မြန်မာသတင်းများ မတ် ၁၈ ရက်၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၆ရက်နေ့က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော ရန်ကုန်(၀ိဇ္ဇာ/သိပ္ပံ) တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု ၂၄ နှစ်ပြည့် အခမ်းအနား၌ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံရေးသည် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ကြောင်း၊ နိုင်ငံပြောင်းလဲမှုများအတွက် တပ်မတော်နှင့်အတူ လုပ်ဆောင်လိုကြောင်း၊ တပ်မတော်အပါအ၀င် လူတိုင်း၊ လူတိုင်း လူမှန်နေရာမှန် ဖြစ်အောင် ကြိုးစားကြခြင်းသည် နိုင်ငံရေးလုပ်ခြင်း ဟု ထင်မြင်ကြောင်း အစရှိသည့် အချက်များကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
DKBA ကား BGF ပစ်ခတ် ဗိုလ်ကြီးတဦးသေဆုံး
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အထူးဒေသ၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ပိုင် ကားတစီးအား ဒေသအခြေစိုက် နယ်ခြားစောင့်တပ်(BGF) က ပစ်ခတ်ခဲ့သဖြင့် ကားပေါ်တွင် လိုက်ပါခဲ့သည့် ဗိုလ်ကြီးတဦး ကျဆုံး သွားကြောင်း သတင်းရရှိသည်။မိုင်ကြီးငူဒေသ ရင်းပိုင်းချောင်း တံတားအနီး၌ ယမန်နေ့ နံနက်လေးနာရီခန့်တွင် ဒုတပ်ရင်းမှူး ဗိုလ်မှူး ဒေါဘိုး ဦးဆောင်သည့် BGF ၁၀၁၂ တပ်ဖွဲ့က ချောင်းမြောင်းပစ်ခတ်ရာ DKBA ကလို့ထူးလား ဗျူဟာ ကားပေါ်တွင် လိုက်ပါခဲ့သည့် BGF တပ်ရင်း ၁၀၁၁ မှ တပ်စိပ်မှူး ဗိုလ်ကြီး တင်ညွှန့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း DKBA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး စောလုံလုံ ကပြောပြသည်။ထိုပစ်ခတ်မှုသည် BGF အချင်းချင်း လုပ်ကြံမှုဆိုပြီး နှစ်ဘက်တပ်များအကြား သတင်းပျံ့နေကြောင်း၊ ယင်းသို့ မဟုတ်ဘဲ DKBA ကားဖြစ်၍ ရည်ရွယ်ပစ်ခတ်ခြင်းဖြစ်လျှင် ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး ညွန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင် အုန်း ထံသို့ အရေးယူရန် တင်ပို့သွားမည်ဟု DKBA ၉၀၂ တပ်မှူး ဗိုလ်မှူး စောဆန်းအောင် က ပြောသည်။DKBA သည် ၁၉၉၅ တွင် KNU မှ ခွဲထွက်ခဲ့ပြီး အစိုးရနှင့်ပူးပေါင်းကာ KNU ကိုပြန်လည်တိုက်ခိုက်ခဲ့သည်။ KNU မှ ခွဲထွက်လာ သည့် အဖွဲ့များအနက် အင်အားအကြီးဆုံးအဖွဲ့လည်း ဖြစ်သည်။ ၁၉၉၅ ခုနှစ်ထဲတွင်ပင် ယခင်စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး စာ ချုပ် ချုပ်ခဲ့သော်လည်း၂၀၁၀ ရွေးကောက်ပွဲမတိုင်မီတွင် အစိုးရက နယ်ခြေားစောင့်တပ် အသွင်ပြောင်းမှုကို ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သော DKBA တပ်မဟာ ၅ က လက်မခံခဲ့သဖြင့် ငြိမ်းချမ်းရေးပျက်ပြားကာ အစိုးရနှင့် တိုက်ပွဲပြန်ဖြစ်ခဲ့သည်။
နိုင်ငံခြားသားများ တိုက်ရိုက် ရင်းနှီးမြှုပ်နှံနိုင်တော့မည်
ရင်းနှီးမြုပ်နှံမှု ဥပဒေမူကြမ်း အသစ်တရပ်အရ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း တည်ထောင်လိုသော နိုင်ငံခြားသားများအတွက် ဒေသခံ စီးပွားဖက်တဦး ရှာစရာမလိုတော့သည့်အပြင် လုပ်ငန်းစတင်သည့် အချိန်မှစ၍ ၅ နှစ်အထိ အခွန်ကင်းလွတ်ခွင့်လည်း ရရှိမည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနမှ ယနေ့သတင်းပေးပို့သည်။ဧပြီလ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြန်မာကျပ်ငွေ နှုန်းရှင်အဖြစ် တရားဝင်ကျင့်သုံးတော့မည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်လိုက်မှုနှင့် တပြိုင်နက်တည်း ယင်း ရင်းနှီးမြုပ်နှံမှု ဥပဒေစည်းမျဉ်းသစ်များကို ပြဌာန်း ကျင့်သုံးနိုင်ကြောင်း လက်ခံရရှိထားသည့် စာရွက်စာတမ်းများကို ကိုးကား၍ရိုက်တာသတင်းဌာနကသုံးသပ်ရေးသားထားသည်။နိုင်ငံခြားကုမ္ပဏီများသည် နိုင်ငံခြားသားအလုပ်ကြမ်းသမားများ ခေါ်ယူခန့်အပ်ခွင့်မရှိကြောင်း၊ ကုမ္ပဏီသည် ပထမ ၅ နှစ်အပြီးတွင် ၎င်းတို့၏ ကျွမ်းကျင်လုပ်သားစုစုပေါင်း အရေအတွက်၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသားများကို ခန့်အပ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်လာစေရန် လိုအပ်သော လေ့ကျင့်သင်တန်းပေးမှုများပါ ပူးတွဲလုပ်ဆောင်စေရမည်ဖြစ်ပြီး နှစ်အလိုက် ရာခိုင်နှုန်းတက်သွားစေရမည်ဖြစ်ကြောင်း၊ ၁၀ နှစ်အကြာတွင် ၅၀ ရာခိုင်နှုန်းနှင့် ၁၅ နှစ်အကြာတွင် ၇၅ ရာခိုင်နှုန်းအထိ ကျွမ်းကျင်လုပ်သား မြန်မာနိုင်ငံသားများကို ခန့်အပ်ရမည်ဖြစ်ကြောင်း သိရသည်။ဥပဒေမူကြမ်းအရ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများသည် ၁၀၀ ရာခိုင်နှုန်းအပြည့် လုပ်ငန်းပိုင်ဆိုင်နိုင်ခွင့်ရှိသကဲ့သို့ မြန်မာနိုင်ငံသားများနှင့်သော်လည်းကောင်း အစိုးရဌာနများနှင့်သော်လည်းကောင်း တွဲဖက်၍လည်း စီးပွားရေး လုပ်ဆောင်နိုင်သည်။ အဆိုပါ ဖက်စပ်စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမတည်ငွေ အနည်းဆုံး ၃၅ ရာခိုင်နှုန်းရှိရမည်ဟု သိရသည်။ဦးအောင်မြင့်(ဘိုကလေး)ကို စိတ္တဇ ဆေးရုံသို့ မတရား ပို့
အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အကျဉ်းသား ဝတ်စုံနှင့် သံခြေကျင်းကို ဝတ်ဆင်ပြီး တကိုယ်တော် ဆန္ဒထုတ်ဖော်နေသည့် ဘိုကလေးမြို့မှ ဦးအောင်မြင့်သည် မတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ကို ရောက်ရှိလာစဉ် နေ့လည် ၃း၀၀ နာရီအချိန်မှာ အာဏာပိုင်တွေက လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သတင်းရရှိပါသည်။ ဦးအောင်မြင့်၏ သမီးဖြစ်သူ မနှင်းထက်ထက်အောင်ကိုပါ တပါတည်း ခေါ်ဆောင်သွားခဲ့ပါသည်။ဦးအောင်မြင့် နှင့် အတူ ဖမ်းဆီးခံလိုက်ရသည့် သမီးဖြစ်သူ မနှင်းထက်ထက်အောင်ကို မတ်လ ၁၆ ရက်နေ့ နေ့လည် ပိုင်းက ပြန်လွှတ်ပေးလိုက်ပြီး ဦးအောင်မြင့်ကိုတော့ ရွာသာကြီး စိတ္တဇဆေးရုံကို ဒုရဲအုပ် ဇော်မိုးက သွားရောက်ပို့ဆောင်ခဲ့ပါသည်။ စိတ္တဇ ဆေးရုံမှာ ဦးအောင်မြင့်ကို ရိုးရိုးလူနာဆောင်မှာ လူနာပြည့်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မှုခင်းအဆောင် (စိတ္တဇ ဝေဒနာရှင်တွေ မှုခင်းဖြစ်ပွါးလျှင် ထားသည့်အခန်း) မှာ ထားရှိသည်ဟု သိရှိရပါသည်။
လာမည့် မတ်လ ၁၉ ရက်နေ့ နေ့လည် ၁၁း၀၀ နာရီမှာ ဆေးရုံမှ ဆရာဝန်တွေက အစည်းအဝေးထိုင်ပြီး ဦးအောင်မြင့်ကို ရောဂါရှိ/မရှိ စစ်ဆေးမှာဖြစ်ပါသည်။ စိတ္တဇဆေးရုံမှ တာဝန်ကျဆရာဝန်က လာမည့် တနင်္လာနေ့မှာ စစ်ဆေးလို့ ရောဂါ မရှိဘူးဆိုရင် အုပ်ထိန်းသူထံ ပြန်လည် အပ်နှံမှာ ဖြစ်တယ်၊ ပြန်အပ်မယ်ဆိုတာက လာရောက်ပို့ဆောင်ပေးသည့် ဒုရဲအုပ် ဇော်မိုးကိုပဲ ပြန်အပ်မလားဆိုတာ တနင်္လာနေ့ကျရင် လာကြည့်ရမယ်။ အပြစ်မရှိတဲ့ လူကို ၂၄ နာရီကျော်ကြာ ထိန်းသိမ်းထားပြီး သူတို့အပြစ် ဖုံးကွယ်ချင်တဲ့အနေနဲ့ ဦးအောင်မြင့်မှာ စိတ်ရောဂါ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို စိတ္တဇ ဆေးရုံကို ပို့လိုက်တာဟာ ဦးအောင်မြင့်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါတယ်လို့ စိတ္တဇ ဆေးရုံကို သွားရောက်ကြည့်ရှုခဲ့သည့် မိသားစုဝင်တဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။
အကျဉ်းသားဝတ်စုံ အပြာရောင်ဝတ်ဆင်ထားခြင်းဟာ ရာဇဝတ်မှုမမြောက်ပေမဲ့ ဒုရဲအုပ် ဇော်မိုးက ထိုဝတ်စုံကို အတင်းအဓမ္မ ချွတ်ပစ်ခဲ့တယ်လို့လဲ သိရှိရပါသည်။
NLD နိုင်မှာကို တရုတ်လုပ်ငန်းရှင်များ မစိုးရိမ်စေလို
မြန်မာနိုင်ငံမှာ လာရောက် လုပ်ကိုင်နေကြတဲ့ တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေအတွက် နှစ်ဦးနှစ်ဘက် နစ်နာဆုံးရှုံးမှု မရှိစေတဲ့ မူဝါဒကို NLD အနေနဲ့ ချမှတ်ဆောင်ရွက်မှာ ဖြစ်ကြောင်း ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရဲ့အကျိုးကို ဦးစားပေး လုပ်ဆောင်တဲ့နေရာမှာ NLD အနေနဲ့ တခြား နိုင်ငံသားတွေရဲ့ အကျိုးစီးပွား ထိခိုက် နစ်နာစေတာမျိုးကို ရှောင်ရှားမှာဖြစ်ကြောင်း မနေ့က လူထုဟောပြောပွဲမှာ ထည့်သွင်း ပြောဆိုခဲ့တယ်လို့လဲ သိရှိရပါသည်။NLD စည်းရုံးရေး၊ ရွေးကောက်ပွဲ ပညာပေး ဗီဒီယို ဖြန့်ဝေ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေးနဲ့အတူ ရွေးကောက်ပွဲ မဲပေးပုံ ပညာပေး အချက်အလက်တွေ ပါဝင်ပြီး၊ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတဲ့ “ဒီလိုလေး ခြစ်တတ်ရင် ရပြီ” ဆိုတဲ့ ဗီဒီယိုဇာတ်လမ်းတိုကို မနေ့က လူမှုကွန်ရက် အင်တာနက်မှာ စတင် ဖြန့်ချိလိုက်ပါတယ်။အဲဒီဇာတ်လမ်းကို ဒါရိုက်တာ “ဝိုင်း” ကိုယ်တိုင် ပါဝင်သရုပ်ဆောင် ရိုက်ကူးထားပြီး အကယ်ဒမီ ရုပ်ရှင် သရုပ်ဆောင်တွေ ဖြစ်တဲ့ လူမင်း၊ ဝေဠုကျော်၊ ရဲတိုက်၊ ထွန်းအိန္ဒြာဗိုနဲ့ ချစ်သုဝေ တို့လည်း ပါဝင်ကြပါတယ်။အခုလို အနုပညာရှင်တွေ စုပေါင်းပြီး မိမိတို့ ကိုယ်ပိုင် သဘောဆန္ဒအရ နိုင်ငံရေးပါတီ တစ်ခုအတွက် ရုပ်ရှင်ဇာတ်လမ်းနဲ့ စည်းရုံးလှုံ့ဆော်ပေးတာဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဆည်တည်ဆောက်မှု ကန့်ကွက်သူတွေ အာဏာပိုင် တွေ့ဆုံဆွေးနွေး
အညာဖျား ရေအားလျှပ်စစ် စီမံကိန်းကြောင့် ဆုံးရှုံးနစ်နာမယ့် ဒေသခံပြည်သူ ၃ ထောင်နီးပါးက ကန့်ကွက် လက်မှတ်ရေးထိုးပြီး သမ္မတ ဦးသိန်းစိန်ထံ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က တင်ပြခဲ့ပါတယ်။ ဒါကြောင့် ထားဝယ်မြို့နယ် အညာဖျား ရေအားလျှပ်စစ် စီမံကိန်းကို လက်မှတ်ရေးထိုး ကန့်ကွက်ထားတဲ့ ဒေသခံ ပြည်သူတွေနဲ့ ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် မြို့နယ် တာဝန်ရှိသူတွေ မနေ့က တွေဆုံ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။စည်ပင်သာယာရဲ့ ပြောင်းရွှေ့မိန့် မနာခံသူ ၆ ဦး ထောင်ဒဏ်ကျခံရ
နေပြည်တော် စီမံကိန်းဒေသအတွက် အကြောင်းပြပြီး စည်ပင်သာယာ အဖွဲ့ က ကျေးရွာပြောင်းရွှေ့ခိုင်းတဲ့ အမိန့်ကို မနာခံတဲ့ မီးသွေးဖို ရွာသားတွေကို တရားစွဲ ထောင်ချနေတာ စုစုပေါင်း ၆ ယောက် ရှိသွားပြီလို့ သတင်း ရရှိပါတယ်။အဓမ္မခိုင်းစေမှု ပပျောက်ရေး မြန်မာ ILO လက်မှတ်ထိုး
မြန်မာနိုင်ငံမှာ အဓမ္မခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို မြန်မာအစိုးရနဲ့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်တို့အကြား ဒီနားလည်မှု စာချွန်လွှာကို မြန်မာအလုပ်သမား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းနဲ့ ILO ရန်ကုန်ရုံးက ဆက်သွယ်ရေးအရာရှိတို့ သောကြာနေ့က ရေးထိုးခဲ့ကြတာပါ။အခုလက်မှတ်ထိုးလိုက်တဲ့ နားလည်မှု စာချွန်လွှာအရ မြန်မာနိုင်ငံအတွင်း အဓမ္မစေခိုင်းမှုတွေ ၂၀၁၅ ခုနှစ်မှာ လုံးဝ ပပျောက်သွားအောင် လုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနားလည်မှုစာချွန်လွှာ အပြင် မြန်မာအစိုးရနဲ့ ILO အကြား ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းကလည်း နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထားခဲ့ကြပါတယ်။
မြန်မာနိုင်ငံအတွင်း အဓမ္မခိုင်းစေမှုနဲ့တွေ ဖြစ်ပေါ်ခဲ့ရင် မြန်မာနိုင်ငံသားတွေအနေနဲ့ ILO ကို တိုင်ကြားနိုင်ရေးဆိုင်ရာ သဘောတူညီချက် ၂၀၀၇ ခုနှစ်မှာ ရရှိခဲ့ထားခဲ့တာပါ။ အဲဒီနောက်ပိုင်း အဓမ္မခိုင်းစေမှုတွေကို ဖော်ထုတ် အရေးယူခဲ့တယ်လို့ အဲဒီအချိန်က အာဏာရခဲ့တဲ့ စစ်အစိုးရဘက်က ပြောဆိုခဲ့ပေမဲ့ အဲဒီ အဓမ္မ ခိုင်းစေမှုတွေကတော့ အောက်ခြေမှာ ဆက်တိုက် ဖြစ်ပေါ်နေခဲ့တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ တခြား လူ့အခွင့်အရေး အဖွဲ့အစည်းတွေက တောက်လျှောက် ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။ဒီအတောအတွင်း မြန်မာနိုင်ငံမှာ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းပိုင်ခွင့်ဆိုင်ရာ ဥပဒေကို လက်ရှိ အစိုးရသစ်က ၂၀၁၁ ခုနှစ်အတွင်း အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ ဥပဒေဟာ အခုနှစ် မတ်လ ၉ ရက်နေ့မှာ စတင် အသက်ဝင်တာ ဖြစ်ပါတယ်။ ILO နဲ့ ရရှိထားတဲ့ သဘောတူညီချက်တွေအရ ဒီဥပဒေကို ပြဌာန်းလိုက်တာ ဖြစ်တယ်လို့ဆိုပါတယ်။
မန်မာနိုင်ငံတွင် နိုင်ငံရေးပိုင်း ပြောင်းလဲမှုများ တွေ့ကြုံလာရသည့် အတွက် ခရီးသွားဝင်ရောက်မှု ပြန်လည် ကောင်းမွန်လာခဲ့ပြီး ၂၀၁၂ ခု နှစ်အတွင်း မြန်မာနိုင်ငံသို့ လေဆိပ်နှင့် နယ်စပ်ဂိတ်များမှ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁ ဒသမ ၅ သန်း ၀င်ရောက်နိုင်ရန် မျှော်မှန်းထားကြောင်း သတင်းရရှိပါသည်။ မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ၂၀၁၁ ခုနှစ် အတွင်း အပြောင်းအလဲများစွာ ဖြစ်ပေါ်မှုကြောင့် ၂၀၁၂ ခုနှစ်၌ ကမ္ဘာတစ်ဝန်းတွင် ခရီးသွားလာရန် သင့်တော်သော နိုင်ငံများအနက် နံပါတ် ၃ နေရာတွင် ဖော်ပြခံခဲ့ရသည်။
“မြန်မာနိုင်ငံကို ခရီးသွားအ၀င် တိုးလာတာဟာ နိုင်ငံရေးပိုင်း အပြောင်းအလဲတွေ ပြုလုပ်ပြီးနောက်ပိုင်း သိသာလာပါတယ်။ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်လာတာကလည်း အရင်က အလာနည်းတဲ့ အမေရိကန် ခရီးသွားတွေပါ တက်လာစေပါတယ်”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
ဒေသအလိုက် ခရီးသွားဝင်ရောက်မှုတွင် အာရှဒေသသည် ခရီးသွားအားလုံး၏ ၆၆ ဒသမ ၃၉ ရာ ခိုင်နှုန်း၊ အနောက်ဥရောပဒေသ သည် ၂၀ ဒသမ ၆၈ ရာခိုင်နှုန်း၊ မြောက်အမေရိကဒေသမှ ၆ ဒသမ ၄၈ ရာခိုင်နှုန်း၊ ပင်လယ်ပိုင်းဒေသမှ ၂ ဒသမ ၉၇ ရာခိုင်နှုန်း၊ အရှေ့ဥ ရောပဒေသမှ ၁ ဒသမ ၉၅ ရာခိုင် နှုန်း၊ အရှေ့အလယ်ပိုင်းဒေသမှ ၀ ဒသမ ၆၇ ရာခိုင်နှုန်း၊ အာဖရိက ဒေသမှ ၀ ဒသမ ၂၅ ရာခိုင်နှုန်း လာရောက်မှုရှိခဲ့သည်ဟု သိရသည်။
ရန်ကုန်မြို့တော် စည်ပင် နယ်နိမိတ် အတွင်းရှိ အခွန်ကောက်ခံသည့် လုပ်ငန်းများအား အငှားချထားရာတွင် လေလံဆွဲရန် စပေါ်ငွေပေးသွင်းပြီးမှ လေလံစာရင်းမှ ပြန်ဖယ်ခြင်း၊ အချို့နေရာများကို ကွက်၍ချန်ထားခြင်း မပြုဘဲ မျှတမှန်ကန်စွာ လေလံခေါ်ရန်လိုဟု လုပ်ငန်းရှင်များ ပြောကြား
ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ အများပြည်သူထံမှ အခွန်ကောက်ခံသည့် လုပ်ငန်းများအား ပုဂ္ဂလိကသို့ လေလံတင် အငှားချထားရာတွင် မျှတမှန်ကန်မှုရှိလျှင် နိုင်ငံတော်အခွန် ပိုမိုရရှိမည် ဖြစ်ကြောင်း လေလံဆွဲသည့် လုပ်ငန်းရှင်များက ပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာနမှ လမ်းအသုံးပြုခ၊ ယာဉ်ဝင်ခ၊ ညအိပ်ခွန်၊ တံတားဖြတ်သန်းခအပါအ၀င် အများပြည်သူထံမှ အခွန်အခငွေကြေး ကောက်ခံသည့် လုပ်ငန်း ၂၁ ခုအား လေလံတင် အငှားချထားရန် ကြေညာခဲ့ပြီး အမှန်တကယ် လေလံတင်အငှားချရာ၌ ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင် ယာဉ်ရပ်နားစခန်း၏ ယာဉ်ဝင်ခနှင့် ညအိပ်ခွန်ကောက်ခံသည့် လုပ်ငန်းအား လေလံစာရင်းမှ ပြန်လည် ပယ်ဖျက်ခဲ့ကြောင်း သိရသည်။
လေလံစာရင်းများ ပြန်လည် ပယ်ဖျက်ခြင်းအပြင် ဟံသာဝတီယာဉ် ရောင်းဝယ်ရေးစခန်း ယာဉ်ဝင် ခ၊ သီရိမင်္ဂလာဈေး၊ ဗိုလ်ချုပ်ဈေးနှင့် မင်္ဂလာဈေးကဲ့သို့သော ယာဉ်ဝင်ထွက်မှု များပြားသည့် နေရာများကိုမူ လေလံစာရင်းတွင်ပင် ထည့်သွင်းခြင်းမရှိပဲ ကွက်ကျန်နေခဲ့ကြောင်း သိရသည်။ ယင်းအပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ ပန်းဥယျာဉ်နှင့် အားကစားကွင်း ၂၇ ခုအား လေလံတင်ရန် တရားဝင်ထုတ်ပြန်ခဲ့သော်လည်း ကန်တော်ကြီး သဘာဝဥယျာဉ် အပါအ၀င်ပန်းဥယျာဉ် အချို့အား လေလံစာရင်းမှ ပြန်လည် ပယ်ဖျက်ခဲ့ကြောင်းလည်း သိရသည်။
မတ်လ ၉ ရက်နေ့မှစတင်၍ ထိုင်းဗီဇာအား ကိုယ်တိုင်လျှောက်ထားရတော့မည်ဟု ထုတ်ပြန်
မတ်လ ၉ ရက်နေ့မှ စတင်၍ ထိုင်းသံရုံး၌ ဗီဇာ လျှောက်ထားရာတွင် ယခင်ကကဲ့သို့ ကိုယ်စားလှယ်ဖြင့် လျောက်ထား၍ မရတော့ဘဲ ကိုယ်တိုင်လာရောက် လျှောက်ထားရမည်ဖြစ်ကြောင်း ထိုင်းသံရုံးမှ သိရှိရသည်။
ယခုကဲ့သို့ သွားရောက်မည့်သူကိုယ်တိုင် လျှောက်ထားစေခြင်းမှာ ချက်မှာ နိုင်ငံခြားသား ခရီးသည်များအတွက် အဓိကထား ပြုလုပ်တာဖြစ်ကြောင်း ထိုင်းသံရုံးမှ သိရှိရသည်။
''အလည်အပတ် ရာသီရောက်လာတော့မယ်။ ဒီချိန်မှာ အခုလို ကိုယ်စားလှယ်တွေ မထားရတော့ဘူးဆိုတော့ အလုပ်ပျက် အကိုင်ပျက် ဖြစ်သွားတာပေါ့။ ပြီးတော့ ဗီဇာက တစ်နေ့ကို အယောက် ၁၂၀ ပဲ ထုတ်ပေးလို့ သွားမယ်သူတွေ အချိန်အတော်ကြာ စောင့်ဆိုင်ရလိမ့်မယ်'' ဟု ထိုင်း သံရုံးအနီး၌ ဗီဇာလုပ်ကိုင်သူ ကိုယ်စားလှယ်တစ်ဦးထံမှ သိရသည်။
''အန်တီတို့အနေနဲ့ အရင်အခေါက်တွေက ထိုင်းသွားမယ်ဆိုရင် ဗီဇာကို ကိုယ်စားလှယ်နဲ့ လုပ်ဖြစ်တယ်၊ အခုကိုယ်တိုင် သွားလုပ်ရတော့မယ်ဆိုတော့ နည်းနည်းငယ် အခက်အခဲရှိပါတယ်'' ဟု ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူတစ်ဦးထံမှ သိရသည်။
ယခင်က ကိုယ်စားလှယ်ဖြင့် လျှောက်ထားရာတွင် ကျပ် ၅၀၀၀ မှ ကျပ် ၇၀၀၀ ထိ ပေးဆောင်ရကြောင်း၊ ထိုင်းသံရုံးတွင် တစ်နေ့လျှင် ဗီဇာ ၁၂၀ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြစ်ရေ အရည်အသွေး တိုင်းတာစစ်ဆေးရာ၌ WHO ၏ စံသတ်မှတ်ချက်များအတိုင်း စစ်ဆေးလျက်ရှိကြောင်း၊ အဆိုပါသတ်မှတ်ချက်နှင့် မကိုက်ညီသော ရေကို အသုံးပြုပါက လူနှင့် သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်အနည်းနှင့် အများ ဖြစ်ပေါ်နိုင်ကြောင်း သိရှိရသည်။ အမိုးနီးယားသည် ရေနေသတ္တ၀ါများအတွက် အဆိပ်ဖြစ်စေကြောင်း၊ အပင်များက သတ္တ၀ါများထက် အမိုးနီးယားအား လက်ခံနိုင်မှု ပိုများပြီး ကျောရိုးမဲ့သတ္တ၀ါများသည် ငါးများထက် အမိုးနီးယားအား ပိုမိုခံနိုင်စွမ်း ရှိကြောင်း သိရှိရသည်။ ငါးများတွင် ငါးမျိုးပွားနှုန်း အား ထိခိုက်စေကြောင်း၊ ငါးပါးဟက်၊ အသည်းနှင့် ကျောက်ကပ်ရှိ တစ်ရှူးများအား ထိခိုက်နိုင်ကြောင်း ထို့ပြင် လူသတ္တ၀ါများတွင် ကိုယ်ဟန် အနေအထား ဟန်ချက်ညီမှု လျော့ပါးခြင်း၊ တက်ခြင်း(Coma) ကိုးမားဟုခေါ်သော ကြာမြင့်စွာ သတိလစ်၍ မြောနေခြင်းနှင့် သေဆုံးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ အမိုးနီးယား မော်လီကျူး သည် အသက်ရှင်နေထိုင်ခြင်းအတွက် လိုအပ်သော အာဟာရတစ်ခု ဖြစ်သော်လည်း အမိုးနီးယားများ ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် ပိုမိုများပြားစွာ ပါဝင်မှုသည် ဇီဝဖြစ်စဉ် ပြောင်းလဲခြင်းနှင့် ခန္ဓာကိုယ် တွင် ph မြင့်မားခြင်းကို ဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ထားချက်များအရ သိရှိရသည်။
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment