားလေတော့ ပါတီဝင်အစိုးရလခစား အမတ်ကြီးဦးခင်ရွှေရဲ့အမှုတွေကိုတော့ဖြင့် ဘာလို့များ မသိကျိုးကျွံလုပ်နေပါသလဲ လို့ သံသယပွားစရာတွေဖြစ်လာရပါတယ်။
(၃)လက်ရှိ ဦးခင်ရွှေရဲ့ ဇေကမ္ဘာကုမ္ပဏီက လယ်သမားတွေနဲ့ပါတ်သက်ပြီး ပြည်သူလူထု လယ်သမားတွေရဲ့ မကျေမနပ်တိုင်ကြားမှုတွေကို အာဏာရကြံ့ဖွံ့ပါတီအနေနဲ့အရေးယူဖြေရှင်းပေးတာ တခုမှကို မကြားမသိရသေးပါဘူး။ သက်ဆိုင်ရာ နယ်မြေက အာဏာပိုင်အဖွဲ့အစည်းကအမိန့်ထုတ်ပြီး တားမြစ်သည့်တိုင် နောက်ဆက်တွဲ ပြဿနာတွေလည်း တက်ရှိနေဆဲပါ။ကြံ့ဖွံ့ပါတီရဲ့ အကြီးအကဲ တဦးဖြစ်တဲ့ လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကလည်း ပါတီဝင်တွေဟာ ပြည်သူလူထုအပေါ်မှာ မတရားမမျှတတာတွေ ကျူးလွန်မယ်ဆိုရင် ထိရောက်စွာ အရေးယူမယ်လို့ အတိအလင်းကြေညာထားထုတ်ပြန်ထားခဲ့ပါတယ်။
ကြံ့ဖွံ့ပါတီဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ်ပြုလုပ်နေပြီဆိုရင်၊
အမှန်တကယ်ပြည်သူ့ထောက်ခံမှုရအောင် ကြိုးပမ်းမယ်ဆိုရင်. . .
ပါတီအကြီးအကဲတွေပြောဆိုနေတဲ့ စကားနဲ့၊ ပါတီဝင် ဦးခင်ရွှေ ဖြစ်ပျက်ကျူးလွန်နေတာတွေဟာ မညီမညွတ်ဖြစ်နေတာ အထင်းသားပေါ်လို့နေပါတယ်။
ဦးခင်ရွှေ ရဲ့ လုပ်ရပ်တွေဟာ ကြံ့ဖွံ့ပါတီရဲ့ သဘောထားကို ထင်ဟပ်စေသလား၊
ဒါမှမဟုတ် ဦးခင်ရွှေဟာ ပါတီမှာ အင်မတန်မှ သြဇာသက်ရောက်တဲ့အတွက် မပြောသာတာလား
ဘာကြောင့် ခုလို ပါတီခေါင်းဆောင်တွေရဲ့ ပြောစကားနဲ့ ပါတီဝင်ဦးခင်ရွှေရဲ့ လုပ်ရပ်တွေ မညီမညွတ်ဖြစ်နေတာလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတော့တယ်။
ချိုတူးဇော်

ရင်မောမိပါတယ်

ကျွန်တော်ကတော့ရွှေပြည်တံခွန်ကုမ္ပဏီကို ချီးကျူးချင်ပါတယ်။ဒါဟာ ဖုန်းတစ်လုံးကို(၅၀၀၀ )နဲ့ရောင်းပေးမယ်ဆိုတာကြောင့်မဟုတ်ပါဘူး။
သူတို့မရောင်းပေးနိုင်ခဲ့ရင်တောင် တကယ်ကိုကျေးဇူးတင်ပါတယ်။
ဘာဖြစ်လို့လည်းဆိုရင် မြန်မာနိုင်ငံမှာ အခုထက်ထိ အရင်လိုပဲ လက်ဝါးကြီးအုပ်စီးပွါးရေးစနစ် ရှိနေသေးတယ်၊ရှိနေအောင်လည်း ကိုယ်ကျိုးရှာအာဏာပိုင်တချို့နဲ့ မြန်မာနိုင်ငံ၊ မြန်မာပြည်သူတွေပေါ် ဂုတ်တက်ခွပြီး၊ ဂုတ်သွေးစုပ
်နေတဲ့ကုမ္ပဏီတွေဆက်ပြီး
ပြည်သူတွေရဲ့ဂုတ်သွေးကို ဆက်စုပ်နေနိုင်အောင် ကာကွယ်ပေးနေတယ်ဆိုတာတွေ အားလုံးသိအောင် မီးမောင်းထိုးပြနိုင်ခဲ့လို့ပါပဲ။ဒီပြဿနာ ဖုန်းပြဿနာတင်မဟုတ်ပါဘူး။
လွတ်လပ်တဲ့၊မှန်ကန်တဲ့စီးပွါးရေးစနစ် မပေါ်ထွန်းလာသေးဘူးဆိုတာပြနေတဲ့ ပြဿနာပါ။ဒီကိစ္စနဲ့ပဲစဉ်းစားကြည့်ရင်တောင်သိသာပါတယ်။
အရှက်မရှိ သူတို့ပါသူတို့မတရားဆွဲထားတဲ့ ဥပဒေကိုအကြောင်းပြတာဟာ ကျွန်တော်ဖြင့်မအံ့သြတော့ပါဘူးလေ။ဒါသူတို့လုပ်နေကြပုံစံပဲ။
အရင်ဆုံးသူတို့တွေကိုမေးချင်တာက ဥပဒေရဲ့ သဘောကို နားရောလည်ရဲ့လားဆိုတာပါပဲ။
ဥပဒေရဲ့တန်ဖိုးဆိုတာအမှန်တရားကိုကာကွယ်ပေးတာပါ။ မတရားမှုတွေ မပေါ်ထွန်းအောင်၊
အမှန်တရားတွေမပျက်ဆီးအောင်၊လူ့တန်ဖိုး၊လူ့အခွင့်အရေးတွေကိုမထိခိုက်အောင်၊အဲဒီဥပဒေအောက်မှာကျင့်သုံးနေထိုင်ကြမယ့် ပြည်သူတွေကိုယ်တိုင်သဘောတူကျေနပ်ြပဌာန်းဖို့လိုပါတယ်။ ကိုယ့်ဘာသာကိုယ် အာဏာပိုင်(အုပ်ချုပ်သူ)တွေက မိမိကိုယ်ကျိုးစီးပွါးကာကွယ်၊ ပြည်သူတွေကိုဖိနှိပ်၊
မတရားချုပ်ချယ်နိုင်အောင် ရေးဆွဲ၊ထုတ်ပြန်ပြဌာန်းနေတာတွေဟာ တရားဥပဒေလို့ မခေါ်ပါဘူး။မတရားဥပဒေ၊ အမိန့် ၊ အာဏာတွေသာဖြစ်ပါတယ်။
လက်ရှိဖြစ်နေတဲ့ ၅၀၀၀ တန်ဖုန်းပြဿနာဆက်ရရင် ဥပဒေဟာပြည်သူတွေကိုကာကွယ်တဲ့ဥပဒေမဟုတ်ပဲ သူတို့ လက်သင့်ရာစားတော်ခေါ်တဲ့ လက်ဝါးကြီးအုပ်ကုမ္ပဏီတွေကို ကာကွယ်ပေးနေတဲ့ မတရားဥပဒေ(အာဏာရှင်ဥပဒေ)သာဖြစ်ပါတယ်။တကယ်ဆိုရင် ဈေးကွက်နဲ့ဆိုင်တဲ့ဥပဒေဟာ လွတ်လပ်တဲ့ပြည်သူတွေရဲ့အကျိုးစီးပွါးအတွက်တစ်ဦးတစ်ယောက်မှ ဈေးကွက်မတရားလက်ဝါးကြီးမအုပ်နိုင်အောင်နှဲု လွတ်လပ်မျှတတဲ့ဈေးကွက်စီးပွါးရေးစနစ်ကို ကာကွယ်ပေးတဲ့ဥပဒေဖြစ်ရမှာပါ။အခုပြည်ပတိုင်းပြည်က ကုမ္ပဏီတွေကရော ထုတ်ကုန်ပစ္စည်းတစ်ခုကို အရင်းနည်းနည်း မတရားအမြတ်များများလိုချင်တာပါပဲ။ဒါလူ့သဘာဝပါပဲ။
ဒါပေမယ့်သူတို့မှာရောင်းချင်တောင်ရောင်းလို့မရပါဘူး။ဒါဟာအုပ်ချုပ်သူတွေကလည်းဈေးနှုန်းတွေကို အမိန့်တွေ၊ကြေငြာစာတွေနဲ့လိုက်ပြီး ပြဌာန်းနေလို့မဟုတ်ပါဘူး။
ပြဌာန်းရင်လဲဘယ်တော့မှ
အောင်မြင်မှာမဟုတ်ပါဘူး။မှန်ကန်တဲ့နည်းလမ်းလည်းမဟုတ်ပါဘူး။ဒီလိုမျိုးမဖြစ်အောင် လွတ်လပ်တဲ့ ဈေးကွက်စီးပွါးရေးကပဲ ပြဌာန်းပေးနိုင်တာပါ။
ဒီလိုကုမ္ပဏီတွေ မတရား အမြတ်ကြီးစားလို့မရအောင် ပြိုင်ဆိုင်မှု ဈေးကွက်သဘောနဲ့ ဈေးနှုန်းတွေကို ထိန်းချုပ်သွားလို့ပါပဲ။အုပ်ချုပ်သူတွေကဒီလိုမျိုး ဖြစ်အောင်ပဲ လွတ်လပ်တဲ့ဈေးကွက်စီးပွါးရေးစနစ်အောင်မြင်အောင်၊လွတ်လပ်တဲ့ဈေးကွက်ရှင်သန်နေအောင် ၊ဒီလွတ်လပ်တဲ့ဈေးကွက်စီးပွါးရေးစနစ်ကိုဥပဒေနဲ့ကာကွယ်ပေးရမှာပါ။မှန်ကန်တဲ့ပြိုင်ဆိုင်မှုမရှိပဲ၊၊ molopoly လုပ်နေတဲ့ကုမ္ပဏီတွေကိုကာကွယ်ရမှာမဟုတ်ပါဘူး။
အခု ( ငါးသိန်း)ပဲဖြစ်ဖြစ် ၊ (ငါးထောင်)ပဲဖြစ်ဖြစ် အဓိကမဟုတ်ပါဘူး။မှန်ကန်စွာရှင်ပြိုင်တဲ့ စီးပွါးရေးစနစ် မပေါ်ထွန်းသေးဘူးဆိုတာက သာသိသာထင်ရှားတဲ့ အဓိကပြဿနာပါ။ဈေးနှုန်းတွေကို ဌာနဆိုင်ရာတွေ၊ ကုမ္ပဏီတွေကဈေးကွက်ကိုသာမှန်မှန်ကန်ကန်လွတ်လပ်စွာရှင်ပြိုင်ခိုင်းပါစေ။
(ဆယ့်ငါးသိန်း)လည်းဖြစ်နိုင်ပါတယ်၊(ငါးသိန်း)လည်းဖြစ်နိုင်ပါတယ်၊
(ငါးထောင်)လည်းဖြစ်နိုင်ပါတယ်၊(ငါးရာ)လည်းဖြစ်နိုင်ပါတယ်၊(အလကား)လည်းဖြစ်နိုင်ပါတယ်၊နောက်ဆုံး(သူတို့ကတောင် စားသုံးသူတွေကိုတောင်းတောင်းပန်ပန်)နဲ့တောင်ဖြစ်နိုင်ပါတယ်။
နိဂုံးချုပ်ပြီးပြောရရင်ကျွန်တော်တို့ဟာလွတ်လပ်တဲ့စီပွါးရေးစနစ်တွေပေါ်ထွန်းလာစေချင်ပါတယ်။တရားမျှတလွတ်လပ်တဲ့မှန်ကန်စွာယှဉ်ပြိုင်မှုတွေဖြစ်လာစေချင်ပါတယ်။ဒါဟာ ပြည်သူတွေအတွက်၊အဲဒီပြည်သူတွေနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံတော်အတွက်ပါ။
သမ္မကြီးရဲ့ဈေးကွက်ကို
အတတ်နိုင်ဆုံး၊ထိန်းချုပ်မှုအနည်းဆုံးနဲ့ဖြစ်ရပါမယ်၊အဒီအနည်းဆုံးထိန်းချုပ်မှုဆိုတာကလည်း ပြည်သူတွေရဲ့အကျိုးစီးပွါးအတွက်ပဲဖြစ်ရပါမယ်ဆိုတဲ့ ကတိက၀တ်ကို ကျွန်တော်အခုထက်ထိယုံပါတယ်။ဒါပေမယ့်လည်း .....ရင်မောမိပါတယ်................

ဧရာဝတီကို အဆိပ်ခတ်နေကြသူများ။

ဂရိတ်ဝေါလ်ဆိုတာ မန္တလေးအခြေစိုက် တရုတ်အမျိုးသားတစ်ဦးပိုင်တဲ့ စီးပွားရေးလုပ်ငန်းစုပါ။ သူက အရင် စစ်အစိုးရရဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ အလွန်ရင်းနီးတယ်။ ဧရာဝတီမြစ်အရွေ့ဘက်ကမ်း မန္တလေး-ဗန်းမော်ကားလမ်း မိုင်တိုင် (62)အရှေ့က မောင်းကုန်းရွာနားမှာ အဲ့ဒီစက်ရုံစုရှိပါတယ်။ ပေါင်းသကြားစက်၊ အီသနောစက်အတွက် အနီးအနားမှာရှိတဲ့ ရွာနေပြည်ထိုင် လယ်သမားတွေရဲ့ မြေဧကပေါင်းများစွာကို သိမ်းပြီး ကြံတွေစိုက်ခဲ့ပါတယ်။ မခံမရပ်နိုင်တဲ့ မြေအသိမ်းခံ ယာသမားတွေက တရားစွဲကြတော့ တရားစွဲတဲ့ မြေပိုင်ယာသမားတွေပဲ ထောင်ချခံကြရတယ်။ စက်ရုံများကဓာတုစွန့်ပစ်ပစ္စည်းနဲ့ ရေအညစ်အကြေးတွေကို စက်ရုံအနောက်ဘက်မှာ ရှိတဲ့ အလျားပေ ၁၀၀၀၊ အနံပေ ၇၀၀ ခန့် ကျယ်ဝန်းတဲ့ မလိုင်ချုံအင်းထဲမှာ စုဆောင်းထားပြီး ကြံရာသီချိန်ဖြစ်တဲ့ ၁၀လပိုင်းကနေ ၆လပိုင်းအတွင်းမှာ ဧရာဝတီမြစ်ထဲကို စွန့်ပစ်ပါတယ်။ အဲ့ဒီစက်ရုံတွေမှာ အလုပ်လုပ်တဲ့ တရုတ်ပညာရှင်ဆိုသူတွေ၊ တရုတ်အလုပ်သမားတွေကလည်း ၀န်ထမ်းမြန်မာအမျိုးသမီးတွေ အနီးအနားရွာတွေက ကျေးလက်သူလေးတွေကို စော်ကားမော်ကားပြုလုပ်တာတွေလည်းရှိတယ်။ ပိုင်ရှင်ကိုယ်တိုင်က ၀န်ထမ်းကျေးလက်သူလေးတွေကို သီးသန့်ရွေးထုတ်ပြီး စောင့်ရှောက်သယောင်ယောင်...။ သူတို့လေးတွေဘ၀ကိုပဲ မြှင့်တင်ပေးသယောင်ယောင် မက်လုံးပေးပြီး အနီးအနားခေါ်ထားတာမျိုးတွေလည်း ရှိတယ်။ မြန်မာပြည်က ရေကိုယူသည်။ မြေကို ယူသည်။ သယံဇာတကို ယူသည်။ ပြီးတော့ လူကိုပါ ယူသည်ဆိုတာမျိုးပါ။ မြန်မာပြည်ရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ရေထဲကို အခုလို ဓာတုစွန့်ပစ်ပစ္စည်းနဲ့ ရေအညစ်အကြေးတွေကို နှစ်ကာလများစွာကတည်းက အတားအဆီးမရှိ စွန့်ပစ်နေတာပါ။

မကွေးတိုင်းမှာ စာပေဟောပြောပွဲများ ပိတ်ပင်ခံရ

မကွေးတိုင်းမှာ လုပ်တဲ့ စာပေဟောပြောပွဲ အတော်များများ လုပ်ခွင့်မရခဲ့ဘူး။ အခြားတိုင်းနဲ့ ပြည်နယ်များမှာ စာပေဟောပြောပွဲတွေ ခြိမ့်ခြိမ့်သဲသဲ ကျင်းပခွင့် ရနေချိန်မှာ မကွေးတိုင်းက ဟောပြောပွဲတွေ ဘာလို့ အပိတ်ပင်ခံရလဲ။ နောက်ကြောင်း ပြန်လှည့်နေသလား၊ စဉ်းစားစရာပါ။ အချို့ပွဲတွေက စာရေးဆရာတွေပါ ဟောမယ့်မြို့ကို ရောက်အပြီး၊ စင်တွေဆောက်၊ ကြော်ငြာပိုစတာတွေ ကပ်ပြီး ကျင်းပခါနီးမှ အပိတ်ခံရတာမို့ ကျင်းပတဲ့သူတွေလည်း ရင်ဝ ဆောင့်ကန်ခံရသလို ဝမ်းနည်းပက်လက်ဖြစ်၊ စာရေးဆရာတွေလည်း မော၊ အပင်ပန်းခံထားရတဲ့ စိတ်အား၊ လူအား၊ ငွေအားတွေလည်း အဟောသိကံ ဖြစ်ခဲ့ရတာ အကြိမ်ကြိမ်ပါ။ အပိတ်ပင်ခံရတဲ့ ကျွန်တော်သိသော ဟောပြောပွဲအချို့-

- ၂၀၁၁ ဒီဇင်ဘာလအတွင်း၊ မကွေးမြို့ပေါ် မြစ်ကွေ့ပရဟိတက ကျင်းပမယ့် သဘာဝပတ်ဝန်းကျင် ဟောပြောပွဲ (ဆရာမ သန်းမြင့်အောင်၊ ဆရာ ဝင်းမျိုးသူ၊ ဆရာ မြင့်ဇော်)*
 - ၂၀၁၂ ဇန်နဝါရီ ၉၊ မကွေးတိုင်း၊ သရက်မြို့ စာပေဟောပြောပွဲ (ဆရာ ဦးထွန်းလွင်-မိုးလေဝသ၊ ဦးအောင်ကြည်ညွန့်၊ အော်ပီကျယ်)*
(ဟောပြောပွဲ မလုပ်ဖြစ်လို့ ညပိုင်း လက်ဘက်ရည်ဆိုင်လေးမှာ စာပေစကားဝိုင်းဖွဲ့ပြောခဲ့ရာ၊ နောက်ရက်တွင် ထိုဆိုင်လေးအား အကန့်အသတ်မရှိ အပိတ်ခံရဟု သိရ)
 - ၂၀၁၂ ဇန်နဝါရီ ၂၀၊ မကွေးတိုင်း၊ အောင်လံမြို့ စာပေဟောပြောပွဲ (ဆရာ ဦးဖေမြင့်၊ ဆရာကျော်ဝင်း၊ ဆရာမောင်သာချို)*
 - ၂၀၁၂ ဖေဖော်ဝါရီ ၃၊ မကွေးတိုင်း၊ ချောက်မြို့ စာပေဟောပြောပွဲ (ဆရာ ၂ဦးနှင့် အော်ပီကျယ်)
 - ၂၀၁၂ ဖေဖော်ဝါရီ ၄၊ မကွေးတိုင်း၊ ဆိပ်ဖြူမြို့ စာပေဟောပြောပွဲ (ဆရာ ၂ဦးနှင့် အော်ပီကျယ်)
 - ၂၀၁၂ ဖေဖော်ဝါရီ ၆၊ မကွေးတိုင်း၊ ပခုက္ကူမြို့ စာပေဟောပြောပွဲ (ဆရာမ စန်းစန်းနွဲ့-သာယာဝတီ၊ နုနုရည်-အင်းဝ၊ အော်ပီကျယ်)*
 - ၂၀၁၂ ဖေဖော်ဝါရီ ၇၊ မကွေးတိုင်း၊ ရေစကြိုမြို့ စာပေဟောပြောပွဲ (ဆရာမ နုနုရည်-အင်းဝ၊ မောင်သာချို၊ အော်ပီကျယ်)
 - ၂၀၁၂ ဖေဖော်ဝါရီ ၈၊ မကွေးတိုင်း၊ မြစ်ခြေမြို့ စာပေဟောပြောပွဲ (ဆရာမသန်းမြင့်အောင်၊ မောင်သာချို၊ အော်ပီကျယ်)
 * ပြထားသော မြို့များမှာ စာရေးဆရာများ ရောက်ပြီးမှ လှည့်ပြန်ခဲ့ရသော ပွဲများ ဖြစ်သည်။

သူတို့တတွေ အိမ်အပြန်

 (၁)
ပြောရလျှင် ဒီရက်ပိုင်း စာမရေးဖြစ်ပါ။ ခရီးယာယီများနေသောကြောင့်ဖြစ်သည်။
ခါတော်မီတုပ်ကွေးနှင့် တိုးနေသောကြောင့်လည်းဖြစ်သည်။ ထို့ထက် ဖတ်စရာတွေ
မနိုင်မနင်းများနေသောကြောင့်လည်း ဖြစ်ပါသည်။ သတင်းထူးတွေ တသွင်သွင်စီးနေသော ကာလမို့
ခါတိုင်း ပုံမှန်မဖတ်ဖြစ်သော ပြည်တွင်းဂျာနယ်တွေကိုပင် တကူးတကရှာပြီး တခုတ်တရဖတ်နေရသည်။
 အဆိုပါ သတင်းရေစီးတွင် မင်္ဂလာအရှိဆုံး သတင်းတစ်ပုဒ်ကား  ဆယ်စုနှစ်များနှင့်ချီ၍ထောင်ဒဏ်ကျခံနေရသော နှစ်ကြီးယုံကြည်ချက် အကျဉ်းသားတွေ အစုလိုက်အပြုံလိုက်လွတ်လာသော သတင်းပင်။ အထူးသဖြင့် လူထုချစ်သော  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေပါလာသည်။
သူတို့ကို လူတွေက သောင်းသောင်းဖြဖြကြိုကြသည်။ မလိုင်လုံး ထုပ်ကလေးကိုင်ရင်းမျက်ရည်စမ်းစမ်းဖြင့် ကျောင်းသားခေါင်းဆောင်ကို ဖက်ပွေ့ကြိုဆိုနေသော အဘွားအိုတစ်ယောက်၏သတင်းဓာတ်ပုံဆိုလျှင် ထိထိခိုက်ခိုက်ရှိလှသည်။
 လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ဝန်းကျင်ကဆိုလျှင် သူတို့တစ်တွေမှာ အသက်နှစ်ဆယ်ဝန်းကျင်လူငယ်လူရွယ်များ။ ယခုတော့ အသက်လေးဆယ်ကျော် လူလတ်ပိုင်းတွေဖြစ်နေချေပြီ။
သူတို့မျက်နှာပေါ်တွင် နုပျိုမှု၏ အမှတ်အသားများကို မတွေ့ရတတ်တော့။ ဇရာ၏ လက္ခဏာများကနေရာယူထားချေပြီ။ ယုံကြည်မှုတစ်ခုအတွက် ဘ၀၏ အလှပဆုံး၊ အချိုမြိန်ဆုံး၊ အနုပျိုဆုံး အချိန်တွေကိုထားရစ်ခဲ့ချေပြီ။ စာရေးသူအနေနှင့်မူ သူတို့တစ်တွေကိုသော်လည်းကောင်း နောင်လာမည့်မျိုးဆက်များကိုသော်လည်းကောင်း ယခုလို ဘ၀ကြမ်းကြမ်း ခရောင်းလမ်းတွေမကြုံစေ ချင်တော့ပါ။
သမိုင်းတစ်ကျော့ မလည်စေချင်တော့ပါ။ ကျွန်တော်တို့တိုင်းပြည်တွင် ရင်နာစရာတွေများရုံမျှမကလျှံ၍ပင်နေပြီထင်ပါသည်။
 (၂)
တိုင်းမ်မဂ္ဂဇင်း အက်ဆေးဆရာတစ်ယောက်ဖြစ်သူ ဇိယာအက်ဘ်ဒိုလ်ခါရင်မ်က သူ၏ အက်ဆေးတစ်ပုဒ်ဖြစ်သည့်“ In Search of New Heroes ” တွင် ယခုလိုရေးဖူးသည်။ “လူ့အဖွဲ့အ စည်းတစ်ရပ် ကံဆိုးမိုးမှောင်ကျနေပြီဆိုလျှင်သူရဲကောင်းတွေ ပေါ်ထွက်တတ်ပါသည်။ သို့နှင့်တိုင် အဆိုပါလူ့အဖွဲ့အစည်းသို့ ကံကောင်းခြင်းများသယ်ဆောင် လာဖို့ဆိုလျှင် စွန့်လွှတ်အနစ်နာခံရဲသော သူရသတ္တိတစ်ခုတည်းနှင့် မလုံလောက်ပါ။
သူရဲကောင်း အသည်းနှလုံးကို တည့်မတ်ရှေ့ဆောင်နိုင်မည့် အမြော်အမြင်ကြီးသောဦးနှောက်ရှိဖို့လည်း လိုပါ သည်...”စသဖြင့်။

နိုင်ငံများ၏ ဒီမိုကရေစီအရေးတော်များ၊ တစ်နည်း- ဒီမိုကရက်တိုင်ဇေးရှင်းသမိုင်းကိုကြည့် လိုက်လျှင်လည်းအဖွင့်ကျားကွက် ရွှေ့ခဲ့ကြသူများမှာ ဘ၀နှင့်ရင်းပြီး အမှောင်ကန့်လန့်ကာဖွင့်ခဲ့ကြသည့်
“တက်ကြွလှုပ်ရှားသူတွေ” ( Activists ) သာဖြစ်ပါသည်။ သို့နှင့်တိုင် ဒီမိုကရေစီခရီးကိုရေဆုံးရေဖျား ဆက်နိုင်ဖို့ဆိုလျှင် တက်ကြွလှုပ်ရှားသူမျှဖြင့် မလုံလောက်ပါ။
“ပညာဖြင့်ယှဉ်၍နိုင်ငံရေးလုပ်တတ်သူများ” (ပရော်ဖက်ရှင်နယ်နိုင်ငံရေးသမားများ) ရှိဖို့လိုသည်ဟုအီတလီနိုင်ငံ ဖလောရင့်တက္ကသိုလ်မှ ပါမောက္ခဖိလစ်ပီရှမစ်သာကဆိုသည်။
 ဤအတွက် အကောင်းဆုံး ဥပမာမှာ ဗိုလ်ချုပ်အောင်ဆန်းဟု သဘောရပါသည်။ကိုအောင်ဆန်းမှာ ဒုတိယကျောင်းသားသပိတ်(၁၉၃၆ သပိတ်) က မွေးထုတ်လိုက်သောတက်ကြွလှုပ်ရှားသူဖြစ်သည်။ နောက် ဒို့ဗမာအစည်းအရုံးဝင် သခင်အောင်ဆန်းဖြစ်လာသည်။
၁၃၀၀ ပြည့် အရေးတော်ပုံတွင်  “လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေး” ဆိုသောမဟာဗျူဟာလမ်းကြောင်းတစ်ခုကိုချမှတ်ဖော်ထုတ်သူ၊ပရော်ဖက်ရှင်နယ်နိုင်ငံရေးသမားဖြစ်သွားသည်။
လွတ်လပ်ရေးတိုက်ပွဲတွင် စစ်ရေးက အဓိကဖြစ်လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာပြန်သည်။စစ်ပြီးခေတ် လွတ်လပ်ရေးတိုက်ပွဲတွင်မူ ဦးအောင်ဆန်းအဖြစ် ဖဆပလကို ဦးဆောင်ပြီးတစ်မျိုးသားလုံးညီညွတ်မှုအင်အားဖြင့် လွတ်လပ်ရေးကို အရယူပေးခဲ့သည်။ နိုင်ငံရေးဆိုသည်မှာအခြားသော လောကဓမ္မတာများနည်းတူ နုရာမှရင့်လာရသည် မဟုတ်ပါလော။
 (၃)
ယနေ့ရောက်ရှိနေသော မြန်မာ့ဒီမိုကရက်တိုင်ဇေးရှင်း၏ အခင်းအကျင်းသစ်မှာ ကနဦးကာလ၁၉၈၈ ၀န်းကျင်နှင့်မတူတော့ပါ။ ဒီမိုကရေစီရေးအတွက် ရင့်မှည့်လာသော နိုင်ငံတကာရေစီးနှင့်ပြည်တွင်းနိုင်ငံရေးအင်အားစုများ၏ ရင့်ကျက်လာမှုကြောင့် ထိခိုက်နာကျင်စရာတွေ နည်းပါးလိမ့်မည်ဟုမျှော်လင့်ရသော လမ်းကြောင်းသစ်တစ်ရပ် သို့ “တည်” မိပြီဟုထင်ပါသည်။ ဤလမ်းကြောင်းသစ်ကယခင်ကလို ဆန့်ကျင်ဘက်များ အပြန်အလှန်ဖယ်ထုတ်ဖို့မဟုတ်။ အမျိုးသားရင်ကြားစေ့ရေးဖြင့်ဘုံတူညီချက်ရှာကာ ဒီမိုကရေစီရေးသို့ ဦးတည်ကြဖို့ဖြစ်သည်။
တစ်ကျော့ပြန် ၈၈မျိုးဆက်များ၏ အင်တာဗျူးများတွင် အဆိုပါအပြောင်းအလဲနှင့်ပတ်သက်သောအကောင်းမြင်အရိပ် နိမိတ်အချို့ကို “ဆ၀ါး” မိ၍ ကျေနပ်ရသည်။ သူတို့က အစိုးရသစ်၏ပြုပြင်ပြောင်းလဲမှုများကို တစ်စုံတစ်ရာ သိမှတ်လက်ခံသည့် သဘောရှိသည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော  NLD ရွေးချယ်လိုက်သည့် လမ်းကြောင်းကိုလည်းခံတွင်းမတွေ့သည့်လက္ခဏာမျိုးမတွေ့ရပါ။ဘ၀၏အထုအထောင်းဒဏ်ရာဒဏ်ချက်များ အကင်းသေကောင်းမှ သေနိုင်သည့်တိုင်သူတို့အားလုံးတွင် ရင့်ကျက်သော ဆင်ခြင်တုံတရားအပြည့်ရှိပြီဟုထင်ပါသည်။

လူထုကမူ သူတို့ရှေ့ဆက်ကြမည့် ခြေလှမ်းတွေကို စိတ်ဝင် တစားစောင့်ကြည့်နေကြသည်။အချို့က သူတို့ကို ခွပ်ဒေါင်းအလံနှင့်ခွဲမမြင်၊ တွဲမြင်ချင်ကြဆဲရှိသည်။ အချို့က နိုင်ငံရေးပါတီထောင်ပြီးရွေးကောက်ပွဲလမ်းကြောင်းလိုက်စေလိုသည်။ အချို့ကမူ ပါတီနိုင်ငံရေး၊ အာဏာနိုင်ငံရေးလမ်းကြောင်းမလိုက်ဘဲအမျိုးသားနိုင်ငံရေးလမ်းကြောင်းပေါ်မှာပဲ ရှိစေချင်သည်။ စာရေးသူအနေနှင့်မူ ပါတီနိုင်ငံရေး၊အမျိုးသားနိုင်ငံရေးခွဲခြားကြည့်မြင်ကြသည်ကို ဘ၀င်မကျ။ ၁၉၉၀ ရွေးကောက်ပွဲ အကြိုကာလလောက်ကဤအမြင်မျိုး အတော်အသံကျယ်ခဲ့ဖူးသည်။ ထိုစဉ်ကတည်းက ဘ၀င်မကျ။
 (၄)
အမှန်စင်စင် ဒီမိုကရေစီရေးမှာ မြန်မာတစ်မျိုးသားလုံး၏အရေး၊ တစ်နည်း အမျိုးသားရေးပင်ဖြစ်သည်။ဒီမိုကရေစီရေးနှင့် အမျိုးသားနိုင်ငံရေးကို တသီးတခြား ခွဲလို့မရ။ တစ်ထပ်တည်းပင်ဖြစ်သည်။အတူတူပင်ဖြစ်သည်။ နိုင်ငံရေးပါတီများ ဖွဲ့စည်းလှုပ်ရှားကြသည်မှာလည်းဒီမိုကရေစီရေးအတွက်ပင်ဖြစ်သည်။အမျိုးသားနိုင်ငံရေးပင်ဖြစ်သည်။ နိုင်ငံရေးပါတီထောင်သည်နှင့် အမျိုးသားနိုင်ငံရေးမဟုတ်ဟု ပြောမရ။
လုံးဝ(လုံးဝ) ပြောမရ။ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ မှတစ်ဆင့် အာဏာရယူဖို့ ကြိုး ပမ်းကြသည်မှာလည်းဒီမိုကရေစီရေးအတွက်လက်တွေ့လုပ်ပိုင်ခွင့်အာဏာရယူဖို့သာဖြစ်သည်။အမျိုးသားနိုင်ငံရေးပင်ဖြစ်သည်။ စာရေးသူကတော့ ဤအတိုင်းပဲမြင်သည်။
 ၈၈ မျိုးဆက်များ နိုင်ငံရေးပါတီထောင်မထောင်ဆိုသည်မှာ သူတို့ ဆုံးဖြတ်ချက်နှင့်သူတို့ဖြစ်သည်။ပါတီထောင်သည်ဖြစ်စေ မထောင်သည်ဖြစ်စေ ဒီမိုကရေစီရေး တစ်နည်း အမျိုးသားနိုင်ငံရေးဦးတည်ချက်မှ သွေဖည်မသွားနိုင် ဟုယုံကြည်သည်။ နိုင်ငံရေးပါတီတွေ လိုအပ်သည်ထက်များလွန်းနေလျှင် ဒီမိုကရက်တစ်အင်အားစုများ ညီညွတ်ရေးအတွက် အဟန့်အတားဖြစ်ကောင်းဖြစ်နိုင်သော်လည်းဤသို့ ပါတီတွေများခြင်းသည်ပင် ဒီမိုကရေစီအသွင်ပြောင်းခါစ နိုင်ငံများ၏ အခြင်းအရာဖြစ်လေရာအကောင်းအဆိုး ဝေဖန်ဖို့မသင့်ဟုထင်သည်။
 အရေးကြီးသည်မှာ ဂိုဏ်းဂဏအစွဲတွေကို ကျော်ကြည့်နိုင်ဖို့ပင်ဖြစ်သည်။ဒီမိုကရေစီ မျှော်မှန်းချက်၊ တစ်နည်း အမျိုးသားရေး မျှော်မှန်းချက်ကိုမျက်ခြည်မပြတ်ဖို့ပင်ဖြစ်သည်။ ယနေ့ ရောက်ရှိနေပြီဖြစ်သော အဆင့်နေရာမှနောက်ပြန်မဆုတ်ဘဲ ရှေ့တိုးနိုင်ဖို့ပင်ဖြစ်သည်။ ဤအတွက် ဆန္ဒထက် အမြော်အမြင်ကပိုအရေးကြီးလိမ့်မည်ဟု ထင်သည်။ အသည်းနှလုံးထက် ဦးနှောက်က ပိုကြီးဖို့လိုမည်ထင်ပါသည်။
 (ကျော်ဝင်း)

ပြောတော့ မိုး ထိုးတော့ မြေကြီး မဖြစ်စေဖို့ (မောင်ဝံသ)

၀၈ ၀၂ ၁၂ ယနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့  မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။
 ပြောတော့ မိုး ထိုးတော့ မြေကြီး မဖြစ်စေဖို့
 ဒီကနေ့ ကျွန်တော်တို့နိုင်ငံမှာ အစိုးရက ဦးဆောင်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ အများက နားလည်ထားကြပါတယ်။ ဒါပေမယ့် အစိုးရရဲ့ အဲဒီဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ အရှိန်အဟုန်ဟာ နှေးနေတယ် ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတယ်ဗျ။ ဒါ့အပြင် အစိုးရရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွင်း တစ်ခါ တစ်ခါ အားတက်သရောတွေ တွေ့လိုက်ရ၊ တစ်ခါ တစ်ခါ အားပျက်စရာ အားမရစရာတွေ့လိုက်ရ ဆိုတာမျိုးတွေ မကြာခဏဆိုသလို ကြုံတွေ့နေကြရတဲ့အပေါ် ဝေဖန်မှုတွေနဲ့ သင်္ကာမကင်းဖြစ်မှုတွေလည်း ရှိနေသေးတယ်ဗျာ။
 ဒီချုပ်ခေါင်းဆောင်ရဲ့ သဘောထားအမြင်
    အထူးသဖြင့် အစိုးရရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားမှတ်ချက်တွေကလည်း ပြည်သူတွေအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိနေတယ်ဗျ။
    ပြီးခဲ့တဲ့လွတ်လပ်ရေးအောင်ပွဲနေ့က ၀ါရင့်နိုင်ငံရေးသမားကြီးတွေက ဦးစီးပြုလုပ်တဲ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ လက်မှတ်နဲ့ ထွက်ပေါ်လာတဲ့ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပတ်သက်ပြီး ]]ကျွန်မကတော့ သမ္မတကြီးဦးသိန်းစိန် ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို အမှန်တကယ်ပဲ လုပ်ချင်တဲ့ဆန္ဒရှိသူလို့ ယုံကြည်တယ်။ ဒါပေမယ့် အစိုးရအဖွဲ့ဆိုတာက သမ္မတကြီးတစ်ယောက်တည်းရှိတာမှ မဟုတ်ဘဲ}} လို့ ပြောခဲ့တယ်ဗျ။ ဒါ့အပြင် NLD ဒီချုပ်ပါတီက ထုတ်ဝေတဲ့ ]ဒီလှိုင်း]စာစောင်အတွဲ (၁)၊ အမှတ် (၂)မှာလည်း ]]မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ပြန်လှည့်လို့မရတော့တဲ့အဆင့်တော့ မဟုတ်သေးဘူး။ တကယ်ကို ပြုပြင်ပြောင်းလဲမှုတွေဟာ ပြန်လှည့်လို့မရတော့တဲ့အထိ စိတ်ချရဖို့ဆိုရင်တော့ တပ်မတော်က ပါဝင်ပူးပေါင်းဖို့ လိုလိမ့်မယ်။ တပ်မတော်မပါဘဲနဲ့တော့ ကျွန်မတို့ဟာ အောင်မြင်ပြီလို့ ပြောလို့မရသေးပါဘူး}} လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်ဗျ။
 မယုံသေးသူတွေကို အပြစ်မတင်
    ကျွန်တော်တို့ စာရေးဆရာ၊ သတင်းစာဆရာ မီဒီယာသမားတွေ အပါအ၀င် ပြည်သူတွေကိုယ်တိုင် မြင်တွေ့ကြားသိနေကြရဆဲ ဖြစ်တဲ့ အားတက်စရာတွေကြားထဲက အားပျက်စရာဖြစ်ရပ်တွေ သတင်းတွေနဲ့ ဒီချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီလိုမျိုး သုံးသပ်ချက်တွေအပြင် အချို့အချို့သောသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ရိုင်းပြတဲ့ အသုံးအနှုန်းနဲ့ ခေါ်ဝေါ်နေဆဲ၊ မလိုလားကြောင်း လူအများရှေ့ အတိအလင်းပြောနေကြဆဲ အခြေအနေတွေကို ပေါင်းစပ်လိုက်တဲ့အခါ တောင်တက်လမ်းမှာ မောင်းနှင်နေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ မော်တော်ကား ကြီး နောက်ကို ပြန်လိမ့်သွားမယ့် အန္တရာယ် လုံးလုံးလျားလျား မရှိတော့ပါဘူးလို့ စိတ်ချလက်ချ မယုံနိုင်သေးတာကို အပြစ်မတင်တော့ဘူးဗျာ။
 ပြည်သူ့ခေတ် မုခ်ဦးမှာ
    ဒါပေမယ့် ဘာပဲပြောပြော သမ္မတကြီးနဲ့ လူထုခေါင်းဆောင်တို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးခဲ့ကြတာ အစ၊ ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းလိုက်တာအလယ်၊ ထင်ရှားတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သံဃာတော်တွေ အပါအ၀င် ယုံကြည် ချက်အကျဉ်းသားတွေကို အစုလိုက် အပြုံလိုက် ပြန်လွှတ်ပေးလိုက်တာ အဆုံး ပြည်သူ့ဆန္ဒကို လေးစားအသိအမှတ်ပြုတဲ့ အစိုးရရဲ့လုပ်ရပ်တွေ၊ တပ်မတော်အကြီးအကဲ အပါအ၀င် နိုင်ငံ့ခေါင်းဆောင်တွေ အကြိမ်ကြိမ်အထပ်ထပ်ပေးခဲ့တဲ့ ]]နောက်ကို ဘယ်တော့မှ ပြန်မလှည့်တော့ပါဘူး}} ဆိုတဲ့ ကတိစကားတွေအပါအ၀င် ပေးထားချက်တွေအရ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံဟာ (လူကြောင့်ဖြစ်တဲ့ ကြမ္မာဆိုးနဲ့ နောက်တစ်ကြိမ်ထပ်မကြုံရတော့ဘူးဆိုရင်) ဒီမိုကရေစီပြည်သူ့ ခေတ်သစ်ရဲ့ မုခ်ဦးမှာ ရောက်ရှိနေပြီလို့ ဆိုနိုင်တယ်ဗျာ။
 ပြည်သူတွေရဲ့ ဒီမိုကရေစီအသိ ရေချိန်
    ဒါကြောင့် လောလောဆယ်မှာ ဒီမိုကရေစီ ၀န်းကျင်အနေအထား ပီပီပြင်ပြင် ဖြစ်မလာသေးပေမယ့် အနှေးနဲ့အမြန်ဆိုသလို ကျွန်တော် တို့နိုင်ငံမှာ ဒီမိုကရေစီမြင်ကွင်းများကို ပိုမိုမြင်တွေ့လာတော့မှာ သေချာနေတယ်ဗျ။ ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီပန်းတိုင် ဆီသို့ ချီတက်ရာမှာ ခြေလှမ်းမြန်ခြင်း၊ နှေးခြင်းဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီအသိပညာရေချိန် မြင့်ခြင်း နိမ့်ခြင်းနဲ့ တိုက်ရိုက်အချိုးကျမှာ ဖြစ်တယ်ဗျ။ ပြောရရင် နိုင်ငံရေးတက်
 အမှန်တရားသည်သာ အင်အား
    ဒီမိုကရေစီကို အလေးမထားတဲ့ ခေတ်စနစ်နဲ့နိုင်ငံမှာ ]အင်အားသည်သာ အရာရာ} (Might is Right) သဘောတရားကြီးစိုးပေမယ့် ဒီမိုကရေစီပြည်သူ့ခေတ်မှာတော့ ]အမှန်တရားသည်သာ အင်အား}(Right is Might) သဘောတရားတွင်ကျယ်လာမှာ ဧကန်မလွဲပါပဲဗျ။ ဒီတော့ အနာဂတ် မြန်မာနိုင်ငံမှာ အမှန်တရားလက်ကိုင်ထားသူများသာလျှင် ပြည်သူတွေ ကိုယ်စား နိုင်ငံရဲ့ အရေးအရာတွေကို စီမံခန့်ခွဲပိုင်ခွင့်ရကြမှာ ဖြစ်တယ်။ ပြည်သူတွေက အမှန်တရားလက်ကိုင်ထားပြီး သူတို့အကျိုးအတွက် စွန့်လွှတ်အနစ်နာခံဆောင်ရွက်သူ၊ တရားကို သိရုံသာ သိသူ မဟုတ်ဘဲ အမှန်တကယ် လက်တွေ့လိုက်နာကျင့်ကြံသူ၊ အပြောနဲ့အလုပ် တစ်ထပ်တည်းကျသူ၊ ရိုးသားဖြောင့်မတ်တည်ကြည်ပြီး သူတို့ကို ပွင့်ပွင့်လင်းလင်း ဆက်ဆံသူတွေရဲ့ လက်ထဲကိုသာ သူတို့ရဲ့ ကံကြမ္မာကို အပ်နှံမှာ ဖြစ်တယ်ဗျ။
 မဟတ္တမဂန္ဓီကြီးရဲ့ ဆုံးမစကား
    ဒီနေရာမှာ အပြောနဲ့အလုပ် တစ်ထပ်တည်းကျတဲ့သူဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ကျွန်တော် မကြာခင်က ဖတ်ခဲ့ရတဲ့ စာစုလေးတစ်ခု အကြောင်း ပြောပြချင်တယ်ဗျ။ အဲဒီစာစုကို ဒီနှစ် ဇန်န၀ါရီလထုတ် မြတ်မင်္ဂလာစာစောင်ရဲ့ ]အယ်ဒီတာ့အာဘော်}မှာ ဖတ်ခဲ့ရတာ ဖြစ် ပါတယ်။ အိန္ဒိယလွတ်လပ်ရေး ခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီရဲ့ ဘ၀တစ်ကွက်အကြောင်း ဖြစ်ပါတယ်။
    တစ်နေ့မှာ အမျိုးသမီးတစ်ဦး သူ့သားငယ်ကို လက်ဆွဲပြီး ဂန္ဓီကြီးဆီ ရောက်လာတယ်။ ကိစ္စက သားငယ်ဟာ သကြားလုံး အစားများ ပြီး ချောင်းတွေဆိုးနေတဲ့အတွက် ကူညီဆုံးမပေးဖို့ ဂန္ဓီကြီးကို လာရောက်မေတ္တာရပ်ခံတာပါ။ ဂန္ဓီကြီးက နောက်တစ်လကြာမှ လာပါဆိုပြီး ပြောလိုက်လို့ အဲဒီသားသမီးပြန်သွားကြတယ်။ နောက်တစ်လကြာတော့ ရောက်လာတယ်။ ဒီအခါကျတော့ ဂန္ဓီကြီးက ကလေးကို သကြား လုံးတွေ သိပ်မစားဖို့ ချစ်ခင်ကြင်နာချိုသာစွာနဲ့ ဆုံးမလိုက်တယ်။ ကလေးကလည်း ဂန္ဓီကြီးရဲ့စကားကို လိုက်နာပါမယ်လို့ ရိုရိုသေသေ ပြန် ပြောတယ်။ ကလေးအမေက ဒီဆုံးမစကားကို ပထမအခေါက်လာတုန်းကတည်းက ဘာကြောင့် မပြောတာလဲလို့ မေးတယ်။ ဂန္ဓီကြီးဟာ အဲဒီတုန်းက သူကိုယ်တိုင် အချိုတွေလွန်လွန်ကဲကဲ စားနေမိခဲ့တဲ့အချိန်မို့ မပြောခဲ့တာဖြစ်တယ်။ သူတို့သားအမိ ပြန်သွားချိန်ကစပြီး သူ အချိုလျှော့စားခဲ့တယ်။ ဒါကြောင့် အခုအချိန်မှာ သူကိုယ်တိုင် အချိုလျှော့စားနေသူတစ်ယောက်အဖြစ် လိပ်ပြာသန့်သန့်နဲ့ ကလေးကို အချိုလျှော့စားဖို့ ဆုံးမရဲခဲ့တာဖြစ်တယ်လို့ ပြန်ဖြေခဲ့တယ်။
 လျှာအရိုးမရှိ လျှောက်ပြောစရာ မဟုတ်
    ဒီဖြစ်ရပ်ကလေးကနေ ဥပဒေသ ထုတ်ယူမယ်ဆိုရင် လာတော့မယ့် ဒီမိုကရေစီခေတ်မှာ ပြည်သူ့အကျိုးအတွက် ထိထိရောက်ရောက် ထမ်းဆောင်သွားကြဖို့ အားခဲ ထားကြတဲ့ (တစ်နည်း)လာတော့မယ့် ဒီမိုကရေစီ ရွေးကောက်ပွဲ တသီတသန်းကြီးမှာ ပြည်သူတွေဆီကနေ သူတို့ကို တရားဝင်ကိုယ်စားပြုခွင့် သို့မဟုတ် ထောက်ခံမဲတောင်းကြဖို့ ရည်ရွယ်ချက်ရှိကြတဲ့ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးသမား တွေအတွက် အရေးကြီးတဲ့ သင်ခန်းစာ တစ်ရပ်ရနိုင်မယ်လို့ ကျွန်တော် ယူဆတယ်ဗျာ။
    ဒီမိုကရေစီခေတ်မှာ ]လုပ်နိုင်သလောက်ပဲပြော၊ ပြောပြီးရင် ဖြစ်အောင်လုပ်}တဲ့နိုင်ငံရေးသမားတွေကို အထူးလိုအပ်တယ်။ ]ပြောတော့မိုး ထိုးတော့ မြေကြီး} လူစားတွေကို မထောက်ခံမိဖို့ သတိကြီးစွာထားရမှာ ဖြစ်တယ်။ ကိုယ်တိုင်က အချိုတွေစားနေပြီး လက်အောက် ငယ်သားတွေကိုတော့အချိုစားတာ မကောင်းဘူးလို့ ပြောတတ်သူတွေကို ရှောင်ရမှာ ဖြစ်တယ်။ အဂတိလိုက်စားမှုပပျောက်ရေး၊ အဂတိကင်းတဲ့ တရားစီရင်ရေး၊ ကြိုးနီစနစ်ပယ်ဖျက်ရေး၊ အတိတ်ကအမှားတွေကို သင်ခန်းစာယူရေး၊ ဥပဒေအထက်မှာ မည်သူမှ မရှိစေရ၊ လက်ညှိုးမကောင်း လက်ညှိုး လက်မမကောင်းလက်မ၊ လက်သင့်ရာစားတော်ခေါ် ဝေစားမျှစား စီးပွားရေး မဖြစ်စေရ စတဲ့ စကားလုံးတွေဟာ လျှာအရိုးမရှိတိုင်း လျှောက်ပြောနေရမှာ မဟုတ်ကြောင်းပါဗျ။
 (မောင်ဝံသ)
 
Lwin Pwin
Blog:                 http://wanna23-23.blogspot.com/
Web-site:           www.nlabr.com

0 comments:

Post a Comment