မြန်မာသတင်းများ        မတ် ၂၉ ရက်၊ ၂၀၁၂

 

နိုင်ငံတကာအဖွဲ့တွေ ရွေးကောက်ပွဲစောင့်ကြည့်ချိန် အပြည့်အဝမရ

မကြာခင်ကျင်းပဖို့ရှိနေတဲ့ လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အဓိကကျတဲ့ သော့ချက်ဖြစ်တာမို့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ မူဝါဒတွေကို သိသိသာသာပြောင်းလဲစေလိမ့်မယ်လို့ အီးယူရဲ့နိုင်ငံခြားဆက်ဆံရေးအကြီးအကဲ ကက်သရင်းအက်ရှ်တွန်က ပြောလိုက်ကြောင်း ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လည်လွတ်မြောက်ဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေ တိုးတက်ဖို့ ဖိအားပေးရမယ့်ကိစ္စတွေ ကျန်နေသေးတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာအရေးလှုပ်ရှားမှု အဖွဲ့တစ်ခုဖြစ်တဲ့ Burma Campaign-UK က EU ကို ဝေဖန်လိုက်ကြောင်း
မြန်မာနိုင်ငံမှာ အစိုးရက ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ရေးကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ဖို့ ဖိတ် ကြားတာကို မကြုံစဖူး ပွင့်လင်းမှုတစ်ရပ်ဖြစ်တယ်လို့ ဥရောပ သမဂ္ဂက ခေါ်ဆိုထားတဲ့ ကြေညာချက် တစ်စောင်ကို ဒီကနေ့ ထုတ်ပြန်လိုက်တာ ဖြစ်ကြောင်း မဲဆွယ်စဉ်ကာလမှာ ယေဘုယျအားဖြင့် ငြိမ်းချမ်းတဲ့ သဘောသဘာဝတွေ ရှိနေတာကို ကြိုဆိုတယ်၊ ပါတီတချို့ရဲ့ မသမာမှု၊ ခြိမ်းခြောက်မှုတွေကို ကြားရပေ မယ့် အစိုးရက စုံစမ်းဖြေရှင်းပေးလိမ့်မယ်လို့ ယုံကြည်တယ်လို့ ပြောထားတာ ဖြစ်ကြောင်း ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှု အားလုံးကိုလည်း ချီးကျူးထားတာ ဖြစ်ကြောင်း
ဥရောပသမဂ္ဂထဲက ဥရောပအစိုးရတချို့နဲ့ ကုလသမဂ္ဂအရာရှိတွေဟာ အရေးယူပိတ်ဆို့မှုကို မယုံကြည် ဘဲ မြန်မာအစိုးရနဲ့ပူးပေါင်းဆောင်ရွက်မယ်၊ အကူအညီပေးမယ်၊ ဒီလိုနည်းနဲ့သာ အပြောင်းအလဲ ပြုလုပ်နိုင် မယ်လို့ ယုံကြည်နေကြသူတွေ ဖြစ်တယ်လို့ ဆိုကြောင်း သူတို့ရဲ့ ဘားမားကမ်ပိန်း ယူကေ အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတချို့ မြင်လာရတာဟာ ဒီလို ဒဏ်ခတ်အရေး ယူမှုတွေကြောင့် ဖြစ်တယ်လို့ ယူဆပါကြောင်း အခု သမတ္တဦးသိန်းစိန်ကလည်း ဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းစေချင်တဲ့အတွက်ကြောင့် ပြုပြင်ပြောင်းလဲမှုတချို့ လုပ်ပြနေခြင်းသာဖြစ်တယ်၊ ဒဏ်ခတ်အရေးယူ မှုတွေ ရုပ်သိမ်းလို့ စီးပွားရေးအင်အား ကောင်းလာရင် စစ်အင်အားကို တိုးချဲ့ပြီး ဖိနှိပ်ချုပ်ခြယ်မှုတွေ ပိုလုပ် လာမယ်လို့လည်း မာ့ခ်ဖာမနာက ထောက်ပြထားကြောင်း ဥရောပသမဂ္ဂကတော့ အခုအခါ မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်မယ့်အဖွဲ့ စေလွှတ်လိုက်ပြီလို့ ဆိုပေမယ့် ရွေးကောက်ပွဲကို အစ၊ အလယ်၊အဆုံး စောင့်ကြည့်နိုင်တဲ့အခြေအနေမရှိဘူး၊ အချိန်အလုံအလောက် မရဘူးဆိုပြီး ပြောကြားကြောင်းသတင်းရရှိသည်။

ရွေးကောက်ပွဲ နိုင်ငံတကာလေ့လာရေး အဖွဲ့တွေ ရောက်ရှိ 

မြန်မာနိုင်ငံမှာ ဧပြီလတစ်ရက်နေ့ကျရင် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့် ဖို့အတွက် အခုဆိုရင် နိုင်ငံတကာ အဖွဲ့တွေ ရန်ကုန်မြို့မှာ ရောက်နေကြပါပြီဖြစ်ကြောင်း ဖိတ်ကြားထားတဲ့ အတိုင်းပဲ နိုင်ငံတကာ သံတမန်တွေနဲ့အတူ သက်ဆိုင်ရာ သတင်းမီဒီယာတွေလည်း ပါဝင်လာကြကြောင်း ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့အတွက် ဒေါက်တာ Mely Anthony ဦးဆောင်တဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးရဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးကတော့ ဒီနေ့ညနေပိုင်း ရန်ကုန်မြို့ကို ရောက်လာပါပြီ ဖြစ်ကြောင်း အခြား နိုင်ငံအသီးသီးက လေ့လာရေးအဖွဲ့အချို့လည်း ရန်ကုန်ကို ရောက်ရှိနေပြီး  ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုဘက်ကတော့ နိုင်ငံတကာ ရွေးကောက်ပွဲတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့နှစ်ခု NDI (National Democratic Institute) နဲ့ IRI (International Republican Institue) က ကိုယ်စားလှယ်နှစ်ဦး မြန်မာနိုင်ငံကို ရောက်နေပါပြီဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့လူ့အခွင့်အရေးကော်မရှင် သတင်းစာရှင်းလင်းပွဲလုပ်

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မိမိတို့ယခု ရပ်တည်လှုပ်ရှားနေမှုမှာ
နိုင်ငံတော်သမ္မတ၏ ထောက်ပံ့ငွေဖြင့် ရပ်တည်ခြင်းဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား လိုက်ကြောင်းရန်ကုန်မြို့ရှိ အဆိုပါ ကော်မရှင် ရုံးတွင် ညနေ ၃ နာရီခွဲက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ငွေကြေးကိစ္စနဲ့ ပတ်သက်သည့် အသေးစိတ်ကို အတွင်းရေးမှူး ဦးစစ်မြိုင်က ရှင်းပြခဲ့သည်။
လူ့အခွင့်အရေးကော်မရှင်မှာ ပြည်ထောင်စုအစိုးရ ဗဟိုအဖွဲ့အစည်းမဟုတ်၍ အဆိုပါ တင်ပြငွေကို မတ်လ ၁၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်က ပယ်ချခဲ့သည်။ဗဟိုအဖွဲ့အစည်းတွင် အကျုံးမဝင်၍ ဘတ်ဂျက်ရသုံးမှန်းခြေငွေစာရင်း အသုံးစရိတ်တွင် ထည့်ထားခြင်းမှ ပယ်ဖျက်ခြင်း သည် ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း ဆောင်ရွက် အထောင်အထည်ဖော်ခြင်းတို့ကို ပျက်ပြယ်စေခြင်း မရှိကြောင်း
လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းအား စတင်ရေးဆွဲနေပြီဖြစ်ပြီး သမ္မတ၏ သဘောတူညီချက် ရပါက လွှတ်တော်မှ အတည်ပြုချက် ရယူသွားမည်ဟု ဦးကျော်တင့်ဆွေက ပြော
ကြောင်း
တနာရီကျော်ကြာ သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ ဒုဥက္ကဋ္ဌ ဦးကျော်တင့်ဆွေ၊ အတွင်းရေးမှူး ဦးစစ်မြိုင်တို့ တက်ရောက်ခဲ့ကြပြီး ကော်မရှင် ရပ်တည်ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များ နှင့်ပတ်သက်သည့် ရှင်းလင်းပြောပြခဲ့ကြ
ကြောင်း သတင်းရရှိသည်။

မော်လမြိုင်တွင် မဲပေးခွင့်ရှိသူ လေးထောင်ခန့် တိုးလာ 

ကြားဖြတ်ရွေးကောက်ပွဲဝင် ပါတီအချို့၏ တိုက်တွန်းချက်ဖြင့် မဲပေးခွင့် ဆုံးရှုံးနေသည့် မဲဆန္ဒရှင်များ၏ ပြန်လည် တင်ပြချက်ကြောင့် မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်၏ ဗုဒ္ဓဟူးနေ့ နောက်ဆုံး စာရင်းချုပ် ထုတ်ပြန်ချက်တွင် မဲစာရင်း လေးထောင်နီးပါး တိုးလာကြောင်း မြို့နယ်ကော်မရှင်၏ မတ်လ ၇ ရက်နေ့ ထုတ်ပြန်ချက်တွင် မဲပေးနိုင်သူစာရင်း ၁၅၄, ၃၅၃ သာ ရှိသော်လည်း
ပြန်လည် စိစစ်ပြီးနောက် တနင်္ဂနွေနေ့ ထုတ်ပြန်ချက်တွင် ၁၅၈, ၂၁၉ ဦး ရှိကြောင်း ကြားဖြတ် ရွေးကောက်ပွဲဝင် ပါတီများက ပြောကြောင်း သိရသည်။

'ပုသိမ်သူ' ရေယာဉ် နစ်မြုပ်၍ သေဆုံးသူများအတွက် ၅ သိန်းစီ ပေးအပ်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်အတွင်း မတ်လ ၂၀ ရက်နေ့က ‘ပုသိမ်သူ-၁၁’ သင်္ဘော နစ်မြုပ်သွားစဉ် သေဆုံးခဲ့ရသူများအတွက် တဦးလျှင် ကျပ် ၅ သိန်းစီ အာမခံ လျော်ကြေး ပေးအပ်မည် ဖြစ်ကြောင်း
မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောကြားသည်။

ပုသိမ်သူ ၁၁ ရေယာဉ်သည် မတ်လ ၂၀ ရက်နေ့တွင် ခရီးသည် ၁၀၀ ကျော် တင်ဆောင်ကာ ပုသိမ်မှ ငပုတောမြို့သို့ အသွား နေ့လည် ၂ နာရီ ၄၅ မိနစ်ခန့်တွင် ငပုတောမြို့နယ် ကန်ဆိပ်ကျေးရွာအနီး နှစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်းမတ်လ ၂၆ ရက်နေ့အထိ ရုပ်အလောင်း ၂၆ ဦး ဆယ်ယူရရှိပြီးဖြစ်ကာ ခရီးသည် ၇၂ ဦးကို ကယ်တင်နိုင်ခဲ့သော်လည်း အချို့မှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ငပုတောမြို့နယ် အုပ်ချုပ်ရေး ရုံးမှ တာဝန်ရှိသူ တဦးက ပြောကြောင်းမြန်မာ့ အာမခံ လုပ်ငန်းမှ တာဝန်ရှိသူများသည် ပြည်တွင်းမီဒီယာ တခုမှ လက်ကိုင်ဖုန်းသို့ ပေးပို့သော သတင်း ပေးပို့ချက်အရ သင်္ဘော နစ်မြုပ်မှုကို သိသိချင်း ငပုတော မြို့နယ်သို့ သွားရောက် စုံစမ်းမှုများ ပြုလုပ်ခဲ့သည်ဟုမြန်မာ့ အာမခံလုပ်ငန်းမှဆိုကြောင်း

မတ်လ ၂၄ ရက်နေ့တွင် သေဆုံးသူ ရုပ်ကလာပ် စုစုပေါင်း ၂၄ ဦး တွေ့ရှိပြီးနောက် တဦးစီ၏ မိသားစုဝင်များကို အာမခံ လျော်ကြေးငွေ ကျပ် နှစ်သိန်းစီကို ကြိုတင်ငွေအဖြစ် ပေးအပ်ပြီး ဖြစ်ကြောင်း
သင်္ဘောနစ်မြုပ်မှုကြောင့် ဒဏ်ရာ ရသူများကိုလည်း ထိခိုက်မှုပေါ်မူတည်ကာ ဆေးကုသမှု ကုန်ကျစရိတ်၏ ၈၀ ရာခိုင်နှုန်း လျော်ကြေးပေးမည်ဖြစ်ပြီး အများဆုံး ကျပ်ငွေ လေးသိန်းအထိ ပေးအပ်နိုင်ကြောင်း

မြန်မာ့အာမခံ လုပ်ငန်းသည် သူတပါးထိခိုက်မှု အာမခံလျော်ကြေး အဖြစ် ၁၉၇၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မူဝါဒအရ အာမခံထားရှိသော မည့်သည့် စက်တပ်ယာဉ်မှ ထိခိုက် သေဆုံးသူများအတွက်မဆို အာမခံကြေးများကို ပေးအပ်လေ့ ရှိသော်လည်း ထိုကဲ့သို့ အာမခံ လျော်ကြေး တောင်းခံနိုင်ကြောင်း သိရှိသူနည်းပါးကာ အာမခံလျော်ကြေးငွေတောင်းခံမှု နည်းပါးခဲ့ကြောင်း

မြန်မာ့အာမခံ လုပ်ငန်းမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်း အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ နှင့် ပူးပေါင်းကာ ဒဏ်ရာရရှိသူများကို အာမခံကြေး လျော်ကြေး ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်း ”နှုန်းရှင်” ဖြစ်တော့မည်

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေလဲနှုန်းကို အခုလာမယ့် ဧပြီ (၁) ရက်နေ့ကစပြီး ဈေးကွက်ပေါက်ဈေး အရ ဈေးနှုန်းတစ်မျိုးထဲ သတ်မှတ်လဲလှယ် သွားတော့မယ်လို့ အစိုးရ တာဝန်ရှိသူတွေက မနေ့က ကြေညာလိုက်ပါတယ်။
ဆိုရှယ်လစ်ခေတ်ကတည်းက အခုချိန်အထိ မြန်မာနိုင်ငံမှာ အမေရိကန် (၁) ဒေါ်လာကို မြန်မာ ကျပ်ငွေ (၆) ကျပ် ကျော် နဲ့ လဲလှယ်ခဲ့ပြီး၊ ပြင်ပမှောင်ခိုဈေးကွက်မှာတော့ လက်ရှိအချိန်မှာ (၁) ဒေါ်လာကို ကျပ် (၈၀၀) ဝန်းကျင်နဲ့ လဲလှယ်နေတဲ့အတွက် ဈေးကွက်ထဲမှာ ဒေါ်လာပေါက်ဈေး အနည်းဆုံး (၂) မျိုးဖြစ်နေတာဟာ တိုင်းပြည်ရဲ့ စီးပွားရေးအတွက် နစ်နာလှတယ်လို့ ပညာရှင်တွေက သုံးသပ် ထားကြပါတယ်။
အရင်က ငွေလဲနှုန်းဟာ သဘာဝမကျကြောင်း၊ အခုလို အမေရိကန် (၁) ဒေါ်လာကို ကျပ် (၈၀၀) ဝန်းကျင် သတ်မှတ် လဲလှယ်မယ်ဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အတွက် အလားအလာကောင်းတွေ ရှိလာနိုင်ကြောင်း၊ အခုအချိန်မှာ အပြင်က လာရောက်ရင်းနှီးမြုပ်နှံသူတွေအတွက် ယူလာတဲ့ငွေကြေးရဲ့ တန်ရာတန်ကြေးရမှာ ဖြစ်ကြောင်း စီးပွါးရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းက
“အခုလို ငွေလဲလှယ်နှုန်းထားကို တသမတ်ထဲ လုပ်လိုက်မယ်ဆိုရင် ပြည်တွင်းဈေးကွက်နဲ့ ကုန်ဈေးနှုန်း အတက်အကျ ကိစ္စမှာ တိုက်ရိုက် ရိုက်ခတ်မှုနည်းမှာ ဖြစ်ပေမဲ့၊ နိုင်ငံခြားနဲ့ ဆက်သွယ် ဆောင်ရွက်ကြမယ့် အစိုးရပိုင်းအရာရှိတွေ အတွက်တော့ အရင်လို အကျိုးအမြတ် ရနိုင်တော့မှာ မဟုတ်ဘူးလို့” ပါမောက္ခချုပ်ဟောင်း ဦးမော်သန်း က ထောက်ပြ ပြောဆိုကြောင်း သိရသည်။

ရည်ညွှန်းနိုင်ငံခြားငွေ လဲနှုန်း ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်မည်

နိုင်ငံခြားငွေလဲလှယ်မှုစနစ်တွင် ဈေးကွက်အခြေခံသောထိန်းကျောင်းမှုရှိသည့် နှုန်းရှင် ငွေလဲလှယ်နှုန်းစနစ် (Managed Floating Exchange Rate Regime) ကို လာမည့် ဧပြီလ ၁ ရက်နေ့တွင် စတင်ကျင့်သုံးမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ သတင်းထုတ်ပြန်သည်။ ပြောင်းလဲမည့် စနစ်နှင့်အညီ ရည်ညွှန်းနိုင်ငံခြားငွေ လဲနှုန်း (Reference Foreign Exchange Rate) ကို ဗဟိုဘဏ်က နေ့စဉ် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲ ရွှေ့ဆိုင်း 

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ရေးရာကော်မတီများက အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံရန် စီစဉ်ထားခြင်းကို ရွှေ့ဆိုင်းလိုက်ကြောင်း ကြာသပတေးနှင့် သောကြာနေ့များတွင် ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ရုံးတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း ယာယီရွှေ့ဆိုင်းလိုက်ကြောင်း

မူလ အစီအစဉ်အရ ဆွေးနွေးပွဲတွင် AFTA ခေါ် အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ခွင့် ဧရိယာဖြစ်လာမည့် ၂၀၁၅ ခုနှစ်နှင့် ကမ္ဘာ့စီးပွားရေး စိန်ခေါ်မှုများအတွက် မြန်မာနိုင်ငံ၏ ပြင်ဆင်ထားရှိမှုများလည်း ပါဝင်မည်ဖြစ်ပြီး ကျပ်ငွေနှင့်ဒေါ်လာလဲလှယ်နှုန်းကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးမည်ဟု သိရကြောင်း
ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တက်ရောက်လာသူများ၏ ဆွေးနွေးချက်များကို ဒိုင်ခံသုံးသပ်ရှင်းလင်းပေးသွားမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်၏ စီးပွားရေး နှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဦးမောင်မောင်သိမ်းနှင့်ရင်းနှီးမြှုပ်နှံမှုနှင့်စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးဌေးမြင့် တို့ကလည်း ရှင်းလင်းတင်ပြကြရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှအမျိုးသမီးတစ်ဦးအား ခေါ်ယူစစ်ဆေး မေးမြန်းနေသည့်ကာလအတွင်း ယင်းအမျိုးသမီးသည်ရန်ကုန်တိုင်းဒေသကြီးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံး ပြတင်းပေါက်မှ ပြုတ်ကျသေဆုံးခဲ့သည့် ဖြစ်စဉ် မတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ မိသားစုဝင်များက ရှင်းလင်းပွဲတစ်ခု မတ်လ ၂၈ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း
ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မတ် လ ၂၁ ရက်နေ့မှစတင်၍ အထူးစုံ စမ်းစစ်ဆေးရေးဦးစီးဌာနက မနန်းဝိုးဖန် ၀ယ်ယူထားသော မြေကွက်ကိစ္စများနှင့် ပတ်သက်၍ ခေါ်ယူစစ်ဆေးနေရာမှ မတ်လ ၂၄ ရက်နေ့ နံနက် ၅ နာရီ အချိန် ခန့်၌ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန အဆောက်အဦး၏ ငါးလွှာရှိ ပြတင်းပေါက်မှ ပြုတ်ကျခဲ့ပြီး နံနက် ၆ နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ သေဆုံးသူ မနန်းဝိုးဖန် (အသက် ၂၀ နှစ်)သည် တာချီလိတ်မြို့နယ် နေသူဖြစ်ကြောင်း၊ ဂျပန်အမျိုးသားတစ်ဦးနှင့် လွန်ခဲ့သော သုံးနှစ်ခန့်က ရှမ်းရိုးရာဖြင့်သာ လက်ထပ်ထားသူ တစ်ဦးဖြစ်ကြောင်း၊ မြေကွက်များကို ၀ယ်ယူထားသူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။ ''မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီလောက်က (စ.စ.စ)ကိုသွားတော့ ကျွန်မနဲ့ နန်းဝိုးဖန်ကို တစ်ခန်းစီ ခွဲစစ်တယ်။ အဲဒီက နန်းဝိုးဖန်တို့ ၀ယ်ထားတဲ့ မြေကွက်တွေနဲ့ ပတ်သက်ပြီးတော့ စီးပွားရေး လမ်းကြောင်းအရ စစ်တယ်လို့ ပြောတယ်။ ကျွန်မကို ဘာကြောင့် စစ်တာလည်း မသိလို့ မေးကြည့်တော့ အမှုနဲ့ပတ်သတ်နေတဲ့အတွက် ကိုယ်သိသလောက် ပြောပေးဖို့ ပြောတယ်။ ကျွန်မ သိတာတွေကို ပြောပြရတယ်။ အဲဒီနေ့ညမှာဘဲ နန်းဝိုးဖန်တည်းတဲ့ ဟိုတယ်မှာ သက်ဆိုင်ရာလူကြီးတွေနဲ့ သွားပြီးတော့ ရှိသမျ စာရွက်စာတမ်းတွေကို သိမ်းလိုက်တယ်။ ပြီးတော့ နန်းဝိုးဖန်က ဗဟန်းမှာ တိုက်ခန်းတစ်ခန်း ဌားထားတာရှိတယ်။ တိုက်ခန်းထဲက စာရွက် စာတမ်းနဲ့ လိုအပ်တာတွေ အကုန်လုံးကို ယူတယ်။ အဲဒီအချိန်မှာ ကျွန်မက အောက်မှာ အစောင့်တွေနဲ့ ကျန်ခဲ့တယ်။ နန်းဝိုးဖန်း တစ်ယောက်တည်း အပေါ်ကို ပါသွားတယ်။ ပြန်ဆင်းလာတော့ သူကငယ်လည်း ငယ်တော့ အရမ်းကို ကြောက်ပြီး ငိုနေတယ်။ ကျွန်မက အဲဒီချိန်မှာတော့ သူ့ကို ပြောလိုက်ပါတယ်။ စီးပွားရေးအရ ဖြေရှင်းတာ ဖြစ်တဲ့အတွက် မကြောက်ဖို့ကိုလည်း ပြောလိုက်ပါသေးတယ်''ဟု မနန်းဝိုးဖန်၏ အိမ်ခြံမြေကိစ္စများတွင် ဆောင်ရွက် ပေးခဲ့သော ရှေ့နေဖြစ်သူ မအိအိအောင်က ပြောကြားခဲ့သည်။

၎င်းကဆက်လက်၍ ''နောက်နေ့က စပြီး သူ့ကို စကားပြောလို့ မရတော့ဘူး။ လက်ဟန်နဲ့ဘဲ ပြောလို့ရတော့တယ်။ သူ့အနောက်မှာ တစ်ယောက် အမြဲတန်းပါတယ်။ ကျွန်မလည်း အိမ်သာသွားမလို့ ထတာနဲ့ တစ်ယောက် ကပ်လိုက်လာတယ်။ အမှန်တစ်ကယ်က မတ်လ ၂၂ ရက်နေ့ နေ့လည်ကတည်းက ကျွန်မကို ပြန်ခိုင်းတယ်။ ကျွန်မနဲ့ မဆိုင်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မက မပြန်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နန်းဝိုးဖန်း ရန်ကုန်  ဆင်းလာတဲ့ အချိန်ကတည်းက ကျွန်မနဲ့အတူနေတာ လေးလလောက် ရှိပြီဆိုတော့ အဲဒီမှာဘဲ အတူတူ ဆက်နေလိုက်တယ်။
အဲဒီမှာဘဲ ညဘက်မှာ ခုံတွေဆက်ပြီး ညအိပ်တယ်။ သူက ရှမ်းလူမျိုးဖြစ်တဲ့အတွက် ဗမာစကား ကောင်းကောင်း မပြောနိုင်တဲ့အတွက်ကို ရှမ်းစကားပြန်နဲ့ စစ်ပေးဖို့ ပြောသေးတယ်။ ဒါပေမဲ့ သူတို့ဆီမှာ မရှိဘူးလို့ပြော တယ်။ သူက ခုန်ချတာတော့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူက အရမ်းကြောက်တတ်တယ်။ မတ်လ ၂၃ ရက်နေ့မှာဘဲ သူမူးလို့ဆိုပြီး သကြားရည် ဖျော်သောက်တယ်။ ပြီးတော့ အဲဒီနေရာမှာဘဲ မူးလှဲ သွားတယ်။ သူက သွေးပေါင်ကျတတ်တယ်။ အဲဒီက လူကြီးတစ်ယောက်က သွေးပေါင် လာတိုင်းတယ်။ သွေးပေါင်ချိန်က ပုံမှန်ပါဘဲလို့ ပြောတယ်။ လူကတော့ ဖျော့တော့တော့ ဖြစ်နေတယ်။
၂၃ ရက်နေ့ညက အစောင့်တွေနဲ့ အိမ်ပြန်ပြီး ရေမိုးချိုး မုန့်ထွက်စားကြတယ်။ ပြီးတော့ ဟော့ပေါ့စားတယ်။ တော်တော်များများကို စားတယ်။ ကျွန်မက သူ့ကို သိပ်မစားဖို့လည်း ပြောတယ်။ စားပြီး ပြန်လာတော့ သူ့ကိုစစ်ဖို့ လုပ်တဲ့အချိန် အိပ်ပျော်နေတယ်။ ၂၄ ရက်နေ့ မနက် ၄ နာရီလောက်မှာ ကျွန်မနိုးတော့ ကြည့်လိုက်တဲ့အချိန်မှာ အစောင့်နှစ်ယောက်နဲ့ သူနဲ့ ရှိနေတယ်။ သူက ကျွန်မအိပ်တဲ့နေရာရဲ့ ခေါင်းရင်းမှာ အင်္ဂျာီ အစိမ်းရောင်လေးနဲ့ ထိုင်နေတာ တွေ့ရတယ်။ ပြီးတော့ သူက ဗိုက်နာတယ်ဆိုပြီး အိမ်သာသွားတယ်လို့ အစောင့်တွေက ပြောတယ်။ အန်မယ်လို့ ပြောပြီး ရှေ့ပြတင်းပေါက်မှာ သွားအန်တယ်။ ကျွန်မကတော့ လိုက်လို့မရဘူး။ ပြီးတော့ သူပြန်လာတယ်။ ကျွန်မကလည်း ပြန်ပြီး အိပ်လိုက်တဲ့အချိန်မှာ မှေးကနဲ အိပ်ပျော်သွားတယ်။ အဲဒီမှာ ဖိနပ်သံတစ်ခုကို ကြားလိုက်တယ်။ အန်မယ်ဆိုတဲ့ အသံကိုတော့ တိုးတိုးလေး ကြားလိုက်ရတယ်။ ပြီးလည်း ပြီးတော့ လှစ်ခနဲ ထွက်သွားတာ တွေ့လိုက်ရတယ်။ အဲဒီချိန် ကျွန်မကလည်း အစောင့်တွေကို အန်မယ်ဆိုပြီး ထွက်သွားပြန်ပြီးနဲ့တူတယ်လို့ ပြောလိုက်သေးတယ်။ ဒုက္ခပါဘဲတော် မရှိတော့ဘူး မရှိတော့ဘူးဆိုပြီး အသံတစ်ခု ကြားလိုက်တယ်။ အစောင့်တစ်ယောက်က လာကြည့်ကြည့်ဆိုပြီး ကျွန်မကိုပြတယ်။ 
ပြီးတော့မှ ထမီစအစိမ်းလေးဘဲ မြင်လိုက်ရတယ်။ ကျွန်မတို့ ဆင်းကြည့်တယ်။ အဲဒီချိန်မှာသူက ၀ူးဝူးဝါးဝါး အော်နေတာကိုဘဲ တွေ့ရတယ်။ ပြီးတော့ ဆေးရုံကိုပို့ လိုက်တယ်။ ကျွန်မလိုက်မေးကြည့်တော့ မနက် ၉ နာရီလောက်အထိကို အကုန်လုံးက မသေသေးဘူးလို့ ပြောကြတယ်''ဟု ပြောကြားခဲ့သည်။ ထို့အပြင် မနန်းဝိုးဖန်၏ ဖခင်ဖြစ်သူ ဦးအိုက်ခန်းကလည်း ''သမီးနဲ့ ဂျပန်နိုင်ငံသားတို့က ရှမ်းရိုးရာအနေနဲ့ လက်ထပ်ထားတာပါ။ မတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီလောက်မှာ သမီးနေမကောင်းဘူးလို့ သူ့အစ်မဆီကို (စ.စ.စ) က အကြောင်းကြားတယ်။ ည ၇ နာရီ လောက်မှာ ဆုံးသွားပြီလို့ ပြောတယ်။ သမီးက တာလော့မှာ အလုပ်သွားလုပ်ရင်း ဂျပန်နိုင်ငံသားနဲ့ တွေ့ခဲ့တာပါ။ လွန်ခဲ့တဲ့ သုံးနှစ်ကပါ။ စိတ်ကတော့ မပျော်ဘူး။ ခါတိုင်းလာတုန်းက သမီးကိုတွေ့ရတယ်။ ဒီတစ်ခါလာတော့ သမီးကို မတွေ့ရဘူး'' ဟု ပြောကြားခဲ့သည်။
ထို့နောက် မနန်းဝိုးဖန်၏ အမျိုးသားဖြစ်သူ ဂျပန်နိုင်ငံသား နာမာဆေးမိုတိုဟီကိုကလည်း '' အိမ်ခြံမြေ ကိစ္စတွေနဲ့ ပတ်သက်ပြီး (စ.စ.စ) က စစ်နေတာကို သိတယ်။ နန်းဝိုးဖန် နာမည်သုံးပြီး ၀ယ်တယ်ဆိုတာကို အဓိက ထားပြီး စစ်တယ်။ နန်းဝိုးဖန် နာမည်ကို ကျွန်တော်သုံးပြီး ၀ယ်တာ မဟုတ်ပါဘူး။ မိန်းမတစ်ယောက်အနေနဲ့ အကုန်ပေးခဲ့တာပါ။ အဲဒါကြောင့်မလို့လည်း  စာချုပ်စာတမ်းတွေ အကုန်ပေးထားတာပါ။ တကယ်လို့သာ အမည်ခံသာဆိုရင် နန်းဝိုးဖန်လက်ထဲမှာ ဒီစာချုပ်စာတမ်းတွေ ရှိနေစရာ အကြောင်းမရှိဘူး။ အိမ်ခြံမြေ ကိစ္စတွေနဲ့ ပတ်သက်လို့ကတော့ သက်ဆိုင်ရာကို မေးကြည့်တဲ့အခါမှာ အထက်ကို တင်ပြရမယ်လို့ပြောတယ်။ သူတို့ ဆုံးဖြတ်ချက်ချမလား။ ဒါမှမဟုတ် အဖေကို ပေးမလား။ အမေကို ပေးမလား။ စစ်ဆေးရေးကာလ သုံးရက်မှာ တစ်နေ့ကို နန်းဝိုးဖန်ကို ၂ နာရီလောက်ဘဲ ပြန်ခွင့်ပေးတယ်။ ၁၉ နှစ်အရွယ် မြန်မာလိုကလည်း မကျွမ်းဘူး။ ရှမ်းစကားဘဲ တတ်တယ်။ အနားမှာလည်း စကားပြန်မရှိဘူး။ ဒီနိုင်ငံက ဒီမိုကရေစီနိုင်ငံ မဟုတ်ဘူးလား။ ရန်ကုန်က မြန်မာတစ်ယောက်ဆိုရင် ဒီလိုဘဲ ခေါ်စစ်မှာလား။ ဘာကြောင့်လည်းဆိုရင် တစ်ရက်ကို နှစ်နာရီဘဲ ပြန်ခွင့်ပေးတယ်ဆိုတာ ထောင်ထဲ ထည့်ထားတာနဲ့ အတူတူဘဲ။ ကျွန်တော်ကတော့ ဖိအားဒဏ်တွေများပြီး သူ့ကိုသူ သေကြောင်းကြံသွားတယ်လို့ ထင်တယ်။ ဒါကြောင့်မလို့ ကျွန်တော်မိန်းမကို စစ်ဆေးခဲ့သူကို အထက်လူကြီးတွေက ပြန်ပြီးစစ်ဆေးချင်ပါတယ် ''ဟု ပြောကြားခဲ့သည်။
''ဘယ်ဌာနဆိုင်ရာမဆို  ပြည်သူတစ်ဦးကို ခေါ်ယူစစ်ဆေးတာ ချုပ်နှောင်တာ လုပ်မယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇၆ နဲ့  ညီမညီ သတိပြုရမှာဖြစ်ပါတယ်''ဟု ရှေ့နေတစ်ဦးက ဆိုပါသည်။ ''နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အများပြည်သူ အကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ပို၍ ချုပ်နှောင် ခြင်းမပြုရ''ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၇၆ အရ သိရသည်။
ရဲထံ သတင်းပေးခြင်းနှင့် ရဲတို့ စုံစမ်းထောက်လှမ်းရန် အာဏာများ အခန်း၁၄ အရ စုံစမ်းထောက်လှမ်းခြင်းပြုသော မည်သည့် ရဲအရာရှိမဆို သို့မဟုတ် ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက ယေဘုယျ၊ သို့မဟုတ် အထူးအမိန့်ဖြင့် သတ်မှတ် သည့် အဆင့်ထက် မနိမ့်သော ရဲအရာရှိတစ်ဦးသည် အဆိုပါအရာရှိ၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်လျက် အမှု၏ အကြောင်းအချင်းအရာနှင့် အဖြစ်အပျက် အကြောင်းအရာများကို သိကျွမ်းသည်ဟု ထင်မြင်ယူဆရသော မည်သူ့ကိုမဆို နှုတ်ဖြင့် စစ်မေးနိုင်ကြောင်း
ထိုသို့ စစ်မေးခြင်းခံရသူသည် အမှုနှင့် စပ်လျဉ်း၍ မိမိအပေါ် ပြစ်မှုကြောင်းအရ စွဲဆိုခြင်း၊ ပြစ်ဒဏ်စီရင်ခြင်း သို့မဟုတ် ခံဝန်အရ ပေးလျော်စေခြင်း ဖြစ်စေမည့် မေးခွန်းများကို ဖြေဆိုရန် တာဝန်မရှိကြောင်း ပြစ်မှုဆိုင်ရာ ပြစ်ထုံးပုဒ်မ ၁၆၁ အရ   မည်သည့် ရဲအရာရှိ သို့မဟုတ် အခွင့်အာဏာရှိသူ အခြားသူတစ်ဦး တစ်ယောက်မျှ သက်သေခံ အက်ဥပဒေပုဒ်မ ၂၄ တွင် ဖော်ပြထားသည့်အတိုင်း သွေးဆောင်မှု၊ ခြိမ်းခြောက်မှု၊ သို့မဟုတ် ကတိထားမှုတစ်စုံတစ်ရာကို ကမ်းလှမ်းခြင်း သို့မဟုတ် ပြုလုပ်ခြင်း၊ သို့မဟုတ် ကမ်းလှမ်းစေ ခြင်း သို့မဟုတ် ပြုလုပ်စေခြင်း မရှိစေရဟု ပြစ်မှုဆိုင်ရာ ကျင့်ထုံးပုဒ်မ ၁၆၃ တွင် ပြဋ္ဌာန်းထားကြောင်း သိရသည်။ 

မနန်းဝိုးဖန် စသုံးလုံးတွင် မိမိကိုယ် သတ်သေသွားသည်ဟု ယူဆကြောင်း ခင်ပွန်းဖြစ်သူက ပြော

မနန်းဝိုးဖန် မှာ သူ့ဖာသာသူ သတ်သေသွားခြင်း မဟုတ်ပဲ မတော်တဆဖြစ်ပွားခြင်းဖြစ်သည်ဟု စသုံးလုံးအရာရှိများက ခင်ပွန်းဖြစ်သူ အားပြောဆိုသော်လည်း ခင်ပွန်းဖြစ်သူက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကြောင့် သတ်သေသွားသည်ဟု ယူဆကြောင်း ပြောဆိုသွားသည်။ ယင်းသို့ သေဆုံးသွားရသည့် အမှုနှင့် ပတ်သက်၍ မနန်းဝိုးဖန်၏ ခင်ပွန်းဖြစ်သူ မစ္စတာ နာမာဆဲ အား စသုံးလုံး မှ အရာရှိ ၂ ဦးက သတ်သေခြင်း မဟုတ်ကြောင်း မတော်တဆဖြစ်မှုသာဖြစ်သည်ဟု ၎င်း၏ ဟိုတယ်သို့ လာရောက်ကာ ယနေ့ နံနက်တွင် ပြောဆိုသွားသည်ဟု ပြောကြောင်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မနီလာသိန်း၏ဖခင်ဈာပန ကျင်းပ

မတ် ၂၇၊ ၂၀၁၂ ယမန်နေ့ မနက် ၁၂ နာရီက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မနီလာသိန်းရဲ့ ဖခင် ဦးသိန်း (ခ) ကန့်စိန်ဘန် (အသက် ၈၁ နှစ်၊ မတ် ၂၅၊ ၂၀၁၂ မှာ ကွယ်လွန်)
ရဲ့ ဈာပနကို ရေဝေးသုသန်မှာ မီးသဂြိုဟ်ပြီးစီးခဲ့ပါတယ်။ ဈာပနကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အပါအ၀င် နိုင်ငံရေးအင်အားစု အသီးသီးမှ ပုဂ္ဂိုလ်များ၊ ဆွေမျိုးမိတ်သင်္ဂဟများ ၃၀၀ ခန့်
လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ ကွယ်လွန်သူကို ရည်စူးပြီး မတ် ၃၁၊ စနေနေ့ နံနက် ၇ နာရီ မှ ၁၁ နာရီ အထိ ရက်လည်ဆွမ်းကျွေး တရားနာမှာဖြစ်တဲ့အတွက် အမှတ် ၁၀၁၊ ၁၁၀၊ ၄ လွှာ၊ ၅၁ လမ်း၊ ပုဇွန်တောင်မြို့နယ် နေအိမ်သို့ ကြွရောက်နေကြောင်း သတင်းရရှိပါတယ်။

လူသားချင်း စာနာထောက်ထားမှုဆု ကရင်အမျိုးသမီးရ

  အမေရိကန် အခြေစိုက်ပြီး နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ပေါင်းစည်းထားသည့် အင်တာအက်ရှင်အဖွဲ့က ကရင်အမျိုးသမီး တဦးဖြစ်သူ နော်စူစန်နာလှလှစိုးကို လူသားချင်း စာနာထောက်ထားမှု ဂုဏ်ပြုဆု ချီးမြှင့်လိုက်သည်။ ရန်ကုန်အခြေစိုက် ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ အလုပ်အမှုဆောင် အရာရှိ နော်စူစန်နာလှလှစိုး၏ ပြည်တွင်းဖွံ့ဖြိုးရေး လုပ်ငန်းများ၊ အမျိုးသမီးများ၏ ဘ၀မြှင့်တင်ရေး လုပ်ဆောင်ချက်များ၊ ကလေးငယ်များ၏ ပညာရေးအတွက် ကြိုးပမ်းမှုများ၊ သဘာဝ ဘေးဒဏ်သင့်ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေး လုပ်ဆောင်မှုများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခြင်းတို့ကြောင့် ၂၀၁၂ ခုနှစ်အတွက် လူသားချင်း စာနာထောက်ထားမှု ဂုဏ်ပြုဆု ချီးမြှင့်လိုက်ကြောင်း သိရသည်။

SSA တိုက်ခိုက်ခံရမှု ဦးအောင်မင်းက သမ္မတနှင့် တိုက်ရိုက် ဆွေးနွေးမည်

အပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူညီမှု ရရှိထားသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) ကို အစိုးရတပ်မှ တိုက်ခိုက်မှုများ ပြုလုပ်နေခြင်း အပေါ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းက သမ္မတ ဦးသိန်းစိန်နှင့် တိုက်ရိုက်ဆွေးနွေးမည်ဟု သတင်းရရှိသည်။အစိုးရတပ်များက ရှမ်းပြည်နယ်အတွင်း နယ်မြေစိုးမိုးရေးအတွက် တိုက်ခိုက်နေမှုများအပေါ် SSA-S ဥက္ကဋ္ဌ ရွက်ဆစ်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ထံ ယခုလ ၂၃ ရက်နေ့က စာပေးပို့ခဲ့ပြီး သုံးရက်အကြာတွင် SSA-S နှင့် အပစ်ရပ်ရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုခဲ့သူ ဦးအောင်မင်းက ထိုကိစ္စကို သမ္မတ ဦးသိန်းစိန်နှင့် တိုက်ရိုက်ဆွေးနွေးပေးမည်ဟု အကြောင်းပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူ့အခွင့်အရေးကော်မရှင် ပျက်ပြယ်ခြင်းမရှိဟု ထုတ်ပြန် 

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိ၍ ဗဟိုအဖွဲ့အစည်း အဖြစ်မှ ပြည်ထောင်စု လွှတ်တော်၏ ပယ်ဖျက်ခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ယင်းတို့၏ အဖွဲ့အစည်း ပျက်ပြယ်ခြင်းမရှိဘဲ လုပ်ငန်း ဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဗုဒ္ဓဟူးနေ့ထုတ်
နိုင်ငံပိုင် သတင်းစာများမှတဆင့် ကြေညာချက် ထုတ်ပြန်သည်။

မတ်လ ၁၆ ရက် ပြည်ထောင်စုလွှတ်တော်မှ ၎င်းကော်မရှင်အား ဗဟိုအဖွဲ့အစည်း မဟုတ်ကြောင်း အတည်ပြုခဲ့ပြီး ဘတ်ဂျက်ဖြတ်တောက်ခံခဲ့ရသော်လည်း “ဘတ်ဂျက် ရသုံးမှန်းခြေ ငွေစာရင်း အသုံးစရိတ်တွင် ထည့်ထားခြင်းမှ ပယ်ဖျက်ခြင်းသည် ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက် အကောင်အထည်ဖေါ်ခြင်းတို့ကို ပျက်ပြယ်စေခြင်း မရှိနိုင်ပေ” ဟု ကော်မရှင် ထုတ်ပြန်ချက်အတွင်း ဖေါ်ပြပါရှိသည်။ကော်မရှင်ဖွဲ့စည်းခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေမှ သမ္မတသို့ ပေးအပ်ထားသော အုပ်ချုပ်မှုအာဏာအရ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်ဟုလည်း အခြေခံဥပဒေ ပုဒ်မ ၂၁၆ ကို ကော်မရှင်က ကိုးကားထားသည်။

ပုဒ်မ ၂၁၆ တွင် “ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် ပြည်ထောင်စု၏ အုပ်ချုပ်မှု အာဏာသည် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုနိုင်သော အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များသို့လည်း သက်ရောက် ပျံ့နှံ့သည်” ဟု ပြဋ္ဌာန်းပါရှိသည်။ ထို့ကြောင့် “ပေးအပ်ထားသော တာဝန်များကို နိုင်ငံတော် သမ္မတသည် လွှဲအပ်သော အုပ်ချုပ်မှုအာဏာများ ကျင့်သုံး အကောင်အထည်ဖေါ်ခြင်း၏ တစိတ်တပိုင်းအဖြစ် ကော်မရှင်ကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု ကော်မရှင်အနေဖြင့် ခံယူပါ သည်” ဟုလည်း ထုတ်ပြန်ချက်အတွင်း ဖေါ်ပြထားသည်။ သို့သော် သမ္မတသည် ကော်မရှင်ကို ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းအတွင်း ထည့်သွင်းကာ ဘဏ္ဍာရေး အသုံးစရိတ် တောင်းခံခြင်းမှာမူ အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိဟု ပြည်သူ့လွှတ်တော် ဥပဒေမူကြမ်း ကော်မတီ ဝင် ဒေါ်နန်းဝါနုက

“သမ္မတရဲ့လုပ်ပိုင်ခွင့်အရ သူ့ဟာသူ လုပ်သွားပေါ့။ နိုင်ငံတော် သမ္မတရဲ့ အကြံပေးအဖွဲ့လိုမျိုး အဖွဲ့အစည်းလောက်ပဲ ဖွဲ့ပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် သူတို့က ဗဟိုအဖွဲ့အစည်းအနေနဲ့ ဖွဲ့စည်းပြီးတော့ သုံးဖို့ငွေ တောင်းတာပေါ့။ အဲဒီလိုတောင်းမယ်ဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်မှာ ဗဟို အဖွဲ့အစည်း ဖြစ်ကြောင်း အတည်ပြုချက် ရယူပြီးတော့ ဘဏ္ဍာငွေ သုံးပိုင်ခွင့်ရှိမှာ” ဟု ပြောသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွင်း အသုံးစရိတ် ကျပ်ငွေ ၁၃၃ သန်းတောင်းခံခဲ့ပြီး ထိုတောင်းခံမှုကို မတ်လ ၁၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်က ပယ်ချခဲ့သည်။ကော်မရှင်၏ ထုတ်ပြန်ချက်တွင် လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းကို သမ္မတ၏ လမ်းညွှန်ချက်အရ ရေးဆွဲနေပြီ ဖြစ်ပြီး လွှတ်တော်သို့တင်ပြ၍ အတည်ပြုချက် ရယူသွားမည်ဟု ဖေါ်ပြထားသည်။အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် နိုင်ငံသားများ၏ မူလ အခွင့်အရေးများကို မြှင့်တင်နိုင်ရန်နှင့် ကာကွယ်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုကော်မရှင် ဖွဲ့စည်းမှုကိုပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြေညာချက်အမှတ် ၃၄/၂ဝ၁၁ ဖြင့် ထုတ်ပြန်ကြေညာခြင်းဖြစ်ပြီး အဆိုပါ အမိန့်ကို ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည်မှ လက်မှတ်ထိုးထားသည်။ကော်မရှင်တွင် အငြိမ်းစားသံအမတ်များဖြစ်သည့် ဦးဝင်းမြက ဥက္ကဋ္ဌ တာဝန်ယူပြီး၊ ဦးကျော်တင့်ဆွေက ဒုတိယ ဥက္ကဋ္ဌတာဝန်ယူထားသည်။ အတွင်းရေးမှူးမှာ အငြိမ်စား လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစစ်မြိုင်ဖြစ်
ကြောင်း သိရသည်။

ရဲတိုက်ဖောင်ဒေးရှင်း ကချင်ဒုက္ခသည်များကို သွားရောက်ကူညီမည်

ရုပ်ရှင်သရုပ်ဆောင် ရဲတိုက် ထူထောင်ထားသော ရဲတိုက်ဖောင်ဒေးရှင်းက ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်များကို သင်္ကြန်မတိုင်မီ အကူအညီများ သွားရောက်ပေးအပ်ရန်ရှိကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦးလည်းဖြစ်သော သရုပ်ဆောင် ရဲတိုက်သည် ဧပြီလ ၂ ရက်နေ့မှစ၍ ရန်ကုန်မြို့တွင် အလှူခံသွားမည်ဟု Yangon Press International ၏ သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ရဲတိုက်ဖောင်ဒေးရှင်းကို ယမန်နှစ် ဇန်နဝါရီလက ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူ့အခွင့်အရေး ကော်မရှင် တည်တံ့ရေး ဥပဒေကြမ်း တင်သွင်းမည်

အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဗဟိုအဖွဲ့အစည်းတွင် ထည့်ထားခြင်းနှင့် အသုံးစရိတ် ထည့်ထားခြင်းကို ပြည်ထောင်စုလွှတ်တော် နာယကက ပယ်ဖျက်ခဲ့သော်လည်း ကော်မရှင်၏ လုပ်ငန်းများ ပျက်ပြယ်ခြင်းမရှိဟု ယနေ့ထုတ် အစိုးရသတင်းစာတွင် သတင်းထုတ်ပြန်ထားကြောင်းသိရသည်။


ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မတ်လ ၂၈ ရက်နေ့တွင် မီဒီယာများနှင့် တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း
အဆိုပါရှင်းလင်းပွဲတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေမှုများ၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့
ကြောင်းသိရသည်။

ပခုက္ကူ မဲဆွယ်ပွဲ မသမာမှုများ တိုင်းကော်မရှင်ထံ တိုင်ကြား

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ဖြစ်ပွားနေသည့် ရွေးကောက်ပွဲ မသမာမှုများအား တိုင်းရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားထားကြောင်း ယင်းနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ပြောကြောင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က ငွေနှင့်ပစ္စည်းများပေးကာ မဲဆွယ်နေခြင်း၊ အစိုးရ၀န်ထမ်းများ ကြံ့ခိုင်ရေးပါတီကို မဲပေးရန် အာဏာဖြင့် ခြိမ်းခြောက်နေခြင်း စသည့် ရွေးကောက်ပွဲမသမာမှုများ ဖြစ်ပွားနေသည်ဟု NLD အမတ်လောင်း ဦးပိုက်ကိုက ပြောကြောင်း
မည်သူမဆို ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်တဦးဦး၏ လွပ်လပ်စွာ မဲပေးနိုင်သည့်အခွင့်အရေးကို ခြိမ်းခြောက်ပါက တနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ်တသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ် နိုင်ကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း (၁၃) ပုဒ်မ ၅၈ တွင် ဖော်ပြထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့ မကွေးမြို့ပြည်သူတွေ ဆုတောင်းမေတ္တာပို့

ကျန်းမာရေး အခြေအနေကြောင့် မကွေးခရီးစဉ် ဖျက်သိမ်းလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ပြန်လည် ကျန်းမာလာစေဖို့ သောင်းနဲ့ချီတဲ့ မကွေးမြို့ပြည်သူတွေ မနေ့တုန်းက မြို့ကိုလှည့်လည်ပြီး ဆုတောင်း မေတ္တာပို့ကြကြောင်း သိရပါတယ်။

နာမည် အလွဲသုံးစားမှုကြောင့် စည်ပင်ကို လွှတ်တော်အမတ်နှစ်ဦး တရားစွဲမည်

ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ်ရှိ မီးလောင် ကျွမ်းခဲ့သော သင်္ဃန်းကျွန်း ဈေးကြီး ပြန်လည်နေရာ ချထားမှုတွင် စည်ပင်ကြေညာချက်၌ အမျိုးသား ဒီမိုကရေစီပါတီသစ်လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး၏ အမည်ကို အလွဲသုံးစား လုပ်ထားသောကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်ရှိ ဈေးများဌာနကို ၎င်းပါတီက တရားစွဲဆိုမည် ဖြစ်ကြောင်း
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညက အ၀တ်အထည်၊ ရွှေငွေ ရတနာ၊ လျှပ်စစ်ပစ္စည်း၊ အသားငါး၊ အသီးအနှံ အပါအ၀င် ကုန်စည်မျိုးစုံ ရောင်းချသော နာမည်ကျော် သင်္ဃန်းကျွန်းဈေးကြီး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၇၈၆ ခန်းအနက် ၆၅၁ ခန်း ပျက်စီးဆုံးရှုံးခဲ့သည်။ အဆိုပါဈေး နေရာချထားမှုတွင် ဆိုင်ခန်းအကွက်ချ ပုံစံကို ဈေးများဌာနက ထုတ်ပြန်ရာ ၄င်းတို့၏ အမည်များအား အလွဲသုံးစားလုပ်ထားခြင်းဖြစ်သည်ဟု တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်က ပြောသည်။ ဆောက်လက်စ သင်္ကန်းကျွန်းဈေးရှေ့တွင် မတ်လ ၆ ရက်နေ့ ညနေပိုင်းက လာရောက်ထောင်ထားသော ပိုစတာ၌ လွှတ်တော်အမတ်နှစ်ဦးဖြစ်သည့် ဦးသိန်းညွှန့်နှင့် ဦးကျော်တို့က ရေးဆွဲထားသည့်ပုံစံဟု အမည်တပ်ပြီး ဖော်ပြထားကြောင်း၊ မဲခွဲဆုံးဖြတ်သည့် မြေပုံနှစ်ခုအနက်မှ တခုကိုလည်း လွှတ်တော်ကိုယ်စားလှယ်များမှ ရေးဆွဲ ထားသောမြေပုံဟု ဖော်ပြထားကြောင်း၊ ယင်းဖော်ပြချက် နှစ်ခုစလုံးသည် မှန်ကန်မှုမရှိကြောင်း၊ ၄င်းတို့နှစ်ဦးသည် စေ့စပ်ညှိနှိုင်းသည့် အဆင့်တွင်သာ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကိုယ်တိုင်ရေးဆွဲခြင်း မရှိကြောင်း ၄င်းက ဆက်လက် ပြောသည်။ သို့သော်အဆိုပါ အမှုမှာ ရဲအရေးပိုင်သောအမှု မဟုတ်ဟု ဆိုသောကြောင့် တရားရုံးထံ ဦးတိုက်လျှောက်ထားရမည် ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ပြီးပါက တရားရုံးထံ တိုင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ စွမ်းအင်ဈေးကွက် ပြည်သူခံစားနိုင်ဖို့ လိုအပ်

မြန်မာနိုင်ငံရဲ့ ပေါကြွယ်ဝတဲ့ ရေနံနဲ့ ဓါတ်ငွေ့ လောင်စာစွမ်းအင် သယံဇာတတွေမှာ နိုင်ငံခြားကုမ္ပဏီတွေ ပိုမိုရင်းနှီးမြှုပ်နှံလာကြရေးအတွက် နှစ်ရက်ကြာ ညီလာခံတစ်ရပ် ဗုဒ္ဒဟူးနေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေ ပြန်လည်ရုတ်သိမ်းတော့မယ့် အလားအလာတွေ မြင့်မားလာနေချိန်မှာ မြန်မာ့စွမ်းအင်ဝန်ကြီးဌာနနဲ့ CMT ခေါ် နည်းပညာ စီမံခန့်ခွဲရေးဌာနတို့ ပူးတွဲပြီး ဒီညီလာခံကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အရန်ရေနံစိမ်းပမာဏ စည်ပေါင်း သန်း သုံးထောင်ကျော်၊ သဘာဝဓါတ်ငွေ့ ပမာဏ ကုဗပေ သန်းပေါင်း ၁၂ သန်းကျော် ရှိကြောင်း၊ ပြီးခဲ့တဲ့ ဇန်န၀ါရီလက ကုန်းတွင်းရေနံ နဲ့ ဓါတ်ငွေ့လုပ်ကွက် (၁၀ ) နေရာ အတွက် ကုမ္ပဏီ (၈) ခုကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ အခု ကမ်းလွန်လုပ်ကွက် (၉) နေရာအတွက် လေလံ ခေါ်ယူမှာဖြစ်ကြောင်း ဒါ့ပြင် မြန်မာ့ စွမ်းအင်ရှာဖွေ တူးဖေါ်ရေးကဏ္ဍမှာ တရုတ် နဲ့ အိန္ဒိယ တို့က အများဆုံးရင်းနှီးမြှုပ်နှံနေကြပြီး၊ အနောက်နိုင်ငံ ကုမ္ပဏီတွေကတော့ သူတို့အစိုးရတွေက မြန်မာအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားတာကြောင့် ရင်းနှီးမြှုပ်နှံဖို့ အခွင့်မသာဘဲ ဖြစ်နေခဲ့ရကြောင်း၊ ဒါပေမဲ့ အခုတော့ ပိတ်ဆို့မှုတွေ ရုတ်သိမ်းသွားတော့မယ့် အပေါ် စောင့်စားရင်း နိုင်ငံတကာ ကုမ္ပဏီတွေဟာ မြန်မာ့ စွမ်းအင်ဈေးကွက်မှာ ပါဝင်နိုင်ဖို့ စီစဉ် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်းလည်း CMT က ပြောဆိုပါတယ်။
ဒါပေမဲ့ Oilwatch Southeast Asia ခေါ် အရှေ့တောင်အာရှ ရေနံစောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံရဲ့ လောင်စာ သယံဇာတ နယ်ပယ်မှာ ရင်းနှီးမြှုပ်နှံတာတွေကြောင့် မြန်မာပြည်အတွက် အကျိုးထက် အပြစ်က ပိုများသွားလိမ့်မယ်လို့ သတိပေးလိုက်တယ်လို့သိရပါတယ်။ 


ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိမည့် လျပ်စစ်များ၏ ၉၀ ရာခိုင်နှုန်းအား ထိုင်းနိုင်ငံသို့ ရောင်းချသွားမည်ဖြစ်ကြောင်း
ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်း ပြုလုပ်ရန်အတွက် အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် စီမံရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံမှ EGAT International Co.,Ltd တို့သည် ၂၀၀၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့၌ ပဏာမ သဘောတူညီမှု ပြုလုပ်ခဲ့ကြောင်း ၂၀၁၀ ပြည့်နှစ် ဧပြီလ ၂၄ ရက်နေ့တွင် ရေအားလျှပ်စစ် စီမံရေးဦးစီးဌာန၊ တရုတ်နိုင်ငံမှ SinoHydro Cor-poration Limited၊ ထိုင်းနိုင်ငံမှ EGAT International Co.,Ltd နှင့် International Group of Entre-preneurs Co.,Ltd တို့သည် စီမံကိန်း အကောင်အထည်ဖော်ရေး သဘောတူညီမှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း

စီမံကိန်း အကောင်အထည်ဖော်ရန် ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် SinoHydro Corporation သည် ရာခိုင်နှုန်း ၅၀ ဖြင့် ပါဝင်ထားပြီး EGAT International Co.,Ltd က ၃၆ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားကြောင်း
အဆိုပါ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်နေရာသည် ထိုင်း-မြန်မာနယ်စပ်နှင့် ၃၃ ကီလိုမီတာသာ ဝေးကွာပြီး ဆည်ကြောင့် သက်ရောက်မှုသည် မြန်မာနိုင်ငံတွင် သာမက ထိုင်းနိုင်ငံ၌လည်း ဖြစ်ပေါ်နိုင်ခြေရှိနေသည်ဟု သိရှိရကြောင်းတည်ဆောက်ရန် လျာထားသည့် ဟတ်ကြီးဆည်သည် စက်တပ်ဆင်အား ၁၂၀၀ မဂ္ဂါဝပ်ခန့်ရှိကာ ဆည်၏ ခန့်မှန်းအမြင့်မှာ ၃၃ မီတာ ဖြစ်ကြောင်း

၁၉၉၈ ခုနှစ် ၀န်းကျင်က ဂျပန်နိုင်ငံမှ Japanese Development Consultant က လေ့လာမှုများ ပြုလုပ်ပြီးနောက် ဆည်သည် ထုတ်လုပ်နိုင်စွမ်းအား မဂ္ဂါဝပ် ၃၀၀ ရှိကာ ယင်းပမာဏဖြင့် တွက်ချက်တည်ဆောက်ပါက မြစ်သည် ပုံမှန်အတိုင်း စီးဆင်း နိုင်မည်ဖြစ်ကြောင်း သို့သော် EGAT က ၂၀၀၅ ခုနှစ်၌ ထပ်မံလေ့လာမှု ပြုလုပ်ကာ စက်တပ်ဆင်အား မဂ္ဂါဝပ် ၁၂၀၀ အထိ တိုးမြှင့်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း
ဟတ်ကြီးဆည် တည်ဆောက်ပါက ထိုင်းနိုင်ငံတွင်လည်း သက်ရောက်မှုများ ကြုံတွေ့နိုင်မည်ဖြစ်သောကြောင့် ဆည်တည်ဆောက်ရေးနှင့် ပတ်သက်၍ ရပ်တန့်ရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားသူများက တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပြီး ၂၀၀၉ ခုနှစ် တွင် ကော်မတီအဖွဲ့ခွဲများ ထူထောင်ခဲ့ကြ ကြောင်းနောက်ပိုင်းတွင် ထိုင်းနိုင်ငံ၌ အစိုးရသစ် တက်လာပြီးနောက် ယင်းအဖွဲ့များ၏ လုပ်ဆောင်မှုများ ရပ်တန့်သွားခဲ့ကြောင်းသံလွင်မြစ်သည် ဆည် လုံးဝ မတည်ဆောက်ရသေးသည့် မြစ်တစ်စင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာမြစ်လည်း ဖြစ်ကြောင်းလက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု ရာခိုင်နှုန်းမှာ ၂၂ ရာခိုင်နှုန်းသာ ရှိသေးကြောင်း၊ ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ် အားသုံးစွဲမှုမှာ မဂ္ဂါဝပ် ၂၃၉၀၀ ကျော်ရှိကာ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ် အားသုံးစွဲနိုင်မှုမှာ မဂ္ဂါဝပ် ၁၅၀၀ ကျော်သာ ရှိသေးကြောင်း ၂၀၁၃ ခုနှစ်တွင် ထပ်မံထွက်ရှိလာမည့် ကမ်းလွန်ဓာတ်ငွေ့မြေ စီမံကိန်းသစ်နှစ်ခုမှ သဘာဝဓာတ်ငွေ့များကို ပြည်ပသို့ ရောင်းချခြင်းထက် ပြည်တွင်းသုံးစွဲရန်အတွက်သာ တိုးမြှင့်ရယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


အချိန်လွန်မှ ရောက်လာသော ကြိုတင်ဆန္ဒမဲများဖြင့် ရွေးကောက်ပွဲကို အနိုင်ယူ၍ ရနိုင်မည်မဟုတ်ကြောင်းနှင့် ကြိုတင်ဆန္ဒမဲကို မသမာသောနည်းဖြင့် အခြားသူအားပေးပါက ထောင်ဒဏ်ပါ ချမှတ်ခံရမည်ဖြစ်ကြောင်း တရားဝင် ပြဋ္ဌာန်းထားချက်များအရ  သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲသည် ရွေးကောက်ပွဲ ကျင်းပသည့်နေ့ မဲရုံပိတ်ချိန် ညနေ ၄ နာရီ နောက်ပိုင်းမှ ရောက်ရှိလာသော ကြိုတင်ဆန္ဒမဲလက်မှတ်များကို ထည့်သွင်းရေတွက်ခြင်း မပြုရကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၇၁ အရ သိရသည်။
ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို မသမာသောနည်းဖြင့် အခြားသူတစ်ဦးအား ပေးခြင်းနှင့် သူတစ်ပါးအယောင်ဆောင်၍  ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင် ဆန္ဒမဲလက်မှတ်ကို လာရောက် တောင်းဆိုခြင်း သို့မဟုတ် ဆန္ဒမဲပေးခြင်းတို့ ကိုကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉ အရ သိရသည်။
ထို့ပြင် အတု ပြုလုပ်ထားသော ဆန္ဒမဲလက်မှတ် တစ်ခုခုကိုဖြစ်စေ အများကိုဖြစ်စေ မဲပုံးအတွင်းသို့ ထည့်သွင်းခြင်း၊ မဲစာရင်းကိုသော်လည်းကောင်း ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင် ဆန္ဒမဲလက်မှတ်ကို သော် လည်းကောင်း ပေးပို့ရာတွင် အသုံးပြုသော စာအိတ် သို့မဟုတ် အထုပ်ကို  တမင်ကြံရွယ်ချက်ဖြင့် ဖျက်ဆီးခြင်း၊ ရေးသားထားချက်များကို ဖတ်ရှု၍ မရစေရန် ပြုလုပ်ခြင်းတို့ကို ကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် အားပေးကူညီကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ်အထိ ချမှတ်ခံရနိုင်ကြောင်း
မဲရုံတွင် ရေတွက်သော ဆန္ဒမဲလက်မှတ်နှင့် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြစ်လျှင် မဲရုံမှူးကလည်းကောင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွင် ရေတွက်သော ကြိုတင်ဆန္ဒမဲလက်မှတ် ဖြစ်လျှင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲက လည်းကောင်း ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်တစ်ခု ခိုင်လုံမှု ရှိ၊ မရှိကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကျင်းပသောနေ့၌ မဲစာရင်းပါရှိရာဒေသမှ ကျော်လွန်၍ သွားရောက်တာ ၀န်ထမ်းဆောင်ရသော ၀န်ထမ်း သို့မဟုတ် တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲ ပေးလိုပါက ကြိုတင် ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲက စီစဉ်ပေးရမည်ဖြစ်ကြောင်း

သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသည် ယင်းသို့ ကြိုတင်ဆန္ဒမဲပေးသူများ၏ အမည်စာရင်းကို ယင်းတို့နှင့်သက်ဆိုင်သော မဲစာရင်းများနှင့် ယှဉ်တွဲပြီး ရေးမှတ်ထားရမည်ဖြစ်ကြောင်း၊ ယင်းတို့ ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲလက်မှတ်များ ပါရှိသည့် စာအုပ်များနှင့် လက်ခံဖြတ်ပိုင်းများကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး၊ လက်မှတ်ရေးထိုးထားသည့် ပုံစံ(၁၃) နှစ်စောင်နှင့်အတူ သက်ဆိုင်ရာ မဲရုံမှူးများထံသို့ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံမဖွင့်မီ ပေးပို့ရမည် ဖြစ်ကြောင်း ယင်းပုံစံ ၁၃ များတွင် မဲရုံမှူးက လက်မှတ်ရေးထိုး၍ တစ်စောင်ကို သိမ်းဆည်းထားပြီး ကျန်တစ်စောင်ကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ ပေးအပ်ရမည်ဖြစ်ကာ သက်ဆိုင်ရာမဲရုံမှူးသည် ပုံစံ( ၁၃)ပါ ကြိုတင် ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးပြီးသူများ၏ အမည် များကို သက်ဆိုင်ရာမဲစာရင်းတွင် ကြိုတင်ဆန္ဒမဲပေးပြီးဖြစ်ကြောင်း မှတ်သားထားရမည် ဖြစ်ကြောင်း

ဆန္ဒမဲလက်မှတ်ကို တောင်းဆိုသူသည် သူတစ်ပါး အယောင်ဆောင်သော ပြစ်မှုကို ကျူးလွန်သူဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်လောင်းကဖြစ်စေ ယင်းရွေးကောက်ပွဲ ကိုယ်စားလှယ်ကဖြစ်စေ မဲရုံမှူးက သင့်လျော် သည်ဟု ထင်မြင်သူကဖြစ်စေ ကန့်ကွက်လာလျှင် မဲရုံမှူးသည် ကန့်ကွက်မဲစာရင်း ပုံစံ(၁၄)တွင် လိုအပ်သည်များ ဖြည့်စွက်၍ ထိုဆန္ဒမဲလက်မှတ် တောင်းဆိုသူကို လက်မှတ်ရေးထိုးစေရမည်ဟု ပြဋ္ဌာန်းထားကြောင်းကန့်ကွက်သူများကိုလည်း လက်မှတ်ရေးထိုးစေရမည်ဖြစ်ပြီး စာမရေးတတ်လျှင် လက်ဝဲလက်မလက်ဗွေနှိပ် စေရမည်ဖြစ်ကာ ဆန္ဒမဲလက်မှတ် တောင်းဆိုသူက ပုံစံ(၁၄)တွင် ဖြည့်စွက်ခြင်း၊ လက်မှတ်ရေးထိုးခြင်းမပြုလျှင် ထိုသူအား ဆန္ဒမဲပေးခွင့် မပြုရကြောင်း သိရသည်။ 



၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၄၄၇၁၉၈ နှင့်ရေနံစိမ်း အမေရိကန်စည် ထောင်ပေါင်း ၇၁၅၆ ဒသမ ၆ ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း အဆိုပါ ဘဏ္ဍာရေးနှစ်တွင် ရေနံစိမ်း အမေရိကန်စည် ထောင်ပေါင်း  ၇၁၅၆ ဒသမ ၆ ထုတ်လုပ်ရန် ရည်မှန်းထားပြီး ကုန်းတွင်းလုပ်ကွက်မှ စည်ထောင်ပေါင်း ၃၄၃၅ ဒသမ ၆ နှင့် ကမ်းလွန်မှ ရေနံစိမ်းစည် ထောင်ပေါင်း ၃၇၂၁ ထုတ်လုပ်ရန် ဖြစ်ကြောင်း သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၄၄၇၁၉၈ ထုတ်လုပ်သွားရန် ရည်မှန်းထားပြီး ကုန်းတွင်းမှ ကုဗပေသန်းပေါင်း ၂၁၉၇၃ နှင့် ကမ်းလွန်မှ ကုဗပေ သန်းပေါင်း ၄၂၅၂၂၅ ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း

ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို ယင်းကဲ့သို့ တိုးတက်ထုတ်ယူနိုင်ရန် ရည်မှန်းထားခြင်းမှာ တနင်္သာရီ တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရေနံစိမ်း၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် သဘာဝဓာတ်ငွေ့ ထုတ် လုပ်မှု တိုးတက်လာနိုင်မည်ဟု ခန့်မှန်းထားခြင်းကြောင့် ဖြစ်ကြောင်း၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီး၌  ကမ်းလွန်လုပ်ကွက်များမှ ရေနံစိမ်း ပိုမိုထုတ်လုပ်နိုင်မည်ဟုလည်း ခန့်မှန်းထားပြီး မကွေးတိုင်းဒေသကြီးတွင် သာကြီးတောင်ရေနံမြေ၊ ချောက်ရေနံမြေ၊ ရေနံချောင်း ရေနံမြေတို့တွင်လည်း ရေနံတွင်းသစ်များ တိုးချဲ့ထူ ထောင်ခြင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ရွှေတောင်ရေနံမြေ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ညောင်တုန်းရေနံမြေတို့ကို တိုးချဲ့ ထူထောင်သွားရန်ရှိကြောင်း

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ညောင်တုန်း / မအူပင်ရေနံမြေ၊ သာကေတ(ကမ်းလွန်ရေနံရှာဖွေရေး အခြေစိုက်စခန်း)၊ ပျော်ဘွယ်/ရေနီ/ တောင်ဖီလာ သဘာဝဓာတ်ငွေ့ပိုက်ပိုင်း၊ ပြည်တွင်းသုံး ကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ စီအင်န်ဂျီအရောင်း ဆိုင် တည်ဆောက်ခြင်း လုပ်ငန်းစီမံကိန်းများကို အဓိက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဝါရင့်နိုင်ငံရေးသမားကြီးများမှ ၆၇ နှစ်မြောက် တော်လှန်ရေးနေ့အခမ်းအနားကျင်းပ

ယမန်နေ့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသမိုင်းခေတ်အဆက်ဆက်မှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးများမှ ၆၇ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားကို ပါရမီလမ်းရှိ သခင်သိန်းဖေရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို နံနက် ၈ နာရီမှ ၉  နာရီ ခွဲအထိ ဆောင်ရွက်ခဲ့ရာမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး၊ မီးမီး အပါအ၀င် ခေတ်အဆက်ဆက်မှ နိုင်ငံရေးသမားကြီးများ၊ လူငယ်နိုင်ငံရေးအင်အားစုများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
 အခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားများမှ ပေးပို့သော သ၀ဏ်လွှာကို မမီးမီးမှ ဖတ်ကြားခဲ့ပြီး ကိုကိုကြီးမှ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ စိတ်ဓာတ်တော်လှန်ရေးအကြောင်းကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဝါရင့်နိုင်ငံရေးသမားကြီးများရဲ့ ကိုယ်စား သခင်ချန်ထွန်းမှ အမှတ်တရ စကားပြောကြားခဲ့ပြီး အခမ်းအနားမှူးဖြစ်တဲ့ ရွှေတောင်ဦးအုန်းမောင်က နိဂုံးချုပ်စကား ပြောကြားက အခမ်းအနားကို အောင်မြင်စွာ အဆုံးသပ်နိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။


(၆၇)နှစ်မြောက် တော်လှန်ရေးနေ့ (တပ်မတော်နေ့) အခမ်းအနားသို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ၀ါရင့်နိုင်ငံရေးသမားများ သည် တော်လှန်ရေးနှင့် မိတ်ဆုံစားပွဲသို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း
အဆိုပါ သ၀ဏ်လွှာ၌   မတ်လ ၂၇ ရက်နေ့သည် လွန်ခဲ့သော ၆၇ နှစ်အချိန်က တစ်မျိုးသားလုံး စည်း လုံးညီညွတ်မှု စွမ်းအားဖြင့် ဖက်ဆစ်စနစ်၊ ဖက်ဆစ်ဝါဒကို မြန်မာ့မြေပေါ်မှ တော်လှန်တိုက်ထုတ်ခဲ့သော နေ့ထူးနေ့မြတ် ဖြစ်ကြောင်းကို အစပျိုး ရေးသားခဲ့ပြီး ၁၉၄၅ ခုနှစ် သြဂုတ်လအတွင်း ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကို ပြန်လည် ကောက်နုတ်ခဲ့ကြောင်း
ထို့နောက် ယနေ့ကဲ့သို့ ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံထူထောင်ရန် အသွင်ကူးပြောင်းနေသော ကာလ၌ အမူအကျင့်ဟောင်း၊ အတွေးအခေါ်ဟောင်းများကို တော်လှန် ပြောင်းလဲပစ်ရန် လိုအပ်နေကြောင်း ယင်းအပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ ဒီမိုကရေစီ အနှစ်သာရ ဆိုသည်မှာ ‘နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ တိုက်ရိုက် ဆင်းသက်သည် ဆိုသော အချက်ကို ပြောဆိုခဲ့ပြီး ထိုအချက်ကြောင့် အစိုးရကို ပြည်သူ စိတ်ပြောင်းလဲလာစေရန်၊ ပြည်သူကို အစိုးရစိတ် ပြောင်းလဲလာစေရန်နှင့် အ စိုးရ၀န်ထမ်းအဖြစ်မှ ပြည်သူ့ဝန်ထမ်းအဖြစ် ပြောင်းလဲလာစေရန် သည် ယနေ့အချိန်တွင် ဦးတည် ပြောင်းလဲပစ်ရမည့် အတွေးအမြင် တော်လှန်ရေး တစ်ရပ်ဖြစ်သည်ဟု အလေးအနက် ယုံကြည် တိုက်တွန်းကြောင်း (၆၇)နှစ်မြောက် တော်လှန် ရေးနေ့ (တပ်မတော်နေ့) အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ရေးသားခဲ့ကြောင်း
အဆိုပါသ၀ဏ်လွှာ၌ ကိုးကား ထည့်သွင်းရေးသားခဲ့သည့် ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းမှာ ဖက်ဆစ် တော်လှန်ရေးအပြီး ၁၉၄၅ ခုနှစ် သြဂုတ်လအတွင်း ပြုလုပ်သော စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင် များ အစည်းအဝေး၌ ပြောဆိုခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက “တိုင်းရင်းသား ပြည်သူတွေနဲ့ ကင်းကွာပြီး မင်း စိတ်ပေါက်နေတဲ့ အရာရှိတွေ ခြယ်လှယ်တဲ့ စနစ်တစ်မျိုးရှိနေရင် အများပြည်သူတို့ဆန္ဒနှင့် လုပ်ကိုင်နေရတဲ့ ဒီမိုကရေစီ ၀ါဒခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူယိုးမှားတွေ ပေါ်လာနိုင်တယ်။ ဒီမိုကရေစီဝါဒ ကိုသာ ခေတ်စားအောင်လုပ်ရမယ်။ အဲဒီဝါဒမျိုး အရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင် ကြိုးစားကြရမယ်”ဟု ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍သက်ရောက်မည့် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များအကြောင်း ထုတ်ပြန် ရှင်းလင်း၊ တစ်လ ကျပ် ၁၂၀၀၀၀ အောက် ရရှိသူများအား ၀င်ငွေခွန် ကင်းလွတ်ခွင့်ပြုမည်

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်  စည်းကြပ်ကောက်ခံမည့် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် စနစ်များ အကြောင်းကို မတ်လ ၂၆ ရက်နေ့က ကျင်းပသည့် အခွန်ဆိုင်ရာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ကြောင်း
အဆိုပါ ရှင်းလင်းပွဲသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းနှင့် ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကာ အခွန်ဆိုင်ရာများ ခေတ်စနစ်နှင့်အညီ ပြောင်းလဲထားသည့် အကြောင်း များကို ရှင်းလင်းခဲ့ကြောင်း ၀င်ငွေခွန်ဆိုင်ရာများကို ပြင်ဆင်သတ်မှတ်ပေးရာ၌ အမိန့်ကြော်ငြာစာ ခုနစ်ခု ထုတ်ပြန်ကာ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်သက်ရောက်မည့် ပြင်ဆင်ပြောင်းလဲပေးထားသည့် ၀င်ငွေခွန်အရ တစ်လ လစာ ကျပ် ၁၂၀၀၀၀ အောက်ရရှိသူ နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိက ၀န်ထမ်းများသည် ၀င်ငွေခွန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် သမ၀ါယမနှင့် စီးပွားရေး လုပ်ကိုင်သူများအနေဖြင့် တစ်လကျပ် တစ်သိန်းနှင့် ကျပ်တစ်သိန်းအောက် ၀င်ငွေရှိသူများ ၀င်ငွေခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်
ကြောင်း
ယခင်က လစာအပေါ် ၀င်ငွေခွန် ပေးဆောင်ရန် သတ်မှတ်ထားရာတွင် ၀င်ငွေပမာဏအလိုက် အလွှာ ၁၅ လွှာ သတ်မှတ်ထားသော်လည်း ယခု အခါ ၁၂ လွှာသာ သတ်မှတ်လိုက်ကြောင်း၊ ယခင်က တစ်ကျပ်မှ ၅၀၀၀ ကျပ်အတွင်း ရရှိသူများအား ၀င်ငွေခွန် ငါးရာခိုင်နှုန်း ကောက်ခံရန် သတ်မှတ်ထားခြင်းမှစကာ ကျပ် ၂၀၀၀၀၀၀၁ နှင့်အထက်အား ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံရန် သတ်မှတ်ထားခဲ့ခြင်း ဖြစ်ကြောင်းယခုအခါတွင်မူ တစ်ကျပ်မှ ကျပ်ငါးသိန်းအထိ လစာဝင်ငွေရှိသူများသည်ပင် ၀င်ငွေခွန် တစ်ရာခိုင်နှုန်းသာ ပေးဆောင်ရန် သတ်မှတ်ထားကြောင်း၊ အမြင့်ဆုံးနှုန်းအဖြစ် ကျပ် ၂၀၀၀၀၀၀၁ နှင့်အထက် လစာ ၀င်ငွေရှိသူများ ပင် ၂၀ ရာခိုင်နှုန်းသာ ပေးဆောင်ရန် ပြင်ဆင်သတ်မှတ်ထား ကြောင်း
စီးပွားရေး လုပ်ငန်းများအပေါ် စည်းကြပ်သည့် ၀င်ငွေခွန်များကိုလည်း ပြင်ဆင်ခဲ့ပြီး ယခင်က အနိမ့်ဆုံး ငါးရာခိုင်နှုန်းမှ အမြင့်ဆုံး ၄၀ ရာခိုင်နှုန်းကောက်ခံရန် သတ်မှတ်ထားသော်လည်း ယခုအခါ အနိမ့်ဆုံး နှစ်ရာခိုင်နှုန်းမှ အမြင့်ဆုံး ၃၀ ရာခိုင် နှုန်းအထိသာ ပေးဆောင်ရန် ပြင်ဆင် သတ်မှတ်လိုက်ကြောင်း

ယခင်က ကျပ် ၅၀၀၀ ၀င်ငွေရှိလျှင်ပင် ငါးရာခိုင်နှုန်း ပေးဆောင်ရမှုမှ ယခုအခါ ကျပ်ငါးသိန်း ၀င်ငွေရှိသည့် စီးပွားရေး လုပ်ငန်းများသည်ပင် ၀င်ငွေခွန် နှစ်ရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည့်ဖြစ်ပြီး စီးပွားရေး လုပ်ငန်း၊ လစာ၊ သမ၀ါယမစသည်ဖြင့် မည်သည့် ၀င်ငွေအတွက်ဖြစ်စေ သတ်မှတ်ထားသည့် သက်သာခွင့်များရှိပြီး အဆိုပါ သက်သာခွင့်များ ခုနှိမ်လျက် ကျန်ဝင်ငွေအပေါ် ၀င်ငွေ ခွန်ပေးဆောင်ရန် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နှင့် ပူးပေါင်းဆောင်ရွက်သည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ကန့်သတ်ထားသည့် ကန့်သတ်ချက်များကို တရုတ်ဘက်မှ လက်တစ်လုံးခြားလုပ်ကာ စည်းကမ်း ဖောက်ဖျက်မှုများကြောင့် အရေးယူရမှုများ ရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

တရုတ်နှင့် ပူးပေါင်းဆောင်ရွက်သည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ကန့်သတ်ထားသည့် ကန့်သတ်ချက်များကို တရုတ်ဘက်မှ လက်တစ်လုံးခြားလုပ်ကာ စည်းကမ်း ဖောက်ဖျက်မှုများကြောင့် အရေးယူရမှုများ ရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက မတ်လ ၂၂ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ''ရေဖြူ မဲဆန္ဒနယ်က ဦးဝင်းဦး ဆွေးနွေးသွားတဲ့ နိုင်ငံတော်ဘက် စဉ်းစားပြီးတော့ အခုလုပ်တဲ့ Project တွေမှာ နိုင်ငံခြားသားတွေ သူတို့ရဲ့ အချိုးဟာ ဘယ်လောက် များတယ်၊ ပြည်တွင်းက လုပ်ငန်းရှင်တွေ၊ ပြည်တွင်းက လုပ်သားတွေ အင်အားကတော့ နည်းတယ်စသည်ဖြင့် ထောက်ပြ ဝေဖန်သွားတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း နောက်ဆုံးထုတ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေမှာ ပြည်တွင်းကနေပြီးတော့ ကျွမ်းကျင်သူ ဆိုလို့ရှိရင် ပထမနှစ်မှာ ဘယ်လောက် ရာခိုင်နှုန်း၊ ဒုတိယနှစ်မှာ ဘယ်လောက် ရာခိုင်နှုန်း စသည်ဖြင့် ဒါလေးကိုလည်း ကျွန်တော် လေ့လာထားပါတယ်။ ကျွန်တော်တို့ရဲ့ Project စကတည်းက တရုတ်နဲ့ လုပ်ထားတဲ့ ပိုက်လိုင်းမှာလည်းပဲ ဘယ်လို အဆင့်မျိုးဆိုရင်တော့ ပြည်တွင်းကပဲ သုံးရမယ်လို့ ကျွန်တော်တို့ ကန့်သတ်ထားတာ ရှိပါတယ်။ ကန့်သတ်ထားတာတွေ ရှိပင်ရှိငြားသော်လည်းပဲ ဒီအထဲမှာပဲ လက်တစ်လုံးခြား လုပ်ပြီးတော့ စည်းကမ်း ဖောက်ဖျက်နေတာရှိကြောင်း ၀န်ခံပါတယ်။ ဥပမာအားဖြင့် တရုတ်နဲ့ ပိုက်လိုင်းမှာလည်းပဲ ဒီလိုမျိုး ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ ဥပဒေကို လက်တစ်လုံးခြား လုပ်ပြီးတော့ ဟိုဘက်ကနေပြီးတော့ Work Permit နဲ့ အလုပ် Visa နဲ့ မဟုတ်ဘဲနဲ့ Tourist Visa နဲ့ ၀င်လာပြီးတော့မှ ယန္တရားတက်မောင်းလို့ သေတဲ့ အမှုတွေလည်း ရှိပါတယ်။ ချက်ချင်းပဲ အဲဒီပုဂ္ဂိုလ်တွေကို ပြည်ပက သူတို့ သံအမတ်ဆီကို စာရေးပြီးတော့ ချက်ချင်းပြန်ထွက်ပါ။ ဒါမျိုးနဲ့ ကျွန်တော်တို့ လုပ်ခဲ့ရတဲ့ အရေးယူခဲ့ရတဲ့ အချိန်တွေလည်း ရှိပါတယ်''ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စု ၀န်ကြီးက ''အလားတူပဲ အခု ဇောတိက ပိုက်လိုင်းမှာ ဦးဝင်းဦးကတော့ တရုတ် ၃၀၀ လောက်ရှိတယ်။ မြန်မာက ၅၀ လောက် ရှိတယ်ပြောပါတယ်။ သို့သော် ဒီကိန်းဂဏန်းကတော့ ဒီလောက် တစ်ဖက်စောင်းနင်းတော့ မဟုတ်ဘူးခင်ဗျ။ သို့သော်လည်း ကျွန်တော့်ဆီမှာ ဒီဟာ အတိအကျ မပါတဲ့အတွက် ကျွန်တော် ပြန်ပြီး စိစစ်ပြီးတော့ ဆောင်ရွက်ပေးပါမယ်။ ယခုလည်းပဲ အနားမှာ အလုပ်သမားဝန်ကြီး ရှိပါ တယ်။ အဲဒီ Project မှာပဲ ကျွန်တော်တို့ရဲ့ မြန်မာလုပ်သားတွေဟာ အနားမှာရှိတဲ့ TOTAL ရဲ့ အလုပ်သမား စည်းမျဉ်း ဥပဒေတွေ အဲဒီမှာရှိတဲ့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ၊ အလားတူပဲ PTTEP ရဲ့ အလုပ်သမား တွေရဲ့ ရပိုင်ခွင့်တွေ ဒါတွေကို လိုက်ကြည့်ပြီးတော့ သူတို့လည်းပဲ ရလိုကြောင်းနဲ့ ပြောလာတဲ့အတွက် ဒါကို ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရရော၊ စွမ်းအင်ဝန်ကြီးဌာနရော၊ အလုပ်သမားဝန်ကြီးဌာနပါ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေးတဲ့အတွက် သူတို့ တခြားကုမ္ပဏီက အလုပ်သမားတွေလိုပဲ ယူနီဖောင်းတွေ ရတယ်။ သန့်ရှင်းသော သောက်သုံးရေ ရတယ်။ အလုပ်ချိန် စသည်အားဖြင့် ဒါလေးတွေဟာ ကျွန်တော်တို့လည်းပဲ ဒါတွေကိုမြင်ပြီးတော့ လိုက်ပြီး ဆောင်ရွက်ပေးနေပါတယ်။ ဦးရေအချိုးအစားကတော့ ပြန်ကြည့်ပြီးတော့ ဒါလေးတွေကို စိစစ်ပြီးတော့ ဆောင်ရွက်ပေးသွားပါမယ်လို့ တင်ပြပါတယ်''ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

NLD ရဲ့ ထိပ်တန်းကိစ္စသုံးရပ်နဲ့ ကာကွယ်ဦးစီးချုပ်ရဲ့အဓိကတာဝန်

ဗိုလ်မင်းအောင်အောင်လှိုင်ရဲ့မိန့်ခွန်းထဲက အောက်ပါအချက် ၂ ချက်ကို သတိပြုမိပါတယ်။
တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကို တပ်မတော်ကို ခေတ်ကာလနဲ့အညီ တည်ဆောက် ပေးခဲ့လို့ကျေးဇူးတင်ထိုက်သူများအဖြစ် တတန်းတည်းထားပြီး ရည်ညွန်းပြောကြားတဲ့အချက်နဲ့ လွှတ်တော်ထဲမှာ စစ်သားအမတ် ၂၅% ဘာကြောင့်ပါဝင်နေရသလဲဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။
တပ်မတော်ဖခင်လို့ ဗိုလ်ချုပ်အောင်ဆန်းကိုရည်ညွန်းသော်လည်း ယခင်က “အောင်ဆန်းစစ်ကြောင်း” ဆိုတာရှိခဲ့ပြီး (နဝတ-နအဖ) ခေတ် မှာ ဖြုတ်ပယ်ခဲ့ပါတယ်။ အခုလည်းဖြုတ်ပယ်ထားဆဲပါ။ ထားပါတော့။
နောက်တချက်က ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးလုပ်တော့ စစ်တပ်ကနေပြတ်ပြတ်သားသားထွက်ပြီး နိုင်ငံရေးကို ခြေစုံပစ်ပြီးလုပ်ခဲ့သူဖြစ် တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ “ကိုအောင်ဆန်း- သခင်အောင်ဆန်း- ဗိုလ်အောင်ဆန်း- ဦးအောင်ဆန်း” စသဖြင့် ကျောင်းသား၊ နိုင်ငံရေး သမားဘဝကနေ တော်လှန်ရေးတပ်မတော်သား၊ တော်လှန်ရေးတပ်မတော်သားဘဝကနေ နိုင်ငံရေးသမားဘဝကို အဆင့်ဆင့်ပြောင်းလဲ ခဲ့တာပါ။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ဗိုလ်နေဝင်းကို တတန်းထဲထားဖေါ်ပြစရာဆိုလို့ “ရဲဘော်သုံးကျိပ်” စာရင်းကိုရေးသားဖေါ်ပြရာမှာပဲဖြစ်တယ်။ ဒါ တောင် ဒို့ဗမာအစည်းအရုံးဆိုတဲ့ ရှုဒေါင့်ကနေကြည့်ရင် “သခင်ကိုယ်တော်မှိုင်း ” အုပ်စုဝင် သခင်အောင်ဆန်းနဲ့ “သခင်ထွန်းအုပ် – သခင်ဗ စိန် ”အုပ်စုဝင် သခင်ရှုမောင်အဖြစ် ကွဲပြားနေသေးတယ်။
ဗိုလ်နေဝင်းဟာ စစ်တပ်ကို တလက်ကိုင်တပ်အဖြစ် အုပ်စီးခဲ့ပြီး စစ်အာဏာရှင်စနစ်ကိုစတင်အခြေချခဲ့သူ အကောင်အထည် ဖော်ခဲ့သူဖြစ် တယ်။ ဒါကြောင့် ဗိုလ်နေဝင်းဟာ လက်ရှိစစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဂေါ့ဖားသားဖြစ်တယ်။
ဗိုလ်နေဝင်းဟာ “တော်လှန်ရေးကောင်စီ” ဆိုပြီး ၁၂ နှစ်အုပ်စိုးခဲ့ပြီး စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄) စိတ်ကြိုက်ရေး ဆွဲကာ (မဆလ) တစ်ပါတီအာဏာရှင်စနစ်နဲ့ (၁၄) နှစ် (၁၉၇၄- ၁၉၈၈) ကြာဖိနှိပ်ခဲ့တယ်။
ဗိုလ်သန်းရွှေကတော့ (နဝတ-နအဖ) စစ်ကောင်စီက ၂၁ နှစ် (၁၉၈၈ -၂၀၁၀) ဖိနှိပ်အုပ်စိုးခဲ့ပြီး၊ စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) စိတ်ကြိုက်ရေးဆွဲပြီး “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ဆိုတဲ့ မျက်နှာဖုံးစွပ်ပေးခဲ့တယ်။
စစ်အုပ်စုဖွဲ့ပြီး စစ်တပ်ကို တလက်ကိုင်လုပ်တဲ့အစဉ်အလာဟာ ဗိုလ်နေဝင်းလုပ်နည်းဖြစ်တယ်။ ဒီနည်းကို ဗိုလ်သန်းရွှေက ဆက်ခံခဲ့တာဖြစ် တယ်။
ဒါကြောင့် ဗိုလ်မင်းအောင်လှိုင်တို့ လက်ရှိစစ်အုပ်စုဟာ ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ရဲ့ စစ်အာဏာရှင်နစ်အမွေခံတွေသာ ဖြစ်တယ်။
လက်ရှိစစ်အုပ်စုဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့နိုင်ငံရေးအစဉ်အလာကို ဆက်ခံသူတွေမဟုတ်ဘူး။
ဗိုလ်ချုပ်အောင်ဆန်းက တပ်ကိုအသုံးချပြီး နိုင်ငံရေးမလုပ်ခဲ့ဘူး။ ကိုယ်ကျိုးစီးပွား မစုဆောင်းခဲ့ဘူး။ ဗိုလ်နေဝင်းတို့ ဗိုလ်သန်းရွှေတို့က စစ် တပ်ကို ခါးပိုက်ဆောင်တပ်အဖြစ် တလက်ကိုင်ပြုကာ စစ်အာဏာရှင်နစ်ဖန်တီးပြီး ကိုယ်ကျိုးစီးပွားစု ဆောင်းခဲ့ကြတာဖြစ်တယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ အရင်းခံခြားနားချက်ဖြစ်ပါတယ်။ ထပ်တူနှိုင်းယှဉ်လို့မရတဲ့ မတူညီတဲ့အစဉ်အလာ ဖြစ်တယ်။
ဒီနေ့စစ်အုပ်စုဟာ စစ်တပ်နဲ့ရှင်းရှင်းပြတ်ပြတ်ခွဲခြားပြီး နိုင်ငံရေးလုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအစဉ်အလာနဲ့ ပြဒါးတလမ်း သံတလမ်း ဆန့် ကျင်ပြီး ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ရဲ့ စစ်တပ်ကိုခါးပိုက်ဆောင်တပ်အဖြစ်ထားပြီး နိုင်ငံရေးလုပ်ကာ ကိုယ်ကျိုးစီးပွားရှာတဲ့ လုပ်ဟန်ကို အမွေဆက်ခံထားသူတွေဖြစ်ပါတယ်။ “အမျိုးသားနိုင်ငံရေး” ဆိုတာကို ဗန်းပြအရေခြုံထားတယ်။
ဗိုလ်မင်းအောင်လှိုင်က “လွှတ်တော်အသီးသီးမှာ စစ်သားအမတ်တွေပါဝင်နေတယ်ဆိုတာ သမိုင်းကြောင်းအရပါဝင်နေတာဖြစ်ပြီး၊ အမျိုး သားနိုင်ငံရေးတာဝန်တစ်ရပ်ကိုထမ်းဆောင်နေတာဖြစ်တယ်” လို့ သူ့မိန့်ခွန်းထဲမှာထည့်ပြောထားတယ်။ စစ်မှုထမ်းဥပဒေနဲ့ စစ်သားလုပ်နေ သူတွေ မဟုတ်ဘူး၊ ခံယူချက်နဲ့ စစ်ထဲဝင်ခဲ့ကြသူတွေဖြစ်တယ်လို့လည်း ဆိုတယ်။
(လပခ) တိုင်းမှူးဟောင်း (နဝတ) ဗိုလ်ထွန်းကြည်ရဲ့ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိမှာပါတဲ့ (ဝင်းဦးကိုအားကျတဲ့) ခံယူချက်မျိုးလားမသိပါ။
ဒါအပြင် “ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈” ထဲက ပုဒ်မ ၂၀၊ ပုဒ်မခွဲ (စ) ကိုကိုးကားပြီး “စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန် တရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမယ်” လို့ အခိုင်အမာထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီပြောကြားချက်ဟာ ရေဒီယိုနဲ့ရုပ်မြင်သံကြားကနေ မတ်လ ၁၄ ရက်နေ့ကပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောကြားချက်ကို တုန့်ပြန်တာလို့ ယူဆနိုင်ပါတယ်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိကရည်ရွယ်ချက်တွေအနက် ထိပ်တန်းတင်ထားတဲ့ကိစ္စသုံးရပ်ကတော့ တရားဥပဒေစိုးမိုးရေး၊ ပြည် တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တို့ဖြစ်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်က သူ့ဟောပြောချက်ထဲမှာ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ထဲက ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာတွေ ထဲက ထင်ရှားတဲ့ဥပမာတခုအဖြစ် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ခံမဟုတ်တဲ့ (စစ်တပ်) လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာ ခိုင်နှုန်းပါဝင်နေတာကို ပြည်သူတွေအသိဖြစ်ပါတယ်” ဆိုပြီး ထည့်သွင်းပြောကြားခဲ့ပါတယ်။
“အခြေခံဥပဒေကို အဓိကတာဝန်တရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမယ်”လို့ဆိုရာမှာ အခြေခံဥပဒေနဲ့အညီ အာဏာသိမ်းနိုင်တဲ့ တာဝန်နဲ့ လွှတ်တော်အသီးသီးအတွင်းမှာရှိတဲ့ စစ်သားအမတ်တွေရဲ့တာဝန်လို့ ပေါင်းပြီးပြောတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီတာဝန်တွေကို ကာကွယ်ရေးဦးစီးချုပ်ကသာ အမိန့်ပေးညွန်ကြားဆောင်ရွက်မှာဖြစ်ပါတယ်။
လွှတ်တော် အသီးသီးမှာရှိတဲ့ ၂၅% စစ်သားအမတ်တွေကို ကာကွယ်ရေးဦးစီးချုပ်က စိတ်ကြိုက်ခန့်နိုင်/ဖြုတ်နိုင်/ လဲလှယ်နိုင်ပါတယ်။
စစ်သားအမတ်ဆိုတာမှာလည်း အမြင့်ဆုံးအဆင့်က “ဗိုလ်မှူးကြီး” အထိပဲပါတာပါ။ ဒါကလည်း အနည်းစုပါ။ ကျန်တဲ့အများစုက ဗိုလ်မှူးအ ဆင့်နဲ့ ဗိုလ်ကြီးအဆင့် ဂျူနီယာလေးတွေဖြစ်ပါတယ်။ သူတို့ခမျာလည်း “စစ်စည်းကမ်း” ဆိုတာနဲ့ အသေချည်တုတ်ခံထားရသူတွေဖြစ်ပါ တယ်။ ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်ကို ဆန့်ကျင်တဲ့မဲ စစ်သားအမတ်တွေမပေးဝံ့ပါဘူး။
ဒါကြောင့် “ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တစ်ရပ်အနေနဲ့ကာကွယ်စောင့်ရှောက်သွားမယ့်” ဗိုလ်မင်းအောင်လှိုင်နဲ့ NLD က ထိပ် တန်းတင်ထားတဲ့ ကိစ္စသုံးရပ် (တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ) ကတော့ ရှောင်လွှဲလို့မရ အောင် ထိပ်တိုက်တွေ့နေပါပြီ။
“၁ ဧပြီ၊ ကြားဖြတ်ရွေးကောက်ပွဲ” မှာ အနိုင်ရရုံနဲ့ “NLDရဲ့ထိပ်တန်းကိစ္စသုံးရပ်” ဖြစ်မြောက်မလာနိုင်ဘူးဆိုတာ NLD ကလည်း နားလည် သလို၊ လက်ရှိ ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရကလည်း သိပါတယ်။
NLD ရဲ့ ထိပ်တန်းတင်ထားတဲ့ကိစ္စသုံးရပ်ဆိုတာဟာ စစ်တပ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ပြောင်းလဲ၊ ပြင်ဆင်နိုင်မှသာ ဖြစ်မြောက်ပါ လိမ့်မယ်။
ဒီလိုပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် NLD အနေနဲ့ လွှတ်တော်အဆင့်ဆင့် (ပြည်သူ့လွှတ်တော်+ အမျိုးသားလွှတ်တော်) ထဲမှာ ၇၅%ကျော်မယ့်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဆန္ဒမဲတွေလိုပါတယ်။ ပြည်သူ့ဆန္ဒခံယူပွဲမှာလည်းထက်ဝက်ကျော်မဲဆန္ဒရဖို့လိုပါတယ်။
လောလောဆယ်မှာတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ အဆင့်ဆင့်သောအာဏာပိုင်တွေရဲ့ ညစ်ပတ်ကောက်ကျစ်မှုတွေကို NLD ရင်ဆိုင် နေရ ပါတယ်။
ညွန်း
၁။ မတ်လ ၁၄ ရက်နေ့၊ ရေဒီယို/ရုပ်မြင်သံကြားတို့မှ ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောတင်ပြချက် (ဒီလှိုင်း စာစောင် အတွဲ ၁ အမှတ် ၁၀၊ စာမျက်နှာ ၆)
၂။ ၂၀၁၂ ခုနှစ်၊ မတ်လ ၂၇ ရက်၊ ကာကွယ်ရေးဦးစီးချုပ်မိန့်ခွန်း (မြန်မာ့အလင်းသတင်းစာ ၂၈ မတ်)

Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment