ကမ္ဘာ့သတင်းများ  11/03/2012

နိုင်ငံတကာသတင်း

ဂျပန် ဆူနာမီရေလှိုင်းဒဏ်သင့် တနှစ်ပြည့်

သမိုင်းတလျှောက် အဆိုးရွားဆုံး နျူကလီးယား ပြဿနာတစ်ခုအဖြစ် ကြုံခဲ့ရတဲ့အထိ ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ထဲ ငလျင်ဒဏ်နဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းဒဏ်ခံခဲ့ရတာ တနင်္ဂနွေနေ့မှာ တနှစ်ပြည့် သွားပါပြီ။ တနှစ်ပြည့်နေ့အဖြစ် နှစ်ပတ်လည် အောက်မေ့ဖွယ် အခမ်းအနားတွေ ကျင်းပနေချိန်မှာပဲ ဂျပန်နိုင်ငံ အနေနဲ့ ငလျင်၊ ဆူနာမီနဲ့ နျူကလီးယား ကပ်ဘေးဒဏ် ၃ ခုက ပြန်လည် နာလန်ထူလာရေး ကြိုးပမ်းနေရပါတယ်။
ကပ်ဘေးဒဏ်ကြောင့် ဆုံးပါးခဲ့ရသူ လူပေါင်း ၂ သောင်း ကိုသာမက နောက်ပိုင်းမှာ ဂျပန်နိုင်ငံကို ၀ိုင်းဝန်း ကူညီကြတဲ့ တခြားနိုင်ငံတွေကိုပါ မမေ့မလျော့ ရှိနေကြောင်းလည်း ၀န်ကြီးချုပ် Yoshihiko Noda က စနေနေ့ထုတ် ၀ါရှင်တန်ပို့စ် သတင်းစာမှာ ရေးခဲ့တာပါ။ ဂျပန်နိုင်ငံ အနေနဲ့ အားလုံးအပေါ် ပေးဆပ်ရမယ့် တာဝန်တွေနဲ့အတူ ထာဝရကျေးဇူးတင်သွားမှာ ဖြစ်တယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။
တိုကျိုမြို့တော်နဲ့ တခြားနေရာ အတော်များများမှာ တနင်္ဂနွေနေ့မှာ ပြုလုပ်မယ့် အောက်မေ့ဖွယ် အခမ်းအနားတွေ ကျင်းပချိန်မှာ ပြီးခဲ့တဲ့နှစ် မတ်လ ၁၁ ရက်နေ့က ပြင်းအား ၉ အထိရှိတဲ့ ငလျင်လှုပ်ခတ်တဲ့အချိန် ဖြစ်တဲ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၆ မိနစ်မှာ အများပြည်သူ သွားလာမှုတွေ အတော်များများကို ရပ်ဆိုင်းထားမှာပါ။
ငလျင်ကြောင့် ကြီးမားတဲ့ ဆူနာမီလှိုင်းလုံးတွေက ကမ်းရိုးတန်းတလျှောက်က မြို့တွေ ရွာတွေကို ဖျက်ဆီးခဲ့တာလည်း ဖြစ်ပါတယ်။ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေး စက်ရုံကို ရိုက်ခတ်ခံခဲ့ရတဲ့ အတွက်လည်း ဓာတ်ပေါင်းဖို ၃ လုံး ထိခိုက် ပျက်စီးရာက ရေဒီယိုသတ္တိကြွတွေ ထွက်ပေါ်လာတဲ့အတွက် ကျေးရွာအုပ်စု အတော်များများ လူသူမနေနိုင်လောက်အောင် ဖြစ်ခဲ့ရတာပါ။ တနှစ်ပြည့်လာချိန်အထိ ဒေသခံတွေ ယာယီခိုလှုံရာ စခန်းတွေမှာ နေထိုက်နေကြရဆဲ ဖြစ်သလို အများအပြားဟာ ဆိုရင်လည်း အလုပ်အကိုင်မရှိနဲ့ ဘ၀တွေကို ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေကြရတုန်းလည်း ဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေရပ်ဖို့ ကြိုးပမ်းမည်ဟု ဆီးရီးယားခေါင်းဆောင် ကတိပေး

အကြမ်းဖက် ဆူပူမှုတွေ ဖြစ်ပေါ်နေတဲ့ ဆီးရီးယားနိုင်ငံက ပဋိပက္ခတွေ ပြေလည်ရေးအတွက် ဘယ်လို ရိုးသားတဲ့ ကြိုးစား လုပ်ဆောင်မှုမျိုးကိုမဆို ထောက်ခံသွားမယ်လို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဆီးရီးယားခေါင်းဆောင်က ပြောလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာ အခက်အခဲတွေ ပြေလည်ရေး ကြိုးပမ်းတဲ့အနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နဲ့ ဒီကနေ့ တွေ့ဆုံအပြီး ဘက်ရှာအယ်လ်အာဆဒ် (Bashar al – Assad) က အဲဒီလို ပြောကြားခဲ့တာလို့ အစိုးရပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ ဆီးရီးယားနိုင်ငံထဲက လမ်းမတွေပေါ်မှာ အကြမ်းဖက်သမားတွေက ဆူပူသောင်းကျန်းမှုတွေ လုပ်နေသ၍တော့ နိုင်ငံရေးအရ တွေ့ဆုံ ညှိနှိုင်းလို့ ရမှာမဟုတ်ဘူးလို့လည်း သမ္မတ အာဆဒ်က သတိပေး ပြောကြားလိုက်ပါတယ်။
တိုင်းပြည်မြောက်ပိုင်းက Idlib မြို့ကို အစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ တချိန်တည်းမှာပဲ သမ္မတက အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ Idlib မြို့ကလာတဲ့ ဓါတ်ပုံတွေအရ မြို့ခံ အရပ်သားတွေဟာ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးခိုးငွေ့တွေ ထွက်လာနေတဲ့ အဆောက်အဦးတွေ နောက်ခံနဲ့ ရရာပစ္စည်းတွေ သယ်ဆောင်ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးနေကြတဲ့ပုံတွေ ပြသနေပါတယ်။
ဆီးရီးယားနိုင်ငံရဲ့ ပဋိပက္ခကို နိုင်ငံရေးအရ ဖြေရှင်းကြဖို့ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်း ခံထားရတဲ့ ကိုဖီအာနန်က တိုက်တွန်းလိုက်ပါတယ်။ တော်လှန်ရေး အင်အားစုတွေကို  လက်နက်တပ်ဆင်ပေးဖို့ ကြိုးစားတဲ့လုပ်ရပ်ဟာ အခြေအနေ ပိုဆိုးရွားစေလိမ့်မယ်လို့လည်း သူက သတိပေး ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ဆီးရီးယားသမ္မတရဲ့ ဒီပြောဆိုချက်ကို အာရပ်အဖွဲ့ချုပ်က ပယ်ချလိုက်ပြီး တိုင်းပြည်အတွင်းက သေဆုံးမှုတွေနဲ့ ပျက်ဆီး ဆုံးရှုံးမှုတွေအတွက် တာဝန်ယူရလိမ့်မယ်လို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ကျင်းပနေတဲ့ အာရပ်အဖွဲ့ချုပ် စည်းဝေးပွဲမှာ ဝေဖန် ပြောကြားလိုက်တာပါ။
ဆီးရီးယားအစိုးရရဲ့ လုပ်ရပ်တွေဟာ Genocide လို့ ခေါ်တဲ့ အပြစ်မဲ့ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကာတာ ၀န်ကြီးချုပ် Sheik Hamad bin Jassem al Thani က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

တရုတ်ကုန်သွယ်ရေး လိုငွေပြ

တရုတ်နိုင်ငံ အနေနဲ့ ပို့ကုန်ထက် သွင်းကုန် ပိုသွားခဲ့တဲ့အတွက် ဖေဖော်ဝါရီလအတွင်း ကုန်သွယ်ရေးလိုငွေ အကြီးအကျယ် ပြခဲ့တယ်လို့ အာဏာပိုင်တွေက စနေနေ့မှာ ပြောပါတယ်။ ဒါဟာ ဆယ်စုနှစ် တစ်ခုအတွင်း အကြီးဆုံး လိုငွေပြမှုဖြစ်ပါတယ်။
အကောက်ခွန်ဌာနရဲ့ စာရင်းဇယားတွေအရ ဖေဖော်ဝါရီလအတွင်း ပို့ကုန်ပမာဏ ၁၁၄ ဘီလီယံကျော် ရှိခဲ့ပေမဲ့ သွင်းကုန် ပမာဏဟာ ဒေါ်လာ ၁၅၀ ဘီလီယံနီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်လာ ၃၁ ဘီလီယံကျော် လိုငွေပြမှုဟာ ၁၉၉၀ ခုနှစ်တွေကတည်းက ပထမဆုံးအကြိမ်ဖြစ်ပြီး လစဉ် ဒေါ်လာ ဘီလီယံအတော်များများ ပိုငွေပြနေခဲ့ရာက ရှားရှားပါးပါး လိုငွေပြလာတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ အဓိက ကုန်သွယ်ဘက် နိုင်ငံတွေဖြစ်တဲ့ ဥရောပတိုက်အတွင်းက ယူရိုငွေကြေး အသုံးပြုတဲ့နိုင်ငံတွေမှာ ကြွေးမြီပြဿနာတွေနဲ့ ရင်ဆိုင်နေရတာနဲ့ အမေရိကန်စီးပွားရေး ပြန်လည် နာလန်ထူဖို့ နှေးကွေးနေသေးနေတာတွေက တရုတ်နိုင်ငံအတွက် အခုလို ကုန်သွယ်ရေး လိုငွေပြဖို့ ဖြစ်ပေါ်လာစေတဲ့ အဓိက အကြောင်းအရာတွေ ဖြစ်တယ်လို့ လေ့လာသူတွေ သုံးသပ် ပြောဆိုနေကြပါတယ်။

Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment