မြန်မာသတင်းများ ဧပြီလ ၁၅ ရက် ၂၀၁၂ ခုနှစ်
မြန်မာသတင်းများ ဧပြီလ ၁၅ ရက် ၂၀၁၂ ခုနှစ်
သမ္မတထံ NLD အကြံပြုစာ ပေးပို့ ဧပြီလ ၁၅ ရက် ၂၀၁၂ ခုနှစ်
ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်သစ်တွေ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ စကားလုံး အသုံးအနှုန်း ပြင်ဆင်ဖို့ ကိစ္စကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံတော်သမ္မတဆီ အကြံပြုစာ ဒီကနေ့ တင်ထားတယ်လို့ ပြောပါတယ်။ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတဲ့ စကားလုံးအစား ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာမယ် ဆိုတဲ့ စကားလုံး ပြင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုးစားနေတာဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စာလှယ်တွေဟာ လွှတ်တော်မတက်ခင် ကျမ်းကျိန်တဲ့အခါ ဖွဲ့စည်းပုံအခြေခံကို ကာကွယ် စောင့်ရှောက်ပါမယ် ဆိုတဲ့ စကားလုံးအစား လေးစားလိုက်နာပါမယ် ဆိုတာကို ပြောင်းလဲရွတ်ဆိုနိုင်ဖို့ အတွက် ဥပဒေနဲ့အညီ ပြင်ဆင်နိုင်ဖို့ကို NLD ပါတီက သမ္မတဆီ တိုက်ရိုက် စာပို့ထားတယ်လို့ ပြောပါတယ်။ NLD ပါတီက တင်ပြထားတဲ့ အကြံပြုလွှာကို ဒီကနေ့ ဧပြီလ ၁၄ ရက် စနေနေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရှိတဲ့ နေပြည်တော်ကို သွားတင်ခဲ့တာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“သမ္မတကြီးဆီ တင်တာ။ သမ္မတကို အကြံပေးတာပေါ့လေ။ ကျနော်တို့ အနေနဲ့ ကျနော်တို့ အကြံပေးကြတာပါ။ ဒီနေ့မှ ရောက်တာပေါ့။ ကျနော်တို့ကတော့ ကျမ်းကျိန်လွှာမှာ ပြင်စေချင်တာပေါ့နော်။ ဥပဒေနဲ့အညီ ပြင်စေချင်တာပေါ့။ ကျနော်တို့ ကျမ်းကျိန်လွှာမှာပါတဲ့ စကားလုံးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အကြံပြုချက်လေးတွေ တင်ထားပါတယ်။ အကြံပြုချက်လေးတွေ တင်ထားတဲ့အပေါ်မှာ ပြေလည်ကောင်းမယ်လို့ မျှော်လင့်တယ်လေ။”
အခုက NLD ပါတီက်က အကြံပြုစာသာ ဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတဆီကို တင်ပြတာသာ ဖြစ်ပြီး ဆုံးဖြတ်ချက်တခုခု ရှိမှသာ လိုအပ်ရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကို တင်ရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဧပြီလ ၂၃ ရက်နေ့မှာ ပြည်သူ့လွှတ်တော် အစည်းအဝေး ပြန်စဖို့ ရှိနေပြီး အဲဒီမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးချယ်ခံ ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေပါ တက်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ လွှတ်တော်မတက်ခင် ကျမ်းကျိန်တဲ့အခါ အခုလို ပြောင်းလဲရွတ်ဆိုနိုင်ဖို့ ပြင်ဆင်တာ အချိန်မှီမကျရင်တော့ အဲဒီရက်မှာ NLD က ကိုယ်စားလှယ်တွေ လွှတ်တော်တက်ဖြစ်မှာ မဟုတ်ဘူးလိုလည်း ပြောပါတယ်။
“ဟုတ်ပါတယ်။ မမီရင် နောက်ပိုင်းမှ တက်ဖြစ်မှာပါ။ သိပ်တော့ ကြာမယ်မထင်ဘူး။ ဒါပေမဲ့လို့ သင်္ကြန်တွင်းတော့ ဖြစ်နေတော့ အဲဒါတော့ မပြောတတ်ဘူး။ သင်္ကြန်တွင်းကလည်း ပိတ်ရက်တွေက များနေတော့။”
NLD ပါတီက ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက် ဗုဒ္ဓဟူးနေ့က သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ နှစ်ဦးတည်း သီးသန့်တွေ့ဆုံ ဆွေးနွေးပါတယ်။ နှစ်ဘက်တာဝန်ရှိသူတွေ ဆွေးနွေးကြတဲ့ အကြောင်းအရာတွေကို အပြည့်အစုံ ထုတ်ပြန်ခြင်းမရှိပေမဲ့ အခု ကျိမ်းကျန်ရာမှာ စကားလုံး အပြောင်းအလဲ ရွတ်ဆိုနိုင်ရေး ကိစ္စတွေလည်း ပါဝင်မယ်လို့ NLD ဘက်ကတော့ ပြောထားပါတယ်။
မြန်မာ့နိုင်ငံရေးထဲမှာ ဒီမိုကရေစီခေါင်းဆောင်တဦးအဖြစ် အားလုံးက အသိအမှတ်ပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး အနေနဲ့လည်း ပါဝင်တော့မှာဖြစ်သလို သူအနိုင်ရခဲ့တဲ့ ကော့မှူးမြို့နယ်ကိုလည်း ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ သွားပြီး အလှူအတန်း ပြုလုပ်ဖို့တွေလည်း စီစဉ်ထားတယ်လို့ NLD ပါတီက ပြောပါတယ်။
EU ပိတ်ဆို့မှု ယာယီဆိုင်းငံ့ထားဖို့ ကင်မရွန်းနဲ့ ဒေါ်စု တိုက်တွန်း
ဧပြီလ ၁၅ ရက် ၂၀၁၂ ခုနှစ်
ဗြိတိန် ၀န်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန်းက ပြောဆိုရာမှာ -
“မြန်မာနိုင်ငံမှာ ပိုပြီးကြီးမားတဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို တွေ့မြင်ချင်တယ်ဆိုရင် လက်ရှိအစိုးရက တိုးတက်မှုတွေ ဆောင်ရွက်လာတဲ့အခါ အဲဒီလုပ်ရပ်တွေကို တုံ့ပြန်သင့်ပါတယ်။ ဗြိတိန်အစိုးရ အနေနဲ့ကတော့ ဒါတွေဟာ နောက်ကြောင်းပြန် မလှည့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလားဆိုတာ သတိတရားရှေ့ထားပြီး စစ်ဆေးသုံးသပ် တုံ့ပြန်သွားမှာပါ။ အခု ဆွေးနွေးကြတဲ့အခါမှာ မိမိအနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူထားတွေကို လက်နက် အရောင်းအ၀ယ်ကိစ္စကလွဲလို့ အခုအခါ ယာယီ ဆိုင်းငံ့ထားသင့်တယ်လို့ ယူဆပါတယ်။ အားလုံးကိုတော့ ပြန်ရုပ်ဦးမှာ မဟုတ်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း - “ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တာထက် ယာယီ ဆိုင်းငံ့ထားမယ်ဆိုတဲ့ သဘောထားကို ထောက်ခံပါတယ်၊ ဒါဟာ ပြုပြင်ပြောင်းလဲရေး လိုလားသူတွေကို အားကောင်းလာစေမှာ ဖြစ်ပါတယ်။ ပြီးတော့ ပြုပြင်ပြောင်းလဲရေး ချောချောမွေ့မွေ့ ဆောင်ရွက်ခွင့် မရတော့ဘူးဆိုတာနဲ့ ပိတ်ဆို့မှုက အချိန်မရွေး ပြန်ရောက်လာမှာ ဖြစ်ပါတယ်။ ကမ္ဘာကတော့ မြန်မာပြည်ရဲ့ နိုင်ငံရေး ဇာတ်လမ်းဟာ ပျော်ရွှင်စွာ ဇာတ်ပေါင်းကြလေသတည်း ဆိုတာမျိုး ဖြစ်စေချင်ကြတာပါ။ ဒါပေမဲ့ သွားရမယ့်ခရီးက ဝေးပါသေးတယ်။ သို့သော်လည်း လိုရာကိုရောက်မယ်လို့ ယုံကြည်ထားပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်အပေါ် ယုံကြည်မှု ရှိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်ကို လာရောက်ဖို့ ဖိတ်ကြားတဲ့အခါ - “အရင်က အခုလို ဖိတ်ကြားခံရတိုင်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်သေးလို့ ၀မ်းနည်းပါတယ်လို့ပဲ ပြောခဲ့ရပါတယ်။ အခုတော့ လာဖြစ်ကောင်း လာဖြစ်နိုင်ပါလိမ့်မယ်လို့ ပြောနိုင်ပါပြီ။ ဒါဟာလည်း တိုးတက်မှုပဲပေါ့” လို့ ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇွန်လမှာ ဗြိတိန်၊ နော်ဝေနဲ့ အမေရိကန်ပြည်ထောင်စုကို သွားရောက် နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
ကိုမင်းကိုနိုင်ရေးတဲ့ သံချပ်နဲ့ ကျောင်းသားများ ဖျော်ဖြေ
ဒီကိစ္စနဲ့ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကို RFA က လှမ်းဆက်သွယ်တဲ့အချိန်မှာ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်မှာ ရောက်ရှိဖျော်ဖြေနေတဲ့အချိန်ဖြစ်လို့ ၈၈ ကျောင်းသားတွေရဲ့ မျိုးချစ်သီချင်းသီဆိုသံတွေ၊ သံချပ်ထိုးသံတွေ ကြားနေရပါတယ်။
သံချပ်မှာ ဘယ်လိုအကြောင်းအရာတွေကို အဓိကရေးသားထားလဲလို့ ကိုမင်းကိုနိုင်-ကို မေးကြည့်တော့
"ကျွန်တော်တို့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့အတွက် ဦးစားပေးပြီး ရေးတာပါပဲ။ ပြီးတော့ ကျောင်းသားသမဂ္ဂ ကိုအောင်ကျော်၊ ကိုဗဟိန်းတို့၊ ကိုအောင်ဆန်းတို့ရဲ့ သမိုင်း၊ အဲဒါတွေဟာ ဘယ်တော့မှ မခန်းတဲ့ မြစ်ရေတွေဆိုတာကို ကျွန်တော်တို့ ထည့်ပြီးတော့ စပ်ထားတာပါပဲ။"
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့အတူ တချိန်က ရန်ကုန်မြို့မှာ လူသိများခဲ့တဲ့ မောင်မောင်ဆိုလေ ထီးရိုးရှည် သင်္ကြန်အဖွဲ့ကလည်း လိုက်လံဖျော်ဖြေနေပါတယ်။
၁၉၈၈ ခုနှစ် နောက်ပိုင်း တိမ်မြုပ်ပျောက်ကွယ်ခဲ့ရတဲ့ သင်္ကြန်ရိုးရာ သံချပ်ဖျော်ဖြေမှုကို ဒီနှစ်မှာပြန်ပြီး ဖော်ဆောင်ခွင့်ရလာတာ ဖြစ်ပြီး၊ ဒီအတွက် စိတ်ကျေနပ်ကြတယ်လို့ သံချပ်အနုပညာရှင်တွေက ပြောဆိုနေကြပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နှစ်သစ်ကူး ဆင်နွဲ
မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုဟာ အလုပ်က နားနေကြပြီး မိမိတို့ဒေသအလိုက် ကုသိုလ်ကောင်းမှုပြုသူ၊ တရားဘာဝနာ ပွားများသူ၊ ရေပက်ကစားသူတွေနဲ့ အထူးစည်ကား ကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
မြန်မာအလုပ်သမား အများဆုံးရှိတဲ့ စမုတ်ဆာခွန်ခရိုင် မဟာချိုင်ဒေသက အခြေအနေကိုတော့ မြန်မာအလုပ်သမား အရေး လုပ်ဆောင်နေသူ တစ်ဦးဖြစ်တဲ့ ဦးတိုးက အခုလို ပြောပါတယ်။
“ကျွန်တော်တို့နှစ်စဉ်ကျင်းပတဲ့ သမထဝိပဿနာ တရားစခန်းကျင်းပတယ်။ ဝပ်ထစ်ကျောင်းမှာ ၁၂ ရက်နေ့ ညနေ ၆ နာရီက စတယ်။ ၁၆ ရက်နေ့ ၁၂ နာရီထိအောင် သတ်မှတ်ထားတယ်။ အဲဒါက လူပုဂ္ဂိုလ်ရိုးရိုးတွေချည်းပဲ တရားထိုင်ကြတယ်။ ဝပ်ခေါင်မဒီယံမှာတော့ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီကနေပြီးတော့ ၁၇ ရက်နေ့အထိအောင် သတ်မှတ်ထားတယ်။ အဲဒါက တရားစခန်းပါတယ်။ ရဟန်းခံရှင်ပြုပါမယ်။ မယ်သီလရှင်ပါတယ်။ ရဟန်းနဲ့ ကိုရင်နဲ့ တရားထိုင်တဲ့ ယောဂီအပါး အားလုံး စုစုပေါင်း (၃၀၀) ကျော်တယ်။ လတ်ဘူရီမှာ ဘုရားတည်နေတာရှိတယ်။ တချို့အလုပ်သမားတွေက ဘတ်စ်ကားတွေဘာတွေ ဌားပြီးတော့ အဲဒီနေရာကို သွားလည်ကြတယ်။ နောက်တစ်ခုက ရေကစား တော်တော်များများတွေ့ရတယ်။ မြန်မာနဲ့ထိုင်းနဲ့ကြားမှာ ကျွန်တော်တို့မြန်မာတွေ များတယ်။”
ဒါ့အပြင် ထိုင်းနိုင်ငံကိုခေတ္တ ကြွရောက်လာတဲ့ ရွှေညဝါဆရာတော်ကြီးကလည်း ဒီကနေ့ ညနေ ၇ နာရီခွဲမှာ ပုဇွန်စက်ရုံ တစ်ခုဖြစ်တဲ့ စိန်ထော်ရုံမှာ တရားဟောကြားတော်မူမယ်လို့ သိရပါတယ်။
အလားတူ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ တကွာပမြို့နယ်အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED က ကြီးမှူးပြီး အသက် (၆၀) ကျော် အဘွားအို၊ အဘိုးအိုတွေကို ခြေသဲလက်သဲညှပ်ပြီး ကောင်းမှုကုသိုလ် ပြုလုပ်ကြရာမှာ မြန်မာအလုပ်သမား ဦးရေ (၅၀) ကျော် ပါဝင်တယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ FED အဖွဲ့ရဲ့ ရွှေ့ပြောင်းအလုပ်သမားရေး တာဝန်ခံ ဦးမိုးဝေက အခုလို ပြောပါတယ်။
“ဒီသင်္ကြန်မှာတော့ သက်ကြီးပူဇော်ပွဲတွေ လုပ်တယ်။ ဘုန်းကြီး ၂ ပါးပင့်ပြီးတော့ လုပ်တယ်။ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်မှာ လုပ်တယ်။ လူဦးရေ (၅၀) လောက်လာတယ်။ ကန်တော့ခံတဲ့ သက်ကြီးပူဇော်ခံတဲ့သူတွေကတော့ (၁၈)ယောက်ရှိတယ်။ အဘွားကြီးက (၁၂) ယောက် အဘိုးကြီး (၆) ယောက် အဲဒါကျွန်တော်တို့ လက်သည်းခြေသည်းညှပ် ပြီးတော့ခေါင်းတွေဘာတွေ လျှော်ပေးပြီးတော့ ကျွန်တော်တို့ ရေစိုထမင်းနဲ့ ငါးခြောက်ကျော်ထမင်းကျွေးပြီးတော့ ပြီးဆုံးသွားတာပေါ့နော်။ ပကလန် ရော်ဘာခြံမှာ ရေပက်ခံထွက်တာတော့ရှိတယ်ဗျ။”
ထိုင်းနိုင်ငံတောင်ပိုင်းကတော့ ရေပက်ကစားမှုကို သင်္ကြန်အကျနေ့ တရက်ထဲပဲ ပြုလုပ်တာဖြစ်ပါတယ်။
အလားတူပဲ ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက်စတဲ့ ထိုင်းနိုင်ငံဒေသ အသီးသီးမှာရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ မိမိတို့ဒေသတွင်းမှာ ထိုင်းပြည်သူတွေနဲ့အတူ နှစ်သစ်ကူး ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေကြပါတယ်။
ပြည်ပ ရိုးရာသင်္ကြန်ပွဲတော်
အမေရိကန်ပြည်ထောင်စု အရှေ့ဘက် မယ်ရီလန်း၊ ၀ါရှင်တန်ဒီစီ နဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာ နေထိုင်နေကြတဲ့ မြန်မာမိသားစုတွေက တနင်္ဂနွေနေ့ ဒီနေ့မှာ ပြုလုပ်မယ့် သင်္ကြန်ပွဲအတွက် ပြင်ဆင် နေကြသလို ဗြိတိန်နိုင်ငံ လန်ဒန်ရောက် မြန်မာမိသားစုကလည်း သင်္ကြန်ပွဲကို စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ အဝေးကို ရောက်နေကြပေမယ့်
နှစ်သစ်ကူး သင်္ကြန်ပွဲတွေကို မြန်မာနိုင်ငံမှာ ကျင်းပနေကြသလို အဝေးရောက်နေကြတဲ့ မြန်မာလူမျိုးတွေ ကလည်း ရိုးရာမပျက် သင်္ကြန်ပွဲတွေကို ကိုယ်ရောက်နေတဲ့ နိုင်ငံတွေမှာ ကျင်းပနေကြတာပါ။ ဥရောပ ဘက်မှာဆိုရင် နှစ်စဉ်နံမည်ကြီးတဲ့ လန်ဒန်သင်္ကြန်ပွဲကို စနေနေ့က ကျင်းပခဲ့ပါတယ်။ သာသနာ့ရံသီ ဝိဟာရကျောင်းတိုက် ဆရာတော် ဦးဥက္ကရ ဦးစီးပြုလုပ်ခဲ့တဲ့ ၂၀၁၂ ခုနှစ် လန်ဒန် သင်္ကြန်ပွဲဟာ အရင်နှစ်တွေကထက် ပိုပြီး ထူးခြားတဲ့အကြောင်း သင်္ကြန်ယိမ်းတွေကို စီစဉ်သူ မတူးမာက ခုလိုပြောပြပါတယ်။
“အခုနှစ် လန်ဒန်သင်္ကြန်မှာတော့ အရင်နှစ်တွေလိုပဲ သင်္ကြန် အဆိုအက ယိမ်းတွေရယ်၊ The Nox တီးဝိုင်းတွေ ဖျော်ဖြေကြပါတယ်။ အရှေ့ပိုင်း သင်္ကြန် ယိမ်းကတာတွေမှာ ဒီနှစ် ထူးခြားတာကတော့ မွန်သင်္ကြန်ယိမ်းနဲ့ ရခိုင် သင်္ကြန်ယိမ်းတို့ကနေပြီးတော့ အားဖြည့်ပြီးတော့ တင်ဆက်ကြတာ ဖြစ်ပါတယ်။ အခုကြားနေရတဲ့အတိုင်းပါပဲ ဖျော်ဖြေနေတာကတော့။ ဒီနှစ်ကတော့ ဆိုင်းဝိုင်း အပြည့် ပါတယ်ပေါ့နော်။ သင်္ကြန်သီချင်းအားလုံးအတွက်။ The Nox တီးဝိုင်းနဲ့အတူတူ ခါတိုင်းနှစ်တော့ နန်းမရဆိုင်းဝိုင်းနဲ့ တီးပါတယ်။ ဒါပေမဲ့ ခြောက်လုံးပေါက်ပဲ တီးနိုင်တာပေါ့နော်၊ သင်္ကြန် ဒိုးလောက်ပဲ။ ဒါပေမဲ့ ဒီနှစ်တော့ အမေရိကန်က တယောက်ကလာပြီး သူကတော့ ဆိုင်းဝိုင်းအပြည့် တီးပေးပါတယ်။ သင်္ကြန်ယိမ်းတွေ မကခင်မှာ သံချပ်နဲ့ အရင်ဖွင့်လေ့ပါတယ်။ အဖွင့်သီချင်းပြီးရင် သံချပ်ပေါ့နော်။ ပြီးတော့မှ သင်္ကြန်ယိမ်း၊ နောက်ဆုံး တီးဝိုင်းနဲ့ အပြီးသတ်တာပေါ့လေ။”
ခုလို ဖျော်ဖြေပွဲတွေတင် မဟုတ်ဘဲ မြန်မာနိုင်ငံ အလွမ်းပြေ အစားအသောက်တွေကိုလည်း ဝယ်ယူ စားသောက်နိုင်တာမို့ လန်ဒန်မြို့တော် အပြင် တခြားမြို့တွေမှာ နေထိုင်ကြတဲ့ မြန်မာတွေလည်း လန်ဒန် သင်္ကြန်ပွဲအတွက် တကူးတကလာကြတာ ပရိတ်သတ် ရာချီရှိပါတယ်။
“မုန့်လုံးရေပေါ် တို့၊ ရှမ်းခေါက်ဆွဲတို့၊ တို့ဟူးသုတ်တို့ စသည်ဖြင့်ပေါ့လေ။ အခုလေးတင်ပဲ သတင်းရပါတယ်။ ဒီနှစ် အစားအသောက်တွေ အစောကြီး ပြတ်သွားတယ်တဲ့။ အခု ကုန်နေပြီလို့ ပြောပါတယ်။ အစားအသောက်တွေ။ ဒီကျောင်းက အပေါ်ထပ်နဲ့ အောက်ထပ်နဲ့။ အစားအသောက်က အောက်ထပ်မှာ ကန်တင်းက သက်သက်ရှိတော့ အပေါ်ထပ်အောက်ထပ် လူက ကွဲနေတယ်။ ဒါပေမဲ့ အပေါ်ထပ် အောက်ထပ်ရော လူပြည့်နေတယ်ဆိုတော့ လူ တော်တော်များတယ်လို့ ယူဆရပါတယ်။ လန်ဒန်က မဟုတ်တဲ့သူတွေလည်း တွေ့ပါတယ်။ ဥပမာ လန်ဒန်ယိမ်း ဆိုလို့ရှိရင် လန်ဒန်က မဟုတ်ဘဲနဲ့ မန်ချက်စတာ တို့၊ နယူးကာဆယ်လ် တို့ကနေ လာပြီး ရခိုင်ယိမ်း ဖြစ်မြောက်ဖို့အတွက်ကို သူတို့လာပြီး အားဖြည့်ပြီး ကတဲ့အထဲမှာပါတယ်ဆိုတော့ ပရိသတ်ထဲမှာလည်း နယ်ကလူတွေပါမှာ မလွဲမသွေပါပဲ။”
ခုလို ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ သင်္ကြန်ပွဲကို စနေနေ့က ကျင်းပခဲ့ကြသလို အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း မယ်ရီလန်း၊ ၀ါရှင်တန်ဒီစီ၊ ဗာဂျီးနီးယား ပြည်နယ်တွေက မြန်မာလူမျိုးတွေကလည်း တနင်္ဂနွေနေ့မှာ သင်္ကြန်ပွဲလုပ်ဖို့ ပြင်ဆင်နေကြပါတယ်။ မယ်ရီလန်း ပြည်နယ်က မင်္ဂလာရာမ ဘုန်းကြီးကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲနဲ့ တိုက်ဆိုင်ပြီး လုပ်မယ့်သင်္ကြန်ပွဲအကြောင်း စီစဉ်နေသူ တစ်ယောက်ဖြစ်တဲ့ ကိုရင်ထွေးက ခုလို ပြောပြပါတယ်။
“မြန်မာမိသားစု အသက် ၆ နှစ် ၇ နှစ်က စပြီးတော့ အသက် ၄၀၊ ၅၀ အခိပေါ့။ မိသားစုတွေကနေပြီးတော့ အကလေးတွေ၊ မိမိတို့ တတ်စွမ်းတဲ့အကလေးတွေနဲ့ ဖျော်ဖြေဖို့ လုပ်နေကြတယ်။ နောက်ပြီးတော့ ဒီမှာရှိတဲ့မိသားစုတွေကလည်း စတုဒီသာအလှူကိုလည်း လုပ်ဖို့တွက် ကျနော်တို့ လူ စာရင်းပေးထားတာ အားလုံးပေါင်း ၄၉ ဦး ရှိတယ်။ လူတွေ အများကြီးကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ပါဝင်ကြတာကို တွေ့ရတော့ တကယ်လည်း ပျော်စရာကောင်းတဲ့ပွဲပေါ့ဗျာ။ ကျနော်တို့ စင်ပေါ်မှာဆိုရင် ခုနကကြားနေရတဲ့ သီချင်းသံလေးတွေ၊ လေး ငါး ခြောက်နှစ်ရှိတဲ့ကလေးတွေ ၇ ယောက် ၈ ယောက်လောက်ကနေပြီးတော့ သင်္ကြန်သီချင်းလေးတွေနဲ့ အကတိုက်နေကြတာကို တွေ့ရပါတယ်။”
အကတိုက်နေတဲ့ ကလေးတစ်ယောက် ပြောပြတာကိုလည်း နားထောင်ကြည့်ပါဦးရှင်။
“သားတို့ ဘုန်းကြီးကျောင်းမှာ အကတိုက်နေပါတယ်။ မနက်ဖြန် သင်္ကြန်မှာကဖို့၊ သူငယ်ချင်း ငါးယောက် အတူတူပေါင်းပြီးတော့ ကိုကြီးကျော်အက တိုက်နေတယ်။”
သင်္ကြန်ပွဲလုပ်ဖို့ စစီစဉ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂ လကျော်လောက်ကတည်းက စပြီး စနေ တနင်္ဂနွေရုံးပိတ်ရက်တွေမှာ သူတို့ ခုလို အကတိုက်နေကြတာလို့ ကိုရင်ထွေးက ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ အဝေးမှာရောက်နေကြပေမဲ့ ခုလိုသင်္ကြန်ပွဲမျိုး ကျင်းပခြင်းအားဖြင့် ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုကို ပြသရာရောက်တယ်လို့ လန်ဒန်မြို့မှာ နေတဲ့ မတူးမာက ပြောပါတယ်။
“မနှစ်ကနေစပြီးတော့ ကျမတို့ ကလေး ၄ နှစ်ကနေ ၆ နှစ် ၇ နှစ် ကလေးသေးသေးလေးတွေ နည်းနည်း များလာတယ်။ အဲဒီအတွက်ကြောင့် ကလေးလေးတွေကို ရိုးရာယဉ်ကျေးမှုကို စိတ်ဝင်စားအောင်ဆိုပြီး မနှစ်က ကလေးစာရင်းကို စလုပ်ခဲ့တယ်။ သူတို့ ငါးယောက်ကတယ်။ ဒီနှစ်ဆိုလို့ရှိရင် ၇ ယောက်လား ၈ ယောက်လား မသိဘူး။ ကလေးတွေမှ အများကြီးဖြစ်လာတယ်။ ကလေးတွေက မြန်မာသင်္ကြန်အကကို အကုန်လုံး စိတ်ဝင်စားပြီးတော့ သင်္ကြန်အကကို ကချင်လာတယ်ပေါ့နော်။ အဲဒီလိုမျိုးရှိတယ်။ နောက်တစ်ခုက အစ်မသမီးကို ဆိုရင်လည်း အစ်မက ရွှေမန်း ချမ်းသာတို့ လာတဲ့အချိန်မှာ သူတို့ ဆိုင်းဆရာတွေဆီကနေ ခြောက်လုံးပေါက်ဗုံကို သူတို့က အခြေခံကို သင်ပေးလိုက်တဲ့ အတွက်ကြောင့်မိုလို့ အစ်မသမီးက သင်္ကြန်ဒိုးကို ခြောက်လုံးပေါက် တီးနိုင်တယ်ပေါ့နော်။ အဲဒီတော့ မနှစ်ကလည်း သူ နှစ်ပုဒ် တီးတယ်။ နန်းမရတီးဝိုင်းနဲ့ The Nox နဲ့။ ဒီနှစ်လည်း သူ တစ်ပုဒ် တီးပါတယ်။ အစ်မတို့တွေက အကုန်လုံး အဝေးမှာ ရောက်နေကြပေမဲ့ မိသားစုတွေ အားလုံးက ကိုယ့်ရဲ့သားသမီးတွေ အားလုံးကို အစ်မလိုပါပဲ တခြားမိဘတွေလည်း အတူတူပါပဲ။ ကိုယ့်သားသမီးတွေကို ကိုယ့်မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ရစေချင် သိစေချင်ကြပါတယ်။”
မယ်ရီလန်း ပြည်နယ်က ကိုရင်ထွေးကလည်း အခုလို အဆိုအက သင်္ကြန်ပွဲတွေကို လုပ်ပေးတဲ့အတွက် ကလေးတွေကလည်း မြန်မာ့ယဉ်ကျေးမှုကို ပိုပြီးစိတ်ဝင်စား သိချင်လာကြတယ်လို့ ပြောပါတယ်။ မယ်ရီလန်း ပြည်နယ်မှာ တနင်္ဂနွေနေ့ လုပ်မယ့် သင်္ကြန်ပွဲကို နယူးယောက် မြို့အပါအဝင် အမေရိကန် အရှေ့ဘက်ခြမ်း မြို့တချို့မှာနေကြတဲ့ မြန်မာလူမျိုးတွေ လာရောက် ဆင်နွဲကြဖို့ စီစဉ်ထားတယ်လို့ သူကပြောပါတယ်။
မကွေးက ကြားဖြတ်အရှုပ်တော်ပုံ
မကွေးသား၊ မိုးမခပေးစာ၊ ဧပြီ ၁၅၊ ၂၀၁၂
”ဘယ်သူကအမှန် ဘယ်သူက တရားခံ အမှားအမှန်အဖြေညှိစရာမလိုတဲ့ ‘ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒမပြုလိုက်ရတဲ့ ပြည်သူများနဲ့ ကော်မရှင်လူကြီးတို့ရဲ့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းမှုများ …”
ဧပြီလ (၁)ရက် ကြားဖြတ်ရွေးကောက်ပွဲအဖြကို အားလုံးသိရှိပြီးဖြစ်သော်လည်း မဲဆန္ဒနယ်မြေ တစ်ခုချင်းစီမှာ တွေ့ကြုံခဲ့ရသော အခက်အခဲပြဿနာတွေကတော့ ညံစီနေဆဲပါ။ တာဝန်ရှိသူတွေကလည်း မဲရုံမှာ တရားဝင်နှောက်ယှက်မှုနဲ့ ပြဿနာရှာချင်၊ နိုင်ငံရေးပါတီတွေကလည်း မဲမသမာမှုရှိတယ်ဆိုပြီး ကော်မရှင်နဲ့ မဲရုံမှူးတွေကို တိုင်ချင်၊ တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားအားထုတ်နေကြ ပါတယ်။
ပြည်သူကလည်း မိမိရဲ့အားနည်းမှုမရှိပါဘဲလျက် မဲစာရင်းမှာမပါလို့ ကော်မရှင်ကို အချိန်မီအကြောင်းကြားခဲ့သော်လည်း မသိကြိုးကျွံပြု မဲစာရင်းမှာချန်လို့ ကြိတ်မနိုင်ခဲမရ မိမိရဲ့တကယ့်ဆန္ဒအမှန် ဖော်ထုတ်ချင်ခါမှ ပျောက်ကွယ်နေရတဲ့ မဲစာရင်းကြောင့်လမ်းဘေးမှာငုတ်တုတ်ထိုင်ရင်း မဲပေးနေကြသူတွေကို ငေးကြည့်နေခဲ့ရတာပါ။
အဖြစ်က ဒီလိုပါ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲပေးမယ့်သူစာရင်းမကျန်လစ်ရလေအောင် ရ.ယ.က တို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အခုကြားဖြတ်ရွေးကောက်ပွဲမှာလဲ အုပ်ချုပ်ရေးမှူးများက ၂၀၁၀ စာရင်းအခြေခံလို့ မဲစာရင်းတွေ ထုတ်ပြန်ခဲ့ရတယ်။ နေထိုင်တာ ပြောင်းရွှေ့ရင်ဖြုတ်၊ နောက်တိုးကိုထပ်ပေါင်း၊ အသက်ပြည့်မှီသူတွေတိုးပွား။ ဒီလိုလုပ်ရမှာမဟုတ်လား။
အခုတော့ ယခင် ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲဆန္ဒရှင်စာရင်းမှာ မဲပါသူတွေလဲစာရင်းပျောက်။ အိမ်ထောင်ဦးစီး တစ်ယောက်လောက်သာ မဲစာရင်းပါဝင်ပြီး တစ်အိမ်သားလုံးစာရင်းပျောက်နေတာလည်းရှိရဲ့/ မိမိကိုယ်တိုင် ဆယ်အိမ်မှူး၊ မဲရုံမှူးဖြစ်နေရက်နဲ့ တစ်အိမ်ထောင်စုလုံး မဲမပေးရတာလည်း ရှိရဲ့ဗျာ။
ရပ်ကွက်ကော်မရှင် ဖြေရှင်းပုံတစ်ခုကတော့ထူးရဲ့။ နာမည်စာရင်းက မစန်း။ မဲစာရင်းမှာက မစန်းစန်းဌေးဖြစ်နေတယ်။ မှတ်ပုံတင်နံပါတ်ကလည်းလွဲ။ ဒါပေမဲ့ အဖေနာမည်အမှန်။ နေရပ်လိပ်စာအတိအကျ။ ဒါကိုအရေးဆိုတော့ လစ်လပ်နေရာမှာ အစားထိုးပေးစေခဲ့တာပါ။ တစ်ယောက်တည်းလားဆိုတော့ အခြားတစ်ယောက်ကျ အဖေနာမည်မတူလို့ ပေးရမယ့်မဲရုံမှာမပေးရဘဲ နောက်တိုးစာရင်းနဲ့ မဲရုံနေရာပြောင်းပေးရတယ်။ ဘာပဲဖြစ်ဖြစ် စာရင်းပျောက်လို့ တစ်အိမ်လုံး တစ်မိသားစုလုံး မဲမပေးရတာထက်စာရင် တော်သေးတယ်လို့ ပြောရမှာပေါ့။
”ဒါကျမအသိနဲ့ ကျမလုပ်တာ။ ဘယ်ပါတီဝင်မှမဟုတ်ဘူး၊ ကျမလို မဲဆန္ဒပြုချင်ရက်နဲ့ မဲမပေးရတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ သိချင်လို့ စာရင်းပြုစုတာပါ။ (၈၊ ၉၊ ၁၀)လမ်း – (၃)လမ်းပဲ ကောက်နိုင်ပါသေးတယ်။ ကျမက ဈေးသည်ပါ။ ဈေးရောင်းရပါဦးမယ်။ ကျမနိုင်သလောက် လုပ်တာပါ။ အခုမဲစာရင်းမှာမပါတာ (၃)လမ်းမှာ စာရင်းကောက်တာ အယောက်(၇၀) ရှိသွားပြီ” ဆိုသူကဆိုပေါ့ဗျာ။
ကျနော်လုပ်ရမှာက မဲဆန္ဒနယ်တွေမှာ ရသလောက် သတင်းယူရမှာ မဟုတ်လား။ အခုတော့ ရပ်ထဲရွာထဲ မဲစာရင်းပျောက်လို့ မဲမပေးရသူတွေနောက် လိုက်နေရတယ်ဗျာ။ ဒါဘာကြောင့်လဲ။ ဘယ်အတွက်မဲစာရင်းကျန်တာလဲ။ ရည်ရွယ်ချက်ရှိရှိနဲ့ ချန်တာလို့ ထင်စရာက …
”ရာခိုင်နှုန်း ကွာဟမှုမရှိပါစေနဲ့၊ ဘာပဲဖြစ်ဖြစ် နိုင်ကိုနိုင်ရမယ်။ ခင်ဗျားတို့ ကျုပ်တို့က ပါတီဝင်တွေ၊ ခင်ဗျားနေရာ ခင်ဗျားမြဲချင်တယ်မဟုတ်လား။ မဖြစ် ဖြစ်တဲ့နည်းနဲ့လုပ်လို့ ညွှန်ကြားသူကလည်း ညွှန်ကြားထားတယ်။ ဒီတော့ မကွေးမြို့နယ် စလံရွာမှာ ဖြစ်သွားတာကျတော့ နည်းစနစ် ဥပဒေဘောင်တွေ အကုန်ကျော်ကုန်တယ်ဗျို့”
သူက ရွာမှာ မိုက်တကာ့မိုက်တဲ့ကလေး၊ မဲဆန္ဒမတိုင်ခင်ရက်တွေမှာ ”ငါးမင်းဆွေ”ရေးတဲ့ ဒေါ်စုမကောင်းကြောင်းဆောင်းပါးတွေ ဖြန့်ဝေတယ်။ အမတ်လောင်း ဦးမြင့်သိန်း ကိုယ်ရေးအကျဉ်းတွေဝေတော့ တားမြစ်တယ်။ နောက်ဆုံး မဲရေတွက်တော့ ပြည်ခိုင်ဖြိုးနဲ့ NLD မဲအရေအတွက်ချင်းညီနေတယ်။ ၂၀၉ မဲ နဲ့ ၂၀၉ မဲ။ ဘသားချော ဘာလုပ်တယ် အောက်မေ့တယ်မှတ်လဲ။ ကြိုတင်မဲ ၅၆ မဲကို ”ကျုပ်တို့ နိုင်ကိုနိုင်မှရမယ်’… တဲ့။
“ကောင်းရောဗျာ။ ကြိုတင်မဲဆိုတာက မဲရုံဖွင့်ကတည်းက ရေတွက်ရတာမဟုတ်လား။ အခုတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကြီး မှာတဲ့အတိုင်း အနိုင်ရမှတဲ့ဗျို့။”
ဒီမှာတင် အစာမကြေ ဖြစ်နေကြတော့ ဒီကိစ္စကို တရားဝင်ကိုင်တွယ်ဖြေရှင်းမယ် ဖြစ်နေတာပေါ့။ တစ်ခိျု့နေရာတွေမှာ အသေးအဖွဲပြဿနာလေးတွေ ရှိပေမယ့် NLDက မဲအသာရတော့ ငုတ်သျိုးခဲ့တာလဲ ရှိရဲ့။ အခု စလံကိစ္စကိုတော့ ကိုင်တွယ်ဖြေရှင်းမယ်လို့ အောင်နိုင်ရေးအဖွဲ့ဝင်တွေက တင်းတင်းမာမာ ပြောနေတာ ကြားတယ်ဗိျု့။
ကဲ … တစ်ဖက်ကလည်း မကြီးကန်ကိစ္စကို တရားစွဲမယ်လို့ ပြင်နေလေရဲ့။ မဲစာရင်းမှာ မပါလို့ လူ(၃၀၀)လောက်က မဲရုံက မပြန်ဘဲ ဖြစ်နေတာကို သွားရောက်ဖြေရှင်းရာမှာ စကားအခြေအတင် များကြတယ်ထင်ပါတယ်။ ဒီလောက်တောင် မဲစာရင်းမှာ လိမ်ညာမှုတွေ ရှိရက်နဲ့ ပြည်ခိုင်ဖြိုး မကွေးမှာ ဘာကြောင့် ရှုံးသလဲလို့ ၀ါရင့်ပုဂ္ဂိုလ်တွေကို ချဉ်းကပ်မေးကြည့်တော့ တစ်ခွန်းတည်းပဲ ပြန်ပြောခံရပါတယ်။
”သောက်ညင်ကပ်လို့ဟေ့၊ ပြည်သူက မုန်းလို့ ” တဲ့။
သေချာလေ့လာကြည့်တော့ ပြည်သူကို စည်းရုံးရေးဆင်းရာမှာ အထက်စီးလေသံနဲ့ပြောတာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို လက်ကိုင်ထား ညစ်မယ်ဆိုတာတွေ၊ ၀န်ထမ်းတွေကို ခြိမ်းခြောက် အနိုင်ယူတာတွေ၊ အဆိုးဆုံးက အာဏာနဲ့မဲရအောင်လုပ်မယ်ဆိုတာတွေက ပြည်ခိုင်ဖြိုးအထူးသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ထီမထင်တဲ့ အပြုအမူတွေက ပြည်သူရဲ့မျက်မုန်းကျိုးခြင်းကို ပိုခံရတာပါပဲ။ ရရှိထားတဲ့ အမိန့်အာဏာနဲ့ ယာမြေကွက်တွေကို အပိုင်ဝယ်သိမ်းတာကအစ မလိုအပ်ပဲ ၀န်ကြီးချုပ်အားရစေမယ့် လုပ်ရပ်မှန်သမျှ လုပ်ဆောင်ပေးတာက ပိုဆိုးပါတယ်။
ဝန်ကြီးချုပ်ကလည်း ဒီနေရာမှာ ငါဘုရင်၊ ငါထင်တာလုပ်မယ်။ ည (၁၀) နာရီဆို ဆိုင်တွေပိတ်။ မအိပ်ရင် မှောင်ရိပ်ခိုမှုနဲ့ဆွဲထည့်။ အနောက်ဖက်ကမ်းက ”စိန်လင်း” ဆိုတဲ့ လူမိုက်နဲ့ပေါင်း (စိန်လင်းကလည်း သူ့ကိုအပိုင်ကိုင်ထားတဲ့ movie ခွေရှိတယ်လေ – ဦးနဲ့သမီး ချစ်ရည်လူးနေတဲ့ movie ပါ)။
ပညာရေးကောလိပ်အရှေ့ဘက်မှာ ဧကအကျယ်ကြီး ယာပိုင်ရှင်ကို ဖိအားပေးပြီး မရောင်းရောင်းအောင် တစ်ဧက (၄)သိန်းနဲ့ ၀ယ်ထားတာ၊ သံပြားအပြာကြီးတွေကာထားတာ။ မကွေးကိုရောက်ဖူးတဲ့သူတိုင်း တွေ့မှာပါ။ ဒါကို ကောင်းမွန်စိန်ဌေးက ပဲပိုင်လေဟန် လေသံတွေ ပစ်ထားတာ ကြာပါပြီကော။ ဘယ်သူ့ဟာလဲ။ ဘာလုပ်မှာလဲ။ ဘာ … ဘာ … ဘာ တွေ ထပ်နေအောင် မေးရတဲ့ ခြံကြီးပါ။
တစ်ခါ စစ်ဆေးရေးစစ်တာ ဘီလျံ ၅၀ လောက် စာရင်းမပြနိုင်လို့ စိန်ဌေး (ကောင်းမွန်) အခက်တွေ့နေတာ။ တကယ်ဖြေရှင်းလိုက်တော့ နိုင်ငံတော်ကို သိန်းသုံးသောင်း ဒဏ်ရိုက်ခံလိုက်တာနဲ့ ပြီးသွားတယ်ဆိုလား။ ပျင်းတောင်ပျင်းသေးတယ်ဟေ့။ သိန်းသုံးသောင်းလောက်ကတော့။
လာပြန်ပြီ အခုတစ်ခါ။ တိုင်စာတွေ တစ်ပွေ့ကြီးနဲ့။ ကံဖယ်ရင် ကံဆည်တာတောင် မရဘူးနော်။ အခက်တွေ့တော့ ယတြာချေ။ သူ့အိမ်ရှင်မ မြသလွန်ဘုရား အင်္ဂါထောင့်မှာ တစ်ယောက်တည်း။ လုံခြုံရေးတွေချ။ ဆုတောင်းခဲ့တယ်။ ကန်သာကန်ကြီးကို ဘူဒိုဇာစက်ကြီးတွေနဲ့ တစ်ကန်လုံးရှင်းနေတာ။ ဆရာတော်တွေကတော့ သာသနာ့ဗိမာန်အတွက်ထင်လို့ ၀မ်းသာနေရဲ့။
အဟတ် ဟတ် ဟား … ဟား … ဘယ်ဟုတ်ပ့ါမလဲ။ ကံဆင့်တာတဲ့လေ။ သနားလိုက်ပါဘိ။
ကျွတ် … ကျွတ် … ကျွတ် … သူမသိတာက ကံဆည်တယ် ဆိုတာ ကိုယ်တိုင်ကိုယ်ကျ တူး၊ ဆယ်၊ ဖို့ ရတာ။ သူ့ယတြာကပဲ စွမ်းလို့လားတော့ မသိဘူး။ အဲဒါလည်း လုပ်လိုက်ရော ဒေါ်စုတစ်ယောက် မကွေးကိုတောင် ရောက်မလာနိုင်တော့ဘူး။
ကောင်းလိုက်တဲ့ ယတြာအစွမ်း။ ညနေချမ်းမှာ ဂေါက်ကွင်းလာသမျှ ဘီယာချကြဟေ့ဆိုပြီး ဒကာခံကာ အောင်ပွဲကျင်းပတယ်တဲ့လေ။
ကဲ … ဒီတော့ အစတုန်းက ပြည်ခိုင်ဖြိုးကို မချစ်သော်လည်း အောင့်ကာနမ်း၊ ပိုက်ဆံချေးတာတွေ လမ်းဖောက်ပေးတာတွေ၊ ရှင်ပြုပွဲလုပ်ပေးတာတွေ (ဒါတွေကလည်း ပြည်သူတွေ မသိသေးတာပါ။ တကယ်တော့ ဒါတွေဟာ နိုင်ငံတော်က ငွေတွေနဲ့လုပ်နေတာပါ။) ရှိစေတော့ … အားနာပါနာ။ ဧပြီ(၁)ရက်လည်းရောက်ရော အစိမ်းရောင်က အနီရောင်ဖြစ်။ ခြစ်လိုက်ကြတဲ့ အမှန် ခွပ်ဒေါင်း ခွပ်ဒေါင်း ဖြစ်ကုန်တာပေါ့။
စေတနာစကားနဲ့ သေချာပါးလိုက်ရရင် ပြည်သူကို တကယ်စေတနာထား၊ အကောင်းအဆိုးကို အကြောင်းအကျိုးနဲ့ဆင်ခြင်၊ အမြင်မှန်သဘောပေါက်၊ စကောလောက်မှ စောက်မနက် အကြံပက်စက်တဲ့ ခွေးကောင် မဖြစ်စေနဲ့။ အရွေးချယ်ခံဘ၀ဆိုတာ အသွေးအမွေးလှမှ အရေးကောင်းချင်ရင် စိတ်ထား ပြောင်းဘို့လိုမယ်ဆိုတာ သေချာမှတ်ထားလိုက်ပါလို့ ။ ။
တစ်ထောင်တန်နှစ်ရွက်နှင့် ရွှေပြည်ကြီးမှအပြန်
ဖိုးထက် ဧပြီ ၁၅၊ ၂၀၁၂
ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ခွင့်ရက်အားလေးများရစဉ်မှာ ရွှေပြည်ကြီးသို့ ကျနော်အလည်ပြန်ဖြစ်ခဲ့သည်။ နိုင်ငံခြားတိုင်းပြည်များမှာ လှည့်လည်ပြီး ကျွန်သက်ရှည်နေသော ကျနော်လို ရွှေ့ပြောင်းလုပ်သားများအတွက် အမိမြေသို့ အလည်ပြန်ခြင်းသည် မထူးဆန်းသောကိစ္စပေမယ့် မရိုးနိုင်သောခရီးတစ်ခုဖြစ်ခဲ့သည်။
နောက်တစ်လလောက် ထပ်စောင့်လိုက်လျှင် တစ်လခန့် ခွင့်ရက်အရှည်ကြီးရနိုင်ပေမယ့် ဧပြီ (၁) ရက်နေ့ကို ရင်ခုန်စွာ ကြုံကြိုက်ချင်သဖြင့် (၂) ပတ်ဆိုသော မလောက်မငှခွင့်ရက်ကိုဘဲ ရွေးချယ်မိခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ကျနော်က “မင်း ဆယ့်ရှစ်နှစ်ပြည့်ပြီလား” ဆိုသည့်မေးခွန်းကို မဖြေနိုင်သေးသောအရွယ်၊ ၂၀၁၀ ရွေးကောက်ပွဲကိုတော့ ကံကောင်းစွာဖြင့် အမိရွှေမြေကြီးမှ ဝေးရာသို့ရောက်ရှိနေခဲ့သည်။ အခု ကြားဖြတ်ရွေးကောက်ပွဲကို မဲပေးနိုင်သော မြို့နယ်အတွင်းမှာ ကျနော့်နာမည်ပေါက် အိမ်ထောင်စုဇယားမရှိသဖြင့် မဲပေးဖို့ အခွင့်အရေးမရှိပေမယ့် အင်တာနက်သတင်းတွေလောက်နှင့် ကျနော်မတင်းတိမ်နိုင်။ တစ်နှစ်မှ တစ်ခေါက်လောက်သာပြန်နိုင်သော ကျနော့်အတွက် တွေ့စရာလူတွေ၊ သွားစရာနေရာတွေ၊ လုပ်စရာအလုပ်တွေ အများကြီးရှိနေပေမယ့် ၁၄ ရက်ခန့် ခွင့်ရက်တိုလေးကိုဘဲ ကျနော် ကျေကျေနပ်နပ်ရွေးချယ်ကာ ပြန်သွားဖြစ်ခဲ့သည်။ရွှေပြည်ကြီး အပြောင်းအလဲတွေကို အင်တာနက်ပေါ်မှသာ ကျနော်အရသာခံ အားရနေခဲ့ရသည်။ လက်တွေ့တွေမှာ ဘာတွေများပြောင်း လဲနေပြီလဲ။ မင်္ဂလာဒုံလေယာဉ်ကွင်းကို ရောက်ကတည်းက မွတ်သိပ်၊ ပြင်းပြသော အသိစိတ်နိုးကြားမှုများဖြင့် လိုက်လံကြည့်ရှုမိသည်။ လူဝင်မှုကြီးကြပ်ရေးကောင်တာတွေအ၀င်မှာ တရုတ်စာလုံးတွေပျောက်သွားတာကို သတိထားမိသည်။ ကျနော့်ရှေ့မှ ညီလေးတစ်ယောက် ကျောပိုးအိတ်မှာ NLD တံဆိပ် ရင်ထိုးအနီလေးကိုချိတ်ထားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်၊ ဘယ်သူတွေမှန်းမသိရလောက် အောင် ရှုပ်ရှက်ခပ် နေသည့်လူတွေကြားထဲကို ဖြတ်လျှောက်သွားတာကိုလဲ သတိထားမိသည်။ သူ့ကို ဘယ်သူမှလဲ မလိုတမာမျက်လုံးများဖြင့် လိုက်ကြည့်နေ တာကိုလဲ မတွေ့ရ။ သူကိုယ်တိုင်ကလဲ မောက်မာဝင့်ကြွားသော ဟန်ပန်အမူအရာမရှိ။ နိုင်ငံသားတိုင်း နိုင်ငံရေးကို စိတ်ဝင်စားခွင့်ရှိသည် ဆိုသည့်အဆိုကို သတိတရဖြစ်ကာ ကျနော်ကျေနပ်အားရမိသည်။
လူဝင်မကီးကြပ်ရေး ပြည်သူ့ဝန်ထမ်းများ၊ အကောက်ခွန်ဝန်ထမ်းများကို ကျနော်ဖြတ်သန်းသောအခါ အရာအားလုံးက ရှောရှောရှူရှူ။ အ ရင်အခေါက်တွေတုံးကလို တစ်စုံတစ်ရာကို ငံ့လင့်ပြီးသော်လည်းကောင်း၊ မယုံသင်္ကာ ရစ်ချင်ကြသောလူများ လုံးဝမတွေ့ရတော့။ “အဆင် ပြေရင် တစ်ခုခုလုပ်ပေးခဲ့ကွာ” ဆိုသည့်စကားသံတွေ မကြားရသော ကျနော့်အတွက် တာဝန်မကျေသလိုမျိုးကြီးတောင် ခံစားရသည်။
နိုင်ငံခြား တိုင်းပြည်တွေမှာ နှစ်ရှည်လများ အလုပ်တွေအများကြီးလုပ်ပြီး အကြာကြီးနေခဲ့သူများအတွက် မြန်မာနိုင်ငံကြီးသည် တဆင့်နိမ့် ကြည့်စရာအများကြီးဘဲ ရှိမည်ထင်သည်။ သို့သော် ကျနော့်သဘောအရ ထိုသို့ကြည့်ချင်သောသူများကို အားမပေးချင်။ လေယာဉ်ကွင်းစ၀င်ကတည်းက စနစ်မကျ၊ မပြည့်မစုံဖြင့် အစစအရာရာမှာ သူများနိုင်ငံတွေနှင့် မနှိုင်းယှဉ်သာလောက်အောင် နောက်ကျကျန်နေခဲ့တာ သိသာပါသည်။ သို့သော် မင်္ဂလာဒုံလေယာဉ်ကွင်းကို လေယာဉ်ဘီးချပြီဆိုကတည်းက စိတ်လုံခြုံစိတ်ချမှုဆိုသည့် စိတ်ခံစားမှုတခုတည်းဖြင့်ပင် အရာရာကို ကျနော်ကဖြင့် ချစ်ခင်မြတ်နိုးစိတ်ဖြင့်ဘဲ ကြည့်မိ၊ ခံစားမိသည်။
အငှားကားကိုငှားကာ ကျနော့်အိမ်သို့အလာလမ်းမှာ လမ်းဘေးကွမ်းယာဆိုင်လေး တစ်ဆိုင်တွင်ရပ်ခိုင်းကာ ကွမ်းဆင်းဝယ်သည်။ အရေမရ အဖတ်မရ လတ်လတ်ဆတ်ဆတ်ကွမ်းယာကို အရသာခံဝါးရင်း ဆိုင်မှတောင်းလာခဲ့သော ပလပ်စတစ်အိတ်ထဲသို့ ကွမ်းထွေးသည်။ သို့သော် ကားရပ်တိုင်း လမ်းပေါ်သို့ ကွမ်းသွေး တပြစ်ပြစ်ထွေးထုတ်နေသောကားသမားကို အထက်စီးလေသံဖြင့် ကျနော်ဆရာမလုပ်ဖြစ်ခဲ့။ ဖြည်းဖြည်းချင်းတော့ ပြင်နေကြတာဘဲမဟုတ်လား။ ဒီလိုကိစ္စတွေက ဥပဒေဖြင့်၊ ပညာပေးခြင်းဖြင့်၊ အသိပေးခြင်းဖြင့် ပြင်ယူလို့ရသော ကိစ္စတွေလို့မြင်သည်။
အိမ်ကလူများကို ကျနော်ပြန်လာမည့်ရက်ကို အတိအကျမသိသေးသဖြင့် ကြိုတင်မပြောထားမိ။ ဘယ်အချိန်၊ ဘယ်နေ့ ပြန်လာ ပြန်လာ အိမ်ကလူများကဖြင့် ကျနော့်ကိုပျော်ရွှင်ကြည်နူးစွာ ကြိုကြသည်။ အိမ်တံခါးဝမှာ ကြယ်ဖြူကြီးတစ်လုံးနှင့် ခွပ်ဒေါင်းပုံပါသည့် အလံနီနီလေးကို တွေ့မိတော့ ကျနော်ပြုံးမိသည်။ “မင်းက အိမ်တောင်ပြန်မရောက်သေးဘူး ပါးစပ်မှာကွမ်းတွေက တရဲရဲနဲ့ပါလားကွဲ့” ဆိုသည့် အမေ့၏ ပြစ်တင်သံသည် ကျနော့်အတွက် နားဝင်ပီယံရှိလွန်းလှသည်။ ဒီလိုအဆူ၊ အပြောတွေ ကြားချင်နေတာ ကြာလှပြီအမေရဲ့ဆိုသည့် ကျနော့်စကားကို အမေကသဘောကျပြီး ရီသည်။
အိမ်သူ အိမ်သားများ၏ ကျနော့်အပေါ် ဆိုးနွဲ့သံများ၊ ပူဆာသံများ၊ ဖက်လှဲတကင်း ကြိုဆိုကြသည်များကိုတုန့်ပြန်ရင်း အိမ်ကို လေ့လာမိသည်။ နံရံပေါ်ရှိ ဒေါ်အောင်ဆန်းစုကြည်ပုံများ၊ ဗိုလ်ချုပ်ပုံများ၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါသည့် ဖတ်လက်စဂျာနယ်များကို သတိထားမိသည်။ ဒေါ်စုထက် ဆယ်နှစ်ခန့်အသက်ငယ်သောအမေက “ငါ့အမကြီးပုံတွေ ကျက်သရေမရှိဘူးလားဟဲ့” ဆိုသည့်အမေးကို ကျနော် အပြုံးဖြင့် ထောက်ခံမိသည်။
“ပညာတတ်တဲ့သူများ၊ အများအတွက် ကိုယ်ကျိုးစွန့်တဲ့သူတွေများ ရုပ်ဆိုးပစေအုံးတော့ ကြည့်ရတာကို ကျက်သရေကိုရှိတာ ငါ့သားရဲ့” အမေ့၏ အထွန့်တက်ချီးကျူးသံများကို ကျနော်ကဖြင့်ကျေနပ်မိသည်။ ကျနော်က အမေ့ကို စချင်၊ နောက်ချင်သဖြင့် “အမေ့ အမကြီးက အများအတွက်သာ အလုပ်လုပ်နေတာ တစ်ရက်ကို တစ်စုံ အ၀တ်အစားတွေဝတ်လှပါလားအမေရဲ့” ဆိုပြီး စမိသည်။
ကျနော့်ကို ကြားထဲက၀င်ပြီး ကက်ကက်လန်ရန်တွေ့သည်က အမအကြီးဆုံး။ “ဟဲ့ မိန်းမဆိုတာ ဘယ်မိန်းမမဆို လှချင်ကြတာချည်းဘဲ။ မြန်မာဆန်ဆန်နဲ့ ဘယ်လောက် ကြည့်လို့လှသလဲ။ ပြီးတော့ သူဝတ်တဲ့အ၀တ်အစားဖိုးအတွက် ဘယ်သူ့ပိုက်ဆံနဲ့မှ၊ ဘယ်သူကန်တော့တာ မှ မဟုတ်ဘူး။ ကန်တော့တာ၊ လက်ဆောင်ပေးတာ ၀တ်တယ်ဆိုအုံးတော့ ပေးတဲ့သူ၊ ကန်တော့တဲ့သူတွေက အကျိုးလိုလို့ ပေးကြတာ မဟုတ်ဘူး။ ချစ်လို့ ခင်လို့ပေးတာ၊ ကန်တော့တာ။ ခိုးဝှက်ပြီးရထားတဲ့ပိုက်ဆံတွေနဲ့ ၀တ်စား၊ နေနေတာမှမဟုတ်တာ။ နင်လျှာမရှည်နဲ့” ဆိုသည့် သူ့ဝသီအတိုင်း အနှောင့်အသွားမလွတ်သော ရန်တွေ့သံကိုကြားရသည်။
ရွှေပြည်ကြီးကို ခဏတဖြုတ်အလည်ပြန်တုံးမှာ ကျနော့်မှာ နာရီနှင့်အမျှ လုပ်စရာအကြောင်းအရာတွေများလှသည်။ မုန့်ဟင်းခါး စားချင်သည်။ နန်းကြီးသုတ်စားချင်သည်။ ဖန်ရေကျကျ လ္ဘက်ရည်အခွက်ပေါင်းများစွာသောက်ရမည်။ သူငယ်ချင်းတွေနှင့် လေပေါရင်း မြန်မာဘီယာ အေးအေးလေးများကို မာလာဟင်းနှင့် မြည်းချင်သည်။ မန္တလေးကိုလဲသွားချင်သေးသည်။ အမယ်အစုံ၊ လုပ်စရာအများသားနှင့် အချိန်အားရသည် မရှိလှ။
သွားရင်းလာရင်း ကားမှန်တွေပေါ်မှာ၊ ဆိုင်တံခါးမှန်တွေပေါ်မှာ၊ နေရာစုံမှာ NLD အလံစတစ်ကာများကို တွေ့ရသည်။ ဘီယာဆိုင်မှာ ဘီယာသောက်ရင်း ရင်ဘတ်ပေါ်မှာ NLD အလံရင်ထိုးလေးထိုးထားသော အမူးသမားများ ကျယ်ကျယ်လောင်လောင် ငြင်းကြ၊ ခုံကြသံတွေကို ကြားရသည်။ Taxi ပေါ်ရှိ ဘုရားပုံတော် ကပ်နေကြနေရာမှာ NLD ခေါင်းစည်းနီနီလေးတွေကို တွေ့ရသည်။ NLD သရဏံ ဂစ္ဆာမိလုပ်ထားကြသည်။ ကြည်နူးစရာ။ ချမ်းမြေ့စရာ။ ဘတ်စ်ကားကြပ်၊ မီးပြတ်၊ အမှိုက်ပုံပွနေသော မပြောင်းမလဲအကြောင်းများအရာများထက် မတရား တာကို မတရားဘူးဟုပြောသံများကို ထူးထူးခြားခြား ကြားရသည်။
သူငယ်ချင်းတစ်ယောက် ခေါ်သွားသဖြင့် NLD ရုံးဖွင့်ပွဲတစ်ခုသို့ရောက်သွားသည်။ NLD အမှတ်တရ အရောင်းဆိုင်လေးတွေမှာ ဘုစုခရုလေးများမှအစ တုန်တုန်ချိချိ အမယ်ကြီးများအထိ အမှတ်တရပစ္စည်းလေးတွေကို တမြတ်တနိုးဝယ်နေတာကို တွေ့ရသည်။ နိုင်ငံရေးကောလဟလလေးများ ပြောလျှင်တောင် နှစ်ကိုယ်ကြားပြောရသောအခြေအနေမှ နိုင်ငံရေးကို တအုံးအုံး စိတ်ဝင်စားနေတာကိုဖြင့် ကျနော် သဘောတွေ အကျကြီးကျသည်။ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးနိုင်းနိုင်းတို့ ဟောပြောချက်များကို အားရပါးရလက်ခုပ်တီးကာ အားပေးကြသည်။ ကျနော်လို သာမန်ပြည်သူများက နိုင်ငံအပြောင်းအလဲအတွက် လမ်းပြနိုင်မည့် NLD ကို အားရပါးရအားပေးနေစဉ်မှာ ပင်နီတိုက်ပုံဝတ်၊ ရင်ဘတ်တွင် NLD ရင်ထိုးများထိုးထားသော ပါတီကေဒါအဖွဲ့ဝင်တချို့က လူအုပ်ကြားထဲတွင် အရှေ့မှ အနောက်၊ တောင်မှမြောက်သို့ မျက်စိနောက်အောင် လမ်းလျှောက်သည်။ ထို့အပြင် ပါးစပ်က စီးကရက် မီးခိုးငွေ့များကို လူအုပ်ကြားထဲမှာ မွှန်ထူနေအောင် မှုတ်ထုတ်ကြသည်။ ကွမ်းသွေးများကို ဘေးလူတွေ စင်အောင်၊ သူများအိမ်ရှေ့တွေမှာ ပေပွနေအောင် ထွေးကြသည်။ စင်ပေါ်က ဦးဝင်းတင်တို့က စည်းကမ်း ရှိကြဖို့၊ စည်းလုံးကြဖို့ပြောနေချိန်မှာ အောက်က NLD အဖွဲ့ဝင်တစ်ချို့ကို ကျနော် ဒေါသမထွက်မလာခင် သူငယ်ချင်းကိုနှုတ်မဆက်ဘဲ ကျနော် ပြန်ထွက်ခဲ့သည်။
ဧပြီ ၁ ရက်နေ့မှာတော့ ကျနော် မန္တလေးသို့ရောက်နေခဲ့သည်။ ရွေးကောက်ပွဲသတင်းများကို ကျနော် အငမ်းမရသိချင်သည်။ ဘယ်သူတွေ နိုင်ကြသနည်။ ဘာတွေဖြစ်ကြသေးသနည်း။ နေပြည်တော်လေးနေရာကတော့ဖြင့် အခြေအနေဆိုးနိုင်သည်။ အင်တာနက်ဆိုင်ကို သွား တော့ အီးမေးလ်ဖွင့်ဖို့တောင် အတော်စိတ်ရှည်ရသည်။ သတင်းစုံနိုင်သော ဆိုဒ်တွေကို ဖွင့်ဖို့ ကြိုးစားတော့ ပိုဆိုးသည်။ စိတ်အရှုပ်မခံနိုင်သော ကျနော်က အင်တာနက်ဆိုင်မှ ထထွက်ခဲ့သည်။ ဧပြီ ၂ ရက်နေ့မနက်အစောကြီးမှာ လ္ဘက်ရည်ဆိုင်မှာထိုင်ရင်း ဂျာနယ်အတော်များများကို ၀ယ်ဖတ်မိသည်။ သတင်းတွေက မစုံမလင်။ မပြည့်မစုံ။ ဧပြီ ၃ ရက်နေ့ကျမှသာ နေပြည်တော် လေးနေရာအပါအ၀င် အကုန်နီးပါးလောက် နိုင်သည်ဆိုတာကို သိလာရသည်။ နိုင်ငံခြားမှသူငယ်ချင်းက ကျနော်ပြန်လာမည့်ရက်ကိုသေချာဖို့ ဖုန်းလှမ်းဆက်ချိန်ကြမှ သတင်းအစုံသိရ သည်။ ပြည်တွင်းမှာရှိသောသူက သတင်းအစုံမသိရ။ ပြည်ပနေသူက အတိအကျသိနေတာကို ကျနော်မခံချင်စိတ်ဖြစ်မိပေမယ့် နောင်တော့ တဖြည်းဖြည်းဖြစ်လာမှာပါဟုသာ ဖြေတွေးတွေးလိုက်ရသည်။
မန္တလေးမှာရှိနေစဉ် ကျနော်သွားချင်သည့် မန္တလေးပတ်ဝန်းကျင်များကို သွားသည်။ ဦးပိန်တံတားသွားသည်။ မန္တလေးတောင်ပေါ်မှ နေလုံး ကြီးဝင်ချိန်ကို သွားကြည့်သည်။ မင်းကွန်းသို့ရောက်သည်။ မင်းကွန်းမှာ ဧည့်သည်လိုက်ပို့လာသော သူငယ်ချင်းနိုင်ငံခြားသား ဧည့်လမ်းညွှန်နှင့် တွေ့သည်။ သူ့ဧည့်သည်များ ဈေးဝယ်နေတုံးမှာ လေပေါမိကြသည်။ “အခြေအနေ အတော်ကောင်းလာတယ်ဆို “ဟူသော ကျနော့်အမေးကို မချင့်မရဲအပြုံးဖြင့် အဖြေပေးသည်။ “ဘဏ်စနစ်တွေ၊ သယ်ယူပို့ဆောင်ရေးတွေ အကြီးကြီးတွေ လျှောက်မပြောတော့ပါဘူးဟယ်။ အခြေခံဖြစ်တဲ့ နိုင်ငံခြားသားဝင်လို့ရမယ့် သန့်သန့်ရှင်းရှင်းအိမ်သာတောင် ပြည့်စုံအောင်ရှိတာမှ မဟုတ်သေးတာ။ အခု ဒီမင်းကွန်းမှာဆို နိုင်ငံခြားသားတွေ တပိုတပါးသွားချင်ရင်တောင် အတော်ဒုက္ခရောက်တာဟဲ့” ဆိုသည့် သူ့ စကားသံသည် စိတ်အနှောင့်အယှက်ဖြစ်စရာ။ “ နိုင်ငံခြားသားဆိုတိုင်း ချမ်းသာတယ်မထင်နဲ့ဟဲ့။ တချို့က ဘတ်ဂျက်ကန့်သတ်ပြီး လာချင်လွန်းလို့သာ လာရတာ။ အကန့်အသတ်နဲ့ သုံးရတာ။ ထိုင်းတို့၊ ဗီယက်နမ်တို့မှာက လမ်းဘေးဆိုင်လေးတွေဝင်စားလဲ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့။ ဟိုတယ်ဆိုရင်လဲ သူ့ဈေးနဲ့သူ ရွေးချယ်ပြီး တည်းလို့ရတယ်။ ဒီမှာကဟယ်” ဆိုသည့် သူ့စကားသံတွေကို ကျနော်နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။
အချိန်နည်းသော ကျနော့်အတွက် သွားချင်သောနေရာ၊ တွေ့ချင်သောလူများကို အကုန်မရောက်၊ မတွေ့ရဘဲ ပြန်ဖို့ပြင်ရသည်။ လေယာဉ် ကွင်းကို လိုက်ပို့သော ကျနော့် ကိုယ်တစ်ခြမ်းကို ပိုက်ဆံအိတ်ထဲရှိ မြန်မာကျပ်ငွေများကို အကုန်ပြန်ပေးလိုက်သည်။ လူဝင်မှု ကြီးကြပ်ရေး ဖြတ်ပြီး ရှိသော ကော်ဖီဆိုင်လေးမှာ ကျနော် ဘာမှမစားချင်၊ မသောက်ချင်တော့။ မြန်မာငွေသုံးဖို့ မလိုတော့။
သို့သော် ကျနော် တစ်စုံတစ်ခုကိုအမှတ်ရကာ သူ့ဆီမှ တစ်ထောင်တန်နှစ်ရွက် ပြန်တောင်းလိုက်သည်။ သူ့ကို ရှည်ရှည်ဝေးဝေး ရှင်းပြမနေ။ နိုင်ငံခြားမှာ မြန်မာငွေ ဘာလုပ်လို့ရမှာလဲဆိုသည့် သူ့အမေးကို အဖြေမပေးခဲ့။ ကျနော့်အတွက် တစ်ထောင်တန်နှစ်ရွက်သည် အကျိုးရှိနိုင်သည်။ ပြည်သူတွေ၏ အကြောက်တရားကို ပြန်လည်အသက်သွင်းပြီး ရွှေပြည်ကြီးတိုးတက်ဖို့ ကန့်လန့်ခံနေသောသူများနှင့် နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ ကျနော်နှင့်မတွေ့ဘူးဟု မည်သူပြောနိုင်သနည်း။
ထိုသို့ တွေ့ခဲ့ပါက ကျနော့်ပိုက်ဆံအိတ်ထဲမှာရှိသော မြန်မာကျပ်ငွေနှစ်ထောက်ကိုအသုံးချကာ ပါးကိုခပ်စပ်စပ်လေး ဘယ်ပြန် ညာပြန် ရိုက်ပေးလိုက်ရအုံးမည်။
သင်္ကြန်အကျနေ့တွင် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးလမ်းအပါအ၀င် ရန်ကုန်မြို့တွင်းတွင် နံနက်ခင်းပိုင်း ကပင် ရေပက်ခံကားများ၊ မဏ္ဍပ်များတွင် ရေကစားသူများနှင့် ရေပက်ခံသူများဖြင့် စည်ကားခဲ့သည်။
ရန်ကုန်မြို့တွင်းအပြင် ဆင်ခြေ ဖုန်းရပ်ကွက်များတွင်လည်း စက်ဘီးများဖြင့် ရေပက်ခံထွက်သူ များ၊ လမ်းလျှောက်ရေပက်ခံထွက်သူများ၊ ကားဖြင့် ရေပက်ခံထွက်သူများဖြင့် လည်းစည်ကားခဲ့သည်။
ကန်တော်ကြီး မျှော်စင်ကျွန်း အတွင်း၌ Iron Cross အဖွဲ့မှ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်းဝိုင်းတို့၏ ဖျော်ဖြေ မှုနှင့်အတူ ကန်တော်ကြီးအတွင်း၌ ရေကစားသူများ၊ အနားယူသူများဖြင့်လည်း များပြားခဲ့သည်။
ရန်ကုန်မြို့တွင်းအပြင် ဆင်ခြေ ဖုန်းရပ်ကွက်များတွင်လည်း စက်ဘီးများဖြင့် ရေပက်ခံထွက်သူ များ၊ လမ်းလျှောက်ရေပက်ခံထွက်သူများ၊ ကားဖြင့် ရေပက်ခံထွက်သူများဖြင့် လည်းစည်ကားခဲ့သည်။
ကန်တော်ကြီး မျှော်စင်ကျွန်း အတွင်း၌ Iron Cross အဖွဲ့မှ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်းဝိုင်းတို့၏ ဖျော်ဖြေ မှုနှင့်အတူ ကန်တော်ကြီးအတွင်း၌ ရေကစားသူများ၊ အနားယူသူများဖြင့်လည်း များပြားခဲ့သည်။
"ကျွန်တော်တို့ မနက်က ပြည်လမ်းပေါ်က မဏ္ဍပ်တွေဆီကိုသွားတာ မနက်ကတည်းကစပြီး အဲပုဂံနဲ့ Alpine မဏ္ဍပ်ကိုမရောက်ခင် IBCမရောက် ခင်အထိ လမ်းပေါ်မှာ ကားတွေ ပိတ်နေတယ်။ ဒါနဲ့ ပြန်လှည့်ပြီး ကမ္ဘာအေးစေတီလမ်း ဘက်ကိုသွားခဲ့တယ်။ အဲဒီမှာလည်း Naing Group မဏ္ဍပ်ရှေ့မှာ အချိန်တော်တော်ကြာအောင် စောင့်ခဲ့ရတယ်။ ဒီနှစ်သင်္ကြန်အကျ နေ့မှာတော့ အကြိုနေ့ထက် ပိုပြီးစည် ကားခဲ့ပြီး သာသာယာယာ နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်"ဟု သင်္ကြန်တွင်း ကားဖြင့် ရေပက်ခံထွက်သူလူငယ် တစ်ဦးက ပြောပါသည်။
အဲပုဂံမဏ္ဍပ်၊ Alpine မဏ္ဍပ်များရှိရာ ပြည် လမ်းတွင် မဏ္ဍပ်လုံခြုံရေးအပြင် သက်ဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေးပိုမိုထမ်းဆောင်ခဲ့ကြသည်ကို တွေ့ရသည်။ သင်္ကြန်အကျနေ့တွင်လည်း မေတ္တာ၊ ကုသိုလ်၊ ဗေလုဝတို့ဦးဆောင်သော သာဓုပါဗျာ သံချပ်အဖွဲ့သညှ်SKy Net မဏ္ဍပ်၊ Lucky 7 မဏ္ဍပ်တို့တွင် အနှစ်နှစ်ဆယ်ကျော်ပျောက် ဆုံးနေသော သံချပ်များကိုဖြေဖျော်ခဲ့သည်။ ထိုသံချပ်တွင် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို ထည့်သွင်းသီ ဆိုခဲ့ကြသည်။
အဲပုဂံမဏ္ဍပ်၊ Alpine မဏ္ဍပ်များရှိရာ ပြည် လမ်းတွင် မဏ္ဍပ်လုံခြုံရေးအပြင် သက်ဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေးပိုမိုထမ်းဆောင်ခဲ့ကြသည်ကို တွေ့ရသည်။ သင်္ကြန်အကျနေ့တွင်လည်း မေတ္တာ၊ ကုသိုလ်၊ ဗေလုဝတို့ဦးဆောင်သော သာဓုပါဗျာ သံချပ်အဖွဲ့သညှ်SKy Net မဏ္ဍပ်၊ Lucky 7 မဏ္ဍပ်တို့တွင် အနှစ်နှစ်ဆယ်ကျော်ပျောက် ဆုံးနေသော သံချပ်များကိုဖြေဖျော်ခဲ့သည်။ ထိုသံချပ်တွင် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို ထည့်သွင်းသီ ဆိုခဲ့ကြသည်။
"မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခကိုဟာသနှောပြီး သင်္ကြန်မှာ တစ်နှစ်တခါ သံချပ်တိုက် ပြောပြတဲ့ သဘောပါ။ ပြီးတော့နောင်မျိုး ဆက်သစ်လူငယ်တွေကို သံချပ်ဆို တာဒီလိုထိုးရတယ်ဆိုတာပြချင်တဲ့ သဘောပါပဲ"ဟု သာဓုပါဗျာအဖွဲ့မှ ကုသိုလ်ကပြောပါသည်။ ထို့အပြင် အချို့မဏ္ဍပ်များတွင် လည်း စတုဒိသာကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
မကွေးမြို့ သင်္ကြန်စည်ကား၊ စီးပွားလုပ်ငန်းရှင်ကြီးများမဏ္ဍပ်မှာ လူတဦး ဓာတ်လိုက်သေဆုံး
မကွေးသား၊ မိုးမခ၊ ဧပြီ ၁၄၊ ၂၀၁၂
ဧပြီလ ၁၃၊ သင်္ကြန်အကြိုနေ့က မကွေးမြို့ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ဆုပေးမဏ္ဍပ်တွင် အသက် ၄၇ နှစ်အရွယ်၊ ကိုဆန်းလင်းသည် လျပ်စစ်ဓာတ်စီးနေသည့် သံဆူးကြိုးကို ထိကိုင်မိပြီး ဓာတ်လိုက်သေဆုံးသွားသည်ဟု သိရသည်။ ၎င်းနဲ့အတူ မြင်သာလမ်းတွင် နေထိုင်သော ကိုပြည့်ဖြိုးအောင် (အသက် ၁၉ နှစ်)လည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ဆိုသည်။
ဖြစ်ပွားပုံမှာ အဆိုပါမဏ္ဍပ်၏ မီးဆလိုက်များကို သွယ်တန်းထားသည့် မီးကြိုးများကို စင်ရှေ့ကာရံထားသော သံဆူးကြိုးများတွင် ချိတ်တွဲ ချည်နှောင်ထားရာမှ လျပ်စစ်လိုင်းစီးဝင်သွား၍ ဖြစ်သည်ဟု မျက်မြင်တို့က ပြောသည်။ သို့ဖြစ်၍ ထိုမဏ္ဍပ်ကို မီးသွယ်သူ ကိုအောင်ကျော်မိုး (ခ) ကိုမိုး၊ အသက် ၄၉ နှစ်အား တရားဥပဒေပုဒ်မ ၈၃၃၊ ၃၀၄ (က) နှင့် အမှုစွဲဆို အရေးယူထားသည်။ ထိုရေကစားမဏ္ဍပ်ကိုလည်း ရပ်နားထားလိုက်ပြီး ဖြစ်ကြောင်း သိရှိရသည်။
မကွေးမြို့ ကမ်းနားလမ်းမှာ အစိုးရ၏ ဗဟိုမဏ္ဍပ်တွင် အာဏာပိုင်နှင့် အသိုင်းအ၀န်းများက သင်္ကြန်ပွဲကို ဆင်နွှဲကြပြီး ကမ်းနားလမ်းမှလွဲ၍ မြို့ဒေသအနှံ့ အများပြည်သူတို့ ရေကစားလျက်ရှိကြောင်း၊ မဏ္ဍပ်ကြီး ၁၂ ခုခန့် ရှိကြောင်း၊ ယခုနှစ်တွင်လည်း ပြည်သူတို့ အပျော်ကျုးကြသဖြင့် ယာဉ်တိုက်မှု၊ ဓါးထိုးမှု၊ ဆိုယ်ကယ်ပေါ်က ပြုတ်ကျမှုတွေ ရှိကြောင်း မကွေးမြို့ခံက သူ့အမြင်ကို ပြောသည်။
NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment