မြန်မာသတင်းများ ဧပြီလ ၇ ရက် ၂၀၁၂ ခုနှစ်

 
DKBA မှ B အဓိပ္ပါယ် ပြောင်းလဲလိုက် 

ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA ကို ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် Democratic Karen Benevolent Army (DKBA) ဟူ၍ ဧပြီလ ၄ ရက်နေ့က ပြောင်းလဲလိုက်ကြောင်း တွဲဖက်အတွင်းရေးမှူး (၂) ဗိုလ်မှူး စောလုံ့လုံက ပြောသည်။
စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားဘွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သော DKBA ညီလာခံတရပ်ကို ၎င်းတို့၏ ဌာနချုပ် ရှိရာတွင် ကျင်းပပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးကြပြီးနောက် ထိုကဲ့သို့ တပ်အမည် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ဧပြီလ ၁-၂ ရက်နေ့များက မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာတွင် ဗုဒ္ဓဘာသာနှင့် ခရိယာန်ခေါင်းဆောင်များ၊
နိုင်ငံရေး သမားများနှင့် DKBA ခေါင်ဆောင်များ ပါဝင်ဖွဲ့စည်းလိုက်သော ကလူထူးဘော ကရင်အစည်းအရုံး KKO ၏ မူနှင့် လိုက်လျောညီထွေ ရှိစေရန် ပြောင်းလဲလိုက်ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးစောလုံ့လုံက

“ကျနော်တို့ DKBA က B တလုံးရဲ့အဓိပ္ပါယ်က Buddhist ပုံစံမျိုး ဖြစ်နေတယ်။ ဒါကြောင့် အဓိပ္ပါယ် အသစ်ဖွဲ့စည်း ပြီးတော့ KKO ရဲ့ ရည်မှန်းချက်နဲ့အညီ အမည်ပြောင်းလိုက်တာပါ။ ခေတ်နဲ့အညီ ဒီမိုကရေစီကို အထူးပြုတဲ့ အဖွဲ့အစည်းပဲ။ ဗုဒ္ဓဘာသာကို အထူးပြုတဲ့အဖွဲ့အစည်းတော့ မဟုတ်တော့ဘူး”ဟု ပြောသည်။

ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီး၏ မူများဖြစ်သည့် ကရင်အမျိုးသားများ၏ ဂုဏ်သိက္ခာ၊ ကိုယ့်ကံကြမ္မာကို ဖန်တီးရေး၊ ကရင့်အမျိုးသား လက္ခဏာများကို ထိန်းသိန်း စောင့်ရှောက်သွားရန် ဆိုသည့်အချက်များအပေါ် အခြေခံ၍ KKO အား ဖွဲ့စည်းထားသည်ဟု ဆိုသည်။
KKO ကို ဥက္ကဋ္ဌအဖြစ် မန်းရောဘတ်ဇန် နှင့် ဒုဥက္ကဋ္ဌအဖြစ် DKBA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေး၊ အထွေထွေ အတွင်းရေးမှူး စောဂုဏ်အောင်၊ တွဲဘက် အတွင်းရေးမှူး(၁) နော်ကော်သူးလေလားဖိုး၊ တွဲဘက် အတွင်းရေးမှူး(၂) ဗိုလ်မှူး စောလုံ့လုံနှင့် ဌာနဆိုင်ရာတာဝန်ခံ ၁၉ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

အင်အား ၁၅ဝဝ ခန့်ရှိသော DKBA တပ်များသည် ဒေါနတောင် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကလိုထူးပေါ၊ ကော့ကရိတ်မြို့နယ် ကလိုထူးဝါးနှင့် မြိုင်ကြီးငူ-လှိုင်ဘွဲ့-ဖာပွန်နယ်စပ်ရှိ ကလူထူးလား စသည့်နယ်မြေများရှိ တပ်ရင်းပေါင်း ၁၁ ရင်းရှိသည်ဟု စောလုံ့လုံက ပြောသည်။၂ဝ၁၁ ခုနှစ် နိုဝင်္ဘာလ ၃ ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ် ရပ်ဆိုင်းပြီးနောက် ဌာနချုပ်တွင် စာသင်ကျောင်းနှင့်ဆေးခန်းများကို စတင်ဆောက်လုပ်ပေးရန် စီစဉ်နေသော်လည်း စီးပွားလုပ်ငန်းကိုမှု အကန့်အသတ်ဖြင့်သာ လုပ်ကိုင်နေရသည်ဟု ဆိုသည်။ DKBA ကို ၁၉၉၄ ခုနှစ် ကရင်အမျိုးသားအစည်းအရုံး KNU မှ ခွဲထွက် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

KNU နယ်မြေတွင် ပစ်ခတ်မှုအနည်းငယ် ရှိနေသေး

ဇန်နဝါရီလအတွင်း အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိထားပြီးဖြစ်သော်လည်း အချို့နေရာများတွင် နှစ်ဘက်ပစ်ခတ်မှု အနည်းငယ် ရှိနေဆဲဖြစ်ကြောင်း လူဝင်မှုဝန်ကြီး ဦးခင်ရီ က သောကြာနေ့က ပြောကြားလိုက်သည်။

“အောက်ခြေ အဆင့်တွေမှာတော့ အမိန့် မရောက်သေးလို့နဲ့တူတယ်။ နည်းနည်းပါးပါး တိုက်ခတ်မှုတွေတော့ ရှိနေသေးတယ်။ ဒါပေမယ့် ဒါတွေက ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ အကျိုးသက်ရောက်မှု ရှိမယ်လို့တော့ မထင်ဘူး” ဟု ဦးခင်ရီက ပြောသည်။ ဦးခင်ရီသည် ဆီဒိုးနားဟိုတယ်တွင် သောကြာနေ့ မနက်က ကျင်းပနေသည့် KNU နှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးနေသူ တဦး ဖြစ်သည်။

၎င်းက ဆက်ပြောရာတွင် KNU နှင့် ပြည်နယ်အဆင့် ဆွေးနွေးမှုများတွင် အပစ်အခတ် ရပ်စဲရေးကို ပိုပြီး တည်တံ့ခိုင်မြဲစေရန်အတွက် ပြည်ထောင်စု အဆင့်တွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း၊ တပ်များ နေရာချထားမှုနှင့် ပတ်သတ်ပြီးလည်း လိုက်နာရမည့် ကျင့်ဝတ်များကို ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းထောက်များ ကို ပြောသည်။
KNU ကိုယ်စားလှယ်အဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံတဦးဖြစ်သူ ဦးစောဂွဲထူးဝင်းက အပစ်အခတ် ရပ်စဲပြီးနောက် နှစ်လအတွင်းတွင် KNU ၏ တပ်မဟာ ၂ နယ်မြေ တောင်ငူခရိုင်နှင့် တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း ပစ်ခတ်မှု အကြိမ်အနည်းငယ်စီ ဖြစ်ပွားခဲ့သေးကြောင်း
ဇန်နဝါရီလ ၂၂ ရက်နေ့က အပစ်အခတ်ရပ်စဲရေးအတွက် KNU နှင့် အစိုးရ ပဏမ သဘောတူ လက်မှတ်ရေးထိုး ပြီးနောက် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး၊ဆက်ဆံရေးရုံးများ ထားရှိရေး၊ လက်နက်မပါဘဲ တနိုင်ငံလုံး သွားလာခွင့်ပြုရေးနှင့် ကျန်အသေးစိတ်အချက်အလက်များကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဆက်လက်ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း
အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သည့် အဖွဲ့ဝင် ၂၁ ဦးပါ KNU ကိုယ်စားလှယ်အဖွဲ့မှာ ရန်ကုန်မြို့သို့ ဧပြီလ ၃ ရက်နေ့က ရောက်ရှိလာကြပြီး  ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအတွက် ဒုတိယအကြိမ်အဖြစ် ဧပြီလ ၆ ရက်နေ့တွင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် ဆွေးနွေးနေကြခြင်း ဖြစ်သည်

နှစ်ဖက်တပ်များကိစ္စအပါအဝင် အပစ်အခတ် ရပ်စဲရေးအတွက် အသေးစိတ် အချက်အလက်များကို ဆွေးနွေးနေကြပြီဖြစ်သည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲမှု ရယူပြီးကတည်းက ဒေသခံများ ပျော်ရွှင်ကြကြောင်း၊ စစ်၏ ဆိုးကျိုးကို အမှန်တကယ် ခံစားနေရသူများမှာ ပြည်သူများသာ ဖြစ်ခြင်းကြောင့် KNU အနေဖြင့် ငြိမ်းချမ်းရေးကို ပိုမိုခိုင်မြဲစေရန် ဆောင်ရွက်မည် KNU ဘက်မှ ဆက်ဆံရေးရုံးများကို ပဲခူးတိုင်း၊ ညောင်လေးပင် ခရိုင်အတွင်းရှိ ကျောက်ကြီးမြို့နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့တို့တွင် စတင်ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

KNU ၏ ထိန်းချုပ်နယ်မြေများအတွင်း အစိုးရတပ်များ ပြန်လည် ရုပ်သိမ်းပေးရန်လည်း ဖေဖေါ်ဝါရီလအတွင်းက KNU မှ တောင်းဆိုထားသည်။KNU ၏ စခန်း ၂ဝဝ ကျော်သည် ပဲခူးတိုင်း တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ကရင်ပြည်နယ် ဘားအံခရိုင်၊ ဒူးပလယာခရိုင်၊ တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ထားဝယ်ခရိုင်၊ မွန်ပြည်နယ် သထုံခရိုင် ဒေသများအတွင်း တည်ရှိနေ သည်။

ထိုဒေသများအတွင်း အစိုးရ၏ စစ်တိုင်းများဖြစ်သည့် ကမ်းရိုးတန်းတိုင်း၊ အရှေ့တောင်တိုင်း၊ တောင်ပိုင်းတိုင်းတို့နှင့် လည်း ဆက်စပ်မှုရှိနေသည်။ ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်ခြင်းကြောင့် အစိုးရမှ ရှေ့တန်းတပ်များသို့ ရိက္ခာပို့ပါက KNU တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် တွေ့နိုင်သည်ဟုလည်း KNU အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေကို ပြောသည်။

ရခိုင် ALP အဖွဲ့နှင့် အစိုးရ အပစ်ရပ်ပြီ

ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးအတွက် နှစ်ပေါင်း ၄၀ နီးပါး အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့သော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) နှင့် မြန်မာအစိုးရ ပြည်နယ်အဆင့်ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်များ စစ်တွေမြို့တွင် နှစ်ရက်ကြာ ဆွေးနွေးပြီးနောက် အပစ်ရပ်ရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ALP ပါတီ၏ ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ စစ်တွေမြို့တွင် ဗုဒ္ဓဟူးနေ့ကစ၍ နှစ်ရက်ဆက်ဆွေးနွေးခဲ့ကြရာ ယခုလ ဧပြီ ၆ ရက် နေ့မှ စတင်ကာ နှစ်ဖက် အပစ်ရပ်ရေး အပါအဝင် တောင်းဆိုချက် ၅ ချက် သဘောတူ လက်မှတ် ထိုးခဲ့ကြကြောင်း ALP ဒု ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် ကပြောသည်။ ယခုဆွေးနွေးခဲ့သော ပြည်နယ်အဆင့်တွင် ALP ကတင်ပြတောင်းဆိုသည့် အချက် ၁၇ ချက်အနက် အပစ်ရပ်ရေး အပါအဝင် ပလက်ဝနှင့် ကျောက်တော်တို့တွင် ဆက်ဆံရေး ရုံးများဖွင့်လှစ်ထားရှိရေး၊ ဒေသဖွံ့ဖြိုးရေး၊ ALP ပါတီဝင်များ နိုင်ငံတ၀န်းသို့ လက် နက်မဲ့ လွတ်လပ်စွာသွားလာခွင့်ရရှိရေး၊ နယ်မြေကျော်လွန်၍ လက်နက်ကိုင်ဆောင်သွားလာမှုများကို နှစ်ဘက်ကြိုတင် ညှိနှိုင်း ဆောင်ရွက်ရန် တို့ သဘောတူညီမှု ရှရှိထားသည်။
ALP နှင့် အစိုးရတပ်တို့အကြား နယ်မြေသတ်မှတ်ရေး၊ အစိုးရတပ်များဆုတ်ခွာပေးရေး၊ မတရားအသင်းကြေညာထားသော ဥပဒေ များရုပ်သိမ်းပေးရေး၊ တပြည်လုံးအပစ်ခတ်ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် ရခိုင်ပြည်နယ် ဒေသခံ များရရှိရမည့် အခွင့်အရေးများပါဝင်သည့် အချက် ၁၂ ချက်ကို ပြည်ထောင်စုအဆင့်၌ ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးခိုင်စိုးနိုင် အောင် က ပြောသည်။
ငြိမ်းချမ်းရေးဆွေးနွေးရန် ALP ပါတီအား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၏ ညွှန်ကြားချက်ဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့ဝင် ဒုဗိုလ်မှူးကြီးဟောင်း စောခင်စိုး မှတဆင့် ဇန်နဝါရီလပိုင်းက ဆက်သွယ်လာခဲ့ပြီးနောက် ALP နှင့် ၎င်းလက်အောက်ရှိ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA တို့ တလခန့် ဆွေးနွေးခဲ့ကြပြီး သဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။
ALP အနေဖြင့် ငြိမ်းချမ်းရေးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန်ကြိုးစားသွားမည်ဖြစ်ကြောင်း၊ တွေ့ဆုံပါက
ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စရပ်များကို ပါဝင်လုပ်ကိုင်ရန် ဆွေးနွေးသွားမည့် အစီစဉ်များရှိပြီးဖြစ်ကြောင်း ဦးခိုင်စိုးနိုင်အောင် က ပြောသည်။


ALP တောင်းဆိုချက် (၁၇ ) ချက်

စာလုံး အပြာရောင်ခြယ်ထားသော (၁) (၂) (၄) (၈) အချက်များသည် အစိုးရနှင့် ပြည်နယ်အဆင့်တွင် သဘောတူထားချက်များဖြစ်သည်။
၁. မြန်မာအစိုးရတပ်မတော်နှင့် ရခိုင်ပြည်လွတ်မြောက် ရေးတပ်မတော် ALA တို့ နှစ်ဘက်တပ်များအကြား အပစ်ခတ်ရပ်စဲရန်။
၂. အပစ်ခတ်ရပ်စဲထားသည့် ကာလအတွင်း နှစ်ဘက်သဘောတူညီထားသည့် နေရာများမှအပ နယ်မြေကျော်လွန်၍ လက်နက်ကိုင်ဆောင်သွားလာမှုများကို နှစ်ဘက်ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန်။
၃. အပစ်ခတ်ရပ်စဲထားသည့်ကာလအတွင်း သတ်မှတ်ထားသော နယ်မြေအတွင်းမှ မြန်မာအစိုးရစစ်တပ်များအားလုံး ဆုတ်ခွာပေးရန်။
၎. နှစ်ဘက်အပြန်အလှန်ဆက်ဆံ၊ ဆွေးနွေးမှုများပြုလုပ်နိုင်ရန်အတွက် နှစ်ဘက်သဘောတူညီသော အောက်ဖော်ပြပါ နေ ရာများတွင် (ALP) ပါတီ၏ ဆက်ဆံရေးရုံးများကိုဖွင့်လှစ်ရန်။
(ပလက်ဝ၊ ကျောက်တော်)။
၅. ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တပ်မတော်သားများအား၊ လက်နက်မပါ မြန်မာတပြည်လုံး သွားလာခွင့်ပြုရန်။
၆. ပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများအား လွတ်လပ်စွာတွေ့ဆုံခွင့်ပေးရန်။
၇. ရခိုင်ပြည်ရှိ ချောင်း၊ မြောင်းများအား၊ ပြည်နယ်အစိုးရမှ လေလံတင်ရောင်းချပြီး လုပ်ငန်းကန့်သတ်လုပ်ကိုင်နေသည့် စနစ်ကို ဖျက်သိမ်းပေးရန်။
၈. ရခိုင်လယ်သမားများထံမှ သိမ်းယူထားသည့် လယ်မြေ၊ အိမ်ရာ၊ ဥယျာဉ်ခြံမြေများ ပြန်ပေးရန်။
၉. ပြည်ထောင်စုအစိုးရက ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးဆွေးနွေးရေအဖွဲ့နှင့် ALP ပါတီမှ ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့များသည် နှစ်ဦးနှစ်ဘက်သဘောတူညီသောနေရာ တူညီသောကာလတွင် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ ဖော်ဆောင်နိုင်ရေးအတွက် ဆက်လက် တင်ပြဆွေးနွေးရန်။
၁၀. ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ စာပေယဉ်ကျေးမှုအပြင် လူမှုရေးနယ်ပယ်အသီးသီး၌ လွတ်လပ်စွာ ပါဝင်လုပ်ကိုင်ခွင့်ပေးရန်။
၁၁. ပြည်တွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် ရခိုင်ပြည်တွင်း၌ စီးပွားရေးမြုပ်နှံထားသောပြည်ပ ကုမ္ပဏီများမှ ဝင်ငွေခွန်အဖြစ် ၂ ရာခိုင်နှုန်း ကောက်ခံပိုင်ခွင့်ရှိရန်။
၁၂. နိုင်ငံရေး ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများကို ပြန်လည်နေရာချပေးရန်။
၁၃. အကျဉ်းကျခံနေကြရသော ရခိုင်နိုင်ငံရေးသမားများနှင့် အခြားသော နိုင်ငံရေးသမားများကို ပြန်လည်လွှတ်ပေးရန်။
၁၄. အဓမ္မလုပ်အားပေးခိုင်းစေမှုများကို ရပ်တံ့စေရန်နှင့် ပုံစံမျိုးစုံဖြင့် မတရားတဖြင့် ငွေကြေးကောက်ခံနေမှုများကို မပြုလုပ်ရန်။
၁၅. ငြိမ်းချမ်းရေးဖြစ်စဉ်တွင် သတင်းမှန်မီဒီယာများမှ ပါဝင်ခွင့်ပြုရန်။
၁၆. မတရားအသင်းကြေညာထားသော ဥပဒေများကိုပြန်လည် ရုပ်သိမ်းပေးရန်။
၁၇. တပြည်လုံးအတိုင်းအတာဆောင်သည့် အပစ်အခတ်ရပ်စဲရေးကို ကြေညာပေးရန်နှင့် အပစ်အခတ်ရပ်စဲသည့် ၄၅ ရက် အတွင်း နိုင်ငံရေးဆွေးနွေးပွဲကို စတင်ရန်။

သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေးကော်မတီကို တိုးချဲ့

ပြည်တွင်း ပြည်ပမှ သတင်းစာဆရာများ ပါဝင်သော သီးခြား လွတ်လပ်သည့် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေးကော်မတီကို တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။

သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရုပ်သံ၊ အီလက်ထရောနစ် မီဒီယာတို့မှ အယ်ဒီတာများ၊ သတင်းထောက်များ၊ ကာတွန်း၊ ကဗျာ၊ ဒီဇိုင်း၊ သရုပ်ဖော်ပန်းချီ၊ စာပြင်ဆရာ စသည့် စာနယ်ဇင်းသမားများ စုပေါင်း၍ သတင်းစာဆရာများအသင်းဖြစ်မြောက်ရေးကော်မတီက စုစုပေါင်းအသင်းဝင် ၈ဝ ဦးဖြင့် လုပ်ငန်းတာဝန်များကို ခွဲဝေဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာရှိတဲ့ သတင်းသမားတွေ အကုန်လုံး အကျုံးဝင်တဲ့ အသင်းတခု ဖြစ်ဖို့၊ သီးခြားလွတ်လပ်မှု ရှိရမယ်။ ဘယ်အဖွဲ့အစည်း တခုခုရဲ့ သြဇာလွှမ်းမိုးမှု မရှိဘူး။ လုံးဝ လွတ်လပ်တဲ့ နိုင်ငံတကာက သတင်းစာ အသင်းမျိုးဖြစ်အောင် ကြိုးစားနေတယ်။ လက်တွေ့ အကောင်အထည်ဖော်ဖို့ လုပ်နေတယ်”ဟု ဖြစ်မြောက်ရေးကော်မတီ၏ နာယက ဆရာ မောင်ဝံသက ပြောသည်။ စာနယ်ဇင်းလွတ်လပ်ခွင့် ထွန်းကားရေးရှေးရှု၍ လူ့အဖွဲ့အစည်းအတွက်လည်းကောင်း၊ သိက္ခာရှိသော စတုတ္ထမဏ္ဍိုင်ဖြစ်တည်ရေး အတွက်လည်းကောင်း ဆောင်ရွက်သွားနိုင်ရန် အတွက် ကြာသပတေးနေ့က ရန်ကုန်မြို့ Orchid Hotel တွင် စာနယ်ဇင်းသမားများ တက်ရောက်သော စည်းဝေးမှ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်လေး(ဖိုးသောကြာ-ခေတ်+မိုး)၊ ဒုဥက္ကဋ္ဌများအဖြစ် ဦးအောင်လှထွန်းနှင့် ဦးသီဟစော၊ အတွင်းရေးမှူးအဖြစ် ဦးကိုကို (စက်မှုတက္ကသိုလ်)၊ တွဲဘက်အတွင်ရေးမှူး (၁)မဇ္စျိမသတင်းဌာနမှ အယ်ဒီတာ ဦးစိန်ဝင်းအပြင် ဧရာဝတီမဂ္ဂဇင်းမှ အယ်ဒီတာ ကိုကျော်စွာမိုးလည်း အဖွဲ့ဝင်အဖြစ် ပါဝင်သည့် ၃၇ ဦးကော်မတီအဖြစ် ဖွဲ့စည်းထားသည်။၎င်းအပြင် စည်းရုံးရေးလုပ်ငန်းအဖွဲ့၊ ဖွဲ့စည်းပုံစည်းမျဉ်း ညှိနှိုင်းရေးဆွဲရေး လုပ်ငန်းအဖွဲ့ ၊ ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့နှင့်ပြန်ကြားရေးလုပ်ငန်းအဖွဲ့ စသည့်ဖြင့်လည်း တိုးချဲ့ဖွဲ့စည်းထားသည်။
ဧပြီလ ၉ ရက်နေ့တွင် ကော်မတီအစည်းအဝေး ထပ်မံကျင်းပမည်ဟုလည်း သိရသည်။

အစိုးရနှင့် ဆွေးနွေးမှု အားရဖွယ်ရှိသည်ဟု KNU ပြော

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်နေသည့် ကရင်အမျိုးသား အစည်းအရုံး KNU နှင့်
မြန်မာအစိုးရအကြား သောကြာနေ့မနက် ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အားရကျေနပ်ဖွယ် ရှိကြောင်း KNU ကိုယ်စားလှယ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးမုတြော် က ပြောသည်။

“ဒါပေမယ့် ဆွေးနွေးတဲ့အကြောင်းအရာက တအားခက်ပြီးတော့ နက်နက်ရှိုင်းရှိုင်း ဖြစ်နေတဲ့အခါကျတော့ ထင်သလောက်တော့ ခရီးက မပေါက်ဘူး။ ဒါပေမယ့် နားလည်မှုတွေ ရှိတဲ့အခါကျတော့ ကျမထင်တယ် ဒီဥစ္စာ ကောင်းတဲ့အလားအလာ ဖြစ်တယ်ဆိုတာ” ဟု ဆွေးနွေးပွဲတွင်း အခြေအနေများကို ပြောဆိုခဲ့သည်။

ဆွေးနွေးနေမှုဖြစ်စဉ်တွင် အရေးကြီးဆုံး အချက်အနေဖြင့် ယုံကြည်မှု တည်ဆောက်နိုင်ဖို့သာ ဖြစ်ကြောင်းကိုလည်းပြောဆိုခဲ့သည်။အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ခေါင်းဆောင်သည့် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ဦးအောင်မင်း ဦးဆောင်သည့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးဆဲဖြစ်ပြီးသောကြာနေ့ ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်သည်။

Derek Mitchell သံအမတ်ဖြစ်လာနိုင်မှုအပေါ် HRW ထောက်ခံ

အမေရိကန်ရဲ့အထူးအာဏာကုန်လွှဲအပ်ခံရတဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်နဲ့ လက်ရှိ အမေရိကန်ဆိုင်ရာ မြန်မာနိုင်ငံအထူး ကိုယ်စားလှယ် ဒဲရက်၊ မစ်ချဲလ်ကို ခန့်အပ်ဖို့ အိမ်ဖြူတော်က အဆိုပြုထားတယ်လို့ အမေရိကန်အသိုင်းအဝိုင်းထဲမှာ သတင်းထွက်နေပါတယ်။ ဒီလိုသတင်းထွက်နေတဲ့အချိန်မှာပဲ တကယ်လို့ မစ္စတာ ဒဲရက်မစ်ချဲလ်သာ သံအမတ်ကြီးဖြစ်လာခဲ့မယ် ဆိုရင် အမေရိကန် အစိုးရနဲ့ မြန်မာအစိုးရတို့ကြားမှာ သာမကဘဲ မြန်မာ့နိုင်ငံရေးအဖွဲ့တွေနဲ့လည်း ပိုပြီးတော့ ထိရောက်ကောင်းမွန်တဲ့ဆက်ဆံရေးမျိုး ရလာနိုင်တယ်လို့ လူ့အခွင့်အရေးကိစ္စဆောင်ရွက်နေတဲ့ HRW အဖွဲ့က ပြောလိုက်ပါတယ်။
အခုလို အိမ်ဖြူတော်နဲ့နီးစပ်တဲ့ အမေရိကန်သံတမန်တွေကြားမှာ မစ္စတာမစ်ချဲလ်ကို အမေရိကန် ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် အဆိုပြုလိုက်ကြောင်း ပြောနေကြတာကို ခိုင်လုံတဲ့သတင်းရပ်ကွက် တစ်ခုဖြစ်တဲ့ Foreign Policy မဂ္ဂဇင်းရဲ့ အင်တာနက်စာမျက်နှာ ပေါ်မှာ ကြာသာပတေးနေ့က ဖော်ပြလိုက် တာပါ။ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် အဖြစ် ဧပြီလမှာ အခန့်မခံရခင် ကာကွယ်ရေး ဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့တဲ့ အာရှရေးရာ ကျွမ်းကျင်သူ ဒဲရက် မစ်ချဲလ်ကို ခန့်အပ်ဖို့ အဆိုပြုတယ်လို့ ဖြစ်လာတဲ့သတင်းဟာ ကောင်းမွန်တဲ့သတင်းဖြစ်တယ်လို့ Human Rights Watch လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဝါရှင်တန်ဆိုင်ရာ ဒါရိုက်တာ Tom Malinowski က ဆိုလိုက်ပါတယ်။ သံအမတ်ကြီးအဆင့် မြန်မာနိုင်ငံမှာ တိုးမြှင့်ပေးဖို့ကိုတော့ ပြီးခဲ့တဲ့ဇန်နဝါရီလက မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာ အပြီးမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ကြေညာခဲ့တာပါ။ Foreign Policy အင်တာနက်စာမျက်နှာပေါ်မှာ နိုင်ငံခြားရေးဝန်ကြီးကလင်တန်က အခုလောလော ဆယ်တော့ အခုလို ဘယ်သူ့ကို ခန့်မယ်ဆိုတာကို မြန်မာအစိုးရနဲ့အသိပေး ညှိနှိုင်းနေရတဲ့အဆင့်မှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။ အမေရိကန် နိုင်ငံရေးစံနစ်အရ အခုလို အဆိုပြုထားတဲ့အပေါ် လွှတ်တော်ဘက်က အတည်ပြုပေးတာ ကို စောင့်ရအုံးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း မစ္စတာ Malinowski က ဒိအတွက် သူစိတ်မပူဘူး၊ ဘာ့ကြောင့်လဲဆိုတော့ လွှတ်တော်ဘက်ကလည်း ဒဲရက်မစ်ချဲလ် လုပ်နေတာတွေကို အသိအမှတ်ပြု ထောက်ခံထားပြီးသားမို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မစ္စတာ မာလ်လဲန်နိုးစကီးကပဲ လက်ရှိမြန်မာအထူးကိုယ်စားလှယ်တာဝန်ကို ဝါရှင်တန်ကနေ ထမ်းဆောင်တာနဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံ ထဲမှာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရမယ့် ဒီတာဝန်နှစ်ခုလုံးက အရေးကြီးပေမယ့် မြန်မာနိုင်ငံ ထဲမှာ ထိုင်ပြီးသွားလုပ်ရမယ့်တာဝန်က နောက်ပိုင်းမှာ ပိုအရေးပါလာလိမ့်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သံအမတ်ကြီး မစ်ချဲလ်အနေနဲ့ မြန်မာနိုင်ငံထဲက လူထုအဖွဲ့အစည်းတွေနဲ့ ပိုတွေ့ပြီး မြန်မာနိုင်ငံ တဝှမ်းကိုလည်း ခရီးသွားပြီး မြန်မာ နိုင်ငံတခုလုံးမှာ ဖြစ်နေတဲ့ တိုးတက်မှုအခြေအနေတွေ စစ်မှန်မှုရှိမရှိကို လာမယ့် သုံးနှစ်အတွင်းမှာ အနီးကပ်လေ့လာ စောင့်ကြည့်သွား နိုင်မှာဖြစ်တယ်လို့ မစ္စတာ မာလဲန်နိုး စကီးက ဆက်ပြောပါတယ်။ တကယ်တော့ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ အင်အားကြီးမားလာမှုကို ထိန်းကျောင်းပေးနိုင်ဖို့ အာရှ-ပစိဖိတ်ဒေသမှာ အာရုံပြန်စိုက်ဖို့ ပြင်ဆင်လာချိန်မှာ မြန်မာနိုင်ငံဘက်က လည်း တရုတ်လွှမ်းမိုးမှုကို လျှော့ချပြီး ပြုပြင်ပြောင်းလဲရေးတွေလုပ်ကာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းချိန်မှာ အခုလို အမေရိကန်-မြန်မာ ပုံမှန် သံတမန် ဆက်ဆံရေးအတွက် သံအမတ်ကြီးအဆင့်ပြန်ခန့်အပ်ဖို့ ဖြစ်လာတာဖြစ်ပါတယ်။

တိုက်ပွဲ ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေကို ILO သွားခွင့်ရပြီ


အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ILO) သွားရောက် လေ့လာကြည့်ရှုဖို့ မြန်မာအစိုးရဘက်က သဘောတူ လက်မှတ် ရေးထိုးလိုက်ပါတယ်။ ဒါဟာ နယ်စပ်ဒေသတွေက လူ့အခွင့်အရေး အခြေအနေတွေကို နိုင်ငံတကာ အဖွဲ့တစ်ခုအနေနဲ့ ပထမဆုံးအကြိမ် တရားဝင် သွားရောက် ကြည့်ရှုခွင့်ရတာ ဖြစ်ပါတယ်။
အရင်က ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေဆီ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေ သွားရောက်ခွင့်ကို အစိုးရက နှစ်ပေါင်းအတော်ကြာ ပိတ်ပင်တားမြစ်ခဲ့တာပါ။ အခုလို ILO အနေနဲ့ တိုင်းရင်းသားဒေသတွေက အခြေအနေတွေကို ကိုယ်တိုင်လာရောက် ကြည့်ရှုခွင့် ရတာဟာ ကောင်းတဲ့လက္ခဏာ တစ်ခုအဖြစ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောပါတယ်။
မတ်လတုန်းက ကာကွယ်ရေး ၀န်ကြီးဌာနနဲ့ နှစ်ဘက်သဘောတူ ချုပ်ဆိုခဲ့တဲ့ နားလည်မှု စာချွန်လွှာမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေကို ILO အနေနဲ့ စုံစမ်းစစ်ဆေးဖို့ ခွင့်ပြုချက်ဟာ တကယ့်ကို အပြုသဘောဆောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရန်ကုန် ILO ရုံးခွဲတာဝန်ခံ Steve Marshall က ပြောပါတယ်။ဒါ့အပြင် ကာကွယ်ရေး ၀န်ကြီးဌာနကနေ နယ်စပ်ဒေသက ILO ရဲ့လုပ်ငန်းတွေမှာလည်း ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ Steve Marshall က ပြောပါတယ်။ ကုလသမဂ္ဂ လက်အောက်ခံ ILO အဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေးရဖို့ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ဖို့နဲ့ ကလေးစစ်သား ပပျောက်ရေးတွေမှာ ဆောင်ရွက်ပေးနေပြီး ပြည်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်နေပါတယ်။

တိုင်းရင်းသားဒေသ လူ့အခွင့်အရေးချိုးဖောက်မှုဆိုးဝါးနေဆဲ

မြန်မာအစိုးရအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုလို အနောက်နိုင်ငံတွေက ပြင်ဆင်လာပေမဲ့ လူမျိုးစု ဒေသတွေမှာ လူမဆန်တဲ့လုပ်ရပ်တွေ ကျူးလွန်နေတာလို မပြောင်းလဲသေးတဲ့ အခြေအနေတွေရှိနေတုန်းပဲလို့ စစ်ဘေးဒဏ်က တိမ်းရှောင်လာသူတွေနဲ့ တိုင်းရင်းသားအရေး လှုပ်ရှားသူတွေက မကြာသေးခင်က လွှတ်တော်ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ ပြင်ဆင်နေတဲ့ အနောက်နိုင်ငံတွေအနေနဲ့ သတိထားဖို့လိုမယ်လို့ တိုက်တွန်းနေကြကြောင်း
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားခဲ့ရပြီးတဲ့နောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်တဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသမှာ တိုက်ပွဲတွေ အခုအချိန်အထိ ဆက်လက်ဖြစ်ပွားနေကြောင်း ပြီးခဲ့တဲ့နှစ်က တည်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၆ သောင်းလောက် ဟာလည်း ဒုက္ခသည် စခန်းတွေဆီ ထွက်ပြေးခဲ့ကြရကြောင်း
"ရဲဘော်တွေ၊ ဗမာစစ်ကြောင်းတွေ ရှိတယ်ပေါ့။ ညဆိုရင် ကျမတို့အမျိုးသမီးတွေ- ညဆိုလည်း အိပ်မပျော်ဘူး။ ဘယ်အချိန်မှာ ဘာပဲ လုပ်မလဲပေါ့။ အဲဒါကိုပဲ တွေးပြီး ကြောက်ပြီး နေနေရတယ်။"
အသက် ၃၃ နှစ်အရွယ် ကလေး ၂ ယောက်မိခင် ကချင်ဒုက္ခသည် တဦး ဖြစ်ပါတယ်။ မြန်မာအစိုးရက ဖိနှိပ်ရက်စက်မှုတွေ ရှိနေတယ်လို့ တိုင်းရင်းသားလူမျိုးစုတွေ တလျှောက်လုံးပြောနေတာတော့ ကြာပါပြီ။ ဒါပေမဲ့လည်း မြန်မာအစိုးရကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ရေငုံနှုတ်ပိတ်နေတာပါ။ KIO နဲ့ ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးနေပေမဲ့လည်း အောင်မြင်မှုတော့ မရသေးပါဘူး။ နောက်ထပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့တော့ ဆယ်စုနှစ် ၆ ခု ကျော်အကြာ ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာပဲ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တရပ် ရခဲ့ပါတယ်။ အခုအခါ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ နေထိုင်နေတဲ့ ဇိုယာဖန်းဟာ ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည် တဦးအဖြစ်နဲ့ ပဋိပက္ခတွေ ကို ကိုယ်တွေ့ကြုံခဲ့ဖူးသူပါ။
“လေယာဉ်ပေါ်က ဗုံးကြဲတာတွေ၊ လေကြောင်းက တိုက်ခိုက်တာတွေ ကျမတို့ ခံခဲ့ရဖူးပါတယ်။ ဗုံးတွေ မြေပေါ်ကျလာတိုင်း၊ မြေကြီးတွေ တုန်ခါသွားတာဟာဆိုရင် ကျမတို့အတွက် အကြီးအကျယ် ခြောက်ခြားစရာ ဖြစ်ခဲ့ရပါတယ်။”
အမည်မသိ သေနတ်သမားတွေလက်ချက်နဲ့ ၂၀၀၈ ခုနှစ်မှာ သေဆုံးခဲ့တဲ့ KNU အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာရဲ့သမီးတဦးလည်း ဖြစ်တဲ့ ဇိုယာဖန်းဟာ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ တခုဖြစ်တဲ့ Burma Campaign UK မှာ တိုင်းရင်းသားဒေသတွေက အခြေအနေတွေကို လူအများ အာရုံစိုက်လာစေဖို့ ကြိုးပမ်းနေကြောင်း
“ကချင်ပြည်နယ်မှာဆိုရင် မြန်မာစစ်တပ်က လွန်ခဲ့တဲ့နှစ်တွေအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်ကို ၃ ကြိမ် ချိုးဖောက်ခဲ့ဖူး ပါတယ်။ စစ်တပ်က အရပ်သားတွေကို ဆက်လက် တိုက်ခိုက်နေတုန်းပါ။ အမျိုးသမီးတွေဆိုရင်လည်း အဓမ္မပြုကျင့်တာတွေ ခံခဲ့ရသလို အမျိုးသားတွေ ဆိုရင်လည်း အတင်းအကျပ် လုပ်အားပေးခိုင်းတာ ခံနေရပါတယ်။”
ပဋိပက္ခတွေ ဖြစ်ပွားနေတာကြောင့်ကချင်ပြည်နယ်မှာလွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကိုလည်း အစိုးရက ဖျက်ခဲ့ကြောင်း ဒါပေမဲ့လည်း မြန်မာနိုင်ငံအနှံ့ ကျန်တဲ့နေရာတွေမှာ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲတွေမှာတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တခဲနက် အနိုင်ရခဲ့တာ ဖြစ်ပါကြောင်း တနင်္ဂနွေနေ့က ရွေးကောက်ပွဲတွေကျင်းပခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်ပြီး ဒဏ်ခတ်မှုတချို့ကိုလည်း လျှော့ချသွားမယ့်အကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာခဲ့တာပါ။ ဒါပေမဲ့လည်း ဇိုယာဖန်းတို့လို တက်ကြွလှုပ်ရှားသူတွေကတော့ မြန်မာနိုင်ငံအပေါ် မူဝါဒ အပြောင်းအလဲတွေလုပ်ရာမှာ သတိထားစရာတွေ ရှိသေးတယ်လို့ သတိပေးပါတယ်။
“မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ ပေါ်ပေါက်လာရေး အားပေးနိုင်မယ့် အဓိက ဒဏ်ခတ်အရေးယူမှုတွေကို အနောက်နိုင်ငံတွေအနေနဲ့ ဆက်ထိန်းထားဖို့ အင်မတန် အရေးကြီးပါတယ်။ လတ်တလောအခြေအနေမှာ အဓိကကျတဲ့ ပြစ်ဒဏ်ခတ်မှုတွေ ဖယ်ရှားလိုက်မယ် ဆိုရင်တော့ ဒါဟာမှားပါလိမ့်မယ်။”
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ တွေ့မြင်လာနေရပါတယ်။ ဒီအထဲမှာ အမေရိကန်ရဲ့ ဒဏ်ခတ် မှုတွေ လျှော့ပေါ့ပေးမှုတွေရဲ့နောက်ဆက်တွဲ အဖြစ် ခရက်ဒစ် အကြွေးကဒ်တွေတောင် သုံးနိုင်တာ မျိုး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့လည်း မြို့ကြီးပြကြီး မဟုတ်တဲ့ဒေသတွေမှာ အနောက်နိုင်ငံတွေရဲ့ထိတွေ့ဆက်ဆံမှုတွေက ထွက်ပေါ်လာမယ့် အကျိုးဆက်တွေကို ခံစားနိုင်ပါ့မလား ဆိုတာကတော့ မသေချာဘူးလို့လည်း တိုင်းရင်းသားအရေးလှုပ်ရှားသူတွေက ပြောနေကြ ကြောင်း သိရသည်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြန်လည် လျှောက်ထားချက် ကော်မရှင်က အကြောင်းမပြန်သေး

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ဇိုမီးအမျိုးသားကွန်ဂရက်စ်နဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ဟာ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြန်လည် လျှောက်ထားခဲ့ပေမယ့် အခုချိန်ထိ ကော်မရှင်က တစ်စုံတစ်ရာ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။ဒီပါတီတွေဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရထားပြီး နောက်ပိုင်းမှာ စစ်အစိုးရ ဖျက်သိမ်းတာ ခံလိုက်ရတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေဖြစ်ပါတယ်။
ကြန့်ကြာနေတဲ့ ကိစ္စနဲ့ပတ်သက်လို့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က
"အမှန်ကတော့ သူတို့ပြောတာက တစ်လလောက်ဆိုရင် ရမယ်လို့ ပြောတာပဲ။ အခုတစ်လကျော်ပြီ အကြောင်းမကြားသေးဘူး။ ရွေးကောက်ပွဲနဲ့များ ကော်မရှင်က အလုပ်များနေလို့လား။ နောက် ဇိုမီးတို့ SNLD တို့က ကျွန်တော်တို့ထက် နောက်ကျတယ်။ တစ်လလောက်ကျော်သွားတယ်။ မကျသေးဘူး"
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ကော်မရှင်ကို တင်ပြထားတာဖြစ်ပြီး၊ နောက်တစ်ပတ်လောက်အကြာမှာ ဇိုမီးအမျိုးသားကွန်ဂရက်စ်နဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့က မရှေးမနှောင်းမှာပဲ ပါတီပြန်လည် မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တာပါ။
ဒါ့အပြင် သူတို့နဲ့ မဟာမိတ် တိုင်းရင်းသားပါတီတွေဖြစ်တဲ့ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ကချင်အမျိုးသားကွန်ဂရက်စ် KNCD ပါတီတို့လည်း ပြန်လည်မှတ်ပုံတင်မယ့် အစီအစဉ်ရှိနေကြတယ်။ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ခွင့်ရပြီးရင် လယ်သမားအရေးကို အဓိကဦးစားပေး ဆောင်ရွက်သွားဖို့ စဉ်းစားထားတယ်လို့လည်း ဦးအေးသာအောင်က ပြောပါတယ်။

ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ကရင်လူထု ၁၀၀၀ကျော် ကြိုဆိုနှုတ်ဆက်

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကရင်လူမှုအဖွဲ့အစည်းများနှင့် ယနေ့ ဧပြီလ ၅ရက်နေ့ မနက် ၈နာရီတွင် တွေ့ဆုံခဲ့ရာ လူထု ၁၀၀၀ကျော် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဘားအံမြို့ သုမေဓာရာမ ကြားတာရဘုန်းတော်ကြီးကျောင်း၌ မနက် ၈နာရီမှ ၁၀း၃၀နာရီအထိ ပြုလုပ်သည့် ထိုတွေ့ဆုံပွဲတွင် ကရင်ငြိမ်းချမ်းရေး ကော်မတီ၊ ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ၊ ကရင်ပါတီမှ ခေါင်းဆောင်များ၊ ကရင်ဝန်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တစ်ချိန်တည်းတွင် ကရင်ပြည်နယ်ရှိ မြို့နယ် ၇ခုမှ လူထုကိုယ်စားလှယ်များ၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းအတွင်းမှ ကရင်လူထု ကိုယ်စားလှယ်များက လာရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ထိုတွေ့ဆုံမှုတွင် ကေအဲန်ယူအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ကေအဲန်ယူနှင့် မြန်မာအစိုးရတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို လူထုအား ရှင်းလင်းပြောကြားခဲ့သည်။

သူမက “အခုတွေ့ဆုံခြင်းဟာ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်တယ်။ ဒီတွေ့ဆုံမှုဟာ ဇန်န၀ါရီ ၁၂ရက်နေ့က လုပ်ဆောင်ခဲ့တဲ့ ပဏာမ အပစ်အခတ်ရပ်ဆိုင်းရေး လက်မှတ်ရေးထိုးမှု ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်လုပ်ဆောင် တဲ့ လုပ်ဆောင်မှုတွေဖြစ်တယ်။ ကျမတို့ ကေအဲန်ယူအနေနဲ့ ဒီပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အချိန်ယူပြီး တဆင့်ချင်း တဆင့်ချင်း လုပ်ဆောင်သွားမယ်။ အဲဒီအပေါ်မှာ ကေအဲန်ယူတဖွဲ့တည်းနဲ့ လုပ်လို့မရပါဘူး။ ကရင်အမျိုးသား တစ်ဦးတစ်ယောက်တည်းနဲ့ လုပ်လို့မရပါဘူး။ ကေအဲန်ယူအနေနဲ့ လူထုရဲ့ ပူးပေါင်းပါဝင်မှုကို လိုအပ်တယ်၊ လိုလားတယ်ဆိုတာကို ပြောချင်တယ်။” ဟု ပြောသည်။

ထို့အပြင် နော်စီဖိုးရာစိန်က ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို တစ်မျိုးသားလုံး၏ အရေးဖြစ်တာမို့ လူတိုင်းနှင့် သက်ဆိုင်သည့်အတွက်ကြောင့် ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အတည်ဖော်တဲ့နေရာမှာ လူထုတွေအားလုံး ပါဝင်ကြဖို့ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့်လူထုများအား တိုက်တွန်းနိုးဆော်ခဲ့သည်။ထိုတွေ့ဆုံပွဲကို တက်ရောက်လာသည့် ကေပီစီ နာယက တောင်ကလေးဆရာတော် ဦးပညာသာမိက “ကရင့် တော်လှန်ရေးဟာ ကရင်အမျိုးသားတွေပဲ လုပ်ရမယ်။ အခြားလူမျိုးတွေ ၀င်လုပ်ပေးစရာမလိုဘူး။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့နေရာမှာ ဘယ်သူမဆို သတ်တိရှိရမယ်။ အရာရာကို လုပ်ဆောင်ရဲမှပဲ ပန်းတိုင်ကို ရောက်မယ်။”ဟု လူထုအား မိန့်ကြားအမှာစကားပြောသွားသည်။

ယနေ့ တွေ့ဆုံပွဲတွင် မြန်မာအစိုးရတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသော်လည်း လူထုတွေအနေဖြင့် ကရင်အလံများ ကို ဝှေ့ရမ်းပြီး ကေအဲန်ယူ ကိုယ်စားလှယ်များနှင့် လွတ်လွတ်လပ်လပ် ဆွေးနွေး ပြောဆိုခွင့် အပြန်အလှန် နှုတ်ဆက်ခွင့် ရရှိခဲ့သည့်အတွက် ဝမ်းသားအားရကြကြောင်း မြို့ခံကရင်အမျိုးသမီးတစ်ဦးက ပြောသည်။ဘားအံမြို့ခံ ကရင်အမျိုးသမီး နန်းမြင့်အေးက “ဒီလို ပြုလုပ်ခွင့်ရတာ ကျေနပ်အားရတယ်။ ခေါင်းဆောင်တွေအနေနဲ့ ဒီလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လုပ်တာ ၀မ်းသာတယ်။ ငြိန်းချမ်းမှုကို ကျမတို့ လိုလားတယ်။”ဟု ကေအိုင်စီကို ပြောသည်။

ထိုလူထုတွေ့ဆုံပွဲအပြီးတွင် ကေအဲန်ယူ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဘားအံမြို့ရှိ နှစ်ချင်းခရစ်ယာန် အသင်းတော် ဘုရားကျောင်းသို့ သွားပြီး ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ပြီးနောက် နေ့လည် ၁၁နာရီကျော်အချိန်တွင် ဘားအံမြို့မှ ထွက်ခွာခဲ့ပြီး လက်ရှိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် တည်းခိုနေကြသည်။ယနေ့ညနေ ညစာစားပွဲ မစားခင် ၇း၀၀နာရီခန့်တွင် ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့ သည် အစိုးရဘက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းဦးဆောင်ပြီး ပြည်တွင်းရှိ သတင်းထောက်များ၊ နိုင်ငံတကာ သတင်းထောက်များ၊ ရန်ကုန်မြို့ရှိ ဌာနဆိုင်ရာဝန်ကြီးများ၊ နိုင်ငံတကာ ဧည့်သည်တော်များနှင့် တွေ့ဆုံကာ ဦးအောင်မင်းက ကေအဲန်ယူနှင့် အစိုးရတို့၏ ငြိမ်းချမ်းရေးဖြစ်စဉ် တဆင့်များကို သတင်းထောက်များအား ပြောကြားခဲ့သည်။

ဦးအောင်မင်း “တချို့လူတွေက ကျနော်တို့ ငြိမ်းချမ်းရေးလုပ်တာ စောတယ်။ တချို့ နောက်ကျတယ်လို့ ပြောကြတယ်။ ဒီနှစ်ပေါင်း ၆၀ကျော် ကြာမြင့်တဲ့ကိစကြီးကို တထိုင်တည်းနဲ့ တနိုင်တပိုင်ဖြေရှင်းလို့ မရပါဘူး။ တဆင့်ချင်း တဆင့်ချင်း လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ဒီမှာ ရှိတဲ့ ကရင်တိုင်းရင်းသားတွေအားလုံးက ထာဝရငြိမ်းချမ်းရေး ရရှိအောင် မဖြစ်မနေ ဆောင်ရွက်သွားကြမယ်ဆိုတာ ကတိပြုပြီးသားဖြစ်တယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ထာဝရငြိမ်းချမ်း ရေး မရောက်ရောက်အောင် ဆောင်ရွက်သွားမယ်။”ဟု သတင်းထောက်များအား ပြောဆိုသွားသည်။

ထိုတွေ့ဆုံပွဲတွင် ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က “ကျမတို့ အခု လာဆွေးနွေးတယ် ဆိုတာက ပြီးခဲ့တဲ့ ပဏာမဆွေးနွေးပွဲကို ဆက်လက်အကောင်အထည်ဖော်ဖို့ကို ကျမတို့ အတူတကွ လက်တွဲ လုပ်ဆောင်သွားဖို့ လာရောက်ဆွေးနွေးတာဖြစ်တယ်။ အခု ငြိမ်းချမ်းရေးကလည်း ကရင်အမျိုးသား တခုတည်းမဟုတ် ဘူး။ တိုင်းရင်းသားပြည်သူတွေ အားလုံးအတွက်ဖြစ်တယ်။”ဟု ဆိုသည်။
ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် အစိုးရနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် ချနိုင်ဖို့အတွက် မနက်ဖြန်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်ဟု သိရသည်။

ရမ်းဗြဲကျွန်းတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တည်ဆောက်ရန်စီစဉ်

မြန်မာနိုင်ငံ၏ အကြီးဆုံး ကျွန်းတစ်ကျွန်း ဖြစ်သော ရခိုင်ပြည်နယ်ရှိ ရမ်းဗြဲကျွန်းတွင် ဘိုးရင်း လေယာဉ်ကြီးများ ဆင်းသက်နိုင်မည့် နိုင်ငံတကာ အဆင့်မီလေ ယာဉ်ကွင်းကြီး တစ်ခုကို ဂျပန်က တာဝန်ယူ တည်ဆောက်ရန် လာရောက် လေ့လာခဲ့ ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် တာဝန်ရှိသူ တစ်ဦးက ဖလားဝါးနယူးစ်သို့ ထုတ် ဖော်ပြောကြားသည်။အဆိုပါနိုင်ငံတာကာ အဆင့်မီ လေယာဉ် ကွင်းကြီးကို တည်ဆောက်ရန်အတွက် ဂျပန် နိုင်ငံကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ များသည် ရမ်းဗြဲကျွန်း သို့ လာရောက်ကာ အကြိုလေ့လာ ဆန်းစစ်မူများ ကို စတင် ဆောင်ရွက်နေ ပြီဖြစ်ကြောင်း သိရသည်။

'' ဟုတ်ပါတယ်။ ဂျပန်အဖွဲ့ တစ်ဖွဲ့ ဒီရက်ပိုင်းအတွင်းက လာသွားပါ တယ်။ သူတို့က လေ့လာရုံ သက်သက်တော့ လာသွားတာ မဟုတ်ပါဘူး။ သူတို့ နိုင်ငံတာကာ အဆင့်ရှိ လေယာဉ်ကွင်းကြီး တစ် ကွင်းကို ရမ်းဗြဲကျွန်း မှာ ဘာဖြစ်လို့ တည် ဆောက်ချင်ရ သလဲဆိုရင် ဒီကျွန်းကြီးဟာ မကြာမီ အချိန်တွင်းမှာ နိုင်ငံတကာ အဆင့် ရှိတဲ့စက်မူဇုန်ကြီးတွေ၊ ရေနက်ဆိပ်ကမ်း တွေ ပေါ်ပေါက်လာမယ့် နေရာဖြစ်လို့ ဒီကျွန်းကြီး ပေါ်မှာ ယခုလို နိုင်ငံတကာ အဆင့်မီတဲ့ လေယာဉ်ကွင်းကြီး တစ်ခုကို တည်ဆောက်ဖို့ စီစဉ်တာပါလို့ သိရပါ တယ်''ဟု ရခိုင်ပြည်နယ် ဥပဒေရေးရာ ချုပ်ဦးလှသိန်းက ပြောသည်။

ယင်းလေယာဉ်ကွင်း တည် ဆောက်မည့် နေရာသည် ကျောက်ဖြူမြို့ ရေနက်ဆိပ်ကမ်း တည်နေရာနှင့် ၁၂ မိုင် သာ ကွာဝေးကြောင်းသိရသည်။ အဆိုပါ လေယာဉ်ကွင်း အကောင်အထည်ပေါ် လာပါက ရမ်းဗြဲ အပြည်ပြည် ဆိုင်ရာ လေယာဉ်ကွင်းသည် ရခိုင်ပြည်နယ်၏ ပထမ ဆုံးသော နိုင်ငံတကာ အဆင့်ရှိ လေယာဉ် ကွင်းဖြစ်လာမည်ဖြစ် ကြောင်း သိရသည်။

'' ဒေသခံ တစ်ဦး အနေနဲ့ ဒီသတင်းကိုကြားရတာ အင်မတန်ဝမ်းသာ ရပါတယ်။ ဒီလေယာဉ်ကွင်း တည်ဆောက် မယ့်နေရာ ကလဲ ရခိုင်ပြည်နယ် မှာစီးပွား ရေးဇုန်တစ်ခုလို စည်ကားလာမယ့် နေရာ ဖြစ်နေတော့ လုပ်လဲ လုပ်လာ နိုင်ပါတယ်။ လက်ရှိဆိုရင်လဲ ရေနက်ဆိပ်ကမ်း တွေက အကောင်အထည်ဖော်နေပြီဆိုတော့ ဒါ တွေနဲ့ဆက်စပ်ပြီး ဖွံ့ဖြိုး တိုးတက်လာမယ့် ရှေ့အလားအလာ တွေကို မျှော်ပြီး တည် ဆောက်လာ နိုင်တာ ဖြစ်တယ် လို့သုံးသပ်မိ ပါတယ်။ ဒီလိုစီမံကိန်းကြီးတွေက ကျွန်တော်တို့ရဲ့ ဒေသကြီးဖွံ့ဖြိုးမှုကို အများကြီး အထောက်အပံ့ ဖြစ်လာလိမ့်မယ်လို့ မျှော် လင့်ပါတယ်''ဟု စစ်တွေမြို့ခံ ဦးရွှေသိန်း မောင်က သုံးသပ် ပြောကြားသည်။

ယခုအခါ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းကြီး အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် သုံးခုရှိပြီး ပဲခူးတိုင်း ဟံသာဝတီ၊ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ရှိရာ ဒေသတို့တွင် ယင်းကဲ့သို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တည်ဆောက်ရန်စီစဉ်လျက်ရှိကြောင်း ယင်းသို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ တိုးချဲ့တည်ဆောက်မည့် အစီအစဉ်များကို ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံများ အားဖိတ်ခေါ်ချ ပြထားကြောင်း၊ ယခုအခါ ယင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်များ အပြင် ဟဲဟိုးနှင့် ညောင်ဦး လေဆိပ်များ အဆင့် မြှင့်တင် ရေး၊ သံတွဲလေဆိပ်အား တိုးမြှင့် ရေးတို့ကို စီစဉ်ဆောင်ရွက် လျက်ရှိပြီး ယခင် က ရခိုင်ပြည်နယ်တွင် ပြေးလမ်းပေ ၈၀၀၀ ရှိသော မာန်အောင် စမုတဲ လေယာဉ်ကွင်း ဟောင်း ကိုလည်းပြန်လည် အသုံးပြုနိုင်ရန် အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအ စိုးရအဖွဲ့ကို တင်ပြထားကြောင်း သိရ သည်။

နောက်ထပ် NDF အမတ်နှစ်ဦး NLD သို့ ပြန်လည်ကူးပြောင်းလို

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ လွှတ်တော်အမတ် နှစ်ဦးဖြစ်သည့် ဒေါက်တာ သန်းဝင်းနှင့် ဦးခင်မောင်ဝင်းတို့သည် NDF ပါတီဝင်အဖြစ်မှ နုတ်ထွက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD သို့ ဝင်ရောက်ရန် လျှောက်လွှာတင်ပြီး ဖြစ်သည်ဟု ၎င်းတို့က

“အရေးကြီးဆုံးအချက်က NLD မရှိလို့ ထောင်ရတာ။ သင်္ဘောကြီး စက်ရပ်သွားလို့ အသက်ကယ်လှေ ထောင်တာ။ လစ်လပ်သွားတဲ့ Political Space ကို ဖြည့်တာခင်ဗျာ့။ Political Space က ဖြည့်စရာ မလိုတော့ဘူးဆိုတော့ ကျနော်တို့က ရှင်းရှင်းပြောရင် NLD မရှိလို့ NDF ထောင်တာ။ သင်္ဘောကြီးကလည်း စက်ပြန်ကောင်းပြီး အရှိန်ကောင်းကောင်းနဲ့ သွားနေတဲ့အခါမှာ အသက်ကယ်လှေ လုပ်စရာ မလိုတော့ဘူး။ သင်္ဘောကြီးဆီပဲ ကျနော်တို့ လုံခြုံစိတ်ချစွာ သွားလို့ရပါပြီ” ဟု ပြောသည်။

ဒေါက်တာသန်းဝင်းသည် မူလ NLD ပါတီဟောင်းတွင် ရန်ကုန်တိုင်း ဒု -က္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပြီး ၁၉၉ဝ ရွေးကောက်ပွဲတွင်လည်း NLD ပါတီ၏ မြောက်ဥက္ကလာပ အမတ်အဖြစ် ရွေးချယ်ခံခဲ့ဖူးသူ ဖြစ်သည်။ NLD သို့ ပြန်လည်မကူးပြောင်းမီ NDF ပါတီတွင် လွှတ်တော်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

NDF ပါတီ၏ လွှတ်တော်လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဝင်း သည်လည်း မတ်လ ၂၇ ရက်နေ့ တွင် ပါတီမှ နုတ်ထွက်ကာ NLD ပါတီဝင်သို့ ဝင်ရောက်ရန် လျှောက်လွှာတင်ပြီးဖြစ်သည်ဟုပြောသည်။
အဆိုပါ လွှတ်တော်အမတ်နှစ်ဦးလုံး၏ မဲဆန္ဒနယ်များမှ လူထုကလည်း ဤသို့ NLD ပါတီသို့ ကူးပြောင်းဝင်ရောက် သည်ကို သဘောတူညီကြောင်း မှတ်ချက်ပေး ပြောဆိုကြသည်ဟု ဆိုသည်။
ထို့အပြင် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် NDF ပါတီကိုယ်စားပြု၍ လသာမြို့နယ်မှ အနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီ ပါတီသစ် NNLD သို့ ကူးပြောင်းခဲ့သူ လွှတ်တော်အမတ် ဦးကြည်မြင့်သည်လည်း ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း NNLD မှ နုတ်ထွက်ကာ NLD ပါတီသို့ ဝင်ရောက်ရန် လျှောက်လွှာတင်ပြီးဖြစ်သည်။
ဦးကြည်မြင့်မှာ ၁၉၉ဝ ရွေးကောက်ပွဲ၌ NLD ကိုယ်စားပြု၍ လသာမဲဆန္ဒနယ်တွင် အနိုင်ရခဲ့သူဖြစ်ပြီး၊ ၂ဝ၁ဝ
ရွေးကောက်ပွဲတွင် NLD မှတ်ပုံမတင်သည့်အတွက် NDF ပါတီအဖြစ် ခွဲထွက်ကာ လသာမြို့နယ်၌ ဝင်ရောက် ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သူ ဖြစ်သည်။

NLD ပါတီဝင် လက်ခံရေးနှင့် စိစစ်ရေးကော်မတီဝင်တဦးဖြစ်သည့် ဦးအုန်းကြိုင်က ထိုကဲ့သို့ အခြားပါတီများမှ ပါတီဝင်များ၊ လွှတ်တော်အမတ်များ ဝင်ရောက်လာခြင်းနှင့် ပတ်သက်၍ “ပါတီဝင်စိစစ်ရေး ကော်မတီကနေ စိစစ်ပြီးတော့ အဲဒီကနေပြီးတော့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို တင်ပါလိမ့်မယ်။ ထုံးစံကတော့ အဲဒီလိုလုပ်ပါမယ်” ဟု ပြောသည်။NDF ပါတီကိုယ်စားပြု၍ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း မဲဆန္ဒနယ်အမှတ် ၄ တွင် ဝင်ရောက် ယှဉ်ပြိုင်ရွေးချယ်ခံခဲ့ရသူ ဒေါက်တာမြတ်ဉာဏစိုးမှာမူ ၂ဝ၁၁ ခုနှစ် ဒီဇင်လာလအတွင်း ပါတီမှနုတ်ထွက်၍ NLD သို့ ဝင်ရောက်ခဲ့ရာ NLD ပါတီက အသိအမှတ်ပြု လက်ခံပြီး ဖြစ်သည်။NLD ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၄ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲရလဒ်အရ ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၂ နေရာတို့တွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် အမျိုးသားလွှတ်တော် အမတ် ဒေါက်တာ မြတ်ဉာဏစိုးသည် NLD သို့ ကူးပြောင်းလာခြင်းကြောင့် အမျိုးသားလွှတ်တော်အမတ် ၅ ဦး ရှိနေသည်။

NLD ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု ကြံ့ခိုင်ရေး ကန့်ကွက်မည်

ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ရန်ကုန်တိုင်းအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွေ့ရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုများကို
ကော်မရှင်သို့ တင်ပြ ကန့်ကွက်သွားမည် ဖြစ်ကြောင်းရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ ရုံးချုပ်တွင် သောကြာနေ့ နံနက်ပိုင်းက ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သတ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းအတွင်း မြို့နယ်အလိုက် တွေ့ရှိရသည့် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများကို ကန့်ကွက်သွားမည် ဖြစ်ပြီး ကော်မရှင်အနေဖြင့် ထုတ်ပြန်ထားသည့် စည်းကမ်းများအတိုင်းဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်း နိုင်ငံရေးမှူး ဦးအောင်သိန်းလင်း က ဆိုသည်။

“ကျနော်တို့က ဒီဖြစ်စဉ်တွေ ရှိတယ်လို့ သိရတယ်။ ဖြစ်စဉ် မှန်မမှန်တော့ ကျနော်တို့ မပြောနိုင်ဘူး။ ဖြစ်စဉ်ကိုပဲ ကျနော်တို့ ကန့်ကွက်တာ။ ဖြစ်စဉ်မှန်မမှန် စုံစမ်းဖို့ ကော်မရှင်မှာ တာဝန်ရှိတယ်။ ကော်မရှင်က ဖော်ထုတ်ပါလိမ့်မယ်” ဟု ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက ဆိုသည်။

ကော့မှူးမြို့နယ်မှ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်သည့် ဖြစ်စဉ် ၂ ခု၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ဖြစ်စဉ် ၁ ခု၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ဖြစ်စဉ် ၁၂ဝ ခု တို့ကို သက်ဆိုင်ရာ ကော်မရှင်များသို့ တင်ပြထားကြောင်း ကျန် ရန်ကုန်တိုင်း ၃ မြို့နယ်တွင်လည်း ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများရှိကြောင်း
NLD ကို အမှန်ခြစ်၍ မရအောင် ကြံ့ခိုင်ရေးပါတီက မဲစာရွက်များတွင် ဖယောင်း သုတ်ထားသည်ဟု ပြောဆိုမှုများရှိကြောင်း၊ ဖယောင်းသုတ်သည့် ပြဿနာမှာ ၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပချိန်က မရှိခဲ့ကြောင်း၊ အဆိုပါ ပြဿနာ အား ကော်မရှင်မှ တာဝန်ယူ စစ်ဆေးပေးရန် လိုလားကြောင်း
“ကျနော်တို့က ရှုံးမဲမဲတယ် ဆိုပြီး မိအေးနှစ်ခါ နာရပါတယ်” ဟု ဦးအောင်သိန်းလင်းက ဆိုသည်။

NLD ပါတီ၏ အထက်လူကြီးများက ထိန်းထိန်းသိမ်းသိမ်းနေရန် ညွှန်ကြားထားသော်လည်း အောက်ခြေအဆင့်တွင် ထိန်းချုပ်မှု လွတ်ကင်းနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် အပြိုင် ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဝင်ခဲ့သည့်ဒေါက်တာစိုးမင်းက မီဒီယာတွေ့ဆုံပွဲတွင်

“ကျနော်တို့ တပ်ဦးလိုမျိုး ဖြစ်နေတဲ့ ရုံးရှေ့မျက်နှာမှာ ခွပ်ဒေါင်းအလံကြီး လာယမ်းပြတယ် ဆိုတဲ့ အဓိပ္ပါယ်က ကျနော်တို့ကို စိန်ခေါ်တယ်လို့ ဆိုနိုင်ပါတယ်။ အဲ့အခါမှာ ကျနော်တို့အထဲက မခံချင်လို့များ၊ တက်ပြီးတော့များ ထွက်ပြီးတော့ ရိုက်တာပြုတာ ဖြစ်ခဲ့ရင် ကျနော်တို့ ဘယ်သူ့ကို လက်ညှိုးထိုးမလဲ။ ဘယ်သူ့ကို အဆိုးမြင်မလဲ” ဟု ဒေါက်တာစိုးမင်းက ဆိုသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီအောင်မြင်မှုအပေါ် တဘက်သား စိတ်အနှောင့်အယှက်ဖြစ်အောင်
အောင်ပွဲခံခြင်းမပြုလုပ်ရန် ညွှန်ကြားထားသော်လည်း မြို့နယ်အချို့ရှိ ပါတီဝင်များ၏ အောင်ပွဲခံမှုသည် ကြံ့ခိုင်ရေး ပါတီဝင်များအတွက် စိတ်အနှောင့်အယှက်ဖြစ်ကြောင်း ဦးအောင်သိန်းလင်းက

“တဘက်ကလည်း သူတို့လူ သူတို့ ထိန်းမှာပါပဲ။ ထိန်းတဲ့ကြားက ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ ဒီလို တည်ငြိမ်အေး မှု ထိခိုက်စေနိုင်တဲ့ ပြဿနာတွေ၊ စပ်ဆက် နောက်ဆက်တွဲကိစ္စတွေ မဖြစ်အောင် အေးအေးချမ်းချမ်းဖြစ်အောင် ထိန်းနေတယ်ဆိုတာ ကျနော်တို့ဘက်က ပြချင်တာပါ။ သူတို့ဘက်ကလည်း ထိန်းသိမ်းမယ်လို့ ကျနော် ယုံကြည်ပါ တယ်”

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်သည့် ဦးအောင်သိန်းလင်းက ယခု ကြားဖြတ်ရွေးကောက်ပွဲမှ အားနည်းချက်၊ အားသာချက်များကို သုံးသပ်မှု ပြုလုပ်သွားမည်ဟု ပြောဆိုခဲ့ပြီး လမ်းပြင်ခြင်း၊ ရေရရှိရေး လုပ်ဆောင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးကူညီမှု၊ လူမှုဘဝနှင့် စီးပွားရေး အစီအစဉ်များကို ပါတီအနေဖြင့် ဆက်လက်လုပ်သွားမည်ဟု ပြောဆိုသည်။

အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ မီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်း သတင်းသမားများသာ တက်ရောက်ပြီး နိုင်ငံခြားသား သတင်းထောက်များကို ဖိတ်ကြားခြင်း မပြုရန် ကြံ့ခိုင်ရေးပါတီက မှာကြားခဲ့သော် လည်း ရွေးကောက်ပွဲသတင်း လာရောက်ယူသူ ဂျပန်လူမျိုး သတင်းထောက်တဦး တက်ရောက်သတင်းယူခဲ့သည်။




ရန်ကုန်မြို့တော်ကို လျှပ်စစ်မီး ပိုပေးနိုင်ရန် တရုတ်နိုင်ငံနှင့် ဖက်စပ် လုပ်ကိုင်နေသည့် ရွှေလီရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အားများပြန်လည် ၀ယ်ယူမည့်အပြင် ရပ်နားထားရသည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်များ ပြန်လည်လည်ပတ်နိုင်ရန် သဘာဝဓာတ်ငွေ့များ တောင်းခံသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တာ် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ဧပြီလ ၆ရက်နေ့တွင် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က "တစ်ဖက်မှာလည်း ကျွန်တော်တို့မှာ သဘာဝဓာတ်ငွေ့တာ ဘိုင်စက် ၅လုံးရှိပါတယ်။ လည်နိုင်ဖို့ ဓာတ်ငွေ့လိုပါတယ်။ အဲဒီအတွက် ဓာတ်ငွေ့ရအောင်ကြိုးစားနေပါတယ်။ အဲဒီ ဓာတ်ငွေ့ရရင် ၆၉  မဂ္ဂါဝပ်လောက် ထပ်ထုတ်နိုင်ဖို့ရှိပါတယ်။ ရပ်ထားတဲ့ သဘာဝဓာတ်ငွေ့သုံး စက်၅လုံးအတွက် သဘာဝဓာတ်ငွေ့လိုအပ်ချက် ကုန်းတွင်းဓာတ်ငွေ့ ကုဗပေ ၂၄ သန်း၊ ကမ်းလွန် ၁၁ ကုဗပေသန်းကို တောင်းထားပါတယ်။ ဒီပမာဏကို ဘယ်နေရာကနေရရ စီစဉ်ပေးနိုင်ရင်  မဆိုးပါဘူး။ ရန်ကုန်အတွက် ရနိုင်သမျှ လျှပ်စစ်ဓာတ်အားရအောင်လုပ်ပါမယ်"ဟု ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် သဘာဝဓါတ်ငွေ့သုံးရေအား လျှပ်စစ်စက်ရုံ လေးရုံ ရှိပြီး လက်ရှိလည်ပတ်လျှက်ရှိသည်။ သဘာဝဓါတ်ငွေ့ မရရှိမှုကြောင့်  ရပ်နားထားရသည့် သဘာဝဓါတ်ငွေ့သုံး ရေအားလျှပ်စစ်စက်ရုံ ငါးရုံ ရှိပြီး ၄င်းတို့မှာ နယ်မြို့များမှ ဖြစ်ကြောင်း သိရှိရသည်။ သဘာဝဓါတ်ငွေ့များကို ထိုင်းနိုင်ငံသို့ အများဆုံး ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။

ဆက်လက်၍ ရန်ကုန်မြို့တာ် လျှပ်စစ်ဓာတ်အားပေး အဖွဲ့ဥက္ကဌ ဦးအောင်ခိုင်က "ရွှေလီစီမံကိန်းက ရွှေလီမြစ်ရဲ့ ရေစီးပေါ်မှာ မူတည်ပြီး စက်တွေကို လိုသလို မောင်းတာဖြစ်ပါတယ်။ ရွှေလီရေအားလျှပ်စစ်မှာ စက် ၆လုံး ရှိပါတယ်။ စက် ၆လုံးကို ဖက်စပ်ကုမ္ပဏီက တာဝန်ယူပြီးမောင်းပါတယ်။ ကျွန်တော်တို့က စက် ၂လုံး ၀ယ်ထားတယ်။ ကျွန်တော်တို့ ဘက်ကရတဲ့ စက်တွေက ၁၄၀ ရချင်ရတယ်။ ၁၂၀ ရချင်ရတယ်။ အခု သူတို့ ဖက်စပ်လုပ်တဲ့ ကုမ္ပဏီ တွေနဲ့ ညှိုပြီး အမြင့်ဆုံးကို ကျွန်တော်တို့ကိုပေးပါ။ ၀ယ်ထားတဲ့ စက် ၂လုံးစာ အပြည့်မောင်းပေးပါ ဆိုပြီး ကျွန်တော်တို့ ၆၀ မဂ္ဂါဝပ်လောက် ရတယ်။ ရန်ကုန်မှာ မီးမရတာကို လူကြီးတွေ စိတ်မချမ်းသာသလို သမ္မတကြီးလည်း စိတ်မချမ်းသာပါဘူး။ ရွှေလီက စက် ၂လုံး အပြင် နောက်ထပ် ၁ လုံးဝယ်ခွင့်ရဖို့ တာဝန်ရှိသူတွေ ကြိုးစားနေကြ ပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့အပြင် မီရထားဝန်ကြီး ဦးအောင်မင်းက ဧပြီလ (၆)ရက်နေ့ ရန်ကုန်တွင် ပြောကြားခဲ့သည့် ရန်ကုန်မြို့တော်ကို ၂၄နာရီ မီးပြန်ပေးရန်ရှိသည် ဆိုသည့် စကားနှင့် ပတ်သက်၍ ဖြစ်နိုင်ဖွယ်မရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။

ပြည်တွင်း ဂျာနယ်လစ်တစ်ဦးမှ အမှတ် (၁) လျှပ်စစ် ပြည်ထောင်စုဝန်ကြီး ပြောကြားခဲ့သည့် ပြည်တွင်း လျှပ်စစ်ပိုလျှံမှု အခြေအနေနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က "ကျွန်တော် ပြည်ထောင်စုဝန်ကြီး တစ်ဦးအတွက် ဘာမှ ပြန်လည် ဖြေကြားဖို့ မရှိပါဘူး"ဟု ပြန်လည် ပြောကြားခဲ့သည်။ အဆိုမေးခွန်းကို သတင်းစာရှင်းလင်းပွဲမစမီ ဂျာနယ်လစ်တစ်ဦးမှ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးအဖွဲ့ အင်ဂျင်နီယာချုပ် ကိုမေးမြန်းခဲ့ရာ "ကျွန်တော် ၀န်ကြီးနဲ့ပတ်သက်ပြီး ဘာမှ ဖြေကြားစရာ မရှိပါဘူး။ ကျွန်တော် အသက် မေလကုန်ဆိုရင် ၆၀ ပြည့်ပါမယ်။ လုပ်သက် ၃၀ ကျော်ပါပြီ။ ပင်စင်ယူပါတော့မယ်။ အခုအချိန်အထိ ကျွန်တော့်ကို လျှပ်စစ် ကွန်ယက်ကြီးတစ်ခုလုံးနဲ့ ပတ်သက်ပြီး သေသေချာချာ မသိသေးပါဘူး။"ဟု ဖြေကြားခဲ့ကြောင်း သိရပါသည်။


ဇီဝိတဒါန သံဃာ့ဆေးရုံတွင် ခြောက်ထပ် ဆေးကုသဆောင်သစ် ထပ်မံဖွင့်လှစ်


ဗဟန်းမြို့နယ်ရှိ ဇီဝိတဒါနသံဃာ့ ဆေးရုံဝင်းအတွင်း သံဃာများအတွက် ခြောက်ထပ်ဆေးရုံကို ဧပြီလ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး သံဃာ တော်များ အတွက် ဆေးကုသမှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ပုံမှန် ပြန်လည်ဖွင့်လှစ်လိုက်ပြီ


အများပြည်သူများ ကြည့်ရှုလေ့လာနိုင် စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ရန်ကုန် မြို့၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ကို မတ်လ ၂၄ ရက်နေ့မှ စတင်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ သိရသည်။

လူမှုဖူလုံရေး ဥပဒေသစ်ပေါ်လာလျှင် အလုပ်သမားများ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ဆေးရုံများတွင် ကုသနိုင်မည်


လူမှုဖူလုံရေးဥပဒေသစ်ကို မကြာမီ အတည်ပြုတော့မည်ဖြစ်ရာ ဥပဒေသစ် နှင့်အညီ အာမခံလုပ်သားများ ဆေး ကုသနိုင်ရန်အတွက် နိုင်ငံပိုင်၊ သို့မဟုတ် ပုဂ္ဂလိကပိုင်ဆေးရုံ၊ ဆေးခန်းများနှင့် သဘောတူစာချုပ်များချုပ်ဆို၍ ကျန်းမာ ရေး စောင့်ရှောက်မှုများ ပေးနိုင် ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု အလုပ်သမား ၀န်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ၊ ညွှန်ကြား ရေးမှူးချုပ် ဦးယုလွင်အောင်က ပြောသည်။

ဂျွန်ဟော့ကင်း တက္ကသိုလ်နှင့် ပူးပေါင်း၍ ဆွေးနွေးပွဲကျင်းပ


မြန်မာနိုင်ငံ ဆေးတက္ကသိုလ်များနှင့် အမေရိကန်ပြည်ထောင်စုရှိ ဂျွန်ဟော့ကင်း တက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်သော ကလေးနှင့် လူကြီး အသက်ကယ် ပြုစုစောင့်ရှောက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ ဆေးတက္ကသိုလ် - ၁ တွင် မတ်လ ၂၈ ရက် နေ့မှ ၃၁ ရက်နေ့အထိ သုံးရက်တိုင် ကျင်းပပြုလုပ်ခဲ့သည်။

နာရေးကူညီမှုအသင်းဆေးခန်းတွင် မျက်စိခွဲစိတ်ခန်း ဖွင့်လှစ်ရန် ကျန်းမာရေးဝန်ကြီးဌာန၏ စစ်ဆေးမှုကို စောင့်ဆိုင်းနေ


နာရေးကူညီမှုအသင်း(ရန်ကုန်)က သုခကုသိုလ်ဖြစ်ဆေးခန်းတွင် မျက်စိ ခွဲစိတ်ခန်းသစ်ကို ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ဧပြီလ ၁၇ ရက် နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဖွင့်လှစ် ရန် စီစဉ်ထားပြီး သက်ဆိုင်ရာ ကျန်းမာ ရေးဝန်ကြီးဌာနမှ လာရောက်စစ်ဆေး မှုကို စောင့်ဆိုင်းနေသည်ဟု အသင်း ဥက္ကဋ္ဌ ဦးကျော်သူက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

 မြန်မာများ တရုတ်နိုင်ငံတွင် ရုပ်ရှင် သွားရောက် ရိုက်ကူး


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ် ခရိုင်၊ မူဆယ်မြို့နယ်တွင် နေထိုင်သော မြန်မာအလုပ်သမား အမျိုးသားများသည် တစ်နေ့ကို တရုတ်ငွေ ယွမ် ၅၀ ဖြင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့ တွင် ရုပ်ရှင်အရန်သရုပ်ဆောင်များ အဖြစ် သွားရောက်သရုပ်ဆောင် ရုပ်ရှင် ရိုက်ကူးနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဂျာမန်ရုပ်သံ ဇာတ်လမ်းတွဲ လာရိုက်ကူး


မြန်မာနိုင်ငံသို့ ဂျာမနီနိုင်ငံမှ မင်းသားနှင့် မင်းသမီးတို့သည့် Dream Hotel ရုပ်သံဇာတ်လမ်းတွဲအတွက် မတ်လ ၃၀ ရက်နေ့က လာရောက်ရိုက်ကူးခဲ့သည်။

အရေးပေါ်သွေးသွင်းကုသရန် လိုအပ်နေသူများအတွက် သွေးမေတ္တာ ပရဟိတအသင်းမှ အကူအညီပေးနေ


အရေးပေါ်ရောဂါများကို သွေးသွင်း ကုသရန် လိုအပ်သည့်သွေးများကို အရေးပေါ်အကူအညီတောင်းခံလာပါက အကူညီပေးနေ သည်ဟု သွေးလှူ အသင်းတစ်သင်းဖြစ်သည့် သွေးမေတ္တာ ပရဟိတအသင်း (ရန်ကုန်)မှ အသင်း ဥက္ကဋ္ဌ ဦးမြတ်ကျော်က ပြောကြားသည်။

ရေ၀န်းဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း ဆောက်လုပ်ရေးစီမံကိန်းအတွက် ဂျပန်အစိုးရထောက်ပံ့


ဂျပန်အစိုးရက ၎င်း၏ အသေးစားစီမံ ကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ မန္တလေးတိုင်း၊ ၀မ်းတွင်းမြို့နယ် တဲစု ကျေးရွာ ရေ၀န်းဘုန်းတော်ကြီးသင် ပညာရေးမူလွန်ကျောင်း၌ ကျောင်း ဆောင်သစ် ဆောက်လုပ်ရန်အတွက် အမေရိကန် ၉၁,၂၈၄ ဒေါ်လာကို လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့အဖြစ်ပေးအပ်ခဲ့သည်။  

သင်္ကြန်ရေပက်ရာတွင် မီးသတ်ပိုက်များကို စစ်ဆေး အရေးယူသွားမည်


ယခုနှစ် မန္တလေးမဟာသင်္ကြန်တွင် ကျုံးပတ်လည်၌ ရေကစားမည့် မဏ္ဍပ် များနှင့် ရေစုပ်စက်အသေးစား များဖြင့်ရေကစားမည့် နေရာ များတွင် မီးသတ် ပိုက်များဖြင့်ရေပက်မှုများကို စစ်ဆေး သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရေနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးတင့်လွင် က ပြောကြားသည်။

သင်္ကြန်လုံခြုံရေး ယမန်နှစ်ကဲ့သို့ ကြပ်မတ်ပေးစေလို


၂၀၁၂ ခုနှစ်၊ သင်္ကြန်ပွဲတော်တွင် ပုဂ္ဂလိကမဏ္ဍပ် ယမန်နှစ်ထက်ပိုမိုများ ပြားလာသည့်အတွက် ပိုမို စည်ကားလာ နိုင်သဖြင့် လုံခြုံရေးကိုလည်း ယမန်နှစ် ကဲ့သို့ အထူးကြပ်မတ် ပေးစေလိုကြောင်း မဏ္ဍပ်စီစဉ်သူများက ဆိုသည်။

အကြီးဆုံး ကားပြပွဲနှင့်ကုန်စည် ပြပွဲကြီးကျင်းပမည်


မြန်မာပြည်အထက်ပိုင်းတွင် အကြီးဆုံး ကားပြပွဲနှင့် ကုန်စည်ပြပွဲကြီးကို ယခုနှစ် မေလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ လေးရက် တိုင်တိုင် အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါပွဲကို ကြီးမှူးပြုလုပ်မည့် Smart Business Group ၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

မန်းမှာ တကျော့ပြန်အောင်ပွဲခံခဲ့တဲ့ ခွပ်ဒေါင်းကိုယ်စားလှယ်


မန္တလေးဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်း ကြိုင်အတွက် အစိမ်း သက်သက် နယ်မြေ မဟုတ်ပါဘူး။ ၁၉၉၀ ပြည့်နှစ်ကကျင်းပတဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ မန္တလေး မြို့၊ အရှေ့တောင်မြို့နယ်ရဲ့ လွှတ်တော် အမတ်လောင်းအဖြစ် သူအရွေး ခံခဲ့တဲ့ နေရာဖြစ်ပါတယ်။

လျှပ်စစ်မီး၊ မီတာရေ အခက်အခဲဖြစ်


မန္တလေးမြို့နေလူထုမှာ မတ်လအတွင်း မှစ၍ လျှပ်စစ်မီးနှင့် မီတာရေရရှိမှုမှာ အခက်အခဲဖြစ်ခဲ့ကြောင်း မြို့နေလူထု၏ ပြောဆိုချက် များအရသိရသည်။
  

သင်္ကြန်တစ်ရက်တိုးသော်လည်း ရေပက်ခနှုန်းထားများ မပြောင်းရန် မဏ္ဍပ်များ စီစဉ်


ယခုနှစ် သင်္ကြန်ပွဲတော်တွင် ပွဲတော်ရက် ငါးရက်ဖြစ်လာခဲ့ပြီး မဏ္ဍပ် ဆောက်လုပ် စရိတ်နှင့် လောင်စာ ဆီဈေးများမြင့်တက်သွားသော်လည်း မဏ္ဍပ်စီစဉ်သူများ သည် ရေပက်ခနှုန်းထားကို များစွာ အပြောင်းအလဲ လုပ်လိမ့်မည် မဟုတ်ကြောင်း သိရသည်။

အိမ်ငှားဈေးနှုန်းတွေ ပိုကောင်းလာတဲ့ မန္တလေးအိမ်ခြံမြေဈေးကွက်


အိမ်ခြံမြေ ဈေးနှုန်းတွေ အမြင့်ဈေးမှာ ငြိမ်နေတဲ့ မန္တလေးမြို့မှာ အငှားဈေးနှုန်း တွေကလည်း တရိပ်ရိပ် တက်လာနေ ကြောင်း အိမ်မြေအကျိုးဆောင်တွေက ပြောပါတယ်။

နယ်စပ်လေဆိပ်များနှင့် ဟိုတယ်ဝန်ဆောင်မှု တိုးမြှင့်ရန်လို


ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း တိုးတက်စေရေးအတွက် နယ်စပ် လေဆိပ်များသို့ နိုင်ငံခြားလေကြောင်း လိုင်းများ တိုက်ရိုက် ဆင်းသက်နိုင်ရေး နှင့် ဖွင့်လှစ်လျက်ရှိသည့် ဟိုတယ်များ ၀န်ဆောင်မှုတိုးမြှင့်ရန် လိုအပ်လျက် ရှိကြောင်း မတ်လ ၂၆ ရက်နေ့ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနတွင် ကျင်းပသည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲ၌ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးတင့်ဆန်းက ပြောသည်။

မတ်လနောက်ဆုံးပတ်အတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့


ပူပြင်းခြောက်သွေ့သည့် နွေခေါင်ခေါင် ကာလတွင် နေပြည်တော် ပျဉ်းမနားမြို့၌ ၀ိုင်ယာရှော့ မီးလောင်မှုနှစ်မှု မတ်လ နောက်ဆုံး သီတင်းပတ်တွင် ဖြစ်ပွားခဲ့ သည်။ မတ်လ ၂၈ ရက်နေ့က ပျဉ်းမနားမြို့၊ ရွှေချီရပ်(၆)လမ်း၌ ဖြစ်ပွားသည့် အမှုမှာ မြန်မာ့စီးပွားရေး ဘဏ်အတွင်း ညနေ ၆ နာရီ ၄၆ မိနစ်တွင် အုန်းပင်ပေါ်ရှိ ၀ိုင်ယာ ကြိုးရှော့ လောင်ကျွမ်းခြင်းဖြစ်ကာ ပျက်စီးဆုံးရှုံးခြင်း မရှိသည့် အတွက် အမှုဖွင့်အရေးယူထားခြင်းမရှိကြောင်း သိရသည်။ 


အခြေခံစားသောက်ကုန်အချို့ ဈေးအနည်းငယ် တက်လာ


သင်္ကြန်ကာလမတိုင်မီ ဧပြီလဆန်း ပိုင်းတွင် အခြေခံစားသောက်ကုန် အများစုမှာ ဈေးတက်လာခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ပွဲရုံတန်းမှ လုပ်ငန်း ရှင်များက ပြောသည်။

ဘုရင့်နောင်လမ်းဆုံ ပိတ်ဆို့မှု နစ်နာမှုများရှိ


ဘုရင့်နောင်လမ်းဆုံနှင့် ပွဲရုံဝင်းအတွင်း ယခုနှစ်အတွင်း ယာဉ်ကြောပိတ်ဆို့မှု များဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး ယင်း သို့ဖြစ်ခြင်း ကြောင့် နေ့စဉ်ရောင်းဝယ် ဖောက်ကားမှုတွင် လုပ်ငန်းဝင်ငွေ ထိခိုက်နစ်နာမှုများ ရှိလာကြောင်း ဘုရင်နောင်ပွဲရုံဝင်းအတွင်းမှ လုပ်ငန်း ရှင်များက ပြောသည်။

လာမည့်ဘဏ္ဍာနှစ် စီးပွားရေးအခြေအနေ မျှော်လင့်ချက် အကောင်းမြင်ဘက်မှများ


လာမည့်ဘဏ္ဍာနှစ်မှ စတင်ခါအစိုးရ ၏ စီးပွားရေးဆိုင်ရာပြောင်းလဲ လုပ် ဆောင်ချက်များသည်လည်း ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲအပြီး နောက်ပိုင်းကာလများတွင်ဟန်ချက် ညီညီဖြင့် အကောင်အထည်ပေါ်လာ တော့မည်ဖြစ်ရာ နိုင်ငံတကာအသိုင်း အ၀ိုင်း၏ ကောက်ချက်ချမှုများနှင့်အတူ စီးပွားရေးကဏ္ဍသစ်များလည်းပြောင်း လဲဖြစ်ပေါ်လာနိုင်သည့်အလားအလာ ကောင်းများ ကိုလည်း မျှော်လင့်ရသည်။

နိုင်ငံတကာကားပြပွဲ ဂျပန်ကားများ လူကြိုက်များ


မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံဝင်းအတွင်း ကျင်းပ ပြီးစီးခဲ့သော မြန်မာ့ကုန်သွယ်မှုနှင့် နိုင်ငံတကာကားပြပွဲ ၂၀၁၂ တွင် ကားပြခန်းပေါင်း ၂၀ ခန့်ပါဝင်ပြသခဲ့ပြီး ဂျပန်မှတင်သွင်းသည့် ကားအများစု ပါဝင်ခဲ့ကြောင်းသိရသည်။

မတ်လကုန်ပိုင်းတွင် ဈေးကွက်အတွင်း စားအုန်းဆီဈေးတက်


စားအုန်းဆီဈေးနှုန်းများမှာ မတ်လ ကုန်ရက်များအတွင်းယခင်ဈေးကွက် အတွင်းရှိခဲ့သော ဈေးနှုန်းများထက် ၁၁ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး လွန်ခဲ့ သည့် အပတ်အတွင်းကအခွန်နှုန်းများ ပြင်ဆင်သတ်မှတ်သည့် သတင်း နောက်ပိုင်း ယခုကဲ့သို့ဈေးနှုန်းများ ပြောင်းလဲသွားရခြင်းဖြစ်ကြောင်း ဘုရင့် နောင်ပွဲရုံတန်းရှိ ဆီကုန်သည်များက ပြောသည်။

အာရှရေနံဈေးများ မြင့်တက်


အရန်သိုမှီးထားသည့် ရေနံများကို ထုတ်ယူသုံးစွဲရန် မည်သည့်ဆုံးဖြတ်ချက်မျှ မချမှတ်ရသေးကြောင်း အမေရိကန် အစိုးရက ပြောကြားပြီးနောက် အာရှ ကုန်သွယ်မှုတွင် မတ်လ ၃၀ ရက်နေ့က ရေနံစိမ်းဈေးများ ပြန်လည်မြင့်တက်လာ သည်ဟု ကျွမ်းကျင် သူများက ပြောသည်။

ထိုင်းလုပ်ငန်းငယ်များ ပိတ်ပစ်ရနိုင်


ဘန်ကောက် - ပြီးခဲ့သည့်နှစ်က ရေကြီး မှုဒဏ်ကို ခံစားခဲ့ရသော အငယ်စားနှင့် အလတ်စားလုပ်ငန်း (SME) များ အနက် အနည်းဆုံး ထက်ဝက်ခန့်မှာ စရိတ်စက ကြီးမားမှုကြောင့် ရပ်စဲရတော့မည်ဖြစ် ကြောင်း ထိုင်းနိုင်ငံရှိ လျှပ်စစ်၊ အီလက် ထရွန်းနစ်နှင့် အလားတူ လုပ်ငန်းဆိုင်ရာ အဖွဲ့ချုပ်က ပြောသည်။

မြန်မာကျပ်ငွေလဲလှယ်မှု နှုန်းရှင်သတ်မှတ်ပြီ


ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း တိုးတက်မှုနှေးကွေးခဲ့ရသော မြန်မာ နိုင်ငံ၏စီးပွားရေးကို ခေတ်မီလာ စေရန်ပြုပြင်မှု၏ အစိတ်အပိုင်းတစ်ရပ် အနေဖြင့် ခေတ်နောက်ကျနေသော ငွေကြေးစနစ်ကို ပြုပြင်တော့မည့် ကြေညာချက်တစ်ရပ်ကို မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံဗဟိုဘဏ် ကထုတ် ပြန်ကြေညာလိုက်သည်။

ရန်ကုန်မြို့တော်အတွက် အရေးပါသည့် မြို့ပြဆိုင်ရာ နှစ်ရှည် စီမံကိန်းကို တည်ဆောက်သူများ အကောင်းဘက်မှ ရှုမြင်သုံးသပ်


အစိုးရ ဌာနဆိုင်ရာပေါင်းများစွာ ပူးပေါင်းပါဝင်မှုဖြင့် စတင်ရေးဆွဲလျက် ရှိသော နှစ် ၃၀ ရန်ကုန်မြို့တော်စီမံကိန်း သစ်သည် ရန်ကုန်တစ်မြို့လုံးအတိုင်း အတာဖြင့် ကြီးမားကျယ်ပြန့်သော အကျိုးသက်ရောက်မှုရှိမည်ဖြစ်ရာ ကောင်းမွန်သော အကြံပြုချက် များကို လက်ခံကျင့်သုံးသွားပါက အနာဂတ် ရန်ကုန်အတွက် ပိုမိုကောင်းမွန်သော မြို့ပြပုံစံနှင့်အတူ စနစ်ကျသော မြို့ပြ တည် ဆောက်ရေးအကျိုးရလဒ်များ ရရှိ လာမည်ဖြစ်ကြောင်း တည်ဆောက်သူ များက အကြံပြုပြောကြားသည်။

ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီမှ အိမ်ရာအရောင်း ပြပွဲ လေးရက်ကြာ ကျင်းပခဲ့ကြောင်း သိရ


ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည့် Hill Top ၊ Twin Centro ၊ Junction Commercial Tower ၊ မလိခနှင့် နှင်းဥယျာဉ်အိမ်ရာ များကို လေးရက်ကြာကျင်းပခဲ့သော အိမ်ရာ အရောင်းပြပွဲ (Shwe Taung Home Show)တွင် ထည့်သွင်းပြသခဲ့ရာ သိသာသောဝယ်လိုအားတက်မှု ရရှိခဲ့ကြောင်း ရွှေတောင် ဖွံ့ဖြိုးမှု ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။

Tiger Supply ကုမ္ပဏီမှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းသစ်များ စတင်မိတ်ဆက်


ထိုင်းနိုင်ငံအခြေစိုက် Tiger Trade International ကုမ္ပဏီလီမိတက်မှ တင်သွင်းသော Cera C-Cure အမှတ် တံဆိပ် construction chemical များ ကို ဈေးကွက်တွင်းသို့ စတင်မိတ်ဆက် လိုက်ပြီဖြစ်ကြောင်း သိရသည်။

တရုတ်အဓိကကုန်သွယ်ရေးခရိုင် ကွမ်ကျိုးပြည်နယ်စီးပွားရေး ဈေးကွက်နေရာကောင်းတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လျက်ရှိ

၁၆ ရာစု မင်မင်းဆက်လက်ထက်က တည်းက တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးဆိုင်ရာ အချက်အချာ နေရာဖြစ်သည့် ကွမ်ကျိုးပြည်နယ် သည် ၎င်း၏ အကြီးဆုံး စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံများ ဖြစ်ထွန်းမှုနှင့် အတူ အိမ်ရာဈေးကွက်ပါ တိုးတက် ဖြစ်ထွန်းရာ သမိုင်းကြောင်းပေါ်တွင် ခိုင်မာစွာ တည်ရှိနေသည်။

အာရှပစိဖိတ်ဒေသတွင်း နိုင်ငံများရှိ အွန်လိုင်းအိမ်ရာ စစ်တမ်းကောက်ယူ မှုရလဒ်များထုတ်ပြန်


မလေးရှားလူမျိုးများသည် အိမ်ရာ ဈေးကွက်နှင့်ပတ်သက်၍ တက်ကြွမှု ရှိနေကြသော်လည်း အွန်လိုင်းစစ်တမ်း ကောက်ယူမှုတစ်ခု၏ ရလဒ်များအရ မလေးရှားရင်းဂစ် တစ်သန်း(အမေရိ ကန် ၃၃၀,၆၈၈ ဒေါ်လာ) ၀န်းကျင်ရှိ အိမ်ရာများ၏၀ယ်လိုအားများ ကျဆင်း နေပြီး အိမ်ရာဈေးကွက်ဖောင်းပွမှုတစ်ခု ဖြစ်လာမည့် အရိပ်အယောင်လည်း ရှိနေသည်။

Lwin Pwin
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

0 comments:

Post a Comment