ကမ္ဘာ့သတင်းများ 15/04/2012

နိုင်ငံတကာသတင်း 

 
ကုလလေ့လာရေးအဖွဲ့ ဆီးရီးယားကို လွှတ်တော့မည်


ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆီးရီးယားနိုင်ငံမှာ အပစ်အခတ် ရပ်စဲရေး သေချာအောင် စောင့်ကြည့် အကဲခတ်နိုင်ဖို့ နိုင်ငံတကာ လေ့လာသူအဖွဲ့ စေလွှတ်ဖို့ ဆုံးဖြတ်တာကို တရုတ်နဲ့ ရုရှားတို့က ထူးထူးခြားခြား ထောက်ခံလိုက်ကြပါတယ်။ စနေနေ့မှာ လုံခြုံရေးကောင်စီက ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေကြား ပြုလွယ်ပျက်လွယ် ဖြစ်နေတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပြန်ထိန်းနိုင်ဖို့ လက်နက်မပါတဲ့ စစ်အမှုထမ်း စောင့်ကြည့် အကဲခတ်သူ ၃၀ ပါတဲ့ ပဏာမ အဖွဲ့တခုကို စေလွှတ်နိုင်ဖို့ တခဲနက် မဲပေး ထောက်ခံလိုက်ကြပါတယ်။
အစိုးရတပ်တွေက အတိုက်အခံတွေ အဓိကရှိရာ ဟုမ်းစ်မြို့ကို လက်နက်ကြီး ပစ်နေတဲ့ကြားက ခက်ခက်ခဲခဲ ဆက်ထိန်းထားတဲ့ ဒီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေကို အကောင်အထည် ဖော်မှုနဲ့ ပတ်သက်ပြီး ဒီအဖွဲ့က အစီရင်ခံပေးရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့တို့ရဲ့ အထူး သံကိုယ်စားလှယ် ကိုဖီအာနန်က ကြားဝင် စေ့စပ်ပေးထားတဲ့ ဒီ အပစ်အခတ် ရပ်စဲရေး စာချုပ်ထဲမှာ တပ်တွေအားလုံး မြို့ထဲတွေကနေ ဆုတ်ခွာပေးကြဖို့ ဆီးရီးယားအစိုးရ အနေနဲ့လည်း အတိုက်အခံတွေ အပေါ် အကြမ်းဖက် ဖြိုခွင်းတာတွေ ရပ်တန့်ပေးဖို့ အတွက် သူပုန်တွေဘက်ကလည်း တိုက်ခိုက်တာတွေ ရပ်တန့်ပေးဖို့ ပါဝင်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဒီ အကြမ်းဖက်မှုတွေအတွက် ဆီးရီးယား အစိုးရဘက်မှာ တာဝန်ပိုရှိတယ်လို့ စနေနေ့မှာ ကြေညာချက်ထုတ်ပြီး သတိပေးလိုက်ပါတယ်။ ဒီကြေညာချက်ထဲမှာ မစ္စတာ ဘန်ကီမွန်းက ဧပြီ ၂၀ ရက်နေ့ကျရင်လည်း ဆီးရီးယားနိုင်ငံမှာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် အနည်းဆုံးကိုလည်း ဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

အမေရိကတိုက် နိုင်ငံများ ထိပ်သီးစည်းဝေးပွဲစ

အမေရိကတိုက်နိုင်ငံတွေက ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို ကိုလမ်ဘီယာနိုင်ငံ Cartagena မြို့မှာ ဖွင့်လှစ်လိုက်ကြပြီး ကျုးဘားနိုင်ငံအပေါ် အမြင်မတူမှုတွေနဲ့ မူးယစ်ဆေးတိုက်ဖျက်ရေး အောင်မြင်မှုတွေကို ဆွေးနွေးကြမယ်လို့ မျှော်လင့်နေကြပါတယ်။ ၂ ရက်ကြာလုပ်မယ့် (၆) ကြိမ်မြောက် ဒီအမေရိကတိုက် နိုင်ငံများ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတ ဘားရက်အိုဘားမားနဲ့ အိမ်ရှင် ကိုလမ်ဘီယာသမ္မတ Juan Manual Santos တို့အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က ခေါင်းဆောင်တွေ တက်ရောက်နေကြပါတယ်။
အိမ်ရှင်သမ္မတ Santos က အဖွင့်မိန့်ခွန်းပြောရာမှာ ဒီထိပ်သီးဆွေးနွေးပွဲရဲ့ အဓိကဆောင်ပုဒ်ဖြစ်တဲ့ “ချမ်းသာကြွယ်ဝသာယာဖို့ လက်တွဲဖော်တွေဖြစ်ရေး” အတွက် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တက်ရောက်လာသူတွေကို တိုက်တွန်းလိုက်ပါတယ်။ သမ္မတ အိုဘားမားကတော့ ဒီဆွေးနွေးပွဲမှာ သူ့ရဲ့အဓိက ရည်ရွယ်ချက်က အမေရိကန် ထုတ်ကုန်တွေအတွက် ဈေးကွက်သစ် ရှာနိုင်ရေး ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ဒါပေမဲ့ ဒီဆွေးနွေးပွဲမှာ အငြင်းအခုန်လုပ် ဆွေးနွေးရမယ့် ကိစ္စတွေလည်း ရှိနေပါတယ်။ တခုကတော့ ကျုးဘားနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်မခံဖို့ အမေရိကန်က တောက်လျှောက် လုပ်လာခဲ့တာကို မကျေမနပ် ဖြစ်နေတာမျိုးတွေလည်း ဆွေးနွေးလာနိုင်ပါတယ်။
Equado သမ္မတ Rafael Correa ကတော့ ကျုးဘားအနေနဲ့ ဒီဆွေးနွေးပွဲ မတက်ရောက်နိုင်တဲ့အပေါ် သပိတ်မှောက်တဲ့ အနေနဲ့ အစည်းအဝေးမတက်ဘဲ နေခဲ့ချိန်မှာ အခြား ခေါင်းဆောင်တွေဘက်ကလည်း ကျုးဘားမပါဘဲ ထိပ်သီး ဆွေးနွေးပွဲတက်တာ ဒီတခေါက် နောက်ဆုံးပဲ ဖြစ်ရမယ်လို့ ဆိုနေကြပါတယ်။
နောက်ထပ် သဘောထားကွဲနိုင်တဲ့ ကိစ္စတခုကတော့ မူးယစ်ဆေးဝါး သုံးတာကို တရားဝင်ခွင့်ပြုရေး ဖြစ်ပါတယ်။ ကိုလမ်ဘီယာနိုင်ငံ သမ္မတ Sants နဲ့ အခြားခေါင်းဆောင်တွေ ပြောနေတာက အမေရိကန် ဦးဆောင်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးထက်စာရင် ခုလို တရားဝင် ခွင့်ပြုလိုက်တာကမှ ပိုပြီးထိရောက်ပြီး အကုန်အကျလည်း ပိုနည်းလာနိုင်တယ်လို့ ဆိုပါတယ်။

အီရန် နျူကလီးယားဆွေးနွေးပွဲ အလားအလာကောင်းနဲ့ စတင်

အီရန်အစိုးရရဲ့ အငြင်းပွားဖွယ် နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ တစ်နှစ်ကျော် ကာလအတွင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ်နဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်နိုင်ငံက ကိုယ်စားလှယ်တွေ ဆွေးနွေးကြတာ အကျိုးရှိပြီးတော့ ရှေ့လျှောက် နောက်ထပ် ဆွေးနွေးပွဲတွေ လုပ်ဖို့ အစပျိုးနိုင်ခဲ့တယ်လို့ အီးယူ ဥရောပ နိုင်ငံခြား မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တွန်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တူရကီနိုင်ငံ အီစတန်ဘူလ် မြို့တော်မှာ ပထမဆုံး ဆွေးနွေးပွဲကို အပြီးသတ်ပြီးတဲ့နောက် ပြောခွင့်ရသူ မိုက်ကယ်မန်းက ပြောသွားတာက သေချာ ဆွေးနွေးပွဲတွေကို ပြုလုပ်ဖို့အတွက် အီရန်က အလေးအနက် ထားတယ်လို့ သူတို့ ယုံကြည်ကြောင်း ဒီကနေ့ပဲ ပြောသွားခဲ့တာပါ။ နှစ်ဘက်စလုံးက ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
အီရန်နိုင်ငံရဲ့ ဒီနျူကလီးယား အစီအစဉ် ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ အီရန်နဲ့ အနောက်နိုင်ငံတွေကြားမှာ တင်းမာမှုတွေ မြင့်မားလာချိန်မှာ အခုလိုမျိုး တွေ့ဆုံ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အီရန်အစိုးရဟာ နျူကလီးယားဗုံး တီထွင်ဖို့ လုပ်ဆောင်နေတယ်လို့ အနောက်နိုင်ငံတွေက စွပ်စွဲပြီးတော့ အရေးယူ ပိတ်ဆို့မှုတွေ လုပ်ထားတာဖြစ်ပြီး အီရန်ကတော့ သူတို့ရဲ့ နျူကလီးယား အစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့ ဖြစ်တယ်လို့ ပြောနေပါတယ်။


NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment