ကမ္ဘာ့သတင်းများ 24/04/2012


နိုင်ငံတကာသတင်း 

တောင်ကိုးရီးယား အပေါ် မြောက်ကိုးရီးယား ပြင်းပြင်းထန်ထန် ခြိမ်းခြောက်

မြောက်ကိုးရီးယား ကနေ တောင်ကိုးရီးယားကို အထူး အရေးယူမှု တွေ လုပ်မယ် လို့ တနင်္လာနေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။ တောင်ကိုးရီးယားက လီမြောင်ဘတ် အစိုးရ အဖွဲ့ကို သုံး လေး မိနစ် အတွင်း မှာဘဲ အပြတ်ရှင်းနိုင်တယ် လို့ မြောက်ကိုးရီးယား ရဲ့ နောက်ဆုံး ခြိမ်းခြောက်မှုဟာ  ခေါင်းဆောင်သစ် ကင်ချုံအွန်း တက်လာ ခဲ့ချိန်က စပြီး အပြင်းထန်ဆုံး ခြိမ်းခြောက်မှု ဖြစ်သလို အရင် ခြိမ်းခြောက်မှု တွေ ထက် ပိုပြီး တိတိကျကျ သတိပေးလိုက် တာမျိုး လည်း ဖြစ်နေပါတယ်။
မြောက်ကိုးရီးယား အစိုးရ ရဲ့ ကေအာတီ (KRT) သတင်းမှာတော့ သစ္စာဖောက် အုပ်စုရဲ့ ပရမ်းပတာ စိန်ခေါ်မှု တွေ အတွက် မြောက်ကိုးရီးယား ရဲ့ တော်လှန်ရေး တပ်ဖွဲ့တွေက အထူးအရေးယူမှု တွေကို မကြာခင်မှာဘဲ စတင်တော့ မှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ဒါ့အပြင် ဒီအရေးယူမှု တွေကို မြောက်ကိုးရီးယား လူထုရဲ့ ဒေါသ ပေါက်ကွဲမှု ကြောင့် လုပ်ဆောင်ရတာ ဖြစ်ပြီး အစိုးရ ဝန်ထမ်း အားလုံး နဲ့ တကွ ပြည်သူတွေက သူတို့ ခေါင်းဆောင်ရဲ့ ဦးဆောင်မှု ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက် ဖို့ အတွက် တိုက်ရတဲ့ တိုက်ပွဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ကွယ်လွန်သူ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်အီဆွန်းရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲ ကျင်းပနေချိန် မှာ တောင်ကိုးရီးယား ဘက်က မလေးမခန့် ပြောကြားမှု တွေနဲ့ အတူ ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာဘဲ တောင်ကိုးရီးယား ဘက်က မြောက်ကိုးရီးယား ရဲ့ ဘယ်နေရာကို မဆို ပစ်မှတ် ကို မလွဲ ပစ်ခတ်နိုင်တဲ့ ဒုံးကျည် ရှိနေပြီ လို့ ကြေငြာလိုက် တာတွေ အတွက် မြောက်ကိုးရီးယား ခေါင်းဆောင် တွေက အမျက်ထွက် ခဲ့ကြတာပါ။
တကယ်လို့ အရေးယူမှု လုပ်လိုက်ရင် တောင်ကိုးရီးယား နိုင်ငံက လက်ရှိ အာဏာရ ပါတီကော ပါတီဝင် တွေကော သုံး လေး မိနစ် အတွင်းမှာဘဲ ပြားပြားဝပ် သွားအောင် သူတို့ နည်းပညာတွေ က စွမ်းဆောင် နိုင်သလို ဘာမှ အစ ရှာမရဘဲ ဖြစ်သွားမယ် လို့ ကေအာတီ (KRT) သတင်း ကကြေငြာခဲ့ပါတယ်။
တောင်ကိုးရီးယား နိုင်ငံက သုံးသပ်သူတွေ ကတော့ မြောက်ကိုးရီးယား နိုင်ငံဟာ ကွန်ပျုတာ က နေ တိုက်ခိုက်မှု မျိုး လုပ်မယ်ဖို့အတွက် ကြံစည်နေပုံ ရတယ် လို့ ခန့်မှန်း ကြပါတယ်။




တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမားသည် ၎င်းနှင့် စေ့စပ်ထားသည်မှာ ကြာပြီဖြစ်သော အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ပွဲကို ပြုလုပ်ခဲ့ရာ လတ်တလော တရားဝင်ဇနီးလေးဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
အင်ကန်ဒလာမြို့ရှိ ၎င်း၏ နေအိမ်တွင် အသက် ၇၀ နှစ်ရှိ ဇူးမားက ၎င်း၏ မင်္ဂလာပွဲကို ဇူးလူးရိုးရာအတိုင်း ပြုလုပ်ခဲ့သည်။ ယခုမင်္ဂလာပွဲမှာ ဇူးမားအတွက် ခြောက်ကြိမ်မြောက် လက်ထပ်ခြင်းဖြစ်ပြီး ၎င်း၏ ယခင်ဇနီးတစ်ဦးမှာ သေဆုံးခဲ့ပြီးဖြစ်ကာ အခြားဇနီး တစ်ဦးမှာမူ ကွာရှင်းထားသဖြင့် လတ်တလောတွင် ဇနီးလေးဦး ရှိလာခြင်းဖြစ်သည်။ ဇူးမားတွင် ကလေး ၂၁ ဦးရှိကြောင်းလည်း သိရသည်။
ဇူးမားသည် Bongi Ngema ဆိုသော အမျိုးသမီးနှင့် နှစ်ပေါင်းများစွာ တွဲလာခဲ့ကြခြင်းဖြစ်ပြီး ယခုအချိန်တွင် လက်ထပ်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အသက် ခုနစ်နှစ်ရှိ သားတစ်ဦးလည်းရှိကြောင်း သိရသည်။

မိန်းမတစ်ဦးထက် ပိုယူခြင်းကို တောင်အာဖရိကတွင် ဥပဒေအရ ခွင့်ပြုထားသော်လည်း လူငယ်မျိုးဆက်သစ်များထဲတွင်မူ ယင်းလုပ်ရပ်အပေါ် ကြိုက်နှစ်သက်မှု လျော့ကျလာနေကြောင်း သိရသည်။

၂၀၀၉ ခုနှစ်တွင် သမ္မတဖြစ်လာခဲ့သော ဇူးမား၌ Sizakele Zuma၊ Nompumelelo Ntuli-Zuma နှင့် Tobeka Madiba Zuma ဟုခေါ်သော ယခင်ဇနီးသုံးဦး ရှိသည်။





လွန်ခဲ့သော ၁၁ နှစ်က စစ်တပ် အာဏာသိမ်းမှုဖြင့် ရာထူးဖြုတ်ချခံခဲ့ရသော ဖိလစ်ပိုင်သမ္မတဟောင်း ဂျိုးဇက်အက်စထရာဒါက မိမိသည် မြို့တော် မနီလာ၏ မြို့တော်ဝန် ဖြစ်လိုကြောင်း ဧပြီလ ၁၉ ရက်တွင် ပြောကြား ခဲ့သည်။

၂၀၁၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဘင်နစ်နိုအကွီနိုကို  ရှုံးနိမ့်ခဲ့ပြီးသော်လည်း ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့ဖူးသော အက်စထရာဒါအပေါ် လူကြိုက်များမှု မြင့်မားနေဆဲ ဖြစ်သည်။ မြို့တော်ဝန် ရွေးကောက်ပွဲဝင်ရန် စဉ်းစားနေကြောင်း၊ ပြိုင်ရန်အတွက် အခွင့်အလမ်း ၅၀- ၅၀ ရှိကြောင်း အက်စထရာဒါက ၎င်း၏ ၇၅ နှစ် ပြည့်မွေးနေ့အင်တာဗျူးတွင် ပြော ကြားခဲ့သည်။

မိမိသည် ကျန်းမာနေဆဲဖြစ်ပြီး တာဝန် ထမ်းဆောင်နိုင်ဆဲဖြစ်ကြောင်း၊ မိမိသည် မြို့တော်ဝန်အဖြစ် စတင်ခဲ့ပြီး မြို့တော်ဝန်တစ်ဦးအဖြစ်လည်း အဆုံးသတ်ဖွယ်ရှိကြောင်း အက်စထရာဒါက ပြောကြားခဲ့သည်။ နင်းပြား တို့၏ဘ၀ကို ကိုယ်စားပြုသည့် နေရာမှနေ၍ သရုပ်ဆောင်ခဲ့ရာ လူကြိုက် များခဲ့ပြီးနောက် အက်စထရာသည် ယင်းကျော်ကြားမှုကို အသုံးချကာ နိုင်ငံရေး လောကထဲသို့ ၀င်ရောက်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် မနီလာမြို့တော်ဝန် ဖြစ်ခဲ့သည်။
ယင်းနောက် အထက်လွှတ်တော်ဥက္ကဋ္ဌ၊ ယင်းမှတစ်ဆင့် ဒုတိယသမ္မတ ဖြစ်လာခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် သမ္မတအဖြစ် ရွေးချယ်ခံရသည်။ သို့သော် ခြောက်နှစ်သက်တမ်းရှိ သမ္မတသက် တမ်းကိုထမ်းဆောင်နေစဉ် သက်တမ်းဝက်ခန့်တွင် ခြစားမှုအရှုပ်တော်ပုံကြီး  ပေါ်ပေါက်ခဲ့ပြီး သွေးမြေမကျသော လူထုတော်လှန်ရေးဖြစ်ပွားခဲ့ကာ စစ်တပ်အာဏာသိမ်းခြင်းခံခဲ့ရသည်။
၎င်းကို ခြောက်နှစ်ကြာ ရုံးတင်စစ်ဆေးခဲ့ပြီး အကျယ်ချုပ်ဖြင့်ထားရှိခဲ့ကာ ၂၀၀၇ ခုနှစ်တွင် ခြစားမှုစွဲချက်ဖြင့် စီရင်ချက်ချခံရသည်။ သို့သော် ၎င်းနေရာ ဆက်ခံခဲ့သော သမ္မတဟောင်း ဂလိုရီယာအာရိုယိုက ချက်ချင်းပင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

အက်စထရာဒါသည် ၂၀၁၀ ပြည့်နှစ်၊ သမ္မတရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ သမ္မတလောင်း ကိုးဦးအနက် ဒုတိယနေရာကို အံ့သြဖွယ် ရရှိခဲ့သဖြင့် ၎င်းအပေါ် ထောက်ခံမှု ရှိနေဆဲဖြစ်ကြောင်း ပြသခဲ့ခြင်း ဖြစ်သည်။



အိန္ဒိယက တာဝေးပစ်ဒုံးကျည် အောင်မြင်စွာ လွှတ်တင်ကမ္ဘာပေါ်တွင် တာဝေးပစ် ဒုံးကျည်ပိုင်ဆိုင်သည့် ဆဋ္ဌမမြောက် နိုင်ငံဖြစ်လာ


အိန္ဒိယနိုင်ငံ၏ နျူထိပ်ဖူး တပ်ဆင်ထားသော တာဝေးပစ်ဒုံးကျည် တစ်ခုကို ဧပြီ ၁၉ ရက်နေ့တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး နိုင်ငံ၏ စစ်တပ်စွမ်းရည်ကို ကြီးမားသည့် တိုးတက်မှုတစ်ခု ဖြစ်စေခဲ့သည်။
ကမ္ဘာတွင် မိုင် ၅၀၀၀ ကျော် ပစ်လွှတ်နိုင်သည့် တာဝေးပစ်ဒုံးကျည်ကို ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့ကသာ ပိုင်ဆိုင်ခဲ့သော်လည်း ယခုအခါတွင် အိန္ဒိယနိုင်ငံသည် တာဝေးပစ်ဒုံးကျည်ပိုင် ဆိုင်သည့် ဆဋ္ဌမမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။

ကီလိုမီတာ ၅၀၀၀ကျော်(မိုင် ၃၁၀၀) ပစ်နိုင်သည့် Agni V တာ ဝေးပစ်ဒုံးကျည်ကိုသြရိဿ ပြည်နယ် အရှေ့ပိုင်းရှိ ကွန်ကရစ် ဒုံးပစ်စင် တစ်ခုမှ ဒေသစံတော်ချိန် မနက်  ၈ နာရီတွင် ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

တာဝေးပစ်ဒုံးကျည် အောင်မြင် စွာပစ်လွှတ်နိုင်ခဲ့မှုနှင့်ပတ်သက်ပြီး နိုင်ငံ၏ကာကွယ်ရေးဌာနမှ သိပ္ပံပညာရှင်များကို အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းန်နှင့် ကာကွယ်ရေးဝန်ကြီး  A.K. Antony တို့က ချီးကျုးဂုဏ်ပြုခဲ့သည်။ တာဝေးဒုံးကျည်အောင်မြင် စွာပစ်လွှတ်နိုင်မှုသည် နိုင်ငံ၏ ဒုံးကျည်အစီအစဉ်အတွက် အရေးပါသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

သိပ္ပံပညာရှင် ၈၀၀ ပါဝင်သည့် အဖွဲ့တစ်ခုက Agni V ကို အချိန်သုံး နှစ်ကျော်တီထွင်ထုတ်လုပ်ခဲ့ကြောင်း နှင့်မော်တာမောင်းနှင်နိုင်မှုနှင့် ဒုံးကျည်၏ အရှိန်ကိုမြှင့်ရန်အတွက် ကုန်ကြမ်းနှင့် နည်းပညာသစ်များကို အသုံးပြုခဲ့ကြောင်း သိရှိရသည်။ တာဝေးပစ်ဒုံးကျည် အောင်မြင်စွာ ပစ်လွှတ်နိုင်မှုကို တရုတ်နိုင်ငံက သတိပြုမိကြောင်းနှင့် အိမ်နီးချင်း နိုင်ငံများအကြား မည်သည့် ပြိုင်ဆိုင် မှုမှမရှိကြောင်းအိန္ဒိယ၏ တာဝေးပစ် ဒုံးကျည်ကို အရေးမကြီးသည့်အရာ တစ်ခုလို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနထုတ်ပြန်ခဲ့သည်။

''တရုတ်နဲ့ အိန္ဒိယနိုင်ငံစလုံးဟာ စီးပွားရေး တိုးတက်အောင်မြင်လာတဲ့ နိုင်ငံကြီးတွေပါ။ ကျွန်တော်တို့ဟာ ပြိုင်ဘက်တွေ မဟုတ်ပါဘူး။ စီးပွားရေးပူးပေါင်းဆောင်ရွက်တဲ့ မိတ်ဆွေတွေပါ''ဟု တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် Liu Weimin က သတင်းထောက်များကို ပြောကြားခဲ့သည်။





နိုင်ငံတကာ အာကာသစခန်းနှင့် ကမ္ဘာမြေအကြား ပို့ဆောင်ရေးကို တာဝန်ယူရသော လွန်းပြန်ယာဉ်များထဲမှ တစ်ခုဖြစ်သည့် ဒစ္စကာဗာရီ အာကာသ လွန်းပြန်ယာဉ်ကို အနားပေးခဲ့ပြီးနောက် ဧပြီလ ၁၇ ရက်နေ့တွင် ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီ အာကာသစင်တာမှ ၀ါရှင်တန်သို့ ဘိုး အင်း ၇၄၇ လေယာဉ်ပေါ်တင်ကာ ပို့ဆောင်ပေးခဲ့သည်။ ဧပြီလ ၁၉ ရက်နေ့တွင် ၀ါရှင်တန်မြို့တော်အနီးရှိ ဗာဂျီးနီးယားပြည်နယ်၊ ချန်တီလီရှိ စမစ်ဆိုနီယမ် အမျိုးသားလေကြောင်းနှင့် အာကာသပြတိုက်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

လွန်းပြန်ယာဉ်များထဲတွင် သက်တမ်းအကြာဆုံး ပျံသန်းနိုင်ခဲ့ သည့်ယာဉ်အဖြစ် ၂၈ နှစ်တာအတွင်း ခရီးစဉ် ၃၉ ကြိမ်မျှ ပျံသန်းနိုင်ခဲ့သော ဒစ္စကာဗာရီကိုနာဆာမှ အာကာသယာဉ်မှူးများ အပါအ၀င် ပညာရှင်များ၊ ပရိသတ်များက သယ် ဆောင်ရာခရီးလမ်းကြောင်း တစ် လျောက် ကြိုဆိုခဲ့ကြသည်။

ဒစ္စကာဗာရီသည် ကျန်ရှိနေသေးသည့် လွန်းပြန်ယာဉ် သုံးစင်းအနက် ပြတိုက်သို့ ပထမဆုံးရောက် ရှိလာသည့် ယာဉ်ဖြစ်ပြီး အန်ဒဲဗားနှင့် အတ္တလန္တိတ် လွန်းပြန်ယာဉ်တို့ကိုလည်း ပြတိုက်သို့ ဆက်လက်ပို့ဆောင် မည်ဖြစ်သည်။

အမေရိကန်သည် အာကာသ လွန်းပြန်ယာဉ်များကို အနားပေးခဲ့ပြီဖြစ်သောကြောင့် အနာဂတ်တွင် နောက်ထပ်ယာဉ် အမျိုးအစားအသစ် မတီထွင်နိုင်မီစပ်ကြား၌ ရုရှားဆိုယုဇ် ဒုံးယာဉ်များကိုသာ အာကာသစခန်းသွား ခရီးအတွက် အားထားရမည် ဖြစ်သည်။



NLABR

Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment