နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် စိုက်ပျိုးမြေ လိုက်ဝယ်ကြခြင်း
by မောင်သက်မွန် (ငါန်းဇွန်)

၂ဝဝ၇-၂ဝဝ၈ ခုနှစ်က နိုင်ငံတကာဈေး ကွက်တွင် စားနပ်ရိက္ခာဈေးနှုန်းများ ထိုးတက်သွား ပြီးနောက် နိုင်ငံတကာစားနပ်ရိက္ခာဈေးကွက်ကို အယုံအကြည်နည်းလာခြင်း၊ နိုင်ငံရေးတည်ငြိမ်မှု ကို ကြောင့်ကြလာခြင်း၊ အနာဂတ်အစားအစာ ဝယ်လိုအားနှင့်ပတ်သက်၍ တွက်ဆမှုများကို အခြေခံကာ ရင်းနှီးမြှုပ်နှံသူများက အခြားနိုင်ငံ များတွင် မြေယာများဝယ်ယူရင်းနှီးမှု ပြုလုပ်လာ ခဲ့ကြသည်။
ကမ္ဘာတစ်လွှားတွင် စိုက်ပျိုးနိုင်သော်လည်း မစိုက်ပျိုးရသေးဘဲကျန်နေသော မြေဟက်တာ ၄၄၅ သန်းရှိပြီး လောလောဆယ်စိုက်နေသော မြေယာ ၁.၅ ဘီလီယံဟက်တာရှိသည်။ ကျန်နေ သော မြေယာများမှာ အာဖရိက အာဟာရဒေသ တွင် ၂ဝ၁ သန်း၊ လက်တင်အမေရိကတွင် ၁၂၃ သန်းနှင့် အရှေ့ဥရောပတွင် ၅၂ သန်းရှိသည်။
၂ဝဝ၇-၂ဝဝ၈ နောက်ပိုင်းတွင် ကုန်စည် ဈေးနှုန်းများ ပြန်လည်ကျဆင်းသွားခဲ့သော်လည်း မြေယာဝယ်ယူမှုအရှိန်လျော့မသွားပေ။ ၁၉၆၁-၂ဝဝ၇ ကာလအတွင်း တစ်နှစ်ပျမ်းမျှဟက်တာ ၄.၁ သန်းနှုန်း စိုက်ပျိုးရေးလုပ်ငန်းအတွက် တိုးချဲ့ သုံးခဲ့ရာ ၁.၈ သန်းမှာ အာဖရိကတွင်ဖြစ်သည်။ ၂ဝဝ၉ ခုနှစ်တစ်နှစ်တည်းမှာပင် သန်း ၅၆၆ ဟက်တာ အရောင်းအဝယ်လုပ်ရန် ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ အာဖရိကတွင် ဟက်တာ သန်း ၄ဝ ခန့် အရောင်းအဝယ်လုပ်ခဲ့ကြရာ ဘယ်လ် ဂျီယံ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန် နှင့် ဆွစ်ဇာလန် ၆ နိုင်ငံစိုက်ဧကထက်များသည်။
စိုက်ပျိုးရေးလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှု နှင့် အမှန်တကယ်ထုတ်လုပ်သော အချိန်ကြားကာလ ရှည်လျားသည်။ အကျိုးအမြတ်လည်းနည်းသည်။ ရာသီဥတုအပြောင်းအလဲဒဏ်တွေကိုလည်း ခံရ သည်။ ကမ္ဘာတစ်ဝှမ်းက လယ်သမားများသည် ထိုစိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နည်းပညာနှင့် အခြေခံ လမ်းပန်းဆက်သွယ်ရေးတို့အတွက် ဘတ်ဂျက် အသုံးစရိတ်များခြင်း၊ လုံလောက်သော စည်းမျဉ်း စည်းကမ်းများနှင့် အဖွဲ့အစည်းများမရှိခြင်းတို့ ကြောင့် လယ်သမားများအနေဖြင့် ရင်ဆိုင်နိုင် သောစွမ်းရည် နည်းပါးသည်။
ထို့ကြောင့် အချို့ပုဂ္ဂိုလ်များက ယခုကဲ့သို့ နယ်စပ်ဖြတ်ကျော်၊ လယ်ယာမြေများဝယ်ယူ မြှုပ်နှံမှုကို စိုက်ပျိုးရေးကဏ္ဍ၌ ဆယ်စုနှစ်ပေါင်း များစွာ ရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်းကို ကျော်လွှား ကာ အလုပ်အကိုင်များ ဖန်တီး၊ နည်းပညာများ ရယူနိုင်မည့် အခွင့်အလမ်းတစ်ရပ်အဖြစ် ရှုမြင် ကြသည်။ သို့သော် အခြားပုဂ္ဂိုလ်များကမူ ဒေသခံ များ၏ အခွင့်အရေးများကို လျစ်လျူရှုခြင်း၊ ရေရှည်တွင်  ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေ ပြီး ရေတိုအကျိုးအမြတ်ရရှိရေးကို ဦးစားပေးခြင်း၊ လူမှုစံချိန်စံညွှန်းများကို ဥပေက္ခာပြုခြင်း၊ မသမာမှု ကြီးကြီးမားမား ဖြစ်ပေါ်စေနိုင်ခြင်းတို့ကြောင့် ရှုတ်ချကန့်ကွက်ကြသည်။
သို့ဖြစ်ရာ နိုင်ငံခြားလုပ်ငန်းများက မြေယာ ဝယ်ယူရန် ရင်းနှီးမြှုပ်နှံမှုများ၏ ရေရှည်အကျိုး သက်ရောက်ပုံကို အကဲဖြတ်ကာ အစိုးရက မူဝါဒ များ၊ စည်းမျဉ်းစည်းကမ်းများမှတစ်ဆင့် မည်သို့ ထိန်းချုပ်တုံ့ပြန်နိုင်ပြီး ရေရှည်စီးပွားရေးဖွံ့ဖြိုးမှု ရရှိရန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရန် မည်သို့ မည်ပုံလုပ်ဆောင်နိုင်မည်ကို တွက်ဆနိုင်ပေသည်။
အမှန်စင်စစ်ပြည်ပနိုင်ငံများ၌ မြေယာ များရယူသည့်အလေ့အထသည် နှစ်ပေါင်း ရာချီ ၍ ရှိနေပြီး ကိုလိုနီသိမ်းပိုက်သည့်ခေတ်များ ကတည်းကပင် ရှိနေသည်။ သို့သော် ထုတ်လုပ် မှုပြုလုပ်ရန် ရည်ရွယ်ချက်အနည်းငယ်သာရှိပြီး အများအားဖြင့် မြေကိုလှပ်ထားတတ်ကြသည်။သို့သော်လည်း ထောက်ပံ့ကြေးရခြင်း၊ ကျွန်ပြု ထားသောအလုပ်သမားများကို ခိုင်းစေအသုံးပြု နိုင်ခြင်း၊ ဒေသခံများ မြေပိုင်ဆိုင်ခွင့်ရကြခြင်း၊ စက်ယန္တယားများကို ထောက်ပံ့ကြေးရယူ၍ ဝယ် နိုင်ခြင်း၊ ဝယ်ယူဖြန့်ဖြူးရေးလမ်းကြောင်းများကို လက်ဝါးကြီးအုပ်ထားနိုင်ခြင်းတို့ကြောင့် ပြည်ပ တွင် မြေယာဝယ်သောလုပ်ငန်းများသည် ရှင်သန် ကျန်ရစ်နိုင်ခဲ့ကြသည်။
ထို ကမောက်ကမဖြစ်နေသော ပြဿနာများ သည် နှစ်ပေါင်းရာနှင့်ချီ၍ ဖြေရှင်းနိုင်ခြင်းမရှိ သော စီးပွားရေးနှင့် လူမှုရေးရလဒ်များကို ဖြစ် ပေါ်စေသည်။
တစ်ဖန် နည်းပညာအပြောင်းအလဲများက လည်း မြေကွက်ကြီးများဝယ်ယူမှုကို အထောက် အကူပြုသည်။ ရေနွေးငွေ့သုံးသလောက် လုပ်ငန်း ကျယ်ပြန့်လာခြင်း၊ အသေးစားစနစ်ပေါ်ပေါက် လာခြင်း၊ နည်းပညာသစ်များပေါ်ပေါက်လာခြင်း တို့ကြောင့် ယခင်တွက်ခြေမကိုက်သော လယ်ယာ မြေများသည် အကျိုးအမြတ်ရှိသော လယ်ယာမြေ များဖြစ်လာကြသည်။
လယ်ယာလုပ်ငန်း၏ သဘောသဘာဝကို ကြည့်လျှင် ပိုင်ဆိုင်လည်းပိုင်ဆိုင်၊ လက်တွေ့ လည်း လည်ပတ်ဆောင်ရွက်နေသူများက ရာသီ ဥတုပြောင်းလျှင်ပြောင်းသလို လိုက်ပါဆောင်ရွက် ခြင်းဖြင့် အကျိုးအမြတ်ရရှိနိုင်သည်ကို တွေ့ရ သည်။ ကိုယ်ကြိုးစားလျှင် ကြိုးစားသလို အကျိုး အမြတ်ရရှိကြသည်။
အမေရိကန်ကဲ့သို့သော ဖွံ့ဖြိုးပြီးနိုင်ငံကြီး များ၌ပင်လျှင် မိသားစုပိုင် လယ်ကွက်များသည် လုပ်သားငှားရမ်းကာလုပ်ကိုင်သော ကုမ္ပဏီကြီး များထက် ပြိုင်ဆိုင်နိုင်စွမ်းကြီးမားပြီး  ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးကိုလည်း အထောက်အကူ ပြုသည်။သို့သော် ကုမ္ပဏီများအနေဖြင့် မိသားစု ပိုင်မြေကွက်များထက် ကြီးမားသောမြေကွက် တွေကို ရယူစုစည်းလေ့ရှိသည်။ ဤကုမ္ပဏီကြီး များ၏နည်းသည် မြေပေါသော အာဖရိကတွင် အဆင်ပြေသည်။
မြေကွက်ကြီးမားသည့်အခါ စာရင်းအငှား ရရှိရန် ပို၍လွယ်ကူသည်။ လုပ်ငန်းငယ်များ ခေတ်ပညာရေး၊ ကျန်းမာရေး၊ နည်းပညာနှင့် အခြေခံလမ်းပန်းဆက်သွယ်ရေးအားနည်းရာ အုပ်ချုပ်ရေးအားနည်းရာ ဈေးကွက်ပတ်ဝန်းကျင် တွင် အခက်အခဲများကို ပို၍ကျော်လွှားနိုင်သည်။ ပြိုင်ဆိုင်မှုလည်းများ၊ ထင်သာမြင်သာလည်းရှိ၊ အစိုးရက အခြေခံအဆောက်အအုံများကို ပြည့်ပြည့်ဝဝ ထောက်ပံ့နိုင်သော အခြေအနေမျိုးတွင် မြေကွက်ငယ်လုပ် လယ်သမားတွေက ရှင်သန်မည့် အလားအလာပိုများနေသည်။
အကြီးစားလယ်ယာလုပ်ငန်းတွေ ဝင်ရောက် လုပ်ကိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏စိတ်ပါ ဝင်စားမှုသည် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ စိုက်ပျိုးနိုင်သည် မစိုက်ပျိုးရသေးသော မြေမည်မျှ များများစားစား ရှိနေသည်ဆိုသည့်အပေါ်တွင် မူတည်သည်။အထူးသဖြင့် အထွက်ကောင်းမည့် မြေကောင်းတွေ ဧရိယာများများစားစား ကျန်ရှိ နေသေးလျှင် ပို၍စိတ်ဝင်စားသည်။ ထိုကဲ့သို့သော မြေယာကွက်တွေ ၁ဝ ရာခိုင်နှုန်းခန့် ပိုများ၍ လုပ်ငန်းစီမံကိန်း အရေအတွက် ၅ ရာခိုင်နှုန်းခန့် တိုးပွားသည်။
တစ်ဖက်တွင် လက်ရှိအထွက်နှုန်းနှင့် ယှဉ် ၍ အလားအလာရှိသည့် အထွက်နှုန်းက သိသိ သာသာ ပိုများသည်ကိုလည်း တွေ့ရသည်။ စရိတ် အကုန်အကျခံ၍ လယ်ယာမြေသစ်တွေ တိုးချဲ့ မနေဘဲ လက်ရှိမြေကွက်များတွင် ရင်းနှီးမြှုပ်နှံ လျှင်လည်း သိသိသာသာ အထွက်နှုန်းတိုးကာ အကျိုးအမြတ်ကြီးမားနိုင်သည်။ သို့သော် မြေယာ ကို တန်ရာတန်ကြေးပေးပြီး ရပ်ရွာဒေသ၏ အခွင့် အရေးတွေကို ရင်းနှီးမြှုပ်နှံသူချင်းက လေးစားရန် လိုသည်။
သို့သော် အထွက်နှုန်းကွာဟချက်ကို ဆွဲစေ့ ကာ စွမ်းရည်မြင့်သော လယ်ယာလုပ်ငန်းတွေဖြစ် လာရန်ကိုလည်း နည်းပညာ၊ လမ်းပန်းအဆက် အသွယ်၊ စည်းမျဉ်းစည်းကမ်း စသော အစိုးရက လုပ်ပေးစရာတွေ အများကြီး လိုအပ်သည်။ ပုဂ္ဂလိကလယ်သမားများ၏ ကြိုးပမ်းအားထုတ် နေမှုလည်း လိုအပ်သည်ကို အထူးပြောရန်မလို။
ဤနေရာတွင် စွမ်းအားစုတွေ၊ သယံဇာတ တွေြ
ထိုသို့ မဟုတ်လျှင် ရေနံ၊ သတ္တု၊ စိန် စသည်တို့ ရှာဖွေတွေ့ရှိခြင်းသည် အကျင့်ပျက် ခြစားမှုကြီးလာခြင်း၊ ဆူကြုံနိမ့်မြင့်ကွာဟခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်ခြင်းတို့ ကို ဦးတည်သွားပြီး ကျယ်ကျယ်ပြန့်ပြန့် စီးပွား ရေးဖွံ့ဖြိုးမှုမျိုးကို ရရှိသည်မဟုတ်ပေ။
လယ်ယာမြေများကို ဝယ်ယူရာ၌ ပုဂ္ဂလိက ပိုင်ဆိုင်မှုများ လုံခြုံစေရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူ၏ တရားဝင်ပိုင်ဆိုင်မှုကို မြင်သာထင်သာ ရှိစေရန်၊ ရင်းနှီးမှုမပြုမီကတည်းက အခွင့်အရေး များကို ကြိုတင်သတ်မှတ်ထားရန် လိုအပ်သည်။ တစ်နည်းပြောရလျှင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်အပေါ်တွင် အများကြီးမူတည်သည်။
သို့သော် အံ့သြစရာကောင်းသည်မှာ မြေယာ နှင့်ပတ်သက်၍ အုပ်ချုပ်ကွပ်ကဲမှု စည်းမျဉ်း စည်း ကမ်းချမှတ်ထိန်းကျောင်းမှုအားအနည်းဆုံး နိုင်ငံ များကို  နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ကောင်း ကောင်းကြီး မျက်စိကျတတ်ကြသည်။
ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုနည်းသော အချိန်နည်းသောနေရာများ၌ မြေယာများကို စရိတ် သက်သက်သာသာ မြန်မြန်ဆန်ဆန်ရယူနိုင်၍ဖြစ် သည်။ ထိုသို့သောအဖြစ်မျိုးဆိုလျှင် ဒေသခံတွေ အကျိုးရှိစရာအကြောင်းမရှိ။ မြင်သာထင်သာရှိ ရေးနှင့် မြေယာစီမံခန့်ခွဲမှုကောင်းမွန်ရေးဆိုသည့် စီးပွားရေးနှင့် လူမှုရေးအန္တရာယ်များ လျော့ပါးရေး အတွက် အရေးကြီးသည်။
မြေယာအတော်များများ ရယူခြင်းကြောင့် ဆိုးကျိုးများ ပေါ်ပေါက်ခြင်းမရှိစေရန် နိုင်ငံ အတော်များများတွင် နိုင်ငံခြားသားများ မြေယာ ဝယ်ယူနိုင်ခွင့်မရှိကြောင်း သတ်မှတ်ပြဋ္ဌာန်းထား ကြသည်။ သို့သော် ဒေသခံအမည်ကိုသုံး၍ ဝယ်ယူမှုများရှိသည်။ သို့ဖြစ်ရာ ဒေသခံများ၏ အခွင့်အရေးကို အသိအမှတ်ပြုခြင်း၊ ဒေသခံများ ကို မြေယာ၏တန်ဖိုး၊ တရားဥပဒေအရ ပိုင်သည့်အရေးများ၊ ထိုအခွင့်အရေးများကို အသုံးချပုံတို့နှင့် ပတ် သက်၍ ပညာပေးခြင်းတို့ကို ဦးစားပေးဆောင် ရွက်သင့်သည်။ အခြေခံလူမှုရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာ အရံအတားများချမှတ်ပြီးမှသာ မြေယာ များကို ဝယ်ယူခွင့်ပြုသင့်သည်။ ဤအရေးတွင် နိုင်ငံတကာဈေးကွက်များကလည်း ဒေသတွင်း အာဏာပိုင်များနှင့်ပူးပေါင်းဆောင်ရွက်သင့်သည်။
(Rabah Arezki : The Global Land Rush, Finance and Development, March, 2012)

NLABR & Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment