မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်း ဆောာင်းပါးများ  မတ် ၂၆ ရက်၊ ၂၀၁၂

အစိုးရဘတ်ဂျက်ခွဲဝေမှုမှာ ကာကွယ်ရေးအသုံးစရိတ်ကအမြင့်ဆုံးဖြစ်

ရွှေဟင်္သာသတင်း. --- အစိုးရသစ်၏ နေပြည်တော် ပြည်ထောင်စု လွှတ်တော်၌ (၂၀၁၂- ၂၀၁၃) ဘဏ္ဍာနှစ်အတွက် ရသုံးငွေ ဘတ်ချက်စရင်းကို ယမန်နေ့တွင် အတည်ပြုခဲ့ ပါသည်။ အစိုးရ၏ စုစုပေါင်း အသုံးစရိတ်မှာ ကျပ်ငွေ သန်းပေါင်း (၁၂) သန်းကျော်ရှိပြီး စုစုပေါင်း ၀င်ငွေမှာ ကျပ်ငွေ သန်းပေါင်း (၁၀) သန်း ရှိသည်ဟု ဖေါ်ပြထားသဖြင့် ကျပ်ငွေ သန်းပေါင်း (၂) သန်းနီးပါးမျှ လိုငွေပြနေမည် ဖြစ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာနသည်၊ ဘတ်ချက်သန်းပေါင်း (၂) သန်းနီးပါး သုံးနေရသဖြင့် ၀န်ကြီးဌာနများထဲ၌ အများဆုံးအသုံး ပြုနေရသော ဌာနဖြစ်ပါသည်။ စွမ်းအင်ဌာနသည်၊ သန်းပေါင်း (၁) သန်း (၈) သိန်းရှိသဖြင့် ဒုတိယ အများဆုံးဖြစ်ပါသည်။ သ မ၀ါယမ၀န်ကြီးဌာနသည်၊ အနဲဆုံးဖြစ်ပြီး သန်းပေါင်း (၃) ထောင်ကျော်ရှိပါသည်။
ဝန်ကြီးဌာနများ၏ အသုံးစရိတ်များမှာ
- ကာကွယ်ရေးဝန်ကြီးဌာန ---- ဘတ်ချက်၏ ၁၆ ရာနှုန်း --- သန်းပေါင်း (၁၉၇၇၄၁၁) သန်း။
- စွမ်းအင်ဝန်ကြီးဌာန -------- ဘတ်ချက်၏  ၁၅  ရာနှုန်း --- သန်းပေါင်း (၁၈၀၉၅၈၂) သန်း။
- ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန -- --------- ၁၅ ရာနှုန်း -- သန်းပေါင်း (၁၇၃၉၇၂၇) သန်း။
- ပညာရေးဝန်ကြီးဌာန ------------------------------------  သန်းပေါင်း (၇၅၂၀၆၆) သန်း။
- လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာန -------------------  သန်းပေါင်း (၄၁၆၂၃၈) သန်း။
- ပြန်ကြားရေးဝန်ကြီးဌာန -------------------------------   သန်းပေါင်း  (၄၈၇၄၄) သန်း။
- လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ------------------------  သန်းပေါင်း  ( ၁၀၉၆၃) သန်း။
- အလုပ်သမားဝန်ကြီးဌာန -------------------------------  သန်းပေါင်း (၇၉၇၂) သန်း၊
- သာသနာရေးဝန်ကြီးဌာန ------------------------------   သန်းပေါင်း (၆၄၀၀) သန်း။
- သမ၀ါယမ ၀န်ကြီးဌာန --------------------------------   သန်းပေါင်း (၃၂၂၁) သန်း။
ပညာရေး ၀န်ကြီးဌာနသည် သန်းပေါင်း (၇) သိန်းခွဲကျော်သုံးပြီး ယမန်နှစ်ကထက် နှစ်ဆတိုးလာပြီး၊ ကျန်းမာရေးဝန်ကြီး ဌာနသည်လည်း ဘတ်ချက် သန်းပေါင်း (၄) သိန်းနီးပါးရှိပြီး ယမန်နှစ်ကထက် (၄) ဆ တိုးပါသည်။ မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ၀န်ကြီးဌာနသည်၊ (၁၀၀) ရာခိုင်နှုန်း ဖြတ်တောက်ခဲ့သဖြင့် ဤဖြတ်တောက်မှုသည် ၀န်ကြီးဌာနကို ရုတ်သိမ်းသွားမည့် အခြေအနေ ရှိနေပါသည်။

ကာကွယ်ရေး ၀န်ကြီးဌာနကို ဖြတ်တောက်မှု မပြုဘဲ မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ၀န်ကြီးဌာနကို ဖြတ်တောက် လိုက်ခြင်းသည်၊ အစိုးရ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု ပေါ်လစီကို ပျက်ရယ်ပြုခြင်း ဖြစ်သည်ဟု ဝေဖန်သူများက သုံးသပ်နေပါသည်။

တိုကျိုစတော့ အိတ်ချိန်း အကူအညီဖြင့် ရန်ကုန်နှင့် မန္တလေး စတော့အိတ်ချိန်းတို့ကို ၂၀၁၄ခုနှစ်တွင် တည်ထောင်ရန်ပြင်ဆင် 

တိုကျိုစတော့ အိပ်ချိန်း၏ အကူအညီဖြင့် မြန်မာစတော့ အိပ်ချိန်းများဖြစ်သော ရန်ကုန်နှင့် မန္တလေး စတော့ချိန်းတို့ကို ၂၀၁၄ ခုနှစ်တွင် တည်ထောင်ရန် ပြင်ဆင်နေကြောင်း မတ်လ ၂၂ ရက်တွင်ပြုလုပ်သော မြန်မာ့အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူး  ဦးကျော်ကျော်က ပြောကြားခဲ့ပါသည်။
“အရင်းအနှီး ဈေးကွက်ဖြစ်ထွန်းဖို့အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ တိုကျိုစတော့အိပ်ချိန်း၊ Dai -wa Institute of Research တို့အကြား MoU ထိုးဖို့ လုပ်ဆောင်နေပါတယ်။ နည်းပညာနဲ့ HR ပိုင်းဖွံ့ဖြိုး ရေးအတွက် အဓိက အကူအညီ ပေးသွားမှာဖြစ်ပြီး အရင်းအနှီးဈေးကွက် တစ်ခုလုံး ဖွံ့ဖြိုးနိုင်ဖို့အတွက် အထောက်အကူ ရယူသွားမှာပါ။ ၂၀၁၄ မှာ စတော့အိပ်ချိန်း စတင်တည်ထောင်မှာ ဖြစ်ပြီး ရန်ကုန်နဲ့မန္တလေးမှာ ဖွင့်လှစ်သွားမှာပါ”ဟု ဦးကျော်ကျော်က ထည့်သွင်း ပြောဆိုခဲ့ပါသည်။
မြန်မာနိုင်ငံတွင် တည်ထောင်မည့် အရင်းအနှီးဈေးကွက်တွင်အစိုးရနှင့် အစိုးရအဖွဲ့အစည်းများ၊ ကာလရှည် ချေးငွေများကို ဆောင်ရွက်ပေးမည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ်များ အပါအ၀င် ဘဏ်များ၊ စည်ပင်သာယာရေး အဖွဲ့အစည်းများ၊ အများပိုင် ကုမ္ပဏီများ ပါဝင်ကြမည်ဖြစ်ပြီး ငွေ ချေးသက်သေခံ လက်မှတ်များ၊ ငွေချေးစာချုပ်များ၊ စတော့ရှယ်ယာများ၊ နိုင်ငံခြားငွေများနှင့်ေ ငွရေးကြေးရေး ရရန်ပိုင်ခွင့်များအပေါ် တာဝန်ခံမှု ကတိစာချုပ်များကို အရောင်းအ၀ယ် ပြုလုပ်ကြမည် ဖြစ်သည်။
ထို့အတူ ငွေချေးစာချုပ်ဈေးကွက် ဖြစ်ထွန်းစေရေးအတွက် ငွေချေး သက်သေခံ လက်မှတ်ရောင်းဝယ်ရေး ဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်နေကြောင်း၊ လိုအပ်သည့် အမိန့်ကြော်ငြာစာများနှင့် ညွှန်ကြားချက်များ ကို ထုတ်ပြန်သွားမည် ဖြစ်ကြောင်းလည်း ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ တာဝန်ရှိသူများထံမှ သိရှိရသည်။
မြန်မာနိုင်ငံတွင် အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးရေးအတွက် ၁၉၉၆ ခုနှစ် ဇွန်လတွင် မြန်မာ့စီးပွားရေး ဘဏ်နှင့် ဂျပန်နိုင်ငံ ဒိုင်ဝါသုတေသနအဖွဲ့လီမိတက်တို့က မြန်မာငွေချေး သက်သေခံ လက်မှတ်များလဲလှယ် ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်ကို ဖက်စပ်ကုမ္ပဏီအဖြစ် တည်ထောင်ခဲ့ပြီး ငွေချေးသက်သေခံ လက်မှတ်များ ထုတ်ဝေရောင်းချခဲ့ကြောင်း၊ လက်ရှိထုတ်ဝေလျက်ရှိသော ငွေချေးသက်သေခံ လက်မှတ်များ၏ သက်တမ်းမှာ နှစ်နှစ်၊ သုံး နှစ်နှင့်ငါးနှစ် သက်တမ်းများ ဖြစ်ပြီး အမျိုးအစားများမှာ ကျပ်တစ်သောင်းတန်၊ ကျပ်တစ်သိန်းတန်၊ ကျပ်တစ်သန်းတန်၊ ကျပ်ဆယ်သန်းတန် အမျိုးအစားများ ဖြစ်ကြောင်းနှင့် ပုဂ္ဂလိကဘဏ်များက အများဆုံးဝယ်ယူထားကြောင်း သတင်းရရှိပါသည်။
ထို့ပြင် ယခုနှစ်အတွင်း  မြန်မာနိုင်ငံ၏ စတော့အိပ်ချိန်း ထူထောင်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံနှင့် စည်းမျဉ်း စည်းကမ်းများကို ရေးဆွဲသွားမည် ဖြစ်ပြီး ကြားခံ အကျိုးဆောင်အသင်းများ၊ ပြည်တွင်းနှင့် နိုင်ငံခြား Fund Management  ကုမ္ပဏီများ ဖွဲ့စည်းခွင့် ပြုသွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။ 
တိုကျိုစတော့ အိတ်ချိန်း  Tokyo Stock Exchange Photo by Google search

ယနေ့ တရုတ်ပြည်မှာ ယောက်ျားလေး အများစုက မိန်းကလေးလို ပြုမူနေကြပြီး၊ မိန်းကလေး အများစုကလည်း ယောက်ျားလေးလို ပြုမူနေကြသည် by Min Naing Aung

ကွန်မြူနစ်ပါတီ အုပ်ချုပ်ထားသော ယနေ့ တရုတ်ပြည်မှာ ယောက်ျားလေး အများစုက မိန်းကလေးလို ပြုမူနေကြပြီး၊ မိန်းကလေး အများစုကလည်း ယောက်ျားလေးလို ပြုမူနေကြသည်။
၎င်းအခြေအနေကို ပြောင်းလဲဖို့အတွက် တရုတ်ပြည်အလယ်ပိုင်း ဟန်နန်ပြည်နယ် ကျန့်ကျို့မြို့တော်ရှိ အလယ်တန်းကျောင်း တစ်ကျောင်းက ယောက်ျားလေးတွေ ‘ယောက်ျားပီသစေဖို့’ နှင့် မိန်းကလေးတွေ ‘မိန်းမပီသစေဖို့’ အတွက် စည်းကမ်းစံနှုန်း ၂၈ ချက် သတ်မှတ်ပေးခဲ့သည်။ ယခု စာသင်နှစ်တွင် ၄င်း စံနှုန်းတွေညီသော ကျောင်းသား ၄၄ ယောက်ကို စံပြရွေးချယ်ပြီး အခြားကျောင်းသူ ကျောင်းသားများ အားကျအတုယူကြရန် ဆရာတွေက တိုက်တွန်းခဲ့သည်။
ကျောင်းမှ သတ်မှတ်သော စံနှုန်းတွေအရ၊ ယောက်ျားပီသသော ယောက်ျားလေးဆိုသည်မှာ လူကြီးလူကောင်းပီသသော အပြုအမူ ရှိရမည်၊ ရုပ်ပိုင်း စိတ်ပိုင်း ကျန်းမာရမည်။ စိတ်ဓာတ်ခိုင်မာ ဖြောင့်မတ်တည်ကြည်ပြီး၊ လိုအပ်လျှင် သတ္တိဗျတ္တိ ရှိရမည်။ မိန်းကလေးတွေကို လေးစားမှုရှိပြီး၊ အခါအားလျော်စွာ မိန်းကလေးများနှင့် ဆက်ဆံရေး ရှိရမည်။
မိန်းမပီသသော မိန်းကလေး ဆိုသည်မှာ မိမိကိုယ်ကိုယ် လေးစားမှုရှိပြီး၊ ဂုဏ်သရေရှိ အမျိုးသမီး (lady) ဖြစ်ဖို့အားထုတ်ရမည်။ မိန်းကလေးများသည် ပညာရေး စွမ်းဆောင်မှု ကောင်းရမှာဖြစ်သလို၊ ယောက်ျားလေးတွေနှင့် သင့်တင့်လျောက်ပတ်သော ဆက်ဆံရေးရှိအောင် ကြိုးစားရမည် ဖြစ်သည်။  
ကျောင်းတွင်း ကျောင်းပြင် အခြေအတင် ဝေဖန်ဆွေးနွေးမှုများ ရှိသော်လည်း၊ ကျောင်းရဲ့ စံနှုန်းတွေကို ထောက်ခံတဲ့ မိဘတွေက တရုတ်အစဉ်အလာအရ ယောက်ျားလေးနှင့် မိန်းကလေး ခြားနားစွာ ပြုမူသင့်ကြောင်း၊ ယောက်ျားတွေက အိမ်ထောင့်တာဝန်နှင့် လူ့အဖွဲ့အစည်းတာဝန် ပိုယူသင့်ကြောင်း၊ ကျောင်းမှာကတည်းက လေ့ကျင့်သင်ကြားပေးသင့်ကြောင်း ပြောဆိုကြသည်။ ယနေ့ခေတ် ကျောင်းများသည် အသိပညာပေးရေးကိုသာ အာရုံစိုက်သောကြောင့်၊ ကျောင်းသားတွေကို ကိုယ်ရည်ကိုယ်သွေး ပျိုးထောင်မှုပေးမှု အားနည်းကြောင်း၊ ကျင့်ဝတ်နီတိတွေဖြင့် လေ့ကျင့်သင်ကြားသင့်ကြောင်း ပြောဆိုကြသည်။
ကျားမ စံနှုန်းသတ်မှတ်မှုကို ဆန့်ကျင်တဲ့ မိဘတွေကတော့ ကျောင်းသားတွေမှာ မတူခြားနားထွေပြားသော ကိုယ်ရည်ကိုယ်သွေးများ မွေးရာပါ ရှိကြောင်း၊ စည်းကမ်း တစ်ပုံစံထဲချမှုကြောင့် ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးမှုကို ကန့်သတ်မှု ဖြစ်စေကြောင်း၊ တစ်ဦးချင်း လွတ်လပ်စွာ ဖွံ့ဖြိုးစေမှုကို လျစ်လျူရှုရာရောက်ကြောင်း ပြောဆိုကြသည်။
တရုတ်ပြည်တ၀ှမ်းရှိ အခြားသော ကျောင်းများနှင့် ပညာရေးဌာနကတော့ ၄င်းကျောင်းရဲ့ ပြဿနာကို လေ့လာနေဆဲဖြစ်သည်။

For The President’s Eyes Only သမ္မတဦးသိန်းစိန် တစ်ဦးတည်းအတွက်သာ ရေးသားသူ - ထိန်လင်း
လွှတ်တော်-အစိုးရ အားပြိုင်မှု
          သမ္မတဦးသိန်းစိန်အနေနဲ့ ဘတ်ဂျက်၊ စီမံကိန်း အတည်ပြုရေးအတွက် လွှတ်တော်နဲ့ Debate ပြုလုပ်နေရသလို Negotiating ဆောင်ရွက်နေတာကိုလည်း တွေ့ရှိရပါတယ်။ ဒီနေရာမှာ အထူးပြုပြော ကြားလိုတဲ့အချက်ကတော့ “မလုပ်သင့်တဲ့ စီမံကိန်း” ၊ “အကျိုးမရှိတဲ့စီမံကိန်း” စတဲ့ အသုံးအနှုံးတွေကို ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်း၊ ပြည်သူ့လွှတ်တော်ဘက်က ဦးသူရိန်ဇော်၊ ဒေါက်တာအေးမောင်၊ ဦးမောင်တိုး၊ ဦးရဲထွန်း အစရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နှုတ်က ထုတ်ဖော်ပြောကြားခဲ့တာကို တွေ့ ရှိရပါတယ်။ ဆိုလိုတာက ဦးသိန်းစိန်အစိုးရအနေနဲ့ ပြည်သူလူထုအတွက် အကျိုးမရှိ၊ မလုပ်သင့်တဲ့ စီမံ ကိန်းတွေကိုပဲ ဆောင်ရွက်နေတယ် လို့ အဓိပ္ပါယ် ရပါတယ်။ မေးချင်တာက အကျိုးမရှိတဲ့ စီမံကိန်း၊ မလုပ် သင့်တဲ့စီမံကိန်းဆိုတာ ရှိပါသလား။ ဒီလိုပြောကြားချက်ဟာ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရကို အသရေ ဖျက်နေတာ၊ ဂုဏ်သိက္ခာကျဆင်းအောင် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ မြင်ပါတယ်။ ဒီတော့ လုပ်သင့် တာက ဦးသိန်းစိန် အစိုးရအနေနဲ့ အထက်ပါ စကားများ ပြောကြားခဲ့သူများ အားလုံးကို တရားစွဲပါ။ တည်ဆဲဥပဒေများဖြစ်တဲ့ နိုင်ငံတော်အပေါ်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်အစိုးရအပေါ် မထီမဲ့မြင်ပြုမှု၊ နိုင်ငံတော်အစိုးရအပေါ် အသရေဖျက်မှုများနဲ့ တရားစွဲပါ။ ရဲအရေးပိုင်တဲ့ အမှုတွေ ဖြစ်ပါတယ်။ ထောင်ဒဏ်အမြင့်ဆုံးအထိ ချမှတ်လို့ရပါတယ်။
ပြည်ထောင်စုအစိုးရအကြီးအကဲနဲ့ နိုင်ငံတော်အကြီးအကဲ
          အခုတလော ဦးရွှေမန်း ပြောပြောနေတဲ့ စကားတစ်ခွန်း ရှိပါတယ်။ ဦးသိန်းစိန်ကို ရည်ညွှန်းပြီး ပြည်ထောင်စုအစိုးရအကြီးအကဲ ဆိုတဲ့ စကားလုံး ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ကြည့် ပါ။ ပုဒ်မ(၁၆)မှာ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည် လို့ ပြဌာန်းထားပါတယ်။ ပုဒ်(၅၇)မှာ နိုင်ငံတော်သမ္မတနှင့် ဒုတယသမ္မတများသည် နိုင်ငံတော် ကို ကိုယ်စားပြုသည် လို့ ပြဌာန်းထားပါတယ်။ ပုဒ်(၅၈)မှာ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည် လို့ ပြဌာန်းထား ပါတယ်။ ဆိုလိုတာက နိုင်ငံတော်အကြီးအကဲ ဖြစ်ပါတယ်။ ဦးရွှေမန်းရဲ့ ဆိုလိုရင်းက အစိုးရအကြီးအကဲ ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ထားတဲ့ နိုင်ငံတော်သမ္မတရဲ့ ဂုဏ်သိမ်ကို လျော့ပေါးစေအောင် ရည်ရွယ်ချက် ရှိရှိ လျှော့ချနေတာလို့ မြင်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုး ဖောက်ရာ ရောက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ အဆင့်အတန်း သတ်မှတ်ချက်ကို ယုတ်လျော့စေလိုသော သဘောဖြင့်လည်းကောင်း၊ နိုင်ငံတော်သမ္မတရဲ့ အခန်းကဏ္ဍကို လျော့ပါးစေလိုသော သဘောဖြင့်လည်းကောင်း ချိုးနှိမ်ပြောကြားခြင်း ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်နေခြင်း ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်၍ ကျမ်းသစ္စာကျန်ဆိုထားသူ တစ်ဦးအနေနဲ့ ကျော်လွန်ချိုးဖောက်နေခြင်း ဖြစ်တယ်ဆိုတာကို တရားစွဲပါ။ ခုံရုံးတက်ပါ။ ပြည်ထောင်စု အစိုးရအဖွဲ့အကြီးအကဲ လို့ သုံးနှုံးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်းပြဌာန်းထားတဲ့ နိုင်ငံတော် အကြီးအကဲဟူသော အသုံးအနှုံးကို မှေးမှိန်ပျောက်ပျက်စေလိုသော သဘောဖြင့် ပြောကြားနေခြင်းသည် အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်း အတိအလင်း ကြေညာပါ။ အခြေခံဥပဒေခုံရုံးမှာ တင်ပါ။ အရေးယူပါ။
မြင်ရတဲ့ မြင်ကွင်း
          မြင်တွေ့ရသလောက်ကတော့ လွှတ်တော်ဟာ လူများစုနဲ့ အနိုင်ကျင့်နေတာ ဖြစ်ပါတယ်။ အစိုးရ ကို ထိပ်ပုတ်လိုက် ခေါင်းပုတ်လိုက်၊ နားရွက်ကို တံတွေးစွတ်လိုက် လုပ်နေတာ ဖြစ်ပါတယ်။ ဦးသိန်းစိန် လုပ်လို့ ရတာတွေကို တန်းစီပြီး ချရေးပြပါ့မယ်။
(၁)     ဦးရွှေမန်းရဲ့ မိသားစုတစ်ခုလုံး ဆွေမျိုးအသိုင်းအ၀ိုင်းတစ်ခုလုံးရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို စစ်ဆေးဖော်ထုတ်ပါ။ ဦးရွှေမန်းရဲ့ တစ်သက်လုံး ရရှိခဲ့တဲ့ လစာ၊ ထောက်ပံ့ကြေး၊ ပင်စင်လစာ၊ အခြား သော ခံစာခွင့်(တရားဝင်)များကို တွက်ချက်ပါ။ အောင်သက်မန်း၊ တိုးနိုင်မန်း၊ ဦးခင်ရွှေ ပိုင်ဆိုင်မှုအားလုံး ကို တွက်ပါ။ ဦးခင်ရွှေ၊ အောင်သက်မန်းတို့ တရားဝင် အခွန်ဆောင်ထားတဲ့ ပမာဏ(တရားဝင် ကြေညာ ထားတဲ့ပိုင်ဆိုင်မှု) နဲ့ ဦးရွှေမန်းရဲ့ တစ်သက်လုံး တရားဝင်ရရှိခဲ့တဲ့ ငွေကြေးပမာဏ စုစုပေါင်းထက် ကျော် လွန်သော ပမာဏအားလုံးကို နိုင်ငံပိုင်အဖြစ် သိမ်းယူပါ။ အခွင့်အာဏာကို အသုံးချပြီး တရားမ၀င် ဆောင် ရွက်သဖြင့် ရရှိခဲ့သော ပိုင်ဆိုင်မှုအားလုံးကို နိုင်ငံပိုင် အဖြစ်သိမ်းယူပါ။ အောင်သက်မန်း၊ တိုးနိုင်မန်း၊ ဦးခင်ရွှေတို့ရဲ့ အမြတ်ခွန်(ယခုမရှိတော့)၊ ၀င်ငွေခွန် ကြေညာထားသမျှ ပြီးခဲ့တဲ့ အနှစ်(၂၀)ပြန်လည် စစ်ဆေးပါ။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပါ။ ဦးသိန်းစိန်ရဲ့ တိုက်ရိုက်ညွှန်ကြားမှုနဲ့ ဆောင်ရွက်ပါ။ အခွန်ရှောင်တာတွေ၊ လိမ်လည်စာရင်းသွင်းတာတွေ အကုန်လုံး နိုင်ငံပိုင် အဖြစ် သိမ်းယူပါ။ ဦးရွှေမန်း ကိုယ်တိုင် အခွန်စနစ်နဲ့ ပတ်သက်ပြီး တရားဝင် ပြောထားပြီးသား ဖြစ်ပါတယ်။ သူ့စကားနဲ့ သူ့ကို ပြန်ချည်ပါ။ စံနမူနာပြအဖြစ် အောင်သက်မန်း အဖွဲ့ကစပြီး အထူးစစ်ဆေးရေးနဲ့ စစ်ဆေးပါ။ မီဒီယာများကို ခေါ်ပြပါ။ တွေ့ရှိရသမျှ တရားဝင် ကြေညာပါ။ ပြီးရင် တည်ဆဲဥပဒေ အားလုံးနဲ့ အရေးယူပါ။
(၂)  လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ လှုပ်ရှားသွားလာမှု အားလုံးကို ခြေရာခံပါ။ စီးပွားရေးသမား၊ အခြားသော အကျိုးစီးပွား ပွဲစားများနဲ့ တွေ့နေကြတဲ့ စားသောက်ဆိုင်၊ အနှိပ်ခန်း၊ ကေတီဗွီ သွားသမျှ ပက်ပင်း ဖမ်းပါ။ (အစိုးရမှာ လုပ်ပိုင်ခွင့် ရှိပါတယ်။) (၂၄)နာရီ မကျော်ဘဲ ဖမ်းဆီးစစ်ဆေးလို့ ရပါတယ်။ လွှတ်တော်အစည်းအဝေး ကျင်းပချိန်မှာတော့ မရပါဘူး။ လွှတ်တော် နားထားတဲ့ အချိန်တွေမှာ လုပ်ပါ။ (၂၄)နာရီ ကျော်ရင် ပြန်လွှတ်ပါ။ ပြီးရင် ထပ်ဖမ်းပါ။ မသင်ကာဖွယ်ရာ ပုဒ်များနဲ့ တပ်ပါ။ အဂတိလိုက်စား မှုဆိုင်ရာ ပုဒ်မများ တပ်ပါ။ ရသမျှ အုပ်ချုပ်ရေး လုပ်ပိုင်ခွင့် အခွင့်အာဏာ အားလုံး အသုံးချပါ။ (လွှတ် တော်ကိုယ်စားလှယ်များ မှားပါလိမ့်မယ်။ စကားပြောတာ၊ သွားလာလှုပ်ရှားတာ မမှားတဲ့လူ မရှိပါဘူး။ မှားတာနဲ့ ပြတ်ပြတ်သားသား မညှာမတာ အရေးယူပါ။)
(၃)  ဦးသူရိန်ဇော်၊ ဦးအေးမောင်၊ ဦးအေးမောက်၊ ဦးရဲထွန်း အားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော် လွန်ပြီး ဘတ်ဂျက်ကိစ္စတွေမှာ ခေါင်းစဉ်ပြောင်းသုံးဖို့ ပြောခဲ့တာတွေ ရှိပါတယ်။ အခြေခံဥပဒေက သတ်မှတ်ထားတဲ့ လုပ်ပိုင်ခွင့်တွေကို ကျော်လွန်ပြီး ပြောနေတာတွေဟာ အခြေခံဥပဒေကို ချိုးဖောက်နေ တာ ဖြစ်ပါတယ်။ ဒီအတွက် အခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်စေတဲ့အထိ လုပ်လို့ရပါတယ်။ နှုတ်ထွက် သွားအောင် လုပ်ပါ။
(၄)  စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဖြတ်တောက်ခံရတဲ့ စီမံကိန်းနယ်မြေခံ ပြည်သူလူထု ဆီကို သွားပါ။ သူတို့ရဲ့ ဆန္ဒသဘောထားကို တောင်းခံပါ။ ဥပမာ-မြင်းခြံနဘူးအိုင်မှာ ရှိတဲ့ ဒေသခံပြည်သူတွေကို စက်မှု စီမံကိန်းအကြောင်း ရှင်းပြပါ။ ပယ်ချခံလိုက်ရတဲ့ လယ်/ဆည်က ဆည်စီမံကိန်းတွေ၊ မြောင်းစီမံကိန်းတွေ ရှိတဲ့ဒေသတွေကို သွားပါ။ ဒေသခံတွေကို ရှင်းပြပါ။ မီးရချင်တာ၊ ရေရချင်တာ၊ အလုပ်အကိုင် ရချင်တာ တွေ အများကြီး ရှိပါတယ်။ သူတို့က အစိုးရစီမံကိန်းတွေ လုပ်ဆောင်မှာကို ထောက်ခံသလား - မေးပါ။ ထောက်ခံတယ်ဆိုရင် ထောက်ခံကြောင်း လက်မှတ်ရေးထိုးခိုင်းပါ။ ဦးသိန်းစိန်ထံ တင်ပြခိုင်းပါ။ သူတို့ ရွေးချယ်တင်မြောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားတွေဆီကို ပို့ပါ။ မီဒီယာတွေမှာ ဖွင့်ချပစ်ပါ။ ဒီဒေသခံ တွေ တိုးတက်စေမယ့်၊ ဒေသ ကောင်းကျိုးရရှိစေမယ့် စီမံကိန်းတွေ ဖြတ်တောက်ခြင်းအတွက် လွှတ်တော် ကိုယ်စားလှယ်တွေက ပြည်သူလူထုကို ၀န်ချတောင်းပန်ခိုင်းပါ။ ၀န်ချတောင်းပန်ခြင်း မပြုရင် ဦးသိန်းစိန် ဘက်က အယုံအကြည်မရှိ အဆို တင်သွင်းပါ။ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်က နှုတ်ထွက်သွားတဲ့ အထိ နိုင်ငံရေး သေသွားအောင် လုပ်လို့ရပါတယ်။
(၅)  မမှန်မကန်၊ အလွဲသုံးစား လုပ်ဆောင်နေတဲ့ ၀န်ကြီးတွေကို ဖြုတ်ပစ်ပါ။ အကျင့်ဟောင်းတွေ မဖျောက်နိုင်သေးတဲ့ သူတွေ ဖြုတ်ပစ်ပါ။ အပြောအဆိုခံနေရတာကို မနာသော ၀န်ကြီးများ၊ ဖြုံတောင် မဖြုံ သောဝန်ကြီးများ ဖြုတ်ပစ်ပါ။ ဒီလူတွေဟာ ဦးသိန်းစိန်အတွက် အန္တရာယ်တွေ ဖြစ်ပါတယ်။ လူထုအတွက် လည်း အန္တရာယ်တွေ ဖြစ်ပါတယ်။ ပေးအပ်တဲ့တာဝန်ကို မကျေပွန်မှုနဲ့ နှုတ်ထွက်ခိုင်းပါ။ မထွက်ရင် ထုတ်ပစ်ပါ။ (သမ္မတ အခွင့်အာဏာ အများကြီးရှိပါတယ်။ မလုပ်လို့ လူမလေးစား ဖြစ်နေတာပါ။)
(၆)   ပြည်သူ့လွှတ်တော် ဥပဒေ၊ နည်းဥပဒေတွေကို ချိုးဖောက်ခဲ့တဲ့ ကော်မတီတွေ၊ ကော်မတီဝင်တွေကို ဥပဒေအရ အရေးယူပါ။ သူတို့ သိပါတယ်။ ဘာတွေ ချိုးဖောက်နေသလဲ ဆိုတာတွေ သူတို့ သိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တာဝန်ဟာ မေးခွန်းမေးခြင်း၊ အဆိုတင်သွင်းခြင်း၊ လွှတ်တော်အစည်း အဝေးတွေမှာ ဆွေးနွေးခြင်းသာ လုပ်ရပါတယ်။ ရေးရာကော်မတီဝင်တွေမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ ရှိပါတယ်။ ချိုးဖောက်နေတာ အများကြီး တွေ့ရှိရပါတယ်။ ဒါတွေကိုလည်း အစိုးရဘက်က ဘယ်ဝန်ကြီးမှ ထောက်ပြတာ၊ တုံ့ပြန်တာ မတွေ့ရပါဘူး။ ဘာဖြစ်လို့လဲ သူတို့ ပြုတ်မှာ ကြောက်နေကြ တာ ဖြစ်ပါတယ်။ သူတို့ကိုလည်း ဖြုတ်ပါ။ ဥပဒေ၊ နည်းဥပဒေတွေကို ချိုးဖောက်တဲ့ လွှတ်တော် ကော် မတီဝင်တွေကို လွှတ်တော်ဥပဒေနဲ့ တရားစွဲပါ။
(၇)   နိုင်ငံတော်အစိုးရအပေါ် အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်နှောက်ယှက်ဖျက်ဆီးသူများရဲ့ ဘေး အန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ တွေဟာ တည်ဆဲ ဥပဒေတွေ ဖြစ်ပါတယ်။ ညိစွန်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီပုဒ်မတွေနဲ့ အရေးယူပါ၊ မညှာပါနဲ့။
(၈)     တိုးနိုင်မန်း၊ အောင်သက်မန်း မိသားစုက မတရားနည်းလမ်းနဲ့ ရယူထားတဲ့ အစိုးရဌာနတွေနဲ့ ကန်ထရိုက်လုပ်ငန်းတွေ အကုန်လုံး ရပ်ဆိုင်းပါ။ တစ်ဆင့်ခံ ကန်ထရိုက်တွေ အကုန် ဖျက်သိမ်းပါ။ ဦးခင်ရွှေလည်း အလားတူ ဖြစ်ပါတယ်။ အစိုးရက ပေးအပ်ထားတဲ့ အခွင့်အလမ်းတွေ အကုန်လုံး ဇာတ် လမ်း ဖြတ်ပါ။ မဖြတ်တဲ့ ၀န်ကြီးတွေ ဖြုတ်ပစ်ပါ။ ၀န်ကြီးဌာနတွေရဲ့ ကန်ထရိုက်လုပ်ငန်းတွေမှာ ဒီလူတွေ ကို ဘယ်တော့မှ မပေးပါနဲ့။ ပေးထားပြီးသား လုပ်ငန်းတွေ အကုန် ဖျက်ပါ။ သံတမန်ဆက်ဆံရေး ထိခိုက် ခံပြီး မြစ်ဆုံလိုကိစ္စတောင် ဖျက်ပစ်နိုင်ခဲ့သေးတာ။ ဒီပြည်တွင်း ကန်ထရိုက်လုပ်ငန်းတွေက အသေးအမွှား ဖြစ်ပါတယ်။ အားမနာပါနဲ့။ အပြန်ဖြတ်ပစ်ပါ။ ပြီးရင် Black List သွင်းပါ။
(၉)  ဖိုးတရုတ် ဘလော့မှာ တင်ထားတဲ့ တိုးနိုင်မန်းကြောင့် စစ်ဘက်အရာရှိ(၂)ဦး သေဆုံးခဲ့မှုကို အမှု ဟောင်း ပြန်ဖော်ပြီး စစ်ဆေးပါ။ ကြားထဲက မဆိုင်ဘဲ ဓါးခုတ်ရာ လက်ဝင်လျှိုခဲ့ရတဲ့ တပ်ကြပ်ကြီး/ အရာ ခံဗိုလ်၊ ထောင်ကျခံခဲ့ရတဲ့အမှုမှာ သူဟာ အပြစ်ကင်းစင်ကြောင်း၊ သူနဲ့ သူ့မိသားစုဝင်တွေ ဂုဏ်သိက္ခာ ထိခိုက်နစ်နာစေမှုအတွက် လူသားဆန်မှုကို ပြန်လည်ဖော်ထုတ်ပါ။ အမှုတစ်ခုကို (၂)ကြိမ် စစ်ဆေး စီရင် ခွင့် မရှိသော်လည်း မမှန်မကန် ပြစ်ဒဏ်ကျခံခဲ့ရသူအား လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်ပါ။ ပြီးရင် အမှုစစ်ရဲဘက်က တရားလိုလုပ်ပြီး အမှုဟောင်းကို ပြန်ဖော်ပြီး တရားစွဲပါ။ သက်သေတွေ အထင်အရှား ရှိနေပါသေးတယ်။ တရားခံ အစစ်ဖြစ်တဲ့ တိုးနိုင်မန်းကို တရားဥပဒေနဲ့အညီ ထောင်ဒဏ် အမြင့်ဆုံး ချပစ်ပါ။ (သမ္မတ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် အမှုသစ်နဲ့ ပြန်ပြီး အရေးယူလို့ ရပါ တယ်။)
(၁၀) မီဒီယာတွေနဲ့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဦးရွှေမန်း ဦးသူရိန်ဇော်၊ ဦးမောင်တိုး၊ ဒေါက်တာအေးမောင်၊ ဦးရဲထွန်း၊ ဦးသိန်းညွန့် အစရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကို နိုင်ငံတော်အပေါ် အကြည်ညို ပျက်စေမှု၊ လွှတ်တော်ဥပဒေ ဖောက်ဖျက်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖောက်ဖျက်မှု၊ လျှို့ဝှက်ချက်အက် ဥပဒေ ဖောက်ဖျက်မှုတွေနဲ့ အရေးယူနိုင်အောင် လုပ်ပါ။
(၁၁)  မီဒီယာတွေကို နည်းဥပဒေ၊ စည်းမျဉ်းနဲ့ မညီညွတ်ဘဲ စာတမ်းတွေ၊ စာရွက်တွေ ပေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အဲဒီဥပဒေတွေ အပြင် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ပါ အရေး ယူပါ။ လျှို့ဝှက်ချက်အက်ဥပဒေဆိုရင် ရဲအရေးပိုင်သွားပါပြီ။ အာမခံ ပေးစရာ မလိုပါဘူး။ ညိစွန်းတဲ့ သူ အကုန်လုံးကို ပြင်းပြင်းထန်ထန် အရေးယူပါ။ မညှာပါနဲ့။
(၁၂)   လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းတာ အခြေခံဥပေဒ မကျော်ပါ။  ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို အဆင့် သတ်မှတ်ခြင်းသည်သာလျှင် မညီညွတ်တာ ဖြစ်ပါတယ်။ အဆင့်သတ်မှတ်ချက် အမိန့်ဟာ ဥပဒေကြောင်း အရ ပြည်ထောင်စုလွှတ်တော်က သဘောမတူတဲ့အတွက် ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။ (အခြေခံဥပဒေ ပုဒ် ၂၁၂(ဂ) အရ ဖြစ်ပါတယ်။) ဒီဟာကို မညီပါဘူး ပြောနေရင် အခြေခံဥပဒေနဲ့ကိုင်ပြီး တရားစွဲပါ။ ခုံရုံးက ဆုံးဖြတ်ပါလိမ့်မယ်။
(၁၃)   လစာ တိုးမြှင့်ခံစားခြင်း မပြုဘဲ လျှော့ပေါ့ ခံစားတဲ့ကိစ္စဟာ နိုင်ငံအကျိုးအတွက် ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါကိုလည်း ကတိက၀တ်ကော်မတီကို စာပေးလိုက်ရင် ရပါတယ်။ သူတို့ မှတ်တမ်းတင်ရမယ်။ ဒါ့အပြင် ဒါဟာလည်း တရားဝင် ထုတ်ဖော်ပြောကြားထားတာ ဖြစ်တဲ့အတွက် အစိုးရအာမခံချက်များ၊ ကတိက၀တ်ကော်မတီအနေနဲ့ မှတ်တမ်းတင်ထားလို့ ရပါတယ်။ ဒါဟာ သမ္မတက ကတိက၀တ်ပြုလိုက် တာ ဖြစ်ပါတယ်။
(၁၄)  တိုးနိုင်မန်းရဲ့ ဂျာနယ်ဖြစ်တဲ့ Street View, Eleven , The Voice ဒီဂျာနယ်တွေမှာ အစီရင်ခံစာ တွေ ပေးပို့နေတဲ့ တရားခံဟာ ဘယ်သူလဲ။ ဖော်ထုတ်ပါ။ အဲဒါတွေဟာ ဥပဒေ၊ နည်းဥပဒေတွေကို ချိုး ဖောက်နေတာ ဖြစ်ပါတယ်။ (လုံးဝ ခွင့် မလွှတ်ပါနဲ့။ ပြင်းပြင်းထန်ထန် အရေးယူပါ။ )
(၁၅)  တိုးနိုင်မန်း၊ အောင်သက်မန်းတို့ကြောင့် ၅၀၀၀ တန်ဖုန်း မဖြစ်လာတာလို့ သိရပါတယ်။ ဒီတော့ ငါးထောင်တန်ဖုန်းတွေ ပေးလိုက်ပါ။ သူတို့ရဲ့ ကန်ထရိုက်တွေ ဖျက်ပစ်ပါ။ E-Lite, Red-Link အကုန် စာချုပ်တွေ ဖျက်ပစ်ပါ။
ဒါတွေဟာ ဦးသိန်းစိန်တစ်ဦးတည်းအတွက် ကျွန်တော့်ရဲ့ အကြံပြုချက်တွေပဲ ဖြစ်ပါတယ်။ တစ်ခု သတိ ပြုဖို့က သမ္မတဟာ အထွတ်အထိပ် ဖြစ်ပါတယ်။ ဒါကို ယုတ်လျော့အောင် ပြုလုပ်လာရင် ပြုလုပ်သူဟာ အခြေခံဥပဒေကို ချိုးဖောက်တာ ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ ဟာ ပြည်ထောင်စုတစ်ဝန်းလုံးမှာ တည်ပါတယ်။ ဟိုက ထိပ်ပုတ်လိုက်၊ ဒီက ခေါင်းပုတ်လိုက်နဲ့ လုပ်နေ တာဟာ အစိုးရကို အကဲစမ်းတာ ဖြစ်ပါတယ်။ ဒါတွေကို ငြိမ်ခံနေစရာ မလိုပါဘူး။ အုပ်ချုပ်ရေးအာဏာ ဟာ အများကြီး အသုံးချလို့ ရပါတယ်။ ဥပဒေတွေ အများကြီး ရှိနေပါတယ်။ တစ်ခုမဟုတ် တစ်ခုနဲ့ စွဲလို့ ရပါတယ်။ ဒါကိုတော့ မမေ့မလျော့ သုံးစေချင်ပါတယ်။ သုံးလို့ရတာ အများကြီး ရှိပါတယ်။
ဒီအစမှာ အလျှော့ပေးလိုက်ရင် ဒီ(၅)နှစ်စလုံး ဆက်ပြီး စော်ကားနေမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ ဟာ အဆင့်အမြင့်ဆုံး၊ အထိရောက်ဆုံး ဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန် အသုံးချလို့ရပါတယ်။ အစွမ်းကုန် အသုံးချပါ။ သမ္မတဆိုတာ ဘယ်နိုင်ငံမှာမဆို အကုန်လုပ်လို့ရပါတယ်။ ဥပဒေတွေ အများကြီး ရှိပါတယ်။ ယူသုံးပါ။ အသုံးချပါ။ ပြင်းပြင်းထန်ထန် အရေးယူပါ။

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃ ခုနှစ် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၁၃ ခု နှစ် ဒီဇင်ဘာလ ၁၁ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းဆီးဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်တို့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်အစည်းအဝေးတွင် အတည်ပြု ထုတ်ပြန်သွား မည်ဖြစ်သည်။ ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲအတွက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်အစည်းအဝေးကို လာမည့် ၂၀၁၂ ခုနှစ် ဇွန်လ ပထမပတ်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအစည်းအဝေးတွင် ပြိုင်ပွဲကျင်းပမည့် ရက်များ၊ နေရာများနှင့် ပြိုင်ပွဲအမျိုးအစားတို့ကို အတည်ပြု ထုတ်ပြန်သွားမည် ဖြစ်သည်။

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲကို ကျင်းပရန်အတွက် ဇဗ္မူသီရိ ဘောလုံးကွင်းနှင့် အားကစားရုံများ၊ ဇေယျာသီရိ ဘောလုံးကွင်းနှင့် အားကစားရုံတို့ကို နေပြည်တော်၌ တည်ဆောက်လျက်ရှိပြီး ၇၀ ရာ ခိုင်နှုန်း တည်ဆောက်ပြီး စီးနေပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် မန္တလေးမြို့၌လည်း နိုင်ငံတကာအဆင့်မီ ဘောလုံးကွင်းတစ်ကွင်းကို တည်ဆောက်လျက်ရှိပြီး ဆီးဂိမ်းပြိုင်ပွဲအတွက် တည်ဆောက်လျက်ရှိသည့် အားကစားရုံနှင့် ကွင်းများကို ယခုနှစ် ဒီဇင်ဘာလကုန်တွင် အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၃၂ မျိုးထည့်သွင်း ကျင်းပရန် စီစဉ်ထားပြီး အမျိုးသား ဘောလုံးပြိုင်ပွဲကို နေပြည်တော်နှင့် မန္တလေးမြို့တွင် ကျင်းပရန် စီစဉ်ထားသည်။ အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲတို့ အပါအ၀င် အားကစားနည်း ခြောက်မျိုးကို ရန်ကုန်မြို့၌ ကျင်းပရန် စီစဉ်ထားပြီး အမျိုးသား ဘောလုံးပြိုင်ပွဲ အချို့ကိုလည်း ရန်ကုန်မြို့တွင် ကျင်းပရန် ဆီးဂိမ်း ပြိုင်ပွဲကျင်းပရေး ကော်မတီက စဉ်းစားလျက်ရှိကြောင်း သိရသည်။ ငွေဆောင်ကမ်းခြေတွင်မူ ရွက်လှေပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။

ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီး ခမ်းနားစွာ ကျင်းပနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားတို့ကို ဇဗ္မူသီရိ ဘောလုံးကွင်းတွင် ကျင်းပသွား မည်ဖြစ်ပြီး နိုင်ငံအလိုက် အဆင့်ရပ်တည်မှုတွင် အဆင့်(၁)မှ (၃)အတွင်း ၀င်ရောက်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။ သို့သော် အောင်မြင်မှုရရှိရန်အတွက် မွေးစားနိုင်ငံသားများကို အသုံးပြုသွားမည်မဟုတ် ကြောင်း နေပြည်တော် ဆီးဂိမ်းကျင်းပရေး တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားထားသည်။

အမရပူရမှ တန်ဖိုးတက်လာသည့်မြေဧက ၈၀ ကျော်သိမ်းဆည်းရန်စီစဉ်နေ

မန္တလေးတိုင်းဒေသကြီး အမရပူရမြိ့နယ်၊ စည်ပင်ကျေးရွာရှိ KNU ငြိမ်းချမ်းရေးတပ်ဖွဲ့နှင့် ကျေးရွာသားများ ပိုင် လယ်ယာမြေဧက ၈၀ ကျော်ကို များကို စစ်အရာရှိကြီးတချို့နှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်တို့က သိမ်းယူရန် စီစဉ်လျှက်ရှိသည်ဟု  ငြိမ်းချမ်းရေးတပ်ဖွဲ့မှ တာဝန်ရှိသူနှင့် လယ်သမားများက ပြောကြားသည်။
ယင်းလယ်မြေများကို  တပ်မတော်အဆင့်မြင့်အရာရှိတချို့နှင့် တရုတ်အမျိုးသားပိုင် ကုမ္ပဏီများဖြစ်ကြသည့် မန်းမြန်မာ၊ ချန်ဟိန်း၊ နယူးစတားလိုက်၊ ရွှေပြည်သာ ကုမ္ပဏီများပူပေါင်းကာ သိမ်းယူရန်စီစဉ်နေကြောင်း ငြိမ်းချမ်းရေးတပ်ဖွဲ့နှင့် လယ်သမားများ၏ ပြောဆိုချက်အရ သိရသည်။
အမရပူရမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက  မြေပိုင်သူ လယ်သမားများအား ၎င်း၏ နေအိမ်သို့ခေါ်ဆောင်၍ ၎င်း၊ အခြားနယ်သို့ရောက်နေသူများကိုလည်း တကူးတကရှာဖွေကာ လယ်မြေအတွက် လျှော်ကြေး သိန်း (၅၀) အတင်းပေးအပ်ကာ လက်မှတ်ထိုးယူခဲ့သည်ဟု လယ်သမားများက ပြောသည်။
လယ်မြေများကို သိမ်းရသည့် အကြောင်းရင်းအား အမရပူရမြို့နယ်အုပ်ချုပ်ရေးမှူး၊ မန္တလေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဦးစီးမှူးတို့အား မေးမြန်းသော်လည်းပြန်လည်ဖြေကြားခြင်း မရှိပဲ နိုင်ငံတော်မှ သိမ်းဆည်းသည့်  နိုင်ငံတော်ပြန်တမ်း ပြသရန် တောင်းဆိုခဲ့သော်လည်း ရှင်းလင်းပြသနိုင်ခြင်းမရှိဟု  ကေအန်ယူ ငြိမ်းချမ်းရေး တပ်ဖွဲ့မှ ဦးသန့်ဇင်က YPI သို့ ပြောကြားသည်။
ယခင်က တဧကလျှင်ကျပ် ၁၀ သိန်းအောက်သာ တန်ဖိုးရှိသည့်ယင်းလယ်မြေများမှာ မန္တလေးမြို့တော်စည်ပင်မှ တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ ပြေးဆွဲမည့် ကုန်တင်ကားဝင်းနှင့်ပွဲရုံစီမံကိန်း ချမှတ်လိုက်သည့်နောက် ရုတ်တရက်ဈေးမြင့်တက်လာခဲ့ ပြီးနောက် ယခုကဲ့သို့ သိမ်းယူရန် စီစဉ်လျှက်ရှိခြင်းဖြစ်သည်။
ယခင်မန္တလေးမြို့တော်ဝန်ဟောင်း ဦးဖုန်းဇော်ဟန်က ကားကြီးဝင်း အနီးတ၀ိုက် မြေများအား ၂၀၁၁ ခုနှစ် ဇူလိုင်လတွင်ဂရန်ထုတ်ပေးခဲ့သည်။ ယင်းသို့ ဂရန်ထုတ်ပေးသည့်နောက် တနှစ်ဝန်းကျင်အကြာတွင် ယခုလို သိမ်းဆည်းရန် စီစဉ်လာခြင်းလည်း ဖြစ်သည်။
အဆိုပါလယ်မြေအရေးကိစ္စရပ်အတွက် နိုင်ငံတော်သမတ၊ ဒုတိယ သမ္မတနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်နှင့် လွှတ်တော်အသီးသီးရှိ ကော်မတီအရပ်ရပ်ထံ ဖြေရှင်းပေးရန် အသနားခံစားတင်ပြထားကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတော်အတွက်အသုံးမပြုပါက အဆိုပါလယ်မြေများကို KNU ငြိမ်းချမ်းရေးတပ်ဖွဲ့မှ မည်သူ့ထံကိုမျှ မပေးအပ်နိုင်ကြောင်း ဦးသန့်စင်က ပြောသည်။     

““ကျုံကူးရွာသား ဦးသိန်းစိန် (သို့မဟုတ်) စစ်ပုံမကျသော စစ်သားတယောက်””

ဦးသိန်းစိန်ဟာ သူရဲ့ တာဝန် သက်တမ်းတလျှောက်လုံးနီးပါးမှာ ကမ္ဘာ့အရက်စက်ဆုံး စစ်အစိုးရရဲ့ အရာရှိကြီး တယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ သမ္မတဖြစ်လာတဲ့ တနှစ်အတွင်းမှာ လူဦးရေ ၅၅ သန်းရှိတဲ့ တိုင်းပြည်ကို အာဏာရှင်စနစ်အောက်မှာ လုံးလုံးလျားလျား ကျရောက်နေတဲ့ နိုင်ငံအဖြစ်ကနေ ဒီမိုကရေစီနိုင်ငံ ဖြစ်လာအောင် ဦးဆောင်ကြိုးပမ်းလာပါတယ်။
နိုင်ငံကို ပြောတဲ့ သူရဲ့မိန့်ခွန်းက စကားအတိုင်းဆိုရင် မြန်မာ့လူ့အဖွဲ့အစည်းမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ အတိတ်က အမွေဆိုးတွေကို ရှင်းလင်းဖယ်ရှားဖို့ သံဓိဌာန်ချ လုပ်ဆောင်လာပါတယ်။
စာဖတ်ဝါသနာကြီးတဲ့၊ မျက်မှန်တပ်ထားသူ၊ ပဟေဋိဆန်ဆန် ဦးသိန်းစိန်တယောက် အာရှက အဆင်းရဲဆုံး တိုင်းပြည်၊ အထီးကျန်ဆန်ဆန် တိုင်းပြည်ကို ပြောင်းလဲပစ်ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ရသလဲ ဆိုတာကတော့ တိတိကျကျ အဖြေပေးဖို့ခက်ပါတယ်။ မြန်မာပြည်ရဲ့ ဂိုဘာ့ချောဗ်လို့ ခေါ်လာကြတဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်နဲ့ပတ်သက်လို့ ရေးကြသားကြတာတွေကလည်း နည်းပါတယ်။ ဒါကလည်း မြန်မာပြည်က လက်ရှိ အပြောင်းအလဲတွေက ကွဲလွယ်ရှလွယ် အခြေအနေကြောင့် ပြောဖို့ စောသေးလို့ လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ဦးသိန်းစိန်ရဲ့ မွေးရပ်ဇာတိ ကျုံကူး ဆိုတဲ့ ချောင်ကျကျ ရွာကလေးကို သွားမယ်ဆိုရင်တော့ ဦးသိန်းစိန်ဟာ ဘယ်လိုလူမျိုးလဲဆိုတာက တစွန်းတစ အကဲခတ်လို့ ရနိုင်ပါတယ်။ ဒီ အပြောင်းအလဲတွေကို သူ့ဘာကြောင့် ရည်မှန်းချက်ကြီးကြီးနဲ့ လုပ်ဆောင်နေသလဲ၊ ဘာတွေက သူ့ကို တွန်းအား ပေးလိုက်သလဲဆိုတာကို သဲလွန်စတွေရနိုင် ပါတယ်။
ဦးသိန်းစိန်ရဲ့ ဇာတိ ကျုံကူး ဆိုတဲ့ ရွာကလေးဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်က ငပုတောမြို့နယ်ထဲမှာ ရှိပါတယ်။ ချောင်းတွေ၊ မြောင်းတွေ၊ မြစ်တွေနဲ့ ကွန်ယက်ဖွဲ့ထားတဲ့ ဒေသ လေးပါ။
လွန်ခဲ့တဲ့ ၄ နှစ်က အိန္ဒိယသမုဒ္ဒရာကနေ ဆိုင်ကလုန်းမုန်းတိုင်း မွှေနှောက်တိုက်ခတ်သွားတဲ့ နောက် ဖွတ်ဖွတ်ညက်ညက် ကြေနေခဲ့တဲ့ မြစ်ဝကျွန်းပေါ်ဒေသကို ဦးသိန်းစိန် တယောက်ပြန် ရောက်ခဲ့ပါတယ်။ ဆိုင်ကလုန်း နာဂစ်ကြောင့် လူပေါင်း ၁ သိန်း ၃ သောင်းကျော် အသေအပျောက် ရှိခဲ့တဲ့ကြောင့် မြန်မာပြည်သမိုင်းမှာတော့ အဆိုးရွားဆုံး သဘာဝကပ်ဘေးကြီးပါပဲ။
ဦးသိန်းစိန် ငယ်ဘ၀က နေခဲ့တဲ့ မြေသြဇာကောင်းတဲ့ ကျေးလက်ဒေသလေးဟာလည်း မုန်တိုင်းကြောင့် ရွာတွေလည်း ပြားပြားဝပ်၊ လူသေအလောင်းတွေကလည်း ရေစုန်ရေဆန်မှာ ပေါလော မျောနေတဲ့ အခြေအနေကို ရောက်သွားပါတယ်။
(သမ္မတကြီးတို့ ရွာသားတွေ သောက်သုံးတဲ့ ရေကန်)
အဲဒီအချိန်တုန်းက ဦးသိန်းစိန်က နိုင်ငံတော်အဆင့် သဘာဝကပ်ဘေးကာကွယ်ရေး ကော်မတီရဲ့ ဥက္ကဌလည်း ဖြစ်တာကြောင့်၊ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ အရေးပေါ် အခြေအနေကို သူကိုယ်တိုင် ကိုင်တွယ်ခဲ့ရပါတယ်။ မြစ်ဝကျွန်းပေါ် ဒေသကို ရဟတ်ယာဉ်နဲ့ ခေါက်တုံ့ ခေါက်ပြန်သွားခဲ့တဲ့အခါမှာ ဆင်းရဲနုံချာလှတဲ့ သူ့တိုင်းပြည်လေးဟာ နာဂစ်ဆိုင်ကလုန်းလို ကြီးမားတဲ့ သဘာဝကပ်ဘေးကြီးကို ရင်ဆိုင်နိုင်ဖို့ ဘာမှ ပြင်ဆင်မထား ပါလားဆိုတာကို စိတ်မချမ်းမြေ့ဖွယ် သူတွေ့ခဲ့ရပါတယ်။
"နာဂစ်ဆိုင်ကလုန်းကတော့ စိတ်ပြောင်းလဲစေတဲ့ အကြောင်းတရားပါပဲ၊ ဆိုင်ကလုန်းနဲ့ကြုံတဲ့ အခါမှာ အစိုးရဟောင်းလက်ထက်မှာ အကန့်အသတ်တွေ ဘယ်လောက် ရှိနေသလဲဆိုတာကို သူသိသွားတယ်" လို့ ရန်ကုန်အခြေစိုက် မြန်မာအီးဂရက် သုတေသနအဖွဲ့က ခေါင်းဆောင် ဦးတင်မောင်သန်းက ပြောပါတယ်၊ မြန်မာပြည်ရဲ့ အဓိက မြို့ကြီးမှာ အခြေစိုက်တဲ့ ဒီအဖွဲ့ဟာ သမ္မတဦးသိန်းစိန်ကို မူဝါဒအကြံဥာဏ်တွေ ပေးနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
ဦးသိန်းစိန်အတွက် နောက်ထပ်အကြောင်းရင်းတွေလည်းရှိနိုင်ပါတယ်။ ၀န်ကြီးချုပ်အဖြစ် သူတာဝန်ယူခဲ့တဲ့ သုံးနှစ်တာ ကာလမှာ ဦးသိန်းစိန်ဟာ တိုင်းပြည်ခေါင်းဆောင်အဖြစ် နိုင်ငံရပ်ခြားကို ရောက်ဖူးပါတယ်၊ ဒါဟာ မြန်မာပြည်ကခွာပြီး၊ တခြားနိုင်ငံတွေကို များများစားစားမရောက်ဖူးကြတဲ့ တခြားထိပ်တန်း အစိုးရအရာရှိတွေနဲ့ ဦးသိန်းစိန်ကြားက ကွာခြားချက်လည်း ဖြစ်ပါတယ်။
ဦးသိန်းစိန်ဟာ နှလုံးရောဂါကြောင့် စင်ကာပူလည်း ရောက်ခဲ့ပါတယ်။ ကုလသမဂ္ဂ အစည်းအဝေးတခုအတွက် နယူးယောက်ကိုလည်း ရောက်ခဲ့ပါတယ်။ ဒီလို နိုင်ငံတွေကို ရောက်တဲ့အခါမှာ မြန်မာပြည်ဟာ စီးပွားရေးအရ ဘယ်လောက် နောက်ကောက်ကျနေသလဲဆိုတာ သူ့ကို မျက်စိဖွင့်ပေးခဲ့သလို ဖြစ်ကောင်းဖြစ်သွား နိုင်ပါတယ်၊ မြန်မာပြည်ဟာ အာရှမှာ အမွဲဆုံးနိုင်ငံတနိုင် ဖြစ်ပါတယ်။
စစ်တပ်ထဲမှာ ဦးသိန်းစိန်တယောက် အဆင့်ဆင့်ရာထူးတက်လာတာကို သိမှီသူတွေက ဦးသိန်းစိန်ဟာ သစ္စာစောင့်သိသူ တယောက်ဖြစ်သလို၊ စစ်အစိုးရအဖွဲ့ထဲက တခြားအဆင့်မြင့် ခေါင်းဆောင်တွေနဲ့ မတူဘဲ လူမှုဆက်ဆံရေးပြေပြစ်သူလည်း ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဦးသိန်းစိန်ဟာ မြန်မာပြည်မြောက်ပိုင်းက မူးယစ်မှောင်ခိုမှုတွေ အကြီးအကျယ်ရှိတဲ့ ရွှေတြိဂံဒေရဲ့ တိုင်းမှူးလည်း ဖြစ်ခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးစုငယ်လေးတွေ မျိုးစုံနေထိုင်တဲ့ ဒေသရဲ့ တိုင်းမှူးဘ၀မှာလည်း ဦးသိန်းစိန်ဟာ တခြားတိုင်းမှူးတွေလောက် မရက်စက်တဲ့ တိုင်းမှူးဖြစ်ခဲ့တယ်လို့ ရှမ်းသံတော်ဆင့်သတင်းဌာနက ဦးခွန်ဆိုင်းက ပြောပါတယ်။
"ဒီဒေသက ပြည်သူတွေကို ဘယ်တိုင်းမှူးကို အကြိုက်ဆုံးလဲလို့ မေးကြည့်ရင် ဦးသိန်စိန် လို့ ဖြေကြလိမ့်မယ်ဗျ၊ ပိုပြီး တိတိကျကျပြောရရင်တော့ ဦးသိန်းစိန်ဟာ လူမုန်းအနည်းဆုံး တိုင်းမှူးတယောက်ပါပဲ" လို့ ဦးခွန်ဆိုင်းက တယ်လီဖုန်း အင်တာဗျူးမှာ ပြောပါတယ်။
လူတွေကြားထဲမှာ ပဟေဋိဖြစ်နေတဲ့ ကြီးမားတဲ့ နောက်အကြောင်းတရပ်က ဦးသိန်းစိန်တယောက် ဘယ်ကနေဘယ်လို ထိပ်ဆုံးက ရာထူးကို ရသွားသလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်၊ တခြား အဆင့်မြင့်အရာရှိတွေနဲ့ မတူတဲ့အချက်က ဦးသိန်းစိန်ဟာ စစ်တပ်ထဲမှာ အာဏာအခြေခံ မရှိပါဘူး။ သူဟာ ရည်မှန်းချက်ကြီးသူလည်း မဟုတ်ခဲ့ပါဘူး။
ရန်ကုန်မှာ လူပြောများတဲ့ ဇာတ်လမ်းတပုဒ်က ဦးသိန်းစိန်ဟာ ရာထူးကနေထွက်ပြီး သူ့ရွာလေးမှာပဲ အနားယူချင်နေတယ်လို့ ဆိုကြပါတယ်၊ သမ္မတရဲ့ အကြံပေးတွေကလည်း ဦးသိန်းစိန်ဟာ သမ္မတရာထူးအတွက် အထူး ကြိုးပမ်းအားထုတ်ခဲ့တာမျိုး တခါမှ မရှိခဲ့ဘူးလို့ ဆိုကြပါတယ်။
ဦးသိန်းစိန်တယောက် စစ်တပ်ထဲမှာ ရာထူးတက်လာရတဲ့အကြောင်းကတော့ သူ့ရဲ့ လက်ရင်းဆရာ၊ မြန်မာပြည်ကို နှစ်ပေါင်း ၂၀ ကြာ အုပ်ချုပ်ခဲ့ပြီး၊ မနှစ်တုန်းက အနားယူသွားတဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကျေးဇူးကြောင့်ပါပဲ။ ဒီမိုကရေစီအင်အားစုတွေကို ဖိနှိပ်တာကြောင့် နာမည်ပျက်ပေါင်းများတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဦးသိန်းစိန်ကို သမ္မတအဖြစ် အရွေးချယ်ခံရအောင် စီစဉ်ဆောင်ရွက်ခဲ့တယ်လို့ ယူဆကြပါတယ်။
သမ္မတအကြံပေးတယောက်ပြောတာကတော့ သမ္မတ ဦးသိန်းစိန်ကို သမ္မတအဖြစ် ရွေးချယ်ပြီး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်တာကြောင့် ဗိုလ်ချုပ်မှူးကြီးအတွက် ငြိမ်းငြိမ်းချမ်းချမ်း အနားယူဖို့ အခွင့်အရေး ရသွားတယ်လို့ ဆိုပါတယ်။
"ဒီအပြောင်းအလဲတွေကြောင့် ဦးသန်းရွှေအတွက် ဘေးကင်းလုံခြုံသွားတာပေါ့ဗျာ၊ ဦးသန်းရွှေအတွက် ဘေးမသီရန်မခတဲ့ အခြေအနေမျိုးကို ဖြစ်လာတယ်၊ လူထုအုံကြွမှုတွေလည်း လတ်တလောမှာ လက်တွေ့ဖြစ်လာဖို့ အကြောင်းမရှိတော့ဘူး" လို့ သမ္မတရဲ့ အကြံပေးနဲ့ သမ္မတ မိန့်ခွန်းတွေကို ရေးပေးတဲ့ ဦးနေ၀င်းမောင်က ပြောပါတယ်။
ဒီစကားကို နှလုံးရောဂါနဲ့ မကွယ်လွန်ခင် တလလောက်အလိုမှာ ဦးနေ၀င်းမောင်က ပြောခဲ့တာပါ။ သမ္မတ ဦးသိန်းစိန်ဟာ "ရည်မှန်းချက်လည်းမကြီး။ ဆုံးဖြတ်ချက်လည်း မပြတ်သား၊ ဆွဲဆောင်စည်းရုံးနိုင်စွမ်းလည်းမရှိ၊ ဒါပေမယ့် အလွန် ရိုးသားတည်ကြည်သူ" လို့ ဦးနေ၀င်းမောင်က မဖွဲ့မနွဲ့ဘဲ ပုံဖော်ပြပါတယ်။
တကယ်တော့ မြန်မာပြည်က ပြုပြင်ပြောင်းလဲမှုတွေကို ဦးသိန်းစိန်တယောက်လည်း လုပ်နေတာတော့ မဟုတ်ပါဘူး။ ပြည်သူလွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းလို ပုဂ္ဂိုလ်မျိုးကလည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အရှိန်ရလာအောင် ဆော်သြနေတာတွေ့ရပါတယ်။
မြန်မာပြည်က အပြောင်းအလဲနဲ့ပတ်သက်လို့ ၁၉ ရာစု ပြင်သစ်က ကဗျာဆရာ ဗစ်တာ ဟူဂိုး ရဲ့ စကားနဲ့ ပြောရရင် "အချိန်တန်လို့ ဖြစ်လာတယ်"လို့ ပဲ ဆိုရမှာပါ။ စစ်အစိုးရ လက်အောက်မှာ ဒုက္ခရောက်ပြီး မခံမရပ်နိုင်ဖြစ်နေတဲ့ စီးပွားရေးသမားလေးတွေ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ သာမာန်ပြည်သူတွေဟာ မနှစ်တုန်းက အာရတ်ကမ္ဘာက လူထုအုံကြွမှုတွေကို တနည်းတဖုံ အားကျပြီး အောက်ခြေကနေ ရုန်းကန ထကြွလာနိုင်တဲ့ ရည်မှန်းချက်နဲ့ ဆန္ဒတွေကို ဦးသိန်းစိန် အစိုးရက တုံ့ပြန်လိုက်တာပါပဲ။
ဒါပေမယ့် လေ့လာသူတွေက ဦးသိန်းစိန်ရဲ့ အခန်းကဏ္ဍကိုလည်း လျှော့မတွက်သင့်ဘူးလို့ ဆိုပါတယ်။ သူ့အစိုးရအဖွဲ့က ကြီးမားတဲ့ အခက်အခဲကျော်လွှားမှုကတော့ မြန်မာပြည်က ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေးစနစ်ထဲကို ပြန်ဝင်လာအောင် စည်းရုံးနိုင်တာဖြစ်ပါတယ်။ ဒီလို လျှပ်တပြက် လုပ်ဆောင်ချက်ကြောင့် သမ္မတ ဦးသိန်းစိန်ဟာ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အမှတ်တွေ တော်တော်ရလိုက်ပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးနိုင်တာဟာ သမ္မတဦးသိန်းရဲ့ ကိုယ်ရည် ကိုယ်သွေးနဲ့လည်း ဆိုင်တယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ ဦးသိန်းစိန်ဟာ မြင်နေကျ စစ်အရာရှိတယောက်၊ အထူးသဖြင့် ရက်စက်မှုတွေနဲ့ နာမည်ဆိုးတဲ စစ်အရာရှိတယောက်မျိုး မဟုတ်ပါဘူး။ ဦးနေ၀င်းမောင်က သမ္မတဦးသိန်းစိန်ဟာ စစ်သားပုံ ဘယ်လိုမှ မပေါက်တဲ့ စစ်သားတယောက်လို့ ပြောပါတယ်။
ဖေဖော်ဝါရီလမှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ရဲ့ အတွင်းရေးမှူး ထိုင်းလူမျိုး ဆူရင် ပစ်ဆူဝမ်က သမ္မတ ဦးသိန်းစိန်ဟာ အလွန်ကို ညင်သာ၊ သိမ်မွေ့ပြီး၊ အလေးအနက်ရှိတဲ့ လူစားမျိုးလို့ အကဲခတ်ပါတယ်။
"တဖက်သားပြောတာကို သေချာနားထောင်တတ်တဲ့ လူ" လို့ မစ္စတာ ဆူရင် ပစ်ဆူဝမ်က ပြောပါတယ်။
သမတဦးသိန်းစိန်ဟာ အဂတိလိုက်စားမှုတွေ ဖောင်းပွနေတဲ့ စစ်အစိုးရခေတ်မှာ မိတ်ဆွေတွေ၊ မိသားစုတွေကို အခွင့်ထူးတွေ၊ လုပ်ပိုင်ခွင့်တွေပေးတတ်တဲ့ တခြားအရာရှိတွေနဲ့ မတူတဲ့ သန့်ရှင်းတဲ့ လူလို့လည်း သတ်မှတ်ခံရပါတယ်။
"စစ်တပ်နဲ့ နီးစပ်တဲ့လူတွေကြားထဲမှာ ဦးသိန်းစိန်ဟာ တခြားလူတွေထက်စာရင် လူကောင်းတယောက် ဖြစ်တယ်၊ အဂတိလိုက်စားမှုကင်းတဲ့ လူလို့ ယူဆကြတယ်" လို့ မြန်မာပြည်မှာ မနှစ်သြဂုတ်လအထိ တာဝန်ထမ်းခဲ့တဲ့ အမေရိကန်သံတမန် လယ်ရီ ဒင်ဂါက ပြောပါတယ်။
စစ်အစိုးရဟာ အရပ်သားအစိုးရလက်ထဲကို အာဏာမလွှဲခင်နှစ်မှာ တိုင်းပြည်ရဲ့ တန်ဖိုးကြီးတဲ့ အရင်းအမြစ်တွေကို ရောင်းချခဲ့ပါတယ်၊ ဒီလို ငွေတွေ အကြီးအကျယ်ရပြီး ရတနာပုံဆိုက်သွားတာကြောင့် အပြောင်းအလဲတွေလုပ်ဖို့ အရင် စစ်အစိုးရခေါင်းဆောင်တွေက မီးစိမ်းပြလိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
မြန်မာပြည်က ထိပ်တန်းသူဌေးကြီးတွေနဲ့ စီးပွားရေးတွေလုပ်၊ ပေါ်ပေါ်ထင်ထင် ချမ်းသာနေကြတဲ့ အဆင့်မြင့် စစ်ခေါင်းဆောင်တွေရဲ့ သားသမီးတွေနဲ့ မတူတာက ဦးသိန်းစိန်ရဲ့ သမီး သုံးယောက်စလုံးဟာ လူတွေ အာရုံစိုက်ရလောက်တဲ့ အခြေအနေမျိုး မရှိကြပါဘူး။ မထင်မရှားနေတဲ့ ဦးသိန်းစိန်ရဲ့ ဇနီးကလည်း မနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှ ထွက်ပေါ်လာပါတယ်။ အမျိုးသမီးနှစ်ယောက် အဆင်ပြေနေတာကို မြင်တွေ့ခဲ့ရတယ်လို့ မြန်မာ သတင်းထောက်တွေက ပြောကြပါတယ်။
ရန်ကုန်ကနေ အနောက်တောင်ဘက်က ၈ နာရီလောက်ကားမောင်းသွားရတဲ့ ဦးသိန်းစိန်ရဲ့ ဇာတိရွာလေးမှာလည်း ဦးသိန်းစိန်ဟာ ဘယ်သူကိုမျှ ဦးစားမပေးတတ်တဲ့ လူစားလို့ သိထားကြပါတယ်။ သမ္မတအဖြစ် ရွေးချယ်ခံရပြီး တနှစ်ကြာတဲ့အချိန်အထိ ကျုံကူးရွာလေးမှာ ရေပိုက်လည်း မရှိသေး၊ ကွန်ကရစ်လမ်းလည်း မပေါက်သေးပါဘူး၊ ရွာကို လာတဲ့ ဧည့်သည့်တွေကို ညဘက်ကျရင် ရွာပြင်က ဖုန်ထူတဲ့ လမ်းမဘက်ကို မထွက်ကြကြဖို့ သတိပေးကြပါတယ်။ အကြောင်းကတော့ တောင်တန်းနိမ့်နိမ့်တွေပေါ်မှာနေတဲ့ ဆင်တွေ ဆင်းလာတာနဲ့ တိုးရင် အန္တရာယ် ကျရောက်တတ်လို့ပါ။
“ဦးသိန်းစိန်ဟာ လူရိုးတယောက်ဖြစ်တယ်၊ ကျနော်တို့ ရွာကိုလည်း တခါမှ ဦးစားပေးတာမျိုးမရှိပါဘူး” လို့ ဦးသိန်းစိန်တို့ အိမ်နဲ့ မျက်နှာချင်းဆိုင်လမ်းမှာ နေထိုင်ကြီးပြင်းခဲ့တဲ့ ဦးကျော်စိုးက ပြောပါတယ်။
ဦးသိန်းစိန်ဟာ မောင်နှမ သုံးယောက်ထဲမှာ အငယ်ဆုံးသားဖြစ်ပြီး၊ ကျုံကူးရွာက ရွာလယ်လမ်းမကြီးဘေး၊ ၀ါးအိမ်လေးမှာ သူ့ကို မွေးပါတယ်။ သူ့မိဘတွေဟာ မြေမဲ့ယာမဲ့ဖြစ်ပြီး သူ့အဖေ ဦးမောင်ဖြိုးဟာ မြစ်ဆိပ်မှာ ကုန်ထမ်းပြီး၊ ၀ါးဖျာတွေယက်ပြီး မိသားစုကို ကျွေးမွေးခဲ့ပါတယ်။ ဦးမောင်ဖြိုးဟာ ဘုန်းကြီးလူထွက်ဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ ကျုံကူး ရွာသားတွေထဲမှာတော့ ထူးထူးခြားခြား စာတတ်သူလို့ ဆိုရပါမယ်။
"ဦးသိန်းစိန်ရဲ့ အောင်မြင်မှုဟာ သူ့အဖေ ဦးမောင်ဖြိုးကြောင့်" လို့ ဦးကျော်စိုးက ပြောပါတယ်၊ သူ့အဖေဟာ ဦးသိန်းစိန်ရဲ့ ဘ၀မှာ အရေးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ ကန့်ကူလက်လှည့် ဆရာဖြစ်သလို၊ စိတ်ဓာတ်ပိုင်းအရလည်း လေးစားရတဲ့ လူ" လို့ ဦးကျော်စိုးက ပြောပါတယ်။
(သမ္မတကြီး ဦးသိန်းစိန် ဆော့ကစားခဲ့တဲ့ ရွာကလေး)
ဦးသိန်းစိန်ရဲ့ အမေ ဖြစ်တဲ့ အိမ်ရှင်မကြီး ဒေါ်ခင်ညွန့်ကတော့ မိသားစုက ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်လေးမှာ ၀ိုင်းကူပါတယ်။ အခုတော့ ဦးသိန်းစိန်ရဲ့ မိဘတွေ ကွယ်လွန်သွားတာ နှစ်ပေါင်း နှစ်ဆယ်ကျော်ခဲ့ပါပြီ၊ ဦးသိန်းစိန်ရဲ့ ကလေးဘ၀က နေခဲ့တဲ့ အိမ်ဟောင်းကို ဖျက်ပြီး၊ အိမ်သစ်နဲ့ အစားထိုးထားပါတယ်။
ဦးသိန်းစိန်တို့ ရွာကို သတင်းထောက်တွေ၊ ဓာတ်ပုံဆရာတွေ သွားရင် အာဏာပိုင်တွေအတွက် အရေးတကြီးကိစ္စ၊ အမှားအယွင်းမခံတဲ့ ကိစ္စအဖြစ် ယူဆတုန်းပါပဲ။ သမ္မတရဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေကို ကြားလူတွေကတဆင့် ဆက်သွယ်ပြီးတဲ့အခါ အရာရှိတွေဟာ သတင်းထောက်ရဲ့ ကားကို ရွာကို သွားတဲ့ တလမ်းလုံးနောက်ယောင်ခံ လိုက်ပါတယ်။ ရွာကို ရောက်တဲ့အခါအမှာ အရပ်ဝတ်နဲ့ ရဲတွေက အသင့်စောင့်နေကြတာတွေ့ရပါတယ်။
"ကျနော်တို့ ခင်ဗျားကို မျှော်နေကြတာ" လို့ အဲဒီဒေသက အရာရှိ ဦးမြင့်ဦးက ခရီးဦးကြိုဆိုရင်း ပြောပါတယ်။
အာဏာပိုင်တွေဟာ ယဉ်ကျေးကြပါတယ်။ မုန့်တွေနဲ့ ဘီယာအေးအေးလေးတောင် တိုက်ပါသေးတယ်။ ဒါပေမယ့် အင်တာဗျူးတဲ့ အချိန်တွေမှာတော့ ရဲတွေက ဘေးကနေ လိုက်မှတ်ပါတယ်။
နိုင်ငံခြားသားသတင်းထောက်တယောက်ကို လက်ခံရကောင်းနိုးနိုး၊ မကောင်းနိုးနိုး မတင်မကျ ဖြစ်နေတာကလည်း အရင်တုန်းက မြန်မာပြည်နဲ့ အခုမြန်မာပြည်တို့ ကြားက ထိပ်တိုက် တွေ့နေတာကို မီးမောင်းထိုးပြတာပါပဲ။ သမ္မတဦးသိန်းစိန် အာဏာယူပြီး တနှစ်အကြာမှာ မြန်မာပြည်ဟာ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ်ကြားက လမ်းခုလတ်မှာ ရောက်နေပါတယ်။
နိုင်ငံကို ပြောတဲ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ သမ္မတမိန့်ခွန်းမှာ ဦးသိန်းစိန်က “ ကျနော်တို့ဟာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ရောက်ပြီလားဆိုရင်၊ မရောက်သေးပါဘူး၊ နောက်ထပ်အများကြီး လုပ်ဆောင်စရာတွေ ရှိပါသေးတယ်” လို့ ပြောပါတယ်။
သမ္မတမိန့်ခွန်းမှာ ခေတ်မှီတဲ့ စကားလုံးတွေသုံးတာကြောင့်လည်း ပြောစမတ်တွင်ရပါတယ်။ မိန့်ခွန်းထဲမှာ သက်ဆိုင်သူများအားလုံး “stakeholders,” တို့၊ သတင်းမီဒီယာကိုလည်း စတုထ္ထမဏ္ဍိုင် “fourth estate.” လို့ ထပ်တလဲလဲ ထည့်ပြောသွားပါတယ်။ မီဒီယာဟာ လွတ်လပ်မှုနဲ့ တာဝန်ခံမှုရှိရမယ်လို့ သမ္မတက ဆိုပါတယ်။
ယူနီဗာဆယ် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို လည်း သမ္မတက ကတိပြုပါတယ်။ လာမယ့် ဘဏ္ဍာရေးနှစ်မှာ ကျန်းမာရေးအသုံးစရိတ်ကို လေးဆတိုးပြီး ပညာရေးကို နှစ်ဆတိုးမယ်လို့ သမ္မတက ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ မနှစ်မတ်လက အာဏာလက်ခံတဲ့ မိန့်ခွန်းမှာလည်း အခုလိုပဲ ရဲရင့်ပြီး ရည်မှန်းချက်ကြီးတဲ့ ကတိတွေကို ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သမတ စကားတွေဟာ နှစ်ပေါင်း ၅၀ လောက် စစ်အုပ်ချုပ်ရေး၊ တလွဲတချော် စီးပွားရေးစီမံခန့်မှုတွေ အောက်မှာ နေခဲ့ရတဲ့ တိုင်းပြည်မှာ ပြည်သူတွေ အပြောင်းအလဲကို ပြင်းပြင်းပြပြ တောင့်တနေတယ်ဆိုတာကို သိလို့ ချွေးသိပ်တဲ့သဘောပဲ ဖြစ်မယ်လို့ သံသယရှိသူတွေလည်း ရှိခဲ့ကြပါတယ်။
ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကလည်း အခုအချိန်ထိတော့ အထိမခံကြွေပန်းကန်အခြေအနေပါပဲ။ တရုတ်အစိုးရက မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ ဖိအားပေးနေသလို၊ ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆွယ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်တပ်ကျောထောက် နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အာဏာအလွဲသုံးစား လုပ်နေတယ်လို့ စောဒကတက်ရင်၊ ရွေးကောက်ပွဲဟာ အလိမ်အညာ ဖြစ်နိုင်တယ်လို့ သတိပေးနေပါတယ်။
လေ့လာသူတွေ တော်တော်များများက ရှေ့ကို မျှော်ကြည့်ရင်း အပြောင်းအလဲဟာ လူပုဂ္ဂိုလ်တွေ အပေါ်မှာ မှီခိုလွန်းအားကြီးနေတယ်၊ ဦးသိန်းစိန်ရဲ့ အောင်မြင်မှု လက်တဆုပ်စာလောက်ရှိတဲ့ သမ္မတအကြံပေးနဲ့၊ ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ ၀န်ကြီးတချို့အပေါ်မှာပဲ အလွန်အကျွံ ပုံအပ်ထားသလို ဖြစ်နေတယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။
တချိန်ချိန်မှာ ပြုပြင်ပြောင်းလဲချင်တဲ့ နိုင်ငံရေးဆန္ဒတွေ ပျောက်သွားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ စိုးရိမ်ကြပါတယ်။ နိုင်ငံရေးလွတ်လပ်မှုတွေ တိုးတက်လာလို့ အပျော်လွန်တဲ့ကာလဟာ သိပ်မကြာခင်မှာ တစခန်းရပ်ပြီး၊ တိုင်းပြည်ကို ပတ်ချာလည်ကနေ ဖိစီးနှိပ်စက်နေတဲ့ ဆင်းရဲမွဲတေမှုလို့ လက်တွေ့ အရှိတရားဘက်ကို မြှားဦးလှည့်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိပါတယ်။
သမ္မတရဲ့ မိန့်ခွန်းတွေကို ရေးပေးခဲ့တဲ့ ဒေါက်တာ နေ၀င်းမောင်က “ လောလောဆယ်ကတော့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ စမ်းသပ်ကာလပေါ့ဗျာ။ မကြာခင်မှာတော့ စိတ်ပျက်စရာကောင်းတဲ့ အချိန်ကာလတခု ရောက်လာဦးမယ်” လို့ ပြောခဲ့ပါတယ်။
(နယူးယော့ခ်တိုင်းမ် ပင်တိုင်ဆောင်းပါးရှင် THOMAS FULLER ရေးသည့် A Most Unlikely Liberator in Myanmar ဆောင်းပါးကို ဘာသာပြန်ပါသည်)

Samurai

အနောက်နိုင်ငံ အစိုးရများက မြန်မာ့ရွေးကောက်ပွဲတွင် စောင့်ကြည့်ပါဝင်ရုံမျှဖြင့် ပြည့်စုံလုံလောက်မှု ရှိမည်မဆိုနိုင်

(The Financial Times မှ 23 March 2012 ရက်စွဲပါ Gwen Robinson ရေးသားသော West points to flawed monitoring in Myanmar ကို ဘာသာ ပြန်ဆိုသည်)
"အခု ဖိတ်ကြားတာက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာဖို့ မဟုတ်ပါဘူး။ လေ့လာရေးခရီး ထွက်တာနဲ့ ပိုတူနေပါတယ်။ ပုံမှန်ဆိုရင်တော့ ရွေးကောက်ပွဲ တရားမျှတအောင် မြင်သာထင်သာ ရှိအောင် လုပ်တဲ့ ကြိုးစားမှုတွေကို ကြိုဆိုရပါမယ်" (အီးယူ၏ မြန်မာဆိုင်ရာ သံအမတ် ဒေးဗစ် လစ်မန်း)
အနောက်နိုင်ငံ အစိုးရများက မြန်မာ့ရွေးကောက်ပွဲတွင် စောင့်ကြည့်ပါဝင်ရုံမျှဖြင့် ပြည့်စုံလုံလောက်မှု ရှိမည်မဆိုနိုင်ကြောင်း အနောက် သံတမန်များက ဆိုသည်။ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မထင်မှတ်သည်များ ဖြစ်ပျက်တတ်မှုနှင့် မသမာမှုများ မရှိခြင်းတို့ ဖြစ်ပေါ်ခဲ့သည့်တိုင် သံတမန်များနှင့် လေ့လာသူများသည် ကြိုတင်မဲစနစ်ကဲ့သို့သော အကြောင်းအရာများကို စစ်ဆေးရန် မဖြစ်နိုင်ကြောင်း ပြောကြသည်။ 
ယခုရွေးကောက်ပွဲတွင် နိုင်ငံများ ရွေးချယ်၍ ကိုယ်စားလှယ်များ ဖိတ်ကြားခြင်းသည် မည်သူ့ကိုမျှ မဖိတ်ကြားခြင်း ထက်စာလျှင်မူ ပိုကောင်းသည်ဟု ရန်ကုန်အခြေစိုက် သံတမန်တစ်ဦးက ပြောသည်။ အကယ်၍ ရွေးကောက်ပွဲတွင် တစ်စုံတစ်ရာ မှားယွင်းခဲ့ပါက အချို့အစိုးရများအတွက် ပြောရဆိုရ ခက်သည့် အခြေအနေကို ရင်ဆိုင်ရနိုင်ကြောင်းလည်း ယင်းက သတိပေးခဲ့သည်။
အနောက်နိုင်ငံ သံတမန်များအကြားတွင် စိုးရိမ်နေသော ကိစ္စမှာ ၂ဝ၁ဝ ရွေးကောက်ပွဲကဲ့သို့ မထင်မှတ်သည်များ ထပ်မံဖြစ်ပွားသွားမည်ကို ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲတွင် လစ်လပ်အမတ်နေရာ ၄၈ နေရာစလုံး ပါဝင်ယှဉ်ပြိုင်မည့် NLD ပါတီသည် စည်းရုံးရေး ဆင်းနေသည်မှာ ရက်သတ္တပတ် အတော်အတန် ကြာခဲ့ပြီ ဖြစ်ပြီး ယင်းတို့က ပုံမှန်မဟုတ်သော ကိစ္စများအတွက် တိုင်ကြားမှုများလည်း ပြုလုပ်ခဲ့သည်။ NLD သည် မဲဆန္ဒရှင် စာရင်း ပြုစုမှုကို မေးခွန်းထုတ်ခဲ့ပြီး ဒေသဆိုင်ရာ အာဏာပိုင်များ၏ စိတ်အနှောင့်အယှက်ဖြစ်အောင်ပြုလုပ်မှုနှင့် တားဆီးမှုများကိုလည်း ဖော်ထုတ်ခဲ့သည်။ မကြာသေးမီက NLD စည်းရုံးရေးသမားများကို အမည်မသိသူများက တိုက်ခိုက်ခြင်းမျိုး ဖြစ်ပွားခဲ့သေးသည်။
အီးယူနှင့် အမေရိကန်တို့က ရွေးကောက်ပွဲ သန့်ရှင်းမျှတမှုသည် စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းရေးအတွက် အရေးပါကြောင်း ပြောကြား ထားသည်။ ယင်းတို့၏ စံများနှင့် ညီညွတ်စေရန် အစိုးရသည် အတိုက်အခံက စိုးရိမ်သည့် ကိစ္စများကို ကြိုးစားကိုင်တွယ်လျက် ရှိရာ အချို့ကိစ္စများတွင် အာဏာပိုင်များအား စည်းကမ်းအရ အရေးယူမှုများကို လုပ်ဆောင်ခဲ့သည်။
ရွေးကောက်ပွဲကို လေ့လာရန် ဖိတ်ကြားခြင်းသည် ကြိုဆိုရမည့် တိုးတက်မှုတစ်ခု ဖြစ်သော်လည်း မှန်ကန်သော အဓိပ္ပာယ် ကောက်ယူမှု ရှိသင့်ကြောင်း ဘန်ကောက်အခြေစိုက် အီးယူ၏ မြန်မာဆိုင်ရာ သံအမတ် ဒေးဗစ် လစ်မန်းက ပြောသည်။ "အခု ဖိတ်ကြားတာက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာဖို့ မဟုတ်ပါဘူး။ လေ့လာရေးခရီး ထွက်တာနဲ့ ပိုတူနေပါတယ်။ ပုံမှန်ဆိုရင်တော့ ရွေးကောက်ပွဲ တရားမျှတအောင် မြင်သာထင်သာ ရှိအောင် လုပ်တဲ့ ကြိုးစားမှုတွေကို ကြိုဆိုရပါမယ်" ဟု ဆိုသည်။
အီးယူအနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲကို စည်းမျဉ်းစည်းကမ်းအနေဖြင့် ကြည့်ရှုမည် မဟုတ်ကြောင်း အခြား အီးယူသံတမန်တစ်ဦးက ပြောသည်။ မြန်မာ့ရွေးကောက်ပွဲကို စွမ်းအားပြည့် စောင့်ကြည့်လိုပါက ဆန္ဒမဲပြားများ ရိုက်နှိပ် ဖြန့်ဝေခြင်းအပါအဝင် အစမှစ၍ အားလုံးကို ကြည့်ရှုမှ ရလိမ့်မည် ဖြစ်ကြောင်း ပြောသည်။ အစိုးရကမူ အမေရိကန်နှင့် အီးယူအပါအဝင် အာဆီယံ ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သော ဩစတြေးလျ၊ တရုတ်၊ ဂျပန်နှင့် ကနေဒါတို့ကိုလည်း ရွေးကောက်ပွဲလေ့လာသူများ စေလွှတ်ရန် ဖိတ်ကြားကြောင်း ကြာသပတေးနေ့က ဆိုသည်။
အမေရိကန်ကလည်း ရွေးကောက်ပွဲကို စောင့်ကြည့်သည့် အခွင့်အလမ်းကို အရယူမည် ဖြစ်သော်လည်း လုပ်ငန်းစဉ်များ၏ ပွင့်လင်း မြင်သာမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိကြောင်း လူသိရှင်ကြား ပြောခဲ့သည်။ "ပထမဆုံး ခြေလှမ်းကောင်းတစ်ရပ်ပါပဲ။ အရင်ကဆို နိုင်ငံတကာက လေ့လာသူတွေကို မဖိတ်ဘူးလေ။ ဒါပေမဲ့ နိုင်ငံတကာ ပွင့်လင်းမှုတွေကိုတော့ စံမမှီသေးပါဘူး" ဟု နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နူလန်းက ပြောသည်။

Samurai

မြေပိုင်ရှင်များကို ပြန်လည် တရားစွဲဆိုသည့် ရွှေနဂါးမင်း ကုမ္ပဏီ

ရွှေနဂါးမင်း ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာနှင့် ဇေယျာရွှေမြေဘောလုံး အသင်း ပိုင်ရှင်ဖြစ်သူ ဦးသူရိန် သည် စစ်ကိုင်းတိုင်း မုံရွာတောင် ကူးတို့ ကုန်းကွင်းတွင်ရှိသည့် မြေပိုင်ရှင် ကိုးဦးတို့၏ မြေနေရာများတွင် မုံရွာခရိုင် အားကစားကွင်း ဆောက်လုပ်ရန်ဟုဆိုကာ မြေပိုင်ရှင်များကို ကာလပေါက်ဈေးထက် နိမ့်ကျသော လျော်ကြေးငွေသာ ပေး၍ ၂၀၁၀ ခုနှစ်တွင် အဆိုပါ မြေနေရာများအား သိမ်းယူခဲ့ပါသည်။ 
အခုချိန်ထိ သိမ်းယူထားသော မြေနေရာများတွင် ခရိုင်အားကစားကွင်း တည်ဆောက်ခြင်း မရှိပဲ မြို့ပြအိမ်ယာစီမံကိန်းဟု ဆိုကာ  ကျပ်သိန်း ၄ဝဝ၊ ကျပ်သိန်း ၅ဝဝ စသည့် ဈေးနှုန်းများဖြင့် မြေနေရာများကို ရောင်းချခဲ့ကြသည်။ ထို့ကြောင့် ထို မြေပိုင်ရှင် ကိုးဦးအနက် သုံးဦးဖြစ်သည့် ဒေါ်စန်း၊ ဦးစိုးနိုင် နှင့် ဦးလှိုင်မြင့် တို့၏ မြေနေရာများသည် ကာလပေါက်ဈေး သိန်း ၅ဝဝ နှင့်အထက် ရှိသည့်အတွက် ထိုမြေပိုင်ရှင်များမှ ၄င်းတို့၏ မြေနေရာများကို ကျပ်သိန်း ၄ဝဝ ပေးရန် တောင်းဆိုခဲ့ကြသည်။ သို့သော် ရွှေနဂါးမင်း ကုမ္ပဏီမှ ပထမအကြိမ်တွင် ကျပ် ၂၅ သိန်း၊ ဒုတိယအကြိမ်တွင် ကျပ် သိန်း ၆ဝ နှင့် တတိယအကြိမ်တွင် ကျပ် သိန်း ၈ဝ သာ ပေးခဲ့သည့် အတွက် မြေပိုင်ရှင်များနှင့် ညှိနှိုင်းမှု အဆင်မပြေသောကြောင့် မြေပိုင်ရှင်များက ၄င်းတို့၏ မြေနေရာများမှ ဖယ်ရှားမပေးဘဲ နေခဲ့ကြသည်။ ထိုသို့ ဖယ်ရှားမပေးသောကြောင့် ရွှေနဂါးမင်း ကုမ္ပဏီ  ဥက္ကဌဖြစ်သူ ဦးသူရိန်မှ ကျူးကျော်မြေ ဖယ်မပေးမှု ဟု ဆိုကာ ထိုမြေပိုင်ရှင် သုံးဦးအား  မုံရွာ ခရိုင်တရားရုံး၌ ၂ဝ၁၁ ခုနှစ်တွင် စတင် တရားစွဲဆိုခဲ့ပါသည်။

" ဒီမြေက ကျွန်မတို့ ဘိုးဘွားပိုင်မြေပါ၊ ကျူးကျော်မြေ မဟုတ်ဘူး၊ ဒီမြေနေရာမှာ နေလာတာ နှစ်ပေါင်း ၆ဝ၊ ၇ဝ လောက်ရှိပြီ။  နှစ်တိုင်းလည်း ခြောက်လ တစ်ခါ ကျပ် ၅ဝဝ နဲ့ တစ်နှစ်ကို နှစ်ခါ မြေစာရင်းရုံးမှာ အခွန်ဆောင်ရတယ်။ ဟိုး တစ်ကျပ် နှစ်ကျပ် ခေတ်ကတည်းက ဆောင်လာတာ အခုထိပဲ။ အဲ့ဒီ စာရွက်တွေလည်း ရှိတယ်" ဟု မြေပိုင်ရှင် သုံးဦးအနက် ဒေါ်စန်း၏ သမီးဖြစ်သူက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။
"အခုလို ကုမ္ပဏီ  က တရားစွဲတော့ မြေပိုင်ရှင်သုံးဦးဘက်က ဦးဝင်းဗိုလ် ဆိုတဲ့ ရှေ့နေကို ငှားတယ်။ သူ့ကို ငှားရမ်းခ က ကျပ် ၁ဝ သိန်းပေးရတယ်။ အဲ့ဒီ ၁ဝ သိန်းအပြင် စာရွက်စာတမ်းကြေး ဘာကြေး ညာကြေး ဆိုပြီး နောက်ထပ် ၁ဝ သိန်းလောက် ထပ်ပေးရတယ်"ဟု ၄င်းအမှုကို ဝိုင်းဝန်း အကူအညီ ပေးနေသူ တစ်ယောက်ဖြစ်သည့် မသီတာဝင်းမှ ပြောပြခဲ့သည်။
အဆိုပါ အမှုကို တစ်နှစ်ကျော်ကြာ ရင်ဆိုင်ခဲ့ရပြီး ၂ဝ၁၂ ခုနှစ် မတ်လ ၉ ရက်နေ့ တွင် မုံရွာခရိုင် တရားသူကြီး ဦးအုန်းသောင်းမှ မြေပိုင်ရှင်များကို မည်သည့် လျော်ကြေးငွေမှ မပေးဘဲ၂ လ အတွင်း ဖယ်ရှားပေးရန် အမိန့်ချမှတ်ခဲ့သည့်အတွက် မြေပိုင်ရှင် သုံးဦးမှာ အမှုရှုံးနိမ့်ခဲ့ရပါသည်။ ထို့ ကြောင့် မြေပိုင်ရှင်များက မကျေနပ်၍ နေပြည်တော် အထိ ဆက်လက်ပြီး အယူခံဝင်ရန် ပြင်ဆင်နေကြပါသည်။
အခုလို ရှုံးနိမ့်ပြီးနောက်ပိုင်း မုံရွာခရိုင် စ.ရ.ဖ မှ ဦးရဲမင်း သည် အမှုကို ဝိုင်းဝန်း အကူအညီ ပေးနေသူ တစ်ယောက်ဖြစ်သည့် မသီတာဝင်း နှင့် တွေ့ဆုံကာ အမှုကို သူကိုယ်တိုင် ဆက်လက် အကူအညီ ပေးမည်ဟု ပြောသွားခဲ့ပါသည်။
"သူ က ကျွန်မဆီကို နေပြည်တော် က သတင်းထောက်ဆိုပြီး လာတာ၊ နောက်တော့မှ စ.ရ.ဖ က ဖြစ်ကြောင်း ပြောတာ။ အဲ့တော့ ကျွန်မလည်း အကူအညီတောင်းလိုက်တယ်၊ နိုင်ငံတော် အဖွဲ့အစည်း တွေက လုပ်ပေးရင် ပိုကောင်းတာပေါ့ဆိုပြီး၊ သူကလည်း ဆက်ပြီး ဆောင်ရွက်ပေးပါ့မယ်၊ နေပြည်တော်ကလည်း သူတို ကို စုံစမ်းဖို့ တာဝန်ပေးထားပါတယ်လို့ ပြောပြီး နောက်နေ့ ကျတော့ ကျွန်မရဲ့ အစ်ကိုပါ ဆိုပြီး မြေပိုင်ရှင် ဒေါ်စန်းအိမ်ကို သွားပြီး အမှုနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ အကုန်ကို ယူသွားတယ်။ ၂၂ ရက်နေ့ ညနေ လာပေးမယ်ဆိုပြီး အခုအချိန်ထိ လာမပေးသေးဘူး။ အဲ့ဒီ ဦးရဲမင်းက ဆင်းရဲသားပြည်သူတွေ ဘက်က သူရပ်တည်ပေးပါ့မယ်၊ ပြည်သူတွေ အကျိုးကိုလည်း ဆောင်ရွက်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ့မယ်ဆိုပြီး တာဝန်ရှိသူတစ်ယောက် အနေနဲ့ ပြောသွားတာလေ၊ အဲ့ဒီတော့ သူက ဒီလို မတရားမှုတွေကို ပြည်သူတွေဘက်က ဆောင်ရွက်ပေးမယ်လို့ တော့ ကျွန်မအနေနဲ့ မျှော်လင့်ပါတယ်" ဟု
မသီတာဝင်း က ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။
မြေပိုင်ရှင်များကို ပြန်လည် တရားစွဲဆိုသည့် ရွှေနဂါးမင်း ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးသူရိန်သည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ၏ သားဖြစ်ပြီး ရွှေနဂါးမင်း ကုမ္ပဏီက စစ်ကိုင်းတိုင်း မုံရွာတောင် ကူးတို့ ကုန်းကွင်းတွင်ရှိသည့် မြေနေရာများကို ကာလပေါက်ဈေးထက် ဈေးနှိမ်ပြီး လျော်ကြေးငွေများ ပေးကာ လိုက်လံ သိမ်းယူနေခြင်းကြောင့် ကျန်ရှိသည့် အသိမ်းဆည်းခံ မြေပိုင်ရှင်များ အနေနှင့်လည်း မကျေမနပ် ဖြစ်နေကြကြောင်း သိရှိရပါသည်။
(သူရိယ)

တော်လှန်ရေးနေ့အထိမ်းအမှတ်
၁ ။ တပ်မတော်သည် - တဦးတယောက်တဖွဲ့ပိုင်မဟုတ်
ပြည်သူမှပေါက်ဖွားလာသည့် - ပြည်သူတပ်မတော်ပင်ဖြစ်သည် ။
၂ ။ တပ်မတော်သည်အဖွဲ့အစည်းတရပ်ကို - ကာကွယ်ဆောင့်လျှေက်ဖို့မဟုတ်
ပြည်သူ့အသက် အိုးအိမ်ကို - ကာကွယ်ဆောင့်လျှောက်ဖို့ပင်ဖြစ်သည် ။
၃ ။ တပ်မတော်သည် အမိ - တပ်မတော်သည်အဖ မဟုတ်
တပ်မတော်၏အမိအဖသည် - ပြည်သူသာလျှင်ဖြစ်သည် ။

၎ ။ ပြည်သူမှာပေါက်ဖွါးလာသော - တပ်မတော်သည်
ပြည်သူကိုကာကွယ်ဆောင့်လျှောက်ရမည့် - မျိုးချစ်ပြည်သူ့တပ်မတော်ဖြစ်သည် ။
၅ ။ ဖခင်ဗိုလ်ချုပ်အောင်ဆန်းဖွဲ့စည်းတည်ထောင်ခဲ့သော - တပ်မတော်သည်
ပြည်သူ့ဘက်မှရပ်တည်ကာကွယ်သော - မျိုးချစ်တပ်မတော်ဖြစ်ရမည်
၆ ။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ - ပြည်တွင်းငြိမ်းချမ်းရေးကိုရှေ့ရှူ့ပြီး
တနိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်ဆဲကာ - ပြည်သူတို့နဲ့အတူဖွံ့ဖြိုးရေးလုပ်ငန်းမှာပါဝင်ပါ
၇ ။ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှု့မှာ
မျိုးချစ်တပ်မတော်သားကောင်းတွေပူးပေါင်းပါဝင်လာဖို့လိုပါတယ်
၈ ။ ရဲဘော်သုံးကျိပ်မှအစပြု ထူထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ကို ပြည်ထောင်စု တိုင်းရင်းသား
အားလုံးအတွက် ဘေးရန်အသွယ်သွယ်ကနေ ကာကွယ်စောင့်ရှောက်မယ့် တကယ့် 
ပြည်ချစ်တပ်မတော် ဖြစ်လာဖို့ တိုက်တွန်းလိုက်ပါသည်
အမျိုးသားလွတ်မြောက်ရေးအင်အားစု( မြန်မာပြည် )

မြန်မာ လူငယ်တွေနဲ့ ပြည်သူတွေ နိုင်ငံရေးနိုးကြားမှု မြင့်မားလာနေ

မြန်မာနိုင်ငံမှာစစ်မှန်တဲ့ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်ဖို့ ကြိုးစားရာမှာ မြန်မာပြည်သူတွေဟာစိတ်အားထက်သန်နေကြပါတယ်။နှစ်ပေါင်း ၆၀ ကျော် အာဏာရှင်စနစ်အောက်မှာ ပြားပြားဝပ်ခဲ့ကြရတဲ့ ပြည်သူတွေ ဖိနှိမ့်မတရားအနိုင်ကျင့်မှုတွေကို ခံခဲ့ကြရပါတယ်။ထင်ရှားတဲ့သာဒက ကတော့၈၈ ကျောင်းသားခေါင်းဆောင်တွေကို မတရားတဲ့ ဥပဒေတွေနဲ့  ဖမ်းဆီးခဲ့တာ လယ်ယာမြေတွေကိုမတရားသိမ်းပိုက်ခံရတာ လူ့ အခွင့်အရေးချိုးဖေါက်ခံရတာတွေ အများအပြားရှိပါတယ်။ ဒီလိုစနစ် ဆိုးကြီးအောက်မှ လွတ်မြောက်ရန်ပြည်သူများ လိုလားကြတာတွေ့ မြင်ကြရပါတယ်။
အရင်နှစ်တွေနဲ့ မတူဘဲ ၂၀၁၂ နှစ်မှာ ပြည်သူ့ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာရပါပါတယ်။ဒီမိုကရေစီဆိုတာ ပြည်သူတွေရဲ့ သဘောထားကို စိစစ်ပြီး၊ ပြည်သူတွေရဲ့သဘောထားကို   လေ့လာပြီး၊ ပြည်သူတွေရဲ့ ဆန္ဒတွေကို နားထောင် ပြီးမှ ဆုံးဖြတ်ချက်တွေနဲ့  ဖေါ်ဆောင်ရတဲ့စနစ်ကို ဒီမိုကရေစီစနစ်လို့  ခေါ်ဆိုပါတယ်။အစိုးရက မိမိလုပ်ချင်တာကို ထင်သလိုလုပ်တာဟာဒီမိုကရေစီစနစ်မဟုတ်ပါဘူး အာဏာရှင်စနစ်ဖြစ်ပါတယ်။ပြည်သူတွေဟာ မိမိတို့ ၏ ဆန္ဒ မိမိတို့ ခံစားချက် မိမိတို့ အပေါ်မတရားလုပ်မှုတွေရှိရင် ရဲရဲဝင့်ဝင့် ထုတ်ဖေါ်ပြောဆိုမှ အများသိရှိပြီး အစိုးရနားထဲရောက်မှ လွှတ်တော်မှာ ဆွေးနွေးတင်ပြကြရပါတယ်။ပြည်သူတွေဟာ အင်တာနက် ဗီဒီယို မေးလ် ဖေ့လ်ဘုတ် စသည့်စပီကာတွေကို များများသုံးလာကြ တာ တွေမြင်နေရပါတယ်။လာမည့်ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်မှ   ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်မည့် အသံကြားရထဲက ပြည်သူတွေ နှိုးနှိုးကြားကြား ရှိလာကြပါတယ်။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေကို    လည်း သိန်နဲ့ ချီတဲ့ပြည်သူတွေ ကြိုဆိုကြပြီး စုဝေးလာကြတာတွေ့ မြင်ရပါတယ်။
စာပေ ဂီတ သတင်း စသည် တို့ လည်းအထိုက်အလျှောက် လွတ်လပ်လာတာတွေ့ ရပြီး ပြည်သူတွေ အကြောက်တရားကို   ရင်ဆိုင်ရဲတဲ့သတ္တိတွေပြလာတာမြင်တွေ့ ရ၍ မသမာမှုတွေကို ထင်ထင်ရှားရှားဖေါ်ထုတ်နေကြကာ ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်စားနေကြပါတယ်။ 
မြန်မာနိုင်ငံကို နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ တွေ လာရောက်ဖို့  မြန်မာ အစိုးရကဖိတ်ခေါ်ထားရာမှာ အမေရိကန်နဲ့ အီးယူ အာဆီယံ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်        လေ့လာရေးအဖွဲ့ တွေလာရောက် လေ့လာကြမှာဖြစ်ပါတယ်။ဒါအပြင်စံနှုန်းပြည့် ရွေးကောက်ပွဲ         
 စောင့်ကြည့်ရေးအဖွဲ့ဆိုတဲ့နေရာမှာ ကြိုတင် စီစဉ်ဆောင်ရွက် တာတွေ၊ ရွေးကောက်ပွဲနောက်ပိုင်း ဆက်ပြီးလုပ်ဆောင်ရမှာတွေ၊ အမှန်တကယ် လိုအပ်တယ်လို့ လည်း အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောဆိုထားပါတယ်။ဒီနေရာမှာ အရေးကြီးတာက ပြည်သူတွေရဲ့  အခန်းကဏ္ဍဖြစ်ပါတယ်။
လာရောက်လေ့လာသူတွေကို တိကျမှန်ကန်တဲ့ အချက်အလက်တွေပေးနိုင်ဖို့  မတရားတဲ့ လုပ်ရပ်မျိုးတွေကို  စောင့်ကြည့်ရမည်ဖြစ်ပြီး စနစ်တကျတင်ပြရပါမယ်။ပြည်သူတွေ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကိုလိုလားတယ်ဆိုတာကို ပြသနိုင်ဖို့  နိုင်ငံတကာဆောင့်ကြည့်လေ့လာရေးအဖွဲ့ တွေ လာရောက် တဲ့အချိန်မှာ အခွင့်အရေးကိုအသုံးချပြီး ၂၀၁၀ တုံးကလို မဖြစ်ရအောင်  မဲလိမ် မဲခိုးနဲ့  ကြိုတင်မဲတွေ မှန်ကန်မှုရှိမရှိ စီစစ်ကြရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Samurai

အရောင်ပြောင်းသော လူလည်ကြီးများဘုရင် ဦးအောင်သောင်း(ခ) ဦးအောင်တောင်း (ဆောင်းပါးရှင် ရွှေဓူဝံ)

အပိုင်း(၅)မှာ လူလည်ကြီးများရဲ့ ဘုရင်အကြောင်း ရေးသားမယ်လို့ ကြိုတင်ကြေညာထားလို့ စာဖတ်ပရိသတ်တွေ လည်ပင်းရှည်စွာ စောင့်မျှော်နေရတာကိုလည်း တောင်းပန်ချင်ပါတယ်။ သိထားတဲ့အတိုင်း သုံးမည်ရခြကြီး ဘွဲ့ရထားပြီး အမည်သုံးမျိုးနဲ့ ကျော်ကြားသူ ဦးအောင်သောင်း(ခ) ဦးအောင်တောင်း(ခ) ကုန်အောင်တောင်း (ကိုအောင်သောင်း)ဟာ မီဒီယာလောကမှာ ထင်ပေါ်သူတစ်ဦးဖြစ်လို့ မီဒီယာမှာ မရှိသေးတဲ့ အချက်အလက်များ သိစေချင်တာကြောင့် အချိန်ယူခဲ့ရတာပါ။
လူလည်များရဲ့ဘုရင် ဦးအောင်သောင်းဟာ လူမသိ သူမသိ ကျောင်းဆရာဘ၀ကနေ န၀တ၊ နယက လက်ထက် သြဇာအာဏာ ရှိပါတယ်ဆိုတဲ့သူတွေကို ကျော်ခွလှည့်ပတ်ပြီး အရောင်အမျိုးမျိုး ပြောင်းလဲကာ ယနေ့အထိ ပန်းပန်လျက်ပါလို့ ဆိုနိုင်သူ တစ်ယောက်ပါ။ ယခင်အပိုင်းများမှာ ရေးခဲ့တဲ့ လူလည်ကြီးများထက် အဆပေါင်းများစွာ သာတဲ့သူလို့ ဆိုနိုင်ပါတယ်။ န၀တ၊ နယကလက်ထက်မှာ အရောင်အမျိုးမျိုး ပြောင်းလဲမွှေနှောက်ကာ ၀န်ကြီးဌာနနဲ့ ၀န်ကြီးတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ကို အခွင့်ကောင်းယူ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေကို ခိုးယူပြီး မြန်မာပြည်ရဲ့ ထိပ်တန်း ချမ်းသာကြွယ်ဝမှုစာရင်း ၀င်လာတဲ့သူဖြစ်ပါတယ်။
သူ့ရဲ့ဘ၀ အစကတော့ မျက်စိသူငယ်၊ နားသူငယ်နဲ့ ၀ဲလောင်ရွာမှာ မွေးတဲ့ ၀ဲလောင် ရွာသားလေး ဖြစ်ခဲ့ပြီးတော့ အလွန်ပဲ ဆင်းရဲချို့တဲ့ခဲ့တဲ့ ကျောင်းဆရာ တစ်ယောက်ဖြစ်ပါတယ်။ မှော်ဘီ ဗိုလ်သင်တန်းကျောင်း အပတ်စဉ်(၃၁)မှာ ဗိုလ်သင်တန်းတတ်ခဲ့ပြီး စစ်တပ်ထဲမှာ အမှတ်(ရ) တပ်ရင်းမှူး၊ နမခ စစ်တိုင်းမုံရွာမှာ စစ်ဗျူဟာမှူးနဲ့ န၀တ လက်ထက်မှာ မကွေးတိုင်း တ၀တ ဥက္ကဌ တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက နမခ တိုင်းမှုး ဗိုလ်ချုပ်ထွန်းကြည်ဟာ  သူ့ဆရာ အရင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ထွန်းကြည် ကုန်သွယ်ရေးဝန်ကြီး ဖြစ်လာချိန်မှာ လက်အောက်က ကိုယ့်တပည့်ရဲ့ စိတ်ရင်းအမှန်ကို မသိတဲ့ ဦးထွန်းကြည်ဟာ တပည့်လေး ဦးအောင်သောင်းကို သူနဲ့အတူ လိုက်ခဲ့ဖို့ ခေါ်ခဲ့ပါတယ်။ မလိုက်ချင်လိုက်ချင်နဲ့ ဖြစ်နေတဲ့ သူတပည့် ဦးအောင်သောင်းကို ဦးထွန်းကြည်က ကုန်သွယ်ရေး ဒုဝန်ကြီး ရာထူးပေးခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု လုပ်ငန်းတွေနဲ့ ဂွင်တွေကိုနားလည်လာတဲ့ လူလည်ကြီးဟာ ဒုဝန်ကြီးဘ၀နဲ့ မကျေနပ်နိုင်တဲ့ အတွက် သူ့ရဲ့ပင်ကိုဗီဇအတိုင်း အရောင်ပြောင်းလဲ ကျော်ခွတဲ့အလုပ်ကို စတင်ခဲ့ပါတော့တယ်။ ဦးအောင်သောင်းဟာ သူ့ကို ကုန်သွယ်ရေး ဒုဝန်ကြီးအဖြစ် နေရာပေးခဲ့တဲ့ ဆရာသမားရဲ့ မျက်နှာကိုမထောက်ပဲ ကကလှမ်း (ယခင်စစ်ထောက်လှမ်းရေး) သတင်းပေး လုပ်ခဲ့ပါတယ်။ ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ အတွင်းရေးသတင်တွေ၊ အားနည်းချက်တွေ၊ ၀န်ကြီးနဲ့ သူ့တပည့်သားသမီး တွေရဲ့ စီးပွားရေးဂွင် ဖန်တီးမှုသတင်းတွေ ပေးပြီး ကျေးဇူးရှင် ဆရာသမားကို ကျေးဇူးဆပ်ခဲ့တဲ့သူ တစ်ယောက်ပါ။
ဒီလိုလုပ်ရတဲ့ အကြောင်းကလည်း ဦးခင်ညွှန့်နဲ့ သူ့ဆရာ ဦးထွန်းကြည်ဟာ အဆင်မပြေဘူးဆိုတာ သိနေတာကြောင့် ကုန်သွယ်ရေး ၀န်ကြီးဌာန အတွင်းရေး သတင်းတွေ ပျော့ကွက်ဟာကွက်တွေကို ကကလှမ်းကို ဖော်ကောင်လုပ်ခဲ့ပြီး ဦးခင်ညွှန့်ကို ဆရာမွေးခဲ့ခြင်လို့ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ဦးအောင်သောင်းရဲ့ဖော်ကောင် လုပ်မှုများကြောင့် စစ်ထောက်လှမ်းရေးများဟာ ဦးထွန်းကြည်ကို လာဘ်စားမှု ပုဒ်မများနဲ့ အရေးယူနိုင်ခဲ့ပါတယ်။
လူလည်ကြီး ဦးအောင်သောင်းကတော့ လာဘ်စားမှုတွေမှာ ပတ်သက်ခဲ့ပေမဲ့လည်း အစိုးရ သက်သေ ဖြစ်သွားတဲ့အတွက် အရေးယူ မခံရတဲ့အပြင် ဘုန်းတန်ခိုး တက်နေတဲ့ ဦးခင်ညွှန့်ရဲ့ပစားပေးမှုကြောင့် ကုန်သွယ်ရေး ဒုဝန်ကြီးဘ၀ကနေ မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးအဖြစ် ချီးမြှောက်ခံခဲ့ရပါတယ်။ မွေး/ရေ၀န်ကြီးဘ၀မှာ နိုင်ငံတော်ရဲ့ ရေပြင်ပိုင်နက်ကို ထိုင်းငါးဖမ်းကုမ္ပဏီတွေကို တရားမ၀င် လုပ်ကိုင်ခွင့်ပေးပြီး ရရှိတဲ့ နိုင်ငံခြားငွေများကို စာရင်း လိမ်လည်ပြခဲ့ပါတယ်။ အဲဒီအချိန်က နိုင်ငံခြားငွေရှားပါးနေတဲ့ န၀တ အစိုးရဟာ ဦးအောင်သောင်း ရှာပေးတဲ့ဒေါ်လာကို အဓိက၀င်ငွေ အဖြစ်အားထား နေရချိန်ဖြစ်ပါတယ်။ ဒီလိုစစ်အစိုးရ အဖွဲ့အားနည်း ချက်ကိုသိတဲ့ ဦးအောင်သောင်းက မွေးရေ၀န်ကြီးဌာနရဲ့ နိုင်ငံခြားဝင်ငွေ ၁၀ ကျပ်ရရင် ၅ ကျပ်အိပ်ထဲထည့်ပြီး စာရွက်ပေါ်မှာ နိုင်ငံခြားဝင်ငွေ အများဆုံးရှာပေးနိုင်တဲ့ ၀န်ကြီးဌာနဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ န၀တ ကနေ နယက အမည် ပြောင်းလဲချိန်မှာတော့ စာရင်းလိမ် ကျွမ်းကျင်တဲ့ ဦးအောင်တောင်းကို စက်မှု(၁)၀န်ကြီး အဖြစ်ပြောင်းလဲ ခန့်အပ်ခဲ့ပါတယ်။
မွေး/ရေ၀န်ကြီး ဘ၀ကနေ စက်မှု(၁) ၀န်ကြီးဖြစ်လာချိန်မှာတော့ ဦးအောင်သောင်းဟာ နယက ဥက္ကဌကြီး ဦးသန်းရွှေကိုတောင် အကွက်ကျကျ မျက်စိလည်အောင် စက်မှု(၁)လက်အောက်က စက်ရုံများကို စာရင်းလိမ်လည် ပြသခဲ့ပါတယ်။ စက်မှု(၁) စက်ရုံတွေဟာ ဘာတိုးတတ်မှု ဘာလည်ပတ်မှုမရှိဘဲ ဆွေမျိုးကုမ္ပဏီတွေကို ပစ္စည်းဝယ်ယူခွင့်တွေ ချပေးပြီး ကော်မရှင်ခ မတန်တဆ ယူပြီး နိုင်ငံတော် ဘဏ္ဍာတွေကို အလွှဲသုံးစား လုပ်ခဲ့တာ စက်မှု(၁)က ၀န်ထမ်းတိုင်းသိကြပါတယ်။
စက်မှု(၁)စက်ရုံတွေအတွက် နိုင်ငံခြားက အရည်အသွေးမြင့် ကုန်ကြမ်းတွေကို တင်သွင်းခဲ့ပြီး ပြည်တွင်းကို ရောက်လာတဲ့အချိန်မှာ အရည်အသွေးမြင့်တဲ့ ကုန်ကြမ်းတွေကိုရောင်း၊ ပြည်တွင်းဖြစ် အမျိုးအစားမကောင်း ဈေးနှုန်းသက်သာတဲ့ ကုန်ကြမ်းတွေကို အစားထိုး ရောသုံးပါတယ်။ ကုန်ကြမ်းရောင်းလို့ရတဲ့အမြတ်နဲ့ နိုင်ငံခြားက တင်သွင်းခွင့် ပါမစ်တွေကို ရောင်းလို့ရတဲ့ အမြတ်ထဲက အနည်းငယ်ကိုသာ စက်ရုံအမြတ်ဆိုပြီး ပေးသွင်းခဲ့တဲ့အထိ စာရင်းလိမ်ပြရာမှာ ကျွမ်းကျင်သူ တစ်ဦးဖြစ်ပါတယ်။ မွေးရေးဝန်ကြီး လုပ်ခဲ့တုန်းက အောင်မြင်ခဲ့တဲ့ နည်းလမ်းအတိုင်း စက်မှု(၁)စက်ရုံတွေကိုလည်း စက်ရုံမလည်ပဲ အမြတ်ရအောင် လုပ်နိုင်တာ ဦးအောင်သောင်းရဲ့ အရည်အချင်းဖြစ်ပါတယ်။
ကျော်သာ၊ ရတနာသိင်္ဂီ၊ အောင်ရည်ဖြိုး၊ မားသားထရေးဒင်း ကုမ္ပဏီတွေဟာ နိုင်ငံခြားက ကုန်ကြမ်းတွေကို စက်မှု(၁)အနေနဲ့ မလိမ့်တပတ် လူလည်ကျပြီး တင်သွင်းခဲ့ကြပါတယ်။ ဒီကုမ္ပဏီတွေကလည်း ဦးအောင်သောင်းရဲ့ တပည့်သားသမီး ဆွေမျိုးတွေကို နာမည်အမျိုးမျိုးနဲ့ လုပ်စားဖို့အတွက် ဖွင့်ခိုင်းထားတဲ့ ကုမ္ပဏီတွေပါ။ တကယ်တမ်းတော့ အားလုံးကို ဦးအောင်သောင်း ကပိုင်တာဖြစ်ပြီး အဲဒီအချိန်တုန်းက စက်မှု(၁)က တည်ဆောက်ခဲ့တဲ့ စက်ရုံများရဲ့ ဆောက်လုပ်မှု ကုန်ကျစရိတ်နဲ့ ပစ္စည်းတင်သွင်းမှုများကို ပြန်စစ်ဆေးကြည့်ရင် အခြေအနေမှန်ကို သိနိုင်ပါတယ်။ ထင်ထင်ရှားရှား စက်ရုံကြီးများကို ထုတ်နှုတ် ပြောပြရမယ်ဆိုရင်-
စက်မှု(၁)ရဲ့ သာပေါင်းစက္ကူစက်ရုံဟာ ကြိတ်စွမ်းအား မြင့်မားပြီး ကြီးမားတဲ့ စက်ရုံကြီးဖြစ်ပါတယ်။ ဒီလိုစက်ရုံကြီးမှာ ကုန်ကြမ်းသယ်ဖို့အတွက် စက်သုံးဆီမရှိလို့ အခက်အခဲ ဖြစ်ခဲ့ရတယ်ဆိုတာ အမှန်တော့ စက်ရုံရဲ့ပို့ဆောင်ရေးအတွက် စက်သုံးဆီ တွေကို စက်ရုံကို ချမပေးဘဲ ၀န်ကြီး ဦးအောင်တောင်းက သိသိသာသာ ဘုမ်းခဲ့တာပါ။
ကုန်ကြမ်း အမှန်တကယ် သယ်မယ်ဆိုရင် တစ်နေ့ကို ကားအစီး ၁၀၀ တိုက်နှုန်း သယ်ရတဲ့စရိတ်ကို ဘတ်ဂျတ်ထဲမှာ ထည့်ဆွဲဖို့ ကျန်သွားသလိုလိုနဲ့ အိပ်ထဲကိုအကုန် ထည့်သွားခဲ့ပါတယ်။ စက်ရုံလည်ပတ်ဖို့ ကုန်ကြမ်း သယ်ယူစရိတ်ကိုတော့ စက်ရုံမှုးအစီအစဉ်နဲ့ ကုန်ကြမ်းဈေးနှုန်းမှာ ထည့်ပြခဲ့လို့ ထုတ်လုပ်မှု ကုန်ကျစားရိတ် မြင့်တတ်ပြီး ကုန်ချောဖြစ်တဲ့ စက္ကူတွေ အရည်အသွေး မပြည့်မှီတာ လူတိုင်းသိပါတယ်။

တရုတ်ကုမ္ပဏီကို သာပေါင်းပြီး ဒေါ်လာ(၁)သန်းယူ ညာစားခဲ့တဲ့ သာပေါင်းစက္ကူစက်ရုံ ဖွင့်ပွဲ အခမ်းအနား..
သာပေါင်းပျော့ဖတ် စက်ရုံကြီးကို တည်ဆောက်ခဲ့တဲ့ တရုတ်နိုင်ငံက ကုမ္ပဏီဟာဆိုရင် ၀န်ကြီးဦးအောင်သောင်းကို ဒေါ်လာ (၁) သန်း ကော်မရှင်ခ ပေးရတယ်ဆိုတာ ရန်ကုန်မှာရှိတဲ့ တရုတ်သံတမန် အသိုင်းအ၀ိုင်းမှာ နာမည်ကြီးခဲ့ပြီး အစိုးရကတော့ မသိခဲ့ပါဘူး။ ဒေါ်လာ ၁ သန်းအပြင် မှော်ဘီမြို့က ကိုအောင်တောင်းပိုင် Star Flower တစ်ရှူးစက်ရုံဟာလည်း သာပေါင်းစက်ရုံကို ဆောက် ပေးခဲ့တဲ့ တရုတ်ကုမ္ပဏီက လက်ဆောင် ပေးခဲ့တယ်ဆိုတာလည်း ငြင်းလို့မရတဲ့ သက်သေတွေဖြစ်ပါတယ်။
နောက်ထပ် လည်ပြီးတော့ပတ်ခဲ့တဲ့ စက်ရုံတစ်ခုကတော့ ကျောက်ဆည်က စွပ်ကျယ်စက်ရုံဖြစ်ပါတယ်။ စက်ရုံကမလည် ပတ်နိုင်ဘဲ လူတွေဘဲလည်ပတ်နိုင်တဲ့ လူလည်စက်ရုံကြီးပါ။ စက်ရုံဖွင့်ပွဲနေ့က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လာတဲ့အခါမှာ တရုတ်နယ်စပ် ကနေ စွယ်ကျယ်တွေကို ကားတွေနဲ့ အမြန်သယ်ယူပါတယ်။ တရုတ်နယ်စပ်က ၀ယ်လာတဲ့ စွပ်ကျယ်တွေကို စက်မှု(၁)စက်ရုံတံဆိပ် တပ်ပြီး စွပ်ကျယ်စက်ရုံက ထုတ်သလိုလိုနဲ့ လာစစ်တဲ့ ဦးသန်းရွှေကို လှည့်စားခဲ့တာ ဦးသန်းရွှေ တစ်ယောက် မသိလိုက်ပါဘူး။
စက်ရုံဖွင့်ပွဲနေ့က မှင်နဲ့မောင်းနဲ့ ကျောက်ဆည် စွပ်ကျယ်စက်ရုံထုတ် အဆင့်အတန်းမှီ စွပ်ကျယ်တွေကို ဘယ်လို သက်သာအောင် ထုတ်လုပ်ပြီး ၀င်းသူဇာ အရောင်းဆိုင်များကနေ အမြတ်ငွေတွေ ရအောင် ဘယ်လို လုပ်ထားပါတယ်ဆိုတာ ရှင်းပြနေချိန်မှာ ဦးသန်းရွှေက အိပ်ငိုက်နေပါတယ်။ ကျောင်းဆရာပီပီ အာဘောင် အာရင်းသန်သန်နဲ့ တရုတ်နယ်စပ်က၀ယ်လာတဲ့ စွပ်ကျယ်တွေကို စက်ရုံထုတ်အဖြစ် အရောင်ပြောင်းနိုင်ခဲ့သူ အဘ၀န်ကြီးကို စက်ရုံဝန်ထမ်းတွေက ကြိတ်ပြီးရယ်ခဲ့ကြပါသေးတယ်။ စက်ရုံမလည်ပဲ ကျောက်ဆည်က ဦးသန်းရွှေအမျိုးတွေကို ၀န်ထမ်းခန့်အပ်ထားတဲ့ ကျောက်ဆည်စွပ်ကျယ်စက်ရုံကြီးကလည်း ဦးအောင်သောင်း အောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်။
နောက်စက်ရုံ တစ်ခုကတော့ စက်မှု(၁) လက်အောက်က ဂျုံလုပ်ငန်းလုပ်တဲ့ စက်ရုံတွေ အကြောင်းဖြစ်ပါတယ်။ ဒီစက်ရုံ တွေရဲ့အမြတ် ရရှိမှုဟာလည်း ထူးဆန်းအံ့သြဘွယ်ဖြစ်ပါတယ်။ စက်မှု(၁)ထုတ် ခေါက်ဆွဲတွေနဲ့ မုန့်တွေဟာ အရည်အသွေးမမှီ ဆီချေးစော်နံနေလို့ ဘယ်သူမှ မ၀ယ်တဲ့အတွက် စက်ရုံတွေ ရပ်ထားပြီး ဂျုံကုန်ကြမ်းတွေကိုသာ နှစ်စဉ်ဈေးတက်တဲ့ အချိန်ရောက်ရင် အမြတ်ရဖို့ ထုတ်ရောင်းခဲ့ရတဲ့အထိ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ရပါတယ်။
ဒီ့ထက်ဆိုးဝါးတာက နိုင်ငံပိုင်စက်ရုံကြီးများကို အရပ်သား လက်ထဲထိုးအပ်ပြီး အသားတင်အမြတ်ကို တစ်ယောက်တစ်ဝက် ယူတဲ့စနစ်နဲ့ လုပ်ခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံတော်က ပုဂ္ဂလိကမလုပ်ခင် သူ့ကိုယ်ကျိုးစီးပွား အတွက် အရပ်သားတွေကို ထိုးအပ်တာ ဦးအောင်သောင်းရဲ့ အမျှော်အမြင်ကြီးမှုပါဘဲ။ အမှန်တကယ်တော့ အဲဒီလိုဖြစ်စဉ်ဖြစ်တဲ့ စက်ရုံမှူးကို ၀န်ထမ်းဘ၀ကနေ ထုတ်ပစ်ပြီးအရေးယူရမှာပါ။ ဒါပေမဲ့ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ၀န်ကြီးလာဘ်စား ထားတာတွေကို စက်ရုံမှူးကသိနေတော့ အဲဒီစက်ရုံမှူးကို ပြင်းပြင်းထန်ထန်အရေးမယူရဲတာ စက်မှု(၁)က၀န်ထမ်းတိုင်းသိကြပါတယ်။
နောက်ထပ် စက်ရုံကမလည်ဘဲ လူလည်နေတဲ့ စက်ရုံကတော့ ရန်ကုန်က စက်ဘီးစက်ရုံပါ။ ဒီစက်ဘီး စက်ရုံကတော့ စက်မှု(၁)စက်ရုံတွေထဲမှာ အရှုးံအများဆုံးဖြစ်ပြီး စက်ရုံက ပစ္စည်း မထုတ်နိုင်ဘဲ သန်းရှစ်ထောင်ဖိုးလောက် ပစ္စည်းအထုတ်ပြထားလို့ ကျောက်ဆည်က အမှတ်(၂)စက်ဘီးနဲ့ ပေါင်းမယ်ဆိုပြီး လုပ်ခဲ့ရပါတယ်။ ဆိုလိုတာကတော့ အမှတ်(၁)စက်ရုံက သန်းရှစ်ထောင်ကို အမှတ်(၂)စက်ရုံက မတည် အရင်းပြပြီး စက်ရုံကြီး တစ်ခုလုံးကို ဖျောက်ဖျက်ပြစ်လိုက်တဲ့ နည်းလမ်းပါဘဲ။ အမှတ်(၁) စက်ဘီးစက်ရုံ တစ်ခုလုံးက ပစ္စည်းတွေကို အုတ်ကျင်း ကြွေရည်သုတ်စက်ရုံ အမှတ်(၂)ဂိုဒေါင်ဟောင်း တွေမှာ ဖွက်ထားခဲ့ပြီး စက်ရုံတစ်ခုလုံးဖျောက် ဖျက်ခဲ့တာကို လက်ရှိနိုင်ငံတော် သမ္မတကြီး ၀န်ကြီးချုပ် ဖြစ်ခဲ့တုန်းက လုပ်ခဲ့တာပါ။
ဒီလိုမျိုး ခြစားမှုတွေကို သိနေတဲ့ အဲဒီအချိန်တုန်းက စက်မှု(၁)ရဲ့ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဝင်းက မလည်မ၀ယ်နဲ့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို သာပေါင်းစက္ကူစက်ရုံရဲ့ အဂတိလိုက်စားပြီး ပျက်စီးနေတာကို စာနဲ့တိုင်ကြား ခဲ့ပါသေးတယ်။ လူလည်ကြီးက သူ့ကို တိုင်ထားတဲ့သတင်းကို နယကရုံးက သူ့မယား ညီအစ်ကိုကနေ တစ်ဆင့် သိသွားပြီး ဗိုလ်မှူးချုပ် ကျော်ဝင်းကို လက်ဦးမှုယူကာ ဖြုတ်ချ နိုင်ခဲ့ပါတယ်။
လူလည်ဘုရင်ကြီးရဲ့ အကျင့်ပျက် ခြစားတာတွေကို ၀န်ကြီးချုပ်၊ စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီး ခင်ညွန့်က သိသွားပြီးတော့ သာပေါင်း စက္ကူစက်ရုံကို အသေးစိတ် စစ်ဆေးမှုတွေ လုပ်ခဲ့တဲ့အချိန်မှာ ခြေမကိုင်မိ လက်မကိုင်မိ မျောက်မီးခဲ ကိုင်သလို ဖြစ်ခဲ့ပါသေးတယ်။ ဒီလိုမျိုးဖြစ်နေချိန်မှာ သားတော်မောင် ဗိုလ်ပြည့်အောင်ကို နိုင်ငံရဲ့ဒုတိယသြဇာ အရှိဆုံးလို့ ဆိုနိုင်တဲ့ ဗိုလ်ချုပ်ကြီး မောင်အေးရဲ့သမီး နန္ဒာအေးနဲ့ ပေးစားခဲ့ပြီး ဗိုလ်ချုပ်ကြီး မောင်အေးရဲ့ အကာအကွယ်နဲ့ ဦးခင်ညွှန့်ရန်ကို ရှောင်တိမ်းနိုင်ခဲ့ပါတယ်။ တနည်းအားဖြင့် အရောင်ပြောင်း တော်သူကြီးက ဦးထွန်းကြည် အပြီး၊ ဦးခင်ညွှန့်ကို ဆရာမွေးခဲ့ပြီး၊ ဦးခင်ညွှန့်နဲ့ အဆင်မပြေဖြစ်လာချိန်မှာ ဦးမောင်အေးကို ဆရာတင်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ဦးအောင်သောင်းဟာ ရှေ့ကဆရာသမားများကိုနမူနာယူပြီး သူ့ရဲ့မတရား အဂတိလိုက်စားတဲ့ အကြောင်းတွေကို သိနေတဲ့ ထောက်လှမ်းရေး တပ်မှူးတွေကို မျက်နှာလုပ်ကာ ပါမစ်များချပေးရင်း စည်းရုံးထားနိုင်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထောက်လှမ်းရေးညွှန်ချုပ် ဗိုလ်ချုပ်ခင်ညွှန့်က တစ်ချိန်ချိန်မှာ သူ့ရဲ့ကိုယ်ကျိုးစီးပွားကို အန္တရာယ် ပေးလာမယ်လို့ တွက်ထား ခဲ့တာကြောင့် ဦးမောင်အေးရဲ့ အကာအကွယ်အပြင် ဦးသန်းရွှေရဲ့အကာအကွယ်ရဖို့ နည်းလမ်းရခဲ့ပါတယ်။ သူတွေ့ခဲ့တဲ့ နည်းလမ်းအသစ်ကတော့ သူ့ရဲ့တပည့် စစ်ကိုင်းချည်မျှင် အထည်စက်ရုံမှူးကို အိမ်တော်ကြီး (ဦးသန်ရွှေအိမ်) မီးဖိုချောင်ကိစ္စကို လုပ်ပေးဖို့စေခိုင်းခဲ့ပြီး အိမ်တော်ကြီးမိသားစုက သူပြောသမျှ ယုံကြည် လက်ခံလာအောင် လုပ်နိုင်ခဲ့တဲ့ အောက်လမ်းနည်းဖြစ်ပါတယ်။ အောက်လမ်းနည်းဆိုပေမဲ့ လူလည်ကြီးရဲ့ အကြံအစည်တွေ အောင်မြင်ခဲ့တယ်လို့ ဆိုရပါမယ်။
ဦးသန်းရွှေရဲ့ အကာအကွယ် ရရှိလာတဲ့ အချိန်မှာတော့ ဗိုလ်ချုပ်ထွန်းကြည်ကို ဖြုတ်ခဲ့တဲ့ ဒုတိယဆရာ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို ဖြုတ်ချဖို့ ကြံစည်ခဲ့ပါတော့တယ်။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို အာဏာရယူဖို့ ကြိုးစားနေကြောင်း၊ ဗိုလ်ချုပ်ကြီးနေ၀င်း၊ မြေးတွေ ကိစ္စကိုလည်း သိလျက်နဲ့ လွှတ်ထားခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာလည်း သဘောထား ပျော့ပြောင်းခဲ့သည့် ကိစ္စများအား ဦးသန်းရွှေကို နားပေါက်အောင် သွေးထိုးပြောဆို နိုင်ခဲ့တဲ့အထိ ဦးမောင်အေး၊ ဦးသန်းရွှေတို့ရဲ့ လူယုံတစ်ဦးဖြစ်လာခဲ့ ပါတယ်။
သူ့ရဲ့နာမည်ကောင်း ရရေးအတွက် ဒီပဲယင်း အရေးအခင်းကို နောက်ကွယ်ကနေ စီမံကြိုးကိုင်ခဲ့တဲ့သူဖြစ်ပြီး ဒေသခံစစ် တိုင်းမှုး စစ်တိုင်းမှုး ဗိုလ်ချုပ် စိုးဝင်းက လုပ်ခဲ့သလိုမျိုး လွှဲချနိုင်ခဲ့ပါတယ်။
ဒီလိုအရှောင်အတိမ်း ကောင်းကောင်းနဲ့ အရောင်ပြောင်း လဲလာခဲ့တဲ့ ဦးအောင်သောင်းဟာ ဒီပဲယင်း အရေးအခင်းကြောင့် စက်မှု(၁)၀န်ကြီးအပြင် ကြံ့ဖွံ့အသင်းမှာ ဗဟိုအတွင်းရေးမှုး ရာထူးရရှိခဲ့ပါတယ်။ ကြံ့ဖွံ့အတွင်းရေးမှုးဖြစ်လို့ စက်မှု(၁)က ၀န်ထမ်းအားလုံးဟာ ၀န်ကြီးဌာနက အလုပ်များအပြင် ကြံ့ဖွံ့ကိစ္စများကိုပါ မလုပ်ချင်ပဲ လုပ်ခဲ့ကြရပါတယ်။
ဒါကိုသိတဲ့ သမ္မတကြီးက အစိုးရအဖွဲ့သစ် ဖွဲ့စည်းချိန်မှာ ဦးအောင်သောင်းကို နေရာမပေးတော့ပဲ စက်မှု(၁)၀န်ကြီး အဖြစ်ကနေ အနားပေးခဲ့ပါတယ်။ အစိုးရသစ် လက်ထက်မှာတော့ ဦးအောင်သောင်း ဆိုးမွေကြောင့် စက်ရုံတစ်ဝက်ကျော် မလည်ပတ်ခြင်း၊ အရှုံးလွန်စွာ ကြီးမားနေခြင်းတို့ကြောင့် စက်မှု(၁)၀န်ကြီးဌာနကို ဖျက်သိမ်းလိုက်ရတဲ့ အဆင့်ရောက်သွားတာ အားလုံးသိရှိပြီး ဖြစ်ပါတယ်။ စက်မှု(၁)ကရှုံးပေမဲ့ စက်မှု(၁)နဲ့ ပတ်သက်ခဲ့တဲ့ လူလည်ကြီးသားများ ကုမ္ပဏီတွေက အချိန်တို ကာလအတွင်းမှာ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ဖြစ်လာခဲ့ပါတယ်။ သူတို့ပိုင်ဆိုင်မှုတွေကို သိသလောက်ဖော်ပြရရင်---
- ရန်ကုန် လှိုင်ရတနာမွန်အိမ်ရာမှ နန်းတော်တမျှခမ်းနားတဲ့ အိမ်ကြီး
- နေပြည်တော် ဥတ္တသီရိမှ ဧရာမအိမ်ကြီး
- ပြင်ဦးလွင်၊ကန်တော်ကြီး ဥယျာဉ်အနီး ၀န်ကြီးရပ်ကွက်ရှိ အိမ်ကြီး
- ပုပ္ပါးတောင်ကလပ်မှ အနားယူရန်ဆောက်လုပ်ထားသော အိမ်ကြီး
- ပုလဲမြို့သစ် ရွှေနံ့သာရပ်ကွက်က အိမ်ကြီး
- မှော်ဘီမှ Star Flower တစ်ရှုးစက်ရုံ
- စစ်တောင်းစက်ရုံအနီးရှိ နောက်ထပ်တစ်ရှုးစက်ရုံ
- ပုလဲမြို့သစ်က သစ်ခွဥပေါင်းစက်ရုံ
- ပန်းတောင်းက ဧက(၁၀၀)ခန့်ရှိ ဇီးတော်သီးခြံ
- ပလိပ်က စိန်တလုံးသရက်ခြံ
- လှည်းကူးက ဧကများစွာကျယ်ဝန်းသော ကိုယ်ပိုင်အပန်းဖြေဥယျာဉ်ကြီး
- နေပြည်တော်မင်းကုန်း အုတ်စက်အနီး ၃၈ ဧက ကျယ်သည့် ခြံကြီး
- United Amara ဘဏ်လုပ်ငန်း
- အမရာ ဟိုတယ်(နေပြည်တော် ဟိုတယ်ဇုံ)
- စက်သုံးဆီဆိုင်လုပ်ငန်းများ
- ဆက်သွယ်ရေး(ဖုန်း)လုပ်ငန်း
- IGE ပိုင် မန္တလေး စကျင် ကျောက်ပြားစက်ရုံ (ယခင် စက်မှု(၁)စက်ရုံကို သက်သာသော နှုန်းထားဖြင့် ၅ နှစ် ဌားရမ်းထား)
- ရန်ကုန် သမ္မတ၊ စထရင်း၊ အင်းလျားလိပ် ဟိုတယ်ကြီး(၃)ခု IGE က လုပ်ကိုင်ခွင့်ရ
-အောင်ရည်ဖြိုး၊ IGE၊ MRT စသည့် အမည်အမျိုးမျိုးဖြင့် ရွှေတူးဖော်လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အကြီးစား လျှပ်စစ်ကြိုးခွေများ တင်သွင်းခြင်းလုပ်ငန်း
နေပြည်တော်က ဦးအောင်သောင်းရဲ့ အမရာဟိုတယ် သင်္ကြန်မဏ္ဍပ်..
ဒီလိုမျိုး ပိုင်ဆိုင်မှုတွေအပြင် နိုင်ငံခြားဘဏ်တွေမှာလည်း ပိုင်ဆိုင်မှုတွေကို ဒေါ်ခင်ရီရီ၊ ဦးနေအောင်၊ မခင်မိုးညွှန့်၊ မခင်ငုရည်ဖြိုး၊ နာမည်များနှင့် BANK OF AUSTRALIA ၊ BANK OF ENGLAND ၊ OCBC ဘဏ်များမှာ အပ်နှံထား ကြောင်းသိရပါတယ်။ အစပိုင်းမှာ ဒေါ်ခင်ရီရီနာမည်နဲ့ အပ်ထားခဲ့ပေမဲ့ နောက်ပိုင်းမှာ BANK OF AUSTRALIA မှာအပ်ထားတဲ့ ဘဏ်အကောင့်ကို ဒေါ်ခင်ဝင်းနွယ်၊ BANK OF ENGLAND မှာအပ်ထားတဲ့ ဘဏ်အကောင့်ကို ဒေါ်ခင်ဖြူလှ အမည်များသို့ ပြောင်းလဲ အပ်နှံခဲ့တာကို အမေရိကန် နိုင်ငံခြား အရင်းအနှီးများ ထိန်းချုပ်ရေးရုံး (OFAC)က စောင့်ကြည့်လျက်ရှိပါတယ်။ ပြည်တွင်းမှာ ရှိတဲ့ ကျပ်ငွေတွေကိုတော့ ယူနိုက်တက် အမရာဘဏ်ကို တည်ထောင်ခဲ့ပြီး ဘဏ်လုပ်ငန်း လည်ပတ်ရာမှာ သုံးထားပါတယ်။
အစိုးရသစ် တက်လာတဲ့အချိန်မှာ ဦးအောင်သောင်းကို ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှာ ဥက္ကဌနဲ့ ငြိမ်းချမ်းရေး ကောင်စီဝင်ရာထူးကို ပေးထားပေမဲ့လည်း ငြိမ်းချမ်းရေးကိစ္စမှာ ပုဂ္ဂိုလ်ရေးအရ ယုံကြည်မှု မရှိတာကြောင့် အဆင်မပြေကြောင်း သိရပါတယ်။ လက်ရှိ အစိုးရအဖွဲ့မှာ နေရာမရခဲ့တဲ့ ၀ါရင့်ဝန်ကြီးဟောင်း ဦးအောင်သောင်းဟာ ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီးတွေကို သူ့လောက် အရည်အချင်း မရှိဘူး၊ နိုင်ငံရေးပါးမ၀ဘူး ဆိုပြီး မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ ရှိပါတယ်။ လက်ရှိ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ အထူးသဖြင့် အရပ်သားဝန်ကြီးတွေရဲ့ အားနည်းချက် ပျော့ကွက်တွေကို မီဒီယာပေါ်မှာ တက်လာ အောင်လုပ်နေသူဟာ လူလည်ကြီး ဦးအောင်သောင်းရဲ့ ကောက်ကျစ်တဲ့ နိုင်ငံရေးတိုက်ကွက်တွေဖြစ်တယ်လို့ နေပြည်တော်ကလာတဲ့ သတင်းများအရ သိရပါတယ်။

လက်ရှိအစိုးရ အဖွဲ့အတွင်း အပျော့ဂိုဏ်း၊ အမာဂိုဏ်း ဖြစ်နေတာလည်း ဦးအောင်သောင်းတို့လို အာဏာကို မက်မောပြီး ဓနဥစ္စာကို လိုချင်တပ်မက် အားကြီးတဲ့ သူတွေကြောင့်ဖြစ်ပါတယ်။ ဦးထွန်းကြည်၊ ဦးခင်ညွှန့် တို့ကို ဖြုတ်ချနိုင်ခဲ့သူ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာလုပ်ကြံခဲ့တဲ့ ဦးအောင်သောင်းဟာ လက်ရှိ သမ္မတကြီးအပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများကို အထင်မကြီးတာ သိပ်တော့မဆန်းပါဘူး။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေကိုတောင် လှည့်စားနိုင်ခဲ့တဲ့ ၀ါရင့်သက်တော်ရှည် ၀န်ကြီးဟောင်း တစ်ယောက်ရဲ့ ပိုင်ဆိုင်မှု တွေကို လွှတ်တော်မှာ မေးခွန်းများ မေးမြန်းသင့်ပါတယ်။
ဦးအောင်သောင်းရဲ့ သားပိုင်ကုမ္ပဏီ(၃)ခုအပါအ၀င် စက်မှု(၁)နှင့် ပတ်သက်ခဲ့သော ကုမ္ပဏီများ၊ စက်မှု(၁) ဖျက်သိမ်းလိုက် ရသည့် အကြောင်းရင်းများ လွှတ်တော်တွင် မေးမြန်းလာခဲ့ရင် အာဘောင် အာရင်းသန်သန် ဘယ်လို လိမ်ညာထွက်ဆိုမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ အကယ်၍ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ အနေဖြင့် အဂတိတရား ကင်းကင်းနဲ့ လာဘ်ပေး လာဘ်ယူမှု မပြုလုပ်ခဲ့ပါဘူးလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိခဲ့ရင် -
- BANK OF AUSTRALIA တွင် ဒေါ်ခင်ဝင်းနွယ် အမည်ဖြင့် အပ်နှံထားသော နိုင်ငံခြားငွေပိုင်ဆိုင်မှု
- BANK OF ENGLAND တွင် ဒေါ်ခင်ဖြူလှ အမည်ဖြင့် အပ်နှံထားသော နိုင်ငံခြားငွေပိုင်ဆိုင်မှု
-OCBC တွင် အပ်နှံထားသော IGE ကုမ္ပဏီိပိုင်ရှင် ဦးနေအောင်၏ နိုင်ငံခြားငွေစာရင်း
- စက်မှု(၁)  စက်ရုံများသို့ တင်သွင်းခဲ့သည့် အောင်ရည်ဖြိုးကုမ္ပဏီ၏ စာရင်းရှင်းတမ်း
-စက်မှု(၁)စက်ရုံများနှင့် အခြားတည်ဆောက်ရေး လုပ်ငန်းများအတွက် ဆောက်လုပ်ခဲ့သည့် ကျော်သာ ဆောက်လုပ်ရေး ကုမ္ပဏီ၏ ၀န်ကြီးဌာန ဘတ်ဂျက် ရယူမှုများကို အတိအလင်း စာရင်းရှင်းလင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
ရွှေဓူဝံ

ရက်ရက်ရောရော အရှုံးခံနေကြသူများ

ကျမဟာ လူတွေထဲက လူတစ်ယောက်မို့ လူတွေအကြောင်း ၊ လူတွေ အရေး ကို စိတ်ဝင်စားပါတယ် ၊ မြန်မာတွေထဲက မြန်မာ တစ်ယောက်မို့ မြန်မာတွေ အကြောင်း ၊ မြန်မာတွေ အရေးဆိုရင် အထူး စိတ်ဝင်စားပါတယ် ။ ခုတလော ကျမ စိတ်ဝင်တစားလေ့လာ သုံးသပ်မိတဲ့ အကြောင်းအရာ ကတော့ မြန်မာ အမျိုးသမီးလေးတွေရဲ့ မြန်မာ့ ယဉ်ကျေးမှု နဲ့ မလျော်ကန် မသင့်မြတ်တဲ့ ၀တ်စား နေထိုင် ပြုမူ ပုံတွေ ပါပဲ ။
ဗုဒ္ဒ ဘာသာကို ယုံကြည်သက်ဝင်ကြတဲ့ လူမျိုးတစ်မျိုး ဖြစ်တာကတစ်ကြောင်း ၊ အစဉ်အလာကြီးမားလှတဲ့ ယဉ်ကျေးမှု အဆောက်အအုံ ကြီးထဲမှာ နေသားတကျ ပျော်မွေ့လာကြတဲ့လူမျိုး ဖြစ်တာကတစ်ကြောင်း တို့ကြောင့် ကျမတို့ရဲ့ မြန်မာ့ဓလေ့ ထုံးစံဟာ တခြားဘယ်နိုင်ငံရဲ့ ဓလေ့ ထုံးစံနဲ့မှ မတူ နိုင်ပါဘူး ။ နှိုင်းယှဉ်လို့လဲ မရပါဘူး ။ ဒါဟာ  မြန်မာ့ယဉ်ကျေးမှုဓလေ့စရိုက် ကို တန်ဖိုးထားတဲ့ သူတိုင်း သိထားကြတဲ့ မွေးရာပါ ပင်ကိုယ် အသိပါ ။
သို့ပေမဲ့ မြန်မာမိန်းကလေး အများစုဟာ နှိုင်းယှဉ်အပ်တဲ့ အရာတွေ ကို ချန်လှပ်ထားပြီး ၊ မနှိုင်းယှဉ်အပ်တဲ့  တခြားသော နိုင်ငံတွေရဲ့ ဓလေ့ထုံးစံတွေကို နှိုင်းယှဉ် အတုယူနေကြပါတယ် ။
အတွေးအခေါ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ၊ နည်းပညာဆိုင်ရာ  ဖွံ့ဖြိုးတိုးတက်မှု ၊ တခြားလူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု တွေကို အတု မယူဘဲ  မြန်မာ့ ယဉ်ကျေးမှုဓလေ့နဲ့ အင်မတန်မှ သွေဖည်နေတဲ့ တခြားသောနိုင်ငံတွေရဲ့ ယဉ်ကျေးမှု ကို လိုက်အတု ယူနေကြပါတယ် ။ ဆုတ်ယုတ်ပျက်စီးစပြုနေတဲ့ ယဉ်ကျေးမှု ပုံစံ တစ်ခု အဖြစ် အသွင်ကူးပြောင်းလို့ လာနေပါတယ် ။
ကျမလည်း ခေတ်လူငယ် တစ်ယောက်မို့ ခေတ်မှီမှီ အဆင့် အတန်းရှိရှိ လုံလုံ ခြုံခြုံ ၀တ်စားထားတဲ့ မိန်းကလေး တွေ တွေ့ရင် သဘောကျပါတယ် ၊ မြန်မာမိန်းကလေး တစ်ယောက် ပီပီ ကိုယ့်ကိုကိုယ် တန်ဖိုးထားသူ အဖြစ်လေးစားပါတယ် ။ မြန်မာအမျိုးသမီးတိုင်း မြန်မာဆန်ဆန် ထမီ ၊ ရင်ဖုံးနဲ့ အမြဲနေရမယ်လို့ မဆိုလိုပါဘူး ၊ သူ့ခေတ်ရေစီးနဲ့ သူတော့ ရှိမှာပေါ့ ၊ခေတ်မလွန်ဖို့ ၊ခေတ်ပျက်အောင်မလုပ်ကြဖို့ပဲ ပြောချင်တာပါ
မှတ်မိပါသေးတယ် ၊ အဆိုတော် ရေဗက္ကာဝင်းလေး ပေါ်လာကာစက ရှိုးပွဲ တစ်ခု မှာ "မြန်မြန်နမ်းပါ ပန်းကလေး" ဆိုတဲ့ သီချင်းကို ဆိုတယ် ၊ သီချင်းလေးနဲ့ သူ့ရဲ့ ခေတ်မှီမှီ လုံလုံ ခြုံခြုံ အပြင်အဆင်လေးနဲ့ ၊ သူ့ရဲ့ အိနြေ္ဒရတဲ့ မျက်နှာပေးလေးနဲ့ သိပ်လိုက်ဖက်ပြီး သိပ်ချစ်ဖို့ ကောင်းလို့ ကျမ အရမ်းကြိုက်ခဲ့ ပါတယ် ။ ကျမလို ပဲ သူ့ကို စင်အောက်က အားပေး နေတဲ့ ပရိတ်သတ် ဟာလည်း လှောင်ပြောင်လိုစိတ် အလျင်းမရှိဘဲ သူတို့ကို ဖြေဖျော်ပေးနေတဲ့ အဆိုတော်လေးကို အမြတ်တနိုး တန်ဖိုးထားတဲ့ စိတ်နဲ့  အားပေးနေတယ်ဆိုတာကို သူတို့မျက်လုံးတွေက သက်သေပြနေပါတယ် ။
ကျမပြောချင်တာက Public Figure ပဲ ဖြစ်ဖြစ် ၊ သရုပ်ဆောင်ပဲ ဖြစ်ဖြစ် ၊ အဆိုတော်ပဲ ဖြစ်ဖြစ် ဒါမျိုးလေးတွေပဲ ဖြစ်သင့်ပါတယ်  ။ သူတို့တတ်ထားတဲ့ အနုပညာနဲ့ ပရိတ်သတ်ကို အလုပ်အကျွေး ပြုရာမှာ အနုပညာကို ဗန်းပြပြီး ပရိတ်သတ်ကို လူမထင်တဲ့ အပြု အမူတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ် ။ ပရိတ်သတ်ကို သူတို့ချပြချင်တာ သူတို့ရဲ့ အနုပညာလား ၊ သူတို့ရဲ့ ခန္ဒာ ကိုယ်လား ၊ ပရိတ်သတ်ကို နက်နဲသိမ်မွေ့ လှတဲ့ အနု ပညာကို ခံစားစေချင်တာလား ၊ လူမှု ပတ်ဝန်းကျင်အတွက် အန္တရာယ် များလှတဲ့ မဖွယ်မရာ စိတ်ရိုင်းတွေကို နှိုးဆွချင်တာလား ၊ နှုတ်ရိုင်းတွေရဲ့ နှစ်ပြားမတန်တဲ့ အပြောအဆိုကို ခံချင်ကြတာပါလား ။  အနုပညာပါလို့ပြောပြီး ဘာကို အလို ရှိကြတာပါလဲ ၊ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်သင့်ပါတယ် ၊ ကျော်ကြားမှုကို လိုချင်လို့ပါဆိုရင်လည်း အပုပ်နံ့နဲ့ မကျော်ကြားပဲ ၊ သင်းပျံ့တဲ့ မွှေးရနံ့နဲ့ ကျော်ကြားတာပဲ မဖြစ်သင့်ဘူးလား ။
အပြတ် အဟိုက် အတို အကျပ် ၀တ်ပြီး ပရိတ်သတ် ရှေ့ရောက်လာတယ် ၊ အပြင်အင်္ကျီ နဲ့ ည၀တ်အင်္ကျီ မှားဝတ်ပြီး ပရိတ်သတ် အမြင်ထဲ ရောက်လာတယ် ၊ ရေကူးဝတ်စုံနဲ့ ပွဲတက်ပြီး အရက်သောက်တဲ့သူက သောက်တယ် ၊ ဒါတွေ ဟာ ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ်လို့တော့ ပြောလို့ မရပါဘူး ။ ဒီလောက်ထိ လွတ်လပ်ချင်တယ်ဆိုရင် မြန်မာ ပရိတ်သတ်ရှေ့ ၊ မြန်မာမိန်းကလေးတွေရဲ့ ရှေ့ကို ရောက်မလာသင့်ပါဘူး ။ တကယ်တမ်းပြောရမယ် ဆိုရင် သူတို့ဟာ မြန်မာမိန်းကလေးတွေရဲ့ ကောင်းမွန်တဲ့ ပုံရိပ်သင်္ကေတ ဖြစ်သင့်သလို ၊ ယိုင်နဲ့နေတဲ့ မြန်မာ့ ယဉ်ကျေးမှုကို လမ်းမှန်ရောက်အောင်တွန်းပို့ပေးတဲ့ ရှေ့ဆောင်ပြပေးတဲ့ သူတွေသာ ဖြစ်သင့်ပါတယ် ။ ပရိတ်သတ်ရဲ့ အားပေးမှု နဲ့ ရပ်တည်တယ် ပြောပြီး ပရိတ်သတ်ကို ဒီလိုနည်းနဲ့သာ ပြန်ပြီး ကျေးဇူး ဆပ်သင့်ပါတယ် ။
မြန်မာ မိန်းကလေး အများစုကို ပြောရမယ်ဆိုရင်လည်း ကိုယ်ကိုတိုင် ရဲ့ ကိုယ်ကျင့်သိက္ခာ ၊ ကိုယ်ကိုတိုင်ရဲ့ တန်ဖိုးကို ကိုယ်တိုင်မြှင့်တင်မှပဲ ရတာပါ ၊ ဘယ်မိဘ ဘယ်အသိုင်းအ၀ိုင်းကမှ ကိုယ့်ရဲ့ ကိုယ်ကျင့် တရား ဂုဏ်သိက္ခာ ကာကွယ်ပေးလို့ မရသလို ၊ ဘယ်လို ဓနဥစ္စာ အဆောင်အယောင် ကမှလည်း ကိုယ့်တန်ဖိုးကို မြှင့်တင်ပေးလို့ မရပါဘူး ၊ မြန်မာပြည်မှာ မွေးပြီး မြန်မာ လူမှု ပတ်ဝန်းကျင်မှာ ကျင်လည်ရတဲ့ သူတွေမို့ ဒီအချက်တွေဟာ မြန်မာ မိန်းကလေး တစ်ယောက်အတွက် အသက်ထက်ဆုံး တန်ဖိုးထားစောင့်ထိန်းရမယ့် ဘ၀ရဲ့ အရေး အကြီးဆုံး အရာတွေပါပဲ ၊ ဒါကြောင့် ကိုယ့်တန်ဖိုးကို နိမ့်ကျစေမဲ့ အတုမယူသင့်တဲ့ အရာတွေကို အတု မယူသင့်ပါဘူး ။
ချက်ပေါ် ပေါင်ပေါ် ၀တ်ပြနိုင်မှ ခေတ်မှီတာ မဟုတ်သလို ၊ ဒီလိုဝတ်ပြလို့ လူစိတ်ဝင်စားတာ ခံရပြီ ဆိုရင်လည်း ကိုယ့်ကို မြတ်နိုးတန်ဖိုးထားတဲ့ စိတ်ဝင်စားခြင်းမျိုးမဟုတ်တာတော့ သေချာပါတယ် ၊ ဘာလိုချင်လဲ ဘာပေးနိုင်မလဲ ဆိုတဲ့ သကောင့် သားတွေရဲ့ စိတ်ဝင်စားခြင်းမျိုးပဲ  ခံရမှာပါ ၊၊ ကြီးလိုက်တဲ့ အန္တရာယ် ..။
တချို့မိန်းကလေးတွေ ဟာ မလုံ မခြုံဝတ် ၊ သရုပ်ပျက် အပြင်အဆင်တွေနဲ့ ကိုယ်နဲ့ လားလားမှ မဆိုင်တဲ့ နေရာတွေကိုသွား ၊ သူ့စည်းကိုယ့်စည်း စောင့်ထိန်းရမှန်းမသိ ပျော်ကြ ပါးကြနဲ့ ၊ အလွန့်ကို စိတ်ပျက်ဖွယ် ၊ ရင်လေးစရာ လုပ်ရပ်တွေကို သူ့ထက်ငါ အပြိုင်အဆိုင် လုပ်လို့နေကြပါပြီ ၊ ချင့်ချိန်စဉ်းစားကြပါအုံး ၊ ကိုယ့် ဘ၀ကို ဒီလောက်နဲ့ပဲ  ရပ်တန့် ကြတော့မှာ လား ၊  ရှေ့ဆက်ပြီး အိနြေ္ဒသိက္ခာရှိပြီး အပြစ် အနာအဆာကင်းတဲ့ မိန်းကလေးတွေ အဖြစ် မရပ်တည်ချင်ကြတော့ဘူးလား ၊ တကယ့်ကို ထက်မြက်ပြီး အဆင့် အတန်းရှိတဲ့ မိန်းမကောင်းလေးတွေအဖြစ် မရပ်တည်ချင် ကြတော့ ဘူးလား ၊ ဘာကြောင့် များ ကိုယ့်ကိုကိုယ်  အရင်းအနှီးပြုပြီး ၂ခါပြန် ရှုံး ၊ ၁၀ ခါပြန်ရှုံး ၊ ဘ၀တစ်သက်လုံး ရှုံးမဲ့ အရှုံးတွေကို လုပ်နေကြပါသလဲ ၊ ဘယ်သူကများ အတင်းအဓ္ဒမ အရင်းအနှီး ထုပ်ခိုင်းနေလို့လဲ သာ မေးချင်ပါတယ် ။
သမီးမိန်းကလေးမွေးထားတဲ့ မိဘတွေ အနေနဲ့လည်း ကိုယ့်သားသမီးကို အလွန် သတိထား ကြပ်မတ်ရမဲ့ အချိန်အခါကို ရောက်လို့နေ သလို ၊ တချို့သော သူတွေဟာ နှမချင်းမစာမနာ ၊ သားသမီးချင်း မစာမနာ ၊ ကိုယ့်အတွက် ၊ ကိုယ့် အကျိုးစီးပွားအတွက်သာ ကြည့်တတ်ကြလို့ ကိုယ့်မြေ ကိုယ့်ရေ နဲ့ အသက်ဆက်ပြီး ကိုယ့် အမျိုး ကိုယ်တော့ မဖျက်ဆီး ကြပါနဲ့လို့ အကြံပေးချင်ပါတယ် ။
ဒီနေရာမှာ ခန္ဒာကိုယ်ကိုရင်ပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ မိန်းကလေးတွေ အကြောင်းတော့  မဆွေးနွေး ၊ မထောက်ပြလိုပါဘူး ။ ဘက်စုံ ထောင့်စုံ (အထူးသဖြင့် စီးပွားရေ ၊ ပညာရေး) ချွတ်ယွင်းအားနည်း နေတဲ့ ကျမတို့ နိုင်ငံအတွက် ဒါတွေကိုသာ  သွားထောက်ပြနေရင် အဆင့်ကျော်သလို ဖြစ်နေပြီး ၊ သူတို့ပေးတဲ့ အကြောင်းပြချက်တွေ နားထောင်ရတာနဲ့တင် မောသွားနိုင်ပါတယ် ။

နောက်ဆုံး အနေနဲ့ အကြံပေး တိုက်တွန်းချင်တာကတော့  ဘယ်ခေတ် ဘယ်စနစ်မှာပဲဖြစ်ဖြစ် ၊ ဘယ်အရပ် ဘယ်ဒေသမှာပဲဖြစ်ဖြစ် ၊ ဘယ်အချိန် ဘယ်အခါမှာပဲ ဖြစ်ဖြစ် ငါ ဟာ မြန်မာပြည်ထဲက မြန်မာမိန်းကလေး တစ်ယောက်ဆိုတာတော့ လုံးဝ မမေ့အပ်သလို ၊ အမြဲတမ်း သတိပေးနေဖို့ပဲ ဖြစ်ပါတယ် ။ ဒါဟာ လူတစ်ဦးချင်း တစ်ယောက်ချင်းရဲ့ အရေးကိစ္စမဟုတ်ဘဲ  ၊ အမျိုးသားရေးကိစ္စ တစ်ခုဖြစ်နေလို့ပါပဲရှင်....။
အရာရာတိုင်းဟာ အတုယူခြင်းကစပြီး တတ်မြောက်ရတာမို့   ၊ ကောင်းသော အရာများကိုသာ အတုယူကြ ပြီး  ကိုယ် ကျိုးအတွက် ရော ၊ အများအကျိုးအတွက်ရော အသုံးချ နိုင်မယ့် အတတ်ပညာများကို ရရှိခံစားနိုင်ကြ ပါစေ လို့ ဆန္ဒပြုလျက်...( စာရေးဆရာ မဟုတ်လို့ ကျမ အရေးအသားတွေ မညက်ညော ရင် တောင်းပန်ပါတယ် ၊ စိတ်ထဲ ရှိတဲ့ အတိုင်းချရေး မိခြင်းပါ  )
မမြန်မာ  

မမေ့နိုင်သော ၈၈၈၈ by Kyaw Swar

"အတိတ်ကိုလွမ်းဆွတ်နေခြင်းမဟုတ်သလိုပစ္စုပန်မှာနာကျည်းနေတာလည်းမဟုတ်ပါအခုထက်ပိုရ်ျမနက်ဖြန်မှာဘာလုပ်နိုင်မလဲ"

၈လေးလုံး အရေးတော်ပုံဖြစ်စဉ်တုန်းက ကျနော့် အသက် ၅နှစ်ကျော် ၆နှစ်ပဲရှိပါသေးသည် ။ အမှန်တရား ဆိုတာကိုတော့ ကျနော် ကောင်းစွာ မဆုံးဖြတ်နိုင်သေးပါ ။ ကျနော်တို့ အထက(၂)ဒဂုံ မြို့မကျောင်းတော်ကြီးဧ။် အပေါ်ဆုံးထပ်မှ အတန်းကြီးကျောင်းသား အစ်ကိုကြီးများက ခုံများကို အောက်သို့ပစ်ချရာမှစရ်ျ ၈၈၈၈ နှင့် ကျနော် စတင်ရင်းနှီးခဲ့ပါတယ် ။ ထိုနေ့မှစရ်ျ သွေးစွန်းနေသော ကျောင်းသား/ကျောင်းသူများ ။ ဒေါသထွက်နေသော ပတ်ဝန်းကျင်မှ လူကြီးများ ၊ ပြည်သူ့စစ်သားတို့စစ်သား ဆိုသည့် ကျောင်းသားများဧ။် ကြွေးကျော်သံများ ၊ စစ်သားဆိုတာ သေနတ်ကိုမိုးပေါ်ထောင်မပစ်ဘူးဆိုတဲ့ အာဏာရှင်လေသံများ ယနေ့တိုင် မမေ့နိုင်ပဲ ကြားယောင်နေရဆဲ ဖြစ်ပါသည် ။ ကျနော့်အရုဏ်တွင် ဖျောက်ဖျက်ရ်ျမရနိုင်အောင် ဆွဲထင်နေသော ထိုမြင်ကွင်းများမှာ ဘယ်တော့မှလည်း ပျောက်ပျက်သွားလိမ့်မည်မထင် ။ (ယခုဒီပိုစ့်လေးကို ရေးနေစဉ်မှာပင် မျက်ရည်ကျမိပါသည်)
ထားလိုက်ပါ ရန်ငြိုးဖွဲ့ပြီးရေးနေတာမဟုတ်ပါဘူး ။ ကျနော်ငယ်ငယ်က မြင်ထားတာတွေကိုပဲ ရေးနေတာပါ ။ ကျနော့် အသက်အရွယ် လူလားမြောက်လာတဲ့ အချိန်ရောက်မှ ဘယ်သူတွေက အနိုင်ကျင့်ခဲ့တယ် ဘယ်သူတွေက အမှန်တရားကို မြတ်နိုးခဲ့တယ် ဆိုတာတွေကို ကောင်းကောင်းကြီး သဘောပေါက် နားလည်ခဲ့ပါပြီ ။ ၈၈၈၈ ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ သင်ကြားပြသမှု့ မပေးနိုင်အောင် ကျနော်မျိုးရိုး အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်ကလူတွေ မညံ့ဖြင်းခဲ့ပါဘူး ။ သမိုင်းစာမျက်နှာတွေရှိပါတယ် ။ ဖျောက်ဖျက်ဖို့ ကြိုးစားရင်တောင် တာဝန်ရှိသူတွေက ပြန်ဖော်ထုတ်ပေးနေကြပါတယ် ။ ကျနော်ဆိုလိုတာက ဂလဲ့စားချေရမယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး ။ ကျနော်တို့ လူငယ်တွေ အမှန်တရားကို မြင်နိုင်ကြဖို့ ပဲဖြစ်ပါတယ် ။ ကိုယ်မမြင်လိုက်ရတဲ့ အရာတွေကို မယုံကြည်ရဘူးဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာလောက်က ပွင်တော်မူခဲ့တဲ့ ဗုဒ္ဒမြတ်စွာဘုရားကို ဘာလို့ကိုးကွယ်နေကြလဲ ။ ခရာဇ်တော်ကို ဘာလို့ လက္ခံထားလဲ ။ အလာကိုယ်တော်မြတ်ကို ဘာလို့ ယုံကြည်နေကြတာလဲ ။ မမြင်ဘူးတဲ့အရာတိုင်း မှန်/မမှန် မဆုံးဖြတ်နိုင်လောက်အောင် ကျနော်တို့ဦးနှာက် အရည်အသွေးတွေ မညံ့ဖျင်းကြပါ ။
ဒီလိုရေးတာကလည်း မနေ့ညက နိုင်ငံကျော် နာမည်ကြီးမင်းသမီးတစ်ယောက်ဧ။် အစ်ကို (ဗိုလ်ကြီးဟောင်း) ဆိုသူ တစ်ယောက်နှင့် စကားပြောဖြစ်ကြတာက အစပြုတာပါ ။ သူနဲ့ပြောနေရင်းမှ ဒီအတွေးလေး ခေါင်းထဲသို့ ၀င်ရောက်လာရ်ျ ရေးလိုက်ခြင်းဖြစ်ပါသည် ။ သူကိုစော်ကားလိုရ်ျ မဟုတ်သလို မည်သူကိုမျှ စော်ကားလိုရ်ျ မဟုတ်ပါ ။ သူပြောခဲ့တာက ၈၈ကိုကျွန်တော်မမှီဘူး ၊ ဘယ်သူမှ ကိုယ့်အမျိုးမပါဘူး ၊ အဓိကက ကိုယ့်ထမင်းကိုယ်ဝဖို့ အရေးကြီးတာ ။ အကျဉ်းကျခံနေကြတဲ့ နိုင်ငံရေးသမားတွေကိုတော့ လေးစားပါတယ် ၊ တစ်ကယ်လို့ ဒီမိုကရေစီ အစစ်ရသွားရင်တော့ လက်ခုပ်တီးပေးလိုက်မယ်လို့ ဆိုပါတယ် ။ ရပါတယ် အောင်မြင်မှ လက်ခုပ်တီးပြီးဝင်လာလည်း ကျနော်တို့ရဲ့ သူရဲကောင်းတွေက သဘောထားကြီးကြီး ကြိုဆိုဖို့ ၀န်လေးကြမှာမဟုတ်ပါဘူး  ။ အဆိုးဆုံးကတော့ "မူကအရေးမကြီးပါဘူး လူပဲအရေးကြီးပါတယ် ၊ သူတို့လည်းတော်ကြပါတယ် သူတို့ဘုန်းကံကြောင့်သာ ဒီအချိန်ထိ အုပ်ချုပ်နိုင်ကြတာပေါ့ "ဆိုတဲ့ သူရဲ့ အတွေးအခေါ်တွေအတွက် တော်တော်ရင်လေးမိသွားပါသည် ။ သူ့ကိုရင်လေးတာမဟုတ်ပါဘူး ။ ကျနော်တို့ နိုင်ငံမှာ ဒီလိုစိတ်ဓါတ်မျိုးတွေနဲ့ သူ့လိုလူငယ်မျိုးတွေ  ဘယ်နှစ်ယောက်ရှိမလဲ ။ အဲ့လိုလူငယ်တွေရဲ့ ခွန်အားနဲ့ ပြန်လည်ထူထောင်ရမယ့် ကျနော်တို့နိုင်ငံရဲ့ အနာဂတ်ကိုပါ  ။
ဟုတ်ပါပြီ ။ ဒီမှာမေးစရာရှိလာတာက သူတို့ကို စိတ်ပူနေတဲ့ မင်းလိုကောင်ကရော နိုင်ငံရေးသမားလား ၊ ဒီမိုကရက်တစ်ဝါဒီတစ်ယောက်လား ၊ အမျိုးသားသူရဲကောင်းလား ၊ စစ်တပ်မုန်းတီးရေးဝါဒီ တစ်ယောက်လား ပြည်ပအားကိုပဆိန်ရိုးလား ဆိုတဲ့ မေခွန်းပေါင်းများစွာ မေးနိုင်ပါသည် ။ ဒါဆိုရင်တော့ ကျွန်တော် ရိုးသားစွာ ပြန်ဖြေပါမယ် ။ တစ်ခုမှမဟုတ်ပါဘူး ။ ဒီမိုကရက်တစ်ဝါဒီ တစ်ယောက်မဟုတ်သလို ပါတီနိုင်ငံရေးလှုပ်ရှားသူ တစ်ယောက်လည်း မဟုတ်ပါဘူး ။ နေရင်းထိုင်ရင် အသားလွတ်စစ်သားမုန်းတီးရေးဝါဒီလည်း မဟုတ်ပါဘူး ။ တိုင်းပြည်အတွက် လိုအပ်တဲ့စနစ်မှန် ပေါ်ပေါက်လာဖို့ အခြေခံနိုင်ငံသားတိုင်း လုပ်ဆောင်သင့်တဲ့ ကိစ္စရပ်များကို စိတ်ဝင်စားသူ တစ်ယောက်မျှသာဖြစ်ပါတယ် ။ မည့်သည့် မတရားမှု့များကိုမဆို ငြိမ်ခံမနေပဲ ဝေဖန် တောင်းဆိုနေမယ့် သာမာန်ပြည်သူတစ်ယောက်ပါပဲ ။ စစ်တပ်တစ်ခုတည်းကို ဝေဖန်နေမှာမဟုတ်သလို  လူ့အခွင့်အရေးနဲ့ ပတ်သတ်သမျှ ကျနော်တို့အာလုံးရဲ့ အခွင့်အရေးတွေကို ပိတ်ပင်တားဆီးနေသူ မည်သူမဆိုကို ဝေဖန်ပြောဆိုနေမှာပါပဲ။ NLD ပါတီကနေ ၉၀ခုနှစ်က ထုတ်ပြန်ခဲ့တဲ့  "မတရားတဲ့အမိန့်အာဏာဟူသမျှဆန့်ကျင်ကြ " ဆိုတဲ့ ထုတ်ပြန်ချက်ကို ယနေ့တိုင် ကျနော်တစ်ယောက်တည်း ကျင်သုံးနေဆဲပါပဲ ။ ဝေဖန်နိုင်ပါတယ် ။ ထောက်ပြနိုင်ပါတယ် ။ လက်ရှိ NLD တောင် ဒီမူဝါဒနေပြာင်းလဲလာပြီလို့ ဝေဖန်နိုင်ပါတယ် ။ ဒါပေမယ့် အမေစု ဘဘဦးဝင်းတင် ဘဘဦးတင်ဦးတို့ ခေါင်းဆောင်တဲ့ NLD တီဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေအတွက် ဆောင်ရွက်နေတဲ့ တရားဝင် နိုင်ငံရေးပါတီပါ ။ ကျနော်တို့ကတော့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ သာမာန်ပြည်သူတွေပါ ။ NLD ရဲ့ လုပ်ဆောင်ချက်တွေ မှားယွင်းတယ်လို့ယူဆရင်လည်း ကျနော်တို့ ပြည်သူတွေက ထောက်ပြကြရမှာပါပဲ ။ (အချိန်အခါကောင်းရင်ပေါ့လေ) ။

ကျနော်တို့ လူငယ်တွေမှာ  လက်ရှိဖြစ်နေတဲ့ ပြသနာက ပညာရေးနိမ့်ကျမှု့တွေပါပဲ။ ဒါတွေကိုတော့ အမှန်တိုင်းဝန်ခံရပါမယ် ။ ငါကတော့တတ်တယ် မင်းတို့သာမတတ်တာဟု ပြောရ်ျတော့မရပါ ။ တစ်နိုင်ငံလုံး အတိုင်းတာတစ်ခုနဲ့ ချိန်ထိုးကြည့်ပါ ။ တစ်ကယ့်ကိုနိမ့်ကျနေသည်ကို မြင်တွေ့ကြရပါလိမ့်မယ် ။ ပညာရေးနိမ့်ကျသည့်ကြားက စာရိတ္တတွေမှာလည်း ပျက်စီးရိုးယွင်းနေကြပါပြီ ။ အာဏာရှင် စနစ်တစ်ခုအောက်မှာ ခေါက်ရိုးကျိုး နေထိုင်လာကြသူများပီပီ တာဝန်မယူရဲပဲ အပေါ်ဖားအောက်ဖိ စိတ်ဓါတ်များက လူငယ်တော်တော်များကို လွှမ်းမိုးနိုင်ခဲ့ပြီးပါပြီ ။ ဒါတွေကို ပြန်လည်ပြုပြင်ဖို့အတွက် ယ္ခုမှစရ်ျ အချိန်များစွာယူရအုံးမည် ။ ကိုယ်နဲ့ထိုက်တန်တဲ့ အစိုးရကို ရမှာပဲဆိုတဲ့ ကျနော့် ကွန့်မက်လေးတစ်ခုကို စိတ်ဆိုး ဒေါသထွက်သူများလည်းရှိသည် ။ မိမိတစ်ယောက်တည်းနဲ့ မဆိုင်ပဲ တစ်တိုင်းပြည်းလုံးရဲ့ အသိပညာ အလေ့အကျင့် အယူအဆတွေနဲ့ ပက်သက်တယ်လို့ မှတ်ယူစေချင်သည် ။ ဥပမာထောက်ပြရရင် ကျနော်တို့ တိုင်းပြည်မှာ ဥာဏ်ပညာအလွန်ကြီးမားသော နိုင်ငံနှင့်လူမျိုးကိုချစ်သော ပညာတတ် ပုဂိုလ်တွေလည်းများစွာရှိပါသည်။ ကုလသမဂအတွင်းရေးမှုးချုပ် ဦးသန့်မှအစချီရ်ျ ယနေ့ ကမ္ဘာ့အသိအမှတ်ပြု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို ပုဂိုလ်ထူးများ ပေါ်ထွက်လာတဲ့အထိ ပညာရေး မြင့်မားသူ များစွာရှိပါသည် ။ သိုသော် စစ်အာဏာရှင်စနစ်ကို ယနေ့တိုင် အကြမ်းမဖက် အနုနည်းဖြင့် တော်လှန်နေရဆဲ ဖြစ်ပါသည် ။ ဘာဖြစ်လို့ မအောင်မြင်သေးတာလဲ ။ ကျနော်တို့ အားလုံးမှာ လိုအပ်တဲ့ တောင်းဆိုမှု့တွေ ၊ စွန့်လွှတ်အနစ်နာခံမှု့တွေ ၊ မိမိကိုယ်ပိုင်အခွင့်အရေး ဘာဆိုတာတောင် မသိသေးတဲ့ လူတွေများနေသေးတာကြောင့်ပါ ။ နှိမ့်ချပြောဆိုနေတာမဟုတ်ပါဘူး ၊ ကျနော်ကိုယ်တိုင် ပညာတတ်တစ်ယောက်မဟုတ်သလို နိုင်ငံရေး အတွေးအခေါ်သမားတစ်ယောက်လည်း မဟုတ်ပါဘူး ။ မိမိနဲ့ အနီးဆပ်ဆုံး ပတ်ဝန်းကျင်က သာမာန်အခြေခံ လက်လုပ်လက်စား လူတန်းစားတွေကို မေးကြည့်ပါ ။  ခင်ဗျားနားလည်တဲ့ HUMAN RIGHT ကဘာလဲဆိုပြီး ။ အဲ့ဒါတွေမမေးစမ်းပါနဲ့ အဖမ်းခံရပါအုံးမယ်လို့ ဖြေကြပါလိမ့်မယ် ။ တောင်းဆိုဖို့မဆိုထားနဲ့ သူတို့အခွင့်ရေး ဘာရှိတယ်ဆိုတာကို သိရှိနားလည် သဘောပေါက်အောင်တွေးခေါ်ဖို့် သူတို့မှာ ပညာရေး မလုံလောက်ခဲ့ကြပါဘူး ။ ဆင်းရဲတွင်းထဲမှာ ရုန်းကန်နေကြရပါတယ် ။သူတို့တွေရဲ့ ပညာရေးအတွက်၊ သိရှိနားလည်သူတွေက လက်တွဲခေါ်ရပါမယ် ။ သူတို့တွေရဲ့ အခွင့်အရေးတွေကို ရှင်းပြပြောဆိုရ်ျ ကိုယ်ကျိုးစွန့်ရ်ျ တောင်းဆိုပေးရပါမယ် ။
ကျနော်လက်ညိုးထိုးပြီ အပြစ်ပြောဆိုနေခြင်းမဟုတ်ပါ ။ ဒီလိုတွေဖြစ်အောင် ဘယ်သူတွေဖန်တီးခဲ့တာလည်း ။ ကျောင်းသားသမဂကို ဖြိုခွင်းတယ် ၊ စက်မှု့တက္ကသိုလ်ကို ပိတ်ပစ်တယ် ၊ ရန်ကုန်တက္ကသိုလ်ကို ရွှေပြောင်းခဲ့တယ် ။ ပညာရေးကိုနိမ့်ချတယ် ၊ လူငယ်တွေကို စာရိတ္တပျက်စီးအောင် လေ့ကျင်ပေးတယ် ။ ပညာရှင်များကို မောင်းထုတ်တယ် ၊ အကျဉ်းချတယ် ၊ ပညာတတ် လူငယ်ကျောင်းသားများကို ကြောက်ရွံ့သောစိတ်ဖြင့် ပညာရေးကို အစွမ်းကုန်ဖျက်စီးပြီး ထင်တိုင်းကြဲခဲ့တာ ကျနော့်ထက် အသက်ကြီးသူများကို တင်ပြစရာမလိုပေမယ့် ကျနော်ထက်ငယ်တဲ့ ကျနော်တို့မျိုးဆက်များကိုတော့ သိစေချင်ပါတယ် ။
ပညာရေးကနိမ့်ကျမှာပေါ့ ၊ အနီးစပ်ဆုံး ပညာတတ်လို့ဆိုလို့ရတယ့် ၈၈မျိုးဆက်ကျောင်းသားတွေ အကုန်လုံးလိုလို ပြည်ပနိုင်ငံများကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ် ၊ အကျဉ်းချနှိပ်ဆက်ခံခဲ့ရတယ် ၊ ငွေကြေးလာဘ်လာဘတွေနဲ့ အသိမ်းသွင်းခံရတယ် ၊ တစ်ချို့လည်း လက်နက်ဆွဲကိုင် တော်လှန်ရေးသမားဖြစ်ခဲ့ကြရတယ် ။ သူရဲကောင်းပညာတတ် မျိုးဆက်တစ်ဆက် ပျောက်ကွယ်ခဲ့ရပါတယ် ။ ကျနော်တို့ မျိုးဆက်မှာရော ၊ အကန့်အသတ်ပညာရေးတွေးအောက်မှာ မစွတ်စဖို့အတွေးအခေါ်လေးတွေနဲ့ မှိုင်းတိုက်ခံခဲ့ရတဲ့ ကျနော်တို့ မျိုးဆက်မှာရော ၊ ဒါဆိုကျနော်တို့ကဆွဲခေါ်မယ့် နောက်မျိုးဆက်တွေမှာရော ။သမိုင်းကို အမှန်မြင်အောင် လက်ဆင့်ကမ်းဖို့ ကျနော်တို့ မျိုးဆက်မှာ ပိုရ်ျပင် တာဝန်ရှိပါတယ် ။ နောက်မျိုးဆက်တွေမှာ ကျနော်တို့လို မဖြစ်ရလေအောင် အစွမ်းကုန်ကြိုးစားဖို့ ကျနော်တို့မှာတာဝန်တွေရှိပါတယ် ။ ကျနော်အော်နေလို့လည်း ကုန်ဆုံးသွားတဲ့ ကျနော့်ရဲ့ကျောင်းသားဘ၀က ပြန်ရလာမှမဟုတ်တော့ပါဘူး ။ ပျက်စီးသွားတဲ့ နေရာတွေကလည်း ဟပ်ချလောင်းဆိုပြီး ချက်ချင်းပြန်ကောင်းနိုင်မှာမဟုတ်တော့ပါဘူး ။ တော်တော်လေးကို အချိန်ယူ ကုစားကြရမှာပါ ။ အချိန်တွေလည်း ကြာနေပါပြီ ။ နောက်ဆုံး အရေးပေါ်အခြေအနေဖြစ်နေပါပြီ ။ ဒီအချိန်မှစရ်ျ ပြောင်းလဲပေးနိုင်ကာမှ တော်ရုံကြမည်ဟု မဆိုနိုင်သော အခြေအနေကို ရောက်နေပါပြီ ။ ဒါကို ငါနဲ့ မဆိုင်ဘူး နေသာသလိုနေမယ် ဆိုရင်တော့ ကျနော်တို့ အားလုံး နလံထူစရာ မရှိအောင် အဆိုးဝါးဆုံးအချိန်တွေကို မြင်တွေ့ကြရပါလိမ့်မယ် ။ တစ်ခုမေတ္တာရပ်ခံခြင်တာက မိမိကောင်းကျိုးကိုသာ ကြည့်တတ်တဲ့ တစ်ချို့ပညာတတ် ပုဂိုလ်များက နောက်မျိုးဆက်အပေါ် ထပ်ပြီး ပျားရည်စမ်းတဲ့ မုသားစကားတွေနဲ့ စစ်အာဏာဆွဲဆန့်ရေး အယူအစတွေကို အမျိုးသားရေးအသိလေးနဲ့ကြည့်ပြီး ရပ်တန်းကရပ်ပေးကြဖို့  အချိန်တန်နေပါပြီ လို့ပဲ ဆိုချင်ပါတယ်ခင်ဗျာ ။
မှတ်ချက်- ကျနော့်ထက် အသက်ကြီးသော နိုင်ငံနှင့်လူမျိုးကို ကျနော့်ထက်ပိုချစ်ကြသူများကို မိကျောင်းမင်း ရေခင်းပြနေခြင်းမဟုတ်ပါ ဆရာလုပ်ခြင်တဲ့စိတ်ကြောင့် ရေးသားနေခြင်းလည်းမဟုတ်ပါ ။ ကျနော်ခံစားချက်လေး သီးသန့်သာဖြစ်ရ်ျ ၈၈၈၈ ကို မသိသေးသော မမြင်ဘူးလိုက်သော လူငယ်များနှင့် နောက်မျိုးဆက်တစ်ခုအပေါ်မှာ ကျနော်တင်ပြသင့်သည်ဟု ယူဆရ်ျသာ ရေးလိုက်မိခြင်းဖြစ်ပါသည် ။ ကျနော် နိုင်ငံရေးသမားတစ်ဦးမဟုတ်ပါ ။  အမှန်တွေပြောနေခြင်းလည်းမဟုတ်ပါ ။ မှန်သည်ဟု ယူဆသော ကျနော်မြင်သော ကျနော့်အမြင်များကို ပြောဆိုနေခြင်းမျှသာ ဖြစ်ပါသည် ။ ကျနော်လည်း ပုထုဇဉ်လူသားပီပီ ကိလေသာအမှောင်မိုက်တွေနှင့် ထာဝရအမှန်နှင့်အမှား သစ္စာတရားလေးပါကို မမြင်နိုင်သေးပါ ။ လွပ်လပ်စွာသဘောထားကွဲလွဲနိုင်ကြပါသည် ။
ကျော်စွာ(18-12-2011)

စစ်အမှောင်ဖုံးကောင်းကင်မှာ လမင်းနဲ့အတူ ကြယ်စင်များ ရုန်းထွက်လင်းလက်ခြင်း
အတိတ်က စစ်အစိုးရ အဆက်ဆက်သည် တိုင်းပြည်ကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမရှိပဲနှစ်ပေါင်း ( ၂၀ ) ကျော် အုပ်ချုပ်ခဲ့သဖြင့် တော်တော် တော်ပါသည်ဟုချီးမွမ်းရမလိုလို ၊တော်တာတွေ တော်ပါတော့ဟု တားရမလိုလို ဖြစ်ခဲ့ပြီး စစ်ခေါင်းဆောင်များက မကောင်းတဲ့ဖက်မှာ တော်တာကို ကမ္ဘာက အသိအမှတ်ပြုခဲ့သည် ။
ယခင်စစ်အစိုးရ အဆက်ဆက်နှင့် လက်ရှိဦးသိန်းစိန်အစိုးရကို နှိုင်းယှဉ်ကာ မှန်မှန်ကန်ကန် သုံးသပ်ကြည့်လျှင် ထင်ထင်ရှားရှားတွေ့ ရမည်မှာ( ၈၈၈၈ )အာဏာသိမ်းစစ်အစိုးရမှသည် စစ်အစိုးရအဆက်ဆက်သည် တဖက်သတ်ရေးဆွဲသော၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီးသည့်အချိန်ထိ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိပဲ စစ်အုပ်စုမှ တိုင်းပြည်ကို ထင်ရာစိုင်းအုပ်ချုပ်ခဲ့သည်ကို တွေ့ရပေမည် ။
တိုင်းပြည်၏ အချုပ်အခြာအာဏာ ( ၃ ) ရပ်ဖြစ်သော ဥပဒေပြုမှုအာဏာ ၊ တရားစီရင်မှုအာဏာ ၊အုပ်ချုပ်မှုအာဏာ အရပ်ရပ်သည် အဖက်ဖက်တွင် ယိုယွင်းပျက်ဆီးလျက် ဖောက်ပြန်ခြစားမှုများ တောင်လိုပုံကာ နိုင်ငံနှင့် လူမျိုးမှာ ကမ္ဘာ့အလယ် အဖတ်ဆည်မရအောင် သိက္ခာကျလျက် ဆင်းရဲခြင်း စံချိန်တင်ခဲ့ပေသည် ။ စစ်အစိုးရ၏ ဖိနှိပ်ဖောက်ပြန်သည့် ယင်းအဖြစ်အပျက်များကို တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်ရှိသူများက မခံမရပ်နိုင်သည့်အဆုံး ရသည့်နည်းလမ်းပေါင်းစုံဖြင့် တော်လှန်ပုန်ကန်မှုများဖြစ်ခဲ့ပေရာ တိုင်းပြည်သည်နိုင်ငံရေး မတည်မငြိမ်ဖြစ်ကာ ငြိမ်းချမ်းရေး ပျောက်ဆုံးခဲ့ရပေသည် ။
တရားမျှတသော ဥပဒေများမရှိခြင်းကြောင့် စစ်အစိုးရအုပ်စုတွင်း၌ပင် အာဏာလုမှုများရှိခဲ့ပြီး အင်အားကြီးသူမှအင်အားနည်းသူကို ဖမ်းဆီးထောင်ချမှုများရှိခဲ့ပေသည်။ အာဏာနှင့်ရာထူးသည်ပင် မမြဲသော အနိစ္စ သင်္ခါရသဘောကို ဆောင်လျက် နေ့မြင် ညပျောက် ဖြစ်နေမှုကား စဉ်းစားဆင်ခြင်စရာ တရားသဘောတွေပါ မြန်မာ့နိုင်ငံရေးလောကတွင် ကပ်ပါလာရပေသည်။
ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင် ကြည့်ပါကလည်း မြန်မာပြည်၏ နှစ်ပေါင်း ( ၆၀ ) ကျော် ရေရှည် ပြည်တွင်းစစ်တွင် အချင်းချင်းစစ်ခင်းနေမှုက ဘယ်ရှုထောင့်ကကြည့်ကြည့် ဂုဏ်ယူစရာ တစ်ချက်မှမရှိပဲ ပြဿနာကို မဖြေရှင်းနိုင်သည့် မြန်မာလူမျိုးစုတစ်ရပ်လုံး ဦးနှောက် အသိဥာဏ်နည်းပါးရာရောက်နေပေသည် ။
နှစ်ပေါင်းများစွာ မှားယွင်းသောစနစ်အောက်မှာ ကပ်ပါလာသော ခါးသီးသည့်အတွေ့အကြုံများက အစိုးရ ၊ အတိုက်အခံ ၊နိုင်ငံတကာ အရာရာကို မယုံသင်္ကာစိတ်များဖြင့် လူထုမှ ချဉ်းကပ် အကဲဖြတ်ခဲ့ပေသည်။အတိတ်ကာလတွင် အတိုက်မခံ ဒီမိုကရေစီအင်အားစုသည် ယုံကြည်မှုကို စစ်အစိုးရနှင့်တည်ဆောက်ခဲ့ပေမဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရေးအစား လူထုက တန်ဖိုးထားလေးစားသော လူထုခေါင်းဆောင် ၊ တိုင်းရင်းသားခေါင်းဆောင် ၊ ကျောင်းသားခေါင်းဆောင်၊ ရဟန်းသံဃာ ခေါင်းဆောင် စသော ခေါင်းဆောင်အသီးသီးတို့ မတရားဖမ်းဆီး ထိမ်းသိမ်းခံ ခဲ့သည်မှာ အများအသိပင်ဖြစ်သည် ။
စစ်မှန်သော ငြိမ်းချမ်းရေးဆိုသည်မှာ အသံများတိတ်နေခြင်းဟု စစ်အစိုးရဖက်မှ တဖက်သတ် ဆုံးဖြတ် သုံးသပ်ကာ လူထုကိုဖိနှိပ်ခဲ့ပေသည် ။ သို့သော် လက်ရှိဦးသိန်းစိန်အစိုးရမှ အတိတ်က မှားယွင်းသော သမိုင်းသင်္ခန်းစာများကိုယူကာ ပြုပြင်ပြောင်းလဲခြင်းကို စတင်လုပ်ဆောင်ခဲ့ပေရာ လူထုခေါင်းဆောင်အသီးသီး ဖမ်းဆီးထိမ်းသိမ်းခံရာမှ လွတ်မြောက်လာရာ မြန်မာပြည်၏ စစ်အမှောင်ဖုံးကောင်းကင်မှာ လမင်းနဲ့အတူ ကြယ်စင်များ ရုန်းထွက်လင်းလက်လာရပေသည်။သို့သော် ပြည်တွင်းစစ်မီးနှင့်အတူ အကျဉ်းထောင်အသီးသီး၌ ဘ၀တူ နိုင်ငံရေး အကျဉ်းသားများ ဆက်လက်ရှိနေပေရာ အာရုဏ်ဦးကိုရောက်ဖို့ရာ အမှောင်ဆုံး သန်းခေါင်ညအား လွန်မြောက်ဖို့ရန် လူထုတရပ်လုံး အားကြိုးမာန်တက် တက်ညီလက်ညီ အားထုတ်ရပေမည် ။အမှောင်ဖုံးသော စစ်အာဏာရှင် စနစ်အထဲမှ ထွက်ပေါက်တစ်ခုအနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲသည်လည်း တစ်ခုအပါအ၀င်ဖြစ်ပေရာအစိုးရ ၊အတိုက်အခံ ပါတီတို့သည် ဒီမိုကရေစီကျင့်စဉ်အရ ရွေးကောက်ပွဲအတွက် လူထုအား အပြိုင်အဆိုင် စည်းရုံးနေကြသည်ကို တွေ့ရပေမည် ။
တိုင်းပြည်နှင့်လူထုကောင်းစားရေးကို ဦးထိပ်ထားလျက် ပြည်တွင်းငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ လွတ်လပ်မှု ၊ တရားမျှတမှုများ မြန်မာ့မြေပေါ် ပြန်လည်သက်ဝင် ရှင်သန်စေရေးအတွက် လူထုအား မမောမပမ်း အားသွန်ခွန်စိုက် စည်းရုံးနေသော မြန်မာ့ဒီမိုကရေစီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တလင်းမြေမှ ငြိမ်းချမ်းရေးအမေ လို လူထုတရပ်လုံးအတွက် လမင်းကြီးနှင့်အလားသဏ္ဍာန်တူလှပေသည် ။
အာဏာနှင့်ရာထူးအစား တိုင်းပြည်နှင့် လူထုကောင်းစားရေးကို လိုလားသော ( ၈၈၈၈ )မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏ ရွေးကောက်ပွဲစောင့်ကြည့်ရေးကွန်ယက်သည်ပင် လိုအပ်ချက် ကွက်လပ်တစ်ခုကို ဖြည့်လျက် နှစ်ပေါင်းများစွာ နား မျက်စိပိတ်ခံထားရသော လူထုအား တစုံတရာ ခွန်အားဖြစ်စေပေသည် ။ ယခုအချိန်တွင် လူမှုရေးလုပ်ငန်းများကို သာ အားသွန်ခွန်စိုက်လုပ်ဆောင်နေသော ( ၈၈၈၈ )မျိုးဆက်ကျောင်းသားခေါင်းဆောင်များသည်ပင် ကောင်းမွန်သောမြန်မာ့ နိုင်ငံရေး အခင်းအကျဉ်း အနာဂတ်တွင်ရှိလာပါက နောင်( ၁၀ )နှစ်အကြာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလောကမှ အသက်အရွယ်ကြောင့် အနားယူသွားခဲ့သော် တိုင်းပြည်အနာဂတ်တာဝန်များကို ပခုံးပြောင်းယူရန်လည်း ပြင်ဆင်ထားရပေဦးမည် ။ဆိုးဝါးလှသော စနစ်အောက်မှာ နှစ်ပေါင်းပျားစွာ လူမှုဒုက္ခမျိုးစုံကို ခါးစည်းခံနေရသောလုထုအား ဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရန် ဘက်ပေါင်းစုံမှ ကြိုးစားအားထုတ်နေကြသော ကိုမင်းကိုနိုင်ဦးဆောင်သော( ၈၈၈၈ )မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ၊ ပြည်သူချစ်သော အနုပညာရှင် ကိုကျော်သူ ၊ ကိုဇာဂနာ စသော အနုပညာရှင်များ ၊ အလုပ်သမား ၊လယ်သမားအရေးကိုဆောင်ရွက်နေသော မစုစုနွေး ၊ ကိုဖိုးဖြူတို့သည် အမှောင်ဖုံးကောင်းကင်မှ လင်းလက်တဲ့ ကြယ်စင်များဟု တင်စားမိပါသည် ။
လာမည့် ဧပြီလ ( ၁ ) ၂၀၁၂ မှာ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီ အရေးအတွက် မြေစမ်း ခရမ်းပျိုး ၊တာထွက်ကောင်းရမည့် ပထမခြေလှမ်းဖြစ်သည်မို့ အားလုံးမှ အလေးအနက်ထား စောင့်ကြည့်နေကြပေသည် ။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်မှသာ မြန်မာ့နိုင်ငံရေး အခင်းအကျဉ်းသည် အတိတ်ကလို ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမှ လွန်မြောက်နိုင်ပေမည် ဖြစ်သည် ။ သို့မှသာ အစိုးရနှင့် အတိုက်အခံကြား တူတာတွဲလုပ် မတူတာညှိနှိုင်းအဖြေရှာရင်း တိုင်းပြည်ကို နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးဖက်ပေါင်းစုံမှ မြင့်မားတိုးတက်အောင်ဆောင်ရွက်ရင်း မြန်မာတမျိုးသားလုံး သိက္ခာရှိရှိ ကမ္ဘာ့အလယ်တွင် ရပ်တည်နိုင်မည် ဖြစ်သည် ။  အကယ်၍သာ လက်ရှိအစိုးရသည် ဂငယ်ကွေ့ကာ နောက်ကြောင်းပြန်မလှည့်သော် အစိုးရနှင့် အတိုက်အခံပါတီများသည် လာမည့် ရွေးကောက်ပွဲဖြစ်သော ၂၀၁၅ အတွက် အနာဂတ်ရေးရာ ဒီမိုကရေစီရေးအတွက် ကောင်းမွန်သော မူဝါဒများချမှတ်ပြီး ကြိုတင်ပြင်ဆင်မှုများကိုလည်း တိုင်းပြည်နှင့်လူမျိုးအတွက် လုပ်ဆောင်မှုများပြုလုပ်ရင်း စစ်အမှောင်ဖုံးကောင်းကင်မှာ လမင်းနဲ့အတူ ကြယ်စင်များ ရုန်းထွက်လင်းလက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါသည် ။
အောင်ခိုင်မြင့်

အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအတွက် လွှတ်တော်နဲ့ ပြည်သူတို့မှာ တာဝန်ရှိ

တရားဥပဒေ စိုးမိုးရေးကို တကယ်တမ်း စတင် လုပ်ဆောင်ရတဲ့ နေရာဟာ ဥပဒေပြု လွှတ်တော် ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးနိုင်မှ --- ထပ်ပြီး ပြောရရင် အစိုးရနဲ့ လူထု နှစ်ရပ်စလုံးအပေါ် တရားဥပဒေ စိုးမိုးနိုင်မှ အဂတိ လိုက်စားတာ အပါအဝင် အခြားကိစ္စပေါင်းများစွာကို တိုက်ဖျက်နိုင်မှာ၊ ပြုပြင်နိုင်မှာ  ဖြစ်ပါတယ်။ 
အဂတိလိုက်စားမှုကို တိုက်ဖျက်ရာမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရ အစိုးရရဲ့ အမိန့်၊ ကြေညာချက်၊ စည်းကမ်းတွေနဲ့ မလုံလောက်တဲ့အတွက် ဥပဒေပြဌာန်းပေးရတာ ဖြစ်ကြောင်း ရှင်းသွားပါပြီ။
ဒါဟာ ရှက်စရာကိစ္စ မဟုတ်ဘဲ ဂုဏ်ယူစရာသာ ဖြစ်ပါတယ်။ ဝမ်းသာအားရ ကြိုဆိုရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ နိုင်ငံတိုင်းဟာ အဂတိလိုက်စားမှုကို တိုက်ဖျက်နေကြပြီး ကောင်းသထက်ကောင်းအောင် ပြုပြင်ရင်းနဲ့ ဂုဏ်ယူနေကြပါတယ်။  
မြန်မာနိုင်ငံမှာ အခုဆိုရင် လွှတ်တော်ဟာ မှန်ကန်တဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ ခြေချနိုင်ဖို့ အားယူနေပါပြီ။ နည်းနည်းတော့ ဒယိမ်းဒယိုင် ဖြစ်နေတာ ရှိပါတယ်။ ပိုပြီးအားကောင်းလာစေဖို့ နိုင်ငံရေးသမားကောင်းတွေကို အားဖြည့်ရမှာ ဖြစ်ပါတယ်။ အရည်အချင်း မပြည့်ဝသူတွေနေရာမှာ ပြည့်ဝသူတွေနဲ့ အစားထိုးရမှာလည်း ဖြစ်ပါတယ်။
လွှတ်တော်မှန်သမျှဟာ ပြည်သူ့အကျိုးစီးပွားကိုသာ ဦးထိပ်ပန်ဆင် သယ်ပိုးနေတာ ဖြစ်တယ် ဆိုတဲ့ ခံယူချက်ကို ပြည်သူကို ကိုယ်စားပြု ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော်အမတ်တွေက အမြဲသက်သေထူ ထိန်းသိမ်းနေရမှာ ဖြစ်ပါတယ်။
မကြာခင် ထွက်လာတော့မယ့် အဂတိ တိုက်ဖျက်မှု ဥပဒေကြမ်းကို ပြည်သူတွေအားလုံးက လေ့လာကြပါ။ လိုအပ်တာတွေကို ပြတ်ပြတ်သားသား ထောက်ပြကြပါ။ အဂတိလိုက်စားမှုကို ဒီတကြိမ်မှာ လုံးဝ အမြစ်ပြတ် တိုက်ဖျက်နိုင်မှ မြန်မာနိုင်ငံဟာ ဂျပန်၊ စင်ကာပူတို့လို ခိုင်မာတဲ့ တိုးတက်ဖွံ့ဖြိုးမှုမျိုးကို မြန်မြန်ဆန်ဆန် ရယူနိုင်မှာ ဖြစ်ပါတယ်။ ဆုံးရှုံးသွားတာတွေကိုလည်း ပြန်လည်ရယူနိုင်မှာ ဖြစ်ပါတယ်။
စက်မှုစီမံကိန်းတွေ ဘယ်လောက်ပဲကောင်းကောင်း၊ နိုင်ငံခြားနဲ့ နိုင်ငံပိုင် ငွေရင်းမြှပ်နှံမှုတွေ ဘယ်လောက်များများ အဂတိ လိုက်စားမှုတွေ ရှိနေသရွေ့ တိုင်းပြည်မတိုးတက်ဘဲ ခရိုနီတွေသာ ကြီးပွားချမ်းသာသွားမှာ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုကိုလည်း ဘယ်တော့မှ တိုက်ဖျက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကိုကြည့်ရင် ဘာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ လိုအပ်သလဲလို့ သိနိုင်ကြမှာ ဖြစ်ပါတယ်။
ပြည်သူတွေမှာ အစိုးရကို ဝိုင်းဝန်း တည့်မတ် ထိန်းကျောင်းဖို့ တာဝန်ရှိပါတယ်။ လုပ်ပိုင်ခွင့်လည်း ရှိပါတယ်။ ဒီမိုကရေစီ နိုင်ငံရေးစနစ်မှာ အစိုးရကို ပြည်သူတွေက ရွေးချယ်ထားတာ ဖြစ်ပြီး၊ အစိုးရဘက်က တာဝန်မကျေရင် နောက်ထပ် အစိုးရအသစ်နဲ့ အစားထိုးပိုင်ခွင့်တောင် ရှိပါတယ်။ 
ပြည်သူတွေ မပါရင်၊ ပြည်သူတွေက လစ်လျူရှုထားရင် အစိုးရကို လုပ်ချင်သလိုလုပ်ဖို့ ခွင့်ပြုထားသလို ဖြစ်သွားနိုင်ပါတယ်။ အရှင်းဆုံးကတော့ … ပြည်သူက အစိုးရကို ကြိုးဆွဲ တည့်မတ်ပေးရတာသာဖြစ်ပြီး အစိုးရက ပြည်သူကို ကြိုးဆွဲ ထိန်းကျောင်းပေးရတာ မဟုတ်ပါဘူး။
ဥပဒေပြု လွှတ်တော်က ဥပဒေပြုရပါတယ်။ ဒီအတွက် ပြည်သူတွေက လုပ်ပိုင်ခွင့်အာဏာ (Mandate) ပေးထားတာ ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်အာဏာကို ပြည်သူတွေအတွက် မှန်မှန်ကန်ကန်  အကျိုးဖြစ်ထွန်းစေအောင် လွှတ်တော်အမတ်တွေကို ပြည်သူတွေက ရွေးချယ်တင်မြှောက်ရတယ်လို့ လူအများ သိနေကြပါတယ်။ ဒါ့အပြင် လိုအပ်သလို ထိန်းကျောင်း တည့်မတ်ပေးရသေးတာကိုလည်း သိထားကြရပါမယ်။ စစ်အစိုးရကနေ အရပ်သားအစိုးရကို ပြောင်းလာရုံနဲ့ ဒီမိုကရေစီလို မခေါ်နိုင်သေးပါဘူး။ အာဏာရှင်စနစ် အောက်ကနေ လွတ်မြောက်လာရုံနဲ့လည်း ဒီမိုကရေစီ ပန်းတိုင်ရောက်ပြီလို့ မဆိုနိုင်သေးပါဘူး။ အသွင်ကူးပြောင်းရေးကာလမှာ ကနဦးအနေနဲ့ ရွေးကောက်ပွဲ၊ နိုင်ငံရေးပါတီများ၊ အခြေခံဥပဒေ၊ လွှတ်တော်၊ ရပိုင်ခွင့်များစတဲ့ ဒီမိုကရေစီ အခြေခံတွေ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါ့အပြင် လွတ်မြောက်ခြင်း နှစ်ခုနဲ့လည်း ထပ်မံ ပေါင်းစပ်ဖို့ အရေးကြီးပါတယ်။ ပထမလွတ်မြောက်ခြင်းဟာ လူတိုင်း အကြောက်တရားမှ လုံးဝ လွတ်မြောက်ခြင်း ဖြစ်ပြီး ဒုတိယလွတ်မြောက်ခြင်းတော့ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှုမှ လွတ်မြောက်ခြင်း ဖြစ်ပါတယ်။
 လွင်အောင်စိုး

Facebook ၀င်ထွက်မှု လုံခြုံရေးနည်းလမ်း--by ဖိုးဝလုံး အတွဲ ၂၉ ၊ အမှတ် ၅၆၁ (၁၆ - ၂၂ ၊ ၃၊ ၂၀၁၂)

နေ့စဉ်အင်တာနက်သုံးစွဲမှုတွေထဲက လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Facebook ဟာ လူကြီးလူငယ်နဲ့ မိသားစုတွေ တစ်ဦးနဲ့ တစ်ဦး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ အချင်းချင်းပေးပို့ဖလှယ်ကြရုံသာမက နိုင်ငံရေးမဲဆွယ် စည်းရုံး လှုပ်ရှားမှုတွေအတွက်ပါ အသုံးများ လာကြပါတယ်။

ဒါကြောင့် မိမိရဲ့ Facebook Account ကို လုံခြုံရေးအရ သေသေချာချာ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

ကွန်ပျူတာသုံးစွဲသူအများစုအနေနဲ့ ကိုယ့်ရဲ့ Account ကို ၀င်ထွက်ရာမှာ သတိထားသင့်တဲ့အချက်တွေရှိပါတယ်။

၁။ Keylogger လုံခြုံရေး

Keylogger ဆိုတာ ကိုယ်အသုံးပြုတဲ့ ကွန်ပျူတာမှာ ကီးဘုတ်ကရိုက်သမျှ စာတွေကို မှတ်သားသိမ်းယူတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ မိမိအသုံးပြုနေတဲ့ ကွန်ပျူတာမှာ Keylogger ရှိ မရှိ အလွယ်တကူမသိနိုင်တာကြောင့် ကိုယ့်ရဲ့ Account လုံခြုံရေး စကားဝှက်တွေ အလွယ်တကူ ရရှိသွားနိုင်ပါတယ်။ ဒါကြောင့် Keylogger ရန်က ကာကွယ်နိုင်ဖို့အတွက် OSK (On Screen Keyboard) ကို သုံးသင့် ပါတယ်။ OSK Tool u Windows 2000 မှ စပြီး ယခုနောက်ပေါ် Windows 7 အထိ အလိုအလျောက်ပါဝင်တာမို့ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ Run Box ကနေ OSK လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက် တာနဲ့ ကီးဘုတ်ပုံ ၀င်းဒိုးပေါ်လာပါလိမ့်မယ်။ Login ၀င်မယ့် User Name နဲ့ Password နေရာမှာ Cursor ထားပြီး ကီးဘုတ်ပုံ ၀င်းဒိုးပေါ်က Key တွေကို Mouse နဲ့နှိပ်ပြီးအသုံးပြု နိုင်ပါတယ်။

၂။ Login Notifications

Login Notifications က Facebook မှာ လုံခြုံရေးအတွက် ပေးထားတဲ့ Feature တစ်ခုဖြစ်ပါတယ်။ ဒီ Feature က ကိုယ့်ရဲ့ Account ကို ၀င်လိုက်တာနဲ့ နေရာ Verification တောင်းပြီး ကိုယ်အသုံးပြုတဲ့အီးမေးလ်ကို Notice ပေးပို့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Account ၀င်ထွက်မှုနဲ့ပတ်သက်ပြီး အလွယ်တကူ သိရှိနိုင်တဲ့အတွက် ကိုယ်မသုံးဘဲ ဘယ်သူတွေ ၀င်ထွက်သွားသလဲဆိုတာ ချက်ချင်း သိနိုင်တဲ့အတွက် Facebook မှာ ဒီ Feature ကို ON ထား သင့်ပါတယ်။ Facebook ကို Login ၀င်ပြီးသွားရင် Account Settings ကို နှိပ်ပါ။ လက်ဝဲဘက်အပေါ်ထောင့်မှာရှိတဲ့ Security ကို နှိပ်ပါ။ Login Notification က Edit ကို နှိပ်ပါ။ Email Checkbox ကို နှိပ်ပြီးရွေးချယ်ပါ။ ပြီးရင် Save Change ကိုနှိပ်ပါ။ ဒါဆိုရင် Feature ကို ON ပြီးသွားပါပြီ။ Logout လုပ်ပြီး ပြန်ဝင်တာနဲ့ နေရာ Verification တောင်းမှာဖြစ်ပြီး ကိုယ်သုံးတဲ့နေရာကို ရိုက်ထည့်ပြီးဝင်ရမှာဖြစ်ပါတယ်။ Login ၀င်သွားတာနဲ့ ကိုယ့်ရဲ့ Gmail ကို Notic ရောက်သွားမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ပါတယ်။

လူထုဒေါ်အမာ (သို့မဟုတ်) ပြည်သူချစ်သော စာရေးဆရာမကြီး

“အမေ လူထုဒေါ်အမာ”၊ “ဒေါ်ဒေါ်”၊ “လူထုဒေါ်အမာ” ဟု စာပေနယ်မှ စာရေးဆရာများသာမက ပြည်သူလူထုကပါ ချစ်ခင် လေးစားစွာ တရင်းတနှီး ခေါ်ဆိုခဲ့ကြသော စာရေးဆရာမကြီး လူထုဒေါ်အမာသည် ၂ဝဝ၈ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ နံနက် ၈ နာရီ ၃၇ မိနစ်တွင် မန္တလေး ပြည်သူ့ဆေးရုံ၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်၌ အသက် ၉၃ နှစ်ရှိပြီဖြစ်သည်။ ဆရာမကြီး လူထုဒေါ်အမာသည် ကွယ်လွန်ချိန်အထိ ပြည်သူအကျိုးပြု စာရေးဆရာ၊ သတင်းစာဆရာမကြီးဖြစ်သည်။
စာရေးဆရာမကြီး လူထုဒေါ်အမာကို မန္တလေးမြို့၊ လက်ဆည်ကန် ဂုန္တာန်ရပ်၌ အဖဦးထင်၊ အမိဒေါ်စုတို့မှ ၁၉၁၅ နိုဝင်ဘာလ ၂၉ ရက် နေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း ၁၂ ယောက်အနက် စတုတ္တမြောက်သမီးဖြစ်သည်။ အမည်ရင်းမှာ “အမာ” ဖြစ်သည်။
၁၉၂ဝ-၂၃တွင် ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်း၌ ဒုတိယတန်းအထိပညာသင်ခဲ့သည်။ ၁၉၂၃- ၃၁ တွင် အမျိုးသမီးနေရှင်နယ် ကျောင်း နှင့် အေဘီအမ် ကျောင်း၌ တတိယတန်းမှ နဝမတန်းအထိ ဆက်လက်ပညာသင်သည်။
မန္တလေးဗဟိုအမျိုးသားကျောင်းသို့ ဆက်လက်ပညာသင်ကြားကာ ဆယ်တန်းအောင်မြင်ခဲ့သည်။ ၁၉၃၃-၃၅ တွင် မန္တလေး ဥပစာကော လိပ်သို့ ဓာတု၊ ရူပ၊ သင်္ချာဘာသာတွဲယူကာ တက်ရောက်သင်ကြားခဲ့သည်။
၁၉၃၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘီအေအငယ်တန်းတက်ခဲ့သည်။ အင်းလျားဆောင်သဟာသနှင့် စာဖတ်အသင်း အတွင်းရေးမှူးအဖြစ် လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။ အသက်၂ဝ ကပင် နဂါးနီသတင်းစဉ်၊ အိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်း၊ ဘားမားဂျာနယ်တို့တွင် “ခင်လှဝင်း”၊“မြမဉ္ဇူ”၊ “အမာ”၊ “အင်းလျားဆောင်သူတစ်ဦး” စသည့် ကလောင်ခွဲများဖြင့် ဝတ္ထု၊ ဆောင်းပါးများ ရေးသားခဲ့သည်။
အထူးသဖြင့် “မြမဉ္ဇူ” ကလောင်အမည်ဖြင့် ကြီးပွားရေးမဂ္ဂဇင်းတွင် ဘာသာပြန်ဝတ္တုတိုကလေးများ အများအပြား ရေးသားခဲ့ရာမှ ကြီးပွား ရေးဦးလှ (နောင် လူထုဦးလှ) နှင့် စတင်သိကျွမ်း ခင်မင်ရင်းနှီးခဲ့သည်။ ယင်းနှင့် ပတ်သတ်၍ ဆရာမကြီး လူထုဒေါ်အမာက -
“ဒီဝတ္တုကလေးတွေဟာ တခြားလူတွေအဖို့တော့ “သြော်ဒေါ်အမာ အသက်၂ဝ ကျော် ငယ်ငယ်ကရေးခဲ့တဲ့လက်ရာတွေကိုး” လို့ သာမန်ပဲ အောက်မေ့ပါလိမ့်မယ်။ ကျွန်မအဖို့တော့ ဒါလေးတွေကိုမြင်တော့ စာပေနယ်ထဲကို ကလောင်ကိုင်ပြီး ရဲရဲလှမ်းဝံ့အောင် ဦးလှ အားပေး အား မြှောက်ပြုခဲ့ပုံ၊ လက်တွဲခေါ်ခဲ့ပုံကို ပြန်မြင်ယောင်မိတယ်။ တချို့ဝတ္ထုကလေးတွေကို သူနဲ့ကျွန်မ အသိမိတ်ဆွေဘဝမှာ ရေးပါ၊ ရေးပါ သူ တိုကတွန်းအားပေးလို့ ရေးခဲ့တာလေးတွေပါ။ တချို့ဝတ္ထု က လေးတွေကတော့ သူနဲ့ကျွန်မမိတ်ဆွေနယ်ပယ်ကိုကျော်ပြီး ဝါသနာချင်းတူတယ်၊ အမြင်ချင်းတူတယ်၊ ဘဝကြင်ဖော်အဖြစ် လက်တွဲရရင်ကောင်းမယ်လို့ ကြံစည်စိတ်ကူးပြီး အမြင်ချင်း ညှိကြဆဲ၊ ဖလှယ်ကြဆဲ အချိန်တွေက ရေးပေးခဲ့တာတွေပါ။ တချို့ကတော့ သူနဲ့ အကြောင်းပါပြီးမှ ရေးခဲ့တာတွေပါ။ ဒါကြောင့် ဒီဝတ္ထုတိုလေးတွေကို ပြန်စုပြီးဖတ်ရတဲ့အခါ အဲဒီ ကာလကစပြီး နှစ် ၄ဝ လုံးလုံး စာပေတာဝန်တွေ လက်တွဲပြီးထမ်းခဲ့ကြတာတွေကိုလည်း သတိရတယ်။ ခင်ပွန်းသည်ရဲ့ စာပေကျေးဇူး ကြီး မားပုံတွေကိုလည်း သတိရ ကျေးဇူးတင်ရပါတယ်။” ဟူ၍ ၂ဝဝ၆ ခုနှစ် ဧပြီလထုတ် မြမဉ္ဇူဝတ္ထုတိုများ စာအုပ်အမှာတွင် ရေးသားထားလေသည်။
၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်း နောက်ဆုံးနှစ်စာမေးပွဲကျရှုံးပြီးနောက် ကျောင်းထွက်ခဲ့သည်။ ထို့နောက် မန္တလေးမြို့ ၈၄ လမ်းတွင် “မြန်မာ စက္ကူဆိုင်” ဖွင့်လှစ်သည်။
၁၉၃၈ ခုနှစ်တွင် မောရစ်ကောလစ် (Maurrice Collis) ရေးသားသည့် Trialas in Burma စာအုပ်ကို “မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှု အခင်းများ” အမည်ဖြင့် မြန်မာပြန်ဆို ထုတ်ဝေခဲ့သည်။
၁၉၃၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ တွင် ကြီးပွားရေးဦးလှနှင့်လက်ထပ်ခဲ့သည်။ ၁၉၄ဝ တွင် မောရစ်ကောလစ်၏ Sandanala ကို စန္ဒမာလာ အ မည်ဖြင့် မြန်မာပြန်ဆိုခဲ့သည်။ အဆိုပါစာအုပ်သည် ဗြိတိသျှလူမျိုးအနေနှင့် မြန်မာအဆန်ဆုံး အတွေးအခေါ်နှင့်ရေးထားသော မြန်မာ နောက်ခံဝတ္ထုဖြစ်ပြီး ဝတ္တုတွင် အဓိကဇာတ်ဆောင်များမှာ အိုင်ယာလန်လူမျိုး ပန်းချီဆရာကလေးနှင့် မြန်မာမင်းမျိုးမင်းနွယ် အမျိုးသမီး ကလေးတို့ဖြစ်သည်။ ဤဝတ္တုတွင် စာရေးဆရာသည် ဇာတ်လမ်းကို နှစ်သက်ဖွယ်ဖြစ်အောင်၊ အရေးအသားကို နှစ်ခြိုက်ဖွယ်ဖြစ်အောင် ရေးဖွဲ့ထားသည့်အပြင် ဗြိတိသျှကိုလိုနီစနစ်နှင့် ဗျူရိုကရေစီကျင့်ထုံးကို ဆန့်ကျင်တိုက်ခိုက်ထားလေသည်။ မြန်မာတို့၏ နှစ်သက်ဖွယ် အလေ့အထများကို ရှေ့တန်းတင်ပေးထား၏။
အဆိုပါစာအုပ်ကို ဘာသာပြန်ခဲ့သော လူထုဒေါ်အမာကလည်း – “စန္ဒမာလာဟာ စိတ်ကူးယဉ်ဝတ္တုအနေနဲ့တော့ ဇာတ်လမ်းက ဆွဲဆောင်မှု တော်တော်ရှိပါတယ်။ ဖတ်မိရင် မချချင်အောင်ဘဲ ကောင်းပါတယ်။ ဒီစာအုပ်မှာ ဝတ္ထုဇာတ်လမ်းထက် ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာက တော့ နယ်ချဲ့သမားရဲ့ ကိုလိုနီယန္တရားလည်ပတ်ပုံ တစ်စိတ်တစ်ဒေသကို ဖွင့်ဟထားတဲ့ အပိုင်းပါပဲ။ နယ်ချဲ့ရဲ့ ကိုလိုနီသူ့ကျွန်ဘဝကို မသိမီလိုက်ဘဲ ကိုလိုနီပုံစံသစ်ကိုသာ ကြားသိနေရတဲ့ လူငယ်လူရွယ်တွေအဖို့ ကိုလိုနီယန္တရားထဲမှာတော့ ပြင်သစ်နဲ့လည်းမတူ၊ ပေါ်တူဂီနဲ့ လည်း မတူ၊ ဒတ်ခ်ျနဲ့လည်း မတူ၊ အမေရိကန်နဲ့ လည်းမတူ၊ အညက်ညောဆုံးလည်ပတ်နိုင်တဲ့ ဗြိတိသျှစနစ်လို့ အမည်ရခဲ့တဲ့ ကိုလိုနီစနစ် ဘယ်လောက်ညစ်ပတ်စုတ်ပဲ့တယ်ဆိုတာကို တွေ့ပါလိမ့်မယ်။ မစ္စတာကောလစ်က သူ့ဇာတ်လမ်းဟာ ဝတ္ထုကောင်းပါ။ တကယ် မဟုတ်ပါ ဘူးလို့ဆိုပေမယ့် သူရေးခဲ့တဲ့ Trials in Burma စာအုပ်ကို ဖတ်မိရင် “စန္ဒမာလာ”ထဲ က ကိစ္စထဲကမျိုးတွေ တကယ်ကြုံတွေ့ရလို့ တနည်းတဖုံ သူက ဝတ္ထုထဲမှာ ခြယ်မှုန်းပြနိုင်တာပဲဆိုတာ သဘောပေါက်နိုင်ပါတယ်။ ပြီးတော့ မစ္စတာကောလစ်က စာအရေးကောင်းတစ် ယောက် မဟုတ်လား။ အဲဒီတော့ ဒီဝတ္ထုဟာ ဖတ်ပျော်တဲ့ဝတ္ထုတစ်ပုဒ်လို့တော့ ဆိုနိုင်ပါသေးရဲ့” ဟု စာအုပ်အမှာ၌ ရေးသားထားလေသည်။
၁၉၄၂-၄၄ ဒုတိယကမ္ဘာစစ်အတွင်း၌ ကပိုင်ရွာသို့ ခေတ္တပြောင်းရွှေ့နေထိုင်ပြီး စာအုပ်ထုတ်ဝေရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်သည်။ ၁၉၄၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် “လူထုဂျာနယ်” စတင်ထုတ်ဝေသောအခါ လက်ထောက်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ တစ်ဖက်မှလည်း Ashihel Hino အပိုင်း ၄ မှ Wheat and Soilder ကို “ဂျုံနှင့်စစ်သား” အမည်ဖြင့်လည်းကောင်း၊ Wanada Wasilewska ၏ The Rainbow ကို “သက်တန့်ရောင်” အမည်ဖြင့် မြန်မာပြန်ရေးသားထုတ်ဝေခဲ့သည်။
လူထုဂျာနယ် ထုတ်ဝေပြီး ၉ လနှင့် ၄ ရက်အကြာ ၁၉၄၆ ခုနှစ်၊ ဧပြီလ၁၉ တွင် လူထုသတင်းစာ စတင်ထုတ်ဝေသောအခါ အယ်ဒီတာအဖွဲ့ဝင် အဖြစ် ထမ်းရွက်ခဲ့သည်။ သတင်းစာ၌ “ဖခင်အောင်နိုင်” ကလောင်ခွဲဖြင့် “ဆွေးနွေးခန်း” ကို ပင်တိုင်ဆောင်းပါးရှင်အဖြစ် ရေးသားသည်။ ဤသို့ဖြင့် လူထုသတင်းစာတွင် လူထုဦးလှနှင့်အတူ လွတ်လပ်ရေးအတွက် ဖဆပလအာဘော်တမျှ ရေးသားတိုက်ပွဲဝင်ခဲ့ရာမှ “လူထု ဒေါ် အမာ” ဟူ၍ ထင်ရှားလာခဲ့သည်။
ထိုနှစ်မှာပင် Gunther Stein ၏ The Challenge of Red China စာအုပ်ကို “ကွန်မြူနစ် တရုတ်ပြည် အင်အားပြိုင်ပွဲ” အမည်ပေး၍ ဘာ သာပြန်ထုတ်ဝေခဲ့သည်။
ထို့နောက် လူထုသတင်းစာကို ၁၉၅ဝ နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြန် လည်ထုတ်ဝေခဲ့သည်။ ၁၉၅၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင် ဒိန်းမတ် နိုင်ငံ ကိုပင်ဟေပင်မြို့၌ ကျင်းပသော ကမ္ဘာ့ဒီမိုကရက်တစ် အမျိုးသမီးညီလာခံသို့လည်းကောင်း၊ ဟန်ဂေရီ နိုင်ငံ၊ ဘူဒါပတ်မြို့၌ ၁၉၅၃ ခုနှစ်၊ ဇွန် ၁၆ ရက်တွင် ကျင်းပခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံသို့လည်းကောင်း၊ ရူမေးနီးယားနိုင်ငံ ဘူခါရက်ခ်မြို့၌ ၁၉၅၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင်ကျင်းပခဲ့သော ဒုတိယအကြိမ် ကမ္ဘာ့လူငယ်နှင့် ကျောင်းသားပွဲသို့လည်းကောင်း တက်ရောက်ခဲ့သည်။
၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ဆိုဗီယက် အေရိုဖလုတ် လေကြောင်းဖွင့်ပွဲတွင် သတင်းစာဆရာကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခံရ၍ မော်စကိုသို့သွားရောက်ခဲ့ပြီး အပြန်တွင် အရှေဂျာမနီ၊ ချက်ကိုစလိုဗက်ကီးယားနှင့် တရုတ်ပြည်သူ သမ္မတနိုင်ငံများသို့ လှည့်လည်ခဲ့သည်။
၁၉၆၃ ခုနှစ်တွင် “ဆိုရှယ်လစ်တိုင်းပြည်များသို့” C.wright Mill ၏ Listen Yankees“အိုယန်းကီးတို့” အမည်ဖြင့်လည်းကောင်း၊ Anna Lewis Strong ၏ Cash “ငွေနှင့်လက်နက်” အမည်ဖြင့်လည်းကောင်း စသည့်စာအုပ်များကို ရေးသားထုတ်ဝေသည်။ “ဆိုရှယ်လစ် တိုင်းပြည်များသို့” စာအုပ်သည် ဆိုဗီယက်၊ အရှေ့ဂျာမနီ၊ ချက်ကိုစလိုးဗက်ကီးယား၊ တရုတ်နိုင်ငံများသို့ နှစ်လနီးပါး ခရီးလှည့်လည်ရာမှ ကြုံတွေ့ခဲ့ရသော ပြည်သူတို့ဘဝ၊ စက်မှုလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ယဉ်ကျေးမှုသဘောထားများကို တင်ပြထားသောစာအုပ်ဖြစ်သည်။
၁၉၆၄ ခုနှစ်တွင် “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ် ကိုထုတ်ဝေရာ ၁၉၆၄ ခုနှစ်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေပထမဆုကို ရရှိခဲ့သည်။ အဆိုပါစာအုပ်တွင် သတင်းကြီးသည့် မင်းသမီး မထွေးလေး၊ ရုပ်သေးမင်းသမီး ဆရာပုကြီး၊ မြခြေကျင်း မငွေမြိုင်၊ ကောလိပ်စိန် ခေါ် မမြလွင်၊ နေမျိုးဗလကျော်သူဘွဲ့ရ ရွာစားကြီး စိန်ဗေဒါ၊ နန်းတော်ရှေ့ ဆရာတင်၊ အသံမင်းသမီး လေဘာတီ မမြရင်၊ မြို့မငြိမ်း စသည့်အနုပညာသည် ရှစ်ဦးတို့၏ စိတ်ဝင်စားဖွယ်ဘဝဖြစ်စဉ်များကို ယင်းတို့၏သီချင်းများနှင့်အတူ ပူးတွဲဖော်ပြရေး သားထားလေသည်။ ဤအနုပညာသည် ရှစ်ဦးမှာ ဇာတ်၊ ရုပ်သေး၊ အငြိမ့်၊ ဆိုင်းနှင့် သီချင်းရေးဆရာများဖြစ်၍ ခြုံ၍ဆိုရသော် သဘင်နယ်မှ အနုပညာသည်များအကြောင်း ရေးသားထားခြင်းဖြစ်သည်။ ထိုသို့ ရေးသားရာ၌ ထိုပုဂ္ဂိုလ်များ၏ အနုပညာများကို လုပ်သားပြည်သူတို့က မည်ကဲ့သို့ နှစ်ခြိုက် စွဲလမ်းခဲ့ကြရသည်၊ မည်မျှ ကြည်နူးနှစ်သိမ့်ခဲ့ကြရသည်ကို ဦးစားပေး၍ထားလေသည်။
၁၉၆၆ ခုနှစ်တွင် Edgar Snow ကို The Other Side of The River ကို “ဘဝ ခြင်းမတူသည့် တရုတ်ပြည်” အမည်ဖြင့် ဘာသာပြန်ဆို၍ နှစ်တွဲခွဲထုတ်ဝေခဲ့သည်။
၁၉၆၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် လူထုသတင်းစာ ရပ်စဲခံရသည်။ ထိုနှစ်မှာပင် “အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံး” စာအုပ်ကို ရေးသားထုတ်ဝေသည်။ ၁၉၆၉ ခုနှစ်တွင် “ရွှေရိုး၊ ဘကလေး” (နှစ်တွဲ) စာအုပ် ထုတ်ဝေခဲ့သည်။ ၁၉၇ဝ ခုနှစ်တွင် ရွှေမန်းတင်မောင်စာအုပ်ကို ပြုစုထုတ်ဝေသည်။ အဆိုပါ စာအုပ်နှင့်ပတ်သတ်၍ ဆရာမကြီးက “ရွှေမန်းတင်မောင်ကတော့ ကျွန်မရေးသမျှလူတွေထဲက ကျွန်မနဲ့ အရင်းနှီးဆုံး၊ သူ့အကြောင်း အရာကို အသိဆုံးတစ်ယောက်ပေါ့။ နို့ပေမယ့် ဒီလိုသိရုံနဲ့ စာတစ်အုပ်ဖြစ်အောင် ရေးလို့ရတာမဟုတ်သေးဘူး။ သူနဲ့ လုပ်ဖော်ကိုင်ဖက် အားလုံးကို ခေါ်တွေ့ရသေးတယ်”ဟု ဆိုသည်။
ထို့နောက် ၁၉၇ဝ ခုနှစ်၊ မတ်လ ၃ ရက်နေ့၌ မန္တလေး ကွန်းသာယာ စာတမ်းဖတ်ပွဲ၌ “ဗမာ့ ဖန်ကျီလုပ်ငန်း” စာတမ်းကို ဖတ်ကြားသည်။ ၁၉၇၁ ခုနှစ်တွင် မန္တလေးဓမ္မဗိမာန်၌ “ကနေ့ ဗမာ့သဘင်အခြေအနေ” စာတမ်းကို ဖတ် ကြားသည်။ ၁၉၇၂ ခုနှစ် မန္တလေး နိုင်ငံတကာစာအုပ်နှင့် စာတမ်းဖတ်ပွဲ၌ “ကမ္ဘာ့အကြီးဆုံးစာအုပ်” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားသည်။
၁၉၇၃ ခုနှစ်တွင် ‘အငြိမ့်’စာအုပ်ကို နှစ်တွဲခွဲ၍ ရေးသားထုတ်ဝေခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် “ရွှေဒေါင်းတောင် ဆောင်းပါးများ” စာအုပ်ကို ထုတ်ဝေသည်။ ၁၉၇၆ ခုနှစ်၊ စက်တင်ဘာလတွင် “ဆရာကြီးသခင်ကိုယ်တော်မှိုင်း” စာအုပ်ကို ရေးသားထုတ်ဝေသည်။ ယင်းနှစ် သြဂုတ် ၁၉ တွင် ဟံသာဝတီသတင်းစာတိုက်၌ ကျင်းပသည့် “စနေစာပေဝိုင်း” စာတမ်းဖတ်ပွဲတွင် “အတ္တုပတ္တိစာပေ” စာတမ်းဖတ်ကြားသည်။
၁၉၇၈ ခုနှစ် Chester Ronning ၏ A memoir of China in Revolution ကို “တော်လှန်တဲ့တရုတ်ပြည် ကျွန်တော်မှတ်မိသမျှ” အမည်ဖြင့် ဘာသာပြန် ရေးသားထုတ်ဝေခဲ့သည်။
၁၉၈၂ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် နှစ်ပေါင်း ၄ဝ ကျော် ပေါင်းသင်း လာခဲ့သောခင်ပွန်းသည် လူထုဦးလှ ကွယ်လွန် သွားခဲ့သည်။ ၁၉၈၄ ခုနှစ်၊ မတ်လ၄ ရက်နေ့တွင် မန္တလေးမီးကြီးအတွင်း ကြီးပွားရေးစာအုပ်တိုက်၊ ပုံနှိပ်တိုက်၊ စက္ကူသိုလှောင်ရုံ၊ စာအုပ်သိုလှောင်ရုံများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြန်သည်။ ဤသို့ လောကဓံတရား၏ ရိုက်ပုတ်မှုဒဏ်ကို ကြံ့ကြံ့ခံရင်း မိမိယုံကြည်မှုပန်းတိုင်ကို ဆက်လက် လျှောက် လှမ်းခဲ့သည်။ ထိုစဉ်က မုဆိုးမဘဝ၌ တစ်ဦးတည်း မိမိယုံကြည်ချက်ကိုမသွေဖီဘဲ မိမိစာပေလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေသည့် အခြေအနေနှင့်ပတ်သတ်၍ ဆရာမောင်ထင်က သူ၏ “ပုဂ္ဂလအဘိဓာန်” ၌ “ဒေါ်အမာကို ဦးလှနှင့်အကြောင်းပါသည့်နေ့မှစ၍ သိခဲ့ကျွမ်း ခဲ့သည်ဆိုသော်လည်း “စာသိ” သာသိပါသည်။ လူချင်းတော်တော်နှင့် မဆုံမိပါ။ ကျွန်တော်တွေ့ရသောဒေါ်အမာသည် မာမာပါပဲ။ လောက ဓံလေလှိုင်းကြားထဲမှာ သူသည် ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ခဲ့သည်။ ဦးလှကို ကျွန်တော်ပေါင်းသင်းခဲ့သည်မှာ ညီအစ်ကိုကဲ့သို့ဖြစ်သည်။ ထို့ ကြောင့် ဒေါ်အမာကို ကျွန်တော်က မောင်နှမကဲ့သို့ခင်သည်။
ထို့နောက် ကာလအတန်ငယ်ကြာသောအခါ ဦးလှသည် ရှုပ်ထွေးပွေလီသော လူဘောင်ကိုကျောခိုင်းသွားသည်။ ဒေါ်အမာက သားသမီး အခြွေအရံ ဆွေမျိုးညာတိ မိတ်ဆွေအခြံအရံတို့ဖြင့် မိမိ၏စာပေလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သည်။ မှတ်မိသလောက်မှာ ရှေးဦးစွာ စာပေ၊ ဂီတ၊ အက၊ ပန်းချီ၊ ကာတွန်း၊ အနုပညာရှင်တို့၏ အကြောင်းများကို တစ်အုပ်စီ တစ်အုပ်စီ ရေးသားထုတ်ဝေသည်။ ရွှေရိုးအမည်ခံ ကာတွန်းပညာရှင်ဦးဘကလေးသည် လောကကြီးကို ရုပ်ပြောင်ဖြင့်ကလိသည်။ ကျွန်တော်တို့ ရယ်ကြသည်။ သို့သော် တကယ်တော့ ရယ် စရာမဟုတ်။ မှတ်သားစရာ ဆင်ခြင်စရာ၊ သံဝေဂရစရာများသာဖြစ်သည်။ ဤသဘောကို ဒေါ်အမာကကျူးရင့်သည်။ ဖိုးစိန်၊ စိန်ကတုံး၊ ရွှေမန်းတင်မောင် စသောဇာတ်သဘင်အနုပညာရှင်တို့အကြောင်းကို ဖွဲနွဲရင်းနှင့် ယင်းပုဂ္ဂိုလ်တို့၏ အနုပညာဉာဏ်ကို နှောင်းလူတို့နားလည် စေရန် သရုပ်ဖော်သည်။ စာဖတ်သူသည် သူတို့အကြောင်းကိုဖတ်နေတုန်းမှာ သူတို့အသံကို ကြားသိယောင်ယောင်၊ သူတို့အကကို မြင် သည့်ယောင်ယောင်ဖြစ်လာသည်။ မြို့မငြိမ်း၏ရုပ်လွှာကို စာဖြင့်ခြယ်မှုန်းရာ ကြည်ရွှင်မြူးကြွဖွယ်ကောင်းသလောက် လွမ်းဆွတ်တမ်းတဖွယ် လည်း ကောင်းလှပေသည်။
ဒေါ်အမာသည် အနုပညာအရာ၌သာလျှင် ဗဟုသုတဟင်းလေးအိုးကြီးနှင့် တူသည်မဟုတ်၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ကိစ္စတို့၌လည်း ဗဟုသုတပြည့်စုံသည်။ အထူးသဖြင့် အမျိုးသမီးလောကထဲတွင် ပေါက်မြောက်အောင်မြင်သော လုပ်ငန်းရှင်များ၏အကြောင်းကို ဒေါ်အမာ ဖော်ပြသည်မှာ မြန်မာအမျိုးသမီးတို့၌ရှိသော မြန်မာ့ဇာတိ၊ စွမ်းရည်သတ္တိကို နှောင်းလူတို့ ဆက်လက်ကြီးပွားတိုးတက်အောင် ကြိုးပမ်းနိုင်ကြပါစေဟူသောဆန္ဒဖြင့် ဖော်ပြနေခြင်းဖြစ်သည်။ ထို့ကြောင့် မြီးကောင်ပေါက်လုံမလေးများကို သတိပေးသောဆောင်းပါးများကို ကျွန် တော်တို့ ဖတ်ရှုခဲ့ရသည်။ ထို့ကြောင့် ဒေါ်အမာ၏ စာပေဆောင်ရွက်ချက်များကို အကဲခတ်သောအခါ ဒေါ်အမာ၏ ရင်ထဲတွင် ကြီးပွားစိတ်ဓာတ်ကိန်းအောင်းနေသည်ဟု ကျွန်တော်ယူဆသည်”ဟူ၍ ရေး သားထားလေသည်။
၁၉၈၅ ခုနှစ်တွင် ‘ချင်းတွင်းမှပင်လယ်သို့’ စာအုပ်ကို ထုတ်ဝေသည်။ ၁၉၈၉ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် “ပြည်သူချစ်သော အနုပညာ သည်များ” စာအုပ်၏ ငွေရတုသဘင်ပွဲကို အမရပူရ တောင်လေးလုံး၌ ကျင်းပသည်။ ထိုနှစ်မှာပင် “မြန်မာ့မဟာဂီတ” နှင့် “အာဖရိက ဝတ္တုတိုများ” စာအုပ်ကိုရေးသားထုတ်ဝေသည်။
၁၉၉ဝ ပြည့်နှစ်တွင် လူထုဦးလှနှင့် ပူးတွဲရေးသားသော “ဆေးလိပ်နဲ့ လူသား” စာအုပ်ကိုလည်းကောင်း၊ ၁၉၉၁ ခုနှစ်တွင် ဓနမဂ္ဂဇင်း၌ လစဉ်ရေးသားခဲ့သော ဆောင်းပါးများကိုစုစည်း၍ “မန္တလေးသူ၊ မန္တလေးသား” အမည်ဖြင့် စာအုပ်ကို လည်းကောင်း၊ ၁၉၉၂ ခုနှစ်တွင် ရနံ့ သစ်မဂ္ဂဇင်းတွင် ဇမ္ဒူဒီပါအောင်ထွန်းကလောင်ကွဲဖြင့် နိုင်ငံတကာရေးရာဆောင်းပါးများကို လည်းကောင်း၊ ထိုင်းဝတ္တုတိုများ (၁) ကိုလည်း ကောင်း ရေးသားထုတ်ဝေသည်။
၁၉၉၃ ခုနှစ်တွင် မဂ္ဂဇင်းများ၌ရေးသားခဲ့သော မန္တလေးဆိုင်ရာ ဆောင်းပါးများကိုစုပေါင်းလျက် “ရတနာပုံမန္တလေး၊ ကျွန်မတို့မန္တလေး” စာအုပ်ကို ထုတ်ဝေခဲ့သည်။ ယင်းနှစ်မှာပင် ထိုင်းဝတ္တုတိုများ (၂) ကိုထုတ်ဝေသည်။ ၁၉၉၄ ခုနှစ်တွင် “သာသနာ့ဝန်ဆောင် ဆရာ တော်ကြီးများ” စာအုပ်နှင့် “ကျွန်မတို့ငယ်ငယ်က” ကိုယ်ရေးအတ္ထုပတ္တိစာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။
၁၉၉၅ တွင် မန္တလေးမြို့၊ ဗဟိုအမျိုးသားကျောင်း ကျောင်းသားဟောင်းများဦးစီးထုတ်ဝေသည့် “၇၅ နှစ်မြောက် အမျိုးသားနေ့ စိန်ရတု အထိမ်းအမှတ်မဂ္ဂဇင်း” တွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလတွင် ရှုမဝ၊ ပန်၊ ဓန၊ ရင်ထဲငြိမ်း မဂ္ဂဇင်းတို့၌ ရေးသားခဲ့သော မြန်မာ့ပန်းချီဆိုင်ရာ ဆောင်းပါးများကို စုစည်း၍ “မြန်မာ့ ခေတ်သစ်ပန်းချီ” စာအုပ်ကိုထုတ်ဝေခဲ့သည်။ စာအုပ်ထုတ်ဝေရခြင်း၏ ရည် ရွယ်ချက်ကို ဆရာမကြီးက “ဒီလို မြန်မာပန်းချီဆရာများရဲ့ အကြောင်းတွေကို ကျွန်မလက်လှမ်းမီတာများကို ရေးပြီးစုပေးထားလိုက်တော့ “ကျွန်တော်တို့ မြန်မာပန်းချီဆရာတွေရဲ့ အတ္ထုပထ္တိမှန်မှန်ကန်ကန်မှတ်တမ်းတင်ပြီးသား ရှိသေးတာမဟုတ်ဘူး” ဆိုတဲ့ ဦးအောင်ခင်ရဲ့ ပြောဖူးတဲ့စကားကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းရာလည်း ရောက်ပါတယ်။ ရေးလာတော့လည်း တစ်နွယ်ငင် တစ်စင်ပါဆိုသလိုပဲ မြန်မာပန်းချီဆရာတွေရဲ့ ပင်မကိုရော အခက်အလက်တွေကိုရော ပါဝင်ရေးသားမိတာများလည်း ပါလာတာပေါ့။
ဥပမာ ကျွန်မတို့ မြန်မာနိုင်ငံကို ခေတ်သစ်ပန်းချီ ၂ဝ ရာစု နှစ်ဦးပိုင်းဆီမှာ စတင်ရောက်ရှိလာတော့ လူတွေက ဒီပန်းချီကို ဘယ်ပုံဘယ်နည်း စတင်လက်ခံခဲ့ကြတယ်။ ဖွံဖြိုးလာအောင် အဲဒီခေတ် စာနယ်ဇင်းများက ဘယ်လိုကြိုးပမ်းပေးကြတယ်။ ဒီပန်းချီမျိုးစေ့ကို စိတ်ကောင်းရှိကြတဲ့ ဗြိတိသျှလူမျိုး အနုပညာသမားသုံးလေးဦးက မြန်မာလူငယ်တွေထဲ ဘယ်လိုချပေးခဲ့ကြတယ်။ သူတို့ ဘယ်လိုပြုစုပျိုးထောင်ပေးကြတယ်ဆိုတာများလည်း ပါလာတယ်လေ။
ဆီဆေးမှာ ဦးဘဉာဏ်၊ ရေဆေးမှာ ဦးဘဇော်တို့ကနေပြီး တပည့်တပန်းတွေ ဘယ်လိုပွားများရှင်သန်လာတယ်ဆိုတာများလည်း ပါလာ တာပေါ့။ မြန်မာကာတွန်းစတင်ရတဲ့ ခေတ်ဦးကာလမှာ ဦးဘဇော်တို့ လက်ရာကလေးများ ဖော် မှုလည်း ပါသေးရဲ့။ ဒီစာအုပ်ဟာ ခေတ်သစ် မြန်မာ့ပန်းချီသမိုင်း အပြည့်အစုံ တော့မဟုတ်ပါဘူး။ နို့ပေမယ့် ပန်းချီသမိုင်းအတွက် တစ်စုံ တစ်ခုသော အထောက်အပံ့တော့ ဖြစ်စေနိုင်မှာပါ” ဟူ၍ စာအုပ်အမှာ၌ ရေးသားထားလေသည်။ ထိုနှစ်၌ပင် မဂ္ဂဇင်းဆောင်းပါးကိုစုစည်း၍ “မေမေ့ရှေးစကား” စာအုပ်ကို ထုတ်ဝေသည်။
ထို့နောက် ဆရာမကြီးသည် “တောင်အာရှပြတင်းပေါက်များ (၁၉၉၉)၊ မေမေ့ရှေးစကား (ဒုတိယတွဲ) (၂ဝဝဝ)၊ ငယ်ကကျွမ်းတဲ့ ခင်ပွန်းသည် သို့ (၂ဝဝ၁)၊ ဆယ့်နှစ်ပွဲဈေးသည်နှင့် ကျွန်မတို့အညာ (၂ဝဝ၂)၊ လွမ်းသူ့စာ (၂ဝဝ၃)၊ စာအုပ်ဆိုင်က လူဝင်လူထွက် အတွေးအမြင်ဆောင်း ပါးများ (၂ဝဝ၄)” စာအုပ်များကို ရေးသားထုတ်ဝေခဲ့သည်။
ဆရာမကြီး လူထုဒေါ်အမာ၏စာအုပ်များနှင့် ပတ်သတ်၍ ဆရာပါရဂူက “လူထုဒေါ်အမာ၏ စာများသည် မလွတ်တမ်း ဖတ်သင့်ဖတ်ထိုက်သော စာများဖြစ်သည်။ လူထုဒေါ်အမာသည် ယခင်က စာကို စာအရေးအသားမျိုးနှင့်ရေးပြီး ထို့နောက် စကားပြောအရေးနှင့်ရေးသည်။ သို့ရာတွင် လူထုဒေါ်အမာ၏စာများသည် စာဖတ်သူအား ဆွဲဆောင်ခေါ်ငင်သွားသည်ဖြစ်၍ စာ၏ဆွဲဆောင်ရာသို့ပါသွားသော စာဖတ်သူသည် စာကို စကားပြေနှင့် ရေးနေသလား၊ စာရေးသလိုရေးနေသလားဟူသည့် အရေးအသား ကွဲပြားခြားနားမှုဆီသို့ပင် အာရုံမရောက်နိုင်တော့ပေ။
ပင်ကိုယ်အလှရှိသော မိန်းမပျိုသည် သနပ်ခါးရေကျဲ လိမ်းလိမ်း၊ နှုတ်ခမ်းနီဆိုးဆိုး လှမြဲလှနေမည်။ လူထုဒေါ်အမာ၏စာတွင် “ပင်ကိုယ် အလှရှိသည်” ဟူ၍ မှတ်ချက်ချထားလေသည်။
မည်သို့ဆိုစေ ၂၆ နှစ်လုံးလုံး မုဆိုးမဘဝဖြင့် စာပေတာဝန်ကို ကျေပွန်စွာထမ်းရွက်ခဲ့သော ဆရာမကြီးလူထုဒေါ်အမာသည် ၂ဝဝ၈ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ရာ ဆရာမကြီး၏ နောက်ဆုံးခရီးကို သမီးဖြစ်သူ ဒေါက်တာမြမဉ္ဇူက ၂ဝဝ၈ ခုနှစ်၊ ဇူလိုင်လထုတ် ရွက်နုဝေမဂ္ဂဇင်းတွင် “ကြေ ကွဲဖွယ်ပုံရိပ်များ” ခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း ရေးသားထားလေသည်။
“ဒီတစ်ခါ သွေးဝမ်းသွားတာ ရပ်မသွားဘဲ ထပ်ခါထပ်ခါ ပါနေနေတာမို့ သွေးတွေသွင်းရပြီး အကြောဆေးတွေလည်း အချိန်နဲ့ထိုးနေရတာ ကြောင့် အမေ့လက်က သွေးကြောလေးတွေ ထပ်ကာတလဲ ထိုးနေရတာတော်တော်လေးပန်းရှာတယ်။ “သြော် ဇရာဇရာလို့ ငြီးတတ်ပြီး ငါဒီလိုများဖြင့် အသက်မရှည်ချင်ဘူး” လို့လည်းပြောရှာတယ်။ ဆေးရုံတက်ရတဲ့ ၆ ရက်မြောက်တဲ့ညမှာ အမောဖောက်လာတယ်။ တစ်ည လုံး မောရှာတယ်။ အနားမှာရှိနေတဲ့ သားသမီးတွေမျက်နှာ တစ်ယောက်စီရှာပြီး ကြည့်ရှာတယ်။ ဆရာဝန်ဖြစ်တဲ့ကျွန်မ အမေ့မျက်နှာကို မကြည့်ရဲဘူး။ အမေ့ကုတင်နား ဘေးကတန်းလေးပေါ် မျက်နှာဝှက်ထားရတယ်။ ကျွန်မ အမေမောတာပြေအောင် လုပ်မပေးနိုင်ဘူး။ တကယ်တော့ ကျွန်မ အမေ့နားဘေးမှာ မျက်နှာဝှက်ပြီးငိုနေတာပါ။ ဒီအမောကို ဘယ်သူမှပြေအောင် လုပ်မပေးနိုင်ခဲ့ပါဘူး။ တစ်ညလုံး မောပေမယ့် သတိတစ်ချက်မလွတ်ခဲ့ဘူး။ ညနေတိုင်း အတူတူတရားထိုင်ဘက် မဆွေက အဖွားတရားထိုင်ကြစို့ဆိုတော့ ဘယ်နှစ်နာရီ ထိုးပြီလည်းတဲ့။ ငါးနာရီလို့ဆိုတော့ တရားရအောင်ထိုင်ရှာသေးတယ်။ ကျွန်မတို့ပရိတ်တွေ တစ်ညလုံးရွတ်ပါတယ်။ မောနေတဲ့အ သံ ကျယ်ကြီးနဲ့ အမေပရိတ်ဝင် ရွတ်ပါသေးတယ်။
ဧပြီလ ၇ ရက်နေ့ နံနက်လင်းတော့ မောတာအသံပျော့လာပြီး ပြင်းပြင်း ထန်ထန်မောဖို့ အင်အားမရှိရှာတော့ဘူး။ တော်တော်လေးညင် သာလာပြီး နံနက် ၈ နာရီ ၃၇ မိနစ်မှာ ဆုံးရှာတယ်။ လူတိုင်းလျှောက်ရမယ့် အိုခြင်း၊ နာခြင်းကို အမေပင်ပန်းစွာဖြတ်သန်းခဲ့ရတယ်”
သို့ကလို ပြည်သူ့အကျိုးပြုစာများကို ကွယ်လွန်ချိန်အထိ ရေးသား၍ ပြည်သူဘက်မှ အမြဲ ပြတ်ပြတ်သားသား ရပ်တည်ကာ ပြည်သူ့အကျိုးကို ထမ်းရွက်သွားသော စာရေးဆရာမကြီးလူထုဒေါ်အမာသည် ပြည်သူချစ်သောပညာရှင်အဖြစ် ထာဝရကမည်းတွင်နေမည်မှာ မလွဲဧကန်ပင်တည်း။

Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment