ရခိုင်ပြည်(သို့)ရွှေတူးရာမြေ အပိုင်း-၁ (လက်ဆင့်ကမ်းဖြန့်ဝေပေးစေလိုပါသည်)

 

 

ဥတုရာသီ တောကိုမှီ၏။ လူနှင့်သက်ရှိ သတ္တ၀ါအပေါင်းတို့၏ အသက်ရှင် ရပ်တည်ရေးသည်လည်း ရာသီဥတုကို မှီခိုအားထားနေရသည်မှာ လောကသဘာဝပင် ဖြစ်သည်။ တောတောင်ကိုမှီ၍ မြစ်ချောင်းတို့ ဖြစ်ပေါ်လာရ၏။ မြစ်ချောင်းတို့နုန်းမြေပို့ချမှုကြောင့် ရပ်ရွာတို့ရိက္ခာဖြည့်တင်းရန် လယ်ယာကိုင်းကျွန်းတို့ ၀ပြောလာရ၏။ ရှာဖွေစားသောက်ရောင်းချရန် သားငါးပုဇွန်တို့ ပေါများလာရ၏။ သဘာဝသည် လောကအား သူ့နေရာနှင့်သူ သဟဇာတကျစေရန်အလို့ငှာ ဖန်တီးထားလျှက် တည်ရှိနေလေသည်။ ယနေ့ခေတ် အခါသမယတွင် လူတို့၏ အလိုဆန္ဒကား သဘာဝကိုဖီလာဆန့်ကျင်ပြုလျှက်၊ တစ်ဖက်၌ သောင်ထွန်းရန်အတွက် တဖက်တွင် ကမ်းကိုဖြိုကြသည်။ ရေတိုအကျိုးအတွက် ရေရှည်အဖို့ကို မျက်ကွယ်ပြုကြသည်။ ဘယ်သူသေသေ၊ ငတေကတော့ ကျန်းမာချမ်းသာလျှက် ရှိနေသည်။ ရွှေလက်တစ်ဆုပ်စာအတွက် တောတောင်တို့ပျက်စီးခြင်းသို့ ဆိုက်ရောက်ရသည်။ မြစ်ချောင်းတို့ တိမ်ကောခြင်းဖြစ်ကြရသည်။ တိရိစ္ဆာန်တို့ ဒု ဗ္ဘိဂန္ဓရ ကပ်သို့ ဆိုက်ရောက်ကြရသည်။ တောတောင်မြစ်ချောင်း တို့အား မှီခိုနေရသည့် ရပ်ရွာတို့သည်လည်း ရောကန္တရကပ်ဘေးသို့ မချိမဆန့်ကျရောက်သွားရသည်။ တောပြုန်းသောအခါ လေလုံးဝင်တော့သည်။ ခုခံစရာအပင်မရှိ၍ အိမ်ခြေတို့အမြစ်ကကျွတ်လေ၏။ ပြန်ဆောက်စရာ သစ်ဝါးကနထ္ထိ။
စီမံကိန်းတို့သည် လာဒ်ပေးလာဒ်ယူနှင့် အဂတိလိုက်စားခြင်းတည်းဟူသော အသွားထက်သည့် ပေါက်ချွန်း၊ပေါက်တူးတို့ဖြင့် တောရိုင်းမြေနှင့် လူနေရပ်ရွာအနီးတ၀ိုက်ရှိ လယ်မြေကိုင်းကျွန်းတို့ကို အပိုင်စီးလျှက် တူးဆွလျှက်ရှိသည်။ အာဏာတည်းဟူသော ဘူဒိုဇာဖြင့် သစ်တောများ၊ ကျေးရွာများ ကို အပြောင်ရှင်း၍ တလင်းဖြစ်အောင် ဖန်တီးနေလေ၏။ အိန္ဒိယဖြစ်၊ တရုတ်ဖြစ် မြေတူးမြေကော်စက် အပေါင်းတို့သည် မြစ်ချောင်းများရှိ သဲများကို ကော်ယူ၍ ရလာသည့်မြေသားကို မြစ်ရေဖြင့်ပြန်မျှော၊ ထွက်လာသည့်ရွှေကို ပြဒါးဖြင့်ဖမ်း၊ မလိုအပ်သည်တို့ကို စွန့်ပစ်၊ လမ်းတလျှောက်စီးသွားသည့် မြေဇာရွံ့နှစ်တို့က မြစ်ထဲသို့ပြန်လည် ရောက်ရှိသည့်အခါ နောက်ကျိသည့်ရေပြင်ဝယ် ပြဒါးဆိပ်၊ခဲဆိပ်တို့ရောနှောလျှက် ရေကိုအမှီပြုကြကုန်သည့် ကုန်းနေရေနေ သတ္တ၀ါအပေါင်းတို့ ပျက်စီးခြင်းသို့ ရောက်ကုန်၏။ တပြည်သားများကား အစာဝရုံတင်မက ရသမျှထုတ်ပိုး၍ အိမ်ပြန်လှကြပေလိမ့်မည်။ ဒေသခံတို့၏ ကမ္ဘာကား နွေလယ်ကန္တာရ သဲပြင်ပေါ်တွင် အရှင်လတ်လတ် နေလှမ်းခံရသည့် ငါးသတ္တ၀ါကဲ့သို့ ကျန်နေခဲ့ရပေလိမ့်မည်ဖြစ်သည်။
အမိမြေသည် မှီတင်းနေထိုင်ကြကုန်သည့် သားသမီးများအတွက် အတိတ်၊ပစ္စုပ္ပန်၊အနာဂတ် ကာလသုံးပါးစလုံးတွင် မတောင့်မတ မကြောင့်မကြ ရပ်တည်စေရန်အလို့ငှာ သယံဇာတဟင်းလျှာကို ဥတုရာသီမရွေး ချက်ပြုတ်ကျွေးလျှက်ရှိသည်။ သို့သော် မျှတစွာခွဲဝေပေးရန်ကား သူ့တွင် အာဏာမရှိချေ။ တချို့သောသူများသည် အမြီးကျက်လျှင်အမြီးစား၊ ခေါင်းကျက်လျှင်ခေါင်းစား၊ ၀ါးပြီးထွေးထုတ်၊ ပိုလျှင် ဆွေစဉ်မျိုးဆက်စားနိုင်စေရန် လစ်လျှင်လစ်သလို ပါဆယ်ထုတ်လျှက် ရှိကြသည်။ မလစ်လျှင်လည်း မည်သူ့ကိုမျှ ဂရုမစိုက်ပဲ ကြောင်တောင်နှိုက်စားကြကုန်၏။ အရိုးအရင်းတို့သည်ကား မြေကြီးတွင်ပြန့်ကျဲလျှက်၊ ဆာလောင်မွတ်သိပ်သော မျက်လုံးသန်းပေါင်းစွာကို လှောင်ပြောင်လျှက် ရှိနေသည်။ နိုင်ငံတော်ကား အကြွေးနွံဝယ် ဇောက်ထိုးနစ်လျှက်ပင်။
ပြီးခဲ့သည့် ဆယ်စုနှစ်ကာလအတွင်း မြန်မာပြည်ကို စိုးစံအုပ်ချုပ်တော်မူသည့် ဆင်ဖြူမရှင် ကြက်ဆူဒါယကာ မင်းတရားကြီးသည် သူ၏ဘုန်းတန်ခိုးအာနုဘော်အရ တင်ရှိနေသည့် ကြွေးတော်မြီတော်အပေါင်းတို့အား ဖြေရှင်းရန်အလို့ငှာ ရေမြေသနင်းပြည့်ရှင်မင်းပီပီ ပိုင်ဆိုင်သည့် ရေ၊မြေတို့ကို မြီရှင်စိနတိုင်းသားများနှင့် မဇ္ဈိမတိုင်းသားတို့အား လက်ညှိုးထိုးအပ်ကာ စိတ်သဘောရှိ လိုသည့်အတိုင်း စီမံခွင့်ပေးရာ တစ်ချိန်တစ်ခါက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် စံပြကြက်ဆူပင် စီမံကိန်းနှင့် နေပူတောင်မှလွဲ၍ တခြားကြီးမားသော စီမံကိန်းများနှင့် လားလားမျှ မသက်ဆိုင်ဖူးသည့် ရခိုင်ပြည်တွင် ဧရာမစီမံကိန်းများစွာတို့ ဖြစ်ထွန်းပေါ်ပေါက် လာလေတော့သည်။
ရခိုင်ပြည်နှင့် ချင်းပြည်နယ်သည် မြန်မာနိုင်ငံကို အစဉ်အဆက်အုပ်စိုးခဲ့ကြသည့် အစိုးရမင်းများအတွက် စီးပွားရေးအရ စိတ်ဝင်စားစရာ နည်းပါးလှသည့် ဒေသတစ်ခုဖြစ်ခဲ့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကာလနှင့် ယခုအချိန်ထိ ရခိုင်ပြည်တွင် ပေါများသောအရာများမှာ အလုပ်လက်မဲ့များ၊ ရှေးဟောင်းစေတီပုထိုး အပျက်အစီးများနှင့် ဘင်္ဂလီများသာဖြစ်သည်။ ဆန်ရေစပါး၊ သားငါးပုဇွန်စသည်တို့ ထွက်ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး ဆိုးရွားနိမ့်ကျသဖြင့် သူ့ရွာသူ့ဇာတ် အရပ်ဖူလုံရုံလောက်သာ ထုတ်လုပ်နိုင်ခဲ့သည်။ ခရီးသွားလုပ်ငန်းအတွက် ငပလီကမ်းခြေမှလွဲလျှင် နေရာအများစုမှာ ရခိုင်ရိုးမကို အသက်နှင့်ရင်း၍ ဖြတ်သန်းရသည့်အတွက် ပြည်မသားများ အလည်အပတ်လာခဲသော အရပ်ဒေသတစ်ခုဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ဒုတိယမြောက်အဆင်းရဲဆုံး ပြည်နယ်ဖြစ်သည့် ရခိုင်ပြည်သည် တချိန်တခါက ဆင်းရဲမွဲတေနေသော်လည်း ပြည်တွင်းစစ်ဒဏ်ခံနေရသည့် အခြားပြည်နယ်များထက်စာလျှင် အတန်အသင့် ငြိမ်းချမ်းတည်ငြိမ်သော ဒေသတစ်ခုဖြစ်ခဲ့သည်။ ကြံ့သတ္တ၀ါသည် ဈေးကောင်းရသည့် ဦးချိုနှင့်သွေးကြောင့် အသက်ဆုံးရှုံးရသကဲ့သို့ ဈေးကွက်မရှိသေးသောအချိန်တွင် ယူနီဖောင်းဝတ်တို့ တခါတရံ ဟင်းစားရှာကြသည်မှလွဲ၍ တည်ငြိမ်အေးချမ်းခဲ့သော အရပ်ဒေသသည် ယခုအခါတွင် အိမ်နီးချင်းနိုင်ငံကြီးနှစ်နိုင်ငံ၏ ဂုတ်သွေးစုပ်ရန်အတွက် အမဲလိုက်ခံနေရသည့် သားကောင်ဘ၀သို့ ကျရောက်လာခဲ့ရတော့သည်။
ကုလားတန်မြစ်ကြောင်း စီမံကိန်း
၂၀၀၈ခုနှစ် ဧပြီလ၂ ရက်နေ့တွင် အိန္ဒိယအစိုးရနှင့် မြန်မာနိုင်ငံအစိုးရတို့ သဘောတူလက်မှတ် ရေးထိုးခဲ့သည့် ကုလားတန်မြစ်ကြောင်း စီမံကိန်း (Kaladan Multi-Modal Trasit Transport Project)သည် အိန္ဒိယနိုင်ငံ ကာလက္ကတားမြို့မှသည် ကုန်တွင်းပိုင်းတွင် တောတောင်ထူထပ်မှုကြောင့် တိုက်ရိုက် ကုန်းကြောင်းဆက်သွယ်ရေး မလွယ်ကူသည့် အိန္ဒိယအရှေ့မြောက်ပိုင်း ဒေသ(မီဇိုရမ်ပြည်နယ်)တို့ကို ကုန်စည်တင်ပို့ ဖြန့်ဖြူးနိုင်ရန်အတွက် ရခိုင်ပြည်နယ် ကုလားတန် မြစ်ကြောင်းတလျှောက် ရေကြောင်းခရီးဖြင့် တိုက်ရိုက်ဆက်သွယ်၍ ထိုမှတဆင့် ချင်းပြည်နယ်ကို ကုန်းကြောင်းခရီးဖြင့်ဖြတ်ကာ ကုန်းလမ်းရေလမ်း တစ်ပိုင်းစီပါဝင်သည့် ကုန်သွယ်ရေးလမ်းကြောင်း စီမံကိန်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအနောက်ပိုင်း ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်းသွားမည့် အဆိုပါစီမံကိန်း၏ ဆုံရပ်သည် စီမံကိန်း၏အရေးပါသော အစိတ်အပိုင်းဖြစ်သည့် စစ်တွေရေနက်ဆိပ်ကမ်းကို ဗဟိုပြုနေသောကြောင့် အိန္ဒိယနိုင်ငံအတွက် အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်ရေးလမ်းကြောင်းသစ် တစ်ခုအဖြစ် အရေးပါလာမည့် စီမံကိန်းတစ်ရပ်လည်းဖြစ်သည်။
အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကာလကတ္တားမြို့ ဆိပ်ကမ်းမှစတင်၍ ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေဆိပ်ကမ်းအထိ ၅၃၉ကီလိုမီတာ ရှည်လျှားသော ပင်လယ်ခရီးကိုဖြတ်သန်းကာ ထိုမှတဆင့် မြစ်ကြောင်း၊ကုန်းလမ်းခရီးတို့ဖြင့် အိန္ဒိယအရှေ့မြောက်ပိုင်း မီဇိုရမ်သို့ဆက်သွယ်မည့် အဆိုပါစီမံကိန်းတွင် အဓိကအပိုင်းသုံးပိုင်းပါရှိသည်။
အပိုင်း(၁)
အနာဂတ်ကာလတွင် အရေအတွက်များပြားစွာ ဆိုက်ကပ်လာမည့် ပင်လယ်ကူးသင်္ဘောများအတွက် စစ်တွေဆိပ်ကမ်းကို တိုးချဲ့မည်ဖြစ်သည်။ အဆိုပါအစီအစဉ်တွင် စစ်တွေဆိပ်ကမ်း ဧရိယာကိုတိုးချဲ့ရုံသာမက Inland Waterway Terminal(IWT) အသစ်တစ်ခုကိုပါ တည်ဆောက်သွားရန် အစီအစဉ်ရှိနေသည်။
အပိုင်း(၂)
စစ်တွေမြို့နှင့် ချင်းပြည်နယ် ကလက်ဝမြို့အထိ ကုလားတန်မြစ်ကြောင်းတလျှောက် ၂၂၅ကီလိုမီတာ အကွာအဝေးအား ပင်လယ်ကူးသင်္ဘောကြီးများ ခုတ်မောင်းနိုင်သည့် အနက်ပမာဏသို့ တူးဖော်မည်ဖြစ်သည်။ ထို့အပြင် ခရီးတထောက်ရပ်နားရာဖြစ်သည့် ကလက်ဝမြို့၊ စက်ပစ်ပြင်တွင် IWT အသစ်တစ်ခုကို ထပ်မံတည်ဆောက် သွားမည်ဖြစ်သည်။ ဤအဆင့်ကို ၂၀၁၃ခုနှစ်တွင် အပြီးသတ်ရန် လျှာထားသည်။
အပိုင်း(၃)
ချင်းပြည်နယ် ကလက်ဝမြို့မှနေ၍ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် နယ်စပ်ဒေသအထိ ၆၂ကီလိုမီတာရှည်လျှားသော အဝေးပြေးလမ်းမကြီးတစ်ခုကို ဖောက်လုပ်သွားမည်ဖြစ်သည်။
ဤစီမံကိန်းကို အဓိကအကောင်အထည်ဖော်မည့် အဖွဲ့အစည်းမှာ အိန္ဒိယနိုင်ငံအစိုးရအဖွဲ့ဖြစ်ပြီး အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ စီမံကိန်းတစ်ရပ်လုံးကို ပြီးစီးသည်အထိ စီမံခန့်ခွဲသွားမည်ဖြစ်သည်။ ကွင်းဆင်းသုတေသနလုပ်ငန်းများကိုမူ ၄င်းအစိုးရပိုင် Rail India Technical and Economic Services(RITES) မှ တာဝန်ယူဆောင်ရွက်လျှက် ရှိနေသည်။ စီမံကိန်းအပိုင်း(၁)နှင့် အပိုင်း(၂)တွင် ပါရှိသော စစ်တွေဆိပ်ကမ်းတိုးချဲ့ခြင်း၊ ကုလားတန်မြစ်ကြောင်း တူးဖော်ခြင်းနှင့် IWT များတည်ဆောက်ခြင်း စသည့်လုပ်ငန်းရပ်များကို အိန္ဒိယအစိုးရပိုင် Inland Waterway Authority မှ အိန္ဒိယပုဂ္ဂလိက ကုမ္ပဏီများသို့ ထပ်ဆင့်ကန်ထရိုက်များချပေးထားပြီး ခန့်မှန်းခြေ အိန္ဒိယကုမ္ပဏီ ၅ခုခန့် ၀င်ရောက်လုပ်ကိုင်မည်ဟု သိရှိရသည်။ ကုန်ကျစရိတ် အနေဖြင့် ကုလားတန်မြစ်ကြောင်းပိုင်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၆၈.၂၄သန်း ကုန်ကျမည်ဖြစ်ပြီး ကလက်ဝ-မီဇိုရမ် အဝေးပြေးလမ်းပိုင်းအတွက် အမေရိကန်ဒေါ်လာ ၄၉.၁၄သန်းကုန်ကျမည်ဖြစ်သည်။၂၀၀၈ခုနှစ်က နှစ်ဖက်အစိုးရအကြား သဘောတူညီခဲ့သည့် စာချုပ်အရ အဆိုပါစီမံကိန်းအတွက် မြန်မာဖက်မှ လိုအပ်သည့်နယ်မြေပမာဏကို အသုံးပြုခွင့်ပေးရန်နှင့် စီမံကိန်းတွင် လာရောက်လုပ်ကိုင်မည့် အိန္ဒိယကုမ္ပဏီများ၏ လုံခြုံရေးကို အပြည့်အ၀တာဝန်ယူပေးရန် လိုအပ်ပြီး အိန္ဒိယအစိုးရဖက်မှ အဆိုပါမြေကိုငှားရမ်းခအဖြစ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၀နှင့် အပိုချေးငွေ ၁၀သန်းကို မြန်မာအစိုးရထံ ပေးချေမည်ဖြစ်သည်။ဤငွေကြေးပမာဏသည် ယနေ့ခေတ်အခါသမယတွင် အပြောင်းအရွေ့ဈေးကွက်၌ ကမ္ဘာ့ထိပ်တန်း ဘောလုံးသမားနှစ်ဦး၏ ပြောင်းရွေ့ကြေး ပမာဏခန့်သာရှိသည်။အဆိုပါငွေကြေးပမာဏအတွက် မြန်မာပြည်ဖက်မှ လိုက်လျှောရမည့် အချက်တို့ကား မြောက်မြားစွာရှိနေသည်။ ဤစီမံကိန်းပြီးမြောက်ပြီးနောက် အိန္ဒိယအနေဖြင့် မည်သည့်အချိန်ကာလအထိ အသုံးပြုခွင့်ရှိသည်၊ ဖြတ်သန်းဝင်ရောက်လာမည့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများကို မည်သည့်ဖက်မှ အခွန်ကောက်ခံမည် စသည့်အချက်များကိုမူ ရှင်းလင်းစွာမသိရသေးချေ။ထို့အပြင် အဆိုပါစီမံကိန်းမှ ရရှိလာမည့် အကျိုးအမြတ်တို့ကို ဒေသအတွက် မည်သို့မည်ပုံ အသုံးပြုမည်ကိုလည်း ထုတ်ပြန်ကြေငြာခြင်း မရှိချေ။မည်သို့ပင်ဆိုစေကာမူ ရခိုင်ပြည်၏ အသက်သွေးကြောဖြစ်သည့် ကစ္ဆပနဒီသည် ချစ်တီးများလက်တွင် အပေါင်ထားခြင်း ခံလိုက်ရပြီဖြစ်သည်။
စီမံကိန်းတည်ရှိရာ ကုလားတန်မြစ်ကြောင်းတလျှောက် သန်းနှင့်ချီသော ဒေသခံတို့သည် ဤမြစ်ကိုအမှီပြု၍ အသက်မွေးဝမ်းကျောင်းပြုနေကြသည်။ သောက်ရေ၊သုံးရေတို့အတွက် မြစ်ကိုအားကိုးကြရသည်။ ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် မြစ်ကိုအသုံးပြုကြရသည်။ လယ်ယာကိုင်းကျွန်းတို့အတွက် မြစ်ကို မှီခိုနေကြရသည်။ အစာအဟာရအလို့ငှာ သားငါးပုဇွန်ရှာဖွေရန် မြစ်တွင်းသို့ဆင်းကြရသည်။ ဒေသတလျှောက် မြစ်ကိုမှီ၍ အသက်မွေးကြသည်မှလွဲလျှင် ဒေသခံများတွင် စီးပွားရေးလုပ်ငန်း ကြီးကြီးမားမား မရှိကြချေ။ စီမံကိန်းမတိုင်မှီကာလကတည်းက ဌာနဆိုင်ရာ ယူနီဖောင်းဝတ်တို့၏ အတင်းအဓမ္မဖိနှိပ်မှုအစုစုတို့ကို ခံစားခဲ့ကြရသည်။ ယခုတိုင်လည်း ခံစားနေရဆဲပင်ဖြစ်သည်။ စီမံကိန်းကိုအကြောင်းပြ၍ တစ်သက်စာထုတ်သွားရန် ကြိုးပမ်းနေသော အရာရှိကြီးငယ် အပေါင်းတို့သည် မြစ်ရိုးတလျှောက် အစာရှာလျှက်ရှိနေသည်။ အခြားအဆင့် အကြပ်၊ရဲဘော် အပေါင်းတို့ကလည်း မဖူလုံသော လစာငွေကြောင့် တစ်နပ်စာထွက်ရှာနေကြသည်။ မြေဆီမြေသားကောင်းမွန်စေရန် တယုတယပြုပြင်ထားသည့် မြေကွက်တို့သည် အကြွေးဘုရင် ရေမြေ့ရှင်၏ ရွှေဘောတော်ပြည့်ရန်အလို့ငှာ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တို့ လက်တွင်း ငြင်းဆန်နေရင်းကပင် သက်ဆင်းခဲ့ရလေသည်။ ရောင်းပန်းလှသည့် သီးနှံတို့နေရာတွင် အနှစ်မရှိသောကြက်ဆူပင်တို့ မင်းမူနေသည်ကို နေ့စဉ်ရက်ဆက် တွေ့မြင်နေရသည်မှာ ရင်မချိဖွယ် ကောင်းလှ၏။ သိမ်းခံရသည့်မြေသည် မည်သည့်အခါမျှ ပိုင်ရှင်ရင်း၏လက်တွင်းသို့ ပြန်ရောက်ရိုးထုံးစံမရှိချေ။ ကြက်ဆူဆီမထွက်သောအခါ အဆိုပါမြေကွက်သည် အရပ်ဖက်သို့ထွက်သွားသော ဘောင်းဘီစိမ်းမှ ပုဆိုးစိမ်းပြောင်းဝတ်သည့် ဖွတ်တစ်ကောင်၏ အမည်ပေါက်ဖြစ်နေပေလိမ့်မည်။ စီမံကိန်းအတွက် လုံခြုံရေးယူရန် တပ်ရင်းများ တိုးမြှင့်ချထားလာပြီးနောက်တွင် မော်တော်ကား မရှိသောပြည်သူတို့သည် စီမံကိန်းအတွက် ဥဒဟိုမောင်းနှင်နေကြသည့် နိုင်ငံခြားသားများနှင့် အပွင့်အခက်၊ရာထူးဂုဏ်ဒြပ်တို့ကို ပိုင်ဆိုင်တော်မူကြကုန်သည့် အခွင့်ထူးခံ၊ ဘုရားထူးခံ မင်းမှုထမ်း၊သူကြွယ်မျိုးတို့၏ မော်တော်ကားများ သက်တောင့်သက်သာ မပင်မပန်းစီးနင်းနိုင်ရန် အလို့ငှာ အဆဲခံအဆိုခံ၊ လက်ပေါက်သည်အထိ ကျောက်ထု၍ သကောင့်သားများ သွားမည့်လမ်းကို ကိုယ့်ထမင်းကိုယ်စား၍ ခင်းနေကြရလေသည်။ ရွာစဉ်လှည့်၍ ဗိုလ်မင်းအမိန့်တော်ပြန်လိုက်သည်မှာ တစ်အိမ် ကျောက်တစ်ကျင်း၊ လမ်းခင်းရန် လူတစ်ယောက် မလိုက်လျှင် မနေရ၊ နေချင်လျှင် ငွေအသပြာထုတ် အဆင်သင့်ပြင်နိုင်ရမည်။ ဒေသခံတို့မှာ ကိုယ့်ပြည်တွင် ကျွန်ခံ၍ နပ်မမှန်ရက်များလာသောအခါ တပါးတိုင်းပြည်သို့ ကျွန်ခံရန်ထွက်ကြရရှာသည်။ သို့သော် တစ်ခါတရံ၌ ၀ဋ်ကြွေးမကုန်သေးလျှင် ထိုင်းသို့သွားရာလမ်း၌ ၁၁(မျဉ်းစောင်း)ရခိုင်မှတ်ပုံတင်သည် လမ်းစောင့်နတ်အပေါင်းတို့၏ ဖမ်းစားခြင်းကို ခံကြတတ်သည်။ ကုန်းကြောင်းသွား၍ အနှောင့်အယှက်ရှိသည်ဟု မြစ်ကြောင်းသို့ စုန်ကြည့်သော် သူပုန်မရှိသည့်နေရာ၌ လုံခြုံရေးအပြည့်ယူကာစောင့်ကြပ်နေသည့် ကျားပါးစပ်ပိုက်နှင့် အလားသဏ္ဍာန်တူသော စစ်ရေယာဉ်တို့က အထက်အမိန့်ကို ကျေပွန်စွာထမ်းဆောင်၍ လာသမျှလှေတို့ထံ အခွန်ဆက်သရန် ဆော်သြလျှက်ရှိသည်။ ရေငန်ပိုင်ဦးရှင်ကြီးပင် ကုလားတန်မြစ်ကိုဖြတ်ကူးမည်ဆိုပါက သူ့အပိုင်ရေငန်မဟုတ်၍ နေဗီဘုတ်ထံတွင် အခွန်ဆောင်ရပေလိမ့်မည်။
မြေယာသိမ်း၍ လျှော်ကြေးမရသည့်အခါ ဒေသခံအများစုသည် အလုပ်လက်မဲ့ဘ၀သို့ ရွေ့လျားကြကုန်၏။ ထိုင်းသို့စွန့်စားသွားရောက် အလုပ်လုပ်ကိုင်ရန် မတတ်နိုင်သောလူရွယ်အချို့အတွက် စေတနာကြီးမားလှသည့် တပ်မတော်ကြီးမှ ထမင်းနပ်မှန်သော အလုပ်ပေး၍ စုဆောင်းရေး လုပ်ကြလေသည်။ စစ်သားမလုပ်ချင်သောသူသည် ဘုန်းကြီးဝတ်၍ ဗမာပြည်မသို့ တက်ပြေးကြရရှာသည်။ ထိုသို့သောအခြေအနေ အစုစုကြောင့် ရခိုင်ပြည်ရှိ အချို့ကျေးလက်တောရွာများတွင် အရွယ်ကောင်းယောင်္ကျားသားတို့ ရှားပါး၍ ယခင်က ရွာတစ်ရွာလျှင် တောင်ပိုင်း၊မြောက်ပိုင်း ဘောလုံးနှစ်သင်းစာ အခိုင်အမာထွက်ရှိသည့် ရွာတို့တွင် ယခုအခါ အိမ်ထောင်ဦးစီး ယောင်္ကျားသား မရှိသလောက်နည်းပါးပြီး နို့သောက်နှင့် တုတ်ထောက်၊ မိန်းမသားတို့သာ ကျန်ရှိသဖြင့် လုပ်အားပေးဆင့်ခေါ်သည့်အခါ ဤသို့သောမြင်ကွင်းတို့ကို ရင်တွင်းမချိအောင် မြင်တွေ့နေရလေတော့သည်။
ကျေးလက်တောရွာများတွင်သာမက ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင်လည်း အဆိုပါစီမံကိန်း၏ ရိုက်ခတ်မှုကို မြို့ခံလူများ ခါးစည်းခံစားနေကြရသည်။ စစ်တွေဆိပ်ကမ်း စီမံကိန်းဧရိယာတ၀ိုက် ယခင်က အများပြည်သူ အပန်းဖြေရာ မင်းကြီးကျောက်တန်း တလျှောက်လုံးကို စီမံကိန်းက၀ါးမျိုမည်ဖြစ်ပြီး စီမံကိန်းဧရိယာအတွင်း တစိတ်တပိုင်း ပါဝင်နေသည့် စစ်တွေမြို့၏ အလှပဆုံး ပွိုင့်ကမ်းခြေမှာလည်း စီမံကိန်းကြောင့် မကြာမှီ ရုပ်ဆိုးအကျည်းတန်တော့မည့် အခြေအနေသို့ ရောက်ရှိနေသည်။ ထို့အပြင် ကမ်းစပ်တလျှောက် ပင်လယ်ကူးသင်္ဘောကြီးများ ၀င်ရောက်နိုင်ရန်အတွက် သင်္ဘောလမ်းကြောင်း သတ်မှတ်ခြင်း၊ ရေအောက်ကြမ်းပြင် တူးဖော်ခြင်းစသည့် လုပ်ငန်းရပ်များကို ဖော်ဆောင်ခြင်း၊ လုပ်ငန်းမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို ပင်လယ်တွင်သို့ စွန့်ပစ်ခြင်းစသည်တို့ကို လုပ်ဆောင်ကြသည့်အခါ ရေထုညစ်ညမ်းမှုနှင့်အတူ ရေအောက်ကြမ်းပြင်တွင် နေထိုင်ကျက်စားကြကုန်သော ငါးပုဇွန်တို့ အစာရှာမှီးရာနှင့် မျိုးပွားရာနေရာဖြစ်သည့် သန္တာကျောက်တန်းတို့ ပျက်စီးပြီး အဏ္ဏ၀ါဂေဟစနစ်ကို အဆိုးရွားဆုံး ထိခိုက်စေလိမ့်မည်ဖြစ်သည်။ ထိုသို့သော အခြေအနေတို့သည် ဒေသ၏အဓိက အသက်မွေးလုပ်ငန်းဖြစ်သည့် ပင်လယ်ငါးဖမ်းလုပ်ငန်း၏ အနာဂတ်ကို ပြင်းထန်စွာခြိမ်းခြောက်လျှက်ရှိသည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအပြင် စီမံကိန်းကာလအတွင်း အိန္ဒိယကန်ထရိုက်များမှ မြို့ခံလူထုအပေါ် ဒေသအာဏာပိုင်များနှင့် လက်ဝါးရိုက် ခေါင်းပုံဖြတ်ခြင်း၊ စီမံကိန်းတွင် ၀င်ရောက်လုပ်ကိုင်နေသော ဒေသခံနေ့စား အလုပ်သမားများကို ထိုက်တန်သည့် လစာပေးချေမှုမရှိခြင်းစသည့် မတရားမှုများစွာ ဖြစ်ပေါ်လျှက်ရှိသည်။ ဤစီမံကိန်းသည် စစ်တွေမြို့အား နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောများ ၀င်ရောက်ဆိုက်ကပ်ရာ စည်ကားသည့် ဆိပ်ကမ်းမြို့တစ်ခုအဖြစ် ပြောင်းလဲနိုင်မည် ဖြစ်သော်လည်း အဂတိလိုက်စားမှု ထူပြောသည့် ယနေ့ခေတ် အုပ်ချုပ်ရေးစနစ်၏ အားနည်းချက်များကြောင့် လာဒ်ပေးလာဒ်ယူမှု၊ မှောင်ခိုကုန်ကူးမှု၊ တရားမ၀င် လူကုန်ကူးမှုနှင့်အတူ ပြည့်တန်ဆာလုပ်ငန်း၊ လောင်းကစားလုပ်ငန်းများ တွင်ကျယ်လာနိုင်ပြီး စစ်တွေမြို့၏ အနာဂတ်တွင် ပိုမိုအကျည်းတန်သည့် မြင်ကွင်းများစွာကို တွေ့မြင်လာရမည်ဖြစ်သည်။ ထို့အပြင် စက်မှုဇုန်များ ဖော်ဆောင်လာခြင်းနှင့်အတူ ဒေသခံများ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာကြသည့် မြေကွက်များသည်လည်း နိုင်ငံခြားသား တရုတ်၊အိန္ဒိယ လုပ်ငန်းရှင်များနှင့် ဒေသအာဏာပိုင်များနှင့် နီးစပ်သူများလက်တွင်းသို့ ဖိအားပေးရောင်းချရန် စေခိုင်းခြင်း၊ အတင်းအဓမ္မသိမ်းယူခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် မြို့ဧရိယာအတွင်း အကွက်ချတည်ဆောက်နေသည့် အဆိုပါစီမံကိန်း ဘေးထွက်ဆိုးကျိုးများ၏ သက်ရောက်မှု မည်မျှကြီးမားမည်ကို ခန့်မှန်းသိရှိနိုင်သည်။ အကယ်၍ ဤစီမံကိန်းအား လူနေကျဲပါးသည့် ဆပ်ရိုးကျ တစ်ဖက်ကမ်းရှိ ရွှေမင်းဂံ(၀ါ)ကျေးတောပိုက်ဆိပ်သို့ ရွေ့ပြောင်းတည်ဆောက်မည်ဆိုပါက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ရှိနိုင်သော်လည်း ကုန်တင်ကုန်ချနှင့် ကုန်လှောင်ရုံတည်ဆောက်မှု၊ ဆက်စပ် စက်မှုလုပ်ငန်းများကြောင့် စစ်တွေမြို့၏ လူမှုဘ၀အထွေထွေကို ထိခိုက်နိုင်မည့် အကျိုးဆက်တို့ကို လျှော့ချနိုင်မည်ဟု မျှော်လင့်မိသည်။ လက်ရှိအခြေအနေတွင် အဆိုးရွားဆုံးလုပ်ရပ် တစ်ခုဖြစ်သည့် အိန္ဒိယကန်ထရိုက်များနှင့် ဒေသအာဏာပိုင်တို့ ပူးပေါင်းပြီး မြေပုံမြို့နယ်ရှိ ရခိုင်လူမျိုးများ အထွတ်အမြတ်ထားရာ သမိုင်းဝင်နေရာတစ်ခုဖြစ်သည့် ရွှေတောင်၊ငွေတောင်ကို ဖြို၍ ဆိပ်ကမ်းစီမံကိန်းအတွက် လိုအပ်သည့် သဲများကို တူးဖော်ရောင်းစားလျှက် ရှိသည်ကို ကြေကွဲဖွယ်ရာ တွေ့မြင်နေရသည်။ ဖွံ့ဖြိုးတိုးတက်ရန် အတွက်တည်းဟူသော အကြောင်းပြချက် အောက်တွင် ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့သည် ကျိမ်စာသင့်နေရပြီဖြစ်သည်။
ထို့အတူ ကုလားတန် မြစ်ကြောင်းတလျှောက် ၂၂၅ကီလိုမီတာ အကွာအဝေးအထိ မြစ်ကြမ်းပြင် တူးဖော်မည့်လုပ်ငန်းမှာလည်း စီမံကိန်းလုပ်ဆောင်ရာ မြစ်ကမ်းနံဘေးရှိ မြောက်မြားစွာသော ဒေသခံတို့၏ ဘ၀ရပ်တည်ရေးကို ပြင်းထန်စွာ ခြိမ်းခြောက်လျှက်ရှိသည်။ ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် လူနေအိမ်ခြေများစွာ အတင်းအဓမ္မ ရွေ့ပြောင်းခံရနိုင်ပြီး အဆိုပါရွေ့ပြောင်းမှုနှင့် ပတ်သက်၍ အစိုးရတာဝန်ရှိသူများထံမှ မည်ကဲ့သို့စီစဉ်ထားသည်ကို မသိရှိရသေးချေ။ ထို့အပြင် မြစ်ကြမ်းပြင်ကို တူးဖော်သည့်အခါ မြစ်ရေနောက်ကျိခြင်းနှင့်အတူ ရေတွင်ပါဝင်သည့် အောက်စီဂျင်ဓာတ်နည်းပါးပြီး မြစ်တွင်းငါးတို့ သေကြေပျက်စီးကြလိမ့်မည်။ စီမံကိန်းလုပ်ဆောင်နေစဉ်ကာလအတွင်း ဒေသ၏အဓိက ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် မြစ်ကြောင်းခရီးကို အားကိုးနေသူတို့အတွက် အခက်အခဲများစွာ ကြုံတွေ့နိုင်သည့်အပြင် စီမံကိန်းပြီးစီးသည့်အခါ အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရအကြား သဘောတူညီချက်များအရ အဆိုပါမြစ်ကြောင်းအတွင်း ဖြတ်သန်းဝင်ရောက်သည့် လှေ၊သင်္ဘောအစရှိသည်တို့ထံမှ အခကြေးငွေ ကောက်ယူနိုင်ဖွယ်ရှိနေပြီး ဒေသ၏ရေကြောင်း ဆက်သွယ်ရေးကဏ္ဍအတွက် အခက်အခဲများစွာ ဖြစ်ပေါ်လာနိုင်သည်။ ထို့အပြင် မြစ်ကမ်းဘေးတွင် သဘာဝအလျှောက် ပေါက်ရောက်နေသော ဒီရေတောတို့ခုတ်လှဲခံရမည့် အခြေအနေကြောင့် ဒေသအတွင်း ရာသီဥတုဖောက်ပြန်လာနိုင်သည့် အလားအလာများစွာ တွေ့မြင်နေရသည်။ ဤသဘာဝဒီရေတောများသည် တစ်နှစ်တွင် အနည်းဆုံးတစ်ကြိမ်ခန့် ဘင်္ဂလားပင်လယ်အော်မှ ပြင်းထန်စွာဝင်ရောက်လာသော ဆိုင်ကလုန်းမုန်တိုင်းကို အကာအကွယ်ပေးထားသည့် ဒေသခံများအတွက် တစ်ခုတည်းသော သဘာဝလက်ဆောင်ဖြစ်သည့် အားလျှော်စွာ ဤဒီရေတောများ မရှိသည့်ကာလတွင် ရခိုင်ပြည်အတွင်း သဘာဝကပ်ဆိုးများ ကျရောက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ ထို့အပြင် အဆိုပါဒီရေတောများအတွင်း ဒေသခံအချို့ ရင်းနှီးမြှုပ်နှံဖော်ဆောင်ထားသည့် သဘာဝပုဇွန်မွေးမြူရေး လုပ်ငန်းများရှိနေကြသည်။ အဆိုပါပုဇွန်ကန်များတွင်းရှိ သားငါး၊ဂဏန်း၊ပုဇွန်တို့၏ အဓိကအစာအာဟာရသည် သစ်ပင်များ၏ အသီးအပွင့်တို့ကို စားသုံးသည့် ပိုးမွှားနှံကောင်များ ဖြစ်သည့်အတွက် တောပြုန်းလျှင် အဆိုပါစီးပွားရေးများသည်လည်း အလိုအလျှောက်ဆုံးရှုံးရပေလိမ့်မည်။ ဒီရေတောများအတွင်း နေထိုင်ကျက်စားကြကုန်သည့် ရေပျော်ငှက်များနှင့် အခြားတောရိုင်း တိရိစ္ဆာန်များသည်လည်း သေကြေပျက်စီးခြင်းသို့ ဆိုက်ရောက်ကြပေလိမ့်မည်။ အဆိုပါတိရိစ္ဆာန်အုပ်စုများထဲတွင် မျိုးသုန်းပျောက်ကွယ်မည့် အလားအလာရှိနေသော ကမ္ဘာ့ရှားပါးစာရင်းဝင် တိရိစ္ဆာန်များ ပါဝင်နေပြီး ကမ္ဘာ့ရှားပါးတိရိစ္ဆာန်စာရင်းဝင် ရေချိုလင်းပိုင်များနှင့် လိပ်များ၏ အနာဂတ်ကို ဤစီမံကိန်းက ပြင်းထန်စွာခြိမ်းခြောက်လျှက် ရှိနေသည်။
ထို့အပြင် မြစ်အထက်ပိုင်းရှိ ချင်းပြည်နယ်အတွင်းတွင် မြစ်ကြမ်းပြင်တူးဖော်ရုံသာမက ကျဉ်းမြောင်းသော မြစ်ဖျားပိုင်းကို သင်္ဘောများဝင်ရောက်နိုင်ရန်အတွက် မြစ်ကြောင်းချဲ့တွင်ခြင်း၊ သဘောင်္ဆိပ်ကမ်း တည်ဆောက်ခြင်း စသည့် လုပ်ငန်းများလုပ်ကိုင်သည့်အခါ ဒေသခံတို့ထံမှ လျှော်ကြေးတစ်ပြားတစ်ချပ်မှမပေးပဲ အတင်းအဓမ္မ မြေယာသိမ်းယူမှုများ၊ ထိုက်တန်သည့် လုပ်အားခ တစ်ပြားတစ်ချပ်မျှ မပေးပဲ ဒေသခံများအား အတင်းအဓမ္မလုပ်အားပေး ခိုင်းစေမှုများကို ဒေသတွင်းရှိ စစ်တပ်အာဏာပိုင်များမှ အိန္ဒိယကန်ထရိုက်များထံ ဂွင်ရိုက်၍ စားပေါက်ဖန်တီးမှုများ လုပ်ဆောင်လာနိုင်ပြီး အဆိုပါလုပ်ရပ်များနှင့် ပတ်သက်၍ ဒေသဆိုင်ရာ လွှတ်တော်အမတ်သည် ကြံ့ခိုင်ရေးပါတီဝင် ဖြစ်နေပါက ဘောင်းဘီစိမ်းဝတ်တို့၏ မလျှော်ကန်သော လုပ်ရပ်တို့ကို ပုဆိုးစိမ်းဝတ်သည် မည်သည့်အခါမျှ လက်ညှိုးထိုး ထောက်ပြဝေဖန်မည် မဟုတ်ချေ။ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖော်စားသောက် ကြမည်သာ ဖြစ်သည်။စီမံကိန်း၏ နောက်ဆက်တွဲ ဖြစ်ရပ်များအနေဖြင့် မြန်မာနိုင်ငံ၏ သစ်တောအထူထပ်ဆုံး ဒေသတွင် သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်လာခြင်းနှင့်အတူ တောင်ကျရေဆင်းမှု၊ ရေကြီးမှုစသည့် သဘာဝကပ်ဘေးတို့ ဖြစ်ပေါ်လာပေလိမ့်မည်။ သစ်တောနှင့်မြစ်ကြောင်းကို အမှီပြုအသက်မွေးကြရသည့် ဒေသခံတို့အတွက် အဆိုပါဖြစ်စဉ်တို့ကို ရင်ဆိုင်နိုင်မည့် အခြေအနေ လုံးဝမရှိချေ။ မျိုးသုန်းနိုင်ခြေ ရှိနေသည့် ရှားပါးငှက်မျိုးစိတ်များ အပါအ၀င် ငှက်မျိုးစိတ် ၁၃၅မျိုး၊ ရှားပါးလိပ်ပြာမျိုးစိတ်များနှင့် Gibbon ကဲ့သို့သော ရှားပါးမျောက်မျိုးစိတ်များ၊ ကျား၊ကျားသစ်၊၀က်ဝံနှင့် တောဆင်ရိုင်းတို့ အသက်ရှင်နေထိုင်ရာ ချင်းတောင်တန်းကို ဖြတ်သန်း ဖောက်လုပ်မည့် ကလက်ဝ-မီဇိုရမ် အဝေးပြေးလမ်းပိုင်းတလျှောက် သဘာပတ်ဝန်းကျင် ထိခိုက်မှုများစွာ ဖြစ်ပေါ်လာနိုင်ပြီး ရာသီဥတုပြောင်းလဲလာခြင်းနှင့်အတူ ဒေသတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကိုပါ ဆိုးရွားစွာ ထိခိုက်လာစေလိမ့်မည်။
ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဆင်းရဲဆုံးနှင့် ဒုတိယအဆင်းရဲဆုံး ပြည်နယ်နှစ်ခုအတွက် ဒေသဖွံ့ဖြိုးရေးအလို့ငှာ ဤစီမံကိန်းအရပ်ရပ်ကို ဖော်ဆောင်၍ ဒေသခံများ၏ လူနေမှုဘ၀တိုးတက်မြင့်မားစေရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဟု နှစ်ဖက်အစိုးရတို့ မည်သို့ပင်ပြောဆိုစေကာမူ စီမံကိန်းတည်ရှိရာ မြန်မာနိုင်ငံဖက်ခြမ်းသည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးအချိုးဖောက်ခံရဆုံးသော ဒေသများထဲမှ တစ်ခုဖြစ်နေသည့်အတွက် စစ်တပ်ကျောထောက်နောက်ခံပြု မြန်မာအစိုးရသည် သူ၏အစဉ်အလာကို ဤနေရာတွင် တော်လှန်မည်ဆိုသည်မှာ ကျားအသားရှောင်မည်ဆိုသကဲ့သို့ ယုံကြည်ရန်ခက်လှပေသည်။ ထို့ကြောင့် ဤဒေသတွင်အခြေစိုက်သည့် NGOအဖွဲ့၁၅ဖွဲ့မှ နိုင်ငံတော်အစိုးရထံသို့ ဤစီမံကိန်းနှင့် ပတ်သက်၍ ပြန်လည်စဉ်းစားရန် တင်ပြခဲ့သေးသည်။ သို့သော် ယခင်အစိုးရလက်ထက်မှ အကြွေးအရပ်ရပ်ကို ပုခုံးပြောင်းယူခဲ့ရသည့် သမ္မတဦးသိန်းစိန်အဖို့ ဤစီမံကိန်းအား မြစ်ဆုံစီမံကိန်းကဲ့သို့ ခေါင်းခါငြင်းဆန်နိုင်မည့်အခြေအနေ မရှိချေ။ မြစ်ဆုံစီမံကိန်း လူသိရှင်ကြား ကန့်ကွက်ခံရအပြီးတွင် ကျန်ရှိသည့် နိုင်ငံတော်စီမံကိန်းများကို အများပြည်သူအကြား ပေါက်ကြားမှုမရှိစေရေးအတွက် အစိုးရအဖွဲ့အနေဖြင့် လျှို့ဝှက်ထားရန် စီစဉ်နေသည်ဟု ယူဆမိသည်။ ဒေသခံများအနေဖြင့် ဘေးထွက်ဆိုးကျိုးမရှိဘဲ မိမိတို့ဒေသ အမှန်တကယ်ဖွံ့ဖြိုးလာမည်ဆိုပါက မည်သည့်စီမံကိန်းကိုမဆို လှိုက်လှဲစွာ ကြိုဆိုကြမည်သာဖြစ်သည်။ သို့သော် တပြည်သားဝပြောရေးအတွက် ကမ္ဘာ့အဆင့်အတန်းအနိမ့်ဆုံး စီမံခန့်ခွဲမှု လက်အောက်တွင် မိမိတို့ရှင်သန် ရပ်တည်နေရသည့်ဘ၀ကို လည်စင်းစတေးခံကြရမည့် ဒေသခံများအတွက် ထောက်ပြဝေဖန် ကန့်ကွက်အရေးဆိုနိုင်သည့် အတိုက်အခံအရေအတွက် နည်းပါးသော ပြည်ထောင်စုလွှတ်တော်သည်လည်း အားကိုးစရာ အလျဉ်းမဖြစ်နိုင်သေးချေ။ ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာ မြစ်ကြောင်း ထိန်းသိမ်းရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်း ထိန်းသိမ်းရေး ဦးစီးဌာနသို့ နိုင်ငံတော်မှ ချပေးသော ဘတ်ဂျက်ပမာဏမှာလည်း ဆင်ပါးစပ်တွင် နှမ်းပက်သကဲ့သို့ အလွန်တရာ နည်းပါးလှသည်ကို တွေ့နေရသည်။အစိုးရဖက်မှ ဒေသဖွံ့ဖြိုးရေးအတွက်ဟု မည်မျှပင်ကြွေးကြော်စေကာမူ စီမံကိန်းလုပ်ငန်းစဉ်အရပ်ရပ်နှင့် ရရှိမည့် အကျိုးအမြတ်တို့ကို ဒေသအတွက် မည်ကဲ့သို့ခွဲဝေသုံးစွဲမည်ကို ရှင်းလင်းစွာမထုတ်ပြန်နိုင်သည့်အပြင် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လျှစ်လျှူရှုပြီး မိမိပိုင်သည့်မြေကို အကြွေးပူမိ၍ တပြည်သားလက်သို့ ၀ကွက်ထိုးအပ်နေရသည့် မြန်မာနိုင်ငံ၏ ယနေ့အချိန်အခါသည် ဤကဲ့သို့သော စီမံကိန်းများကို ကိုင်တွယ်ရန် အဆင်သင့်မဖြစ်သေးသည်ကို အထက်ဖော်ပြပါ အခြေအနေအရပ်ရပ်အရ ရှင်းလင်းစွာ သိရှိနိုင်ပေသည်။
အချုပ်အားဖြင့်ဆိုရသော် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများစွာ လိုအပ်နေသည် မှန်သော်လည်း ပြည်သူတို့၏ နေထိုင်ရပ်တည်မှု ဘ၀အထွေထွေအား ရင်းနှီးစတေးပြီးမှ ရရှိလာမည့် ဖွံ့ဖြိုးတိုးတက်မှုသည် ခိုင်မာသည့် ဥပဒေစနစ်၊ မျှတသည့် အကျိုးအမြတ်ခွဲဝေမှု၊ စနစ်ကျသည့် စီမံခန့်ခွဲမှုတို့မရှိလျှင် အန္တရာယ်များလှသည်။ဒီမိုကရေစီစနစ်သို့ ဦးတည်လျှောက်လှမ်းနေသည့် နိုင်ငံတစ်ခုအနေဖြင့် စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူတို့၏ သဘောတူညီမှုကို ဦးစွာတောင်းခံရန် မဖြစ်မနေလိုအပ်သည်။ပြည်သူတို့၏ ဆန္ဒနှင့်အညီ နိုင်ငံတကာစံချိန်စံညွှန်း၊ လုပ်ထုံးလုပ်နည်းများအတိုင်း သက်ဆိုင်ရာ ပညာရှင်များကိုယ်တိုင် ကြီးကြပ်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လူနေမှုဘ၀ထိခိုက်မှု စသည့် အဓိကအချက်များကိုပါ ထည့်သွင်းစဉ်းစားပြီး ထိခိုက်နစ်နာမှုများအတွက် ထိုက်တန်သည့် လျှော်ကြေးငွေပေးအပ်ခြင်း၊ ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးတို့ကို ဖာထည်းနိုင်မည့် ထောက်ပံ့ရေး ဘတ်ဂျက်များ ရေးဆွဲခြင်း၊ စီမံကိန်းကြောင့် နေရာရွေ့ပြောင်းခံရသူများအတွက် အကူအညီ၊အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ စီမံကိန်းဧရိယာအတွင်း ဒေသခံတို့ အမြတ်တနိုး တန်ဖိုးထားသည့် ရှေးဟောင်းသမိုင်းဝင်နေရာများကို ဖျက်ဆီးမှုမှ ရှောင်ကြဉ်ခြင်း၊ သစ်တောများ ခုတ်လှဲမှုကြောင့် ဒေသတွင်းဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုဆိုးရွားမှုကို ကာကွယ်နိုင်မည့် အစီအစဉ်များ ချမှတ်ခြင်း၊ စီမံကိန်းပြီးစီးပြီးနောက် လုပ်ငန်းစတင်လည်ပတ်ချိန်တွင် ဒေသခံများအနေဖြင့် အဆိုပါလုပ်ငန်းရပ်များတွင် နိုင်ငံခြားသားများနှင့် ရင်ဘောင်တန်း ပါဝင်တာဝန်ထမ်းဆောင်နိုင်စေရန် ပညာရေးမြှင့်တင်မှုအစီအစဉ်များ ချမှတ်ပေးခြင်း စသည့် အသေးစိတ်အချက်အလက်များကို အစိုးရ၏ ဦးဆောင်မှုဖြင့် ကြိုတင် အကောင်အထည်ဖော်ရန် လိုအပ်ပေသည်။ မျှတသော အကျိုးအမြတ်ခွဲဝေမှုမရှိလျှင် နိုင်ငံတော်အစိုးရ၏ အဓိကပန်းတိုင်ဖြစ်သော အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးသည် ဆန့်ကျင်ဖက် လက္ခဏာသို့ ရောက်ရှိသွားပြီး ဒေသခံတိုင်းရင်းသားတို့၏ သမိုင်းကြောင်း နာကျည်းချက်များအား ပြန်လည် တူးဆွလိုက်သကဲ့သို့ မလိုလားအပ်သော အခြေအနေများထံ ဦးတည်သွားလိမ့်မည် ဖြစ်ပါကြောင်း စေတနာကောင်းဖြင့် သတိပေးလိုက်ရပါတော့သည်။ ငချွန်းယေ(၈.၃.၂၀၁၂)
အပိုင်း(၂) တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရွှေဂက်စ်စီမံကိန်းအကြောင်း တင်ဆက်မည်ဖြစ်ပါသည်။

Lwin Pw & NLABR

Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com

0 comments:

Post a Comment