နောက်ဆုံးရမြန်မာသတင်းများ ဧပြီလ ၈ ရက် ၂၀၁၂ ခုနှစ်




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တို့သည် ရန်ကုန်မြို့ရှိ ဒေါ်အောင် ဆန်းစုကြည်နေအိမ်၌ ဧပြီလ ၈ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နှစ်နာရီ နီးပါးမျှ ကြာမြင့်ခဲ့ သည့်တွေ့ဆုံဆွေးနွေးမှု၌ တိုင်းပြည် တွင် စစ်မှန်သည့် ငြိမ်းချမ်းရေးဖော် ဆောင်နိုင်ရေး အဓိက ဆွေးနွေးခဲ့ ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က "ဒီနေ့ကျွန်မတို့ ကရင်အမျိုးသား ကိုယ်စားလှယ်များ အဖွဲ့အနေနဲ့ NLD ပါတီ ခေါင်းဆောင် များနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရတဲ့အတွက် အများကြီး ဂုဏ်ယူဝမ်းသာမိပါတယ်။ ဒီနေ့ ကျွန်မတို့ရဲ့ တွေ့ဆုံပွဲဟာ အဓိကအားဖြင့်တော့ ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ တိုင်းပြည်ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီးတော့ ပြောခဲ့တယ်။ ပြီးလို့ရှိရင် စစ်မှန်တဲ့ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့အတွက်ကို ကရင် တိုင်းရင်းသား များအနေနဲ့ရော တိုင်းရင်းသားတွေရဲ့လိုအပ်ချက်တွေက ဘာလဲ၊ လိုလားချက်တွေက ဘာလဲလို့ ဆွေးနွေးတာဖြစ်တယ်။ ဘယ်လို ဆက်လက်ဆောင်ရွက်မှုမျိုးတွေ လုပ်မလဲဆိုတာကို အသိပေးဆွေးနွေး တာ ဖြစ်တယ်။ အဲဒီလိုပဲ ကျွန်မတို့ဆက်လက်ပြီးတော့ ရှေ့မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်ဖို့အတွက် ဘယ်လိုလုပ်မလဲ ဘယ်ပုံစံနဲ့ လုပ်မလဲ ဆိုတာ ဆွေးနွေးတာရှိပါတယ်။ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဖော်ထုတ်တဲ့အခါမှာ ပြည်သူ တွေရဲ့ အခန်းကဏ္ဍဟာ အများကြီး အရေးကြီးပါတယ်။ ထိုနည်းတူစွာပဲ နိုင်ငံတော်အစိုးရရဲ့ ပါဝင်မှုနဲ့ လုပ် ဆောင်မှုတွေဟာလည်း အများကြီး အရေးပါတယ်ဆိုတာ ကျွန်မတို့ လက်ခံထားပါတယ်" ဟု ကရင်ဘာသာဖြင့် ပြည်တွင်း၊ ပြည်ပ မီဒီယာများသို့ ပြောကြားခဲ့သည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်က "ဒီလို KNUအဖွဲ့နဲ့ တွေ့ရတာဟာ အင်မတန်မှ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်သလို ၀မ်းသာစရာဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးတည်ချက်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုဖြစ်တာကြောင့်မို့လို့ တိုင်းရင်းသားများအားလုံးဟာ စုစုစည်းစည်းနဲ့ ဒီဖြစ်စဉ်ထဲမှာ ပါဝင်ရမယ်ဆိုတဲ့ ယုံကြည်ချက်လည်း ဖြစ်ပါတယ်။ အခုလို ကျွန်မတို့ တွေ့ဆုံနိုင်တယ်ဆိုလို့ရှိရင် တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းဖလှယ်နိုင်တယ်၊ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးတော့ ရင်းနှီးမှုဖြစ်လာနိုင်တယ်။ ကျွန်မတို့ရဲ့ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်ကို အများကြီး အထောက်အကူ ဖြစ်နိုင်တယ်ဆိုတာကို ယုံကြည်တဲ့အလျောက် ဒီလိုတွေ့နိုင်တာအတွက် ကျွန်မတို့ အင်မတန်မှ ၀မ်းသာတယ်။  အင်မတန်မှ ဂုဏ်ယူတယ်။ ဒီလိုပဲ ဆက်ခါဆက်ခါ အများကြီး အကြိမ်ပေါင်းများစွာ တွေ့နိုင်ရမယ်။ ဒီလိုတွေ့ခြင်းများဟာ ကျွန်မတို့တစ်ကယ် စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ထူထောင်ရေးအတွက် ဖြစ်စေရမယ်လို့ အခိုင်အမာကို ခံယူထားတဲ့ယုံကြည်ချက် ဖြစ်ပါတယ်ဆိုတာ ပြောပါရစေ။ အခုဆွေးနွေးရတာ အင်မတန်မှ အားရပါတယ်။ အမြင်ချင်းလည်း တူနေတာတွေကြောင့်မို့လို့ နောင်ညီညွတ်မှုအတွက် အင်မတန်မှ ကောင်းတဲ့အ လားအလာပါလို့ ကျွန်မပြောနိုင်ပါတယ်"ဟု မီဒီယာများသို့ ပြောကြား ခဲ့သည်။

ထို့ပြင် "ကျွန်မတို့ NLD အနေနဲ့ ရွေးကောက်ပွဲဝင်တဲ့အခါ ရှေ့တန်းတင်တဲ့ ကိစ္စကြီးသုံးရပ်ထဲမှာ ပြည်တွင်းငြိမ်းချမ်းရေး ပါပါတယ်။ ကျွန်မတို့ ဒီကိစ္စတွေကိုလည်း ရှင်းပြပါတယ်။ ဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ဟာ ဘယ်လို ဆက်စပ်နေတယ်ဆိုတာကို ကျွန်မတို့ ရှင်းပြပါတယ်။ ကျွန်မတို့ဟာ ဒီလုပ်ငန်းကြီးသုံးခုကို ပူးတွဲပြီးတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အခြေခံပေါ်မှာ မားမားမတ်မတ်နဲ့ ဆက်သွားမှာဖြစ်ပါတယ်"ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

"သံသယဆိုတာက တိုင်းရင်းသားနဲ့ အစိုးရရဲ့ကြားမှသာ မဟုတ်ပါဘူး။ တခြား အဖွဲ့အစည်းတွေကြားမှာလည်း ရှိပါတယ်။ အမှန်ပြောရမယ်ဆိုရင် အန်တီတို့နဲ့ SPDC အစိုးရကြားမှာလည်း ဒီလိုပဲ သံသယတွေ ရှိခဲ့တာပဲ။ သံသယတွေအားလုံး ကင်းစင်သွားပြီလားဆိုရင် အားလုံး ၁၀၀ ရာနှုန်း ကင်းစင်သွားတယ်လို့ မပြောနိုင်သေးဘူးလို့ အန်တီထင်ပါတယ်။ အဲဒါကြောင့်မို့လို့ သံသယတွေဆိုတာဟာ တိုင်းရင်းသားတွေနဲ့ အစိုးရကြားတင်မဟုတ်ဘူး။ အန်တီတို့ရဲ့ နိုင်ငံကို ညီညွတ်မှုမရစေတဲ့ သံသယတွေအားလုံး ကင်းစင်သွားဖို့ ဆို တာဟာ အားလုံးဝိုင်းလုပ်ရမဲ့ကိစ္စပါ။ အန်တီတို့တွေတင် လွှတ်တော်ထဲ ကနေ လုပ်ရမှာ မဟုတ်ပါဘူး။ အန်တီတို့ လွှတ်တော်ပြင်ပနိုင်ငံရေးကိုလည်း ဆက်လက်ပြီး အရှိန်အဟုန်မြှင့် လုပ်သွားမှာဖြစ်ပါတယ်"ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) သည် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးအဖွဲ့နှင့် ဧပြီလ ၆ ရက်နေ့က ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် တွေ့ဆုံနွေးခဲ့ပြီး အချက်ခြောက်ချက်ကို အဓိက ထား ဆွေးနွေးခဲ့ကာ ဆုံးဖြတ်ချက်အချက် ၁၃ ချက်ကို သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကို ကယ်တင်ခဲ့ကြောင်း ဦးခင်ညွန့် ပြောဆို

မကြာခင်က နေအိမ် အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ယခင်နအဖ စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ်က လွတ်မြောက်အောင် မိမိကိုယ်တိုင် ကြားဝင် ကယ်တင်ခဲ့ရကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက တွေ့ဆုံမေးမြန်းရာမှာ အဲဒီလို ပြောဆိုလိုက်တာပါ။၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒီပဲယင်း လုပ်ကြံမှုကြီးမှာ စစ်အစိုးရ ကျောထောက်နောက်ခံပြု လူအုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပါတယ်။
အဲဒီညမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ မိမိရဲ့လူတွေကို စေလွှတ်ခဲ့ကြောင်း၊ မိမိလူတွေက သူ့ကို အနီးကဘေးကင်းရာ တပ်စခန်းတစ်ခုကို ခေါ်ဆောင်သွားခဲ့ကြောင်း ဦးခင်ညွန့်က ဘန်ကောက်ပို့စ်ကို ပြောဆိုခဲ့ပါတယ်။

KNU ဆက်ဆံရေးရုံးတွေ ဖွင့်တော့မည်

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုဖို့အတွက် ကရင်အမျိုးသား အစည်းအရုံး KNU က ဆက်ဆံရေးရုံးတွေကို ဖွင့်လှစ်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်မှာဖြစ်ကြောင်း KNU ကိုယ်စားလှယ်အဖွဲ့က နော်မေဦးက ပြောပါတယ်။
ပဲခူးတိုင်းက ဆက်ဆံရေးရုံးကို ဧပြီလ ၉ ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်ပြီး ၁၀ ရက်နေ့မှာ ထားဝယ်မြို့မှာ ဖွင့်လှစ်မှာဖြစ်ကြောင်း သိရပါတယ်။

အာဆီယံလူ့အခွင့်အရေးကြေညာစာတမ်း ပွင့်လင်းဖို့ တောင်းဆို

အာဆီယံဒေသတွင်း နိုင်ငံတွေက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ကြေညာစာတမ်း ရေးဆွဲမှုဖြစ်စဉ်ကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ကြေညာပေးဖို့ အရှေ့တောင် အာရှနိုင်ငံတွေက လူထုအခြေပြု အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က AICHR ခေါ် အာဆီယံ အစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်းမူကြမ်း ရေးဆွဲခဲ့တဲ့ ကာလတလျှောက်လုံး ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ခွင့်မရခဲ့သလို ရေးဆွဲပြီးနောက်ပိုင်းလည်း ကော်မရှင်က လျှို့ဝှက်ချက်တစ်ခုလို ထားရှိနေတဲ့အပေါ် စိုးရိမ်ပူပန်တဲ့အတွက် အခုလို တောင်းဆိုရတာဖြစ်ကြောင်း မြန်မာ့မိတ်ဆွေများအဖွဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်း ရေးဆွဲရေးဖြစ်စဉ်မှာ အများလက်ခံယုံကြည်နိုင်မှု၊ ပူးပေါင်းပါဝင်မှု၊ ပွင့်လင်းမြင်သာမှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ ဖြစ်ရေးတွေအတွက် လူထုအခြေပြု အသိုင်းအ၀ိုင်းတွေနဲ့ အမြန်ဆုံး တွေ့ဆုံညှိနှိုင်းဖို့လည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် အာဆီယံ ဒေသတွင်းက ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်နိုင်ရေးအတွက် ဒီကြေညာစာတမ်းကို ရုံးသုံးအပြင် တိုင်းရင်းသား ဘာသာစကားနဲ့ပါ ထုတ်ပြန်ကြေညာပေးဖို့၊ အာဆီယံ အစိုးရများဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ သက်ဆိုင်သူအားလုံးနဲ့ ပွင့်လင်းမြင်သာမှုရှိပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ဆွေးနွေးညှိနှိုင်းပြီးမှသာ လာမဲ့ ဇူလိုင်လ ကျင်းပမဲ့ အာဆီယံဝန်ကြီးများ အစည်းအဝေးမှာ ဒီကြေညာချက် မူကြမ်းကိုတင်ပြဖို့ စတဲ့ အချက်တွေကိုလည်း တောင်းဆိုထားပါတယ်။
အာဆီယံဒေသတွင်း နိုင်ငံတွေက လူ့အခွင့်အရေး အခြေအနေတွေကို မြှင့်တင်နိုင်ရေးအတွက် AICHR အဖွဲ့ကို အာဆီယံအဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေနဲ့ ၂၀၀၉ ခုနှစ် အောက်တိုဘာလမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ကချင်လယ်မြေ ယုဇနကုမ္ပဏီသိမ်းယူမှု အကြောင်းပြန်ကြားချက် မရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က တောင်သူလယ်သမားတွေရဲ့မြေယာအသိမ်းခံရတဲ့ ကိစ္စကို မနှစ်ကတည်းက တရားစွဲဆိုထားတာ အခုချိန်ထိ တစုံတရာ ဘာမှ အကြောင်းပြန်ကြားချက် မရရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဝင် ဒေါ်ဘောက်ဂျာက ဦးဆောင်ပြီး တရားစွဲဆိုတဲ့ ကိစ္စခုထိ ဘာမှ အကြောင်းမထူးသေးဘူးလို့ ဖားကန့်မြို့နယ် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးတာရှီလာဆိုင်းက ပြောပါတယ်။
"နေပြည်တော်ကို တင်ထားတဲ့ လယ်ယာမြေ ကိစ္စလေ။ ၂၀၁၀ လောက်ကနေ စပြီး သူတို့ လုပ်နေတာ။ ပထမက သူတို့ တစ်ဧကကို ၈ သောင်းနှုန်း ပြောတယ်။ ဒါပေမဲ့ သူတို့ က သိမ်းထားတာ ၄ နှစ်ကြာသွားတာမို့ ဒီ ၄နှစ်တာ ကာလအတွက် နစ်နာကြေး လိုချင်တယ်ပေါ့။ နေပြည်တော်ကို ဦးတိုက်လျှောက်တဲ့အခါ ပြန်ပြီး ရှင်းတာ ဖြေကြားတာ မရှိဘူး။ ၄၅ ရက် ၆၀ ရက်မှာ အကြောင်းပြန်မယ်ပြောပြီး အခုအချိန်အထိ အကြောင်းမပြန်ဘူး။"
စိုက်ပျိုးရေးစီမံချက်တွေ အရ ဟူးကောင်းတောင်ကြားဒေသက မြေယာတွေကို ၂၀၀၇ ခုနှစ်ကစပြီး ယုဇနကုမ္ပဏီက သိမ်းခဲ့ရာမှာ မိုးညှင်းနဲ့ ဖားကန့်က ဒေသခံ ၆၀၀ ကျော်ရဲ့ မြေဧက ၁၃၀၀ ကျော်လည်း ပါရှိပါတယ်။
ဒီအထဲက ဒေသခံ ၂၁၀ ကျော်ဟာ အုပ်စုသုံးစုခွဲပြီး ယုဇနကုမ္ပဏီကို ၂၀၁၁ ဇူလိုင်လမှာ စတင် တရားစွဲခဲ့တာပါ။
ဒေါ်ဘောက်ဂျာဟာ ဖားကန့်မြို့နယ် NDF ပါတီ ရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်ကို ရှုံးနိမ့်ခဲ့ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်ဘောက်ဂျာရော NLD ကနေ ဦးတာရှီလာဆိုင်းပါ ဖားကန့် မြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပေမဲ့ နယ်မြေလုံခြုံရေး အကြောင်းပြချက်ကြောင့် ရွေးကောက်ပွဲ မ၀င်ခဲ့ရပါဘူး။

၈၈ ကျောင်းသားများ ရွေးကောက်ပွဲ အစီရင်ခံစာထုတ်ပြန်

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ ယေဘူယျအားဖြင့် အဆင်ပြေချောမွေ့ခဲ့တယ်လို့ သတ်မှတ်နိုင်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားတွေက ဒီကနေ့ ထုတ်ပြန်တဲ့ရွေးကောက်ပွဲ ဆိုင်ရာ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
စာမျက်နှာ ၁၀ မျက်နှာပါတဲ့ ရွေးကောက်ပွဲဆိုင်ရာအစီရင်ခံစာ မူကြမ်းကို အင်္ဂလိပ် မြန်မာနှစ်ဘာသာနဲ့ ထုတ်ပြန်ခဲ့ပြီး၊ ရန်ကုန် သင်္ကန်းကျွန်းမှာရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသား ရုံးခန်းမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ ပါတယ်။
ဒီအစီရင်ခံစာမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဖြစ်ပျက်ခဲ့တဲ့ အချက်အလက်တွေကို အသေးစိပ်ဖေါ်ပြထားပြီး၊ သင်္ခန်းစာယူနိုင်မယ့် အချက်တွေကိုလည်း အကြံပြုထားပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလမှာ အချို့သော မူမမှန်မှုများ၊ အငြင်းပွားဖွယ် မဲဆန္ဒရှင်စာရင်းများနဲ့ ပြည့်နှက်နေခဲ့ကြောင်း၊ ဒါပေမယ့် ရွေးကောက်ပွဲနေ့မှာတော့ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ကြောင်း စသည်ဖြင့် ဒီအစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ငြိမ်းချမ်းရေးအဖွဲ့နဲ့ RCSS ထပ်မံတွေ့ဆုံမည်

အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့ဟာ နယ်မြေသတ်မှတ်ရေး အပါအ၀င် မပြေလည်သေးတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီလကုန်ပိုင်းမှာ ဒုတိယအကြိမ် တွေ့ဆုံမယ်လို့ သိရပါတယ်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး အပါအ၀င် အချက် ၁၁ ချက်ကို မူအားဖြင့် သဘောတူ လက်မှတ်ထိုးထားပေမယ့် SSA တောင်ပိုင်းနယ်မြေထဲ အစိုးရတပ်တွေ ၀င်ရောက် တိုက်ခိုက်နေတာ၊ ဗဟိုဌာနချူပ်နယ်မြေ သတ်မှတ်ပေးထားတဲ့ နေရာတွေမှာ အခြေချလို့ မရသေးတဲ့ ပြဿနာတွေ ဖြေရှင်းဖို့ အတွက် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ဗဟိုဌာနချုပ်မှာ တာဝန်ရှိသူတွေ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဗိုလ်မှူး စိုင်းလောင်ဆိုင် ပြောပြတာက -
"အစိုးရနဲ့ ထပ်တွေ့ဖို့ နေ့ရက်တွေ ကျနော်တို့ မသတ်မှတ်ရသေးပါဘူး၊ အကြမ်းဖျဉ်း ကျနော်တို့ ဆက်ဆံရေး တာဝန်ခံတွေနဲ့ အလွတ်သဘောနဲ့ ညှိခြင်းပါ။ လကုန်ပိုင်းလောက်ပေါ့။ အဲ့အထိတော့ ကျနော်တို့ မှန်းထားတယ်လေ။"
ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဇန္န၀ါရီလလယ်ပိုင်းမှာ ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်က ဟိုမိန်းမြို့နယ်နဲ့ မိန်းထားမြို့နယ် တို့ကို SSA ဗဟိုဌာနချူပ်နယ်မြေ အဖြစ်သတ်မှတ်ပေးခဲ့ပြီး အခြေစိုက်နေထိုင် နိုင်ရေး အတွက်ကိုတော့ သက်ဆိုင်ရာ အောက်ခြေတပ်တွေနဲ့ ညှိနှိုင်းဆွေးနွေးသွားဖို့ သဘောတူခဲ့ကြပေမယ့် လက်တွေ့မှာ တြိဂံတိုင်း တိုင်းမှုးက ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။ ဒါတွေကို အသေအချာ ပြန်လည် ဆွေးနွေးသွားမှာဖြစ်တယ်လို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်း ကပြောပါတယ်။
"အဓိကတော့ လိုအပ်နေတဲ့ နယ်မြေကိစ္စ လက်တွေ့ဖော်ဆောင်တဲ့နေရာမှာ လတ်တလော ကြုံတွေ့နေရတဲ့ မပြေလည်သေးတဲ့ ဒီ နယ်မြေ သတ်မှတ်ရေး ကိစ္စပေါ့နော်။ နောက်ပြီးတော့ ဒီ ဖွံ့ဖြိုးရေး ကိစ္စရယ်၊ နောက်ပြီးတော့ အစိုးရတွေနဲ့အတူ ပူးပေါင်းပြီးတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စတွေရယ် ဒါတွေကို အဓိကထားပြီးတော့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။"
ဒါ့အပြင် အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်အောင် ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်တွေ ပေးဖို့ပါ ထည့်သွင်း ဆွေးနွေးသွားဖို့ ရှိကြောင်း ပြောပါတယ်။

လူထုအကျိုးပြုလုပ်ငန်း အမြန်စတင်မည် NLD ကြေညာချက်ထုတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ပြီးသွားတဲ့နောက် လူထုရဲ့ စီးပွားရေး၊ လူမှုရေးတွေ ပြန်လည်ပြုပြင်ရေးမှာ ဒီမိုကရေစီမူတွေနဲ့အညီ အမြန်ဆုံး စတင်ဆောင်ရွက်မယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။
ဒီအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အနည်းဆုံး သိန်းတရာ မ-တည်ပြီး ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ကော့မှူးမြို့နယ်မှာ စတင်မှာ ဖြစ်ပေမယ့် တပြည်လုံးမှာ လုပ်ဆောင်သွားဖို့ ရည်ရွယ်ကြောင်း NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။
NLD အနေနဲ့အရင်က ပြောဆိုထားတဲ့အတိုင်း ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဘောင်အတွင်းကနေ ဆောင်ရွက်သွားမယ်လို့ ဒီနေ့ကြေညာချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှေ့ဆုံးကနေ ပါဝင်ခဲ့တဲ့ ပြည်သူလူထု အပါအဝင်၊ နိုင်ငံတော်သမ္မတ၊ ပါတီတွေနဲ့ အဖွဲ့အစည်းတွေ၊ မီဒီယာသမားတွေကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း NLD က ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ တွေ့ဆုံပြီး ကြားဖြတ်ရွေးကောက်ပွဲတုန်းက အဖြစ်အပျက်တွေကို ပြန်လှန် သုံးသပ်သလို၊ နောင်လာမယ့် ရွေးကောက်ပွဲတွေ အတွက် ပြုပြင်စရာတွေ ဆွေးနွေးခဲ့ကြတယ်လို့ မိတ္ထီလာ မဲဆန္ဒနယ်က NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။
အခု အနိုင်ရလိုက်တဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ဒီလကုန်ပိုင်းလောက်မှာ လွှတ်တော်အစည်းဝေးတွေ စတင် တက်ရောက် နိုင်တော့မယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံ နိုင်ငံတကာ ပါလီမန်လွှတ်တော်များ သမဂ္ဂအဖွဲ့ဝင် ဖြစ်ပြီ

IPU ခေါ် နိုင်ငံတကာ ပါလီမန်လွှတ်တော်များ သမဂ္ဂက မြန်မာနဲ့ တောင်ဆူဒန်နိုင်ငံတို့ကို အဖွဲ့ဝင်အဖြစ် ကြာသပတေးနေ့က လက်ခံလိုက်ပါတယ်။
အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၀ ရှိတဲ့ IPU မှာတောင်ဆူဒန်က ၁၆၁ နဲ့ မြန်မာက ၁၆၂ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်သွားကြပါတယ်။
ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့မှာ ကျင်းပနေတဲ့ ၆ ရက်ကြာ IPU ညီလာခံ နောက်ဆုံးနေ့မှာ အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ရာဒီ က- " မြန်မာနဲ့ တောင် ဆူဒန်နိုင်ငံတွေ အသစ်ပါဝင်လာကြလို့ အခုဆိုရင် IPU မှာအဖွဲ့ဝင် ၁၆၂ နိုင်ငံ ရှိသွားပါပြီ။ အခုလို IPU အဖွဲ့ဝင်ဖြစ်လာတာဟာ သက်ဆိုင်ရာ နိုင်ငံတွေအတွက် သူတို့ရဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုမှာ စာမျက်နှာသစ် ဖွင့်လိုက်တာပဲဖြစ်ပါတယ်။ နိုင်ငံသစ်တွေကို IPU က ကြိုဆိုပါတယ်။ သူတို့ တိုင်းပြည်တွေမှာ ပါလီမန် ဒီမိုကရေစီစနစ် အခြေခံအုတ်မြစ်တွေ ခိုင်မာလာအောင် တည်ဆောက်တဲ့နေရာမှာ မိမိတို့က ကူညီထောက်ပံ့ အားပေးကြမှာ ဖြစ်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
IPU ခေါ် နိုင်ငံတကာ ပါလီမန်လွှတ်တော်များ သမဂ္ဂကို ၁၈၈၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ပါလီမန်ကိစ္စတွေ ဆွေးနွေးရေး၊ ငြိမ်းချမ်းရေး ဆောင်ရွက်ရေး၊ တိုင်းပြည် လူထုတွေကြား ပူးပေါင်းဆောင်ရွက်ရေး၊ ဒီမိုကရေစီစနစ် ခိုင်မာရေးတို့အတွက် ထူထောင်ခဲ့တာဖြစ်ပါတယ်။

လွဲမှားသည့် လုပ်ထုံးလုပ်နည်းအချို့၊ မမျှတသည့် စည်းမျဉ်းအချို့ဖြင့် ကန့်သတ် စိစစ်မှုများကြောင့် ပြည်ပမှ တင်သွင်းသူ ကားပိုင်ရှင်များ ထိခိုက်

ပြည်ပမှ ကားတင်သွင်းသူများ အနေဖြင့် လွဲမှားသော လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းအချို့တို့နှင့် ကန့်သတ် စိစစ်မှုများကြောင့် ထိခိုက်နစ်နာမှုများ ရှိနေကြောင်း သတင်းရရှိပါသည်။
အဓိကအားဖြင့် ဆိပ်ကမ်း၌ ယာဉ်စစ်ဆေးမှု အပိုင်းရှိ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းအချို့၊ ကွဲလွဲချက်များအပေါ် ဒဏ်တပ်ရိုက်သည့် နှုန်းထားများ စသည်တို့မှာ ကားတင်သွင်းသူများအပေါ် အထိခိုက်ဆုံးဖြစ်ကြောင်း ကားတင်သွင်းသူများက ပြောကြားခဲ့ကြသည်။
လက်ရှိကြုံတွေ့နေရသည့် အဓိက ပြဿနာမှာ ဂျပန်နိုင်ငံတွင် ကားလေလံတင် ရောင်းချသည့် ကုမ္ပဏီများမှ ထုတ်ပြန်ထားသည့် ကားထုတ်လုပ်သည့် ခုနှစ်နှင့်မြန်မာနိုင်ငံမှ ဌာနဆိုင်ရာ တာဝန်ရှိသူများစစ်ဆေးသည့် ကားထုတ်လုပ်သည့် ခုနှစ်လွဲမှားကာ အပြင်းထန်ဆုံး ဒဏ်ကြေးတပ်ရိုက်မှုဖြင့် ရင်ဆိုင်ရသည့် အခက်အခဲဖြစ် ဖြစ်ကြောင်း သိရသည်။
သတ်မှတ် မော်ဒယ်အတိုင်း တင်သွင်းသော်လည်း ဆိပ်ကမ်းအရောက် စစ်ဆေးမှုတွင် မော်ဒယ်တစ်နှစ်နိမ့်သည့်အတွက် ဒဏ်ကြေးသုံးဆ တပ်ရိုက်ရာ ကားဟောင်းများအပ်ကာ ကားသစ်တင်သွင်းသူများမှာ ကားဖိုးအဆုံးခံကာ မရွေးယူနိုင်တော့သည့် အခြေအနေများ ကြုံရကြောင်း၊ သင်္ဘောသားများ အနေဖြင့်လည်း ထိုသို့ ကြုံ တွေ့နေပြီး ပြန်လည်ရွေးယူရန် မတတ်နိုင်တော့သည့် အခြေအနေ ရောက်ရှိနေကြောင်း သိရသည်။ ယခုစစ်ဆေးသည့် ဌာနမှ လွဲမှားသည်ဟု သတ်မှတ်သော်လည်း အမှန်တကယ် တင်သွင်းသူ ကားပိုင်ရှင်များမှာမူ လွဲမှားကာ တင်သွင်းခြင်း မဟုတ်ဘဲ ကားထုတ်လုပ်ကာ နိုင်ငံတကာသို့ ရောင်းချနေသည့် ဂျပန်နိုင်ငံမှ တရားဝင် ထုတ်ပြန်ထားချက်များ အတိုင်း တင်သွင်းခဲ့ခြင်းများသာဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။
လက်ရှိတွင် အခက်အခဲရှိနေသူ ကားပိုင်ရှင်များအတွက် သက်ဆိုင်ရာဌာနများမှ OSS အဖွဲ့သို့ တင်ပြပေးထားကြောင်း၊ OSS အဖွဲ့ မှလည်း စိစစ်ကာ ဆက်လက် တင်ပြရန်ရှိကြောင်း၊ OSS အဖွဲ့တွင် ပါဝင်သည့် ၀န်ကြီးဌာနများမှလည်း မိမိတို့ ပြင်ဆင်ပေးသင့်သည့် အချက်များကို တင်ပြထားကြောင်း သတင်း ရရှိပါသည်။

မြစ်ဆုံစီမံကိန်းတွင် လုံခြုံရေးတပ်ဖွဲ့တစ်ချို့သာ ကျန်ရှိတော့ပြီး စက်ယန္တရားများကိုလည်း ရွှေ့ထုတ်၊ ပြန်သယ်ခြင်းများ ပြုလုပ်ရန် စီစဉ်နေသည်ဟု သိရကြောင်းနှင့် စီမံကိန်းဆက်လက်လုပ်ဆောင်နေမှု လုံးဝမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းပြောကြား

မြစ်ဆုံစီမံကိန်းတွင် လုံခြုံရေးတပ်ဖွဲ့ အချို့သာ ကျန်ရှိတော့ပြီး  စက်ယန္တရား ပစ္စည်းများကိုလည်း ရွှေ့ထုတ်၊ ပြန်သယ်ခြင်းများ ပြုလုပ်ရန် စီစဉ်နေသည်ဟု သိရကြောင်းနှင့် ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတွင် လုံခြုံရေးတပ်ဖွဲ့အချို့သာ ကျန်ရှိတော့ပြီး စက်ယန္တရား ပစ္စည်းများကိုလည်း ရွှေ့ထုတ်ခြင်း၊ ပြန်သယ်ခြင်းများ ပြုလုပ်သွားရန် စီစဉ်နေသည်ဟု သိရကြောင်းနှင့် စီမံကိန်း ဆက်လက် လုပ်ဆောင်နေမှု လုံးဝမရှိပါကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက ပြောကြားခဲ့ပါသည်။ အဆိုပါအချက်ကို ဧပြီလ ၆ ရက်နေ့က ရန်ကုန်မြို့ရှိ Sedona Hotel တွင် ပြုလုပ်ခဲ့သော ကေအန်ယူ-ကရင် အမျိုးသား အစည်းအရုံး နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့၏ ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးမှု သတင်းစာရှင်းလင်းပွဲ တွင် ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း မှ Sky Net ရုပ်သံမှ မေးမြန်းမှုကို ဖြေကြားရာတွင် ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် Sky Net ရုပ်သံမှ ဒေါက်တာတင်အောင်ရွှေက မြစ်ဆုံစီမံကိန်း အား သမ္မတကြီးမှ ယခုအစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းထားမည်ဟု ကြေညာ ထားသော်လည်း ပြည်လည် လုပ်ဆောင်နေသည်ဟု သတင်းများ ထွက်နေခြင်းနှင့် ပတ်သက်၍ တကယ် ဟုတ်၊ မဟုတ် ပြောကြားပေးပါရန် မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက “မြစ်ဆုံနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတကြီးက လွှတ်တော်မှာ သ၀ဏ်လွှာပို့ပြီးတော့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားဖို့ ကြေညာခဲ့ပါတယ်။ အစိုးရအဖွဲ့ အကြီးအကဲ နိုင်ငံတော်သမ္မတ ဆုံးဖြတ်ထားတဲ့ ကိစ္စ၊ လွှတ်တော်မှာ အတည်ပြု ကြေညာထားတဲ့ ကိစ္စဖြစ်ပါတယ်။ အစိုးရ အဖွဲ့အကြီးအကဲ နိုင်ငံတော်သမ္မတ နဲ့ လွှတ်တော်တို့က ဆုံးဖြတ်ထားတဲ့ကိစ္စ၊ အတည်ပြုထားတဲ့ ကိစ္စကို ၀န်ကြီးဌာနက ဆက်လုပ်စရာ ဘာမှမရှိပါဘူး။ လုပ်နေတာလည်း မရှိပါဘူး။ လုံးဝ ရပ်ဆိုင်းထားပါတယ်။ သို့သော်လည်း စီမံကိန်းက စတင်လုပ်ဆောင်တဲ့အချိန်က သုံး၊ လေး နှစ်လောက်ရှိခဲ့တဲ့ အခါကျတော့ သုံးခဲ့တဲ့ စက်ယန္တရားတွေ၊ ယာဉ်တွေ၊ စက်ကိရိယာတွေ၊ တချို့သော တည်ဆောက်ရေး ပစ္စည်းတွေ၊ ဥပမာအားဖြင့် သံချောင်းလို ဟာမျိုးတွေပေါ့။ နောက်စမ်းသပ် စစ်ဆေးရတဲ့ Laboratory ပစ္စည်း၊ ပစ္စယမျိုးတွေစသဖြင့် ချက်ချင်းရွှေ့ထုတ်လို့မရတဲ့ ပစ္စည်းတွေကျန်ပါတယ်။ အဲဒါတွေ ကို မပျောက်ပျက်အောင် စောင့်ရှောက်ပေးနေတဲ့ လုံခြုံရေးတပ်ဖွဲ့တချို့ တော့ကျန်ပါတယ်။ စက်ယန္တရား ပစ္စည်းတွေကိုလည်း ရွှေ့ထုတ်ဖို့၊ ပြန်သယ်ဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။ စီမံကိန်း ဆက်လက် လုပ်ဆောင်နေမှု လုံးဝမရှိကြောင်း တင်ပြအပ်ပါတယ်”ဟု ပြန်လည်ဖြေကြား သွားခဲ့ပါသည်။

သွင်းကုန် အကောက်ခွန်နှုန်းထားနှင့် သွင်းကုန်လိုင်စင်ကြေး ပြင်ဆင်သတ်မှတ်၊ အခွန်ကင်းလွတ် ခွင့်ရထားသော အထူးစီးပွားရေး လုပ်ငန်းကြီးများပါ အခွန်ပေးဆောင်ရမည် 

ဧပြီလ၁ရက်နေ့မှစ၍ သွင်းကုန် အကောက်ခွန် နှုန်းထားများနှင့် သွင်းကုန်လိုင်စင်ကြေး ပြင်ဆင်သတ်မှတ်ခဲ့ပြီး အခွန်ကင်းလွတ် ခွင့်ရထားသော အထူးစီးပွားရေး လုပ်ငန်းကြီးများပါ အခွန်များ ပေးဆောင်ရမည် ဖြစ်ကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။
ယခင်က ကုန်ပစ္စည်းတန်ဖိုး၏ ၂၀ရာခိုင်နှုန်းကို ကျပ် ၄၅၀ဖြင့် မြှောက်ပြီးပေးသွင်းရသည့် အကောက်ခွန်နှုန်းကို ကုန်ပစ္စည်းတန်ဖိုး၏ ၅ ရာခိုင်နှုန်းကို ကျပ် ၈၁၅ဖြင့် မြှောက်ပြီးပေးသွင်းရန် သတ်မှတ်ခဲ့ကြောင်း၊ ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ကောက်ခံသော သွင်းကုန်လိုင်စင်ကြေးကို ယခင်က အမေရိကန် ၁ဒေါ်လာလျှင် ကျပ် ၆ ဒသမ ၃ ၀န်းကျင်ဖြင့် မြှောက်ပြီး တွက်ချက်ရာမှ ဈေးကွက်ပေါက်ဈေး ဖြင့် တွက်ချက် ကောက်ယူမည်ဖြစ်ကာ လက်ရှိအချိန်တွင် သွင်းကုန်လိုင်စင် တစ်စောင်လျှင် ကျပ်၅၀၀၀၀နှုန်းဖြင့် ကောက်ခံနေကြောင်း သိရပါသည်။
မြန်မာနိုင်ငံ ပါဝင်နေသော ဒေသတွင်း အဖွဲ့အစည်းတစ်ခုဖြစ်သည့် အာဆီယံအဖွဲ့၏ ဦးစားပေးကဏ္ဍများ ပေါင်းစည်းရေးအတွက် အာဆီယံ သဘောတူစာချုပ် (ASEAN Frame- work Agreement for The Integration of the Priority Sectors) အရ ၂၀၁၃ခုနှစ်၊ ၂၀၁၅ခု နှစ်များတွင် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများမှ တင်သွင်းလာသော ကုန်ပစ္စည်းအများစုကို အကောက်ခွန် ကင်းလွတ်ခွင့်ပေးရမည် ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အကောက်ခွန် လုံးဝဖယ်ရှားပေးရမည် ဖြစ်ကြောင်း သိရပါသည်။
အသစ်ပြင်ဆင် ပြဋ္ဌာန်းခဲ့သော အခွန်ဥပဒေသစ်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် အမိန့်ကြော်ငြာစာများအရ ၂၀၁၁-၂၀၁၂ဘဏ္ဍာရေး နှစ်တွင် အခွန်ပမာဏ ရရှိမှု တိုးမြင့်လာမည်ဖြစ်ပြီး ၂၀၁၀-၂၀၁၁ ဘဏ္ဍာ ရေးနှစ်က အခွန်အရပ်ရပ်ပေါင်း ကျပ်သန်း ၁၂၂၂၈၅၇ ရရှိခဲ့ကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံသို့ တင်သွင်းလာသော သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဘီလျံဝန်းကျင်ရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှု များပြားနေခြင်းကြောင့် လက်ရှိ ဘဏ္ဍာရေးနှစ်တွင် ယမန် နှစ်ကထက် သွင်းကုန်ပမာဏ ပိုမိုများပြားနိုင်ကြောင်း ကုန်သွယ်ရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

Lwin Pwin
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

0 comments:

Post a Comment