မြန်မာသတင်းများ         ဧပြီလ ၀၅ ရက် ၂၀၁၂ ခုနှစ်

ကျန်ရှိ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး EU ဆက်လက် ဖိအားပေးသွားမည်

မြန်မာအစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှု တချို့ကို အီးယူ ဥရောပသမဂ္ဂက ပြန်လည်ရုပ်သိမ်းမှာ ဖြစ်ပေမဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေးအတွက် ဆက်လက် ဖိအားပေးသွားမှာ ဖြစ်တယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က
" ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲဟာ မြန်မာပြည် အပြောင်းအလဲအတွက် အင်မတန် အရေးကြီးတဲ့ အခိုက်အတန့် တစ်ရပ်ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ အဲဒီရွေးကောက်ပွဲတွေ ဘယ်လောက်ထိ လွတ်လပ်ပြီး တရားမျှတသလဲဆိုတာ ဆုံးဖြတ်ဖို့ စောပါသေးတယ်။ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေရဲ့အစီခံချက်တွေနဲ့ တခြားအဖွဲ့အစည်းတွေရဲ့ အမြင်တွေကို သိရဖို့ မိမိစောင့်စားနေပါတယ်" လို့ မစ္စတာ Hague က ဆိုပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲ လွတ်လပ်မျှတမယ်။ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်မယ်ဆိုရင် မြန်မာအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မှု အများအပြားကို ရုတ်သိမ်းမယ်လို့ အီးယူ နိုင်ငံခြားရေး ၀န်ကြီးတွေက ပြောဆိုထားပြီး ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုမိမိတို့ အခုလက်ငင်း ဘာတွေ လုပ်စရာရှိသလဲဆိုတာ ဆွေးနွေး တိုင်ပင်ကြရမှာပါ လို့လည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။ပိတ်ဆို့မှုတချို့ ရုပ်သိမ်းရေးကိစ္စအတွက် မြန်မာနဲ့ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေ လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ကြောင်း အီးယူ အလုပ်အမှုဆောင် ကော်မရှင်က ပြောပါတယ်။

ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးပိတ်ဆို့မှုတချို့အမေရိကန်လျှော့မည်

မြန်မာနိုင်ငံရဲ့ စီးပွားရေးခေတ်မီတိုးတက်ဖို့နဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ အရှိန်ရစေဖို့ရည်ရွယ်ပြီး အမေရိကန်က ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့ပေါ့ ပေးမယ်လို့ ပြောလိုက်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် လတ်တလော လတွေထဲမှာဖြစ်ခဲ့တဲ့ တိုးတက်မှုတွေကို အမေရိကန်က တုံ့ပြန်တဲ့အနေနဲ့ အခုလို အရေးယူမှုတချို့ကို လျှော့ပေါ့ပေးတာ အပါအဝင် မြန်မာနိုင်ငံအတွက် ဆောင်ရွက်ပေးမယ့်အချက်တွေကို နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ဗုဒ္ဒဟူးနေ့မှာ အထူး ကြေညာချက် ထုတ်ပြန်ပြီး အသိပေးလိုက်တာဖြစ်ပါတယ်။

အမေရိကန်ပေးတဲ့ အကူအညီမှာ အကြွေးကတ်စနစ် ပါဝင်ဖွယ်ရှိ

မြန်မာပြည်ရဲ့ ပြုပြင် ပြောင်းလဲမှုတွေအတွက် အမေရိကန် ပြည်ထောင်စုက စီးပွားရေးတိုးတက်ရေး အကူအညီပေးဖို့ စတင် ပြင်ဆင်နေတဲ့အထဲမှာ အကြွေးကတ်စနစ် ထွန်းကားရေးလည်း ပါဝင်ဖွယ်ရှိတယ်လို့ အမေရိကန် အစိုးရအရာရှိ အသိုင်းအ၀ိုင်းက ပြောပါတယ်။
စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံမှာ Master/ Visa/ American Express စတဲ့ အကြွေးကတ်တွေ သုံးစွဲနိုင်တဲ့စနစ် ကင်းမဲ့နေတာကြောင့် မြန်မာပြည်ကို အလည်အပတ် လာရောက်တဲ့ ခရီးသွားတွေအတွက် အခက်တွေ့ကြရပြီး ငွေစက္ကူတွေ အများအပြား သယ်ဆောင် နေကြရပါတယ်။ကြားဖြတ် ရွေးကောက်ပွဲအပြီး မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှု တချို့လျော့ပေါ့ပြီး ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကူအညီတွေပေးမယ်လို့ အမေရိကန်အစိုးရက ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမည်မဖော်လိုသူ အမေရိကန် အရာရှိကြီးတစ်ဦးက - ပိတ်ဆို့မှုတွေကို ဘယ်လို ဘယ်ပုံ လျော့ပေါ့မယ်၊ အချိန်ဇယား ဘယ်လိုရှိမယ်ဆိုတာ မိမိတို့ မသိပေမဲ့ အီလက်ထရောနစ် ကုန်သွယ်ရေးစနစ် ကျင့်သုံးနိုင်ရေးဟာ ထိပ်တန်းက ပါဝင်ပါလိမ့်မယ်လို့ အေအက်ဖ်ပီ သတင်းကို ပြောဆိုပါတယ်။အကြွေးကတ်စနစ် မသုံးစွဲနိုင်သေးတဲ့ နိုင်ငံ နည်းနည်းလေးထဲမှာ မြန်မာ ပါဝင်ပါတယ်။ စီးပွားဖလှယ်ရာမှာ ဒီကိစ္စက အတော်လေး အခက်အခဲ ရှိပါတယ်။ အဲဒါလေးကို ပြုပြင်လိုက်ရင် စီးပွားရေး အခွင့်အလမ်းတွေ တမဟုတ်ချင်း ပွင့်လန်းသွားနိုင်ပါတယ်လို့ အဲဒီအရာရှိက ပြောပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှု ဘယ်လိုရုပ်မလဲ

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ လတ်တလော ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးကို တက်လာကြတဲ့ နိုင်ငံ့ခေါင်းဆောင်တွေက မြန်မာပြည်အပေါ် ဒဏ်ခတ်ပိတ်ဆို့ထားတာတွေ ရုပ်သိမ်းပေးဖို့ အနောက်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ မြန်မာပြည်အပေါ် ချမှတ်ထားမှုတွေ ရုပ်သိမ်းသွားဖို့ အာဆီယံခေါင်းဆောင်များက ထိပ်သီးအစည်းအဝေးပွဲမှာ တညီတညွတ်တည်း တောင်းဆိုခဲ့ကြတယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ယနေ့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒီတောင်းဆိုချက်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ် အများစုအနိုင်ရခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အပေါ် အာဆီယံခေါင်းဆောင်တွေရဲ့ ကြိုဆိုတုန့်ပြန်တာတွေအပြီးမှာ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့တာပါ။

မြန်မာအပေါ် အရေးယူမှုများ ရုပ်သိမ်းရန် အာစီယံ တိုက်တွန်း

နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့ထားတွေကို ရုပ်သိမ်းရေး စဉ်းစားပေးပါရန် အာစီယံက တိုက်တွန်းပါတယ်။

မြန်မာ့အရေး အာဆီယံထိပ်သီးများနှင့် အမတ်များ သဘောထားမတူ 

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများအား ကြားဖြတ်ရွေးကောက်ပွဲ ပြီးနောက် အမြန် ရုတ်သိမ်းပေးရန် အာဆီယံအသင်းကြီးက တောင်းဆိုလိုက်သော်လည်း မြန်မာ့အရေး ဆောင်ရွက်
နေသည့် အာဆီယံ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ AIPMC ကမူ ပိတ်ဆို့မှုမျာအား အဆောတလျင် ရုတ်သိမ်းပါက မခိုင်မာသေးသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အား ထိခိုက်သွားစေနိုင်ကြောင်း ဗုဒ္ဓဟူးနေ့က သဘောထား ထုတ်ပြန်လိုက်ကြသည်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ကျင်းပသည့် အကြိမ် ၂ဝ မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန် သည့် အာဆီယံကြေညာချက်တွင် “နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာအပေါ်ထားရှိတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ကို ရုတ်သိမ်းရန်စဉ်းစားဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ဒါမှသာ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအရေးနဲ့ အမျိုးသား ဖွံ့ညဖိုးတိုးတက်မှုတွေအတွက် မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒကို ဖော်ထုတ်ပြီး ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်” ဟု ပါရှိကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Hor Namhong က ဖတ်ကြားပြသည်။

“(မြန်မာအပေါ်)ပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးဖို့အတွက် အာဆီယံ ခေါင်းဆောင်အားလုံးက သက်ဆိုင်ရာနိုင်ငံတွေကို
တောင်းဆိုပါတယ်”ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်း က ပြောဆိုလိုက်ပြီး “အာဆီယံခေါင်းဆောင်တွေဟာရွေးကောက်ပွဲအပေါ်မှာ ကျေနပ်အားရမှု ရှိကြပါတယ်”ဟု အာဆီယံ အထွေထွေအတွင်းရေးမှူး ဆူရင် ပစ်ဆူဝမ် က ပြောဆိုလိုက်ကြောင်း အိန္ဒိယနိုင်ငံထုတ် The Hindu သတင်းစာကြီးတွင် ဖော်ပြပါရှိသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa ကလည်း မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းခြင်း သည် “အပြောင်းအလဲတွေ ရှိနေကြောင်း ပြသမယ့် အားကောင်းတဲ့ အချက်ပြမှုတခု”ဖြစ်သည်ဟု ဆိုသည်။

သို့သော် မြန်မာပြည်အရေး ဆောင်ရွက်နေကြသည့် AIPMC အာဆီယံ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ကမူ ပိတ်ဆို့မှုများအား အဆောတလျင် ရုတ်သိမ်းလိုက်ပါက တိုင်းပြည်တွင်း မတည်မငြိမ်ဖြစ်မှုကို နှိုးဆွပေးသကဲ့သို့ဖြစ်သွားနိုင်ကြောင်း သတိပေးထားသည်။

“စုပြုံကျလာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရဲ့ အကျိုးဆက်တွေကို ကျင်ကျင်လည်လည်ကိုင်တွယ်ဖို့ မြန်မာနိုင်ငံမှာ ဥပဒေနဲ့ အခြေခံအဆောက်အအုံတွေ ချို့တဲ့နေပါသေးတယ်” ဟု AIPMC ဥက္ကဋ္ဌ အင်ဒိုနီးရှား လွှတ်တော် ကိုယ်စားလှယ် Eva Kusuma Sundari က ပြောသည်။

ထို့ပြင် “အပျက်သဘော အတွေ့အကြုံအဖြစ် အခုနှစ်တွေအတွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကြီးမားတဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့အတူ ပါလာတဲ့ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ရေးရာ၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ သက်ရောက်မှုတွေ က သက်သေပြနေပါတယ်” ဟု ထောက်ပြပြောဆိုထားသည်။

သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးများအား ကာကွယ်ပေးမည့် စီးပွားရေးနှင့် စက်မှုလက်မှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ အမြောက်အများ ရေးဆွဲပြဋ္ဌာန်းရန် လိုနေသေးကြောင်းလည်း Eva Kusuma Sundari က ပြောဆို သွားသည်။

တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားခဲ့သည့် မြန်မာနိုင်ငံမှ ကြားဖြတ် ရွေးကောက်ပွဲ နှင့် ပတ်သက်၍မူ “လွတ်လပ် မျှတ၍ ထင်သာမြင်သာရှိသော” ရွေးကောက်ပွဲအဖြစ် အာဆီယံခေါင်းဆောင်များက ရှုမြင်သကဲ့သို့ AIPMC ကလည်း “ဒီမိုကရေစီ အခွင့်အရေးများအား အောင်မြင်စွာ အသုံးချလိုက်နိုင်မှုအတွက်” မြန်မာပြည်သူများအား ဂုဏ်ပြု ချီးကျူးထားသည်။

ကြားဖြတ်ရွေးကောက်ပွဲ NLD ၄၃ နေရာ နိုင်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကျန်ရှိသည့် မဲဆန္ဒနယ် ၅ ခု မှ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များကို ဧပြီ ၃ ရက်နေ့ ရက်စွဲဖြင့် ထပ်မံကြေညာသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးတွင် NLD မှ ဒေါ်ခင်မွှေးလွင် နှင့် တနင်္သာရီတိုင်း ဒေသကြီးတွင် NLD မှ ဒေါ်တင်တင်ရီတို့ အနိုင်ရရှိကြောင်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် စစ်ကိုင်းတိုင်း ဒေသကြီးတွင် NLD မှ ဒေါက်တာ မြင့်နိုင်၊ ကြံ့ခိုင်ရေးပါတီမှ ဦးတင်မြ၊ ရှမ်းပြည်နယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဦးစိုင်းစံမင်း တို့ အနိုင်ရရှိကြောင်း ယနေ့ထုတ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို သံရုံးအကြီးအကဲများ တွေ့ဆုံ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်သံရုံး တာဝန်ခံနဲ့ ဗြိတိန်၊ ပြင်သစ်၊ သြစတေးလျ သံအမတ်တွေက ဒီကနေ့ အသီးသီးသွားရောက် တွေ့ဆုံခဲ့ကြပါတယ်။တွေ့ဆုံပွဲတွေမှာ ဆွေးနွေးတာကို အသေးစိတ် မသိရပေမယ့် မကြာခင်မှာ သင်္ကြန်ရုံးပိတ်ရက်တွေ ရောက်လာတော့မှာဖြစ်လို့ တွေ့ဆုံတာဖြစ်သလို၊ လတ်တလောပြီးဆုံးသွားတဲ့ ကြားဖြတ် ရွေးကောက်ပွဲ ဆိုင်ရာကိစ္စတွေ ထည့်သွင်းပြောဆိုတယ်လို့ သိရပါတယ်။
ဒီအတောအတွင်းမှာပဲ အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်တွေ ပူးပေါင်းပြီး မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ တောင်းဆိုတဲ့ ကြေညာချက်ကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။EU ဥရောပ သမဂ္ဂကတော့ အရေးယူပိတ်ဆို့မှုကို အစောဆုံး ဘယ်တော့လောက် ရုပ်သိမ်းသင့်သလဲဆိုတဲ့ ဆွေးနွေးပွဲကို မနေ့က စတင်ပြုလုပ်နေပါတယ်။
ဒီကိစ္စမှာ ဗြိတိန်နဲ့ ဥရောပအနောက်မြောက် နိုင်ငံတွေက မြန်မာအစိုးရကို လက်နက်တင်ပို့ ရောင်းချမှုကို ဆက်လက် တားမြစ်ထားချင်နေသလို၊ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်နေသူ တစ်ဦးချင်းစီကို စီးပွားရေးပိတ်ဆို့ အရေးယူမှုကို ဆက်လက်ထားရှိဖို့ ဆန္ဒရှိနေတယ်လို့ သံတမန် သတင်းရပ်ကွက်အရ သိရပါတယ်။

မြန်မာအစိုးရနဲ့ KNU ဖားအံမှာဆွေးနွေး

နဲ့ မြန်မာအစိုးရတိုရဲ့ငြိမ်းချမ်းရေးအဖွဲတို့ကြား သဘောတူညီထားတဲ့ အပစ်ရပ်ရေး ပိုမိုခိုင်မာမှုရှိအောင် နှစ်ဘက်အဖွဲ့က တာဝန်ရှိသူတွေ ဒီကနေ့ ဖားအံမြို့မှာတွေ့ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။ တပ်ခစန်းချထားရေးနဲ့ နှစ်ဘက်တပ်ဖွဲ့တွေ လိုက်နာရမယ့်စည်းကမ်းချက်တွေအပေါ် အဓိကဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေရဖို့ထိ ညှိနှိုင်းဆွေးနွေးသွားမယ် လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။ ကရင် KNU အဖွဲ့နဲ့  မြန်မာအစိုးရရဲ့  ငြိမ်းချမ်းရေးအဖွဲ့တို့ကြား ဒီကနေ့ ဖားအံမြို့မှာ အဓိက ဆွေးနွေးကြတာကတော့ ပြည်နယ်ပဏာမ သဘောတူညီချက်ထဲမှာ အဓိကအချက်ဖြစ်တဲ့ အပစ်ရပ်ရေးထဲက နှစ်ဘက်လိုက်နာရမယ့် အချက်တွေ ကို အသေးစိတ် ထပ်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဒါဟာ KNU အဖွဲနဲ့ အစိုးရအဖွဲတို့ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှု လည်း ဖြစ်ပါတယ်။ အထုးသဖြင့်ကတော့  တပ်စခန်းတွေနေရာချထားရေး တွေ တခါ တပ်တွေရော ဒေသခံလူထုတွေ ကပါ ဒီအပစ်ရပ်သဘောတူညီချက်ထဲကအတိုင်း လိုက်နာဆောင်ရွက်ရမယ့် ကိစ္စတွေ ဆွေနွေးကြတယ်လို့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ကို ဦးဆောင်လာသူထဲကတဦးဖြစ်တဲ့ လူမှုကြိကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန၀န်ကြီး ဦးခင်ရီက 
“ပထမပြည်နယ်အဆင့်မှာ အပစ်အခတ်ရပ်စဲရေးအတွက် အရင်ဆွေးနွေးခဲ့တာ ရှိတယ်ခင်ဗျ။ အဲဒါကို ထပ်ပြီးတော့ ပိုမိုခိုင်မာအောင်ဆိုပြီးတော့ cease fire ကာလအတွင်း နှစ်ဘက်လိုက်နာရမယ့်  ကျင့်ဝတ်တွေ၊ စည်းကမ်းတွေ- အဲဒါတွေကို ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ဘက် ဒီဘက်က ဘာလိုက်နာရမယ်၊ ဟိုဘက်က ဘာလိုက်နာရမယ်ဆိုတာ အပြန်ပြန်အလှန်လှန် ဆွေးနွေး ခဲ့ကြပြီးတော့ ဒါကို ဆက်ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်ခင်ဗျ”
"ကျနော်ထင်တယ်။ မရှိနိုင်ဘူးထင်တယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဘက်လုံးကတအားဖြစ်ချင်တယ်လေ။ နှစ်ဘက်လုံးက ငြိမ်းချမ်းရေးလိုလားတဲ့သူတွေပဲဖြစ်နေတော့ ဖြစ်ချင်တဲ့ဆန္ဒရှိနေတဲ့အခါကျတော့ သိပ်အခက်အခဲ မရှိနိုင်ပါဘူး။ လိုတိုး ပိုလျှော့ နှစ်ဘက်ညှိတဲ့အချိန်လေးပဲ ကြာချင်ကြာနိုင်မှာပါ။ ကျနော်ထင်ပါတယ်။ အခက်အခဲ မရှိနိုင်ပါဘူးခင်ဗျ။"
ဧပြီလ ၄ ရက်နေ့ ဖားအံမှာ အခုတွေ့ပြီး KNU အဖွဲ့တွေ ရန်ကုန်ကိုသွားကာ   ဧပြီလ ၁၁ ရက်နေ့ အထိ ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေရဖို့ ဆက်ဆွေးနွေးကြမှာလည်းဖြစ်ပါတယ်။
“အဲဒါက ဒီမှာမပြတ်တဲ့ကိစ္စတွေနဲ့ ဟိုမှာက သူတို့ဘက်က တင်ပြချက်တွေအပေါ်မှာ မူတည်ပြီးတော့မှ ကျနော်တို့က ဆွေးနွေးမှာပါ။ သူတို့က တင်ပြလာမှာပါ။ ဟိုကျမှပဲ ကျနော်တို့က အသေးစိတ်သိရမယ်ခင်ဗျ။ အားလုံးက ငြိမ်းချမ်းရေးလိုချင်တယ်၊ ပြည်သူတွေကလည်း ငြိမ်းချမ်းရေးလိုချင်တယ်၊ နှစ်ဘက်ညှိတဲ့ပုဂ္ဂိုလ်တွေကလည်း ငြိမ်းချမ်းရေးလိုချင်တယ်၊ အကြီးအကဲတွေကလည်း ဒါတွေ ဖြစ်မြောက်အောင်ဆောင်ရွက်ခိုင်းတယ်ဆိုတော့ အခက်အခဲတော့မရှိဘူးခင်ဗျ။ တချို့နေရာတွေမှာ နှစ်ဘက်ညှိရတဲ့ အချိန်ယူရတဲ့ အပိုင်းတွေတော့ ရှိမှာပါ။ နောက်ဆုံးတော့ ထာဝရငြိမ်းချမ်းရေး ကျုပ်တို့တိုင်းပြည်မှာ ကျိန်းသေရသွားမယ့်သဘောဖြစ်ပါတယ်။”
ဒါကတော့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ထဲက လူမှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ၀န်ကြီး ဦးခင်ရီက က KNU နဲ့ဆွေးနွေးနေတဲ့ အခြေအနေတွေကိုပြောပြခဲ့တာပါရှင်။ ကရင်ပြည်နယ် အတွင်း ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်နေခဲ့တဲ့  ပဋိပက္ခတွေကို ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ရာမှာ အရင်က ရှိခဲ့ဖူးတဲ့ အပစ်ရပ်သဘောတူညီချက် ပျက်ခဲ့တာမျိုး တွေ ထပ်မဖြစ်ရအောင် အထူးသဖြင့်ကတော့ အာမခံချက်ရှိတဲ့ သဘောတူညီချက်တွေဖြစ်ဖို့ လိုတယ်လို့ KNU အဖွဲ့က တာဝန်ရှိသူတဦး လည်းဖြစ်၊  သတင်းနဲ့ပြည်သူ့ဆက်ဆံရေး တာဝန်ခံ နော်မေဦးကလည်း ပြောပါတယ်။ ပြည်နယ်အဆင့် ပမာဏတွေထဲ အခုလို ခိုင်မာတဲ့ အပစ်ရပ်သဘောတူညီချက်တွေပြီးပြီဆိုရင် ပြည်ထောင်စုအဆင့်ဆွေးနွေးချက်တွေထဲ နိုင်ငံရေးအချက်တွေ ဆက်ဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။
“စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်တဲ့ဘက်ကို ဦးတည်သွားနိုင်ဖို့ဆိုတာကို လိုအပ်တဲ့အပေါ်မှာ ကျမတို့ စောင့်ကြပ်ကြည့်ရှုသွားမယ့် monitoring မော်နီတာရင်းအဖွဲ့ဆိုတာကို ဆွေးနွေးခြင်းဖြစ်ပါတယ်။ ပထမသဘောတူညီချက်ရေးထိုးခဲ့တုန်းက အဲဒီ အချက်တွေ-အချက်တစ်ချက်ပေါ့နော်၊ သဘောတူညီချက် ရေးထိုးခဲ့တဲ့အထဲမှာ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးပေါ့။ အဲဒီဟာတွေက ပြည်ထောင်စုအဆင့်မှာ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ တကယ့် စစ်မှန်တဲ့၊ အနှဝ်သာရရှိတဲ့အပစ်အခတ်ရပ်စဲရေး တစ်ခုဖြစ်ဖို့အတွက်ကို ကျမတို့ အခု လောလောဆယ်မှာ ဆွေးနွေးနေတုန်းပဲဖြစ်ပါတယ်။ ”
ရန်ကုန်မှာ KNU အဖွဲ့ဟာ  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  နိုင်ငံရေးပါတီတချို့ကို လည်း တွေ့ဆုံဖို့စီစဉ်ထားသလို ပဲခူးတိုင်းက ကျောက်ကြီးမြို့နဲ့ တနင်္သာရီတိုင်း၊ ထားဝယ်ကို သွားမယ် လို့လည်း ပြောပါတယ်။
"NLD နဲ့တော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားလူမှုရေးအဖွဲ့အစည်းတွေ၊ တခြားနိုင်ငံရေးပါတီတွေနဲ့ တတ်နိုင်သမျှပေါ့ တွေ့ဖို့ရှိပါတယ်။ မငြိမ်းချမ်းတဲ့အတွက်ကြောင့် တကယ်တန်း မြေစာပင်ဖြစ်နေတဲ့ ပြည်သူတွေရဲ့  အခန်းကဏ္ဍ တကယ်ပဲ အရေးကြီးတာကို ကျမတို့က လက်ခံထားတဲ့အတွက်ကြောင့် စစ်မက်ဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ ကျမတို့ လူထုတွေရဲ့ အခြေအနေတွေကို သွားပြီးလေ့လာဖို့ပဲ ဖြစ်ပါတယ်။"
KNU အဖွဲ့က တာဝန်ရှိသူ နော်မေဦးပြောပြခဲ့တာပါရှင်။ ဧပြီလ ၄ရက် ဗုဒ္ဓဟူးနေ့က ဖားအံမှာလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို အရပ်ဘက်လေ့လာစောင့်ကြည်ရေးသုံးဦးလည်း တက်ရောက်နားထောင်ခဲ့ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ရထားဝန်ကြီးဦးအောင်မင်းနဲ့  လူမှုကြိကြပ်ရေးနဲ့  ပြည်သူ့အင်အား ဦးစီးဌာန ၀န်ကြီး ဦးခင်ရီတို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်း  စစ်ဌာနချုပ်တိုင်းမှူးနဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေပါသလို  ကရင် KNU ဘက်ကတော့ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်က  ကိုယ်စားလှယ် အဖွဲ့ဝင် ၂၀ တက်ရောက်လာခဲ့ကြပါတယ်။

KNU ငြိမ်းချမ်းရေးဆွေးနွေးရန် စတင် ထွက်ခွာ

KNU က အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ယနေ့ ထိုင်း-မြန်မာနယ်စပ်မှ စတင်ထွက်ခွာသွားပြီဖြစ်သည်။ ဆွေးနွေးပွဲများကို ဧပြီ ၄ ရက် မှ ၁၁ ရက်အထိ ဘားအံ၊ ရန်ကုန် နှင့် ပဲခူးမြို့များတွင် ပြုလုပ်သွားမည် ဖြစ်ပြီး ဆွေးနွေးရာတွင် တပြည်လုံးအတိုင်း အတာ ဆောင်သည့် အပစ်အခတ် ရပ်စဲရေး အပါအ၀င် အဓိက ဆွေးနွေးမည့်အချက် ၅ ချက်ကိုလည်း ယနေ့ ထုတ်ပြန်သည့် KNU ကြေညာချက်၌ ဖော်ပြထားသည်။

KNU နဲ့ မြန်မာအစိုးရ အပစ်အခတ် ရပ်စဲရေးကိစ္စ ဒုတိယအကြိမ် ဆွေးနွေး

မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စ ဒုတိယအကြိမ် ဆွေးနွေးဖို့အတွက် KNU ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နော် ဇီဖိုးရာစိန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်း၊ မြန်မာနယ်စပ်ကနေ ကရင်ပြည်နယ် ဘားအံမြို့ကို ဒီကနေ့ ရောက်ရှိသွားပြီး အစိုးရအာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲတွေကို ရန်ကုန်နဲ့ ပဲခူးမြို့တွေမှာ ဆက်လက် ပြုလုပ်သွားမယ်လိုလည်း KNU က သတင်းထုတ်ပြန်ထားပါတယ်။ဧပြီလ ၁၁ ရက်နေ့အထိ ပြုလုပ်မယ့် အဲဒီ ဆွေးနွေးပွဲတွေမှာ တစ်ပြည်လုံး အတိုင်းအတာနဲ့ နှစ်ဘက် အပစ်အခတ်ရပ်စဲရေး အပါအဝင် ယုံကြည်မှု တည်ဆောက်ရေး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး စတာတွေကို ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
ဒီခရီးစဉ်အတွင်း ကရင် လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေအပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

ဂျပန် ငွေကြေးအကူအညီ ပြန်လာမည်

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါတီ အနိုင်ရသည့်အတွက် ဂျပန်နိုင်ငံက မြန်မာကို ငွေကြေး ပြန်လည် အကူ အညီ ပေးရေးနှင့် ပတ်သက်ပြီး ယခုလအတွင်း ကြေညာရန်ရှိကြောင်း သိရသည်။ သမ္မတ ဦးသိန်းစိန်၏ ယခုလ နောက်ဆုံးပတ် တိုကျိုမြို့သို့ လာရောက်မည့် ခရီးစဉ်အတွင်း ဖြစ်သည်ဟု Kyodo သတင်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးသို့ ဦးတည် ရွေးလျားနေသည်ဟု မျှော်လင့်ရကြောင်းလည်း ဂျပန်နိုင်ငံခြား ရေး ၀န်ကြီး Koichiro Genba က ပြောဆိုလိုက်သည်။ ထို့အပြင် ယခုပြောင်းလဲတိုးတက်မှုများကြောင့် မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးသည့် နိုင်ငံတနိုင်ငံ ဖြစ်လာနိုင်ကြောင်း သိရသည်။

NLD ရွေးကောက်ပွဲနိုင်၍ သြစတြေးလျ ပိတ်ဆို့ မှုလျှော့ချ ဖွယ်ရှိ

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ အောင်နိုင်ခဲ့သည့် ရလဒ်သည် တိုးတက်သော ခြေ လှမ်းတရပ်ဖြစ်သည့်အတွက် ပိတ်ဆို့အရေးယူမှုများ လျှော့ချရန် လုံလောက်သည့် အကြောင်းချင်းရာတခု ဖြစ်သည်ဟု သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး Bob Carr က ပြောသည်။ ယခုထက်ပိုသည့် ပြောင်းလဲမှုများ ဖြစ်လာစေရန်အတွက်မူ မလုံသေးကြောင်း ၎င်းက ပြောသည်ဟုလည်း ABC သတင်းက ဆိုသည်။

မိုညှင်း အချုပ်ခန်းဖောက်မှု ၂ ဦးသေဆုံး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ရဲစခန်း အချုပ်ခန်းထဲက အချုပ်သားများ ယမန်နေ့ နံနက်ပိုင်းက ထွက်ပြေးရန် ကြိုးစားခဲ့သော ကြောင့် ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်ဟန့်တားခဲ့ရာ၂ ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း သိရသည်။ သေဆုံးသူများသည် မူးယစ်ဆေးဝါးအမှု၊ လက်နက်မှုများနှင့် ဆက်စပ်သူများဖြစ်ပြီးဒဏ်ရာရသူများကိုမိုးညှင်း ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသ နေကြောင်း ဒေသခံတဦး ကပြောသည်။

မြန်မာ့ပြုပြင်မှုအတွက် အမေရိကန်တုံ့ပြန်ဖို့ ဆွေးနွေးနေ

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆန္ဒနယ်အားလုံးနီးပါးအနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့ကကြားဖြတ်ရွေးကောက်ပွဲငြိမ်းငြိမ်းချမ်းချမ်းပြီးဆုံးသွားခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် အမေရိကန်ဘက်ကလည်း ရှေ့ဆက် တုံ့ပြန်မှုတွေလုပ်သွားဖို့ ဆွေးနွေးမှုတွေလုပ်နေတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဘယ်လိုတုံ့ပြန်မှုမျိုးတွေ ဖြစ်မလဲဆိုတာ ခုချိန်မှာ မပြောနိုင်သေးပေမဲ့ မြန်မာအစိုးရဘက်က ပြုပြင်ဆောင်ရွက်မှုတွေနဲ့အညီ အမေရိကန်ဘက်ကလည်း တုံ့ပြန်သွားမှာဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland က မနေ့က နိုင်ငံခြားရေးဌာနရဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။

“ကျမတို့အနေနဲ့ အစိုးရအတွင်းပိုင်း ဆွေးနွေးမှုတွေလုပ်နေပါတယ်။ အမေရိကန်နဲ့ အလားတူတဲ့ တုံ့ပြန်မှုတွေ လုပ်သွားနိုင်ဖွယ်ရှိတဲ့ ကျမတို့ရဲ့မဟာမိတ်တွေ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ဝင်တွေ၊ အီးယူ ဥရောပသမဂ္ဂတို့နဲ့လည်း ဆွေးနွေးတိုင်ပင်မှုတွေ လုပ်နေပါတယ်။”

နိုင်ငံခြားရေးဝန်ကြီးကလင်တန် အီစတန်ဘူးလ်မြို့က အစည်းအဝေးအတွင်းပြောခဲ့သလိုပဲ မြန်မာအစိုးရ အနေနဲ့ ရွေးကောက်ပွဲ မသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့အပေါ်မှာ မြန်ဆန်ထိရောက်တဲ့ စစ်ဆေးဆောင်ရွက်မှုတွေ လုပ်ပြီး ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့အတွက် သိပ်ကို အရေးကြီးပါတယ်၊ ဒါမှသာ ထင်သာမြင်သာရှိမှု အပါအ၀င် နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေကို ပြည့်မီလာမှာဖြစ်တယ်လို့လည်း ပြောခွင့်ရအမျိုးသမီး Nuland က ပြောသွားပါတယ်။

“နောက်တကြိမ် ရွေးကောက်ပွဲတွေ စီစဉ်ကျင်းပနိုင်တဲ့အထိ မြန်မာနိုင်ငံရဲ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် ပြောင်းလဲဖြစ်ထွန်းသွားဖို့ ကျမတို့ မျှော်လင့်ထားပါတယ်။ နောက်တကြိမ် ရွေးကောက်ပွဲက ၂၀၁၅ ခုနှစ်မှာ ကျင်းပဖို့ စီစဉ်ထားတာလို့ ထင်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Victoria Nuland ပြောသွားတာဖြစ်ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲတွေ တရားမျှတမှု ရှိမရှိဆိုတာကို စောင့်ကြည့်ပြီး မြန်မာအပေါ် ချမှတ်ထားတဲ့ မူဝါဒ အပြောင်းအလဲတွေ လုပ်ကောင်းလုပ်မယ်ဆိုပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အချက်ပြ ပြောဆိုထားတာဖြစ်ပါတယ်။ တချိန်တည်းမှာလည်း အခု ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တခုတည်းကိုပဲ ကြည့်ပြီး မြန်မာအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်ဖို့မသင့်ကြောင်းနဲ့ နောက်သုံးနှစ်ကြာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အချိန်အထိ အခြေအနေတွေကို စောင့်ကြည့်ပြီးတော့မှ ဆုံးဖြတ်ဆောင်ရွက်သင့်ကြောင်း
သိရပါတယ်။

နိုင်ငံခြားငွေ နှုန်းရှင်လဲလှယ်မှု စတင်ကျင့်သုံး

မြန်မာနိုင်ငံမှာ ပြည်တွင်းသုံး ကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်တဲ့ စနစ်ကို နှစ်ပေါင်း များစွာ စစ်တပ်လွှမ်းမိုးတဲ့ အစိုးရ သတ်မှတ်ထိန်းချုပ်လာတဲ့ နှုန်းသေစနစ် ကနေ ဈေးကွက်နဲ့ လိုက်လျော ညီထွေ ဖြစ်မယ့် နှုန်းရှင်စနစ်ကို ပြောင်းလဲ ကျင့်သုံး လိုက်ပါ တယ်။ အင်္ဂါနေ့ထုတ် အစိုးရ သတင်းစာ မှာ မြန်မာကျပ်ငွေကို အရင် ပုံသေ သတ်မှတ် ထားတဲ့ နှုန်းကနေ တဒေါ်လာ ၈၁၈ ကျပ်နှုန်း နဲ့ သတ်မှတ် လိုက်ပါတယ်။ ဒီစနစ်အရ နေ့စဉ် ငွေကြေး ဈေးကွက် လေလံနှုန်းအရ နှုန်းရှင်ကို သတ်မှတ်မှာ ဖြစ်ပါတယ်။
တနင်္လာနေ့က ခွင့်ပြုချက် ရထားတဲ့ ပုဂ္ဂလိကဘဏ် ၁၁ခုကြားမှာ ငွေလဲနှုန်း လေလံ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။  နောက်ထပ် အစိုးရဘဏ် ၃ ခုကိုလည်း ဒီ လေလံပွဲမှာ ပါဝင် ခွင့်ပြုမယ်လို့ သိရပါတယ်။ ကြီးမားတဲ့ ငွေကြေး မတည်ငြိမ်မှု မဖြစ်ရ လေအောင် အခါ အားလျော်စွာ ဗဟိုဘဏ်က ဈေးကွက်မှာ ၀င်ရောက် ပါဝင် ပတ်သက်ခွင့် ရှိမှာလည်း ဖြစ်ပါတယ်။


မြန်မာနိုင်ငံတွင် နှုန်းထားအမျိုးမျိုး ဖြစ်ပေါ်လျက်ရှိသော ငွေလဲနှုန်းများကို နှုန်းထားတစ်မျိုးတည်း ပေါင်းစည်းသည့် ငွေလဲနှုန်း ပေါင်းစည်းရေး အစီအစဉ်အရ အမေရိကန် ဒေါ်လာဈေး၊ အက်ဖ်အီးစီဈေး၊ စင်ကာပူ ဒေါ်လာဈေးနှင့် ယူရိုငွေကြေးများကို နှုန်းရှင်စနစ် (Floating) ဖြင့် ဈေး ကွက် ပေါက်ဈေးအတိုင်း ဧပြီလ ၂ ရက်နေ့မှ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
''ငွေလဲနှုန်းကို ဒီနေ့ကစပြီး နှုန်းရှင်စနစ်နဲ့ လဲပေးဖို့ ဗဟိုဘဏ်ကနေ စတင်ဆောင်ရွက်ပါတယ်။ ဒါကြောင့် ဒေါ်လာဈေးနဲ့ FEC  ဈေးကိုတော့ midrate နဲ့ ဗဟိုဘဏ်က တစ်နေ့ချင်း ချပေးသွားမှာပါ။ အဲဒီအပေါ်မှာ ကျွန်တော်တို့ money exchange counter မှာ ငွေလဲပေးတဲ့အခါ + ၀ ဒသမ ၈ ရာခိုင်နှုန်း၊ - ၀ ဒသမ ၈ ရာခိုင်နှုန်းနဲ့ သွားမှာပါ။ ဒီနေ့ စဖွင့်ဖွင့်ချင်းမှာ အမေရိကန်ဒေါ်လာရော၊ FEC ရော ၀ယ်ဈေးက ကျပ် ၈၁၁ နဲ့ ရောင်းဈေးက ကျပ် ၈၂၅ ပါ။ midrate ကို ဗဟို ဘဏ်ကပဲ ဆုံးဖြတ်ပေးပါတယ်။ စင်ကာပူဒေါ်လာနဲ့ ယူရိုငွေကြေးကိုတော့ လက်ရှိပေါက်နေတဲ့ ဒေါ်လာဈေးနဲ့ အချိုးချပြီး Cross rate နဲ့ တွက်ပါတယ်။ ဈေးနှုန်းကတော့ Float လုပ်ထားတဲ့အတွက် တစ်ရက်နဲ့တစ်ရက် မတူနိုင်ပါဘူး။ ဒီနေ့ ဗဟိုဘဏ်က ချပေးတဲ့နှုန်းက ကျပ် ၈၁၈ ဆိုပေမယ့် နောက်နေ့ ကျပ် ၈၂၀ လည်း ဖြစ်နိုင်တယ်။ ကျပ် ၈၁၀ လည်း ဖြစ်နိုင်တယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့က + ၀ ဒသမ ၈ ရာခိုင်နှုန်း၊ - ၀ ဒသမ ၈ ရာခိုင်နှုန်းနဲ့ သွားမှာပါ''ဟု CB ဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ငွေကြေးအား နှုန်းရှင်အဖြစ် စတင်သတ်မှတ်ခြင်းကို ငွေလဲနှုန်းပေါင်းစည်းရေး အစီအစဉ်အောက်တွင် ပြုလုပ်ခြင်းဖြစ်သော်လည်း FEC မှာ ဆက်လက်ရှိနေဆဲ ဖြစ်သည်။

''ငွေလဲနှုန်း တစ်မျိုးတည်း ပေါင်းစည်းတော့မယ်ဆိုရင် တကယ်တမ်း မှာ FEC မလိုတော့ဘူး။ ဒေါ်လာနဲ့ FEC ဈေးက အတူတူဖြစ်နေပြီ။ ပြီးတော့ ပေါက်ဈေးကလည်း အပြင်ဈေးနဲ့ အားလုံး အတူတူဖြစ်နေပြီ။ အရင်လို ခြောက်ကျပ်နဲ့ တွက်နေ တာလည်း မဟုတ်တော့ဘူး။ FEC က တကယ်တမ်း မရှိသင့်တော့ဘူး။ ဒါကြီးကို ဆက်ထားရင် နောက်ပိုင်း အမျိုးမျိုး ဖြစ်လာနိုင်သေးတယ်။ ဥပမာ တရုတ်တို့၊ ပါကစ္စတန်တို့လည်း FEC သုံးခဲ့တယ်ဆိုပေမယ့် နှစ်နှစ်၊ သုံးနှစ်လောက်ပဲ သုံးတာ။ နောက်ပိုင်း ပယ်ဖျက်လိုက်တယ်''ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပြခဲ့သည်။

မကြာသေးခင် အချိန်အထိ မြန်မာနိုင်ငံတွင် ငွေလဲနှုန်းအမျိုးမျိုး ဖြစ်ပေါ်နေပြီး ပြင်ပဈေးကွက်ငွေလဲနှုန်း အစိုးရဈေးနှုန်း၊ နိုင်ငံခြားဘဏ် ဆောင်ရွက်ခွင့်ရသောဘဏ်များ၏ ငွေလဲနှုန်း၊ ဟွန်ဒီဈေးနှုန်း၊ အက်ဖ်အီးစီဈေးနှုန်း၊ ပြည်ပပို့ကုန်မှ ရငွေ (earning)ဈေးနှုန်းစသဖြင့် ငွေလဲနှုန်း အမျိုးမျိုး ဖြစ်ပေါ်နေသည့်အနေ အထားမှ ဧပြီလ ၂ ရက်နေ့မှစတင် ကာဒေါ်လာဈေးနှင့် FEC ဈေးနှုန်းအား အတူတူသတ်မှတ်ကာ နှုန်းရှင်စနစ်ဖြင့် လဲပေးနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

''ဟွန်ဒီကိုတော့ လောလောဆယ်မှာ ဘဏ်နဲ့ချိတ်ပြီး လဲပေးနေတယ်ဆိုတော့ ဒေါ်လာဈေးနဲ့ အတူတူ လောက်ပဲ။ တစ်ခုပဲရှိတာ။ သူတို့ဘက်တွေက အပြင်ကဈေးကွက် လိုအပ်ချက်အတိုင်း မီအောင်လုပ်ပေးနိုင်၊ မပေးနိုင်ရှိတယ်။ အခုသိရသလောက် earning ရော ဟွန်ဒီရော တစ်သိန်းအထိ လဲပေးတယ်ပြောတယ်။ အပြင် ဈေးကွက်က လိုအပ်တဲ့ အတိုင်းလဲ ပေးနိုင်ရင်တော့ ငွေလဲနှုန်းတစ်မျိုးတည်း ပေါင်းစည်းတဲ့ကိစ္စ တော်တော်အဆင်ပြေမှာပါ''ဟု ပြည်ပပို့ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်အား အထူးထုတ်ယူခွင့် (SDR) တစ်ယူနစ်လျှင် ကျပ် ၈ ဒသမ ၅၀၈၄၇ ဖြင့် ချိတ်ဆက် သတ်မှတ်ခဲ့သည့်စနစ်မှ ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲနှုန်းစနစ် (Managed Floating Exchange Rate Regime) သို့ စတင်ပြောင်းလဲသည့်အနေဖြင့် ၂၀၁၂ ခုနှစ်  ဧပြီလ ၂ ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်သည့် ပထမအကြိမ် နိုင်ငံခြားငွေများ ဈေးပြိုင်စနစ်ဖြင့် ၀ယ်ယူခြင်း Foreign Exchange Auction အား  ပြုလုပ်၍ စနစ်သစ်အတွက် ပထမဆုံး Reference Rate ကို ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။ Auction ၏ Cut off Rate အား နေ့စဉ် ဗဟိုဘဏ်၏ Reference Rate အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း လောလောဆယ်တွင် Reference Rate အတိုင်း သိမ်ဖြူကောင်တာမှ Mid Rate ကို သတ်မှတ်၍ M.C လိုင်စင်နှင့် A.D လိုင်စင်အရ ပုဂ္ဂလိကဘဏ်များသည် ယင်းနှုန်းကိုအခြေခံ၍ သိမ်ဖြူဈေးကွက် လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ်ျွန်နမနညခနျွအေန ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်း နှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်းဘောင် အတွင်းတွင်လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင်လည်းကောင်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။

အမေရိကန် သံအမတ်သစ် အမြန်စေလွှတ်ဖွယ်ရှိ

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပြီးတဲ့နောက် အမေရိကန်အစိုးရက မြန်မာနိုင်ငံနဲ့ ပိုပြီးနီးနီးကပ်ကပ် ဆက်ဆံဖို့ ခြေလှမ်းပြင်နေကြောင်း အရိပ်လက္ခဏာ ပြသလိုက်ပါတယ်။
မနေ့က နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ Victoria Nuland က မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ အပြောင်းအလဲ ခြေလှမ်းတွေနဲ့ လိုက်ဖက်ညီအောင် မိမိတို့ဘက်ကလည်း ပြင်ဆင်နေကြောင်း ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုဘက်က ရှေ့ဆက်ဘာတွေ ဆောင်ရွက်ရမလဲဆိုတာ သုံးသပ်နေပါတယ်။ အခုထိတော့ ထုတ်ဖော်ကြေညာစရာ မရှိသေးပါဘူး။ ဒါပေမဲ့ လာမယ့် သီတင်းပတ်တွေအတွင်း မိမိတို့ရဲ့ ရှေ့ခြေလှမ်းကို မြင်ကြရမှာပါလို့ ပြောဆိုခဲ့ပါတယ်။
အခုလို အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မြန်မာပြည်နဲ့ ပတ်သက်တဲ့ အမေရိကန် အစိုးရရဲ့ ရှေ့အစီအစဉ် ဘာဖြစ်မယ်ဆိုတာ ထုတ်ဖော် မပြောဆိုခဲ့ပေမဲ့ အင်္ဂါနေ့ထုတ် ၀ါရှင်တန်ပို့စ် သတင်းစာကတော့ သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်သစ်တစ်ဦးကို မကြာခင် ရက်ပိုင်းအတွင်း ရွေးချယ် စေလွှတ်လိမ့်မယ်လို့ သတင်းရကြောင်း ဖော်ပြလိုက်ပါတယ်။
မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှု အားလုံးကို ပြန်လည် မရုပ်သိမ်းသေးရင်တောင်မှ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အရေးကြီးတဲ့ ခြေလှမ်းမျိုး လှမ်းလိမ့်မယ်လို့ ၀ါရှင်တန်ပို့စ်က ဆိုပါတယ်။ကြားသိရတဲ့ သတင်းအရ လက်ရှိ အမေရိကန်အစိုးရရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး မစ္စတာ Derek Mitchell ဟာ မြန်မာပြည်ဆိုင်ရာ အမေရိကန်သံအမတ် ဖြစ်လာဖွယ်ရှိတယ်လို့ ၀ါရှင်တန်ပို့စ် သတင်းစာပါ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ပိတ်ဆို့မှု ရုပ်သိမ်းရေး အနှေးအမြန် အီးယူ သဘောကွဲ

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေ အားလုံးကို ပြန်လည်ရုပ်သိမ်းဖို့ အနောက်နိုင်ငံတွေကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက တောင်းဆိုခဲ့ကြပါတယ်။ ပိတ်ဆို့မှုတွေအားလုံး ပြန်ရုပ်တာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို အပြုသဘော အကျိုးဖြစ်မယ့်အပြင်၊ အထူးသဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းကျိုး ဖြစ်ထွန်းမှာဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာပြည် ကြားဖြတ်ရွေးကောက်ပွဲကို သွားရောက် လေ့လာကြည့်ရှုခဲ့တဲ့ ကမ္ဘောဒီးယား ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့ကလည်း ရွေးကောက်ပွဲဟာ လွတ်လပ်မျှတကြောင်း ကြေညာခဲ့ပြီး စီးပွားရေး ပိတ်ဆို့မှုတွေ ပြန်ရုပ်ဖို့ တိုက်တွန်း လိုက်ပါတယ်။
အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ် ကလည်း မြန်မာ့ရွေးကောက်ပွဲဟာ မြန်မာကို နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပြန်လည်ပေါင်းစည်းမိအောင် အကျိုးဆောင်တဲ့ ရွေးကောက်ပွဲ ဖြစ်သင့်တယ်လို့ တနင်္လာနေ့က ပြောခဲ့ပါတယ်။
ဒီအတွင်း ဥရောပသမဂ္ဂ အီးယူကလည်း မြန်မာအပေါ် ပိတ်ဆို့မှုတွေ ပြန်ရုပ်ဖို့ ဟန်ပြင်နေပြီဆိုပေမဲ့ ဘယ်လောက်မြန်မြန် ပြန်ရုပ်မလဲဆိုတဲ့အပါ် အဖွဲ့ဝင်နိုင်ငံတွေ သဘောထား ကွဲပြားနေကြပါတယ်။
နိုင်ငံတချို့က အမြန်ပြန်ရုပ်ချင်ကြသလို တချို့နိုင်ငံတွေက တစ်ဆင့်ချင်း ဖြည်းဖြည်းနဲ့မှန်မှန်သာ ပြန်ရုပ်လိုတဲ့ဆန္ဒ ရှိနေကြပါတယ်။ ဗြိတိန်၊ ဆွီဒင်၊ နော်ဝေ၊ ဖင်လန် စတဲ့နိုင်ငံတွေက ပိတ်ဆို့မှုကို တစ်ဆင့်ချင်း ဆုတ်သွားချင်ကြပြီး၊ လက်နက်အရောင်းအ၀ယ် ပိတ်ဆို့မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူ လူပုဂ္ဂိုလ်တွေအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိချင်ကြပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ကြေညာချက် ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေး ရည်မှန်းချက်ဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒ ပြင်ဆင်ရေးကိစ္စတွေကို UNFC လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီက NLD ပါတီနဲ့အတူ တတ်စွမ်းသလောက် ဝိုင်းဝန်း လုပ်ဆောင်သွားမယ်လို့ UNFC က ကြေညာချက် ထုတ်ပြန်လိုက်ကြောင်းထိုင်း၊ မြန်မာနယ်စပ်အခြေစိုက် UNFC အဖွဲ့က အဲဒီအချက် ၃ ချက်ကို သဘောတူထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲမှာ အနိုင်ရလာတာဟာ တိုင်းရင်းသားပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အပစ်အခတ် ရပ်စဲရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သမ္မတ ဦးသိန်းစိန်နဲ့အတူ လက်တွဲ ဆောင်ရွက်နိုင်လိမ့်မယ်လို့ UNFC အဖွဲ့ရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးခွန်ဥက္ကာက ပြောပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရတာကိုကြည့်ပြီး တစ်နိုင်ငံလုံး ပြောင်းလဲ တိုးတက်လာပြီလို့ မယူဆနိုင်သေးကြောင်း၊ နိုင်ငံတကာ ပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်းဖို့ အချိန်မတန်သေးကြောင်း NLD ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး နိုင်ငံရေး ရည်မှန်းချက် ၃ ချက်ကို အကောင်ထည်ဖော်နိုင်ရေးဟာ စိန်ခေါ်မှုတရပ် ဖြစ်တယ်လို့ NLD-LA က ရှုမြင်ကြောင်း အဲဒီအဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ကဆိုပါတယ်။


မြန်မာနိုင်ငံ လယ်ယာမြေဥပဒေအား ၂၀၁၂ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၁၊ ၁၃၇၃ ခုနှစ် တန်ခူးလဆန်း ၈ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်)နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်း လိုက်ကြောင်းနှင့် အသစ်ပြဋ္ဌာန်းလိုက်သော လယ်ယာမြေဥပဒေ တွင် လယ်ယာမြေအား ရောင်းချခွင့်၊ ပေါင်နှံခွင့်များအား တရားဝင် ခွင့်ပြုပေးထားကြောင်း သတင်းရရှိသည်။
ယင်းလယ်ယာမြေဥပဒေအသစ်နှင့် ပတ်သက်၍မူ ဥပဒေထဲတွင် ထည့်သွင်းရေးဆွဲထားသော အချက်အ လက်အများစုမှာ လယ်လုပ်သူတောင် သူများအပေါ် အကျိုးခံစားခွင့်နှင့် အတူ အကာအကွယ်ပေးမှုများကို တွေ့ရှိရပြီး အားနည်းချက်အချို့ကို လည်းတွေ့နေရကြောင်း သုံးသပ်ကြ သည်။ 
ယင်းကဲ့သို့ လယ်ယာမြေ ပေါင်နှံရောင်းချခွင့်မှာ ယခင်ကတင်ခဲ့သည့် ဥပဒေမူကြမ်းအချို့တွင် ပါဝင်ခဲ့ခြင်းမရှိသည့်အတွက် လယ်ယာမြေ ဥပဒေနှင့်ပတ်သက်ပြီး အကြိမ်ကြိမ် ဆွေးနွေးမှုများရှိခဲ့ပြီး ယခုနောက်ဆုံး အတည်ပြုလိုက်သည့် ဥပဒေတွင် တရားဝင် ပေးအပ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဥပဒေသစ်တွင် ပါရှိသော နစ်နာကြေးနှင့် လျော်ကြေးအခန်းတွင်မူ လျော်ကြေးပေးခြင်းနှင့် အခြားနည်းလမ်းဖြင့် စီမံဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာက ပြုလုပ်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် လိုအပ်သလို ညှိနှိုင်းဆောက်ရွက်ရမည်ဟု ထည့် သွင်းဖော်ပြထားသည်။ 

အခန်း ၁၁ တွင်မူ လယ်ယာမြေ စီမံခန့်ခွဲခြင်းနှင့် ပတ်သက်သော အခန်းဖြစ်ပြီး နိုင်ငံတော် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအတွက် လယ်ယာမြေကို သိမ်းယူရာတွင် အနည်းဆုံး လိုအပ်သော ပမာဏကိုသာ သိမ်းယူရမည်။ စီမံကိန်းအား သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီး စေရန် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး စီမံကိန်းများ ဆောင်ရွက်ခြင်း မပြုတော့ပါက မူလလယ်ယာ မြေလုပ်ပိုင်ခွင့် ရရှိထားသော ပုဂ္ဂိုလ်အဖွဲ့အစည်းထံ ပေးအပ်ရမည်ဟု ဖော်ပြပါရှိသည်။
လယ်ယာမြေ ဥပဒေအခန်း(၂) လယ်ယာမြေကို လုပ်ပိုင်ခွင့်ပြုခြင်း အခန်းမှာမူ ဥပဒေတစ်ခုလုံး၏ အခက်ခဲဆုံးအပိုင်းဖြစ်ပြီး ပိုင်ဆိုင်ခွင့်အား တရားဝင်မှတ်ပုံတင်၍ လွှဲပြောင်းခွင့်နှင့် ပတ်သက်၍ ဖော်ပြထားသည့် အခန်းဖြစ်သည်။ မိဘပိုင်ခဲ့သော လယ်ယာမြေအား မိဘသေဆုံးသွား သည့်အတွက် သားသမီးအား လွှဲပြောင်းခဲ့သော်၊ သို့မဟုတ် သက်ဆိုင်ရာ တစ်ဦးဦးအား လွှဲပြောင်းခဲ့သော် တရားဝင် လွှဲပြောင်းခွင့်ကို ပေး လိုက်ခြင်းဖြစ်ပြီး နောက်ပိုင်ဆိုင်သူအား တရားဝင် မှတ်ပုံတင်ခွင့်ပြုကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ယင်းအတွက် တစ်ဦးမှ တစ်ဦးလက်သို့ ကူးပြောင်းရာတွင်လည်း ယခင်က တရားဝင် မှတ်ပုံတင်ခွင့် မရှိသော်လည်း ယခုအခါ ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများက သုံးသပ်ပြခဲ့သည်။ 

ဓာတ်ဆီအပေါ် ကောက်ခံသည့် ကုန်သွယ် လုပ်ငန်းခွန်ကို ယခင်ကထက် ၁၆ ဆထိ လျော့ချပြီး ဒီဇယ်အတွက် ကုန်သွယ် လုပ်ငန်းခွန်အား ယခင်ကထက် ၈ ဆထိ လျော့ချ ပေးထားသော်လည်း အများပြည်သူအပေါ် ရောင်းချသည့် စက်သုံးဆီဈေးများ လုံးဝလျော့ချမှု မရှိသေး

စက်သုံးဆီများအပေါ် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်များအား ပြန်လည်ပြင်ဆင်ထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် ၁၁၆/ ၂၀၁၂ အရ သိရှိရပါသည်။

ဓာတ်ဆီအား(အောက်တိန်းအ ပါအ၀င်)လက်ရှိတွင် ကုန်သွယ်လုပ်ငန်းခွန် ၁၇၀ ရာခိုင်နှုန်း ကောက်ခံလျက်ရှိသော်လည်း ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ၁၀ ရာခိုင်နှုန်းသာ ပေးဆောင်ရန် သတ်မှတ်ထားသည့်အတွက် ယခင်ကထက် ၁၆ ဆ လျော့ကျသွားကြောင်း သိရသည်။

ဒီဇယ်ဆီကိုလည်း  ကုန်သွယ်လုပ်ငန်းခွန် ၉၀ ရာခိုင်နှုန်း ကောက်ခံရာမှ ဧပြီလ ၁ ရက်နေ့မှ စတင်၍ ၁၀ ရာခိုင်နှုန်းသာ ပေးဆောင်ရမည်ဖြစ်၍ ၈ ဆ လျော့ကျသွားခြင်း ဖြစ်သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် ၁၁၆/၂၀၁၂ တွင် ဇယား ၆ (ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပါ ဇယား ၆ ကို ဆိုလိုသည်)၌ အခွန်နှုန်းမြင့်ဖြင့် အထူးကုန်စည်များ သတ်မှတ်ခြင်းအရ ဒီဇယ်ဆီ၊ ဓာတ်ဆီတို့အပေါ် ကောက်ခံမည့် အခွန်နှုန်းများလျော့ ကျ ပြင်ဆင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် လေယာဉ်ဆီအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၇၅ ရာခိုင်နှုန်း ကောက်ခံနေရာမှ ဧပြီလ ၁ ရက် နေ့မှစ၍ ၁၀ ရာခိုင်နှုန်းသာ ကောက်ခံရန် ပြင်ဆင်သတ်မှတ်ကြောင်းလည်း သိရသည်။

ထိုသို့ စက်သုံးဆီများအပေါ် ကောက်ခံသည့် အခွန်နှုန်းများအား အဆပေါင်းများစွာ လျော့ချပေးခဲ့သည့်အတွက် စက်သုံးဆီဆိုင်များအနေဖြင့် ဧပြီလ ၁ ရက်နေ့မှစ၍ ဆီဈေးနှုန်းများကို လျော့ချပေးရန် တာဝန်ရှိသော်လည်း လုံးဝလျော့ချပေးခြင်း မရှိသေးကြောင်း သိရသည်။



အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် မြန်မာနိုင်ငံသို့ မကြာမီ အလည်အပတ် သွားရောက်မည်ဖြစ်ကြောင်း ဒေလီရှိ တာဝန်ရှိသူတစ်ဦးက ဧပြီလ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
အိန္ဒိယသည် မြန်မာနှင့် ဆက်ဆံရေး ပိုမိုခိုင်မာရန် ပြီးခဲ့သည့်နှစ်များအတွင်း ကြိုးပမ်းနေခဲ့ပြီး ဆင်း၏ ခရီးစဉ်သည် ၂၅ နှစ်အတွင်း အိန္ဒိယ၀န်ကြီးချုပ်တစ်ဦး၏ ပထမဆုံး မြန်မာခရီး ဖြစ်လာမည်ဖြစ်သည်။

အိန္ဒိယသည် မြန်မာနှင့် အရှေ့မြောက်နယ်နိမိတ် ထိစပ်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကို သိမြင်ရန်အတွက် အိန္ဒိယက ကြိုးပမ်းနေသည်။ မြန်မာအစိုးရအဖွဲ့သစ်သည် ပြီးခဲ့သည့်နှစ်အတွင်း ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် ဆောင်ရွက်ခဲ့ပြီး ဝေဖန်သူများကို အံ့အားသင့်စေခဲ့သည်။


သင်္ကြန်မဏ္ဍပ်သုံး စည်ပင်ရေခ နှစ်သောင်း ပိုကောက်မည် 

၂၀၁၂ ခုနှစ် အတာသင်္ကြန် အကြတ် နှစ်ရက် ဖြစ်သည့်အတွက် စည်ပင်ရေကို ဆက်သွယ် မည့် ရေကစားမဏ္ဍပ်များ အနေဖြင့် ရေဖိုးရေခကို ယမန်နှစ်ကထက် ၂၀,၀၀၀ ကျပ် ပိုမိုပေးရမည် ဖြစ်ကြောင်း
ယခုနှစ်တွင် တလက်မ နှင့် တလက်မခွဲ ရေပိုက်လိုင်းများက သွယ်ပါက ၈၀,၀၀၀ ကျပ်၊ နှစ်လက်မ ပိုက်ဖြင့်ဆိုလျှင် ၁၂၀,၀၀၀ ကျပ်နှင့် သုံးလက်မ ပိုက်ဖြင့်ဆိုလျှင် ၂၂၀,၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကအင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ယခုနှစ်တွင် ရန်ကုန်စည်ပင်ဧရိယာအတွင်း မဏ္ဍပ် ၄၄ ခု ဆောက်လုပ်ခွင့်ပြုထားသည်ဟု စည်ပင် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)၏ စာရင်းဇယားများအရ သိရသည်။ ထိုအထဲတွင် ကန်တော်ကြီး ကန်ပတ်လမ်းတွင် အခု ၂ဝ၊ ဆရာစံလမ်းတွင် ၃ ခု၊ စက်မှု ၁ လမ်းတွင် ၂ ခု၊ ကမ္ဘာအေး ဘုရားလမ်းတွင် ၉ ခု၊ ပြည်လမ်းတွင် ၄ ခု၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ၁ ခု၊ အလုံလမ်းတွင် ၃ ခု၊ ပါရမီလမ်းတွင် ၂ ခုတို့ ပါဝင်သည်။သင်္ကြန် အကျနေ့၊ အကြတ်နေ့များနှင့် အတက်နေ့တို့တွင် တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုစွန်တောင်၊ ဗိုလ်တထောင်၊ ရန်ကုန်ဆေးရုံကြီးတို့ကို ၂၄ နာရီ ရေပေးဝေသွားမည် ဖြစ်ကြောင်းလည်း အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် လက်ထောက်ဌာနမှူး ဦးမျိုးသိန်း က ပြောသည်။သို့သော် ကျော်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ ဒဂုံမြို့နယ်များတွင် နံနက် ၇ နာရီမှ ၁၁ နာရီထိ တကြိမ်၊ ညနေ ၃ နာရီမှ ၆ နာရီထိ တကြိမ်ဟူ၍ နှစ်ကြိမ်ခွဲကာ ရေပေးဝေသွားမည်ဖြစ်သည်။ အလုံ၊ ကြည့်မြင်တိုင်နှင့် စမ်းချောင်းတို့တွင် နံနက် ၇ နာရီမှ ၁ဝ နာရီထိ ရေပေးဝေသွားမည်ဖြစ်ကြောင်း ၂ဝ၁ဝ ခုနှစ် ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့က ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၁ဝ ဦး သေဆုံး၍ ၁၆၈ ဦး ဒဏ်ရာရရှိကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ၂ဝ၁၁ ခုနှစ် သင်္ကြန်မှ စတင်၍ ရေကစား မဏ္ဍပ်များတွင် လုံခြုံရေး CCTV ကင်မရာများ တပ်ဆင်ထားပြီး ယခုနှစ်တွင်လည်း တပ်ဆင်ထားမည်ဖြစ်သည်။

၂ဝ၁၁ ခုနှစ် သင်္ကြန်ကာလအတွင်း သေဆုံးသူ ၆ ဦး ရှိခဲ့ရာ လူသတ်မှုကြောင့် ၂ ဦးနှင့် ယာဉ်တိုက်မှုကြောင့် ၄ ဦးသေဆုံးခဲ့ရကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။ ထို့ပြင် မှုခင်းပေါင်း ၁ဝ၅ မှု ဖြစ်ပွားခဲ့ပြီး ၁၄၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ပါရှိသည်။၂ဝ၁ဝ သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု ၂ဝ ဖြစ်ပွားခဲ့ပြီး ၂ဝ၁၁ သင်္ကြန်အတွင်း ၃၄ မှု ဖြစ်ပွားခဲ့ကြောင်းလည်း ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းမှု ကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်

ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကို ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခုလာမယ့် စနေနေ့ NLD ပါတီရုံးချုပ်မှာ တွေ့ဆုံပြီး လွှတ်တော်အတွင်း လုပ်ဆောင်သွားမယ့် ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အသုံးစရိတ်တွေနဲ့ ပတ်သက်လို့ ကော်မရှင်ရဲ့သတ်မှတ်ချက်အတိုင်း ရက်ပေါင်း ၆၀ အတွင်း တင်ပြနိုင်အောင်၊ အနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လုပ်ဆောင်ကြဖို့ကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းဖို့ရှိကြောင်း NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့သတ်မှတ်ချက်အရ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ကျပ်သိန်း ၁၀၀ အထိ သုံးစွဲခွင့်ရှိကြောင်း သိရပါတယ်။
ဒီအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးအတွက် လာမယ့် သင်္ကြန်ပိတ်ရက် ကာလတွေမှာ အနားယူဖို့ ရှိကြောင်းလည်း သိရပါတယ်။

ဝင်းကုန်းရွာ မီးဘေးသင့် ပြည်သူ အကူအညီလိုအပ်

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က တစ်ရွာလုံးနီးပါး မီးလောင်သွားတဲ့ စစ်ကိုင်းတိုင်း၊ ဝင်းကုန်းရွာက မီးဘေးဒုက္ခသည်တွေကို နာရေးကူညီမှုအသင်း(ရန်ကုန်) က တစ်အိမ်ထောင် ကျပ်ငွေ ၃ သောင်းနှုန်းနဲ့ စုစုပေါင်း သိန်း ၅၀ သွားရောက် လှူဒါန်းခဲ့ပါတယ်။
အဲဒီရွာဟာ မူလကတည်းက ရေရှားတဲ့အတွက် အခုလို ရုတ်တရက်မီးလောင်တဲ့အခါ မီးသတ်ဖို့ ရေအလုံအလောက်မရှိပဲ တစ်ရွာလုံးနီးပါး လောင်သွားတာလို့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်မင်းသား ဦးကျော်သူက ပြောပါတယ်။အဲဒီနေ့က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အနုပညာရှင်တွေက ပညာပေးစည်းရုံးရေးနဲ့ ဖျော်ဖြေရေးပွဲ ကျင်းပနေတာကို ရွာသားတွေ သွားရောက် ကြည့်ရှုနေတုန်းမှာ ရွာမီးလောင်သွားတာ ဖြစ်ပါတယ်။
မီးဘေးကြောင့် လူပေါင်း တစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး လောလောဆယ်တော့ သူတို့ကို မီးမလောင်ပဲ ကျန်ခဲ့တဲ့ သီရိမင်္ဂလာ ဘုန်းကြီးကျောင်းမှာ ခေတ္တနေရာ စီစဉ်ပေးထားပါတယ်။အဲဒီဝင်းကုန်းရွာ မီးဘေးသင့် ပြည်သူတွေအတွက် အဝတ်အထည်၊ စားသောက်စရာတွေအပြင် ပြန်လည်ထူထောင်ရေးအတွက် အကူအညီ လိုနေတယ်လို့ သိရပါတယ်။

NLD ၏အောင်ပွဲနှင့် F.F.S.S ၏ ပေးဆပ်မှု

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ဧပြီ ၅၊ ၂၀၁၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မဲစွယ်စည်းရုံးပွဲကို မတ်လ (၂၉) ရက်နေ့တွင် အနုပညာရှင်များသည် မဲပညာပေးစည်းရုံးရေးခရီးစဉ်နှင့် ဖျော်ဖြေရေးခရီးစဉ်တို့ကို စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ပုလဲမြို့တွင် လာရောက်ဖျော်ဖြေနေချိန်တွင် စစ်ကိုင်းတိုင်း၊ ၀င်းကုန်းရွာရှိ ပြည် သူပြည်သားအပေါင်းတို့သည် ရွာလုံးကျွတ်သွားရောက် အားပေးကြည့်ရှုနေစဉ် ၀င်းကုန်းရွာ တစ်ရွာလုံးနီးပါး နေ့လည် (၂း၁၅) နာရီတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့သည်။ ရွာလုံးကျွတ်မီးလောင်ကျွမ်းရာတွင် အိမ်ခြေ (၁၅၀) မီးလောင်ကျွမ်းခဲ့ပြီး၊ လူဦးရေ (၁၀၀၀) ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့သည်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ၀င်းကုန်းရွာသည် အလောင်းတော်ကဿဖတောင်ခြေတွင် တည်ရှိပြီး လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့်အပြင် သောက်ရေသုံးရေအလွန်ရှားပါးသောဒေသဖြစ်သည်။ ပုလဲမြို့မှ မီးသတ်ကားများ လာရောက်ငြိမ်းသတ်ခဲ့ သော်လည်း မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ဖို့အခက်အခဲများအများအပြားကြုံတွေ့ခဲ့ရပြီး တစ်ရွာလုံးနီးပါး လောင်ကျွမ်းခံခဲ့ရခြင်း ဖြစ်ပါသည်။
ထိုသတင်းကို နာရေးကူညီမှုအသင်း (ရန်ကုန်) သည် နာရေး၊ ကျန်းမာရေး ကူညီစောင့်ရှောက်မှု များအပြင် နွေရာသီ အင်္ဂလိပ်စာသင်တန်း အား ကလေးငယ် (၈၀၀) ကျော်ခန့်ကို သင်ကြားပေးနေရသော အချိန်ကာလလည်းဖြစ်နေသလို သတင်းမီဒီယာများမှလည်း ရွေးကောက်ပွဲ ကိစ္စရပ်များကိုသာ အသားပေးတင်ပြနေခြင်းကြောင့် မတ်လ (၃၁) ရက်နေ့မှ ရွာလုံးကျွတ်နီးပါး မီးလောင်မှုသတင်းအား နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့ ကြားသိခဲ့ရသည်။
ထို့ကြောင့် ထိုသတင်းကို ကြားလျှင်ကြားခြင်း မတ်လ (၃၁) ရက်နေ့ညနေ ရွှေစင်စင်္ကြာံခရီးသွား မော်တော်ယာဉ်ဖြင့် နာရေးကူညီမှု အသင်း (ရန်ကုန်) အသင်းသား ဒေါ်ခင်ထားထားအောင် (ပျားလီ) နှင့် ဦးအောင်စိုးတို့နှစ်ဦးအား မီးဘေးကယ်ဆယ်ရေး ထောက်ပံ့အလှူငွေ သိန်း (၅၀၀၀၀၀၀ိ/-) ကျပ် (ကျပ်သိန်းငါးဆယ်တိတိ) ကို မီးဘေးဒုက္ခသည်များကို ကူညီထောက်ပံ့ရန်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် အရေးပေါ်ဆုံးဖြတ်ချက် ချပေးခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား ဒေါ်ခင်ထားထားအောင်(ပျားလီ) နှင့် ဦးအောင်စိုး တို့နှစ်ဦးတို့သည် ပထမဦးစွာ ယင်းမာပင်မြို့ပေါ်ရှိ NLD ရုံးသို့ ဧပြီလ (၁)ရက်နေ့ နံနက်(၈း၀၀) နာရီတွင်ရောက်ရှိခဲ့ကာ ယင်းမာပင် NLD မြို့ခံဖြစ်သူ ဒေါ်ကြည်ကြည်မာ၊ ကိုဇော်မြင့်၊ ကိုဟိန်းနေအောင်၊ ကိုကျော်လင်းအောင် ၊ ကိုထွန်းမြင့်ချိုတို့အကူအညီဖြင့် ယင်းမာပင်မြို့မှ မိုင်(၃၀)အကွာတောင်ခြေတွင်ရှိသော ၀င်းကုန်းရွာသို့ ဆိုင်ကယ်များဖြင့်သွားရောက်ခဲ့ရာ နေ့လည် (၁၁း၀၀) နာရီ အချိန်တွင် ၀င်းကုန်းရွာ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့သည်။ ထိုဝင်းကုန်းရွာရှိ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် သီရိလင်္ကာနိုင်ငံရှိ ဗုဒ္ဓ မြတ်စွယ်တော်ပွားတစ်ဆူကို တည်ထားကိုးကွယ်ထားရှိသည်။ ၀င်းကုန်းရွာ တစ်ရွာလုံး မီးလောင်ကျွမ်းခဲ့သော်လည်း သီရိမင်္ဂလာဘုန်း တော်ကြီးကျောင်း တစ်ကျောင်းတည်းသာ မီးဘေးမသင့်ခဲ့ခြင်းသည် သီရိလင်္ကာဗုဒ္ဓမြတ်စွယ်တော်၏ တန်ခိုးတော်ကြောင့်လားတော့မသိ ချေ။ ယင်းသီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် မီးဘေးဒုက္ခသည် လူဦးရေ (၁၀၀၀) အား ကူညီစောင့်ရှောက်ကျွေးမွေးကာ ကယ် ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည်။ ဆရာတော်ကြီးအားဦးတိုက်ကာ မီးဘေးသင့်မိသားစုဝင်များအား တစ်အိမ်ထောင်လျှင် အလှူငွေ (၃၀၀၀၀ိ/-) ကျပ်လှူဒါန်းခဲ့ကာ သီရိမင်္ဂလာဘုန်းတော်ကျောင်းတိုက် ဆရာတော်အား အလှူငွေ (၅၀၀၀၀၀ိ/-) ကျပ် လှူဒါန်းမှုကို ပြုလုပ်ခဲ့ ပါသည်။
ထို့ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် နေ့ထူးနေ့မြတ်များ၊ အစိုးရရုံးပိတ်ရက်များနှင့် ယခုကဲ့သို့ မဲဆန္ဒပေးပွဲ နေ့ရက်များပါ မကျန် မြန်မာပြည်သူလူထုတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ရန်သူမျိုးငါးပါးဒဏ်ကိုခံစားရသော ဒုက္ခသည်များအား မိမိတို့နိုင် သလောက် လူစွမ်းအား၊ ငွေအင်အား တို့နှင့်တကွ ဗြဟ္မာစိုတရားလေးပါး ကိုလက်ကိုင်ပြုကာ အစဉ်ထာဝရ ပေးဆပ်နေဆဲပင်ဖြစ်တော့သည်။ အချုပ်ဆိုရသော် ဧပြီလ (၁) ရက်နေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အောင်ပွဲခံသည့်နေ့ဖြစ်သလို နာရေးကူညီမှုအသင်း (ရန်ကုန်) (F.F.S.S) ၏ ပေးဆပ်မှုနေ့တစ်ရက်ဆိုလျှင်လည်း မမှားချေ။

Lwin Pwin
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/







0 comments:

Post a Comment