တတိယ စက်မှုတော်လှန်ရေး 

ပထမ စက်မှုတော်လှန်ရေးက ၁၈ ရာစု နှောင်းပိုင်းမှာ အထည်အလိပ် စက်ရုံတွေနဲ့ ဗြိတိန်မှာ စတင်ခဲ့ပါတယ်။ ဒီ့အရင်က ချည်ထည်တွေကို ယက္ကန်းရုံတွေမှာ လက်နဲ့ ပင်ပင်ပန်းပန်း လုပ်ကြရပါတယ်။ အဲဒီနောက်မှ ချည်ထည် စက်ရုံလေးတစ်ခု စဖြစ်လာပြီး၊ အခြားစက်ရုံတွေလည်း မှိုလိုပေါက်လာပါတယ်။  
ဒုတိယစက်မှုတော်လှန်ရေးကို ၂၀ ရာစု အစပိုင်းမှာ ဟင်နရီဖို့ဒ်က လုပ်ငန်းငယ်တွေရဲ့ အစိတ်အပိုင်းတွေ ပေါင်းစပ်တပ်ဆင်မှု (assembly line) စီမံကွပ်ကဲပြီး စတင်ခဲ့ပါတယ်။ အဲဒီနောက် ထုနဲ့ထည်နဲ့ ထုတ်လုပ်နိုင်တဲ့ခေတ်ကို ရောက်ရှိလာပါတယ်။ စက်မှုတော်လှန်ရေးနှစ်ခုဟာ လူတွေကို ချမ်းသာအောင် လုပ်ပေးပြီး၊ မြို့ပြတွေ ပိုများလာစေခဲ့ပါတယ်။
အခု တတိယ စက်မှုတော်လှန်ရေး ဖြစ်ထွန်းနေပါတယ်။ ထုတ်လုပ်မှုလုပ်ငန်းတွေဟာ ဒစ်ဂျစ်တယ်လ် ဖြစ်လာပါတယ်။ တတိယ စက်မှုတော်လှန်ရေးက စီးပွားရေးတင်မကဘဲ၊ လူမှုဘ၀တွေ လူ့အဖွဲ့အစည်းတွေကိုပါ အလျင်အမြန် ပုံစံပြောင်းလဲပစ်နေပါတယ်။ ထူးခြားတဲ့ နည်းပညာ အရေအတွက်များစွာမှာ ပေါင်းစုံစည်းမှုတွေ ဖြစ်လာတယ်။ ဆော့ဖ်ဝဲနည်းပညာ၊ နာနိုနည်းပညာ၊ အဆင့်မြင့် ရိုဘော့တွေ၊ ဒိုင်မေးရှင်းသုံးခုသုံး ပရင်တာစက်တွေ၊ ၀ဘ်ဆိုဒ်အခြေပြု ၀န်ဆောင်မှုလုပ်ငန်းတွေ ပေါင်းစုံလာပါတယ်။  
အတိတ်က စက်ရုံတွေဟာ ပုံစံတူ ထုတ်ကုန်ပစ္စည်းတွေ မရေမတွက်နိုင်အောင် ထုတ်လုပ်တဲ့ စနစ်ပေါ် အခြေခံကြပါတယ်။  ဟင်နရီဖို့ဒ် ပြောဖူးတာက ၀ယ်သူတွေက ဘာအရောင်ပဲ ကြိုက်ကြိုက်၊ အနက်ရောင်ကားဆို ၀ယ်ပြီးသားတဲ့။ အဲဒီလို ကားတွေ အရေအတွက် များနိုင်သမျှများများ ထုတ်လေ၊ ဈေးချ ရောင်းနိုင်လေလေပဲ။ ၀ယ်သူနဲ့ ဖောက်သည်ရဲ့ ဆန္ဒကို သိပ်ကြည့်ဖို့ မလို၊ ၀ယ်သူ ဈေးနှုန်းလက်လှမ်းမှီသမျှ ကုန်ပြီးသားပဲ။ ဒါကြောင့် ကုမ္ပဏီတွေက များများထုတ်ပြီး အရေအတွက်အပေါ်ကနေ အမြတ်စားတာပဲ။
လာမယ့် အနာဂတ် စက်ရုံတွေကတော့  ပုံစံတူ အရေအတွက် များများထုတ်ရောင်းတဲ့ စနစ်ကို မြေလှန်ပစ်ပါတယ်။ တိုးပွား များပြားလာတဲ့ ဖောက်သည်တွေရဲ့ တောင်းဆိုတဲ့အတိုင်း ထုတ်လုပ်ပေးဖို့ ကြိုးစားလာရပါတယ်။ ကိုယ်ကြိုက်သလို ဒီဇိုင်းဆွဲပြီး များများထုတ်ရောင်းတဲ့ ဖို့ဒ်ရဲ့ assembly line ခေတ်က အခု ကုန်စပြုပါပြီ။
ဘာနဲ့တူသလဲဆိုရင် ဟိုတုန်းက လက်ရက် ယက္ကန်းခေတ် ပြန်ရောက်သွားသလိုပါပဲ။ ကိုယ်ကြိုက်တဲ့ အရောင်နဲ့ အဆင်ကို ယက္ကန်းရုံဆီ စိတ်ကြိုက်သွားအပ်မယ်။ အဲဒီလိုမျိုးပဲ အခု ၀ယ်သူက ကိုယ်ကြိုက်တဲ့ဒီဇိုင်းနဲ့ ထုတ်ကုန်ကို ကုမ္ပဏီဆီ လှမ်းမှာတယ်။ ပစ္စည်းအမယ် တစ်ခုချင်း သို့မဟုတ် များများ မှာချင်မှာမယ်။ မှာတဲ့ အော်ဒါကို အချိန်မှီ အပြည့်အ၀ ၀န်ဆောင်မှု ပေးဖို့က ကုမ္ပဏီတွေနဲ့ စက်ရုံတွေရဲ့ အလုပ် ဖြစ်လာပါတယ်။
အရင်က ထုတ်လုပ်မှုဖြစ်စဉ်မှာ အစိတ်အပိုင်းတွေ အများကြီးရှိပြီး၊ အဲဒါတွေကို ဂဟေဆော်၊ မူလီတပ်ပြီး ပေါင်းစပ်ထုတ်တယ်။ အခု ထုတ်ကုန်တစ်ခုမှာ ကွန်ပျူတာ ဒီဇိုင်းတွေ၊ 3D printer တွေနဲ့ အရာဝတ္တုတိုင်းကို အရင်ဆုံး ပုံစံဖန်တီးတယ်။ ဒစ်ဂျစ်တယ် ဒီဇိုင်းတိုင်းကို ကွန်ပျူတာ မောက်စ်ကလစ်နဲ့ အကြိမ်ကြိမ်တို့ထိ ကစားထားရတယ်။
အစဉ်အလာ စက်ရုံတွေမှာ ကိုင်တွယ် ဖြေရှင်းဖို့ ခက်ခဲရှုပ်ထွေးတဲ့ အရာရာတိုင်းကို 3D printer က ဖြေရှင်းပေးနိုင်တယ်။ အဲဒီ အံဩဖွယ်ကောင်းတဲ့ ပရင်တာစက်ဟာ သင့်ရဲ့ ကားဂိုထောင်ကနေ အာဖရိကကျေးရွာတွေအထိ နေရာတိုင်းမှာ အရာရာတိုင်း နီးပါးကို ကူညီစွမ်းဆောင်ပေးနိုင်တယ်။
3D printing ရဲ့ အသုံးချနိုင်စွမ်းဟာ မဟာအံ့ဖွယ်ပါပဲ။ စစ်သုံးဂျက်လေယာဉ်တွေရဲ့ အဆင့်မြင့် နည်းပညာ အစိတ်ပိုင်းတွေကို ဖောက်သည် မှာတဲ့ ပုံစံအတိုင်း ပရင့်တာနည်းစနစ်နဲ့ လက်နက်ကုမ္ပဏီတွေက ထုတ်လုပ်ပေးနိုင်တယ်။ အင်ဂျင်နီယာတွေ အတွက် လိုအပ်တဲ့ ကရိယာတန်ဆာပလာ အမျိုးမျိုးကို အင်တာနက်မှာ ဒေါင်းလုပ်ယူ၊ ဒီဇိုင်းဖော်ပြီး ပရင့်တာအကူနဲ့ လုပ်ယူနိုင်ပါတယ်။


 
နည်းပညာကြောင့် အခြားအပြောင်းအလဲတွေလဲ အများကြီးပါပဲ။ ပစ္စည်းသစ်တွေဟာ အရင်ကထက် ပို ပေါ့ပါးတယ်၊ ခိုင်တယ်၊ တာရှည်ခံတယ်။ လေယာဉ်ပျံကနေ တောင်တက်စက်ဘီးအထိ ထုတ်လုပ်ပစ္စည်းတိုင်းမှာ စတီးနဲ့ အလူမီနီယံတွေ နေရာမှာ၊ ကာဘွန်ဖိုင်ဘာကို အစားထိုး အသုံးပြုလာတယ်။ တက္ကနိအသစ်တွေကြောင့် အင်ဂျင်နီယာတွေ အသုံးပြုရတဲ့ အရာဝတ္ထုတိုင်းဟာ ပိုသေးငယ်လာတယ်။ နာနိုနည်းပညာနဲ့ မျိုးရိုးဗီဇ အင်ဂျင်နီယာ ပညာတွေကြောင့် ကျန်းမာရေး၊ စိုက်ပျိုးရေးနဲ့ အိုင်တီ လုပ်ငန်းတွေကို အကြီးအကျယ် ပြောင်းလဲစေပြီး၊ နောက်ထပ် တည်ထွင်မှုအသစ်တွေတွက် တွန်းအားပေးနေပါတယ်။
တော်လှန်ရေးအားလုံးအတိုင်းပဲ၊ ယခုတော်လှန်ရေးမှာလည်း ဖျက်လိုဖျက်ဆီးလုပ်မှုတွေ ပါပါတယ်။ အထည်အလိပ် စက်ရုံတွေက ယက်ကန်းစင်တွေကို ဖျက်ဆီးခဲ့သလို၊ မော်တော်ကားတွေက မြင်းရထားတွေကို မြောင်းထဲပစ်ချခဲ့သလိုမျိုးပဲ။ အနာဂတ်စက်ရုံတွေမှာ လုပ်သားအရေအတွက် တော်တော်များများ စွန့်ပစ်ခံရဖို့ ရှိနေတယ်။ ညစ်ပတ်ပေရေတဲ့ စက်တွေနဲ့ ဆီပေကျံနေတဲ့ လုပ်သားတွေဟာ ရှင်းထုတ်ခံရမှာ သေချာပါတယ်။ ကားစက်ရုံအချို့ဆိုရင် စက်ရုပ်တွေက အလုပ်သမားတွေ ထက် နှစ်ဆပိုပြီး ထုတ်လုပ်နိုင်ကြတယ်။
အလုပ်အများစုဟာလည်း စက်ရုံကြမ်းပြင်ပေါ်တွေမှာ မရှိတော့ဘဲ၊ ဒီဇိုင်းနာတွေ၊ အင်ဂျင်နီယာတွေ၊ အိုင်တီ စပယ်ရှယ်လစ်တွေ၊ ထောက်ပံ့ပို့ဆောင်ရေး (logistics) ကျွမ်းကျင်သူတွေ၊ ဈေးကွက် ၀န်ထမ်းတွေ၊ အခြား ပရောဖက်ရှင်နယ်တွေ အားလုံးဟာ ရုံးခန်း အနီးနားမှာပဲ ရှိကြလိမ့်မယ်။ အနာဂတ် ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ကျွမ်းကျင်မှု (skills) က ပိုလိုအပ်လာပါတယ်။ မူလီစုတ်၊ ဆေးမှုတ် ဆိုတဲ့ ပျင်းရိဖွယ်ကောင်းအောင် အထပ်ထပ်လုပ်ရတဲ့ အလုပ်တွေဟာ ပြတိုက်ပို့ရမယ်။ သံမှိုနှက်ထားသလို ဖင်မြဲနေရတဲ့ အလုပ်မျိုး မရှိတော့သလို၊ သံမှိုရိုက်ထားတဲ့ ထုတ်ကုန်ဆိုတာလည်း မရှိတော့ဘူး။
တတိယ စက်မှုတော်လှန်ရေးဟာ ထုတ်ကုန်ပစ္စည်းပုံစံတွေကိုတင် ပြောင်းလဲပစ်မှာ မဟုတ်ဘူး။ ထုတ်လုပ်တဲ့ နေရာတွေလည်း ပြောင်းပစ်တယ်။ လုပ်အားခ လျှော့ချဖို့အတွက် ဈေးချိုလုပ်သားရှိတဲ့ တိုင်းပြည်တွေကိုပဲ စက်ရုံတွေ ရွှေ့ကြမယ်။ ကုမ္ပဏီတွေ အဖို့ လုပ်အားခ ဈေးသက်သာသထက် သက်သာအောင် လုပ်ရေးက ပိုအရေးကြီးတယ်။
ဥပမာ၊ ပထမမျိုးဆက် iPad တစ်လုံးရဲ့ ရောင်းဈေးက ၄၉၉ ဒေါ်လာ ရှိပေမဲ့၊ အဲဒီတစ်လုံးအတွက် ထုတ်လုပ်မှု လုပ်သားစရိတ်က ၃၃ ဒေါ်လာပဲ ပါဝင်တယ်။ လုပ်သားခ ၃၃ ဒေါ်လာထဲမှာမှ၊ တရုတ်က နောက်ဆုံးအဆင့်တပ်ဆင်ခ ၈ ဒေါ်လာသာ ရတယ်။ အခုနောက်ပိုင်း တရုတ်မှာ လုပ်အားခ ဈေးမြင့်လာတာကြောင့် ဘရာဇီး၊ အင်ဒိုနီးရှားတို့လို အခြား ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ပြောင်းရွှေ့လုပ်လာကြတယ်။
ဝယ်ယူအသုံးပြုသူတွေအဖို့ အဆင့်မြင့်ထုတ်လုပ်မှုအသစ်တွေကို တပြေးညီလိုက်မှီဖို့ အတော်အခက်အခဲရှိပါတယ်။ အဲဒီစားသုံးသူတွေထက် ပိုအခက်ခဲတွေ့တာက အစိုးရတွေပါ။ အစိုးရတွေဆိုတာက စက်ရုံတွေ ကုမ္ပဏီတွေကို ကိုယ့်နိုင်ငံထဲမှာပဲ ရှိစေချင်ကြတာ။ အခြားရွှေ့မသွားအောင် ကာကွယ်ရတာ။ ဒါမှ အမြတ်ခွန်ရမယ်၊ လူတွေ အလုပ်ရမယ်။
ဒါကြောင့် စက်ရုံတွေကို ထောက်ပံ့မှုတွေ (subsidies) ပေးဆွယ်ရတယ်၊ နိုင်ငံခြား ရွှေ့ပြီး ထုတ်လုပ်ချင်နေတဲ့ ဘော့စ်တွေကို ချော့တစ်လှည့် ခြောက်တစ်ခါ လုပ်ရတယ်။ အစိုးရကိုယ်တိုင် ကမကထပြုပြီး သုတေသနနဲ့ နည်းပညာလုပ်ငန်းအတွက် ဘီလီယံများစွာ ပုံအောကြတယ်။ ကိုယ့်နိုင်ငံမှာ အရည်အသွေးမှီ လုပ်သားကောင်းတွေ ရှိတယ်ဆိုတာ ပြဖို့ ပညာရေးတွေကို ပြုပြင်ကြရတယ်။
အစိုးရတွေက အစဉ်အဆက် ထုတ်ကုန်လုပ်ငန်းဟာ ၀န်ဆောင်မှုလုပ်ငန်းရဲ့ အထက်မှာ အမြဲရှိတယ်ဆိုတဲ့ အစွဲက သန်တယ်။ ဒါပေမဲ့ ကုမ္ပဏီတွေက အဲဒီနှစ်ခုလုံးကို ခွလုပ်လာတယ်။ ဥပမာ၊ Role-Royce ကုမ္ပဏီဟာ ဂျက်လေယာဉ်နဲ့  ဂျက်အင်ဂျင်တွေပဲ ရောင်းတာ မဟုတ်ဘူး။ ကောင်းကင်ထဲဖြတ်ပျံမယ့် လေယာဉ် အင်ဂျင်တစ်လုံးစီရဲ့ အချိန်နာရီကိုလည်း တွက်ချက် ရောင်းချတယ်။
ဒီတော့ ကိုယ့်နိုင်ငံအတွင်းမှာ ထုတ်ကုန်လုပ်ငန်းနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ ခြေမြဲဖို့ ဆိုရင်၊ ဘဏ္ဍာရေးနဲ့ ငွေကြေးဈေးကွက်တွေ တိုးတက်ဖို့ဆိုရင်၊ အစိုးရတွေက လူထုကို ကျွမ်းကျင်တဲ့ လုပ်သားအင်အားစုကြီး (skilled workforce) ဖြစ်လာအောင် မဟာဗျူဟာနဲ့ ဆောင်ရွက်နေရမယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ (entrepreneurs) တွေနဲ့ စိတ်ကူးအသစ်ရှိသူတွေကို နေရာများများ ပေးရမယ်။
တတိယစက်မှုတော်လှန်ရေးအတွက် အစိုးရတွေလုပ်ရမယ့် အခြေခံအချက်ကတော့ ကျောင်းတွေကို ပြုပြင်ဖို့ပါ။ လုပ်ငန်း နယ်ပယ်တိုင်းအတွက် ကျွမ်းကျင် လုပ်သားအင်အားစု ပေါ်ထွန်းလာအောင် ကျောင်းကောင်းတွေ တည်ဆောက်ဖို့ပါပဲ။ ကျောင်းကောင်းတွေနဲ့ ကျွမ်းကျင်လုပ်သားကောင်းတွေ၊ အရည်အသွေးမြင့် နိုင်ငံသားတွေ ရှိထားရင် နောက်ထပ် ဘယ်လို တော်လှန်ရေးမျိုး၊ လှိုင်းမျိုးတွေလာလာ လူ့အဖွဲ့အစည်းက ရယ်ဒီပါပဲ။
ဝင့်ထန်း
Source: The Economist; A third industrial revolustion

LWIN PWIN
NLABR
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment