မြန်မာသတင်းများ မတ် ၀၆ ရက်၊ ၂၀၁၂


နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်စုနှင့် တွေ့မည် 

နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully ၏ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံရန်ရှိကြောင်း နယူးဇီလန် သတင်းတရပ်တွင် ရေးသားထားကြောင်း
Radio New Zealand News အရ Mr McCully သည် တနင်္လာနေ့က မြန်မာနိုင်ငံကို ထွက်ခွါသွားပြီး အင်္ဂါနေ့တွင်နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ရှိသည်ဟု ဖော်ပြပါရှိကြောင်း
ယခုခရီးစဉ်မှာ Mr McCully ၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် နယူးဇီလန်မှာ အရှေ့အာရှ ထိပ်သီးညီလာခံကဲ့သို့ ဒေသတွင်း ဆွေးနွေးပွဲမျိုးတွေသာ တွေ့ဆုံလေ့ ရှိခဲ့ကြကြောင်း သိရသည်။

နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် ရောက်မယ်

 

နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Murray McCully ဟာ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ဖိတ်ကြားချက်အရ ဒီကနေ့ မြန်မာနိုင်ငံကို ၂ ရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် မနက်ဖြန် နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးမှာဖြစ်သလို ဗုဒ္ဓဟူးနေ့မှာတော့ ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပါမယ်။ နယူးဇီလန်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးဟာ ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲဖြစ်တဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲမှာ တွေ့ဆုံကြတာကလွဲလို့ နီးစပ်မှု မရှိပါဘူး။ အခု နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး မစ္စတာ McCally ခရီးစဉ်ဟာ နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံကို နယူးဇီလန် ဝန်ကြီးတစ်ဦး ပထမဆုံးအကြိမ် လာရောက်လည်ပတ်တာ ဖြစ်ပါတယ်။

မြန်မာကျပ်ငွေ ဒေါ်လာနဲ့လဲလှယ်နှုန်း ပြင်တော့မည်

 

မြန်မာကျပ်ငွေကို အမေရိကန်ဒေါ်လာ ဈေးကွက်ပေါက်ဈေးနဲ့အညီ လဲလှယ်ခွင့်ရတော့မယ့် အစီအစဉ်ကို မကြာခင်မှာ အစိုးရက တရားဝင် ကြေညာတော့မယ်လို့ သိရကြောင်း
ဈေးကွက်ပေါက်ဈေးနဲ့အညီ လဲလှယ်နိုင်ခွင့်ရှိအောင် စီစဉ်ရာမှာ အမေရိကန်တစ်ဒေါ်လာကို အပြင်ပေါက်ဈေး ကျပ် ၈၀၀ ထက်မပိုအောင် အစိုးရက ကြိုးပမ်းသွားမယ်လို့ အစိုးရအရာရှိတစ်ဦးက bloombeg သတင်းဌာနကို ပြောကြောင်းဒါ့အပြင် နိုင်ငံတကာ ဘဏ်စနစ်နဲ့ ချိတ်ဆက်ပြီး တိုက်ရိုက်လဲလှယ်ရာမှာ မြန်မာကျပ်ငွေတန်ဖိုး အတက်အကျကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ မြန်မာအစိုးရ ဗဟိုဘဏ်ကနေ ကြီးကြပ်သွားမယ်လို့ အစိုးရအရာရှိက ပြောကြောင်း မြန်မာကျပ်ငွေကို ဈေးကွက်ပေါက်ဈေးအတိုင်း တရားဝင် လဲလှယ်ခွင့်ပြုနိုင်အောင် ကြိုးပမ်းမှုဟာ သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေထဲက အောင်မြင်မှုတစ်ခုလို့ စီးပွားရေး ပညာရှင်တွေက သုံးသပ်ကြကြောင်း
မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကို တစ်ဒေါ်လာ ၆ ကျပ်ကျော် တရားသေ သတ်မှတ်ထားပေမယ့် အများက ပြင်ပပေါက်ဈေးနဲ့သာ လဲလှယ်သုံးစွဲနေကြကြောင်း အစိုးရက အဲဒီလို အသေသတ်မှတ်ထားတာဟာ မြန်မာကျပ်ငွေတန်ဖိုးကို အပြင်ပေါက်ဈေးထက် ၁၂၅% တန်ဖိုးပိုပြီး သတ်မှတ်ထားသလို ဖြစ်တယ်လို့ သုံးသပ်ကြကြောင်းသိရသည်။


အမျိုးသမီး အမှုဆောင် အများစုဖြင့် တိုင်ရီသမဂ္ဂဖွဲ့စည်းပြီး 

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများက အခြေခံစက်ရုံအလုပ်သမားသမဂ္ဂကို တနင်္ဂနွေနေ့က ဖွဲ့စည်းလိုက်သည်ဟု သိရသည်။
အဆိုပါ သမဂ္ဂအမှုဆောင် ၂၁ ဦးတွင် အမျိုးသမီး အများစုဖြင့် ဖွဲ့စည်းလိုက်ကြခြင်းဖြစ်ကြောင်း သမဂ္ဂဖွဲ့စည်းနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့သူ မစုစုနွေး က “တိုင်ရီစက်ရုံမှာ အလုပ်သမား ၁၈၀၀ ကျော် ရှိတဲ့အထဲမှာ ယောက်ျားလေးက အယောက် ၂၀၀ တောင် မရှိပါဘူးရှင်။ ကျတဲ့ဥစ္စာ အမျိုးသမီးတွေချည်းပါ” ဟု ပြောကြောင်း

ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်း၊ အတွင်းရေးမှူးများအဖြစ် မသန်းသန်းစိန်နဲ့ မစုသက်မာတို့က ဆောင်ရွက်ပြီး ဘဏ္ဍာရေးမှူးများအဖြစ် မချိုမာဝင်းနဲ့မချိုဇင်ဝင်းတို့က ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ထို့ပြင် အမှုဆောင်အဖွဲ့တွင် မစုငွေဇင်၊ မဇင်မာဝင်း၊ မသီတာဝင်း၊ မနွယ်နွယ်စံ၊ မအေးသက်မော်၊ မစန္ဒာမော်၊ မသူဇာဝင်း၊ မဖြူယုယုဝင်း၊ မ၀င်းဝင်းသန်း စသူတို့ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
သမဂ္ဂကို မတ်လ ၂ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သော်လည်း ၄ ရက်နေ့တွင် အမှုဆောင် ၂၁ ဦးဖြင့် ထောက်ခံသူများက အတည်ပြု လက်မှတ်ထိုးလိုက်ကြခြင်းဖြစ်ကြောင်း
လွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်သည့် ဥပဒေအရ အခြေခံအလုပ်သမားသမဂ္ဂတခုကို အဖွဲ့ဝင် ၃၀ ရှိပါက ဖွဲ့စည်းနိုင်သည်ဟု ပါရှိသည်။ သို့သော် ထိုဥပဒေမှာ နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းထားခြင်း မရှိသေးကြောင်းယခုကဲ့သို့ အလုပ်သမားများက မိမိတို့ဆန္ဒအလျောက် သမဂ္ဂဖွဲ့စည်းလိုက်ဖြင်းအားဖြင့် အစိုးရဘက်မှ ဖိအားပေးမှုများ ရှိလာပါက ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း

တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမား ၁၈၀၀ ကျော်က တနေ့တာလုပ်ခနှင့် ရက်မှန်ကြေး တိုးမြှင့်ပေးရန်အပြင် အခြားလူမှုဖူလုံရေးများအတွက် ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှ စတင်ကာ သပိတ်မှောက်ဆန္ဒပြလာကြရာ ၁၆ ရက်နေ့တွင် အလုပ်ရှင်နှင့် ဆွေးနွေးခဲ့ကြကြောင်းအလုပ်သမားအချို့မှာ ၀ါဏိဇ္ဇခုံရုံးသို့ တက်ခဲ့ကြသော်လည်း စာချုပ်ပါအတိုင်း အလုပ်ရှင်ဘက်မှ ခံစာခွင့်များ တိုးမြှင့်မပေးပါက ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း
လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင်သာယာရေး တောင်းဆိုချက်များကို ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးက ဆုံးဖြတ်ပေးမှု မရရှိခြင်းကြောင့် ရေရည် အစဉ်တစိုက် ဆက်လက်ပြီးတော့ ကြိုးစားရဦးမယ့် ကိစ္စဲဖြစ်ကြောင်း ယခုဖွဲ့စည်းလိုက်သည့် သမဂ္ဂအနေဖြင့် အခြေခံ အလုပ်သမား အခွင့်အရေးများနှင့်ပတ်သက်၍ သင်တန်းများပို့ချပြီး နစ်နာမှုများအား သမဂ္ဂမှ ဦးဆောင်တင်ပြတောင်းဆိုသွားမည်ဟုလည်း သိရသည်။


လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောလှိုင် အယူခံဝင်မည် 


လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ပယ်ချခြင်း ခံရသည့် စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် ၇ ကိုယ်စားလှယ်လောင်း ဦးစောလှိုင်၏အမှုကို တိုင်းကော်မရှင်သို့ တင်သွင်း အယူခံဝင်သွားမည်ဟု ရှေ့နေကြီး ဦးကိုနီက ပြောကြောင်း

ကသာခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ဦးစောလှိုင်၏ ဖခင်ဖြစ်သူသည် ဦးစောလှိုင် မွေးဖွားသည့် ၁၉၅၆ ခုနှစ်ကမြန်မာနိုင်ငံသား မဟုတ်ခဲ့ ဟူသည့် စွပ်စွဲချက်ဖြင့် ပယ်ချခံရခြင်းဟု ကြားသိနေရသော်လည်း ကာယကံရှင်ထံသို့ ကန့်ကွက်လွှာ ရောက်ရှိမလာသေးကြောင်းသို့သော် ဦးစောလှိုင်၏ ဖခင်မှာ ၁၉၅၅ ခုနှစ် ကတည်းက တိုင်းရင်းသားလက်မှတ် ရရှိပြီးဖြစ်ပြီး အထောက်အထားများ လည်း ရှိပြီးဖြစ်ကြောင်း

ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကိုယ်စားလှယ်လောင်း ဦးစောလှိုင်သည် ၁၉၉ဝ ရွေးကောက်ပွဲတွင်လည်း အင်းတော် မဲဆန္ဒနယ်မှ အနိုင်ရခဲ့သူတဦးဖြစ်ပြီး ၂ဝ၁၁ ခုနှစ် အောက်တိုဘာလက ကသာထောင်မှ ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း

ဦးစောလှိုင်မှာ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် အရေးအခင်းတွင် မဆလ အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီး ထောင်ဒဏ် ၉ နှစ် အပြစ်ပေးခြင်းခံခဲ့ရသူဖြစ်ကြောင်း   ၁၉၉ဝ ရွေးကောက်ပွဲအပြီး စင်ပြိုင်အစိုးရဖွဲ့စည်းရေး လွှတ်တော်ကိုယ်စားလှယ်များး၏ လျို့ဝှက်အစည်းအဝေးများတွင် တက်ရောက်ခဲ့ခြင်းကြောင့် ထောင်ဒဏ်အပြစ်ပေးခြင်းခံခဲ့ရသလို လွှတ်တော်ကိုယ်စားပြု ကော်မတီအရေး တက်ကြွစွာ ပါဝင်မှု၊ ၂ဝဝ၃ ခုနှစ် ဒီပဲယင်းအရေးအခင်း၊ ထို့နောက် ကွန်ပျူတာ လက်ဝယ်ထားရှိမှု ပုံနှိပ်ဥပဒေ စသည်တို့ဖြင့် အစိုးရအဆက်ဆက်၏ ထောင်ချအပြစ်ပေးခြင်း အကြိမ်ကြိမ်ခဲ့ခဲ့ရသည့် ဗဟိုတရားရုံးချုပ် ရှေ့နေကြီး ဦးစောလှိုင်မှာရှေ့နေလိုင်စင် ရုတ်သိမ်းခြင်း ခံထားရသူတဦးလည်း ဖြစ်ကြောင်း

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အနီး ဂူရဂေါင်းမြို့လေးသို့ အသဲအစားထိုးကုသမှု ခံယူရန် ရောက်ရှိနေသည့် ဦးစောလှိုင် က “အခုရွေးကောက်ပွဲဟာ အရင်ရွေးကောက်ပွဲများထက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပြီးတော့ ဒီ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ဖို့အတွက် စာရင်းပေးသွင်းခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြောကြောင်း

၁၉၉ဝ ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းသည် “နိုင်ငံသားဖြစ်ရမည်" ဟု ဖေါ်ပြထားပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေတွင်မူ "နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ ဖြစ်ရမည်” ဟု တမူကွဲစွာ ဖေါ်ပြထားကြောင်း ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင် ၄၈ ဦးအနက် ၄၇ ဦးကို ကိုယ်စားလှယ်လောင်းများ အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာပြီးဖြစ်ကြောင်းသိရသည်။


KIO နှင့် အစိုးရ မတ်လ ၈ ရက်နေ့ ထပ်တွေ့မည် 

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ မတ်လ ၈ ရက်နေ့ ကြာသပတေးနေ့၌ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းနှင့် တွေ့ဆုံခဲ့ သည့် KIO ဘက်မှ ကိုယ်စားလှယ်များဖြစ်သော ပညာရေးဌာနမှ တာဝန်ခံ ဦးဆွမ်းလွတ်ဂမ်၊ ဗဟိုကော်မတီဝင် ဦးလဖိုင်လ၊ ဆက်ဆံ ရေးရုံး တာဝန်ခံ ဦးဂျီးနောင်၊ ဦးလဂျောင် ခေါန်လွမ်း၊ ဗိုလ်မှူးကြီး ဇော်ရော်၊ ဗိုလ်မှူးကြီးဇော်တောင်တို့က  အစိုးရနှင့် တတိယအကြိမ် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း

KIO ဘက်က ၁၉၉၄ ခုနှစ်ကပင် အပစ်အခတ် ရပ်ဆိုင်းရေး လက်မှတ်ရေးထိုးထားပြီး ဖြစ်၍ အပစ်ရပ်ရေးကိုသာ မဆွေးနွေးလိုဘဲ အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးရန်သာ တောင်းဆိုနေသဖြင့် နှစ်ဘက် သဘောထား ကွဲလွဲနေသည်ဟု KIOက ဆိုကြောင်း သမ္မတဦးသိန်းစိန်၏ လတ်တလောမိန့်ခွန်းတွင် ‘ပင်လုံစိတ်ဓါတ်’ ဟူသော စကားလုံးကိုသုံးထားပြီး လွှတ်တော်တွင်းနိုင်ငံရေး ဆွေးနွေးရန် ပြောထားသော်လည်း KIO က ယင်းအချက်ကို လက်မခံနိုင်ကြောင်း တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဇန်နဝါရီလ ၁၈၊ ၁၉ ရက်နေ့များက ထာဝရ တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုရန် နှင့် ပင်လုံ ကတိကဝတ် ပြုခဲ့ကြသည့် အမျိုးသားရေးတန်းတူမှုနှင့် တိုင်းရင်းသားများ ကိုယ့်ကြံမ္မာ ကိုယ်ဖန်တီးရေးကို KIO ဘက်က တင်ပြရာတွင် “ပင်လုံကတိကဝတ်”ဟူသော အသုံးအနှုန်းကို အစိုးရကိုယ်စားလှယ်ဖက်မှ သဘောမတူခဲ့ကြောင်း ထို့ပြင် အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ အားလုံး ပါဝင်သည့် ပင်လုံကဲ့သို့သော ညီလာခံ တရပ် ကျင်းပရန်နှင့် တိုင်းရင်းသား ပြည်သူများ ဘုံသဘောတူညီထားသည့်အချက်များကို အတည်ပြုမှတ်တမ်းတင်ရန်၊ ဖမ်းဆီးထား သူများ ရှိပါက နှစ်ဘက် ပြန်လည် လွှတ်ပေးရန်နှင့် စစ်ဘေးသင့် ကျေးရွာများအား ပြန်လည် တည်ဆောက်ပေးရန် စသည့် အချက်များကိုလည်း KIO ဘက်မှ တောင်းဆိုထားကြောင်း ဖေဖော်ဝါရီလအတွင်း တွေ့ဆုံရန် KIO ဘက်က အဆိုပြုခဲ့သော်လည်း အစိုးရဘက်မှ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် တဦးဖြစ်သူ ဦးသိန်းဇော် တရုတ်နိုင်ငံသို့ ခရီးလွန်နေသည်ဟု ဆိုကာ နှစ်ဖက် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ကြောင်း

မတ်လ ၁ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည့် သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင် ၎င်းက ကာကွယ်ရေးဦးစီးချုပ်သို့ အောက်ခြေ တပ်များကို ထိုးစစ်မဆင်ရန် ညွန်ကြားထားသော်လည်း KIO နှင့် အစိုးရ အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း ထည့်သွင်း ပြောကြားချက်မှာလည်း ရယ်ဖွယ်သာ ဖြစ်နေကြောင်း မတ်လ ၃ ရက်နေ့က မိုးညှင်းမြို့နယ် ဆင်ဘိုနှင့် ရွှေဂူအကြား ပန်ခေါန်ယန်ကျေးရွာအနီးသို့ အစိုးရ၏ စစ်ကြောင်း တပ်ရင်း ၃ ရင်း လှုပ်ရှားဝင်ရောက်လာသဖြင့် KIO ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း လက်ရှိတွင် တိုက်ပွဲကြောင့် ထွက်ပြေး ခိုလှုံနေရသူ ကချင်စစ်ပြေးဒုက္ခသည်ပေါင်း ၆ဝ,ဝဝဝ (ခြောက်သောင်း) ကျော်ရှိနေပြီဟု ခန့်မှန်းထားကြကြောင်းသိရသည်။


ဖျာပုံမဲဆန္ဒရှင်စာရင်း မှားယွင်းမှုများစွာဖြစ်ဟု NLD ပြော 


ကြားဖြတ်ရွေးကောက်ပွဲအတွက် ဖျာပုံခရိုင် ကော်မရှင်မှ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် အမည်စာရင်း ထုတ်ပြန်ရာတွင် မှားယွင်းမှု များစွာတွေ့ရှိရကြောင်း မှတ်ပုံတင်နံပါတ် တခုတည်းကို အမည်အမျိုးမျိုးဖြင့် လူ ၂ဝ ကျော် ဖြစ်နေခြင်း၊ သေဆုံးပြီးသူများ မဲဆန္ဒရှင် စာရင်း တွင် ပါဝင်နေခြင်း၊ မဲပေးခွင့်ရှိသူအချို့၏ အမည် မဲဆန္ဒရှင်စာရင်းတွင် မပါဝင်ခြင်း စသည့် မှားယွင်းမှုများ ဖြစ်ပေါ်နေကြောင်း

မဲဆန္ဒရှင် ၇၀၀ ခန့်ရှိမည့် ဖျာပုံမြို့ အမှတ် ၁၆ ရပ်ကွက်တွင် မှတ်ပုံတင်နံပါတ် ၁၄/ဖပန (နိုင်) ၁၄၄၂၆၇ တခုတည်း ကို လူ ၂၆ ယောက် ဖြစ်နေသည့် အပြင်၊ NLD ပါတီဝင် မဲရုံမှူးများလည်း မဲစာရင်းတွင် မပါဝင်ဟု NLD ကိုယ်စားလှယ်လောင်း ဦးသိန်းဆွေက ပြောကြောင်း

ဖျာပုံခရိုင် NLD က စိစစ်ဆဲ စာရင်းများအရ အထက်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁၀ တွင် အကျုံးဝင်သည့် ဖျာပုံ ခရိုင်နှင့် ဒေးဒရဲခရိုင်များရှိ မဲဆန္ဒရှင်များ စာရင်းတွင်လည်း အထက်ပါဖြစ်ရပ်မျိုး ဖြစ်ပေါ်နေသည်ဟု ဖျာပုံ NLDရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင် ကိုကျော်ဇေယျာက ပြောကြောင်း

အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ NLD ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင်များမှ တိကျသည့် စာရင်းများကူးယူ၍ ကော်မရှင်သို့ တင်ပြရန် ကြိုးပမ်းရာတွင်လည်း မဲစာရင်းကို ဒေသခံ အာဏာပိုင်တို့မှ ကူးယူခွင့် မပေးကြောင်း

ထို့အပြင် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့တည်းက ခရိုင်ကော်မရှင်မှ ထုတ်ပြန်ပြီးဖြစ်သည့် မဲဆန္ဒရှင် စာရင်းကိုလည်း မတ်လ ၃ ရက်နေ့အထိ ဖျာပုံမြို့ ၁၉ ရပ်ကွက်၊ ချောင်းဝ၊ ကျောင်းကုန်း၊ သပြေကန်၊ အရှေ့ဖျား၊ ဘဝသစ်၊
ရွှေတောင်စု၊ မြစ်တန်း၊ ချောင်းတွင်း၊ အောက်ကွင်း၊ ငါးအိမ်စု၊ ဂျိုဝါကျောက်ရဲ ကျေးရွာအုပ်စု စသည့် ရွာပေါင်း ၁၉ ရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့် ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားခြင်း မရှိသည့်အတွက် မဲဆန္ဒရှင် စာရင်း စိစစ်ရာတွင် အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နေကြောင်း

ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများမှ မဲဆန္ဒရှင်များအနေဖြင့် မိမိတို့ နာမည် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ခြင်းရှိ/မရှိ၊ မှားယွင်းမှု တစုံတရာရှိပါက ကော်မရှင်အဖွဲ့ခွဲများသို့ မတ်လ ၆ ရက်နေ့ နောက်ဆုံးထား အကြောင်းကြားရန် ညွှန်ကြား ထားသော်လည်း ဖျာပုံခရိုင် မင်းလှစုကျေးရွာသို့ မတ်လ ၄ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်း ရောက်ရှိမလာသေးကြောင်းဤကိစ္စများနှင့် ပတ်သက်၍ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တို့သို့ တင်ပြ ထားပြီး၊ မဲဆန္ဒရှင်စာရင်းများ မှားယွင်းမှုကိုလည်း NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင်များမှ ဆက်လက် စိစစ်ကာ တင်ပြသွားမည်ဟုလည်း ဦးသိန်းဆွေက ပြောကြောင်း
မဲဆန္ဒရှင်စာရင်း လွဲမှားမှုများကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ၇ ရက် ကြိုတင်၍ ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများ အနေဖြင့် ကော်မရှင် အသီးသီးသို့ တင်ပြနိုင်ပြီး တင်ပြမှု အပေါ် ရွေးကောက်ပွဲ ကော်မရှင်မှ စိစစ်အတည်ပြုမည် ဖြစ်ကြောင်း

ဖျာပုံခရိုင်၏ ကျေးရွာအုပ်စုပေါင်း ၅၂ အုပ်စုတွင် ရွာပေါင်း ၃၀၀ ကျော်ရှိပြီး ဒေးဒရဲခရိုင်တွင် ကျေးရွာအုပ်စု ၉၃ အုပ်စုတွင် ကျေးရွာပေါင်း ၁၉၀ ရှိသည်။ ဖျာပုံခရိုင်တွင် ၂၀၁၀ ရွေးကောက်ပွဲကာလက မဲဆန္ဒပေးခွင့်ရှိသူ ၁၉၀,၀၀၀ ကျော်ရှိနေပြီး ဒေးဒရဲခရိုင်တွင် ၁၄၀,၀၀၀ ကျော် မဲပေးခွင့်ရှိသည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ကြောင်းဖျာပုံ၊ ဒေးဒရဲ အထက်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၀ တွင် ၂၀၁၀ ရွေးကောက်ပွဲအတွင်း ယခု ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်မှ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ကြောင်းသိရသည်။

နေပြည်တော် လူထု ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက်ကြို

 

မြန်မာအစိုးရခြေစိုက် နေပြည်တော်သို့ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရန် ရောက်ရှိလာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံလူထုက တခဲနက် ကြိုဆိုကြကြောင်းနေပြည်တော်ရှိ လစ်လပ်နယ်မြေလေးခုအနက် ပထမဆုံးအဖြစ် ဒက္ခိဏသိရီမြို့နယ်သို့ဒေါ်အောင်ဆန်းစုကြည် သွားရောက် ရာတွင် ဒေသခံ လေးသောင်းကျော်က “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ အောင်မြင် ပါစေ” ဟု ကြွေးကြော်သံ များဖြင့် သောင်း သောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြကြောင်းသိရသည်။


ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ရောက်

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ညနေ ၄ နာရီ ကျော်တွင် နေပြည်တော်သို့ ရောက်ရှိကြောင်း သိရသည်။ အထက် မြန်မာပြည် စစ်ကိုင်း၊ တံတားဦး၊ နွားထိုးကြီး၊ မိတ္ထလာမြို့များမှ ဆက်လက်၍ လာရောက်ခြင်းဖြစ်ပြီး နေပြည်တော် ဒက္ခိဏ သီရိ မြို့နယ်ရှိ လူထုဟောပြောမည့် နေရာသို့ သွားရောက်မည်ဟု သတင်းရသည်။ NLD ပါတီ ကိုယ်စားပြု၍ မစန္ဒာမင်းသည် ဒက္ခိဏသီရိ မြို့နယ်မှ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

၈၈ အဖွဲ့ ဦးသိန်းစိန် မိန့်ခွန်း ကြိုဆို

ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က အစိုးရသက်တမ်း တနှစ်ပြည့်အနေနှင့် ပြောကြားသည့် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းကို ကြိုဆိုလိုက်ကြောင်း သိရသည်။ ယမန်နေ့က ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ် ဝေဇယန္တာ လမ်း၌ ကျင်းပသော ၎င်းတို့ဆောင်ရွက်နေသည့် ပွင့်လင်းလူ့အဖွဲ့ အစည်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသွားခြင်း ဖြစ် သည်။ ထို့အပြင် ကချင်ဒုက္ခသည်များအရေး၊ ပြည်တွင်း ငြိမ်းချမ်းချမ်းရေး၊ တရားရေး စနစ်နှင့် သတင်းမီဒီယာ၏ အခန်းကဏ္ဍများကိုလည်း ထည့်သွင်း ပြေကြားသည် ဟုသိရသည်။


မြစ်ဆုံ ပြောင်းရွှေ့ဒေသခံများ နေရပ်မပြန်ရသေး

ကချင်ပြည်နယ်ရှိ မြစ်ဆုံဆည် စီမံကိန်းကို သမ္မတ ဦးသိန်းစိန်က ၎င်းတို့အစိုးရ သက်တမ်းတခုအတွင်း ရပ်ဆိုင်းလိုက်ကြောင်း ကြေညာ ထားသော်လည်း စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသည့် ကျေးရွာ ၅ ရွာမှ ဒေသခံများသည် မူရင်းအရပ်သို့ ပြန်လည် နေ ထိုင်ခွင့် မရသေးကြောင်း သိရသည်။ ထို ၅ ရွာထဲမှ ၃ ရွာသည် မြေထိုးစက်များဖြင့် ထိုးဖျက်ဆီးခြင်း ခံထားရကြောင်း၊ မြစ်ဆုံ စီမံ ကိန်းသည်လည်း ရပ်ဆိုင်းခြင်း မရှိသေးသော အထောက်အထားများကို တွေ့ရှိရကြောင်း ကချင် လူမှုဖွံဖြိုးရေး ကွန်ရက် အဖွဲ့(KDNG) က မတ် ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားကြောင်းသိရသည်။


ရခိုင် လမ်းကောင်းရေး ကြံ့ခိုင်ရေးပါတီ ကန့်ကွက်


ရခိုင်ပြည်နယ်အတွင်း လမ်းများ ကောင်းမွန်ရေးနှင့် တိုးမြှင့်ဖောက်လုပ်ရန် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ(RNDP)က ပြည်နယ် လွှတ်တော်၌ တင်သွင်းသည့် အဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)က ကန့်ကွက်၍ ပျက်ပြယ် သွားကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၃ ရက်က ကျင်းပသော ပထမအကြိမ် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ ပုဏ္ဏားကျွန်း-ရသေ့တောင်၊ ဘူးသီးတောင်-မောင်းတော၊ စစ်တွေ-မြောက်ဦး၊ မြောက်ဦး-ကျောက်တော် စသည့် လမ်းများအပြင် ရခိုင်ပြည် နယ်-ရန်ကုန် ကားလမ်းမကြီးကို မိုးရာသီမတိုင်မီကောင်းမွန်ရေးနှင့်တိုးမြှင့်ဖောက်လုပ်ရန် RNDP အဆိုတင်သွင်းရာတွင် ကန့်ကွက် ကြောင်း သိရသည်။


တရားဥပဒေစိုးမိုးမှ တိုင်းပြည်အေးချမ်းမည်


နိုင်ငံတွင်း တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးဆုံး ဖြစ်တယ်လို့ ပဲခူးတိုင်း ဖြူးမြို့နယ်မှာ တနင်္လာနေ့က ပြုလုပ်တဲ့ NLD မြို့နယ်ရုံးသစ် ဖွင့်ပွဲကို တက်ရောက်လာတဲ့ NLD ပါတီ နာယက ဦးတင်ဦးက ပြောပါတယ်။ ဒါတင်မက အလုပ်သမား လယ်သမားသမဂ္ဂတွေ လွတ်လွတ်လပ်လပ် ဖွဲ့စည်းဆောင်ရွက် နိုင်ခွင့် အတွက်လည်း သူက တိုက်တွန်း ပြောကြားသွားခဲ့ကြောင်း
NLD ပါတီက လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်ထဲကို ရောက်ရင် ဒီမိုကရေစီ အကျင့်အကြံနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အချက်အလက်တွေကို ပြင်မယ်ဆိုပြီး NLD ပါတီရဲ့ နာယက ဦးတင်ဦးက တနင်္လာနေ့မှာ ပြောကြောင်း ပဲခူးတိုင်း ဖြူးမြို့နယ်မှာ NLD ရုံးသစ်ဖွင့်ပွဲမှာ လာရောက်ကြတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံလူထုကို ပြောဆိုခဲ့တာ ဖြစ်ကြောင်း
ဖြူးမြို့နယ်တွင်းမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တစ်ခုတည်း ရှိနေရာကနေ အခု NLD ရုံးကို ပြန်ပြီး ဆိုင်းဘုတ်တင် ဖွင့်လှစ်နိုင်တာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောကြောင်း ရုံးခွဲဖွင့်လှစ်ပြီးရင် ပါတီဝင်သစ် စုဆောင်းတာ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးတို့ကို တစိုက်မတ်မတ် လုပ်ဆောင်သွားမယ် လို့လည်း NLD တာဝန်ခံတွေက ပြောကြောင်း
NLD ပါတီက တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီးနောက်ပိုင်းကစလို့ နိုင်ငံတ၀ှမ်းမှာ ပါတီရုံးခွဲတွေကို ပြန်ပြီး ဖွင့်လှစ်နေတာ ဖြစ်ကြောင်း ပါတီဝင်သစ် စုဆောင်းမှုတွေကိုလည်း ပြန်ပြီး လုပ်ဆောင်နေကြောင်း လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ နေရာ ၀င်ရောက် ယှဉ်ပြိုင် အနိုင်ရရေး အတွက်လည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတ၀ှမ်း ခရီးလှည့်လည်ပြီး မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်နေကြောင်းသိရသည်။

တံတားဦး၊ နွားထိုးကြီး၊ မိထ္ထီလာနဲ့ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြော

 

မတ်လ ၄ ရက် ညက မန္တလေးမြို့မှာ တစ်ညတာ ရပ်နားခဲ့တဲ့ အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မန္တလေးတိုင်းအတွင်းက တံတားဦး၊ နွားထိုးကြီး၊ မိထ္ထီလာနဲ့ နေပြည်တော်မှာ ဒီကနေ့ သွားရောက် ဟောပြောခဲ့ကြောင်း
မနက် ၆ နာရီခွဲကျော်က တံတားဦးမြို့မှာဟောပြောခဲ့ပြီး ၁၀ နာရီဝန်းကျင်လောက် နွားထိုးကြီးမြို့နယ်မှာ ဟောပြောတဲ့အခါ ဝန်ထမ်းတွေလာဘ်စားတဲ့ကိစ္စနဲ့ မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ငွေကြေးစနစ်မရှိတဲ့ကိစ္စကို အဓိကထား ပြောကြောင်း
နွားထိုးကြီးမြို့ဟောပြောပွဲအပြီး မိတ္ထီလာမြို့ကို အရောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ အကူအညီတွေ ပြန်ရချင်တယ်ဆိုရင် တကယ်ပွင့်လင်းတဲ့ ဒီမိုကရေစီ အခင်းအကျင်းရှိဖို့နဲ့ ကြားဖြတ်ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ပြဖို့လိုကြောင်း၊ ပြည်သူတွေအနေနဲ့လည်း မကြောက်ရွံ့ကြဖို့လိုကြောင်း
မွန်းလွဲ ၂ နာရီကျော်မှာ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကို ထွက်ခွာသွားပြီး ဒက္ခိဏသီရိနဲ့ ဇမ္ဘူသီရိမြို့နယ် တွေမှာဟောပြောကြောင်း ဒီကနေ့ည နေပြည်တော်မှာ ညအိပ်အနားယူမှာဖြစ်ကြောင်း အလားတူ ဒီကနေ့ နေ့လယ် ၁၂ နာရီက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး ဖြူးမြို့နယ် အန်အယ်လ်ဒီရုံးသစ်ကို ဖွင့်လှစ်ပေးရာမှာ ရုံးဖွင့်ပွဲကို ဖြူးမြို့နယ်တစ်ဝိုက်က ဒေသခံအင်အား တစ်ထောင်နီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


အစိုးရနဲ့ ပြည်သူကြား ယုံကြည်မှုရှိဖို့ ဒေါ်စုတိုက်တွန်း


ဒီမိုကရေစီစနစ်မှာ အစိုးရနဲ့ ပြည်သူ အပြန်အလှန် ယုံကြည်လေးစားမှု ရှိရမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ကြောင်း ပြည်သူတွေအတွက် အလုပ်အကိုင် ဖန်တီးရေး၊ အစိုးရဝန်ထမ်းတွေ သိက္ခာရှိရှိ အလုပ်လုပ်နိုင်ရေး အကြောင်းတွေကို နေပြည်တော်က ပြည်သူလူထုကို မိန့်ခွန်းပြောစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ကြောင်း အစိုးရရုံးစိုက်ရာ မြို့ ဖြစ်ပေမဲ့ ပြည်သူ အမြောက်အများ လာပြီး နားထောင်ကြတကြောင်း
နေပြည်တော်မြို့က မြို့နယ် နှစ်ခုကို သွားရောက်ပြီး စည်းရုံးမဲဆွယ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင် ဒက္ခိဏသီရိ မြို့နယ် ရွာမကွင်းမှာ ပြည်သူလူထုကို တွေ့ဆုံ မိန့်ခွန်းပြောပကြောင်း ကွင်းလုံးပြည့် ပြည်သူတွေ လာရောက် နားထောင် ကြောင်း မိန့်ခွန်းမှာ အစိုးရနဲ့ ပြည်သူ အပြန်အလှန် ယုံကြည်မှုဟာ ဘယ်လောက် အရေးကြီးသလဲ ဆိုတာကို အခုလို ပြောသွားခဲ့ကြောင်း
အစိုးရရုံးစိုက်ရာ မြို့တော် ဖြစ်သလို အစိုးရဝန်ထမ်း အများအပြား နေထိုင်ကြတဲ့ နေပြည်တော်ကို ဒေါ်အောင်ဆန်းစုကြည် လာစဉ်မှာ လမ်းတလျှောက် လူတွေ ကြိုဆို နှုတ်ဆက်ကြသလို သူမိန့်ခွန်းပြောရာ ပျဉ်းမနား ရွာမကွင်းမှာလည်း ကွင်းလုံးပြည့် လာရောက် အားပေးခဲ့ကြပကြောင်း အခုလို ပြည်သူတွေ အားနဲ့
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အားလုံး တိုးတက်ရေးအတွက် အရေးကြီးတဲ့ အလုပ်လက်မဲ့ ပြဿနာကိုလည်း အဓိက ဦးစားပေး ဖြေရှင်းသွားမယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြား မဲဆွယ်သွားခဲ့ကြောင်း
ပြည်သူတွေအနေနဲ့ ကိုယ့်မှာ ရှိတဲ့ အရည်အချင်းတွေ မြင့်အောင် ကြိုးစားဖို့ကိုလည်း ဒက္ခိဏသီရိမြို့နယ်မှာ ပြောသွားတဲ့ မိန့်ခွန်းထဲမှာ တိုက်တွန်း သွားကြောင်း ပြောသွားတာကတော့ ဝန်ထမ်းတွေ သိက္ခာရှိရှိ အလုပ်လုပ်နိုင်ဖို့က အုပ်ချုပ်မှုစနစ်၊ ဥပဒေရေးရာ စနစ်တွေအားလုံးနဲ့ ဆိုင်ပါတယ်တဲ့၊ နောက် ဝန်ထမ်းတွေ လာဘ်ပေးလာဘ်ယူ လုပ်တယ်လို့ စွပ်စွဲကြတဲ့ ပြည်သူတွေကိုလည်း ဝန်ထမ်းတွေရဲ့ ဘဝကို ပြန်ကြည့်ကြပြီး ဘာကြောင့် ဒီလို ဖြစ်နေရသလဲ ဆိုတာကို ပြောကြောင်း အဲဒီမှာ သူငယ်စဉ် လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်က ဝန်ထမ်းတွေ သိက္ခာရှိရှိ အလုပ်လုပ်နိုင်ကြတဲ့ အခြေအနေနဲ့ နှိုင်းယှဉ် ဥပမာပေး ပြောသွားခဲ့ကြောင်း ဒီမိန့်ခွန်းကို ဇဗ္ဗူသီရိမြို့နယ် လယ်ကွင်းပြင်မှာ ပြောကြားခဲ့တာကိုလည်း မြို့ခံတော်တော်များများ လာရောက် နားထောင်ခဲ့ကြကြောင်းမန္တလေးတိုင်းက မြို့တွေကို လှည့်လည် စည်းရုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ တစ်ညအိပ်ပြီး မနက်ဖြန်ကျရင် နေပြည်တော်က ပုဗ္ဗသီရိနဲ့ ဥတ္တရသီရိ မြို့နယ်တွေကို သွားရောက် စည်းရုံး ဟောပြောဖို့ ရှိကြောင်း သိရသည်။

ကမ္ဘာကျော် အနုပညာရှင်တွေ ဇာဂနာနဲ့ တွဲဖက်ဖျော်ဖြေ

 

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ စတင်ကျင်းပမယ့် အေအိုင် ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ အနှစ် (၅၀)ပြည့် ရွှေရတုအခမ်းအနားမှာ နိုင်ငံရေး အကျဉ်းသားဟောင်း မြန်မာ့ဟာသ အနုပညာရှင် ဇာဂနာနဲ့တွဲဖက်ပြီး ကမ္ဘာကျော် အနုပညာရှင်တွေ ပူးပေါင်းဖျော်ဖြေမယ့် အစီစဉ်တခုကို တင်ဆက်ဖို့ရှိကြောင်း   ဒီအစီစဉ်မှာ သူကိုယ်တိုင် ဇာတ်ညွန်းရေးထားတဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် (Freedom of expression) ဆိုတဲ့ ဇာတ်လမ်းတိုကို အမေရိကန် အနုပညာရှင်တွေနဲ့ တွဲဖက်သရုပ်ဆောင်မှာ ဖြစ်တယ်ကြောင်း ဒီလို နိုင်ငံတကာ အခမ်းအနားတခုမှာ မြန်မာ့အနုပညာရှင်တဦးအနေနဲ့ ကမ္ဘာသိ အနုပညာရှင်တွေနဲ့အတူ ဖျော်ဖြေ တင်ဆက်ခွင့်ရတဲ့အတွက် ၀မ်းသာဂုဏ်ယူမိတယ်လို့လည်း ကိုဇာဂနာကပြောကြောင်း
နိုင်ငံတကာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်တင်ပြနေတဲ့ ဗြိတိန်အခြေစိုက် အေအိုင်အဖွဲ့ကြီး ထူထောင်ခဲ့တဲ့ နှစ် (၅၀)ပြည့် အထိမ်းအမှတ်အနေနဲ့ အဖွဲ့ခွဲတွေရှိတဲ့ နိုင်ငံပေါင်း ၁၅၀ကျော်မှာ အခမ်းအနားတွေကို ကျင်းပနေပါကြောင်းအမေရိကန် ပြည်ထောင်စုမှာ အခုကျင်းပနေတဲ့ အခမ်းအနားကို ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင်တွေအပါအ၀င် ကမ္ဘာကျော်ဟာသ အနုပညာရှင် စုစုပေါင်း ၃၅ ယောက် တက်ရောက်ဖို့ ရှိကြောင်းအေအိုင်ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ၁၉၇၇ ခုနှစ် ကဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။





မတ်လ ၁၄ ရက်နေ့မှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းတယ်လီဖုန်းများ၏ ကနဦးတပ်ဆင်ခများကို စတင်လျှော့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ မိုဘိုင်းဖုန်းအမျိုးအစားများမှာ GSM နှင့် CDMA 450MHz မိုဘိုင်းဖုန်းများအား ကျပ် ၂ သိန်းသို့ လျှော့ချပေးမည် ဖြစ်ပြီး အဆိုပါ ၁၄ ရက်နေ့၌ပင် WCDMA နှင့် CDMA 800MHz မိုဘိုင်းဖုန်းများ၏ ကနဦးတပ်ဆင်ခများကို ကျပ်နှစ်သိန်းငါးသောင်းသို့ လျှော့ချပေးမည်
ကျပ် နှစ်သိန်းငါးသောင်းတန် WCDMA ဖုန်းမှာ 3G ဖုန်းအမျိုးအစားဖြစ်သည်ဟု သိရှိရပါသည်။


အကျင့်ပျက်ခြစား အကောက်ခွန်အရာရှိများ ဌာနပြောင်း


ရန်ကုန် ဆိပ်ကမ်းများမှ တရားမ၀င် ကားတင်သွင်းမှုများ၏ လာဘ်ပေးလာဘ်ယူ ကိစ္စများစွာနှင့် ပတ်သက်သည်ဟု သတင်းထွက်နေသော ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအကောက်အခွန် ညွှန်ကြားရေးမှူးများကို ယခင်ဌာနထက် ပိုမိုအရေးကြီးသော ဌာနခွဲများသို့ မကြာသေးမီ တာဝန်ပြောင်းရွှေ့ ခန့်ထားလိုက်ကြောင်း သတင်းရရှိသည်။ အကောက်ခွန်ဦးစီးဌာန လက်အောက်ရှိ အရေးကြီးသော ဌာနခွဲများဖြစ်သည့် ပို့ကုန်/သွင်းကုန် ဌာန၊ ထောက်ပို့ဌာနများ အပါအ၀င် တခြားသောဌာနများသို့ ပြောင်းရွှေ့တာဝန်ပေးလိုက်ခြင်း ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် အကောက်ခွန် အေဂျင်စီ အသိုင်းအ၀ိုင်း က
“ဦးသိန်းဆွေက ပို့ကုန်/သွင်းကုန်ဌာနခွဲရဲ့ ညွှန်ကြားရေးမှူး၊ ဦးထင်ပေါ်က ထောက်ပို့ဌာနခွဲရဲ့ ညွှန်ကြားရေးမှူး၊ အခြားညွှန်ကြားရေး မှူးတွေလည်း အဲဒီလို ဌာနခွဲတွေအလိုက် အပြောင်းအလဲလုပ်တယ်”ဟု ရန်ကုန်မြို့မှ အကောက်ခွန် ၀န်ဆောင်မှု အေဂျင်စီ ပိုင်ရှင် တဦးက ပြောပြကြောင်း
ရာထူးနေရာပြောင်းရွှေ့ခံရသော ညွှန်ကြားရေးမှူးတချို့မှာ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက အကျင့်ပျက်ခြစားမှုများနှင့် ပတ် သက်ပြီး စုံစမ်းစစ်ဆေးခံထားရသော သူများဖြစ်ပြီး ယခုအခါ အရေးယူမှု မခံရသည့်အပြင် အရေးကြီးသော ရာထူးနေရာများကိုပါ ရယူလာခြင်းဖြစ်ကြောင်းရန်ကုန် ဆိပ်ကမ်းများမှ တရားမ၀င်တင်သွင်းသည့် လိုင်စင်မဲ့ကားများနှင့်ပတ်သက်ပြီး အစိုးရက တရားဝင်အရေးယူမှု မရှိသေး ကြောင်းပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကလည်း ရန်ကုန် ဆူးလေ ဆိပ်ကမ်းတွင် တရားမ၀င်လိုင်စင်မဲ့ကား ၆ စီး ထပ်မံဖမ်းဆီးမိခဲ့ပြီး အစိုးရ၀န်ထမ်းအချင်းချင်း မကျေမနပ်ဖြစ်ရာမှ သတင်းပေါက်ကြားပြီး ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း
လက်ရှိတွင် စက်မှုဝန်ကြီးဌာနက စက်မှုဇုန် ကားထုတ်လုပ်ရေး ကုမ္ပဏီတချို့ကို Light Truck ကားစီးရေ မြောက်မြားစွာ ထုတ် လုပ်ခွင့် ချထားပေးလိုက်သည့်အတွက် Light Truck ကားများ နယ်စပ်နှင့် ဆိပ်ကမ်းများမှ ၀င်ရောက်လျက်ရှိကြောင်း ထိုကားများမှ အင်ဂျင်များနှင့် ပြန်လည်ပြင်ဆင် ထုတ်လုပ်ကြခြင်းဖြစ်ကြောင်း
ပြီးခဲ့သည့် ဇန်န၀ါရီ လဆန်းက ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာန လက်အောက်ရှိ အကောက်ခွန်ဦးစီးဌာန ၀န်ထမ်းများသည် ခွင့်ပြုချက်မရဘဲ ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် ဆက်သွယ်သတင်းပေးဖြေကြားမှု ပြုလုပ်ပါက ထိရောက်စွာ အရေးယူခံရမည် ဟု ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသိန်းက ဌာနတွင်း ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်းလာဘ်ပေး လာဘ်ယူမှု ဆိုင်ရာ သတင်းများ၊ မသမာမှုများ ဖော်ထုတ်စုံစမ်း စစ်ဆေးသည့် သတင်းများနှင့် ဌာနတွင်း သတင်း အချက်အလက်များ ပေါက်ကြားပါက အစိုးရ လျှို့ဝှက် အက်ဥပဒေအရ အရေးယူမည်ဟု ထုတ်ပြန်ခြင်း ဖြစ်ကြောင်းသတင်းပေါက်ကြားမှုကြောင့် ဌာနတွင်း ဂယက်ရိုက်ခတ်မှုများစွာဖြစ်ပေါ်ခဲ့ပြီး လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ရဲထွဋ် တိမ်းရှောင်ရသည်အထိ ဖြစ်ပေါ်ခဲ့ကြောင်း ၂၀၀၆ ခုနှစ်ကလည်း လာဘ်ပေးလာဘ်ယူမှုဖြင့် အကောက်ခွန် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး အပါအ၀င် အကောက်ခွန် ၀န်ထမ်း ၆၀၀ ကျော်ကို ဖမ်းဆီးထောင်ချမှု ဖြစ်ပွားခဲ့ကြောင်း
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် စတင်တာဝန်ယူလာသည်မှာ တနှစ်ပြည့်လာပြီဖြစ်သော်လည်း လာဘ်ပေး လာဘ် ယူ၊ အကျင့်ပျက် ခြစားမှုများနှင့် ပတ်သက်ပြီး စံပြ အရေးယူမှုမရှိသေးဘဲ ခြစားမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ ပြည် တွင်း သတင်းမီဒီယာများတွင် ခြစားမှုများနှင့်ပတ်သက်ပြီး လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်မရသေးကြောင်းသိရသည်။
 
Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment