မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဖေဖေါ်ဝါရီလ ၆ ရက်၊ ၂၀၁၂
 
ပုသိမ်မြို့ ၌ အောက်ပါအစီအစဉ်အတိုင်း ဟောပြောမည်ဖြစ်ပါကြောင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် ၏ စည်းရုံးရေးခရီးစဉ်တွင် ပုသိမ်မြို့ ၌ အောက်ပါအစီအစဉ်အတိုင်း ဟောပြောမည်ဖြစ်ပါကြောင်း ခင်မင်လေးစားစွာ အသိပေးအပ်ပါသည်။
နေ့ ရက်။ ။ ၁၃၇၃ ခု၊ တပို့ တွဲလပြည့်နေ့ 
၇-၂-၂၀၁၂ (အင်္ဂါနေ့ )
အချိန် ။ ။ နံနက် (၉း၀၀) နာရီ
နေရာ ။ ။ ကိုးသိန်း အားကစားကွင်းကြီး ၊ ပုသိမ်မြို့ 

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
ဧရာဝတီတိုင်းဒေသကြီးရုံး၊ ပုသိမ်မြို့ 

ဇန်န၀ါရီလ ၂၈ ရက်နေ့၊ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ပြည်နယ်အစိုးရရုံး၌ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှ မန္တလေးပြည်သူလူထုထံသို့ အသိပေးပြောကြားချက်

မန္တလေးပြည်သူတွေ့ ရဲ့  ထောက်ခံအားပေးမှုကို လေးစားတန်ဖိုးထားသလို
မန္တလေးပြည်သူလူထုရဲ့ ရင့်ကျက်တဲ့ နိုင်ငံရေးအမြင်နဲ့ 
တည်ငြိမ်တဲ့စိတ်ဓါတ်ကိုလည်း သိနေပါတယ်။

ခရီးစဉ်ကို ရွှေ့ ပြောင်းလိုက်ရပေမယ့် အဆင်ပြေအောင်လုပ်တဲ့အခါမှာ
ဒီမိုကရေစီပြည်ထောင်စုမြန်မာနိုင်ငံ ခိုင်ခိုင်မာမာတည်ဆောက်လိုတဲ့
ပုဂ္ဂိုလ်အဖွဲ့ အစည်းတွေအကြား ပိုမိုနားလည်မှုတွေ ရရှိလာမယ်လို့ လည်း ယုံကြည်ပါတယ်။

မန္တလေးကို မူလကမှန်းထားတာထက် ပိုပြီးနောက်ကျမှ ရောက်လာရမှာမို့ 
ကျွန်မတို့ နဲ့ ပြည်သူအကြား ပိုမိုမေတ္တာပွားပြီး ပိုမိုနွေးထွေးတဲ့ ပြန်လည်ဆုံဆည်းမှု ဖြစ်မယ်လို့ 
တထစ်ချ ယုံကြည်ပါတယ်။

မန္တလေးကိုရောက်မယ့်အချိန်ကို မျှော်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
ဥက္ကဌ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
ရန်ကုန်မြို့ ။

နေ့ စွဲ ။ ။ ၄-၂-၂၀၁၂
အချိန်။ ။ နေ့ လည် ၁၁ နာရီ ၂၅ မီနစ်

မဂ္ဂင်ကျောင်းအား တိုင်းသာသနာရေးမှ ပြန်လည် ချိတ်ပိတ်

 ၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းအပြီးတွင် စစ်အစိုးရ၏ ချိတ်ပိတ်ခြင်းခံခဲ့ရကာ ယခင်လ ၁၃ ရက်နေ့ တွင်လွတ်မြောက်လာသည့် သံဃာအချို့က ဖွင့်လှစ်သီတင်းသုံး လျှက်ရှိသည့်  ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်အား တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာနမှ ယနေ့မွန်းတည့် ၁၂ နာရီတွင် ပြန်လည် ချိတ်ပိတ်ခဲ့သည်။
 အစိုးရမှ ချိတ်ပိတ်ထားသော ကျောင်းအား တရားမ၀င် ပြန်လည်ဖွင့်လှစ်သီတင်းသုံးခြင်းကြောင့် တရားဝင်ဖြစ်စေရန် ချိတ်ပိတ်ခြင်းဖြစ်၍ လာမည့် ဆယ်ရက်အတွင်း ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း တိုင်းသာသနာရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မဂ္ဂင်ကျောင်းတိုက်ဆရာတော် ဦးဣန္ဒက အား လျှောက်ထားခဲ့သည်ဟု သိရှိရသည်။
မဂ္ဂင်ကျောင်းဆရာတော် ဦးဣန္ဒကက '' ဖြစ်ခဲ့တာတွေက အရင်အစိုးရလက်ထက်မှာဖြစ်ခဲ့တာတွေ၊ အားလုံးကိုသင်ပုန်းချေနိုင်ရမယ်၊ ဒါမှ နိုင်ငံကောင်းစားမယ်၊ အခုလို ပြန်ဖွင့်ပေးမယ်ဆိုတာကိုလည်း ယုံကြည်ပါတယ် '' ဟုမိန့်ကြားခဲ့သည်။
 ယခုကိစ္စနှင့်ပတ်သက်ပြီး သံဃာ့အရေးအခင်းတွင်ပါဝင်ခဲ့ပြီး အကျဉ်းကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးဇင်းဦးဂမ္ဘီရကမူ '' ဘာကို တရားဝင်လို့ဆိုတာလဲ။ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီး သီတင်းသုံးတာ တရားမ၀င်ဘူးလား။ ဒီလိုဆို ဘယ်နားသွား သီတင်းသုံးပေးရမလဲ '' ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။
 ၎င်းက ယခုကဲ့သို့ပြုလုပ်ချင်းမှာ နိုင်ငံတော်သံဃမဟာနာယကနှင့် မြန်မာနိုင်ငံ သံဃတပ်ပေါင်းစုတို့ကို အစိုးရမှ တိုက်ပေးခြင်းဖြစ်ပြီး သံဃာကို သင်းခွဲရာရောက်ကြောင်း မိန့်ကြားသည်။

ယခုကဲ့သို့ မဂ္ဂင်ကျောင်းအား ချိတ်ပိတ်ခဲ့သဖြင့် ယင်းကျောင်းနေ သံဃာတော် ၆ ပါးမှာ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားအနီးရှိ လယ်တီကျောင်းသို့ ပြောင်းလဲ သီတင်းသုံးရမည်ဖြစ်ကြောင်း မဂ္ဂင်ကျောင်းဆရာတော်က မိန့်ကြားသည်။
 မဂ္ဂင်ကျောင်းတွင် သီတင်းသုံးလျက်ရှိသော သံဃာတော်များအားလုံးမှာ ၂၀၀၇ သံဃာ့အရေးအခင်းတွင် ပါဝင်ခဲ့သဖြင့် အကျဉ်းကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း များဖြစ်ကာ ယခုကဲ့သို့ပြန်လည် လွတ်မြောက်လာချိန်တွင်လည်း အာဏာပိုင်များမှ အစဉ်စောင့်ကြည့်လျက်ရှိကြောင်း၊ ထို့ကြောင့် ဒါယိကာ၊ ဒါယိကာမ များမှာ ကျောင်းသို့ လာရန် စိုးရိမ်မှုများဖြစ်နေရကြောင်း မဂ္ဂင်ကျောင်းဆရာတော ဦးဣန္ဒက က မိန့်ကြားသည်။
 ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာအရေးအခင်းတွင် သံဃာအပါးတစ်ထောင်ကျော် အဖမ်းခံခဲ့ရကာ ယင်းတို့အနက်မှ ရာဂဏန်းနှင့်ချီသည့် သံဃာများမှာ သာသနာငြိုးနွမ်းစေမှု အစရှိသည့် ပုဒ်မများဖြင့် တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံခဲ့ကြရသည်။        ။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် စိုးရိမ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက်အလွန်စိုးရိမ်ပူပန် နေပါကြောင်း ယင်းပါတီမှ အတွင်းရေး မှုးဦးဉာဏ်ဝင်းကရန်ကုန်တိုင်းမ်ဂျာနယ် သို့ပြောကြားသည်။
မြန်မာနိုင်ငံ၏ အနာဂတ်ရေးအတွက် အလွန်အရေးကြီးသည့် ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအတွက်ပုဂ္ဂလိ ကလုံခြုံရေး ဝန်ထမ်းသုံးဦး အားခန့် ထားလျှက်ရှိပြီး ယင်းတို့၏စီမံမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေး ကိုစီစဉ် ဆောင်ရွက် ထားကြောင်း ယင်း ကဆက်လက် ပြောကြားသည်။
''ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံ ရေးက တိုင်းပြည်နှင့်လူမျိုးအတွက် အလွန်အရေးကြီးပါတယ်'' ဟု ဦးဉာဏ် ဝင်းကဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအတွက်အန်င်အယ်ဒီလူငယ်များမှ ထပ်ဆင့်ရွေးချယ်ထား သည့်လူငယ် ပါတီဝင်များ နှင့် အားဖြည့်ထား သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မေတ္တာရပ်ခံ၍ အကူအညီတောင်းခံပါက ဒေသဆိုင်ရာ အာဏာပိုင်များ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေးကို ဝိုင်ဝန်း ဆောင်ရွက်ပေး ကြောင်း သိရသည်။
''ပဲခူး ခရီးစဉ်လိုမျိုး တွေမှာလမ်းရှင်း ပေးတာတွေ၊လမ်းကြောင်းလုံခြုံရေးယူတာတွေမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပူးပေါင်း ပါဝင် ဆောင်ရွက် ပေးပါတယ်။သူတို့တွေက ကျွန်တော်တို့ မေတ္တာရပ်ခံရင် ကူညီပေး တာတွေ ရှိပါတယ်'' ဟု ဦးဉာဏ်ဝင်း ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည်ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီကာလများတွင်မြန်မာနိုင်ငံရှိလစ်လပ်မဲဆန္ဒနယ် များသို့နိုင်ငံရေး ခရီးစဉ်များ သွားရောက် မည်ဖြစ်ကာ၊ ယင်းခရီးစဉ်များ တွင်လူထုနှင့်ရင်းရင်း နှီးနှီးထိတွေ့ နိုင်ရန်ပြင် ဆင်ထားသည်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ယင်းသည်နိုင်ငံသားတစ်ဦးဖြစ် သည့်အတွက်သူမ၏လုံခြုံရေးနှင့် ပက်သက်၍ အစိုးရအဖွဲ့အစည်းများတွင် တာဝန်အပြည့်ရှိကြောင်း သတင်းမီဒီယာများအား ထုတ်ဖော်ပြောဆို ထားသည်။
Source :ရန်ကုန်တိုင်းမ်


ကျွန်တော်သင်္ဃန်းကျွန်းသားပါ…. ဒီသင်္ဃန်းကျွန်းမှာပဲ ကျွန်တော်တို့ ၈၈ ကို စတင်ခဲ့တာပါ…. ဒါကြောင့် သင်္ဃန်းကျွန်းသားအချင်းချင်းတော့ ဘာမှ အထူးအထွေ ပြောစရာလိုမယ်မထင်တော့ပါဘူး…. ဟုတ်တယ်မလား ….
(ဟုတ်ပါတယ်) လူထုအော်သံများ
သင်္ဃန်းကျွန်းသားတွေက အခက်အခဲအမျိုးမျိုးကို ရင်ကော့ပြီးတော့ ရင်ဆိုင်ခဲ့ပြီးပြီ…. နံပါတ်တုတ်တွေရှေ့မှာလည်း အလံကိုင်ပြီးတော့ တက်ခဲ့ပြီးပြီ…. သင်္ဃန်းကျွန်းသားတွေ သတ္တိသွေး ဘယ်အရောင်ရှိတယ်ဆိုတာလည်း ပြခဲ့ပြီးပါပြီ… ဟုတ်တယ်မလား …
(ဟုတ်ပါတယ်) လူထုအော်သံများ

တို့ တာဝန်အရေးသုံးပါးအပါအ၀င်၊ ပြည်သူ့သဘောထား၊ နိုင်ငံရေးဦးတည်ချက်၊ စီးပွားရေး ဦးတည်ချက်နှင့် လူမှုရေး ဦးတည်ချက်များကို ယနေ့မှစပြီး ထည့်သွင်းဖော်ပြရန် မလိုအပ်တော့ကြောင်း

ပြည်တွင်း ဂျာနယ်များတွင် မဖြစ်မနေ ထည့်သွင်း ဖော်ပြနေရသည့် တို့ တာဝန်အရေးသုံးပါးအပါအ၀င်၊ ပြည်သူ့သဘောထား၊ နိုင်ငံရေးဦးတည်ချက်၊ စီးပွားရေး ဦးတည်ချက်နှင့် လူမှုရေး ဦးတည်ချက်များကို ယနေ့မှစပြီး ထည့်သွင်းဖော်ပြရန် မလိုအပ်တော့ကြောင်း စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ သက်ဆိုင်ရာ ဂျာနယ်များသို့ နှုတ်အားဖြင့် ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
“အရေးတကြီးတော့ မဟုတ်ပါဘူး၊ ဒီလိုပဲ ဂျာနယ်တွေကို ပြောလိုက်တာပါ” ဟု စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ ၀န်ထမ်းတစ်ဦးက The Messenger ဂျာနယ်၏ ဆက်သွယ်အတည်ပြုချက်ကို တယ်လီဖုန်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။


ချိပ်ပိတ်ခံမဂ္ဂင်ကျောင်းမှ သံဃာတော်များ ကျောင်းမှထွက်ခွာပေးရ
 
ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့မှ ဆရာတော်များ၏ ဆုံးဖြတ်ချက်ဖြင့် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး မဂ္ဂင်ကျောင်းကို လာရောက်ချိပ်ပိတ်ခဲ့သည့်အတွက် မဂ္ဂင်ကျောင်းတွင် သီတင်းသုံး နေထိုင်နေသော သံဃာတော်များမှာ ချိပ်ပိတ်ထားသော မဂ္ဂင်ကျောင်းအတွင်းမှ ထွက်ခွာပေးခဲ့ရပြီ ဖြစ်ပါသည်။
 
လှူဒါန်းသော အလှူငွေများကို စေတီတော်မြတ်ကြီး ပြန်လည် မွန်းမံရေးတွင် သုံးစွဲခြင်းမရှိ

ရန်ကုန်တိုင်း သန်လျှင်မြို့နယ် ဘုရားကုန်း ကျေးရွာမှာရှိတဲ့ ကျိုက်ခေါက် စေတီတော်မြတ်ကြီးရဲ့ဘုရားပွဲမှာ သီးလေးသီး ဆေးရောင်စုံ အဖွဲ့သားများက
သုံးရက်တိုင် ကပြ ဖျော်ဖြေ ခဲ့ကြပါသည်။ သို့သော်လည်း သီးလေးသီး လူရွှင်တော်များရဲ့ပြက်လုံးကြောင့် နောက်ဆုံးညတွင် ဂေါပက ဥက္ကဌ အမိန့်ဖြင့် ပွဲကို
ရပ်ဆိုင်း ခဲ့ရပါသည်။ ထိုစေတီတော်မြတ်ကြီးမှာ တာဝန် ယူထားတဲ့ ဂေါပက ဥက္ကဌသည် စေတီတော်တွင် နှစ်စဉ် ကျင်းပသော ဈေးပွဲတော်မှ ကောက်ခံ
ရရှိသော ငွေများနှင့် လာရောက် လှူဒါန်းသော အလှူငွေများကို စေတီတော်မြတ်ကြီး ပြန်လည် မွန်းမံရေးတွင် သုံးစွဲခြင်းမရှိဘူးဟု သိရှိရပါသည်။ ဒေသခံ
တာဝန်သိ ပြည်သူများက သက်ဆိုင်ရာသို့ တိုင်ကြားစာများ ပို့ခဲ့သော်လည်း မညီမျှသော တရားဥပဒေကြောင့် ရပ်ရွာနေ ပြည်သူများမှာ အခက်အခဲများ
ကြုံတွေ့ နေကြရပါသည်။


အန်အယ်ဒီမှာ ဟောပြောတဲ့ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ပိတ်

 ၂၀၁၁ ခု နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်ထိ ရန်ကုန် အန်အယ်ဒီရုံးချုပ်မှာ ဖွင့်ခဲ့တဲ့ Women Politics Workshop တွင် ဟောပြော ပို့ချခဲ့တဲ့ အာက်ပါ နိုင်ငံခြားသား ၄ ဦးကို နာမယ်ပျက်စာရင်းသွင်းပြီး နောင် မည်သည့် ပြည်ဝင်ခွင့်ဗီဇာကိုမျှ ထုတ်မပေးရန် ပြည်ထဲရေးဝန်ကြီးဌာနကအမိန့်ထုတ်ထားတယ်။
 မြန်မာပြည်ဝင်ခွင့် အပိတ်ခံရတဲ့ နိုင်ငံခြားသား ၄ ဦးကတော့-
 ၁။ Ms. Clavier Megan Ashley Belt………………………U.S Citizen
 ၂။ Ms. Mu Sochua…………………………………………..Cambodian Citizen
 ၃။ Mr. Zomova Paolo Antonio………………………….Pilipino
 ၄။ Ms. Ocampo Rosanna Regime…………………….. Pilipino
 .................................................(@SweSweKyi-FB မှ သတင်းဖြစ်သည်)
 (Zombies News Agency)
 Source: Ministry of Home Affairs, Burma
 .................................................(@SweSweKyi-FB မှ သတင်းဖြစ်သည်)

ကရင်နီ ဆယ်ကျော်သက်ကလေး ပစ်သတ်ခြင်း ခံရ

ကရင်နီ ပြည်နယ် ရှားတော မြို့နယ် သီရိဒါး ကျေးရွာက ဆယ်ကျော် သက်အရွယ် နွားကျောင်းသား လေးတဦး ကို မြန်မာ အစိုးရ တပ်တစုမှ ပစ်သတ်ခဲ့ တယ်လို့ သိရ ပါတယ်။
 ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၇ ရက်နေ့ ညနေစောင်း အချိန် လောက်မှာ ရွာပြင်မှာ နွားပျောက်လို့ လိုက်ရှာ နေတဲ့ အသက် ၁၅ နှစ်အရွယ် ခူး တေရယ်ကို ခလရ ၂၉၅ တပ်ရင်းမှ ဒု- ဗိုလ်မှူးကြီး အောင်ဇေယျ ဦးစီးတဲ့ တပ်ဖွဲ့ တဖွဲ့ ကနေ ပစ်သတ် ခဲ့ခြင်း ဖြစ်တယ်လို့ ကရင်နီ တပ်မ တော်က ဆိုပါ တယ်။
 “၁၂ရက်နေ့က အဲမှာ တိုက်ပွဲဖြစ် တယ်။ အဲဒါဖြစ် တော့ သူတို့ စိတ်တိုပြီး တော့မှ ကလေးက နွားရှာတာ။ သွားပြီး ပြန်လာ တာလား မသိ ဘူး။ လမ်းမှာ တွေ့တော့ ပစ်သတ် လိုက်တာလေ။ ရွာပြင် မှာပဲလို့ ပြောတာပဲ” လို့ ကရင်နီ ပြည် တပ်မတော်က ဗိုလ်မှူး ဖုန်းနိုင်က ပြောပါ တယ်။
ဇန်န၀ါရီလ ၁၂ ရက်နေ့က ရှားတောမြောက်ဘက်ခြမ်း၊ သီရိဒါးရွာအနားမှာ အစိုးရစစ်တပ် ခြေလျင်တပ်ရင်း ခလရ ၂၉၅ နဲ့ နယ်ခြား စောင့်တပ် BGF စစ်ကြောင်းတို့က နယ်မြေရှင်းလင်းရန် ချီတက်လာစဉ် ကရင်နီတပ်ဖွဲ့တဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ပွဲမှာ မြန်မာ အစိုး ရစစ်တပ်မှ ဗိုလ်တဦးနဲ့ တပ်သား ၇ဦး ကျဆုံးပြီး၊ အကြပ်တပ်သား ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
 “သူတို့ သက်သက်လုပ်တာပါပဲ။ အမှန်ဆို ၁၅ ရက်နေ့တုန်းကဖြစ်တဲ့ဟာလည်း တခုခု သူတို့ ခံရပြီဆိုရင် အထက်ကနေ သူတို့ ဒဏ်ပေး နေကျ၊ အမှန်ဆို ဒီအဖွဲ့တွေကလည်း ပြန်တော့မယ်။ အခု သူတို့ တပ်မ ၅၅ နဲ့ နေရာ လဲရတော့မယ်။ အဲဒါ သူတို့ အဲလိုမျိုးဖြစ်ပြီဆိုရင် မပြန်ရဘူး။ အဲလိုမျိုးဖြစ်တော့ သူတို့ စိတ်တိုတယ်” လို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ - KNPP သတင်းနဲ့ ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိတဲ့ ခူဒယ်နီယာက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၅ ရက်နေ့မှာလည်း ကရင်နီပြည် ဖရူဆိုမြို့နယ် ထျေးဘျားညေကျေးရွာက တောတွင်းတနေရာမှာ ထင်းခုတ်၊ ထင်း ဖြတ်နေတဲ့ ရွာသားတချို့ကို မြန်မာအစိုးရစစ်တပ် ခလရ ၂၅၀ က ပစ်ခတ်ခဲ့ရာ ရွာသားတဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသွားပါတယ်။
နှောင်းလှိုင်
၂၀၁၄ခုနှစ် ဧပြီလတွင် ပြည်လုံးကျွတ် လူဦးရေ သန်းခါင်းစာရင်း ပြန်လည် ကောက်ယူမည်

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ကျော် ပြန်လည်ကောက်ယူမူမရှိခဲ့တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက် ယူမှုကို ၂၀၁၄ခုနှစ် ဧပြီလမှစတင်ပြီး ပြန်လည်ကောက်ယူသွားမှာ ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ေ ရးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူရဲ့ပြောပြချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ယခုလို ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူမှုကို ၁၉၈၃ ခုနှစ်က ကောက်ယူခဲ့ပေမယ့် နောက်ပိုင်း မှာတော့ စစ်တမ်းကောက်ယူခြင်းများ မရှိတော့ပဲ ယခုလာမယ့် ၂၀၁၄ခုနှစ်မှာ ပြန်လည်ကောက်ယူမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ တစ်ပြည်လုံး အတိုင်းအတာအနေနဲ့ သန်းခေါင်စာရင်း ကောက်ယူမှုနဲ့ ပတ်သက်ပြီး အချိန်၂နှစ် ခန့်ယူရမှာဖြစ်တဲ့အတွက် သန်းခေါင်စာရင်း ကောက်ယူ ဖို့ ပြင်ဆင်မူတွေကိုပြီိးခဲ့တဲ့ ၂၀၁၁ခုနှစ် ကုန်ပိုင်းမှာ စတင်ကြိုတင်ပြင်ဆင်ခဲ့ပြီး ယခုအခါစစ်တမ်ကောက်ယူရန် စီမံကိန်းများစတင် ရေး ဆွဲနေပြီ ဖြစ်ပါတယ်။

အဆိုပါ စစ်တမ်းကောက်ယူမူဟာ ၂၀၁၄မှာ စတင်ကောက်ယူမှာ ဖြစ်ပေမယ့်စစ်တမ်း ကောက်ယူမှုကိုတော့ ၂၀၁၅ခုနှစ် နှစ်ဆန်းပိုင်းမှာ သာ ပြီးဆုံးမှာဖြစ်ပါတယ်။ ဒီလိုစစ်တမ်း ကောက်ယူရာမှာလည်း မြန်မာနိုင်ငံမှ တာဝန်ရှိသူတွေအပြင် ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေနဲ့စားနပ်ရိက္ခာ ထောက်ပံ့ရေးအဖွဲ့ UNFPA ရဲ့ နည်းပညာပိုင်းဆိုင်ရာနဲ့ ကွန်ပျူတာပိုင်းဆိုင်ရာ အကူအညီတို့နဲ့ ပူးပေါင်းပြီး စစ်တမ်းကောက်ယူသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။


လျှပ်စစ် (၁) ဝန်ကြီးဌာနက အရာထမ်းတဦး၏ ပေးစာ

ကျနော်ဟာ လျှပ်စစ်(၁) မှာ တာဝန်ထမ်းဆောင်နေတဲ့ ညွှန်ကြားရေးမှူးတဦးပါ။ ကျနော်ပြောချင်တဲ့ အကြောင်အရာက ကျနော်တို့ဌာန၊ ကျနော်တို့ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုမရှိ ပြည်သူကို
နားလှည့်ပါးလှည့်လုပ် စီးပွားရေးသမားတွေနဲ့ တရုပ်တွေနဲ့ လက်ဝါးချင်းရိုက်တဲ့ ကိစ္စတွေပါ။ ၁၅-၁၂-၁၁ နေ့မှာ လျှပ်စစ် (၁)၊ အေးရှားဝါးနဲ့ စီပီအိုင် (တရုပ်) တို့ ချီဖွေ စီမံကိန်းကို ဒီဇင်ဘာမှာ
စတင်အကောင်အထည်ဖော်ဘို့ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြတယ်။

၁၅-၁၂-၁၁ ညနေ (၇) နာရီမှာ ဝန်ကြီး ဦးဇော်မင်း အမိန့်နဲ့ ညွှန်ချုပ် ဦးကြီးစိုး က သူလက်မှတ်ထိုးခဲ့ရတယ်လို့ ပြောပါ တယ်။ ၁၆-၁၂-၁၁ နေ့မှာ ဒုသမ္မတ(၁) နဲ့ ဒီစီမံကိန်းကိစ္စကို တနေ့လုံး အကြေအလည် ဆွေးနွေးကြတယ်။ ဒါတွေ အား လုံးကို ကျနော်တို့ရဲ့ ပြည်သူတွေကို
လုံးဝချမပြပါဘူး။ သတင်းစာမှာလည်း မဖေါ်ပြပါဘူး။ ကျနော်တို့ အတတ်ပညာရှင် တွေကိုတောင် အသိပေးဆွေးနွေးခြင်း မပြုခဲ့ပါဘူး။ ငါသိတယ် ငါတတ်တယ်၊ ငါ ကော်မရှင်ယူပြီးသား ငါ လုပ်ချင်ရာလုပ် မယ်၊ ပြည်သူ သဘောတူစရာ မလိုဘူးဆိုတဲ့ သဘောပါ။ တကယ်တော့
ချီဖွေစီမံကိန်းဆိုတာ စီမံကိန်းအသစ် မဟုတ်ပါ ဘူး။မြစ်ဆုံ မြစ်ညှာမြစ်ဝှမ်းစီမံကိန်းထဲက တခုပါ ဒီစီမံကိန်းက သမ္မတကိုယ်တိုင် ရပ်ဆိုင်းကြောင်းကြေညာ ထားတာပါ။ မြစ် ဆုံရဲ့ အထက်ဘက်မိုင် (၆၀) အကွာမေခမြစ်ပေါ်မှာရှိပြီး မဂ္ဂါဝပ် (၃၄၀၀) ထုတ်မှာပါ။


 

စာချုပ်စည်းကမ်းတွေကတော့ အ ရင်စာချုပ်ထဲက အတိုင်းပါ မြစ်ဆုံမြစ်ညာမြစ်ဝှမ်း စီမံကိန်းထဲက တခုဖြစ်တဲ့ မြစ်ဆုံစီမံကိန်းမှာ စိုက်ထုတ်ခဲ့တဲ့ ငွေပမာဏ ကို ကျန် (၆) ခုထဲ ခွဲထည့်လို့ ငွေစာရင်းအရ
ပြောင်းသွားတာပဲ ကွာပါတယ်။ ပြည်သူသိသွားလည်း မြစ်ဆုံကို လုပ်တာမ ဟုတ်ဘူး ချီဖွေကို လုပ်တာပါဆိုပြီး မလှိမ့်တပတ်နဲ့ လိမ်ညာမုသားတွေ ပြောအုံးမှာပါ။

ပြည်သူတွေ မသိရင်တောင်မှ တာဝန်သိဝန် ထမ်းတွေရှိသေးတယ် ပြည်သူကိုလည်း အသိပေးအုံးမယ်ဆိုတာ သိစေချင် တယ်။ သမ္မတရပ်ခိုင်းတာ ဒီမြစ်ဆုံမြစ်ညှာမြစ်ဝှမ်း စီမံကိန်းကြီးတစ်ခုလုံးပါ ၊မြစ်ဆုံလေး တစ်ခုတင်မဟုတ်ပါဘူး၊ ချီဖွေကို လုပ်ရင်လည်း လူမှုရေးရော၊
သဘာဝပတ်ဝန်းကျင်ရောထိခိုက် ပျက်စီးမှာဘဲ၊ အဲဒီနယ်က လူမျိုးတွေရော သယံဇာတ တွေရော အကုန် တရုပ်ကသိမ်းမှာပဲ ထွက်လာမယ့် လျှပ်စစ်ကလည်း တရုပ်နိုင်ငံအတွက်ပဲ အေးရှားဝါး ဦးထွန်းမြင့်နိုင်၊ ဦးဇော်မင်းနဲ့ ဒုသမ္မတ ၁ တို့ မိသားစု ကော်မရှင်ရ ကောင်းစားရေးအတွက်
ကချင်လူမျိုးနဲ့ တိုင်းပြည်သယံဇာတတွေ ရင်းလိုက်ရတာပဲ အဖတ်တင်မယ်။

သမ္မတကြီးကို ပြောပေးပါ ဒီကိစ္စ ပွင့်လင်းစွာ ပြည်သူကို ချပြပေးစေလိုပါတယ်။ ကျနော်တို့ အတတ်ပညာရှင်တွေကို ကြေညက်စွာ ဆွေးနွေးခွင့်ပြုပါ။ ကိုယ်ကျိုးစီးပွါးသာ ကြည့်တဲ့ သက်ဆိုင်ရာအုပ်ချုပ်သူ အဆင့်ဆင့်ကို သန့်ရှင်းကောင်း မွန်တဲ့ အုပ်ချုပ်မှုမျိုးဆောင်ရွက်တတ်အောင်လေ့ကျင့် ပျိုးထောင်ပညာပေးစေလိုကြောင်း

"ပြည်သူရဲ့အာဏာဟာ အစိုးရကို လွှမ်းမိုးနိုင်ရမယ်"

ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်ရွေးကောက်ပွဲစည်းရုံးရေး ပထမဆုံးနိုင်ငံရေးခရီး
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံး စည်းရုံးရေးခရီးစဉ်အဖြစ် တနင်္သာရီ တိုင်း၊ ထားဝယ် မြို့နှင့်လောင်းလုံမြို့များသို့ ဇန်န၀ါရီလ ၂၉ ရက်နေ့က သွားရောက်ရာတွင် မြို့ခံပြည်သူလူထုထောင်ပေါင်းများစွာက သောင်းသောင်း ဖျဖျ ကြိုဆိုခဲ့ကြသည်။
 ထားဝယ်မြို့သို့ ရောက်ရှိပြီးနောက် ထားဝယ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြည်သူများအား နှုတ်ခွန်း ဆက်စကား ပြောကြားခဲ့ရာတွင် အဖွဲ့ ချုပ် အနေဖြင့် အခြေခံလိုအပ်ချက်သုံးခုကြောင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရခြင်း ဖြစ်ကြောင်း၊ ယင်းလို အပ်ချက်များမှာ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေတွင်ပါရှိသော အချက်များထဲမှ ပြည်သူကိုအကျိုးမပြု သောအချက်များအား ပြုပြင်ပြောင်းလဲ နိုင်ရေးတို့ဖြစ်ကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။
 "ပြည်သူတွေ အလုပ်အကိုင်မဲ့မဖြစ် အောင်၊ ဆင်းရဲတွင်းထဲက ထွက်နိုင် အောင် ဥပဒေစိုးမိုးရေးအရေးကြီးတယ်။ ကျွန်မတို့နိုင်ငံမှာ ရှိနေတဲ့ တချို့ဥပဒေ တွေဟာ ပြည်သူတွေလွတ်လွတ် လပ်လပ်လုပ်ကိုင်စားသောက်နိုင်ဖို့ ဟန့်တားထားတာတွေရှိနေတယ်။ အဲဒါတွေကို လွှတ်တော်ထဲကနေ ဖြေရှင်းချင်ပါတယ်။ အနည်းအကျဉ်းသော ဥပဒေတွေကတော့ ဖျက်သိမ်းဖို့လိုနေတယ်" ဟု ထားဝယ်မြို့နယ်အဖွဲ့ချုပ်ရုံးရှေ့တွင် စုဝေးနေကြသော ပြည်သူများအား ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
 ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍လည်း ထားဝယ်မြို့သူမြို့သားများက တိုင်းရင်းသားများ၏ လိုအပ်ချက်၊ မျှော် လင့်ချက် များအား ပိုမိုနားလည်မည်ဟု ထင်ကြောင်း ၎င်းက ပြောသည်။
 "တစ်ယောက်ကို တစ်ယောက်နားလည်ဖို့ ဆိုတာဟာ တစ်ဖက်သားစကားကို နားထောင်ရမယ်။ တစ်ဖက်သားရဲ့ အသံကို လေးစားရ မယ်။ မျှော်လင့်ချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးချင်စိတ် စေတနာရှိရမယ်။ အားလုံးဟာ ဒီလိုတစ်ယောက်နဲ့ တစ်ယောက် ဒီလိုစေတနာထားရင် နိုင်ငံမတိုးတက်စရာ မရှိဘူး"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
 နိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေး အောင်မြင်ပါက ရလာမည့်အခွင့်အရေး များစွာရှိပြီး အဆိုပါအခွင့်အရေးများအား နိုင်ငံအတွက် မှန်မှန်ကန်ကန်သုံးတတ်ဖို့လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်ဖြစ်သူက ဆိုသည်။
 "နိုင်ငံသူ နိုင်ငံသားတွေအတွက် ပေးတဲ့ အကူအညီတွေ နိုင်ငံသားတွေ လက်ထဲရောက်ဖို့အတွက် တရားဥပဒေစိုးမိုးတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတစ်ခု ဘယ်လောက်လိုအပ်တယ် ဆိုတာ ကျွန်မ ထူးထူးထွေထွေ ရှင်းပြဖို့ မလိုဘူးထင်ပါတယ်"ဟု ၎င်းက ပြောသည်။
ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လည်း လေ့လာကြရန် ပါတီဝင်များအား ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြည်သူ တွေကို အကျိုးမဖြစ်တဲ့အချက်တွေကို ပြောင်းလဲပစ်ဖို့ပါပဲ။ ဒါလုပ်ကိုလုပ်ရ မယ်။ရင်ဆိုင် ရဲရမယ်" ဟု ၎င်းကဆိုသည်။
 ဒီမိုကရေစီ ထွန်းကား သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာရန်အတွက် ကောင်းမွန်ဖြောင့်မတ်သည့် နိုင်ငံရေးပါတီများ လိုအပ်ကြောင်း၊ ပြည်သူ များအား ဖြောင့်မတ်စွာ နှင့် နီးကပ်စွာ ဆက်ဆံ ရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။
 "ပြည်သူကို လှည့်ဖျား ဖို့ မကြိုးစားပါနဲ့။ ပြည်သူ ကို လှည့်ဖျားဖို့ကြိုးစားတဲ့ သူတွေဟာ ဘယ်လောက်ပဲ အရှိန်အ၀ါတက်နေ။ ရေတိုသာပဲ ဖြစ်မယ်။ ရေရှည်မှာ ကျသွားမှာပါ။ "မတည်နိုင်တဲ့ ကတိတွေကို အလွယ် မပေးပါနဲ့။ ကျွန်မ အတတ်နိုင်ဆုံးလုပ်မယ်၊ အကောင်းဆုံးလုပ်မယ်။ အတတ်နိုင်ဆုံးထက်တော့ ပိုမလုပ်နိုင်ဘူး"ဟု ၎င်းကဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် ၄၈ နေရာ စလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တနင်္သာရီတိုင်းတွင် ကျွန်းစုမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်နှင့် လောင်းလုံးမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်တို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
 ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် အဖြစ် ရွေးကောက်ခံမည့် အင်န်အယ်လ်ဒီ ကိုယ်စားလှယ်မှာ ဒေါ်တင်တင်ရီဖြစ်ပြီး လောင်းလုံး မြို့နယ်တွင် ဦးအောင်စိုးက ရွေးချယ်ခံမည် ဖြစ်သည်။
 "ရွေးကောက်ပွဲမှာ အရေးကြီးလို့ မဲလို ချင်တာတော့ အမှန်ပဲ။ တကယ်လိုချင်တာက ပြည်သူတွေရဲ့စိတ်ထဲက ထောက်ခံမှု ပဲဖြစ်တယ်။ အဲဒါကသာ တကယ် တန်ဖိုးရှိတယ်ဆိုတာ မမေ့ပါနဲ့။ မဲရပြီး ပြည်သူတွေရဲ့ မေတ္တာနဲ့ယုံကြည်မှုကို မရနိုင်ရင် အနှစ်အရသာ ဘာမှ မရှိတဲ့ အရာပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
 "ဒီမိုကရေစီဆိုတဲ့စကားရဲ့အဓိပ္ပာယ် ကိုက ပြည်သူရဲ့အာဏာ၊ ပြည်သူရဲ့အင်အား။ ပြည်သူရဲ့အာဏာဟာ အစိုးရကို လွှမ်းမိုးနိုင် ရမယ်။ ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်ဟာ ပြည်သူ့ကောင်းကျိုး မလုပ်နိုင်ဘူးဆိုရင် နောက်ရွေးကောက် ပွဲမှာ သူ့ကို လှည့်ကြည့် စရာအကြောင်းကို မရှိဘူး"ဟု ၎င်းက စည်းရုံးရေးခရီးစဉ်၏ အစတွင် ပြောကြားသည်။
 တနင်္သာရီတိုင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အမြဲကျေနပ် အားရမိကြောင်း၊ ၎င်းနေအိမ်အကျယ် ချုပ်ကျနေစဉ် အချိန်ကတည်းက ထွက်လာပြီးနောက် ပထမဆုံးစည်းရုံးရေးထွက်သည့် အခါ တနင်္သာရီကို လာခဲ့ရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ပထမဆုံး ခရီးစဉ်ကို တနင်္သာရီသို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းက လောင်းလုံးမြို့သို့အရောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ လာရောက် အားပေးသူများအား ပြောကြားသည်။
 "ဆင်းရဲသားမှာလည်း မဲတစ်ပြားပဲ။ သူဌေးမှာလည်း မဲတစ်ပြားပဲရှိရမယ်။ ရာထူးအကြီးဆုံးပုဂ္ဂိုလ်ကနေအစ ဘာရာထူးမှ မရှိတဲ့ အသက်ရှိတဲ့ နိုင်ငံသူ နိုင်ငံသားအားလုံး ဟာ မဲတစ်ပြားပဲ ပေးပိုင်ခွင့်ရှိတယ်။ အဲတော့ ရွေးကောက်ပွဲနေ့မှာ ငါဟာလူတိုင်းနဲ့တန်းတူ ပဲလို့ ပြောလို့ရတယ်။ "သာမန်လူတစ်ယောက်ဟာ နိုင်ငံတော်ရဲ့ အကြီးအကဲဖြစ်တဲ့ သမ္မတကြီးနဲ့တောင်မှ ရွေးကောက်ပွဲနေ့မှာတော့ တန်းတူပဲလို့ ပြောပိုင်ခွင့်ရှိတယ်။ ငါဟာ နိုင်ငံရဲ့ ခေါင်းဆောင်ပဲဆိုတဲ့ စိတ်နဲ့ ကြားဖြတ် ရွေးကောက်ပွဲနေ့မှာ မဲပေးကြပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
 လောင်းလုံးမြို့၌ ခေတ္တနားပြီးနောက် အောက်ရေဖြူရွာသို့ သွားရောက်ခဲ့ပြီး မောင်းမကန်ရွာသို့ ဆက်လက်သွား ရောက်ခဲ့သည်။ ထို့နောက် ထားဝယ်မြို့ သို့ပြန်ကာ မြို့လယ်ရှိ ဘေဘီစတိုးတွင် ပြည်သူများအား စကားပြောခဲ့သည်။
 "ကျွန်မတို့ကလေးတွေ နေပျော်မယ့် နိုင်ငံ တစ်ခုဆောက်တည်ဖို့ ကျွန်မတို့မှာ တာဝန်ရှိတယ်။ အားလုံးလိုချင်တဲ့ နိုင်ငံကြီးကို အမြန်ဆုံးတည်ထောင်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်"ဟု ၎င်းက ဆိုသည်။
 ထားဝယ်မြို့သူတစ်ဦးဖြစ်သည့် မသိမ့်သိမ့်စုက ဒီမိုကရေစီခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား လာရောက် ကြိုဆိုခြင်းဖြစ်ကြောင်း ထားဝယ် ရုံးရှေ့၌ ပြောသည်။
 "အရင်ကလည်း လာဖူးတယ်။ ၀မ်းသာ(လိုက်)တာ သမီး ... ရင်ထဲကို .. မျက်ရည်တောင် လည်တယ်။ သူပြောသွားတာတွေ အကုန်လုံးသဘောကျတယ်"ဟု ၎င်းက ဆိုသည်။
 "ထားဝယ်မှာ သူ့ကို အကုန်လုံးထောက်ခံကြတယ်။ (ဆိုင်ကယ်တွေ) အစီးပေါင်း ၁,၀၀၀ လောက်ရှိတယ်လေ" ဟု မသိမ့်သိမ့်စုက ပြောသည်။
 ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စည်းရုံးရေး ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မန္တလေး မြို့သို့လည်းကောင်း၊ ၇ ရက်နေ့တွင် ပုသိမ်မြို့သို့လည်းကောင်း ဆက်လက်သွားရောက်မည်ဖြစ်သည်။
ရွှေယင်းမာဦး
အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)

"မန်းအာဇာနည် ၁၇ ဦး ဗိမာန် သန့်ရှင်းသပ်ရပ်ရေး ပရဟိတအသင်းများ ပူးပေါင်း ဆောင်ရွက်သွားမည်" by Popular Myanmar News Journal

၁၃ဝဝပြည့်အရေးတော်ပုံတွင် မန္တလေးမြို့၌ ကျဆုံးသွားခဲ့သည့် အာဇာနည် ၁၇ ဦး အထိမ်းအမှတ်ဗိမာန်ကို ပြန်လည်သန့်ရှင်းသပ်ရပ် မှုရှိစေရန် မန္တလေးမြို့အခြေစိုက် ပရဟိတလူမှုရေးအသင်းအဖွဲ့များ မှ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ သိရ သည်။

''အာဇာနည် ၁၇ ဦးဟာ မန္တလေးမြို့အနေနဲ့ဆိုရင် အင်မတန် ဂုဏ်ယူစရာ ကောင်းတဲ့အနေ အထားပါ။ ဒီဗိမာန်ကြီးရှိနေတာ နှစ် ပေါင်းကြာနေပါပြီ။ ချုံနွယ်ပိတ်ပေါင်း တွေနဲ့ အင်မတန်ရှုပ်ထွေး နေတာ ကိုတွေ့ရပါတယ်။ ဒါကိုသန့်ရှင်း သပ်ရပ်သွားအောင်ပြုလုပ်ချင်တာ ပါ။ ဒီဗိမာန်ကြီးရှိတယ်ဆိုတာကို မန္တလေးမြို့သူမြို့သား ၈ဝ ရာခိုင် နှုန်းလောက်က မသိကြပါဘူး။ ဒါ ကြောင့် နှောင်းလူငယ်တွေအတွက် လည်း ဂုဏ်ယူစရာအဖြစ်ရှိနေ အောင် ဆောင်ရွက်ချင်တာပါ''ဟု ချမ်းမြသုခ လူမှုကူညီရေးအသင်းမှ အတွင်းရေးမှူး ဦးလှအောင်ကပြော သည်။

လာမည့်ဖေဖော်ဝါရီလ ၁ဝ ရက်နေ့သည် အာဇာနည် ၁၇ ဦးကျဆုံးခဲ့သည့် ၇၄ နှစ်မြောက် နေ့ဖြစ်ပြီး ယင်းနေ့တွင် အမှတ်တရ အဖြစ် ဂူဗိမာန်သန့်ရှင်း သပ်ရပ်ရေး ပြုလုပ် ရန်လျာထားကြောင်း၊ အာ ဇာနည် ဗိမာန်သည် ချုံနွယ်ပိတ် ပေါင်းများဖုံးလွှမ်းနေသည့်အပြင်၊ မစင်အညစ်အကြေးပုံများ၊မကောင်း သော အမျိုးသမီးများကျက်စားရာ၊ အမှိုက်သရိုက်များဖြင့် ညစ်ထေးသည့် နေရာအဖြစ်ရှိနေကြောင်း၊ ယင်းတို့ အားသန့်ရှင်းသပ်ရပ်စေရန် ပထမ အဆင့်အဖြစ် သန့်ရှင်းရေးဆောင် ရွက်ရန် ဆန္ဒရှိကြောင်း၊ ယင်းအတွက် အာဇာနည် ၁၇ ဦး၏ မိသားစုဆွေ မျိုးအချို့ကိုလည်း အကြောင်းကြား ဖိတ်မန္တကပြုထားကြောင်း စိမ်း ရောင်စို အဖွဲ့မှ ကိုမောင်မောင်ဦးက ပြောသည်။

''ကျွန်တော်အမရပူရမှာနေ တယ်။ မန္တလေးကနေအမရပူရကို ပြန်တိုင်း ဒီနေရာကိုဖြတ် သွားတိုင်း ထိန်းသိမ်းရမယ့် ငါတို့ပခုံးပေါ်ကျ လာတဲ့တာဝန်ကို ငါတို့မထိန်းသိမ်း နိုင်ဘူးဆိုပြီးတော့ ရင်ထဲမှာနင့်ရပါ တယ်။ ဒါဟာသမိုင်းဝင်အဆောက် အဦဖြစ်ပါတယ်။ ''ဟု အမရသုခ အခမဲ့ ဆေးခန်းဖွင့်လှစ်ထားသူ တစ်ဦးဖြစ်သူ မန္တလေး NLD တိုင်းစည်း ဒေါက်တာဇော်မြင့်မောင် ကပြောသည်။

အာဇာနည် ၁၇ ဦး ဂူဗိမာန် သန့်ရှင်းသပ်ရပ်ရေး၊ ပြုပြင်ထိန်း သိမ်းရေးနှင့်ပတ်သက်၍ မန္တလေးမြို့ အခြေစိုက်ပရဟိတ နှင့် လူမှုကူညီ ရေးအသင်းအဖွဲ့များစုပေါင်း အကြို ညှိနှိုင်း ဆွေးနွေးပွဲတစ်ရပ်ကို ဇန်န ဝါရီ ၂၉ ရက်က ပြုလုပ်ခဲ့ပြီး ယာယီကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ ကြောင်း၊ ယင်း အခမ်းအနားသို့ မန္တလေးမြို့အခြေစိုက်လူမှုပရဟိတ ကူညီရေးအသင်းပေါင်း ၂ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ — with မန်းရတနာပုံ 


၈၈ မျိုးဆက်ခေါင်းဆောင်တွေရဲ့  နိုင်ငံရေးရှေ့ ခရီး

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က မကြာသေးခင်ကမှ အစိုးရအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သူ ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်သူ ကိုကိုကြီး ကို ဆက်သွယ်ပြီး ၈၈ မျိုးဆက်ခေါင်းဆောင်တွေဟာ လောလောဆယ်မှာ နိုင်ငံရေးပါတီတရပ် ထူးထောင်လိမ့်မည် မဟုတ်ကြောင်း ပြောဆိုပါတယ်။ ဒီလိုဆို သူတို့စတင်ခဲ့တဲ့ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ ရှေ့ ခရီးမှာ သူတို့တတွေ ဘယ်ပုံစံနဲ့ ပါဝင်ကြမလဲ စတဲ့အကြောင်းအရာများကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့လို ၈၈ မျိုးဆက်တွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီတောင်းဆိုတဲ့ လူထုအုံ့ကြွမှုကို စတင်ဖော်ဆောင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ ဆိုတော့ အခုလွတ်လာပြီးနောက်မှာ ဒီ သူတို့ဖော်ဆောင်ခဲ့ကြတဲ့ လမ်းကြောင်းကို ဆက်ပြီးဘယ်လို အကောင်အထည်ဖော်ကြမလဲဆိုတာကို ကျနော် အဓိက သိချင်ပါတယ်။ ဘာကြောင့် ဒီ စကားကို စမေးရသလဲဆိုတော့ ကျနော်တို့ ကြားရတဲ့သတင်းတွေအရ ၈၈ မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်တွေ အနေနဲ့ အခုအခါမှာ နိုင်ငံရေးပါတီ ထူထောင်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ကြားသိရပါတယ်။ အဲဒါကြောင့် မေးရခြင်း ဖြစ်ပါတယ်။ စခဲ့တဲ့ ဇာတ်လမ်း မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းကို ဘယ်လိုခရီးဆက်ကြမလဲ။ နိုင်ငံရေးပါတီ မထောင်ရင်။
ကိုကိုကြီး ။ ။ ကျနော်တို့ကိုယ် ကျနော်တို့ ခံယူထားတာ ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ၁၉၄၈ အရေးပါတဲ့ ကွေ့တခု၊ ၁၉၆၂ နောက်ထပ် အရေးပါတဲ့ ကွေ့တခု၊ နောက်တခါ ရှစ်လေးလုံး အရေးတော်ပုံဖြစ်တဲ့ ၁၉၈၈ အရေးပါတဲ့ ကွေ့တခုဆိုပြီး ကျနော်ကတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဒီလို ကွေ့ကြီး (၃) ခုအဖြစ်နဲ့ မြင်ပါတယ်။ အဲဒီတော့ တပါတီ အာဏာရှင်စနစ်၊ ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေးစနစ်အောက်ကနေ အခု ဦးတည်နေတဲ့ ပါတီစုံ ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးကို ပီပီပြင်ပြင် ဖော်ဆောင်နိုင်ဖို့အတွက် စတင်ပြီးတော့ အပြောင်းအလဲကြီးတခုကို ဖန်တီးခဲ့တာဟာ ဒီ ရှစ်လေးလုံး အရေးတော်ပုံကြီးပါပဲ။ အဲဒီ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာလည်း ကျနော်တို့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားတွေရဲ့  အခန်းကဏ္ဍဟာ သမိုင်းအရ အင်မတန် အရေးပါတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါကြောင့်မို့လည်း ကျနော်တို့ အခု (၂၃) နှစ်ကြာတဲ့အထိ ကျနော်တို့ စဉ်ဆက်မပျက် နိုင်သလောက် ဆက်ပြီးကြိုးစားနေကြတာဟာ ဒီ အပြောင်းအလဲကြီး ပြီးဆုံးတဲ့အထိ ကျနော်တို့ သက်တမ်းကုန်တဲ့အထိ ကျနော်တို့မှာ တာဝန်ရှိတယ်လို့ လေးလေးနက်နက် ခံယူထားပါတယ်။ အဲဒီတော့ အခု ဒီတခေါက် ထောင်က လွတ်လာတဲ့အခါမှာလည်း မြန်မာ့နိုင်ငံရေး ရှေ့ ခရီးကို ဘယ်လို ခရီးဆက်ကြမလဲဆိုတာကို လွတ်လာတဲ့ ထောင်အသီးသီးက ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားတွေအားလုံး ပြန်ဆုံပြီးတော့ သတင်းစာရှင်းလင်းပွဲတခု လုပ်ခဲ့ပါတယ်။ တရားဝင် သတင်းထုတ်ပြန်ချက်မှာလည်း ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဆုံးဖြတ်ချက်ကို ထောက်ခံတယ်။ ဝန်းရံအားပေးသွားမယ်ဆိုတာကို လတ်တလော နိုင်ငံရေးနဲ့ ပတ်သက်တဲ့သဘောထားအဖြင့် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတော့ တကယ့်တကယ်ကတော့ ကျနော်တို့ ကျောင်းသားလို့ ကိုယ့်ကိုကိုယ် ပြောနေပေမယ့် ကျနော်တို့ အသက်အရွယ်တွေက ကျနော်ဆိုရင် ၅၀ တန်း ဖြစ်လာပါပြီ။ အဲဒီတော့ မြန်မာ့နိုင်ငံရေးကို ရှေ့ ဆက်ဖို့ကိစ္စမှာ ထဲထဲဝင်ဝင်၊ ထိထိရောက်ရောက် လုပ်နိုင်တဲ့ ပုံသဏ္ဍာန်တခုကို ပြောင်းရတော့မယ်ဆိုတာကိုလည်း ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ လူထုကလည်း အဲဒါကိုပဲ မျှော်လင့်နေကြတယ် ထင်ပါတယ်။ ဘယ်လို ထဲထဲဝင်ဝင် လုပ်လာကြမလဲဆိုတာကို။ အဲဒီတော့ ရှေ့ ဆက်ရမယ့် ခရီးမှာ ထဲထဲဝင်ဝင် လုပ်လာနိုင်မယ့် လမ်းစဉ်အဖြစ် ဘယ်လို လမ်းစဉ်မျိုးကို ရွေးထားကြပါသလဲ။ အခု ပါတီမထောင်ကြဘူးဆိုတော့။
ကိုကိုကြီး ။ ။ အခုဟာက ကျနော်တို့က လွတ်လာတာ ရက်သားပဲ ရှိပါသေးတယ်။ အဲဒီတော့ ဒီရက်ပိုင်း အတောအတွင်းမှာ အရင်ဆုံး ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ကျနော်တို့မှာ လက်တွဲဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးအင်အားစုတွေ အခြေအနေကို ခြုံငုံမိအောင် အမြန်ဆုံး ကြိုးစားပါတယ်။ ကြိုးစားပြီးတဲ့အချိန်မှာ ၈၈ မျိုးဆက်ကျောင်းသားတွေကိုယ်၌က ကိုယ့်သန်ရာသန်ရာ စိတ်ဝင်စားရာ နေပယ်တွေ ရှိပါတယ်။ အဲဒီတော့ အဲဒီအထဲမှာ လူမှု့ကူညီရေး လုပ်ငန်းတွေ၊ အန်ဂျီအို လုပ်ငန်းတွေကို စိတ်သန်တဲ့ လူတွေ ရှိသလို၊ နိုင်ငံရေးကို ထဲထဲဝင်ဝင် ဆက်ပြီးလုပ်မယ့် အင်အားစုတွေလည်း ကျနော်တို့ထဲမှာ ရှိပါတယ်။ အဲဒီတော့ ပုံသဏ္ဍာန်မျိုးစုံနဲ့ ကွဲသွားမှာပါ။ အဲဒီလို ကွဲသွားတယ်ဆိုတာကလည်း တဖွဲ့နဲ့တဖွဲ့၊ တယောက်နဲ့တယောက် နားလည်းမှုရှိရှိနဲ့ ဒီလုပ်ငန်းတွေကို ဘုံလုပ်ငန်း၊ ဦးတည်ချက်တူ လုပ်ငန်းတွေအနေနဲ့ ဟန်ချက်ညီညီ ဆက်လုပ်သွားမှာပါ။ အဲဒီတော့ အထူးသဖြင့် နိုင်ငံရေးကို ထဲထဲဝင်ဝင် လူတွေအနေနဲ့ ရှေ့ ဆက်မယ့် ပုံသဏ္ဍာန်တခုကို ကျနော်တို့အချင်းချင်းကြားထဲမှာ ရေရှည်နိုင်ငံရေးအမြင်အပေါ်မှာ သုံးသပ်ဆွေးနွေးနေတာတွေ ရှိပါတယ်။ သေချာတာကတော့ ကျနော်တို့ဟာ အရေးပါတဲ့ နိုင်ငံရေးအင်အားစုပုံသဏ္ဍာန်တခု ကျနော်တို့ ပေါ်ထွက်လာမှာပါ။
ဦးကျော်ဇံသာ ။ ။ ပါတီအနေနဲ့ပေါ့ဗျာ။ ပါတီအနေနဲ့လား။
ကိုကိုကြီး ။ ။ ဟုတ်ကဲ့။ အဲဒါကို ကျနော်တို့ တိတိကျကျ ထုတ်ပြီး မပြောသေးတာက ကျနော်တို့ ဒီရက်ပိုင်း အတောအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့ နိုင်ငံရေးအလားအလာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ခဲ့ကြတာ ရှိပါတယ်။ အဲဒီတော့ အခုကာလကတော့ ကြားဖြတ်ရွေးကောက်ပွဲ ဧပြီလအထိ ကာလဟာ ကျနော်တို့ အရေးတကြီး လောလောဆယ်မှာ ဆုံးဖြတ်နိုင်လောက်အောင် မလိုသေးဘူးလို့ မြင်ပါတယ်။ သို့သော် ရေရှည်အတွက်ကတော့ ဘယ်လိုပုံစံနဲ့ သွားမယ်ဆိုတာကို ကျနော်တို့အချင်းချင်း ညှိနှိုင်းပြီးတော့ ဆုံးဖြတ်သွားမှာပါ။ အဲဒီတော့ သေချာတာ၊ အာမခံနိုင်တာတခုကတော့ တိုင်းပြည်က မျှော်လင့်နေသလိုမျိုး ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ နိုင်ငံရေးပုံသဏ္ဍာန်တခု၊ ကျောင်းသားနိုင်ငံရေးထက် ကျော်လွန်တဲ့ နိုင်ငံရေးပုံသဏ္ဍာန်တခုကိုတော့ ပြောင်းလာမှာ အသေအချာပါပဲ။
ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလမ်းစကို မြင်နေရပြီ။ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို ရောက်နေပြီလို့ လူတော်တော်များများက သုံးသပ်ကြပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေး စကားကလွဲရင် ဘယ်အခါကို စကိုင်ပြီးတော့ ပြုပြင်ရမလဲ။ စီးပွားရေး ကြည့်မလား၊ နိုင်ငံရေး ကြည့်မလား၊ ပညာရေး ကြည့်မလား၊ ရုံးအုပ်ချုပ်ရေး စနစ်ကို ကြည့်မလား စသဖြင့် ယိုယွင်းနေတာက နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ဒီ ၈၈ မျိုးဆက် ကိုကိုကြီး တို့အနေနဲ့ ဘယ်လို မြင်ပါသလဲ။ တိုင်းပြည်မှာ ပထမဦးဆုံး စကိုင်သင့်တဲ့ ပြုပြင်ရေးလုပ်ငန်းဟာ ဘယ်လုပ်ငန်းကို စတင်ကိုင်တွယ်သင့်တယ်လို့ ထင်ပါသလဲ။
ကိုကိုကြီး ။ ။ ပြုပြင်ပြောင်းလဲရေးလို့ ဆိုလိုရှိရင် ဘယ်ဟာကို ဦးစားပေး၊ ဘယ်ဟာကို အရင်လုပ်ရမယ်ဆိုတာမျိုး ကျနော်တို့ တခုပြီးမှ တခုလုပ်လို့ မရဘူးလို့ ကျနော်တို့ မြင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့မှာ လုပ်စရာတွေက အများကြီးပါ။ အဲဒါတွေ အားလုံးဟာ ဟန်ချက်ညီညီနဲ့ တချိန်တည်းမှာ လုပ်သွားရမှာပါ။ သဘောက လူ့အဖွဲ့အစည်း လူမှုရေးအပြောင်းအလဲတွေကလည်း နိုင်ငံရေး အပြောင်းအလဲ၊ စီးပွားရေးအပြောင်းအလဲတွေပေါ်မှာ မူတည်ပြီးတော့ နေထိုင်ဖို့ ပုံသဏ္ဍာန်တွေ၊ စားသောက်ဖို့ ပုံသဏ္ဍာန်တွေ ကစပြီး ပြောင်းနေပါပြီ။ အဲဒီ ပြောင်းတာတွေနဲ့အညီ နိုင်ငံရေး အဆောက်အအုံ၊ စီးပွားရေးအဆောက်အုံတွေကိုလည်း ဟန်ချက်ညီညီနဲ့ ပြောင်းဖို့ ကြိုးစားကြရမှာပါ။ ပညာရေးနဲ့ ကျန်းမာရေးတို့လို ကဏ္ဍဟာမျိုးကတော့ အနာဂတ်နိုင်ငံတော်အတွက် အခြေခံအကျဆုံး ရင်းနှီး မြုပ်နှံမှုပါ။ ဒီဟာကလည်း ကျနော်တို့အနေနဲ့ မလွဲမသွေ လုပ်ကိုလုပ်ရမယ့်ကိစ္စပါ။ အဲဒီမှာ ကျနော်တို့ မြင်တာက ပြုပြင်ပြောင်းလဲမှုတွေရဲ့  အခြေခံဟာ နိုင်ငံတော် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးပါပဲ။ အဲဒီနေရာမှာ ရှုထောင့်နှစ်ခု ရှိနေတာက တည်ငြိမ်ရေးကို လုံခြုံရေး ရှုထောင့်ကနေ လွန်လွန်ကဲကဲ ရှုမြင်သုံးသပ်တဲ့ ပုံသဏ္ဍာန်ကတခု။ နောက်တခုက တယောက်နဲ့တယောက် တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးကို ကြိုးစားတဲ့အခါမှာ ဆွေးနွေးညှိနှိုင်းပြီးတော့ နိုင်ငံရေးအရ အဖြေရှာခြင်းဖြင့် တည်ဆောက်တဲ့နည်းကတနည်းပါ။ အဲဒီတော့ ကျနော်တို့ ယုံကြည်တာကတော့ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ဖို့ နယ်ပယ်အသီးသီးမှာ ပြုပြင်ပြောင်းလဲဖို့ လုပ်ဖို့ဆိုရင် အဓိကကျတဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ကို တွေ့ဆုံဆွေးနွေး ဖြေရင်းတဲ့နည်းနဲ့သာ ဖြေရှင်းနိုင်တယ်လို့ မြင်ပါတယ်။ အဲဒီတော့ ပြုပြင်ပြောင်းလဲမှုတွေ အားလုံးရဲ့  အခြေခံအကျဆုံးက လက်နက်ကိုင် စစ်မက်ဖြစ်ပွားနေတဲ့ တိုင်းရင်းသားကိစ္စနဲ့ လူထုနိုင်ငံသားတွေကြားထဲမှာ လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးနိုင်တဲ့၊ မိမိသဘောထားကို ထုတ်ဖော်တင်ပြနိုင်တဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ၊ တိုင်းရင်းသား တန်တူညီမျှရေးတွေ အဲဒီဟာတွေက အခြေခံကျကျ ပြုပြင်ပြောင်းလဲသွားရမယ့် ကိစ္စတွေလို့ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသား တန်တူညီမျှရေးဟာ ကိုကိုကြီး က အဲဒါကို ဖော်ပြောတဲ့အတွက် အဲဒီကိစ္စကို မေးချင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံရေးသမားထဲကလည်းတချို့  အထူးသဖြင့် စစ်တပ်ပိုင်းက တိုင်းရင်းသား တန်တူညီမျှရေးကို အပြည့်အဝ လက်ခံတယ်။ ကိုကိုကြီး တို့ လက်ခံသလို၊ နားလည်းသလို နားလည်းလက်ခံကြတယ်လို့ ထင်ပါသလား။
ကိုကိုကြီး ။ ။ အခုဟာက ကျနော်တို့ မြင်နေတာက အစဉ်အဆက်တလျှောက်လုံးမှာ ကျနော်တို့ကိုယ်တိုင် စာအုပ်တွေ၊ စာပေ အရေးအသားတွေကတဆင့် သိလာခဲ့တဲ့ကိစ္စက တိုင်းရင်းသားတန်တူညီမျှရေးလို့ ပြောရင် ဖယ်ဒရယ်ကိစ္စကို နားလည်းမှု လွှဲမှားနေတာကို အဓိကထား တွေ့ပါတယ်။ အဲဒီတော့ ဖယ်ဒရယ်ဆိုတာ ပြည်ထောင်စုကြီး ပြိုကွဲတော့မယ့် ဒါကြောင့်မို့ ဒို့တာဝန်အရေး (၃) ပါးကို ထိန်းသိမ်းဖို့အတွက် တပ်မတော် အင်အားရှိဖို့လိုတယ် ဆိုတာက သမိုင်းဆိုင်ရာ အယူအဆတခု၊ နိုင်ငံရေးဆိုင်ရာ အယူအဆတခုကို ကျနော်တို့ မျိုးဆက်တွေကြားထဲမှာ အခိုင်အမာတည်ဆောက်နေတာ တွေ့ရပါတယ်။ အဲဒီတော့ တကယ့်တကယ်တော့ တိုင်းရင်းသားတန်တူညီမျှရေးလို့ ပြောရင် ပြည်ထောင်စုစစ်စစ် ဖြစ်လာရေးအတွက်ကို ကျနော်တို့က အခြေခံကောင်းတွေကို အုတ်မြစ်ချရမှာပါ။ အခု ကျနော်တို့ တွေ့ဆုံဆွေးနွေးနေတဲ့ကိစ္စဟာကလည်း တကယ့် အရင်းအမြစ်ဖြစ်တဲ့ ပြဿနာကို မဖြေရှင်းနိုင်ဘဲနဲ့ အပစ်အခတ်ရပ်စဲရုံသက်သက်နဲ့ကတော့ ပစ်လိုက်၊ ရပ်လိုက်၊ ပစ်လိုက်၊ ရပ်လိုက်နဲ့ ဆိုးသွမ်းသံသရာပဲ ဖြစ်နေမှာပဲ။ အဲဒီတော့ အဓိက အခြေခံအကျဆုံး ပြဿနာက တိုင်းရင်းသား တန်တူညီမျှရေးကို အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကတဆင့် တကယ့်ကို အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေဖြစ်အောင် ကျနော်တို့ ဆက်ပြီး ကြိုးပမ်းသွားကြရမှာပါ။ အဲဒီကမှတဆင့် ရလာတဲ့ ရလဒ်တွေကို ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ထည့်သွင်းပြင်ဆင်နိုင်ဖို့အတွက်ကို ကျနော်တို့ စိတ်ရှည်လက်ရှည်နဲ့ ကြိုးပမ်းသွားကြရမယ်ဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ အင်မတန် ကောင်းတဲ့အမြင်ပါပဲ ကိုကိုကြီး။ ဒါပေမဲ့ ဖယ်ဒရယ်စနစ် ဆိုတာ ပြည်ထောင်စုပြိုကွဲရေး မဟုတ်ဘူး။ ပြည်ထောင်စု စည်းလုံးခိုင်မာရေးဖြစ်တယ်ဆိုတဲ့ အမြင်မျိုးဖြစ်လာအောင် အထူးသဖြင့် စစ်တပ်က လူတွေကိုပါ ဒီ အသိမျိုးပေးဖို့ လွယ်ကူမလား။
ကိုကိုကြီး ။ ။ ကျနော်တို့က တလျှောက်လုံးမှာ ဒီအကြပ်အတည်းကို ရင်ဆိုင်လာခဲ့ရတာပါ။ ဒီဟာကို အကြောင်းပြပြီးတော့ပဲ ၆၂ အာဏာသိမ်းမှု ဖြစ်ခဲ့တယ်။ အဲဒီတော့ ဆိုလိုတာက ပြဿနာကို အရင်ဆုံးက ပြဿနာတခုဖြစ်နေတာကို အသိအမှတ်ပြုဖို့ လိုပါတယ်။ အဲဒီ ပြဿနာကိုမှ ဖြေရှင်းဖို့ နည်းလမ်းတွေ စဉ်းစားတဲ့အခါကြရင်တော့ သမာရိုးကျ စဉ်းစားတဲ့နည်းလမ်းတွေကနေ ဖောက်ထွက်ဖို့ လိုတယ်။ လက်ရှိ တပ်မတော်ခေါင်းဆောင်တွေကလည်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အင်မတန် အရေးပါတဲ့အင်အားစုတွေ ဖြစ်နေတယ်။ အဲဒီတော့ သူတို့ကိုယ်၌က တိုင်းရင်းသားအရေးနဲ့ ပတ်သက်ရင် အမြင်ရှင်းဖို့လိုတယ်။ တယောက်နဲ့တယောက် သံသယတွေ လျှော့ဖို့လိုတယ်။ ယုံကြည်မှုထားဖို့လိုတယ်လို့ အဲဒီလိုမြင်ပါတယ်။ဒါကြောင့်မို့လည်း အခုနပြောတဲ့ တိုင်းရင်းသား တန်တူညီမျှရေးလို့ပြောရင် ကျနော်တို့က တိုင်းရင်းသားတန်တူညီမျှရေးကို တထိုင်တည်း ဆွေးနွေးရုံကတော့ ပြီပြည့်စုံတဲ့အဖြေ မရနိုင်ဘူး။ အဲဒီတော့ ဆက်ပြီးဆွေးနွေးရင်နဲ့ တဖြည်းဖြည်း ရင့်ကြတ်လာတဲ့ ပြည်ထောင်စုစစ်စစ် အခြေအနေကိုရောက်အောင် တိုင်းရင်းသားတွေဘက်ကလည်း နှစ်ဘက်အမြင်ရှိဖို့လိုတယ်။ စစ်တပ်ဖက်ကလည်း အခုနပြောတဲ့ ဘက်အားလုံးကို ခြုံငုံမြင်တဲ့ အမြင်ရှိဖို့လိုတယ်လို့ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ၈၈ မျိုးဆက်ခေါင်းဆောင်တွေရဲ့  နိုင်ငံရေးရှေ့ ခရီးကို နည်းနည်းပြန်ကောက်ချင်ပါတယ်။ အဲဒီမှာ ကိုကိုကြီး ပြောသွားတာက ထဲထဲဝင်ဝင် တကယ့် တိုင်းပြည်နဲ့အဝှမ်း လွှမ်းခြုံတဲ့ နိုင်ငံရေးလမ်းကြောင်းတခုကို ချမှတ်မယ်။ နိုင်ငံရေးအားသန်တဲ့ လူတွေလုပ်မယ်လို့ ဆိုပါတယ်။ အဲဒီ လမ်းစဉ်ဟာ ၈၈ မျိုးဆက်ခေါင်းဆောင်တွေကြီးပဲ စုထားတဲ့အဖွဲ့အစည်း ဖြစ်မလား။ ပြည်သူထဲကို ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးလာတဲ့ လှုပ်ရှားမှုမျိုး ဖြစ်လာနိုင်မလား။
ကိုကိုကြီး ။ ။ ကျနော်တို့ ရည်ရွယ်တာကတော့ ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားလို့ အမည်ခံနေတာကိုယ်၌က တကယ့် ရေခဲတောင်ကြီးရဲ့  ထိပ်ဖျားလေးပါ။ တကယ့်တကယ်က ၈၈ လှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့တဲ့။ ၈၈ ကာလတုန်းက ကျနော်တို့နဲ့ အတန်းတူ၊ ကျနော်တို့နဲ့ မရှေ့ မနှောင်း ကျောင်းတက်ခဲ့တဲ့ ကျောင်းသားတွေ အင်အားစုကြီးက ဧရာမအင်အားစုကြီးပါ။ အခုဆိုရင် ဝန်ထမ်းနယ်ပယ်အသီးသီး နောက်ဆုံး တပ်မတော်ထဲမှာက တခြား လူမှုရေး social work လုပ်နေတဲ့ အန်ဂျီအိုတွေ၊ တခြား မီဒီယာလောကတွေ၊ ပြည်တွင်းမှာမက နိုင်ငံတကာမှာ ရောက်နေတာတွေ။ အဲဒီ အင်အားစုကြီးက အကြီးကြီးပါ။ အဲဒါကြီးက တယောက်နဲ့တယောက်ကြားမှာ နေရာဒေသတွေ ကွဲခြင်းကွဲမယ်။ အလုပ်အကိုင် သဘာဝတွေ ကွဲခြင်းကွဲမယ်။ ကျနော်က ဒီ အင်အားစုကြီးက အခု ၅၀ နား ပတ်ဝန်းကျင် ရောက်နေတဲ့ အင်အားစုကြီးဟာ တိုင်းပြည်ရဲ့  ကျောရိုးခါးဆက်လို့ ကျနော် မြင်ပါတယ်။ အဲဒီတော့ ဒီလူတွေကြားထဲမှာ နားလည်းမှုတည်ဆောက်နိုင်ရင် ကျနော်တို့သွားမယ့် နိုင်ငံရေး ပုံသဏ္ဍာန်ကလည်း အားလုံးကို ခြုံငုံနိုင်တဲ့၊ ချိတ်ဆက်နိုင်တဲ့ နိုင်ငံရေးအပြောင်းအလဲကြီးကို ဖန်တီးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ အဲဒါ မှန်ပါတယ်။ ကိုကိုကြီး တို့ အင်အားစုကို ပြည်သူတွေကလည်း အထူးအားကိုးတယ်ဆိုတာ သံသယ ရှိစရာမလိုပါဘူး။ ကျနော် သိချင်တာက အဲဒီလို ဖွဲ့စည်းလာရင် အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လူထုထောက်ခံမှု အရှိန်အဟုန် အများကြီး ရရှိထားတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။ အဲဒီ အဖွဲ့နဲ့ ယှဉ်ပြိုင်အင်အားစုတခု ဖြစ်လာနိုင်မလား။
ကိုကိုကြီး ။ ။ အခုအချိန်မှာ ကျနော်တို့ ပြောနေတာက ရှိဆဲတည်ဆဲ နိုင်ငံရေး အဆောက်အအုံတွေကို အားကောင်းလာအောင်လို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ တခုခု ရွေးချယ်လိုက်တဲ့ နည်းလမ်းဟာ တည်ဆဲနိုင်ငံရေး အဆောက်အအုံတွေကို အန္တရာယ်ဖြစ်အောင် သွားစေနိုင်တဲ့ ပုံသဏ္ဍာန်မျိုးကိုတောင် ကျနော်တို့ အဓိကထားပြီး ရှောင်ရှားမှာပါ။ အဲဒီတော့ ကျနော်တို့ ပုံသဏ္ဍာန်ကို အတိအကျ မပြောနိုင်သေးပေမယ့်လို့ ကျနော်တို့ တည်ဆဲနိုင်ငံရေး အဆောက်အအုံကို ဘယ်လိုအားဖြည့်သွားကြမလဲ ဆိုတာကို အဓိကထား စဉ်းစားသွားပါမယ်။

မြန်မာနိုင်ငံကို ဂျပန်က ပုဂ္ဂလိက ဘဏ်တွေ အများကြီးလာဖို့ စိတ်ဝင်စားကြတယ်

မြန်မာနိုင်ငံတွင် ပင်လယ်ရပ်ခြား ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ (ODA) တိုးမြှင့်ပေးရေးနှင့် ပတ်သက်၍  ဂျပန်နိုင်ငံ၏ အနိုင်ရပါတီဖြစ်သော ဂျပန် ဒီမိုကရက်တစ် ပါတီ၏ အထက်လွှတ်တော် ကိုယ်စားလှယ် မစ္စတာ တိုချိအကိကိုအီဇုမိနှင့် မြန်မာနိုင်ငံသို့ အိုဒီအေ တိုးမြှင့်ပေးရန် အစီအစဉ်များနှင့် လက်ရှိ မြန်မာ့နိုင်ငံရေး အပေါ် သဘောထား အမြင်များကို ဇန်နဝါရီ ၁ ရက်က ရန်ကုန်တိုင်းမ် ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
 အခုလာရောက်တဲ့ ဂျပန်ဒီမိုကရက် တစ်ပါတီရဲ့ အထက်လွှတ်တော်အမတ်က ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို သိချင်ပါတယ်။ နောက် ဂျပန်နိုင်ငံက အကူအညီပေးနေတဲ့ အိုဒီအေ အကြောင်းလဲ သိချင်ပါတယ်။ အခုလာတာလဲ အိုဒီအေနဲ့ ပတ်သက်ပြီး လာတယ်လို့ သိရပါတယ်။

 ကျွန်တော်ဟာ ပို့ဆောင်ရေး၊ ဟိုတယ်ခရီး၊ အခြေခံအဆောက်အဦး စတဲ့ ဝန်ကြီးဌာနတွေမှာ ပြီးခဲ့တဲ့နှစ် ၉ လပိုင်းအထိ ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ မနှစ်က ကျင်းပတဲ့ အာဆီယံ ပို့ဆောင်ရေးမှာ အဲ့ဒီမှာ အရင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့လဲ တွေ့ဆုံခဲ့တယ်။ အခု ကျွန်တော်ဟာ ဒုဝန်ကြီးအဖြစ် တာဝန် မထမ်းဆောင်တော့ပေမယ့် ဂျပန်ပါလီမန်မှာတော့ အထက်လွှတ်တော်အမတ် ဖြစ်ပြီး မြေယာ၊ အခြေခံ အဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းရေးရာ ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။ လက်ရှိ ဂျပန် အာဏာရ ပါတီရဲ့ ခေါင်းဆောင်ပိုင်းမှာ ပါဝင်တဲ့သူလဲ ဖြစ်တယ်။ ဂျပန်နိုင်ငံဟာ စစ်ပြီးကာလ ပြာပုံဘဝကနေပြီး အခြေခံ အဆောက်အအုံတွေဖြစ်တဲ့ တစ်တိုင်းပြည်လုံး ကွန်ရက်အနေနဲ့ လမ်းပန်းဆက်သွယ်ရေးဖြစ်တဲ့ ကားလမ်း၊ ရထားလမ်း၊ ဆိပ်ကမ်းတွေ၊ လေဆိပ်တွေကို အဓိကထားပြီး လုပ်ဆောင်ခဲ့တယ်။ ဒါတွေကို အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့အတွက် တိုင်းပြည်ဟာ ဒီနေ့ဒီအချိန်မှာ ဒီအခြေအနေထိ တိုးတက်လာတဲ့ အဓိက အကြောင်းအရင်း ဖြစ်တယ်။ ဒီလိုပဲ မြန်မာနိုင်ငံဟာ တိုးတက်ဖို့ဆိုရင် အခြေခံ အဆောက်အအုံတွေ အတွက် ဆောင်ရွက်တဲ့အခါမှာ နည်းပညာ၊ ငွေကြေးနဲ့ အတွေ့အကြုံတွေကို အကူအညီပေးဖို့ ရည်ရွယ်ပြီး လာခဲ့တာ ဖြစ်တယ်။
 ပို့ဆောင်ရေး ဝန်ကြီးက ကျွန်တော့်ကို အာဂျင်နာ သုံးခု ပြောတယ်။ နာဂစ်မှာ လူဦးရေ တစ်သိန်းလေးသောင်းလောက် ဆုံးပါးခဲ့ရတာ ပြောတယ်။ မုန်တိုင်းနဲ့ ပတ်သက်ပြီး မုန်တိုင်း ကြိုတင်ခန့်မှန်းပေးမယ့် နည်းပညာတွေကို ဂျပန်အနေနဲ့ ပေးစေချင်တယ်ဆိုပြီး ပထမအချက် အနေနဲ့ တောင်းဆိုတယ်။ ဂျပန်မှာလဲ နှစ်စဉ်လိုလို တိုင်ဖွန်းမုန်တိုင်းတွေက တွေ့ကြုံနေရတယ်။ ကြိုတင်သိရှိနိုင်တဲ့ နည်းပညာဟာ ဂျပန်က နံပါတ် (၁)၊ (၂) လောက်မှာပါတော့ နည်းပညာ အကူအညီပေးဖို့ ပြောခဲ့တယ်။ ကျွန်တော်တို့ အနေနဲ့ ဂြိုဟ်တုက မုန်တိုင်း အခြေအနေတွေကို ဘယ်လို ပြင်းအားရှိတဲ့ မုန်တိုင်းလာမယ်။ ဘယ်လိုလာမယ်ဆိုတာကို လေ့လာဖို့ အတွက် မိုးလေဝသနှင့် ဇလဗေဒက တာဝန်ရှိတဲ့သူကို စေလွှတ်ဖို့အတွက် ကျွန်တော့်အနေနဲ့ သက်ဆိုင်တဲ့ဌာနကို ဂျပန်ရောက်တဲ့အခါမှာ တွေ့ဆုံပြီး တိုက်ရိုက် ချိတ်ဆက်ပေးဖို့ ဆွေးနွေးပေးသွားပါမယ်။
 ကျွန်တော့်အနေနဲ့ တိုင်ဖွန်းမုန်တိုင်းတွေ တိုက်တဲ့အခါမှာ မြစ်ရေလျှံတာကြောင့် လူတွေ သေဆုံးရတဲ့အတွက် အဓိကကတော့ မြစ်ကြောင်းများ ရေကြီးရေလျှံမှုကို ဘယ်လို ထိန်းသိမ်းမလဲ ဆိုတဲ့ နည်းပညာလဲ လိုချင်တယ်လို့ ပြောပါတယ်။ ဂျပန်မှာလဲ မြစ်ရေကြီးတယ်ဆိုတာ နှစ်ပေါင်းနှစ်ရာ သုံးရာလောက် ကတည်းက တွေ့ကြုံနေရတဲ့အတွက် ရေကြီးရေလျှံမှု မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ၊ သဘာဝ မြစ်ကြောင်းတွေကိုပဲ ရေကြီးရေလျှံမှု မဖြစ်အောင် ထိန်းသိမ်းမလား၊ မြစ်ဘေးတွေမှာ ရေလျှံမှု မဖြစ်အောင် ရေထိန်းနံရံတွေ လုပ်မလား ဆိုတာတွေ ဆွေးနွေးခဲ့ကြတယ်။ ဟိုရောက်တာနဲ့ မြစ်ကြောင်း ထိန်းသိမ်းရေးနဲ့ သက်ဆိုင်တဲ့ဌာနနဲ့ သွားရောက် ဆွေးနွေးသွားပါမယ်။ မြစ်တွေ တိမ်ကောမှု မဖြစ်စေဖို့နဲ့ မြစ်ကြောင်း ထိန်းသိမ်းဖို့အတွက် နည်းပညာတွေပေးဖို့ တိုက်တွန်းပေးသွားမယ်။
 တတိယ အချက်ကတော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ပြည်တွင်း လေဆိပ်တွေက သီးသန့်ဖြစ်နေတယ်။ အဲ့ဒါကို တစုတဝေးတည်းဖြစ်အောင် လုပ်ပေးဖို့နဲ့ ထပ်မံ တိုးချဲ့ဖို့အတွက် ငွေကြေး အကူအညီတွေကိုလဲ ပေးဖို့ ဆွေးနွေးထားတယ်။ မြန်မာနဲ့ ဂျပန်အစိုးရတို့ သဘောတူညီထားခဲ့ကြတာ ရှိခဲ့တယ်။ ဒီလေဆိပ်နဲ့ ပတ်သက်ပြီး face-1, face-2 ဆိုပြီး ပရောဂျက်တွေကို လုပ်ခဲ့တယ်။ face-3 မှာ ပရောဂျက် ဆက်မလုပ်ဖြစ်ဘဲ ရပ်ထားခဲ့တာ ရှိတယ်။ ဒီစာချုပ်ကို အကောင်အထည် ဖော်ပေးစေချင်တယ်လို့လဲ တောင်းဆိုခဲ့တယ်။ အဲ့ဒီစာချုပ်ဟာ လွန်ခဲ့တဲ့ နှစ်ဆယ့်ခြောက်နှစ်က ချုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းက စာချုပ်ချုပ်ခဲ့တဲ့ အရာရှိတွေကလဲ အခုဂျပန်မှာ အဲ့ဒီဌာနတွေမှာ မရှိကြတော့ဘူး။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အဲ့ဒီစာချုပ်မိတ္တူကို တောင်းထားပါတယ်။ အဲ့ဒီဌာနကလဲ ပေးမယ်လို့ ဆိုပါတယ်။ ကျွန်တော့်အနေနဲ့ အရင်က ထားခဲ့တဲ့ ကတိကို အကောင်အထည်ဖော်ဖို့ ဆက်လက်လုပ်ပေးမှာပါ။
 သူတို့အနေနဲ့ တရုတ်ပြည်ကို ယန်း ၃ ဒသမ ၄ ဘီလီယံ၊ အင်ဒိုနီးရှားကို ယန်း ၄ ဒသမ ၃ ထရီလီယံ၊ ဗီယက်နမ်ကို ယန်း ၁ ဒသမ ၃ ထရီလီယံကို ဂျပန်က အိုဒီအေ အနေနဲ့ ကူညီပေးခဲ့တယ်။ အဲ့ဒီမှာ စနစ်နှစ်ခုနဲ့ ပေးခဲ့တယ်။ တစ်ခုက အတိုးနဲ့ ချေးခဲ့ပြီး တစ်မျိုးမှာ အတိုးမဲ့ ချေးခြင်းတို့ဖြင့် အကူအညီများ ပေးခဲ့ပါတယ်။ မြန်မာအစိုးရနဲ့ ဂျပန်အစိုးရတို့ရဲ့ ဆက်ဆံရေးဟာ ဒီ့ထက်ပိုတိုးတက်လာမှာ ဖြစ်တဲ့အတွက် အရင်အစိုးရ လက်ထက်က ဂျပန်နိုင်ငံက ပေးခဲ့တဲ့ အတိုးနဲ့ အိုဒီအေ ယန်းသန်းခြောက်ထောင်ကို ခဏထားပြီး နောက်ထပ်လဲ အတိုးမဲ့ အိုဒီအေကို ဆက်လက်ပေးနိုင်ဖို့ ကျွန်တော့်အနေနဲ့ ကြိုးစားပြီး လုပ်သွားပါမယ်။ လက်ရှိပေးနေတာထက် တိုးချဲ့ပေးနိုင်အောင် ကြိုးစားသွားပါမယ်။ ဟိုရောက်ရင်လဲ ဂျပန်-မြန်မာ ချစ်ကြည်ရေးအမတ် အသင်းမှာလဲ ဥက္ကဋ္ဌဖြစ်တဲ့အတွက် တွန်းအားပေးပြီး လုပ်ဆောင်ပေးသွားပါ့မယ်။ ဒီလို အကူအညီတွေ ပေးဖို့လဲ အဲ့လိုပေးနိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ လိုပါတယ်။ ဒီလို ဖန်တီးနိုင်ဖို့ဆိုရင် မြန်မာနိုင်ငံ အနေနဲ့ ဂျပန်နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ သဘာဝ အရင်းအမြစ် သယံဇာတတွေကို တတ်နိုင်သမျှ ဂျပန်ကို အိပ်စ်ပို့ လုပ်ပေးဖို့လိုပါတယ်။ တရုတ်ကိုပဲ ပို့နေတဲ့အတွက် ဂျပန် အပါအဝင် အနောက်နိုင်ငံတွေကိုလဲ တင်ပို့ပေးဖို့ လိုပါတယ်။ ပြည်ပပို့ကုန် အနေနဲ့ ရောင်းပေးဖို့ လိုအပ်ပါတယ်။ ဒါဟာ မြန်မာအစိုးရ အနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ၊ နိုင်ငံခြား ဝင်ငွေရှာတဲ့ နေရာမှာ အမြန်ဆုံး နည်းလမ်း တစ်ခုလို့ မြင်ပါတယ်။
 ပထမဆုံး အနေနဲ့ ကိုယ့်နိုင်ငံက သဘာဝ သယံဇာတ ပစ္စည်းတွေဟာ ဘယ်နေရာမှာ ဘယ်လောက်ရှိတယ်ဆိုတာ တိတိကျကျ သိဖို့လိုပါတယ်။ အဲ့ဒီအတွက် ရှာဖွေတဲ့ နည်းပညာကိုလဲ ကျွန်တော်တို့ နိုင်ငံကနေ အကူအညီ ပေးချင်တယ်ဆိုတာကို ဝန်ကြီးကို ပြောခဲ့ပါတယ်။ အဲ့ဒါကို ပြည်ထောင်စုဝန်ကြီးက သမ္မတဆီကို ထပ်မံ တင်ပြပေးမယ်လို့လဲ သိရပါတယ်။ ကျွန်တော် ပြန်ရောက်တဲ့ အခါမှာ မြန်မာနိုင်ငံက တောင်းဆိုထားတဲ့ အချက်သုံးချက်ကို လွှတ်တော်အမတ် တစ်ယောက် အနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို တင်ပြတောင်းဆိုပေးသွားမှာပါ။ ပြည်ထောင်စုဝန်ကြီးနဲ့ မပြောလိုက်ရတာက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်ဆိုရင် အရေးကြီးတာက လျှပ်စစ် ဖြစ်ပါတယ်။ ရေအားလျှပ်စစ် လုပ်နေတယ်ဆိုတာလဲ သိရပါတယ်။ မြန်မာပြည် အနေနဲ့ သဘာဝဓာတ်ငွေ့လဲ အလျှံပယ် ထွက်တယ်လို့လဲ သိရပါတယ်။ လျှပ်စစ်ဓာတ် ထုတ်တဲ့အခါမှာ သဘာဝဓာတ်ငွေ့ဟာ အရေးကြီးပါတယ်။ ဒီမှာ လျှပ်စစ် ဓာတ်အား မလုံလောက်တာနဲ့ ဘယ်လိုမှ လာနိုင်မှာ မဟုတ်ဘူး။ ပြည်ထောင်စုဝန်ကြီးကိုလဲ ယုံကြည်ပါတယ်။ ဂျပန် အနေနဲ့ ဓာတ်ငွေ့ကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့ နည်းပညာရော၊ ငွေကြေးပါ အကူအညီ ပေးဖို့ စီမံကိန်းချပြီး ဆောင်ရွက်ဖို့ လုပ်သွားပါမယ်။ ပြာပုံထဲကနေ ရုန်းထွက်နိုင်အောင် လုပ်ခဲ့တာဟာ အခြေခံ အဆောက်အအုံတွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေးအပြင် လျှပ်စစ်ဓာတ်အားကို နှစ်စဉ် တိုးပေးနိုင်တာဟာလဲ ဂျပန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရတဲ့ အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။
 အခုနောက်ပိုင်းမှာတော့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုမှာ နည်းပညာဟာလဲ အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်လာပါတယ်။ ဂျပန်နိုင်ငံရဲ့ အထွေထွေ အုပ်ချုပ်ရေး ဝန်ကြီးဌာနက အရာရှိလဲ ဒီကိုလာသွားပါတယ်။ မြန်မာနိုင်ငံကို အိုင်တီနဲ့ ပတ်သက်တဲ့ အကူအညီတွေကို ပေးသွားဖို့ ဆွေးနွေးသွားခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အကူအညီပေးဖို့ ဘယ်ကဏ္ဍကို ဦးစားပေးရမလဲ ဆိုတာတော့ စဉ်းစားရပါမယ်။ မြန်မာနိုင်ငံရဲ့ သမ္မတကနေပြီး အကူအညီပေးဖို့ ဦးစားပေး အဆင့်တွေကို သတ်မှတ်ပေးပြီး ဂျပန် စက်မှုဝန်ကြီးရယ်၊ နောက်လာမယ့် ကျွန်တော့်အရင် လုပ်ခဲ့တဲ့ ဝန်ကြီးဌာနတွေက ဒုတိယဝန်ကြီးတွေလဲ လာဖို့ရှိတော့ အကူအညီတွေ ပေးနိုင်အောင် နောက်ကွယ်ကနေ တိုက်တွန်းပေးသွားမှာပါ။ ဒီဘက်ကသာ တောင်းဆိုသွားမယ်ဆိုရင် ပိုပြီး ပြည့်ပြည့်စုံစုံနဲ့ အကောင်အထည် ဖော်လာနိုင်မှာ ဖြစ်ပါတယ်။ အခု ပထမဆုံး တွေ့ဆုံမှုမှာ အများကြီး ကျေနပ်အားရမှု ရှိခဲ့ပါတယ်။ မကြာခင်မှာလဲ ပြည်ထောင်စုဝန်ကြီးကို ဂျပန်နိုင်ငံကို ဖိတ်ခေါ်ဖို့ ရှိပါတယ်။ ဆွေးနွေးခဲ့တဲ့ လုပ်ငန်းများ အကောင်အထည် ပေါ်လာနိုင်ဖို့ ပြည်ထောင်စုဝန်ကြီး လာတဲ့အခါမှာ ဂျပန်နိုင်ငံက သက်ဆိုင်ရာ ဝန်ကြီးချုပ်တွေနဲ့ရော ပါတီက ဝန်ကြီးချုပ်ဟောင်းနဲ့ရော အကောင်အထည်ဖော် ဆောင်ရွက်မယ့် ဂျပန်က ကုမ္ပဏီကြီးတွေနဲ့ရော တွေ့ဆုံပေးသွားဖို့ ရှိပါတယ်။
 မြန်မာနိုင်ငံမှာ အိုဒီအေ ရပ်ဆိုင်းထားပါသလား။ ပြီးတော့ ပြောသွားခဲ့တဲ့ အထဲမှာ ပါသလို မြန်မာနိုင်ငံရဲ့ ကြွေးမြီတွေကြောင့် အိုဒီအေ တိုးမြှင့်ပေးဖို့ရော အစီအစဉ် ရှိပါသလား။ မကြာမီက လာသွားတဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးကလဲ အိုဒီအေကို တိုးမြှင့်ပေးမယ်လို့ ပြောသွားတယ်ဆိုတာ သိရပါတယ်။ အခုလာတာဟာ အဲ့ဒီအစီအစဉ်ရဲ့ နောက်ဆက်တွဲ အတွက်ပါလား။
 မြန်မာနိုင်ငံကို ပေးတဲ့ အိုဒီအေကတော့ လုံးဝ ရပ်ဆိုင်းလိုက်တာ မဟုတ်ပါဘူး။ အခြေခံ လူတန်းစားတွေ အတွက် ထောက်ပံ့ပေးနေတဲ့ အိုဒီအေကတော့ တစ်နှစ်ကို ယန်းသန်း ၃၀ လောက် နှစ်စဉ် ထောက်ပံ့ခဲ့ပါတယ်။ အိုဒီအေရပ်ရတဲ့ အကြောင်းကတော့ အရင်က ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ထားခဲ့တာကတော့ အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်ပါတယ်။ ငွေပြန်မဆပ်နိုင်တာလဲ တစ်ချက် ပါပါတယ်။ မြန်မာနိုင်ငံကိုလဲ နှစ်စဉ် ယန်းသန်း ၃၀ နဲ့ ၄၀ ကြားလို့တော့ ထင်တယ်။ ပေးနေပါတယ်။ နှစ်စဉ်တော့ အခြားနိုင်ငံတွေကို အိုဒီအေ တိုးမြှင့်ပေးနေပါတယ်။ မြန်မာနိုင်ငံကိုလဲ ပုံမှန်ပေးနေတဲ့ အတိုင်းတော့ ဆက်ပေးနေပါတယ်။ ဒါပေမဲ့ အကြွေးကျန်တာက တစ်ပိုင်း တိုးမြှင့်ပေးသွားဖို့ လုပ်ဆောင်သွားပါမယ်။ အဲ့ဒီအပြင် အခြား အတိုးနဲ့ မဟုတ်ဘဲနဲ့လဲ အကူအညီ ပေးသွားဖို့ ရှိပါတယ်။ နောက်တစ်ခုက အိုဒီအေနဲ့ မသက်ဆိုင်ဘဲ ဂျပန် အင်တာနေရှင်နယ်ဘဏ်ကနေပြီး ဂက်စ်နဲ့ ပတ်သက်ပြီး လျှပ်စစ်ထုတ်မယ့် တာဘိုင်တွေအတွက် ငွေချေးပေးဖို့အတွက် ဒါကို အကောင်အထည်ဖော်မယ့် ဂျပန်က ကုမ္ပဏီနဲ့ မြန်မာမှာ တွဲလုပ်မယ့် အစိုးရဌာနကိုလဲ ငွေချေးပေးဖို့လဲ ဆောင်ရွက်ပေးသွားဖို့ ရှိတယ်။ အခုလက်ရှိမှာလဲ ဂက်စ်တာဘိုင်နဲ့ လျှပ်စစ်ဓာတ်အား ထုတ်တဲ့ ကိစ္စကိုလဲ အဲ့ဒီဘဏ်ကနေ ချေးငွေ ထုတ်ပေးထားပါတယ်။ မြန်မာနိုင်ငံမှာ သဘာဝ သယံဇာတတွေ ဘယ်လောက်ရှိတယ်ဆိုတာ တွက်ချက်ပြီး အမြန်ဆုံး ဂျပန်ကို အိတ်စ်ပို့ လုပ်နိုင်အောင် နည်းပညာနဲ့ ငွေကြေး အကူအညီယူပြီး ဆောင်ရွက်ပြီး နိုင်ငံခြား ငွေကြေး အမြန်ဆုံးရှာတဲ့ နည်းလမ်းကို အသုံးပြုစေချင်ပါတယ်။ အိတ်စ်ပို့ လုပ်တာနဲ့ နိုင်ငံခြားငွေ ဝင်လာပြီဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေလဲ ပိုဝင်လာမယ်။ အိုဒီအေတွေလဲ ပိုဝင်လာမှာ ဖြစ်တယ်။ မြန်မာနိုင်ငံကို ကူညီတဲ့ အခါမှာလဲ ကူညီနိုင်တဲ့ အနေအထားမျိုးကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။
 မြန်မာနိုင်ငံမှာ ယန်းသန်း ၃၀ ကူညီခဲ့တယ်ဆိုတာ ဘယ်ကဏ္ဍတွေမှာ အကူအညီတွေ ပေးခဲ့တာလဲ။
 ယန်းသန်း ၃၀၊ ၄၀ ဆိုတာ အရင်က ကျွန်တော်ကိုယ်တိုင် ရပ်ဆိုင်းထားတယ်လို့ ထင်တာ။ ကျွန်တော့်အနေနဲ့ နိုင်ငံခြားဝန်ကြီးဌာနမှာ စုံစမ်းတဲ့ အခါမှာ အခြားနိုင်ငံတွေကတော့ တိုးမြှင့်ရနေပေမယ့် မြန်မာနိုင်ငံကတော့ ကျောင်းတွေ ဆောက်ပေးတာ၊ ရေတွင်းတွေ တူးပေးတာပဲ ရှိခဲ့ပါတယ်။ နောက်ဆိုရင် မြန်မာနိုင်ငံဟာ အိုဒီအေ မြှင့်ပေးနိုင်တဲ့ အခြေအနေကို ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် ဆက်လက်တိုးပေးသွားဖို့ပဲ ရှိပါတယ်။
  အိုဒီအေကို ဘယ်လို အဖွဲ့အစည်းတွေကနေ ထောက်ပံ့ပေးနေပါလဲ။ ဒီနှစ်ထဲမှာ မြန်မာနိုင်ငံ အနေနဲ့ အိုဒီအေ တိုးမြှင့်ခံစားရနိုင်မလား။
 ဒီနှစ်ထဲမှာလို့တော့ မပြောနိုင်ဘူး။ ဂျပန်က အမတ်တွေ၊ အဆင့်မြင့် အရာရှိတွေ ဒီနှစ်ထဲမှာ လာဖို့ရှိပါတယ်။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး ပြေလည်ပြီဆိုရင် အိုဒီအေ တွက်စလို့ရပါပြီ။ ဒီကိစ္စမှာ အောက်ခြေအဆင့်ကပဲ လုပ်တာဖြစ်တဲ့အတွက် နှစ်နိုင်ငံ လွှတ်တော်အမတ်တွေ အချင်းချင်း ရင်းနှီးယုံကြည်ပြီဆိုရင် လုပ်လို့ရပါပြီ။ ကျွန်တော့်အနေနဲ့လဲ ဂျပန်မှာ နောက်ကွယ်ကနေပြီး အိုဒီအေ တိုးမြှင့်ပေးဖို့ တွန်းအားပေးသွားပါမယ်။
 ဂျပန်က အာဏာရပါတီက အထက်လွှတ်တော်အမတ် ဆိုတော့ မြန်မာနိုင်ငံရဲ့ အာဏာရ ပါတီဖြစ်တဲ့ USDP ပါတီက တာဝန်ရှိသူတွေနဲ့ရော တွေ့ခဲ့ပါသလား။
 ဒီတစ်ခေါက်က အချိန်လဲမရလို့ မတွေ့ဖြစ်ပါဘူး။ ကျွန်တော်တို့ နောက်တစ်ခေါက်လောက်မှာတော့ အခြား ဂျပန်က အမတ်တွေကိုလဲ ခေါ်လာပြီးမှပဲ တွေ့ဆုံသွားမယ်။
 လက်ရှိမြန်မာ့နိုင်ငံရေး အပေါ် ဘယ်လို သုံးသပ်ချင်ပါသလဲ။
 မြန်မာနိုင်ငံကို ရောက်တော့မှ သိရတာတော့ မြန်မာနိုင်ငံရေးရဲ့ အရှိန်က အရမ်းကို မြန်နေပါတယ်။ အာရှက နိုင်ငံတော်တော်များများကို ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နေပြည်တော်ရော ရန်ကုန်ရော သန့်ရှင်းသပ်ရပ်မှု ရှိပါတယ်။
 သွားနေတဲ့ လမ်းကြောင်းက အရမ်းမြန်နေတယ်လို့ ပြောပါတယ်။ ဘာတွေ သတိထားဖို့ လိုပါသလဲ။
 ပြောင်းတဲ့ အခါမှာ အရမ်းမြန်တဲ့အတွက် ဂရုစိုက်ဖို့တော့ လိုပါတယ်။ ပြောင်းတဲ့အခါ ပြင်ဖို့ပြုဖို့ လိုတာတွေကို ပြုပြင်သွားရင် ကောင်းပါတယ်။ အထူးသဖြင့် ပညာရေး ကဏ္ဍကို အထူးဂရုစိုက်ပြီး လုပ်သွားဖို့ လိုပါတယ်။
 အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
 အထက်လွှတ်တော်အမတ် မစ္စတာတိုချိအကိကိုအီဇုမိနှင့် မေးမြန်းဆွေးနွေးရာတွင် ဘာသာပြန် အဖြစ် ကူညီဆောင်ရွက်ပေးသော Silver Wave Energy မှ Coordinator ဦးရန်ကျော်အား ကျေးဇူးတင်ရှိပါသည်။
 ဝေမာသိမ့်

ပထမဆုံးအကြိမ် ပေးအပ်မည့် သတင်းဆုကြီး နီးလာပြီ

၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမဆုံး အကြိမ်ကျင်းပမည့် အမျိုးသားသတင်းဆုအ တွက် ပြည်တွင်းရှိ ဂျာနယ်၊ မဂ္ဂဇင်းများမှ အမျိုးသားသတင်း ဆုကော်မတီသို့ ၄င်းတို့ပိုင် သတင်း၊ ဆောင်းပါး၊ သတင်း ဓာတ်ပုံ၊ သတင်းကာတွန်းများ ကို ပေးပို့နိုင်ရန် စိတ်ဝင်တစား ပြင်ဆင်နေကြောင်း ရန်ကုန်မြို့ အခြေစိုက်မီဒီယာလုပ်ငန်းများ သို့ ပေါ်ပြူလာနယူးစ်၏ဆက်သွယ် မေးမြန်းချက်အရ သိရသည်။
ယခုအချိန်တွင် ဂျာနယ်၊ မဂ္ဂဇင်းတိုက်များမှ အယ်ဒီတာများ၊ သတင်းရေးသားသူသတင်းထောက် များပူးပေါင်း၍ အမျိုးသားသတင်းဆု ရွေးချယ်ရေးကော်မတီသို့ ပေးပို့နိုင် ရန် သတင်းရွေးချယ်မှုများ ပြုလုပ် နေသည်ဟု ကြားသိရကြောင်း၊ အကဲဖြတ်ကော်မတီ ကလည်း  စိတ်ကြိုက်ရွေးချယ်ဖတ်ရှုနေကြကြောင်း ယင်းကော်မတီ၏ အတွင်းရေးမှူး ဦးဝင်းငြိမ်းက ပြောကြားသည်။
ယခု ပထမဆုံးအကြိမ်ကျင်းပ မည့် အမျိုးသားသတင်းဆုအတွက် ဆုရွေးချယ်ရေး အဖွဲ့ ငါးခုထားရှိမည် ဖြစ်ပြီး တင်ပြလာသည့်သတင်း၊ သတင်းဆောင်းပါး၊ သတင်းဓာတ်ပုံ၊ သတင်းကာတွန်းများကိုသက်ဆိုင်ရာ ဝါရင့်ပညာရှင်ကြီးများ ကထောက်ခံ   ပေး၍ အဓိကကော်မတီနှင့် ညှိနှိုင်းဆုံးဖြတ် ပေးမည်ဖြစ်ကြောင်းဆရာဦးဝင်းငြိမ်းက ပြောကြားသည်။

ကိုးသောင်းပုထိုးတော်ကြီးတွင် အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်နေ

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရှေးခေတ် ရခိုင်ဘုရင် မင်းတိက္ခာ တည်ထားကိုးကွယ်ခဲ့သော ကိုးသောင်း ပုထိုးတော် ကြီးမှာ အက်ကွဲကြောင်းများ ပေါ်ပေါက်နေကြောင်း သိရသည်။
ယခု အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်နေသော နေရာမှာ ပထမလိုဏ်ဂူပတ်လမ်း လက်ဝဲဘက်နံရံပေါ်တွင် ဖြစ်ကြောင်း သိရသည်။
ယခု ကိုးသောင်းပုထိုးတော်ကြီးအား မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအဖွဲ့မှ ထိန်းသိမ်း စောင့်ရှောက် ထားပြီး ပြုပြင်ရန် ဘတ်ဂျက်ငွေ မရှိသဖြင့် လက်ရှိ အချိန်တွင် ပုထိုးတော်အား မပြုပြင်ဘဲ ပစ်ထားရကြောင်း သိရသည်။
မြောက်ဦးရှေးဟောင်း သုတေသနဌနမှ ၁၉၉၆-ခုနှစ်က ပုထိုးတော်ကြီးအား စတင် ပြန်လည် တူးဖေါ်ခဲ့ရာ ၂၅ရာခိုင်နှုန်း ခန့်သာ ပြီးစီးခဲ့သော်လည်း တချို့စေတီပုထိုးတော်များမှာ နဂို အတိုင်းချုံနွယ် များဖုံးအုပ်နေသည်ဟု သိရသည်။
ကိုးသောင်းပုထိုးတော်မှာ မြောက်ဦးမြို့ နန်းတော်ရာကုန်း၏အရှေ့ဘက်တမိုင်ခွဲခန့်အကွာတွင် တည်ရှိပြီးအေ ဒီ ၁၅၅၃-၁၅၅၆ ခုနှစ်အတွင်း ရခိုင်ဘုရင် မင်းတိက္ခာက တည်ထားခဲ့သော ပုထိုးတော်ကြီး ဖြစ်ပြီး ဘုရားဆင်းထုတော် (၉) သောင်း ကိန်းဝပ် စံပယ်နေသဖြင့် ကိုးသောင်း ဘုရားတော်ကြီးဟု အမည်တွင်သည်။
 
Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

1 comments:

worldw MOHAMED said...

အားလုံးပဲမင်္ဂလာပါ,
ကျွန်တော့်နာမည် Mr Rugare Sim ပါ။ ငါဟော်လန်မှာနေပြီးယနေ့ငါဟာပျော်ရွှင်တဲ့သူတစ်ယောက်လား။ ငါကိုယ်တိုင်ကိုယ့်ကိုယ်ကိုပြောတယ်။ ငါနဲ့ငါ့မိသားစုကိုဆင်းရဲတဲ့အခြေအနေကနေကယ်ဆယ်နိုင်တဲ့သူကငါ့အတွက်ငွေချေးတဲ့သူကိုငါပြန်ပြောမယ်၊ သူကငါ့မိသားစုကိုပျော်ရွှင်စေတယ်၊ ​​ငါယူရိုချေးငွေလိုတယ် ကျွန်ုပ်သည်ကလေး ၂ ယောက်ရှိသောဖခင်တစ် ဦး အနေဖြင့်ကျွန်ုပ်ဘဝကိုစတင်နိုင်ရန် ၃၀၀,၀၀၀,၀၀၀၀ ကျွန်ုပ်ရိုးသားဖြောင့်မတ်သူနှင့်တွေ့ဆုံခဲ့သည်။ ကျွန်ုပ်သည်ချေးငွေယူရန်ယူရို ၃၀၀,၀၀၀၀၀ ကိုကူညီသောအလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့သူဖြစ်သည်။ သင်ပြန်ဆပ်ပါက ကျေးဇူးပြု၍ သူနှင့်ဆက်သွယ်ပါ (Mr Rugare Sim) ကသင့်အားသူ့ကိုရည်ညွှန်းသည်။ အီးမေးလ်မှတဆင့် Mr, Mohamed Careen ကိုဆက်သွယ်ပါ။ (arabloanfirmserves@gmail.com)


ချေးငွေလျှောက်လွှာသတင်းအချက်အလက်များ
နာမည်......
အလယ်နာမည်.....
၂။ လိင်: .........
၃။ လိုအပ်သောချေးငွေပမာဏ .........
၄။ ချေးငွေကာလ - .........
၅။ နိုင်ငံ - .........
၆။ အိမ်လိပ်စာ - .........
၇။ မိုဘိုင်းနံပါတ် - .........
၈။ အီးမေးလ်လိပ်စာ ..........
၉။ လစဉ်ဝင်ငွေ .........
10) အလုပ်အကိုင်: ...........................
11) ဒီနေရာမှာဘယ် site ကိုလုပ်ခဲ့သလဲ .....................
ကျေးဇူးတင်ပါတယ်နှင့်လေးစားစွာဖြင့်။
arabloanfirmserves@gmail.com အီးမေးလ်ပို့ပါ

Post a Comment