ဘင်္ဂလားဒက် ရေတပ်မှ တရုတ်လုပ် Missile Craft

မြန်မာစစ်သင်္ဘောတွေ ဘာကြောင့်ဆုတ်ရသလဲ
သတင်းထောက် ဟန်တင်အောင် byခေတ်ပြိုင်
ဘင်္ဂလားဒက် မြန်မာအငြင်းပွားနေသည့်ရေပိုင်နက်မှ မြန်မာ စစ်သင်္ဘောများ ရုတ်တရက် ဆုတ်ခွာ သွားသော်လည်း မည်သည့်အကြောင်းကြောင့် ဆုတ်ခွာရသည်ကို မြန်မာစစ်အစိုးရဘက်မှ ထုတ်ဖော် ပြောဆိုခြင်းမရှိပေ။ သို့သော် စစ်သွေးကြွနေသည့် မြန်မာစစ်အစိုးရ ဦးကျိုးရသည့် အကြောင်းရင်းကို စိစစ်ကြည့်ရန်လိုသည်။
အငြင်းပွားသည့်နေရာသည် ဘင်္ဂလားပင်လယ်အော်အတွင်း စိန့်မာတင်ကျွန်း အနောက်တောင်ဘက် ရေမိုင် ၅၀ ခန့်တွင်ဖြစ်သည်။ ထိုနေရာတွင် ရေနံရှာဖွေရေး ပဏာမလုပ်ငန်းဖြစ်သည့် ဟိုက်ဒရို ကာဘွန် ရှာဖွေရေး လုပ်ငန်းများကို ဒေးဝူးကုမ္ပဏီ သင်္ဘောများက လုပ်ကိုင်နေပြီး မြန်မာ ရေတပ် သင်္ဘော နှစ်စင်းက ကာကွယ် ပေးထားသည်။
မြန်မာဘက်က ရေနံရှာဖွေနေသည့်နေရာသည် ဘင်္ဂလားဒက်နိုင်ငံ ရေပိုင်နက်မှာဖြစ်သည့်အတွက် မြန်မာဘက် က ကျူးကျော်သည်ဟု စွပ်စွဲသည်။ မကြာခင် ဘင်္ဂလားဒက်နိုင်ငံမှ ရေတပ်သင်္ဘော လေစီး လွှတ်လိုက်သည်။ မြန်မာဘက်ကလည်း ဆက်ရှာဖွေမည်ဆိုပြီး အခြေအနေ တင်းမာနေစဉ် မြန်မာ ရေနံ ရှာဖွေရေး သင်္ဘောများ မြန်မာစစ်သင်္ဘောများ ရုတ်တရက် အချင်းဖြစ်သည့်နေရာမှ ဆုတ်ခွာသွား ခြင်းဖြစ်သည်။
အကယ်၍ မြန်မာနှင့် ဘင်္ဂလားဒက်နိုင်ငံ ၂ နိုင်ငံ ဘင်္ဂလားပင်လယ်အော်ထဲရှိ ရေပိုင်နက် အငြင်းပွားသည့် နေရာတွင် ပစ်ခတ်မှု ဖြစ်မည်ဆိုလျင် ၂ နိုင်ငံလုံး၏ ရေတပ်အင်အားကို ထဲ့တွက်ရန်လိုသည်။
မြန်မာရေတပ်တွင် စစ်သည်အင်အား ၁၆၀၀၀ ရှိပြီး ဘင်္ဂလားဒက်ရေတပ်တွင် စစ်သည်အင်အား ၂၈၀၀၀ ရှိသည်။ ရာခိုင်နှုန်းနှင့်ပြောရလျင် မြန်မာရေတပ် စစ်သည်အင်အားက ဘင်္ဂလားဒက် ရေတပ်စစ်သည် အင်အားထက် ၄၃ ရာနှုန်း နည်းနေသည်။
မြန်မာရေတပ်တွင် တိုက်ရေယာဉ်အသေးစား ၄စီး၊ ကမ်းလွန်ကင်းလှည့်စစ်ရေယာဉ် ၃ စီး၊ ကမ်းရိုးတန်း ကင်းလှည့် စစ်ရေယာဉ် ၁၂ စီး၊ ကမ်းတိမ် စစ်ရေယာဉ် ၆ စီး၊ မြစ်ကြောင်းကင်းလှည့်စစ်ရေယာဉ် ၃၆ စီး၊ စက်သေနတ်တင်ရေယာဉ် ၂၁စီး သာရှိသည်။
ဘင်္ဂလားဒက်ရေတပ်ကိုကြည့်လျင် မြန်မာရေတပ်ထက် ပိုခေတ်မှီ၏။ စစ်သင်္ဘောအင်အား လက်နက် အင်အားသာလွန်၏။ အထူးသဖြင့် ဒုံးကျည်တပ် လျှပ်တပြက် တိုက်ရေယာဉ်များတွင် ယခင် ဆိုဗီယက် နိုင်ငံထုတ် လက်နက်ကို တရုတ်ပုံစံပြောင်းထားသည့် ၀၂၁ Huangfeng ဒုံးကျည်များပါသည်။ ၀၂၄ Hegu class, Hoku class, Hogu class, Hougu class and Houku class စသည့် ဒုံးကျည်တပ် ရေယာဉ်များလည်း ပါသည်။ တရုတ်နိုင်ငံလုပ် တော်ပီဒို ဒုံးကျည်တပ် လျှပ်တပြက်တိုက်ရေယာဉ်များရှိသည်။
ထို့ကြောင့် ဘင်္ဂလားပင်လယ်အော်တွင်း ရေတပ်အင်အားချင်း ယှဉ်ပြိုင်လျင် မြန်မာရေတပ် အရေးနိမ့်ဖို့ များသည်။ ရေတပ်အင်အားချင်း မယှဉ်နိုင်သည့်အတွက် မြန်မာစစ်သင်္ဘောများ ဆုတ်ပေးသလားဟု စဉ်းစားရန်ရှိသည်။
သို့သော် မြန်မာစစ်သင်္ဘောများ ဆုတ်ပေးချိန်သည် မြန်မာဘက်က ရေပိုင်နက်ကျူးကျော်သည့်ကိစ္စ တရုတ်ကို ဘင်္ဂလားဒက်အစိုးရက ပြောပြီးချိန်နှင့်တိုက်ဆိုင်နေပြန်သည်။ ထို့ကြောင့် တရုတ် ဘင်္ဂလားဒက် ကာကွယ်ရေးဆက်ဆံမှုအပိုင်းကိုပါ ဆန်းစစ်ကြည့်ဖို့လိုလာသည်။
၂၀၀၂ ခုမှစတင်ပြီး တရုတ် ဘင်္ဂလားဒက် ကာကွယ်ရေး ဆက်ဆံမှု စတင်ခဲ့သည်။ ၂၀၀၆ ခုတွင် ဘင်္ဂလားဒက် ရဲများသုံးဖို့ ပစ္စည်းများကို တရုတ်ကလှူဒါန်းသည်။ မကြာခင် ဘင်္ဂလားဒက်သည် တရုတ်ထံမှ အက်-၇ တိုက် လေယာဉ် ၁၆ စီး ၀ယ်ခဲ့သည်။ ဘင်္ဂလားဒက်ရေတပ်မှ စစ်ဘောင်္များ လက်နက်များ အများစုမှာ တရုတ်နိုင်ငံမှ ၀ယ်ယူထားခြင်းဖြစ်သည်။
ကုန်သွယ်ရေးအပိုင်းကကြည့်လျင်လည်း ၂၀၀၂ ခုတွင် တရုတ်မှဝယ်သည့် သွင်းကုန်တန်ဘိုးက အမေရိကန်ဒေါ်လာ ၆၄သန်းကျော်ရှိပြီး ဘင်္ဂလားဒက်မှ တရုတ်ကို တင်ပို့နိုင်သည့်တန်ဖိုးက ဒေါ်လာ ၁၉ သန်းသာရှိသည့်အတွက် ဘင်္ဂလားဒက်က ကုန်သွယ်ရေးလိုငွေပြခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဘင်္ဂလားဒက် တရုတ် ကုန်သွယ်မှုပမာဏက ဒေါ်လာ သန်းနှစ်ထောင်နီးပါး တက်လာသည်။ ၂၀၀၅ ခုနှစ်တွင် တရုတ်သည် ဘင်္ဂလားဒက်နိုင်သို့ အများဆုံး ကုန်စည်တင်ပို့သည့်နိုင်ငံဖြစ်လာသည်။
သဘာဝဓါတ်ငွေ့ရှာဖွေရေးအပိုင်းမှာလည်း ဘင်္ဂလားဒက်နိုင်ငံတွင်း တရုတ်လုပ်ကိုင်ဖို့ ဘင်္ဂလားဒက်က ခွင့်ပြုထားခဲ့သည်။ ထို့ပြင် စစ်တကောင်းဆိပ်ကမ်းကိုပါ တရုတ်ရေတပ်သင်္ဘောများ ဆိုက်ကပ်ခွင့် ဘင်္ဂလားဒက်အစိုးရက ပေးခဲ့သည်။ ထိုအခွင့်အရေးကို အိန္ဒိယက လိုချင်သော်လည်း မရခဲ့ပေ။
မြန်မာနိုင်ငံမှ ၀ယ်မည့် ဓါတ်ငွေ့ကို သယ်ယူရာတွင် စစ်တကောင်းဆိပ်ကမ်းသည် အိန္ဒိယအတွက် အလွန်ရေးပါသည်။ သို့သော် အိန္ဒိယကို ဘင်္ဂလားဒက်က မျက်နှာသာမပေးခဲ့။ ထို့ကြောင့် ဘင်္ဂလားဒက်သည် တရုတ်နိုင်ငံအတွက် မြန်မာကဲ့သို့ အရေးပါသည့်နိုင်ငံဖြစ်နေသည်။
စီးပွားရေးရှုထောင့် ကာကွယ်ရေးရှုထောင့်တို့မှကြည့်လျင် ဘင်္ဂလားဒက် မြန်မာ ၂ နိုင်ငံလုံးသည် တရုတ်၏ ဖောက်သည် ၂ နိုင်ငံဖြစ်နေသည်။ မည်သည့်နိုင်ငံမျှ တရုတ်သြဇာနှင့် မကင်း။ မြန်မာ့နိုင်ငံရေး ပြေလည်ဖို့ အတွက် ကုလသမဂ္ဂနှင့် အမေရိကန်နိုင်ငံကပင် တရုတ်ကို မေတ္တာရပ်ခံနေရသလို ဘင်္ဂလားဒက် ကိုကြည့်လျင်လည်း တချိန်က ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထိုင်ဝမ်ရုံး ဖွင့်ခွင့်ပေး သည်ကို တရုတ်နိုင်ငံ မျက်ထောင့်နီသွားသဖြင့် ထိုင်ဝမ်ရုံးအမြန်ပိတ်ပြီး ၀န်ကြီးသစ်လဲပေးခဲ့ရသည်။
စင်စင် ဘင်္ဂလားဒက်နှင့် မြန်မာဖြစ်သည့် ပြဿနာသည် နှုတ်ခမ်းပဲ့ခြင်း မီးမှုတ်သည့်ကိန်းထက်မပို။ တရုတ်က မျက်နှာရိပ်ပြလိုက်သည်နှင့် မြန်မာစစ်အစိုးရ တင်ပါ့ဘုရားဖြစ်သွားရသည်။ တရုတ်က ငါးခြောက်ဟု ဆိုကာမျှဖြင့် မြန်မာစစ်အစိုးရက ဖုတ်ပြီးသားပါဟု ပြောရသည့် အခြေအနေမျိုးထက် မပိုပေ။
တာဝန်အရှိဆုံးမှာယခင်စစ်အစိုးရအဆက်ဆက် ပင်ဖြစ်ပါသည်
(၁) တာဝန်အရှိဆုံးမှာယခင်စစ်အစိုးရအဆက်ဆက် ပင်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ၁၉၇၄ မှစတင်ကာ ယခင်စစ်အစိုးရအဆက်ဆက်(ဦးနေ၀င်း-ဦးသန်းရွှေ)လက်ထက်တွင်ဖြစ်ပေါ်ခဲ့သောပဋပက္ခများမှ စတင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင်တရားဆိုင်ရန်ဆုံးဖြတ်ခဲ့ပြီးချိန်မှ စတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကဲ့သို့ ငွေအား လူအားပညာရှင်းအားကို အခြေခိုင်ခိုင်ဖြင့်စတင်အလေးအနက်ထားဖိအားပေးကာ မူများချမှတ်ပြီး အလုံးအရင်းဖြင့်ကြိုးစားခဲ့ခြင်းမရှိခဲ့ပေ..။ပြည်တွင်းနိုင်ငံရေးအရှုပ်တော်ပုံဝဲဂယက်ထဲတွင်သာတ၀ဲလည်ဖြစ်နေခဲ့ပါသည်။
(၂) အစိုးရအဖွဲ့အတွင်းတွင် နိုင်ငံတကာ ပညာရှင်နည်းပါးခြင်း။ထိုကဲ့သို့သောကိစ္စရပ်များသည် အစိုးရအဖွဲ့အတွင်းရှိ နိုင်ငံတကာဥပဒေပညာရှင်များ၊ နယ်နိမိတ်ဆိုင်ရာအကြံပေးများ၊မဟာဗျူဟာဆိုင်ရာကျွမ်းကျင်သူအရပ်သားပညာရှင်များ၊စသဖြင့် ပေါများစွာရှိခဲ့လျှင်လျှင်မြန်စွာတုန့်ပြန်နိုင်စွမ်းရှိပြီးစနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်နိုင်စွမ်းရှိမှာဖြစ်ပါသည်။
(၃) အစိုးရအဆက်ဆက် ပွင့်လင်းမြင်သာမှုမရှိခြင်း။ ယခင် စစ်အစိုးရအဆက်ဆက်ကတည်းကအကျင့်ဖြစ်နေသည့် ပြည်သူများနှင့် မီဒီယာများအပေါ်ပွင့်လင်းမြင်သာမှုမရှိသည့်အချက်သည်လည်းအရေးကြီးပါသည်။တိုက်ပွဲသတင်း/တိုင်းရင်းသားများသတင်း/နယ်နယ်နိမိတ်/လူမျိုးရေး/ဘာသာရေးအစရှိသော ပြဿနာကြီးများကို ပြည်သူများသို့ တရားဝင်ကြေညာအသိပေးခြင်းမရှိသည့် ယနေ့တိုင်ကျင့်သုံးနေသောသတင်းအမှောင်ချမှုဓလေ့များကြောင့် ယခုကဲ့သို့ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်းပင်..။စတင် ပြဿနာဖြစ်ချိန်ကတည်းက နိုင်ငံတကာမပြေနှင့် ပြည်တွင်းတွင်ပင် လွှမ်းမိုးမှုမရှိသောသတင်းစာတစ်ခုတည်းကိုသာအားကိုးပြီး ရင်ဆိုင်ခဲ့ခြင်းသည် လုံးဝမှားယွင်းသောကိစ္စရပ်တစ်ခုပင်ဖြစ်သည်..။
ဘင်္ဂလားဒေ့ရှ်မှ ထိုအားနည်းချက်ကို အမှတ်တစ်ခုအဖြစ် ယူပြီး ကမ္ဘာ့အလယ်တွင် အောင်ပွဲခံခဲ့သည်။
(၄) နိုင်ငံတကာနှင့်အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုအားနည်းအောင်ကိုယ့်ကိုယ်ကိုဖန်တီးခဲ့ခြင်း။ နိုင်ငံတစ်ခုကိုအများနှင့်ရင်ပေါင်တန်းနိုင်အောင် ပေါ်လစီမူဝါဒများချမှတ်ဆောင်ရွက်နိုင်စွမ်းသည်လည်းအစိုးရ၏တာဝန်ဖြစ်သကဲ့သို့ နိုင်ငံတစ်ခုကို ဆင်းရဲမွဲတေပြီးစီးပွားရေးပိတ်ဆို့/အထီးကျန်ဖြစ်အောင် တွန်းပို့သူမှာလည်း အစိုးရသာလျှင်ဖြစ်သဖြင့်ယခုပြဿနာတွင် ဘင်္ဂလားဒေ့ရှ်ကဲ့သို့ပူးပေါင်းဆောင်ရွက်ပေးမည့် နိုင်ငံတကာအသိုင်းအ၀ိုင်းမရှိခဲ့ပေ။ တရုတ်ကလည်းထိုသို့သောကိစ္စမျိုးတွင် စစ်မဖြစ်အောင်တားမည်ကလွဲပြီး ကျန်တာအားမကိုးရပေ။(နှစ်နိုင်ငံလုံးသည်တရုတ်ရဲ့ဖေါက်သည်နိုင်ငံများဖြစ်ပါသည်)
ထို့ကြောင့် ယခုဂျာမနီတွင်တရားဆိုင်မှုသည် မြန်မာနိုင်ငံအတွက် အရာရာ အစိမ်းသက်သက်ဖြစ်ကာမျက်စိသူငယ်နားသူငယ်ဖြင့် ရင်ဆိုင်ခဲ့ရသော ဖြစ်ရပ်ကြီးဖြစ်သည်။
(၅) အရာရာတိုင်းကို လုံခြုံရေး/မဟာဗျူဟာ စသဖြင့် စစ်ရေးအမြင်ဖြင့်သာဆုံးဖြတ်တတ်ခြင်း။လုံခြုံရေးအရ/နိုင်ငံခြားလွှမ်းမိုးမည်ဟုသောအကြောင်းပြချက်ဖြင့် နိုင်ငံတကာအကူအညီကိုနာဂစ်ကဲ့သို့ဒုက္ခရောက်နေချိန်တွင်လက်မခံခဲ့သောအစိုးရတစ်ရပ်သည်တရုတ်နှင့်ကုလားတို၏လူမျိုးရေး/ဘာသာရေးဝါးမျိုမှုကို မဟာဗျူဟာ/လုံခြုံရေး စသော စစ်ရေးဆိုင်ရာတားဆီးမှုဖြင့် တားဆီးနိုင်ခဲ့ခြင်းမရှိခဲ့ပါ။ မန္တလေးနှင့်ရခိုင်နယ်စပ်သည်သက်သေများပင်။
ထို့ပြင်ယခုကဲ့သိုသိမ်မွေ့ပြီးအင်အားကြီးသောနယ်နိမိတ်ပြဿနာတစ်ခုစတင်ဖြစ်ပွားချိန်တွင်သံတမန်ရေးရာအရလျင်မြန်စွာတုန့်ပြန်ဆောင်ရွက်မှုမှမရှိခဲ့သည့်အတွက်နိုင်ငံတကာတရားရုံးအပေါ်မီဒီယာအား/အမျိုးသားရေးစိတ်ဓာတ်အား/ပညာရှင်အားစသည်ဖြင့်ဖိအားနည်းခဲ့သည်မှာသင်ခန်းစာယူစရာဖြစ်ပါသည်။

Lwin Pwin
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com

0 comments:

Post a Comment