မြန်မာသတင်းများ         ဧပြီလ ၁၂ ရက် ၂၀၁၂ ခုနှစ်


မအေးယုအောင်အမှု ရဲနှင့် တရားသူကြီးကို တရားစွဲမည်

ပဲခူးမြို့နယ် ဒု တရားသူကြီး၏ ဇနီးက မီးပူနှင့် ကပ်၍ နှိပ်စက်ခံရသော အသက် ၁၅ နှစ်အရွယ် အိမ်ဖော်မိန်းကလေး မအေးယုအောင် ပျောက်ဆုံးနေကြောင်း ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့က ၎င်းတို့ကိုယ်တိုင် ကာယကံရှင်မိဘများထံ လိုက်လံ စုံစမ်းပြီးနောက် ထုတ်ဖော်ပြောဆိုလိုက်သည်။ မအေးယုအောင်နှင့် ပတ်သက်ပြီး အိမ်ရှင် ဒု တရားသူကြီး ဦးအောင်ဖုန်းဝင်းက မိဘထံ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်အတွင်းက ပြည်တွင်း သတင်းဂျာနယ်နှင့် မြို့ခံရဲအရာရှိများကို သတင်းလွှင့်ထားသည်။ သို့သော် မအေးယုအောင်၏ မိခင် ဒေါ်ကြူကြူမှာ သမီးဖြစ်ရပ်နှင့် ပတ်သက်၍ ရေဒီယိုများမှတဆင့်သာ သိရကြောင်း၊ ဦးအောင်ဖုန်းဝင်းက နှုတ်ပိတ်ရန် ငွေကျပ် ၃ သိန်းပေးကာခဲ့်ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံ

ဦးသိန်းစိန်နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ ဧပြီလ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့မနက်က နေပြည်တော်မှာ  တွေ့ဆုံခဲ့ကြပါတယ်။ လတ်တလော မှာတော့ ဆွေးနွေးမှု အပြည့်အစုံကို ၂ ဘက်စလုံးက သတင်းထုတ်ပြန်ခြင်း မရှိသေးပေမယ့် လွှတ်တော်ရဲ့ အခန်းကဏ္ဍနဲ့အတူ အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မယ့် ကဏ္ဍတွေကို ဆွေးနွေးတာ ဖြစ်မယ်ဆိုတဲ့ ခန့်မှန်း ချက်တွေလည်း ရှိနေပါတယ်။
ဧပြီလ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့ မနက် ၁၁ နာရီမှာ  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ နှစ်ဦး တစ်နာရီခွဲနီးပါးကြာ နေပြည်တော်မှာ သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက် ၇ နာရီမှာ လေယာဉ်နဲ့ နေပြည်တော်ကို သွားခဲ့ပြီး နေ့လည်ပိုင်း ရန်ကုန်ကို ပြန်လာခဲ့တယ်လို့ ဒီခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။
“သမ္မတကြီးနဲ့ မနက် ၁၁ နာရီမှာ အမနဲ့တွေ့ပါတယ်။ အဲဒီကနေ ၁၂ နာရီ ၂၇ မိနစ်လောက်ထိအောင် ကြာပါတယ်။ သူတို့ နှစ်ယောက်တည်း ပြောပါတယ်။ ပြီးတော့ ဧည့်ဆောင်ကိုသွားပြီး နေ့လည်စာနဲ့ ဧည့်ခံပါတယ်။ တခြားသူတွေမပါပါဘူး။ သမ္မတကြီးနဲ့သမ္မကြီးကတော်ရယ်၊ အမရယ်ပါပဲ။ ကျနော်တို့က သပ်သပ် တစ်ပွဲပေါ့။ တခြားအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ပါမယ်လို့ ကျနော် ယူဆထားတာ။ တနာရီနှစ်ဆယ် လောက်မှာ အိမ်တော်ကနေ ပြန်ထွက်လာပြီးတော့ ရန်ကုန်ကို နှစ်နာရီလေးဆယ်လောက်မှာ ပြန်ရောက်ပါတယ်။”
ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးမှုအတွင်း ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးကြတယ်ဆိုတာနဲ့ ပတ်သက်လို့ ခုချိန်အထိတော့ နှစ်ဘက် သတင်းထုတ်ပြန်ခြင်း မရှိသးပါဘူး။ ဒါပေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အများစု အနိုင်ရထားတဲ့ NLD ပါတီဟာ မကြာခင် လွှတ်တော်ထဲ ရောက်လာတော့မှာမို့ ဒီတွေ့ဆုံမှုအတွင်းမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍတွေ ပါဝင်နိုင်တယ်လို့လည်း ဦးခွန်သာမြင့်က ခန့်မှန်းပါတယ်။
“လွှတ်တော်ထဲကို ရောက်တော့မယ်ဆိုတော့ လွှတ်တော်ထဲက ကဏ္ဍနဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ အစိုးရရဲ့ ကဏ္ဍပေါ့- အဲဒီနှစ်ခုကို ပေါင်းစပ်ပြီးတော့ တိုင်းပြည်ကောင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ဆွေးနွေးမယ်လို့ ယူဆပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က ဒီကနေ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံကြတဲ့ အကြောင်းပြောပြခဲ့တာပါ။ ဒီခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုကို နေပြည်တော်အခြေစိုက် သတင်းသမားတွေ သတင်းယူခွင့် မရသလို ရန်ကုန်လေဆိပ်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ချိန်မှာလည်း တွေ့ဆုံမှုဟာ ကောင်းပါတယ်လို့သာ  သတင်းသမားတွေကို ဖြေခဲ့ပါတယ်။
နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြတာ ဒုတိယ အကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၁ သြဂုတ်လ ၁၉ ရက်နေ့က တစ်ကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။ ဧပြီလ တစ်ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာ ၄၅ နေရာမှာ ၄၄ နေရာကို ယှဉ်ပြိုင်ခဲ့တဲ့ NLD ပါတီဟာ ၄၃ နေရာအနိုင်ရခဲ့ပါတယ်။ လတ်တလောမှာ လွှတ်တော်အစည်းဝေးတွေ ရပ်နားထားပေမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ပြည်သူ့ လွှတ်တော်ဟာ တတိယအကြိမ် ပုံမှန်အစည်းအဝေးထဲက မပြီးပြတ်တဲ့ ကိစ္စတွေကို ပြန်ဆွေးဖို့ ရှိပြီး လွှတ်တော်အစည်းအဝေးကို NLD က ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။
ဒီသတင်းနဲ့ တဆက်တည်းပါပဲ ရွေးကောက်ပွဲ ကာလတွေအတွင်း NLD ပါတီကို ကူညီခဲ့ကြသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  နယ်ဘက် ရွေးကောက်ပွဲ စည်းရုံးရေးတွေမှာ သတင်းလိုက်ယူခဲ့ကြတဲ့ သတင်းသမားတချို့ကို ဖိတ်ပြီး ဒီကနေ့ည ညစာစားပွဲ တခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ပြောင်းလဲမှုတွေ၊ သူ မြန်မာနိုင်ငံကို ဖေဖော်ဝါရီလမှာ သွားခဲ့တုန်းက တွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ဒီကနေ့ နယူးယောက် ဒေသစံတော်ချိန် ၁၀ နာရီလောက်မှာ အစီရင်ခံမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း အခုလကုန်ပိုင်းလောက်မှာ မြန်မာနိုင်ငံကို သွားဖို့ စီစဉ်နေတဲ့အချိန် ဧပြီလ ၁ ရက်နေ့က ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပအပြီး ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံအကြောင်း လုံခြုံရေးကောင်စီကို အစီရင်ခံတာလည်း ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီရဲ့ ဒီဆွေးနွေးပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ် ကိစ္စအပြင် ကြားဖြတ်ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေပါ ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။
ဧပြီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ တိုင်းပြည်အတွင်း ဒီမိုကရေစီအရေး ပြုပြင် ပြောင်းလဲမှုတွေအတွက် အရေးပါတဲ့ ခြေလှမ်းတရပ်အဖြစ် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက ထင်မြင် သုံးသပ်နေကြတဲ့အကြောင်း ကုလသမဂ္ဂမှာရှိတဲ့ သံတမန် အသိုင်းအ၀ိုင်းက ပြောပါတယ်။

ဆူနာမီ သတိပေးချက် မြန်မာအလုပ်သမားများကို ရိုက်ခတ်

ထိုင်းနိုင်ငံ တောင်ပိုင်း ပင်လယ်ကမ်းခြေနှင့် ထိစပ်လျက်ရှိသော ရနောင်းမြို့တွင် ယနေ့မွန်းလွဲပိုင်းက အရေးပေါ် ဆူနာမီ သတိပေးချက် ထုတ်ပြန်လိုက်သဖြင့် ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ရန် ရောက်ရှိနေသည့် ထောင်နှင့်ချီသော မြန်မာ အလုပ်သမားများ အခက်အခဲ ဒုက္ခ ဖြစ်ကြရကြောင်း သတင်းရရှိသည်။ရနောင်းမြို့ ပေါက်ခေါင်းရပ်ကွက် ယာယီနိုင်ငံကူးလက်မှတ်ရုံးတွင် မြန်မာအလုပ်သမားများက နေထိုင်ခွင့် သက်တမ်း တိုးမြှင့်ခြင်း လုပ်ကိုင်နေစဉ် ဖြစ်သည်ဟု ရနောင်းဒေသခံများက ပြောသည်။သက်တမ်းတိုးရန်ရောက်ရှိလာကြသော မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံတွင်း အနယ်နယ်အရပ်ရပ်၌ ပန်းရံ၊ စားသောက် ဆိုင်၊ အိမ်အကူလုပ်ငန်း၊ ခြံလုပ်ငန်း၊ ဈေးရောင်းခြင်းလုပ်ငန်းများနှင့် အခြားသောလုပ်ငန်းများတွင် လုပ်ကိုင်ကြသူများဖြစ်ပြီး ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ယာယီနိုင်ငံကူးလက်မှတ် သက်တမ်း လာရောက်တိုးမြှင့်ကြခြင်းဖြစ်သည် ဟု အလုပ်သမားများက ပြောသည်။
အဆိုပါ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးရေးရုံးတွင် ထိုင်းအစိုးရ လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ထမ်းများနှင့် မြန်မာအစိုးရ ပြည် ထဲရေးဌာန လက်အောက်ဝန်ထမ်းများ က တာဝန်ယူလုပ်ကိုင်ပေးနေခြင်းဖြစ်ပြီး ဆူနာမီသတိပေးချက်ထုတ်ပြန်ချိန်တွင် ရုံးပိတ် ကာ ပြန်သွားကြသဖြင့် အလုပ်သမားအများစုက သက်တမ်းတိုးမြှင့်ခြင်းရှေ့ဆက်လုပ်ဆောင်ရမည့် အစီအစဉ်ကို မသိရှိဘဲ ဖြစ်နေ သည်။
အလုပ်သမားတချို့က ဆူနာမီသတိပေးချက်ကြောင့် စိုးရိမ်စိတ်ဖြင့် စာအုပ်သက်တမ်းတိုးမြှင့်ခြင်းမပြုတော့ဘဲ လာရင်းနေရပ်များသို့ ပြန်သွားခဲ့ကြပြီးအများစုမှာ ရနောင်းမြို့ပေါ်လမ်းမကြီးများဘေးနှင့် နားခိုနိုင်မည့်နေရာများကိုရှာဖွေနေကြောင်း မြို့ခံများကပြော သည်။မို့ခံထိုင်းလူမျိုးများက အသင့်အနေအထားဖြင့် ထိုင်းအစိုးရက ထပ်မံ ထုတ်လွှင့်မည့် ဆူနာမီသတိပေးချက် အခြေအနေများကို သတိဖြင့် စောင့်ဆိုင်းနေကြသည်ဟု ဆိုသည်။ ဆူနာမီစောင့်ကြည့်ရေးဌာနများ၏ နောက်ဆုံးထုတ်ပြန်ချက်အရ ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာနိုင်ခြင်း မရှိတော့ဟု သိရသည်။
ဆူနာမီစောင့်ကြည့်ရေး ဗဟိုဌာနများ၏ ယနေ့ ထုတ်ပြန်ချက်အရ မြန်မာစံတော်ချိန် ၃ နာရီခန့်က အင်ဒိုနီးရှားနိုင်ငံ ဆူးမားတြား ကျွန်း၏ အနောက်တောင်ဘက် ၂၆၈ မိုင်အကွာ ပင်လယ်အောက် မြေပြင်တွင် အင်အား ရစ်ခ်ျစ်တာစကေး ၈.၉ ရှိ အင်အားပြင်း ရေအောက်ငလျင် လှုပ်ခတ်ခဲ့ကြောင်းကြေညာအပြီး ထိုင်း-မြန်မာ ကမ်းရိုးတန်းဒေသများကို ဆူနာမီလှိုင်းများ ရောက်ရှိလာနိုင် ကြောင်း သက်ဆိုင်ရာအစိုးရတွေက ထုတ်ပြန်ကြသည်။
၂၀၀၄ ခုနှစ် ဒီဇင်ဘာလကလည်း ရစ်ခ်ျစ်တာစကေး ၉.၀ အဆင့်ရှိ ရေအောက်ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီလှိုင်းများဖြစ်ပေါ်ကာ ထိုင်းနိုင်ငံကမ်းရိုးတန်းဒေသတချို့တွင် လူအသေပျောက်များခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံသား အလုပ်သမား အများစု လည်းပါဝင်ပြီး သေဆုံးမှုများရှိကြောင်း၊ ပိုင်ရှင်မရှိသဖြင့် ပြည်ပရောက် လူထုအခြေပြု အဖွဲ့များက သွားရောက်ရှာဖွေ သင်္ဂြိုဟ် ပေးခဲ့ရသည်။

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ ဆန္ဒပြ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ထမကာမြို့နယ်မှာရှိတဲ့ Vita food နာနတ်သီးစက်ရုံမှာ မြန်မာအလုပ်သမား ၆၀၀ ခန့်က လုပ်အားခ အပြည့်အဝရရှိရေးအတွက် ဒီကနေ့မနက် ဆန္ဒပြကြရာ တောင်းဆိုတဲ့ လုပ်အားခကို အလုပ်ရှင်ကပေးမယ်လို့ သဘောတူညီလိုက်တဲ့အတွက် ဆန္ဒပြပွဲ ပြီးဆုံးသွားတယ်လို့ သိရပါတယ်၊မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမား ဦးရေ ၄၀၀၀ လောက်ရှိတဲ့ ဒီစက်ရုံမှာ တစ်နေ့လုပ်အားခ ၂၃၀ ဘတ်ပဲ ဆက်လက်ပေးနေတာကို ထိုင်းနိုင်ငံက ခရိုင်အလိုက် သတ်မှတ်ထားတဲ့ ၂၅၂ ဘတ်ရရှိဖို့ မြန်မာအလုပ်သမားတွေက ဆန္ဒပြ တောင်းဆိုကြတာပါလို့ အဆိုပါစက်ရုံက လေ့လာစောင့်ကြည့်သူ အလုပ်သမားတစ်ဦးက ပြောပါတယ်။
“မနက် ၆ နာရီလောက်ကစတယ်။ ပြီးသွားတဲ့အချိန်ကတော့ ၈ နာရီခွဲ ၉ နာရီခွဲ ပြီးသွားတယ်။ အတိအကျတော့ ပြောမရဘူးပေါ့။ လူဦးရေများတယ်။ အစိုးရ ရဲတပ်ဖွဲ့လာတာပေါ့။ သူတို့ဘာမှမရှုပ်ဘူး။ ကျွန်တော်တို့ ဒီလစာတိုးတဲ့အချိန်မှာလေ။ ဒီမှတ်ပုံတင်ရှိတဲ့သူတွေက အကုန်လုံး ၂၅၂ ဘတ် မဟုတ်လား။ သူတို့က အဲလိုသတ်မှတ်ထားပြီးတော့ ၂၃၀ ပဲပေးတော့ အဲလိုမျိုး ဖြစ်သွားတဲ့ကိစ္စပဲ။ ဘယ်သူကဦးဆောင် ဦးရွက်တယ် မရှိဘူးပေါ့။ အကုန်လုံး သဘောတူညီချက်အရ ကျွန်တော်တို့ ဖြစ်သွားတဲ့ကိစ္စ"
ဒီလိုတောင်းဆိုတဲ့အတွက် အလုပ်ရှင်က တရားဝင် အထောက်အထားရှိသူတွေကို သတ်မှတ်နှုန်းထား အတိုင်းပေးပြီး ကျန်သူတွေကိုတော့ ၂၃၀ ဘတ်ပဲပေးမယ်လို့ ပြောတယ်လို့ ဆိုပါတယ်။
အဲဒီ စက်ရုံမှာ အလုပ်သမားတွေကို လုပ်ငန်းရှင်သူဌေးက တိုက်ရိုက်ငှားတာတင်မကပဲ စက်ရုံမှ အလုပ်ကြပ်များကိုလည်း အလုပ်သမားရှာဖွေ ငှားရမ်းစေပြီး အဆိုပါ အလုပ်သမားတွေကို အလုပ်ကြပ်များက လခတိုးမပေးတဲ့အတွက် လုပ်ငန်းရှင်က တိုက်ရိုက်ငှားရမ်းတဲ့ အလုပ်သမားနဲ့ အလုပ်ကြပ်တွေက တစ်ဆင့်ခံငှားရမ်းတဲ့ အလုပ်သမားတွေကြား လုပ်အားခ ကွာဟရာက အခုလိုဆန္ဒပြမှု ဖြစ်ပွားခဲ့တာလို့ စက်ရုံက အလုပ်ကြီးကြပ်သူတွေနဲ့ နီးစပ်သူ ကိုကျော်က အခုလိုပြောပါတယ်။
“လစာတိုးဖို့အတွက်ကို အလုပ်သမားတွေက တောင်းတော့ အခုဟာက သူဌေးနဲ့ မဆိုင်ဘူး။ သူဌေးဆီက တစ်ဆင့်ခံ ပြန်ယူတဲ့ ရှမ်းဝဏ္ဍပေါ့နော်။ အလုပ်ကို ပုတ်ပြတ်ယူတဲ့ ရှမ်းတွေကနေပြီးတော့ အဲဒီအလုပ်သမား ပြန်ငှားတာကို အဲဒီ အလုပ်သမားကြေးကို အဲဒီသူဌေးတွေက တိုးမပေးတာ”
Vita food နာနတ်သီးစက်ရုံကို ၁၉၈၉ ခုနှစ်ကတည်း စတင်လည်ပတ်ခဲ့ပြီး နှစ်စဉ် သစ်သီးဗူး ၆ သန်းခန့် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

ယခုနှစ် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော်အထိရှိပြီး ပို့ကုန်ကဏ္ဍတွင် သဘာဝဓာတ်ငွေ့တင်ပို့မှု စံချိန်တင်မြင့်

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ၏ နိုင်ငံတကာဖြင့် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော်အထိရှိခဲ့ပြီး ငါးနှစ်အ တွင်း နှစ်ဆအထိမြင့်တက်ခဲ့ခြင်းဖြစ် ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများ ထံမှ သတင်းရရှိပါသည်။
ပို့ကုန်ကဏ္ဍတွင် သဘာဝဓာတ် ငွေ့ပြည်ပတင်ပို့မှုပမာဏမှာ စံချိန် တင်မြင့်တက်ခဲ့ကြောင်းနှင့်သွင်းကုန် ကဏ္ဍတွင် ရေနံထွက်ပစ္စည်းတင်သွင်း မှုပမာဏမှာ အများဆုံးဖြစ်ကြောင်း သိရသည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဖြင့် ကုန်သွယ်မှုပမာဏမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈ဒသမ ၁၅၀ ဘီလျံကျော်ရှိပြီး ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်ကထက် အမေရိကန် ဒေါ်လာသုံးဘီလျံဝန်းကျင်မြင့်တက် လာခြင်းဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် ငါးနှစ်ဖြစ်သော ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်က မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏစုစုပေါင်း မှာ အမေရိကန်ဒေါ်လာ ၉ ဘီလျံ ကျော်သာရှိသည့်အတွက် ငါးနှစ် အတွင်းနှစ်ဆအထိမြင့်တက်လာသည့် အခြေအနေသို့ရောက်ရှိခြင်းဖြစ်ကြောင်း လည်း ထုတ်ပြန်ထားချက်များအရ သိရသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ တွင် ပို့ကုန်တင်ပို့မှုပမာဏမှာ အမေ ရိကန်ဒေါ်လာ ၉ ဒသမ ၀၉၇ ဘီလျံ ကျော်ပါဝင်ပြီး သွင်းကုန်ပမာဏမှာ အမေရိ ကန်ဒေါ်လာ ၉ ဒသမ ၀၅၃ ဘီလျံကျော်ပါဝင်ကြောင်းသိရသည်။

တံတားကြေးအချို့ သုံးဆအထိ မြင့်တက်ကောက်ခံပြီးနောက် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ တံတားများအား BOT စနစ်ဖြင့် တံတားကြေး ကောက်ခံနေမှုများ ရပ်ဆိုင်းသင့်ကြောင်း ရန်ကုန်မြို့နေပြည်သူများ ပြောကြား

တံတားကြေးအချို့ သုံးဆအထိ မြင့်တက်ကောက်ခံပြီးနောက် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ တံတားများအား BOT စနစ်ဖြင့် တံတားကြေး ကောက်ခံနေမှုများ ရပ်ဆိုင်းသင့်ကြောင်း ရန်ကုန်မြို့နေပြည်သူများ ပြောကြားတံတားကြေး ကောက်ခံနေမှုများအား ရပ်ဆိုင်းသင့်ကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ပြောကြားခဲ့သည်။
နိုင်ငံတကာရှိ မြို့ကြီးများတွင် မည်သည့်မြို့မှ မြို့တွင်းလ မ်းတံတားများအပေါ် အများပြည်သူ ဖြတ်သန်းသွားလာမှုအတွက် လမ်းတံတားကြေး ကောက်ခံမှုမရှိဘဲ မြန်မာနိုင်ငံတွင်သာ လိုင်းကားများပါမချန် ကောက်ခံ  နေခြင်း ဖြစ်သည့်အတွက်လည်း မြို့တွင်းရှိ လမ်းတံတားကြေး များကောက်ခံနေမှုကို ရပ်ဆိုင်းသင့်ခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် အိမ်စီးကား၊ လိုင်းကားများမှာ ဘီးခွန်မှအစ အခွန်အရပ်ရပ် ပေးဆောင် ထားပြီးဖြစ်၍ မြို့တွင်းသွားလာမှုအတွက် ထပ်မံကောက်ခံခြင်း မပြုသင့်ကြောင်း ရန်ကုန်မြို့နေ ပြည်သူများက သုံးသပ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဘုရင့်နောင်တံတားမှာ ယခင်က သာမန်တံတားအဖြစ်သာ စာရင်းဝင်သည့် တံတားဖြစ်ပြီး ဧပြီလ ၁ ရက် နေ့မှစကာ စီမံကိန်းဝင်တံတားအဖြစ် ပြောင်းလဲသတ်မှတ်ပြီး တိုးမြှင့်ကောက်ခံခြင်းဖြစ်ကြောင်း သိရပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းအသုံးပြုခ ကောက်ခံရေး ဂိတ်၁၁ ခုရှိရာ လေလံဂိတ်(၂)ဂိတ်၊ BOTဂိတ် (၉)တံတားအသုံးပြုခကောက်ခံရေး ဂိတ်(၆)ခုရှိရာBOT စနစ်ဖြင့် ဆောင်ရွက်ဆဲ ဂိတ်(၃)ဂိတ်၊ BOT စနစ်ဖြင့် ဆောင်ရွက်ပြီး  ဂိတ်(၃)ဂိတ်ရှိကာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးအတွင်း လမ်း၊ တံတားအသုံးပြုခ ကောက်ခံရေးဂိတ် စုစုပေါင်း(၁၇)ဂိတ် ရှိကြောင်းလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။ယခုအခါ BOT စနစ်ဖြင့် လမ်းတံတားကြေး ကောက်ခံသူနှင့် ဖြတ်သန်းသူ အများပြည်သူကြား ပြဿနာတွေ့ကြုံရမှုမှာ နေ့စဉ်တိုင်း ဖြစ်ပေါ်နေကြောင်း၊ နှစ်စဉ်ရန်ကုန်မြို့တွင်း အသုံးပြုခွင့် ဘီးခွန်ပေးဆောင်ခြင်း၊ ညအိပ်ခွန်ပေးဆောင်ခ အပါအ၀င်အခွန် အရပ်ရပ် ပေးဆောင်နေရသည်မှာ ရန်ကုန်မြို့တွင်း တံတားဖြတ်သန်းခများအတွက် ပါဝင်ဖြေရှင်းသင့်ကြောင်း လည်းမြို့ခံများက ပြောကြားခဲ့သည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း လမ်း၊ တံတား အသုံးပြုခ ကောက်ခံရေးစခန်း(၁၇)ခုမှာ  လမ်းဂိတ်များအနေဖြင့် မှော်ဘီဂိတ်၊ အမှတ်(၄) လမ်းဂိတ်၊ တိုက်ကြီးဂိတ်၊ သန်လျင် ဂိတ်၊ သုံးခွဂိတ်၊ ဒဂုံ(သီလ၀ါ)ဂိတ်၊ ပန်းလှိုင် ဂိတ်၊ ပျော်ဘွယ်လေးဂိတ်၊ ကံဘဲ့ဂိတ်၊ တိုက်ကြီး-ဖူးကြီး-ဖောင် ကြီးလမ်းဂိတ်နှင့် တွံတေး(မအူပင်) လမ်းဂိတ်တို့ဖြစ်ကြပြီး တံတားဂိတ်များမှာ ဒဂုံတံတား၊ တွံတေးတံတား၊ ပန်းလှိုင်တံတား၊ အောင်ဇေယျတံတား၊ ရွှေပြည်သာတံတားနှင့် ဘုရင့်နောင်တံတား တို့ဖြစ်ကြကြောင်းလည်း သိရှိရသည်။


အဆိုတော်အချို့ သင်္ကြန်မဏ္ဍပ်များတွင် သီဆိုရန်ချုပ်ဆိုထားသော စာချုပ်များ ဖျက်သိမ်းခံရခြင်းမှာ ရန်ကုန်တိုင်းဒေသကြီအစိုးရနှင့် သက်ဆိုင်ခြင်းမရှိကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ ရှင်းလင်း

လာမည့် သင်္ကြန်တွင် နေပြည်တော်နှင့် ရန်ကုန်ရှိ မဏ္ဍပ်အချို့၌ ဖျော်ဖြေရန် စာချုပ်ချုပ်ဆိုထားသော အဆိုတော်နှင့် သရုပ်ဆောင်အချို့ စာချုပ်ဖျက်သိမ်းခံရခြင်းမှာ မိမိတို့ တိုင်းဒေသကြီး အစိုးရနှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဧပြီလ ၁၁ ရက်နေ့ ည ၇နာရီတွင် ပြည်သူ့လွှတ်တော် အဆောက်အအုံရှိ ၀န်ကြီးချုပ် အစည်းအဝေးခန်းမတွင် ပြောကြားခဲ့သည်။
"အင်တာနက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ အဆိုတော်နှင့် သရုပ်ဆောင်အချို့ သင်္ကြန်မဏ္ဍပ်တွေမှာ ဖျော်ဖြေခွင့် ပိတ်ပင်ခံရတယ်ဆိုတာ ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် မဲဆွယ်စည်းရုံးခဲ့လို့ အခုလို ဖျော်ဖြေခွင့် ပိတ်ပင်ခံရတယ်ဆိုတာကလည်း လုံးဝမဟုတ်ပါဘူး။ ဒီအဆိုတော်နဲ့ သရုပ်ဆောင်တွေ အနေနဲ့ သဘောတူညီမှုရပြီးမှ စာချုပ် ဖျက်လိုက်တဲ့ ကုမ္ပဏီ အမည်ကိုသာ ပြောမယ်ဆိုရင် သဘောတူညီခွင့် ပြန်ရအောင်  ကျွန်တော်ကိုယ်တိုင် မေတ္တာရပ်ခံပေးပါ့မယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားခဲ့သည်။ 
တစ်နာရီခန့် ကြာမြင့်ခဲ့သော အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ်က မိမိတို့ တိုင်းဒေသကြီး အစိုးရအပြင် ပြည်ထောင်စု အစိုးရအနေဖြင့်လည်း အနုပညာရှင်များ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင် စည်းရုံးလှုံ့ဆော်ခဲ့မှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ အပြစ်ပေးအရေးယူရန် ညွှန်ကြားခဲ့ခြင်း မရှိဟု အတိအလင်း ငြင်းဆိုသွားခဲ့သည်။ တိုင်းဒေသကြီး ၀န်ကြီးချုပ်က ယခုကဲ့သို့ သတင်းထွက်ပေါ်ခြင်းကြောင့် မိမိတို့ တိုင်းဒေသကြီး အစိုးရနှင့် ပြည်ထောင်စုအစိုးရအပေါ် အထင်အမြင် လွဲမှားစေနိုင်သဖြင့် ယခုကဲ့သို့ ရှင်းလင်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါ သက်ဆိုင်ရ ကုမ္ပဏီများထံ လူမှုရေးအရ မေတ္တာရပ်ခံပေးလိုသည်ဟု ပြောကြားခဲ့သည်။ 


နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော် အမတ်ဂျင်ဝက်ဘ် (Mr. James Henry Webb) သည် နေပြည်တော်၌ ဧပြီလ ၉ ရက်နေ့က တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံမှု တိုးမြှင့်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံမှု တိုးမြှင့်ခိုင်မာရေး၊ စီးပွားရေးကဏ္ဍအပါအ၀င် အခြားသောကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းများ ဖော်ဆောင်ရေး၊ ပြည်တွင်းနိုင်ငံရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆက်လက် ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြခဲ့ကြသည်။

ထို့ပြင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် (Mr. James Henry Webb) သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာ-အမေရိကန် လွှတ်တော်များ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ပွင့်လင်းမြင်သာသည့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၊ လွှတ်တော်ရေးရာ ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ သွားရန် တိုက်တွန်းလေ့ရှိသူ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်၏ ယခုခရီးစဉ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၀၉ ခုနှစ် သြဂုတ်လကလည်း မြန်မာနိုင်ငံသို့ သုံးရက်ကြာလာရောက်ခဲ့ကာ နိုင်ငံတော် အကြီးအကဲများ၊ နိုင်ငံ ရေးပါတီခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။



အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း မြောက်ပိုင်း ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အားအလွန်ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ဖြစ်ပွားခဲ့ကာ အဆိုပါ ငလျင်ကြောင့် ဆူနာမီ သက်ရောက်နိုင်ခြေရှိသည့်အတွက် မြန်မာအပါအ၀င် နိုင်ငံအချို့၌ ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။
၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၂ မိနစ်တွင် ကမ္ဘာအေးမြေငလျင် စခန်းမှ တောင်ဘက် မိုင် ၁၀၀၀ ခန့်အကွာ မြန်မာနိုင်ငံပြင်ပ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း မြောက်ဘက် ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၈ ဒသမ ၇ အဆင့်ရှိ အင်အားအလွန် ပြင်းထန်သော ငလျင်ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။  
ငလျင်၏ သက်ရောက်မှုများကို မြန်မာနိုင်ငံတွင်လည်း တွေ့ကြုံ ခဲ့ရပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးစသည်တို့၌ သိရှိခံစားခဲ့ရသည်ဟု သိရှိရသည်။  
အဆိုပါ ငလျင်သည် အင်အား ရစ်ခ်ျတာစကေး ၈ ဒသမ ၇ ထက် ကျော်လွန်သော ရေအောက်ငလျင် ဖြစ်သည့်အတွက် ဆူနာမီရေလှိုင်းများ သက်ရောက်နိုင်ခြေရှိ၍ ဆူနာမီ သတိပေးချက်များကို မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံအချို့တွင် သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။

''ဆူနာမီသတိပေးချက်တွေကို  ကမ်းရိုးတန်းဒေသတွေမှာ ပြုလုပ်ထားပါတယ်။ ဆူနာမီဖြစ်ခဲ့ရင် ဆူနာမီလှိုင်းတွေက အခုသတင်း ထုတ်ပြန်တဲ့အချိန်ကနေ နောက်နှစ်နာရီ အတွင်းမှာ ရောက်ရှိနိုင်ပါတယ်။ ဆူနာမီ သဘာဝဘေးဆိုင်ရာ အဖွဲ့အ စည်းတွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့ သတင်းထုတ်ပြန်ထားတာပါ''ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် ပြောကြားခဲ့သည်။ 
လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ၊ သြစတြေးလျ၊ မြန်မာ၊ ထိုင်း၊ မော် လ်ဒိုက်၊ မလေးရှား၊ ပါကစ္စတန်၊ ဆို မာလီယား၊ အိုမန်၊ အီရန်၊ ဘင်္ဂလား ဒေ့ရှ်၊ ကင်ညာ၊ တောင်အာဖရိကနှင့် စင်ကာပူတို့သည် ဆူနာမီသက် ရောက်မှုများဖြစ်နိုင်ကြောင်း ဟာဝိုင်ရီအခြေစိုက် ပစိဖိတ်ဆူနာမီ သတိပေးရေးဌာနမှ သတင်းထုတ်ပြန်ခဲ့ သည်။

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြား ကျွန်းပတ်ဝန်းကျင်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီဖြစ်ပေါ်နိုင်ခြေမှာ နည်းပါးကြောင်း ညနေ ၆ နာရီ ၀န်းကျင်တွင် ဗြိတိန်ဘူမိဗေဒလေ့လာရေးအဖွဲ့မှ ထုတ်ပြန်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံ အက်ဒမန်ကမ်းခြေသို့မူ ဆူနာမီလှိုင်း အသေးစားတစ်ခု ရိုက်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်မှု များအရ သိရှိရသည်။ 
မြန်မာနိုင်ငံတွင် ကမ်းခြေဒေသများ၌ ဆူနာမီသတိပေးချက်များ ပြုလုပ်ခဲ့ကာ ဧရာဝတီတိုင်းဒေသကြီးရှိ ကမ်းခြေအချို့တွင် သင်္ကြန်ပိတ်ရက်၌ သွားရောက်လည်ပတ်နေကြသော ခရီးသွားများ ကမ်းခြေမှ ပြန်လည်ထွက်ခွာမှုများလည်း ရှိခဲ့သည်။
''ကမ်းခြေမှာ ဆူနာမီသတိပေးချက် ထုတ်ထားတယ်။ ရေထဲကို မဆင်းခိုင်းတော့ဘူး။ တချို့လည်း ပြန်နေကြပြီ''ဟု ချောင်းသာကမ်းခြေမှ ပြန်ရန်ပြင်ဆင်နေသော ခရီးသွားတစ်ဦးက ညနေ ၅ နာရီ မိနစ် ၄၀ တွင်ပြောကြားခဲ့သည်။ 
ထို့အတူ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆူနာမီနှင့် ပတ်သက်၍ သတိပေးချက်များ လိုက်လံကြေညာခဲ့ကာ စစ်တွေ ကမ်းရိုးတန်းတစ်လျောက်တွင် ကမ်းဝေးငါးဖမ်းလှေများ ပြန်လည်ဝင်ရောက်လျက်ရှိပြီး ကမ်းနီးငါးဖမ်းလှေများမှာ ၀င်ရောက်လာခြင်း မရှိသေးကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောပြခဲ့သည်။

''ငပလီကမ်းခြေမှာတော့ ည ၇ နာရီအထိ လာရောက်လည်ပတ်သူတွေနဲ့ အေးအေးချမ်းချမ်း ရှိနေပါတယ်။ ဆူနာမီနဲ့ ပတ်သက်လို့တော့ ထူးခြားမှုမရှိပါဘူး'' ဟု ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေရောက် ခရီးသွားတစ်ဦးက ပြောပါသည်။   ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က လှုပ်ခတ်ခဲ့သော ဆူမားတြားငလျင်သည် အင်အားရစ်ခ်ျတာ စကေး ၉ အဆင့်ရှိ ရေအောက်ငလျင်တစ်ခုဖြစ်ခဲ့ပြီး နိုင်ငံပေါင်းကိုးနိုင်ငံကို ထိခိုက်ခဲ့ရာ လူနှစ်သိန်းသုံးသောင်းကျော် အသက်ဆုံးရှုံးခဲ့ရသည်။ 
''မြန်မာနိုင်ငံမှာ အဲဒီတုန်းက ကော့သောင်း၊ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ ထိခိုက်ခဲ့တယ်။ လူ ၆၁ ဦး သေဆုံးခဲ့ပါတယ်။ လှိုင်းရောက်ဖို့ကြာချိန် သုံးနာရီခွဲလောက်ရှိတယ်။ ဆူနာမီရေလှိုင်းအမြင့်က ၁၁ ပေလောက်ရှိ ခဲ့တယ်''ဟု Myanmar Climate Change Watch မှ ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။ 
၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ဖြစ်ပေါ်သော ငလျင်ကြောင့် မြန်မာ့ကမ်းရိုးတန်းဒေသများသို့ ဆူနာမီသက်ရောက်နိုင်ခြေမရှိတော့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ညနေ ၆ နာရီ ၃၆ မိနစ် တွင် ပြောကြားခဲ့သည်။ 

ဆူနာမီနှင့် ပတ်သက်သော သတိပေးချက်ကို နိုင်ငံပိုင်ရုပ်သံများမှ တစ်ဆင့် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ပြန်လည် ရုပ်သိမ်းခဲ့သည်။

ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သည့် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့် အင်တာဗျူးနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲပြုလုပ် ပြည်ပမီဒီယာများနှင့် တွေ့ဆုံခဲ့ခြင်းမရှိကြောင်းနှင့် ဒီပဲယင်း အရေးကိစ္စနှင့်ပတ်သက်၍ ပြောကြားမှုမရှိကြောင်း တာဝန်ရှိသူများက ရှင်းလင်းခဲ့

ယင်းရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းနှင့် ဦးခင်ညွှန့်၏ မီဒီယာတွေ့ဆုံမှုများကို အဓိကစီစဉ်ပေးသူ ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်တို့က ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်အနေဖြင့် ပြည်ပမီဒီယာများနှင့် တွေ့ဆုံမှုမရှိခဲ့ကြောင်း နှင့် ဒီပဲယင်း အရေးကိစ္စနှင့် ပတ်သက်ပြီး ပြောကြားမှုမရှိခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ရဲမှူးကြီးဝင်းနိုင်ထွန်းက ''၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်ကို ဗန်ကောက်ပို့စ်မှာ အင်တာဗျူးတဲ့ သတင်းက အခုရက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတယ်။ အဲဒီထဲမှာ Highlight လုပ်ပြီး ထွက်ပေါ်လာတဲ့ သတင်းအချို့ကတော့ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဒီပဲယင်း အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့အတွက် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တချို့ စေလွှတ်ပြီးတော့ နီးစပ်ရာတပ်စခန်းကို ရွှေ့တယ်ဆိုတဲ့ အချက်တစ်ချက်က ပိုပြီးတော့ Highlight ဖြစ်လာပြီးတော့ အသားပေး ဖော်ပြတဲ့ သတင်းတစ်ရပ်အနေနဲ့ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီသတင်း ဖြစ်ရပ်တွေပေါ်မှာ မူတည်ပြီးတော့ပဲ ၀န်ကြီးချုပ်ဟောင်းဟာ ပြည်ပမီဒီယာမှာ ပြောဆိုခြင်း ရှိ မရှိ Highlight လုပ်တဲ့သတင်း အချက်အလက်တွေ ပြောဆိုခြင်း ရှိ မရှိ ဆိုတာကို တာဝန်အရ ကျွန်တော်ကိုယ်တိုင်ပဲ သွားရောက်တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီရက်က ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ ဖြစ်တယ်။ အဲဒီနေ့ဟာ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ သူက ရဟန်းခံရှင်ပြု ဒုလဘ၀တ်တဲ့ အခမ်းအနား ကျင်းပတဲ့ ရက်လည်းဖြစ်ပါတယ်။ အဲဒီညမှာပဲ ကျွန်တော်သွားရောက်ပြီးတော့ တာဝန်အရ လျှောက်ထားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သူ့အနေနဲ့ ကျွန်တော်တို့ကို အသေးစိတ် ပြန်ရှင်းပြပါတယ်။ ၀န်ကြီးချုပ်ဟောင်းဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက်ပိုင်းမှာ ဒီမီဒီယာတွေနဲ့ တွေ့ဆုံတဲ့အခါ ပြည်တွင်း မီဒီယာတွေကိုသာ အဓိကထားပြီး တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်။ ပြည်ပမီဒီယာတွေကိုတော့ တွေ့ဆုံမှု လုံးဝ မပြုလုပ်ခဲ့ဘူးဆိုတာကို ရှင်းပြပါတယ်။ ဒါ့အပြင် အခုသတင်းဖြစ်ပေါ်နေတဲ့ ဗန်ကောက်ပို့စ်မှာ အင်တာဗျူးတဲ့ ကိစ္စဟာတွေဟာ သူ့အနေနဲ့ တွေ့ဆုံမေးမြန်းမှု ပြုခဲ့ခြင်းမရှိဘူးဆိုတာတွေ နောက်တစ်ခါ ဟိုက်လိုက်လုပ်ထားတဲ့ ဗန်ကောက်ပို့က သတင်းအ ချက်အလက်တွေဟာလည်း မှန်ကန်မှုမရှိဘူး သူပြောဆိုတာ မဟုတ်ဘူးဆိုတဲ့ အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။ ဒါကြောင့်မို့လို့လည်း ၀န်ကြီးချုပ်ဟောင်းကို ကိုယ်တိုင်တွေ့ဆုံခဲ့တဲ့ ကျွန်တော့်အနေနဲ့ အသိပေး ရှင်းလင်းခြင်းဖြစ်ပါတယ်'' ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်နှင့် မီဒီယာသမားများ တွေ့ဆုံမှုများကို အဓိက ပြုလုပ်ပေးသူ ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်ကလည်း '' ဧပြီ ၈ ရက်နေ့မှာ ထုတ်တဲ့ ဘန်ကောက်ပို့စ်မှာ Cover Story ဆိုပြီး ပါလာတာ ရှိပါတယ်။ အဲဒါကို မီဒီယာကတစ်ဆင့် ရှင်းလင်းလိုတာပါ။ အဲဒီမှာ အချက် နှစ်ချက်ကို အဓိက ငြင်းဆိုချင်ပါတယ်။ ပထမတစ်ချက်က ဗန်ကောက်ပို့ သတင်းထောက်နဲ့ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာတဲ့ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်နဲ့ တွေ့ဆုံခြင်း ရှိ မရှိဆိုတဲ့ အပိုင်းပါ။ ဦးခင်ညွှန့်ဟာ  ဇန်န၀ါရီ ၁၃ မှာ နေအိမ်အကျယ်ချုပ် လွတ်မြောက်ခဲ့ပါတယ်။ အဲဒီမှာမီဒီယာတွေလည်း သိမှာပါ။ နိုင်ငံရေး လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ပြည်တွင်း မီဒီယာတွေကတစ်ဆင့်တော့ ပြောသင့်ပြောထိုက်တာ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းမယ့်ဟာလေးတွေကိုတော့ ၀ိုင်းဝန်းပြီး တင်ပြချင် တာလေးတွေရှိရင်တော့ ပြောချင်တယ်လို့တော့ ပြောတာရှိတယ် အဲဒီမူအတိုင်းပဲ ဦးခင်ညွှန့်ဟာ ပြည်ပမီဒီယာတွေနဲ့ အခုချိန်ထိ တွေ့ဆုံခဲ့ခြင်း မရှိဘူးဆိုတာ တင်ပြချင်ပါတယ်။ ဒါကြောင့် ဘန်ကောက်ပို့စ်မှာပါတဲ့ ဘန်ကောက်ပို့စ် သတင်းထောက်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတာ မဟုတ်ဘူး ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ လွှင့်ထုတ်တဲ့သတင်းတွေမှာ ပြည်ပမှာရောက်နေတဲ့ တစ်ယောက်နဲ့ ဘီဘီစီက ဆက်သွယ်ပြီး လွင့်ထုတ်သွားတာတွေဟာလည်း  တကယ်တမ်း ဆက်စပ်မှု မရှိပါဘူး။ အဲဒီမှာ ရေးထားတာဆိုရင်လည်း ဧပြီ ၁ ရက်နေ့က ၀န်ကြီးချုပ်နဲ့တွေ့ ဆုံတဲ့သဘောမျိုး ရေးထားပါတယ်။ တကယ်တမ်း တွေ့ဆုံမှု မရှိပါဘူး။ ဧပြီ ၁ရက်နေ့ဟာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ဖြစ်ပြီးတော့ ဘယ် သတင်းထောက်နဲ့မှလည်း တွေ့ဆုံခြင်းမရှိပါဘူး။ နောက် ဒုတိယ အချက်ကတော့ ဒီပဲယင်း အရေးအခင်းနဲ့ ပတ်သက်ပြီး ပြောသွားတဲ့ ကိစ္စပါ။ အဲဒီပွဲမှာ ကျွန်တော်ရှိနေပါတယ်။  ဒီပဲယင်းကိစ္စကို ဘာမှ ပြောသွားတာ မရှိဘူးဆိုတာ ကျွန်တော်ကောက်ချက်ချလို့ရတယ်။ ဒါနဲ့ ပတ်သက်တဲ့ အထောက်အထားတွေလည်း ကျွန်တော့မှာ အခိုင်အမာရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီပဲယင်းကိစ္စမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ဒီတွေ့ဆုံပွဲမှာ ပြောဆိုခြင်း လုံးဝမရှိခဲ့ဘူးဆိုတာ ကျွန်တော် လုံးဝ ငြင်းချက်ထုတ်ကြောင်း အသိပေးတင်ပြလိုပါတယ်'' ဟုပြောကြားခဲ့သည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                                 http://wanna23-23.blogspot.com/

0 comments:

Post a Comment