မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဖေဖေါ်ဝါရီလ ၄ ရက်၊ ၂၀၁၂

ကချင်-ရှမ်း နဲ့ အစိုးရ ဆွေးနွေးပွဲများ

KIO (Kachin Independence Organization) ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ နေပြည်တော်အစိုးရတို့ လွန်ခဲ့တဲ့နှစ် ဇွန်လ (၉) ရက်နေ့က စတင်တိုက်ခိုက်ကြတာမို့ အခုဆိုရင် (၈) လနီးပါး ရှိနေပါပြီ။ (၁၇) နှစ်လောက် အပစ်အခတ်ရပ်စဲခဲ့ပြီးမှ ပြန်လည်တိုက်ခိုက်ကြတာမို့ နိုင်ငံရေးအရ အဖြေမရှာနိုင်ရင် အပစ်အခတ်ရပ်ရေးဟာ အချည်းနှီးဖြစ်နေကြောင်း ကချင်ပြဿနာက သက်သေပြနေပါတယ်။ နိုင်ငံရေး မပြေလည်လို့ စစ်ပွဲတွေပေါ်ပေါက်လာတာဖြစ်တဲ့အတွက် နိုင်ငံရေးဆွေးနွေးပြီး အဖြေရှာနိုင်ရင် ပစ်ခတ်မှုတွေ လျှော့နည်းလာပြီး ပျောက်ကွယ်သွားနိုင်တယ်လို့ KIO က မြင်ပါတယ်။
ဦးအောင်သောင်း ခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီလ (၁၈) နဲ့ (၁၉) ရက်နေ့က ယူနန်ပြည်နယ် ရွှေလီပြည်နယ် ရွှေလီမြို့ မှာ တွေ့ဆုံဆွေးနွေးပေမယ့် အပစ်အခတ်ရပ်စဲဖို့ မလုပ်နိုင်ဘဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ရွှေလီဆွေးနွေးပွဲကို အောင်မြင်မှုလို့ နှစ်ဘက်စလုံးက ယူဆကြပုံ ရပါတယ်။ အပစ်အခတ်ရပ်စဲရေးကို အဓိက ရှေ့ တန်းတင်မထားဘဲ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုကို ဆက်လုပ်နိုင်ရင် တိုက်ပွဲတွေရပ်စဲသွားနိုင်တယ်လို့ ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂွမ်မော် က ဒီဗွီဘီ ရေဒီယိုနဲ့ တွေ့ဆုံမေးမြန်းစဉ်က ပြောဆိုသွားပါတယ်။
သတင်းအကြောင်းအရာကို ဖော်ပြလေ့မရှိတဲ့ အစိုးရသတင်းစာတွေကလည်း အစိုးရနဲ့ ကေအိုင်အို ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ကို ဇန်နဝါရီလ (၂၀) ရက်နေ့က ဖော်ပြပါတယ်။ ဒါကြောင့် ရွှေလီဆွေးနွေးပွဲကို အောင်ပွဲအဖြစ် ဦးအောင်သောင်း တို့ဘက်ကလည်း သတ်မှတ်ထားပုံ ရပါတယ်။ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းဖြေရှင်းရေး၊ ယုံကြည်မှု တည်ဆောက်ရေး၊ စစ်ရေးအရှိန်အဟုန် ထိန်းသိမ်းရေး၊ ဆွေးနွေးတဲ့အကြောင်းအရာကို အမှန်အတိုင်း သတင်းထုတ်ပြန်ရေး စတဲ့အချက်တွေကို သဘောတူကြတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ စစ်မက်အရှိန်လျှော့ချနိုင်ရေး နဲ့ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံရေးနည်းလမ်းနဲ့ ဆက်လက်တွေ့ဆုံ ဆွေးနွေးဖို့ သဘောတူနိုင်ကြတာကို ရွှေလီအစည်းအဝေးရဲ့  ထင်ရှားတဲ့ ဝိသေသလက္ခဏာအဖြစ် မှတ်ယူထားတာ တွေ့ရှိရပါတယ်။
ယုံကြည်မှုတည်ဆောက်ရေးနဲ့ စစ်မက်အရှိန်အဟုန် ကျဆင်းရေးမှာ နှစ်ဘက်က တပ်တွေနေရာချထားရေးကို မဆုံးဖြတ်နိုင်တဲ့အတွက် ကေအိုင်အိုအနေနဲ့ အစိုးရတပ်ရဲ့  လှုပ်ရှားမှုကို စောင့်ကြည့်ရမယ့်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန် က ရှမ်းသံတော်ဆင့် သတင်းဌာနကို ပြောပါတယ်။ အစိုးရ ထိုးစစ်ရပ်ဆိုင်းဖို့ လွန်ခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလမှာ သမ္မတ ဦးသိန်းစိန် က ညွှန်ကြားခဲ့ပေမယ့် အစိုးရတပ်က ဆက်လက်ပစ်ခတ်နေပါတယ်။ ရွှေလီဆွေးနွေးပွဲကျင်းပတဲ့ ဇန်နဝါရီလ (၁၉) ရက်နေ့မှာ ရွှေဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်းမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းက ကချင်တပ်ရင်း (၈) ကို အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြောင်း သိရပါတယ်။ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကလည်း ဝိုင်းမော်မြို့ နယ် စာမရွာအနီးမှာ အစိုးရတပ်က ခြုံခိုတိုက်ခိုက်တဲ့အတွက် ကချင်စစ်ဗိုလ်တဦးကျဆုံးကြောင်း ကချင်သတင်းဌာနက ဖော်ပြပါတယ်။
(၁၆) နှစ် အပစ်အခတ် ရပ်စဲခဲ့ပြီးမှ လွန်ခဲ့တဲ့ မတ်လကစပြီး ပြန်လည်ပစ်ခတ်နေတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ။ ရှမ်းပြည်တပ်မတော်နဲ့ ဦးအောင်သောင်းအဖွဲ့ ဇန်နဝါရီ (၂၈) ရက်နေ့က ပဏာမ သဘောတူချက် ရယူနိုင်တာကို အစိုးရသတင်းစာတွေမှာ အသေးစိတ်ဖော်ပြပါတယ်။ အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော်အကြား အပစ်အခတ်ရပ်စဲပြီး ရှမ်းတပ်ဖွဲ့တွေ ဖြန့်ထားတဲ့နေရာကို အစိုးရက သဘောတူပါတယ်။ ဆက်ဆံရေးစခန်းဖွင့်ရေး၊ သွားရေးလာရေး၊ နယ်မြေအေးချမ်းဖွံ့ဖြိုးရေး၊ ရှမ်းတပ်ဖွဲ့ဝင်တွေ အခြေတကျ လုပ်ကိုင်စားသောက်နိုင်ရေး၊ သွားရေးလာရေး၊ နယ်မြေအေးချမ်းဖွံ့ဖြိုးရေး၊ ရှမ်းတပ်ဖွဲ့ဝင်တွေ အခြေတကျလုပ်ကိုင် စားသောက်နိုင်ရေး နဲ့ ထာဝရငြိမ်းချမ်းရေး၊ နယ်မြေအေးချမ်းဖွံ့ဖြိုးရေး၊ ရှမ်းတပ်ဖွဲ့ဝင်တွေ အခြေတကျ လုပ်ကိုင်စားသောက်နိုင်ရေး နဲ့ ထာဝရငြိမ်းချမ်းရေး စတာတွေကို ဆက်လက်ဆွေးနွေးဖို့ သဘောတူကြတယ်လို့ ဖော်ပြပါတယ်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး၊ အချုပ်အခြာ အာဏာတည်မြဲရေး စတဲ့ အရေး (၃) ပါးကို ပင်လုံစိတ်ဓါတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူကြောင်းကိုလည်း ဖော်ပြထားပါတယ်။
ထူးခြားတာက ဇန်နဝါရီလ (၁၉) ရက်နေ့က ကေအိုင်အိုနဲ့ ဆွေးနွေးတုန်းကတော့ ပင်လုံဆိုတဲ့ ဝေါဟာရကို ဦးအောင်သောင်း တို့ဘက်က လိုလိုလားလား မရှိဘူးလို့ ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန် က ရှမ်းသံတော်ဆင့် သတင်းဌာနကို ပြောပါတယ်။ ပင်လုံကို အစိုးရဘက်က မသုံးချင်ဘူးလို့ ဆိုပါတယ်။ ကချင်အဖွဲ့နဲ့ ဆွေးနွေးစဉ်က ပင်လုံကို မသုံးဖို့ ရှောင်ရှားခဲ့တဲ့ ဦးအောင်သောင်းတို့အဖွဲ့ဟာ ရှမ်းအဖွဲ့နဲ့ ဆွေးနွေးတဲ့အခါမှာ ပင်လုံစိတ်ဓါတ်နဲ့ ဒို့တာဝန်အရေး (၃) ပါးကို အကောင်အထည်ဖော်ဖို့ သဘောတူကြောင်း အတိအလင်း ဖော်ပြပါတယ်။ နိုင်ငံရေး စေ့စပ်ဆွေးနွေးပွဲမှာ ဝေါဟာရအဓိပ္ပါယ် ဖွင့်ဆိုပုံ ကွဲပြားခြားနားနေတာကို အရင်ဆုံး ညှိနှိုင်းဖို့လိုကြောင်း ပြသနေတာ ဖြစ်ပါတယ်။
ဇန်နဝါရီလ (၁၂) ရက်နေ့က ကေအန်ယူ နဲ့ အပစ်အခတ်ရပ်စဲနိုင်ခဲ့တဲ့ ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ ဖေဖေါ်ဝါရီလဆန်းက မွန်ပြည်သစ်ပါတီနဲ့ အပစ်အခတ်ရပ်စဲဖို့ ပဏာမ သဘောတူချက် ရယူနိုင်တဲ့အတွက် ရှေ့ ကပြေးနေပါတယ်။ ဒါပေမဲ့ အစိုးရသတင်း မီဒီယာမှာ ဦးအောင်မင်း အဖွဲ့ ရယူလိုက်တဲ့ ကေအန်ယူ သဘောတူချက်ပါ အကြောင်းအရာမဖော်ပြဘဲ ဦးအောင်သောင်းအဖွဲ့က ကချင်နဲ့ ရှမ်းအဖွဲ့တို့နဲ့ ဆွေးနွေးတဲ့အကြောင်းအရာတွေကိုသာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါကိုကြည့်ရင် သတင်းဖြန့်ချီရေးမှာတော့ ဦးအောင်သောင်းတို့အဖွဲ့က တပန်းသာသလို ဖြစ်နေပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ခွင့် အမေရိကန်တောင်းဆို

မြန်မာနိုင်ငံမှာ လာမယ့် ဧပြီ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်မျှတမှု ရှိ မရှိ နိုင်ငံတကာ လေ့လာရေးအဖွဲ့တွေကို စောင့်ကြည့်ခွင့်ပေးဖို့ မြန်မာအစိုးရကို အမရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်သည်ဟုသိရှိရသည်။
အမေရိကန်လက်ထောက်နိုင်ငံခြားရေး မိုက်ကယ်ပေါ့စ်နာက ၀ါရှင်တန်မှာ အမေရိကန် အမျိုးသားဒီမိုကရေစီထောက်ပံ့ရေးအဖွဲ့ NED က ကျင်းပတဲ့ အလုပ်ရုံ ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။ မိုက်ကယ်ပေါ့စ်နာက ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတကာကို စောင့်ကြည့်ခွင့်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ကိစ္စ မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့ဖူးတဲ့ အကြောင်းနဲ့ ပြည်တွင်းက စောင့်ကြည့် လေ့လာသူတွေကိုရော ပြင်ပနိုင်ငံတွေက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေအတွက်ပါ လမ်းဖွင့်ပေးလိမ့်မယ်လို့  အရမ်းကို မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

ဒါ့ပြင် ကြားဖြတ်ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ စစ်တပ်ကြီးစိုးတဲ့ လွှတ်တော်ရဲ့ ချိန်ခွင်လျှာကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပေမယ့် ဒါဟာ လာမယ့် ၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲသစ်ဆီ ဦးတည်တဲ့ ဒီမိုကရေစီကူးပြောင်းရေး လမ်းပေါက်သွားမယ်လို့လည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

လွှတ်တော် အသီးသီးမှာ လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် နေရာ ၄၈ နေရာအတွက် မြန်မာနိုင်ငံမှာ လာမယ့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းမယ်လို့ မြန်မာရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာပါ။

မကြာခင်က မြန်မာနိုင်ငံ သွားရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကတော့ ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတမှု ရှိရင် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ် အရေးယူထားမှုတွေ ပယ်ဖျက်ပေးဖို့ ပြဿနာ မရှိနိုင်ဘူးလို့လည်း ပြောကြားခဲ့ဖူးပါတယ်။ အာရှနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေကို လေ့လာစောင့်ကြည့်နေတဲ့ (ANFREL) ခေါ် လွတ်လပ်တဲ့ ရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ရက်အဖွဲ့ကတော့ မြန်မာ့ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို သဘောတူတဲ့အကြောင်း ဒါပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတကာလေ့လာသူတွေကို ပွင့်ပွင့်လင်းလင်း တရားဝင် ကြိုဆိုမယ့် လက္ခဏာ မတွေ့ရသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

ANFREL ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး မစ္စက်စွမ်ဆရီဟာနန်အန်တစွခ်က “မြန်မာအုပ်ချူပ်ရေး တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံခြားမီဒီယာတွေနဲ့ သံတမန်တွေ အပါအ၀င် စောင့်ကြည့်သူတွေကို ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အရင်က ရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် တုံ့ပြန်တာမရှိပါဘူး။ ခွင့်ပြုမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဘယ်လောက်ပွင့်လင်းလွတ်လပ်မှု ရှိသလဲ သွားကြည့်ချင်တဲ့ ဆန္ဒရှိပါတယ်” လို့ ပြောပါတယ်။

ဒါ့ပြင် မဲဆွယ်မှုတွေအတွက်၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ရွေးကောက်ပွဲအကြိုကာလဟာ အရမ်းကို အရေးကြီးတဲ့အကြောင်း၊ မွန်နဲ့ကချင်တို့လို လူနည်းစုတွေအတွက် အစိုးရက ဘယ်လောက်လမ်းဖွင့် ပေးထားတယ်ဆိုတာ ကြည့်ချင်တဲ့အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီတခေါက်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှာဖြစ်လို့ သူဘယ်လောက် လွတ်လပ်ခွင့်ရလဲဆိုတာလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက မျက်စိဒေါက်ထောက် ကြည့်နေမှာပါလို့  ANFREL အဖွဲ့ ကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ပြည်တွင်းပြည်ပ လေ့လာသူတွေကို စောင့်ကြည့်ခွင့်ပြုဖို့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀န်းက တောင်းဆိုခဲ့ဖူးပေမယ့် မြန်မာအစိုးရက ခွင့်ပြုခဲ့ခြင်း မရှိပါဘူး။

ကိုလိုနီစရိုက်ကို ဗိုက်ထဲမှာ ထည့်ထားတဲ့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး 
 
ကရင်ပြည်နယ်၊ မြဝတီမြို့က ထိုင်းနယ်စပ်မြို့လေးပါပဲ။  အရင်က ထိုင်းနိုင်ငံနဲ့ မြန်မာအစိုးရနဲ့ မတည့်တော့နိုင်ငံတော်က လူကြီးတွေ မလာကြဘူး။ အခုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံ လာသွားမှ ထိုင်းနဲ့ မြန်မာ စကားတောင် တခွန်းမပြောရဘဲ ချက်ချင်းတည့်သွားကြတယ်။

မြန်မာဖက်ကလူကြီးတွေ (စစ်တပ်လူတွေ) ကလည်း အရင်က ထိုင်းနိုင်ငံဆိုရင် အရမ်းမုန်းကြတယ်။ ပြည်နယ် ဝန်ကြီးချုပ်ဆိုရင် မုန်းလွန်းလို့ ထိုင်းက ထွက်တဲ့ဆန် ခေါက်မလိကိုမှ မှာစားတာလို့ ကုန်သည်တွေ ပြောတာသိရတာပါ။ အခုတော့လည်း အိမ်နီးချင်းဆိုပြီး ခတ်ရိုင်းရိုင်းပြောတဲ့စကားတွေ ဘယ်ရောက်သွားကြလဲမသိဘူး။ ဘယ်မျက်နှာနဲ့ ရင်ဆိုင်ပြီး လက်ဆွဲနှုတ်ဆက်နေလည်း မသိဘူး၊  တရွှတ်ရွှတ်လာနေလို့ ဝန်ထမ်းတွေကော၊ အပြင်လူတွေကော၊ ဘုန်းကြီးတွေပါမကျန် တော်တော်ဒုက္ခရောက်နေရတယ်။

ဖေဖေါ်ဝါရီ ၃ ရက်နေ့ကလည်း ပြည်နယ်ဝန်ကြီးချုပ်နဲ့ လူကြီးတွေ အောက်ဖက်က လာလို့ ဘုန်းကြီးတွေကို ကြိုတင်
ခေါ်ထားတာ မနက်ကျောင်းမှာ ဆွမ်းစားပြီးကတည်းကပဲ။ ရောက်တော့လည်း ညနေပိုင်းမှပေါ့။ ဘာသာရေး ဆိုတော့
ဂေါပကအဖွဲ့တွေမှာ တာဝန်ရှိတယ်လေ။ အခမ်းအနား ပြင်ရတယ်။ ဘုန်းကြီးတွေ ပင့်ဖိတ်ရတယ်။

အဲဒီလူကြီးတွေက လှူဖွယ်ဝတ္ထု ကပ်မယ်ဆိုလို့ ဂေါပကအဖွဲ့က ကန်တော့ပွဲခြင်းတွေ အိတ်စိုက် ဝယ်ရတယ်။
လောလောဆယ် ပိုက်ဆံမရှိလည်း ဆိုင်တွေမှာ အကြွေးလိုက်ဝယ်ပေါ့။ ဒါကတော့ ထုံးစံပဲလေ။ ဝန်ထမ်းတွေကလည်း အာဏာရှင်တွေ လာတဲ့အခါ တိုက်ပုံလေးတွေနဲ့ တော်တော်ကြာ စောင့်နေကြရတယ်။ ထမင်းငတ်သူက ငတ်ပေါ့။ ဒါက လူတွေအပိုင်းပေါ့။ ဘုန်းကြီးတွေကျတော့ ခဏခဏ အပင့်ဖိတ်ခံရတယ်။ အဲဒီလူကြီးတွေ မလာတဲ့အခါ ဘုန်းကြီးတွေ လည်း သူတို့ဝန်ထမ်းတွေလိုပေါ့ ပြန်သွားရတာပါပဲ။ ဒို့ကို ကန်တော့မယ့် ကန့်တော့ပွဲခြင်းလေးတွေကို ဂေါပက အဖွဲ့က
ပြန်သိမ်းသွားတယ်။ ဒီလိုပဲ ဘုန်းကြီးတွေ ကန်တော့ပွဲပြပြီး အညာခံရတာ ခဏခဏပဲ။

ရဟန်းသံဃာတွေထက် အာဏာပိုင်က ပိုမြင့်မြတ်တယ်ဆိုတာ ဘုန်းကြီးတို့ အခုမှ သိတယ်။ တီဗွီ၊ ဗွီဒီယို ရိုက်ဖို့ ဘုန်းကြီးတွေကို အသုံးချမှန်းသိရတယ်။ သံဃာကို ရိုသေစွာ ကန်တော့ချင်လို့တော့ မဟုတ်ပါဘူး။ ဖေဖေါ်ဝါရီ ၂ ရက်
နေ့ကတော့ ပြည်နယ်ဝန်ကြီးချုပ်လာမယ်ဆိုလို့ ဘုရား ဂေါပကအဖွဲ့က သာသနာ့ ဗိမာန်မှာ အခမ်းအနား ပြင်ဆင်ပေး တာကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်တင် ဆိုသူက  ပြင်ဆင်တာ မကြိုက်လို့ဆိုပြီး လက်ထောင်ပြီး ပါးရိုက်မယ်လို့
ပြောတာ တွေ့ရတော့ အာဏာရှင်တွေ လက်အောက်မှာ ငရဲခံနေရမှန်း သိရတယ်။ အစည်းအဝေးတွေမှာလည်း ငါက စစ်သားပီပီ စစ်သားတွေကို အမိန့်ပေး အုပ်ချုပ်သလို အုပ်ချုပ်မယ်လို့ပြောတာကို ဝန်ထမ်းတွေဆီက ကြားလိုက်ရတော့ ကရင်ပြည်နယ်မှာ ဒီမိုကရေစီမရသေးပါလား၊ စစ်အုပ်ချုပ်ရေးစနစ် အတိုင်းပဲဆိုတာ ကွဲကွဲပြားပြား သိလာရတယ်။
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဆောင်ပုဒ်က “ကိုလိုနီစရိုက်ကို ဖျောက် ပြည်သူ့အကျိုးကို စောင့်ရှောက်” ဆိုတဲ့ သူတို့ရုံးမှာ ကပ်ထားတဲ့ ဆောင်ပုဒ်က ခရိုင်အုပ်ချုပ်ရေးမှူး ဗိုက်ထဲ ရောက်သွားတယ်ထင်တယ်။ မနက်ဆိုရင် သူ့အိမ်မှာ ကုန်သည်
တွေ တရုန်းရုန်းနဲ့ အလုပ်ပဲ ကြိုးကြိုးစားစားလုပ်တာလား။ သူ့ဆရာ ပြည်နယ်ဝန်ကြီးချုပ် သင်လိုက်သလို ဝန်ထမ်းတွေ အပေါ် မိုက်ရိုင်းဘို့ လုပ်နေတာလား။ ၎င်းကို မွေးတဲ့မိဘက မဆုံးမခဲ့တာပဲလား။ တပ်မတော်ထဲ ရောက်သွားလို့ မိုက်ရိုင်းသွားတာလား မသိဘူး။
တရားမဝင် ကားမှောင်ခိုတွေနဲ့ ပေါင်းပြီး လက်ဆောင်ပေးတဲ့ တရားမဝင် without ပါကျဲရိုး မော်တော်ကားကို ဇိမ်နဲ့စီးပြီး ဝန်ထမ်းတွေအပေါ် မာနထောင်လွှားနေတယ်။ နိမ့်ကျတဲ့ ဝန်ထမ်းတွေ၊ ကျောင်းဆရာ/ ဆရာမ တွေ ကိုလည်း ပြည်နယ် ဝန်ကြီးချုပ် နာမည်တပ်ကာ အနိုင်ကျင့် အုပ်ချုပ်တယ်။ ဘုန်ကြီးတို့ သံဃာတွေကိုလည်း မကြည်ညိုချင်နေပါ သံဃာတွေကို မဟုတ်ကဟုတ်က မပြောစေချင်ဘူး။
နိုင်ငံတော်သမ္မတကြီးခင်ဗျား  ဒီလိုမိုက်ရိုင်းတဲ့ ခရိုင်အုပ်ရေးမှူးတွေကြောင့် အစိုးရရဲ့ဂုဏ်သိက္ခာဆိုတာ အလိုလို ကျဆင်းပါတယ်။ ဒါကြောင့် အနာဂတ်အတွက် ယဉ်ကျေးလိမ္မာတဲ့ အုပ်ချုပ်ရေးမှူးကောင်းတွေ ရွေးချယ်ခန့်ပါလို့ တိုင်ကြားအကြံပြုသလို ပြည်ထဲရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးကိုကို လည်း မြဝတီမြို့ကို လူရွေးချယ် တာဝန်ပေးမယ်ဆိုရင်လည်း လူတော်လူကောင်းများ ရွေးချယ်တာဝန်ပေးစေလိုကြောင်း အကြံပြု တိုင်ကြားအပ် ပါတယ်။
ဦးဇင်း ကေသလ (မြဝတီ)

အပိတ်ခံထားရသည့် မွန်အမျိုးသားနေ့ ရန်ကုန်မှာ ကျင်းပခွင့် ပြန်ရ 

၁၅ နှစ်တာ အခမ်းအနားဖြင့် ကျင်းပခွင့် တားမြစ်ခံရသည့် ရန်ကုန် မွန်အမျိုးသားနေ့ကို
ပြန်လည် ကျင်းပခွင့် ရပြီဖြစ်ကြောင်း မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ရန်ကုန်) က ပြောသည်။
၁၉၄၈ ခုနှစ်မှ စတင်ကျင်းပလာခဲ့ကြသည့် မွန်အမျိုးသားနေ့ အခမ်းအနား ရွှေရတုသဘင်ကို ၁၉၉၇ ခုနှစ်က ပဒုမ္မာ ကဇာတ်ရုံတွင် နောက်ဆုံးအကြိမ် ကျင်းပခွင့်ရပြီးနောက် ပိတ်ပင်ခံထားရရာမှ ယခုနှစ် ၆၅ ကြိမ်မြောက် အခမ်းအနား ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရုံးက ပြန်လည် ကျင်းပခွင့်ပေးခြင်း ဖြစ်သည်။
အစိုးရသစ်အနေနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အလေးထားသည့်အတွက် ယခုကဲ့သို့ ကျင်းပခွင့်ပေးခြင်း
ဖြစ်သည်ဟု ယုံကြည်ကြောင်း ကျင်းပရေး ကော်မတီ (ရန်ကုန်) အတွင်းရေးမှူး နိုင်စိုးကြည်က ပြောသည်။
“အရမ်းဝမ်းသာပါတယ်။ မွန်တိုင်းရင်းသား အားလုံးကလည်း အရမ်းကို ပီတိဖြစ်ပါတယ်။ အစိုးရသစ်ကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။ သိမ်ဖြူကွင်း မွန်အမျိုးသားနေ့ သမိုင်းကြောင်းကို သတိရတယ်ပေါ့ဗျာ” ဟု သူက ပြောသည်။
၁၉၈၈ ခုနှစ်ထိ ရန်ကုန် မွန်အမျိုးသားနေ့ အခမ်းအနားကို သိမ်ဖြူကွင်းတွင် နှစ်စဉ် ကျင်းပလာခဲ့ပြီး နောက်ပိုင်းတွင် ပဒုမ္မာကဇာတ်ရုံသို့ ပြောင်းရွှေ့ကျင်းပခဲ့သည်။ သိမ်ဖြူကွင်းတွင် ကျင်းပလာခဲ့စဉ်က မွန်ရိုးရာ လက်ဝှေ့ပွဲ အပါအဝင် ရိုးရာပျော်ပွဲရွှင်ပွဲများဖြင့် ထူးခြား စည်ကားခဲ့သည်။
နအဖ စစ်ကောင်စီလက်ထက် ၁၉၉၈ မှစ၍ မွန်အမျိုးသားနေ့ကို မွန်ပြည်နယ်အတွင်းမှာသာ ကျင်းပရမည်ဟု ကန့်သတ်ထားခဲ့သည်။ ထိုကာလတလျှောက်တွင် အထိမ်းအမှတ်အနေဖြင့် သံဃာတော်များအား ဆွမ်းဆပ်ကပ်ခြင်း
ဖြင့်သာ ကျင်းပလာခဲ့ရသည်။
ယခုနှစ် ရန်ကုန် အခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၅ နာရီမှ ၁၀နာရီထိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်တွင်လည်းကောင်း၊ နံနက်ပိုင်းတွင် ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း အပါအဝင် တိုင်းရင်းသား ကျေးရွာတွင် သင်္ကြန် ထမင်းဖြင့် ဧည့်ခံကျွေးမွေးပြီး ဖျော်ဖြေပွဲ အစီအစဉ်များကိုလည်းကောင်း အသီးသီး ကျင်းပမည် ဖြစ်ကြောင်းနိုင်စိုးကြည်က ပြောသည်။
မွန်အမျိုးသားနေ့ကို မိမိဒေသအလိုက် ကျင်းပလာခဲ့ရာမှာ ရွှေရတုသဘင် ဖြစ်သည့် ၁၉၉၇ ခုနှစ်မှ စပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်များ စုပေါင်းကာ ကျင်းပရေး ဗဟိုကို ဖွဲ့စည်းခဲ့သည်။
ဗဟိုအဆင့်ကို ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ဗဟိုအခမ်းအနားကို နှစ်စဉ် နေရာဒေသ ပြောင်းရွှေ့ကာ ကျင်းပလာခဲ့သည်။ ၂ဝ၁၁ ခုနှစ်က ဗဟိုအခမ်းအနားကို မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင်လည်းကောင်း၊ ၂ဝ၁ဝ ခုနှစ်က ချောင်းဆုံတွင် လည်းကောင်း၊ ၂ဝဝ၉ ခုနှစ်က မုဒုံတွင်လည်းကောင်း ရွှေ့ပြောင်း ကျင်းပခဲ့သည်။
၆၅ ကြိမ်မြောက် ဗဟိုအခမ်းအနားကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းရွာတွင် ကရင်ပြည်နယ် အစိုးရ ခွင့်ပြုမိန့်ဖြင့် ကျင်းပမည် ဖြစ်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်လည်း တက်ရောက်မည် ဖြစ်သည်။
အလားတူ မွန်ပြည်နယ် မြို့တော် ဖြစ်သည့် မော်လမြိုင်မြို့ အခမ်းအနားကို ပြည်နယ်ခန်းမတွင် ကျင်းပမည် ဖြစ်ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်မည်ဖြစ်ကြောင်း မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီ (ဗဟိုနှင့် မော်လမြိုင်) မှ ဖျော်ဖြေရေး တာဝန်ခံ မိမိုးမိုးက ပြောသည်။
ယခုနှစ် မွန်အမျိုးသားနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာကို ပတ်ဝန်းကျင်ရှိ ကျောက်မိုင်းကြောင့် ကွာကျပျက်စီးခံနေရ သည့် အေဒီ ၈ ရာစု မွန်လက်ရာဖြစ်သည့် ကရင်ပြည်နယ် ဘားအံမြို့အနီး ကော့ဂွန်းဂူကြီးရှိ ကျောက်နံရံမှ အုတ်ခွက် ဘုရား ဆင်းတုတော်ပုံများနှင့် မွန်ကျောက်စာများဖြင့် သရုပ်ဖော်ထားသည်။
သမလ၊ ဝိမလ မင်းညီနောင်နှစ်ပါး ဟံသာဝတီ မင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ ကျင်းပခဲ့သည်။

ရန်ကုန် အရှေ့ပိုင်း ပြည်သူ့ ဆေးရုံကြီး လေ့ကျင့် ကုသရေးဆောင် ဆောက်လုပ်ရန် ဂျပန် အစိုးရ က ဒေါ်လာ ၇၆၅၉၀ ထောက်ပံ့

ဂျပန်အစိုးရ၏ သေးစားစီမံ ကိန်းများ ထောက်ပံ့ရေး အစီအစဉ် အရ ရန်ကုန် အရှေ့ပိုင်း ပြည်သူ့ ဆေးရုံကြီး လေ့ကျင့်ကုသရေးဆောင် ဆောက်လုပ်ရေး အတွက် ဂျပန်အစိုး ရက အမေရိကန် ဒေါ်လာ ၇၆,၅၉၀ ကို လူသားချင်းစာနာ ထောက်ထား မှုအထောက် အပံ့အဖြစ် ပေးအပ်ခဲ့ ကြောင်း ရန်ကုန်မြို့ရှိ ဂျပန်သံရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရ သည်။
မြန်မာ- ဂျပန် ချစ်ကြည်ရေးပို မိုခိုင်မာရန် ထိုကဲ့သို့ကူညီခြင်းဖြစ် ပြီး မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး သံမှူးကြီး မစ္စတာ အီချီယိုမာရူယာ မာနှင့် ရန်ကုန် အရှေ့ပိုင်းပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက် တာဒေါ်တင်တင်စိန် တို့သည် ဇန်န၀ါ ရီ ၁၈ ရက်တွင် အထောက်အပံ့ ပေး ရေးသဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။

အနောက်တိုင်း နိုင်ငံများက အီရန်နိုင်ငံကို နျူကလီးယား အစီအစဉ်အား ချက်ချင်းစွန့်လွှတ်ရန် ရာဇသံပေးလိုက်ပြီးနောက်

အနောက်တိုင်းနိုင်ငံများနှင့် အီရန်နိုင်ငံတို့ တင်းမာမှုများ အရှိန်မြင့်လာပြီးနောက် ဗြိတိန်နိုင်ငံသည် ပင်လယ်ကွေ့သို့ စစ်တပ်များ စေလွှတ်ရန် စီစဉ်နေကြောင်း ဗြိတိန်ကာကွယ်ရေး ဝန်ကြီးက ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ဖော် ပြောကြားလိုက်သည်။ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဖိလစ်ဟန်မွန်းက ဟောမက်ဇ် ရေလက်ကြားကိစ္စနှင့် ပတ်သက်၍ တင်းမာမှုများ ဖြစ်ပေါ်လာပြီးနောက် ဗြိတိန်ရေတပ်သင်္ဘော HMS ArgyIIကို ပင်လယ်ကွေ့သို့ စေလွှတ်ကာ အမေရိကန်ရေတပ်နှင့် ပူးပေါင်းစေမည်ဟုဆိုသည်။ ၎င်းအပြင် လိုအပ်ပါက စစ်အင်အားများကို ထပ်မံတိုးချဲ့ စေလွှတ်သွားမည် ဟုဆိုသည်။ နျူကလီးယား ကိစ္စအတွက် ဥရောပနိုင်ငံများက အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် အီရန်နိုင်ငံသည် ၃၅ရာခိုင်နှုန်းသော ကမ္ဘာ့ရေနံတင်သဘောင်္များ ဖြတ်သန်းရာ ဖြစ်သည့် ဟောမက်ဇ်ရေလက်ကြားကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
ဇန်နဝါရီလ ၂၃ ရက်နေ့ ညတွင် ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းက ဗြိတိန်နိုင်ငံသည်အီရန်နိုင်ငံက နျူကလီးယားလက်နက်ထုတ်လုပ်မည့်အရေးကို လုံးဝလက်ခံမည်မဟုတ်ကြောင်း ယတိပြတ်ပြောကြားခဲ့သည်။ အမေရိကန် လေယာဉ်တင်သဘောင်္ဖြစ်သော USS အီဘရာဟင်လင်ကွန်း သည်လည်း ဇန်နဝါရီလ ၂၃ရက်နေ့တွင် ဟောမက်ဇ် ရေလက်ကြားသို့ ဦးတည် ထွက်ခွာသွားကြောင်း သိရသည်။ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကေဗင်ရုဒ်ကလည်း သူ၏နိုင်ငံသည် ဥရောပသမဂ္ဂကို ထောက်ခံကာ အီရန်နိုင်ငံ၏ ရေနံတင်ပို့မှုကို ပိတ်ပင်သွားမည် ဖြစ်ကြောင်းဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။ ဥရောပသမဂ္ဂသည် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူခဲ့ပြီး ယင်းမတိုင်ခင် ဇန်နဝါရီလ၂၃ ရက်နေ့ကတည်းက ဂျာမနီဝန်ကြီးချုပ် အိန်ဂျယ်လာမာကယ်၊ ပြင်သစ်သမ္မတ ဆာကိုဇီနှင့်ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ ပူးပေါင်းကာ ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် အီရန်နိုင်ငံသည် သူ၏နျူကလီးယား အစီအစဉ်ကို ချက်ချင်းစွန့်လွှတ်ခြင်း မရှိပါက ကမ္ဘာအလယ်တွင် စီးပွားရေးအရ အထီးကျန်နိုင်ငံအဖြစ် နေထိုင်ရလိမ့်မည်ဖြစ်ကြောင်း သတိပေးထားသည်။

မြန်မာနိုင်ငံ ဘတ်စကားလောကသို့ ဂျာမနီနည်းပညာဖြင့် တည်ဆောက်ထားသော ယာဉ်များဖေဖော်ဝါရီလအတွင်း စတင်ရောက်ရှိမည်

မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလအတွင်း ဂျာမနီနိုင်ငံ၏ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီဖြစ်သော Man SE၏ ကုမ္ပဏီခွဲ Nepplan bus ၏နည်းပညာဖြင့် တည်ဆောက်ထားသော ဥရောပစံချိန်မီ Young Man Busများစတင်ဝင်ရောက်လာ မည်ဖြစ်ကြောင်း Young Man Myanmar Groupမှ ၂၆-၁-၂ဝ၁၂ ရက်က သိရသည်။အဆိုပါ ဘတ်စ်များ၏ တည်ဆောက်ထားပုံ နည်းပညာမှာ မိုနီကုတ်ပ်ဟုခေါ်သော လှောင်အိမ်သဏ္ဌာန်ကဲ့သို့ တစုတစည်းတည်း ဖွဲ့စည်းထားသော ကိုယ်ထည်ရှိပြီး ၎င်းယာဉ်၏ကိုယ်ထည်ကို သံမဏိပိုက်လုံးများဖြင့် လှောင်အိမ်သဏ္ဌာန် တည်ဆောက်ထားသော နည်းပညာကြောင့် ခရီးသည်များကို ပိုမိုလုံခြုံမှုပေးနိုင်သည့်အပြင် ယာဉ်ပိုင်ရှင်များအတွက် လောင်စာဆီနှင့် တာယာပါးနှုန်း ပို၍သက်သာစေရန် တည်ဆောက်ထားခြင်း ဖြစ်ကြောင်းသိရသည်။
''မိုနိုကုတ်ပ် နည်းပညာကို ဘတ်စကားတွေတင် မဟုတ်ဘူး။ လေယာဉ်ကိုယ်ထည် တည်ဆောက်တဲ့ နေရာတွေလည်း သုံးတယ်။ အခုမြန်မာပြည် ဈေးကွက်အတွင်းက ယာဉ်အများစုရဲ့ ဖွဲ့စည်းပုံက အောက်ပိုင်း ဖရိန်နဲ့သံကိုယ်ထည်ကို မူလီဆွဲထားတဲ့စနစ်၊ ဒီအားနည်းချက်တွေက ဖရိန်အလေးချိန်များလို့ ဆီစားတယ်၊ တာယာစားတာတွေဖြစ်လာတာ။Young Man Busတွေရဲ့ အားသာချက်က သီးခြားရှေ့ဝင်ရိုးကို အသုံးပြုထားလို့  မြေပြင်မညီညာရင်တောင် ခရီးသည်များ၏ ငြိမ့်ညောင်းမှုကို လျော့ပါးခြင်းမရှိဘူး'' ဟု Young Man Myanmar Groupမှ တာဝန်ရှိသူတစ်ဦးက ပြည်မြန်မာဂျာနယ်သို့ ပြောကြားသည်။

အီတလီအခြေစိုက် ဒီဇိုင်းကုမ္ပဏီက မြန်မာမှ ဒီဇိုင်းဆွဲနိုင်သူများကို ခေါ်ယူနေ

အီတလီအခြေစိုက် Permasteelisa ဒီဇိုင်းကုမ္ပဏီက မြန်မာနိုင်ငံမှ Auto CAD ဒီဇိုင်းဆွဲနိုင်မည့် Drafter ပညာရှင်များကို ခေါ်ယူနေကြောင်း ၂၅-၁-၂ဝ၁၂ရက်ကသိရသည်။ အဆိုပါ ကုမ္ပဏီ၏ ဒူဘိုင်းရုံးခွဲတွင် တာဝန်ထမ်းဆောင်ရန်ခေါ်ယူခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ဖြစ်သည့် TRCမှတစ်ဆင့် လျှောက်ထားနိုင်ကာ ဝန်ဆောင်ခမှာ အခမဲ့ ဖြစ်ကြောင်း သိရသည်။ လုပ်ခလစာမှာ အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၈ဝဝ မှ၁၅ဝဝ ကြားစတင်ရရှိမည်ဖြစ်ကာ နေထိုင်စားသောက် စရိတ်ငြိမ်းဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံမှ Draftman အချို့ခန့်အပ်ခဲ့ပြီးနောက် မြန်မာ Draftman များကို အဆိုပါကုမ္ပဏီက သဘောကျ၍ အကန့်အသတ်မရှိ ထပ်မံခေါ်ယူခြင်း ဖြစ်ကြောင်းသိရသည်။ ဖေဖော်ဝါရီလ ပထမပတ်တွင် အဆိုပါကုမ္ပဏီမှ လာရောက်ကာ TRCတွင် အင်တာဗျူးစစ်ဆေးမည် ဖြစ်ကြောင်းသိရသည်။''အစိုးရကို အခွန်ဆောင်တာက လွဲရင်အကျိုးဆောင် ကုမ္ပဏီကို ပေးစရာမလိုဘူး၊ အခမဲ့ဖြစ်ပါတယ်။
အခုခေါ်တာကဒူဘိုင်း Projectတွေအတွက် ဒီဇိုင်းတတ်ကျွမ်းသူကို ခေါ်တာဖြစ်တယ်''ဟု TRC၏ ဒါရိုက်တာ ဦးကျော်ကျော်ဆင့်က ပြည်မြန်မာဂျာနယ်သို့ ပြောသည်။အဆိုပါ ကုမ္ပဏီသည် လွန်ခဲ့သောနှစ် ၄ဝခန့်ကပင် နာမည်ကျော် သြစတြေးလျ၏ အထိမ်းအမှတ် တစ်ခုဖြစ်သော Sydney Opera House ကိုဒီဇိုင်းဆွဲခဲ့ကာ ယင်းနောက်ပိုင်း ဒီဇိုင်း၊ အဆောက်အအုံစီမံကိန်းများ၊ အင်ဂျင်နီယာလုပ်ငန်းများ၊ ဗိသုကာဒီဇိုင်း အသစ်အဆန်းများကို ဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ကြောင်းသိရသည်။ ဥရောပတွင် နာမည်ကျော် ပါလီမန်အဆောက်အအုံ၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ French Television ၊ လက်ရှိတည်ဆောက်ဆဲ UAE ရှိ ဒူဘိုင်းလေဆိပ် Terminal ၂ နှင့် ၃၊ ဖော်မြူလာဝမ်းကားပြိုင်ပွဲ ပြေးလမ်းပေါ်တွင် တည်ဆောက်ထားသည့် YAS Viceroy Hotel ၊ဟောင်ကောင်လေဆိပ်၊ မလေးရှား Telekon Tower ၊ US Walt Disney Concert အစရှိသည့် ကမ္ဘာကျော် အဆောက်အအုံ များကိုလည်း အဆိုပါကုမ္ပဏီက တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။

အဆင့်အတန်းမြင့်တဲ့ လူ့အဖွဲ့အစည်း (မောင်ဝံသ)

သတိထားတဲ့ကြားက ကော်ပီလုပ်လိုက်ရင် စာပိုဒ်တချို့ကျန်နေတတ်ပါတယ်။
ယခုလည်း စာကျန်အပိုဒ်ကို ထပ်ဖြည့်ပေးလိုက်ပါတယ်။ တောင်းပန်ပါသည်။

ကျေးဇူးကို ဘယ်လိုသိမလဲ
    ဒီတစ်နေ့ ကျွန်တော်တို့ နိုင်ငံအတွင်း အပြင်မှာရှိနေကြတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအနက် အသက် ၈၀ ၀န်းကျင်ရောက် နေကြတဲ့ ပုဂ္ဂိုလ်ကြီးတွေကလွဲပြီး ကျွန်တော် အပါအ၀င် ကျန်သူအားလုံးဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို မြင်ဖူးတွေ့ဖူး ခဲ့ကြသူတွေ မဟုတ်ဘူးဗျ။ ၀န်းသိုစော်ဘွားကြီးတို့၊ ဆရာစံတို့၊ ဆရာတော် ဦးဥတ္တမတို့၊ ဆရာတော်ဦးဝိစာရတို့ဆိုရင်တော့ ပိုတောင်ဝေးသေးတာပေါ့ဗျာ။ ဒါပေမယ့် အဲဒီပုဂ္ဂိုလ်ကြီးတွေရဲ့နာမည်တွေကို ကျွန်တော်တို့ ဒီကနေ့ ဘာကြောင့် တဖွဖွရွတ်ပြီး တမ်းတ တိုင်တည်နေကြသလဲ။ ဒီကနေ့ ငါတို့လွတ်လပ် အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံသားတွေအဖြစ် ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ် ထည်ထည်ဝါ၀ါ ရပ်တည်ခွင့်ရနေကြတာ အဲဒီပုဂ္ဂိုလ်ကြီးတွေနဲ့ ကျေးဇူးကြောင့်ဖြစ်တယ်ဆိုတဲ့ အချက်ကို အလေးအနက်တွေးတော ဆင်ခြင် ပြီး သူတို့မက်ခဲ့တဲ့ အိပ်မက်တွေကို ဆက်မက်ရင်း ကိုယ်စွမ်းနိုင်သလောက် ကျေးဇူးဆပ်နေကြတာ ဖြစ်တယ်ဗျ။

၅၀၀၀ ကျပ်တန်ဆင်းကဒ် ကိစ္စသည် အမျိုးသားရေး အသွင်ဆောင်လာဟု နိုင်/ကျဉ်းဟောင်း အဖွဲ့ကပြော

 ၅၀၀၀ ကျပ်ဖြင့် မိုဘိုင်းဆင်းကဒ် ၀ယ်ယူနိုင်မည့် စီမံကိန်းနှင့်ပတ်သက်၍ ယခုရက်ပိုင်းအတွင်း ရွှေပြည်တံခွန် ကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တို့တပြန်တလှန် ရှင်းလင်းချက်ထုတ်နေကြသည့်အဖြစ်သည် အမျိုးသားရေး ပြဿနာအသွင်ဆောင်လာကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ သဘောထားကြေညာချက်ထုတ်ပြန်၍ ပြောဆိုလိုက်သည်။
 နိုင်ငံရေး အကျဉ်းသားဟောင်းများ က ယနေ့နေ့စွဲဖြင့် ထုတ်ပြန်သည့် သဘောထားထုတ်ပြန်ချက်တွင် “ပကတိ အရှိတရားပေါ်တွင်အခြေခံ၍ သုံးသပ်ကြည့်ပါက ၎င်းတို့နှစ်ဖက် ပြဿနာမဟုတ်ပဲ အမျိုးသားရေး ပြဿနာအသွင်ဆောင်နေသည်ဟု ကျွန်ုပ်တို့မှ အလေးအနက်ခံယူပါသည်” ဟုဖေါ်ပြထားသည်။
 နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့မှ ဦးဇော်ရဲဝင်းက “ဖုန်းကိုင်နိုင်ရေးဆိုတာ ဆင်းရဲမွဲတေမှုလျော့ချရေးလည်း ဖြစ်တယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလည်းဖြစ်တယ်၊ လူနေမှုအဆင့်အတန်းမြှင့်တင်ရေးလည်းဖြစ်လို့ အားလုံးက၀ိုင်းပြီး လုပ်ကြရမယ့်ကိစ္စဖြစ်တာကြောင့် အမျိုးသားရေး အသွင်ဆောင်တယ်လို့ပြောတာပါ” ဟု ယင်းစကားလုံး သုံးစွဲရခြင်းနှင့်ပတ်သက်၍ YPI သို့ရှင်းပြသည်။
 သဘောထား ထုတ်ပြန်ချက်ထဲတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖုန်းသုံးစွဲသူများအပေါ် လက်ခံကျင့်သုံးနေသော ကနဦးတပ်ဆင်ခ၊ အခွန်အခနှင့် ပဋိဉာဏ်စာချုပ်များသည် ဒေသတွင်း နိုင်ငံများနှင့် လက်ခံကျင့်သုံးပုံကွာဟပြီး များစွာမြင့်မားနေသည်ဟု သုံးသပ်မိသဖြင့် အမြန်ဆုံးဖြေလျော့သင့်သည်ဟုလည်း တိုက်တွန်းထားသည်။
 ပြန်လည်ငွေဖြည့်သွင်းနိုင်သည့် မိုဘိုင်း ဆင်းကဒ် တကဒ်ကို ယခုလက်ရှိ ကျပ် ငါးသိန်းဖြင့်ရောင်းချလျှက်ရှိရာမှ လာမည့် လပိုင်းတွင် ၃ သိန်းထက်မပိုသည့် ဆင်းကဒ်များရောင်းချမည်ဟု မြန်မာဆက်သွယ်ရေးက မီဒီယာအားပြောဆိုထားချိန်တွင် ပုဂ္ဂလိကပိုင် ကုမ္ပဏီတခုဖြစ်သည့် ရွှေပြည်တံခွန် ကုမ္ပဏီက မိုဘိုင်းဆင်းကဒ် တကဒ်ကို ကျပ် ၅၀၀၀ ဖြင့်ရောင်းချနိုင်အောင် ၎င်းတို့ကုမ္ပဏီမှ လုပ်ဆောင်နိုင်ပါကြောင်းနှင့် ယင်းစီမံကိန်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံတင်ပြထားကြောင်း မီဒီယာအား ထုတ်ဖေါ်ပြောဆိုခဲ့သည်။
 ထိုသို့ပြောဆိုပြီး ရက်သတ္တပတ်အနည်းငယ်အကြာ ဇန်န၀ါရီ ၂၉ ရက်နေ့က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ  တာဝန်ရှိသူ ဦးဣဒ္ဓိလှက ရွှေပြည်တံခွန် ကုမ္ပဏီ၏ ကျပ် ၅၀၀၀ တန်မိုဘိုင်းဆင်းကဒ် အစီအစဉ်မှာ လက်ရှိ ဆက်သွယ်ရေး ဥပဒေများအရ မကိုက်ညီခြင်း၊ ကွန်ရက်များအချိန်ယူတည်ဆောက်ရမည်ဖြစ်ခြင်း၊ ရွှေပြည်တံခွန်ကုမ္ပဏီက ခွင့်တောင်းထားသည့် မြန်မာ့ဆက်သွယ်ရေးပိုင်ဆိုင်သည့် မိုဘိုင်းဖုန်းကွန်ရက်အပြင် ဒုတိယမြောက် ကွန်ရက်တည်ဆောက်ခွင့်ကိုလည်း လက်ရှိဆက်သွယ်ရေး ဥပဒေအရ ခွင့်မပြုနိုင်ခြင်းတို့ကြောင့် မဖြစ်နိုင်ဟု တုံ့ပြန် ပြောဆိုသည်။
 သို့သော် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ကြေညာချက်ထုတ်ပြန်ပြီး နောက်တရက်တွင် ရွှေပြည်တံခွန်ကုမ္ပဏီ သတင်းစာရှင်းလင်းပွဲ တခုတုံ့ပြန်ပြုလုပ်ကာ နိုင်ငံတော် သမ္မတရုံးသို့တင်ထားသည့် ၎င်းတို့၏ စီမံချက်မှာ ဆက်သွယ်ရေးနည်းပညာအရ ဖြစ်နိုင်ကြောင်း အစိုးရခွင့်ပြုချက်ရရန် ဆက်လက်ကြိုးစားသွားမည်ဟု ထပ်မံအတည်ပြုပြောကြားလိုက်သည်။
 ထိုကဲ့သို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရွှေပြည်တံခွန်ကုမ္ပဏီတို့အကြား အပြန်အလှန်ပြောဆိုရှင်းလင်းနေစဉ် နိုင်ငံရေး အကျဉ်းသားဟောင်းများက ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ကာ အမြန်ဆုံးအကောင်အထည်ပေါ်ဖို့လိုအပ်ကြောင်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
 မြန်မာနိုင်ငံ၌ မိုဘိုင်းဆင်းကဒ် တကဒ်၏ ဈေးနှုန်းမှာ အိမ်နီးချင်းနိုင်ငံများထက် အဆရာနှင့်ချီ မြင့်မားလျှက်ရှိပြီး တမိနစ်ပြောဆိုခမှာလည်း ထိုင်းနိုင်ငံထက် ၂ ဆပိုမိုများပြားလျှက်ရှိသည်ဟု သိရှိရသည်။ မြန်မာနိုင်ငံတွင် ယမန်နှစ် မတ်လထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းလိုင်း အရေအတွက် ၁ သန်း ၃ သိန်းကျော်ရှိရာ လူဦးရေ သန်း ၆၀ ၀န်းကျင်နှင့်စာလျင် လူ၄၀ ကျော်တွင် တလုံးနှုန်းသာရှိသေးသည့် အခြေအနေဖြစ်သည်။    

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့်တိုက်ဆိုင်ပြီး တက္ကသိုလ် စာမေးပွဲ အချိန်စာရင်း ရုတ်တရက် ကြေညာ

 လာမည့် ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် ပုသိမ်မြို့သို့သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် တိုက်ဆိုင်၍ ပုသိမ်တက္ကသိုလ်တွင် အထူးပြုဘာသာရပ်အားလုံး စာမေးပွဲဖြေဆိုရန် ယမန်နေ့က ရုတ်တရက်ကြေညာခဲ့ကြောင်း ပုသိမ်တက္ကသိုလ်ကျောင်းသားများက ပြောသည်။
 ထိုသို့စာမေးပွဲကို ရုတ်တရက်ကြေညာလိုက်ခြင်းသည် ပုသိမ်မြို့သို့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင်လာရောက်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ကြိုဆိုလိုက်ပါခြင်း မပြုနိုင်အောင် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်မည်ဟု တက္ကသိုလ်ကျောင်းသားနှင့် ဆရာများအချို့က မှတ်ချက်ချပြောဆိုကြသည်။ ဥပဒေ ဒုတိယနှစ်ကျောင်းသူတဦးက “ဒေါ်စုလာမှာမို့လို့ သူတို့ကျောင်းမှာ မဖြစ်မနေရှိနေအောင်လုပ်တာ၊ ၆ ရက်နေ့ဆိုရင်လည်း မနက် ၈နာရီခွဲကတည်းက ပြည်နယ်ဝန်ကြီးချုပ်လည်း တက္ကသိုလ်ထဲလာမယ်၊ ဘာသာရပ်တခုကို လူ ၅၀ တက်ရမယ်၊ မပါတဲ့သူလည်း ကျောင်းဝင်းထဲမှာရှိရမယ်လို့ ပြောထားတယ်” ဟုပြောသည်။
  “အဲဒီနေ့ စာမေးပွဲရှိတယ်လို့ မကြားမိဘူး၊ ၂ ရက်နေ့ နေ့ခင်းပိုင်းလောက်မှ ဆရာမက စာမေးပွဲရှိတာကိုလာပြောတာ၊ ကျောင်းသားကျောင်းသူတွေက စာမေးပွဲတွက် ဘာမှ မပြင်ထားတော့ ဖြေနိုင်မှာမဟုတ်ကြောင်းပြောတယ်၊ ဒါပေမယ့် မဖြေနိုင်လည်း စာမေးပွဲခန်းထဲ ထိုင်နေရုံနဲ့ အမှတ်ရမယ်ပြောတယ် ” ဟု အင်္ဂလိပ်စာ တတိယနှစ် ကျောင်းသူတဦးကလည်း YPI သို့ပြောသည်။
 စာမေးပွဲကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ဘာသာရပ်အားလုံး တရက်ထည်းနှင့် အပြီးဖြေဆိုရန် အချိန်စာရင်းထုတ်ပြန်ထားကြောင်းလည်း တက္ကသိုလ်ကျောင်းသားများက ပြောသည်။
 ”ဒီစာမေးပွဲကိုဝင်မဖြေရင် ကျောင်းခေါ်ချိန်မပြည့်ဘူးလို့ သတ်မှတ်ပြီး ပထမနှစ်ဝက်စာစာမေးပွဲရော ဒုတိယနှစ်ဝက် စာမေးပွဲပါဖြေဆိုခွင့်မရှိဘူးလို့ ကျောင်းမှာ သတိပေးထားတယ်” ဟု ဒုတိယနှစ် ဥပဒေ ကျောင်းသားတစ်ဦးက ပြောသည်။
 ဖေဖေါ်ဝါရီလအတွင်း ယခုကဲ့သို့ စာမေးပွဲကျင်းပသည်မှာ ပုသိမ်တက္ကသိုလ်တွင် ယခင်တခါမှ မကြုံဖူးသေးကြောင်းကိုလည်း တက္ကသိုလ်ဆရာ၊ ဆရာမများကဆိုသည်။ ၆ ရက်နေ့တွင် ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဦးညွန့်ဖေ  တို့က “ကျောင်းပညာရေး တိုးတက်စေရန် ”ဟူသည့် ခေါင်းစဉ်ဖြင့်ဟောပြောမည်ဟုလည်း ကျောင်းသားကျောင်းသူများအား အသိပေးထားသည်။
 ပုသိမ်တက္ကသိုလ်က ယခုကဲ့သို့ ရုတ်တရက်ကြေညာသော်လည်း ပုသိမ်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ပညာရေးကောလိပ်တို့တွင်မူ အလားတူညွှန်ကြားချက်မျိုး ထုတ်ပြန်ထားခြင်း မရှိဟုလည်း သိရသည်။
 ဒေါ်အောင်ဆန်းစုကြည်၏ ပုသိမ်ခရီးစဉ်သည်  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်  ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရန်ဆုံးဖြတ်ပြီးနောက် တတိယမြောက် နယ်ခရီးစဉ်ဖြစ်သည်။ ပထမခရီးစဉ်အဖြစ် ထားဝယ်မြို့သို့ ဇန်န၀ါရီ ၂၉ ရက်နေ့တွင်သွားရောက်ခဲ့ကာ၊ ၃၁ ရက်နေ့တွင် မြိုင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာသို့ ရေရရှိရေး အစီအစဉ်ကြည့်ရှုရန် သွားရောက်ခဲ့သည်။   
 ဒေါ်အောင်ဆန်းစုကြည် ဖေဖေါ်ဝါရီ ၇ ရက်နေ့ ပုသိမ်မြို့သို့လာရောက်စဉ်တွင် ကျောက်တိုင်အားကစားကွင်း၌ နံနက် ၉ နာရီ စတင်ဟောပြောရန် စီစဉ်ထားသည်ဟု ပုသိမ်မြို့ အန်အယ်လ်ဒီ အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရသည်။       

 
Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment