မြန်မာသတင်းများ         ဧပြီလ ၀၂ ရက် ၂၀၁၂ ခုနှစ်

 

ဒေါ်အောင်ဆန်းစုကြည် မဲအပြတ်အသတ်နဲ့ အနိုင်ရရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ညနေ နောက်ဆုံးမဲရေတွက်မှုတွေအရ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေကနေ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သတင်း ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်က ကိုယ်စားလှယ် မဖြူဖြူသင်း အပါအ၀င် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၀င်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်မြေ ၆ နေရာစလုံးလည်း အနိုင်ရရှိပါတယ်။
အစိုးရရုံးစိုက်ရာ နေပြည်တော်က လစ်လပ်နေရာ ၄ နေရာ အတွက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဦးဇေယျာသော်၊ ဦးနိုင်ငံလင်း၊ ဒေါ်စန္ဒာမင်း နဲ့ ဦးမင်းသူ တို့ လေးဦးစလုံးလည်း အနိုင်ရရှိခဲ့ပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်တဲ့ အန်အယ်ဒီ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးအုန်းကြိုင် နဲ့ မိထ္ထီလာ နယ်မြေက ဦးဝင်းထိန်တို့လည်း အနိုင်ရရှိကြကြောင်း သတင်းရရှိပါတယ်။
အခု သိရသမျှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာ ၄၀ ကျော်မှာ အနိုင်ရရှိ ထားပါတယ်။
ဒီကနေ့ ရွေးကောက်ပွဲမှာ မဲစာရင်းလွဲချော်မှုတွေကြောင့် ထောင်နဲ့၊ သောင်းနဲ့ချီတဲ့ နိုင်ငံသားတွေ မဲပေးခွင့် ဆုံးရှုံးခဲ့ရသလို၊ ရွေးကောက်ပွဲကော်မရှင်က ပြဌာန်းထားတဲ့ စည်းမျဉ်းဥပဒေတွေကို ချိုးဖေါက်ခဲ့တဲ့ နိုင်ငံရေး ပါတီတွေနဲ့ ကိုယ်စားလှယ်တွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။
မဲမသမာမှု အနေနဲ့ကတော့ မဲစာရွက်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နေရာမှာ ရေးချစ်လို့ မရအောင် ဖယောင်းတွေ သုတ်ထားတယ်ဆိုတဲ့ ထူးခြားတဲ့ ပြဿနာတစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး NLD ပါတီက သက်ဆိုင်ရာကို တိုင်ကြားစာ ပို့ထားပြီ ဖြစ်ပါတယ်။
ဒီကနေ့ မဲရေအတွက်မှုတွေ နဲ့ အနိုင်ရရှိသူစာရင်းတွေ မပြီးဆုံးသေးလို့ ရွေးကောက်ပွဲကော်မရှင်ကတော့ တရားဝင် အတည်ပြုထုတ်ပြန်ရခြင်း မရှိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်

မြန်မာနိုင်ငံမှာ ဒီကနေ့ကျင်းပခဲ့တဲ့ လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်မှာ အနိုင်ရသွားပါတယ်။
လွှတ်တော်မှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၄၈ နေရာထဲက မဲဆန္ဒနယ် ၄၅ နေရာမှာ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့တာဖြစ်ပြီး အခုနောက်ဆုံး သိရသလောက်တော့ NLD ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နေရာ ၄၄ နေရာမှာ မဲဆန္ဒနယ်အများစုကို အနိုင်ရနေပြီလို့ သိရပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ညနေပိုင်းမှာပဲ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ အနိုင်ရတဲ့အပေါ်မှာ ကိုယ်စားလှယ်တွေအနေနဲ့ ၀မ်းသာကြတယ်ဆိုတာ သဘာဝကျကြောင်း၊ ဒါပေမဲ့ တဘက်မှာလည်း တခြားပါတီတွေက ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ထိခိုက်စေမယ့် အပြောအဆိုမျိုးကို မလုပ်ကြဖို့၊ ပြည်သူလူထုရဲ့ အောင်မြင်မှုကို သိက္ခာကျစေမယ့် အပြုအမူကို ရှောင်ရှားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် ဒီရွေးကောက်ပွဲအတွင်း တချို့ မြို့နယ်တွေမှာ မဲကတ်ပြားတွေကို မဲပေးလို့မရအောင် ဖယောင်းသုတ်ထားတာတွေ၊ မဲပေးသူတွေကိုလည်း ခြိမ်းခြောက် အကြပ်ကိုင်တာတွေ၊ မဲစာရင်းပြဿနာတွေ ရှိခဲ့ပြီး NLD ပါတီက ဒီလို မဲသမာမှုတွေကို ပြည်ထောင်စုကော်မရှင် အနေနဲ့ အရေးယူပေးဖို့ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနိုင်ရ၊ NLD အများစု နိုင်ရန် မျှော်လင့်

ယနေ့ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိကြောင်း NLD မှ အတည်ပြုလိုက်သည်။
NLD ပါတီ ကိုယ်စားလှယ်အများစု အနိုင်ရရှိကြောင်း ယနေ့ကျေညာနိုင်မည်ဟုလည်း မျှော်လင့်ရသည်။ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် NLDက မဲဆန္ဒနယ်မြေ အများစုအနိုင်ရရှိမည်ဟု သတင်းများက ဆိုသည်။

သိက္ခာရှိသော အောင်နိုင်မှုဖြစ်ရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ ရလဒ်ကောင်းများ ရနေချိန်တွင် သိက္ခာရှိသည့် အောင်နိုင်မှု ဖြစ်စေရန်အတွက် တဘက်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား ထိခိုက်နိုင်သည့် အပြောအဆို၊ အမူအယာ၊ အလုပ်အကိုင်များ မပြုလုပ်ရန် အဖွဲ့ချုပ်ပါတီဝင်များကို ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် အမည်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု၍ ယနေ့ညပိုင်း လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည့် အဆိုပါ မှာကြားချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် (၉၇-ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

ရက်စွဲ ။    ။ ဧပြီလ ၁ ရက်၊ ၂ဝ၁၂


ယနေ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူလူထု၏ ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ အောင်နိုင်မှုရရှိကြောင်း သတင်းများ တက်နေပါသည်။
ယခုလိုအချိန်မှာ ထောက်ခံသည့် ပြည်သူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ ပျော်ရွှင်ကြမည်မှာ သဘာဝကျပါသည်။
သို့သော်လည်း တဖက်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား စိတ်ထိခိုက်၊ စိတ်မကောင်း ဖြစ်စေနိုင်မည့် အပြောအဆို၊ အမူအယာ၊ အလုပ်အကိုင်များ လုံးဝရှောင်ရှားကြရမည် ဖြစ်ပါသည်။ ပြည်သူ၏ အောင်နိုင်မှုသည် သိက္ခာရှိသော
အောင်နိုင်မှု ဖြစ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များအားလုံး အထူးသတိပြုစေလိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်

မြန်မာရွေးကောက်ပွဲ အမေရိကန် ကြိုဆို

ဒီကနေ့ ကျင်းပသွားတဲ့ မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူတွေကို အမေရိကန်ပြည်ထောင်စုက ချီးကျူးစကား ပြောကြားလိုက်ပါတယ်။ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ် (Derek Mitchell) က အမေရိကန်ပြည်ထောင်စု အနေနဲ့ မနေ့က ကျင်းပသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ပြန်ကြေညာချက် မလုပ်သေးပေမဲ့ အာဆီယံနဲ့ ဥရောပသမဂ္ဂတို့က ဒီကနေ့ ပြောသွားခဲ့ကြသလိုပဲ ရွေးကောက်ပွဲ အေးအေးချမ်းချမ်း ပြီးစီးသွားတာကို ကြိုဆိုကြောင်းဒါ့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကလည်း ဒီကနေ့ ကျင်းပသွားတဲ့ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တူရကီနိုင်ငံမှာ ကျင်းပနေတဲ့ ဆီးရီးယားနိုင်ငံ မိတ်ဆွေများ စည်းဝေးပွဲအတွင်း ထည့်သွင်း ပြောကြားသွား
ဒီကနေ့ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ တရားဝင် သဘောထား ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံထဲက အချက်အလက်တွေကို စုစောင်းပြီးမှပဲ ထုတ်ပြန်မယ်လို့ ဒဲရက်မစ်ချဲလ် ကပြောခဲ့ပါတယ်။

မဲပေးခွင့်မရ၍ ဆူပူမှုများဖြစ်ပွား

မဲဆန္ဒနယ်တချို့တွင် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိပါလျက် မဲစာရင်း၌ မပါရှိမှုကြောင့် မကျေနပ်သဖြင့် ဆူပူမှု၊ ဆန္ဒပြမှုတချို့ ဖြစ်ပွားကြောင်း သိရှိရသည်။မဲရုံတွင် တစုံတရာ မပေါ်ပေါက်စေရန်အတွက် သက်ဆိုင်ရာများက တားဆီးလျက်ရှိကြောင်း၊ ၄င်းတို့မှာ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ရှိပြီး မဲစာရင်းတွင်မပါသောကြောင့် မဲပေးခွင့်မပြု၍ ယင်းသို့ ဆန္ဒပြခြင်း ဖြစ်ကြောင်း သိရှိရသည်။
ပဲခူးတိုင်း တောင်ငူမြို့နယ်အမှတ် (၂) ရပ်ကွက် မဲရုံ၌ မဲစာရင်းတွင် ပါဝင်ခြင်းမရှိ၍ မဲမပေးရသူ ၄၀၀ ခန့်က စုဝေးကာ မဲပေးခွင့်ရရှိရန် တောင်းဆိုကြောင်း အဆိုပါ မဲပေးခွင့်မရသူများသည် တရားဝင် အိမ်ထောင်စုဇယား၊ နိုင်ငံသား စိစစ်ရေးကတ်များ ကိုင်ဆောင်ထားသူများဖြစ်ပြီး မဲပေးခွင့်ရှိသူစာရင်းတွင် မပါဝင်သည့်အတွက် မကျေနပ်ခြင်းဖြစ်ကြောင်း၊ မြို့နယ်ကော်မရှင်သို့ သွားရောက် ပြောဆိုသော်လည်း ဖြေရှင်းပေးခြင်းမရှိကြောင်း၊မွန်ပြည်နယ် မော်လမြိုင်မြို့တွင်လည်း မဲစာရင်းတွင် မပါဝင်သူ ၅၀၀ ခန့်က ရွေးကောက်ပွဲ ကော်မရှင်ထံ ယနေ့နံနက်က တိုင်တန်းခဲ့ကြောင်းဇီးပင်ကြီး မဲရုံတွင်လည်း ဆန္ဒမဲပေးခွင့် မပြုသည့်အတွက် အမျိုးသားတဦး မဲရုံတွင် အော်ဟစ်ဆူပူမှု ပြုလုပ်ကြောင်းပြင်ဦးလွင် ရပ်ကွက်ကြီး (၃) ရှိ မဲရုံတွင် မဲစာရင်းစာရွက်တချို့ ကပ်ထားခြင်း မရှိသောကြောင့် ပျောက်ဆုံးနေသော စာရင်းပါ မဲဆန္ဒရှင်များက မဲမပေးရ၍ ဆူပူကန့်ကွက်မှုများ ပြုလုပ်နေရာ မဲရုံ ကြီးကြပ်သူများက ပျောက်ဆုံး မဲစာရင်းများ ရှာဖွေလျက်ရှိကြောင်း သိရသည်။

ပုလဲတွင် မဲ ကိစ္စ အချင်းများ ဓားထိုးမှုဖြစ်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ညောင်ကုန်းရွာတွင် ယမန်နေ့ညက ရွာခံများ မဲပေးရေးကိစ္စ အချင်းများရာမှ ဓားထိုးမှုဖြစ်ပြီး ကြံ့ခိုင်ရေး ပါတီဝင် တဦး သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။ ပုလဲ တွင် NLDမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့် ကြံ့ ခိုင်ရေးပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလှိုင်တို့ ယှဉ်ပြိုင် အရွေးခံကြောင်း သိရသည်။

ပခုက္ကူ မဲရုံတချို့ မှတ်တမ်းယူ၍ မဲဆန္ဒရှင်များ ထိတ်လန့်

မကွေးတိုင်း ပခုက္ကူ မြို့နယ်ရှိ ဒေါင်းစားကျေးရွာ မဲရုံတွင် မဲပေးသူများကို မှတ်တမ်းယူနေသောကြောင့် ထိတ်လန့်၍ ပြန်သွားကြ သည့် မဲဆန္ဒရှင်များရှိကြောင်း၊ ကော်မရှင်ကို တိုင်ထားကြောင်း၊ ပခုက္ကူ အမှတ် ၃ ရပ်ကွက်တွင် မဲဆန္ဒရှင်များကို မဲရုံရွှေ့ပြောင်း ထားမှုများရှိနေကြောင်း စောင့်ကြည်သူများက ပြောသည်။ ပခုက္ကူ ရှိ မဲရုံ ၃၂၄ ရုံအနက် တချို့မဲရုံများမှာ မဲပေးပြီးဖြစ်၍ မဲရေတွက် နေပြီ ဖြစ်သည်။ လတ်တလော ရရှိသော စာရင်းများအရ စစ်တပ်နယ်မြေများရှိ မဲဆန္ဒနယ်မြေများတွင် ကြံ့ခိုင်ရေးပါတီက အနိုင်ရ နေပြီး ကျေးရွာ၊ ရပ်ကွက်များရှိ မဲဆန္ဒနယ်မြေများတွင် NLD က အနိုင်ရနေကြောင်း သိရသည်။

အရက်မူးသည့် ရပ်ကွက်ကော်မရှင် ဥက္ကဋ္ဌ ထုတ်ပယ်ခံရ

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် သာယာအေးရပ်ကွက် ကော်မရှင်ဥက္ကဋ္ဌမှာ အရက်မူးပြီး မဲဆန္ဒရှင်များနှင့် စကားများပြီးနောက် ၎င်းအား မြို့နယ်ကော်မရှင်က ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။ ထိုရပ်ကွက်ရှိ မဲပေးနိုင်ပါလျက် မဲစာရင်းမပါသူ လူ ၁၀၀ ကျော်က ရပ်ကွက် ကော်မရှင် ဥက္ကဋ္ဌကို သွားရောက်ပြောဆိုရာ မဲဆန္ဒရှင်များနှင့် ဥက္ကဋ္ဌတို့ စကားများပြီးနောက် ရုန်း ရင်းဆန်ခတ် ဖြစ်ပွားသဖြင့် မြို့နယ်ကော်မရှင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရဲ တပ်ဖွဲ့တာဝန်ရှိသူများ လာရောက် ထိန်းသိမ်း ခဲ့ရကြောင်း ကျောက်ပန်းတောင်း NLD က ပြောသည်။

Sky Net ရုပ်သံနှင့် ကိုယ်စားလှယ်လောင်း တဦး ပဋိပက္ခ ဖြစ်

Sky Net ရုပ်သံလိုင်းနှင့် ပြည်သူ့ ဒီမိုကရေစီ ပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာသန်းထိုက်ဦးတို့ မန္တလေး မဲရုံတခုတွင် အငြင်း ပွား စကားများမှု ဖြစ်ခဲ့သည်။ Sky Net ရုပ်သံက မဲရုံနှင့် ကိုက် ၅၀၀ အကွာအတွင်း ၀င်မိသောကြောင့် ဒေါက်တာ သန်းထိုက်ဦး က အော်ဟစ်ပြောဆိုခဲ့၍ မဲရုံတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြောင်း၊ ကော်မရှင်အတွင်းရေးမှူးထံ တိုင်တန်း၍ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ကို ဒေါက်တာ သန်းထိုက်ဦး ရှေ့တွင် ဖျက်ပေးခဲ့ရကြောင်း သိရသည်။ Sky Net ရုပ်သံလိုင်းကို ရွှေသံလွင် ကုမ္ပဏီက ၂၀၁၀ ပြည့် နိုဝင်ဘာလအတွင်း အခပေး ရုပ်သံလိုင်းအဖြစ် စတင်တည်ထောင်ခဲ့သည်။

တသီးပုဂ္ဂလိက ကိုယ်စားလှယ်ကို မိတ္ထီလာမှာ တိုက်ခိုက်မှုရှိခဲ့

မိတ္ထီလာမြို့မှာ တသီးပုဂ္ဂလိက ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ NLD ပါတီဝင်ဟောင်း ဒေါ်မြင့်မြင့်အေးက ရွေးကောက်ပွဲ မကျင်းပခင် (၃) ရက်အလိုနဲ့ တပတ်အတွင်းကာလတွေမှာ သူ့ကို လောက်လေးခွနဲ့ပစ်တာ၊ ကျောက်ခဲနဲ့ပေါက်ပြီး တိုက်ခိုက်တာတွေရှိခဲ့ကြောင်း ပြောပါတယ်။
ဒါ့အပြင် သူ့ရဲ့ မဲရုံကိုယ်စားလှယ်တွေ ကိုယ်တိုင် မဲစာရင်းထဲ အမည်မပါလို့ ပျက်ပြယ်ခဲ့ရကြောင်း၊ အလားတူပဲ မဲစာရင်းအမည် မပေါက်တာတွေ၊ အမှားတွေ ရှိကြောင်း ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။
မိတ္ထီလာမြို့နယ်ဟာ စစ်တပ်အခြေစိုက်တဲ့ မြို့ဖြစ်ပြီး ရှေ့ပိုင်းမှာ ပြည်ခိုင်ဖြိုး ပါတီကိုယ်စားလှယ်က အသာရနေခဲ့ပြီး နောက်ပိုင်းမှာတော့ အင်အယ်လ်ဒီပါတီက ဦးဝင်းထိန် အနိုင်ရသွားတယ်လို့ သိရပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား

ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်က ပြည်သူ့လွတ်တော် အမတ်လောင်းနေရာ အတွက် ဒီကနေ့ မဲပေးကြရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲရုံရဲ့ ကိုက် ၅၀၀ အတွင်းမှာ မဲဆွယ်စည်းရုံးနေတာတွေ ရှိခဲ့သလို ပြည်သူ တစ်ရာခန့်ဟာလည်း မဲစာရင်းမှာ အမည်စာရင်းမပါလို့ မဲပေးခွင့်မရခဲ့ကြကြောင်း သိရပါတယ်။
မည်သူမဆို ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံအတွင်းမှာဖြစ်စေ၊ မဲရုံမှ ကိုက် ၅၀၀ အကွာအတွင်း၌ ဖြစ်စေ မဲဆွယ်ခြင်း၊ မဲဆန္ဒရှင် တစ်ဦးဦးကို လွတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးကို ဆန္ဒမဲပေးရန် တောင်းဆိုခြင်း၊ တိုက်တွန်း သွေးဆောင်ခြင်း၊ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့၊ မပေးဖို့ တိုက်တွန်း သွေးဆောင်ခြင်း မပြုရလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေမှာ ထုတ်ပြန်ထားပေမယ့် ဒီကနေ့ ကလောမြို့နယ်ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေက ဥပဒေ ချိုးဖောက်နေကြောင်း NLD ပါတီကနေ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမည့် ဒေါက်တာ ဒေါ်သန်းငွေက ပြောပါတယ်။
"နန်းနိုင်မှာ မဲရုံ ၃ ရုံရှိတဲ့ထဲမှာ ၂ ရုံနားမှာ ညောင်ပင်ကုန်းဆိုတဲ့ မဲရုံရယ်၊ မြင်းကဘော် ဆိုတဲ့ မဲရုံ။ အဲ့ ၂ ရုံနားမှာ အဲ့ဒီ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းတွေက မဲရုံနဲ့ ကိုက် ၂၀၀ အတွင်းမှာ ကြံ့ဖွံ့အဖွဲ့ဝင် ၅ ယောက်က မဲလက်မှတ်လေးတွေ ခေါက်ပြီးတော့မှ ပိုက်ဆံ ၃၀၀၀ ထည့်ပြီးတော့မှ ရော့ ဒါလေး ကိုယ့်နံပါတ်လေး မှတ်သွားအုံး ဆိုပြီးတော့မှ စာရွက်လေးနဲ့ သူတို့ ပိုက်ဆံတွေ ထည့်ထည့်ပေးနေပါတယ်။ နောက်တခုက ဘောစိုင်းက ရွာဟောင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက လာစည်းရုံးတာ ၀တ်စုံပြည့်တွေနဲ့ ထော်လဂျီနဲ့ အလံထောင်ပြီးတော့ လာစည်းရုံးတာ။ အဲ့ဒီ သုံးနေရာပဲ။"
ကလောမြို့နယ်ထဲမှာ ဒီလို မဲဆွယ် စည်းရုံးနေမှုတွေကို သက်သေအထောက်အထားတွေ ရယူထားပြီး ရွေးကောက်ပွဲ ကော်မရှင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကို တိုင်ကြားထားတယ်လို့ ဆက်ပြောပါတယ်။
ဒါ့အပြင် ကလော ပြည်သူ့လွတ်တော်အမတ်နေရာအတွက် မဲဆန္ဒပေးမည့် ပြည်သူ တစ်ရာခန့်ဟာလည်း အောင်ပန်းမြို့နယ်က ရပ်ကွက် ၃ မှာနေထိုင်တဲ့ သက်သေအထောက်အထားတွေ ရှိပေမယ့် အောင်ပန်း အမက စာသင်ကျောင်း ၁၂ က မဲရုံမှာ မဲပေးခွင့်မရခဲ့ဘူးလို့ အောင်ပန်းမြို့နယ်က မဲရုံတွေကို လိုက်ကြည့်ခဲ့တဲ့ NLD ပါတီအောင်နိုင်ရေးအဖွဲ့ဝင် ရှေ့နေ ဒေါ်ခင်မိုးမိုး က ပြောပါတယ်။
"လူတစ်ရာလောက်က မဲပေးခွင့်မရဘူး။ သူတို့က မဲစာရင်းမှာ မပါလို့ မရတာ၊ သူတို့မှာ အိမ်ထောင်စု ဇယားတွေရှိတယ်။ မှတ်ပုံတင်တွေလည်း ရှိတယ်။ ဒီမှာနေတာလည်း ကြာပြီ။ ဘာလို့ သူတို့မဲပေးခွင့်မရလည်း ဆိုပြီးတော့ နည်းနည်း စုစုဆူဆူ ဖြစ်သွားတယ်။ ကျမ ခရိုင်ကော်မရှင် ဥက္ကဋ္ဌ နဲ့ ဆက်သွယ်ပြီးတော့ မေးလိုက်တယ်။ အဲ့ဒါက ကျမတို့က မဲစာရင်းမှာ မပါရင် ရွေးကောက်ပွဲ မတိုင်ခင် တစ်ပတ်အလိုမှာ တင်ရမှာလေ။ အဲ့ဒါတွေကို မတင်ဖြစ်ခဲ့ဘူး၊ အဲ့ဒါကြောင့်မို့လို့ ဒီလူတွေ မဲပေးခွင့်မရတာပေါ့နော်။ မဲပေးခွင့် မရတဲ့လူတွေကတော့ တော်တော်လေးကို မကျေမနပ် ဖြစ်သွားတယ်။"
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ရှမ်းပြည်တောင်ပိုင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦး ကို ဆက်သွယ်မေးမြန်းရာ ပါတီအချင်းချင်း အပြန်အလှန် တိုင်ကြားထားမှုတွေ ရှိနေကြောင်းနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ဆက်တင်ပြပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
"အဲ့ဒါတွေက တိုင်တာကတော့ အခု လတ်တလော သူတို့ဟာ သူတို့ approve လုပ်ပြီးတိုင်လိမ့်မယ်။ နောက်ပိုင်းကြရင် ကန့်ကွက်လွှာ တင်ကြတော့ပေါ့။ ကော်မရှင် ဥပဒေအရ ဆိုလို့ရှိရင် သူတို့က ကန့်ကွက်လွှာ တင်ရမယ်။ ကိုက် ၅၀၀ အတွင်း စည်းရုံးပြီးတော့မှ မဲယူသွားတယ်။ ဒါတွေကတော့ အခုတိုင်တယ်။ ဟုတ်တယ် မဟုတ်ဘူးဆိုတာ ကျနော်တို့လည်း ကွင်းဆင်းပြီး မကြည့်နိုင်ဘူးလေ။ တိုင်နေပြီးတော့ နိုင်သွားတဲ့အခါကြတော့ နိုင်တဲ့ပါတီက နောက်ဆုတ်သွားရော။ ကျနော်တို့က ဒီမှာ ဒီးစေရှင်း လုပ်ဖို့ မဟုတ်ဘူး၊ သူတို့တိုင်တဲ့ဟာကို ကွန်ဗိုင်း လုပ်ပြီးရင် ပြည်တောင်စု ကော်မရှင် ရွေးကောက်ပွဲ ခုံကို တင်ပေးရုံပဲ။"
ကလောမြို့နယ်က ပြည်သူ့လွတ်တော်နေရာကို NLD ပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တစည ပါတီ၊ ပအိုဝ်အမျိုးသားအဖွဲ့ချုပ်ပါတီနဲ့ ကျားဖြူပါတီ၊ စုစုပေါင်း ပါတီ ၅ ပါတီက ယှဉ်ပြိုင် အရွေးခံကြ ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲရလဒ်

အခုနောက်ဆုံး မဲအနိုင်အရှုံးရဲ့ အခြေအနေကို ပြောပါဦးရှင်။ -
“ဟုတ်ကဲ့။ အခုနောက်ဆုံး ကျနော် ဒီအသံမလွှင့်ခင် အချိန်လေးအထိကိုပေါ့လေ။ ကြေညာထားတာတွေ၊ ရေတွက်ထားတာတွေ အရကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေက ကြားဖြတ် ရွေးကောက်ပွဲနေရာ ၂၀ ထက်မနည်းမှာ အနိုင်ရနေတဲ့သဘောမျိုး ကျနော် တွေ့ထားရပါတယ် ခင်ဗျ။ အခုလောလောဆယ်မှာတော့ မန္တလေးတိုင်း၊ မဟာအောင်မြင်  မြို့နယ်က အနိုင်ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်ကို မြို့နယ်ကော်မရှင်က အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အတည်ပြုလိုက်တယ် ဆိုတဲ့အကြောင်းနဲ့ တခြား မြို့နယ်တစ်ခုဖြစ်တဲ့ ၀ါးခယ်မ မှာအနိုင်ရတာကိုလည်း မြို့နယ်ကော်မရှင်က အတည်ပြုလိုက်ပြီဆိုတဲ့ အကြောင်းတွေကို NLD ကနေပြီးတော့ ခုနတုန်းကလိုပဲ  LCD screen ကြီးနဲ့ တီဗွီဖန်သားပြင်မှာ ကြေညာထားတာ ကျနော် တွေ့ရပါတယ်။ နေပြည်တော်မှာဆိုရင်တော့ ဒီနေ့ ဥတ္တရသီရိ နဲ့ ဇဗ္ဗူသီရိ မဲဆန္ဒနယ်တွေမှာ အနိုင်ရထားပြီးတော့ အရင်တုန်းက အဆိုတော်ဖြစ်တဲ့ ကိုဇေယျာသော် ၀င်ရောက်ယှဉ်ပြိုင်တဲ့ ပုပ္ပသီရိ မဲဆန္ဒနယ်ကတော့ ခုချိန်ထိ မဲစာရင်းရလဒ် ထွက်မလာသေးပါဘူးခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ ကော့မှူးမြို့နယ်ထဲက မဲရုံ ၁၂၉ ရုံမှာ ၁၂၈ ရုံကို အနိုင်ရပြီးတော့ မဲရုံတစ်ရုံမှာတော့ ရှုံးနိမ့်တယ်ဆိုတာ ကျနော်တို့ သိထားရပါတယ်။”
နောက်ထပ် ထူးခြားတာတွေရော ဘာများရှိသေးလဲရှင့်။ -
“နောက်ထပ် ထူးခြားချက်တစ်ခုကတော့ သိပ်မကြာခင် အချိန်ပိုင်းလေးတွင်းကပဲ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အထူးသဖြင့်တော့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေပေါ့လေ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို တိုက်တွန်းတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစာပါ အကြောင်းအရာကတော့ အဓိကအားဖြင့် လူထုထောက်ခံမှုကြောင့် အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ အနိုင်ရတဲ့သတင်းကို သူ ကြားရပါတယ်တဲ့။ ဒီ ထောက်ခံမှုကြောင့် အဖွဲ့ချုပ်ဝင်တွေအနေနဲ့ ၀မ်းသာတာဟာ သဘာဝကျပါတယ်၊ ဒါပေမဲ့ တဘက် ပုဂ္ဂိုလ် အဖွဲ့အစည်းတွေ စိတ်မကောင်းဖြစ်စေနိုင်တဲ့ ပြောဆိုမှု အပြုအမူတွေကို ရှောင်ရှားပါ၊ ပြည်သူလူထုရဲ့ အောင်မြင်မှုကို သိက္ခာရှိတဲ့အောင်မြင်မှု ဖြစ်စေဖို့ သတိပြုပါ ဆိုပြီးတော့ သတိပြုစေလိုတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒါကတော့ ဒီကနေ့ ပြီးခဲ့တဲ့အချိန်ပိုင်းကပဲ ထုတ်ပြန်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကြေညာချက်ထဲက စာသားတချို့ပါ မမေငြိမ်းရေ။”
ဟုတ်ကဲ့ အခုတော့ လူတွေက အများကြီးပဲလား။ -
“လူတွေက လျော့မသွားတဲ့အပြင် တိုးကိုတိုးလာနေပါတယ်ခင်ဗျ။ လမ်းမမှာလည်း ကားတွေပိတ်ပြီးတော့ လူအုပ်က လမ်းတဘက်တချက်ပေါ့လေ၊ အဖွဲ့ချုပ်ရုံးတဘက်မှာ၊ နောက် တဘက် ကားလမ်းမှာ အပြည့်ပါပဲ လူအုပ်က။ အော်သံတွေ၊ သီချင်းဆိုသံတွေ၊ ကခုန်သံတွေ၊ ကြွေးကြော်သံတွေ စသည်အားဖြင့် အများအပြားကို တွေ့နေရဆဲပါ။ လူထုက လျော့မသွားတဲ့အပြင် တိုးလာနေပါတယ်။”
လူတွေက အများကြီးဆိုတော့ လုံခြုံရေး အခြေအနေကရော ဘယ်လိုရှိလဲရှင့်။ -
“လုံခြုံရေး အခြေအနေကတော့ တာဝန်ရှိသူတွေက ထွေထွေထူးထူး စီစဉ်ပေးထားတာမျိုး ၀တ်စုံဝတ် ယူနီဖောင်းပေါ့လေ ရဲတပ်ဖွဲ့ဝင်တွေလိုမျိုး စသည်အားဖြင့် ကျနော် မတွေ့ရပါဘူး။ ကားတွေ သွားလာမှု လွယ်ကူ အဆင်ပြေစေဖို့အတွက် အဖွဲ့ချုပ် အဖွဲ့ဝင်တွေကိုယ်တိုင်က ကားတွေကို သူတို့ မေတ္တာရပ်ခံပြီးတော့ ဖြေရှင်းပေးနေတာ ကျနော်တို့ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီကနေ့ နေ့လည်ပိုင်းကတည်းက လူအုပ်က တဖြည်းဖြည်းများလာ ရှိလာတယ်ဆိုပေမဲ့လည်း အခုချိန်ထိ ဘာမှ ပြဿနာ တစုံတရာ မတွေ့ရပါဘူး။ ဖြတ်သွားဖြတ်လာကားတွေ ကိုယ်တိုင်ကလည်း လက်တွေ့ဝှေ့ယမ်းတာ အော်ဟစ်တာ၊ အလံတွေ ဝှေ့ယမ်းသွားတာတွေ ရှိသလို တဘက်နဲ့တဘက် သည်းခံပြီးတော့ တစီးနဲ့တစီး သည်းခံပြီးတော့ သွားလာနေကြပါတယ်။ လူတွေကိုယ်တိုင်ကလည်း အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဒီလို စုဝေးပြီးနေကြတာ တွေ့ရပါတယ်။”

Lwin Pwin
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

1 comments:

zar ne said...

koe sel sa,ma ka thar per del.ha ha ha.now all the world know ready,which party is real democracy.happy a may SU.

Post a Comment