မြန်မာသတင်းများ မတ် ၁၁ ရက်၊ ၂၀၁၂
အလုပ်သမားများ သမဂ္ဂဖွဲ့ခွင့်၊ ဆန္ဒပြခွင့် ရပြီ
မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ပြုတာနဲ့ အလုပ်သမားအရေး ဆန္ဒပြခွင့်ပြုတဲ့၊ အလုပ်သမား အဖွဲ့အစည်းဥပဒေ ဒီနှစ် မတ်လ ၉ ရက်နေ့က စပြီး အာဏာတည်တဲ့နေ့ သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာကို မတ်လ ၉ ရက်နေ့စွဲနဲ့ပဲ သမ္မတရုံးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းလာမယ့် အလုပ်သမား သမဂ္ဂတွေ မှတ်ပုံတင်ကြမှာကို စစ်ဆေးကြီးကြပ်မယ့် မှတ်ပုံတင်အရာရှိချုပ် အဖြစ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ချုပ်ကို ခန့်အပ်တာဝန်ပေးတဲ့ အမိန့်ကြောငြာစာကိုလည်း မတ်လ ၉ ရက် နေ့စွဲနဲ့ပဲ သမ္မတရုံးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။
အလုပ်သမား အဖွဲ့အစည်း ဥပဒေကို မနှစ်က ၂၀၁၁ အောက်တိုဘာလမှာ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြုထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီဥပဒေအရ အနည်းဆုံး အဖွဲ့ဝင်ဦးရေ ၃၀ နဲ့ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်း နိုင်ပြီးတော့ အသေးစိတ် အစီအစဉ်တွေ ပါဝင်တဲ့ အလုပ်သမားအရေး ဆန္ဒပြပွဲကို ၁၄ ရက် ကြိုတင် အကြောင်းကြားခွင့် တောင်းခံခဲ့ရင် ဆန္ဒပြခွင့်ကိုလည်း ခွင့်ပြုထားပါတယ်။
အလုပ်သမား သမဂ္ဂအဖွဲ့ဝင် ဖြစ်တာကို အကြောင်းပြု၍ ဖြစ်စေ၊ အလုပ်သမားအရေး ဆန္ဒပြတာကို အကြောင်းပြု၍ ဖြစ်စေ၊ အလုပ်သမားတွေကို အလုပ်မှထုတ်ပယ်တဲ့ အလုပ်ရှင်ဟာ ဒီဥပဒေအရ ထောင်ဒဏ်တစ်နှစ်နဲ့ ဒဏ်ငွေ ကျပ်တစ်သိန်း ပြစ်ဒဏ်ချခံရမှာ ဖြစ်သလို၊ အလုပ်သမားတွေ ဆန္ဒပြနေစဉ်မှာ ယခု ပြဌာန်းထားတဲ့ အလုပ်သမား အဖွဲ့အစည်းဥပဒေကို ချိုးဖောက်မှု ရှိခဲ့ရင်လည်း ချိုးဖေယက်သူ အလုပ်သမားဟာ ဒီဥပဒေအရ ထောင်ဒဏ်တစ်နှစ်နဲ့ ဒဏ်ငွေ ကျပ်သုံးသောင်း ပြစ်ဒဏ်ချမှတ် ခံရမှာ ဖြစ်ပါတယ်။
အပစ်ရပ်ကိစ္စ ကေအိုင်အိုနဲ့အစိုးရကြား ညှိလို့မရ
တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကချင် KIO အဖွဲ့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ဟာ ၃ ရက်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ခဲ့ပေမဲ့ အပစ်ရပ်သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိဘဲ နှစ်ဘက် သဘောထား ထုတ်ပြန်ချက်တစ်စောင်ကိုသာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ်တွင်း တပ်စခန်း ချထားရေး ကိစ္စတွေနဲ့အတူ အပစ်ရပ် သဘောတူလက်မှတ်ကို နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုရဲ့ စောင့်ကြပ်မှုအောက်မှာ ရေးထိုးရေးဆိုတဲ့ အချက်တွေကို ညှိနှိုင်းမရသေးတာကြောင့် ဖြစ်ပါတယ်။
မတ်လ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ၃ ရက်ကြာ ကချင်အဖွဲ့ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ရွှေလီမြို့မှာ ပြုလုပ်ခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာလည်း နှစ်ဘက် အပစ်ရပ် သဘောတူညီချက် လက်မှတ် မထိုးနိုင်ခဲ့သေးပါဘူး။ ဒါပေမဲ့ အချက် ၅ ချက်ပါတဲ့ နှစ်ဘက်အဖွဲ့ရဲ့ သဘောထား ထုတ်ပြန်ချက် တစ်စောင်ကိုတော့ ထုတ်ပြန်ခဲ့တယ်လို့ ကချင် KIA ရဲ့ ဒုတိယ စစ်ဦးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်က ပြောပါတယ်။
“အဓိက ကတော့ ကျနော်တို့ ဇန်န၀ါရီ ၁၈၊ ၁၉ မှာ ကျနော်တို့ တင်ပြထားတဲ့ ဆွေးနွေးရေးပုံစံ အဆင့်သုံးဆင့်ကိုတော့ မူအရ လက်ခံနိုင်တယ်လို့ ဒီလိုပဲ သဘောပေါက်ရတယ်။ အဓိက ကတော့ ကျနော်တို့ ဆွေးနွေးရေးကို ယုံကြည်မှု တည်ဆောက်ရေးအတွက် လုပ်နေတယ်။ ကျေနပ်အားရမှု ရှိတယ်။ နောက်တစ်ချက်က ဆက်လက်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံပွဲတွေ လုပ်သွားမယ်။ စစ်အရှိန်တွေ လျော့နည်းလာအောင် ပြုလုပ်မယ် ဆိုတဲ့ဟာနဲ့ ကျနော်တို့ ပြဿနာ ဖြစ်နိုင်တဲ့ဒေသမှာ ရှိနေတဲ့ တပ်တွေကိစ္စကို နောက်တစ်ကြိမ် ဆွေးနွေးသွားမယ်ဆိုတာကို အဓိကားပြီး ကျနော်တို့က ထုတ်ပြန်ချက် လုပ်တာပါ။”
ဒီနှစ် ၂၀၁၂ ထဲမှာ အစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နဲ့ ကချင် KIO အဖွဲတို့ တွေ့တာ ဒါ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပထမတစ်ကြိမ်က ဇန်န၀ါရီလ ၁၈ နဲ့ ၁၉ နှစ်ရက်ကြာ ရွှေလီမှာပဲ ဆုံပြီး ညှိကြပါသေးတယ်။ အဲဒီတုန်းက မပြီးပြတ်တဲ့ ညှိနှိုင်းမှုတွေကို အခုထပ်ပြီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ကချင်ပြည်နယ်တွင်း တပ်စခန်းများ နေရာချထားရေး ကိစ္စ၊ အပစ်ရပ် သဘောတူညီချက် လက်မှတ်ကို KIO ဘက်က နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုခုရဲ့ စောင့်ကြပ်မှုအောက်မှာ လက်မှတ် ထိုးချင်တယ်ဆိုတဲ့ အချက်တွေကို အဓိက ညှိနှိုင်းလို့ မရသေးတာကြောင့် ဒီတစ်ခေါက်မှာလည်း သဘောတူညီချက် လက်မှတ်ကို မထိုးနိုင်ကြသေးတာ ဖြစ်ပါတယ်။
“အဓိက အခက်အခဲကတော့ ကျနော်တို့နဲ့က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်တာက များတဲ့အခါကျတော့ တပ်တွေက အများကြီး နီးနီးကပ်ကပ်နဲ့ ကျနော်တို့က နေရာယူထားကြတာ။ အဲဒီတော့ ဒီတပ်တွေကို ဘယ်လိုလုပ်ပြီးမှ ရုတ်သိမ်းကြမလဲ ဆိုတာ အခက်အခဲတစ်ခုပါ။ လက်မှတ်ရေးထိုးနိုင်ရေး အတွက်ကတော့ ဒီ ပြဿနာ ဖြစ်နိုင်မယ့်ဒေသမှာ ရှိတဲ့တပ်တွေ ကိစ္စရယ်၊ နောက်ပြီး ကျနော်တို့ ပြောဆိုနေတဲ့ နိုင်ငံတကာ စောင့်ကြပ်မှုအောက်မှာ လက်မှတ်ရေးထိုးရေး ဆိုတဲ့ ဒီအချက်နှစ်ချက် အောက်မှာ ကျနော်တို့ ညှိနှိုင်းနေတုန်းပါ။”
KIA ရဲ့ ဒုတိယ စစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဖြစ်ပါတယ်။ KIO ဘက်ကတော့ ခိုင်မာတဲ့ နိုင်ငံရေး သဘောတူညီချက်တွေ ရှိပြီးမှ အပစ်ရပ်ချင်တယ် ဆိုတဲ့ သဘောထားနဲ့အတူ အစိုးရ အဖွဲ့ဘက်က အပစ်အခတ် အရင်ရပ်ပြီးမှ နိုင်ငံရေး ဆက်ဆွေးနွေးပွဲတွေ ဆက်လုပ်မယ်ဆိုတဲ့ အခြေအနေတွေကိုလည်း ဆက်ပြီး ဆွေးနွေးသွားကြမယ်လို့ ပြောပါတယ်။ အခု မပြီးပြတ်သေးတဲ့ ဆွေးနွေးမှုတွေကို ရက်အတိအကျ မသတ်မှတ်ရသေးပေမဲ့ မကြာခင် နှစ်ဘက်အဖွဲ့တွေ ပြန်လည်တွေ့ဆုံဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
၉ လကျော်ရှိနေပြီ ဖြစ်တဲ့ ကချင်ပြည်နယ်တွင်းက မတည်မှုတွေကို အမြန်ရုတ်သိမ်းနိုင်ဖို့အတွက် နှစ်ဘက် ယုံကြည်မှုတွေ တည်ဆောက်ပြီး သဘောတူညီချက်တွေ ရဖို့ လိုနေပြီလို့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောပါတယ်။ အပစ်ရပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်မယ်လို့လည်း သူက မြင်ပါတယ်။
“အပစ် မရပ်ဘဲနဲ့တော့ ဘယ်နည်းနဲ့မှ နိုင်ငံရေး ဆွေးနွေးလို့ မရပါဘူး။ ဒါကတော့ ကျမ အမြင်ပါ။ ဒါကတော့ ကျမတို့က ယုံကြည်မှုဆိုတာ အချင်းချင်း တည်ဆောက်ဖို့ လိုပါတယ်။ ကိုယ့် မောင်နှမချင်း ဖြစ်တဲ့အပေါ်မှာ ဒီယုံကြည်မှု မရှိလို့ရှိရင်တော့၊ နောက်ပိုင်း ဒီလို အချင်းချင်း ယုံကြည်မှုတောင် မရှိဘူးဆိုတော့ နောက်ပိုင်း ဆွေးနွေးဖို့က ကျမတို့ ခက်ခဲပါတယ်။ အဲဒီတော့ တကယ်ပဲ ကျမတို့ ကိုယ့်ပြည်နယ် တိုးတက်ဖို့အတွက် တပြည်နယ်လုံး ပေါ့နော်။ ငြိမ်းချမ်းရေးပါ လက်တွဲ ပါဝင်ချင်တယ်ဆိုရင်တော့ ကျမတို့က ဒါ အချင်းချင်း ယုံကြည်စွာနဲ့ နိုင်ငံရေးကို ဆွေးနွေးဖို့ လိုအပ်တယ် ဆိုတာကို ကျမနေနဲ့ မြင်ပါတယ်။”
စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ရဲ့ အမြင် ဖြစ်ပါတယ်။ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲကို အစိုးရဘက်က ဦးအောင်သောင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲနဲ့ ကချင် KI O တို့ တွေ့ဆုံခဲ့တာပါ။ ဒီဆွေးနွေးပွဲတွေကို သတင်းသမားတွေလည်း သတင်းလိုက်ယူခွင့် ရခဲ့ကြပါတယ်။
မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်ရပ် ငြိမ်းချမ်ရေး သဘောတူညီချက်တွေ လုပ်ဆောင်နေတဲ့အထဲ ကရင် KNU လို အဖွဲ့ကြီးအပြင် ရှမ်းပြည်နယ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့အတူ တခြားတိုင်းရင်းသား အဖွဲ့တော်တော်များများနဲ့ ပဏာမအဆင့် သဘောတူညီချက် လက်မှတ် ရေးထိုးထားနိုင်ပြီ ဖြစ်ပေမဲ့ အခုချိန်ထိ ကချင် KIO အဖွဲ့နဲ့ ညှိနှိုင်းလို့ မရသေးတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ မော်လမြိုင်မြို့ကို ရောက်ရှိ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ပြည်နယ် မော်လမြိုင်မြို့ကို ပါတီ စည်းရုံးရေးခရီး ဒီနေ့ သွားရောက်ရာမှာ သောင်းသောင်းဖြဖြ ကြိုဆိုတဲ့ လူထုကို လမ်းခရီးတလျှောက် နှုတ်ဆက်စကား ပြောကြားခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ သထုံမြို့ လူထုကို မိန့််ခွန်းပြောကြားပြီးနောက် ည ၈ နာရီကျော်မှာ မော်လမြိုင်မြို့ကို ရောက်ရှိကြောင်း ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။
“မနက်က ၈ နာရီ ရန်ကုန်က ထွက်ပါတယ်။ လမ်းမှာ ကြိုတဲ့လူတွေ သိပ်များပါတယ်။ ရွာစဉ်ကလည်း ဆက်နေတော့ မှန်းထားတဲ့အချိန်ထက် အများကြီး နောက်ကျပါတယ်။ ပဲခူးတိုင်းက ဖြတ်လာပြီး မွန်ပြည်နယ်အစ မုပ္ပလင်မှာ နှုတ်ခွန်းဆက်စကား ပြောပါတယ်။ ကျိုက်ထို၊ ဘီးလင်းမှာ နှုတ်ခွန်းဆက်စကား ပြောပါတယ်။ ဒီလောက်ပါပဲ”
သထုံမြို့နဲ့ ပေါင်မြို့တို့ကို ခေတ္တ ဝင်ရောက်ရပ်နားရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူအုပ်ကြီးက စောင့်ကြို နှုတ်ဆက်ကြတယ်လို့ မော်လမြိုင်မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လူထုကို စကားပြောဖို့ တောင်းခံတဲ့ မော်လမြိုင်မြို့ သံလွင် ဥယျာဉ်ကွင်းမှာ ဟောပြောခွင့်မရတဲ့အတွက် မြို့နဲ့ ၆ မိုင်လောက် ဝေးတဲ့ မော်လမြိုင်- ကျိုက်မရော ကားလမ်းနဘေးက ကွမ်းခြံရွာ ဘောလုံးကွင်းမှာ မနက်ဖြန် မနက် ၉ နာရီမှာ ဟောပြောဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒေါ်စု မော်လမြိုင် ပါတီစည်းရုံးရေးခရီး
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ပြည်နယ် စည်းရုံးရေးအဖြစ် ဒီနေ့ည မော်လမြိုင်မြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ လမ်းတလျှောက်မှာရှိတဲ့ မြို့တွေက ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက် ကြိုဆို နှုတ်ဆက်ကြသလို မုပ္ပလင်နဲ့ ဘီးလင်းမှာ ခရီးတထောက်နားပြီး လူထုကို နှုတ်ဆက်စကား ပြောခဲ့ပါတယ်။ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ပြည်နယ်ကို ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ် အဖြစ် ဒီကနေ့ မတ်လ ၁၀ ရက်နေ့ မနက်က ရန်ကုန်ကနေ မော်လမြိုင်ကို သွားတာဖြစ်ပြီး အခု ည ၇ နာရီခွဲကျော်လောက်မှာ မော်လမြိုင်မြို့ကို ရောက်ပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD မော်လမြိုင် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က လုပ်မယ့် ညစာစားပွဲကို တက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။
“ရောက်ပါပြီ။ ၇ နာရီခွဲကပါ။ မော်လမြိုင်က မွန်ပြည်နယ် အောင်နိုင်ရေးအဖွဲ့က လုပ်တဲ့ ညစာ စားပွဲကို ၈ နာရီမှာတက်မှာ ဖြစ်ပါတယ်။ ဘယ်သူတွေ ဖိတ်ထားလဲတော့ ကျနော် မသိပါဘူး။”
ရန်ကုန်ကနေ မော်လမြိုင်ကိုသွားတဲ့ ခရီးစဉ်အတွင်း လမ်းတလျှောက် မြို့ခံတွေက အများအပြား ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို နှုတ်ဆက်ကြပါတယ်။ မုပ္ပလင်နဲ့ ဘီးလင်းစတဲ့ မြို့တွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုနဲ့ ခဏရပ်နားပြီး စကားပြော နှုတ်ဆက်ပါတယ်။ ဒါကြောင့် မော်လမြိုင်ကို အရင်က မှန်းထာတဲ့ အချိန်ထက် နောက်ကျပြီးမှ ရောက်တာ ဖြစ်ပါတယ်။
“လမ်းမှာ ကြိုတဲ့သူက သိပ်များတယ်။ ဒီဘက်လမ်းက အထူးသဖြင့် ရွာစင် ဆက်တာကိုး။ ဆက်တော့ သူတို့ နှုတ်ဆက်ချင်တော့လည်း ပြန်နှုတ်ဆက်ရတာပေါ့။ အဲဒီတော့ စကားကတော့ နှစ်နေရာလောက် ပြောပါတယ်။ မုပ္ပလင်မှာ တစ်ခါပြောတယ်။ ဘီးလင်းမှာ တစ်ခါပြောတယ်။ ၂ မိနစ် ၃ မိနစ် နှုတ်ဆက်တဲ့ဟာပါပဲ။ နောက်ကျတော့ သိပ်ကြာကြာ မပြောနိုင်ပါဘူး။ ကမ္ဘာလှည့်ခရီးသွားတွေရော၊ ဘုရားဖူးတွေရော၊ ကျိုက်ထီးရိုး ဖူးတွေရော၊ အကုန်လုံးကလည်း နှုတ်ဆက်ကြတာပေါ့။”
မနက်ဖြန် မတ်လ ၁၁ ရက် တနင်္ဂနွေနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မော်လမြိုင်မှာ လူထုကို စကားပြောဖို့ စီစဉ်ထားပါတယ်။ အရင်သွားခဲ့တဲ့ မြို့နယ်တွေမှာ ကြုံရသလိုပဲ အခု မွန်ပြည်နယ် ခရီးစဉ်မှာလည်း အလားတူ နေရာခွင့်ပြုချက် အခက်အခဲ ဖြစ်ခဲ့ပါတယ်။ မော်လမြိုင် အိုးဘိုကုန်းက ဥယျာဉ်ခြံဝန်းကြီး တစ်ခုထဲမှာ ပြောဖို့ စီစဉ်ထားပေမဲ့ ခွင့်ပြုချက် မရတာကြောင့် မော်လမြိုင်ကနေ ၆ မိုင်ကျော်ဝေးတဲ့ ကျွဲခြံကုန်းက ကွင်းကြီးတစ်ခုထဲ လူထုနဲ့ တွေ့ဆုံပွဲလုပ်ဖို့ စီစဉ်ထားရပါတယ်။
“ပြောဖို့ စီစဉ်ထားတာကတော့ မနက် ၉ နာရီပေါ့ဗျာ။ ဒါပေမဲ့ ပြောရမယ့်နေရာက မော်လမြိုင်မြို့ကနေ ၆ မိုင်ဝေးပါတယ်။ ၆ မိုင် ကျွဲခြံကုန်း ဆိုတာ၊ ကွင်းက အဲဒီမှာပဲ ရပါတယ်။ အဲဒီတော့ ကျနော်တို့ ဟိုတယ်က ၇ နာရီခွဲလောက် ထွက်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့အလယ်ခေါင်ကြီးကို ဖြတ်ရမှာဆိုတော့။ တော်တော်လေး မောင်းယူရမယ်။ ၁ နာရီခွဲလောက် မောင်းမှ အဲဒီနေရာ ရောက်မယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က အခုသွားနေတဲ့ မွန်ပြည်နယ် ခရီးစဉ်အကြောင်း ပြောပြခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ည ၇ နာရီကျော်မှ မော်လမြိုင်မြို့ကို ရောက်မယ်ဆိုပေမဲ့ နေ့လယ်ပိုင်းလောက်ကတည်းက မော်လမြိုင်မြို့ထဲမှာ လူထုက ကြိုဆိုဖို့ အတော်လေး စည်ကားနေတာပါ။ မနက်ဖြန် လူထုဟောပြောပွဲကလည်း မြို့နဲ့အလှမ်းဝေးတယ် ဆိုပေမဲ့ ကားတွေ ငှားပြီးသွားကြဖို့ စီစဉ်ထားတယ်လို့ မော်လမြိုင်သူ တစ်ဦးက ပြောပါတယ်။
“လူတွေ အများကြီး ဖြစ်နေပြီ။ ဒီမှာ စုနေကြတယ်။ ကားတွေ ငှားပြီးတော့ အခုကားတွေနဲ့ သွားဖို့ လုပ်နေတယ်။ တော်တော်တော့ လူများတယ်။ တော်တော် တက်ကြွနေကြတယ်။ ဆိုင်ကယ်တွေမှာဆိုလည်း အလံတွေ အနီတွေက အများကြီးပဲဖြစ်နေတယ်။ ဆိုင်ကယ်တိုင်း လိုလိုမှာလေ ဒီချုပ် အလံတွေ ကပ်ထားပြီးတော့ အလံတလူလူနဲ့ ဒီနေ့ လျှောက်သွားနေတာ တွေ့တာပဲ။ ဒေါ်ခင်ဌေးကြွယ် မဲဆန္ဒ ရွေးမယ်လေ။ ဒေါ်ခင်ဌေးကြွကို အခု သူတို့ ရပ်ကွက်တိုင်းမှာ လိုက်ပြီးတော့ ၀င်ပြီးတော့ ရုံးဖွင့်ပွဲတွေ လုပ်နေတယ်ဆိုတော့ လူအတော်များများ သိနေကြပြီ။”
ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ ၁၀ ရက်နဲ့ ၁၁ ရက် နှစ်ရက်ကြာ မွန်ပြည်နယ်ခရီး သွားနေတာ ဖြစ်ပြီး ကြားဖြတ် ရွေးကောက်ပွဲမှာ NLD က ၀င်ပြိုင်မယ့် မဲဆန္ဒနယ် နေရာအားလုံးကို စည်းရုံးရေးအဖြစ် ခရီးတွေ ထွက်နေတာလည်း ဖြစ်ပါတယ်။
အခု မွန်ပြည်နယ် မော်လမြိုင်မြို့ လစ်လပ်မဲဆန္ဒနယ်အတွက် NLD ပါတီကနေ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ်က ၀င်ပြိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လဆန်းက မန္တလေး နဲ့ နေပြည်တော် ခရီးစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် အတွက် လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေမျိုး ရှိခဲ့ပေမဲ့ အခုမွန်ပြည်နယ် ခရီးစဉ်မှာတော့ ဘာမှပြဿနာ မရှိသလို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ လုံခြုံရေး ကြိုတင်ညှိနှိုင်းတာတွေ လုပ်ထားတယ်လို့လည်း NLD ကပြောပါတယ်။
CRPP အမည်နှင့်ရည်ရွယ်ချက်ပြင်ဆင်မည်
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ – CRPP ( ၁၉၉၀ ) အား အမည်နှင့် ရည်ရွယ်ချက်ကို ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် ပြင်ဆင်မည်ဖြစ်ကြောင်း ယင်းကော်မတီဝင်တစ်ဦးဖြစ်သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်းကပြောသည်။“ CRPP ဆိုတာဖွဲ့လို့မရတော့ဘူးလေ။ CRPP ကိုယ်စားပြုတဲ့လွှတ်တော်က လွန်သွားပြီ။ အဲဒီပုံစံလုပ်လို့မရတော့ဘူး။ အခြားပုံစံတစ်မျိုးပြောင်း လုပ်ရမယ်” ဟု၎င်းကဆိုသည်။
CRPP အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်ကလည်း ယခုအချိန်တွင် အခြေအနေများပြောင်းလဲလာသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ဟူသော နာမည်နှင့် ရည်ရွယ်ချက်ကိုပါ ပြောင်းလဲရခြင်းဖြစ်ကြောင်း ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲုတွင် ရွေးကောက်ခံခဲ့ရသော ပြည်သူ့ကိုယ်စားလှယ်များကို န.၀.တ အစိုးရမှ လွှတ်တော်ခေါ်ပေးရန် ပျက်ကွက်ခဲ့သဖြင့် ယင်းကိုယ်စားလှယ်အများစုမှ စုပေါင်းကာ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ကို ၁၉၉၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။
ဖွဲ့စည်းသည့် ရည်ရွယ်ချက်မှာ လွှတ်တော်ပေါ်ပေါက်ရေးနှင့် လွှတ်တော်မပေါ်ပေါက်မီ လွှတ်တော်ကဲ့သို့ ဆောင်ရွက်ရေး တို့ဖြစ်သည်။
ယခုအခါ ထိုရည်ရွယ်ချက်များအစား လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေး တိုးတက်ကောင်းမွန်လာစေရေး၊ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ၂၀၀၈ ဖွဲု့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးစသော ရည်ရွယ်ချက်များ ပြောင်းလဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးအေးသာအောင်ကဆိုသည်။
၎င်းက “ ဒေါ်အောင်ဆန်းစုကြည့်က လွှတ်တော်တွင်းကနေ ဒီရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ကြိုးစားမယ်။ ကျန်တဲ့ တိုင်းရင်းသားတွေက အပြင်ကလုပ်မယ်။ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ ပေါင်းလုပ်မယ့်သဘောပါ” ဟုပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ဟူသော အမည်အား အစားထိုးရန်အတွက် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ကော်မတီဝင်များ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ဇိုမီးအမျိုးသားကွန်ဂရက်၊ အမျိုးသားဒီမိုကရေစီပါတီ၊ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့၊ လူ့အခွင့်ုအရေးနှင့် ဒီမိုကရက်တစ်ပါတီ တို့မှ ၁၉၉၀ ရွေးကောက်ပွဲနိုင်ကိုယ်စားလှယ်များပါဝင်ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးသိန်းဖေလည်း ပါဝင်သည်။
၎င်းပါတီများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ထားပြီး ကျန်ရှိသောပါတီများမှာမူ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ဆုံးဖြတ်ထားကြသည်။
စင်္ကာပူမြန်မာသံရုံးအကြောင်း သမ္မတထံ ပေးစာ – open letter
၁. ကျွန်တော်သည် စင်ကာပူနိုင်ငံသို့ ၂၀၀၈ ခုနှစ်ကရောက်ရှိပြီး S Pass ဖြင့် ယခုအချိန် (၁၀.၃.၂၀၁၂) ထိ အလုပ် လုပ်ကိုင်လျက်ရှိပါသည်။
၂. ၂၀၀၉ ခုနှစ်တွင် ကျွန်တော့် ပတ်(စ)ပို့ သက်တမ်းတိုးရန် လိုအပ်သည့် အတွက်၂၀၀၉ ခုနှစ် ဇန်န၀ါရီလအထိ… တစ်လကို စင်ကာပူဒေါ်လာ (၈၀) နှုန်းဖြင့်စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ အခွန် ပေးဆောင်ခဲ့ပါသည်။
၃. ထိုသို့အခွန်ပေးဆောင်ရခြင်းမှာ (ကျွန်တော် နားလည်သလောက်) တကယ်တမ်း ဥပဒေအရ ပေးဆောင်စရာ မလိုအပ်သော်လည်း ပတ်(စ)ပို့ သက်တမ်း တိုးရန်အတွက် ပေးဆောင်ခဲ့ရခြင်းသာဖြစ်ပါသည်။
(မှတ်ချက်။ ။ ပူးတွဲပါဖိုင် ၁ …. ၁၉၉၉ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် မြန်မာပြည်နှင့် စင်ကာပူနိုင်ငံတို့ နှစ်ထပ်အခွန် မပေးဆောင်ရေး သဘောတူစာချုပ်တွင် ကြည့်နိုင်ပါသည်။ ထိုစဉ်က မြန်မာပြည်ဘက်မှ လက်မှတ်ရေးထိုးသူမှာဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး (ဦး) ခင်မောင်သိန်း ဖြစ်ပါသည်။)
၎. ထိုကိစ္စများသည် အရင် စစ်အုပ်ချုပ်ရေးအစိုးရ အုပ်ချုပ်နေစဉ် ဖြစ်သောကြောင့်လုပ်ဆောင်မှု မမှန်ကန်မှန်း သိသော်လည်း မိမိတို့ စင်ကာနိုင်ငံတွင် အလုပ် ဆက်လက်လုပ်နိုင်ရေးအတွက် ပတ်(စ)ပို့ သက်တမ်းတိုးရန် အခွန်ပေးခဲ့ကြရပါသည်။
(ထိုကဲ့သို့ နှစ်ထပ်အခွန် မပေးရေးအတွက် စင်ကာပူနိုင်ငံရှိ မြန်မာများ ဥပဒေကြောင်းအရ တောင်းဆိုခဲ့ကြသော်လည်း ထိုစဉ်က မြန်မာ စစ်အစိုးရသည် မသိကျိုးကျွန်ပြုခဲ့ကြပါသည်။ ထိုသတင်းများကို စင်ကာပူနိုင်ငံထုတ် StraitsTimes ၊ Today သတင်းစာများမှ သတင်းဟောင်းများကို ပြန်လည်ကြည့်ရှုနိုင်ပါသည်။)
၅. ထိုကဲ့သို့ နှစ်ထပ်အခွန် မပေးဆောင်ရေးကို မလေးရှားနိုင်ငံ၊ အခြားနိုင်ငံများနှင့်လည်း မြန်မာအစိုးရမှ စာချုပ်ချုပ်ဆိုခဲ့ပါသည်။ သို့သော် မြန်မာအစိုးရဘက်မှ နိုင်ငံခြားတွင် သွားရောက်အလုပ်လုပ်ကိုင်သူများထံမှ အခွန်တောင်းခဲ့ပါသည်။ အခွန်တောင်းပုံမှာလည်းအများသိပြီးသား ဖြစ်တဲ့အတိုင်းအခွန်မပေးလျင် ပတ်(စ)ပို့ သက်တမ်း တိုးမပေးဘူး ဆိုတဲ့နည်းဖြင့် ဖြစ်ပါသည်။
၆. ယခုလက်ရှိ မြန်မာအစိုးရသစ်လက်ထက်တွင် ပြည်ပရောက်သူများ အခွန်ပေးဆောင်ရမှုကို ၁၀%မှ ၂ %သို့ ပထမအဆင့် အနေဖြင့် လျော့ချပေးလိုက်ကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လက သတင်းကြေငြာခဲ့ပါသည်။
ထိုမှတဆင့် ပြည်ပရောက်နိုင်ငံသားများ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စတင်၍ အခွန်ပေးဆောင်ရန် မလိုအပ်တော့ကြောင်း ကြေညာခဲ့ပါသည်။
(တကယ်တမ်းပြောရရင်မည်ဆိုလျင် လက်ရှိမြန်မာအစိုးရက မိမိတို့ ထုတ်ပြန်ထားသော၊ ချမှတ်ထားသော ဥပဒေကို တိတိကျကျ လိုက်နာမည်ဆိုလျင်၊ အခြားနိုင်ငံများဖြင့်ချုပ်ဆိုထားသော စာချုပ်များကို လေးစားလိုက်နာမည်ဆိုလျင်၊ နိုင်ငံသားများကို မိမိနှလုံးဝမ်းကဲ့သို့ သဘောထားမည်ဆိုလျင် အစကတည်းက ကို ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပတ်(စ)ပို့ သက်တမ်း တိုးရန်အတွက် အခွန်ပေးဆောင်စရာ မလိုအပ်ပါ။)
၇. သို့သော် ယခုပတ်(စ)ပို့ သက်တမ်းတိုးရန်အတွက် ၂၀၁၂ ဇန်န၀ါရီ မတိုင်ခင် ၂၀၁၁ ဒီဇင်ဘာလ အထိ ပေးဆောင်နေရပါသည်။ (ဥပမာ… ကျွန်တော်သည် ၂၀၀၉ ခုနှစ် ဇန်န၀ါရီလအထိ ဆောင်ပြီးသားဖြစ်၍ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၁ ခုနှစ် သြဂုတ်လအထိ (၃၁ လစာ)တစ်လကို စင်ကာပူဒေါ်လာ ၈၀ ဖြင့် ၊ ၂၀၁၁ စက်တင်ဘာမှ ၂၀၁၁ ဒီဇင်ဘာအထိ (၄ လစာ) တစ်လကို စင်ကာပူဒေါ်လာ ၁၆ ဖြင့် ပေးဆောင်ရမည် ဖြစ်ပါသည်။)
ထိုသို့ မပေးဆောင်လျင် ပတ်(စ)ပို့သက်တမ်းတိုးပေးမည် မဟုတ်ပါ။ မည်သည့်အကြောင့်ပြချက်မှ လက်ခံစဉ်းစားမည် မဟုတ်ကြောင်း သံရုံးမှ လမ်းညွန်စာတွင် ဖတ်ရှုရပါသည်။ ကြိုတင် အခွန်ဆောင်ထားအနေဖြင့်လည်း ဥပဒေသည် နောက်ပြန် သက်ရောက်ခြင်း မရှိသောကြောင့် ပေးအပ်ထားသော ငွေများကို ပြန်လည် ပေးအပ်မည် မဟုတ်ပါဟုလည်း ဖတ်ရှုရပါသည်။ သို့သော်လည်း ၂၀၁၂ ဇန်န၀ါရီ နောက်ပိုင်း စာအုပ်သက်တမ်း လာတိုးသူများကို အခွန် ပေးဆောင်ခိုင်းသည်မှာ ဥပဒေကို နောက်ပြန်ရိုက်သည်လားဟု အတွေးပွားစေမိပါသည်။
၈. မည်သို့ပင်ဆိုစေ … ဘယ်လိုမှ ပြောလို့လည်းမရနိုင်တော့ မပေးသင့် မပေးဆောင်ထိုက် မပေးပိုင်ခွင့်ရှိသော်လည်း ပတ်(စ)ပို့ သက်တမ်းတိုးရေးအတွက် မြန်မာသံရုံးသို့ အခွန်ပေးဆောင်ရန် လုပ်ငန်းစဉ်များကိုမေးမြန်းစုံစမ်းကြည့်ရန်အတွက် မြန်မာသံရုံးသို့ ဖုန်းဆက်သွယ်ခဲ့ပါသည်။ ဤနေရာတွင် ပြောရမည်ဆိုလျင် နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းသည် သံရုံးတွေကို ဖုန်းဆက်ကြည့်လျင် သိနိုင်ပါသည်။
ကျွန်တော် မြန်မာသံရုံးသို့ ပတ်(စ)ပို့ သက်တမ်းတိုးရန် လုပ်ငန်းစဉ်များ သိလိုစေသောကြောင့် ဖုန်းဆက်ခဲ့သည့် အရေအတွက်မှာ အကြိမ် ၃၀၀ ကျော်ရှိပါသည်။ ကျွန်တော် ၃ ၄ ၅ ခါလောက်ခေါ်မှ တစ်ခါလောက် ဖုန်းဖြေပါသည်။ ကျွန်တော် ပိုပြောသည်မဟုတ်ပါ။ မယုံလျင် သမ္မကြီးကိုယ်တိုင် မြန်မာပြည်မှ နေ၍ ခေါ်ကြည့်စေလိုပါသည်။ မြန်မာ မဟုတ်သော နိုင်ငံခြားသူ တစ်ဦးက ဖြေကြားပါသည်။ ကျွန်တော် သိလိုသည်များ မေးမြန်းသောအခါ သူ့တွင် လုံလောက်သော သတင်း အချက်အလက်များ မရှိပါ။ မြန်မာသံရုံးသို့ လာခဲ့ပါဟုသာ ပြောပါသည်။ ကျွန်တော်က တာဝန်ရှိသူ တစ်ဦးဦးနှင့်ပြောပါစေ ဆိုသောအခါ သူ ဖုန်းလွဲပေးပါသည်။ သူ ဖုန်းလွဲပေးတိုင်း မည်သည့် တာဝန်ရှိသူကမှ ဖြေကြားခြင်း မရှိပါ။ ထိုအခါ သူပြန်ဖြေတတ်သည်မှာ ထမင်းစားထွက်နေသည်၊ နေ့လည် ၂ နာရီကျော်မှ ပြန်ခေါ်ပါ၊ ၃ နာရီလောက်ပြန်ခေါ်ပြန်လျင်လည်း တာဝန်ရှိသူများ မအားပါ၊ မနက် ၁၀ နာရီလောက်ခေါ်လျင်လည်း မရောက်သေးပါ သို့မဟုတ် ဖြေကြားခြင်း မရှိပါ ဆိုတာများသာ ကြုံတွေ့ရပါသည်။
ကျွန်တော်တို့ သိချင်တဲ့ သတင်း အချက်အလက်လေး သိရဖို့အတွက် ခွင့်ယူပြီး သံရုံးလာရမယ် ဆိုတာတော့ မဖြစ်စေချင်ပါ။ ထိုသို့ သတင်း အချက်အလက်များကို အော်တိုဖြေစနစ်အနေဖြင့် ပြုလုပ်ထားလျင် ရပါသည်။
ကျွန်တော် (၈.၃.၂၀၁၂) က ဖုန်းဆက်မေးသောအခါ အဆိုပါ ဖုန်းဖြေသူ အမျိုးသမီးက စာအုပ်သက်တမ်းတိုး (စာအုပ်အသစ်လဲ) အခွန်ဆောင်ရန် အတွက် လုပ်ဆောင်ရန် အချက်များကို ပြောပြပါသည်။ မနက် ၉ နာရီမထိုးခင် တန်းစီပြီး Q နံပါတ်လာယူရန်၊ ပြီးလျင် စသည်ဖြင့် အခွန်တွက် နေ့ခင်းပြန်လာ ပြန်စောင့် အခွန်ပေး ၊ စာအုပ်ယူရန် နောက်ထပ် ရက်ချိန်း အဲဒီကျရင် စာအုပ်အသစ်ယူ။
၉. ကျွန်တော် ၉.၃.၂၀၁၂ မနက် အိပ်ရာထ နောက်ကျနေသောကြောင့် ၉ နာရီမတိုင်ခင်မှီအောင် တက္ကစီငှား၍ သံရုံးသို့သွားခဲ့ပါသည်။ ကျွန်တော် ရောက်သောအခါ လူတော်တော်များများ သံရုံးသို့ ရောက်ရှိနေကြပါသည်။ ကျွန်တော်လည်းတန်းစီနေကြသော အယောက် ၃၀ ကျော်လောက်ရှိ လူတန်းကြီးနောက်တွင် အပြေးအလွားဝင်တန်းစီ လိုက်ပါသည်။ သိပ်မကြာခင် ကျွန်တော်နောက်မှ ရောက်လာသူများလည်း ကျွန်တော့် နောက်တွင်တန်းစီကြပါသည်။ မြန်မာသံရုံးကလည်း ယခင်ကနဲ့ မတူဘဲ သပ်သပ်ရပ်ရပ် ပြုပြင်ပြောင်းလဲထားပါသည်။
ပတ်(စ)ပို့ သက်တမ်း တိုးရန်၊ အခွန်ဆောင်ရန်များ၊ ဗီဇာလျောက်ခြင်းများ..စသည့်လုပ်ငန်းစဉ် အသေးစိတ်ကို သေသေချာချာ ရေးသားထားရှိပါသည်။ ထိုအချက်များကိုလည်း တန်းစီနေသူများတန်းစီနေရင်း ဖတ်ရှုနိုင်စေရန် အယ်စီဒီ ဖန်သားပြင်မှ နေ၍ တစ်ပိုဒ်ချင်းတဖြည်းဖြည်း ပြသလျက် ရှိပါသည်။ ကျွန်တော်လည်း တန်းစီနေရင်း ထိုစာသားများကို ဖတ်ရှုနေမိပါသည်။ လုပ်ငန်းစဉ်များ ဖြစ်တဲ့ မနက်တွင် လာ၍ Q နံပါတ် ယူရန်၊ ပြီးရင် ဘာလုပ်…စတဲ့ စာသားတွေအားလုံးကို ဖတ်ပြီးတော့ ..ကျွန်တော် တန်းစီနေတဲ့ လူတန်းကြီးက မိနစ် ၂၀ ကျော်လောက် ကြာသော်လည်း တစ်ယောက်မှ မရွေ့သည်ကို သတိထားမိတော့ပါသည်။
ကျွန်တော်စိတ်ထဲတွင် တစ်ခုခုတော့ မှားနေပြီဆိုတာ သဘောပေါက် လိုက်ပြီး ရှေ့မှနောက်မှ လူများကို မေးကြည့်ပါသည်။. သူတို့လည်း မပြောတတ်ဘူးဟု ဆိုသည်ကြောင့်..ကျွန်တော်ကောင်တာသို့ သွားရောက် ခဲ့ပါသည်။ ထိုအခါ မေးမြန်းကြည့်မှ ဒီလို Q မပေးတော့ဘူး..။ အွန်လိုင်းကနေပဲ appointment လုပ်ရမယ်ဟု သိရပါသည်။ ဤနေရာတွင် ပြောရမည်ဆိုလျင်
(က) သံရုံးမှ တာဝန်ရှိသူက ဒီလောက် တန်းစီနေတဲ့ လူတန်းကြီးကို တိတိတင်တင် အသိပေး ပြောကြားပြီး ဆက်လက် မတန်းစီရန် တိကျသော သတင်းအချက်များကို ပေးသင့်ပါသည်။
(ခ) ရေးသားထားသော လုပ်ငန်းစဉ်များ၊ အယ်စီဒီမှ ပြသနေသည်များကို ပြောင်းလဲသွားလျင် update လုပ်ရမည် ဖြစ်ပါသည်။
(ဂ) ကျွန်တော် တာဝန်ရှိသူတစ်ဦးနဲ့ သွားတွေ့ပြီး ကျွန်တော့် အကြံပြုချက်ကိုပြောသောအခါ “ခင်ဗျား အကြံပြုမနေပါနဲ့..ကျွန်တော်တို့ သိပြီးသားပါ..ကျွန်တော်တို့မှာလည်း လုပ်စရာ အများကြီးရှိတယ်ဗျ” ဟုသာ ပြောကြားပါသည်။
သံရုံးဝန်ထမ်းများလည်း တစ်နေကုန် မအားလပ်ဘဲ အလုပ်လုပ်ကိုင်နေကြသည်ကို နားလည်ပါသည်။ လူ မလောက်လျင် စာရင်းရှိပြီး လစာယူပြီးအလုပ် မလုပ်ကြသော လူများနေရာတွင် အခြားလူများဖြင့် အစားထိုးနိုင်ပါသည်။
(ဃ) ကျွန်တော်တို့ သံရုံးကို လာရောက်ကြသူများမှာ လုပ်ငန်းခွင်မှ နေ၍ ခွင့်ယူလာကြသူများဖြစ်ပါသည်။
(င) ကျွန်တော် မလာခင် ဖုန်းဆက်မေးကြည့်တာကို ဖုန်းဖြေကြားသူက သတင်းအချက်အလက်အမှန်ကို ဖြေကြားရမည် ဖြစ်ပါသည်။ ထိုသတင်းအချက်အလက်သစ်များကို သံရုံးမှတာဝန်ရှိသူများမှ ဖုန်းဖြေ ကြားသူထံ ပြောင်းလဲမှုများကို အသိပေးပြောကြားထားရမည် ဖြစ်ပါသည်။
(စ) ပြီးတော့ သံရုံးတွင် ဖုန်းတစ်လုံးသာ ရှိသည်ဟု သံရုံးဝန်ထမ်းက ပြောကြားပါသည်။ လိုင်းခွဲများ ထားရှိရမည် ဖြစ်ပါသည်။
(ဆ) မြန်မာပြည်သည် ယခုအချိန် နိုင်ငံခြားသားများ စိတ်ဝင်စားပြီး ခရီးသွားရောက်ရန် စိုင်းပြင်းနေကြချိန်တွင် သံရုံး၏ လုပ်ငန်းဆောင်တာများ၊ ပေးအပ်သော သတင်းအချက်အလက်များ ဆက်သွယ်မှုကောင်းမွန်အောင် ဆောင်ရွက်ဖို့ အကောင်းဆုံးအချိန် ဖြစ်ပါသည်။
၁၀. မြန်မာ ပတ်(စ)ပို့ စာအုပ်အသစ်တွင်လည်း နိုင်ငံတကာ (အာစီယံ) အဆင့်မီ အနည်းဆုံး ၅ နှစ် ထားရှိသင့်ပါသည်။
၁၁. စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်း၊ ထိုင်းနိုင်ငံ စသည့် နိုင်ငံများရှိ မြန်မာသံရုံးများသည်လည်း မြန်မာနိုင်ငံသားများထံမှ အခွန်တောင်းခြင်းတွင် မကဘဲ ထိုနိုင်ငံများတွင် ရောက်ရှိနေကြသော မိမိတို့နိုင်ငံသားများ၏ အထွေအထွေအရေး ကိစ္စရပ်များကို ကူညီ ဖြေရှင်းပေးခြင်းများ ပြုလုပ်ပေးရမည် ဖြစ်ပါသည်။
ထိုအချက်သည် အဆင့်အတန်းရှိသော၊ မိမိနိုင်ငံသားများကို တန်ဖိုး ထားသော နိုင်ငံကြီးများ ပြုကျင့်ကြသော အလေ့အထကောင်းများ ဖြစ်ပါသည်။
၁၂. ယခုကဲ့သို့ မိဝေး၊ ဖဝေး၊ မိသားစုနှင့် ဝေး၊ တိုင်းခြား ပြည်ခြားတွင် အလုပ်လုပ်ကိုင်နေကြရသော နိုင်ငံသားများ၏ ချွေးနဲစာကို မရ မက အတင်းယူနေသော နိုင်ငံအစိုးရမျိုးကို ကမ္ဘာပေါ်တွင် ကျွန်တော် သိရသလောက် မတွေ့ရှိဘူးပါ။
၁၃. စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးမှ ရရှိသော ၀င်ငွေအကြမ်းဖျင်းကို တွက်ချက်ပြချင်ပါသည်။
EP နှင့် PR ကို တစ်လ စင်ကာပူဒေါ်လာ (၁၂၀)
S Pass ကို တစ်လ စင်ကာပူဒေါ်လာ (၈၀)
WP ကို တစ်လ စင်ကာပူဒေါ်လာ (၄၀)
Nursing ၊ Maid နှင့် မိဘနဲ့ အတူပါလာပြီး ကျောင်းတက်နေသော PR ကလေးများပင် အသက် (၁၈)နှစ်ကျော်လျှင် တောင်းပါသည်။
ပျမ်းမျှ တစ်ဦးလျင် တစ်လကို စင်ကာပူ ဒေါ်လာ (၆၀) ပေးဆောင်ရသည်ဆိုပါစို့..။
၂၀၀၇ ခုနှစ် Straits Times သတင်းစာတွင် ဖော်ပြချက်အရ စင်ကာပူရောက် မြန်မာဦးရေ ၁ သိန်း ရှိသည်ဟု ဆိုပါသည်။ ယခုအချိန်ဆိုလျင် အကြမ်းဖျင်း ၂ သိန်း ၀န်းကျင်ခန့် ရှိပါသည်။
စင်ကာပူရှိ မြန်မာ ၁ သိန်း အလုပ် လုပ်နေပြီး အခွန် ပေးဆောင်နေရသည် ဆိုလျင် စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသည် တစ်လအတွက် မြန်မာနိုင်ငံသားများထံမှ စင်ကာပူဒေါ်လာ ၆ သန်းရရှိနေပါသည်။ ထိုငွေများ ဘယ်သို့ရောက်သွား သနည်း..။
နိုင်ငံတော် ဘဏ္ဍာထဲသို့ အမှန်တကယ်ရော ရောက်သွားပါသလား ဆိုသည်မှာ စဉ်းစားစရာကောင်းပါသည်။
(မှတ်ချက်။ ။ မှားယွင်းနေသော အချက်အလက်များရှိပါကမည်သူမဆို ဝေဖန်အကြံပြု ပြင်ဆင်ပေးစေလိုပါသည်။)
ဟိန်းထိုက်ဈာန် (ခ) ကျော်ကျော်အောင် BE (Aeronautical)
အနာဂတ်မှာ မြန်မာအလုပ်သမား ရှားပါးလာမှာ ထိုင်းလုပ်ငန်းရှင်များ ပူပင်
၂ဝ၁၅ ခုနှစ် နောက်ပိုင်း AEC ခေါ် အာဆီယံ စီးပွားရေးအဖွဲကြီး ပေါ်ပေါက် လာပြီးတဲ့အခါ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ အလုပ်သမားတွေကို ရရှိနိုင်ဖို့ မလွယ်ကူတော့ဘဲ အလုပ်သမား ရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်-ပစ်ဆူဝမ်က ထိုင်းလုပ်ငန်းရှင်တွေကို သတိပေး ပြောကြားလိုက်ပါတယ်။ဘန်ကောက်မြို့မှာ မနေ့က ပြုလုပ်တဲ့ စီမံခန့်ခွဲရေး စည်းဝေးပွဲတရပ်မှာ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်က အဲဒီ အချိန်ကာလ ရောက်တဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ သူ့နိုင်ငံသား အလုပ်သမားတွေကို သူ့ ပြည်တွင်းက စီးပွားရေးဇုံနယ်မြေ သုံးခုမှာ အလုပ်အကိုင်တွေပေးဖို့ ပြန်လည် ခေါ်ယူသွားမှာ ဖြစ်လို့ မြန်မာ အလုပ်သမားတွေအပေါ် အဓိက အားထားလုပ်ကိုင်နေတဲ့ ထိုင်းအလုပ်ရှင်တွေ ထိုင်းစက်ရုံတွေ အနေနဲ့ အခက်အခဲ တွေ့လာရနိုင်ကြောင်း ပြောသွားပါတယ်။
ဒါ့အပြင် ထိုင်း လုပ်ငန်းရှင်တွေအနေနဲ့ လူ့လုပ်အား များများ အသုံးမလိုတဲ့ ခေတ်ပေါ် နည်းပညာတွေကို ရှာဖွေကြဖို့နဲ့ တခြား အာဆီယံနိုင်ငံတွေကို လုပ်ငန်းတွေ ချဲ့ထွင်နိုင်အောင် ကြိုးစားကြဖို့ လိုကြောင်း၊ အစိုးရ အာဏာပိုင်တွေကလည်း ဒီလုပ်ငန်းရှင်တွေကို အခုလက်ရှိထက် ပိုပြီး ပံ့ပိုးအားပေးဖို့ လိုကြောင်း မစ္စတာ ဆူရင်က တိုက်တွန်း ပြောကြားသွားပါတယ်
ငြိမ်းချမ်းရေး ဆွေးနွေးမှု လက်ရှိအစိုးရ သက်တမ်းအတွင်း ပြီးချင်လို့ ကေအိုင်အို ပြော
ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အခုအစိုးရ သက်တမ်းအတွင်းမှာပဲ ပြီးစီးအောင် ဆောင်ရွက်လိုကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုက ပြောလိုက်ပါတယ်။မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ရွှေလီမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ သတင်းထောက်တွေကို ဖိတ်ခေါ်ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကေအိုင်အိုက ပြောဆိုခဲ့တာပါ။
ရွှေလီမြို့ ကျင်းချိန့်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ အဲဒီပွဲမှာ သတင်းထောက်တွေက လက်ရှိ ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲ အခြေအနေ၊ ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေး အခြေအနေနဲ့ စစ်ပြေး ဒုက္ခသည်တွေရဲ့အခြေအနေကို မေးမြန်းကြပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်တွေ တိုးချဲ့ချထားတာတွေ ပြန်လည်ရုပ်သိမ်းသွားရင် ကေအိုင်အို အနေနဲ့ ဆက်လက် ဆောင်ရွက်မယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ယောက်က မေးမြန်းရာမှာ ကေအိုင်အို ဒုတိယဗိုလ်မှူးကြီး ဂျီးနောင်က အခုလို ပြန်လည်ရှင်းလင်းပါတယ်။
“နိုင်ငံရေးအနေနဲ့ကျတော့ ပင်လုံမှာ ကျင်းပခဲ့ကြသကဲ့သို့ ညီလာခံ ကျင်းပမယ်။ နောက်ပြီး တိုင်းရင်းသား ပြည်သူအားလုံးရဲ့ ဘုံသဘောတူချက်ကိုရအောင် ယူပါမယ်။ နောက်တစ်ချက်က စစ်ရေးလှုပ်ရှားမှုကြောင့် ပျက်စီးသွားတဲ့ ကျေးရွာတွေကို ပြန်လည် ထူထောင်မယ်။ နေရာချမယ်။ လမ်းပန်း ဆက်သွယ်ရေးတို့၊ လုံခြုံရေးတို့၊ နောက်ပြီး လူနေမှုဘဝ တိုးတက်ရေးတို့၊ မြှင့်တင်ရေးတို့ အဲဒါတွေအားလုံး တည်ဆောက်သွားဖို့ ရှိပါတယ်။ တည်ဆောက်ဖို့ကျတော့ ကျွန်တော်တို့ရယ်၊ နိုင်ငံတော်ရယ်၊ နောက်ပြီး ပြည်ပ အကူအညီ။ အဲဒါတွေက အစပေါ့။ နိုင်ငံရေးကိစ္စ၊ တခြားကိစ္စ နှစ်ဘက် တွေ့ဆုံဆွေးနွေးပြီးမှ ညှိနှိုင်းပြီးမှ ဆက်ပြီးဆက်ပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်”
ငြိမ်းချမ်းရေးအတွက် ကေအိုင်အိုက အဆင့်သုံးဆင့်ခွဲပြီး ဆွေးနွေးနေရာမှာ ကချင်ပြည်နယ်အတွင်း အစိုးရတပ်တွေ ရုပ်သိမ်းပေးရေးနဲ့ ပတ်သက်လို့ အခုထိ ပြေလည်မှု မရသေးပါဘူး။ သောင်မတင်ရေမကျ ဖြစ်နေတဲ့ နှစ်ဘက် ဆွေးနွေးမှုတွေဟာ နောက်အစိုးရသက်တမ်းအထိ ရောက်သွားနိုင်မလားဆိုတဲ့ သတင်းထောက်တစ်ယောက်ရဲ့ မေးခွန်းကိုလည်း သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ပြီးစီးအောင် လုပ်ဆောင်လိုကြောင်း၊ မပြီးပြတ်ရင်လည်း ထာဝရ ငြိမ်းချမ်းရေးရသည်အထိ စိတ်ရှည်လက်ရှည် ကြိုးစားဖို့ ရည်မှန်းထားကြောင်း ဒုဗိုလ်မှူးကြီး ဂျီးနောင်က ဖြေကြားသွားပါတယ်။
ဒါ့အပြင် သတင်းထောက်တွေက နှစ်ဘက် စစ်ရေးအခြေအနေ၊ နှစ်ဦးနှစ်ဘက် အပြန်အလှန် ယုံကြည်မှုတွေနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ကြပါတယ်။ အဲဒီပွဲကို MRTV ၊ မြ၀တီတီဗွီနဲ့ စကိုင်းနက်ရုပ်သံလိုင်း၊ ပြည်တွင်းက ဂျာနယ်တွေအပါအ၀င် သတင်းထောက် ၅၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
ကေအိုင်အိုနဲ့ အစိုးရတို့ မတ်လ ၁၀ ရက် မနက်မှာ ၃ ရက်မြောက်အဖြစ် ဆက်လက်ဆွေးနွေးကြအပြီးမှာ ကေအိုင်အိုက သတင်းစာရှင်းလင်းပွဲ ထပ်မံခေါ်ယူမယ်လို့ သိရပါတယ်။
တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေး ညွှန်ချုပ် NDF ခေါင်းဆောင်တွေနဲ့ တွေ့
တရုတ် ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာ ဆက်ဆံရေးဌာန ညွန်ကြားရေးမှုးချုပ် Ms. Shen Beili ဦးဆောင်တဲ့အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ခေါင်းဆောင်တွေနဲ့ မနေ့က ရန်ကုန် NDF ရုံးမှာတွေ့ဆုံခဲ့ပါတယ်။ဒါဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာဏာရ ကွန်မြူနစ်ပါတီအနေနဲ့ မြန်မာ့ အတိုက်အခံ နိုင်ငံရေး ပါတီတစ်ရပ်ကို ပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်ပါတယ်။
တရုတ် ကွန်မြူနစ်ပါတီဟာ ကမ္ဘာတ၀န်း နိုင်ငံရေးပါတီပေါင်း ၆၀၀ ကျော်နဲ့ ဆက်ဆံနေပြီး မြန်မာ့ နိုင်ငံရေးပါတီတွေနဲ့လည်း တရားဝင် အဆက်အသွယ်ပြုဖို့ လာရောက် တွေ့ဆုံတာလို့ Ms. Shen Beili က ပြောပြကြောင်း NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။
မြန်မာနိုင်ငံရေး တည်ငြိမ်ရေးနဲ့ စီးပွားရေး ဖွံဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်ရာမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုပါ အလေးပေး လုပ်ဆောင်စေဖို့ NDF ပါတီအနေနဲ့ ပြောဆိုခဲ့ကြောင်း ဦးခင်မောင်ဆွေကပြောပါတယ်။
ဒီတွေ့ဆုံပွဲကို NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေနဲ့အတူ ဥက္ကဋ္ဌ ဦးသန်းငြိမ်း၊ အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်နဲ့ ဗဟိုကော်မတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံ နောက်ကြောင်းပြန်နိုင်သေး ကင်တားနား အစီရင်ခံ
မြန်မာနိုင်ငံရဲ့ လက်ရှိပြုပြင် ပြောင်းလဲရေးတွေဟာ လူ့အခွင့်ရေး အခြေအနေအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေရှိပေမယ့် အချိန်မရွေး နောက်ကြောင်း ပြန်လှည့်သွားနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာမှာ ရေးသားဖော်ပြလိုက်ပါတယ်။မြန်မာနိုင်ငံကို ဇန္န၀ါရီ ၃၁ ရက်ကနေ ဖေဖော်ဝါရီ ၅ ရက်အထိ သွားရောက်ခဲ့တဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ မတ်လ ၇ ရက်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေကို လာမယ့် မတ်လ ၁၂ ရက်မှာ ကုလသမဂ္ဂ လူ့အခွင့်ရေး ကော်မရှင်ကို တင်သွင်း အစီရင်ခံမှာ ဖြစ်ပါတယ်။
လာမယ့် ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဘယ်လောက်အထိ ခရီးရောက် အောင်မြင်မှုရှိတယ်ဆိုတာကို ဖော်ပြမယ့် စမ်းသပ်ချက်တစ်ခု ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ကျန်ရှိနေသေးတဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ပူပန်စရာ အခြေအနေတွေ၊ စိန်ခေါ်မှုတွေကို ဆက်လက် ဖြေရှင်းဆောင်ရွက်ဖို့လိုကြောင်း၊ တရားမျှတရေးနဲ့ တာဝန်ရှိမှုအပြင် အမှန်တရား ဖော်ထုတ်နိုင်ရေးစတဲ့ အချက်တွေ လုပ်ဆောင်ဖို့ လိုနေသေးကြောင်း မစ္စတာ ကင်တားနားရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မစ္စတာကင်တားနားရဲ့ စာမျက်နှာ ၂၁ မျက်နှာ ပါဝင်တဲ့ အစီရင်ခံစာထဲမှာ အကျဉ်းထောင်တွေအတွင်း ကျန်နေသေးတဲ့ နိုင်ငံရေးကျဉ်းသားတွေ အခြေအနေ၊ လက်ရှိဖြစ်ပွားနေတဲ့ တိုင်းရင်းသား လူမျိုးစုနယ်မြေတွေက အခြေအနေတွေအပြင် လက်ရှိ ပြုပြင်ပြဋ္ဌာန်းနေတဲ့ ဥပဒေတွေနဲ့ ပတ်သက်လို့ ကဏ္ဍအလိုက် ခေါင်းစဉ်အသီးသီး ခွဲခြား ဖော်ပြထားပါတယ်။
ဝန်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ
ပြန်ကြားရေးဝန်ကြီးဌာန အပါအ၀င် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနတွေက ကျပ်သိန်းပေါင်း ထောင်ချီပြီး ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိထားကြောင်း မတ်လ ၈ ရက်ထုတ် The Voice Weekly သတင်း ဂျာနယ်က ရေးသားဖော်ပြလိုက်ပါတယ်။ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီကို ပေးပို့တဲ့ အစီအရင်ခံစာမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာဆည်မြောင်းနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန၊ အမှတ် ၁ နဲ့ ၂ စက်မှုဝန်ကြီးဌာနများရဲ့ ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေအကြောင်း ပါဝင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးက ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာ ရောင်းရငွေ ကျပ်သိန်းပေါင်း ၂ ထောင့် ၅ ရာကျော် ငွေစာရင်း မသွင်းဘဲ အလွဲသုံးစား လုပ်ခဲ့တာကို စစ်ဆေးတွေ့ရှိရပြီး ကျပ်သိန်း ၁ ထောင့် ၅ ရာကျော်သာ ပြန်ရခဲ့တယ်လို့ဆိုပါတယ်။
အမှတ် ၁ စက်မှုဝန်ကြီးဌာန အလွဲသုံးစားလုပ်မှုတွေမှာ မီးထိုးဆီ ဂါလံ ၂ သိန်းကို ချောက်ရေနံချက်စက်ရုံက ထုတ်ယူပြီး ပြင်ပလက်လွှဲရောင်းချခြင်း၊ မုံရွာကြေးနီစီမံကိန်း အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဒေါ်လာ သန်း ၁၀၀ နဲ့ ဦးပိုင်လီမိတက်ကို ရောင်းချရာမှာ ဦးပိုင်လိမိတက် ကုမ္ပဏီကပေးရမယ့်အစား နိုင်ငံခြားကုမ္ပဏီတစ်ခုက ပေးခဲ့ခြင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တွေ့ဆုံ မေးမြန်းပြီး ပြည်သူ့လွှတ်တော်ကို တင်ပြသွားဖို့ရှိတယ်လို့ လွှတ်တော် ငွေစာရင်းကော်မတီဝင် တစ်ဦးက ပြောကြားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေး ရုပ်ရှင်ပြပွဲမှာ မြန်မာရုပ်ရှင် ၅ ကား ပြမည်
ချက်သမ္မတနိုင်ငံ ပရက်ဂ်မြို့တော်မှာ ကျင်းပပြုလုပ်နေတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ရုပ်ရှင်ပြပွဲမှာ မြန်မာနိုင်ငံက လွတ်လပ်ခြင်း အနုပညာပြိုင်ပွဲဝင် ရုပ်ရှင် ၅ ကားကို မတ်လ ၁၃ ရက်မှာ ပြသပါမယ်။မနေ့က Voice of Burma လို့ခေါ်တဲ့ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အသံ DVB အကြောင်း ရိုက်ထားတဲ့ရုပ်ရှင် ပြသခဲ့ပါတယ်။ ပြီးတဲ့အခါမှာ ပြသတဲ့ရုပ်ရှင်အကြောင်းနဲ့ မြန်မာနိုင်ငံ အခြေအနေအကြောင်း ပရိသတ်နဲ့ မိမိ ဆွေးနွေးကြတယ်လို့ ဒီရုပ်ရှင်ပွဲတော်မှာ တက်ရောက်နေတဲ့ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB ရဲ့ ဒုတိယ နိုင်ငံခြားရေးတာဝန်ခံ ဦးစိုးအောင်က ပြောပါတယ်။ မတ်လ ၁၃ ရက်မှာလည်း ရုပ်ရှင်ကားတွေပြအပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲ လုပ်ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။
ဒီရုပ်ရှင်ပွဲတော်မှာ ပြသမယ့် မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ရုပ်ရှင်ကားတွေကတော့ ကြိုး၊ အဲဒီအခန်းဖြတ်၊ ညီညွတ်ခြင်းနှင့်လွတ်လပ်ခြင်း (Unity and Freedom) ၊ မှောင်ထဲမှာနေထိုင်ခြင်း (Stay in the Dark)၊ ကြောက်ကြောက်နဲ့ ခလုတ်နှိပ်ပါ (Click in Fear) ဆိုတဲ့ရုပ်ရှင်ကားတွေဖြစ်ပါတယ်။
ဒီနိုင်ငံတကာ လူ့အခွင့်ရေး ရုပ်ရှင်ပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်မှာ ဆီးရီးယားနိုင်ငံက ဆရာဝန်တွေကို လူ့အခွင့်ရေးဆု ချီးမြှင့်ပါတယ်။ အဲဒီဆုကို အရင်က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရခဲ့ဖူးပါတယ်။
ဒီရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံက ဦးမင်းထင်ကိုကိုကြီးလည်း တက်ရောက်နေကြောင်း သိရပါတယ်။ ရုပ်ရှင်ပွဲတော်ဟာ ဒီလ ၆ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး လာမယ့် မတ်လ ၁၅ ရက်မှာ ပြီးပါမယ်။
အင်းလေးကန်ရေ သန့်ရှင်းရေး အရေးတကြီးလိုအပ်
မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သဘာဝ ရေကန်တခု ဖြစ်သော ရှမ်းပြည် တောင်ပိုင်းရှိ အင်းလေးကန်အတွင်း ရေအဆိပ်သင့်မှု မြင့်မားလာနေခြင်းကို ကာကွယ်ရေး၊ရေကောင်းရေသန့် ရရှိရေးနှင့် ဒေသခံတို့ကို ပညာပေးရေးများ အရေးတကြီး လိုအပ်နေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ဆိုသည်။“ရေမသန့်လို့ ကျန်းမာရေး ပြဿနာဖြစ်တာတွေ၊ အဲဒီရေသောက်မိလို့ အစာအဆိပ်သင့်သလို ဖြစ်တဲ့ဖြစ်ရပ်တွေ တွေ့နေ၊ ကြားနေရတယ်။ ကန်ထဲက ရေတွေဟာ သောက်သုံးဖို့ မသင့်တော့လောက်အောင် ညစ်ညမ်းနေတယ်။ တချို့ ဧရိယာတွေမှာဆိုရင် ငါး၊ ဟင်းသီးဟင်းရွက်တွေမှာပါ ဓာတုအဆိပ်တွေ တွေ့နေရတယ်” ဟု သစ်တော၊ သယံဇာတ၊ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) မှ ဦးအုန်းက ပြောသည်။
အင်းလေးကန်၏ အဓိက စိုက်ပျိုးရေးလုပ်ငန်းဖြစ်သော ကျွန်းမျောစိုက်ခင်းများတွင် ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများ အလွန်အကျွံ အသုံးပြုမှုတို့မှာ အင်းလေးကန်ရေ ညစ်ညမ်းရသည့် အဓိက အကြောင်းရင်းများဖြစ်၍ ဓာတ်မြေသြဇာအစား သဘာဝ မြေသြဇာကို အသုံးပြုရေးအတွက် ဒေသခံများကို ပညာပေး စည်းရုံးရန် လိုအပ်နေကြောင်း ဦးအုန်းက ဆိုသည်။
အင်းလေးဒေသခံများ၏ အညစ်အကြေးစွန့်မှုစနစ်များ၊ လူနေမှုပုံစံများကိုလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်နေသည်ဟုလည်း ၎င်းက ပြောသည်။
ဦးအုန်းက “အိမ်က ရေပေါ်မှာပဲဆိုတော့ အမှိုက်တွေ၊ အညစ်အကြေးတွေစွန့်လည်း ဒီရေထဲပဲ၊ သောက်သုံးတော့လည်း ဒီရေပဲ။ နောက်ပြီး ယုတ်စွအဆုံး လူသေရင်တောင် ရုပ်အလောင်းကို ကျွန်းမျောနဲ့ မြှုပ်တာတွေ ရှိနေသေးတော့ လူဦးရေ တိုးလာတဲ့အခါ ဒီအလေ့အထတွေက ဒုက္ခပေးလာတယ်။ ဒီအလေ့အထတွေကို ကျနော်မကြိုက်ဆုံးပဲ။ အချိန်နောက်မကျခင် ဒါတွေ ပြုပြင်ပြောင်းလဲဖို့ ပညာပေးဖို့တွေ အရေးကြီးနေတယ်” ဟု ဆိုသည်။
အင်းလေးကန်ဒေသခံများအနက် ငွေကြေးတတ်နိုင်သူများမှာ သောက်ရေသန့်များ ၀ယ်ယူသောက်သုံးနိုင်သော်လည်း အများစုမှာမူ ကန်တွင်းရေကိုသာ အားထားနေရသည်ဟု သိရသည်။
ငါးလုပ်ငန်းဦးစီးဌာန၏ ဖေဖော်ဝါရီလထုတ် အစီရင်ခံစာတရပ်ကလည်း အင်းလေးကန်ရေ၏ ရှိသင့်သည့် သန့်စင်မှု pH ပမာဏမှာ ရှိသင့်သည်ထက် မြင့်မားလာနေမှုကြောင့် ဒေသတွင်းရှိ ငါးမျိုးစိတ်များရှင်သန်မှုနှုန်း ကျဆင်းလာသည်ဟု ဖော်ပြသည်။
အင်းလေးကန်ရေ၏ pH ပမာဏသည် ညောင်ရွှေမှ အင်းလေးကန်သို့အ၀င် မြောင်းဝကြီးတွင် ၈.၉၊ ရေလယ်ဗိုလ်တဲတွင် ၉.၆၊ ကေလာတွင် ၈.၄၊ မိုင်းသောက်ဧရိယာတွင် ၉.၁၊ နန့်ပန်ဧရိယာတွင် ၈.၉၊ အင်းပေါခုံဧရိယာတွင် ၉.၃၊ ဖောင်တော်ဦးဘုရား ၀န်းကျင်တ၀ိုက်တွင် ၉ ရှိနေကြောင်း အစီရင်ခံစာက ဆိုသည်။
သောက်သုံးရန် သင့်တော်သော ရေ၏ သန့်စင်မှု pH ပမာဏမှာ ၇ ဖြစ်သည်။
နွေရာသီ ရောက်ခါနီးအချိန်တွင် အင်းလေးကန်၏ နေရာအချို့တို့၌ ရေပမာဏ လျော့နည်းလာခြင်း၊ ရေခန်းခြောက်လာခြင်းများ စတင်ကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုသည်။
ရေပမာဏ ဆိုးရွားစွာ လျော့ကျလာပါက ရေထုညစ်ညမ်းမှု ပိုများလာပြီး သောက်သုံးရေအခက်အခဲများ ကြုံလာရမည်ကို ပညာရှင်များက စိုးရိမ်နေကြသည်။
“ရေနည်းသွားရင်တော့ ရေညစ်ညမ်းတာတွေ အထူးဖြစ်လာမယ်။ ရေက သုံးလို့မရအောင် ဖြစ်မယ်ဆိုရင် ကန်ထဲမှာနေတဲ့ လူသိန်းချီပြီး ရေအငတ်ဘေး ကြုံရနိုင်တယ်။ ဒီလိုဖြစ်လာရင် ရေချိုရေသန့်ကို ဒီဒေသက လူတွေ ရနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာက အရေးကြီးနေတယ်။ ဒါကို အဓိက အလေးပေးလုပ်ဖို့ လိုနေတယ်” ဟု သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ NGO တခုဖြစ်သည့် EcoDev ၏ အမှုဆောင် ဒါရိုက်တာ တဦးဖြစ်သူ ဦးဝင်းမျိုးသူက ပြောသည်။
အင်းလေးကန်သို့ လာရောက်လည်ပတ်လေ့လာသည့် ပြည်တွင်းပြည်ပ ခရီးသွားအရေအတွက် တိုးလာသကဲ့သို့ ကန်တွင်းရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များ တိုးပွားလာခြင်းကြောင်း ကန်တွင်း အညစ်အကြေး ကျရောက်မှု ပမာဏများလာခြင်းသည်လည်း ကန်ရေညစ်ညမ်းရသည့် အကြောင်းရင်းတရပ်ဖြစ်ကြောင်း ပညာရှင်များက ထောက်ပြသည်။
“ခရီးသွားလုပ်ငန်းက ဒေသတွင်း ၀င်ငွေအခွင့်အလမ်း၊ စီးပွားရေးအခွင့်အလမ်းတွေ ဖြစ်စေတာ မှန်ပေမယ့် တဖက်ကလည်း ခရီးသွား ဧရိယာများလာ၊ ကန်ဧရိယာကလည်း နည်းလာနေတော့ အညစ်ကြေးတွေများ များလာမယ်။ ဒေသခံတွေကိုချည်း ပညာပေးနေလို့ မရဘူး။ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေကို ခရီးသွားဇုန်လိုမျိုး သတ်သတ်မှတ်မှတ်ထားဖို့၊ သင့်တော်တဲ့ ဥပဒေအကြောင်းအရာနဲ့ ထိန်းပြီးလုပ်ဖို့၊ အစိုးရပိုင်းက ပါဝင်ဖို့လည်း လိုနေတယ်” ဟု ဦးဝင်းမျိုးသူက ဆိုသည်။
၎င်းကဆက်လက်၍ “အရေးတကြီး လုပ်ရမှာတွေကတော့ အများကြီးပဲ။ အခု ကျနော်တို့ လုပ်နေတဲ့ အတိုင်းအတာလောက်နဲ့ကတော့ ဆင့်ပါးစပ် နှမ်းပက်နေရသလို ဖြစ်နေတယ်။ အဖက်ဖက်က ကူညီထောက်ပံ့မှုတွေ လိုနေတယ်” ဟု ပြောသည်။
အင်းလေးကန် ညစ်ညမ်းလာခြင်းမှာ လူဦးရေတိုးလာခြင်း၊ ဟိုတယ် စားသောက်ဆိုင်များ များလာခြင်း၊ ခရီးသွားလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများလာခြင်းတို့ကြောင့် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနှင့် သစ်တောဝန်ကြီး ဦးဝင်းထွန်းက ယမန်နှစ် စက်တင်ဘာလအတွင်းက လွှတ်တော်တွင် တင်ပြခဲ့သေးသည်။
ပြီးခဲ့သည့် ၂၀၁၀ နွေရာသီအတွင်းက အပူချိန်မြင့်မားမှုနှင့် မုတ်သုန်အ၀င် နောက်ကျခြင်းတို့ကြောင့် နိုင်ငံတ၀န်း မိုးခေါင် ရေရှားမှုများဖြစ်ပေါ်ခဲ့ပြီး အင်းလေးကန်ရှိ ဖောင်တော်ဦးဘုရား ၀န်းကျင်ဒေသများတွင် ရေခန်းခြောက်မှု ဆိုးဝါးစွာ ဖြစ်ပေါ်ခဲ့သေးသည်။
ကမ္ဘာ့ရာသီဥတု ပူနွေးလာမှု၏ အကျိုးဆက်ဒဏ်ခံရသည့် ဒေသတခုဖြစ်သော အင်းလေးကန်၏ ရေဝေရေလဲ ဒေသများဖြစ်သော အောင်ပန်း၊ ကလော၊ ပင်းတယ စသည့် ဒေသများတွင် သစ်တောပြုန်းတီးမှုများက ကန်ရေပမာဏ လျော့နည်းစေသော အကြောင်းရင်းတရပ်ဖြစ်၍ သစ်တောများ ထိန်းသိမ်းမှု လုပ်ဆောင်ရန်လည်း လိုအပ်နေသည်ဟု သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်းတွင်ရှိသော အင်းလေးကန်သည် ကျွန်းမျောစိုက်ခင်းများ၊ ရေပေါ်ဈေး၊ ဖောင်တော်ဦးဘုရား၊ လှေကို ခြေဖြင့်လှော်သော အင်းသူအင်းသားများ၊ ရေကန်တွင်း တည်ဆောက်ထားသော ခြေတံရှည်အိမ်များ စသည့် စိတ်ဝင်စားဖွယ်ရာများဖြင့် နိုင်ငံခြားသား ခရီးသွားများအပြင် ပြည်တွင်း ဘုရားဖူးများကိုပါ ဆွဲဆောင်နိုင်သည့် အထင်ကရ နေရာ ဒေသတခုဖြစ်သည်။
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုတွင် တရုတ်နယ်စပ်မှ တရားဝင် ကုန်ပစ္စည်းတင်သွင်းမှုမှာ သုံးနှစ်အတွင်း နှစ်ဆခွဲအထိ မြင့်တက်လာခဲ့ကြောင်း၊ ပို့ကုန်ပိုင်းတွင်မူ နှစ်ဆ၀န်းကျင်သာ မြင့်တက်ခဲ့သည်။
နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများဖြင့် ကုန်သွယ်ရာတွင် တန်ဖိုးမြင့် သဘာဝသယံဇာတများ တင်ပို့မှု အများဆုံးမှာ တရုတ်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် တင်ပို့ခြင်းဖြစ်သော်လည်း တရားဝင် ကုန်စည်တင်ပို့မှု စာရင်းများအရ နည်းပါးလျက် ရှိနေသည့်အတွက် တရားမ၀င် တင်ပို့မှု များပြားနေသည်ကို သုံးသပ်ရမည်ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ပြောကြားသည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် လွယ်ဂျယ်၊ ချင်းရွှေဟော်၊ မူဆယ်၊ ကန်ပိုက်တီး ကုန်သွယ်ရေးဇုန်များမှ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်က တရားဝင် ကုန်စည် တင်သွင်းခဲ့သည့် ပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၃၆၇ ဒသမ ၁၀၂ ရှိခဲ့သော်လည်း ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ကုန်ဆုံးခါနီး စာရင်းများအရ တရုတ်နိုင်ငံနယ်စပ်မှ တင်သွင်းသည့် သွင်းကုန်ပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၁၀၂၂ ဒသမ ၈၁၉ ထိ ရှိလာခဲ့ကြောင်း၊ ထို့အတွက် သုံးနှစ်အတွင်း သွင်းကုန်ပမာဏမှာ နှစ်ဆခွဲအထိ တိုးမြင့်လာကြောင်း၊ တရားဝင်တင်သွင်းသည့် ပမာဏသာ ရှိသေးကြောင်းလည်း သိရသည်။
ပို့ကုန်ကဏ္ဍတွင်မူ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်က အမေရိကန် ဒေါ်လာသန်း ၈၃၈ ဒသမ ၂၀၈ ပမာဏ ရှိခဲ့ပြီး ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ကုန်ဆုံးရန် တစ်လ၀န်းကျင်လိုသည့် အချိန်စာရင်းများအရ အမေရိကန် ဒေါ်လာ သန်း ၁၆၉၅ ဒသမ ၈၈၅ ပမာဏရှိခဲ့သည့်အတွက် နှစ်ဆသာ တိုးတက်လာခဲ့ကြောင်း၊ ပို့ကုန်တိုးတက်မှုထက် သွင်းကုန်တိုးလာမှု ရာခိုင်နှုန်းမှာ ပိုမိုမြင့်တက်နေကြောင်းနှင့် တရားဝင်စာရင်းများအရသာ ပို့ကုန်ပမာဏ နည်းပါးနေခြင်းဖြစ်ပြီး တရားမ၀င်များမှာ တရားဝင်စာရင်းထက် ပို၍ပင် များပြားနိုင်သည်ဟုလည်း သုံးသပ်ကြပါသည်။
''တန်ဖိုးမြင့်တဲ့ သယံဇာတတွေ အဓိကထွက်ပေါက် နယ်စပ်က တရုတ်နိုင်ငံ နယ်စပ်ပါပဲ။ ဒါပေမယ့် တရားဝင်စာရင်းမှာ သိပ်တိုးမလာဘူး။ ဒီတော့ တရားမ၀င်တွေက ပိုများလာသလို တရုတ်ဘက်က ထုတ်ပြန်တဲ့စာရင်းက များနေပြီး မြန်မာနိုင်ငံက ထုတ်ပြန်တဲ့စာရင်းက နည်းနေတဲ့ အခြေအနေမျိုး ကြုံနေရတာလေ။ ဒါကိုလည်း စီးပွားကူးသန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ထုတ်ဖော်ပြောကြားထားတယ်။ တရားမ၀င် တင်ပို့မှု၊ တင်သွင်းမှုတွေကြောင့် စာရင်းဇယားတွေ မမှန်ဘူးဖြစ်ရသလို အခွန်နစ်နာတယ်၊ တရားဝင် လုပ်ကိုင်သူတွေ နစ်နာတယ်လို့ ပြောကြားထားခဲ့ပြီးသားပါ။ တရုတ်နယ်စပ်ကို ဘာကြောင့် ပြောရသလဲဆိုတော့ နိုင်ငံရဲ့ တွင်းထွက်၊ ကျောက်မျက်၊ သစ်အများဆုံး ကုန်သွယ်တာက တရုတ်နဲ့ မို့လို့ပါ။ ဒါတွေကိုသာ တရားဝင်ဖြစ်အောင်လုပ်နိုင်ရင်တော့ နိုင်ငံတော်အခွန် ဘယ်လောက်ထိ ရလာနိုင်မလဲ တွက်ဆလို့ ရတယ်။ တရားဝင်စာရင်းကို ၁၀နဲ့ မြှောက်ကြည့်ရတဲ့ ပမာဏ အမှန်စာရင်းပဲလို့ စီးပွားကူးသန်းက တာဝန်ရှိသူတွေကိုယ်တိုင်လည်း ပြောကြားခဲ့တယ်''ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု (အမေရိကန်ဒေါ်လာ၊ သန်း) | ||||||
နယ်စပ်ဂိတ် | ၂၀၀၉-၂၀၁၀ | ၂၀၁၀-၂၀၁၁ | ၂၀၁၁-၂၀၁၂ | |||
ပို့ကုန် | သွင်းကုန် | ပို့ကုန် | သွင်းကုန် | ပို့ကုန် | သွင်းကုန် | |
မူဆယ် | ၈၀၂ .၇၂၆ | ၃၃၆ .၉၂၈ | ၈၂၄ .၉၇၅ | ၅၆၀ .၄၅၄ | ၁၆၂၇ .၇၀၁ | ၈၉၇ .၇၃၆ |
လွယ်ဂျယ် | ၃ .၂၄၂ | ၁၄ .၆၈၀ | ၅ .၉၀၈ | ၁၈ .၁၁၆ | ၂ .၆၅၈ | ၃ .၄၃၆ |
ချင်းရွှေဟော် | ၃၁ .၉၇၉ | ၀ .၀၈၀ | ၂၆ .၇၇၅ | ၀ .၄၇၇ | ၅၈ .၇၅၄ | ၀ .၅၅၇ |
ကန်ပိုက်တီး | ၀ .၂၆၁ | ၁၅ .၃၆၃ | ၇ .၀၃၃ | ၁၃၆ .၇၅၀ | ၆ .၇၇၂ | ၁၂၁ .၃၉၀ |
စုစုပေါင်း | ၈၃၈ .၂၀၈ | ၃၆၇ .၁၀၂ | ၈၆၄ .၆၉၁ | ၇၁၅ .၇၉၇ | ၁၀၂၂ .၈၁၉ | ၁၆၉၅ .၈၈၅ |
နိုင်ငံတကာ ရော်ဘာဈေး ယခင်နှစ်ကထက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၅၀၀ထိ လျော့ကျသွားသော်လည်း ပြည်တွင်းရော်ဘာဈေး သိသိသာသာ ကျဆင်းသွားမှု မရှိ
ယခင်နှစ်က နိုင်ငံတကာ ရော်ဘာဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၀၀ နှင့်အထက် ရရှိခဲ့သည်အထိ ဈေးမြင့်တက်ခဲ့သော်လည်း ယခုနှစ်တွင်မူ နိုင်ငံတကာ ရော်ဘာဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၀၀ အထိ ကျဆင်းသွားကြောင်း သိရသည်။
နိုင်ငံတကာဈေး ကျဆင်းသော်လည်း ပြည်တွင်း ရော်ဘာဈေးမှာမူ ပြည်တွင်းရှိ စက်မှုလုပ်ငန်းကြီးများမှ ၀ယ်ယူလာမှုကြောင့် သိသိသာသာ ကျဆင်းသွားမှုမရှိဘဲ ယခင်လအတွင်းက ဖြစ်ပေါ်ခဲ့သော ပြည်ပ ဈေးထက်ပင် ပြည်တွင်းဈေးအနည်း ငယ် မြင့်တက်ခဲ့မှုရှိကြောင်း သိရသည်။
''ပြည်တွင်းက ၀ယ်ယူသိုလှောင်မှုတစ်ခုကြောင့် ရော်ဘာဈေး အရမ်းကျမသွားခဲ့ဘူး။ ခြံဖွင့်ရာသီ အစတုန်းကတော့ တစ်ပေါင်ကို ကျပ် ၉၀၀ လောက်အထိ ဆင်းသွားပေမယ့် ဘတ်ဂျက်ကာလမှာ ပြည်တွင်း စက်မှု လုပ်ငန်းကြီးတစ်ခုက ၀ယ်ယူသိုလှောင်မှုကြောင့် တစ်ပေါင် ကို ကျပ် ၁၅၀၀ လောက်အထိ မြင့်တက်သွားတယ်။ အဲဒီတုန်းက ပြည်တွင်းဈေးက နိုင်ငံတကာဈေးနဲ့ ယှဉ်ရင် တစ်ပေါင်ကို ကျပ် ၁၅၀၀ ပေါက် ဈေးမရှိဘူး။ အဲဒါကို ကျပ်၁၅၀၀ အထိပေးဝယ်တဲ့အတွက် နိုင်ငံတကာဈေးကျပေမယ့် ပြည်တွင်းဈေး မကျဘူး။ ဘယ်လောက်ထိဖြစ် သွားသလဲဆိုရင် နယ်စပ်က တစ်ဆင့် ပြည်ပကိုပို့မယ့် ရော်ဘာတွေတောင် ရန်ကုန်ဈေးကွက်ကို ပြန်ဝင်လာတယ်။ အခုတောင် ရော်ဘာဈေး တစ်ပေါင်ကို ကျပ် ၁၃၅၀၊ ၁၃၀၀ လောက် ရှိသေးတယ်။ နိုင်ငံတကာ ဈေးကတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၉၀၀ လောက်ရှိတယ် ဂျပန်ဈေးကွက်မှာ မနှစ်က တစ်တန်ကို အမေရိကန်ဒေါ်လာ ၅၄၀၀ နဲ့အထက် ရခဲ့တဲ့အတွက် ဒီနှစ် တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၅၀၀ လောက် ပြုတ်ကျသွားတာပေါ့''ဟု ရော်ဘာပြည်ပတင်ပို့သူ လုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့ပါသည်။
နှစ်အလိုက် အမြင့်ဆုံးဖြစ်ခဲ့သည့် ကမ္ဘာ့ရော်ဘာပေါက်ဈေး (တစ်တန်၊ အမေရိကန်ဒေါ်လာ) | |
ခုနှစ် | ဈေးနှုန်း |
၂၀၀၀(ဖေဖော်ဝါရီ) | ၇၃၆ |
၂၀၀၁(ဇွန်) | ၆၂၀ |
၂၀၀၂(စက်တင်ဘာ) | ၈၉၀ |
၂၀၀၃(အောက်တိုဘာ) | ၁၂၉၉ |
၂၀၀၄(ဧပြီ) | ၁၃၈၇ |
၂၀၀၅(အောက်တိုဘာ) | ၁၇၁၉ |
၂၀၀၆(ဇွန်) | ၂၇၂၉ |
၂၀၀၇(နိုဝင်ဘာ) | ၂၅၀၅ |
၂၀၀၈(ဇွန်) | ၃၂၄၁ |
၂၀၀၉(ဒီဇင်ဘာ) | ၂၈၁၀ |
၂၀၁၀(ဒီဇင်ဘာ) | ၄၇၄၀ |
၂၀၁၁(ဇန်န၀ါရီ) | ၅၄၀၀ |
၂၀၁၂(မတ်လ) | ၃၉၀၀ |
ရော်ဘာပြည်ပသို့ နှစ်စဉ်တင်ပို့မှု (အမေရိကန်ဒေါ်လာ၊ သန်း) | ||
ဘဏ္ဍာရေးနှစ် | တန်ချိန်(ထောင်ပေါင်း) | တန်ဖိုး |
၂၀၀၆-၂၀၀၇ | ၄၆ .၉၃ | ၇၆ .၅၅ |
၂၀၀၇-၂၀၀၈ | ၆၁ .၆၁ | ၁၁၆ .၄၉ |
၂၀၀၈-၂၀၀၉ | ၄၀ .၀၇ | ၇၃ .၀၀ |
၂၀၀၉-၂၀၁၀ | ၇၇ .၇၉ | ၁၃၅ .၃၇ |
၂၀၁၀-၂၀၁၁ | ၉၁ .၃၅ | ၃၀၂ .၈၉ |
မြန်မာစာနယ်ဇင်းသမဂ္ဂ (Myanmar Journalists Union) ဖွဲ့စည်းရေးနှင့် ပတ်သက်သည့် အကြိုညှိနှိုင်းဆွေးနွေး
မြန်မာစာနယ်ဇင်းသမဂ္ဂ (Myanmar Journalists Union) ဖွဲ့စည်းရေးနှင့် ပတ်သက်သည့် အကြိုညှိနှိုင်းဆွေးနွေးပွဲကို မတ်လ ၁၀ ရက်နေ့က SS Food Center ၌ ကျင်းပခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲနှင့် မြန်မာစာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းရေးကို ကိုဇော်သက်ထွေးမှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးသို့ သတင်းမီဒီယာနယ်ပယ်မှ ဖိတ်ကြားခံရသူများ တက်ရောက်ခဲ့ကြပါသည်။
"ဂျာနယ်လစ်တွေကို အကာအကွယ်ပေးမယ့် အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်စေချင်တယ်။ လွတ်လပ်တဲ့ စာပေရေးသားခွင့်ကို ကာကွယ်စောင့်ရှောက်ဖို့(freedom of expression) ရယ်၊ နောက်တစ်ခုက ဒီ နယ်ပယ်မှာ ရှင်သန်ဆောင်ရွက်နေ ကြတဲ့ ဂျာနယ်လစ်တွေအားလုံးရဲ့ အကျိုးစီးပွားနဲ့ သူတို့ကို ကာကွယ်စောင့်ရှောက်ဖို့ (Protection of Journalists)အတွက်ကို ဘေးက ၀ိုင်းရံပေးမယ့် အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်ဖို့ လိုအပ်ပြီလို့ ထင်ပါတယ်။ ဒါကြောင့်မို့ အတွေ့အကြုံ ရှိတဲ့၊ ဒီလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်နေတဲ့ ရပ်တည်နေတဲ့ သူတွေကို ဒီနေ့ဖိတ်ကြားပြီးတော့ အကြံဉာဏ်တောင်းခံပြီးတော့ အသိပေးမယ်။ အားလုံးရဲ့ အကြံဉာဏ်နဲ့ ၀ိုင်းဝန်းပြီးတော့ ဒီအဖွဲ့အတွက် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းကိုဆွဲပြီး အဲဒါပြီးတော့မှ လူကိုရွေးချယ်ဖို့ပါ။ အဓိက ရည်ရွယ်ချက်ကတော့ အဲတာပါပဲ''ဟု ကိုဇော်သက်ထွေးက ပြောကြားခဲ့ပါသည်။
မြန်မာစာနယ်ဇင်းသမဂ္ဂအဖွဲ့ကို ယခုပြုလုပ်သော အကြိုညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာ သူများထံမှ အကြံဉာဏ်များ ရယူပြီး ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ရေးဆွဲမည်ဖြစ်ပါသည်။ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ထွက်ပေါ်လာသည်နှင့် သတင်းမီဒီယာသမားအားလုံး ဖိတ် ခေါ်၍ Mass Meeting ပြုလုပ်မည်ဖြစ်ကာ စာနယ်ဇင်းသမဂ္ဂနှင့် ပတ်သက်သော သမဂ္ဂနှင့်ပတ်သက်သည့် ဖွဲ့စည်းပုံအခြေ ခံစည်းမျဉ်းကို ချပြပြီး အဖွဲ့၌ ဦးဆောင်မည့်သူများကို မဲပေးရွေးချယ်မှုဖြင့် ရွေးချယ်မည်ဖြစ်ကြောင်း သိရပါသည်။
ယခုပြုလုပ်ခဲ့သော အကြိုညှိ နှိုင်းဆွေးနွေးပွဲသို့ စာနယ်ဇင်း သမဂ္ဂဖြစ်မြောက်ရန် ဦးဆောင်ခဲ့သူ ကိုဇော်သက်ထွေး၊ ဦးဝဏ္ဏ (မာဂျေ)၊ ဦးမြင့်မောင်ကျော်၊ ဒေါ်အေးအေးဝင်း (AP သတင်းထောက်)၊ ရွှေသံစဉ် ဦးဝင်းမော် (DVB VJ )၊ ဦးစန်းဦး(စိတ်ကူးချိုချိုစာပေ)၊ ဦးချစ်ဝင်းမောင်(အယ်ဒီတာချုပ်- တက်လမ်းအားကစားဂျာနယ်)၊ ဦးသောင်းထိုက်(CEO, True News Journal) ၊ဦးဖေမြင့် (ပြည်သူ့ခေတ်ဂျာနယ်)၊ ကိုဝေဖြိုး (အယ်ဒီတာချုပ်-Weekly Eleven News Journal)၊ ကိုနေထွန်းနိုင် အကြီးတန်းအယ်ဒီတာ(Weekly Eleven News Journal)၊ ကိုမျိုး(မြန်မာစာ) (အယ်ဒီတာချုပ်- ပေါ်ပြူလာ အနုပညာဂျာနယ်)၊ ဦးဝင်းကျော်ဦး (မန်းနေးဂျင်းအယ်ဒီတာ-မဇ္ဈိမသတင်းဌာန)၊ ကိုအားမာန်(အမှုဆောင် အယ်ဒီတာ-7Day News Journal)၊ ကိုသူရအောင်(တာဝန်ခံအယ်ဒီတာ- Messenger Journal)နှင့် ကိုဉာဏ်လင်းအောင်(Popular News Journal)တို့ တက်ရောက်ခဲ့ကြပါသည်။
ထိုသို့ တက်ရောက်လာသူများအနက် အချို့မှာ မြန်မာစာနယ်ဇင်းသမဂ္ဂအဖွဲ့ ဖြစ်ပေါ်လာရေးအတွက် လုပ်ဆောင်မည်ဖြစ်ပြီး အဖွဲ့ဖွဲ့စည်းချိန်၌ ပါဝင် ရွေးချယ်ခံမည်မဟုတ်ကြောင်း သိရပါသည်။
ဆွေးနွေးပွဲ တက်ရောက်လာသူများအနေဖြင့် လွတ်လပ်သော မြန်မာစာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းရေး ကို သဘောတူညီခဲ့ကြပြီး မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေး ယာယီကော်မတီ ဖွဲ့စည်းခြင်းနှင့် အဖွဲ့အတွက် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ရေးဆွဲခြင်းများကို မတ်လ ၁၈ရက် နေ့တွင် ပြုလုပ်မည့် အကြိုညှိနှိုင်း အစည်းအဝေး၌ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေး ခရီးတွင် ခြေလှမ်းတစ်လှမ်းဖြစ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် တရားမျှတမှု ရှိ၊ မရှိ စုံစမ်းရေးသား သတင်းရယူသွားမည်ဖြစ်ကြောင်း စာဖတ်ပရိသတ်များအား အသိပေးအပ်ပါသည်။ ယခုအပတ် မတ်လ ၁၀ ရက်နေ့မှစ၍ တစ်လတိတိ ကြားဖြတ်ရွေးကောက်ပွဲကျင်းပသည့် နေရာ(၄၈)နေရာအနက် အားလုံးနီးပါးတွင် Eleven Media Group ၏ သတင်းထောက်များ သတင်းရယူ ဖော်ပြသွားပါမည်။ သတင်းရယူရန်ခက်ခဲသော (သို့မဟုတ်) အနှောင့်အယှက်တွေ့ရသော နေရာများအားလည်း အသိပေးပြောကြားသွားမည် ဖြစ်ပါသည်။ နစ်နာသူ မဲဆန္ဒရှင်များအနေဖြင့်လည်း Eleven Media Group သို့ ဆက်သွယ် သတင်းပေးပို့နိုင်ပါသည်။ |
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment