မြန်မာသတင်းများ        မတ် ၂၅ ရက်၊ ၂၀၁၂

ကချင်ပြည်နယ် ရွေးကောက်ပွဲ မကျင်းပသည့်အပေါ် အမတ်လောင်းများ ဝေဖန် 

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းသာ လိုတော့ချိန်မှ လုံခြုံရေး အကြောင်းပြချက်ဖြင့် ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများ ကျင်းပတော့မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ခြင်းမှာ မရိုးသားသော လုပ်ရပ်ဟု လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာက ဝေဖန်လိုက်ကြောင်း

ကချင်ပြည်နယ်အတွင်း လစ်လပ် မဲဆန္ဒနယ်များ ဖြစ်သည့် ဖားကန့်၊ ဗန်းမော်၊ မိုးကောင်း မြို့နယ်များတွင်
ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဟု နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် သောကြာနေ့ ညနေပိုင်းတွင် ကြေညာခဲ့ခြင်း ကို ဝေဖန်ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း
မိုးကောင်းမြို့နယ်တွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာတူးဂျာကလည်း ၎င်း၏မဲဆန္ဒနယ်တွင် လုံခြုံရေးအတွက် စိုးရိမ်ဖွယ်အခြေအနေမရှိကြောင်း၊ ရွေးကောက်ပွဲ ဖျက်သိမ်းခြင်း
နှင့် ပတ်သက်၍လည်း မြို့နယ်ကော်မရှင်မှ ၎င်းထံ အကြောင်းကြားလာခြင်း မရှိသေးကြောင်း ကော်မရှင်မှ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဟု ကြေညာခဲ့သည့် ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ ဗန်းမော် မြို့နယ်များအနက် ဖားကန့်မြို့တွင် မဲရုံပေါင်း ၇၁ ရုံ၊ မိုးကောင်းမြို့တွင် မဲရုံပေါင်း ၆၅ ရုံ တို့ကို ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ပြင်ဆင်ပြီး ဖြစ်
ကြောင်း

ဖားကန့်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ကြံ့ခိုင်ရေးပါတီ၊ NDF ပါတီနှင့် မိုးကောင်းမြို့နယ်တွင် NLD၊ ကြံ့ခိုင်ရေး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ NDF ပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်ထားကြခြင်း ဖြစ်
ကြောင်းသိရသည်။

ကချင်ပြည်နယ် နယ်မြေ ၃ ခု ရွေးကောက်ပွဲ ယာယီရပ်ဆိုင်း

ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်နဲ့ ဗန်းမော်ဒေသတွေမှာ လုံခြုံရေး အခြေအနေအရ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ယာယီ ရပ်ဆိုင်းလိုက်ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြား သတင်းဌာနက မနေ့ညက ရုတ်တရက် ကြေညာခဲ့ကြောင်း
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ တာဝန်ခံ ဦးဥာဏ်ဝင်းက- “သူတို့ကတော့ လုံခြုံရေး အခြေအနေကြောင့်ပေါ့၊ လုံခြုံရေး အခြေအနေကို ကျွန်တော်တို့ မသိဘူး။ ကျွန်တော် ရောက်ခဲ့တဲ့ အခြေအနေမှာတော့ ဘာမှတော့ လုံခြုံရေးနဲ့ပတ်သက်ပြီး ပြဿနာ မတွေ့ခဲ့ဘူး” လို့ပြောကြောင်းဦးဥာဏ်ဝင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကချင်ပြည်နယ်ကို သွားရောက်ခဲ့ကြောင်း
အမေရိကန် ပြည်ထောင်စုကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အကြောင်းပြချက်နဲ့ ပတ်သက်လို့ အချက်အလက်တွေ အပြည့်အစုံရဖို့ ကြိုးစားနေတယ်လို့ ဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နေ့စဉ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရအမျိုးသမီး Victoria Nuland က - ကချင်ပြည်နယ်က အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ စစ်ပြေးဒုက္ခသည်တွေရဲ့ အရေးကို စိုးရိမ်မကင်း ဖြစ်ရကြောင်း မိမိတို့ ပြောဆိုထားပြီးဖြစ်ကြောင်းလုံခြုံရေး အခြေအနေကြောင့်လို့ မြန်မာဘက်က အကြောင်းပြလာတဲ့ ရည်ရွယ်ချက်ကို နားလည်နိုင်ဖို့လည်း မိမိတို့ ကြိုးစားနေပါကြောင်းလောလောဆယ်မှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရဘက်က တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောဆိုစရာ မရှိသေးပါဘူးလို့ Victoria Nuland က သတင်းထောက်တွေကို ပြောဆိုခဲ့ တယ်လို့သိရပါတယ်။

ကချင် ၃ နယ် ရွေးကောက်ပွဲရွှေ့ဆိုင်းမှု အမေရိကန် စောင့်ကြည့်

ကချင်ပြည်နယ်ထဲက မဲဆန္ဒနယ်သုံးခုမှာ လုံခြုံရေးအခြေအနေကြောင့် လာမယ့် ဧပြီလ ၁ ရက်နေ့ တခြား ပြည်နယ်နဲ့ တိုင်းဒေသတွေမှာကြားဖြတ် ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ ကျင်းပနိုင်မှာ မဟုတ်ဘဲ ရက်ရွှေ့ဆိုင်းလိုက်ကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မနေ့က ကြေညာခဲ့ ကြောင်းဒီကိစ္စနဲ့ပတ်သက်လို့ အခြေအနေကို အပြည့်စုံ နားလည်နိုင်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland က ပြောကြောင်း
“ကချင်ပြည်နယ်က ပြည်သူတွေ ရွေးကောက်ပွဲမှာ ပါဝင် မဲပေးခွင့် ဆုံးရှုံးအောင် မြန်မာအစိုးရက တမင် လုပ်တာလား၊ ဘယ်လိုရည်ရွယ်ချက်နဲ့ အခုလို ရွှေ့ဆိုင်းလိုက်တာလဲ ဆိုတာကို နားလည်နိုင်ဖို့ ကျမတို့ ဒီကိစ္စကို စုံစမ်းနေပါတယ်။ သူတို့နဲ့ စကားမပြောရသေးတဲ့အတွက် လောလောဆယ်တော့ ဘာမှ ဝေဖန် မပြောနိုင်သေးပါဘူး။ ကချင်ပြည်နယ်တွင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတယ် ဆိုတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒါကို ဖြေရှင်းဖို့ နည်းလမ်း ရှိရပါလိမ့်မယ်။”
နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland ပြောသွားတာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လ ကတည်းကစလို့ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပုံသဏ္ဍန် အမျိုးမျိုးနဲ့ ဆက်လက် ဖြစ်ပွားနေသလို ဒီအပေါ် အမေရိကန် ပြည်ထောင်စုက စိုးရိမ်တဲ့အကြာင်းနဲ့ မြန်မာအစိုးရနဲ့ ကချင်အဖွဲ့တွေ နှစ်ဘက်စလုံးက အပစ်အခတ် ရပ်စဲကြဖို့ တိုက်တွန်းတဲ့ အကြောင်းလည်း ပြောခွင့်ရအမျိုးသမီး Nuland က ပြောသွားခဲ့တယ် တယ်လို့သိရပါတယ်။

မြန်မာ့လူ့အခွင့်အရေး နောက်တစ်နှစ် စောင့်ကြည့်ဦးမည်

မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေတွေအပေါ် နောက်ထပ်တစ်နှစ် ဆက်လက် စောင့်ကြည့်လေ့လာဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက သောကြာနေ့က ဆုံးဖြတ်လိုက်ကြောင်းဥရောပသမဂ္ဂက ကမကထပြုတဲ့ အဲဒီဆုံးဖြတ်ချက်ကို တရုတ်နဲ့ ရုရှ နှစ်နိုင်ငံကလွဲပြီး၊ ကျန်တဲ့ လူ့အခွင့်အရေး ကောင်စီအဖွဲ့ဝင်နိုင်ငံတွေက သဘောတူ ထောက်ခံခဲ့ကြကြောင်းမြန်မာနိုင်ငံ ကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်မှုတွေ ရှိနေတယ်ဆိုတာ အခြေအမြစ်မရှိ၊ မဟုတ်မမှန် လုပ်ကြံထားတဲ့ တဖက်သတ် စွပ်စွဲချက်တွေသာ ဖြစ်တယ်၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖျက်လို ဖျက်ဆီးလုပ်နေတာသာ ဖြစ်တယ်လို့ ရှုတ်ချပြောဆိုခဲ့ ကြောင်း
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ မြန်မာပြည် အပြောင်းအလဲတွေကို အသိအမှတ်ပြု ဖော်ပြထားသော်လည်း၊ တစ်ဖက်မှာ နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေသေးတာကြောင့်၊ သူတို့ကို ခြွင်းချက်မရှိ ပြန်လွှတ်ပြီး၊ နိုင်ငံရေးဖြစ်စဉ်မှာ အပြည့်အ၀ ပါဝင်ခွင့်ပြုဖို့ တိုက်တွန်းထားကြောင်းဒါ့အပြင် ဧပြီလ (၁) ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲကိုလည်း လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ကျင်းပဖို့ တိုက်တွန်းထားကြောင်း သတင်းရရှိသည်။

စာနယ်ဇင်း သမဂ္ဂ သုံးလအတွင်း ဖွဲ့မည်

မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းရေးအတွက် စာနယ်ဇင်းအဖွဲ့ အရေးပေါ်ညီလာခံကို ယနေ့နံနက် ၉ နာရီခန့်က ရန်ကုန်မြို့ ပြည်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ သူနာပြုတက္ကသိုလ်တွင် ကျင်းပသည်။ အဆိုပါ သမဂ္ဂ ဖွဲ့စည်းရန် ဆရာ မောင်ဝံသအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးပြီး သုံးလအတွင်း ဖွဲ့စည်းမည်ဟု သတင်းရရှိသည်။

ရွေးကောက်ပွဲ စောင့်ကြည့်ရေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ရက် အဖွဲ့က ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်း စဉ်များကို ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းပေါ်ရှိ ၈၈ မျိုးဆက်ကျောင်းသားများ ၏ ယာယီ ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ရက်ကို ၈၈ မျိုးဆက် ကျောင်းသားများ၊ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး၊ မြန်မာ့ ကွန်ရက် အပါအ၀င် တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များ၊ အယ်ဒီတာများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များဖြင့် ယမန်နေ့က စည်းဝေး ဆုံးဖြတ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


ဘန်ကီမွန်း မြန်မာ သွားရောက်ဖွယ်ရှိ

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် ဧပြီ ၁ ရက်ကြားဖြတ် ရွေးကောက်ပွဲပြီး နောက်ပိုင်း မြန်မာ နိုင်ငံ သို့ သွားရန် ရှိကြောင်း သိရသည်။ မြန်မာအစိုးရက နိုင်ငံတကာ လေ့လာသူများ လာရောက်ရန် ဖိတ်ခေါ်ခြင်းကို ကြိုဆို ကြောင်း နှင့် လက်ရှိပြုလုပ်နေသည့် အပြောင်းအလဲများအတွက် တိုက်တွန်း အားပေးကြောင်း မစ္စတာ ဘန်ကီမွန်း၏ ပြောကြားချက်ကိုလည်း AP သတင်း၌ ရေးသားထားကြောင်းသိရသည်။

လယ်/ဆည်ဝန်ကြီး လွှတ်တော်ကိုတောင်းပန်ရန် အမတ်များတောင်းဆို

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနအတွက် ဘတ်ဂျက်ဖြတ်တောက်မှုနဲ့ ပတ်သက်လို့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးက လွှတ်တော်ကိုယ်စားလှယ်အပေါ် ပုတ်ခတ် ပြောဆိုထားတာကို အရေးယူ ဆောင်ရွက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော် အခွင့်ရေးကော်မတီကို စုပေါင်း တိုင်ကြားထားကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို မြိတ်လူထု သောင်းသောင်းဖျဖျ ကြိုဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ  မနေ့မနက်ပိုင်းက မြိတ်မြို့ကို လေကြောင်းခရီးနဲ့ ရောက်ရှိသွားပြီး သိန်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေက ကိုဆိုခဲ့ကြကြောင်း ဒေါ်အောင်ဆန်းစုကြည်ဟာ မြိတ်မြို့မှာ ခေတ္တရပ်နားပြီး ရွေးကောက်ပွဲဝင်မယ့် ကျွန်းစုဘက်ကို စက်လှေ ၇ စင်းနဲ့ ဆက်လက်ထွက်ခွါသွားကြောင်း စခန်းသစ်၊ ကံမော်၊ ကျွန်းစု စတဲ့ကျွန်းတွေကို သွားဖို့ စီစဉ်ထားပေမယ့် စခန်းသစ်ကျေးရွာကိုသာ သွားရောက်နိုင်ပြီး ဒီကနေ့ ညနေ မြိတ်မြို့ကို ပြန်လာနေတယ်လို့ သိရကြောင်းမနက်ဖြန် မနက်ပိုင်းမှ ကျွန်းစုမြို့ကို သွားရောက်ဖို့ စီစဉ်ထားတယ်လကြောင်း မူလက အမြန်နှုန်းမြင့် လွန်းပြန်စက်လှေတွေနဲ့ သွားဖို့ စီစဉ်ထားပေမယ့် ဒေသခံ ကြံ့ခိုင်ဖွံဖြိုးရေးနဲ့ အာဏာပိုင်တွေက ဖိအားပေးတဲ့အတွက် စက်လှေပိုင်ရှင်တွေက မငှားရဲကြဘူးလို့ သိရကြောင်း
ဒီကနေ့ ညနေ ၆ နာရီလောက်မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နယက ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးဟာ အင်ဂပူမြို့နယ် ထူးကြီးကျေးရွာ ရုံးသစ်ဖွင့်ပွဲကို တက်ရောက်ပြီး လူထုကို စကားပြောကြားခဲ့ကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တစ်ဦး ၀င်ရောက်ယှဉ်ပြိုင်မယ့် ဧရာဝတီတိုင်း မြန်အောင်မြို့ကို အသွားမှာ အခုလို ထူးကြီး အန်အယ်ဒီရုံးဖွင့်ပွဲကို တက်ရောက်နေတာ ဖြစ်ကြောင်း
ထူးကြီးရုံးဖွင့်ပွဲမှာ တက်ရောက်ပြီး လူထုကို စကားပြောကြားရာမှာ လွန်ခဲ့တဲ့ အုပ်ချုပ်ရေးခတ်က အကြောက်တရား လွှမ်းမိုးခဲ့ကြောင်း အခုအခါ အသင့်အတင့် ပွင့်လင်းလာပြီဖြစ်ကြောင်း၊ ပြည်သူလူထုအနေနဲ့ ကြောက်ရွံ့မနေကြဘဲ၊ တိုင်းပြည်ပြောင်းလဲရေး အတွက် ဆက်လက် ကျိုးပမ်းသွားရမှာ ဖြစ်ကြောင်း နာယက ဦးတင်ဦးက ထည့်သွင်းပြောကြားခဲ့ကြောင်းထူးကြီး အပြီးမှာတော့ မြန်မာအောင်မြို့နယ်အပိုင် အင်ပင်ကျေးရွာကို ဆက်လက်ထွက်ခွါမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီဒေသဟာ ကြံ့ခိုင်ဖွင့်ဖြိုးရေးပါတီ အမတ် ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်ရဲ့ အဓိကနယ်မြေ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောကြောင်း
နာယက ဦးတင်ဦးနဲ့အတူ အန်အယ်ဒီခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးလှဖေလည်း လိုက်ပါလာပါကြောင်း အဲဒီနောက် ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် မြန်အောင်မြို့ကို ဆက်လက်ထွက်ခွါမှာဖြစ်ပြီး မြန်အောင်မြို့နယ်မှာတော့ လွှတ်တော်ကိုယ်စားလှယ်ဦးကျော်မြင့်က ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း သတင်းရရှိပါတယ်။

ရွှေည၀ါဆရာတော် ပြည်ပသာသနာပြုခရီး ကြွမယ်

နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့ အမိန့်နဲ့  သာဓုပရိယတ္တိ စာသင်တိုက်ကနေ နှင်ထုတ်ခံရပြီး မှော်ဘီမှာ သီတင်း သုံးနေထိုင်တဲ့ ရွှေည၀ါဆရာတော် ဦးပညာသီဟာ နောက်လဆန်းကစပြီး နိုင်ငံရပ်ခြားကို ပြည်ပသာသနာပြုခရီး ကြွမြန်းမယ်လို့  သိရပါတယ်။
ဆရာတော်ဟာ အမေရိကန်နိုင်ငံရောက် မြန်မာကွန်ယက်အဖွဲ့ အစည်းရဲ့ စီစဉ်မှုနဲ့  အာရှ နဲ့ ဥရောပက ဒိန်းမတ်၊ နယ်သာလင်၊ ဖင်လန်၊ နော်ဝေး၊ အင်္ဂလန် နဲ့ အမေရိကန် နိုင်ငံတွေကို ကြွမှာ ဖြစ်ပါတယ်။
ရှေ့လ ၁၀ ရက်နေ့မှာ ထိုင်းသာသနာပြုခရီး စတင်မှာ ဖြစ်ပြီး ခရီးစဉ်နဲ့ ပတ်သက်ပြီး ဆရာတော်က အခုလို မိန့်ပါတယ်။
"အမေရိကန်မှာ ရောက်နေတဲ့ တကာတွေက သာသနာပြုလုပ်ငန်းတွေအတွက် ကျောင်းဆောင်တွေ တည်ဆောက်နိုင်ဖို့အတွက် တရားပွဲတွေ ဥရောပနိုင်ငံ အသီးသီးမှာ ပြင်ဆင်ကျင်းပပေးမယ်၊ ဆရာတော် ကြွနိုင်မလားဆိုလို့ ကြွမယ်လို့ ပြောလိုက်တာလေ။ သူတို့ လှူတဲ့ န၀ကမ္မတွေကို ဗမာပြည်မှာ ဘုန်းကြီးလိုအပ်နေတဲ့ ကျောင်းအဆောက်အဦးတွေ ဆောက်ပြီးတော့ ဗုဒ္ဓတက္ကသိုလ်ကြီး ပြန်ဖွင့်ပြီး သံဃာတွေကို တထောင်လောက်ပြန်မွေးပြီးတော့ သာသနာပြုလုပ်ငန်းတွေကို ပြန်လည် ထူထောင်မယ်။"

တာချီလိတ်မှာ ဗုံးကွဲ

ထိုင်းမြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ ရှမ်းပြည်အရှေ့ပိုင်းက တာချီလိတ်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့လို့ လူတစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တာချီလိတ်မြို့ ရွှေတိဂုံဘုရား အနောက်ဖက် ဂေါက်ကွင်းထဲမှာ ရှေ့ဆင့်နောက်ဆင့် ဗုံးနှစ်လုံး ဆက်တိုက်လိုလို ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ တာချီလိတ်မြို့ခံတစ်ဦးက  
"မနက် ၇ နာရီလောက်ကပဲ ဂေါက်ကွင်း အထဲမှာ ကျင်းနံပါတ် ၁၃ မှာကွဲတာ။ လုံခြုံရေးချထားတဲ့ ကောင်လေးကလည်း အဲ့ဒီနားမှာ ရှိနေတဲ့အချိန်မှာပဲ နှစ်လုံး ကွဲသွားတာ။ အဲ့ဒီမှာ ကောင်လေးက ဒဏ်ရာရတယ်။ နောက် ဘယ်သူမှတော့ ဘာမှ မဖြစ်ဘူး၊ စုံစမ်းနေတုန်းပဲပေါ့ဗျာ။ ဘာကြောင့် ကွဲတယ်ဆိုတာရယ်၊ ဒါ ဘာဗုံးလဲဆိုတာကို ဆက်လိုက်နေတုန်းပဲ ရှိသေးတယ်။"

ဗုံးပေါက်ကွဲခဲ့တဲ့ နေရာဟာ လူနေအိမ်နဲ့ အလှမ်းဝေးလွန်းပြီး ပေါက်ကွဲခဲ့ချိန်မှာလည်း ဂေါက်ကွင်းအတွင်း လူသူရှင်းလင်းနေတဲ့ အတွက် တခြား ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တာချီလိတ်မြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ဗုံးပေါက်ကွဲခဲ့တာ ဟုတ်မှန်ကြောင်း ရဲအရာရှိတစ်ဦးက အတည်ပြု ပြောဆိုပေမယ့် အသေးစိတ် မသိရှိကြောင်း ပြောပါတယ်။
အခု ဗုံးပေါက်ကွဲခဲ့မှုဟာ ဘယ်သူ့လက်ချက်ဖြစ်တယ် ဆိုတာ အတိအကျ မသိရှိရသေးပေမယ့် တာချီလိတ်မြို့နယ် အတွင်း တစ်နှစ်တကြိမ်လောက် ဒီလိုပေါက်ကွဲမှုတွေ ကြုံနေရပြီး များသောအားဖြင့် စီးပွားရေးသမား အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် မကျေလည်မှုတွေကြောင့် လုပ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ တာချီလိတ်နဲ့ ကျိုင်းတုံမြို့တို့မှာ လာမယ့် မတ်လ (၂၇) ရက်နေ့မှာ အစိုးရစစ်တပ်မှ အရာရှိကြီးတွေ အပါအ၀င် ဌာနဆိုင်ရာ အကြီးအကဲများ၊ စီးပွားရေးသမားများ ၀င်ရောက် ယှဉ်ပြိုင်ကြမယ့် တပ်မတော်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပဖို့  ရှိတယ်လို့ သတင်းများ ထွက်ပေါ်နေချိန်မှာ အခုလို ဗုံးကွဲခဲ့တာ ဖြစ်ပါတယ်။

တိုင်ရီ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် လျှောက်ထား

လှိုင်သာယာ စက်မှုဇုန်မှာရှိတဲ့ တိုင်ရီစက်ရုံက အလုပ်သမား တထောင်ကျော်ဟာ မနေ့က နံနက် ၁၁ နာရီမှာ တိုင်ရီ အလုပ်သမားသမဂ္ဂ အမည်နဲ့ မြို့နယ် အလုပ်သမားရုံးကို သမဂ္ဂဖွဲ့စည်းခွင့် သွားရောက် လျှောက်ထားခဲ့ ပါတယ်။
ဒီလိုမသွားရောက်ခင် အလုပ်သမားတွေနဲ့ ဥပဒေရေးရာ အတိုင်ပင်ခံ ဦးဖိုးဖြူတို့က စက်ရုံရှေ့မှာ အလုပ်သမားတွေကို သမဂ္ဂဖွဲ့စည်းပုံ စည်းမျည်းစည်းကမ်းတွေကို ရှင်းလင်းပွဲ လုပ်ခဲ့ပါသေးတယ်။ အလုပ်သမားတွေ တင်ပြတဲ့ လျှောက်လွှာကို အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနရုံးက မြို့နယ် မှတ်ပုံတင်အရာရှိ ဦးစိုးဝင်းနှင့် တိုင်းအလုပ်သမား ညွှန်ကြားမှု ဦးစီးအရာရှိ ဦးဇော်ဇော်ဦးက လက်ခံခဲ့တယ်လို့ သိရပါတယ်။
အခုလို စတင်ဖွဲ့စည်းလိုက်တဲ့ တိုင်ရီ အလုပ်သမားသမဂ္ဂရဲ့ ကနဦး လုပ်ငန်းစဉ်တွေကိုတော့ ဥက္ကဌအဖြစ် တာဝန်ပေး ခံရတဲ့ ဒေါ်မိုးဝေက --
“ပထမဦးဆုံးအနေနဲ့ ဝန်ထမ်းတွေ အကုန်လုံးကို ဒီသမဂ္ဂဆိုတာ ဘာလဲ ဘယ်လိုမျိုးလဲ ရှင်းပြပေးတယ်။ အခုအချိန်က သမဂ္ဂ မှတ်ပုံတင်သည့် ကာလမှာ ဝန်ထမ်းတွေရဲ့ အခြေအနေပေါ့နော်။ ဘယ်လိုမျိုးတွေ အနေအထားမှာ ဆုံးရှုံးနစ်နာမှုတွေ ရှိနေတာလဲ၊ သူတို့အနေနဲ့ ဘယ်လိုပြဿနာတွေနဲ့ ရင်ဆိုင်နေရလဲ။ အဲဒါတွေကို အသေးစိတ် ကျမတို့ လေ့လာနေပါတယ်။”
အခု လျှောက်လွှာတင်လိုက်တဲ့ သမဂ္ဂမှာ ဒေါ်မိုးဝေက ဥက္ကဌ၊ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နဲ့ အမှုဆောင်များအဖြစ် ဒေါ်ဝေဝေမာ၊ ဒေါ်ဇင်မာခိုင်၊ ဒေါ်လွင်မော်ဦး၊ ဒေါ်မြင့်မြင့်ထွေးနဲ့ ဒေါ်အေးသင်းသင်းသူ တို့ (၇) ဦး ပါဝင်ပါတယ်။ ဒီသမဂ္ဂ ဖွဲ့စည်းပုံစည်းမျဉ်းကို ရှေ့နေဦးဖိုးဖြူက ကူညီ ရေးဆွဲပေးခဲ့တာဖြစ်ပြီး လက်ရှိမှာ သမဂ္ဂ အဖွဲ့ဝင်ပေါင်း (၁၂၆၆) ဦးရှိတယ် လို့ သိရပါတယ်


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် The Voice Journal ပါ ဆောင်းပါးတစ်ခုတွင် သတိပေးထားသည်ကို တွေ့ရှိရသည်။

မတ် ၂၆- ဧပြီ ၁၊ ၂၀၁၂ ရက်စွဲပါ The Voice Journal အတွဲ ၈၊ အမှတ် ၁၅ ၏ စာမျက်နှာ ၃၄ တွင် ဖော်ပြထားသော ဆောင်းပါးရှင် ပေါ်လင်းဦး၏ "ဓားမလည်း မဆုံး၊ ဖွတ်လည်းရ" ဆောင်းပါးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် အပေါ်သတိပေးထားသည်ကို တွေ့ရှိ ရခြင်းဖြစ်သည်။

ဆောင်းပါးရှင် ပေါ်လင်းဦးက "အန်အယ်လ်ဒီအနေဖြင့် ယခုအချိန်တွင်မူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စာလျှင် တပ်မတော် နှင့် ယုံကြည်မှု တည်ဆောက်ရေးကို ဦးစားပေးသင့်သော အချိန်ဖြစ်ပါသည်။ တပ်မတော်နှင့် ယုံကြည်မှု တည်ဆောက်ခြင်း အတိုင်းအတာ တစ်ခုရောက်လျှင် ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စမှာ ယခုအခြေအနေထက် လွယ်ကူစွာ ဖြစ်လာနိုင်စရာ ရှိပါသည်။ ကျွဲကူးရေပါကိစ္စပင် ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ယခုအချိန်တွင်မူ ရလဒ် မသေချာလွန်းသည့် စွန့်စားမှုကို ရှောင်ကြဉ်သင့်ပါသေးသည်"ဟု သတိပေးမှတ်ချက်ပြုထားသည်။

ထို့အပြင် "ယခုအချိန်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကို ဦးစားပေးမိပါက ပြင်ဆင်ခွင့်ရနိုင်စရာ အခြေအနေ အလွန်နည်းပါးလှသည့်အပြင် တပ်မတော်နှင့် ယုံကြည်မှု တည်ဆောက်ခြင်းကိုပါ ထိခိုက်သွားနိုင်သည် ဖြစ်ရာ 'ဖွတ်မရ၊ ဓားမဆုံး' ရသည့် အဖြစ်နှင့် ပိုနီးစပ်နေပါသည်"ဟု ဆောင်းပါးရှင် ပေါ်လင်းဦးက သတိပေးခဲ့သည်။

ဖန်ခွက်အောက်ခြေရှိ အမှုန်အမွှား၊ အနည်တို့ကို ဖယ်ထုတ်လို၍ ဖန်ခွက်ထဲရှိ ရေအားလုံးကို သွန်ပစ်မိလိုက်သည့်အဖြစ်မျိုး မဖြစ်စေရန် လိုပါသည်ဟုလည်း ၎င်းက သတိပေးခဲ့သည်။
ဆောင်းပါးရှင်က "အန်အယ်လ်ဒီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟုဆိုရာတွင် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်နေခြင်းကို အဓိကထားဆိုလိုဟန် ရှိ ပါသည်" ဟု ဆောင်းပါးတွင် သုံးသပ်ထားသည်။

Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment