မြန်မာသတင်းများ        မတ် ၁၇ ရက်၊ ၂၀၁၂

နှစ် ၂၀ ကျော်အတွင်း တံတားနီ အထိမ်းအမှတ်ပွဲ ပြန်လည်ကျင်းပ

တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှု တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို နှစ် ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်နှင့်၈၈ မျိုးဆက် ကျောင်းသားဟောင်းများ၊ မျိုးဆက်သစ် ကျောင်းသားများ တက်ရောက်ကြောင်း ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ မင်္ဂလာဒို့ရိုးရာခန်းမတွင် ကျင်းပသော ၂၄ နှစ်မြောက် ရန်ကုန် ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်က “တံတားနီဖြစ်စဉ်ကာလ၌ မြန်မာနိုင်ငံတွင် မရှိသေးသော်လည်း အဆိုပါဖြစ်စဉ်တွင် ပါဝင်လှုပ် ရှားခဲ့သူများ၏ သစ္စာတရားကို ဂုဏ်ပြုလိုသဖြင့် တက်ရောက်လာခြင်းဖြစ်ကြောင်း၊ အားလုံး ပါဝင်သော နိုင်ငံရေး ဖြစ်စဉ်တခုကို ဖြစ်ပေါ်စေလိုကြောင်း၊ အားလုံးပါဝင်ရေးဆိုရာတွင် တပ်မတော်သားများလည်း ပါဝင်ကြောင်း” ပြောကြားကြောင်း  “နိုင်ငံရေးတွင် အမှားအမှန်ဆိုသော အဖြေတခုတည်းသာ မရှိကြောင်း၊ မှားခြင်း မှန်ခြင်းဆိုသည်မှာ အများအကျိုးကို မည်မျှဆောင်ရွက်နိုင်သည်ဆိုသည့် မိမိကိုယ်ကိုယ်နှင့်သာ သက်ဆိုင်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ခြင်းသည် ခြေလှမ်းတလှမ်း၊ အဆင့် တဆင့်သာဖြစ်ကြောင်း၊ ထိုမှတဆင့် လုပ်ဆောင်သွားရမည်များ များစွာရှိနေသေးကြောင်း၊ ထို့ကြောင့် အားဖြည့်ထားကြရမည်ဖြစ်ကြောင်း” လည်း ပြောကြားသွားကြောင်းအခမ်းအနားကို ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းများက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပြုံးချို အစရှိသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တက်ရောက်ကြောင်း၊ တက်ရောက်သည့် ပရိသတ် ရာနှင့်ချီ၍ ရှိကြောင်း အခမ်းအနားတွင် ကိုမင်းကိုနိုင်က သမိုင်းအမှန်များ၊ တရားမျှတမှုများအတွက် လွတ်လပ်မှုများ ပေးသင့်ကြောင်း၊ လွတ်လပ်စွာ ရေးသား ထုတ်ဝေ၊ စုဝေး ဆန္ဒထုတ်ဖော်ခြင်းစသည့် နိုင်ငံသားများ၏ အခွင့်အရေးများ ပေးသင့်ကြောင်း၊ ပြည်သူများ လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ရသင့်ကြောင်း ပြောဆိုသွားကြောင်းထို့နောက် ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ မျိုးဆက်သစ်လူငယ်များနှင့် တံတာနီအရေးအခင်းတွင် ပါဝင်ခဲ့သူများ စုဝေး၍ အင်းလျားကန်ဘောင်တွင် ၁၉၈၈ ခုနှစ်က ဖြစ်ရပ်ဟောင်းများကို စကားလက်ဆုံ ပြောဆိုခဲ့ကြကြောင်း၊ တံတားဖြူ ကားမှတ်တိုင်အနီးတွင် အာဏာပိုင်များ၏ နှိမ်နင်းမှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရ၊ ဖမ်းဆီး ထိမ်းသိမ်းခံရသည့် ကျောင်းသားများအတွက် အင်းလျားရေပြင်တွင် ပန်းခွေများမျှောကာ ဆုတောင်းကြကြောင်းသတင်းရရှိသည်။
၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် တံတားဖြူမှတ်တိုင်အနီး၌ ရာနှင့်ချီသော ရန်ကုန် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို ထိုစဉ်က မဆလ အာဏာရှင်အစိုးရ၏ လုံထိန်းရဲများက ရိုက်နှက်၊ ပစ်ခတ်၊ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း မနေ့ကျင်းပသည့် တံတားနီနေ့ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို မူလစီစဉ်ခဲ့သောနေရာတွင် ကျင်းပရန် အဆင်မပြေဖြစ်ခဲ့သဖြင့် မင်္ဂလာဒို့ရိုးရာခန်းမသို့ ပြောင်းရွှေ့ကျင်းပကြခြင်းဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင် အားနည်းချက်ရှိဟု Derek Mitchell ဝေဖန်

မြန်မာနိုင်ငံမှာ ကျင်းပဖို့ရာ ရက်ပိုင်းသာ လိုတော့တဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံရေးပါတီတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာတွေကို ပိုမိုသိရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဒဲရက်ခ် မစ်ချဲ ဟာ - ဒီကနေ့ သောကြာနေ့မှာ မန္တလေးကို သွားရောက်ပြီး ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့ကြောင်း
အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲ (Derek Mitchell) က - ကြားဖြတ်ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ အခြေအနေတွေကို ပိုမိုသိရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မန္တလေးမြို့မှာ နိုင်ငံရေးပါတီ တချို့နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီလို တွေ့ဆုံချိန် - ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေမှာ အားနည်းချက်တွေ ရှိနေတာတွေ့ရတယ်လို့ ဝေဖန်ခဲ့တဲ့အကြောင်း ဒဲရက်ခ် မစ်ချဲနဲ့ တွေ့ဆုံခဲ့တဲ့ NLD မန္တလေးတိုင်း အောင်နိုင်ရေးအဖွဲ့ဝင်တဦးက ပြောပြကြောင်းသိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့တောင်းဆိုသူ အဖမ်းခံရ

ဘိုကလေးမြို့မှာ အကျဉ်းထောင်ဝတ်စုံ ၀တ်ဆင်ပြီး တစ်ကိုယ်တော် ဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအောင်မြင့်နဲ့ သမီးဖြစ်သူ မနှင်းထက်ထက်အောင်ကို အာဏာပိုင်တွေက ရန်ကုန်မြို့မှာ မနေ့က ဖမ်းဆီးလိုက်ကြောင်း ဦးအောင်မြင့်ဟာ အကျဉ်းသားဝတ်စုံ ၀တ်ဆင်ပြီး ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် တောင်းဆိုဆန္ဒပြတာလို့ သိရကြောင်း
မနေ့က နေ့လည်တစ်နာရီလောက်မှာ ဗဟန်းရဲစခန်းက ဦးအောင်မြင့်နဲ့ သမီးမနှင်းထက်ထက်အောင်ကို ဖမ်းဆီးခဲ့ပြီး၊ ပြည်လမ်းက စုပေါင်းရုံး အမှတ် ၄ စစ်ကြောရေးစခန်းကို ပို့ခဲ့တယ်လို့ သိရပါကြောင်း အဲဒီ စစ်ကြောရေးစခန်းမှာ တစ်ညလုံးစစ်ဆေးခဲ့တယ်လို့ သမီးဖြစ်သူ မနှင်းထက်ထက်အောင်က ပြောကြောင်းဒီကနေ့ နေ့လည်ပိုင်းမှာတော့ သမီးဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဦးအောင်မြင့်ကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲလို့ သိရကြောင်း ဦးအောင်မြင့်ဟာ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ တစ်ကြိမ် ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့အရေးမှာ ပါဝင်မှုကြောင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလမှာ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ကြောင်း သိရသည်။

သံခြေကျင်းဖြင့် ဆန္ဒပြသူ စိတ်ရောဂါဆေးရုံ အပို့ခံရ

နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေးအတွက် ထောင်ဝတ်စုံအပြာနှင့် မိမိကိုယ်ကိုယ် သံခြေကျင်းခတ်၍ တကိုယ်တော် ဆန္ဒပြနေသူ ဘိုကလေးမြို့မှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်မြင့်နှင့် သမီးဖြစ်သူ မနှင်းထက်ထက်အောင်တို့ကို ယမန်နေ့က ဗဟန်းရဲစခန်းမှ ဖမ်းဆီးသွားခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် သမီးဖြစ်သူကို ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။ ဦးအောင်မြင့်သည် ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်လာစဉ် ညနေ ၃ နာရီခန့်တွင် ဗဟန်းရဲစခန်းက ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ သားအဖနှစ်ဦးစလုံးကို စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ ဦးအောင်မြင့်ကိုမူ ယနေ့နံနက်ပိုင်းက ရွာသာကြီး စိတ်ရောဂါဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဗဟန်း ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောကြားကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန် ဗီယက်နမ် သွားမည်

ဗီယက်နမ်သမ္မတ၏ ဖိတ်ကြားချက်အရ မတ်လ ၂၀ နှင့် ၂၁ ရက်တို့တွင် သမ္မတ ဦးသိန်းစိန်သည် ဗီယက်နမ်သို့ လာရောက်လည်ပတ်မည်ဟု ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာသည်။ ဗီယက်နမ် သတင်းဌာနတခု၏ သတင်းပေးပို့ချက်အရ မြန်မာ့ရေတပ်မှ ရေတပ်သား ၁၂၃ ဦးစီ တင်ဆောင်လာသော ဖရီးဂိတ်အမျိုးအစား တိုက်ရေယာဉ် ၂ စင်းသည် ၃ ရက်ကြာ ခရီးစဉ်အဖြစ် ဗီယက်နမ်အလယ်ပိုင်း ဒါ့နန်မြို့ ဆိပ်ကမ်းသို့ ယနေ့ ဆိုက်ရောက်လာကြောင်း ယခုကဲ့သို့ မြန်မာ့တိုက်ရေယာဉ်များ ဗီယက်နမ်သို့ ဆိုက်ရောက်မှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။

သတင်းသမားများအပေါ် ခြိမ်းခြောက်ခြင်း မပြုရန် ထုတ်ပြန်

သတ္တုတွင်း ၀န်ကြီးဌာနက The Voice ဂျာနယ်အား တရားစွဲဆိုရန် ထုတ်ပြန်ချက် အပါအ၀င် အစိုးရ ၀န်ကြီးဌာနများက သတင်းသမားများ အပေါ် ခြိမ်းခြောက်မှုပါသော လုပ်ရပ်များနှင့် ပတ်သက်ပြီး လွတ်လပ်စွာ ရေးသားပိုင်ခွင့်ကို အသိအမှတ်ပြုရန် မြန်မာ ဂျာနယ်လစ် ကွန်ရက် (MJN) က ယနေ့ပြောဆို လိုက်သည်။ ယခု လုပ်ရပ်သည် သမ္မတ ဦးသိန်းစိန် အစိုးရ၏ ဒီမိုကရေစီ ခြေလှမ်းများကို အဟန့်အတား ဖြစ်စေသည် ဟုလည်း အချက် ၅ ချက်ပါ MJN ထုတ်ပြန်ချက်၌ ပါရှိသည်။ MJN သည် ၀ါရင့်သတင်းစာ ဆရာကြီး များ အပါအ၀င် ပြည်တွင်း သတင်းသမား ၁၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်ကြောင်း သိရသည်။ 

ဝန်ကြီးဌာန ၉ ခု ဘတ်ဂျက် ဖြတ်တောက်ခံရ

မြန်မာ့ စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန၏ ဘတ်ဂျက် ၁၀၀ ရာခိုင်နှုန်း ဖြတ်တောက်ခြင်း အပါအ၀င် အစိုးရ၀န်ကြီးဌာန စုစုပေါင်း ၉ ခု ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်များကို ပြည်ထောင်စု လွှတ်တော်က ဖြတ်တောက်လိုက်ကြောင်းစက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန၊ စက်မှုစီမံကိန်း လုပ်ငန်းများ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွက် အသုံးပြုရန် တောင်း ခံ ထားသည့် ဘတ်ဂျက်ငွေများ ဖြတ်တောက်ခံရခြင်းဖြစ်ကြောင်းဘတ်ဂျက် ဖြတ်တောက်ခံရသည့် အတွက် စီမံကိန်းအားလုံး၏ လုပ်ငန်းပမာဏ ၁၀၀ ရာခိုင်နှုန်းကို ဆိုင်းငံ့ထားရန်လည်း ယမန် နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများ၌ ဖော်ပြ ထား သည်။
ဘတ်ဂျက် ဖြတ်တောက်ခံရသည့် ၀န်ကြီး ဌာနများမှာ မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဌာန၊ ပြန်ကြားရေး၊ နိုင်ငံတော် သမ္မတရုံး၊ အားကစား၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း၊ စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) (၂) လျှပ်စစ် ၀န်ကြီးဌာနများ၊ ဆောက် လုပ်ရေး၊ မီးရထား ၀န်ကြီးဌာန စသည့် ၀န်ကြီးဌာန ၉ ခု၏ ဘတ်ဂျက် ရာခိုင်နှုန်း တချို့အား ဖြတ်တောက်ခဲ့ကြောင်းသိရသည်။

စက်မှုဖွံဖြိုး ၀န်ကြီးဌာန ဘတ်ဂျက် ရာနှုန်းပြည့် အဖြတ်ခံရ

ဝန်ကြီးဌာနများ၏ ဘတ်ဂျက် အသုံးစရိတ်များအား လွှတ်တော်၌ တင်သွင်းရာတွင် မြန်မာ့ စက်မှုဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီး ဌာန၏ ဘတ်ဂျက် ကို ရာနှုန်းပြည့် ဖြတ်တောက်လိုက်သည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အပါအ၀င် လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွက်ပါ ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်း၊ ယင်း ၀န်ကြီးဌာနသည် ဦးသိန်းစိန် အစိုးရ လက်ထက်တွင်မှ စတင် ဖွဲ့စည်းခြင်း ဖြစ်ပြီး အသုံးစရိတ်ကို သမ္မတ ရုံး ဘတ်ဂျက်မှ သုံးထားခြင်းဖြစ်ကြောင်း သိရသည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာန အသုံးစရိတ်များလည်း ဖြတ်တောက်ခံရသည်ဟု ဆိုသည်။

မလေးရှား နိုင်ငံခြားရေး ၀န်ကြီးနှင့် ဦးသိန်းစိန်တွေ့

မလေးရှား နိုင်ငံခြားရေး ၀န်ကြီး ဒါတွဒ် အာနီဖာ အာမန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံသည်။ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ် နှံမှု တိုးမြှင့်ရေး ဆိုင်ရာများကို ဆွေးနွေးကြကြောင်း သိရသည်။

၁၉၉၀ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိန် ကွယ်လွန် 

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိန်သည် မတ်လ ၁၅ ရက်နေ့က သြစတြေးလျနိုင်ငံ ဒါဝင်မြို့တွင် အသဲကင်ဆာဖြင့် ကွယ်လွန်သွားခဲ့သည်။ ဦးသန်းစိန်အား စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၁ မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားပြု ရွေးချယ်ခံရပြီးနောက် ပြည်သူ့လွှတ်တော် ခေါ်ယူပေးရေး (ဂန္ဓီခန်းမ ညီလာခံ)နှင့် စင်ပြိုင်အစိုးရ ဖွဲ့စည်းရေး (မန္တလေး လျို့ဝှက်အစည်းအဝေးများ) တက်ရောက်ခြင်းကြောင့် နဝတ စစ်အစိုးရ လက်ထက် ၁၉၉၁ ခုနှစ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခြင်း ခံခဲ့ရသည်။

၁၉၉၁ ခုနှစ် ဒီဇင်္ဘာလတွင် အိန္ဒိယနိုင်ငံသို့ ထွက်ခွါလာခဲ့ကာ မီဇိုရမ်ပြည်နယ်နှင့် နယူးဒေလီမြို့တို့တွင် နေထိုင်ခဲ့ သည့် ဦးသန်းစိန်မှာ နိုင်ငံရေး လှုပ်ရှားမှုများအပြင် လူငယ်များအတွက် ဘလော့လုပ်နည်း အတတ်ပညာများ စတင် ပို့ချပေးခဲ့သူ တဦးလည်းဖြစ်ကြောင်း ဦးသန်းစိန်၏ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် ဒေါက်တာတင့်ဆွေ က ပြောသည်။

ကဗျာဆရာတဦးလည်းဖြစ်သည့် ဦးသန်းစိန်သည် ၁၉၉၂ ဖေဖေါ်ဝါရီလတွင် ‘ပုလဲပန်းကဗျာများ’ စာအုပ်ငယ်ကို သန်းစိန်(ပုလဲ) ကလောင်အမည်ဖြင့် တကိုယ်တော် ထုတ်ဝေခဲ့ပြီး ထိုစဉ်က နဝတ စစ်အစိုးရအား ဝေဖန်၊ တိုက်ခိုက်၊ သရော်ထားသည့် ကဗျာများအား ဂန္ထဝင်ဟန်ဖြင့် ရေးဖွဲ့ခဲ့သည်။ ထို့နောက် နယူးဒေလီမှ ထုတ်ဝေသည့် ‘ပန်းစကား’ မဂ္ဂဇင်းတွင်လည်း ပင်တိုင် ကဗျာရှင်အဖြစ် ရေးသားပေးခဲ့သည်။ဦးသန်းစိန်သည် လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)နှင့်
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီတို့တွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် သြစတြေးလျနိုင်ငံသို့ပြောင်းရွှေ့နေထိုင်ခဲ့ရင်း အသက် ၆၃ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်
ကြောင်း သိရသည်။

မွန်ရှိ ကုလားဂုတ် ရေနက်ဆိပ်ကမ်း အကောင်အထည်ဖေါ်ဖို့ တင်ပြ 

မွန်ပြည်နယ် ရေးမြို့နယ် အတွင်းရှိ ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို ပြန်လည် အကောင်အထည် ဖော်လိုကြောင်း မွန်စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြင့် စုဖွဲ့ထားသည့် တလမွန်ကုမ္ပဏီက တနင်္လာနေ့တွင် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးစဉ် တင်ပြခဲ့ကြောင်း အဆိုပါ ရေနက်ဆိပ်ကမ်းအပြင် စီမံကိန်း၏ အစိတ်အပိုင်းများ ဖြစ်သည့် ရေး-သံဖြူဇရပ်-ဘုရားသုံးဆူလမ်း၊ ရေး-သံဖြူ ဇရပ်-ကြာအင်းဆိပ်ကြီး-ကျုံဒိုး-ကော့ကရိတ်-မြဝတီလမ်း ဖောက်လုပ်ရေးနှင့် ထိုင်း- မြန်မာနယ်စပ်ဘုရားသုံးဆူမြို့အနီးတွင်စက်မှုဇုန်တည်ဆောက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ရန်အတွက် ၁၉၉၆ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၏ ရာမည အင်တာနေရှင်နယ် ကုမ္ပဏီ လိမိတက်နှင့် ထိုင်း Power-P ကုမ္ပဏီတို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး စတင်အကောင်အထည်ဖော်ခဲ့သော်လည်း ထိုင်းနိုင်ငံ၏ စီးပွားရေး ကျဆင်းမှုနှင့် မဟာမိတ် လက်နက်ကိုင် အဖွဲ့တခု၏ ကန့်ကွက်မှုကြောင့် စီမံကိန်းကို ရပ်တန့်ခဲ့ကြောင်း၁၉၉၇ ခုနှစ် စစ်တမ်း ပြုလုပ်ချက်အရ ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် နေရာ၏ အနောက်ဘက် ၇ မိုင် အကွာ တွင် တောင်-မြောက် အရှည် ၉ မိုင်ခန့်ရှိသည့် ကုလားဂုတ်ကျွန်းက ကာဆီးထားသည့်အတွက် မုန်တိုင်းဒဏ် ကင်းလွတ်နိုင်မည် ဖြစ်ကြောင်း၎င်းပြင် ချဉ်းကပ်ရေကြောင်း၏ အနိမ့်ဆုံး ရေအနက်မှာ ၁၅ မီတာ ရှိပြီး၊ ဒီရေအမြင့် ကွာခြားချက် ၃ မီတာနှင့် ၅ မီတာကြားတွင် တည်ရှိကာ၊ ဆိပ်ကမ်းတွင် ကုန်တင်သင်္ဘော DWT ၄၀,၀၀၀ မှ ၅၀,၀၀၀ အကြားရှိ ရေယာဉ်များ ဆိုက်ကပ်နိုင်မည် ဖြစ်သည်။လက်ရှိ အစိုးရက မြန်မာကမ်းရိုးတန်း တလျှောက်တွင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ထားဝယ် ရေနက်ဆိပ်ကမ်း၊ ဘုတ်ပြင်း ရေနက်ဆိပ်ကမ်းနှင့် ကုလားဂုတ် ရေနက်ဆိပ်ကမ်းတို့ကို တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။

ဖားကန့်မဲဆန္ဒရှင် ၂၀၁၀ ထက် ၃ ပုံ ၁ ပုံ လျော့နည်းသွား 

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် အမတ်တနေရာ လစ်လပ်နေသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ မဲပေးနိုင်သူ အရေအတွက်မှာ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပစဉ်ကထက် ၃ ပုံ ၁ ပုံ လျော့နည်းသွားကြောင်း ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းခွဲကျော်ရှိခဲ့ရာမှ လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေသခံ လူဦးရေ ၉၅,၁၃၇ သာ မဲပေးနိုင်သည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ပြောကြောင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၆ နယ်မြေအတွင်းရှိ ကျေးရွာပေါင်း ၁၀ ကျော်က မဲရုံများ ဖျက်သိမ်း လိုက်သလို၊ ရွှေ့ပြောင်းအလုပ်သမားများ မဲပေးပိုင်ခွင့် မရှိခြင်းနှင့် သန်းခေါင်စာရင်းရှိသူများသာ မဲပေးနိုင်သဖြင့် မဲပေးနိုင်သူဦးရေ လျော့နည်းသွားခြင်း ဖြစ်သည်ဟု သိရသည်။

လုံခြုံရေးကြောင့် ဖားကန့်တွင် မဲရုံ ၃၉ ရုံ ပယ်ဖျက်

လုံခြုံရေးကြောင့် ဖားကန့်တွင် မဲရုံ ၃၉ ရုံ ပယ်ဖျက် ၂၀၁၀ ရွေးကောက်ပွဲတွင် ဖားကန့်၌ မဲရုံ ၁၁၀ ထားရှိခဲ့ရာ လုံခြုံရေးနှင့် ရွေးကောက်ပွဲ နည်းဥပဒေများအရ လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံ ၇၁ ရုံသာ ထားရှိသွားမည်ဟု ကော်မရှင်က ထုတ်ပြန်ကြောင်း ယင်းမဲဆန္ဒနယ်၌ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အမတ်လောင်း ဒေါ်ဘောက်ဂျာက ပြောသည်။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၁ နေရာစာ အတွက် ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ် ဖားကန့်မဲဆန္ဒနယ်၌ ၂၀၁၀ ရွေးကောက်ပွဲတွင် ထားရှိခဲ့သည့် မဲရုံစာရင်းထဲမှ၃၉ ရုံ ပယ်ဖျက် လိုက်ကြောင်း သတင်းရရှိသည်

ကျောက်ပန်းတောင်းမှာ မဲစာရင်း အမှားအယွင်းရှိ

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ရပ်ကွက် ၊ ကျေးရွာများတွင်လည်း မဲစာရင်း လွဲမှားခြင်း ၊ မဲပေးနိုင်သည့် အမည်များ ကျန်ရှိနေခြင်း စသည့်မဲစာရင်းအမှားအယွင်းများ ဖြစ်ပေါ်နေကြောင်း အဆိုပါ မဲစာရင်းများတွင် သေဆုံးသူများ၏ အမည်စာရင်းများ ပါနေခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူအချို့၏ အမည်များ ကျန်နေခြင်းစသည့် မဲပေးနိုင်သော လူဦးရေနှင့် မဲစာရင်းတွင် ကိုက်ညီမှု မရှိခြင်းတို့ကြောင့် မြို့နယ်ကော်မရှင်သို့ လာမည့် မတ်လ ၂၄ရက်နေ့နောက်ဆုံးထားပြီး မဲစာရင်းတွင် မပါရှိသေးသော အမည်စာရင်းများကို ပေးပို့နိုင်ကြောင်း ကော်မရှင်ရုံးက ထုတ်ပြန်ပြောဆိုသည်။ မန္တလေးမြို့နယ် ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာပေါင်း ၃၆၀ ကျော် ၊ မြို့ပေါ် ရပ်ကွက် ၁၂ ခုရှိပြီး မဲရုံပေါင်း ၃၈၃ရုံနှင့် လူဦးရေ ၂၀၉၀၃၀ (နှစ်သိန်းကိုးထောင်သုံးဆယ်) ရှိကြောင်း သိရှိရသည်။

NLD ခေါင်းဆောင်၏ မကွေး ဟောပြောပွဲအတွက် ကွင်းမရသေး

လာမည့် မတ်လ ၂၇ ရက်နေ့ တွင် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွက် မကွေးမြို့သို့ ကွင်းရရှိရန်အခက် အခဲဖြစ်နေသောကြောင့် ကြိုးစားနေဆဲဖြစ်ကြောင်း မကွေးမြို့ NLDအောင်နိုင်ရေး ကော်မတီမှ အဖွဲ့ဝင်တဦးဖြစ်သူ ဦးရဲတင့်က ပြောကြောင်းမကွေးတိုင်း ခရီးစဉ်အတွက် မြသလွန် ဘုရားပွဲ နှစ်စဉ်ကျင်းပရာ ဧရာဝတီ မြစ်ကမ်းနဖူးရှိ နံကပ်ကျွန်း ကျေးရွာပိုင်ကွင်း ကို လျှောက်ထားရာ အဆိုပါကွင်းကိုပိုင်သည့် ဘုရားဂေါကပအဖွဲ့က ခွင့်ပြုချက်ပေး ခဲ့ကြောင်းသို့ရာတွင် မကွေးတိုင်းဝန်ကြီးချုပ်က ယခုချိန်ထိခွင့်ပြုချက် မပေးသောကြောင့် စီစဉ်ရန်အခက် အခဲဖြစ်ကြောင်း အဆိုပါကွင်းသည် ၁၉၈၈ မျိုးဆက် ကျောင်းသားတဦးဖြစ်သူ ဦးအေးလွင် နှင့်အဖွဲ့က ယခင်က ဟောပြော ပွဲများ ကျင်းပခဲ့ဖူးပြီး ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအင်အားစု (NDF) စည်းရုံး ဟောပြောခွင့်ရရှိထားသည့် ကွင်းဖြစ်သည်ဟုလည်း ဆိုကြောင်း အဆိုပါကွင်းကိစ္စနှင့်ပတ်သက်၍ မကွေးမြို့နယ်ကော်မရှင်ရုံးမှ တာဝန်ရှိသူတဦးဖြစ်သူ ဦးလှအောင်အား မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် ကွင်းကိစ္စနှင့်ပတ်သက်၍ တစုံတရာ သိရှိထားခြင်း မရှိကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဧ။် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် လ လဆန်းပိုင်းမှစ၍ လူထုစည်းရုံးရေးခရီးစဉ်များ နိုင်ငံအနှံ့ သွားလျက်ရှိရာတွင် လူထုဟောပြောပွဲ ကွင်းနေရာနှင့် ပတ်သက်ပြီး အဖုအထစ်များ မကြာခဏ ကြုံတွေ့နေရကြောင်း၎င်းတို့ထဲမှာ မန္တလေးတိုင်း ခရီးစဉ်တွင် တောင်းဆိုသည့် ကွင်းမရရှိခြင်းကြောင့် ရွေ့ဆိုင်းခဲ့ရပြီး မော်လမြိုင် ခရီးစဉ်တွင်လည်း ဟောပြောပွဲ ကျင်းပလိုသည့် သံလွင်ဥယျာဉ် ကွင်းအစား ၆မိုင်ကျွဲခြံကွင်းသာ သက်ဆိုင်ရာ အာဏာပိုင်များက ခွင့်ပြုချက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

NLD ပါတီရန်ပုံငွေအတွက် ပန်းချီပညာရှင်များ ပြခန်းဖွင့်လှစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ပုံငွေအတွက် ပန်းချီပြခန်းတစ်ခုကို ဗဟန်းမြို့နယ် မဟာစည်ရိပ်သာလမ်း တကောင်း အနုပညာပြခန်းမှာ ဒီနေ့ ဖွင့်လှစ်ပါတယ်။ စိတ်ပါဝင်စားသူ ပန်းချီဆရာနဲ့ အနုပညာရှင်တွေက သူတို့ကိုယ်တိုင် ရေးသားထားတဲ့ ပန်းချီကားတွေကို စုပေါင်းထည့်ဝင် ပြသထားကြောင်း စတင်ရည်ရွယ်တုန်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖားအံမြို့နယ် ရန်ပုံငွေအတွက် ရည်ရွယ်ခဲ့ပေမယ့် ပါဝင်ကူညီလာတဲ့ ပန်းချီကားတွေ များလာတာကြောင့် အဖွဲ့ချုပ်ရန်ပုံငွေပွဲအဖြစ် တိုးချဲ့စီစဉ်ခဲ့တာလို့ ဆိုကြောင်းရောင်းလို့ရတဲ့ ပန်းချီကားတွေရဲ့ ၇၀ ရာခိုင်နှုန်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရန်ပုံငွေအဖြစ်ထောက်ပံ့ဖို့ သတ်မှတ်ထားကြောင်းဒါပေမယ့် ပန်းချီဆရာအတော်များများက အပြည့်လှူကြတာများတယ် ကြောင်း ဒီပန်းချီပြခန်းမှာ ရေဆေး၊ ဆီဆေး စတဲ့ပန်းချီလက်ရာမျိုးစုံ ကားပေါင်း ၁၀၀ ကျော် ပြသထားပါတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် မန္တလေးတိုင်းအင်န်အယ်လ်ဒီနဲ့ တွေ့ဆုံ

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်ခ်မစ်ချဲဟာ မန္တလေးအင်န်အယ်လ်ဒီတိုင်းရုံးမှာ တိုင်းရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီအဖွဲ့နဲ့ မနေ့မနက် ၈နာရီကစတင်ပြီး ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ကြောင်း အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ မန္တလေးတိုင်းအင်န်အယ်လ်ဒီ အောင်နိုင်ရေးကော်မတီနဲ့ တွေ့ဆုံပြီးတဲ့နောက် ဒီနေ့မှာပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တွေ့ဆုံတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အခက်အခဲကြုံရ AAPP ပြော

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို အစိုးရက ရာဇ၀တ် အကျဉ်းသားအနေနဲ့သာ အခုချိန်ထိ သတ်မှတ်ထားတာကြောင့် နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေမှာ ထိခိုက်ဆုံးရှုံးမှုတွေ ကြုံနေရတယ်လို့ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အေအေပီပီ အတွင်းရေးမှူး ကိုဘိုကြည်ကပြောကြောင်း
အဲဒီလို ရာဇ၀တ်သားအဖြစ် သတ်မှတ်ခံရတာကြောင့် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအကြောင်း ရိုက်ကူးတင်ပြထားတဲ့ ရေဆန်လမ်း (Into the Current) ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အေအေပီပီက အမေရိကန်ပြည်ထောင်စုက နာမည်ကြီး တက္ကသိုလ်တွေမှာ လိုက်လံပြသနေကြောင်း အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မေ့မထားသင့်ကြောင်း၊ အစိုးရက နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်မပြုဘဲ ရာဇဝတ် အကျဉ်းသားအဖြစ်ပဲ သတ်မှတ်ထားတာကြောင့် ပြန်လွတ်လာတဲ့အခါ အလုပ်လုပ်ဖို့ အခက်အခဲ၊ ကျောင်းပြန်တက်ဖို့ အခက်အခဲ ကြုံကြရကြောင်း ဒီရုပ်ရှင်ရဲ့ထူးခြားချက်တစ်ခုက မြန်မာ့နိုင်ငံရေးအကျဉ်းသားတွေဟာ အာဃာတမထားဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးစိတ်ဓာတ် ကိုယ်စီရှိကြတယ်ဆိုတာ ပေါ်လွင်အောင် တင်ပြနိုင်တာဖြစ်ကြောင်း ရေဆန်လမ်းရုပ်ရှင်မှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ရဲ့ အကျဉ်းထောင်တွင်း အတွေ့အကြုံ ပြောဆိုချက်တွေကိုလည်း တင်ဆက်ထားကြောင်း ရေဆန်လမ်းရုပ်ရှင် ဒါရိုက်တာကတော့ ၁၉၈၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို စွန့်စွန့်စားစား ရိုက်ကူးသတင်းယူနေခဲ့တဲ့ အမေရိကန် သတင်းထောက် Jeanne Hallacy ဖြစ်ကြောင်း သိရပါတယ်။

ဗဟိုအဖွဲ့အစည်းထဲက လူ့အခွင့်အရေးကော်မရှင်ကို ပယ်ဖျက်

၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ လွှတ်တော်အမတ်တွေ ဆွေးနွေးစဉ် - လူ့အခွင့်အရေး ကော်မရှင်ကို ဗဟိုအဖွဲ့အစည်းတခုအဖြစ် တင်ပြထားတာကို တွေ့ရှိခဲ့တာကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းတခုအဖြစ် ရပ်တည်ရမှာဖြစ်တာ ကြောင့် ဗဟိုအဖွဲ့အစည်းအဖြစ်ကနေ ပယ်ဖျက်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ ဆုံးဖြတ်ချက် ချခဲ့ကြောင်း သိရပါတယ်။

Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment