ရွှေတိဂုံတပေါင်းပွဲ      

7Day News Journal  အတွဲ (၁၀)၊ အမှတ်(၅၀)  
 “တပေါင်းရယ်တဲ့ မိန်ရာသီ ရွက်ဟောင်းကို လေနှင်လို့ပန်တော်ဝင် ရွှေအင်ကြင်းငယ် သင်းပျံ့ခဲ့ပြီ”ရွှေတိဂုံစေတီတော်ကြီး၏ တပေါင်းလမြင်ကွင်းသည် ကြည်ညိုဝမ်းမြောက် ဖွယ်ရာ ရဟန်းတော်များ၊ ၀ပ်တွားရိုကျိုးစွာသွားလာနေကြသည့် ပြည်သူများဖြင့် သာယာလှပလျက်ရှိသည်။ သိဂုင်္တ္တရကုန်းတော်ပေါ်တွင် သောင်းပေါင်းများစွာသော ရဟန်းရှင် လူများဖြင့် ခြေချစရာ နေရာလပ် မရှိအောင် ပြည့်ကျပ်လျက်ရှိသည်။
ဆယ်စုနှစ်နှစ်ခုကျော်ကာလအတွင်းဤသို့များပြားလှစွာသောရဟန်းတော်များနှင့်   ပြည်သူအပေါင်းတို့ကို  ရွှေတိဂုံစေတီတော်အနှံ့တွင်   တစ်စုတစ်စည်းတည်း တွေ့မြင်နေရခြင်းပင်ဖြစ်သည်။    လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးကို တည်ထားပူဇော်ခဲ့သည်မှာ ယခုနှစ်တွင် နှစ်ပေါင်း ၂၆၀၀ တိတိ ပြည့်မြောက် ခဲ့ပြီဖြစ်သည်။ ရွှေတိဂုံစေတီတော် မြတ်ကြီးအား မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကာလမဟာသက္ကရာဇ် ၁၀၃ ခုနှစ်တွင် စတင်တည်ထားခဲ့ရာ ယခုသာသနာတော်
နှစ် ၂၅၅၅၊ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ တပေါင်းလတွင် နှစ် ပေါင်း ၂၆၀၀ ပြည့်မြောက်လာခဲ့ ခြင်းဖြစ်သည်။
ထိုသို့ နှစ်ပေါင်း ၂၆၀၀ ပြည့် မြောက်သည့် ရွှေတိဂုံစေတီတော် မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၇ ရက်အထိ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာစသည့် ပူဇော်ခြင်းများ ဖြင့် စည်ကားသိုက်မြိုက်စွာ ထူး ထူးခြားခြား ပူဇော်နေကြပြီ ဖြစ်သည်။  မြန်မာနိုင်ငံ ဗြိတိသျှတို့ လက်အောက်သို့ မရောက်မီ ရှေးပဝေ သဏီကပင် ဂျပန်ခေတ်မှတစ်ပါး နှစ်အဆက်ဆက် အစဉ်မပြတ်ရွှေတိဂုံတပေါင်းပွဲတော်ကို ကျင်းပခဲ့သည်။
၁၉၈၆ ခုနှစ် နောက်ပိုင်းမှစတင်ကာ ရွှေတိဂုံစေတီတော် တွင် အခြားပွဲတော်အသီးသီးကို အစဉ်အလာမပျက် ကျင်းပလာခဲ့သော်လည်း တပေါင်းပွဲတော်ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ခဲ့ခြင်း မရှိသည်မှာ ပြီးခဲ့သည့်နှစ် အထိပင်ဖြစ်သည်။ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့်ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် ရာဟုထောင့် အောင်မြေရှိ ဗဟိုမဏ္ဍပ်နှင့် မဟာပဋ္ဌာန်းမဏ္ဍပ်တို့တွင် ပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံ တော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊   မန္တလေးမြို့   ဗန်းမော်ကျောင်းတိုက် ဆရာတော် အမှူးပြုသော သံဃာတော်များကြွရောက်ကြပြီး    အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်နိုင်ငံတို့မှ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြသည်။ ဂေါပကအဖွဲ့ဝင်များက မြတ်စွာဘုရားရှင်အား ပင့်ပန်လျှောက်ထားခြင်းနှင့် ကုသိုလ်တော်အတူပြုရန် နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် နိုင်ငံကျော်  ဓမ္မကထိက ဆရာတော်ကြီးများက ၁၅ ရက်တိုင် ထေရ၀ါဒတရားတော်များ ဟောကြားခြင်း၊ သံဃာတော်အရှင်မြတ်များက   အသံမစဲမဟာပဋ္ဌာန်းများ ရွတ်ဖတ်ပူဇော်ခြင်း၊ လူပုဂ္ဂိုလ်များက   ဓမ္မဒေသနာတော်များ ရွတ်ဖတ်ခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနှင့်    ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ လျှပ်စစ်မီးရောင် စုံပူဇော်ခြင်း၊ ဖူးပွင့်နေသောပန်းပင်ပေါင်း ရှစ်သောင်းလေးထောင်ကို ပူဇော်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်သည်။
ဖျော်ဖြေရေးအနေနှင့် လည်းစေတီတော်အောက်ပစ္စယံတွင်အငြိမ့်နှင့် ဇာတ်သဘင်များ၊ ရုပ်သေးပွဲ၊ ကွက်စိပ် ဟောပြောပွဲ၊ အိုးစည်ပွဲ၊ ဒိုးပတ်ပွဲ၊ ခြင်းလုံးခတ်ပွဲ၊ ဓာတ်ပုံပြပွဲများ ကိုပြုလုပ်နေပြီဖြစ်သည်။အလယ်ပစ္စယံတွင် နိဗာန် ဈေးတန်းကြီးကိုလည်း တည်ခင်း ရောင်းချလျက်ရှိရာ အားပေးဝယ်ယူကြသူများနှင့်  တိုးမပေါက် အောင်ပင်ဖြစ်သည်။ လက်ဆောင်ပစ္စည်းများရောင်းချခြင်းလည်းပါဝင်ရာ  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ  ရန်ပုံငွေအဖြစ်ဆိုင်ခန်း ၇ ခန်းရောင်းချလျက်ရှိပြီး တစ်ညလျှင် ကျပ်ငါးသိန်းဝန်းကျင်ခန့်ရောင်းချရကြောင်း  သိရသည်။
အထက်ပစ္စယံရှိ အရံစေတီ တော်အားလုံးအပြင် ရင်ပြင်တော်ပေါ်ရှိ ဆီမီးခုံစေတီတော်များတွင် ညပိုင်းလျှပ်စစ်ရောင်စုံမီးများကို ထိန်ထိန်ညီးအောင် ထွန်းညှိပူ ဇော်ထားသည်။ ရင်ပြင်တော်ပေါ် တွင် အနယ်နယ်အရပ်ရပ်မှ လာ ရောက်ဖူးမြော်ကြသည့် ဘုရားဖူးပရိသတ်များဖြင့်   ပြည့်လျက်ရှိသည်။ ရင်ပြင်တော်၊ စောင်းတန်းနှင့် အောက်ပစ္စယံရှိကွင်းများတွင် ဘုရားဖူးလာရောက်သူများအား စတုဒိသာကျွေးမွေးလျက်ရှိသည်။
ဆယ့်နှစ်ပွဲဈေးသည်များ ရောင်းချနေသော အစားအသောက်နှင့် အသုံးအဆောင် အမျိုးအမျိုး ဆိုင်ခန်းများ၊ စာအုပ် စာပေများ၊ လက်ဆောင်ပစ္စည်းဆိုင်များတွင် လည်း တိုးဝှေ့ဝယ်ယူနေကြသည့် ပရိသတ်မှာ ညဥ့်နက်သည်အထိ စည်ကားဆဲဖြစ်သည်။မြန်မာ့ ၁၂ လရာသီစလုံးတွင် ၁၂ လစလုံး ပွဲတော်များဖြင့် ပြည့်နှက်နေသည်။ ထိုကဲ့သို့ ၁၂ လပွဲတော်များတွင် နာမည်ကျော်ပွဲတော်များရှိရာသို့ တစ်နှစ်ပတ်လုံး လိုက်လံဈေးရောင်းချသူများကို ဆယ့်နှစ်ရာသီပွဲဈေးသည်များဟု ခေါ်ဝေါ်ကြသည်။
ယခု ရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင်လည်း ၁၂ရာသီပွဲဈေးသည်များ လာရောက် ရောင်းချလျက်ရှိသည်။ နိဗ္ဗာန်ဈေးတန်းတွင် ၀ယ်ယူသူအများဆုံးမှာ ယခုနှစ်မှ စတင်ရောင်းချခြင်းဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရန်ပုံငွေရှာဖွေရေးဆိုင်ခန်းများပင်ဖြစ်သည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုင်များတွင်အားပေးဝယ်ယူသူ    များပြားလွန်းသောကြောင့် အချို့သော  ဆယ့်နှစ်ရာသီပွဲဈေးဆိုင်ခန်းများမှာ ခြောက်ကပ်ကပ်ဖြစ်နေသည်ကိုတွေ့ရသည်။
ထိုဈေးသည်များထဲတွင် ထူးထူးခြားခြားမြင်တွေ့ရသည်ကလူမျိုးခြားဈေးသည်အချို့ဖြစ်သည်။ သူတို့သည် နားတွင် နားကျပ်များတပ်ဆင်ကာ အသံချဲ့စက်အသေးစား လေးများဖြင့်  မြန်မာစကား မပီကလာ  ပီကလာအော်ဟစ်ရောင်းချလျက်ရှိသည်။ ဆေးများ၊အိမ်သုတ်တံမြက်စည်းများစသည်တို့ကို    ရောင်းချလျက်ရှိသော အဆိုပါ နိုင်ငံခြားသားတရုတ်လူမျိုးများ၏ရှေ့တွင်  ၀ယ်ယူသူများထက် အထူးအဆန်းကြည့်ရှုနေကြသူများက ပိုမိုများပြားနေသည်ကို တွေ့ရသည်။
ယခုလ ၂၅ ရက်တွင် ရွှေ တိဂုံစေတီတော်ရင်ပြင်နှင့် စောင်းတန်းများ၌   ဗုဒ္ဓဘိသေကအနေ ကဇာတင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပခဲ့ရာ သံဃာတော်အပါး ၂၆၀၀ ကြွရောက်လာခဲ့ကြသည်။ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှလည်းကောင်း၊ လုပ်ငန်းရှင်များမှလည်း ကောင်း၊ ဘာသာရေးအသင်းအဖွဲ့များမှလည်းကောင်းလာရောက်လှူဒါန်းကြခြင်းဖြစ်သည်။
သံဃာတော်အပါး ၂၆၀၀ အတွက် ကားအစီးရေ ၂၃၀ အခမဲ့ကြိုပို့ပေးခဲ့သည်ဟုလည်း သိရသည်။   တပ်မတော်သားများစွာ ကလည်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် လုပ်အားဖြင့် ကုသိုလ်ယူခဲ့ကြသည်ကို တွေ့ရသည်။ရွှေတိဂုံစေတီတော် အနောက်ဖက်မုခ်ရှိ ပြည်သူ့ဥယျာဉ်၊ ရင် ပြင်ကြီးအတွင်း မြတ်ဗုဒ္ဓသာသနာတော်နှစ် ၂၆၀၀ ပြည့်အ
ထိမ်းအမှတ် တရားပွဲအား ဖေဖော်ဝါရီလ ၁၇ ရက်မှ  ၂၁ ရက်အထိ ခြိမ့်ခြိမ့်သဲသဲကျင်းပခဲ့သည်။ အဆိုပါတရား ပွဲတော်ကြီး ကျင်းပရာငါးရက်စလုံးတွင် တရားနာပရိသတ်ပေါင်း   ငါးသိန်းခန့်လာရောက် နာယူခံကြသည်။ တရားပွဲအတွက် ကျပ်ငွေသိန်းပေါင်းကိုးရာခန့်နှင့် နိုင်ငံခြားငွေကြေးများလည်း အလှူခံရရှိခဲ့သည်ဟု သိရသည်။

ပြည်သူ့ရင်ပြင် တရားပွဲတော်ကြီးတွင် ယောဆရာတော်၊ ချမ်းမြေ့ဆရာတော်၊ သီတဂူဆရာ တော်၊ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်၊ ဗန်းမော်ဆရာတော်ကြီးတို့က   နိဗာန်ရောက်ကြောင်း တရားများဟောကြားခဲ့ကြသည်။တပေါင်းလသည် ဆောင်းကြွင်း နွေအ၀င်လဖြစ်သဖြင့် သစ်ပင်များရွက်ဟောင်းစွန့်၍ ရွက်သစ်လွန့်ကာ အညွန့် အညှောက်များ ပေါ်ထွက်ခြင်းဖြင့် တင့်တယ်လှပသာယာလှပေသည်။တပေါင်းလတွင် ကျင်းပခဲ့သော ရွှေတိဂုံစေတီတော်၏ နှစ်ပေါင်း ၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကြီးမှာလည်း  သင်္ကန်းရောင်များ ထိန်ထိန်ညီးလျက် အံ့မခန်းပင် တင့်တယ်သာယာလှပါသည်။

မန္တလေးရောက်သခိုက် လူရွှင်တော် ပါပါလေးနှင့် စကားစမြည်

YPI -    နက်ဖြန်အတွက် ဘယ်လောက်ထိတောင် ဦးပါပါလေး ရင်ခုန်နေပြီလဲ။

PPL - အတိုင်းအထက်အလွန်ပါ။ထမင်းတောင်မစားနိုင်ဘူး။ဝမ်းသာလွန်းလို့။   ပြည်သူတွေကမျှော်လင့်နေတယ်။ဘာလို့လဲဆိုတော့ဒေါ်စုကပြည်သူကိုချစ်တာလေ ပြည်သူကအမေပြည်သူကမိဘပဲ ဒါကြောင့်ပြည်သူ ကိုချစ်လို့ အစ်မကြီးဒေါ်အောင်ဆန်းစုကြည်လာမယ်ဆိုတာ ပြည်သူကို သူ က မေတ္တာ စကားပြော ချင်လို့ အဲဒီစေတနာအား နဲ့အနုပညာသည် တွေက အတိုင်းအထက်အလွန်ပြောစရာမရှိလောက်အောင် ၀မ်းသာပါတယ်။
 YPI - ဦးပါလေးကအန်တီစုကိုဘယ်လိုမြင်သလဲ
 PPL - အနုပညာသမားတစ်ယောက်အနေနဲ့ပြောရရင် သူကတိုင်းပြည်လက်နက်ပဲ။မကောင်းတဲ့လူမှန်သမျှကိုပစ်မှာပဲ။ဘယ်သူ့ကိုမှမကြောက်ဘူး အမှန်တရားပြောရဲတယ် သူလုပ်နေတာလည်းတိုင်းပြည်အတွက်ပဲကိုး ။
 YPI - အန်တီစုကိုစည်းရုံးရေးကာလမှာဘယ်လိုအားဖြည့်ကူညီမှုတွေလုပ်ပေးဖို့ရှိလဲ
 PPL - ပြည်သူကိုစည်းရုံးဖို့ ဦးပါကို တာဝန်ပေးတယ် အဲဒါကိုစိတ်ချ အဲဒါတော့အစ်မကြီးဒေါ်စုကပြောဖူးတယ်။ ၈၉ တုန်းက အစ်မကြီးဒေါ်စုရဲ့စကားသံကို အခုထိနားထဲက မထွက်သေးဘူး။ ဦးပါပါလေးစည်းရုံးပေးပါနော် ကျန်းမာရေးကောင်းအောင်ဂရုစိုက်ပါ ကျွန်မတို့စည်းရုံးရင်လူလေးငါးဆယ်ယောက်ပဲရပါတယ်။ ဦးပါတို့စင်ပေါ်ကစည်းရုံးတာထောင်သောင်းမကရပါတယ်ဆိုတာလေ။ အဲဒါတော့ဦးပါကဒေါ်စုအတွက်အားလုံးနိုင်သရွှေ့တာဝန်ထမ်းပြီးစည်းရုံးမှာပါ။
 YPI - ဦးဇာဂနာကအနုပညာနဲ့ရောတဲ့နိုင်ငံရေးလို့ပြောတယ် ဦးပါရဲ့နိုင်ငံရေးကရော ဘယ်လိုနိုင်ငံရေးမျိုးဖြစ်မလဲ
 PPL - ဦးပါကပြည်သူ့အတွက်လုပ်တဲ့နိုင်ငံေ၇းပါ။အဲဒါမှနိုင်ငံရေးက ကိုယ်လုပ်ချင်တာကိုယ်ပြောချင်တာတွေ
ဖြစ်မှာကိုး၊ ဦးပါတို့အဲဒါမှကောင်းမှာ။ လွတ်လွတ်လပ်လပ်ပေါ့။ ပါတီဝင်ထားရင်မကောင်းဘူး။ ကိုယ့်ပါတီကမဟုတ်တာလေးတွေလမ်းချော်ခဲ့သော် ဦးပါတို့ကငဲ့နေရအုံးမယ် အခုက ဘယ်ပုဂ္ဂိုလ်ပဲ တက်တက် မကောင်းတဲ့လိုအပ်တဲ့ချို့ယွင်းတာတွေကိုတော့ပြော၇အုံးမယ်။
 ဆောင်ပုဒ်လေးတောင်ရှိတယ်။“ပြည်သူ့ကိုယ်စား ပါးစပ်အငှားဖြင့် မထောက်မညှာ ရဲဝံ့စွာနဲ့ မှန်ရာကိုပြော ကိုယ့်သဘော”တဲ့။ ဦးပါကတော့ အစ်မကြီးသွားတဲ့လမ်းကိုတည့်တည့်လိုက်မယ်။ အစ်မကြီးအန္တရာယ်ကင်းပါစေ။ ကျန်းမာပါစေ။ချမ်းသာပါစေ။လိုအပ်ဆန္ဒပြည့်ပါစေ။ပြည်သူတွေရဲ့လက်ခုပ်သံက အစ်မကြီးအားဆေးပါ။ လူရွင်တော်တွေရဲ့သံချပ်ဟာအစ်မကြီးအတွက်အားဆေးပါ။

ကမ္ဘာ့ ဒီမိုကရေစီ ရေစီးကြောင်းနှင့်ယှဉ်ပြီး မြန်မာ့ ဒီမိုကရေစီ အရေးကို ဘယ်လို လက်တွေ့ကျကျ သုံးသပ်မလဲ (မင်းဇော်ဦး)

ဒီနေ့ မြန်မာနိုင်ငံမှာ  နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာတဲ့အပေါ် ဒီမိုကရေစီ စပြောင်းနေပြီလား လို့ထင်မြင်ချက် ပေးလာကြတယ်။ တချို့ကလည်း “စစ်မှန်တဲ့ ဒီမိုကရေစီ” ရမှဖြစ်မယ်လို့ ရည်မှန်းချက် ကြီးကြီးနဲ့ ကြွေးကြော်ကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့ ဒီမိုကရေစီ ရေစီးကြောင်းကို ပြန်ကြည့်ကြည့်ယင် ဒီမိုကရေစီ အပြောင်းလဲဖြစ်တာနဲ့ “စစ်မှန်တဲ့ ဒီမိုကရေစီ”စနစ် တို့နှစ်ခုရဲ့ ကြားမှာ ကွာခြားချက်က ကြီးလွန်းလှတယ်။
အဲဒီတော့ အဓိကမေးစရာ သုံးခုဖြစ်လာတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းလဲ  ဖြစ်နေပြီလား? လက်ရှိအပြောင်းလဲရဲ့ အကျိုးဆက်တွေဟာ ဘာတွေဖြစ်နိုင်မလဲ?  “စစ်မှန်တဲ့ ဒီမိုကရေစီ” နဲ့ ဘယ်လောက်များ နည်းစပ်သလည်း ဆိုတဲ့မေးခွန်းတွေပါ။ ကမ္ဘာ့သမိုင်းမှာ ၁၉၅၅ (Samuel Huntington ပြောတဲ့ ဒီမိုကရေစီ ဒုတိယလှိုင်း အလယ်ကာလ) ကစပြီး  ပြည်တွင်းအာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို ပြောင်းလဲခဲ့တဲ့ နိုင်ငံပေါင်း အနည်းဆုံး ၈၆ ခုရှိခဲ့ပါတယ်။   အဲဒီ ကမ္ဘာ့ဒီမိုကရေစီ သမိုင်းကြောင်းကို အခြေခံပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် အပေါ်က မေးခွန်းသုံးခုကို ကျွန်တော်ကြိုးစားဆွေးနွေးပါမယ်။
 ဒီမိုကရေစီ အပြောင်းလဲ ဖြစ်ပြီလား?
ဒီမိုကရေစီ အပြောင်းလဲ ဘယ်အချိန်ကစပြီးဖြစ်လဲ ဆိုတာကို ဒီမိုကရေစီ လေ့လာတဲ့ ပညာရှင်တွေကြားမှာ ငြင်းနေကြတုန်းပါ။ ဖိနှိပ်မှုတွေ လျှော့ပေး တဲ့အချိန် ကစပြောင်းတာလား၊ Liberalization လို့ပြောတဲ့ နိုင်ငံရေး စီးပွားရေး လုပ်ပိုင်ခွင့်တွေ စဖွင့်တဲ့ အချိန်ကလား၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပမှ စတာလား၊ လူအများက လက်ခံတဲ့ ဖွဲ့စည်းပုံအခြေခံ ရှိမှ စတာလား ဆိုပြီး ဘယ်အချိန်မှာ စပြောင်းတယ် ဆိုတဲ့ ဘုံလက်ခံတဲ့ သတ်မှတ်ချက် မရှိသေးပါဘူး။
ဒါပေမယ့် ဒီမိုကရေစီစနစ် တခုရဲ့ အခြေခံ စံသတ်မှတ်ချက် တွေကိုတော့  ဒီမိုကရေစီ လေ့လာသူပညာရှင် အစုတို့ကြားမှာ လက်ခံထားတာ ရှိပါတယ်။ အနိမ့်ဆုံး အဆင့်အနေနဲ့ နိုင်ငံတစ်ခုကို ဒီမိုကရေစီ လို့သတ်မှတ်ဖို့ဆိုယင် ၂ ချက် လိုပါတယ်။ (၁) နိုင်ငံတော် ရဲ့အာဏာအရှိ ဆုံးခေါင်းဆောင် (သက်ဆိုင်ရာ နိုင်ငံရေး စနစ်အလိုက် သမ္မတ (သို့) ဝန်ကြီးချုပ်) ကို ရွေးချယ်တဲ့ စနစ်က ပွင့်လင်းမြင်သာပြီး ပြိုင်ဆိုင်နိုင်မှုရှိရမယ်။ ဆိုလိုတာကတော့ တစုံတရာ တရားမျှတတဲ့ ရွှေးကောက်ပွဲအပေါ် အခြေခံရမယ်။ (၂) နိုင်ငံတော်အာဏာရဖို့ ယှဉ်ပြိုင်ကြ တဲ့နိုင်ငံရေး အင်အားစုတွေ အတွက် နိုင်ငံတော်က ခွင့်ပြုသတ်မှတ်ထားတဲ့ နိုင်ငံရေးလှုပ်ရှားခွင့်   စည်းရုံးလုံ့ဆော်ခွင့်   တို့ရှိရပါမယ်။့  ဒီမိုကရေစီ အပြောင်းလဲ ကာလ ဖြစ်လာဖို့ ဒီ၂ချက်က  အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီ အကြား အဓိက မျဉ်းခြားထားတာပါ။
၂၀၁၀ ရွေးကောက်ပွဲပေါ်အခြေခံပြီး  ဖြစ်လာတဲ့ နိုင်ငံရေး အပြောင်းအလဲဟာ ဒီနှစ်ချက်လုံး အားနည်းတဲ့ အတွက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းလဲ  (democratic transition) ဖြစ်သွားပြီလို့ သတ်မှတ်လို့မရသေးပါဘူး။ ဒါကြောင့်မို့လို့ ပညာရှင်တွေ အသုံးများတဲ့ Polity Dataset လို့ခေါ်တဲ့ နိုင်ငံတကာက နိုင်ငံရေးစနစ် တွေကို နှစ်စဉ်တိုင်းတာတဲ့  ရေချိန်မှတ်မှာ မြန်မာနိုင်ငံကို ၂၀၁၀ နှစ်ကုန်အထိ အာဏာရှင် နိုင်ငံအဖြစ် သတ်မှတ်ထား ဆဲပါ။ ဒါ့အပြင် သာမန်လူသိများတဲ့ Freedom House အဖွဲ့ရဲ့ “Freedom in the World” ဆိုတဲ့ နိုင်ငံသားလွတ်လပ်မှုရေချိန်မှာလည်း “not free” မလွတ်လပ်သေးဘူး လို့ ၂၀၁၁ အထိ သတ်မှတ်ထားပါတယ်။
လစ်ဘရယ်လိုင်ဇေးရှင်း (Liberalization) (သို့) နိုင်ငံရေးတံခါး အဖွင့်
ဒါပေမယ့် ယခုလက်ရှိ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်လာတယ်၊ ထင်ရှားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေကို လွတ်ပေးတယ်၊ အတိုင်းတာ တစ်ခုအထိ နိုင်ငံရေး လူပ်ရှားခွင့်ပေးတယ်၊ NLD ကိုရွေးကောက်ပွဲ ဝင်ခွင့်ပေးတယ် စတဲ့ နိုင်ငံရေး အရလိုက်လျောမှုတွေ လုပ်လာခဲ့တယ်။ ဒီလိုနိုင်ငံရေးတံကား ဖွင့်လိုက်တဲ့အပေါ်မှာ လက်ရှိအစိုးရကို ဝေဖန်နေသူတွေရော မြန်မာ့အရေးကို လေ့လာနေသူတွေပါ အံ့အားသင့် စရာဖြစ်သွားတယ်။  လက်ရှိအစိုးရ က အပြောင်းအလဲကို လုပ်လိမ့်မယ်လို့ ကြိုတွက်ချက်ထားတဲ့ သူတွေတောင်  အခုလိုမြန်မြန်ဆန်ဆန် နဲ့ ဖွင့်လိုက်တဲ့ အပေါ်မှာအံ့အားသင့် သွားတာတော့ အမှန်ပဲ။ ဒီအပေါ်မှာ ပြည်တွင်း အတိုက်ခံအများစုနဲ့ အမြဲတန်း အစိုးရကကို ဝေဖန်နေတဲ့ အနောက်နိုင်ငံ အစိုးရတွေတောင် ကြိုဆိုဩဘာ ပေးကြပါတယ်။
ဒါပေမယ့် လက်ရှိအခြေအနေက ဒီမိုကရေစီ အသွင်ကူးပြောင်းကာလ (Democratic Transition) လို့ပြောတာထက် နိုင်ငံရေးတံခါး စဖွင့်တဲ့ လစ်ဘရယ်လိုင်ဇေးရှင်း (Liberalization)ဆို ပိုမှန်လိမ့်မယ်။ အဲဒီနှစ်ခုရဲ့ အဓိက ကွာခြားချက်က အပြောင်းအလဲရဲ့ နက်ရှိုင်းမှုပါ။
ဒီမိုကရေစီ အပြောင်းလဲက စနစ်အပေါ်မှာ အခြေခံ တဲ့နိုင်ငံရေးသဏ္ဏန်ပြောင်းမှု။  ပြောင်းပြီးယင် ပြန်ဖျက်ရခက်တဲ့ ပြောင်းလဲမှုမျိုး(နောက်ပြန်မသွားဘူးလို့ ဆိုလိုတာ မဟုတ်ဘူး)။ လစ်ဘရယ်လိုင်ဇေးရှင်း ကြတော့ ပိုပြီးအပေါ်ယံကြတယ်။ နောက်ပြန်ဆုတ်ဖို့ ပိုလွယ်တယ်။ စနစ်ထက် political dynamics လို့ပြောတဲ့ နိုင်ငံရေး လူပ်ရှားမှုတွေအပေါ် အစိုးရက ဘယ်လောက်သည်းခံသလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။
ဒါပေမယ့် တချို့ဒီမိုကရေစီ အပြောင်းလဲတွေမှာ အယင်အစိုးရကိုယ်တိုင် ကမကထ ပြုပြီး နိုင်ငံရေးတံခါး ဖွင့်တဲ့ လစ်ဘရယ်လိုင်ဇေးရှင်း အယင်လုပ်ပြီးမှ ဒီမိုကရေစီ အသွင်ကူးပြောင်းခဲ့ကြတာ ရှိပါတယ်။ ၁၉၅၅ ကစပြီး အာဏာရှင်စနစ်လို့ သတ်မှတ်ထားတဲ့ အစိုးရတွေက နိုင်ငံရေးတံခါး အယင်ဖွင့်ပြီးမှ ဒီမိုကရေစီစနစ်ကို ကူးပြောင်းခဲ့တာ ၂၆ နိုင်ငံမှာ တွေ့ရပါတယ်။ တချို့နိုင်ငံတွေ ဆို ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်အကြား ရှေ့တိုးနောက်ဆုတ်နဲ့  တလှဲ့ဆီသွားခဲ့ရ တာတွေလည်း ရှိပါတယ်၊ ဥပမာ ပါကစ်စတန် မှာ ၁၉၆၂ နဲ့ ၁၉၈၈၊ တူရကီမှာ ၁၉၇၃ နဲ့ ၁၉၈၃ စတဲ့နှစ်တွေမှာ အယင်အစိုးရကိုယ်တိုင် ကမကထပြုပြီး အပြောင်းလဲ လုပ်သွားခဲ့တာပါ။ ဒီလိုအပြောင်းလဲမျိုးကို Executive-Guided Transition လို့လည်း ခေါ်လေ့ရှိပါတယ်။ အဲဒီ၂၆ နိုင်ငံမှာ ၁၃နိုင်ငံက စစ်တပ်က အုပ်ချုပ်ခဲ့ပြီးပြောင်းခဲ့တာပါ။ ဆိုလိုတာကတော့ ဒီနေ့မြန်မာနိုင်ငံကဖြစ်စဉ်ဟာ တခြားစစ်တပ် အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတွေမှာ ဖြစ်လာတဲ့ အပြောင်းအလဲ ပုံသဏ္ဏန်တွေနဲ့ သိပ်မကွာလှပါဘူး။
လစ်ဘရယ်လိုင်ဇေးရှင်း နောက်ပုံစံတခုက အာဏာရှင်တပိုင်း အစိုးရအောက်မှာ နိုင်ငံရေး လွတ်လပ်ခွင့်တွေ ဖွင့်ပေးမယ်၊ အရင်က မတရားအသင်းတွေ မြေပေါ်ပြန်ရောက်လာမယ်၊ လှုပ်ရှားခွင့်တွေ ရလာမယ်။ အများအား ဖြင့် အစိုးရ ကမကထပြုတဲ့ အပြောင်းအလဲအောက်မှာ နိုင်ငံရေး လွတ်လပ်ခွင့် အတိုင်းတာ တခုထိပါတဲ့ လစ်ဘရယ်လိုင်ဇေးရှင်း ဆိုတာဖြစ်လာတယ်။ ဒီနေ့မြန်မာပြည်ရဲ့ အနေအထားကိုကြည့်ယင် အစိုးရ ကတစုံတရာ ခွင့်ပြုထား တဲ့ နိုင်ငံရေးအကွက်ကွင်း political space ကိုချဲ့ပေးလိုက်တဲ့  လစ်ဘရယ်လိုင်ဇေးရှင်း ပိုဆန်ပြီး  ဒိထက်နက်ရှိုင်းတဲ့ စနစ်ထဲအထိ အပြောင်းလဲမျိုး ကိုရောက်အောင် သွားရအုန်းပါမယ်။
လစ်ဘရယ်လိုင်ဇေးရှင်း မှ ဒီမိုကရေစီ အပြောင်းလဲသို့
လက်ရှိအစိုးရ အနေနဲ့ ဒီမိုကရေစီ အပြောင်းလဲ ကာလကို ဖန်တီးဘို့ဆိုယင် အဓိက အခြေနေ နှစ်၇ပ်ကို နက်နက်ရှိုင်းရှိုင်း လိုက်လျောဖို့လိုပါ လိမ့်မယ်။ နံပတ်တစ်အနေနဲ့ NLD အပါဝင် အခြားတရားဝင် နိုင်ငံရေး ပါတီတွေကို လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် ပေးရပါမယ်။ ဒုတိယနေနဲ့ လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်တဲ့ ရွေးချယ်မှုမျိုး ဖြစ်အောင် ကမကထ ပြုပေးဖို့ လိုပါတယ်။ ဒီမိုကရေစီ အကူးပြောင်း ကာလမှာ မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ကတော့ ခက်သေးတယ်။ လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီရဲ့ ဓနအား လုပ်ပိုင်ခွင့်တွေ နဲ့ယှဉ်လိုက်ယင်  မျှတ တန်းတူမှုတော့ ရှိနိုင်ဦးမှာမဟုတ်ဘူး။ ဒါပေမယ့် အနိမ့်ဆုံး အနေနဲ့ လူထုက လွတ်လွတ်လပ်လပ် မဲထည့်နိုင်ရမယ်၊ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေဟာ စစ်မှန်တဲ့ မဲရေတွက်ပေါ်မှာ အခြေခံရမယ်။ လူထုမဲပေါ်အခြေခံတဲ့ လွတ်တော်တစ်ရပ် ပေါ်လာဖို့လိုမယ်။
နိုင်ငံတကာအနေနဲ့ကတော့ လာမည့် ကြားဖြတ်ရွေးကောက်ပွဲ ရဲ့လွတ်လပ်တဲ့ အတိုင်းတာပေါ် မူတည်ပြီး ပိတ်ဆို့မှုအတော်များများ  ရုတ်သိမ်းနိုင်စရာတော့ရှိတယ်။ ဒါပေမယ့် မြန်မာပြည် ဒီမိုကရေစီ အပြောင်းလဲ လမ်းကြောင်းကို ရောက်ဖို့အတွက် ပိုပြီးအဓိကကျတာက ၂၀၁၅ ရွေးကောက်ပွဲရဲ့ ရလဒ်ဖြစ်တယ်။ လွတ်တော်တွင်းမှာ ရွေးကောက်ပွဲ ကနေ လူထုမဲပေါ်အခြေခံတဲ့ နိုင်ငံေ၇း အင်အားစုတွေ ရောက်သွားဖို့လိုတယ်။ နိုင်ငံရေးကစားကွက်ကို စနစ်အပြင်ကနေ ဒီမိုကရေစီ အတိုင်းတာ တစ်ခုရှိတဲ့ စနစ်အထဲ ကိုရွေ့လိုက် တာဖြစ်တယ်။
အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့အောက်မှာ ဒီမိုကရေစီအပြောင်းလဲ လုပ်လို့ရလား လို့မေးစရာ ဖြစ်လာတယ်။ အဓိက ကတော့ စစ်တပ်ရဲ့ကိုယ်စားလှယ် ၂၅%က ရွေးကောက်ပွဲဝင်စရာမလိုဘဲ အလိုလို လွတ်တော်ကိုယ်စားလှယ် ဖြစ်လာ လို့ပါ။ ဒါပေမယ့်၂၀၀၈ ဖွဲ့စည်းပုံ အခန်း (၃) အပုဒ် (၆၀) အရ နိုင်ငံတော်မှာအာဏာအရှိဆုံးသမ္မတကို ရွေးချယ်တဲ့ “သမ္မတ ရွေးချယ်တင်မြောက်ရေး” အဖွဲ့သုံးစုက ပြည်သူ့လွတ်တော်၊ အမျိုးသားလွတ်တော် နဲ့ တပ်မတော် ကိုယ်စားလှယ်တွေပါဝင်တာဖြစ်တဲ့အတွက် လွတ်တော်နှစ်ရပ်လုံးက ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေရဲ့မဲအများစုနဲ့ စစ်တပ်ကိုယ်စားလှယ်မဲ ကိုကျော်လွန်ပြီး သမ္မတကိုတင်မြောက်နိုင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ လူထုရွေးကောက် တင်မြောက်လိုက်တဲ့ ကိုယ်စားလှယ်တွေက နိုင်ငံရေးပေါ်လစီလုပ်တဲ့ သမ္မတ နဲ့ အစိုးရအဖွဲ့ဝင်တွေကို ရွေးချယ်လို့ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ဒီမိုကရေစီ အခြေခံ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် နဲ့ လူထုမဲပေါ် ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲတခု လုပ်နိုင်လျှင် ဒီမိုကရေစီအသွင်ပြောင်းတဲ့ Democratic Transition အဆင့်ကို သွားနိုင်မှာ ဖြစ်တယ်။
ကမ္ဘာ့ဒီမိုကရေစီ သမိုင်းကို ပြန်ကြည့်ယင် စစ်တပ်ကမကထပြု လစ်ဘရယ်လိုင်ဇေးရှင်းနှစ် အနည်းငယ် လုပ်ပြီးမှ ဒီမိုကရေစီအသွင်ပြောင်းဖို့ ကြိုးစားတဲ့ ၁၃ နိုင်ငံမှာ အများစုဟာ စစ်တပ်ဦးဆောင်ရေးခဲ့တဲ့ အခြေခံဥပဒေ အပေါ်မှာ အစပြုပြီး ပြောင်းခဲ့တာပါ။ ထင်ရှားတဲ့ ဥပမာတွေပြရလျှင် ဘရာဇီး (၁၉၈၅)၊ ပီရှုး (၁၉၅၆)၊ ဂွာတီမာလာ (၁၉၈၆)၊ ချီလီ (၁၉၈၉)၊ ထိုင်း (၁၉၆၉) နဲ့ အခြား အနည်းဆုံး ၅ နိုင်ငံမှာ တွေ့ရတယ်။
၁၉၅၅ ကစပြီး အနည်းဆုံး ၈၆ နိုင်ငံမှာ ဒီမိုကရေစီအပြောင်းလဲ ၁၁၅ ကြိမ်ဖြစ်ခဲ့တယ်။ တချို့နိုင်ငံတွေမှာ ဒီမိုကရေစီပြောင်းပြီးမှ အာဏာရှင်စနစ် ပြန်ရောက်သွားလိုက် နောက်ထပ် အပြောင်းလဲ လုပ်ဖို့ ကြိုးစားလိုက်နဲ့ အဖန်ဖန် သွားခဲ့ရတာတွေရှိတယ်။ ဒီမိုကရေစီ အပြောင်း ရဲ့နောက်ဆက်တွဲက “စစ်မှန်တဲ့ ဒီမိုကရေစီ” ဆိုပြီး အလိုလိုဖြစ်သွားတာ မဟုတ်ဘူး။ မလိုလား အပ်တဲ့ အကျိုးဆက်တွေ လည်းအများကြီးရှိလာတယ်။
ဒီမိုကရေစီ အပြောင်းလဲနှင့်အကျိုးဆက်များ
နိုင်ငံတခုအတွက် အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းချိန်ဟာ ကြိုးတန်းလမ်းလျှောက် သလိုဘဲ။ ခိုင်မာတဲ့ ဒီမိုကရေစီ စနစ်ကို မရောက်မချင်း ဘယ်တော့ပြုတ်ကျမလဲ လို့ပူနေရတယ်။ ၁၉၅၅ ကစလို့ ဒီမိုကရေစီ အပြောင်းလဲ အလဲလုပ်တဲ့ နိုင်ငံ တွေမှာ ရလဒ်၎ခုဖြစ်လာတယ်။
ပထမ တခုကတော့ ဒီမိုကရေစီ ခိုင်မာသွားတဲ့ (consolidated democracy) နိုင်ငံတွေ။ ပြောင်းလဲသွားတဲ့ ၈၆  နိုင်ငံထဲမှာ အနောက်နိုင်ငံတွေက စံပြု ဒီမိုကရေစီအဆင့်ရောက်သွားတာက ၁၅ နိုင်ငံဘဲရှိမယ်။ အပြောင်းအလဲ အားလုံးရဲ့၁၇%ဘဲရှိတယ်။ 
ဒုတိယ တစ်မျိုးက ဒီမိုကရေစီ အပြောင်းလဲ လုပ်ပြီးသွားမှ အာဏာရှင်စနစ် ပြန်ရောက်သွားတဲ့ နိုင်ငံတွေ။ Samuel Huntington ကတော့ ဒီမိုကရေစီနောက်ပြန်လှိုင်းလို့ခေါ်လေရဲ့။ နိုင်ငံ ၃၂ခုမှာ ဖြစ်ခဲ့တဲ့ ဒီမိုကရေစီ အပြောင်းလဲ ၄၄ ခုဟာ အာဏာရှင်စနစ်ဆီကို နောက်တလှမ်း ပြန်ဆုတ်သွားခဲ့ရတယ်။ ဥပမာ ထိုင်းနိုင်ငံမှာ ဆိုအနည်းဆုံး လေးကြိမ် ဒီမိုကရေစီဖြစ်လိုက် နောက်ပြန်လှိုင်းစီးလိုက်နဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့ရတယ်။
တတိယမြောက် ဒီမိုကရေစီ အပြောင်းလဲ အကျိုးဆက် ကတော့ ဆူပူမငြိမ်သက်မှုတွေ စစ်ပွဲတွေ ဖြစ်လာတာပါ။ ဒီမိုကရေစီ အပြောင်းလဲ လေ့လာသူတွေကြားမှာ တွေ့ရှိချက်တွေက နိုင်ငံတခုမှာ မငြိမ်သက်မှုတွေ စစ်ပွဲတွေ ဖြစ်နိုင်ချေအများဆုံးအချိန်က ဒီမိုကရေစီ အပြောင်းလဲဖြစ်တဲ့အချိန်လို့ဆိုပါတယ်။ ဒီမိုကရေစီ အပြောင်းလဲဖြစ်ပြီးမှ ပြည်တွင်းစစ်ပွဲတွေထဖြစ် ဆူပူမူတွေ ရပ်လို့မရတဲ့ တဲ့ နိုင်ငံပေါင်း အခု ၄၀ ရှိတယ်။  ဒီမိုကရေစီ အပြောင်းလဲဖြစ်ခဲ့တဲ့ နိုင်ငံတွေရဲ့ ထက်ဝက်နည်းပါးလို့ ပြောလို့ရတယ်။ ထင်ရှားတဲ့ဥပမာတွေ ပြရယင် ရုရှားက ဒီမိုကရေစီ အပြောင်းလဲ အတွင်း ၁၉၉၄ မှာဖြစ်ခဲ့တဲ့ ချက်ချီးနီးယား စစ်ပွဲ၊ ဒီမိုကရေစီ အပြောင်းလဲဖြစ်ပြီးမှ ၂၀၀၁ မှာ အရှိန်ဟုန်တောက်လာတဲ့ အင်ဒိုနီးရှားက အာချေဒေသ ပြည်တွင်းစစ်၊ အာဖရိကမှာရှိတဲ့ အိုင်ဗရီကို့စ် Ivory Coast နိုင်ငံက ၂၀၀၀ခု ဒီမိုကရေစီ အပြောင်းလဲ အပြီးမှာ ပေါက်ကွဲခဲ့တဲ့ တောင်ဘက်မြောက်ဘက် အုပ်စုတွေရဲ့ စစ်ပွဲ တွေစသည်ဖြင့် ဒုက္ခပင်လယ်ဝေခဲ့ကြပါတယ်။
မတည်ငြိမ်မှုတွေ စစ်ပွဲတွေဖြစ်ယင် ဒီမိုကရေစီနောက်ပြန်လှိုင်းက နောက်ဆက်တွဲ လိုက်လာတတ်တယ်။ စစ်အေးတိုက်ပွဲပြီးလို့ ဒီမိုကရေစီစနစ်က ဝါဒအရ အောင်လံ  စိုက်နိုင်ခဲ့တယ်ဆိုပေမယ့် ဒီမိုကရေစီ နောက်ပြန်လှိုင်းက ရပ်မသွားပါဘူး။ အာဏာရှင်စနစ်ဖက်ကို ပြန်တစ်လမ်းဆုတ်သွားတဲ့ ဒီမိုကရေစီ အပြောင်းလဲ ၄၄ ခုထဲမှာ ၂၄ ခုက စစ်အေးတိုက်ပွဲပြီးတောင်မှ ဆက်ဖြစ်လာခဲ့တာပါ။ နောက်ပြန်လှိုင်း အများစုက ဒီမိုကရေစီစနစ် သမိုင်းအဆုံးအဖြစ် အောင်ပွဲခံသွားပြီလို့ ဖူကူရားမား ကြွေးကြော်ပြီးမှ ဖြစ်လာခဲ့တဲ့ အတွက် ဘယ်ပုံစံမျိုးနဲ့ ဒီမိုကရေစီစနစ် အောင်ပွဲခံ လိုက်လည်းလို့ စဉ်းစားစရာဖြစ်လာတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီတည်ဆောက်ရေး တွေကို လေ့လာရေးသားတဲ့ ဂျိုဗားနီစာတိုရီ (Giovanni Sartori) က “သဘောတရား တခုအနေနဲ့ ဒီမိုကရေစီက အောင်ပွဲခံနိုင်ခဲ့ပေမယ့် လက်တွေ့မှာတော့ ဒီစနစ်ရဲ့ အစွမ်းထက်မှုဟာ နက်နက်ရှိုင်းရှိုင်း မေးခွန်းထုတ်စရာ ဖြစ်လာတယ်” လို့ဆိုပါတယ်။ 
ဒီမိုကရေစီ နောက်ပြန်လှိုင်း ၄၄ခုအနက်မှာ ၃၀က စစ်တပ် အုပ်ချုပ်ခဲ့တဲ့နိုင်ငံတွေမှာ ဖြစ်ခဲ့တာ။ အရပ်သား တစ်ပါတီ အာဏာရှင်စနစ်၊ ဥပမာ ကွန်မူနစ် အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတွေနဲ့စာယင် စစ်တပ် အုပ်ချုပ်ခဲ့တဲ့နိုင်ငံတွေမှာ နောက်ပြန်လိုင်းဖြစ်ဖို့ ပို ရာခိုင်နူန်းများတယ်။ စစ်တပ် အုပ်ချုပ်ရေးကနေ ဒီမိုကရေစီကို ပြောင်းလာတဲ့နိုင်ငံတွေ အဖို့ ဒီမိုကရေစီရင့်သန်ဖို့ မစဉ်းစားခင် နောက်ပြန်လိုင်း ကိုဘယ်လိုရှောင်မလဲဆိုတာက ပိုအရေးကြီးပါတယ်။ ဒါပေမယ့် သတင်းကောင်း တစ်ခုက စစ်အေးတိုက်ပွဲ ပြီးသွားတဲ့နှောက်မှာ စစ်တပ်တွေက အာဏာသိမ်းတာ ပိုနည်းသွားတယ်။  စစ်အေးတိုက်ပွဲ အတွင်းမှာ စစ်တပ်က အောင်အောင်မြင်မြင်နဲ့ အာဏာသိမ်းခဲ့တာ ၈၆ ကြိမ်ရှိခဲ့ပေမယ့် စစ်အေးတိုက်ပွဲလွန် ကာလတွေမှာ စစ်တပ် အာဏာသိမ်းမှု ၃၃ ခုသာရှိတော့တယ်။
ဒီမိုကရေစီ အပြောင်းအလဲရဲ့ စတ္ထုထရလဒ်ကတော့ frozen transition လို့ခေါ်လို့ရတဲ့ ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေတဲ့ နိုင်ငံအများစုပါ။ ဒီမိုကရေစီ အပြောင်းအလဲတော့ဖြစ်ပါရဲ့၊ နောက်ပြန်လှိုင်း ကိုလည်း ရှောင်နိုင်ပါရဲ့၊ ဒါပေမယ့် အနည်းဆုံး ၁၅နှစ်ကြာလာတဲ့ အထိတောင် ရင့်ကျက်ခိုင်မာတဲ့  ဒီမိုကရေစီ (consolidated democracy) ကိုမရောက်လာနိုင်တဲ့ ဒီမိုကရေစီ အပြောင်းအလဲ ၈၆ နိုင်ငံ ထဲမှာ  ၂၄ နိုင်ငံရှိပါတယ်။ ကျွန်တော်တို့နဲ့ နီးနီးနားနားက ဥပမာ ပြရယင် ဖိလစ်ပိုင်နိုင်ငံပါ။ ၁၉၈၆ခုမှာ လူထုအုံကြွမှုနဲ့ အာဏာရှင်မားကို့စ်ကို ဖြုတ်ချပြီး အပြောင်းလဲဖြစ်ခဲ့တုန်းက စံပြဖြစ်စရာ အကြမ်းမဖက် ဒီမိုကရေစီ အပြောင်းအလဲဆိုပြီး တစ်ကမ္ဘာလုံးက အုံ့အော်သောင်းနင်း ဪဘာပေးခဲ့ကြပါတယ်။ အခု ၂၅နှစ်ကြာပြီး တဲ့အချိန်မှာ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု၊ အစုလိုက်အပြုံလိုက်သတ်မှု၊ မဲခိုးမှု၊ မဲချိန်းခြောက်မူ၊ လဒ်စားမှု၊ ဂိုဏ်းဂနအခြေခံ နိုင်ငံရေး အကြမ်းဖက်မှုတွေကို ဖိလစ်ပင်းပြည်သူတွေရင် ဆိုင်နေရဆဲပါ။ မအောင်မြင်ပေမယ့် စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားခဲ့တာ ၄ကြိမ်ရှိပါတယ်။ ကမ္ဘာ့ဒီမိုကရေစီ သမိုင်းကြောင်းကို ပြန်ကြည့်ယင် အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်တဲ့ နိုင်ငံအများစုဟာ  ရင့်ကျတ်စစ်မှန်တဲ့ ဒီမိုကရေစီကို မရရှိခဲ့ကြပါဘူး။

“စစ်မှန်တဲ့ ဒီမိုကရေစီ” (သို့) ဒီမိုကရေစီရင့်မာခြင်း (Democratic Consolidation)

ဒီမိုကရေစီ အပြောင်းလဲတစ်ခု ရင့်မာဖို့ အဓိက အခြေခံလိုအပ်ချက်က နောက်ပြန်လှိုင်း အရိုက်မခံရဖို့ဖြစ်တယ်။ အာဏာရှင်စနစ်ကို နောက်ပြန်ဆုတ်သွားပြီးယင်  ဒီမိုကရေစီအပြောင်းအလဲ ထပ်ဖြစ်ယင်တောင်မှ နောက်ပြန်ဆုတ်တဲ့ နိုင်ငံရေး ယဉ်ကျေးမှု ကအမြစ်တွယ်ကျန်ရစ်တယ်။ အထူးသဖြင့် စစ်တပ်အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတွေမှာဆိုယင်ပေါ့၊ဥပမာ ထိုင်းနိုင်ငံကိုကြည့်။  ဒီမိုကရေစီရင့်မာတဲ့အထိ အသွင်ကူးပြောင်းနိုင်ခဲ့တဲ့ နိုင်ငံ ၁၅ခုလုံးဟာ နောက်ပြန်လှိုင်း မထိခဲ့တဲ့ နိုင်ငံတွေ ဖြစ်တယ်။
အာဏာရှင်စနစ်ကို နောက်ပြန်မဆုတ်ခဲ့ဘူးဆိုယင်တောင်  ဒီမိုကရေစီ စနစ်ရင့်သန်ခိုင်မာနိုင်ဖို့ အခြေခံဥပဒေ အရတင်မကဘူး အဓိကနိုင်ငံရေးအင်အားစု အားလုံးရဲ့ ဂိုဏ်းဂဏဆန်တဲ့ နိုင်ငံရေး လုပ်ဟန်ကိုပါ ပြင်ဖို့လိုပါလိမ့်မယ်။ နိုင်ငံရေးအာဏာကို ယူဖို့ကြိုးစား ကြတဲ့အခါမှာ ဒီမိုကရေစီစနစ်က သတ်မှတ်ထားတဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအခြေခံတဲ့ ပြိုင်ဆိုင်မှု သက်သက်ဘဲဖြစ်ဖို့လိုပါလိမ့်မယ်။ ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲကို အဓိကနိုင်ငံရေးအင်အားစု တွေက တစ်ခုတည်းသော အာဏာယူနိုင်တဲ့နည်းလမ်းလို့ ယုံကြည်လာဖို့ဆိုတာကလည်း ပြိုင်ဘက်ပါတီကြီးတွေမှာ “အနိုင် ရနိုင်ခွင့်” ရှိဖို့လိုတယ်။
သဘောကတော့ ပါတီတခုထဲက အမြဲနိုင်နေယင် အမြဲရှုံးနေတဲ့ ပြိုင်ဘက်အခြား ပါတီကြီးတွေက ဒီမိုကရေစီ အပြင်ဘက်က နည်းလမ်းတွေနဲ့ အာဏာယူဖို့ကြိုးစားတာတွေ ဖြစ်လာတော့မယ်။ အမြဲနိုင်နေတဲ့ပါတီကလည်း ဒီမိုကရေစီရဲ့ အဓိကကြတဲ့ ချိန်ခွင်ရှာညိုမှု (Check and Balance) အားပျော့လာတဲ့အခါ အနည်းစုပေါ် အနိုင်ကျင့်၊ ငါတကော ကောတဲ့နိုင်ငံရေး မျိုးရောက်သွားရော။ လက်ရှိ ဗင်နီဇွဲလားနိုင်ငံက Hugo Chávez ဦးဆောင်တဲ့  United Socialist Party ရဲ့ လက်ဝဲ လက်ဝါးကြီးအုပ်နိုင်ငံရေးနဲ့ ကန်မရွန်း နိုင်ငံက Cameroon People’s Democratic Movement ရဲ့ အကျင့်ပျက်ချစားလာတဲ့ ဒီမိုကရေစီ တို့က ဥပမာ တစ်ချို့ပါ။
တောင်အာဖရိကနိုင်ငံ မှာလည်း သမ္မတ ဇူးမားက African National Congress (ANC) ဟာ Jesus Christ ပြန်ထလာတဲ့အထိတောင် ANCက နိုင်ငံကို အုပ်ချုပ်နေဦးမယ် လို့ကြိမ်းဝါးခဲ့ပါတယ်။ ANC အမြဲနိုင်ပါတီဖြစ်နေတဲ့အပေါ် လူမဲသဌေးတွေက ပါတီကို ဖက်တွယ်ထားပြီး ပါတီကလည်း သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးရင်း တောင်အာဖရိကဟာ ကမ္ဘာပေါ်မှာ ဆင်းရဲချမ်းသာ ကွာဟမှု အကြီးဆုံးထဲက နိုင်ငံတစ်ခု ဖြစ်လာပါတယ်။
ဒီမိုကရေစီရင့်သန်တဲ့နိုင်ငံတွေမှာ ပါတီကြီးတခုထဲက အမြဲနိုင်တယ်ဆိုတာ မရှိဘူး။ အဓိကကျတဲ့ ပါတီတွေမှာ ကြွေတစ်လက်ကြက်တစ်ခုန် အနိုင်အရှုံးဆိုတာ ရှိနေဖို့လိုတယ်။ အဲဒါကြောင့် ဒီမိုကရေစီ အောင်မြင်ဖို့ဆိုယင် နိုင်ငံရေးကစားကွင်းထဲမှာ ဘယ်သူကမှ အနိုင်အရှုံး မသေချာဖို့လိုတယ်လို့ ပညာရှင်တွေ ပြောကြပါတယ်။
ဒီမိုကရေစီခိုင်မာဖို့ အတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နဲ့ တရားစီရင်ရေး အပိုင်းတို့မှာ အပြန်အလှန် ချိန်ခွင်ရှာညိုမှုရှိရမယ်။ ဘယ်သူ့လက်ထဲမှာမှ နိုင်ငံတော်ရဲ့ အာဏာကို ပုံအပ်မထားရ ဆိုပြီး ပညတ်ချက်တို့ ရှိပါတယ်။ဒီလိုစံချိန်စံညွှန်းကြီးတဲ့ အစစ်အမှန် အပြည့်အဝ အရင့်အသန် ဒီမိုကရေစီမျိုး မြန်မာနိုင်ငံ ကိုရောက်လာမယ်ဆို အားလုံးအတွက်အကောင်းဆုံးပါ။ ဒါပေမယ့် ဒီနေ့ ကမ္ဘာပေါ်မှာ အဲဒီလို ဒီမိုကရေစီမျိုးဘယ်နှစ်ခု ရှိလဲလို့ လက်ချိုးရေလိုက်ယင် ကျွှန်တော်တို့ အတွက်ကတော့ ရွှေပြည်တော် မျှော်တိုင်းဝေးနေပါသေးတယ်။
နိုင်ငံတကာက နိုင်ငံရေးစနစ် တွေကို နှစ်စဉ်တိုင်းတာတဲ့  Polity ရေချိန်မှတ်ကိုမူတည်ပြီး ကျွှန်တော် အယင်တာဝန်ယူ ခဲ့ဘူးတဲ့ Center for Systemic Peace (CSP) အဖွဲ့က နှစ်စဉ် စစ်တမ်းထုတ်ပါတယ်။ Polity စစ်တမ်းအရ ပြည့်ဝရင့်သန်တဲ့ ဒီမိုကရေစီကို  (လူ၅သိန်းအောက် နိုင်ငံငယ်လေးတွေမှအပ)
ကမာ့္ဘနိုင်ငံပေါင်း ၁၆၄ ခုအနက် ၃၄ နိုင်ငံမှာဘဲတွေ့ရတယ် လို့ဆိုပါတယ်။ တစ်ကမ္ဘာလုံးရဲ့ ၂၁%သာရှိပါတယ်။ The Economist ကထုတ်ပြန်တဲ့ စစ်တမ်းဆိုယင် ဒီမိုကရေစီ အပြည့်ဝ ရှိတဲ့နိုင်ငံပေါင်းက ၂၆ခုဘဲရှိပါတယ်။ အများစုက ၂၀ ရာစုအစောပိုင်းတွေမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းခဲ့တဲ့ ဥရောပကနိုင်ငံတွေမှာပါ။
၁၉၅၅ ကစပြီး ပြောင်းလာတဲ့နိုင်ငံတွေထဲက ၁၅နိုင်ငံကို ကြည့်ယင် ၉နိုင်ငံက ဥရောပကပါ။ အများစုက စီးပွားရေး အခြေခံကောင်းပြီး ဒီမိုကရေစီသမိုင်းကြီးခဲ့တဲ့ ဒေသတွေကပါ။ ဒီ၁၅နိုင်ငံထဲမှာ မြန်မာပြည်လို စစ်တပ်က တိုက်ရိုက်အုပ်ချုပ်ခဲ့တဲ့ နိုင်ငံဆိုလို့ ချီလီ နဲ့ ဂရိ နိုင်ငံ ၂ခုသာပါတယ်၊ ၉ နိုင်ငံက အရပ်သားဦးဆောင်တဲ့ တစ်ပါတီ အာဏာရှင်စနစ်က ပြောင်းလာကြတာ။ အာဏာရှင်စနစ်ခြင်း တူတောင်မှ စစ်တပ်အုပ်ချုပ်ခဲ့တဲ့နိုင်ငံမှာ ဒီမိုကရေစီ ရင့်သန်ဖို့ ပိုခက်ပါတယ်။
အထူးသဖြင့် လုံခြုံရေး ပြဿနာ များတဲ့ ဒီမိုကရေစီ အကူးပြောင်းတွေမှာ စစ်တပ်က ချက်ခြင်း နိုင်ငံရေးထဲက ထွက်သွားလေ့ မရှိဘူး။ စစ်တပ်အစိုးရရဲ့ အခြေခံဥပဒေ အောက်ကနေ ဒီမိုကရေစီ ပြောင်းခဲ့တဲ့ ချီလီနိုင်ငံမှာ  ဒီမိုကရေစီ ရင့်သန်တဲ့ အချိန်ထိရောက်ဖို့ ၁၇နှစ် အချိန်ယူခဲ့ရတယ်။ လုံခြုံရေး ပြဿနာ များတဲ့ အင်ဒိုနီးရှားမှာ ဒီမိုကရေစီ ပြောင်းပြီး ၁၀ နှစ်ကျော်ကြာတဲ့ အထိ စစ်အသုံးစရိတ်နဲ့ ပတ်သက်လာယင် အရပ်သားအစိုးရ ကသွားထိလို့ မရခဲ့ဘူး။
ကျွှန်တော်တို့ မြန်မာပြည်ဟာ လက်နက်ကိုင်သူပုန်အဖွဲ့ တစ်ဒါဇင်ကျော်နဲ့ စုစုပေါင်းအင်အား ၅သောင်းကျော် ရှိတဲ့အလျှောက် ကမ္ဘာပေါ်မှာ ပြည်တွင်းလုံခြုံရေး ပြဿနာ အကြီးဆုံး နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့အစွမ်းအထက်ဆုံး အမေရိကန်စစ်တပ်တောင် အာဖကန်က ၂သောင်းခွဲ လောက်ရှိတဲ့ တာလီဘန်ရဲ့ လုံခြုံရေး ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။
ဒီမိုကရေစီ ရင့်သန်ဖို့အတွက် အဓိကလိုအပ်တဲ့ လူထုစားဝတ်နေရေး ချောင်လည်ဖို့ ဆိုတာကလည်း အလှမ်းဝေးပါသေးတယ်။ ဒီမိုကရေစီ အကူးပြောင်းချိန်တွေမှာ မျှော်လင့်ချက် တွေ ဖြစ်ချင်တာတွေနဲ့ တကယ်ဖြစ်လာတာတွေ ကြားမှာ ကွာဟချက်က ကြီးပါတယ်။ လစ်ဘရယ်လိုင်ဇေးရှင်းက အများစုကို ကျေနပ်စေတာထက် နိုင်ငံရေး လှုပ်ရှားခွင့် ကိုပိုဖွင့်ပေး လိုက်တာဖြစ်တယ်။ မကျေနပ်တဲ့ သူတွေကလည်း လှုပ်ရှားခွင့်ပေါ်လာတဲ့အခါ သူတို့ဖြစ်ချင်တဲ့ အပြောင်းလဲမျိုးဖြစ်အောင် တွန်း တွန်းတိုက်တိုက် လုပ်လာတဲ့အခါ ထိပ်တိုက်ရင်ဆိုင်မှုတွေဆီရောက်သွားတဲ့ သာဓကတွေ အများကြီးပါ။ ကမ္ဘာ့ ဒီမိုကရေစီအပြောင်း အလဲဖြစ်စဉ်ကို သာဓက ထားလိုက်ယင် မြန်မာပြည်ရဲ့ အပြောင်းအလဲဟာ ဒီမိုကရေစီ ရင့်သန်ဖို့ အများကြီး အလှမ်းဝေးပါတယ်။ လက်ရှိအနေအထားမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ကိုဘယ်လိုရမလဲ ဆိုတာထက် နောက်ပြန်လှိုင်းမထိဖို့ ဘယ်လိုကာကွယ် ရမလဲဆိုတာ အဓိကပါ။ မတည်ငြိမ် မှုတွေဖြစ်ပြီး ဒီမိုကရေစီ ကြိုးတန်းပေါ်က ပြုတ်မကြဖို့လည်းလိုပါတယ်။ နောက်ပြန်လှိုင်းကလွတ်ခဲ့ယင်တောင် ဒီမိုကရေစီ ရင့်မာဖို့အတွက် အနည်းဆုံးနောင် အနှစ်၂၀ကြာဆက်လျှောက်ရမယ့် မပြည့်မစုံ အနာဆာများတဲ့ လမ်းခရီးဖြစ်တာကြောင့် အိမ်မက်တွေထက် လက်တွေ့နဲ့ယှဉ်ပြီး အပြောင်း အလဲကို စဉ်းစားသင့်ပါကြောင်း။

“အသုပ်စားသူများ” (စိမ်းခက်စိုး)

ဒီနေ့အဆောင်မှာ အလုပ်ပိတ်ရက်မို့ လုပ်ဖော်ကိုင်ဖက် ညီညီမတွေ မုန့်ဖတ်သုပ်နဲ့ ကြာဇံသုပ် လုပ်စား ကြတယ်။ အဆောင်ရဲ့မီးဖို ချောင်ထဲက ထမင်းစားခန်း ကျဉ်းကျဉ်းလေးထဲမှာ မတ်တတ်ရပ်သူရပ်၊ စားပွဲမှာ ထိုင် သူထိုင် ချဉ်ငံစပ်စိတ်ကြိုက်လုပ်ပြီး ချွေးတလုံးလုံး၊ ရှုးရှုးရှဲရှဲစားနေကြတဲ့အထဲ ကိုယ်လည်းတစ်ယောက် အပါအဝင်ပေါ့..။ ကိုယ်က အသုပ်စားရင် ဂေါ်ဖီတို့၊ နံနံပင်တို့ထည့်တာမကြိုက်ဖူး မုန့်ဖက်သုပ်ကို ကြက်သွန်ဖြူဆီ ချက် အဖတ်ရွှဲရွှဲ မွှေးမွှေးလေးနဲ့ ငံပြာရည်လေးလေးရောသုတ်ပြီး၊ မုန့်ဟင်းရည်လေးက အရည် သောက်အဖြစ် ပါလိုက်လို့ကတော့ လွှတ်ကြိုက်တာပေါ့..။
သူတို့ပြောတာက အပတ်စဉ်ရုံးပိတ်ရက်တိုင်း တစ်ခုမဟုတ်တစ်ခုပေါင်းလုတ်စားကြတယ်တဲ့ ကျွန်တော်သာ ရန် ကုန်ပြန်ပြန်နေလို့ လွဲလွဲနေတာ။ ဒီနေ့မှ သင်တန်းတစ်ခုရှိလို့ မပြန်ဖြစ်ရာက ဒီပွဲနဲ့ကြုံခဲ့တာ။ ကျဉ်းကျဉ်းကျုတ် ကျုတ်နဲ့ မီးဖိုအခန်းထဲက ချွေးတစ်လုံးလုံး၊ ရှုးရှုးရှဲရှဲစားလိုက် တစ်ယောက်နဲ့တစ်ယောက်နောက်လိုက် ပြောင် လိုက်နဲ့ စားပွဲလေးမှာ ကိုယ်က မုန့်ဖတ်တွေ၊ ကြာဇံဖတ်တွေ၊ ပဲပင် ပေါက်၊ ကော်ဖီ၊ ဆန်မှုန့်၊ ငြုတ်သီးမှုန့်၊ ငံပြာ ရည်၊ သံပရာသီး၊ ဟင်းခါးရည် ပန်းကန်တွေကိုကြည့်ရင်း အတွေးတစ်ခု တွေးမိသွားတယ်..။
ငယ်ငယ်ကတော့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသားပေါင်းစုံ ချစ်ခင်ရင်းနှီး စွာ စုပေါင်းနေထိုင်သော တိုင်းပြည်ကို မြန်မာပြည်(ဗမာပြည်)လို့ခေါ်တာလို့ သင်ခဲ့ရတယ်။ အဲဒီအတိုင်းဘဲ အ ရွယ် အတော်အတန်ရောက်တဲ့အထိ ယုံကြည်ယူ ဆခဲ့တယ်။ ဝင်း-ဝင်း(Win-Win) သူနိုင်-ကိုယ်နိုင်၊ ဟာမိုနီ၊ အ ညမညပစ္စယော ဆိုတာတွေလည်း ရင်ဘတ်နဲ့ဦးဏှောက်မှာ မှိုင်းတက် ခဲ့တယ်။ ပညာလေး မတောက်တစ် ခေါက်တတ်လာ၊ ကိုယ်အသိနဲ့ကိုယ် ဝေဖန်တတ်လာပြီလည်းဆိုရော ခုနပြောခဲ့တဲ့ တိုင်းရင်းသား ညီနောင်ဆွေ မျိုးတွေကိုယ်စီမှာ မျိုးဆက်ချီအိုင်းအနာတွေနဲ့ နာနို၊ စီလီကွန်ခေတ်၂၁ရာစုထဲမှာ ဖုန်တထောင်းထောင်းနဲ့ နပန်း လုံးနေရတုန်းပါလားဆိုတာ စို့စို့နင့်နင့်သိခဲ့ရတယ်။
အင်္ဂလိပ်လက်အောက်က လွတ်ပြီးတည်းက ကျွန်တော်တို့ပျောက်ခဲ့တဲ့ တရားမျှတသောဒီမိုကရေစီစနစ်ဟာ တစ်မြေထဲနေ၊ တစ်ရေ တည်းသောက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစတဲ့ ညီအကိုမောင် နှမတွေအားလုံးကို ကျောချင်းကပ်၊ မျက်နှာချင်း ဆိုင် နေထိုင်နေကြရသည့်တိုင် ယုံကြည်ချက်ခြင်း၊ ရင်ဘတ် ခြင်း ဝေးဝေးလာကြရတာဟာ ခုနောက်ဆုံးရသတင်းတွေအထိ သွေးနဲ့၊ အသက်နဲ့ရေးနေရတုန်းဘဲ ဖြစ်နေခဲ့ရ တယ်။
အပြန်အလှန်ယုံကြည်လေးစားမှုတွေ၊ တရားမျှတမှုတွေ ဟာမိုနီကျပြီး ညီညွတ်မှုရှိဖို့ကို မတရားသော အသက် သွေးတွေ၊ လက်နက်တွေနဲ့ တည်ဆောက်လို့သာရခဲ့ရင် မေတ္တာတရား အကြောင်း ဟောကြားခဲ့ကြတဲ့ ဘုရားရှင် တွေအစား ဟိုးတုန်းက စစ်ဘုရင် ဧကရာဇ်တွေကို ရှာဖွေ ကိုးကွယ်နေမှာကြာပေါ့။ ခုတော့…. သွေးမြေခ၊ ရွာပြာပုံဘဝ၊ လင်ဆုံး၊ သားမဲ့တွေ ထူထူထဲထဲလိပ်လိပ်တက်လာပေမယ့် သတင်းတွေထဲက စည်း လုံး ညီညွတ်ရေးအ အ ကြောင်းပြချက်နဲ့ သိပ်သည်းနေတဲ့ ယမ်းငွေ့တွေ၊ နင်းမိုင်းတွေ ဟာအမှန်တရားဖြစ် ကြောင်း မှင်မောင်းချီတက်လာတဲ့သူတွေတိုင်းက မျက်နှာပြောင်တိုက်ကောင်းတုန်း။ 
လက်နက်နဲ့ ငြိမ်းချမ်းရေးလား၊ အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးလား၊ ခွဲဝေမျှယူညီတူစား သုံးမှုနဲ့ ငြိမ်းချမ်းရေးလား … အဲလိုလားများစွာနဲ့ ငြိမ်းချမ်းရေးတွေနောက်မှာ ခါးသေနတ်ထိုးထားသူမှန်သမျှ ဗိုက်ပူနံကားဝပြဲခဲ့ကြတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းအားလုံးထဲက ပြည်သူမှန်သမျှကတော့ အဲလိုခွင်(ဂွင်)တို့ရဲ့ တစ်နပ်စား၊ တစ်ခွင်ထောင် ငြိမ်းချမ်းရေးအောက်မှာ အစိတ်အမွှာမွှာ လင်ကွဲ၊ သားကွဲဆိုင်းပုဒ်အောက်မှာ မြဲနေ ကြရရှာတုန်းပဲ။
တကယ်တော့ ငြိမ်းချမ်းအေးမြတဲ့ ဒီမိုကရေစီဆိုတာ ချဉ်၊ ငံ၊ စပ် အချိုးညီညီပေါင်းသုတ်ထားတဲ့ အသုပ်စုံတစ် ပွဲပါပဲ။ ခင်ဗျား အဲဒီအထဲမှာ ဘာလုပ်မလဲ။ ကြာဇံလိုလူလါး၊ မုန့်ဖတ်လိုလူလါး၊ ကြက်သွန်ဖြူဆီချက်လေးလိုလူလား၊ ပဲပင် ပေါက်၊ ဂေါ်ဖီလိုလူလား၊ ငံပြာရည်၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်၊ သံပရာသီးလိုလူလါး။ ကိုယ့်တစ်နိုင်တာဝန်ကို တိုင်းပြည်ရဲ့ ဒီမိုကရေ စီဖော်ဆောင်ရေး၊ အဓွန့်ရှည်တည်တံ့ရေးအတွက် ပေးဆပ်နေရမယ့်အချိန်မှာ မယား၊ နှမနဲ့ အိမ်တွင်းပစ္စည်းတွေကို ဆွေမျိုပေါက်ဖော် ကိုထိုးအပ်ပြီး မောင်းတင်ကျည်မီးခတ်နေကြတာဟာ ဘယ်အ ချိန်ပြန်စားစား စားကောင်း၊ တွေးကောင်းတဲ့ အသုပ်စုံတစ်ပွဲ တော့ဖြစ် မယ်လို့ မယုံကြည်မိဘူးဗျာ။
အချိုးညီညီ ပေါင်းစပ်တတ်ရင် စားကောင်းတဲ့ အသုပ်စုံတစ်ပွဲရနိုင်သလို၊ အငံလွန်၊ အချဉ်လွန်၊ အစပ်လွန် သုပ်ရင်လည်း အနည်းဆုံး တော့ ဝမ်းသွားတဲ့ အသုပ်စုံတစ်ပွဲသာ မလွှဲမသွေရမှာဘဲလို့ ဆိုချင်ပါတယ်။ မချစ်သော်လည်း အောက်အီးနမ်းနေရတာနဲ့စာရင် သူသူ ကိုယ်ကိုယ် အဖိုးတန်တဲ့ တစ်ထောင့်တစ်နေရာကနေ ချဉ်၊ ငံ၊ စပ်လေးဖြစ်ဖြစ၊် ပဲပင်ပေါက်၊ ဂေါ်ဖီလေးဖြစ်ဖြစ်၊ မုန့်ဖတ်၊ ဟင်းရည်၊ အကြော်လေးဖြစ်ဖြစ် ဂုဏ်ယူစွာပါ ဝင်ချင်မှာပဲ။ တစ်ခုသတိထားရမှာက အချိုးမညီ၊ လွန်လွန်ကဲကဲ ချဉ်ငံစပ်လုပ်ထားတဲ့ အသုပ်စုံ တစ်ပွဲဘဲဖြစ် ဖြစ်၊ မူမမှန် ရက်လွန် မုန့်ဖတ်တွေ၊ အချဉ်တွေနဲ့သုပ်ထားတဲ့ အသုပ်စုံတစ်ပွဲဘဲဖြစ်ဖြစ်၊ ဓါတုဗေဒပိုးသတ် ဆေးမစင်တဲ့၊ ရိရွဲ ပဲပင်ပေါက်၊ ဂေါ်ဖီ၊ နံနံပင်ဖတ်လေးတွေပါတဲ့ အသုပ်စုံတစ်ပွဲဘဖြစ်ဖြစ် ခင်ဗျားကိုယ်တိုင် စားမိရင်တော့ သေချာတယ် အနည်းဆုံး အယုံကြည်မဲ့ခြင်းဆိုတဲ့ ဝမ်းတွေသွားပြီး အများဆုံး (ပြည်တွင်း) စစ်မီး ဆိုတဲ့ အဆာအိမ်ကင်ဆာကို အနှေးနဲ့အမြန်အားပေး လာတော့ တာဘဲ။
အဖိုးတန်အသက်တွေ၊ အဖိုးတန်အချိန်တွေကို တိုင်းပြည်တည်ဆောက်ဖို့၊ သားကောင်းမွေးဖို့၊ ခေတ်ကိုထူဖို့ မ သုံးဘဲ ဝရုန်းသုဉ်းကား စစ်မီးဖောက်နေတာတော့ရင်နာစရာ။ နှစ်ပေါင်း ၆၀ကျော်ခဲ့ပြီလို့ ရှုးရှုးရှဲရှဲ ချွေးတလုံးလုံး နဲ့အသုပ်စားနေကြတဲ့ ညီ၊ ညီမလုပ် ဖော်ကိုင် တွေကို ကြည့်ရင်း ကိုယ်တို့တိုင်းပြည်ရဲ့ ချဉ်ငံစပ် အသုပ်စုံမှာ ရက်လွန်၊ မူမမှန် မုန့်ဖတ်တွေ၊ အချဉ်တွေ အကြောင်းတွေးမိတော့ ဆစ်ခ နဲနာကြင်မိတယ်။ ကျီးလန့်စာစားပြည် သူမှန်သမျှ အမြန်ငြိမ်းချမ်းရေးရကြပါစေ။
  အပ္ပမ္မာ ဒေန သမ္မပ္ပာဒေထ…မမေ့မလျော့သော သတိများဖြင့် ဒီမိုကရေစီဆိုသော ခေတ်သစ် လောကပါလ တရားအနှစ်ကို ကချင်၊ က ယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ညီအကိုမောင်နှမများအားလုံးပွား များတည် ဆောက်နိုင်ကြပါစေလို့လည်း အချိုးညီညီုသုပ် ထားတဲ့ ချဉ်ငံစပ်မုန့်ဖတ်သုပ်လေးစားပြီး တစ်နေ့လုံး ဆန္ဒပြုနေ မိပါတော့တယ်။ ကိုယ် အသုပ်စုံစားနိုင်နေချိန်မှာ သူတို့လည်း မိသား စုအစုံလင်နဲ့ အေးချမ်းစွာ နံနက်စာ၊ နေ့လည်စာ၊ ညစာတွေကို အမြန်ပြန်လည်စားသုံးနိုင်ကြပါစေ။ ဒီထက်ပိုလည်း ဒီလောက်ပါဘဲ။
ချစ်ခင်လေးစားစွာဖြင့် စိမ်းခက်စိုး

ဝန်ဆောင်မှုလုပ်ငန်းတို့က ဝယ်ယူစားသုံးသူတို့၏ ရပိုင်ခွင့်ကို အလေးထား ဖြေရှင်းရန် လိုအပ်

မြန်မာနိုင်ငံ ပြည်တွင်းနေ ပြည်သူတဦးက “connection မကောင်းလို့  complaint တင်ဖို့ MPT ကို ဖုံးနဲ့ဆက်တော့ ကိုင်မယ့်သူ မရှိလို့ " MPT က လူတွေဆီက မတန်တဆ ဈေးတွေယူထားတာတောင် complaint ဖုံးကိုင်မယ့်သူ မထားနိုင်ရလောင်အောင် ချီးထုတ်ကျလား " ဆိုတာကို message ပို့ လိုက်တာကို ဖုံးလိုင်းဖြတ်လိုက်ပါတယ်” လို့ ရေးထားတာကို Facebook ပေါ်မှာ ဖတ်လိုက်ရပါတယ်။
မြန်မာတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ Facebook ပေါ်မှာ အခုချိန်လောက်ဆိုရင် အဲဒီ Post က တော်တော်ပျံ့နှံ့နေမှာဖြစ်ပြီး အတော်များများက သိပြီးလောက်ပါပြီ။
ဘယ်သူမဆို ဝယ်ယူစားသုံးတဲ့ ကုန်ကျမှုအပေါ်မှာညီမျှတဲ့ တန်ဖိုးတခုခုကို မျှော်လင့်တတ်ကြပါတယ်။ ဝယ်ယူစားသုံးတဲ့ ပစ္စည်း၊ ဝန်ဆောင်မှုအပေါ်မှာ မကျေနပ်ရင် သူတို့အနေနဲ့ စောဒက တက်ပိုင်ခွင့် ရှိပါတယ်။ ဒါကို Customers’ rights လို့ သတ်မှတ် သုံးနှုန်းကြပါတယ်။
အထက်က MPT နဲ့ ပြည်သူတဦးရဲ့ဖြစ်ရပ်မှာ ကျနော့်အနေနဲ့ကတော့ ဝန်ထမ်းတွေအပေါ် အပြစ် မမြင်မိပါဘူး။ သားသမီး မကောင်း မိဘခေါင်း ဆိုသလို တာဝန်ခံ စီမံသူတွေရဲ့ အားနည်းချက် (သို့) စီမံခန့်ခွဲပုံ အားနည်းချက်ကြောင့်လို့ ယူဆပါတယ်။
နည်းလမ်းကောင်း တခုပေါ့ဗျာ... Customers' center မှာ စောဒကတခုခု တက်လာတာရှိရင် ဖြစ်နိုင်သမျှ အသေးစိတ်ကို မှတ်တမ်းယူထားပြီး အထက်အရာရှိ (အဆင့်ဆင့်) ကို တင်ပြရပါတယ်။ အထက်အရာရှိတို့က အဲဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားပြီး အကောင်းဆုံး ဝန်ဆောင်မှု ဖြစ်အောင် စီမံပေးရပါတယ်။ ဝယ်ယူစားသုံးသူ လူထုနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ ဝန်ထမ်းတွေဟာ စောဒက တက်တာတွေသာမက၊ ဖြစ်ရပ်အကြောင်းအရာနဲ့ အကြံပေးချက် မှန်သမျှကိုလည်း မှတ်တမ်းထားပြီး အထက်အရာရှိကို တင်ပြရပါတယ်။ ပြောဆို ဆွေးနွေးညှိနှိုင်းမှုတွေကို ပြေလည်အောင် ဖြေရှင်းပေးနိုင်သည်ဖြစ်စေ၊ မဖြေရှင်းပေးနိုင်သည်ဖြစ်စေ ဝယ်ယူစားသုံးသူကို နောက်ထပ် ပြောဆိုစရာ ရှိ-မရှိ ဝန်ထမ်းဖြစ်သူက နောက်ဆုံးမေးခွန်း ထပ်မေးပေးရပါတယ်။
ဒါက ဂျပန်မှာ လုပ်နေကျ နည်းလမ်း ဖြစ်ပါတယ်။ ဒီတော့ သူတို့ရဲ့ ဝန်ဆောင်မှုဟာ အမြဲတမ်း ကောင်းသထက် ကောင်းနေပြီး ဝယ်ယူစားသုံးသူတွေအနေနဲ့ အမြဲတမ်း စိတ်ကျေနပ် ချမ်းသာမှု ရရှိပါတယ်။ ဒီလို ဝန်ဆောင်မှုမျိုးကိုသာ ထပ်တလဲလဲ အသုံးပြုချင်စိတ် ဖြစ်ရပါတယ်။ ကုမ္ပဏီရဲ့ စီးပွားရေး တိုးတက်လာရတဲ့ အကြောင်းရင်းတွေထဲမှာ  ဝန်ဆောင်မှု ကောင်းမွန်တာကလည်း အဓိကအကြောင်းရင်းတခု ဖြစ်ပါတယ်။
စီးပွားရေး ကုမ္ပဏီတွေဟာ သူတို့ရဲ့ စီးပွားရေးကို တိုးတက်ကောင်းမွန်စေချင်တဲ့ ဆန္ဒရှိကြပါတယ်။ စီးပွားရေး လုပ်တဲ့အခါမှာ အမြတ်အစွန်း ကျန်အောင် လုပ်ရုံနဲ့ မပြီးပါဘူး။ ရေရှည် လုပ်နိုင်အောင်လည်း အမြဲတမ်း ကြံဆနေရပါတယ်။ ကုမ္ပဏီတွေအချင်းချင်းလည်း အပြိုင်အဆိုင် ဈေးကွက်လုကြရပါတယ်။ အမြတ်အစွန်း ရရေးကိုသာမက ကုန်ကျစရိတ်နဲ့ ဈေးနှုန်း အသက်သာဆုံး ဖြစ်စေနိုင်အောင်၊ အရည်အသွေး အကောင်းဆုံး ဖြစ်စေအောင် အပြိုင်အဆိုင် ကြိုးပမ်းကြရပါတယ်။ ဝန်ဆောင်မှုပေးရာမှာလည်း အပြိုင်အဆိုင် ကောင်းသထက်ကောင်းအောင် ပြုပြင် စီမံနေကြရပါတယ်။ ဝယ်ယူစားသုံးသူတွေကို တတ်နိုင်သမျှ ဆွဲဆောင်ထားရပါတယ်။
အစိုးရလုပ်ငန်းဖြစ်လို့ ဝန်ဆောင်မှုလုပ်ငန်းမှာ ဝယ်ယူစားသုံးတဲ့ ပြည်သူတွေ စိတ်ချမ်းသာအောင် လုပ်စရာ မလိုဘူးလို့ သဘောမထားသင့်ပါဘူး။ ဝန်ဆောင်မှု လုပ်ငန်းမှာ တစိတ်တပိုင်းလောက် ချွတ်ယွင်း အားနည်းသွားတဲ့အခါ အစိုးရရဲ့ လုပ်ငန်းဆောင်တာကို ထိခိုက်စေတယ်လို့ မှတ်ယူရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုထိခိုက်စေခြင်းမျိုးဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို တနည်းနည်းနဲ့ ထိခိုက်စေလို့ ဖြစ်ပါတယ်။ အမှိုက်ကလေးတခု မီးလောင်တာပဲလို့ သဘောထားလို့ မရပါ။ အမှိုက်ကအစ ပြဿဒ်အထိ အကြီးအကျယ် မီးလောင် ဆုံးရှုံးတတ်ပါတယ်။
လွင်အောင်စိုး

စစ်ကိုင်း နည်းပညာတက္ကသိုလ်မှ ဆရာမများ မတ်လ (၄) ရက်နေ့ တနင်္ဂနွေနေ့ ကျောင်းတွင် နေရမည်

အမျိုးသား ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၄ ရက်နေ့တွင် စစ်ကိုင်းမြို့သို့ စည်းရုံးရေး ခရီးစဉ် သွားရောက်မည် ဖြစ်ကာ ယင်းနေ့တွင် စစ်ကိုင်း နည်းပညာ တက္ကသိုလ်မှ ဆရာ ဆရာမများအား နေပြည်တော်မှ ကျောင်းစစ် လာရောက်ရန် ရှိသည့်အတွက် ကျောင်းတွင် နေရမည် ဖြစ်ကြောင်း ယင်းတက္ကသိုလ်မှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
အလားတ...ူ စစ်ကိုင်း နည်းပညာ တက္ကသိုလ်မှ ဆရာ ဆရာမများမှာလည်း နေပြည်တော်မှ ကျောင်းစစ် လာရောက်ရန် ရှိသည့်အတွက် ကျောင်းတွင် နေရမည် ဖြစ်ကြောင်း ယင်းတက္ကသိုလ်မှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
တပ်မတော် စစ်စခန်း အများအပြား အခြေစိုက်ရာ စစ်ဦးစီး တက္ကသိုလ် တည်ရှိသည့် ကလောနှင့် အောင်ပန်းမြို့များသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်သည့် မတ် ၁ ရက်နေ့တွင်မူ အစိုးရဝန်ထမ်းများကို ထူးခြားသော ကန့်သတ်မှုမရှိဘဲ တပ်မတော် မိသားစုများကို တပ်နယ်မြေ အတွင်းသာ နေထိုင်ရန် ညွန်ကြားခဲ့ကြောင်း ပညာရေး ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။


စင်ကာပူက ကမ္ဘာ့တတိယ အချမ်းသာဆုံးနိုင်ငံဖြစ်လာ

ဖို့ဘ်မဂ္ဂဇင်းက ပြုစုခဲ့သည့် စစ်တမ်းတွင် စင်ကာပူသည် ကာတာနှင့် လူဇင်ဘတ်တို့ပြီးလျင် ကမ္ဘာ့တတိယ အချမ်းသာဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ 
အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့က ပြုစုခဲ့သည့် အချက် အလက်များကို အသုံးပြုပြီး လေ့လာခဲ့ရာ စင်ကာပူသည် တစ်ဦးချင်းနှစ် စဉ်ဝင်ငွေတွင် ဒေါ်လာ ၅၆၇၀၀ ရှိခဲ့ပြီး တတိယအချမ်းသာဆုံး နိုင်ငံဖြစ်ခဲ့သည်။ ရေနံကြွယ်ဝသည် ပင်လယ်ကွေ့စော်ဘွားနိုင်ငံ ကာတာက တစ်ဦးချင်းနှစ်စဉ်ဝင်ငွေ ၈၈၀၀၀ ဖြင့် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံဖြစ်ခဲ့သည်။ လူဦးရေ ၁ ဒသမ ၇ သန်းရှိသော ကာတာနိုင်ငံသည် ကမ္ဘာ့တတိယသဘာဝဓာတ်ငွေ့ အကြွယ်ဝဆုံး နိုင်ငံဖြစ်သည်။  ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးနိုင်ငံမှာ လူဇင်ဘတ်ဖြစ်ပြီး တစ်ဦးချင်း နှစ်စဉ်ဝင်ငွေဒေါ်လာ ၈၁၀၀၀ ရှိသည်။ လူဦးရေ ၅၀၀၀၀၀ ခန့်သာရှိသော လူဇင်ဘတ်နိုင်ငံသည် ဘယ်လ်ဂျီယမ်၊ ပြင်သစ်၊ ဂျာမနီတို့နှင့် နယ်နိမိတ်ထိစပ်နေသော ဘဏ္ဍာရေး ဗဟိုချက်ဖြစ်သည်။ ၀ယ်နိုင်စွမ်းအားနှင့် တစ်ဦးချင်းဝင်ငွေကို နှိုင်းယှဉ်တွက်ချက်ပြီး နိုင်ငံ ၁၈၂ နိုင်ငံကို စစ်တမ်းပြုစုခဲ့ခြင်းဖြစ်ကြောင်း ဖို့ဘ်မဂ္ဂဇင်းက ပြောကြားခဲ့သည်။  ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ဘရူနိုင်းက နံပါတ် ၅ နေရာရရှိခဲ့ပြီး အမေရိကန်က နံပါတ် ၇ နေရာရရှိခဲ့ကာ ဟောင်ကောင်က နံပါတ် ၈ နေရာရရှိခဲ့ကြောင်း သိရသည်။
Ref:Straits Times

ကောင်းကြသေးရဲ့လား ကွယ်တို့ ... မင်းခေါင် (ဖျာပုံ)

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌကြီးရဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရပါမယ်ဆိုတဲ့ စကားကို သံသယဖြစ်စရာလေးတွေတော့ စတင်တွေ့ရှိနေရပါပြီဗျာ။
(၁) ဖေဖော်ဝါရီလ (၂၉) ရက်နေ့ကစပြီး မဲပေးနိုင်မယ့်လူဦးရေစာရင်းတွေကို ကြေငြာရ မှာဖြစ်ပေမယ့် ဖျာပုံမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ (၁၅) ရွာ (လောလောဆယ်သိရှိရသလောက်) မှာ ယခုအချိန်အထိ မဲပေးနိုင်မယ့်လူဦးရေစာရင်းတွေကို ကြေငြာထားခြင်းမရှိသေးပါဘူး။
(၂) မဲစာရင်းကြေငြာထားပြီးတဲ့ ကျေးရွာနှစ်ရွာမှာတော့ လူဦးရေစာရင်းအတိအကျကို သိရှိရဖို့ ကျေးရွာ NLD အဖွဲ့ဝင်တွေက သွားရောက်ကူးယူတဲ့အခါမှာ ကူးယူခွင့်မပြုနိုင်ပါဘူးလို့ တားမြစ်ခံခဲ့ပါတယ်။
(မဲစာရင်းကို ကူးယူတာဟာ ဘယ်လိုဥပဒေပုဒ်မနဲ့ ညှိစွန်းနေတယ်ဆိုတာ နားမလည်နိုင် လောက်အောင်ပါပဲ)
(၃) အဲ ... ဆိုးတာကတော့ မဲစာရင်းကပ်ထားပြီး ကူးယူခွင့်ရတဲ့ကျေးရွာတွေမှာတော့ NLD ပါတီဝင်တွေထဲက အတော်များများရဲ့ နာမည်တွေကို ချန်လှပ်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။
အဲဒီ ချန်လှပ်ခံခဲ့ရသူတွေအားလုံး ဟာလည်း ရွေးကောက်ပွဲဥပဒေနဲ့ ညှိစွန်းခြင်း အလျင်းမရှိတဲ့သူတွေပဲ ဖြစ်နေပါတယ်။
(၄) အဆိုးတကာ့ အဆိုးဆုံးကတော့ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့စာရင်းထဲမှာ သေဆုံးပြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးအသင်းဝင်/ပါတီဝင်တွေရဲ့ နာမည်တွေကို တွေ့ရှိနေရ တာပဲ ဖြစ်ပါတယ်ဗျား ... .... ...။
မဲပေးနိုင်ခွင့်ရှိတဲ့လူစာရင်းတွေကို အချိန်နဲ့ တစ်ပြေးညီ မထုတ်ပြန်တာ၊ မဲပေးနိုင်ခွင့် နဲ့ ပြည့်စုံတဲ့လူတွေကို မဲစာရင်းကနေ ချန်လှပ်ထားခဲ့တာ၊ သေဆုံးပြီးသူတွေကို မဲပေးနိုင်ခွင့် စာရင်းထဲထည့်ထားတာတွေဟာ .... ဘယ်လိုရည်ရွယ်ချက်ကြောင့်ဆိုတာ အထူးအထွေ ရှင်းပြနေစရာလိုမယ် မထင်တော့ပါဘူး။
ဒီစာရင်းတွေကို မတ်လ (၆) ရက်နေ့ ညနေ (၄) နာရီမှာမှ အမှန်အတိုင်းဖြစ်အောင် မပြုပြင်နိုင်ရင်တော့ .... ... .... လက်ရှိ အမှားအတိုင်းကိုပဲ အတည်ယူရတော့မလိုဖြစ်နေပါတယ်။
ဖျာပုံမြို့နယ် NLD အဖွဲ့ချုပ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မဲရုံကော်မရှင် ကို တင်ပြဖို့ ကြိုးစားနေပြီလို့ သိရပါတယ် ... ။
အဲ ... အခုလောလောဆယ်မှာတော့ ကျွန်တော်အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌကြီးရဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရပါမယ်ဆိုတဲ့ စကားကို ပဲ (အမှတ်မရှိ) နောက်တစ်ခါ ထပ်ပြီး ကြားချင်နေမိပါတော့တယ်ဗျာ ... ... .... ။
- မင်းခေါင် (ဖျာပုံ)
 
NLABR  Web-site:               www.nlabr.com  
Lwin Pwin Blog:                    http://wanna23-23.blogspot.com/

0 comments:

Post a Comment