ကမ္ဘာ့သတင်းများ 22/04/2012

နိုင်ငံတကာသတင်း 

 
တောင်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်သစ် ထုတ်ဖော်ပြသခဲ့မှုအပေါ် စစ်ရေးအရ လက်တုံ့ပြန်သွားမည်ဟု မြောက်ကိုရီးယားပြောကြား

တောင်ကိုရီးယားနိုင်ငံသည် ဒုံးကျည်အန္တရာယ်ကို ဟန့်တားတိုက်ခိုက်နိုင်သည့် ခရုစ်ဒုံးကျည်သစ်တစ်စင်းအား ထုတ်ဖော်ပြသခဲ့မှုကြောင့် မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံအပေါ် ယင်းလုပ်ရပ်အတွက် တောင်းပန်ရန် ဧပြီ ၁၉ ရက်က တောင်းဆိုခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်နှင့် နျူကလီးယားစက်ရုံများရှိသည့် မည်သည့်နေရာတွင်မဆို တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းရှိသည့် ခရုစ်ဒုံးကျည်များကို နိုင်ငံအတွင်း၌ ဖြန့်ချထားကြောင်း တောင်ကိုရီးယားနိုင်ငံက ဧပြီ ၁၉ ရက်တွင် ကြေညာခဲ့ပြီးနောက် မြောက်ကိုရီးယား၏ တောင်းဆိုချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ယင်းခရုစ်ဒုံးကျည်သစ်သည် အကွာအဝေး ကီလိုမီတာ ၁၀၀၀ ကျော်အထိ ပစ်ခတ်နိုင်ကြောင်း ယွန်ဟပ်အေဂျင်စီက ပြောကြားသည်။ တောင်ကိုရီးယားနိုင်ငံအနေဖြင့် ၄င်းတို့ပြုလုပ်ခဲ့သော အပြုအမူအတွက် တောင်းပန်ရမည်ဟု မြောက်ကိုရီးယားအစိုးရ၏ အစီရင်ခံစာတွင် ပြောကြာထားကြောင်း နိုင်ငံပိုင်သတင်း အေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ မြောက်ကိုရီးယားပြည်သူနှင့် စစ်တပ်အနေဖြင့်လည်း တောင်ကိုရီးယားနိုင်ငံ၏ လုပ်ရပ်အပေါ် ဒေါသထွက်ကြောင်းနှင့် ယင်းလုပ်ရပ်အပေါ် စစ်ရေးအရ လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ယင်းသတင်းအေဂျင်စီက ဆက်လက်ပြောကြားသည်။ မြောက်ကိုရီးယားနိုင်ငံသည် နိုင်ငံအားတည်ထောင်ခဲ့သူ ခေါင်းဆောင်ဟောင်း ကင်အီဆွန်း၏ နှစ်(၁၀၀) ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်က လွှတ်တင်ခဲ့သော တာဝေးပစ်ဒုံးကျည် အောင်မြင်မှုမရှိခဲ့သည့် အချိန်မှစ၍ ဒေသတွင်း၌ တင်းမာမှုများ မြင့်တက်ခဲ့သည်။ ထို့အတူ တောင်ကိုရီးယားသမ္မတ လီမြောက်ဘတ် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၀၈ ခုနှစ်မှစ၍ နှစ်နိုင်ငံအကြား တင်းမာမှုများ တစ်စစ မြင့်တက်ခဲ့ကြောင်း သိရသည်။

ဥရောပမှ အမေရိကန်သို့ သွားရောက်သည့် ခရီးသည်များ၏ ကိုယ်ရေးအချက်အလက်များကို လွှဲပေးမည်

ဥရောပမှ အမေရိကန်နိုင်ငံသို့ လေယာဉ်ဖြင့် ခရီးသွားရောက်သော ခရီးသည်များနှင့် သက်ဆိုင်နေသည့် ကိုယ်ရေးအချက်အလက်များကို အမေရိကန် အာဏာပိုင်များထံသို့ လွှဲပြောင်းပေးအပ်ရန် ဥရောသမဂ္ဂ (အီးယူ)က သဘောတူညီလိုက်ကြောင်း ဘယ်လ်ဂျီယံ သတင်းဌာနများက ဧပြီ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။ ဥရောပမှ အမေရိကန်သို့ သွားရောက်သည့် ခရီးသည်များနှင့် သက်ဆိုင်သော ကိုယ်ရေးအချက်အလက်များကို အမေရိကန် အာဏာပိုင်များထံ ပေးအပ်ရေးကိစ္စနှင့်ပတ်သက်၍ ဥရောပပါလီမန်၌ ဆွေးနွေးလာခဲ့သည်မှာ ငါးနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ခရီးသည်များနှင့် သက်ဆိုင်သော ကိုယ်ရေးအချက်အလက်များကို လွှဲပြောင်းပေးအပ်ခြင်းသည် လူ့အခွင့်အရေးဆိုင်ရာ ကျင့်ဝတ်များကို ချိုးဖောက်ရာရောက်သည်ဟု ဝေဖန်မှုများ ပေါ်ထွက်ခဲ့သည်။ သို့ရာတွင် အမေရိကန်သို့ ခရီးထွက်ခွာသော ခရီးသည်များနှင့် သက်ဆိုင်နေသည့် ကိုယ်ရေးအချက်အလက်များကို လွှဲပြောင်းပေးအပ်ရန် ဥရောပပါလီမန်က ထောက်ခံမဲ ၄၀၉ မဲ၊ ကန့်ကွက်မဲ ၂၂၆ မဲဖြင့် အတည်ပြုပေးလိုက်ပြီဖြစ်သည်။

စစ်နှုတ်ခမ်းဝမှ နောက်ဆုတ်ရန် ဆူဒန်နိုင်ငံတို့ကို ဘန်ကီမွန်းတိုက်တွန်း

စစ်နှုတ်ခမ်းဝသို့ ရောက်ရှိနေကြသည့် ဆူဒန်နိုင်ငံနှင့် တောင်ဆူဒန်နိုင်ငံတို့ကို နောက်ပြန်ဆုတ်ကြပြီး ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ပြန်သွားကြပါရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဧပြီ ၁၉ ရက်တွင် တိုက်တွန်းလိုက်သည်။ ရေနံကြွယ်ဝသည့် ဟက်လစ်နယ်မြေမှ ၄င်း၏ တပ်ဖွဲ့များကို ချက်ချင်းရုပ်သိမ်းရန် တောင်ဆူဒန်နိုင်ငံအား ဘန်က တောင်းဆိုခဲ့သည်။ ဤကျူးကျော်မှုသည် ဆူဒန်နိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှုကို တရားမ၀င် ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ဆူဒန်အစိုးရကိုလည်း တောင်ဆူဒန်နိုင်ငံ၏ နယ်မြေအတွင်းသို့ အမြောက်ဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းများ ချက်ချင်း ရပ်ဆိုင်းရန်နှင့် အငြင်းပွားလျက်ရှိသည့် အဘီယိမ်းနယ်မြေမှ ၄င်း၏ တက်ဖွဲ့များကို ဆုတ်ခွာရန် ဘန်က တောင်းဆိုခဲ့သည်။ ယင်းနှစ်နိုင်ငံအကြား အကြမ်းဖက် တိုက်ခိုက်မှုများ မြင့်တက်လာခြင်းအပေါ် အရေးပေါ် ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း အာရပ်အဖွဲ့ချုပ်က ကြေညာခဲ့သည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က နယူးယောက်မြို့၌ ကြာသပတေးနေ့တွင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

အင်တာနက် အကောင်းဆုံး ၀က်ဘ်ဆိုက်ဆု ဆန္ဒပြုမဲပေး၍ ဆုချီးမြှင့်မည်
အင်တာနက်၏ အမြင့်ဆုံးဆုဖြစ်သည့် (၁၆)ကြိမ်းမြောက် Webby Awards ဆုကို ချီးမြှင့်မည်ဖြစ်ကြောင်း ဧပြီ ၆ ရက်က အင်တာနက် သတင်းတွင် ဖော်ပြသည်။ အဆိုပါ Webby ဆုအတွက် ပဏာမ ရွေးချယ်ခံရသူ စာရင်းကို ဧပြီ ၁၀ ရက်တွင် ကြေညာမည်ဖြစ်ကြောင်း၊ ဆုရရှိသူများအား ရုပ်ရှင်မင်းသား ပက်တန်အော့စ၀ပ်က မေ ၂၁ ရက်တွင် အခမ်းအနားဖြင့် ပေးအပ်မည်ဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာ၌ ဖော်ပြထားသည်။ ယင်း Webby ဆုသည် အင်တာနက် ၀က်ဘ်ဆိုက်များတွင် အကောင်းဆုံး နိုင်ငံတကာဆုပင် ဖြစ်သည်။ Webby ဆု ပြိုင်ပွဲတွင် ကြော်ငြာများ၊ အွန်လိုင်းရုပ်ရှင်၊ ဗီဒီယို မိုဘိုင်းလ်ဖုန်းသီချင်းနှင့် ဗီဒီယိုဆုများအတွက် ပါဝင်ယှဉ်ပြိုင်ကြသည်။ ဆုရရှိသူများကို လာမည့် မေ ၁ ရက်တွင် ကြေညာမည်ဖြစ်သည်။ ဆုအမျိုးအစားပေါင်း ၁၀၀ အတွက် နိုင်ငံပေါင်း ၆၀ မှ ၀င်ရောက်ယှဉ်ပြိုင်သူ ၁၀၀၀၀ ရှိသည်။ ယင်းဆုကို ဧပြီ ၁၀ ရက်မှစပြီး အကောင်းဆုံး ၀က်ဘ်ဆိုက်ကို ဆန္ဒပြုမဲပေး ရွေးချယ်ပေးရမည်ဖြစ်သည်။ ထိုသို့ ဆန္ဒမဲပေး ရွေးချယ်မှုကို ဧပြီ ၂၆ ရက်တွင် ပိတ်မည်ဖြစ်သည်။ ယင်းဆုကို The International Academy of Art & Science အဖွဲ့က ကြီးမှူးကျင်းပ ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

သန့်စင်ပြီး ယူရေနီယမ်များ သိုလှောင်ထားမှုကို စွန့်လွှတ်ရန် အီရန်အား အစ္စရေးကာကွယ်ရေးဝန်ကြီး တောင်းဆို

အီရန်၏ အငြင်းပွားဖွယ် နျူကလီးယား အစီအစဉ်နှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးပွဲတစ်ရပ်ကို မကျင်းပမီ အီရန်နိုင်ငံအနေဖြင့် သန့်စင်ပြီး ယူရေနီယမ်များ သိုလှောင်ထားမှုကို စွန့်လွှတ်ရန် အစ္စရေး ကာကွယ်ရေးဝန်ကြီး အီဟွတ်ဘာရတ်ခ်က တောင်းဆိုလျက်ရှိကြောင်း သိရသ်။ အီရန် နိုင်ငံအနေဖြင့် သန့်စင်ပြီး ယူရေနီယမ်များအားလုံးကို ယုံကြည်စိတ်ချရသော အိမ်နီးချင်း နိုင်ငံသို့ ပို့ဆောင်သင့်ကြောင်း၊ နိုင်ငံတကာ အသိုက်အ၀န်းအနေဖြင့်လည်း ယူရေနီယမ် သန့်စင်မှုနှင့် စပ်လျဉ်း၍ အီရန်နိုင်ငံအပေါ် တောင်းဆိုမှုများ ပြုလုပ်သင့်ကြောင်း ၄င်းက ပြောကြားသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံနှင့်အတူ ဂျာမနီနိုင်ငံတို့သည် ဧပြီ ၆ ရက်က အီရန်နိုင်ငံနှင့် ဆွေးနွေးပွဲတစ်ရပ်ကို စတင်ပြုလုပ်လျက်ရှိပြီး အစ္စရေးနိုင်ငံအပါအ၀င် နိုင်ငံတကာ အသိုက်အ၀န်းက အီရန်နိုင်ငံသည် နျူကလီးယား လက်နက်များ ထုတ်ယူရန် ကြိုးပမ်းလျက်ရှိသည်ဟု သံသယဖြစ်လျက်ရှိသည်။ သန့်စင်ပြီး ယူရေနီယမ်သည် နျူကလီးယားဗုံးများ ပြုလုပ်ရာတွင် အဓိကကျသော ပစ္စည်းတစ်ခုဖြစ်သည်။ သို့ရာတွင် ၄င်းတို့၏ နျူကလီးယား အစီအစဉ်သည် ငြိမ်းချမ်းရေးအတွက်သာ ဖြစ်သည်ဟု အီရန်နိုင်ငံက ကာကွယ်ပြောဆိုထားသည်။


NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment