မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (မူကြမ်း)
by Maung Wuntha

 
မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (မူကြမ်း)ကို ပြည်တွင်းပြည်ပသတင်းမီဒီယာသမားများလေ့လာဆွေးနွေး အကြံပေးနိုင်အောင် တင်ပြလိုက်ပါတယ်။
၂၀၁၂ မေလမကုန်မီ ဝေဖန် အကြံပေးချက်များ ပြန်လည်ပေးပို့ကြပါရန်။ ဝေဖန် အကြံပေးသူများသည်
ပြည်တွင်း ပြည်ပ သတင်းမီဒီယာသမားများနှင့် သတင်းဆိုင်ရာ ပညာရှင်များသာ ဖြစ်ရပါမည်။  အမည်နှင့် သတင်းအဖွဲ့အစည်းအမည်ကို ဖော်ပြပေးပါရန်။
mja2012.org  ဖြစ်စေ၊ mmjaorg@gmail.com ကိုဖြစ်စေ၊ ကျွန်တော့်ရဲ့ maungwuntha@gmail.comကို ဖြစ်စေ ပေးပို့နိုင်ပါတယ်။
 Myanmar Journalists Association - MJA
Constitution (Draft)

 နိဒါန်း

၁။ မြန်မာနိုင်ငံတွင် အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုကာလများမှစ၍ ၁၉၆၂ခုနှစ်အထိ လွတ်လပ်သော သတင်းစာဆရာအသင်း၊ သတင်းထောက်အသင်းနှင့် စာရေးဆရာအသင်းများ ဖွဲ့တည်ခဲ့ပေသည်။ ထိုနောက်တစ်ပါတီစနစ်အောက်တွင် မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့ဟူ၍ စာရေးဆရာအဖွဲ့ခွဲနှင့်သတင်းစာဆရာအဖွဲ့ခွဲကို ပေါင်းစု ဖွဲ့စည်းခဲ့ပေသည်။ ထိုနောက် ၁၉၈၈ခုနှစ်မှ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အစိုးရများအောက်တွင် မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ဟူ၍ ဖွဲ့စည်းတည်ရှိခဲ့ပေသည်။
၂။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့ပြီး ယင်း ရွေးကောက်ပွဲ ရလာဒ်အရ  ၂၀၁၁ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က ရွေးချယ်တင်မြှောက်သော ပြည်ထောင်စု အစိုးရတစ်ရပ် ပေါ်ပေါက်လာပေသည်။ ထိုနောက် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄(ဂ)ပါ ပြည်သူ့အခွင့်အရေးတစ်ရပ်ဖြစ်သည့် အသင်းအဖွဲ့သို့မဟုတ် အစည်းအရုံးများ လွတ်လပ်စွာ ဖွဲ့စည်း ဆောင်ရွက်ခွင့်နှင့်အညီ  မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ကို ဖျက်သိမ်းပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းနှင့် မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေဖြန့်ချိသူများ အသင်းဟူ၍  အစိုးရအဖွဲ့အစည်း မဟုတ်သည့် သီးခြား လွတ်လပ်သော အသင်းအဖွဲ့ NGO) များအဖြစ် ဖွဲ့စည်းတည်ထောင်သွားရန် ၂၀၁၂ခုနှစ် မတ်လ ၂၄ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသော မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ အရေးပေါ်ညီလာခံက ဆုံးဖြတ်ခဲ့ပေသည်။   
၃။ ၁၉၈၈ခုနှစ်မှစ၍ မြန်မာနိုင်ငံပြည်သူများသည် ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်ရေးကို စွန့်လွှတ် စွန့်စားမှုများစွာဖြင့် ဦးတည် ကြိုးပမ်းလျက်ရှိရာ ပြည်သူများ၏ သဘောထားထင်မြင်ချက်ကို ထင်ဟတ်ခြင်းနှင့် ဦးဆောင်ခြင်း ပြုလုပ်နိုင်စွမ်း ရှိသည့် စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာများ၏ အခန်းကဏ္ဍသည် ယခင်ကထက် ပို၍ အရေးပါလာပေသည်။ သို့ဖြစ်ရာ  ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ထွန်းရေးနှင့် ရေရှည်တည်တံခိုင်မြဲရေးအတွက် ထိရောက်စွာ အထောက်အကူ ပြုနိုင်ရန်အလို့ငှာလည်းကောင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်ကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ရရှိခံစားနိုင်ရန်နှင့် သတင်းမီဒီယာသမားများ၏ လွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်ပိုင်ခွင့်ကို  အကာအကွယ်ပေးရန်အလို့ငှာလည်းကောင်း သတင်းမီဒီယာလောကသားများအား ကိုယ်စားပြုသည့် မြန်မာနိုင်ငံသတင်းစာဆရာအသင်းကို ဖော်ပြပါ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းနှင့်အညီ ဖွဲ့စည်းတည်ထောင်လိုက်ပေသည်။  

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

အမည်

၎။ ဤအသင်းကို မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း (Myanmar Journalists Association - MJA) ဟု ခေါ်တွင်စေရမည်။
၅။ ဤဖွဲ့စည်းပုံစည်းမျဉ်းတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။
    (က) သတင်းစာဆိုသည်မှာ သတင်း၊ ဆောင်းပါး၊ အာဘော်၊ ကာတွန်း၊ သတင်းဓာတ်ပုံ၊ ကြော်ငြာစသည်တို့ ပါရှိသော နေ့စဉ်ထုတ် စာစောင်ကို ဆိုသည်။
    (ခ) ဂျာနယ် ဆိုသည်မှာ (မြန်မာနိုင်ငံတွင် အများ သိရှိလက်ခံထားသော သဘောသဘာဝအရ) တစ်ပတ်တစ်ကြိမ် (သို့မဟုတ်) နှစ်ပတ်တစ်ကြိမ် အချိန်မှန် ထုတ်ဝေသော သတင်း၊ ဆောင်းပါး၊ အာဘော်၊ ကာတွန်း၊ သတင်းဓာတ်ပုံ၊ ကြော်ငြာစသည်တို့ပါရှိသည့် စာစောင် ဖြစ်သည်။
    (ဂ) သတင်းမဂ္ဂဇင်း ဆိုသည်မှာ ဂျာနယ်နှင့်အလားတူ တစ်ပတ်တစ်ကြိမ်ဖြစ်စေ၊ နှစ်ပတ်တစ်ကြိမ်ဖြစ်စေ၊ တစ်လတစ်ကြိမ် ဖြစ်စေ အချိန်မှန် ထုတ်ဝေသော စာစောင်ဖြစ်သည်။
    (ဃ) သတင်းဌာန ဆိုသည်မှာ ယခင်အခေါ် ကြေးနန်းသတင်းဌာန (Wire News Service)၊ သတင်းအေဂျင်စီ (News Agency) စသည်တို့ကို ဆိုသည်။
    (င) ရေဒီယို ဆိုသည်မှာ  ပြည်တွင်းအခြေစိုက်နှင့် ပြည်ပအခြေစိုက် အသံလွှင့်ဌာနများကို ဆိုသည်။
    (စ) ရုပ်သံ ဆိုသည်မှာ ပြည်တွင်းအခြေစိုက်နှင့် ပြည်ပအခြေစိုက် ရုပ်မြင်သံကြား (Television Station) ဌာနများကို ဆိုသည်။
    (ဆ) အွန်လိုင်း မီဒီယာ ဆိုသည်မှာ အများသူငါ ဖတ်နိုင်ရန် အင်တာနက်ကို အသုံးပြု၍ သတင်း၊ သတင်းဓာတ်ပုံ၊ ဆောင်းပါး၊ ဝေဖန်ချက်စသည်တို့ကို ရေးသားတင်ပြသည့် သတင်းလုပ်ငန်း (Website, Face book or Blog)များကို ဆိုသည်။
    (ဇ) အသင်း ဆိုသည်မှာ (ရှေ့တွင် ဖော်ပြသော အပိုဒ်များ၌ ရှေ့နောက်ဆန့်ကျင်မှု မရှိလျှင်) မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းကို ဆိုသည်။ အသင်းဝင် ဆိုသည်မှာ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ အသင်းသူ၊ အသင်းသားများကို ဆိုသည်။ သဟာယ အသင်းဝင် ဆိုသည်မှာ မြန်မာနိုင်ငံသား မဟုတ်သော မြန်မာနိုင်ငံဆိုင်ရာ သတင်းမီဒီယာလုပ်ငန်း တစ်စုံတစ်ရာကို လုပ်ကိုင်နေသူများထဲမှ အသင်းဝင်အဖြစ် ပါဝင်လာသူကို ဆိုသည်။ စည်းမျဉ်း ဆိုသည်မှာ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ ဖွဲ့စည်းပုံ အခြခံ စည်းမျဉ်းကို ဆိုသည်။
    (ဈ) ပြည်နယ်/ တိုင်းဒေသကြီး သတင်းစာဆရာအသင်း ဆိုသည်မှာ မြန်မာနိုင်ငံသတင်းစာဆရာ အသင်း၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့်အညီ ဖွဲ့စည်း ထားသည့် ပြည်နယ်^ တိုင်းဒေသကြီး သတင်းစာဆရာအသင်း (သို့မဟုတ်) စည်းရုံးရေးကော်မတီကို ဆိုသည်။
    (ည) ပြည်နယ်/ တိုင်းဒေသကြီး သတင်းစာဆရာအသင်း အမှုဆောင်အဖွဲ့ ဆိုသည်မှာ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့်အညီ ပြည်နယ်/ တိုင်းဒေသကြီး အသီးသီး၏ အသင်းဝင်များ မျက်နှာစုံညီအစည်းအဝေးက ရွေးကောက်တင်မြှောက်ထားသော အမှုဆောင်အဖွဲ့ကို ဆိုသည်။
    (ဋ) ဗဟို ဦးစီးအဖွဲ့ ဆိုသည်မှာ ဤ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းနှင့်အညီ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံက လျှို့ဝှက်မဲစနစ်ဖြင့် ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားပြုအဖွဲ့ကို ဆိုသည်။
    (ဌ) ဗဟိုအမှုဆောင်အဖွဲ့ ဆိုသည်မှာ ဤ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းနှင့်အညီ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံက ရွေးကောက်တင်မြှောက်လိုက်သော ဗဟိုဦးစီးအဖွဲ့က ရွေးချယ်တာဝန်ပေးသည့်  အမှုဆောင်အဖွဲ့ကို ဆိုသည်။
    (ဍ) ဗဟိုစာရင်းစစ်အဖွဲ့ ဆိုသည်မှာ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံက ရွေးကောက်တင်မြှောက်လိုက်သော ဗဟိုဦးစီးအဖွဲ့က ရွေးချယ်တာဝန်ပေးသည့် စာရင်းစစ်အဖွဲ့ ဖြစ်သည်။
    (ဎ) လုပ်ငန်း ကော်မတီ ဆိုသည်မှာ ဤ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းနှင့်အညီ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဗဟိုအမှုဆောင်အဖွဲ့ကို အထောက်အကူပြုမည့် အသင်းဝင်များ၏ အခွင့်အရေးကို အကာအကွယ်ပေးရေး၊ စည်းရုံးရေး၊ လှုံ့ဆော်ပညာပေးရေး၊ သက်သာချောင်ချိရေး၊ ကျင့်ဝတ်ထိန်းသိမ်းရေး၊ အရည်အသွေး မြှင့်တင်ရေး၊ နိုင်ငံတကာဆက်ဆံရေး စသည့်လုပ်ငန်းများအတွက် ဖွဲ့စည်းပေးသည့် လုပ်ငန်းကော်မတီများကို ဆိုသည်။
    (ဏ) အခြေခံအဖွဲ့ ဆိုသည်မှာ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ အသင်းဝင်များအနက် လုပ်ငန်းသဘာဝ ကွဲပြားခြားနားမှုအလိုက် အမျိုးအစားခွဲခြားထားသော အခြေခံအဖွဲများ ဖြစ်သည့် (က) ပုံနှိပ်မီဒီယာ အခြေခံအဖွဲ့ (ခ) ရေဒီယို နှင့် ရုပ်သံ အခြေခံအဖွဲ့၊ (ဂ) သတင်းဌာနများအခြေခံအဖွဲ့၊ (ဃ) အွန်လိုင်းမီဒီယာအခြေခံအဖွဲ့ တို့ကို ဆိုသည်။

အခန်း (၂)
ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်

၆။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ ရည်ရွယ်ချက်များ။
    (က) စာနယ်ဇင်းလွတ်လပ်ခွင့်ကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ရရှိခံစားနိုင်ရေး၊
    (ခ) သတင်းမီဒီယာသမားများ၏ လွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်ပိုင်ခွင့်ကို  အကာအကွယ်ပေးရေး၊
    (ဂ) စာနယ်ဇင်းကျင့်ဝတ်များကို မြှင့်တင်ရင်း အင်အားတောင့်တင်းသော စတုတ္ထမဏ္ဍိုင် တည်ဆောက်ရေး၊
    (ဃ) သတင်းမီဒီယာသမားတို့၏ ခေတ်မီသတင်းပညာ လေ့လာဆည်းပူးခွင့်ကို အားပေးမြှင့်တင်ရေး၊
    (င) သတင်းမီဒီယာသမားတို့၏ လူမှုဘ၀တိုးတက်ရေး၊ သက်သာချောင်ချိရေးကိစ္စများကို ဆောင်ရွက်ရေး၊
    (စ) မြန်မာနိုင်ငံရှိ သတင်းစာဆရာများနှင့် နိုင်ငံတကာ သတင်းစာဆရာများ ချစ်ကြည်ရင်းနှီးမှုကို တိုးချဲ့တည်ဆောက်ရေး၊

၇။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ လုပ်ငန်းစဉ်များ။
    (က) သတင်းမီဒီယာသမားများ ရရှိ ခံစားအပ်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊
    (ခ) တိကျမှန်ကန်သည့် သတင်းများ ရေးသားထုတ်ပြန်ခြင်းကို အားပေးရန်၊
    (ဂ) ခိုင်မာတောင့်တင်းသော စတုတ္ထမဏ္ဍိုင်အဖြစ် တည်ဆောက်ရန်၊
    (ဃ) ခေတ်မီ သတင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်၊ (အဆင့်မြင့် သတင်းပညာ သင်တန်း ကျောင်း တည်ထောင်ရန်)
    (င) သတင်းမီဒီယာသမားများ၏ လူမှုရေးကိစ္စများ၊ သက်သာချောင်ချိရေးကိစ္စများတွင် ကူညီဆောင်ရွက်ရန်၊
    (စ) မြန်မာနိုင်ငံသတင်းစာဆရာအသင်းနှင့် နိုင်ငံတကာ သတင်းစာဆရာအသင်းများ ပေါင်းကူး ဆက်သွယ်၍ မြနိမာနိုင်ငံတွင် သတင်းနည်းပညာများ ဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်ရန်၊

အခန်း (၃)

အသင်း တည်နေရာနှင့် တံဆိပ်အမှတ်အသား

(၈) တည်နေရာ
    မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ တည်နေရာသည် ရန်ကုန်မြို့တွင် ဖြစ်ရမည်။
(၉) တံဆိပ်အမှတ်အသား၊ ဆောင်ပုဒ်နှင့် အလံ
    (က) မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ တံဆိပ်အမှတ်အသားမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။
        (ဗဟိုအမှုဆောင်အဖွဲ့က သတ်မှတ်ရန်)
    (ခ) မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ ဆောင်ပုဒ်မှာ အောက်ပါအတိုင်း ဖြစ်သည်။
        (ဗဟိုအမှုဆောင်အဖွဲ့က သတ်မှတ်ရန်)
    (ဂ) မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ အလံမှာ အောက်ပါအတိုင်း ဖြစ်သည်။
        (ဗဟို အမှုဆောင်အဖွဲ့က သတ်မှတ်ရန်)
(၁၀) ရုံးတံဆိပ်
    အောက်ဖော်ပြပါတံဆိပ်သည် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ ရုံးတံဆိပ်ဖြစ်သည်။
        (ဗဟိုအမှုဆောင်အဖွဲ့က သတ်မှတ်ရန်)

အခန်း (၄)

အသင်းဝင်ဖြစ်ခြင်း

၁၁။ အသင်းဝင်ဖြစ်ခြင်း
    ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများသည် လူမျိုး၊ ဘာသာ၊ အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုမရှိဘဲ မြန်မာနိုင်ငံသတင်းစာဆရာအသင်းသို့ ၀င်ခွင့်ရှိသည်။

    (က) ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်ရမည်။
    (ခ) အသက် ၁၈နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
    (ဂ) မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ယုံကြည်လက်ခံ၍ လိုက်နာရန် ကတိပြုသူဖြစ်ရမည်။
    (ဃ) မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ပေးအပ်သော တာဝန်နှင့် ၀တ္တရားများကို မမှိတ်မသုန် ထမ်းဆောင်ရန် ကတိပြုသူဖြစ်ရမည်။
    (င) သတ်မှတ်ထားသော အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးများကို မပျက်မကွက် ပေးဆောင်ရန်ကတိပြုသူ ဖြစ်ရမည်။
    (စ) အသင်းဝင်ပုံစံတွင် မြန်မာနိုင်ငံသတင်းစာဆရာ အသင်းဝင် ၂ ဦး၏ ထောက်ခံချက် ပါရှိရမည်။
    မှတ်ချက်။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ အမှုဆောင်အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီတစ်စုံတစ်ခု၏ အဖွဲ့ဝင်မဖြစ်စေရ။ မူလက ပါတီဝင်ဖြစ်ခဲ့လျှင် အမှုဆောင်အဖွဲ့တာဝန်ကို ထမ်းဆောင်ချိန်တွင် ပါတီအဖွဲ့ဝင်အဖြစ်ကို စွန့်လွှတ်ရမည်။
၁၂။ အောက်ပါ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများသည် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းဝင်အဖြစ် ပါဝင်ခွင့်ရှိသည်။
    (က) လက်ရှိ သတင်းစာ၊ သတင်းဂျာနယ်၊ သတင်းမဂ္ဂဇင်း၊ သတင်းအေဂျင်စီ၊ ရေဒီယို၊ ရုပ်သံ၊ အွန်လိုင်း မီဒီယာစသော သတင်းလုပ်ငန်းတစ်ခုခုတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သတင်းထောက်၊ အယ်ဒီတာ၊ ဆောင်းပါးရှင်၊ သတင်းဘာသာပြန်၊ သတင်းကြေညာသူ၊ အစီအစဉ် တင်ဆက်သူ၊ ဓာတ်ပုံဆရာ၊ ကာတွန်းဆရာ၊  စာပြင်ဆရာ၊ နှင့် အလွတ်သတင်းသမားများ။
    (ခ) လက်ရှိ သတင်းလုပ်ငန်းတစ်ခုခုတွင် တာဝန်ထမ်းဆောင်နေခြင်းမရှိသော်လည်း ယခင်က  တစ်နှစ်ထက် မနည်း သတင်းမီဒီယာ ဆက်စပ်အလုပ်တာဝန် ဆောင်ရွက်ခဲ့သူများ။
    (ဂ) တည်ဆဲ သတင်းအဖွဲ့အစည်းတစ်ခုခုမှ သတင်းမီဒီယာသမားအဖြစ် အသိအမှတ်ပြု ထောက်ခံချက် ပေးသူများ။
၁၃။ အသင်းဝင်အမျိုးအစား
    အသင်းဝင်များကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားထားရှိသည်။
    (က) သာမန်အသင်းဝင်
    (ခ) ရာသက်ပန်အသင်းဝင်
    (ဂ) ဂုဏ်ထူးဆောင်အသင်းဝင်
    (ဃ) သဟာယ အသင်းဝင
၁၄။ သာမန်အသင်းဝင်
    (က) အသင်း၏ စည်းမျဉ်း အခန်း ၄ အပိုဒ် (က) (ခ) (ဂ)နှင့် ညီညွတ်သူ မည်သူမဆို သာမန်အသင်းဝင်အဖြစ် လက်ခံနိုင်သည်။

    (ခ)သာမန်အသင်းဝင်သည် အသင်းဝင်သက်တမ်း ၃ နှစ်အနည်းဆုံး ရှိပြီးမှသာ အသင်း၏ အမှုဆောင် တာဝန်များတွင် ပါဝင် အရွေးခံခွင့်ရှိသည်။
    (ဂ) သာမန်အသင်းဝင်သည် အသင်းဝင် စတင်ဖြစ်ချိန်မှစ၍ အသင်း အမှုဆောင်ရွေးပွဲများတွင် ပါဝင် မဲပေးခွင့်ရှိသည်။
၁၅။ ရာသက်ပန် အသင်းဝင်
    (က) သာမန်အသင်းဝင်အဖြစ် ၅ နှစ် ဆက်တိုက်ပါဝင်ပြီးသူတစ်ဦးသည် သတ်မှတ် ထားသော ရာသက်ပန် အသင်ဝင်ကြေးများကို တစ်ကြိမ်တည်း ပေးသွင်းပြီး ရာသက်ပန်အသင်းဝင်အဖြစ် အဆိုပြုပါက ၄င်းအား ရာသက်ပန် အသင်းဝင်အဖြစ် လက်ခံနိုင်သည်။
    (ခ) ရာသက်ပန် အသင်းဝင်သည် အသင်း၏ အမှုဆောင်အဖွဲ့တာဝန်များအတွက် ပါဝင်အရွေးခံခွင့်၊ မဲပေးခွင့်များ ရှိသည်။
၁၆။ ဂုဏ်ထူးဆောင် အသင်းဝင်
    (က) ပြည်တွင်းပြည်ပ သတင်းမီဒီယာလောက၏ ကောင်းကျိုးအတွက် စွမ်းစွမ်းတမံ ထူးထူးခြားခြား ဆောင်ရွက်ခဲ့သူဟု ဗဟိုအမှုဆောင်အဖွဲ့က ထောက်ခံတင်ပြသော အသင်းဝင်ဖြစ်စေ၊ အသင်းဝင်မဟုတ်သူဖြစ်စေ၊ ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှ ဖြစ်စေ၊ ပုဂ္ဂိုလ် ^ ပုဂ္ဂိုလ်များအား ညီလာခံကသော်လည်းကောင်း၊ ဗဟိုဦးစီးအဖွဲ့အစည်းအဝေး ကသော်လည်းကောင်း ဂုဏ်ထူးဆောင် အသင်းဝင်အဖြစ် အသိအမှတ်ပြု ဂုဏ်ပြုနိုင်သည်။
    (ခ) ဗဟိုအမှုဆောင်အဖွဲ့သည် ဂုဏ်ထူးဆောင် အသင်းဝင် အဖြစ် ချီးမြှောက်ရန် တစ်နှစ်လျှင် ပုဂ္ဂိုလ် ၂ ဦးထက် ပို၍ မထောက်ခံရ။
    (ဂ) ဂုဏ်ထူးဆောင် အသင်းဝင်သည် အသင်း၏ အစည်းအဝေးအားလုံးသို့ ဆန္ဒအလျောက် တက်ခွင့် ရှိသည်။ ပါဝင်ဆွေးနွေးခွင့် ရှိသည်။ မဲပေးခွင့်၊ အရွေးခံခွင့် မရှိ။
၁၇။ သဟာယ အသင်းဝင်
    (က) ပြည်တွင်းမှ ဖြစ်စေ၊ ပြည်ပမှဖြစ်စေ မြန်မာနိုင်ငံသားမဟုတ်သော မြန်မာနိုင်ငံဆိုင်ရာ သတင်းမီဒီယာလုပ်ငန်း တစ်စုံတစ်ရာကို လုပ်ကိုင်နေသူ၊ မြန်မာ သတင်းမီဒီယာလောကကို အလေးထား၍ ကူညီထောက်ပံ့နေသူများထဲမှ အသင်းဝင်အဖြစ် ပါဝင်လို၍ အဆိုပြုသူကို သဟာယ အသင်းဝင်အဖြစ် လက်ခံနိုင်သည်။
    (ခ) သဟာယ အသင်းဝင်သည် အသင်း၏ အစည်းအဝေးအားလုံးသို့ ဆန္ဒအလျောက် တက်ခွင့် ရှိသည်။ ပါဝင်ဆွေးနွေးခွင့် ရှိသည်။ မဲပေးခွင့်၊ အရွေးခံခွင့် မရှိ။
၁၈။ နုတ်ထွက်ခြင်း
    အသင်းဝင်တစ်ဦးသည် မိမိဆန္ဒအရ အသင်းဝင်အဖြစ်မှ နုတ်ထွက်ခွင့်ရှိသည်။ နုတ်ထွက်စာကို ပြည်နယ်^ တိုင်းဒေသကြီး အသင်းအမှုဆောင်အဖွဲ့မှတစ်ဆင့် ဗဟိုအမှုဆောင်အဖွဲ့သို့ ပေးပို့ရမည်။     

အခန်း (၅)

အသင်းဝင်၏ပိုင်ခွင့်များနှင့် လိုက်နာရမည့် စည်းကမ်းများ

၁၉။ အသင်းဝင်၏ ပိုင်ခွင့်များ
    မြန်မာနိုင်ငံသတင်းစာဆရာ အသင်ဝင်တိုင်းသည် -
    (က) မိမိတက်ရောက်ခွင့်ရှိသော ညီလာခံ၊ အစည်းအဝေး၊ ဆွေးနွေးပွဲများတွင် ဆွေးနွေးခွင့်၊ ဆန္ဒမဲပေးခွင့်၊ရွေးချယ်တင်မြှောက်ခံပိုင်ခွင့် ရှိသည်။
    (ခ) အသင်း၏ လုပ်ငန်းများ အောင်မြင်ရေးအတွက် အကြံပြုချက်၊ ဝေဖန်ချက်များကို ပြည်နယ်^တိုင်းဒေသကြီး အမှုဆောင်အဖွဲ့မှတစ်ဆင့် ဗဟိုအမှုဆောင်အဖွဲ့သို့ တင်ပြနိုင်သည်။
    (ဂ) မိမိအား ချီးမြှောက်သောအစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိပြီး မိမိအား အရေးယူသည့် အစည်းအဝေးများသို့လည်း မိမိကိုယ်တိုင်တက်ရောက်၍ စည်းကမ်းနှင့်အညီ ရှင်းလင်းတင်ပြခွင့်၊ ပြန်လည် ချေပခွင့် ရှိသည်။
    (ဃ) အသင်းဝင်အဖြစ်မှသော်လည်းကောင်း၊ အသင်း၏ တာဝန် တစ်ရပ်ရပ်မှသော်လည်းကောင်း မိမိသဘောဆန္ဒအရ နုတ်ထွက်ခွင့်ရှိသည်။
    (င) မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ပေးအပ်သော အခြားအခွင့်အရေးများကို ခံစားခွင့်ရှိသည်။
၂၀။ လိုက်နာရမည့် စည်းကမ်းများ
    အသင်းဝင်တိုင်းသည် -
    (က) အသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို တိကျစွာ လိုက်နာဆောင်ရွက်ရမည်။
    (ခ) အသင်း၏ ရည်ရွယ်ချက်ကို ထိပါးစေမည့် လုပ်ရပ်များကို လုံးဝ မပြုလုပ်ရ။
    (ဂ) စာနယ်ဇင်းကျင့်ဝတ်များကို တိကျစွာ လိုက်နာစောင့်ထိန်းရမည်။
    (ဃ) စတုတ္ထမဏ္ဍိုင် ဂုဏ်သိက္ခာနှင့် တိုင်းပြည်ဂုဏ်သိက္ခာတို့ကို ထိပါးစေမည့် အပြုအမူများကို ရှောင်ကြဉ်ရမည်။
    (င) အသင်း၏ လှုပ်ရှားမှုတွင် မည်သည့်နိုင်ငံရေးအဖွဲ့အစည်း၏ လှုပ်ရှားမှုနှင့် သြဇာသက်ရောက်မှုမျှ မရှိစေဘဲ ကင်းရှင်းရမည်။
    (စ) အသင်း၏ ညီညွတ်ရေး ပျက်ပြားစေမည့် လုပ်ရပ်များနှင့် အသင်းဝင်အချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားစေမည့် အပြောအဆို၊ အပြုအမူ၊ အရေးအသား၊ အကျင့်အကြံများကို မပြုလုပ်ရ။
    (ဆ) တစ်ဦးကောင်း တစ်ယောက်ကောင်း ဦးဆောင်မှု မဖြစ်စေဘဲ စုပေါင်းဦးဆောင်မှု၊ တစ်ဦးချင်း တာဝန်ယူမှု တို့ဖြင့်သာ အသင်း၏ ကိစ္စအ၀၀ကို ဆောင်ရွက်ရမည်။
    (ဇ) မိမိတက်ရောက်ခွင့်ရရှိသည့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများကို မှန်မှန် တက်ရောက်ရမည်။
    (ဈ) ပြည်နယ်^ တိုင်းဒေသကြီး အမှုဆောင်အဖွဲ့ဝင်တစ်ဦးဦးသည် မိမိနေထိုင်ရာဒေသမှ အခြား ပြည်နယ်^ တိုင်းဒေသကြီး တစ်ခုသို့ တစ်နှစ်ထက်ကျော်၍ သွားရောက်အလုပ်လုပ်ကိုင်နေလျှင်သော်လည်းကောင်း၊ ပြောင်းရွှေ့နေထိုင် လျှင်သော်လည်းကောင်း တာဝန်အရပ်ရပ်မှ အလိုအလျောက် ရပ်စဲစေရမည်။
    (ည) အသင်းဝင်တစ်ဦးသည် နိုင်ငံတော်၏ တရားဥပဒေအရလည်းကောင်း၊ ပြည်သူ့ဝန်ထမ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရလည်းကောင်း အရေးယူအပြစ်ပေးခြင်းခံရပါက ဗဟိုအမှုဆောင်အဖွဲ့က လိုအပ်သည်များကို စိစစ်၍ အောက်ပါအတိုင်း အရေးယူဆောင်ရွက်ရမည်-
    (၁) အသင်းဝင်တစ်ဦးသည် သာမန်အရပ်သား ဖြစ်ပါက အရေးယူအပြစ်ပေးခံရသည့်နေ့မှစ၍ အသင်းဝင် အဖြစ်မှ ချက်ချင်း ရပ်စဲရမည်။
    (၂) အသင်းဝင်တစ်ဦးသည် ၀န်ထမ်း ဖြစ်ပါက သက်ဆိုင်ရာဌာနက အရေးယူမှု ဆုံးဖြတ်ပြီးချိန်ကစ၍ အသင်းဝင် အဖြစ်မှ ချက်ချင်း ရပ်စဲရမည်။
    (၃) အရေးယူခံရသူသည် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်ပါက အနီးကပ်ဆုံး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးတွင် တင်ပြ၍ ဆုံးဖြတ်ချက်ဖြင့် အသင်းဝင်အဖြစ်မှလည်းကောင်း၊ ဗဟိုအမှုဆောင်အဖွဲ့ဝင် အဖြစ်မှလည်းကောင်း ရပ်စဲရမည်။
    မှတ်ချက်။ အရေးယူအပြစ်ပေးခံရခြင်းသည် နိုင်ငံရေးအရ အရေးယူခြင်း ဆိုပါက အသင်းအနေဖြင့် အသင်းဝင် အဖြစ်မှ ရပ်စဲခြင်း မပြုရ။
    (ဋ) နှစ်စဉ်ကြေးများကို မှန်မှန် ပေးသွင်းရမည်။

အခန်း (၆)

အသင်း ဖွဲ့စည်းတည်ဆောက်ပုံ မူများ

၂၁။    မြန်မာနိုင်ငံသတင်းစာဆရာအသင်းသည် မည်သည့်နိုင်ငံရေးပါတီ သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခုခု၏ လက်အောက်ခံမှမဟုတ်သော ပညာရပ်ဆိုင်ရာ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာနှင့် လူမှုရေးရာအဖွဲ့အစည်းဖြစ်သည်။ အသင်းအဆင့်ဆင့်သည် အသင်း၏ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များဘောင်အတွင်းမှသာ တိကျစွာ လိုက်နာ ဆောင်ရွက်ရမည်။
၂၂။    မြန်မာနိုင်ငံသတင်းစာဆရာအသင်းကို ပြည်နယ်^တိုင်းဒေသကြီးနှင့် ဗဟိုဟူ၍ အဆင့်နှစ်ဆင့်ဖြင့် ဖွဲ့စည်းရမည်။
၂၃။    အသင်း၏ရည်ရွယ်ချက်နှင့် လုပ်ငန်းများကို ဒေသအလိုက် အကောင်အထည်ဖော် ကြီးကြပ်သွားရန်နှင့် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ဗဟို)၏ လုပ်ငန်းများကို အထောက်အကူပြုရန် ပြည်နယ်^ တိုင်းဒေသကြီး သတင်းစာဆရာ အသင်းများ ဖွဲ့စည်းရမည်။
၂၄။    မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟိုဦးစီးအဖွဲ့ကို နိုင်ငံလုံးဆိုင်ရာ ညီလာခံက လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရမည်။ ဗဟိုဦးစီးအဖွဲ့က ဗဟိုအမှုဆောင်အဖွဲ့နှင့် စာရင်းစစ်အဖွဲ့ကို  ရွေးချယ် တင်မြှောက်ရမည်။ ပြည်နယ်/ တိုင်းဒေသကြီးအမှုဆောင်အဖွဲ့များနှင့် ညီလာခံကိုယ်စားလှယ်များကို သက်ဆိုင်ရာ ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်း မျက်နှာစုံညီအစည်းအဝေးများက ရွေးချယ်တင်မြှောက်ရမည်။
၂၅။    မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟိုဦးစီးအဖွဲ့ဝင်များ၊ ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုစာရင်းစစ် အဖွဲ့ဝင်များ၊ ပြည်နယ်၊ တိုင်းဒေသကြီး အသင်းများ၏ အမှုဆောင်အဖွဲ့ဝင်များနှင့် ညီလာခံကိုယ်စားလှယ်များကို အများဆန္ဒအရ ရွေးချယ် တင်မြှောက်ရမည်။ အများဆန္ဒအရပင် တာဝန်မှ ပြန်လည် ရုပ်သိမ်းနိုင်သည်။ အသင်းဝင် တစ်ဦးသည် နိုင်ငံတော်၏ တရားဥပဒေအရ လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းဆိုင်ရာ စည်းကမ်းအရလည်းကောင်း အရေးယူအပြစ်ပေးခြင်းခံရပါက အထူးကိစ္စရပ် တစ်ရပ်အနေဖြင့် ဗဟိုအမှုဆောင်အဖွဲ့က လိုအပ်သည်များကို စိစစ်၍ တာဝန်မှ ရပ်စဲနိုင်သည်။ ထိုသို့ အရေးယူ အပြစ်ပေးခြင်းကို ပြည်နယ်^တိုင်းဒေသကြီး အမှုဆောင်အဖွဲ့ဝင်ဖြစ်ပါက အနီးကပ်ဆုံး ပြည်နယ်^ တိုင်းဒေသကြီး လုပ်ငန်းဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးတွင် တင်ပြ အတည်ပြုချက် ရယူရမည်။ ဗဟိုအမှုဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်ပါက ဗဟိုဦးစီးအဖွဲ့၏ အနီးကပ်ဆုံး နှစ်ပတ်လည် လုပ်ငန်းဆိုင်ရာ အစည်းအဝေးတွင် တင်ပြ၍ အတည်ပြုချက်ရယူရမည်။
၂၆။    မြန်မာနိုင်ငံသတင်းစာဆရာများအသင်းအဆင့်ဆင့်တို့၏ ရွေးချယ် တင်မြှောက်ပွဲများ ပြုလုပ်ရာတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသော တက်ရောက်သူဦးရေအားလုံး၏ တစ်ဝက်ကျော် ဆန္ဒမဲရရှိမှသာ ရွေးချယ်တင်မြှောက်ခြင်းသည် အတည် ဖြစ်သည်။
၂၇။    အသင်းအဆင့်ဆင့်၏ ရွေးချယ်တင်မြှောက်ပွဲများ ကျင်းပရာတွင် လျှို့ဝှက်ဆန္ဒမဲစနစ်ကို ကျင့်သုံးရမည်။
၂၈။    အသင်းအဆင့်ဆင့်အတွင်း စုပေါင်းဦးဆောင်မှုနှင့် တစ်ဦးချင်းတာဝန်ယူသည့်စနစ်ကို ကျင့်သုံးရမည်။ ဗဟိုဆုံးဖြတ်ချက်ကို ပြည်နယ်၊ တိုင်းဒေသကြီး သတင်းစာဆရာများအသင်းက လိုက်နာ၍ ပြည်နယ်^ တိုင်းဒေသကြီး အမှုဆောင် အဖွဲ့၏ တင်ပြချက်နှင့် အကြံÓဏ်များကို ဗဟိုက အလေးဂရုပြုခြင်းစသော ဒီမိုကရေစီကျင့်စဉ်ကို ကျင့်သုံးသည်။
၂၉။    မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ သက်တမ်းသည် ညီလာခံသက်တမ်းနှင့်အညီ ဖြစ်စေရမည်။
၃၀။    ရွေးချယ်တင်မြှောက်ပုံနည်းစနစ်များကို ဗဟိုအမှုဆောင်အဖွဲ့က လိုအပ်သလို ပြဌာန်းနိုင်သည်။

အခန်း (၇)

ဖွဲ့စည်းတည်ဆောက်ပုံ

ပြည်နယ်၊တိုင်းဒေသကြီးသတင်းစာဆရာအသင်း

၃၁။    ပြည်နယ်/တိုင်းဒေသကြီး သတင်းစာဆရာအသင်းများသည် နှစ်လည်အစည်းအဝေးများကို တစ်နှစ်တစ်ကြိမ်၊ တစ်ကြိမ်နှင့်တစ်ကြိမ်အကြား ၁၂ လထက် မပိုစေဘဲ ကျင်းပရမည်။ မျက်နှာစုံညီအစည်းအဝေးကို လေးနှစ်တစ်ကြိမ် ကျင်းပရမည်။ အစည်းအဝေးများကျင်းပရာတွင် တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ၏ ၆၀ ရာခိုင်နှုန်း တက်ရောက်မှသာ အစည်းအဝေးများ အထမြောက်သည်။
၃၂။    ပြည်နယ်/တိုင်းဒေသကြီးတစ်ခုတွင် အဖွဲ့ဝင် ၂၀ ဦးနှင့် အထက်ရှိလျှင် ပြည်နယ်^တိုင်းဒေသကြီး သတင်းစာ ဆရာအသင်းကို ဖွဲ့စည်းရမည်။ မျက်နှာစုံညီအစည်းအဝေးတွင် ပြည်နယ်^ တိုင်းဒေသကြီး အမှုဆောင်အဖွဲ့နှင့် ညီလာခံကိုယ်စားလှယ်တို့ကို ရွေးချယ်တင်မြှောက်ဖွဲ့စည်းရမည်။
၃၃။    ပြည်နယ်/တိုင်းဒေသကြီးအမှုဆောင်အဖွဲ့ဝင်ဦးရေနှင့် ညီလာခံကိုယ်စားလှယ်ဦးရေကို ဗဟိုအမှုဆောင်အဖွဲ့က သတ်မှတ်ပေးရမည်။
၃၄။    အသင်းဝင်ဦးရေ ၂၀ ဦးနှင့်အထက်ရှိသော်လည်း ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်း ဖွဲ့စည်းခြင်း မပြုနိုင်သော ပြည်နယ်/တိုင်းဒေသကြီးများတွင်လည်းကောင်း၊ အသင်းဝင်ဦးရေ ၂၀ ဦး မပြည့်သော ပြည်နယ်^တိုင်းဒေသ ကြီးများတွင်လည်းကောင်း၊ ပြည်နယ်/တိုင်းဒေသကြီး သတင်းစာဆရာအသင်း စည်းရုံးရေးကော်မတီကို ဖွဲ့စည်းရမည်။
၃၅။    မျက်နှာစုံညီအစည်းအဝေးတွင် ပြုလုပ်သည့် ရွေးချယ်တင်မြှောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသော တက်ရောက်သူ အားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲရရှိမှသာ ရွေးချယ်တင်မြှောက်ခြင်းသည် အတည်ဖြစ်သည်။
၃၆။    မျက်နှာစုံညီအစည်းအဝေးများတွင် ပြည်နယ်^တိုင်းဒေသကြီးအမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ အစီရင်ခံစာများ၊ ဘဏ္ဍာရေးအခြေအနေနှင့် ရှင်းတမ်းများကို တင်သွင်းရမည်။ အဆိုပါတင်သွင်းချက်များနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့ကို ပြုလုပ်ရမည်။
၃၇။    ပြည်နယ်/တိုင်းဒေသကြီး အမှုဆောင်အဖွဲ့သည် ပထမအကြိမ်အစည်းအဝေးတွင် မိမိတို့ထဲမှ ဥက္ကဌ၊ အတွင်း ရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်မှူးတို့ကို ရွေးချယ်တင်မြှောက်ရမည်။ ယင်းသို့ ရွေးချယ်တင်မြှောက်ခြင်းခံရသော ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်မှူးတို့သည် ပြည်နယ်^တိုင်းဒေသကြီးသတင်းစာဆရာအသင်း၏ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်မှူးတို့လည်း ဖြစ်ကြသည်။
၃၈။    ပြည်နယ်^တိုင်းဒေသကြီးသတင်းစာဆရာအသင်း၏ ဥက္ကဌ၊ အတွင်းရေးမှူးအပါအ၀င် အမှုဆောင်အဖွဲ့ဝင် များထဲမှ ၁၀ ဦးကို ညီလာခံကိုယ်စားလှယ်များအဖြစ် ရွေးချယ်တင်မြှောက်ရမည်။
၃၉။    (က)    ပြည်နယ်^တိုင်းဒေသကြီးသတင်းစာဆရာအသင်း၏ လုပ်ငန်းဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးကို တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပရမည်။ အသင်းဝင်အားလုံး၏ ၆၀ ရာခိုင်နှုန်း တက်ရောက်မှသာ အစည်းအဝေးအထမြောက်သည်။ ယင်းအစည်းအဝေးတွင် ပြည်နယ်/တိုင်းဒေသကြီး အမှုဆောင် အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် လုပ်ငန်းအခြေအနေကို အစီရင်ခံရမည်။ အမှုဆောင်အဖွဲ့ဝင်များ လစ်လပ်ပါက ရွေးချယ်တင်မြှောက်နိုင်သည်။ နောက်တစ်ကြိမ် လုပ်ငန်းဆိုင်ရာအစည်းအဝေးမကျင်းပမီ အမှုဆောင်အဖွဲ့ဝင် လစ်လပ်လာပါက ပြည်နယ်^တိုင်း ဒေသကြီး အမှုဆောင်အဖွဲ့ အစည်းအဝေးကျင်းပ၍ အဖွဲ့အတွင်း တာဝန်ခွဲဝေမှုကို ပြန်လည် ရွေးချယ်တင်မြှောက်နိုင်သည်။
    (ခ)    ညီလာခံကိုယ်စားလှယ်တစ်ဦးသည် ကွယ်လွန်ခဲ့လျှင်သော်လည်းကောင်း၊ ပြည်နယ်/တိုင်းဒေသကြီး ပြောင်းရွှေ့နေထိုင်ခဲ့လျှင်သော်လည်းကောင်း၊ အကြောင်းတစ်ခုခုကြောင့်သော်လည်းကောင်း လစ်လပ်သွား သည့် ညီလာခံကိုယ်စားလှယ်အတွက် ရွေးချယ်တင်မြှောက်နိုင်သည်။ ရွေးချယ်တင်မြှောက်မှုအခြေအနေကို ဗဟိုအမှုဆောင်အဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူရမည်။
၄၀။    ပြည်နယ်^တိုင်းဒေသကြီးအမှုဆောင်အဖွဲ့၏ သက်တမ်းသည် မြန်မာနိုင်ငံသတင်းစာဆရာအသင်းညီလာခံ သက်တမ်းနှင့်အညီဖြစ်သည်။
၄၁။    မြန်မာနိုင်ငံ သတင်းစာဆရာအသင်းညီလာခံကို လက်ရှိ ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်^တိုင်းဒေသ ကြီး မျက်နှာစုံညီအစည်းအဝေးများက ရွေးချယ်စေလွှတ်လိုက်သော ညီလာခံကိုယ်စားလှယ်များဖြင့် ကျင်းပရမည်။
၄၂။    ညီလာခံကျင်းပရာတွင် တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ၏  ၅၀ ရာခိုင်နှုန်းတက်ရောက်မှသာ ညီလာခံ အထမြောက်သည်။
၄၃။    ညီလာခံကို လေးနှစ်တစ်ကြိမ် ပုံမှန်ကျင်းပရမည်။ လေးနှစ်တစ်ကြိမ် ကျင်းပသည့် အသင်း၏ညီလာခံကို လိုအပ် ပါက ပုံမှန်ကျင်းပရမည့်ရက်မတိုင်မီ ရက်ပေါင်း ၁၈၀ စော၍ဖြစ်စေ၊ နောက်ကျ၍ဖြစ်စေ ကျင်းပနိုင်သည်။
၄၄။    ညီလာခံကျင်းပသည့်နေ့ရက်နှင့် အစီအစဉ်ကို အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ ညီလာခံကိုယ်စားလှယ် များထံသို့ အကြောင်းကြားရမည်။
၄၅။    ညီလာခံကျင်းပရေးအတွက် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ညီလာခံ ကျင်းပရေးကော်မရှင်နှင့်လိုအပ်ပါက ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်ကို ဖွဲ့စည်းရမည်။ ကော်မရှင်များ၏ လုပ်ငန်းတာဝန်များကို ဗဟိုအမှုဆောင် အဖွဲ့က သတ်မှတ်ပေးရမည်။
၄၆။    ညီလာခံတွင် ဗဟိုအမှုဆောင်အဖွဲ့က အစီရင်ခံစာတင်သွင်းရမည်။ အစီရင်ခံစာများနှင့်ပတ်သက်၍ တက်ရောက် လာသော ညီလာခံကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း၊ ဆုံးဖြတ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ပြုလုပ်ရမည်။
၄၇။    ညီလာခံတွင် ဗဟိုဦးစီးအဖွဲ့ဝင်များကို ဦးစွာပထမ ရွေးချယ်တင်မြှောက်ရမည်။ ရွေးချယ်တင်မြှောက်ရမည့် ဗဟိုဦးစီးအဖွဲ့ဝင်ဦးရေနှင့် အခြေခံအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ ရွေးချယ်စေလွှတ်ရမည့် စနစ်ကို ညီလာခံက သတ်မှတ်ပေးရမည်။ ဗဟိုဦးစီးအဖွဲ့က ဗဟိုအမှုဆောင်အဖွဲ့ဝင်များကို ဗဟိုဦးစီးအဖွဲ့ဝင်များထဲမှ ထပ်မံ ရွေးကောက်တင်မြှောက်ရမည်။
    (က)    ညီလာခံကို ၄ နှစ်တစ်ကြိမ် ကျင်းပပြီး နှစ်ပတ်လည်လုပ်ငန်းဆိုင်ရာအစည်းအဝေးကို တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပရမည်။
    (ခ)    နှစ်ပတ်လည်လုပ်ငန်းဆိုင်ရာအစည်းအဝေးသို့ တက်ရောက်ရမည့် ကိုယ်စားလှယ်ဦးရေကို ဗဟို အမှုဆောင်အဖွဲ့က သတ်မှတ်ရမည်။
    (ဂ)    ဗဟိုအမှုဆောင်အဖွဲ့က လိုအပ်လျှင် ညီလာခံသက်တမ်းအတွင်း နှစ်ပတ်လည်လုပ်ငန်းဆိုင်ရာ အစည်းအဝေးကို ခေါ်ယူနိုင်သည်။
၄၈။    မြန်မာနိုင်ငံသတင်းစာဆရာအသင်းညီလာခံတွင် ပြုလုပ်သည့် ရွေးချယ်တင်မြှောက်ပွဲကို တက်ရောက်လာသော ဆန္ဒမဲပေးခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲရရှိမှသာ ရွေးချယ်တင်မြှောက်ခြင်းသည် အတည်ဖြစ်သည်။
၄၉။    မြန်မာနိုင်ငံသတင်းစာဆရာအသင်း အရေးပေါ်ညီလာခံကို လိုအပ်လျှင် ခေါ်ယူကျင်းပနိုင်သည်။ အရေးပေါ် ညီလာခံကို နောက်ဆုံးအကြိမ်ကျင်းပခဲ့သည့် ညီလာခံကိုယ်စားလှယ် ၃၄ ရာခိုင်နှုန်းက တောင်းဆိုလျှင်ဖြစ်စေ၊ ဗဟို အမှုဆောင်အဖွဲ့က လိုအပ်လျှင်ဖြစ်စေ ခေါ်ယူကျင်းပနိုင်သည်။
၅၀။    (က)    ညီလာခံက ရွေးကောက်တင်မြှောက်လိုက်သော ဗဟိုဦးစီးအဖွဲ့သည်  ပထမအကြိမ်အစည်းအဝေးတွင် မိမိတို့အထဲမှ ဥက္ကဌ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးများနှင့် ဘဏ္ဍာရေးမှူးတို့ကို ရွေးချယ်ရမည်။ ထိုနောက် ဗဟိုအမှုဆောင်အဖွဲ့ဝင် သတ်မှတ်ဦးရေနှင့်အညီ ရွေးချယ်ရမည်။

LWIN PWIN

NLABR

Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment