မြန်မာသတင်းများ      မတ် ၁၂ ရက်၊ ၂၀၁၂


အာဏာရှင်စနစ် ပြန်ဖြစ်လာ မလာ မသေချာသေးဟု ဒေါ်စု သတိပေး

မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကို ပြန်လှည့်မသွားဘဲ ဒီမိုကရေစီလမ်းကြောင်းကို မှန်မှန်လျှောက်လှမ်းနိုင်ဖို့ အတွက် ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ လုပ်သွားရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မွန်ပြည်နယ် ဒေသခံလူထုကို ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီစနစ် ပေါ်ထွန်းပြီး တရားဥပဒေစိုးမိုးမှု ရှိလာမှာသာ ပြည်သူလူထုတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အဆင်ပြေနိုင်မယ်လို့ ပြောလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိရေးအတွက် မြန်မာနိုင်ငံတ၀ှမ်းကို သွားရောက်ပြီးတော့ မဲဆွယ်စည်းရုံးမှုတွေကို တောက်လျှောက် လုပ်နေတာဖြစ်ပြီး ဒီကနေ့မှာဆိုရင်လည်း မွန်ပြည်နယ် မော်လမြိုင်ကို သွားရောက်ပြီးတော့ ဒေသခံလူထုကို မဲဆွယ်စည်းရုံး ဟောပြောခဲ့ပါတယ်။ စစ်အာဏာရှင်စနစ် အောက်မှာ နှစ်ပေါင်းများစွာရှိလာခဲ့ပြီး မနှစ်ကမှ အရပ်သားအစိုးရ တရပ် ဖြစ်ပေါ်လာခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဆိုတာ မရှိသေးဘဲ အာဏာရှင်စနစ် ပြန်ဖြစ်လာမယ် မလာဘူး ဆိုတာကလည်း မရေရာသေးကြောင်း၊ ဒါကြောင့် အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီစနစ်ကို မှန်မှန်ဦးတည်ပြီး သွားနိုင်ဖို့ လူထုရဲ့ ထောက်ခံမှုလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့ပါတယ်။
“ကျမတို့ ဒီမိုကရေစီစနစ် ဆိုတာ ဒီနိုင်ငံမှာ တကယ်တော့ မရှိသေးပါဘူး။ နောက်ပြီးတော့ အာဏာရှင် အစိုးရတွေ တက်ရေး မတက်ရေး ဆိုတာကလည်း၊ ပြန်ပြီးတော့ ပေါ်လာရေး မပေါ်လာရေး ဆိုတာကလည်း မရေရာတဲ့ကိစ္စတစ်ခုပဲ အခုထိ ဖြစ်နေသေးပါတယ်။”
ဒါ့အပြင် မြန်မာပြည်သူ လူထုတွေဟာလည်း လူ့အခွင့်အရေးကို အပြည့်အ၀ မခံစားရသေးကြောင်း၊ ဒီမိုကရေစီစနစ် ပေါ်ထွန်းပြီး တရားဥပဒေ စိုးမိုးမှုရှိမှသာ ပြည်သူတွေအနေနဲ့ မိမိတိုရဲ့ အခွင့်အရေး အပြည့်အ၀ရရှိပြီးလက်ရှိရင်ဆိုင်နေရတဲ့အခက်အခဲတွေအဆင်ပြေနိုင်မယ့်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူတွေအတွက်မလိုလားအပ်တဲ့ဥပဒေတွေကို ပြင်ဆင်ပြီး ပြည်သူလူထုအကျိုးကို ဆောင်ရွက်နိုင်ဖို့အတွက် လွှတ်တော် အမတ်နေရာ အတော်များများ အနိုင်ရဖို့လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။
“လွှတ်တော်ထဲမှာ နေရာများနိုင်သလောက် များအောင်လုပ်ဖို့ လိုတယ်။ အဲဒီတော့မှ ပြည်သူတွေကို ဖိနှိပ်ထားတဲ့ ဥပဒေတွေ စည်းမျဉ်းတွေကို ကျမတို့ ဖယ်ရှားဖို့ ကြိုးစားရမယ်။ ပြည်သူတွေကို တိုးတက်အောင် ကူညီမယ့် ဥပဒေတွေကို ပြဌာန်းဖို့ ကြိုးစားရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားရမယ်။ အရေးကြီးဆုံးကတော့ ပြည်သူ့အသံကို တကမ္ဘာလုံးက ကြားနိုင်အောင်လုပ်ဖို့ ကျမတို့ ကြိုးစားသွားရမယ်။”
ဒါ့အပြင် ပြည်သူလူထုတွေအနေနဲ့ မိမိတို့ရဲ့ နိုင်ငံသားတာဝန်တွေကို အပြည့်အ၀ထမ်းဆောင်ပြီး တိုင်းပြည်စည်းလုံးညီညွှတ်ရေး တည်ဆောက်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြား သွားခဲ့ပါတယ်။
“နိုင်ငံ တနိုင်ငံရဲ့ သွေးစည်းညီညွတ်မှု ဆိုတာ အထက်က ဥပဒေနဲ့ လုပ်ယူလို့ မရပါဘူး။ အောက်က ပြည်သူလူထုရဲ့ ၀ိုင်းဝန်းပါဝင်မှုနဲ့ပဲ လုပ်ယူလို့ရတယ်။ အဲဒါကြောင့်မိုလို့ အချင်းချင်း ဒီလို သွေးစည်းညီညွတ်မှု ဆောက်တည်နိုင်တဲ့ ပြည်နယ်မှာ ကိုယ့်ရဲ့ နိုင်ငံသား တာဝန်တစ်ခုအနေနဲ့ လုပ်ပြီးတော့ ကြိုးစားကြပါ။ သွေးစည်း ညီညွတ်ရေးအတွက် ကြိုးစားကြပါလို့ ကျမက မေတ္တာရပ်ခံချင်ပါတယ်။”
ဒီကနေ့ မနက် ၉ နာခွဲကနေ ၁၀ နာရီကျော်အထိ မော်လမြိုင် ကျိုက်မရော ကားလမ်းဘေးက ကျွဲခြံ ၆ မိုင်ကျေးရွာ ဘောလုံးကွင်းမှာ ဒေသခံလူထုနဲ့ တွေဆုံခဲ့တာ ဖြစ်ပြီး မော်လမြိုင်ဒေသခံတွေအပြင် တခြားဒေသက လူထုအင်အား သောင်းနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲ အတွက် မွန်ပြည်နယ်တဝှမ်း နှစ်ရက်တိုင်တိုင် လှည့်လည် မဲဆွယ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ပါဝင် လုပ်ဆောင်သွားမယ်လို့ မော်လမြိုင်မြို့၊ Strand ဟိုတယ်မှာ ကျင်းပြုတဲ့ ညစာစားပွဲမှာ ပြောဆိုခဲ့ပြီးတော့ အဲဒီညစာ စားပွဲကို တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အစည်းအရုံး (DKBA)၊ မွန်ပြည်သစ်ပါတီ၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ တက်ရောက်ခဲ့ကြောင်း  မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ၀င်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်ကတော့ ဒေါ်ခင်ဌေးကြွယ်ဖြစ်ပြီး သူနဲ့ အပြိုင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွေကလည်း မော်လမြိုင်မှာဝင်ပြိုင်မှာဖြစ်တယ်လို့ ဒေါ်ခင်ဌေးကြွယ်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မော်လမြိုင်မြို့ကနေ မနက် ၁၀ နာရီခွဲမှာ ရန်ကုန်ကို ပြန်လည် ထွက်ခွာလာခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောကြောင်း သိရပါတယ်။


၂၀၁၂ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးတွက် မော်လမြိုင်မြို့တွင်စည်းရုံဟောပြောရန် ဒေါ်အောင်ဆန်းစုကြည်သည်  မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မှထွက်ခွာခဲ့ရာ ကားလမ်း ခရီးတစ်လျှောက်ရှိ ကျိုက်ထို၊ ဘီးလင်း၊သထုံ၊ ပေါင်၊ မော်လမြိုင်မြို့နယ်တို့မှ ဒေသခံ တိုင်းရင်းသားပြည်သူများ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်သည်ယင်းနေ့ညနေ၇နာရီ၂၅မိနစ်ခန့်တွင် မော်လမြိုင်မြို့သို့ ရောက်ရှိကာ မော်လမြိုင်ကမ်းနားဟိုတယ်တွင် တည်းခိုခဲ့ပြီး မော်လမြိုင်မြို့ပေါ်ရှိတိုင်းရင်းသားအဖွဲ့များ၊ မြို့ခံရပ်မိရပ်ဖများဖြင့်ညနေစာသုံးခဲ့ဆောင်ကြောင်း သိရှိရသည်။ မဲဆွယ်စည်းရုံးဟောပြောမှုကို မတ်လ ၁၁ ရက်နေ့တွင်  မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ကျိုက်မရောသွားကားလမ်းမဘေးရှိ(၆)မိုင်ဘောလုံးကွင်းတွင်ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က စည်းရုံးဟောပြောပွဲ ကျင်းပရာ မွန်ပြည်နယ် ၁၀ မြို့နယ်မှ ဒေသခံ တိုင်းရင်းသားပြည်သူများ ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်တို့မှ ဒေသခံ တိုင်းရင်းသားပြည်သူများ စုစုပေါင်း တစ်သိန်းခန့် အင်တိုက်အားတိုက် တက် ရောက်အားပေးခဲ့ကြောင်း အဆိုပါ စည်းရုံးဟောပြောပွဲကို မတ် ၁၁ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်မှစတင်ကာ ၁၀ နာရီ ၄၅ မိနစ်တွင် ပြီးဆုံးခဲ့ကြောင်း၊ ဟောပြောသည့် အကြောင်းအရာအချို့မှာ  မော်လမြိုင်မဲဆန္ဒနယ်မှ ၀င်ရောက်အရွေးခံသော အင်န်အယ်လ်ဒီပါတီမှ ဒေါ်ခင်ဌေးကြွယ်ကို မဲပေးရန်၊ မဲနိုင်ပါက မော်လမြိုင်ကို နောက်တစ်ခေါက်ပြန်လာမည်ဖြစ်ကြောင်း၊ အများကောင်းစားရေးအတွက် လုပ်ဆောင်မည့်ကိစ္စရပ်များတွင် အနည်းစု အခွင့်အရေးကို အလေးထား စဉ်းစားပေးရမည်ဖြစ်ကြောင်း၊ ယခင်တရားစီရင်ရေးတွင် တရားရုံးမတင်ခင်ကပင် စီရင်ချက်ချပြီး ဘယ်နှနှစ်ဆိုတာ သိနေရကြောင်း၊ တရားဥပဒေဟာ ပြည်သူကိုကာကွယ်ဖို့ဖြစ်ပြီးဖိနှိပ်ဖို့မဟုတ်ကြောင်း၊အဓိကက ပြည်သူဖြစ်ကြောင်း၊ ပြည်သူတွေ နောက်မှာရှိနေလို့  မြို့နားနီးနေတဲ့ ကွင်းကိုမရပေမယ့် ၆ မိုင်ကွင်း ပေးတာတောင် အခု လူအများကြီး လာအားပေးတာ ပြည် သူအားဖြစ်ကြောင်း၊မဲပေးချိန်ကြရင်ကျွန်မအပါအ၀င်အားလုံးက ပြည်သူကိုမျက်နာချိုသွေးကြပါတယ်။ တော်တော်များများ ကတိတွေ ပေးကြတယ်။ ကျွန်မတို့က လုပ်နိုင်တာပဲပြောကြောင်း၊ လူကြီးပြောရင် လုပ်တာမျိုးထက် မေးခွန်းထုတ်ခွင့် ရှိရမယ်။ လူကြီးကလည်း ဘာကြောင့် ဆိုတာ ရှင်းပြရမယ်။ ဒါမှလည်း ဒီမိုကရေစီနိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း ဧပြီလ၁ရက်နေ့တွင် ပြုလုပ်မည့် မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးပွဲတွင် ဒေါ်ခင်ဌေးကြွယ်(အင်န်အယ်လ်ဒီ)၊ ဦးတင်စိုးမိုးနိုင်(ပြည်ခိုင်ဖြိုး)၊ ဒေါ်မြင့်မြင့်ဝေ(မွန်ဒေသလုံးဆိုင်ရာ)၊ ဦးအောင်သန်းဦး(တစည)တို့ ပါဝင် ယှဉ်ပြိုင်ကြမည်ဟု သိရှိရသည်။

 

ပြည်သူ့အသံပေါ်လွင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော


ဒီမိုကရေစီရဲ့အနှစ်သာရကို ထင်ဟပ်စေမယ့် ပြည်သူတွေရဲ့အသံကို ပေါ်လွင်အောင်လုပ်ဆောင်သွားဖို့ အရေးကြီးတယ်လို့ မွန်ပြည်နယ် မော်လမြိုင်မြို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ကြောင်းညဟောပြောပွဲကိုလူပရိသတ်တသိန်းကျော်တက်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မော်လမြိုင်-ကျိုက္မရော လမ်းမအနီး (၆)မိုင် ကွမ်းခြံရွာ ကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဟောပြောခဲ့ကြောင်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို မွန်ပြည်နယ်တွင်းက ဒေသခံတွေတင်မက ကရင်ပြည်နယ် ဒေသခံတွေပါ လာရောက်နားထောင်ခဲ့ကြတယ်လို့ မော်လမြိုင်မြို့ခံ တဦးက ပြောပြကြောင်းဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကလည်း မော်လမြိုင်မြို့ကိုအသွားကျိုက်ထိုနဲ့ဘီလင်းမြို့တွေမှာ စောင့်ဆိုင်းနေကြတဲ့ပရိသတ်ကို နှုတ်ခွန်းဆက်စကား ပြောခဲ့ကြောင်းဒီကနေ့ ရန်ကုန်ကိုအပြန်လမ်းမှာတော့ ပေါင်နဲ့သထုံမြို့တွေမှာ စောင့်ဆိုင်းနေကြတဲ့ ဒေသခံတွေကို နှုတ်ဆက် ဟောပြောခဲ့ကြောင်းလာမယ့်ဧပြီ ကြားဖြတ်ရွေးကောက်ပွဲအတွက် မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လစ်လပ်မဲဆန္ဒနယ်မြေ တခုရှိပြီး ၊ အဲဒီ နေရာကို NLDပါတီ ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ ရှေ့နေဒေါ်ခင်ဌေးကြွယ်က NLD ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

ဆားလင်းကြီးဆန္ဒပြတောင်သူတွေကို အာဏာပိုင်တွေ လာတွေ့


စစ်ကိုင်းတိုင်းဒေသကြီးဆားလင်းကြီးမြို့နယ်က ဒေသခံ တောင်သူ၈၀ခန့် မြန်မာယမ်စီ ကြေးနီထုတ်လုပ်ရေးကုမ္ပဏီရုံးကို ဆန္ဒပြတဲ့ကိစ္စနဲ့ပတ်သက်ပြီးမနေ့ကစရဖနဲ့တာဝန်ရှိသူတွေလာရောက်တွေ့ဆုံပေမယ့် ပြဿနာကို ဖြေရှင်းပေးခြင်းမရှိဘူးလို့ တောင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်းက တောင်သူတွေ ပိုင်တဲ့ သီးနှံစိုက်ခင်းတွေပေါ်မှာ ဦးပိုင်လီမီးတက်နဲ့ ဖက်စပ်ဆောင်ရွက်တဲ့ တရုတ်နိုင်ငံ မြန်မာယမ်စီ ကြေးနီထုတ်လုပ်ရေးလုပ်ငန်းက ပစ်စာမြေတွေ စွန့်ပစ်တဲ့အတွက် စိုက်ခင်းသီးနှံတွေ ပျက်စီးဆုံးရှုံးရတာကြောင့် ဒေသခံတောင်သူ ၈၀ ခန့် က မတ်လ ၉ ရက်နေ့မှာ ကုမ္ပဏီရုံးကို သွားရောက်ကန့် ကွက်ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြသူ ရွာသူရွာသားတွေဟာ ဆာလင်းကြီးမြို့နယ် ဒုံးတောအုပ်စုဝင် ရွာသုံးရွာကဖြစ်ကြပါတယ်။ စွန့်ပစ်မြေတွေ လာပုံတဲ့ အတွက် ဒုန်းတော ၊ ဂုံတောနဲ့ ရွာသာယာ ကတောင်သူတွေရဲ့ စိုက်ပျိုးခင်း သီးနှံတွေ ပျက်စီးဆုံးရှုံး ရတာဖြစ်ပါတယ်။
စွန့် ပစ်မြေမပုံဖို့ မြန်မာစီးပွားရေးဦးပိုင်လိမိတက်တာဝန်ရှိသူဦးသိန်းထွန်းကို မေတ္တာရပ်ခံခဲ့သလို နိုင်ငံတော်သမ္မတထံကိုလဲ မတ်လ ပထမအပတ်အတွင်း စာပို့ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ ၉ ရက်နေ့က ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စရဖ တာဝန်ရှိသူတွေ တောင်သူတွေကို ပြေလည်အောင် ညှိနှိုင်းပေးမယ်လို့ ပြောဆိုပေမယ့် ပစ်စာမြေတွေ မစွန့်ပစ်အောင်တာဝန်ယူမယ်လို့တော့ မပြောဘူးလို့ တောင်သူတွေက ပြောပါတယ်။  ဆားလင်းကြီးနယ်မှာ ကြေးနီထုတ်လုပ်ရေးစီမံကိန်းကြောင့်စစ်အစိုးရလက်ထက်ကစပြီး ဒေသခံ တောင်သူတွေရဲ့  လယ်ယာ မြေဧက ၃၀၀၀အသိမ်းခံခဲ့ ရတာကြောင့် ဒေသခံ ဒုံးတောအုပ်စုဝင် ဂုံတော၊ ရွာသာယာ ရွာသုံးရွာ အတွက် စိုက်ပျိုးမြေ ၂၅၆ ဧက သာကျန် တယ်လို့ သိရပါတယ်။

 

ဖုန်းမော်နေ့အထိမ်းအမှတ် မုံရွာတက္ကသိုလ်ကျောင်းသားတွေ ကုသိုလ်လုပ်


၁၉၈၈ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း ကျဆုံးခဲ့တဲ့ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် အထိမ်းအမှတ်အဖြစ် မုံရွာတက္ကသိုလ်အသီးသီးက တကသအဖွဲ့ဝင်တွေနဲ့ ကျောင်းသား သမဂ္ဂများပေါ်ပေါက်ရေးကော်မတီ (မုံရွာခရိုင်)က ဒီကနေ့ မနက်ပိုင်းက မိဘမဲ့ကလေး (၅၀)ကျော်ကို ကျောင်းသုံးပစ္စည်းတွေလှူဒါန်းခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ကုသိုလ်ပွဲကို မုံရွာမြို့ အနောက်ဘက်ကမ်း ထနောင်းကုန်း ဘုန်းကြီးကျောင်းမှာ ပြုလုပ်ခဲ့တာလို့ ကျောင်းသားသမဂ္ဂများ တရားဝင်ပေါ်ပေါက်ရေးကော်မတီ(မုံရွာခရိုင်)က ကိုနွေဦးကိုက ပြောပါတယ်။
"အဓိကကတော့ ကျောင်းသားတွေတွေ့ဆုံပွဲရယ်။ နောက်ပြီးတော့ ကိုဖုန်းမော်နေ့အထိမ်းအမှတ်ရယ် အလှူအတန်းလေးပေါ့နော်။ အဲဒီနှစ်ခုအောက်မှာ မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်အနောက်ဖက်က ထနောင်းကုန်းကျေးရွာက ပရဟိတကျောင်းပေါ့နော် ကျောင်းသားတွေအတွက်ကို စာအုပ်တွေ ဘောပင်တွေ၊ ခဲတံတွေ လှူတယ်ခင်ဗျ။ ပြီးတော့ကြတော့ ကျနော်တို့ မနက်စာကျွေးတယ် ခင်ဗျ။ ကျောင်းသားတွေကို ကျနော်တို့ထည့်ပါတယ် အလှူငွေ တသိန်းခွဲလောက်ရှိပါတယ် ခင်ဗျ။ ကိုဖုန်းမော် အထိမ်းအမှတ်လှူဒါန်းတာတွေအပြီးမှာ မုံရွာမြို့ တက္ကသိုလ်အသီးသီးက တကသအဖွဲ့ဝင်တွေနဲ့ မန္တလေး၊ မြင်းခြံစတဲ့ အထက်ဗမာပြည် တက္ကသိုလ်အသီးသီးက ကျောင်းသားတွေ တွေ့ဆုံဆွေးနွေးပွဲ တခုဆက်လက်ပြုလုပ်ခဲ့ပါတယ်။"
အဲဒီဆွေးနွေးပွဲမှာ မုံရွာ၊ မန္တလေး၊ မြင်းခြံ စတဲ့ခရိုင်တွေက တက္ကသိုလ်အသီးသီးက တကသ အမှုဆောင် ကိုယ်စားလှယ် (၇၀)နီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

စာပေနဲ့ စာနယ်ဇင်းအဖွဲ့ ပြောင်းလဲဖွဲ့စည်းမည်


လွတ်လပ်ပွင့်လင်းလာတဲ့ အခြေအနေနဲ့ ကိုက်ညီအောင် မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ကို ဖျက်သိမ်းပြီး သီးခြားလွတ်လပ်တဲ့ အဖွဲ့ ၃ ဖွဲ့အဖြစ် ပြောင်းလဲဖွဲစည်းဖို့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်း အဖွဲ့ အလုပ်အမှုဆောင် အဖွဲ့ကဆုံးဖြတ်ခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကို လာမယ့် မတ်လ ၂၄ ရက်နေ့ အရေးပေါ်ညီလာခံမှာ တင်သွင်းမှာ ဖြစ်တယ်လို့ အတွင်းရေးမှူး ဦးကိုကို (စက်မှု) က အာအက်ဖ်အေကို ပြောပါတယ်။

“မြန်မာနိုင်ငံ သတင်းစာဆရာအဖွဲ့ Myanmar Journalists' Association ၊ မြန်မာနိုင်ငံ စာရေးဆရာအဖွဲ့ Myanmar Writers' Association ၊ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိသူများအသင်း ... ဆိုပြီး အသင်း ၃ သင်း ပြောင်းလဲ ဖွဲ့စည်းမယ်။ မြန်မာနိုင်ငံ စာပေစာနယ်ဇင်းအဖွဲ့ ဆိုတာ အရင် တပ်မတော်အစိုးရ လက်ထက်မှာ အဲဒီတုန်းက ခေတ်စနစ်နဲ့ လိုက်လျောညီထွေအောင် ဖွဲ့ခဲ့ရတဲ့ အဖွဲ့ဖြစ်တယ်။ အခု ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့ အခါမှာ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရ၊ အသွင်သဏ္ဍန်နဲ့ လိုက်ဖက်ညီမယ့် အဖွဲ့တွေ ပြောင်းလဲဖွဲ့စည်းဖို့ လိုအပ်လာတယ်။ အဲဒါကြောင့် ကျနော်တို့ ပြောင်းလဲဖွဲ့တာ ဖြစ်ပါတယ်”

ဒီအဖွဲ့ ၃ ဖွဲ့လုံးကို သီးခြား ဖွဲ့စည်းပုံအလိုက် လွတ်လွတ်လပ်လပ် ဖွဲ့စည်းထူထောင်မှာ ဖြစ်ပြီး အဲဒီ ဖွဲ့စည်းပုံတွေကို ညီလာခံမှာ တင်ပြဆွေးနွေး အတည်ပြုမှာ ဖြစ်တယ်လို့ ဦးကိုကိုက ပြောပါတယ်။

“ညီလာခံ ကိုယ်စားလှယ်တွေက ဖွဲ့ပါလို့ ပြောပြီဆိုရင်တော့ ကျနော်တို့က အသင်း ၃ သင်းလုံးအတွက် ဖြစ်မြောက်ရေးကော်မတီတွေ ဖွဲ့စည်းပြီးတော့ အမြန်ဆုံး ဖွဲ့စည်းသွားမယ်” လောလောဆယ် တစ်နိုင်ငံလုံး အတိုင်းအတာအရ မြန်မာနိုင်င စာပေနဲ့ စာနယ်ဇင်းအဖွဲ့ဝင် ၇ ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

 

မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော


မြစ်ဆုံ ရေလှောင်တမံတည်ဆောက်ရေးကို ပြန်လည် ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ထိထိရောက်ရောက် ဆွေးနွေး ပြောဆိုနေတယ်လို့ တရုတ် စွမ်းအင် ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်းက ပြောလိုက်ပါတယ်။
စနေနေ့က ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ် စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌ Lu Qizhou က ပြောဆိုခဲ့တာပါ။ ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ ရေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆ဝဝ ကုန်ကျမယ့် မြစ်ဆုံရေလှောင်တမံကို တရုတ်က တည်ဆောက်ခဲ့ပါတယ်။ ရရှိမယ့်စွမ်းအင် အားလုံးနီးပါးဟာ တရုတ်ပြည်အတွက် ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးကို အန္တရာယ်ပြုမှာ ဖြစ်တဲ့အတွက် သမ္မတဦးသိန်းစိန်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ရပ်ဆိုင်းလိုက်ပါတယ်။သူ့ရဲ့ သမ္မတသက်တမ်းအတွင်း အနည်းဆုံး ၂ဝ၁၅ ခုနှစ်အထိ ရပ်နားထားမယ်လို့ ထုတ်ပြန် ကြေညာခဲ့တာပါ။

တရုတ် စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌက ပြောဆိုရာမှာ... စိုးရိမ်စရာ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပြီးတာနဲ့ မြစ်ဆုံစီမံကိန်း စောနိုင်သမျှ စောစော ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်တာကို မြင်ချင်ပါတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန် အခြေစိုက် International Rivers “နိုင်ငံတကာ မြစ်နဒီများအဖွဲ့” ရဲ့ အဆိုအရ မြစ်ဆုံစီမံကိန်းက ထွက်ရှိမယ့် လျှပ်စစ်စွမ်းအင် ပမာဏ မက်ဂါဝပ် ၆ ထောင်ရဲ့ ၉ဝ ရာနှုန်းဟာ တရုတ်ပြည်အတွက် ဖြစ်ပြီး ဒီအတွက် တရုတ်က ၇ဝ ရာခိုင်နှုန်း အမြတ်ထွက်မှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

 

မြန်မာ့ လူ့အခွင့်အရေးနေ့ ပြဋ္ဌာန်းဖို့ ကနေဒါရောက် မြန်မာများ တောင်းဆို


မတ်လ (၁၃) ရက်နေ့ ဖုန်းမော်နေ့ကို မြန်မာ့ လူ့အခွင့်အရေးနေ့အဖြစ် လွှတ်တော်က ဆုံးဖြတ် ပြဋ္ဌာန်းပေးဖို့ ကနေဒါနိုင်ငံရောက် ၈၈ မျိုးဆက် ကျောင်းသားတွေက တောင်းဆိုလိုက်ပါတယ်။
အများ အားလပ်ရက်ဖြစ်တဲ့ စနေနေ့နဲ့ တိုက်ဆိုင်ပြီး ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ ဖုန်းမော်နေ့ အခမ်းအနားကို မနေ့က ကျင်းပခဲ့တာပါ။ ဒီအခမ်းအနားမှာ ဒီမိုကရေစီ တိုက်ပွဲအတွင်း အသက်ပေးသွားတဲ့ ကျောင်းသားရဲဘော်တွေအတွက် ဆွမ်းကပ်လှူဒါန်း ကောင်းမှု ကုသိုလ်ပြုခဲ့ကြတယ်လို့ စီစဉ်သူ တစ်ဦးဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုဌေးအောင်က ပြောပါတယ်။ မဆလ အစိုးရ လက်ထက် ၁၉၈၈ ခုနှစ် မတ်လ (၁၃) ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ စက်မှုတက္ကသိုလ် ကျောင်းသားအရေးအခင်းမှာ စစ်တပ်က အကြမ်းဖက်ပစ်ခတ် ဖြိုခွဲတာကြောင့် သေဆုံးခဲ့ရတဲ့ ကျောင်းသား ကိုဖုန်းမော်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဖုန်းမော်နေ့ (သို့မဟုတ်) မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် နှစ်စဉ် ကျင်းပခဲ့ကြပါတယ်။


ပြည်ထောင်စု ၀န်ကြီးဌာနများ ၏ လုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ တွင် စွမ်းရည်နိမ့်ကျမှုများ၊ ဆုံရှုံး မှုများ၊ မသမာမှုများ၊ လိမ်လည်မှုများ အပါအ၀င် ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မလိုက်နာမှုများ ရှိနေကြောင်း ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အရေးကြီးသော စစ်ဆေးတွေ့ရှိ ချက်များကို စာအမှတ်စဆ/ ၂၂၁ (၆/၂၀၁၂)နှင့်စဆ- ၃/၆၀၃၅ (၈၂/၂၀၁၂)တို့ဖြင့် ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီသို့ အစီရင်ခံ ပေးပို့ခဲ့ရာတွင် အမှတ် (၁)စက်မှုဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သမ၀ါယမ၀န်ကြီး ဌာနနှင့် စက်မှုဝန်ကြီးဌာနတို့၏ ယခင် အစိုးရလက်ထက်မှ ငွေကြေးဆိုင်ရာလုပ်ထုံးလုပ်နည်းမလိုက်နာမှုများကိုထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ကွပ်ကဲမှုအောက်ရှိ မြန်မာ့အလင်း သတင်းစာတိုက်၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် လုပ်ငန်းနှင့် စာရင်းများကို ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးခဲ့ရာ ၂၀၀၈ ခုနှစ် ဧပြီလမှ ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်း သတင်းစာဖိုး ရောင်းရငွေ ကျပ်သန်း ၂၅၈ ဒသမ ၆၂၆ ကို အလွဲသုံးစား ပြုထားကြောင်း .  .  .


ယခင်အမှတ်(၁)စက်မှုဝန် ကြီး ဌာန၊ မြန်မာ့ဆေးဝါးနှင့် စားသောက်ကုန် လုပ်ငန်း ကွပ်ကဲမှုအောက်ရှိ အမှတ်(၁)ဂျုံနှင့် ဂျုံထွက်ပစ္စည်းစက်ရုံ (စစ်ကိုင်း)သည် ရသာမွန်ခေါက်ဆွဲများ ထုတ်လုပ်ရန်အတွက် ခွဲတမ်းရရှိသည့်မီးထိုးဆီများကိုထုတ်ယူပြီးစက်ရုံသို့သယ်ဆောင်ခြင်းမရှိဘဲ ရောင်းစားခဲ့ကြောင်း၊ ခေါက်ဆွဲများ အမှန်မထုတ်ဘဲ အထုတ်ပြပြီး ပုဂ္ဂလိကများကို ထုတ်ခိုင်းခြင်း၊ စာရင်း လိမ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ပါရှိသည်။
လယ်/ဆည်ဝန်ကြီးဌာန၊မြန်မာ့စက်မှု သီးနှံဖွံ့ဖြိုးရေးလုပ်ငန်းကွပ် ကဲမှုအောက်ရှိ ဂုန်လျှော်နှင့်လျှော်မျှင် များလုပ်ငန်းဌာနဒေါပုံကော်ဇောပစ္စည်း စက်ရုံ၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး နှစ်အတွက် လုပ်ငန်းစာရင်းများကို ရန်ကုန်တိုင်းဒေသကြီးစာရင်း စစ် ချုပ်ရုံးမှစစ်ဆေးခဲ့ရာ အသားတင် အရှုံးကျပ်သန်း ၃၄၄ ဒသမ ၄၅၂ ဖြစ်သော်လည်း အရှုံးကျပ်သန်း ၁၂၄ ဒသမ ၅၀၂ လျော့နည်းအောင် လုပ် ကြံဖန်တီး၍ နှစ်ချုပ်စာရင်းရှင်းတမ်း တွင် အရှုံးကျပ်သန်း ၂၁၉ ဒသမ ၉၅၀ သာ ဖော်ပြခဲ့မှုဖြစ်သည်။
သတ္တုတွင်းဝန်ကြီးဌာန၊ အ မှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့်မြန်မာ အိုင်ဗင်ဟိုကုမ္ပဏီလီမိတက်တို့ ပိုင် ဆိုင်သည့် မြန်မာ့အိုင်ဗင်ဟို ကြေးနီကုမ္ပဏီလီမိတက်၏အစုရှယ်ယာ၅၀ရာခိုင်နှုန်းကို ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်သို့ ရောင်းချခဲ့ကြောင်း၊အစုရှယ်ယာလွှဲပြောင်းဝယ်ယူမှုအတွက် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် မှ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းထံ အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော် ပေးချေခဲ့သော်လည်း အဆိုပါ ပေးချေမှုမှာ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်မှ ပေးချေခြင်း မဟုတ်ဘဲ ဟောင်ကောင်မှ Wanbo Mining Copper Limited မှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
ပြန်ကြားရေး ၀န်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ကွပ်ကဲမှုအောက်ရှိ မြန်မာ့အလင်း သတင်း စာတိုက်၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာ ရေးနှစ် လုပ်ငန်းနှင့် စာရင်းများကို ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ရုံးမှစစ်ဆေးခဲ့ရာ ၂၀၀၈ ခုနှစ် ဧပြီလမှ ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်း သတင်းစာဖိုးရောင်းရငွေ ကျပ်သန်း ၂၅၈ ဒသမ ၆၂၆ ကိုအလွဲသုံးစားပြုထားကြောင်း၊ တာဝန်ရှိသူများအားအရေးယူသည်ကို တွေ့ရသော်လည်း သတင်းစာတိုက်တွင် ငွေကြေးများနှင့်ပတ်သက်၍လုပ်ထုံးလုပ်နည်းများကိုလိုက်နာမှုမရှိခြင်းများတွေ့ရသဖြင့် ပြုပြင်ရန်လိုကြောင်း ဖော်ပြထားသည်။
ထို့ပြင်ယခင်အမှတ်(၂)စက်မှုဝန်ကြီးဌာန၊အမှတ်(၁)အထွေထွေအကြီးစားစက်မှုလုပ်ငန်းကွပ်ကဲမှု အောက်ရှိ အမှတ်(၁၁)၊ အထွေထွေ အကြီးစားစက်ရုံ(ရန်ကုန်)၏၂၀၁၀၂၀၁၁ဘဏ္ဍာရေးနှစ်အတွက်အရှုံးပေါ်နေသည့် လုပ်ငန်းနှင့်စာရင်းများ ကို အမြတ်ပေါ်အောင် လိမ်လည်ဖန်တီး ရေးဆွဲခဲ့သည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
လက်ရှိရေးဆွဲတင်ပြသောဘတ်ဂျက်၏လိုငွေနှင့်GDP၏အချိုးအမှန်မှာ၈ဒသမ၂၄ရာခိုင်နှုန်း ဖြစ်နေသောကြောင့် နိုင်ငံတော်စီးပွားရေး အဖွဲ့အစည်းများသို့လှည့်ပတ်ရန်ပုံငွေအဖြစ် နိုင်ငံတော်ရန်ပုံငွေမှထုတ်ချေးရန်တင်ပြထားခြင်းကို ပြန်လည်သုံးသပ်သင့်ကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၏ စစ်ဆေးချက်အရ နိုင်ငံတော်ပိုင်စက်ရုံ၊ အလုပ်ရုံနှင့် စီမံကိန်း လုပ်ငန်းများတွင် စွမ်းရည်နိမ့်ကျခြင်း၊ဆုံးရှုံးခြင်းများသာမက နှစ်ချုပ်စာရင်းများကိုလိမ်လည်ရေးဆွဲ ခြင်းများကို တွေ့ရှိလာရသဖြင့် ပြည်သူ့ဘဏ္ဍာငွေများကို ခွင့်ပြုရာတွင် ပြည်ထောင်စုလွှတ်တော်အနေဖြင့်ပိုမိုဂရုပြုအချိန်ယူစိစစ်ရန်လိုအပ်လာကြောင်း ပြည်သူ့လွှတ်တော်၊ပြည်သူ့ ငွေစာရင်းကော်မတီက သုံးသပ်ထားသည်။




၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်အတွင်း တည်ဆောက်ပြီးစီးခဲ့သော နေပြည်တော် စီမံကိန်းများ အနက် လွှတ်တော် အဆောက်အအုံ ၃၃လုံး၊ သမ္မတအိမ်တော်နှင့် ဒုတိယ သမ္မတအိမ်တော် ခုနစ်လုံးအတွက် ငွေကျပ် ၂၈ ဘီလျံကျော် သုံးစွဲခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့် က မတ်လ ၅ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယပုံမှန် အစည်းအဝေး ၁၈ ရက်မြောက်နေ့ အစီအစဉ်တွင် ပြောကြားခဲ့သည်။
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က “လွှတ်တော် အဆောက်အအုံ ၃၃ လုံး အတွက် ၁၉ ဒသမ ၀၁ ဘီလျံ၊ သမ္မတအိမ်တော် အတွက် ၅ ဒသမ ၈၅ ဘီလျံ၊ ဒုသမ္မတ အိမ်တော်ခုနစ် လုံးအတွက် ၃ ဒသမ ၇၁ ဘီလျံ၊ စုစုပေါင်း ၂၈ ဒသမ ၅၆ ဘီလျံ သုံးစွဲခဲ့ပါတယ်။ ထို့ပြင် အမျိုးသား ပြတိုက် အတွက် ၃ ဒသမ ၀၇ ဘီလျံ၊ အမျိုးသား စာကြည့်တိုက်အတွက် ၁ ဒသမ ၇၈ ဘီလျံ၊ အမျိုးသား မော်ကွန်းတိုက် အတွက် ၀ ဒသမ ၇၈ ဘီလျံ၊ နိုင်ငံတော် ဧည့်ဂေဟာ ၄၀ လုံးအတွက် ၂၁ ဒသမ ၉၄ ဘီလျံ၊ အခြား အဆောက်အဦနှင့် ဆက်စပ်လုပ်ငန်းများ အတွက်  ၅၇ ဒသမ ၇၇ ဘီလျံ၊ လမ်းလုပ်ငန်း အတွက် ၄၄ ဒသမ ၃၆ ဘီလျံ၊ ရေရ ရှိရေးလုပ်ငန်းအတွက် ၂ ဒသမ ၃၆ ဘီလျံ၊ ဆည်နှင့်ရေစီးရေလာ လုပ်ငန်းအတွက် ၂ ဒသမ ၈၇ ဘီလျံသုံး စွဲခဲ့ပါတယ်”ဟုပြောကြားခဲ့သည်။
ထို့ပြင် ဌာနဆိုင်ရာ(လျှပ်စစ်၊ ဆက်သွယ်ရေး၊ ဆောက်လုပ် ရေး)အတွက် ၆ ဒသမ ၇၁ ဘီလျံ၊ အမြတ်ခွန်နှင့် အမြတ်ငွေ ၁၄ ဒသမ ၈၆ ဘီလျံနှင့် စာရင်းစစ် ဆေးမှုအရ အပြီးသတ် စာရင်းရှင်းရန်ငွေနှင့် နိုင်ငံတော်သို့ Withholding Tax  နှစ်ရာခိုင်နှုန်း ပေးသွင်းရန် ၄၆ ဒသမ ၉၁ ဘီလျံ ကုန်ကျခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က ပြောကြားခဲ့သည်။


မြန်မာနိုင်ငံရှိ ဆိပ်ကမ်းလေးခု၏ ရေလမ်းကြောင်းများအား ပြုပြင်သွားမည်


မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပြည်ပကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ဆိပ်ကမ်း ၄ ခု၏  ၀င်၊ အထွက် ရေလမ်းကြောင်းများအား ပြုပြင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပထမဦးစားပေးအဆင့်အနေဖြင့် ပြုပြင်သွားမည့် ရေလမ်းကြောင်းများမှာ မော်လမြိုင်ဆိပ်ကမ်းဝင်ထွက် ရေလမ်းကြောင်းဖြစ်သည့် သံလွင်မြစ်ရေလမ်းကြောင်း၊ ထားဝယ်ဆိပ်ကမ်း ၀င်ထွက်ရေလမ်းကြောင်းဖြစ်သည့် ထားဝယ်မြစ် ရေလမ်းကြောင်း၊ မြိတ်ဆိပ်ကမ်း ၀င်ထွက် ရေလမ်းကြောင်းဖြစ်သည့် ကျောက်ဖြာမြစ်၊ မြိတ်မြစ်၊ တနင်္သာရီမြစ် ရေလမ်းကြောင်း၊ ကော့သောင်းဆိပ်ကမ်း ၀င်ထွက်ရေလမ်းကြောင်း ဖြစ်သည့် ဆလုံကျွန်းရေလမ်းကြောင်း တစ်လျှောက်တို့အား ပြုပြင်ဆောင်ရွက်သွားမည်ဟု သိရသည်။
ကုန်ကျစရိတ်အ၀၀ကို ပြည်ပကုမ္ပဏီမှကျခံပြီး၊ယင်းတို့ပိုင် သောင်တူးရေယာဉ်များဖြင့် သောင်တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ထွက်ရှိလာသည့်သဲများကိုလည်း သင့်တင့်သော ဈေးနှုန်းပေး၍ ၀ယ်ယူကာ စင်ကာပူနိုင်ငံသို့ တင်ပို့သွားရန် စီစဉ်ထားသည်ဟုလည်း သိရသည်။


ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးပါက လူမှုဖူလုံရေး ဥပဒေသစ်ကို အကောင်အထည်ဖော်သွားမည်


လူမှုဖူလုံရေး ဥပဒေသစ်ကို အမျိုးသားလွှတ်တော်က ဖေဖော်ဝါ ရီလ ၂၉ ရက်နေ့က အတည်ပြုခဲ့ပြီး ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးပါက ဥပဒေသစ်ကို စတင် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရပါသည်။ 
''ကျွန်တော်တို့ အခုလက်ရှိ သုံးနေတဲ့ ဥပဒေက ၁၉၅၄ ခုနှစ်က ထုတ်ခဲ့တဲ့ဥပဒေပါ။ လက်ရှိ ပတ်ဝန်းကျင် နိုင်ငံတွေနဲ့ယှဉ်ရင် အဲဒီဥပဒေမှာက ပြုပြင်စရာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဥပဒေသစ် ကိုရေးဆွဲပြီး အကောင်အထည်ဖော်နိုင်ဖို့ လွှတ်တော်ကို တင်ပြခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၉ ရက်နေ့က အမျိုးသားလွှတ်တော်မှာ အတည်ပြု ပြီးသွားပါပြီ။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသွားရင်တော့ ဥပဒေကို စတင် အကောင်အထည်ဖော်သွားပါမယ်။ ဥပဒေသစ်အရ ကျွန်တော်တို့ အလုပ်သမားစာရင်းတွေကို ကွင်း ဆင်းပြီး အတိအကျဖြစ်အောင် ကောက်ယူမှုတွေ ပြုလုပ်သွားပါမယ်။ ပြီးရင်ကွန်ပျူတာနဲ့ စာရင်းသွင်းသွားမယ်။ ထည့်ဝင်ကြေး ပိုများလာမှာဖြစ်သလို နစ်နာကြေးတွေကိုလည်း ထိုက်ထိုက်တန်တန် ပေးသွားမှာဖြစ်ပါတယ်''ဟု လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောကြား ခဲ့သည်။ 
''လူမှုဖူလုံရေးဥပဒေအရ အလုပ်သမား ငါးဦးထက်ပိုတဲ့အလုပ်တိုင်းက အကျုံးဝင်ပါတယ်။ ကျွန်တော်တို့ အလုပ်ရှင်တွေကို ပြောချင်တာကတော့ အလုပ်သမားဦးရေကို ထိန်ချန်ခြင်းမပြုဖို့နဲ့ ထည့်ဝင်ကြေးပေးသွင်းတဲ့ အလုပ်သမားရဲ့ အချက်အလက်တွေ မှန်ကန်ဖို့ပါပဲ။ အလုပ်သမားတွေဖက်ကလည်း မိမိတို့ရဲ့ အခွင့်အရေးတွေ မနစ်နာရအောင် ပြည့်ပြည့်စုံစုံပေးဖို့ လိုပါတယ်။ လုပ်ငန်းခွင်ဆိုတာကတော့ မမျှော်လင့်နိုင်တဲ့ ဒုက္ခတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ အဲဒီလိုမမျှော်လင့်နိုင်တဲ့ ဒုက္ခမျိုးတွေ ကြုံလာခဲ့ရင် ကယ်တင်နိုင်ဖို့ပါ'' ဟု ဦးယုလွင်အောင်က ဆက်လက်ပြောကြားခဲ့ပါသည်။
လက်ရှိ လူမှုဖူလုံရေး ဥပဒေကို ၁၉၅၄ ခုနှစ် အောက်တိုဘာလတွင်  ထုတ်ပြန်ကြေညာခဲ့ပြီး ၁၉၅၆ ခုနှစ် ဇန်န၀ါရီလတွင် စတင်ကျင့်သုံး အကောင်အထည်ဖော်ခဲ့ကြောင်း သိရပါသည်။



မြန်မာနိုင်ငံ တစ်နိုင်ငံလုံးလိုလို တွင် နေ့အပူချိန်များ လက်ရှိ အပူချိန်ထက် တိုးလာမည်ဖြစ်ကြောင်း Myanmar Climate Change Watch တွင် ဖော်ပြချက်ထားများ အရ သိရှိရသည်။
၂၀၁၂ ခုနှစ်မတ်လပထမပတ်  နှင့်ဒုတိယပတ်အတွင်း နှိုင်းယှဉ်ကြည့်ပါက မတ်လ ဒုတိယပတ်အတွင်း နေ့အပူချိန်များ ပိုမိုမြင့်တက် လာခဲ့ကြောင်း၂၀၁၂ခုနှစ် မတ်လ ၉ ရက်နေ့ တွင် ထုတ်ပြန်ချက်များအရ ရန်ကုန် မြို့၏ အပူချိန်မှာ ၃၈ ဒီဂရီစင်တီ ဂရိတ်ထိခဲ့ကြောင်း၊ မတ်လ ၅ ရက် နေ့ ထုတ်ပြန်ထားချက်များ အရ ရန်ကုန်မြို့၏ အမြင့်ဆုံးအပူချိန်မှာ ၃၅ ဒီဂရီ စင်တီဂရိတ် ဖြစ်သောကြောင့် ရက်ပိုင်းအတွင်း ၃ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်ခဲ့ကြောင်းလည်း အလားတူ မန္တလေးမြို့၏ အမြင့်ဆုံး အပူချိန်မှာ ၃၀ ဒီဂရီ စင်တီဂရိတ်မှ ၃၅ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်လာခဲ့ကြောင်းလည်း သိရှိရသည်။


၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် မြန်မာနိုင်ငံသို့ စီးပွားရေးအရ လာရောက်သည့် ခရီးသွားဦးရေ မြင့်တက်


၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် မြန်မာနိုင်ငံသို့ စီးပွားရေးအရ လာရောက်သည့် ခရီးသွားဦးရေ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။ ယင်းသို့လာရောက်သည့် ခရီးသွားများတွင် ဒေသတွင်းနိုင်ငံများမှ သာမက အမေရိကန်နှင့် ဥရောပနိုင်ငံများ ပါဝင်ပြီး ထိုင်းနိုင်ငံမှ အများဆုံးဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ၀င်ရောက်မှုသည် ၂၀၀၉ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြန်လည်ကောင်းမွန်လာခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင်လည်း ခရီးသွားအ၀င် တိုးတက်လာခဲ့သည်။ ၂၀၁၁ ခုနှစ် တွင်မူ မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ၀င်ရောက်မှုမှာ သိသိသာသာ မြင့်တက်လာခဲ့ကာ အလည်အပတ်ဖြင့် သာမကဘဲ စီးပွားရေးအရ လာရောက်မှုများပါ ပိုမိုများပြားလာခဲ့သည်ဟု သိရသည်။
“အရင်နှစ်တွေတုန်းက မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးသွားတွေ မှာ အလည်အပတ်ကိစ္စနဲ့လာတဲ့ ခရီးသွားတွေများပါတယ်။ အခု ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းနဲ့ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွေမှာ စီးပွားရေး အရလာရောက်တဲ့ ခရီးသွားဦးရေက သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ အဓိကက မြန်မာနိုင်ငံကို ပိုသိလာပြီး စီးပွားရေးအရ ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ စိတ်ဝင်စားလာကြလို့ပါ”ဟု Myanmar Tourism Services Co., Ltd မှ မန်နေဂျင်းဒါရိုက်တာ ကိုလင်းထိန်က ပြောပြခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ရန်ကုန်လေဆိပ်သို့ ပြည်ပခရီးသည် ခုနစ်သိန်း ခြောက်သောင်းကျော် အ၀င်ရှိခဲ့ကာ ၂၀၁၀ ပြည့်နှစ်တွင် ၀င်ရောက်ခဲ့သော ခရီးသွားဦးရေထက် ပိုမိုများ ပြားခဲ့သည်။
“မြန်မာနိုင်ငံကို အခုနှစ် နှစ်ဆန်းပိုင်းမှာ ၀င်ရောက်တဲ့ ခရီးသွားထဲမှာထိုင်းနိုင်ငံက အများဆုံး ဖြစ်ပါတယ်။ လက်ရှိမှာတော့ အလည်အပတ် ခရီးသွားဦးရေကို မမီပေမယ့် စီးပွားရေးအရ လာရောက်တဲ့ ခရီးသွားဦးရေကတော့ အရင်ထက် ပိုများလာပါတယ်”ဟု ရန်ကုန်လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ စီးပွားရေးအရ ရင်းနှီးမြုပ်နှံမှုပြုရန် လာရောက်လိုသည့် ခရီးသွား အများအပြားရှိနေပြီး နိုင်ငံများအားလုံး တစ်ပြေးညီဆိုက်ရောက် ဗီဇာအား စိစစ်ထုတ်ပေးခြင်းဖြင့် ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာ နိုင်မည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ဆိုပါသည်။   
      
မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံမှ လာရောက်ခဲ့သော ခရီးသွားဦးရေ

၂၀၁၁  ဇန်န၀ါရီ        
၅၇၈၁
၂၀၁၂  ဇန်န၀ါရီ         
၆၈၃၀
၂၀၁၂  ဖေဖော်ဝါရီ      
၈၀၉၂
၂၀၁၁  ဖေဖော်ဝါရီ    
၅၉၁၂





ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် ယခင်က အိမ်ရာအဖြစ် ချထားပေးခဲ့သည့် မြေကွက်များအား စက်မှုလယ်ယာ စံပြမြေ အထူးစိုက်ပျိုးရေး ဇုန်အတွင်း ပါဝင်သည်ဟုဆိုကာ မြေကွက် ချထားပေးမှုအား ပယ်ဖျက်လိုက်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန မှ သိရှိရသည်။
အဆိုပါ မြေကွက်ပိုင်ရှင်များအား မူလပေးသွင်းခဲ့သည့် မြေကွက်ဖိုးငွေများအား မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ ပြန်လည် ထုတ်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
အဆိုပါ မြေကွက်များမှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ အင်းဝလမ်း၏ အရှေ့ဘက်ခြမ်း၊ မြေတိုင်း ရပ်ကွက်အမှတ် (၁၂၁)၊ (၁၂၂)၊ (၁၂၃)၊ (၁၂၆)၊ (၁၂၇)၊ (၁၂၈)၊ (၁၂၉)၊ (၁၅၇)၊ (၁၅၈)၊ (၁၅၉)၊ (၁၆၀) ရပ်ကွက်များတွင် ချထားပေးခဲ့သည့် မြေကွက်များ ဖြစ်ကြောင်းလည်း သိရှိရသည်။မြေကွက်များအား တန်ဖိုးငွေ ပြန်ထုတ်ပေးမည့် စာရင်းအရ အဆိုပါမြေကွက်များ၌ ၀န်ကြီးဌာန အလိုက် မြေတိုင်းရပ်ကွက် ၁၁ခုမှ မြေကွက်ပေါင်း ၈၀၇၉ ကွက်ရှိကြောင်း၊ အဆိုပါ မြေကွက်များအား အစိုးရ၀န်ထမ်း လုပ်သက် ၂၀ နှစ်နှင့် အထက်ရှိသူများအား ချထားပေးခဲ့သည့် မြေကွက်များ ဖြစ်ကြောင်းလည်း သိရှိရသည်။

မြေကွက်များအား တန်ဖိုးငွေ ထုတ်ပေးမည့် စာရင်း
 
စဉ်  
မြေတိုင်းရပ်ကွက်
မြေကွက်စုစုပေါင်း
ဝန်ကြီးဌာန
၁၂၁   
၄၉၁ကွက်      
ကျန်းမာရေး
၁၂၂   
၁၁၄ကွက်      
လယ်ယာစိုက်ပျိုးရေး
၁၂၃   
၇၇၅ကွက်      
ဘဏ္ဍာ/အခွန်
၁၂၆  
၅၆၀ကွက်

၁၂၇   
၈၅၁ကွက်     
ကာကွယ်ရေး၊ ပြည်ထဲရေး
၁၂၈   
၅၈၂ကွက်     
ပြည်ထဲရေး
၁၂၉  
၅၆၄ကွက်     
နယ်စပ်၊သာသနာရေး၊ ယဉ်ကျေးမှု
၁၅၇   
၁၃၅၈ကွက်    
ပြည်ထဲရေး၊ သာသနာရေး၊ လူမှုဝန်ထမ်း၊ လ .၀ .က၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး၊ သစ်တော
၁၅၈        
၆၃၉ကွက်
သစ်တော၊ လယ်/ဆည်၊ မွေး/ရေ၊ စီမံ/စီးပွား၊ ဘဏ္ဍာ/အခွန်၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး
၁၀
၁၅၉
၆၆၇ကွက်
ပို့ဆောင်ရေး၊ မီးရထား ၊ဆောက်လုပ်ရေး ၊ပြန်ကြားရေး၊
၁၁။   
၁၆၀   
၁၄၇၈ကွက်    
ပြန်ကြားရေး၊ နိုင်ငံခြားရေး၊ စက်မှု(၁)၊ စက်မှု(၂)၊ စွမ်းအင်၊ စီးပွား/ကူးသန်း၊ဟိုတယ်/ခရီး၊ သမ၀ါယမ၊ သတ္တုတွင်း၊ အလုပ်သမား၊ နယ်စပ်၊ စည်ပင်၊ အားကစား၊ သိပ္ပံနည်းပညာ
      

အသက် ၁၆နှစ်ကျော်သာ ရှိသေးတဲ့ မြန်မာအိမ်ဖော်လေး မတင်ဝါဝါခိုင်အား အိမ်ရှင်မှ လူမဆန်စွာ ညှင်းပန်းနှိပ်စက်ထားခြင်းအား စင်ကာပူဆိုင်ရာ မြန်မာသံအမတ်ကြီး ထံတိုင်ကြားထားခြင်း...


စင်ကာပူနိုင်ငံမှာ ၁၆နှစ်ကျော်သာ ရှိသေးတဲ့ မြန်မာအိမ်ဖော် မိန်းကလေး မတင်ဝါဝါခိုင်အား စင်ကာပူ အိမ်ရှင်မှ လူမဆန်စွာ နှိပ်စက် အနိုင်ကျင့် ခံထားရတဲ့ ကိစ္စအား SINGAPORE GENERAL HOAPITALမှာ သူနာပြုဆရာမအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ ဆရာမ ခိုင်ခိုင်စောမှ အသက်နဲ့ မမျှအနှိပ်စက် ခံထားရတဲ့ ကိစ္စအား စင်ကာပူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဦးလွင်အား အဖြစ်အပျက်နဲ့ ဓာတ်ပုံများအား ပူးတွဲတိုင်ကြား ပေးပို့ခဲ့ပါတယ်..။   

ပတ်စပို့မှာ ဖော်ပြပါရှိတဲ့ အသက်(၂၄)နှစ် အမှန်တကယ် အသက် (၁၆)နှစ်သာ ရှိသေးပြီး သေးသွယ် ပိန်လှီလှတဲ့ မြန်မာအိမ်ဖော် မိန်းကလေး မတင်ဝါဝါခိုင်အား အိမ်ရှင်ရဲ့ မတရား ရိုက်နှိပ် နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေကတော့ မျက်နှာနဲ့ တကိုယ်လုံးမှာ ကုတ်ဖဲ့ရာတွေ၊ ရိုက်ခံထားရတဲ့ အရာတွေ၊ မီးလောင်ဖုများ။ တင်ပါးမှာ ရေနွေးနဲ့ ပတ်ထားတဲ့ ဒဏ်ရာများ၊ ၁၆နှစ်သာရှိသေးတဲ့ သူမဟာ ဖိနပ်နဲ့ ကန်ကျောက်တဲ့ ဒဏ်ရာတွေကြောင့် လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တဲ့အပြင် ကော်ဖီမတ်ခွက်နဲ့ ရိုက်ထားတဲ့ ခေါင်းက ဒဏ်ရာတွေ ခံစားနေရတယ်လို့ ဆိုပါတယ်..။

mentally နဲ့ physically  တော်တော်လေးခံစား နေရတယ်ဆိုတာ မျက်နှာကို ကြည့်ရင်သိသာပါတယ်..။  ကလေးမလေးရဲ့ မိခင်၊ ဖခင်တွေသာ မြင်တွေ့ရရင် ရင်ကျိုးရှာမှာပါ။ တကိုယ်လုံးမှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ပါ..။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ မိဝေး၊ ဖဝေး သွားရောက် အလုပ်လုပ်ကိုင်ပြီး စင်ကာပူလို နိုင်ငံလိုနေရာမျိုးမှာ အနှိပ်စက်ခံ၊ အညှင်းပန်းခံနေရတာ အင်မတန် ရင်နာဖို့ ကောင်းပါတယ်..။ သက်ဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး အနေနဲ့လည်း မိမိတို့ နိုင်ငံသားတွေကို ကာကွယ် စောင့်ရှောက်နိုင်ဖို့အတွက် အလျှင်အမြန် Actionယူ လုပ်ဆောင်ဖို့လည်း သူတပါးတိုင်းပြည်မှာ တိုင်းတပါးသားရဲ့ အနှိပ်စက် အညှင်းဆဲခံခဲ့ရတဲ့ မတင်ဝါဝါခိုင် ကိုယ်စား အလေးအနက် တိုက်တွန်း နှိုးဆော်အပ်ပါတယ်..။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ရွာလုံးကျွတ်မဲဆန္ဒရှင် စာရင်းများ ပျောက်ဆုံးလျှက် ရှိနေကြောင်းနှင့် နိုင်ငံနဲ့အဝှမ်း မဲဆန္ဒရှင် စာရင်းများ မှားယွင်းမှုများ ရှိနေကြောင်း သိရှိရ..


မဲဆန္ဒရှင် စာရင်းများ မှားယွင်း ပျောက်ဆုံးမှုများ နိုင်ငံအနှံဖြစ်ပေါ်နေကြောင်း အဖွဲ့ချုပ် ရွေးကောက်ပွဲ မာန်နေဂျာ ရှေ့နေကြီးဦးဥာဏ်ဝင်းအား ယနေ့ဆက်သွယ် မေးမြန်းရာမှာ ပြောဆိုသွားပါတယ်...။ ယခုလက်ရှိအနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မည့် ကော့မှုးမဲဆန္ဒနယ်မှာ ရွာလုံးကျွတ် မဲစာရင်း ပျောက်ဆုံးမှုများ ရှိနေပြီး တချို့မဲဆန္ဒနယ်များမှာလည်း အသက်(၁၃)နှစ်အောက် ကလေးများ အများအပြား ပါဝင်နေကြောင်း ပြောဆိုပါတယ်..။ ယခုရရှိတဲ့ ယနေ့စစ်ဆေးလျှက် ရှိတဲ့ စာရင်းဟာလည်း ကော့မှူးမြို့နယ် မဲဆန္ဒရှင်စာရင်းရဲ့ တဝက်ခန့်သာ ရှိသေးပြီး နောက်ထပ် ထပ်မံ စစ်ဆေးလျှက်ရှိကြောင်း သိရှိရပါသည်...။ မဲဆန္ဒနယ်အသီးသီးမှာ မှားယွင်းမှုများ ဖြစ်ပေါ်လျှက်ရှိပြီး နည်းတာနဲ့ များတာပဲ ကွာတယ်လို့လည်း ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်။

ထို့အပြင် ပြီးခဲ့တဲ့ အပတ်က ရွေးကောက်ပွဲ မာန်နေဂျာ ရှေ့နေကြီးဦးဥာဏ်ဝင်း ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့တဲ့ ဖားကန့်မြို့နယ်မှာလည်း တနိုင်ငံလုံးပုံမှန် မဲစာရင်းထုတ်ပြန်မှုထက် ၅ရက်ခန့် နောက်ကျနေပြီး ကလေးသူငယ်များ၊ သေဆုံးသူများ မဲဆန္ဒရှင် စာရင်းမှာ ပါဝင်နေသည့်အပြင် ရွာလုံးကျွတ် မဲဆန္ဒရှင်များ ပျောက်ဆုံးမှုများလည်း ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရပါသည်...။ သန်းခေါင်စာရင်း၌ ပါဝင်ပြီး မဲစာရင်း၌ မပါဝင်မှုများ၊ သေဆုံးသူစာရင်းများ အသက်မပြည့်သေးသည့် ကလေးစာရင်းများ၊  နေအိမ်မရှိပဲ လူစာရင်းများ ပါဝင်နေမှုများ လူတဦးမှ နေရာအနှံအပြား မဲပေးနိုင်ခွင့် စာရင်းမှာ ပါဝင်နေမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရသည်။ မဲစာရင်းများ မှားယွင်းဖော်ပြမှုများ မသမာမှုများနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင်များအား ညှိနှိုင်း ဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်...။

အဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပဲ သပိတ်မှောက်ခဲ့သည့် ယခင် ၂၀၁၀ရွေးကောက်ပွဲမှာလည်း မဲသမာမှုများ ကြိုတင်မဲများဖြင့် အနိုင်ရယူမှုများ နေရာအနှံအပြားမှာ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်...။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ကနေဒါနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ အဆိုပါမဲစာရင်း မှားယွင်းနေမှုများအား ထောက်ပြ ပြောဆိုသွားပြီး သေဆုံးသွားသူများလည်း မဲစာရင်းများမှာ ပါဝင်နေကြောင်း ထောက်ပြပြောဆို သွားပါတယ်...။

ယခုလာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာလည်း အဖွဲ့ချုပ် ကိုယ်စားလှယ် ၂ဦးစီ မဲရုံတိုင်းမှာ စောင့်ကြည့် အကဲခတ်ခွင့် ရရှိမှာဖြစ်ပါတယ်။ ပြည်သူလူထုမှလည်း မဲရုံဝန်းကျင်များမှာ စောင့်ကြည့်အကဲခတ်နိုင်ပြီး မသမာမှုများအား တွေ့ရှိပါက ချက်ခြင်းတိုင်ကြားနိုင်ကြောင်း သိရှိရပါတယ်...။ လာမယ့် ဧပြီလ (၁)ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲအား တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မဖြစ်အား မြန်မာပြည်သူများနဲ့ ကမ္ဘာနိုင်ငံအသီးသီးမှ အလေးထား စောင့်ကြည့်လျှက်ရှိပြီး  ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေပါတယ် ဆိုတဲ့ လက်ရှိ အာဏာရ အစိုးရရဲ့အား စမ်းသပ်ခံ မှတ်ကျောက်တင်မည့် အရေးပါသည့် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်..။

ဂျပန်အမျိုးသမီး တဦး အမည်မည်းစာရင်းသွင်းခံရ


ယခင်လဆန်းပိုင်းက Muraki Yuko အမည်ရှိ ခရီးသည် အမျိုးသမီးသည် ဦးဂမ္ဘီရအား သွားရောက် တွေ့ဆုံရန် ကြိုးပမ်းခဲ့သည်၊ မိတ္ထီလာ မဲဆန္ဒနယ် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်အေးနှင့် တွေ့ဆုံခဲ့သည်ဟု ဌာနတွင်း ပေးစာတွင် ဖော်ပြထားသည်။
“ဗီဇာစည်းကမ်း ဖောက်ဖျက်သဖြင့် အမည်မည်းစာရင်း (Black List) ရေးသွင်းပါကြောင်း” ဟု ထိုစာတွင် ရေးထားသည်။
နောင်တွင် မည်သည့် ပြည်ဝင်ဗီဇာမှ ထုတ်ပေးခြင်း လုံးဝ မပြုရန် နိုင်ငံတကာ မြန်မာသံရုံးများသို့ ပေးပို့သော စာတွင် ဖော်ပြထားသည်။ အဆိုပါပေးစာတွင် ခရီးသည် အမျိုးသမီး၏ ဓာတ်ပုံ ဖော်ပြထားခြင်း မရှိသော်လည်း နိုင်ငံကူးလက်မှတ်၊ ထုတ်ပေးခဲ့ဖူးသည့် ဗီဇာ တို့နှင့် ပတ်သက်သည့် အချက်အလက်များ ပါဝင်သည်။

 

မြောက်ပိုင်းဒေသ ၀မ်းနည်းဖွယ်ဖြစ်ရပ်အတွက် ABSDF ထပ်မံ ကြေညာချက်ထုတ်ပြန်


မြန်မာပြည်မြောက်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သော သွေးထွက်သံယိုမှုများ အပါအ၀င် “လက်နက်ကိုင်တော်လှန်ရေးအတွင်း ၀မ်းနည်း ကြေကွဲဖွယ်ရာ သမိုင်းဖြစ်ရပ်” ဖြစ်စဉ်များတွင် “နစ်နာခဲ့ရသူများအတွက် တရားမျှတမှု ရရှိရေး ဆောင်ရွက်သွားမည်” ဟု ABSDF က ယနေ့ ကြေညာလိုက်သည်။အချက်အလက်စုပြီး အစီရင်ခံစာ ရေးသားခြင်းကို တနှစ်ကျော် အချိန်ယူ ဆောင်ရွက်မည်ဟု သိရသည်။
“အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့၏ အချက်အလက် စုဆောင်းခြင်း နှင့် အစီရင်ခံစာ ရေးသားခြင်း လုပ်ငန်းအား ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ် ဆောင်ရွက်သွားမည်” ဟု ကြေညာချက်တွင် ရေးထားသည်။
၁၉၉၁/၉၂ ကာလက ကချင်ပြည်နယ်တွင် ABSDF အဖွဲ့အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ကာလကြာရှည်စွာ ဖမ်းဆီး နှိပ်စက်မှုများ၊ သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည်။ထိုဖြစ်ရပ် ပေါ်ပေါက်ပြီး အနှစ် ၂၀ အကြာတွင် ထိုပဋိပက္ခအတွင်းမှ လွတ်မြောက်လာသူတချို့က ဖွင့်ချခဲ့ကြပြီး လူသိထင်ရှားဖြစ်လာသည်။ဖြစ်ရပ်မှန်ဖော်ထုတ်ရေးအတွက် အလုပ်အဖွဲ့တခု ဖွဲ့စည်း တာဝန်ပေးအပ်သွားမည်ဟု ABSDF က ကြေညာခဲ့ပြီး ယခု အလုပ်အဖွဲ့၏ လုပ်ငန်းများ အကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ABSDF ကို ၁၉၈၈ လူထုလှုပ်ရှားမှုအပြီး နယ်စပ်ဒေသို့ တိမ်းရှောင်သွားသော ကျောင်းသား၊ လူငယ်များက တည်ထောင်ခဲ့သည်။ယခင်က အင်အားကောင်းသည့် လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သော်လည်း ယခု လက်နက်ကိုင်အင်အား အနည်းငယ်သာ ကျန်ရစ်သည်။မကြာသေးမီက အစိုးရ၀န်ကြီးတဦးကABSDFနှင့်ဆက်သွယ်တွေ့ဆုံခဲ့ပြီးငြိမ်းချမ်းရေးအတွက်ဆက်လက်ဆွေးနွေးရန်သဘောတူခဲ့သည်။ထိုသဘောတူညီချက်အရ ယနေ့နံနက်ပိုင်းတွင် ABSDF ကိုယ်စားလှယ်တချို့ အစိုးရနှင့် ဆွေးနွေးရန် မြန်မာပြည်အတွင်းသို့ ၀င်ရောက်သွားကြသည်။

Lwin Pw


Blog:                          http://wanna23-23.blogspot.com/

0 comments:

Post a Comment