မြန်မာသတင်းများ ဧပြီလ ၂၄ ရက် ၂၀၁၂ ခုနှစ်


ပိုမိုရာထူးမြင့်သော တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်တက်မည်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ စေလွှတ်ခန့်ထားသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၅၉ ဦးအား အစားထိုး ပြောင်းလဲလိုက်ကြောင်း တနင်္လာနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ ထားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၆ ဦးနှင့် အမျိုးသားလွှတ်တော် ၂၀ ဦးတို့အား ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၃ နှင့် အညီ ကာကွယ်ရေးဦးစီးချုပ်မှ အကြောင်းကြားချက်အရ အစားထိုး ပြောင်းလဲလိုက်ခြင်း ဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။

ထိုသို့ ပြောင်းလဲ ခန့်ထားရာတွင် ယခင်လွှတ်တော်တက်ရောက်နေသော ဗိုလ်မှူးအဆင့်ရှိ ကိုယ်စားလှယ်များအစား ဒုဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူများကို အစားထိုးခန့်အပ်လိုက်ခြင်း ဖြစ်သည်။
ယခင်တပ်မတော်သား ကာကွယ်ရေး ကြည်းနံပါတ်မှာ အများအားဖြင့် အမှတ်စဉ် ၃ သောင်းကျော်တွင်ရှိသော တပ်မတော်သားများ ဖြစ်ပြီး အသစ်ပြောင်းလဲလိုက်သော ကိုယ်စားလှယ် တပ်မတော် အမှတ်စဉ် ၂ သောင်းကျော်ရှိသော တပ်မတော်သားများဖြစ်၍ အနည်းငယ် ဝါရင့်သူများအား အစားထိုးလဲလှယ်ထားသည်ကို တွေ့ရသည်။

“ကျနော့်အမြင်တော့ တပ်မတော်သည် အနာဂတ်နိုင်ငံရေး ဦးဆောင်မှု အခန်းမှာ ဆက်လက်ပါဝင်ခွင့်ရဖို့ ကြိုးပမ်းမှု တရပ်လို့ပဲ ထင်ပါတယ်။ အရွယ်ငယ်သူတွေ အနေနဲ့ ပွင့်လင်းခေတ်မီတဲ့ အမြင်ရှိသူ စစ်ဗိုလ်တွေ များတယ်လေ။ ပြီးတော့ ကိုယ်ကျိုး စီးပွားပိုင်ဆိုင်မှုတွေလည်း သိပ်မရှိသေးတော့ လူထု အများစုဘက် ယိမ်းသွားနိုင်တယ်။ ဒါကို ကာကွယ်လိုက်တာလို့ပဲ မြင်ပါတယ်။ အဓိက ကတော့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဇောင်းပေးချည်းကပ်လာမှု အားလုံးအပေါ် ခံစစ် စနစ်တကျ ပြင်လိုက်တာပါပဲ” ဟု တပ်မတော်သား ဗိုလ်ကြီးဟောင်း နေမျိုးဇင် က သုံးသပ်သည်။

တပ်မတော်သား ကိုယ်စားလှယ်များအား ယခင်က အနည်းအကျဉ်းမျှ ပြောင်းလဲခန့်အပ်မှုများ ရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ အများအပြား အစားထိုးခန့်အပ်ခြင်းကို ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်ပြုလုပ်ခြင်း ဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပေဒအရ လွှတ်တော်နှစ်ရပ်ပေါင်း ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်ပေါင်း ၄၄ဝ ဦးထဲမှ တပ်မတော်သား ၁၁ဝ ဦး၊ အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၂၂၄ ဦးရှိရာမှ တပ်မတော်သား ၅၆ ဦးပါဝင်ရာ လွှတ်တော် နှစ်ရပ်ပေါင်း တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦး ရှိသည်။

ရွေးကောက်ပွဲများမှ တက်လာကြမည့် လွှတ်တော်ကိုယ်စားလှယ်များထဲတွင် ကြံ့ခိုင်ရေးပါတီမှ ၃၄၃ ဦး၊ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ၄၂ ဦးနှင့် အခြားနိုင်ငံရေးပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ၁ဝ၅ ဦးတို့ ရှိသည်။

သို့သော် NLD အမတ်များအနေဖြင့် လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုရန် စကားလုံး ပြင်ဆင်ပေးရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းနေဆဲဖြစ်၍ တနင်္လာနေ့တွင် ပြန်လည် စတင်ကျင်းပသည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်နိုင်ခြင်း မရှိသေးပေ။


တပ် ကိုယ်စားလှယ် ၆၀ နီးပါး အစားထိုး


တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၆၀ နီးပါး ကို အစားထိုး လဲလှယ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ ပြည်သူ့လွှတ်တော်မှ ၃၉ ဦး ၊ အမျိုးသား လွှတ်တော်မှ ၂၀ တပ်မတော်သား ကိုယ် စားလှယ်များကို လဲလှယ်ခြင်း ဖြစ်သည်။ ယင်း ကိုယ်စားလှယ် ၅၉ ဦးသည် ဗိုလ်မှူး အဆင့်ရှိသူများဖြစ်ပြီး အသစ် အစားထိုးသူများ မှာ ဒု ဗိုလ်မှူးကြီး အဆင့်မှ ဗိုလ်မှူးချုပ် အဆင့်အထိ ပါဝင်ကြောင်း ကြေညာချက်တွင် တွေ့ရှိရသည်။ လွှတ်တော် ၂ ရပ်ပေါင်း စစ် တပ် ကိုယ်စားလှယ် ၁၆၆ ဦး ပါဝင်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ဖော်ပြထားသည်။


လွှတ်တော်တွင်း တပ်ကိုယ်စားလှယ်အများစု အစားထိုး


ပြည်သူ့ လွှတ်တော် နှင့် အမျိုးသားလွှတ်တော်  နှစ်ရပ်တွင် တက်ရောက်နေသည့် ဗိုလ်မှူးအဆင့်ရှိ တပ်မတော်သား ကိုယ်စားလှယ် ၅၉ ဦးအစား ဗိုလ်မှူးချုပ် အဆင့်ရှိသူများအပါအ၀င် တခြားအဆင့်မြင့် တပ်မတော်အရာရှိများနှင့် ပြောင်းလဲခန့်အပ်လိုက်သည်။ ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအနက် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃၉ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၂၀ တို့ကို အစားထိုးပြောင်းလဲလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၏ ထုတ်ပြန်ချက်ကို ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားခြင်းဖြစ်သည်။
တပ်မတော်သားကိုယ်စားလှယ်များ ပြောင်းလဲခန့်ထားရာတွင် ယခင်တက်ရောက်နေသည့် ဗိုလ်မှူးအဆင့် အရာရှိငယ်များအစား ဗိုလ်မှူးချုပ်အဆင့် အရာရှိ ၈ ဦး အပါအ၀င် ဗိုလ်မှူးကြီးများ၊ ဒုတိယ ဗိုလ်မှူးကြီးများဖြင့် အစားထိုးလိုက်ခြင်းဖြစ်သည်။
လေ့လာသူများကမူ ယခုကဲ့သို့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်(NDC) ကျောင်းဆင်းတချို့ပါဝင်သည့် အဆင့်မြင့်တပ်မတော် အရာရှိကြီးများကို လွှတ်တော်အတွင်းသို့ ၀င်ရောက်စေခြင်းသည် မကြာသေးမီက ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအား လွှတ်တော်အတွင်း အင်အားချိန်ခွင်ညှာကို ထိန်းညှိရန်ဖြစ်ကြောင်း သုံးသပ်သည်။
အစားထိုးခန့်အပ်ခံရသည့် အဆင့်မြင့်အရာရှိကြီး အများစုမှာ အလုပ်သင် ဗိုလ်သင်တန်းကျောင်း(OTC)ဆင်းများနှင့် စစ်တက္က သိုလ် အပတ်စဉ်(၂၃)နှင့်(၂၈) ဆင်း တချို့ပါရှိကြောင်း၊ ရာထူးအားဖြင့် ဆက်လက်၍ မတက်နိုင်တော့သည့် တပ်မတော် လေ့ကျင့် ရေး ကျောင်းအုပ်ကြီးများ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူးများနှင့် တပ်မတော် စစ်ဖက်ရေးရာလုံခြုံရေး(စရဖ)မှ အရာရှိကြီးတချို့ ပါဝင်ကြောင်း စစ်ဖက်အသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။
“လွှတ်တော်ထဲက ဗိုလ်မှူးတွေ၊ ဗိုလ်ကြီးတွေက ငယ်ကလည်းငယ် နိုင်ငံရေးသဘောလည်း နားမလည်ကြဘူး၊ အခုအချိန်က အရေးကြီးပြီဆိုတော့ တပ်ထဲမှာရာထူးရှိပြီး ဆက်လက်လည်းမတိုး၊ တာဝန်လည်း သိပ်မရှိတဲ့ စီနီယာအများစုကို လွှတ်တော်ကိုပို့ လိုက်တာပါ”ဟု စစ်ဖက်အသိုင်း အ၀န်းနှင့် နီးစပ်သူ တဦးကဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၄၄၀ ရှိရာ တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ၊ အမျိုးသား လွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၂၂၄ ဦးရှိရာ တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦး ပါဝင်သည်။
ယင်း တပ်မတော်သား ကိုယ်စားလှယ် အားလုံးကို ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ကြောင်း သိရသည်။ လွှတ်တော်နှစ်ရပ် အတွင်း ကျန်ရှိနေသည့် အရာရှိငယ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကိုလည်း အဆင့်မြင့် တပ် မတော် အရာရှိကြီးများနှင့် အစားထိုးရန် စီစဉ်နေကြောင်း အဆိုပါ နီးစပ်သူက ဆက်လက်ပြောသည်။
ယခုအခါ တပ်မတော်အတွင်းရှိ အရာရှိကြီးငယ်အများစုမှာ လွှတ်တော်အတွင်းသို့ ကိုယ်စားလှယ်အဖြစ် သွားရောက်ရမည်ကို စိုးရိမ်နေကြောင်းလည်း စုံစမ်း သိရသည်။

ပိတ်ဆို့အရေးယူမှု တစ်နှစ် ရပ်ဆိုင်းမယ်လို့ အီးယူကြေညာ


Luxembourg နိုင်ငံမှာ ကျင်းပနေတဲ့ အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ၀န်ကြီးတွေ အစည်းအဝေးကနေ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှု အားလုံးနီးပါးကို တစ်နှစ် ရပ်ဆိုင်းမယ်လို့ ကြေညာလိုက်ပါတယ်။ အီးယူက ပိတ်ဆို့ အရေးယူထားတဲ့ စာရင်းထဲမှာ လူပုဂ္ဂိုလ် အရေအတွက် ၅၀၀ နဲ့ စီးပွားရေးလုပ်ငန်း ၈၀၀ ရှိတယ်လို့ ဆိုပါတယ်။ ပိတ်ဆို့ အရေးယူမှုတွေကို ဆိုင်းငံ့ထားလိုက်ပေမယ့် စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှုကိုတော့ ဆက်လက် ပိတ်ပင်ထားမယ်လို့ သိရပါတယ်။
အခုလို ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ပေးလိုက်တာဟာ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ တုံ့ပြန်မှုသာဖြစ်ပြီး အပြောင်းအလဲတွေကို အီးယူအနေနဲ့ အနီးကပ် စောင့်ကြည့်သွားမယ်လို့ အမည်မဖော်လိုတဲ့ အီးယူသံတမန်တွေက ဆိုပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘယ်လိုတုံ့ပြန် သင့်သလဲဆိုတဲ့ အချက်အပေါ်မှာ အီးယူအဖွဲ့အတွင်းမှာလည်း သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။ ဂျာမဏီနိုင်ငံက ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းစေလိုပေမယ့် ဗြိတိန်နိုင်ငံကတော့ ဖိအားပေးဆောင်ရွက်မှုကို ဆက်လက် ထားရှိလိုတယ်လို့ ဆိုပါတယ်။
အီးယူက အရေးယူထားတဲ့ လူပုဂ္ဂိုလ်တွေ စာရင်းထဲက သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရထိပ်ပိုင်း ခေါင်းဆောင် ၈၇ ဦးကို ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ထားတာ ပယ်ဖျက်ပေးထားပြီး ဖြစ်ပါတယ်။ လာမယ့် သီတင်းပတ်အတွင်းမှာ အီးယူအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး Ms. Catherine Ashton ဟာ မြန်မာနိုင်ငံကို သွားရောက် လည်ပတ်မှာဖြစ်သလို မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏ မောင်လွင်ကိုလည်း ဘယ်လ်ဂျီယမ်နိုင်ငံမှာရှိတဲ့ အီးယူအဖွဲ့ရုံးကို ဖိတ်ကြားထားပါတယ်။


CPI ပေးမည့် တနှစ်စာ ဆန်ကို မြစ်ဆုံဒေသခံများ မျှော်လင့်နေ


ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသည့် ရွာသားများအား တရုတ်နိုင်ငံ CPI ကုမ္ပဏီမှ တနှစ်စာ ဆန်ထောက်ပံ့ပေးမည် ဆိုစကားအရ ဒေသခံများ မျှော်လင့်နေကြသည်ဟု
အောင်မြင်သာကျေးရွာ ဒေသခံ တဦးက ပြောသည်။

တနှစ်စာ ဆန်ထောက်ပံ့မည်ဟု ဧပြီလ ၁၇ ရက်နေ့က အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးရုံးတွင် ရွာသားများကိုခေါ်ယူစည်းဝေးစဉ် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI တာဝန်ခံ LU Qizhou နှင့်အဖွဲ့က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“CPI က အကြီးဆုံး မစ္စတာ LU Qizhou က ဒေသခံတွေ ဘာခက်ခဲနေတယ်ဆိုတာ ပြောပြခိုင်းတယ်။ ရွာသားတွေက အခက်အခဲတွေကို ပြောပြတယ်။ CPI ဥက္ကဋ္ဌက သူတို့က စီမံကိန်း ရပ်လိုက်တော့ ဆုံးရှုံးမှု အများကြီး။ ဒီရေကာတာ မလုပ်ရင်လည်း မင်းတို့ကို သနားလို့ တနှစ်စာ ဆန် ထောက်ပံ့မယ်လို့ ပြောတယ်။ အဲဒါ မျှော်လင့်နေတာ။ သူတို့ ပေး မယ်ဆိုတော့ ဝမ်းသာတယ်” ဟု ပြောသည်။

အောင်မြင်သာ ကျေးရွာသားများက မိမိတို့၏ နေထိုင်နေသော မြေနေရာတွင် စိုက်ပျိုးစားသောက်၍ မရခြင်း၊ အိမ်များလေတိုက်၍ ပျက်ဆီးနေမှု၊ စီးပွားရေးကြပ်တည်းမှု စသည့် အခက်အခဲများကို တင်ပြခဲ့ကြသည်ဟု သူက ဆက်ပြော သည်။

စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသော ရွားသားများအတွက် အစိုးရ၊ CPI နှင့် အေးရှားဝေါ်လ် ကုမ္ပဏီတို့က တနှစ်ခန့်ကြာ စားစရိတ်များ ထောက်ပံ့ပေးခဲ့ပြီး ၂ဝ၁၁ နှစ်လယ်နောက်ပိုင်း ထောက်ပံ့မှု ရပ်ဆိုင်းခဲ့သည်။

လက်ရှိ ကျေးရွာဒေသခံများက အောင်မြင်သာရွာမှ နဂိုနေထိုင်ခဲ့သော တန်ဖဲကျေးရွာသို့ တက်၍ တောင်ယာ လုပ်ကိုင်ခြင်း၊ ပန်ရံလိုက်ခြင်း၊ jadeland ကုမ္ပဏီမှ ယာခင်းခုတ်ထွင်ရန် နေ့စားအလုပ် လုပ်ခြင်းနှင့် တနိုင်တပိုင် ရွှေကျင်၍ စားဝတ်နေရေးအတွက် ဖြေရှင်းနေရသည်ဟု သိရသည်။

အေးရှားဝေါလ် ကုမ္ပဏီက ပေ ၂၀ ပတ်လည်ရှိ ပျဉ်ကာ၊ သွပ်မိုး ခြေတံရှည်အိမ်များ ဆောက်ပေးခဲ့ရာ ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့ညက လေပြင်းတိုက်ခတ်ခဲ့သဖြင့် အောင်မြင်သာကျေးရွာမှ အိမ်အများအပြား ခေါင်မိုး သွပ်မိုး ကျွတ်ထွက်ခြင်း၊ တံခါးများ ပျက်ဆီးသွားသည်ဟု ဆိုသည်။

“ခုတလော လေတိုက်လို့ သွပ်မိုးတွေ အကုန်လန်ကုန်တယ်။ တချို့ အိမ်ခေါင်မိုးတွေ ကျွတ်ထွက်သွားတယ်။ အိမ်သာတွေ ကျိုးတာတွေလည်း ရှိတယ်။ ခုလည်း နေ့တိုင်းလို လေတိုက်တယ်။ ပြတင်းပေါက် မှန်တွေကွဲ၊ တံခါးတွေ ပျက်၊ အိမ်ရွှဲတဲ့ အိမ်လည်း ရှိတယ်။ တချို့က ကိုယ့်ဖာသာကိုယ်ပြင်၊ တချို့က မပြင်နိုင်လို့ ဒီအတိုင်းပဲ နေနေကြတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။ အောင်မြင်သာကျေးရွာတွင် အိမ်ခြေ ၃၇၀ ကျော်ရှိပြီး လယ်ယာစိုက်ပျိုး၍ မရသဖြင့် မူလ တန်ဖဲကျေးရွာသို့ တရားမဝင် သွားရောက်၍ တောင်ယာလုပ်ကိုင်နေကြရသည်ဟု ဆိုသည်။

မတ်လ ကုန်ပိုင်းက မြစ်ဆုံရေကာတာစီမံကိန်း ပြန်လည် စတင်နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ရာ လက်ရှိမှာ လုပ်ငန်းများ လုပ်ကိုင်ခြင်း မတွေ့ရသော်လည်း တရုတ်အလုပ်သမား ဝန်ထမ်း ၅၀ ဦးခန့် ကျန်နေသေးသည်ဟုဒေသခံများက ပြောသည်။


၂၀၁၄ မတိုင်မီ မွန်နှစ်ပါတီ အမည်သစ်ဖြင့် ပေါင်းမည်


မွန်နိုင်ငံရေးပါတီများဖြစ်ကြသော မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ (MNDF) နှင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) တို့အနေဖြင့် အမည်သစ်တခုဖြင့် ၂၀၁၄ ခု နှစ်မကုန်မီ ပေါင်းစည်းရန် တနင်္ဂနွေနေ့ က သဘောတူ လက်မှတ် ရေးထိုးလိုက်ကြပြီ ဖြစ်သည်။

မော်လမြိုင်မြို့ တောင်ပေါ်တန်းရှိ သာသနာ့ ၂၅ဝဝ ဘုရားကျောင်းတွင် ကျင်းပသည့် ညှိနှိုင်းဆွေးနွေးပွဲ၌ ၁၉၉ဝ
ရွေးကောက်ပွဲဝင် MNDF ကိုယ်စားလှယ်များနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် AMDP ကိုယ်စားလှယ်တို့က အချက် ၄ ချက် ပါသည့် သဘောတူချက်ကို လက်မှတ် ရေးထိုးကြခြင်း ဖြစ်သည်။

“သံဃာတော်တွေကလည်း ပေါင်းစေချင်တယ်၊ မွန်ပြည်သူတွေကလည်း ပေါင်းစေချင်တယ်၊ ဒါ့ကြောင့် ဒီလိုပေါင်းဖို့ဖြစ်လာတာပါ” ဟု AMDP ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။ အလားတူ MNDF အထွေထွေ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းကလည်း “ပြည်သူတွေနဲ့ သံဃာတော်တွေရဲ့ ဆန္ဒက ပေါင်းစေချင်တယ်ဆိုတော့ ကျနော်တို့က ဒါကို ဥပေက္ခာပြုလို့ မရဘူးပေါ့” ဟု ပြောသည်။

ညှိနှိုင်း ဆွေးနွေးပွဲသို့ နိုင်တင်အောင် ဦးဆောင်သည့် MNDF ကိုယ်စားလှယ်များ၊ နိုင်ချစ်ဦး ဦးဆောင်သည့် AMDP ကိုယ်စားလှယ်များ အပါအဝင် မြို့နယ်အသီးသီးမှ လူငယ်များ၊ လူမှုအဖွဲ့အစည်းများနှင့် မွန်စာပေယဉ်ကျေးမှုအဖွဲ့များမှ ၂ဝဝ ကျော်နှင့် သံဃာတော် အပါး ၈ဝ ခန့် တက်ရောက်ကြသည်။

ပါတီနှစ်ခု ပေါင်းစည်းရန်အတွက် ၂ဝ၁၁ နှစ်လည်ပိုင်းကပင် နှစ်ဖက်ပါတီများက မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည်တို့မှ မွန်ပြည်သူများနှင့် ရဟန်းသံဃာများ၏ ဆန္ဒကို ကောက်ခံခဲ့ရာ ပူးပေါင်းစေလိုသည့် အဖြေကို ရရှိခဲ့ကြပြီးဖြစ်သော်လည်း မည်သို့ပူးပေါင်းကြမည်ကို ဆွေးနွေးကြန့်ကြာနေခဲ့ကြသည်။

ထိုသို့ နှစ်ပါတီ မပူးပေါင်းမီ MNDF က ၂ဝ၁ဝ ခုနှစ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ မွန်ဒီမိုကရေစီပါတီ (MDP) အမည်ဖြင့် မှတ်ပုံတင်ရန်အတွက် နိုင်စိုးမြင့် ဦးဆောင်သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အချို့ ယခုသီတင်းပတ်အတွင်း နေပြည်တော်သို့ သွားရောက်ရန် စီစဉ်နေကြောင်း နိုင်စိုးမြင့်က ပြောသည်။

MNDF ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉ဝ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ငါးနေရာ အနိုင်ရခဲ့သည်။ ထိုစဉ်က စစ်အစိုးရမှ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်တွင် ပါတီ
ခေါင်းဆောင်များ ဖမ်းဆီးခံရကာ မွန်ပြည်နယ်နေ့ ဖြစ်သည့် ၁၉၉၂ မတ်လ ၁၉ ရက်နေ့တွင် ပါတီ ဖျက်သိမ်းခံရသည်။

AMDP ကမူ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ၃၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် သုံးနေရာ၊ အမျိုးသား လွှတ်တော် လေးနေရာနှင့် ပြည်နယ်လွှတ်တော် ကိုးနေရာဖြင့် စုစုပေါင်း ၁၆ နေရာ အနိုင်ရရှိခဲ့သည်။ နှစ်ပါတီပူးပေါင်းနိုင်ရေးအတွက် လစဉ် ပုံမှန်တွေ့ဆုံဆွေးနွေးသွားမည်ဟူလည်း သဘောတူညီခဲ့ကြသည်။


ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်က ကြိုဆိုနေ


ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်က ကြိုဆိုနေကြောင်း သမ္မတ ဦးသိန်းစိန် က ယနေ့ ပြောဆိုလိုက်သည်။ သို့သော် လွှတ်တော်တက်ရေး မတက်ရေးမှာ ကာယကံရှင်၏ သဘောဆန္ဒ အတိုင်းသာ ဖြစ်သည်ဟု ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော ဦးသိန်းစိန်က သတင်းထောက်များကို ပြောဆိုကြောင်း သိရသည်။


ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှ ကြိုဆိုနေဟု သမ္မတ ပြော


ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှ ကြိုဆိုကြောင်း ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။တိုကျိုမြို့ နယူးအိုတာနီဟိုတယ်တွင် ဂျပန်မီဒီယာများနှင့် တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် ဝင်ရောက်ရေး အခက်အခဲများနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဦးသိန်းစိန်က ဖြေကြားလိုက်ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲကို ဝင်မလာတာ သူ့ရဲ့ သဘောဆန္ဒပဲ ဖြစ်ပါတယ်။ လွှတ်တော်ကြီးကတော့ သူ့ကို ကြိုဆိုနေပါတယ်” ဟု မဇ္ဈိမက ရရှိထားသည့် အသံဖိုင်တွင် ပါရှိသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ လိုလားချက်တခုဖြစ်သော လွှတ်တော်အမတ်များ ကျမ်းသစ္စာကျိန်ဆိုရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်အစား၊ လေးစားလိုက်နာမည်ဟု ရွတ်ဆိုလိုကြောင်း သမ္မတမှ တဆင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ တင်ပြထားသည်။

NLD ၏ တင်ပြမှုနှင့် ပတ်သက်၍ သမ္မတမှ အဆိုပါ စကားရပ်ကို ပြောင်းလဲရန် အစီအစဉ် မရှိကြောင်း ဂျပန် သတင်းဌာန တခု၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသော်လည်း သမ္မတမှ ထိုသို့ ပြောကြားသွားခြင်း မရှိဟု နယူးအိုတာနီဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်သို့ တက်ရောက်ခဲ့သည့် ရန်ကုန်မီဒီယာဂရု(ပ်) လီမိတက်ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။ NLD က လိုလားနေသည့် ကျမ်းကျိန်မှု စကားလုံးအသုံးအနှုန်း ပြောင်းလဲရေးနှင့် ပတ်သက်၍ သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် လုပ်ပေး၍ ရနိုင်သည်ဟုလည်း အထက်တန်း ရှေ့နေကြီး ဦးအောင်သိန်းက သုံးသပ်သည်။

“ဒီဥစ္စာက ဥပဒေပြင်တဲ့ကိစ္စ မဟုတ်သေးဘူး၊ လေးစားလိုက်နာပါမယ်ဆိုတဲ့ စကားလုံးကို အစားထိုးပြင်တာဟာ အခြေခံဥပဒေပါ ပုဒ်မ တခုချင်းကို ပြင်တဲ့အဆင့် မဟုတ်သေးဘူး။ အဲဒါဟာ သမ္မတက ညှိနှိုင်းပေးရင် ပြင်လို့ ရနိုင်တယ်လို့ ကျနော့်ဘက်က အဲဒီလိုမြင်တယ်”

NLD သည် ရွေးကောက်ပွဲဝင်ရသည့် အကြောင်းရင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးကို ကြိုးပမ်းသွားမည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။ သို့သော် ပါတီ၏ လွှတ်တော် အမတ်များ လွှတ်တော်တွင်း ဝင်ရောက်ပါက အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်ဟု ကတိသစ္စာ
ပြုရမည် ဖြစ်ခြင်းကြောင့် ဖွဲ့စည်းပုံပြင်ရေး ခက်ခဲနိုင်သည်ဟုလည်း ဦးအောင်သိန်းက သုံးသပ်သည်။

“ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ သဘောအရ ပြင်ဖို့ဆိုတဲ့ စကားလုံး ပြောရခက်မယ်ဗျာ။ လေးစား လိုက်နာ ဆိုတဲ့ဟာမျိုးက ကျနော်တို့ ပြင်နိုင်တယ်။ သူတို့ (အစိုးရ) က အဲဒီ စကားလုံးကြီးနဲ့ ချီလာရင် ကျနော်တို့ကပြင်ဖို့ တင်ဖို့တောင် မလွယ်ဘူးဖြစ်မယ်။ NLD ကို လွှတ်တော်ထဲ ဝင်စေချင်တယ်ဆိုရင်တော့ သူတို့ တနည်းတဖုံ စဉ်းစားပေးသင့်တယ်လို့ ထင်တယ်”

အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တွင်း ဝင်ရောက်ပါက လွှတ်တော်ဥပဒေနှင့် နည်းဥပဒေများတွင် ပါရှိသည့် "လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်း အပိုဒ်တွင် "ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၄ တွင် ဖေါ်ပြထားသည့် အတိုင်း ကတိသစ္စာပြုပြီး လက်မှတ်ရေးထိုးရမည်ဟု ပြဋ္ဌာန်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၄ တွင် ဖေါ်ပြထားသည်မှာ "ကျွန်ုပ်သည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ် ခံရပြီးဖြစ်သဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများ ကိုလည်း လိုက်နာပါမည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပါ မည်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ထို့အပြင် ကျွန်ုပ်ထမ်းဆောင်မည်ဖြစ်သော တာဝန် ဝတ္တရားများ ကို ဖြောင့်မှတ်မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက် တည်ကြည်စွာ ကတိသစ္စာပြုပါသည်။" ဟု ပြဋ္ဌာန်းထားသည်။

ထို ဇယား ၄ ပါ "ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ် စောင်ရှောက်" အစား "လေးစားလိုက်နာ" ဟု NLD မှ ပြင်ဆင်လိုနေခြင်းဖြစ်သည်။ NLD ၏ အဆိုပါ ညှိနှိုင်းမှုတောင်းဆိုမှု မရရှိသေး မရှိသေးသည့်အတွက် တနင်္လာနေ့ တွင် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးများသို့ NLD အမတ်များ တက်ရောက်ခြင်း မရှိသေးပေ။


ကျမ်းကျိန်စာသား ပြုပြင်စရာမလိုဟု ကြံ့ခိုင်ရေးပါတီ ပြော


ကျမ်းကျိန်စာသား အသုံးအနှုန်းကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ပြန်လည်စတင်သော ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခြင်း မရှိသေးချိန်တွင် လွှတ်တော်အတွင်း နေရာအများစု ယူထားသော ကြံ့ခိုင်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ယင်းစာသား မူရင်းကို ပြောင်းလဲပြင်ဆင်ရန် မလိုအပ်ကြောင်း ယနေ့ ဆက်သွယ် မေးမြန်းမှုတွင် ပြောဆိုလိုက်သည်။

ကျမ်းကျိန်လွှာပြင်ရေး လွှတ်တော်တွင်း ဒီမိုကရက်တစ် ပါတီများ ပြင်ဆင်


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်များ အနေဖြင့် ယနေ့ ပြန်လည် စတင်သော ပြည်သူ့လွှတ်တော် အစည်း အဝေးများ တက်ရောက်နိုင်ရန် ကျမ်းကျိန်လွှာဝေါဟာရ ပြင်ဆင်ရေးအဆိုကို ဒီမိုကရက်တစ် ပါတီ ကိုယ်စားလှယ် တချို့က လွှတ်တော်၌ တင်သွင်းမည်ဟု သတင်းရရှိသည်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က NLD ကိုယ် စားလှယ်များ လွှတ်တော်တက်နိုင်ရေးအတွက် လွှတ်တော်တွင်းမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)က စကားရပ်ပြင်ဆင်ရန် အဆိုတင်သင့်ကြောင်း၊ အကယ်၍မတင်ခဲ့ပါက သူ့အနေဖြင့် ဦးဆောင်တင်သွင်းရန်ရှိကြောင်း အဆိုပါ ပြင်ဆင်ရေးကိစ္စ ကြံ့ခိုင်ရေးပါတီမှ ကန့်ကွက်လျှင် သမိုင်း မလှနိုင်ကြောင်း၊ ယခုကိစ္စသည် ကြံ့ခိုင်ရေး ပါတီ အပေါ် မူတည်နေကြောင်း
လွှတ်တော်တက်ရောက်နေသည့် အလုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကလည်း NLD ကိုယ်စား လှယ်များ လွှတ်တော်တက်နိုင်ရေးအတွက် လွှတ်တော်ပြင်ပ အစည်းအဝေးများ ပြုလုပ်ရန်ရှိကြောင်း
နိုင်ငံရေးအကျဉ်းသားများအား ကူညီပေးနေသော ရှေ့နေကြီး ဦးအောင်သိန်းက ယခုကိစ္စသည် အခြေခံဥပဒေ ပြင်ဆင်ခြင်း မဟုတ်ဘဲ ပုဒ်မတခု၏ စကားရပ် အသုံးအနှုန်းကို ပြင်ဆင်ခြင်းသာဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတက သော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးကသော်လည်းကောင်း၊ လွှတ်တော်များကသော်လည်းကောင်း အဆိုပြု တင်ပြချက်များအပေါ် ပြန် လည် သုံးသပ်ပြီး ပြင်ဆင်နိုင်ကြောင်း
သို့သော် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်က ဦးသိန်းညွန့်ကမှု လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုပြီးဖြစ်သော်လည်း ကျမ်းကျိန်ပြီးမှသာ လွှတ် တော်ကိုယ်စားလှယ် အဖြစ် တရားဝင်မည်ဖြစ်ကြောင်း ပြောဆိုပြီး ယခု ကိစ္စသည် စကားရပ်ပြဿနာ မဟုတ်ဟုလည်း ပြော သည်။ အမျိုးသား လွှတ်တော် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း“နိုင်ငံရေးပါတီမှတ်ပုံတင်တာနဲ့ ပတ်သက်တော့ လုပ်ရတာ လွယ်တယ်။ ဖွဲ့စည်းပုံ ပြင်ဖို့ကျတော့ သူ့ပရိုဆီဂျာ(လုပ်ထုံးလုပ်နည်း) အတိုင်း သွားရမယ်။ အခုက ဘောင် မ၀င်ဘူးဖြစ်နေတယ်”ဟု ဆိုသည်။
မနက်ဖြန်ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တချို့က NLD ကိုယ်စားလှယ် များ လွှတ်တော် တက်နိုင်ရေး ဝေါဟာရ ပြင်ပေးရန် အဆိုတင်သွင်းမည့် အစီအစဉ်ရှိကြောင်းလည်း ဦးဖုန်းမြင့်အောင်က ဆက် ပြောသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁၀)ရှိ နိုင်ငံရေးပါတီများ အခန်း၊ ပုဒ်မ ၄၀၅၊ အပိုဒ် (ခ)တွင် “နိုင်ငံရေး ပါတီ တရပ်အနေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်”ဟု ဆိုထားသကဲ့သို့ ပုဒ်မ ၁၂၅ အပိုဒ်(က) ၌ “ပြည်သူ့ လွှတ်တော် ပုံမှန် အစည်းအဝေးတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူ့ လွှတ်တော် သဘာပတိ ရှေ့မှောက် ၌ ဇယား ၄ တွင် ဖော်ပြသည့်အတိုင်း ကတိသစ္စာ ပြုရမည်”ဟု ဖော်ပြထားသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၂၅ ကို ရည်ညွှန်းသည့် အခန်း(၁၅) အထွေထွေ ပြဌာန်းချက်များ ဇယား ၄ တွင် “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်”ဟု ဖော်ပြထားရာ ၄င်းစကားရပ် ပြင်ဆင်ပေးရန် NLD က သမ္မတရုံး၊ လွှတ်တော် ၂ ရပ်နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး များသို့ ဆက်လက် တင်ပြမည်ဟု ပြောဆိုသည်။
ကျမ်းကျိန်လွှာ စကားရပ် မပြင်ဆင်သေးဘဲ ညှိနှိုင်းဆောင်ရွက်နေရသဖြင့် လွှတ်တော်တက်ရေး မဖြစ်နိုင်သေးကြောင်း၊ NLD က တရားဝင်ပြောဆိုပြီး ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်ကို သပိတ်မှောက်ခြင်း မဟုတ်ကြောင်း၊ လွှတ်တော် တက်နိုင်ရေး အချိန်ကို စောင့်ဆိုင်းနေကြောင်း ယမန်နေ့က သတင်းထောက်များကို ပြောသည်။
“လွှတ်တော်မတက်ဘူးလို့ မပြောဘူး။ လွှတ်တော်တက်ဖို့ အချိန်အခါ စောင့်ဆိုင်း နေတာပါ”ဟု ဒေါ်အောင်ဆန်းစုကြည် က ဆို သည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက “အခြေခံ ဥပဒေကို လေးစားလိုက်နာပါမည်” ဟူသော စကားရပ်သည် ပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ၌ လည်းကောင်း၊ ဖွဲ့ စည်းပုံအခြေခံဥပဒေ၌လည်းကောင်း ပြင်ဆင်ပြီးသားဖြစ်၍ လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းကျိမ်လွှာတွင်သာ ပြင်ဆင်ခြင်း မပြုရသေးကြောင်း၊ အခြေခံ ဥပဒေ၊ မှတ်ပုံတင် ခြင်း ဥပဒေ၊ ကျမ်း ကျိန် လွှာ စကားရပ်တို့သည် တခုနှင့်တခု လိုက်လျောညီထွေ ဖြစ်သင့်ကြောင်း ။ နိုင်ငံရေးသမား တဦးဖြစ်သည့် ဒေါက်တာစောနိုင်ကမူ NLD လွှတ်တော်တက်နိုင်ရေး သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း အပါအ၀င် တာဝန်ရှိသူများက စီစဉ်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။
ဂျပန်နိုင်ငံသို့ အလည် အပတ်ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကိုယ်စားလှယ် ကျမ်းသစ္စာ ကျိန်ဆိုမှုနှင့် ပတ်သက်၍ ပြည်သူ လူထု အကျိုးရှိမည်ဆိုပါက ဖြစ်နိုင်ခြေရှိကြောင်း သတင်းထောက်များကို စကားပြန်မှတဆင့် ယနေ့ပြော ကြောင်း AP သတင်းတပုဒ်က ဆိုသည်။
သို့သော် လွှတ်တော်တွင်း ကျမ်းကျိန်လွှာ ဝေါဟာရ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အာဏာရ ကြံ့ခိုင်ရေးပါတီကမူ ဝေါ ဟာရ ပြင်ဆင်ရေး လုပ်ဆောင်ရန် မလိုဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဧရာဝတီကို ပြောသည်။


NLD လွှတ်တော် တက်ဖို့ ပြေလည်မှု မရသေး


ပြည်သူလူထု နဲ့ တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို လွှတ်တော်မှာ ဆွေးနွေး ဖို့ ဖြစ်နိုင်ခြေရှိပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ သတင်းထောက်တွေနဲ့ ဒီကနေ့ တွေ့ဆုံတဲ့အချိန် မြန်မာသမ္မတက အဲဒီလိုပြောခဲ့တာပါ။ အခုဖြစ်ပေါ်နေတဲ့ ကျမ်းသစ္စာကျိန်ဆိုတာမှာ စာသားပြောင်းလဲပေးဖို့ ကိစ္စဟာ အသစ်တခုမဟုတ်ဘဲ လုပ်ပေးဖို့အတွက် အခက်အခဲမရှိနိုင်ဘူးလို့ ယူဆတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တာဝန်ရှိသူတဦးကလည်း ပြောပါတယ်။
ဂျပန်နိုင်ငံမှာရောက်နေတဲ့ သမ္မတဦးသိန်းစိန်က ဒီကနေ့ ဂျပန်မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ NLD ပါတီဘက် ကတင်ပြထားတဲ့ ကျမ်းသစ္စာ ကျိန်ဆိုတာမှာ စကားလုံး ပြင်ပေးဖို့ဆိုတာ နဲ့ပတ်သက်ပြီး သတင်းသမားတွေ မေးတာကို တိုက်ရိုက် မဖြေခဲ့ပါဘူး။ ဒါပေမဲ့လည်း လွှတ်တော်တက်ရေးကိစ္စဟာ NLD ပါတီကိုယ်တိုင်က ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်ရေးကတော့ လွှတ်တော်မှာ ဆွေးနွေးဖို့ ဖြစ်နိုင်ခြေ ရှိတယ်လို့ ဖြေဆိုခဲ့တာပါ။ ဒီသတင်းတွေကို စောင့်ကြည့်လေ့လာပြီး ဖတ်ရှုထားတဲ့ ဂျပန်နိုင်ငံသား ၀ါရင့် သတင်းစာဆရာကြီး ဟိဆအို့ တနဘဲ့ (Hisao Tanabe) ခေါ် ဦးရွှေဘက အခုလိုပြောပါတယ်။
“အဲဒီ ကိစ္စ အန်အယ်ဒီ ကိစ္စနဲ့ ပတ်သက် ပြီးတော့ အန်အယ်ဒီ အနေနဲ့ တောင်းဆိုနေတဲ့ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဖို့ ဘာညာ နဲ့ ပတ်သက်ပြီးတော့ သူက ဘာမှ မပြောဘူး။ မပြောပေမဲ့ ခုနက လွှတ်တော် ကို တက်မတက် ဆိုတာက ဒေါ်စု ကိုယ်တိုင် က ဆုံးဖြတ်ဖို့ ဖြစ်တယ် လို့ဘဲ ဖြေလိုက်တယ်။ နောက်ထပ် constitution အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီးတော့ generally speaking ဆိုတဲ့ သဘောနဲ့ သူပြောတာက ပြည်သူ ပြည်သားတွေ အကျိုးရှိစေဖို့၊ တိုင်းပြည်အတွက် အကျိုးရှိစေဖို့ ဆိုရင် အခြေခံ ဥပဒေကို ပြင်ဆင် ဖို့ဟာ ဖြစ်နိုင်ပါတယ်။ လွှတ်တော်မှာ ဆွေးနွေးမှာ ဖြစ်ပါကြောင်း ဖြေလိုက်တယ် တဲ့။”
လွှတ်တော်ကိုယ်စားလှယ်အသစ်တွေ ကျမ်းသစ္စာကျိန်ဆိုတာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် ပါမည်ဆိုတဲ့ စာသားအစား လေးစား လိုက်နာပါမည်ဆိုတဲ့ စာသားနဲ့ ပြောင်းလဲ ပြင်ဆင်ပေးဖို့ NLD ပါတီဘက်က ကြိုးစားနေတာဖြစ်ပါတယ်။ ဒီကနေ့စပြီးကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေအမီ မပြီးပြတ် ခဲ့တဲ့အတွက်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီက ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော် မတက်ဖြစ်ခဲ့ကြပါဘူး။ ဘယ်တော့လောက် ပြေလည်မယ် ဆိုတာကို အတိအကျ မပြောနိုင်ပေမဲ့ ပြေလည်ဖို့အတွက်ကိုတော့ NLD တာဝန်ရှိသူတွေက ယုံကြည်နေဆဲပါ။
“ဒီ ကိစ္စက ပြဿနာ အသစ်အဆန်း မဟုတ်ဘဲကိုး။ ကျနော်တို့ ပါတီ ရွေးကောက်ပွဲ ဝင်ဖို့ ကိစ္စ၊ ရွေးကောက်ပွဲ ဝင်ဖို့ ကိစ္စ ဖြစ်ပေါ်လာအောင် လိုအပ်သလို ပြုပြင်ပေးတဲ့ အတွက်ကြောင့် မို့လို့ အဲဒီလို ပြုပြင်ပေးတဲ့ ဟာမှာ ပေါ်မှာ မူတည်ပြီး မှတ်ပုံတင်တယ်။ ရွေးကောက်ပွဲ ဝင်တယ်။ ပြုပြင်ပြီးတဲ့ ကိစ္စ နောက်ပိုင်းမှာ ဆက်ပြုပြင်ဖို့ဆိုတာ သူတို့မှာ အခက်အခဲ ရှိစရာ အကြောင်း မရှိဘူးလို့ ယူဆပါတယ်။”
ဂျပန်မှာရှိနေဆဲ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးဟာ နောက်ကြောင်း ပြန်မလှည့်တော့ ပါဘူးဆိုပြီး ပြောတယ်လို့လည်း ဂျပန်သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
ဒါပေမဲ့လည်း အခုပေါ်ပေါက်နေတဲ့ ကျမ်းသစ္စာ ကျိန်ဆိုရေး၊ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် NLD ကိုယ်စားလှယ် တွေ လွှတ်တော် တက်ရောက်နိုင်ရေးကိစ္စဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရမယ့် အခြေအနေထိ ဖြစ်နေတာကြောင့် သိပ်မကြာခင်မှာ ပြီးပြတ်မယ့်အခြေအနေမျိုး ခုချိန်ထိတော့ မတွေ့ရသေး ကြောင်းပါ။

ဖမ်းဆီးချုပ်နှောင်ထားစဉ် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦး သေဆုံး


ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးချုပ်နှောင်ထားစဉ် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦး သေဆုံးခဲ့ရတဲ့ ကိစ္စအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ မဲခေါင်ဒေသ ရွှေ့ပြောင်းအလုပ်သမားများ ကွန်ယက် MMN ကနေ ထိုင်းအစိုးရကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်း ၁ ရက်နေ့တုန်းက ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထားတဲ့ မြန်မာအလုပ်သမား ၆၂ ဦးကို အချုပ်ကားနဲ့ မြန်မာနိုင်ငံနယ်စပ် မဲဆောက်မြို့က ပြန်ပို့စဉ် အလုပ်သမားနှစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူနှစ်ဦးကတော့ ကိုမောင်စိုး ၂၅ နှစ်နဲ့ မမိလာ ၃၆ နှစ်တို့ ဖြစ်ပါတယ်။ သူတို့ဘာကြောင့် သေဆုံးရတယ်ဆိုတာကို တိတိကျကျ မသိရပါဘူး။
ဒါကြောင့် သေဆုံးရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးပြီး၊ တာဝန်ရှိတဲ့ ထိုင်းအရာရှိတွေကို အရေးယူပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုထားကြောင်း၊ မဲခေါင်ဒေသ ရွှေ့ပြောင်းအလုပ်သမားများ ကွန်ယက်က တာဝန်ရှိသူ ထိုင်းအမျိုးသမီး မစ္စ ဖရာနွန် စုမ်ဝမ် Ms Pranom Somwong က ရှင်းပြပါတယ်။
“ထိုင်းအစိုးရက တုံ့ပြန်ချက်ကို မဲခေါင်ကွန်ယက်က စောင်ဆိုင်းနေပါတယ်။ ဒ့ါအပြင် သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေ ကျေနပ်လောက်တဲ့ တရားဥပဒေအရ ဖြေရှင်းဆောင်ရွက်ပေးမှုကို ထိုင်းအစိုးရက လုပ်ဆောင်ပေးစေလိုပါတယ်။ ဘာကြောင့် သေဆုံးရတယ်ဆိုတာ ကျန်ရစ်သူတွေ သိခွင့်ရသင့်ပါတယ်။ ဒါ့အပြင် ထိုက်တန်တဲ့ လျော်ကြေးလည်း ရသင့်ပါတယ်။ သေဆုံးသူတွေဟာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီး ချုပ်နှောင်ထားစဉ် သေဆုံးရတာ ဖြစ်တဲ့အတွက် ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဥပေဒအရ အပြစ်ပေး အရေးယူစေလိုပါတယ်။ ဒီကိစ္စတွေကို ထိုင်းအစိုးရကို ဆက်သွယ်ပြီး မဲခေါင်ကွန်ယက်အနေနဲ့ လုပ်ဆောင်နေပါတယ်" လို့ မစ္စ ဖရာနွန်က ရှင်းပြသွားခဲ့ပါတယ်။
အခုလို ရွှေ့ပြောင်း အလုပ်သမားတွေ သေဆုံးမူဟာ အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးကြောင်း၊ ၂၀၁၀ ခုနှစ်အတွင်းကလည်း ထိုင်းအချုပ်ခန်းတွေအတွင်း စုစုပေါင်း ရွှေ့ပြောင်းအလုပ်သမား ၂၃ ဦး သေဆုံးခဲ့မှုအတွက် မဲခေါင်ကွန်ယက်က တင်ပြခဲ့ဖူးကြောင်း၊ ဒါကြောင့်အလုပ်သမားတွေကို ဖမ်းဆီးထိန်းသိမ်းထားစဉ် ကောင်းမွန်စွာ စောင့်ရှောက်ဖို့နဲ့ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်ပို့ဆောင်တဲ့ လုပ်ငန်း အဆင့်ဆင့်ကိုလည်း ကောင်းမွန်အောင် ဆောင်ရွက်စေလိုကြောင်း မဲခေါင်ဒေသ ရွှေ့ပြောင်း အလုပ်သမားများကွန်ယက်က ထိုင်းအစိုးရကို တိုက်တွန်းထားပါတယ်။

နိုင်ငံခြားအရင်းအနှီး အလုံးအရင်း ၀င်ရောက်မှု ပြည်တွင်း စီးပွားရေး တည်ငြိမ်မှုကို ထိခိုက်နိုင်


မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ၀င်ရောက်လာမယ်ဆိုရင် ပြည်တွင်း စီးပွားရေး တည်ငြိမ်မှုကို ထိခိုက်လာနိုင်ကြောင်း အေဒီဘီ ခေါ် အာရှဖွံ့ဖြိုးရေးဘဏ် အကြီးအကဲတစ်ဦးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံက ကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းးစနစ်ကို ပြင်ပဈေးကွက် ပေါက်ဈေး ပုံစံမျိုး မြန်မာအစိုးရ ဗဟိုဘဏ်က သတ်မှတ်လိုက်တာဟာ အင်မတန်ကောင်းမွန်တဲ့ ခြေလှမ်းဖြစ်တဲ့အတွက် အေဒီဘီအနေနဲ့ ကြိုဆိုကြောင်း၊ ဒါပေမယ့် အလွန်ကို ခက်ခဲတဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ချမှတ်သွားဖို့ ကျန်ရှိနေသေးကြောင်း အေဒီဘီအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ Rajat Nag က ပြောပါတယ်။
မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲနှုန်းကို ဈေးကွက်ဝယ်လိုအား ရောင်းလိုအားအပေါ်မှာ မူတည်ပြီး အစိုးရ ဗဟိုဘဏ်က လိုအပ်သလို စီမံခန့်ခွဲမယ့်ပုံစံနဲ့ လက်ရှိ တစ်ဒေါ်လာကို ၈၁၈ ကျပ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ငွေကြေးစနစ် အပြောင်းအလဲ ပေါ်ထွက်လာနေပြီး အနောက်နိုင်ငံတွေကလည်း စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေ လျော့ချပေးလာမှာကြောင့် နိုင်ငံခြားကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုတွေ များပြားလာဖို့ အခြေအနေရှိတာကြောင့် အေဒီဘီ အဖွဲ့ကြီးက အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

KNPP အဖွဲ့ ဦးအောင်မင်းနှင့် ဒုတိယအကြိမ်တွေ့ဆုံ


အပစ်အခတ် ရပ်စဲထားတဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ မနေ့က ထိုင်း၊ မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်မြို့မှာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ပြည်တောင်စု ၀န်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ နော်ဝေးနိုင်ငံကို သွားရောက်ခဲ့ပြီး အပြန်မှာ KNPP အဖွဲ့က ခူးဦးရယ် ခေါင်းဆောင်တဲ့ ၇ ဦးပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က ညနေပိုင်းမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
KNPP ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ခူးဦးရယ်က
"ကျွန်တော်တို့ အရင်က ဆွေးနွေးခဲ့တဲ့ အကြောင်းအချက်တွေနဲ့ ပတ်သက်ပြီး သမ္မတဆီ ယူသွားပါဆိုတော့ သမ္မတကများ ဘာအတွေ့အကြုံများ ပြောလိုက်သလဲ။ တစ်ချက်ချင်းကို ဘယ်လိုများ သမ္မတက မိန့်မှာလိုက်သလဲ ဆိုတာကို ကျွန်တော်တို့ သူ့ကိုမေးတာ မြန်းတာ အလွတ်သဘောပါပဲ။ သဘောတူညီမှု ရပြီးနောက်ပိုင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေ ပတ်သက်ပြီးတော့ ဘာတွေများ ဖြစ်ပျက်ခဲ့သလဲပေါ့။ နောက် အဲဒါလေးတွေပဲ။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် အပ်ပ်ဒိတ် လုပ်တဲ့သဘောပါပဲ။ နောက် ပြည်တောင်စုအဆင့်ကို သွားဖို့အတွက် ဘယ်အချိန်များ နှစ်ဘက်စလုံးအတွက် အဆင်ပြေနိုင်မလဲ ဆိုတဲ့ အချိန်လေးကိုပဲ ကျွန်တော်တို့ ညှိကြတာပါ။ ဒါပေမယ့် သဘောတူညီတဲ့ အဆင့်တော့ မရောက်နိုင်သေးဘူး။"
လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ မတ်လဆန်းက အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီကြောင်း လက်မှတ်ထိုးခဲ့စဉ်က KNPP ဘက်ကနေ အချက် ၂၀ တင်ပြတောင်းဆိုထားပြီး အဲဒီထဲက အချက် ၄ ချက်ကို သဘောမတူ ဖြစ်ခဲ့တာကြောင့် သမ္မတ ဦးသိန်းစိန်ထံ တင်ပြပြီးမှ အကြောင်းပြန်မယ်လို့ ၀န်ကြီး ဦးအောင်မင်းက ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။
မနေ့က ဆွေးနွေးပွဲဟာ ယေဘုယျသဘော ပြောဆိုတာမျိုး ဖြစ်တဲ့အတွက် အသေးစိတ် ဆွေးနွေးတာတွေကို ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးချိန်မှ ဆက်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ခူးဦးရယ်က ပြောပါတယ်။

ဥပဒေ ချိုးဖောက်မှုလုပ်ရပ်ကို ရဟန်းတော်များ အဖွဲ့ချုပ် ကန့်ကွက်


မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်က မြန်မာနိုင်ငံတွင် မကြာမီက ဖြစ်ပေါ်ခဲ့သော ဘာသာရေး အငြင်းပွားမှု အခြေခံသော ပဋိပက္ခများနဲ့ ပတ်သက်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီကြေညာချက်မှာ မြန်မာနိုင်ငံ ဖားကန့်မြို့နယ်၊ စိန်တူကျေးရွာရှိ စိုင်းတော်ဗလီ ဧပြီလ ၁၃ ရက်နေ့တွင် ဖျက်ဆီးခံရတဲ့ကိစ္စ၊ အဲဒီနေ့မှာပဲ မကွေးတိုင်း ကံမ္မမြို့ နယ်မှာ ဗလီနဲ့ စတိုးဆိုင်များ ဖျက်ဆီးခံရတဲ့ကိစ္စ စတဲ့အမှုကိစ္စများ အားလုံးမှာ မြန်မာနိုင်ငံတွင် နေထိုင်သော ဆရာတော်၊ သံဃာတော်များ၊ သောတုဇနများရဲ့ လုံလ ပယောဂ ပါရှိခြင်း မရှိကြောင်း ထုတ်ဖော်ထားပါတယ်။
ဧပြီလ ၂၀ ရက်နေ့ နေ့စွဲနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များအဖွဲချုပ် ဥက္ကဋ္ဌ ဆရာတော် အရှင် ပဏ္ဍဝံသ လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ ကြေညာချက်မှာ အဲဒီိလုပ်ရပ်တွေဟာ ဆူပူမှုသက်သက်သာဖြစ်လို့ ရဟန်းသံဃာများအနေနဲ့ လက်ခံခြင်းမရှိသလို ဥပဒေချိုးဖောက်မှု ဖြစ်တဲ့အတွက်လည်း ကန့်ကွက်ပါကြောင်း ဖော်ပြပါရှိ ပါတယ်။


ယခုနှစ် သဘာဝဓါတ်ငွေ့ ပြည်ပတင်ပို့မှုမှရငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၆၃ ဘီလျံထိ မြင့်တက်

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ရငွေမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၆၃ ဘီလျံကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း သတင်းရရှိပါသည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရာ၌ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၂ ဘီလျံကျော်ပမာဏ ရရှိပြီး အများဆုံးရရှိခဲ့သည့်နှစ် ဖြစ်ခဲ့ကြောင်း စာရင်းများအရ သိရသည်။ ယခုနှစ်တွင်မူ အဆိုပါပမာဏကို ကျော်လွန်ကာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၆၃ ဘီလျံကျော်ထိ ရရှိပြီး အများဆုံးရရှိသည့်နှစ် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် သဘာဝဓာတ်ငွေ့ ပြည်ပသို့ တင်ပို့ရာတွင် လက်ရှိ၌ ရဲတံခွန်နှင့် ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းနှစ်ခုမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကိုသာ ပြည်ပတင်ပို့ခြင်း ဖြစ်ပြီး ရွှေနှင့် ဇောတိက စီမံကိန်းများမှာ ၂၀၁၃ ခုနှစ်မှသာ အစောဆုံး ထုတ်ယူ တင်ပို့နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။ မြန်မာနိုင်ငံ၏ မည်သည့်သဘာဝဓာတ်ငွေ့စီမံကိန်းမှမဆို မြှုပ်နှံထားသည့် နိုင်ငံခြားကုမ္ပဏီများဖြင့် ရောင်းချမှုနှင့် ပတ်သက်သည့် အချိုး ခွဲဝေရာတွင် မြန်မာနိုင်ငံမှ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အနေဖြင့် ရောင်းချခွင့် ရာခိုင်နှုန်းမှာ ၁၅ ရာခိုင်နှုန်းသာ အများစုရရှိပြီး ရဲတံခွန်စီမံကိန်း တစ်ခုတွင်သာ ၂၀ ဒသမ ၄၅ ရာခိုင်နှုန်း ရောင်းချခွင့် ခွဲဝေထားသည်။ နိုင်ငံခြားကုမ္ပဏီများမှမူ ရဲတံခွန်စီမံကိန်း တစ်ခုတည်းတွင်သာ ၈၀ ရာခိုင်နှုန်းဝန်းကျင် ရရှိခြင်းဖြစ်ပြီး ကျန်စီမံကိန်းများအားလုံးတွင် ၈၅ ရာခိုင်နှုန်းအထိ ရောင်းချခွင့်ရရှိထားသည်။ ထို့အတွက် မြန်မာနိုင်ငံအနေဖြင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ဘီလျံဖြင့်ချီကာ ရရှိသည်ဟု ဆိုသော်လည်း နိုင်ငံအနေဖြင့် အဆိုပါ ပမာဏအတိုင်း ရရှိခြင်း မဟုတ်ဘဲ ခွဲဝေထားသည့် ရာခိုင်နှုန်း အနည်းငယ်အတိုင်းပင် ရရှိနေခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံအတွက် လိုအပ်၍ အဆို ပါစီမံကိန်းများမှ သွယ်ယူကာ ပြည်တွင်း လျှပ်စစ်မီးကဏ္ဍ၌ အသုံးပြုမည်ဆိုပါကလည်း အသုံးပြုသည့် ဌာနအနေဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအား သဘာဝဓာတ်ငွေ့အတွက် ကျသင့်ငွေအား ပေးချေရကြောင်း သိရသည်။


iPay Card ဖြင့် ယာဉ်စီးခ ပေးချေသည့် စနစ်ကို ထပ်မံတိုးချဲ့၊ ခရီးသည် ၃၀၀၀ ကျော်မှာ ယင်းစနစ်ကို အသုံးပြုနေ



ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်လိုင်းများတွင် iPay Card ဖြင့် ယာဉ်စီးခ ပေးချေသည့် စနစ်ကို ဧပြီလ ၂ ရက်နေ့တွင် အဓိပတိ(အပြာ)ယာဉ်လိုင်း၏ ယာဉ် ၁ဝ စီးဖြင့် စတင်ခဲ့ပြီး သင်္ကြန်ကာလအပြီးတွင် နောက်ထပ်အဓိပတိ(အပြာ) ယာဉ် ၁ဝ စီးတွင် ထပ်မံတိုးချဲ့ခဲ့ကြောင်း ယင်းစနစ်ကိုပြုလုပ်နေသည့် KISPANADI EXPRESS LIMITED မှ Project Manager ကိုအောင်ကျော်၏ ပြောကြားချက်အရ သိရှိရသည်။ ယင်းစနစ်ကို အသုံးပြုရန်အတွက် ခရီးသည် ၃ဝဝဝ ကျော်မှ ကတ်များ ဝယ်ယူခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။ “ iPay card ကတ်နဲ့ ယာဉ်စီးခပေးတဲ့စနစ်က စက်ကို အသုံးပြုပြီး ပိုက်ဆံဖြတ်တာပါ။ အဲဒီစက်က ဘက်ထရီအားသွင်းပြီး သုံးရတာဆိုတော့ သင်္ကြန်မတိုင်မီ မီးတွေပျက်ပြီး အချို့ယာဉ်တွေက စက်တွေမှာ ဘက်ထရီအားကုန် ကတ်ရိုက်ပြီး ပိုက်ဆံဖြတ်လို့မရတဲ့ အခါကျတော့ ခါတိုင်းလိုပဲ ပိုက်ဆံပေးပြီး စီးခဲ့ရတယ်။ အဲဒီအခက်အခဲတွေတော့ ရှိခဲ့တာပေါ့။ အခုတော့ အဲဒီပြဿနာမရှိတော့ပါဘူး။ အခုသင်္ကြန် အပြီးမှာ အရင်ဒီစနစ်သုံးနေတဲ့ အဓိပတိ(အပြာ)၁ဝ စီးအပြင် နောက်ထပ် ၁ဝ စီးမှာ ထပ်တိုးချဲ့ခဲ့တဲ့အတွက် အခုအဓိပတိ(အပြာ) အစီး ၂ဝ မှာ ဒီစနစ်ကို အသုံးပြုနေပါပြီ။ နောက်ထပ်လည်း ကျန်ရှိသေးတဲ့ အဓိပတိယာဉ်လိုင်းတွေကို ဦးစားပေးပြီး ဒီစနစ်ကို လုပ်သွားမှာပါ'' ဟု KISPANADI EXPRESS LIMITED မှ Project Manager ကိုအောင်ကျော်က ပြောပြခဲ့သည်။ iPay card စနစ်အား အဓိက ငွေအကြွေပြဿနာ ပြေလည်စေရန်နှင့် ခရီးသွားပြည်သူအကြား ယင်းစနစ်ကို အကျွမ်းတဝင် အသုံးပြုလာတတ်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ iPay Card ဖြင့် ယာဉ်စီးခ ပေးချေသည့်စနစ်ကို အသုံးမပြုလိုသော ခရီးသည်များ အနေဖြင့်လည်း ယခု လက်ရှိသုံးစွဲနေသော ငွေသားပေးချေသည့်စနစ်ကို သုံးစွဲ၍ရကြောင်း သိရသည်။ ယခုလက်ရှိတွင် iPay Card ဖြင့် ယာဉ်စီးခပေးချေသည့်စနစ် အသုံးပြုရန်အတွက် ကတ်တစ်ကတ်ကို ကျပ် ၁ဝဝဝ ဖြင့် ဝယ်ယူရပြီး ကျပ် ၁ဝဝဝ တွင် ကတ်တန်ဖိုး ၃ဝဝ နှင့် ယာဉ်စီးခ ငွေကျပ် ၇ဝဝ တို့ပါဝင်ကြောင်း သိရသည်။ iPay Card ဖြင့် ယာဉ်စီးခ ပေးချေရာတွင် ဝယ်ယူထားသောကတ်အား ယာဉ်ပေါ်တွင် တပ်ဆင်ထားသည့် စက်နှင့်ထိရိုက်ရုံဖြင့် ဝ ဒသမ ၁ စက္ကန့်အတွင်း ကျသင့်သည့်ငွေကိုဖြတ်ကာ ဖြတ်ပိုင်းပါ ထွက်ရှိကြောင်း သိရသည်။''ဒီစနစ်ကကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်လေ ယာဉ်စီးကို ၁ဝဝဝ တန်၊ ၅ဝဝ တန်တွေ ပေးလိုက်မိပြီး မေ့သွားတာတွေ ရှိခဲ့တယ်။ အခုလို ကျသင့်ငွေကို တစ်ခါတည်း ဖြတ်တာဆိုတော့ အကြွေပြန်မအမ်းနိုင်မှာကိုလည်း မပူရတော့ဘူး'' ဟု အဓိပတိအပြာ ယာဉ်လိုင်းတွင် နေ့စဉ် iPay Card ဖြင့် ငွေပေးချေကာစီးနင်းနေသူ တစ်ဦးက ပြောပြခဲ့သည်။ iPay Card စနစ်တပ်ဆင်သည့် ယာဉ်များအား ညပိုင်းယာဉ်သိမ်းချိန်များတွင် ခရီးသည်စီးနင်းမှု အရေအတွက်အလိုက် ကျသင့်သည့် ယာဉ်စီးခများကို ယာဉ်မောင်းနှင့် ယာဉ်လုပ်သားများထံ ပြန်လည်ရှင်းပေးနေကြောင်း သိရသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment